Showing posts with label ကိုယ်တိုင်ရေးမှတ်စု. Show all posts
Showing posts with label ကိုယ်တိုင်ရေးမှတ်စု. Show all posts

Monday, 9 June 2014

မတူတာလေးများ အပိုင်း-၂၇ (သို့) သားသမီးကို ထိန်းကြောင်းခြင်း

ရှေးရှေးတုံးကရော အခုရော မိဘတွေက သားသမီးတွေကို ဆုံမတတ်ကြတာဟာ အတူတူပါပဲ။ မိမိသားသမီးကို ကောင်းစားစေချင်ကြတာချည်းပါပဲ။ အဲဒီထဲကမှ မတူတာလေးကို သွားပြီးတော့ တွေ့မိပါတယ်။

(၁) ရှေးရှေးတုံးကတော့ မိခင်ဖြစ်သူက သားသမီးတွေကို ဆုံးမလို့ မရရင် ဖခင်ဖြစ်သူနဲ့ ချောက်လေ့ရှိကြပါတယ်။ ဥပမာအာဖြင့်-- နင်နေဦးပေါ့။ နင့်အဖေ ပြန်လာမှ သိမယ်.....။

(၂) ယခုခေတ်ကျတော့ ပြောင်းပြန်ဖြစ်သွားပုံ ရပါတယ်။ မိခင်ဖြစ်သူက သားသမီးတွေကို ဆုံးမလို့ မရရင် ဖခင်ဖြစ်သူနဲ့ မချောက်တော့ပါဘူး။ ဥပမာအာဖြင့်-- နင်နေဦးပေါ့။ နင့်အဖေ အပြင်သွားရင် ငါ့အကြောင်း သိမယ်မှတ်.....ဟု။


မတူတာလေးတွေကို ပြောပါတယ်။

အရှင်အဂ္ဂဥာဏ (လှည်းကူး)
ဆစ္ဒနီ၊ ၾသစေတးလ်၊
၉-၆-၂၀၁၄

အကြံ ပြု ချ က် တောင်းခံပါတယ်

ဗဟုသုတငါးပိချက်-ဟူသော ဘလော့ကို မူလက အပျင်းပြေ သဘောမျိုး တည်ဆောက်ခဲ့တာပါ။ မိမိဖတ်ပြီးသားတွေကိုလဲ အွန်လိုင်းမှာ စုထားချင်တာလည်းပါပါတယ်။ ဒါ့ကြောင့်လည်း ဗဟုသုတ ငါးပိချက်-လို့ နာမည်ပေးခဲ့တာပါ။

သို့သော် ယခုအခါတွင် အနီး / အဝေးရောက် လှည်းကူးနယ်သားတွေ အတွက် အဓိကရည်ရွယ်ပြီး လှည်းကူးမြို့နယ်နှင့် ဆိုင်သမျှသော ကောင်း/မကောင်း သတင်းအားလုံးကို အချိန်နှင့် တပြေးညီ တင်ဆက်သည့်ဖက်သို့ ပြောင်းလဲခဲ့ရာ အတော်လေးကို ခရီးပေါက်ခဲ့ပါပြီ။ ထို့အပြင် လှည်းကူးမြို့နယ်နှင့် ပတ်သက်ပြီး အခြားသော (သီးသန့်)၀ဘ်ဆိုဒ်များလည်း မရှိပါ။

သို့ပါသောကြောင့် လှည်းကူးနယ်နှင့် ဆက်စပ်သမျှကို သီးသန့်ဖြစ်ချင်လို့ ဗဟုသုတငါးပိချက်ဟူသော အမည်အစား - လှည်းကူးငါးပိချက်-သို့ ပြောင်းလဲချင်ပါသည်။

ဒါကြောင့် တခုခုတော့ ရွေးချယ်ပေးကြပါဦး

(၁) နာမည်ဟောင်းကို ကြိုက်ရင် ကွန်မန့်ရေးပေးပါ။
(၂) နာမည်သစ်ကို ကြိုက်ရင် Like ကို ကလစ်ပေးပါ။

(မှတ်ချက်။ တာဝန်ခံမည့်သူရှိပါက ဒီဆိုဒ်ကို လွှဲပြောင်းဖို့ ရည်မှန်းထားသည်။)

မောင်နေခြည် (လှည်းကူးမြေ)
လှည်းကူးငါးပိချက် ချက်ချင်သူ
၉-၆-၂၀၁၄

Wednesday, 14 May 2014

ဒေါက်တာဆိုတဲ့ အဲဒီဘွဲ့

အရှင်ဘုရား ဒေါက်တာဘွဲ့ရပြီလားတဲ့။

သိသူ ခင်သူတွေက တစ်မေးထဲ မေးနေကြတယ်။
မေးသင့်တဲ့ မေးခွန်းပါပဲ။ ကျု ပ်နဲ့ တန်းတူဘ်ေဒါတွေ၊ နောင်တော်ကြီးတွေ၊ ပြီးတော့ ညီငယ်တွေ တော်တော်များဟာ ဒေါက်တာဘွဲ့တွေ ကိုယ်စီရရှိတယ်လို့ ကြားသိရပါတယ်။ အလွန်ဝမ်းမြောက်ဖွယ်ပါပဲ။ ဂုဏ်လည်း အလွန်ယူမိပါတယ်။

ခက်တာက ကျုပ်က ဒေါက်တာဘွဲ့ယူဖို့ကို သိပ်စိတ်မ၀င်စားတာပါပဲ။
အကြောင်းကတော့ ကျုပ်မှာ အဲဒီဘွဲ့နဲ့ ထိုက်တန်တဲ့ အရည်အချင်းမရှိတာပါပဲ။ အရည်အချင်းမရှိပါပဲနဲ့ ဒေါက်တာဘွဲ့တော့ မလိုချင်ပါဘူးလေ။ မဖြစ်ဖြစ်အောင်ကြိုးစားပြီး ဒေါက်တာဘွဲ့ကို ယူမယ်ဆိုရင်တော့ အခုလောက်ဆိုရင်တော့ ဒေါက်တာဘွဲ့ တစ်ဘွဲ့မကဘူး နှစ်ဘွဲ့လောက်တောင် ရသင့်နေပါပြီ။ ဟုတ်တယ်လေ၊ ။ ၂၀၀၆-ခုနှစ် ကတည်းက M.A ဘွဲ့ရထားပြီးတာဆိုတော့ အခု ၂၀၁၄ ဆိုတော့ (၇)နှစ်ကျော် (၈)နှစ်အတွင်းတောင်ရောက်နေပြီ။ ဒေါက်တာဆိုတဲ့ ဘွဲ့တော့ ရသင့်ပြီပေါ့လေ။

ကျု ပ်စိတ်ကူးနဲ့ တစ်ထပ်တည်းကျတဲ့ အချို့ မိတ်ဆွေအရင်းကြီးတွေလည်း ဒီအတိုင်းပါပဲ။ စိတ်ဝင်စားမှု့တော်တော် နည်းပါးတာကို တွေ့ရတာပါပဲ။ သူတို့တွေက အမေရိကန်က တက္ကသိုလ်ကြီးတွေမှာ အင်္ဂလိပ်စာကို အသဲအသန်ကြိုးစားနေလေရဲ့။ ကျုပ်ကလည်း ဘာထူးသလဲ။ ဒီလိုပါပဲလေ။

ခက်တာက ကျုပ်ရဲ့ စိတ်ပဲထင်ပါတယ်။ ဘယ်လိုမှ အဲဒီဘွဲ့ဖက်ကို စိတ်ကူးကို မရှိတာ။ ဘယ်ကိစ္စမဆို အဓိပတိမတပ်ဘဲနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ကျုပ်အဓိပတိတပ်နေတာက အိုင်တီဘာသာရပ်ပဲလေ။ အဲဒီအိုင်တီပေါ်မှာတော့ တော်တော်လေးကို အဓိပတိတပ်ပါတယ်။ အဲဒါကြောင့် ဒီသြစီမှာ အိုင်တီပဲ ဖိလေ့လာနေတော့တာပါပဲ။ အဲဒီမှာရော ဒေါက်တာဘွဲ့ရမှာလားမေးရင်တော့ အခုမှ သူငယ်တန်း (ခ)က ခလေးငယ်ပါလို့ ဖြေပါရစေ။

ဒီတော့ အရှင်ဘုရား ဒေါက်တာဘွဲ့ရပြီလားဆိုတဲ့ မေးခွန်းအတွက် အဖြေကတော့ ရှင်းရှင်းလေးပါပဲ။ ဘယ်တော့မှ ရမည်မထင်ပါ။

ခေတ်စနစ်တွေ ပြောင်းလာတော့ မြန်မာပြည်က လူတွေရဲ့ ဒေါက်တာဘွဲ့ကတော့ နေ့စားလရှင်း မူလတန်းပြကျောင်းဆရာ/ဆရာမ ရာထူးတော့ ရမတဲ့။

ဘုန်းကြီးတွေရဲ့ ဒေါက်တာဘွဲ့ကတော့ရော။

အရည်အချင်းပြည့်ဝကြပါစေ။

အရှင်အဂ္ဂဥာဏ (လှည်းကူး)
မောင်နေခြည်-လှည်းကူး
ဆစ္ဒနီ၊ၾသစေတးလ်၊
၁၄-၅-၂၀၁၄။

ကောက်ခါငင်ကာ

ဒီနေ့ ကျောင်းသွားတက်တာ ရထားပေါ်ရောက်မှ ဒီနေ့ဟာ ကဆုန်လပြည့်နေ့ဆိုတာ အမှတ်ရတယ်။ (သြစီမှာက တနင်္ဂနွေနေ့ကတည်းက ညောင်ရေသွန်းပွဲ ပြီးသွားပြီလေ။) ဒါနဲပဲ ငါဒီနေ့ ကဆုန်လပြည့်နေ့ အမှတ်တရအလှူတစ်ခု လှူချင်လိုက်တာဟု စိတ်ကူးဖြစ်မိပါတယ်။

လွယ်အိပ်ထဲလဲ ပိုက်ဆံနဲ့ တူတာဆိုလို့ သြစီဒေါ်လာ ၁၀-တန် တစ်ရွက်ပဲ ပါတယ်။ ဒီမှာက ဗီဇာကဒ်တွေ၊ မာစတာကဒ်တွေနဲ့ သုံးကြတော့ ငွေအပိုမထားတာလဲ ပါပါတယ်။ ကျောင်းရှိတဲ့ ဘူတာမှာတော့ တစ်ခါတစ်ရံ တောင်းနေတဲ့သူတစ်ယောက်လောက်တော့ တွေ့တတ်ပါတယ်။ ဒီနေ့များ တွေ့ရင်တော့ သူ့ကို လှူမယ်ပေါ့။ ဒါပေမယ့် မိမိက လှူချင်ပါတယ်ဆိုမှ ဒီနေ့ကျမှ အလှူ ခံက ရှာမတွေ့ဘူး ဖြစ်နေတယ်။ ဒါနဲ့ပဲ ကျောင်းကိုပဲ သွားတက်နေခဲ့ပါတယ်။

ကျောင်းက ပြန်လာတော့ အမှတ်မထင်ပဲ ပိုက်ဆံတောင်းတဲ့သူ (အလှူ ခံ)ကို တွေ့ရပါတယ်။ ဒါတောင် သူက ချောင်ထဲမှာဆိုတော့ မတွေ့မိဘူးလေ။ နဲနဲ ဝေ့ကြည့်လိုက်မှ သူ့ကို တွေရတယ်။ အလှူ ခံက ၀ှီးချဲပေါ်မှာ ထိုင်နေတယ်လေ။ ပြီးတော့ သူ့ကိုယ်မှာလဲ အနာတွေ ပေါက်နေတာ အများကြီးပဲ။ ကျုပ်လဲ သူ့ကို မြင်ပြီး အရမ်းဝမ်းသာသွားတယ်။ အလှူပေးရတော့မှာမို့လေ။

ဒါနဲ့ပဲ ကျုပ်လဲ လွယ်အိပ်ထဲက သြစတေးလျဒေါ်လာ ၁၀-တန်လေးကို ထုတ်ပြီး လက်နှစ်ဖက်နဲ့ ရိုရိုသေသေပဲ လှူဒါန်းနိုင်ခဲ့ပါတယ်။ အလှူ ခံကလဲ ဒေါ်လာ ၁၀ကို ရလို့ အရမ်းဝမ်းသာသွားပါတယ်။ အများကြီး ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားကို ထပ်ခါ ထပ်ခါ ပြောနေလေရဲ့။ ပြောမှာပေါ့လေ။ သူ့ခမျာ ပုံမှန်ဆိုရင် ဆယ်ပြားစေ့၊ ပြား ၂၀ စေ့လောက်ပဲ ပစ်ချပေးတဲ့ သူရှိတာလေ။ ဒီနေ့တော့ ၁၀ ဒေါ်လာကို ရသွားတာဆိုတော့ ၀မ်းသာသွားတာပေါ့ဗျာ။

ဒါလေးကတော့ အမှတ်မထင် ကောက်ခါငင်ကာ လှူဖြစ်တဲ့ အလှူလေးပေါ့။
လှူနိုင်ကြပါစေဗျာ။

အရှင်အဂ္ဂဥာဏ
မောင်နေခြည် (လှည်းကူး)
ဆစ္ဒနီ၊ ၾသစေတးလ်၊
၁၃-၅-၁၄ (ကဆုန်လပြည့်နေ့)

Friday, 9 May 2014

ပိုက်ဆံများရှိလို့ကတော့ဗျာ

ညတုံးက channel 9 ရဲ့ Top Gear အစီအစဉ်မှာ Burma Special ဆိုတဲ့ ခရီးသွားဒေါ့ကုမန်ထရီ တစ်ခုကို ပြသပါတယ်။ အဓိကကတော့ ကုန်တင်ထရပ်ကားဟောင်းကြီး သုံးစီးကို ၀ယ်ယူပြီး ရန်ကုန်မှ စတင်ပြီး မြန်မာ-ထိုင်းနယ်စပ်က ဂွေ့ဖြစ်ကူးတံတားကနေ ဖြတ်ကူးပြီး ထိုင်းနိုင်ငံထဲကို အရောက်မောင်းမှာကို ခရီးသွားရှု့ခင်းတွေနဲ့ တင်ပြရိုက်ကူးထားတာပါ။

ရန်ကုန်ပြည်သူ့ဥယျာဉ်ထဲမှာ ဘရိတ်၊ လီဘာ နှင့် စက်ကလွဲလို့ ဘာမှ အလုပ်မလုပ်တဲ့ ကုန်တင်ထရပ်ကားဟောင်းကြီး သုံးစီးထိုးစိုက်ပြီးတော့ အစီအစဉ်ကို စတင်ပါတယ်။ မောင်းတဲ့သူတွေက အဖြူ ကောင်တွေ သုံးယောက်ပါ။ မောင်းလိုက်ကြတာ ရန်ကုန်မြို့ရဲ့ ခပ်ကျဉ်းကျဉ်း လမ်းမတွေထဲကိုမောင်းတာ အပေါ်ငြိ၊ ဘေးငြိပေါ့။

နိုင်ငံတကာမှာ ကားလမ်းအများစုဟာ ဘယ်မောင်းဖြစ်ပေမယ့် မြန်မာပြည်ရဲ့ အာဏာရှင် ဦးနေ၀င်းက လက်ဝဲ၀ါဒီသမားတွေများလို့ လမ်းတောင် ညာမောင်းကို ပြောင်းလိုက်တဲ့အကြောင်း၊ အဲဒီအကျိုးဆက်ကြောင့် လိုင်းကားတွေမှာ ခရီးသည်တွေ အတက်/အဆင်းလုပ်ရာမှာလည်း တော်တော် အဆင်မပြေဖြစ်ကြောင်း ပြောပါသေးတယ်။

ကြည့်ရတာက တော်တော်စိတ်ဝင်စားကောင်းသလို ဗဟုသုတတွေလည်း အများကြီးရပါတယ်။
အမှန်က ရန်ကုန်ကနေ နေပြည်တော်ကို တဆင့်မောင်းမှာပါ။ ဒါပေမယ့် မြေပုံအကြည့်မှားပြီး ထောက်ကြံ့မှာ ပြည်လမ်းဘက်ကို တက်သွားပြီး ပြည်မြို့ကတဆင့် နေပြည်တော်ကို လမ်းကြို လမ်းကြား၊ ချောင်တွေထဲကနေ ဖြတ်မောင်းပြီး မြန်မာ့နိုင်ငံရဲ့ အလှအပတွေကို ဟာသနှောပြီး ရိုက်ပြထားပါတယ်။

ပြီးတော့လဲ မေးခွန်းတစ်ခုမေးလိုက်သေးတယ်။။ မြန်မာပြည်မှာ မြို့တွင်းရွာတွင်းက လမ်းတွေက ဆိုးဝါးလှပြီး မြို့ပြင် ရွာပြင်က လမ်းတွေက ဘာကြောင့် ကောင်းတာလဲတဲ့လေ။
နေပြည်တော်ရောက်တော့ တည်းခိုဖို့ ဟိုတယ်တစ်လုံးကို သွားပြီး တည်းခိုဖို့လုပ်ရာ အခန်းလွတ်တွေ ရှိပါလျက်နဲ့ မရှိကြောင်းပြောလိုက်တဲ့ ပြကွက်လဲ ပါလေရဲ့။ ကင်မရာမင်းက အဲဒီဟိုတယ်မှာ အခန်းလွတ်တွေ အများကြီးရှိနေပုံကို ရိုက်ပြပုံလဲပါပါတယ်။
နေပြည်တော်မှာ အဲဒီကားကြီးသုံးစီးကို အကျအနချယ်သပြီး မန္တလေး၊ ထိုမှတဆင့် အင်းလေး၊ မွေတော် ကက္ကူ ဘုရားတွေလဲ အစုံဖူးရပါသေးတယ်။ အဲဒီမွေတော်ကက္ကူ မှာ ဘောလုံးပွဲတစ်ခုမှာ ဦးဇင်းတစ်ပါး ဒိုင်လုပ်နေပုံတောင်ပါသေးတယ်။

ဒီခရီးသွားဒေါ့ကုမန်ထရီမှာ ထူးခြားတာတစ်ခုကတော့ နေပြည်တော်ရဲ့ လမ်း (၂၀)သွား အမြန်လမ်းမပေါ်မှာ ဘောလုံးကစားပြပါသေးတယ်။ ပြီးတော့ ထပ်ပြီး ထူးခြားတာကတော့ အဲဒီနပြည်တော်ရဲ့ လမ်း (၂၀)သွား အမြန်လမ်းမပေါ်မှာ ကားကြီးကြီးသုံးစီး ပြိုင်မောင်းတဲ့ ကားပြိုင်ပွဲ ကျင်းပပါတယ်။ တာလွှတ်ဒိုင်ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တစ်ဦးပါ။ သူက အလံကိုင်ပြီး တစ်- နှစ်-သုံး- လို့တောင်အော်သေးတယ်။ ထူးထူးခြားခြားပါပဲ။

အခုပြောပြတာတွေက ပထမပိုင်းပဲ ရှိပါသေးတယ်။ ဒုတိယပိုင်းကတော့ နောက်တစ်ပတ်မှ လာမှာပါ။ ဒီခရီးသွားဒေါ့ကုမန်ထရီကို ကြည့်ပြီး မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှု့တွေ၊ဗုဒ္ဓဘာသာကြောင့် ရိုင်းပင်းကူညီတတ်ပုံတွေကို အနောက်နိုင်ငံသားတွေ မျက်ဝါးထင်ထင်တွေ့ရှိခံစားရစေပါတယ်။

နောက်တစ်ခုလဲရှိပါသေးတယ်။ ပိုက်ဆံရှိရင် မြန်မာပြည်မှာ ဘာမဆို လုပ်လို့ရတယ်ဆိုတာပါပဲ။
နောက်တစ်ပိုင်းကြည့်ပြီးမှ ဆက်ပြီးတော့ မျှဝေပေးမယ်။

ပိုက်ဆံများရှိလို့ကတော့ဗျာ

အရှင်အဂ္ဂဥာဏ (လှည်းကူးမြေ-မောင်နေခြည်)
ဆစ္ဒနီ၊ ၾသစေတးလ်
၉-၅-၂၀၁၄

Tuesday, 15 April 2014

လွမ်းလိုက်ပါဘိ တို့တောက သင်္ကြန်

သင်္ကြန်တွင်းဆိုရင် ကာလသား၊ ကာလသမီးတွေက ဦးဆောင်ပြီး ကျုပ်တို့ရွာထိပ်မှာ မဏ္ဍပ်ထိုးပြီး စတုဒိသာ ကျွေးမွေးလှူဒါန်းကြပါတယ်။ သာကူ၊ ဆန်ပြုတ်၊ မုန့်လုံးရေပေါ်၊ ထမင်းနဲ့ ပဲဟင်း၊ အအေးမျိုးစုံ စသဖြင့် စသဖြင့်ပေါ့။ စားတဲ့သူကစား၊ ကျွေးမွေးတဲ့သူက ကျွေးမွေး၊ ရေပတ်တဲ့ သူကရေပတ်ပေါ့။ သင်္ကြန်သီချင်းကို ဓာတ်စက်မှ ဖွင့်ပြီး ကသူတွေလဲ ရှိပါသေးတယ်။ ရွာဦးဘုန်းတော်ကြီးကျောင်းမှာ အလုပ်လုပ်စရာရှိရင် တစ်ပျော်တစ်ပါး သွားရောက်လုပ်ဆောင်လေ့ ရှိပါတယ်။ ပြီးရင်တော့ ရေပတ်ကြပြီ။

မနိုင်တာကတော့ ခလေးတွေပဲ။ ကဲမှကဲပဲ။ ကျုပ်တို့တောရွာမှာ ရေက ရေတွင်းကနေ ကြိုးတပ်ရေပုံးနဲ့ ခပ် (ငှင်)ယူရတာ။ လေးထောင့်သံပုံးနဲ့ ရေတစ်ပုံးရဖို့ တော်တော်လေးကို ကြိုးစားခဲ့ရတာ။ လမ်းသွားလမ်းလာကို စောင့်ပြီးပတ်ရတာပါ။ များသောအားဖြင့် မြင်းလှည်းတွေကို ရေပတ်ရတာ။ တစ်ခါတစ်ရံ ရေခပ်တုန်းရှိသေးတယ်။ မြင်းလှည်းက ဖြတ်သွားပြီ။ မပတ်လိုက်ရတော့ဘူး။

နောက်မြင်းလှည်းတစ်စီးကို နာရီဝက်လောက်ကြာအောင် စောင့်ပေရောပဲ။ ကိုယ်မှီတဲ့ မြင်းလှည်းတွေကြတော့လဲ ဒီလို အော်သွားကြသေးတယ်။ "ဟဲ့ ဟဲ့ ခလေးတွေ မပတ်နဲ့နော်။ ဥပုသ်သည်တွေ ပါတယ်နော် "-တဲ့။ သွားရောပဲ။ ဥပုသ်သည်ကို ရေလောင်းရင် ငရဲကြီးတတ်တယ်လို့ လူကြီးသူမတွေက ဆုံးမထားတတ်ကြတော့ ငရဲကျမှာတော့ ကြောက်ကြတာပေါ့။ အဲဒီလို ဆိုရင် ကိုယ်အချင်းချင်း ပြန်ပတ်ကြတော့တာပါပဲ။ တစ်ရွာလုံးမှာမှ ရေတွင်း ငါးတွင်းလောက်ရှိတာ သင်္ကြန်တွင်းဆိုရင် ရေကုန်သွားတဲ့ အထိကို ဖြစ်သွားတာ။ ကျုပ်တို့ရွာက ဘုန်းကြီးကတော့ အဲဒီအချိန်မှာဆိုရင် ရေတွင်းထဲမှာ ရေမရှိတော့ဘူးဆိုရင် ရေတွင်းကြီးဆယ်တော့တာပါပဲ။ အညစ်အကြေးတွေကို အများအားနဲ့ သန့်ရှင်းရေးလုပ်လိုက်တာပါပဲ။ အခုအခါကျတော့ ရေတုံကင်တွေက အိမ်တိုင်းနီးပါးရှိကြတော့ အဲဒီအချိန်တုန်းက ရေတွင်းတွေလဲ အခုအခါမှာ တိမ်ကောနေလောက်ပါပြီလေ။

တောသားဆယ်ကျော်သက်တွေကျတော့ သင်္ကြန်ကို ပုံစံတစ်မျိုးနဲ့ ရေကစားတက်ကြပါတယ်။ သူတို့က အုပ်စုလိုက် သွားကြပြီး ရွယ်တူတွေကိုပဲ ရေပတ်ကစားတတ်ကြပါတယ်။ တစ်ချို့ဆိုရင် ရေခဲကို အမှုန့်ဖြစ်အောင်ထောင်းပြီး သူတစ်ပါးရဲ့ လည်ပင်းနဲ့ အကျီ င်္ကြားကို ထည့်တတ်ကြသေးတယ်။ တောဓလေ့ အိုးမဲသုတ်တမ်းလဲ ကစားတတ်ကြပါတယ်။ တစ်ချို့ဆို လှည်းငဆီနဲ့တောင် သုတ်တိုင်း ကစားတတ်ကြပါသေးတယ်။

အိမ်ထောင်ကျခါစ အရွယ်တွေကျတော့ ညဖက်ကြမှ ရေကစားတတ်ကြတာလေ။ သူတို့က ခပ်ကြမ်းကြမ်းပဲ။ တစ်အိမ်နဲ့ တစ်အိမ်ကို ရေပူပေါင်းနဲ့ ပစ်တတ်ကြတာပါ။ ဘယ်သူတွေမှ စိတ်ဆိုးခြင်းမရှိကြပါဘူး။ တစ်ချို့ အစအနောက် သန်သူများဆိုရင် တစ်ပါးသူကို ဖမ်းပြီး သဂြိ င်္ုင်းကုန်းက သစ်ပင်မှာ ကြိုးနဲ့ချည်ထားခြင်း၊ ကျွဲလူးအိုင်ထဲ ပစ်ချခြင်း၊ (ခွင့်လွှတ်ပါ။ မရိုသေစကား- အမေများဆီက နို့ရည်ကို ရအောင်တောင်းပြီး ထမင်းနဲ့နယ်ကာ အတင်းခွံ့ကျွေးခြင်း) တို့ကိုလဲ လုပ်တတ်ကြသေးပါတယ်။ သင်္ကြန်တွင်းဆိုရင် ကျုပ်တို့တောရွာမှာ ၀ုန်းဒိုင်းကို ကျဲနေတော့တာပါပဲ။

လူကြီးတွေကျတော့ ဘုန်းကြီးကျောင်းသွားပြီး ဥပုသ်သီတင်းစောင့်ကျပေါ့။ သင်္ကြန်တွင်းမှာ ဆရာတော်ကိုယ်တိုင်ဦးဆောင်ပြီး ရွာတွင်းကို ဒုလ္လဘတွေနဲ့ အတူ ဆွမ်းခံလဲ ကြွတတ်ပါသေးတယ်။ ဘုန်းကြီးကျောင်းမှာဆိုရင် ဆွမ်းတွေ ဟင်းတွေကလဲ အသျှန်အပယ်ပါပဲ။ ဘယ်လိုမှ စားလို့ သောက်လို့ မကုန်ပါဘူး။ ပေါမှပေါပဲ။ မုန့်တွေဆိုရင် ဇလုံကြီးတွေနဲ့ လေးငါးခြောက်လုံးကို အပြည့်အသျှန်ပါပဲ။ ဒါတောင်ဆရာတော်က ပြောသေးတယ်။ မင်းတို့ခေတ် မင်းတို့ဘုန်းကံနဲ့တော့ ငတ်ကျပေါ့ကွာတဲ့။ ဆရာတော်တို့ခေတ်မှာတော့ မုန့်တွေဆိုရင် ခွဲတောင်းနဲ့ ဆယ်လုံး၊ ဆယ့်ငါးလုံးရတာတဲ့လေ။

နှစ်ဆန်းတစ်ရက်နေ့မှာတော့ ရေမပတ်ကြတော့ပါဘူး။ (
ဒါတောင် နှစ်ဆန်းတစ်ရက်နေ့မှာ ရေလောင်းရေပတ်နိုင်တဲ့ တိုက်ကြီးဖက်က နေရာတစ်ခုကို သွားကဲကြသေးတယ်။) အဲဒီနေ့မှာ ရွာလုံးကျွတ် အန္တရာယ်ကင်းရှင်းရေးအတွက် ပရိတ်နာကြပါတယ်။ ပြီးရင် ညနေပိုင်း၊ မိုးချုပ်ခါနီးမှာ ဆွမ်းဆန်စိမ်း လောင်းလှူကြပါတယ်။ ပြီးရင်တော့ နားပူပြီသာမှတ်တော့။ သံပုံးတွေကို တီးကြတာလေ။ တောအခေါ်တော့ တောထုတ်တာလို့ခေါ်ပါတယ်။ ညပိုင်းကျတော့ အမျိုးသမီးဝတ်ရွတ်အသင်းက ဓမ္မစကြာရွတ်ပြီး ညဖက်ကို ကောင်းကောင်း အိပ်စက်ကြပါတော့တယ်။ ဒါကတော့ ကျုပ်လွမ်းတဲ့ တောက သင်္ကြန်လေးပါပဲ။

အခုခေတ်မှာတော့ တို့တောကသင်္ကြန်လေး အရင်အတိုင်းပဲ ရိုးရာမပျက် ယဉ်ကျေးသိမ်မွေ့စွာနဲ့ ကျင်းပပျော်ရွင်နိုင်ပါစေလို့ ဆုတောင်းလျက်။

အရှင်အဂ္ဂဥာဏ (လှည်းကူး)
ဆစ္ဒနီ၊ ၾသစေတးလ်၊
၁၅-၄-၂၀၁၄ (အကြတ်နေ့)

Friday, 4 April 2014

ကံကောင်းလို့ပါ

မန်မာစကားတစ်ခွန်း၇ှိပါတယ်။ ရွှေချဉ်ပေါင်တုံးကာမှ မောင်ဘုန်းပြန်မယ်-ဆိုတာလေ။
ချဉ်ပေါင်ဆိုတာ မြန်မာပြည်မှာ တော်တော်လေးကို ပေါတဲ့အရာပါ။ ငယ်ငယ်တုံးကဆိုရင် အိမ်မှာ သားငါးချက်မစားနိုင်တဲ့ နေ့များဆိုရင် ချဉ်ပေါင်ဟင်း နဲ့ ကန်စွန်းရွက်တို့ သူပြိုင် ကိုယ်ပြိုင် အသုံးတော်ခံကြတာပါ။

ချဉ်ပေါင်ရွက်တစ်စီးမှ ငါးပြားလောက်ပဲ ရှိပါတယ်။ ချဉ်ပေါင်ပင်ဆိုတဲ့ အရာဟာလဲ အရွက်ကို ဖြုတ်ပြီး အရိုးကိုေ၇စပ်စပ်မှာ ထိုးထားရင် ပြန်ပြီး အညွန့်ထွက်လာတတ်တဲ့ အမျိုးပါ။ အိမ်မှာ ငွေမရှိတဲ့နေ့များဆိုရင် ချဉ်ပေါင်ဟင်းပဲ ချက်တာပါ။ အဲဒီလို ချဉ်ပေါင်ဟင်းစားရပြီဆိုရင် ငယ်ငယ်တုံးကဆို ကံမကောင်းလို့ စားရတာလို့ ထင်ခဲ့တာပါ။

ကျုပ်ကတော့ ချဉ်ပေါင်ဟင်းချက်တဲ့နေ့ဆိုရင် ရွာထဲကို လှည့်ပြီး ဟင်းကောင်းချက်တဲ့ အိမ်တွေကို လှည့်ပြီး စားတာပါပဲ။ သူတို့ကလဲ ကျွေးကြပါတယ်။ ကျွေးတာပေါ့။ ကျုပ်က ဘုန်းကြီးကျောင်းသားကိုး။
နောက်ပိုင်း အသက်လေးကြီးလာတော့ ချဉ်ပေါင်ဟင်းနဲ့ ငါးပိရည်နဲ့ နယ်စားတာကို အရမ်းနှစ်ခြိုက်လာခဲ့ပါတယ်။

အခုပြည်ပကို ရောက်နေတဲ့ အခါမှာလဲ မြန်မာပြည်တုံးက စားရတဲ့ ချဉ်ပေါင်ဟင်းကို အရမ်းသတိ၇တတ်ပါတယ်။ အခုတော့ အတွေးက ပြောင်းသွားပါတယ်။ ချဉ်ပေါင်ရွက် မစားရရင် ကံမကောင်းလို့ပဲ-ဟု။

ဒီသြစီမှာ ချဉ်ပေါင်ရွက် ရှိတော့ရှိပါတယ်။ ဖီဂျီကျွန်းနိုင်ငံကနေ လာတဲ့ ချဉ်ပေါင်ရွက်ပါ။ အစိမ်းမရနိုင်ပါဘူး။ အရွက်ကို ကျို ပြီးတော့ ရေခဲသေတ္တာထဲမှာ ခဲထားတာပါ။ အရသာက မချဉ်ပါဘူး။ မြန်မာပြည်က ချဉ်ပေါင်ရွက်က နာမည်နဲကလိုက်အောင် ချဉ်တာလေ။

ဟိုတစ်လောကတော့ မြန်မာ့ချဉ်ပေါင်ရွက် အစိမ်း က့ကောင်းစွာနဲ့ ရပါတယ်။ ချဉ်ပေါင်ရွက် တစ်ကီလိုကို သြစတေးလျဒေါ်လာ ၁၄ ဒေါ်လာပေးရပါတယ်။ (တစ်ကီလိုကို မြန်မာအချိန် ၆၅-ကျပ်သားခန့်၇ှိပါတယ်။) ချဉ်ပေါင်ရွက် ၆၅-ကျပ်သားကို မြန်မာငွေနဲ့ တစ်သောင်း နှစ်ထောင်လောက် ကျတာပေါ့။ ဒါပေမယ့် အရိုးမပါ အရွက်တွေ သက်သက်ရတာဆိုတော့ ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။

ဘာပဲပြောပြော ကံကောင်းလို့ မြန်မာ့ချဉ်ပေါင်ကို စားရပါပြီ။

ရွှေချဉ်ပေါင် တုံးကာမှ သြစီကနေ မောင်ဘုန်းပြန်တော့မယ်-ဟု။

အရှင်အဂ္ဂဥာဏ (လှည်းကူး)
ဆစ္ဒနီ၊ ၾသစေတးလ်
၂၈၊ ၀၃၊ ၂၀၁၄

ဘုန်းကြီးကျောင်းသား အကောင်းစား

အသက်နည်းနည်းရလာတော့ ငယ်ငယ်က အကြောင်းတွေကို ပြန်သတိရတက်ပါတယ်။ အဆန်းတော့ မဟုတ်ပါ။ ကျု ပ်က ဘ၀တစ်လျောက်လုံး နီးပါး ဘုန်းကြီးကျောင်းမှာပဲ ကြီးပြင်းလာခဲ့ရသူ။ ဘုန်းကြီးကျောင်းသား မောင်ဖိုးသီပေါ့။ နေ့စဉ် ဘုန်းကြီးတွေနဲ့ ဆွမ်းခံအတူသွားတယ်။ ဆွမ်းခံရာမှ ပြန်လာတော့ အစိုးရကျောင်းသွားတတ်တယ်။ ဒီတော့ ဘုန်းကြီးစာလဲ သိသလို လောကီအစိုးရကျောင်းစာကိုလည်း နာလည်တာပေါ့။

တကယ်တော့ ဘုန်းကြီးကျောင်းသား ဘ၀က မလွယ်ရေးချ မလွယ်ဘူးဗျ။ ခပ်ထက်ထက် ဆရာသမားနဲ့ နေရရင် ပိုတောင် မလွယ်သေး။ ဆွမ်းစား ကွမ်းစားရှိလို့ ကိုယ့်ကျောင်းသားကို ဘုန်းကြီးပွဲကျ မကျွေးရင် တစ်ချို့ဘုန်းကြီးတွေဆိုရင် ထတောင် ပြန်တတ်ပါသေးတယ်။ ကျောင်းပြန်ရောက်ရင်တော့ ဆော်ပလော် အတီးခံရပြီသာ မှတ်ပေတော့။ အဲဒါကြောင့်မို့ ထင်ပါတယ်။ ဆွမ်းစား ကွမ်းစားကို အခေါ်ခံ၇တဲ့ ကျောင်းသားတွေကလဲ ခပ်ထက်ထက် ဆရာတော်တွေရဲ့ တပည့်လို့ မပြောရဘူး၊ လက်ကတော့ ဘာသွက်သလဲ မမေးနဲ့။ ထမင်းဝိုင်းထိုင်လိုက်တာနဲ့ ဟင်းကောင်းလေးဆိုရင် မရှိတော့ဘူး။ တစ်ချို့ဆိုရင် ခွက်လိုက်တောင် မှောက်ချတတ်သေးတာ။ လက်သွက်ပုံများပြောပါတယ်။

စကားမစပ် သတိရလို့ ပြောလိုက်ဦးမယ်။ ကျုပ်တို့ လှည်းကူးနယ်မှာ ယခင်တုံးက ကျောင်းထိုင်ဆရာတော်တိုင်းနီးပါးမှာ နွားလှည်းကိုယ်စီ ရှိတတ်ကြပါတယ်။ (ယခုခေတ်တော့ ကိုယ်ပိုင်ကားပေါ့။) အလှူအတန်းရှိရင် ကိုယ်နွားလှည်းနဲ့ ကိုယ်သွားတတ်ကြတာပါ။ (မှတ်မိသေးတယ်။ ကျုပ်တို့ကျောင်းက နွားလှည်းလေ၊ နွားလှည်း ပြိုင်ပွဲ ၀င်ပြိုင်တာ အနိုင်မရပဲ ဖရဲသီးပုံ ၀င်နင်းမိလို့ အရော်ပေးပြီး ဖရဲသီး အ၀စားခဲ့ရသေးတယ်။) ဒါတွေထားပါတော့။

တစ်နေ့အလှူ တစ်ခုကို ကျု ပ်တို့ကျောင်းကို ပင့်တော့ ဆရာတော် နဲ့ အတူ ကျောင်းသားတွေလဲ ပါသွားတာပေါ့။ အလှူမှာ ရေစက် မိုးစက်ချပြီး ကျောင်းပြန်ရောက်တော့ ဆရာတော် အတွက်ရမယ့် အလှူပစ္စည်းတွေ ပါမလာခဲ့ဘူး။ ဘယ်ပါမလဲ။ အခြားကျောင်းသားက ကြားထဲကနေ နှစ်ပါးစာ ကြားဖြတ်ယူသွားခြင်းခံရတာလေ။
ဆရာတော်က ကျောင်းပြန်ရောက်တော့ ဆူပါလေရော။ ဒီလောက် နုံရမလားလို့လေ။ နောက်တစ်ခါ အလှူမှာ အဲဒီလို ဖြစ်ရင်တော့ ဆွမ်းစားကွမ်းစား တသက်လုံး မခေါ်တော့ဘူးတဲ့။

သိပ်မကြာပါဘူး။ ကျု ပ်တို့လှည်းကူးနယ်က ကျွန်းကုန်းဆိုတဲ့ ရွာမှာ ရှင်ပြုအလှူ အကြီးအကျယ် ကျင်းပပါတယ်။ ဒီတစ်ခါတော့ ကျောင်းသား မောင်ဖိုးသီတို့က လက်ကတော့ ဘာသွက်သလဲမမေးနဲ့။ ငါးရံ့ခြောက်ပြားဆိုရင် နှစ်ပြား၊ သင်္ကန်းဆိုရင် နှစ်စုံ၊ မုန့်ဆီကြော်ခြင်းတောင်းက နှစ်တောင်း စသဖြင့် စသဖြင့်ပေါ့။ တစ်ပါးကြွတာကို အလှူပစ္စည်းတွေကို နှစ်ပါးစာရအောင် ယူလာတာလေ။ ကျောင်းရောက်တော့မှ ဆရာတော်က နှစ်ပါးစာ ပါလာလို့ တစ်ပါးစာကို ပြန်ပို့ခိုင်းခဲ့ရပါတယ်။ (အဲဒီနေ့က အလှူပစ္စည်း မရသွားတာကတော့ ကောက်ကွေ့ကျောင်းကြီးဘုန်းတော်ကြီးပါ။)

ဟိုတစ်ချိန်တုန်းက ဘုန်းကြီးကျောင်းသားအဖြစ်နဲ့ သူတပါးကျောင်းထက်သာအောင် အညီအမျှမဟုတ်ပါဘဲ ပိုယူလာတာကို အရမ်းဂုဏ်ယူခဲ့တာပေါ့။ အခုကြီးလာတဲ့ အခါမှာ ဒီလိုခေါင်းပုံဖြတ်မှု့တွေဟာ ဂုဏ်ယူစရာ မဟုတ်ကြောင်း ကောင်းကြောင်း နားလည် သဘောပေါက်လာပါတော့တယ်။ တစ်ကယ်တော့ ကရင်လည်း တစ်ကျပ်၊ ဗမာလည်းတစ်ကျပ်ပဲ ဖြစ်သင့်ပါတယ်။ ဘာပဲလုပ်လုပ် သာတူညီမျှပဲကောင်းပါတယ်။ ဒါကြောင့်မို့လဲ ဆရာဘုန်းတော်ကြီးက အခြားတစ်ပါးစာကို ပြန်ပို့ ခိုင်းခဲ့တာပေါ့။

စကားမစပ် ပြောရဦးမယ်။
ဘုန်းကြီးကျောင်းသားတွေက အကောင်းစားတယ်နော်။

လူတိုင်းအပေါ်မှာ သာတူညီမျှ သဘောထားနိုင်ကြပါစေ။

အ၇ှင်အဂ္ဂဥာဏ (လှည်းကူး)
ဆစ္ဒနီ၊ ၾသစေတးလ်၊
၎-၄-၂၀၁၄ (သောကြာနေ့)

Wednesday, 22 January 2014

ပစ္စည်းတွေ အမြန်ဆုံး ရောင်းထွက်စေဖို့ အဆောင်ပေးမယ်



အသိတစ်ယောက်က သူ့ရဲ့ကား အမြန်ရောင်းထွက်ဖို့ ဗေဒင်တွက်ပေးပါ။ ယတြာချေစရာလိုပါသလား-ဟု မေးလာပါတယ်။ စာရေးသူဟာ ဗေဒင်မတွက်တတ်သူဖြစ်နေတော့ မတွက်တတ်ကြောင်း ပြန်ပြောရပါတယ်။ ဒါပေမယ့် မရဘူး။ ဗေဒင်မတွက်တတ်လဲ အဆောင်လေးဘာလေး ပေးပါ-ဟု တောင်းဆိုလာပါတယ်။ ဒီတော့ မငြင်းသာတော့ပါဘူး။ ပစ္စည်း အမြန်ဆုံး ရောင်းထွက်အောင် အဆောင်ပေးဖို့ စဉ်းစားရပါတယ်။ 

အဲဒီအချိန်မှာ အင်္ဂုလိမာလသုတ်ရဲ့ တန်ခိုးတော်ကို သွားပြီး သတိရလိုက်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အင်္ဂုလိမာလသုတ်ရဲ့ တန်ခိုးတော်ဟာ မီးမဖွားနိုင်တဲ့ အမျိုးသမီးကို လွယ်ကူစွာ မီးဖွားပေးနိုင်တဲ့အတွက်ပါပဲ။ ဒါ့ကြောင့်မို့လဲ မြန်မာပြည်မှာ မီးဖွားဖို့ ခက်ခဲနေသူအား လွယ်ကူစွာ မီးဖွားနိုင်အောင် အင်္ဂုလိမာလသုတ်ကို ရွတ်ဖို့တိုက်တွန်းတတ်ကြပါတယ်။ အဲဒါကို စဉ်းစားမိပြီး ကားအမြန်ရောင်းထွက်ဖို့ အဆောင်တောင်းလာသူအား အင်္ဂုလိမာလသုတ်ကို နေ့တိုင်း တစ်နေ့လျှင် ၉-ခေါက်ကျ ကားပေါ်မှာ ထိုင်ရွတ်ဖို့ အဆောင်ပေးလိုက်ပါတယ်။ 

ဒီတော့ မိတ်ဆွေက အရှင်ဘုရားအဆောင်ပေးတဲ့ အင်္ဂုလိမာလသုတ်က ကားရောင်းထွက်ဖို့နဲ့ ဘာများဆိုင်ပါသလဲလို့ ဆက်ပြီးမေးလာပါတယ်။ အမေးရှိရင်တော့ အဖြေရှိရမှာပါ။ ဒီတော့ စာရေးသူက သူကို ဒီလိုရှင်းပြခဲ့ပါတယ်။ 

အင်္ဂုလိမာလသုတ်ရဲ့ သဘောက မီးမဖွားနိုင်တဲ့ အမျိုးသမီးကို လွယ်ကူစွာ မီးဖွားပေးနိုင်တယ်။ ဆိုတော့ ဗိုက်ထဲက မမြင်နိုင်တဲ့ ခလေးကိုတောင် လျောလျောရှူရှူ အပြင်ထွက်အောင် စွမ်းဆောင်နိုင်တဲ့ တန်ခိုးအာနုဘော်ရှိရင် မြင်နေရတဲ့ ဒီကား ဘာကြောင့် ရောင်းမထွက်ရမှာလဲ။ ရောင်းကို ထွက်ရမယ်။ ယုံယုံကြည်ကြည်သာ ရွတ်ဖတ်ပါ-တိုက်တွန်းခဲ့ပါသည်။ ဒါကြောင့် မျက်စိနဲ့ မြင်နေရတဲ့ ဘယ်ပစ္စည်းမဆို ရောင်းထွက်ချင်ရင် အင်္ဂုလိမာလသုတ်ကို နေ့တိုင်း တစ်နေ့လျှင် ၉-ခေါက်ကျသာ ရွတ်ဖတ်ပေးပါ။

သေချာတာတစ်ခုကတော့ အင်္ဂုလိမာလသုတ်ကိုတော့ မေ့မှာ မဟုတ်တော့ပါ။ (အင်္ဂုလိမာလသုတ်ကို အလွတ်ရခဲ့သော်လဲ အသုံးချခွင့်မရသဖြင့် မေ့သွားတဲ့ လူပျိုကြီးတစ်ယောက်ကို သတိရမိပါသည်။)
ရွတ်ဖတ်ပူဇော်နိုင်ရန် မိတ်ဆွေတို့အား အင်္ဂုလိမာလသုတ်ကို ဖေါ်ပြလိုက်ပါတယ်။

အင်္ဂုလိမာလသုတ်

၁။   ပရိတ္တံ ယံ ဘဏန္တဿ၊ နိသိန္န ဋ္ဌာနဓောဝနံ။
      ဥဒကမ္ပိ ၀ိနာသေတိ၊ သဗ္ဗမေ၀ ပရိဿယံ။
၂။   သောတ္ထိနာ ဂဗ္ဘ၀ုဋ္ဌာနံ၊ ယဉ္စ သာဓေတိ တင်္ခဏေ။
     ထေရဿင်္ဂုလိမာလဿ၊ လောကနာထေန ဘာသိတံ။
     ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၃။  ယတော ဟံ ဘဂိနိ၊ အရိယာယ ဇာတိယာ ဇာတော၊
     နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ၊ ဇီဝိတာ ဝေါရောပေတာ၊
     တေန သစ္စန သောတ္ထိ တေ၊ ဟောတု သောတ္ထိ ဂဗ္ဘဿ။


အရှင်အဂ္ဂဥာဏ (မောင်နေခြည်-လှည်းကူး)
ဆစ္ဒနီ၊ ၾသစေတးလ်၊
၂၂-၀၁-၂၀၁၄။

Thursday, 19 December 2013

နဲနဲပြုံးပြပါ...(ကဗျာ)

+ ရှုံးတာက အမုန်းတွေရတာမှ မဟုတ်တာ။
သန်း-၆၀-ပြည်သူ့ဆီက အချစ်တွေ ရခဲ့တာလေ။
မြန်မြန်သာထ၊
ပြုံးပြလိုက်ပါ ညီမငယ်။

+ ရှုံးတာချင်း တူပေမယ့် ရှုံးရပုံချင်းမတူပါဘူး။
အသုံးမကျတဲ့သူတွေထဲမှာ ညီမတို့မပါဘူး။
မြန်မြန်သာထ၊
ပြုံးပြလိုက်ပါ ညီမငယ်။

+ ခဏတာ ရှုံးရလို့ ဘုံးဘုံးကျချင်ကျမယ်။
ထာဝရရှုံးတာမှ မဟုတ်တာ။
မြန်မြန်သာထ၊
ပြုံးပြလိုက်ပါ ညီမငယ်။

+ နိုင်ဘူးတဲ့ လူတိုင်းမှာ ရှုံးဖူးတဲ့ ရာဇ၀င်ဆိုတာ ရှိတာပါပဲ။
ရှုံးတာကို အရင်းပြု၊ အောင်မြင်မှု့ကို ရောက်အောင်ကြံစည်၊
မြန်မြန်သာထ၊
ပြုံးပြလိုက်ပါ ညီမငယ်။

+ ညီညွတ်မှု့ကို ဦးတည်၊
ပြည်သူ့ဆန္ဒကို အလေးထား၊
ကြိုးစားမှု့ကို ထင်စွာပြု၊
ဥာဏ်လွှာသုံးရင်ဖြင့်၊
အမြဲတမ်း ပြုံးနိုင်ပါမှာ။
မြန်မြန်သာထ၊
ပြုံးပြလိုက်ပါ ညီမငယ်။

+ ဒီမှာ ညီမငယ်...
ကြိုးစားသူအဖို့ အောင်မြင်မှု့က ဘယ်မှထွက်မပြေးဘူး။
မြန်မြန်သာထ၊
ပြုံးပြလိုက်ပါ ညီမငယ်။

( မြန်မာ့အမျိုးသမီး ဘောလုံးလက်ရွေးစင် ညီမငယ်များသို့ အမှတ်တရ၊ ၁၉-၁၂-၂၀၁၃)

အရွင္အဂၢဥာဏ (ဆစ္ဒနီ၊ၾသစေတးလ်)
(မောင်နေခြည်-လှည်းကူး) ရေးဖွဲ့အားပေးသည်။

Wednesday, 18 December 2013

တောက ဟာသများ အပိုင်း-၃၃ (သို့) ဘာနဲ့ အကုတ်ခံမလဲ

ကမ္ဘာအရပ်ရပ်မှာ ယောက်ျားလေးရော မိန်းခလေးရောပဲ ကိုယ်ရဲ့ဆံကေသာကို ပုံစံအမျိုးမျိုးပဲ ပြင်ကြ၊ ဆင်ကြတာပါပဲ။ ကျုပ်တို့ရွာမှာ ကျုပ်တို့ဘကြီးတစ်ယောက်ဆို သေတဲ့အထိကို ဆံပင်ညှပ်တဲ့ ဆံသအလုပ်ကို လုပ်သွားတာပါ။ ကျုပ်တို့ငယ်ငယ်တုံးကဆိုရင် ကျုပ်ရဲ့ခေါင်းက အဲဒီဘကြီးလက်နဲ့ လွတ်ခဲ့တာမရှိပါဘူး။ နောက်ပိုင်းကျတော့ လှည်းကူးဆိုတဲ့ မြို့ကြီးမှာ ဆံပင်ညှပ်ချင်လာပါတယ်။ လှည်းကူးတက်ပြီး ဆံပင်ညှပ်ချင်ရတဲ့ အကြောင်းထဲမှာ လှည်းကူးတာဆုံက ဖင်ကောက်မကြီးရဲ့ ကွမ်းယာကို စားချင်တာလဲ ပါပါတယ်။

ဟုတ်ပါတယ်။ ဖင်ကောက်မကြီးရဲ့ ကွမ်းယာက ဒီခေတ်လို အမျိုးအမည်မသိတဲ့ အရာတွေကို မထည့်ပါဘူး။ ဆံပင်တက်ပြီး ညှပ်ရင် ဖင်ကောက်မကြီးရဲ့ ကွမ်းယာချိုချိုလေးကို စားလို့ပေါ့။ ပါးစပ်တွေကို ရဲလို့။ ဆံပင်ညှပ်တာကတော့ ဦးကျော်သိန်းဆိုင်မှာ ညှပ်လေ့ရှိပါတယ်။ ဘယ်ပုံစံညှပ်ပေးပါလို့ တောင်းဆိုတောင်းဆို ဗိုလ်ကေပဲ ညှပ်ပေးပါတယ်။ ညှပ်ပေးမှာပေါ့။ ဖေဖေက ဦးကျော်သိန်းကို တစ်ခါထဲမှာထားခဲ့တာ။ တိုနိုင်သမျှတိုအောင် ညှပ်ပေးပါလို့။

ဆံပင်မညှပ်ခင် ကတည်းက ဖင်ကောက်မကြီးကို တခါတည်း ကွမ်းယာအချိုမှာထားတာလေ။ ဆံပင်ညှပ်ပြီးတာနဲ့ တခါတည်းစားရအောင်လို့ပါ။ ပြီးတော့ ဟူစင်ဆိုင်မှာ လဘက်ရည်အချိုသောက်ပါတယ်။ ငယ်ငယ်တုံးကတော့ ဆံပင်ညှပ်တော့မယ်ဆိုရင် အရမ်းပျော်တာပါပဲ။ ပျော်တာပေါ့။ လှည်းကူးမြို့ကိုလဲသွားရတယ်။ နာမယ်ကျော် ဖင်ကောက်မကြီးရဲ့ ကွမ်းယာလဲ စားရတယ်။ လဘက်ရည်အချိုလဲသောက်ရတယ်လေ။ ဒါပေမယ့် ညှပ်လိုက်တိုင်း ဗိုလ်ကေပဲ ညှပ်ရတယ်။

တစ်နေ့သား မှတ်မှတ်ရရ ဗိုလ်ကေမညှပ်ချင်ဘူး၊ တခြားဆံပင်ပုံတစ်ခု ညှပ်ပေးဖို့တောင်းဆိုလိုပ်ရာ ဦးကျော်သိန်းက အုန်းမှုတ်ခွက်ပုံ ညှပ်ပေးလိုက်ပါတယ်။ ရွာရောက်တော့ ဘုန်းကြီးကျောင်းခေါ်သွားပြီး ခေါင်းတုံးခံလိုက်ရပါတယ်။ ဒါကြောင့် တသက်နဲ့ တကိုယ် ဆံပင်ပုံစံထားဖူးတာကတော့ ဗိုလ်ကေ နဲ့ ကတုံးပါပဲ။ သာသနာ့ဘောင်ရောက်လာတော့ပိုဆိုးသွားပါတယ်။ ဆံပင်ပုံစံက ကတုံးကေပါပဲ။ ယနေ့ထိပေါ့။

တစ်ခုသောနေ့မှာ သူငယ်ချင်းတစ်ယောက်နဲ့အတူ သူ့ရဲ့အိမ်ကို လိုက်သွားခဲ့ပါတယ်။ အဲဒီအိမ်နဲ့ကလဲ မိသားစုလို ခင်နေတော့ ပြောမနာဆိုမနာပေါ့။ ကျုပ်တို့နှစ်ယောက်ရောက်လို့ ထိုင်ရုံရှိသေးတယ်။ သူငယ်ချင်းရဲ့ ညီမ ဖြစ်သူက သူမရဲ့ အမေကို အောက်ပါအတိုင်းပြောပါတယ်။။

" အမေ.....သမီးကို ပိုက်ဆံတစ်ရာပေးပါ။ ဂျပန်ကုတ် ကုတ်မလို့"-ဟု။

အဲဒီအချိန်မှာ အမေဖြစ်သူက အောက်ပါအတိုင်း သမီးဖြစ်သူကို ပြန်ပြောရာ ကျုပ်တို့မှာ ပြုံးပြီးတော့ပဲနေလိုက်ရပါတော့တယ်။ သူပြောလိုက်တဲ့ စကားကတော့

" ညည်းတို့ခေတ်ကျမှ ဂျပန်ကုတ်တွေ တရုတ်ကုတ်တွေနဲ့။ ရှုပ်ယှက်ကို ခပ်နေတာပဲ။ ငါတို့ကတော့ မြန်မာပဲ အကုတ်ခံတယ်။ ပိုက်ဆံလဲ ပေးစရာမလိုဘူး။ ညည်းတို့ခေတ်ကျမှ အကုတ်လဲခံရဦးမယ်။ ပိုက်ဆံလဲ ပေးရဦးမယ်ဆိုတော့ မလွန်ဘူးလား"-တဲ့။

(မှတ်ချက်။     ။ ဂျပန်ကုတ်ဆိုသည်မှာ ဂျပန်မလေးတွေရဲ့ ဆံပင်စတိုင် ဆံပင်ကို ကုတ်ထားတဲ့ပုံစံပါ။)

တောက ဟာသများကို ပြောပါတယ်။

မောင်နေခြည် (လှည်းကူး)

ဒို့ မြန်မာနိုင်တဲ့နေ့

အောင်ဆန်းကွင်းတစ်ကွင်းလုံး ပရိသတ်က အပြည့်၊ အပြင်လမ်းမပေါ်မှာလဲ ပရိသတ်က သိန်းနဲ့ချည်ပြီးတော့ကို အားပေးနေတာပါ။ မြန်မာ့အလံတွေ၊ မြန်မာနိုင်ရမည်ပါတဲ့ နဖူးစီးတွေ၊ မြန်မာအသင်းဝတ်စုံတွေဝတ်ပြီးတော့ပေါ့။ အများစုကတော့ ယမန်နေ့ညပိုင်းထဲက ညအိပ်ပြီးတော့ကို စောင့်နေကြတာပါ။ မြန်မာ မြန်မာ -ဟူသော အသံတွေဟာ ရန်ကုန်တမြို့လုံးရဲ့ ကောင်းကင်ရံမှာ သောသောညံနေတာပါပဲ။ ကျုပ်လဲ လက်မှတ်တစ်စောင်ကို မနဲရအောင် မှောင်ခိုကနေ၀ယ်လိုက်ရတယ်လေ။အားပေးချက်ကတော့ အားကုန်ပဲ။ ဒီနေ့မြန်မာအသင်း နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ထူးထူးခြားခြား ဘောပွဲပါပဲ။

အိမ်ရှင်မြန်မာအသင်းကတော့ အနီရောင်ဝတ်စုံကို ၀တ်ဆင်မှာဖြစ်ပြီး အာဆင်နယ်အသင်းကတော့ အ၀ါရောင်ဝတ်စုံကို ၀တ်ဆင်မှာဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာအသင်းရဲ့ အကျီ် င်္မှာ နာမည်နဲ့ နံပါတ်တွေ မပါပါဘူး။ အကျီ င်္တိုင်းရဲ့ နောက်ကျောမှာ မြန်မာလို့ပဲ ရိုက်နှိပ်ထားပါတယ်။ ကွင်းထဲမှာလဲ ပရိသတ်က အပြည့်၊ နိုင်ငံတကာ ရုပ်သံလှိုင်းတွေကလဲ တိုက်ရိုက်ပြသဖို့အတွက် ရောက်ရှိနေပါပြီ။ ထူးခြားတာက ဒီနေ့ပွဲမှာ ကွင်းလယ်ဒိုင်အဖြစ် ကော်လီနာကနေ ဆောင်ရွက်မှာပါ။

နှစ်ဖက်အသင်းသားတွေ ကွင်းထဲဝင်လာပါပြီ။ ဒီတခါမြန်မာအသင်းရဲ့ ကစားသမားတွေရဲ့ ပုံက ယုံကြည်မှု့အပြည့်ရှိတဲ့ပုံပါပဲ။ အာဆင်နယ်အသင်းကို အွန်နရီကနေဦးဆောင်ပြီးတော့ ကစားမှာဖြစ်ပါတယ်။ နိုင်င့တော်သီချင်းသံပြိုင်ဆိုကြတာကလဲ ကြောက်ခမန်းလိလိပါပဲ။ နှစ်ဖက်အသင်းသားတွေကို တာဝန်ရှိတဲ့ လူတွေက လက်ဆွဲနှုတ်ဆက်ကြပါတယ်။ အဲဒီထဲမှာ ထူးထူးခြားခြား လက်ဆွဲနှုတ်ဆက်သူကတော့ အမေစုပါပဲ။ အမေစုက မြန်မာကစားသမားတွေကို လက်ဆွဲနှုတ်ဆက်ရင်း ပါးစပ်ကလဲ တစ်ဦးချင်းရဲ့နာမယ်ကို ခေါ်ပြီး ဒီနေ့ပွဲကို သားတို့ အကောင်းဆုံး စွမ်းဆောင်ကြပါ-ဟု မှာကြားလေရဲ့။

အီတလီဒိုင် ကော်လီနာရဲ့ ခရာမှုတ်သံဖြင့် ဘောပွဲက စတင်ပါပြီ။ ပရိသတ်တွေကလဲ လက်ခုတ်လက်ဝါးတီးပြီး အားပေးပါတယ်။ နှစ်သင်းစလုံးက နာမည်ကျော် အသင်းကြီးတွေဖြစ်နေတော့ ကစားပွဲက အကြိတ်အနယ်ရှိလှပါတယ်။ ပွဲစလို့ ၁၅-မိနစ်အရောက်မှာ အာဆင်နယ်အသင်းက မြန်မာ့ဂိုးအေရိယာမှာ ပြစ်ဒဏ်ဘောရပါတယ်။ ဒါကိုေ၇ှ့တန်းကစားသမား အွန်နရီကနေ လှလှပပကန်သွင်းပါတယ်။ ဒါပေမယ့် မြန်မာဂိုးသမားက ကာကွယ်လိုက်ပါတယ်။ ပရိသတ်ကလဲ မြန်မာ မြန်မာဆိုတဲ့ အသံက ပိုပြီးတော့ ကျယ်လာသလိုပါပဲ။ အားပေးရတာ ရင်ထဲမှာ တဒိန်းဒိန်းနဲ့ပေါ့။

တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ဘူးဖြစ်နေပါတယ်။ အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ဒုတိယပိုင်းမှာ နဲနဲနာသွားတဲ့ သူနေရာမှာ ဝေါကော့ကို ထည့်ပြီး ကစားအားမြှင့်ပါတော့တယ်။ ဒါပေမယ့် မြန်မာအသင်းရဲ့ နောက်တန်းတွေကို ကမ္ဘာကျော်အွန်နရီတို့ ဝေါကော့တို့အတွဲ ဘယ်လိုမှ မထိုးဖောက်နိုင်ပါဘူး။ ဒီနေ့မြန်မာအသင်းရဲ့ ကစားပုံကတော့ ဘုရင့်နောင်ဖောင်ဖျက်ပြီးကစားနေကြတာပါပဲ။

ကစားချိန်မိနစ် ၈၈မှာ မြန်မာအသင်းက ပန်နာတီကန်ခွင့်ရပါတယ်။ ဒီပန်နာတီကို မြန်မာအသင်းမှ ကန်သွင်းမှာ ဖြစ်ပါတယ်။ ပရိသတ်ကလဲ ငြိမ်ပြီးတော့ နေပေးပါတယ်။ မြန်မာက အဲဒီပါနာတီကို အာဆင်နယ်အသင်းဂိုးသမားရဲ့ ဘယ်ဘက်ကို ကန်သွင်းလိုက်ရာ ဂိုးဝင်သွားပါတော့တယ်။ မြန်မာပရိသတ်ရဲ့ ဂိုး-ဆိုတဲ့အသံဟာ တပြည်လုံးကို ဟိန်းသွားပါတော့တယ်။ အဲဒီထဲမှာ ကျုပ်ရဲ့ အသံက အကျယ်ဆုံး-လို့ထင်တာပါပဲ။

အဲဒီအချိန်မှာ အသံတစ်သံဝင်လာပါတယ်။ အမေ့ရဲ့အသံပါပဲ။
ငါ့သားထတော့၊ ထတော့၊ နေဖင်ထိုးနေပြီလေ-ဟု။

အိပ်မက်ထဲမှာ မြန်မာနိုင်လို့ ပျော်လို့မ၀သေးဘူး။ အမေနှိုးလိုက်လို့ ကျုပ်ရဲ့ ပျော်နေတဲ့ အပျော်တွေ ဘယ်နားရောက်သွားမှန်း မသိလိုက်ပါဘူး။ ဒါနဲ့ ကျုပ်က အမေ့ကို ပြောလိုက်ပါတယ်။ အမေရယ်....အိပ်မက်ထဲမှာ အာဆင်နယ်ကို မြန်မာနိုင်နေပြီဗျလို့။

အဲဒီအချိန်မှာ အမေက ကျုပ်ကို အခုလိုပြန်ပြောလိုက်ပါတော့တယ်။

အာဆင်နယ် မပြောနဲ့ အင်ဒိုနီးရှားလို အသင်းမျိုးကိုတောင် မြန်မာအသင်းနိုင်တယ်ဆိုတဲ့နေ့ဟာ နောက်ဘုရားပွင့်မယ့်နေ့ပဲ။ သိပ်လဲ ရူးမနေနဲ့----ဟု။

မောင်နေခြည် (လှည်းကူး)
၁၈-၁၂-၂၀၁၃

Tuesday, 17 December 2013

တောက ဟာသများ အပိုင်း-၃၂ (သို့)ကျုပ်တို့ရွာက ဘောလုံးအသင်း နဲ့ ကောက်ကွေ့သားက၊ လက်တဲ့စမ်း....

မြန်မာ+အင်ဒိုဘောပွဲရဲ့ အဖြစ်အပျက်ကို သိရပြီးတဲ့နောက် ကျုပ်တို့ရွာက ဘောလုံးအသင်းအကြောင်းကို ရေးချင်စိတ်ပေါက်လာပါတယ်။ ကျုပ်တို့ရွာရဲထိပ်မှာ ဘောလုံးကွင်းတစ်ကွင်းရှိပါတယ်။ ဘောကွင်းက လှည်းကူး+ဆားတလင်းလမ်းမဘေးမှာ တည်ရှိနေတော့ ပွဲကြည့်စင်က သီးသန့်ကြီး လုပ်စရာမလိုပါဘူး။ လမ်းဘေးကုန်းစောင်းကနေ ထိုင်ကြည့်ရတာသည်ပင် အရသာတစ်ခုပါ။ ကျုပ်တို့ရွာမှာ ညနေတိုင်း ဘောပွဲရှိပါတယ်။ ရွာအရှေ့ပိုင်းနဲ့ အနောင်းပိုင်း။ လူပျို လူအိုလဲ ခွဲကန်ကြတယ်။ ကလားသားအချင်းချင်းလဲ ခွဲကန်ကြတယ်။ တစ်ခြားရွာက အသင်းတွေကိုလဲ ခေါ်ကန်ကြပါတယ်။  မှတ်မှတ်ရရ ကြားသိခဲ့ရတာကတော့ ဖေဖေတို့ ကျောင်းသားအသင်းက ကျောင်းပေါင်းစုံပွဲမှာ မြို့နယ်မှာ ဗိုလ်စွဲခဲ့ပါသေးတယ်တဲ့။ အခုနောက်ပိုင်းမှာလဲ ကျောင်းပေါင်းစုံပွဲမှာ တစ်ခါထပ်ပြီး ဗိုလ်စွဲခဲ့ပါသေးတယ်။

ကန်ကြတာကလဲ လောင်းောကးစားကြေးနဲ့ ကန်ကြတာပါ။ ပွဲအနိုင်အရှုံးလဲ လောင်းကြပါတယ်။ တစ်ဂိုးကို ဘယ်လောက်ဆိုပြီးတော့လဲ လောင်းကြေးနဲ့ ကန်ကြပါတယ်။ တစ်ချို့နှစ်များဆိုရင် ရွာကဘောလုံးအသင်းက အနိုင်ရငွေတွေနဲ့ ရွာကစာသင်တိုက်မှာ ၀ါဆိုသင်္ကန်းတွေတောင် ကပ်နိုင်ခဲ့ပါတယ်။ လှည်းကူးမှာ နာမည်ကြီးခဲ့တဲ့ ကစားသမားတိုင်း ရွာကကွင်းမှာ ကန်ဖူးကြပါတယ်။ ရွာက ဘောလုံးအသင်းက မြို့နယ်ပွဲတွေလဲ ၀င်ပြိုင်ကြပါတယ်။

တစ်ခုသောရက်မှာတော့ ကျုပ်တို့ရွာကဘောလုံးအသင်း မြို့နယ်ပွဲကို တက်ြပိုင်ပါတယ်။ ကိုယ့်အုပ်စုထဲမှာ ဖောင်ကြီးအရှေ့အသင်းပါတယ်။ အင်းတိုင်အသင်းပါတယ်။ ဒရယ်ဘိုအသင်းပါတယ်။ တကယ့်ရွာကြီးတွေက အသင်းတွေပါပဲ။ ဘောလုံးအသင်းတွေရဲ့ ထုံးစံအတိုင်း ရွာအသင်းမှာ ဂိုးသမားနှစ်ယောက်ရွေးထားပါတယ်။ ဒရယ်ဘိုအသင်းနဲ့ ပထမဆုံးတွေ့တော့ ရွာကအသင်းအနိုင်ရပါတယ်။ ရွာက ပြန်ရောက်တော့ ရွာ ဥက္ကဌက သူ့အိမ်မှာ ကြွေးမွေးပါတယ်။ တဆက်တည်းမှာပဲ  နောက်နေ့ ဖေါင်ကြီးအရှေ့အသင်းကို အနိုင်ရရင် ဥက္ကဌက နွားတွေ ၀က်တွေသတ်ပြီး ဂုဏ်ပြုဖို့ စီစဉ်ထားခဲ့ပါတယ်။ 

ကံဆိုးချင်တော့ ဖေါင်ကြီးအရှေ့နဲ့ ကန်တဲ့အချိန်မှာ ရွာက ပထမဂိုးသမား ကိုသန်းဦးက ဒဏ်ရာရသွားပါတယ်။ ဒီတော့ ဂိုးသမားပြောင်းလဲရပါတော့တယ်။ အနေအထားအရ ဘောလုံးနှစ်သင်းက သူမသာ ကိုယ်မသာပါပဲ။ ဒါပေမယ့် ဒုတိယဂိုးသမားက တဖက်က အသင်းက သွင်းသမျှကို မဖမ်းပဲ လွှတ်ပေးနေပါတော့တယ်။ အဲဒီပွဲမှာ ရွာကအသင်းက ၁၄ဂိုး+ဂိုးမရှိနဲ့ ရှုံးခဲ့ပါတယ်။  ဒုတိယဂိုးသမားကို ဘာ့ကြောင့် လွှတ်ပေးသလဲ-လို့ မေးကြည့်တော့ သူက ပထမဂိုးသမားဖြစ်ချင်တာကို မပေးပဲနဲ့ ဒုတိယနေရာပဲ ပေးလို့ အခုလိုလုပ်တာပါတဲ့။

 ဒီဂိုးသမားကြောင့် ရွာက ဘောလုံးအသင်းလဲ တော်တော်လေးကို ဂုဏ်တတ်သွားပါတော့တယ်။ ကိုယ့်ရဲ့ ပတ်မကို ကိုယ်ပဲ ပြန်ပြီးတော့ ထိုးဖေါက်တဲ့ လုပ်ရပ်ပါပဲ။ အဲဒီဘောလုံးပွဲညက ရွာက ဘောလုံးအသင်း ရွာကို ဘယ်အချိန်ပြန်ရောက်လာသလဲတောင် မသိပါဘူး။ အသံကို တိတ်နေတာပါပဲ။ အခါတိုင်းဆို ဘောလုံးနိုင်လာပြီဆိုရင် တစ်ရွာလုံးကို ဆူညံနေတာပါ။ နောက်နေ့မနက်မှ ကြားရပါတယ်။ ညတုံးက ဘောသမားတွေကို ဥက္ကဌကတော်က ဆဲလိုက်တာ မိုးကို မွှန်နေတာပါပဲတဲ့။ 

နောက်ရွာတွေကို ချိန်းကန်တဲ့ ပွဲတွေလဲရှိပါတယ်။ တစ်နေ့သား ရွာကွင်းမှာ  ကောက်ကွေ့ရွာအသင်းနဲ့ ချိန်းကန်ကြတာပေါ့။ ပရိသတ်ကလဲ များမှများပဲ။ အဲဒီပွဲမှာ နှစ်ရွာဘောလုံးအသင်းရန်ဖြစ်ကြပါတော့တယ်။ အဲဒီဘောပွဲမှာ ဘယ်သူက ပစ်လိုက်တဲ့ လေးခွကြောင့်လဲ မသိပါ။ ရွာက ဦးစံကြည်-ဆိုသူရဲ့ မျက်လုံးတစ်လုံးကန်းသွားရပါတော့တယ်။ အဲဒီအချိန်က စပြီး ရွာမှာ ဆိုရိုးစကားလေး တစ်ခုပေါ်လာပါတယ်။ အဲဒါကတော့..

ကောက်ကွေ့သားက၊ လက်တဲ့စမ်း၊ စံကြည် မျက်လုံးကန်း-တဲ့။

တောက ဟာသလေးတွေကို ပြောပါတယ်။

မောင်နေခြည် (လှည်းကူး)


Monday, 16 December 2013

တောက ဟာသများ အပိုင်း-၃၁ (သို့) နူမှာ စိုးလို့

ကျုပ်တို့ရွာရဲ့ အမျိုးသားအများစုမှာ တစ်ချို့က လက်သမားလုပ်ကြပါတယ်။ တစ်ချို့ကြတော့ ပန်းရံအလုပ်နဲ့ အသက်မွေးကြပါတယ်။ လက်သမားတွေ ပန်းရံတွေသာ ပေါတာ ဒါပေမယ့် ကျုပ်ပြည်ပကို ထွက်လာတဲ့အချိန်ထိ အိမ်ကောင်းကောင်းမရှိပါဘူး။ အခုတော့ အိမ်ကောင်းတွေ တိုးလာနေပြီလို့ ပြောပါတယ်။ လက်သမားအတတ်၊ ပန်းရံအတတ်တွေကို တတ်မြောက်ကြတော့ ငါ့အိမ်ငါ ဘယ်အချိန်လုပ်လုပ် ဆိုတဲ့စိတ်တွေဝင်သွားတော့ အိမ်ကောင်းကောင်းမရှိကြတာပါ။

ကျုပ်တို့လှည်းကူးမြို့ဆိုရင် သူတို့တက်မြောက်တဲ့ ဘာသာရပ်ကို လိုက်ပြီး အများက နာမည်ပေးထားတတ်ကြပါတယ်။ ဥပမာ ထုတ်ပြရရင် ဘရိတ်သိန်းအောင်၊ တာယာဖိုးနီ၊ ဆီစက်မောင်မောင်၊ ငါးပိစိန်မောင် စသဖြင့် စသဖြင့်ပေါ့။ နာမည်တွေကိုယ်စီ ရထားတတ်ကြပါတယ်။

အဲဒီလိုပါပဲ ကျုပ်တို့ရွာမှာလဲ နာမည်ပေးထားကြပါတယ်။ ရွာက ဆရာတော်ကို ပန်းရံလုပ်ရင် ထုံးများများ ထည့်တတ်လို့ ထုံးဘုန်းကြီးတဲ့၊ ကိုအုံးကြွယ်ကိုတော့ ရေတွေအထည့်များလို့ ရေအုံးကြွယ်၊ ဦးစောလှကိုတော့ သဲတွေအထည့်များလို့ သဲစောလှ၊ ဦးစိန်သောင်းကိုတော့ ခဲတွေအထည့်များလို့ခဲစိန်သောင်း၊ ဦးထွန်းခင်ကိုတော့ အုတ်ကျိုးတွေကို များများသုံးတတ်လို့ အုတ်ကျိုးထွန်းခင်တဲ့။ စသဖြင့် စသဖြင့် နာမည်တွေပေးထားကြတာပါ။ တော်သေးတယ်။ ကျုပ်ကိုလဲ နာမည်မပေးကြလို့။ ထားပါတော့။ အခုပြောချင်တာကတော့ သဲစောလှလို့ နာမည်တွင်တဲ့ ဦးစောလှ အကြောင်းပါ။

အချိန်ကတော့ ကြာခဲ့ပါပြီ။ မဆလခေတ်အခါကပေါ့။ ကျုပ်တို့မြို့မှာ ပ-လ-က ဆိုတာရှိပါတယ်။ အခုတော့ ဆောက်လုပ်ရေးပေါ့။ ဆောက်လုပ်ရေးဆိုတော့ လမ်းခင်းတယ်။ တံတားဆောက်တယ်ပေါ့။ အဲဒီလို ပန်းရံတွေ လက်သမားတွေနဲ့ မပြတ်လုပ်နေတဲ့ ဆောက်လုပ်ရေးဟာ အင်ဂျင်နီယာရဲ့ ပေနဲ့လက်မကို မှားယွင်းပြီး ဖတ်မိခြင်းကြောင့် ကျုပ်တို့ လှည်းကူးတံတားကြီးဟာ အခုလို မတ်စောက်စောက်အနေအထား ဖြစ်နေရတာလို့ ကြားဘူးပါတယ်။ မှန်မမှန်တော့ တံတားဆောက်တဲ့ အင်ဂျင်နီယာတွေပဲ သိကြမှာပါ။

တစ်နေ့တော့ ရွာက ဦးစောလှက ပ-လ-က-မှာ ပန်းရံဆင်းပါတယ်။ အဲဒီအချိန်က ဒါးရယ်ဘိုတံတားဆောက်နေချိန်ပေါ့။ တကယ်တော့ ဦးစောလှက ရွာမှာ တကယ်ကို ရိုးသားလှတဲ့ မိသားစုထဲကနေပေါက်ဖွားလာသူ ဖြစ်သလို သူကိုယ်တိုင်လဲ တော်တော်ရိုးသားသူပါ။ မိန်းမရဖို့တောင် ပန်းရံသမားအချင်းကနေ အတင်းအကျပ်ပေးစားလိုက်လို့ ရတာပါ။ (ပန်းရံရိုးတော့ ကိုးယောက်-ဆိုတာတော့ ကြားဖူးတယ်။)

အဲဒီလို ပန်းရံဆင်းနေတဲ့ အချိန်မှာ သူနဲ့ အတူအလုပ်လုပ်နေသူတွေက - ဒီမှာ စောလှ... ပ-လ-က-မှာ လုပ်ပြီး မခိုးရင် မင်းတော့ နူမှာပဲ- လို့ ပြောကြပါတယ်။ ဒါပေမယ့် သူကတော့ မခိုးပါဘူး။ သူ့အဖေါ်တွေက နေ့တိုင်းဒီစကားပဲ ပြောကြပါတယ်။ ခိုးဖို့ပေါ့။  ကြားပါများတော့ ဦးစောလှတစ်ယောက် နူမှာ ကြောက်လာပါတော့တယ်။ ဒါနဲ့ပဲ ညနေအလုပ်သိမ်းချိန်မှာ အလုပ်မှာ အသုံးပြုတဲ့ သစ်သားအတိုလေးတွေကို မ-လာပါတော့တယ်။ ဂိတ်ရောက်တော့ မိပါလေရော။ ဂိတ်စောင့်က ဘာကြောင့် ဒီသစ်သားချောင်းတွေကို ခိုးလာတာလဲ...မသိဘူးလား......ပုဒ်မ ၆(၁)နဲ့ တရားစွဲလိုက်မှာနော်..လို့ ပြောတဲ့အခါမှာ ဦးစောလှက အောက်ပါအတိုင်း ပြောလိုက်ပါတယ်။

နူမှာစိုးလို့-ဟု။

ဂိတ်စောင့်က ရီလျက် သွားထား..သွားထား...မင်းတော့ ထောင်ကျတော့မှာပဲ-ဟု ပြောလျက် သစ်သားတုံးလေးတွေကို ပြန်ထားခိုင်းလိုက်ရပါတယ်။

တောက ဟာသများကို ပြောပါတယ်။

မောင်နေခြည် (လှည်းကူး)




Wednesday, 11 December 2013

တောက ဟာသများ အပိုင်း-၃၀ (သို့) အသိန်းရေ

ပြီးခဲ့တဲ့ အပိုင်းတုံးက ကျုပ်တို့ရွာဟာ လှည်းကူး+ ဒါးပိန်ကားလမ်းပေါ်မှာ တည်ရှိခဲ့တယ်ဆိုတာကို ပြောခဲ့ပါတယ်။ လှည်းကူး+ ဒါးပိန်ကားလမ်းဟာ အင်္ဂလိပ်အစိုးရလက်ထက်က ဖေါက်လုပ်ခဲ့တာပါ။ အမှန်က လှည်းကူးကနေ တည့်တည့်ဖောက်မည်ဆိုလျှင် လမ်းက ရှမ်းတဲကြီးရွာလောက် သွားပေါက်မှာပါ။  ဒါပေမယ့် လမ်းဗိုလ်က စေတနာတွေပိုပြီး ရွာစဉ်အတိုင်း လမ်းကို ဖောက်လိုက်ရာ အခုလက်ရှိအသုံးပြုနေတဲ့ လမ်းကြောင်းအတိုင်း ကွေ့ကွေ့ကောက်ကောက်နဲ့ပါ။ ဒီလမ်းက ဆားတလင်းရွာကို သွားပေါက်ပါတယ်။

ကျုပ်တို့ငယ်ငယ်တုံးကဆိုရင် လူကြီးသုံးရောက်လောက်ဖက်မှ ရတဲ့ ကုက္ကိုပင်ကြီးတွေနဲ့ စိမ်းလမ်းပြီး အေးချမ်းနေတဲ့ လမ်းပါပဲ။ ဒီကုက္ကိုပင်တွေကို အင်္ဂလိပ်အစိုးရလက်ထက်က စိုက်ပျိုးခဲ့တာပါ။ လှည်းကူးကနေ ဆားတလင်းရွာအထိ လမ်းရဲ့ အရှည်က ၆-မိုင်ရှိပါတယ်။ ဒီခြောက်မိုင်ရှည်တဲ့ လမ်းဘေးဝဲယာမှာ ကုက္ကိုပင်တွေကို စိုက်ပျိုးပြီး အပင်ဘေးပတ်ခြာလည်မှာ သစ်သားသုံးချောင်းကို တြိဂံပုံပြုပြီး ကာကွယ်ထားပါတယ်။ အဲဒီကုက္ကိုပင်ငယ်တွေကို စောင့်ရှောက်ဖို့ အလုပ်သမားတစ်ယောက်ကို ခန့်ပေးထားပါသေးတယ်။ စနစ်ကျပုံများ ပြောပါတယ်။

အဲဒီ အလုပ်သမားဟာ နံနက်ပိုင်း လှည်းကူးကနေ စတင်ပြီး ကုက္ကိုပင်တွေကို ကြည့်လာပြီး တဖြည်းဖြည်းနဲ့ နေ့လည်စာစားချိန်ဆိုရင် ဆားတလင်းရောက်တာပါပဲ။ ဆားတလင်းရောက်ရင် နေ့လည်စာစား။ ပြီးတော့ ခေတ္တခဏနားပြီး လှည်းကူးကို ပြန်လာတာပါ။ ညနေဆို လှည်းကူးကို ပြန်ရောက်ပါပြီ။ နေ့စဉ်နေ့တိုင်း အဲဒီအလုပ်သမားလုပ်ရတဲ့ အလုပ်ပါပဲ။ အဲဒီကုက္ကိုပင်တွေဟာ ကျုပ်တို့ငယ်ငယ်တုံးကအချိန်အထိကို ခက်လက်ဝေဆာနေတာပါပဲ။ သစ်တပင်ခုတ် ထောင်သုံးလဆိုတော့ ဘယ်သူမှ မခုတ်ရဲကြပါဘူး။ ဒါကတော့ ရှေးရှေးတုံးကပေါ့။

ငြိမ်ပိခေတ်ရောက်လာတော့ ကျုပ်တို့ရွာလမ်းက တော်တော် ပြောင်းလဲသွားပါတော့တယ်။ အင်္ဂလိပ်အစိုးရက စောင့်ရှောက်ထားတဲ့ ကုက္ကိုပင်ကြီးတွေဟာ ချက်ချင်းလက်ငင်း ဘ၀ပြောင်းသွားပါတော့တယ်။ သစ်ထွင်းပန်းပုရုပ်တွေ ဖြစ်ကုန်ပါတော့တယ်။ ဒါက လမ်းဘေးနားက ကုက္ကိုပင်ကြီးတွေ အကြောင်းပါ။  လမ်းကတော့ အရင်တုံကတော့ နဲနဲကောင်းပါသေးတယ်။ ဘယ်အချိန်မှာ စပျက်သလဲဆိုတော့ ဒဂုံမြို့သစ်များ စတင်ပြီး ဖေါ်ထုတ်တဲ့အခါမှာ ကျုပ်တို့ရွာလမ်းက လုံးဝကို ပျက်ဆီးသွားတော့တာပါပဲ။ ဒဂုံမြို့သစ်ကို သွားတဲ့ ကျောက်ကားမှန်သမျှ ဒီလမ်းကပဲ မောင်းတာကြောင့်ပါ။ ချိုင့်တွေက ခလေးငယ်ငယ်တစ်ယောက်လောက် ဆင်းနေရင် ဘယ်သူမှ မတွေ့နိုင်လောက်ပါဘူး။ အဲဒီလောက်ကို ချိုင့်တွေက  နက်ပါတယ်။ အခုတော့ ကျုပ်တို့ရွာလမ်းက ကောင်းနေပြီလို့ အသံကြားပါတယ်။ ထားပါတော့။

အဲဒီလို လမ်းမကောင်းတဲ့ အချိန်ကပေါ့။ ကျုပ်တို့ရွာမှာ အသက်ကြီးမှ အိမ်ထောင်ပြုကြတဲ့ လင်မယားနှစ်ယောက် ရှိပါတယ်။ လင်ဖြစ်သူနာမည်က ဦးတင်ဖေပါ။ မယားလုပ်သူက ကျုပ်ရဲ့ အဒေါ်ဖြစ်သူ အန်တီသိန်းပါပဲ။ သူတို့လင်မယားမှာ ခလေးမရှိပါဘူး။ လင်ဖြစ်သူက မယားလုပ်သူကို အသိန်းလို့ ခေါ်ပါတယ်။ သူတို့လင်မယားရဲ့ အဓိကလုပ်ငန်းက နံနက်ပိုင်းမှာ ဆန်စပါးအရောင်းအ၀ယ်လုပ်ပါတယ်။ ညနေပိုင်းမှာ အတိုးပြန်သိမ်းပါတယ်။ လှည်းကူးဈေးထဲမှာရှိတဲ့ အရင်းအနှီးမတက်နိုင်တဲ့ ဈေးသည်ငယ်လေးတွေကို ငွေချေးစာတာပါ။

သူတို့နှစ်ယောက်က အမြဲတမ်း စက်ဘီးစီးပြီး လှည်းကူးကိုတက်ပြီး အကြွေးသိမ်းပါတယ်။ တနေ့လှည်းကူးကနေ ရွာကို အပြန် လင်မယားနှစ်ယောက် စက်ဘီးစီးပြီး စကားတပြောပြောနဲ့ပေါ့။ အခုရင်းတိုက်ပင်လမ်းခွဲ အရောက်မှာ လမ်းက ကြမ်းလေတော့ အန်တီသိန်းတစ်ယောက် စက်ဘီးပေါ်ကနေ ပြုတ်ကျကျန်နေခဲ့ပါတယ်။ အဲဒီလို ကျနေခဲ့တာကို လင်ဖြစ်သူ ဦးတင်ဖေ-က မသိပဲ စက်ဘီးကို စီးပြီး ထွက်သွားပါတယ်။ ကျုပ်တို့ရွာထိပ်ရောက်မှ မိန်းမဖြစ်သူ ပါတယ်ပဲထင်ပြီး ဟုတ်လား အသိန်းရေ-လို့ မေးပါတော့တယ်။ မိန်းမလုပ်တဲ့သူရဲ့ စကားပြန်ကို မကြားမှ အန်တီသိန်းမပါမှန်းသိတော့တယ်။ အဲဒါနဲ့ပဲ မိန်းမလုပ်သူကို နောက်ကြောင်းပြန်ပြီး ခေါ်ရတာပေါ့။ အန်တီသိန်းကတော့ စိတ်တွေတိုပြီး ဖနောင့်ပေါက်ပြီး လမ်းလျှောက်လာရာ  စောင့်စောင့်  စောင့်စောင့်နဲ့ပေါ့။အဲဒီလောက်ကို လမ်းဆိုးသွားပါတော့တယ်။

တောက ဟာသများကို ပြောပါတယ်။

မောင်နေခြည် (လှည်းကူး)






Tuesday, 10 December 2013

တောက ဟာသများ အပိုင်း- ၂၉ (သို့) ဒေါ်ဖွားသင် မရှိပါ

ကျုပ်တို့ရွာက လှည်းကူး + ဒါးပိန်ကားလမ်းပေါ်မှာ တည်ရှိပါတယ်။  ယင်းလမ်းကို အင်္ဂလိပ်အစိုးရလက်ထက်တွင် ဖေါက်လုပ်ခြင်း ဖြစ်ပြီး လမ်းကို တည့်တည့်မဖေါက်ဘဲ ကောက်ကွေ့စွာ ဖောက်လုပ်မှု့ကြောင့် လမ်းဗိုလ်ခမျာ  ဒဏ်ငွေတမူးကို ပြည်မြို့မှာ ဆောင်ရသတဲ့။ လမ်းဗိုလ်ခမျာ ရှက်ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ်လို့ လူကြီးများပြောစကားအရ သိရပါတယ်။ လမ်းကောင်းသလားလို့ မေးရင်တော့ လှတောသားစကားကို အငှါးယူပြောရပါ့မယ်။ ကျောက်ခဲစားရင်တောင် အစာကြေတယ်လို့ ပြောရမှာပါ။ (အခုတော့ နဲနဲကောင်းသွားပါပြီ။) ဟိုယခင်တုံးက ကျုပ်တို့ရွာလမ်းမှာ ခရီးသွားယာဉ်တွေကတော့ မြင်းလှည်းပဲ ရှိတာကိုး။ တက်နိုင်သူများကျတော့ စက်ဘီလေးတွေ ၀ယ်စီးကြတာပေါ့။

မဆလခေတ်အခါက တော်ရုံတန်ရုံဝန်ကြီးကတော့ ကျုပ်တို့ရွာလမ်းက ကားဖြတ်ပြီးတော့ မစီးပါဘူး။ ကားမောင်းတဲ့သူကလဲ လမ်းကောင်းကောင်းကပဲ မောင်းပြီးခေါ်ပါတယ်။ လှည်းကူးက ဌာနဆိုင်ရာတွေကလဲ လမ်းကိုတော့ ပြင်ဖို့ မတိုက်တွန်းဘူး။ ဒီလမ်းကို လူကြီးမ၀င်အောင်ပဲ ကြိုးစာကြပါတယ်။ ဒါပေမယ့် ကျုပ်တို့ရွာက လှည်းကူးနားနီးတော့ လျှပ်စစ်မီးတော့ ရပါတယ်။ ဒီလိုရတာကလဲ အခက်အခဲတွေ အများကြီးနဲ့ပါ။ ဘုန်းကြီးကျောင်းနှစ်ကျောင်းက ဆရာတော်နှစ်ပါး ဦးဆောင်ပြီး ဇွဲကြီးကြီးနဲ့ဘယ်လောက်ကြိုးစားရသလဲဆိုရင် ထိုခေတ်က မြို့နယ်လျှပ်စစ်မှူး လေး ငါးယောက်လောက်ပြောင်းပြီးမှ ရွာမှာ မီးလင်းရတာပါ။ ကိုယ်ထူကိုယ်ထပေါ့။ ထားပါတော့။

တစ်နေ့ပေါ့။  နိုင်ငံတော် ကောင်စီဝင် ဦးစိန်လွင်ဆိုတာ ကျုပ်တို့မြို့ကို ဖြတ်ပြီး ပဲခူးဘက်ကို ခရီးသွားပါတယ်။ လှည်းကူတာစုံကို ကျော်သွားတော့ ဦးစိန်လွင်က စိတ်ပြောင်းပြီး ကားသမားကို လှည်းကူး + ဒါးပိန်ကားလမ်းကနေ မောင်းဖို့ ပြောပါတယ်။ ပြီးတော့ အဲဒီလှည်းကူး + ဒါးပိန်ကားလမ်းက စစ်အတွင်းတုံးက ဗျူဟာဟာ ကျတဲ့လမ်းတစ်လမ်းဖြစ်လို့ သူတို့အမြဲသွားတဲ့ လမ်းဖြစ်ကြောင်းလဲ ပြောပါသတဲ့။ ဒါနဲ့ပဲ ကားဆရာလဲ လှည်းကူး + ဒါးပိန်ကားလမ်းအတိုင်းမောင်းဝင်လာခဲ့ပါတော့တယ်။ လုံခြုံရေးကားတွေလဲ ရှေ့ကိုရောက်မှ နောက်ပြန်လှည့်ရပါတော့တယ်။

လှည်းကူးကနေ လာရင် လှည်းကူး + ဒါးပိန်ကားလမ်းမပေါ်မှာ ပထမဆုံးတွေ့ရတဲ့ ရွာကတော့ ကျုပ်တို့ရွာပါပဲ။ ရွာမှာက လယ်သမားတွေ၊ လက်သမားတွေ၊ ပန်းရံသည်တွေက အများစုပါ။ ရွာဥက္ကဌကိုယ်တိုင်ကိုက လယ်သမားပါ။ ၀န်ကြီးက ကျုပ်တို့ရွာကို ရောက်တော့ ဥက္ကဌအိမ်ကို မေးပြီး ၀င်လာပါတယ်။ ဥက္ကဌက အိမ်မှာ မရှိပါဘူး။ လယ်ထဲမှာ စပါးရိတ်နေတာပါ။ ဥက္ကဌကို ခေါ်ခိုင်းပါတယ်။ ဥက္ကဌရောက်လာတော့ ကြောက်ကြောက်လန့်လန့်နဲ့ပေါ့။ ၀န်ကြီးက သူ့ကို မကြောက်ဖို့ ပြောပြီး ဘာလိုချင်လဲလို့ မေးပါတယ်။ ဥက္ကဌလဲ လမ်းကောင်းချင်ကြောင်း ပြောလိုက်ရာ ၀န်ကြီးက လမ်းကောင်းစေရမယ်ဟု ပြောခဲ့ပါတယ်။ ပြီးတော့ ၀န်ကြီးက ဖွားသေစာရင်းပြပါ-ဟု တောင်းပါတယ်။ ဥက္ကဌလဲ ကြောက်ကြောက်လန့်လန့်နဲ့ ဒေါ်ဖွားသင်မရှိကြောင်း၊ ကျိုက်ထီးရိုးဘုရားဖူးသွားနေကြောင်း ပြောပါတယ်။

အဲဒါနဲ့ ၀န်ကြီးက ဖွားသေစာရင်းဆိုသည်မှာ ဒီရွာမှာ ဘယ်နှစ်ယောက်ဖွားမြင်ပြီး ဘယ်နှစ်ယောက်သေလဲဆိုတာကို ရေးမှတ်ထားတဲ့ စာရင်းဖြစ်တယ်ဆိုတာကို ရှင်းပြရှာပါတယ်။ ဥက္ကဌလဲ မရှိကြောင်းပြောရာ ၀န်ကြီးက ပြုစုထားဖို့ မှာကြားပြီး ကျွန်းကုန်းရွာဘက်ကို ထွက်ခွါသွားပါတော့တယ်။

(မှတ်ချက်။ ဥက္ကဌဖြေကြားလိုက်တဲ့ ဒေါ်ဖွားသင်ဆိုသည်မှာ ရွာထဲက ဦးစံသိန်းရဲ့ ဇနီးဖြစ်ပါတယ်။)

တောက ဟာသများကို ပြောပါတယ်။

မောင်နေခြည် (လှည်ကူး)




Monday, 9 December 2013

တောက ဟာသများ အပိုင်း- ၂၈ (သို့) မကျော်နိုင်ဘူးလားဟေ့

ကျုပ်တို့လှည်းကူးမြို့ကို ကျွန်းလေးကျွန်းတို့က ၀န်းရံထားတယ်လို့ ကြားဖူးပါတယ်။ အဲဒီကျွန်းတွေကတော့ ကျွန်းကလေး၊ ကံ့ကော်ကျွန်း၊ ကျွန်းပင်တရာ (ခ) ကျွန်းပင်တာနဲ့ ကျွန်းကုန်းတို့ပါပဲ။ အဲဒီကျွန်းလေးကျွန်းထဲမှာ အပါအ၀င်ဖြစ်တဲ့ ကျွန်းကုန်းဆိုတဲ့ရွာမှာ မြသိန်းတန်စေတီတော် ပူဇော်ပွဲကို နှစ်စဉ် နှစ်ကြိမ်တိုင်တိုင်ကျင်းပပါတယ်။ တန်ဆောင်မုန်းလဆန်း (၁၄)ရက် နဲ့ လပြည့်နေ့မှာ တစ်ကြိမ်၊ ပြီးတော့ တပေါင်းလဆန်း (၁၄)ရက်နဲ့ လပြည့်မှာ တစ်ကြိမ်ပေါ့။ ကျုပ်တို့ကတော့ အဲဒီဘုရားပွဲကို ကျွန်းကုန်းဘုရားပွဲ-လို့ပဲ အလွယ်ခေါ်ကြပါတယ်။ အဲဒီဘုရားပွဲကို လေးရွာအသင်းက ကြီးမှူးကျင်းပတာပါ။ (လေးရွာအသင်းဆိုသည်မှာ ကျွန်းကုန်းရွာ၊ နဘဲပင်ရွာ၊ လက်ပန်ရွာနဲ့ ကောက်ကွေ့ရွာတို့မှ ဂေါပကအဖွဲ့ပါ။)

အဲဒီကျွန်းကုန်းဘုရားပွဲက ဘာစည်သလဲမမေးပါနဲ့။ အရမ်းကို စည်ကားလှတာပါ။ ငယ်ငယ်တုံးကဆို ကျွန်းကုန်းဘုရားပွဲကို မရောက်တဲ့ နှစ်ရယ်လို့ မရှိသလောက်ပါပဲ။ နှစ်စဉ်နှစ်တိုင်း ဘုရားပွဲမှာ ဇာတ်ပွဲတွေအမြဲတန်းပါပါတယ်။ အဲဒီဘုရားပွဲကို လှည်းကူးမြို့နယ်ထဲက ရွာတွေက လှည်းတွေနဲ့ လာကြတာပါ။ တပေါင်းလပွဲဆိုရင် ပိုဆိုးပါတယ်။ လှည်းတွေမောင်းကြတာ ဖုံတထောင်းထောင်းနဲ့ပေါ့။ အဲဒီပွဲတော်မှာ ဇာတ်ပွဲက ညကိုးနာရီ ဆယ်နာရီလောက်မှ ထွက်တာပါ။ ဒါပေမယ့် လှည်းနေရာ မရမှာစိုးလို့ မွန်းတည့် (၁၂)နာရီလောက်ထဲက လှည်းတွေက သွားကြပါပြီ။

 ငယ်ငယ်တုန်းကဆို လှည်းတွေက ခလောက်သံကြားရုံနဲ့ပင် လူက ပွဲသွားချင်နေပြီ။ ကျုပ်တို့က လယ်သမားမဟုတ်တော့ အိမ်မှာတော့ နွားလှည်းမရှိပါဘူး။ ကိုယ်နဲ့ ရင်းနှီးတဲ့ (သို့) မိဘတွေက စိတ်ချရတဲ့ လှည်းတွေကို ကြိုတင်ပြီး ဘွတ်ကင်လုပ်ထားရတာပါ။  အဲဒီလို ကျွန်းကုန်းဘုရားပွဲကို သွားဖို့ ကျုပ်တို့ရွာမှာဆိုရင် မိန်းမတွေက ပွဲကြည့်ရင်း လှည်းပေါ်မှာ စားဖို့ ဟင်းကောင်းကောင်းတွေကို ချက်ကြပြုတ်ကြပေါ့။ အမျိုးသားတွေကတော့ ပွဲသွားမယ့် လှည်းနဲ့နွားတွေကို အလှဆင်ပေါ့။ အဲဒီနေ့ဆို တစ်ရွာလုံးကတော့ ပွဲသွားဖို့ပဲ လုပ်ကြပါတော့တယ်။

အဲဒီလို ပြင်ကြဆင်ကြတဲ့ အထဲမှာ ကျုပ်ဘကြီး သူငယ်ချင်းတွေက တောသူဌေးသားတွေ ဆိုတော့ နွားတွေကလဲ ကောင်းမှကောင်း၊ လှည်းတွေကလဲ ကောင်းမှကောင်းပါပဲ။ ကျုပ်ဘကြီးကတော့ ဆင်းရဲသူဖြစ်တော့ နွားကောင်းကောင်း လှည်းကောင်းကောင်း မရှိရှာပါဘူး။ ဒါပေမယ့် ကျုပ်ဘကြီးမှာ စိတ်ကူးကောင်းတွေတော့ ရှိပါတယ်။

ဘုရားပွဲတစ်နေ့မှာ ကျုပ်ဘကြီးက ဘုရားပွဲသွားဖို့အတွက် နွားတွေကို လှည်းမှာတပ်ပြီး သူ့သူငယ်ချင်းတွေ မောင်းလာကြမယ့် လမ်းရဲ့ ရှေ့ကနေစောင့်နေပါတယ်။ သူ့သူငယ်ချင်းတွေကတော့ နွားကောင်းကောင်း၊ လှည်းကောင်းကောင်းတွေနဲ့ ထွက်လာပါတယ်။ သူတို့လှည်းတွေ အနားအရောက်မှာ ကျုပ်ဘကြီးက ကြိုပြီးရှေ့ကနေထွက်ပြီး လှည်းကို မောင်းပြတယ်။ သူတို့တွေ ဘယ်ဘက်ကနေ ကျော်မယ်ဆိုရင် ဘကြီးက ဘယ်ဘက်ကို နဲနဲယူပြီးမောင်းတယ်။ ညာဘက်ကနေ ကျော်တက်မယ့် အချိန်မှာလဲ ဘကြီးက ညာဘက်ကို နဲနဲယူမောင်းပြတယ်။ ဘကြီးသူငယ်ချင်းတွေရဲ့ လှည်းတွေဟာ ဇာတ်ပွဲကျင်းပမယ့် နေရာကိုသာရောက်လာကြတယ်။ ဘကြီးရဲ့ လှည်းကို ကျော်မတတ်နိုင်ကြပါဘူး။

ဘကြီးကတော့ သူ့သူငယ်ချင်းတွေကို ပြောရှာပါတယ်။ ငါလို လှည်းမကောင်း နွားမကောင်းနဲ့ မောင်းတဲ့သူကို လှည်းကောင်း နွားကောင်းနဲ့ မောင်းတဲ့ကောင်တွေက မကျော်နိုင်ဘူးတဲ့ကွာ-ဟူ။

တကယ်တော့ ကျုပ်ဘကြီးက ဘုရားပွဲသွားဖို့အတွက် အဖိုးအိမ်မှာရှိတဲ့ နွားမတမ်းတစ်ကောင်နဲ့ သူ့သူငယ်ချင်းဆီက နွားထီးတစ်ကောင်ကို ယူပြီး လှည်းမှာတပ်ပြီးမောင်းတာပါ။ နွားတို့မည်သည် ရှေ့ကနေ နွားမတစ်ကောင်ရှိနေပြီ ဆိုရင် ဘယ်လောက် ကြိမ်လုံးနဲ့ ရိုက်ရိုက် အဲဒီ နွားမကို ကျော်တက်လေ့မရှိပါဘူး။

တောက ဟာသများကို ပြောပါတယ်။

မောင်နေခြည် (လှည်းကူး)


Friday, 29 November 2013

တောက ဟာသများ အပိုင်း- ၂၇ (သို့) မီးသတ်စွမ်းရည်ပြပွဲ

ဒီတစ်ခါ တောကဟာသများမှာ မီးသတ်နဲ့ပတ်သက်ပြီး ဖြစ်လာတဲ့ ဟာသတစ်ပုဒ်ကို ပြောချင်ပါတယ်။

ရန်ကုန်တိုင်းထဲက မြို့တစ်မြို့မှာပေါ့။ ( မြို့နာမည်တော့ ထုတ်မပြောတော့ပါဘူး။ မြို့သိက္ခာကျမှာစိုးလို့ပါ။) မြို့နယ်မီးသတ်တပ်ဖွဲ့ရဲ့ မီးသတ်စွမ်းရည်ပြပွဲ ပြုလုပ်ပါတယ်။ လုပ်တာကလဲ တဲအိမ်ငယ်တစ်လုံးကို ၀ယ်ယူပြီး မီးသတ်စခန်းနဲ့ မိုင်ဝက်လောက်မှာ ရှိတဲ့ ဘောကွင်းတစ်ခုထဲမှာ အဲဒီတဲကို ဆောက်လုပ်ပါတယ်။

လူမှု့ဝန်ထမ်းဝန်ကြီးကိုလဲ ဖိတ်မံထားတော့ လူမှု့ဝန်ထမ်းဝန်ကြီးကလဲ မီးသတ်စွမ်းရည်ပြပွဲကို တက်ရောက်အားပေးပါတယ်။ မြို့နယ်တွင်းက အရံမီးသတ်တွေ၊ ဌာနဆိုင်ရာတွေကိုလဲ အများကြီးပါပဲ။  စီစဉ်ထားတာကတော့ လူမှု့ဝန်ထမ်းဝန်ကြီးလာတဲ့ အချိန်မှာ  မီးသတ်စွမ်းရည်ပြပွဲကွင်းအတွင်းမှာ ရှိတဲ့ တဲအိမ်ကို မီးတင်ရှို့မယ်၊ ပြီးတော့ မီးသတ်စခန်းကို မီးလောင်ကြောင်း သတင်းပို့မယ်၊ ပြီးတော့ မြို့နယ်မီးသတ်ကားက လောင်နေတဲ့မီးကို လာသတ်မယ်ပေါ့။ အစီအစဉ်ကတော့ တော်တော်လေးကို ကောင်းပါတယ်။

လူမှု့ဝန်ထမ်းဝန်ကြီး လာတဲ့အခါမှာ အခမ်းအနား အစီအစဉ်အရ ကွင်းအတွင်းမှာ ရှိတဲ့ တဲအိမ်ကို မီးတင်ရှို့ပါတယ်။ ပြီးတော့ မီးသတ်စခန်းကို မီးလောင်ကြောင်း သတင်းပို့ပါတယ်။ ဒီအထိတော့ အားလုံးအစဉ်ပြေပါတယ်။ ဒါပေမယ့် တဲလေးသာ မီးလောင်လို့ ကုန်သွားတယ် မီးသတ်ကားက ပေါ်မလာပါဘူး။ လူမှု့ဝန်ထမ်းဝန်ကြီးလဲ ဘာကြောင့် မီးသတ်ကားပေါ်မလာတာလဲလို့ မေးတဲ့အခါမှာ အောက်ပါအတိုင်း ဖြေကြပါတယ်။
 " မီးသတ်ကား လာတော့လာတယ်။ လမ်းမှာပဲ စက်ပျက်သွားလို့" -ဟု။

ဒါနဲပဲ လူမှု့ဝန်ထမ်းဝန်ကြီးလဲ  မြို့နယ်မီးသတ်တပ်ဖွဲကို ဆူပူကြိမ်းမောင်းပြီး ပြန်သွားပါတော့တယ်။
ဟာသလေးတွေကို ပြောပါတယ်။

မောင်နေခြည် (လှည်းကူး)


Monday, 25 November 2013

မတူတာလေးများ အပိုင်း-၂၆ (သို့) ကထိန်ခင်းခြင်း နဲ့ ကထိန်အောင်ပွဲ

ကထိန်ခေတ်တော့ ကုန်သွားပါပြီ။ ဒါပေမယ့် မနေ့က ဖေ့ဘွတ်သုံးရင်း လှည်းကူးသား ဒကာတစ်ယောက်က " အရှင်ဘုရား ကထိန်ကိုဘယ်အချိန်မှာ ခင်းရပါသလဲ တန်ဆောင်မုန်း လပြည့်ကျော်မှာ ခင်းလို့ရပါသလား ဘုရားအခု တပည့်တော်တို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ ကားလမ်းမကြီးမှာ ပဒေသာပင်တွေ သီးပြီး အလှူခံနေလို့ပါ"-ဟု မေးမြန်းလာပါတယ်။ အဲဒီဒကာမေးမြန်းတာကို ဖေ့ဘွတ်ကနေ သူနားလည်နိုင်သလောက်ကို ခပ်တိုတိုပဲ ရှင်းပြလိုက်ပါတယ်။ အခုကတော့ အားလုံးသိရအောင် အကျယ်ရှင်းပြလိုပါတယ်။

ကထိန်ဘယ်ကစသလဲဆိုရင် မြတ်စွာဘုရားလက်ထက်က စတာပါပဲ။ ကထိန်ဆိုတာ ကထိနဆိုတဲ့ ပါဠိစကားကို မြန်မာမှုပြုပြီး အလွယ်အသုံးထားတဲ့ ပါဠိပျက်စကားလုံးပါ။ ခိုင်မြဲခြင်း၊ မြဲမြံခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဘယ်လိုခိုင်မြဲတာလဲဆိုတော့ ပထမ၀ါဆိုဝါကပ်(၀ါဆိုလပြည့်ကျော် (၁)ရက်နေ့ကစပြီး သီတင်းကျွတ်လပြည့်နေ့ အထိ (၃)လတာ) ပြုတော်မူပြီးကြတဲ့ ရဟန်းတော်များအား သင်္ကန်းလှူဒါန်းပြီး အဲဒီသင်္ကန်း ရရှိတဲ့ ရဟန်းတော်များဟာ  ၀ိနည်းတော်များထဲက သိက္ခာပုဒ်အချို့ကို ကာလအပိုင်းအခြား တစ်ခုအနေနဲ့ ကင်းလွှတ်ခွင့်ဆိုတဲ့ အကျိုးအာနိသင်ကို သေချာပေါက် ခိုင်ခိုင်မြဲမြဲ ရစေနိုင်တဲ့ အတွက် ကထိန- ကထိန်လို့ ဆိုတာ ဖြစ်ပါတယ်။ ဒီကထိန်ခင်းတာဟာ အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တဲ့ အလှူဖြစ်တဲ့အတွက် ဒီသင်္ကန်းကိုလည်း ကထိန်သင်္ကန်း၊ ဒီအလှူကိုလည်း ကထိန်အလှူလို့ ဆိုခြင်းဖြစ်ပါတယ်။

ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတွေရဲ့ ချီးမွမ်းမှုကို ခံယူထိုက်တဲ့အတွက် ဒီအလှူကို ကထိန်လို့ ဆိုကြောင်း အဋ္ဌကထာဆရာတော်များက ဖွင့်ဆိုကြပါသေးတယ်။ သူတို့ရဲ့ အကြောင်းပြချက်ကတော့

၁။ သံဃာကို ရည်မှန်းပြီး လှူဒါန်းတဲ့ သံဃိကအလှူ ဖြစ်ရခြင်း
၂။ အချိန်ကာလ သတ်မှတ်ချက် အတွင်းမှာသာ လှူဒါန်းရတဲ့ ကာလဒါန အလှူဖြစ်ခြင်း
၃။ တစ်ခြားပစ္စည်းဝတ္ထုများ မဟုတ်ဘဲ အရဟတ္တဓဇ ခေါ် ရဟန္တာတို့ရဲ့ အလံတံခွန်သဖွယ် ဖြစ်တဲ့ အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်ခြင်း
၎။ ဒီအလှူကို အကြောင်းပြုပြီး ရဟန်းတော်များအား ၀ိနည်းသိက္ခာပုဒ် အချို့ကို အချိန်ကာလ တစ်ခုအရ ကင်းလွတ်စေနိုင်တဲ့ အတွက် ၀ိနည်းအလှူ သို့မဟုတ် တရားအလှူခေါ် ဓမ္မဒါန အလှူဖြစ်ခြင်း-တို့ပါပဲ။

ကထိန်ကို ဘယ်အချိန်မှာ လုပ်ရသလဲဆိုရင်တော့ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းမှာ လုပ်ရတာပါ။

တကယ်တော့ ကထိန်ခင်းတာဟာ လူတွေက ခင်းရတာမဟုတ်ပါဘူး။ ကထိန်ခင်းတာ ရဟန်းတော်များရဲ့ ကိစ္စသက်သက် ဖြစ်ပါတယ်။ လူတွေကတော့ ကထိန်သင်္ကန်း အလှူရှင်အဖြစ်ပဲ ခံယူနိုင်တာ ဖြစ်ပါတယ်။
ခင်းတယ်ဆိုတာ သင်္ကန်းကို အောက်မှာချခင်းတာ မဟုတ်ပါဘူး။ လက်ရှိအလှူခံ ရရှိလာတဲ့ ကထိန်သင်္ကန်းကို ၀ိနည်းကြောင်းအရ လိုက်နာပြုကျင့်တာကို ပြောတာဖြစ်ပါတယ်။ ပြီးတော့ ကထိန်းသင်္ကန်းဟာ ဒီနေ့အလှူခံပြီး ဒီနေ့ပဲ အပြီးကံဆောင်ကာ ခင်းရတာဖြစ်ပါတယ်။ ဒီနေ့အလှူခံပြီး နောက်နေ့တွေမှ ခင်းရင် ကထိန်ခင်းရာ မမြောက်ပါဘူး။ မသိုးသင်္ကန်းမှ ကထိန်ခင်းလို့ရပါတယ်။ မသိုးသင်္ကန်းဆိုတာ ညလွန်သွားတဲ့ သင်္ကန်းမျိုး မဟုတ်တာကို ပြောတာ ဖြစ်ပါတယ်။ သင်္ကန်းကလွဲပြီး တစ်ခြားပစ္စည်းများနဲ့လည်း ကထိန်ခင်းလို့ မရပါဘူး။ ဒီလိုဆိုတော့ တခြားပပေဒသာပင် သီးပြီးလှူတဲ့ အလှူပစ္စည်းများဟာ အခြံအရံ လှူဖွယ်ပစ္စည်းများပဲ ဖြစ်ပါတယ်။


ဒီကထိန်သင်္ကန်းကြောင့် ရဟန်းတော်များဟာ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကစပြီး တပေါင်းလပြည့်နေ့အထိ (၅)လအတွင်းမှာ အောက်ပါ အကျိုးတရား ငါးပါးကို ရရှိနိုင်ပါတယ်။

၁။ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဒါယကာ အိမ်သို့သွားနိုင်ခြင်း
၂။ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း
၃။ ထမင်းစားလာပါ၊ မုန့်စားကြွပါ စတဲ့ လူ့အခေါ်အပြောနဲ့ ပင့်ဖိတ်တဲ့ ဂဏဘောဇဉ်ကို စားနိုင်ခြင်း
၎။ အလိုရှိတိုင်း အဓိဋ္ဌာန် ၀ိကပ္ပနာမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း
၅။ ကထိန်ခင်းတဲ့ကျောင်းမှာ သံဃိက သင်္ကန်းဖြစ်ပေါ်လာတဲ့အခါ ကထိန်အာနိသင်ရတဲ့ ရဟန်းအားလုံး ရယူနိုင်ခြင်း- ပါပဲ။

လူပုဂ္ဂိုလ်များအတွက်ကတော့ကထိန်သင်္ကန်း လှူဒါန်းခြင်းကို အကြောင်းပြုပြီး ရဟန်းတော်များ ကထိန်အာနိသင် အကျိုးတရား ငါးမျိုးကို ရစေနိုင်သလို ကထိန်သင်္ကန်း လှူဒါန်းတဲ့ အလှူရှင်များမှာလည်း ထိုအကျိုးနဲ့ ထပ်တူစွာ လွတ်လပ်တဲ့ဘ၀မျိုးမှာ ဖြစ်ရခြင်း၊ ထောင်တန်းအချုပ်အနှောင်မှ ကင်းလွတ်ခြင်း၊ စားဖွယ်သောက်ဖွယ် ပေါများကာ အလိုရှိသလို စားသုံးနိုင်ခြင်း၊ မိမိကိုယ်ကို သူတပါးတို့ မလွမ်းမိုးနိုင်ခြင်း၊ မိမိကသာ နေရာတကာ အစိုးရခြင်း စသော အကျိုးတရားများကိုလည်း ရရှိစေနိုင်ပါတယ်။ ပြီးတော့ အောက်ပါ အကျိုးကျေးဇူးတွေကိုလဲ ရနိုင်ပါသေးတယ်။ အဲဒါတွေကတော့

၁။ သင်္ကန်းအလှူ လှူဒါန်းခွင့်ရခြင်း (စီဝရဒါန)
၂။ သံဃိကအလှူ လှူခွင့်ရခြင်း (သံဃိကဒါန)
၃။ ကာလဒါန အလှူလှူခွင့်ရခြင်း (ကာလဒါန)
၎။ ဓမ္မဒါနအလှူ လှူခွင့်ရခြင်း (ဓမ္မဒါန)စတဲ့ အကျိုးတရားများပါပဲ။

ကထိန်ကို ဘယ်အချိန်မှာ လုပ်ရသလဲဆိုရင်တော့ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းမှာ လုပ်ရတာပါ။  တန်ဆောင်မုန်းလပြည့်ကျော်မှ ကထိန်ခင်းလို့ မရပါဘူး။ အဲဒီလိုကျော်သွားမှ ခင်းရင်တော့ ကထိန်မမည်တော့ပါဘူး။

အပေါ်က ဒကာပြောတဲ့ တန်ဆောင်မုန်းလပြည့်ကျော်သွားသော်လဲ ပဒေသာပင်တွေသီးပြီး အလှူခံနေတာကတော့ ဒီလိုရှိပါတယ်။ တစ်ချို့ အလှူ့ဒကာတွေက သတ်မှတ်ထားတဲ့ ရက်မှာ ကထိန်သင်္ကန်းလှူပြီး အဲဒီရက်မှာပဲ ကထိန်အောင်ပွဲ လုပ်ကြပါတယ်။ ဒါကတော့ လုပ်ရိုးလုပ်စဉ်ပေါ့။

တစ်ချို့ဒကာကတော့
သတ်မှတ်ထားတဲ့ ရက်မှာ ကထိန်သင်္ကန်းလှူပါတယ်။ ဒါပေမယ့် ကထိန်အောင်ပွဲအခမ်းအနားကို မိမိတို့ကြိုက်နှစ်သက်တဲ့ အချိန်မှာ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နဲ့ လုပ်ကြပါတယ်။ 

ဒါ့ကြောင့် ကထိန်ခင်းတာနဲ့ ကထိန်အောင်ပွဲလုပ်တာ မတူတာပါပဲ။ ကထိန်ခင်းတာက
သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းမှာ လုပ်ရတာပါ။ ဒါပေမယ့် ကထိန်အောင်ပွဲကတော့ ကြိုက်တဲ့ရက်မှာ လုပ်နိုင်ပါတယ်။ ကထိန်ခင်းရာမှာ သင်္ကန်းကိုသာ ခင်းရတာဖြစ်လို့ သင်္ကန်းမှလွဲပြီး ကျန်တဲ့ ပဒေသာပင်မှာ သီးထားတဲ့ လှူဘွယ်ပစ္စည်းတွေနဲ့ ကထိန်ခင်းလို့ မရပါကြောင်း။

မတူတာလေးတွေကို ပြောပါတယ်။

အရှင်အဂ္ဂဥာဏ (မောင်နေခြည်-လှည်းကူး)