Showing posts with label အတွေးအမြင်မှတ်စု. Show all posts
Showing posts with label အတွေးအမြင်မှတ်စု. Show all posts

Wednesday, 14 May 2014

ကောက်ခါငင်ကာ

ဒီနေ့ ကျောင်းသွားတက်တာ ရထားပေါ်ရောက်မှ ဒီနေ့ဟာ ကဆုန်လပြည့်နေ့ဆိုတာ အမှတ်ရတယ်။ (သြစီမှာက တနင်္ဂနွေနေ့ကတည်းက ညောင်ရေသွန်းပွဲ ပြီးသွားပြီလေ။) ဒါနဲပဲ ငါဒီနေ့ ကဆုန်လပြည့်နေ့ အမှတ်တရအလှူတစ်ခု လှူချင်လိုက်တာဟု စိတ်ကူးဖြစ်မိပါတယ်။

လွယ်အိပ်ထဲလဲ ပိုက်ဆံနဲ့ တူတာဆိုလို့ သြစီဒေါ်လာ ၁၀-တန် တစ်ရွက်ပဲ ပါတယ်။ ဒီမှာက ဗီဇာကဒ်တွေ၊ မာစတာကဒ်တွေနဲ့ သုံးကြတော့ ငွေအပိုမထားတာလဲ ပါပါတယ်။ ကျောင်းရှိတဲ့ ဘူတာမှာတော့ တစ်ခါတစ်ရံ တောင်းနေတဲ့သူတစ်ယောက်လောက်တော့ တွေ့တတ်ပါတယ်။ ဒီနေ့များ တွေ့ရင်တော့ သူ့ကို လှူမယ်ပေါ့။ ဒါပေမယ့် မိမိက လှူချင်ပါတယ်ဆိုမှ ဒီနေ့ကျမှ အလှူ ခံက ရှာမတွေ့ဘူး ဖြစ်နေတယ်။ ဒါနဲ့ပဲ ကျောင်းကိုပဲ သွားတက်နေခဲ့ပါတယ်။

ကျောင်းက ပြန်လာတော့ အမှတ်မထင်ပဲ ပိုက်ဆံတောင်းတဲ့သူ (အလှူ ခံ)ကို တွေ့ရပါတယ်။ ဒါတောင် သူက ချောင်ထဲမှာဆိုတော့ မတွေ့မိဘူးလေ။ နဲနဲ ဝေ့ကြည့်လိုက်မှ သူ့ကို တွေရတယ်။ အလှူ ခံက ၀ှီးချဲပေါ်မှာ ထိုင်နေတယ်လေ။ ပြီးတော့ သူ့ကိုယ်မှာလဲ အနာတွေ ပေါက်နေတာ အများကြီးပဲ။ ကျုပ်လဲ သူ့ကို မြင်ပြီး အရမ်းဝမ်းသာသွားတယ်။ အလှူပေးရတော့မှာမို့လေ။

ဒါနဲ့ပဲ ကျုပ်လဲ လွယ်အိပ်ထဲက သြစတေးလျဒေါ်လာ ၁၀-တန်လေးကို ထုတ်ပြီး လက်နှစ်ဖက်နဲ့ ရိုရိုသေသေပဲ လှူဒါန်းနိုင်ခဲ့ပါတယ်။ အလှူ ခံကလဲ ဒေါ်လာ ၁၀ကို ရလို့ အရမ်းဝမ်းသာသွားပါတယ်။ အများကြီး ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားကို ထပ်ခါ ထပ်ခါ ပြောနေလေရဲ့။ ပြောမှာပေါ့လေ။ သူ့ခမျာ ပုံမှန်ဆိုရင် ဆယ်ပြားစေ့၊ ပြား ၂၀ စေ့လောက်ပဲ ပစ်ချပေးတဲ့ သူရှိတာလေ။ ဒီနေ့တော့ ၁၀ ဒေါ်လာကို ရသွားတာဆိုတော့ ၀မ်းသာသွားတာပေါ့ဗျာ။

ဒါလေးကတော့ အမှတ်မထင် ကောက်ခါငင်ကာ လှူဖြစ်တဲ့ အလှူလေးပေါ့။
လှူနိုင်ကြပါစေဗျာ။

အရှင်အဂ္ဂဥာဏ
မောင်နေခြည် (လှည်းကူး)
ဆစ္ဒနီ၊ ၾသစေတးလ်၊
၁၃-၅-၁၄ (ကဆုန်လပြည့်နေ့)

Sunday, 11 May 2014

အမြင်မတော် ဆင်တော်နှင့်ခလောက်

အလုပ်လက်မဲ့ဘွဲ့ရ ပြဿနာ ဖြေရှင်းလိုသည်မှာ အမှန်ဖြစ်လျှင် အလုပ်ရှိပြီးသား၊ ဗိုလ်ကြီး၊ ဗိုလ်မှူးတွေ ကို နေရာပြောင်း ပြီး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ ခန့်အပ်ရန်မလိုပါ . . . သည်တော့ Ph.D ဆိုတဲ့ ဘွဲ့ရသော ခြင်္သေ့ များ မြက်မစားကြပါနဲ့ မြက်စားတဲ့ ခြင်္သေ့လည်းရှိမှာပါ အဲဒီခြင်္သေ့ကတော့ . . . .

ဖောင်းပွပစ္စည်း

မြန်မာနိုင်ငံရဲ့ အဆင့်ဆင့်သော အစိုးရ၏၀န်ကြီးများ၊ အစိုးရများ၏ ၂၀၁၄ ခုနှစ်အတွင်း ပြောဆိုခြင်း၊ လုပ် ဆောင်ခြင်းများသည် အံ့သြဖွယ်ရာတွေ တွေ့ရပါသည်။ ၀န်ကြီးအချို့က အစည်းအဝေး ခေါ်ဆဲလိုဆဲ၊ စစ်တပ် ထဲမှာ နေတုန်းက ရတဲ့ဒဏ်ရာ လှန်ပြလိုပြ၊ ပုဆိုးလှန်ပြလိုပြ လုပ်နေကြတာ အတော်အံ့သြဖို့ ကောင်းပါ တယ်။ ယခုလည်း ပါရဂူဘွဲ့ (Ph.D) များ ကိုပါ နေ့စား၊ လပေးနှင့်ခန့်မည့် မူလတန်း ပြဆရာ ခေါ်ပြန်ပါပြီ။

 လွန်ခဲ့သော နှစ်ပေါင်း (၇၀)က မူလတန်းပြဆရာတွေကို သတ္တမတန်းအောင်က ခန့်အပ်ခဲ့ပါသည်။ လစာ က ၁၂၆ ကျပ် ၇၅ ပြားပေးပါသည်။ ထို မူလတန်းပြဆရာများက သင်ပေးခဲ့သော တပည့်များမှာ ယခုအခါ အသက်(၇၀)နှင့် (၇၀) ကျော်များဖြစ်နေပါပြီ။ ထို့နောက် မျိုးဆက်ကျောင်းသားများကို H.S.F ခေါ် အထက်တန်းကျောင်းထွက် လက်မှတ်ရ စာမေးပွဲအောင်သူများကို ခန့်ထား၍ သင်ပြစေခဲ့ပါသည်။ ယနေ့ထိ မျိုးဆက်ကျောင်း သားများကို ဘွဲ့တစ်ခုခုရသည့် သူများကို ခန့်ထား၍ သင်စေခဲ့ပါသည်။ လစာကလည်း တစ်သိန်းဝန်းကျင်ပေးပါသည်။ ဤ သည်တို့ကိုကြည့်လျှင် ခန့်ထားသည့်ဆရာ များ၏ ပညာအဆင့်၊ ပေးသောလစာ၏ အနည်းအများတို့ကို တွေ့ရပါသည်။

သာမန်ကြည့်လျှင် နှစ်ရပ်စလုံးမြင့်လာသည်ဟု ပြောနိုင်ပါသည်။ သို့သော် ယခင်က ၁၂၆ ကျပ် ၇၅ ပြားရသော လစာဖြင့် ဆရာ တစ်ဦး၏ မိသားစု ၃/၄ ယောက် စားနိုင် သောက်နိုင်ပါသည်။ ရွှေစ တစ်မတ် သား ခန့် ၀ယ်နိုင်ပါသေးသည်။ … ယခု ရွှေဈေး (၇)သိန်းဝန်းကျင်ဆို၍ မိသားစု ၃/၄ ယောက်စားပြီး ရွှေစတစ်မတ် သားမည်သို့ ၀ယ်နိုင်ပါမည်နည်း။ သည်အခါ လစာ အဆင့်မြင့်လာသည်ဟု ဆိုနိုင်ပါမည်လော။ ပညာရေးတွင် လည်း ကြည့်ပါက ဘွဲ့ရတစ်ဦးသည် မြန်မာစာနှင့် အင်္ဂလိပ်စာ ၀ါကျတစ်ကြောင်း ဟန်ကျပန်ကျမရေး တတ်ကြ ပါ။

သို့သော် မြန်မာစာမှလွဲ၍ အခြားဘာသာများကို အထက်တန်းအဆင့်တွင် အင်္ဂလိပ်စာဖြင့် သင်ကြားနေပါ သည်။ ထိုအခါ ကြက်တူရွေး စကားသင်သလို အင်္ဂလိပ်စာ၏ အဓိပ္ပာယ် မသိပါဘဲ အလွတ်ကျက်၍ မေးခွန်းကို ဖြေကြပါသည်။ မေးခွန်းကိုလည်း ဆရာများက ကြိုပေး၍ထားပါသည်။ သို့မှသာ ဖြေနိုင်မည်။ ဘာသာ ရပ်က များသည်။ အင်္ဂလိပ်စာဖြင့် သင်သည်။ အကျများလျှင်လည်း ဌာနကအရေး ယူခံရမည်။ ထိုအခါ အရည်အချင်း မမီသော ဘွဲ့ရများ၊ ပေါများလာသည်။ ဖောင်းပွလာသည်။ မြန်မာပြည်တွင် ငွေ ကြေးဖောင်းပွသည်။ ဘွဲ့ရ ဖောင်းပွသည်။ ပူးပေါင်းကော်မတီများ၊ ကော်မရှင်များ၊ ပါတီများမှာ ဖောင်းပွ၍ မဆုံးပါ။ ပိန်သွား တာက သယံ ဇာတမျိုးစုံဖြစ်သည်။ တောင်တန်းတွေ ပိန်၍ ချိုင့်ဝင်သွားသည်။ ရေလျှံနေသောမြစ်တွေ ပိန်သွားပြီး ရေစီး ချောင်း သာသာသာရှိတော့သည်။

မတူလျှင်မတုနဲ့

ယခုမူလတန်းပြဆရာခန့်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများက ပါရဂူ ဘွဲ့ရများကိုပင် ခန့်ထားရန် လျှောက်လွှာ ခေါ်ယူလိုက်ခြင်းသည် စဉ်းစားစရာတွေ၊ မေးခွန်းထုတ်စရာတွေ ပေါ်လာပါသည်။
(၁) ပါရဂူ ဘွဲ့ရများကို နေ့စားလပေးဖြင့် တစ်သိန်းဝန်းကျင်ရမည့်ဝင်ငွေတွင် ခန့် အပ်ရန် ခေါ်ယူလိုက်ခြင်းသည်။ ပညာရေး ကို အထူးသဖြင့် မူလတန်း ပညာရေးကို မြှင့်တင်လို၍လား (သို့မဟုတ်) ပါရဂူဘွဲ့ရ တွေကိုနှိမ် လို၍လား။ ခြင်္သေ့ဆီကို ရွှေခွက် ဖြင့်မထည့်ဘဲ ရွှံ့ခွက်ဖြင့် ထည့်လိုက်တာလား။

 (၂) ပါရဂူဘွဲ့အပါအ၀င် ဘွဲ့ရမျိုးစုံ တွေ အလုပ်လက်မဲ့ဖြစ်နေ၍ အလုပ်ဖန်တီး ပေးလိုက်တာလား။

(၃)အလုပ်ခန့်ထားရန် လျှောက်လွှာ ခေါ်သည့် တိုင်း/ပြည်နယ် ဒေသကြီးမှ ၀န်ကြီးများက ဘူးတောင်းနစ်၍ စောင်းခြမ်းပေါ်အဖြစ်ကို လှစ်ပြလိုက် တာလား။

(၄) ဂျပန်နိုင်ငံကို အတုယူပြီး ပါရဂူဘွဲ့ရတွေကို မူလတန်းကို သင်ခိုင်းတာလား။


ဂျပန်နိုင်ငံက ပါရဂူ ဘွဲ့ရသူများ သည် ကလေးသူငယ်တို့၏ စိတ်ခံစားချက် နှင့် စိတ်ပိုင်းဆိုင်ရာ သုတေသနပြုလုပ်ထား သည့် ပါရဂူ ဘွဲ့ရများကို ခန့်ထားခြင်းဟု သိရသည်။ ၎င်းတို့ကို တက္ကသိုလ်ပညာရေး တွင် တာဝန် ထမ်းဆောင် နေသည့် ဆရာ၊ ဆရာများ၏လစာထက်မြင့်မားသည့် ခံစား ခွင့်များ၊ နေအိမ်များ ပေးအပ်ချီးမြှင့်ထား သည်ဟု သိရသည်။ မြန်မာနိုင်ငံက လပေး နေ့စားတစ်သိန်းဝန်းကျင်ဖြင့် လက်ရှိခန့် ထားသည်ကိုသိရသည်။

သည်တော့ ““မတူ လျှင် မတုနဲ့””လို့ ပြောချင်ပါတယ်။ သတိ ပြုရမှာက တိုင်းပြည်ကို စေတနာနဲ့အုပ် ချုပ်ဖို့ပါပဲ။ ကိုယ့်သား သမီးရဲ့တစ်နေ့အသုံး စရိတ်တောင် မရှိတဲ့လစာနဲ့ ကိုယ်ကိုယ်တိုင် ပါရဂူဘွဲ့မရဘဲနဲ့ ကိုယ်ချင်းမစာပါဘဲ မလုပ် မပြောသင့်ပါဘူး။ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာလည်း မကျပါစေနဲ့။ ကိုယ် ကိုယ်တိုင်ကတော့ “အာဏာ”ကို မရမနေ ရအောင်ယူတတ်တဲ့ ပညာသာတတ်ပြီး တိုင်းပြည်အတွက် တိုးတက်အောင်အသုံး ချပညာရပ်တွေ မတတ်ဘဲ သစ်ဆိုလည်း တောလုံးကုန်အောင် ရောင်း၊ ဓာတ်သတ္တုဆိုလည်း တောင်လုံးပျောက်အောင် ရောင်းတတ်တဲ့ ပညာလောက်နဲ့ မစဉ်းစားသင့်ပါ။ အကောင်းဆုံးက ရရှိနေတဲ့ အဆင့်က ထွက်ပြီး အေးအေးပဲ ထိုင်စား နေသင့် ပါပြီ။ ကိုယ်စီမံခန့်ခွဲတဲ့ နေရာရဲ့ တန်ဖိုးကိုလည်းကြည့်သင့်ပါသည်။ နေရာနှင့် တန်အောင်ပြောပါ။ တန်အောင် လုပ်ပါ။ တန်တဲ့အတွေးအခေါ်ကို သုံးပါလို့ အကြံ ပြုပါတယ်။

ခြင်္သေ့ဆိုတာ မြက်မစားဘူး

ခြသေ့င်္တို့မည်သည် မြက်ကိုမစားဘူး။ ဒါပေမဲ့ ကြွက်ကို စားချင်စားမည်။ ကြွက်ကသေးပေမယ့် အသားရှိ သတ္တ၀ါမို့ပဲ။ နွားသည် ကြွက်ကိုမစားဘူး၊ မြက်ကို စားသည်။ သည်လိုပါပဲ။ သူ့သဘာဝနှင့် သူ ရှိကြရမှာပါ။ ယခု ကိစ္စက ခြင်္သေ့ကို မြက်စားခိုင်းသည်နှင့် တူပါသည်။ ယခုကိစ္စမှာ ဆရာဝန်စာရေးဆရာတစ်ဦးက ထောက်ခံ သည့်သဘောရေးထားသည်ကို Hot News မှာဖတ်ရပါတယ်။ သူအလုပ်လက်မဲ့ ဘ၀ ၁၉၉၅ ခုနှစ်က ကုမ္ပဏီ တစ်ခုက ယာဉ်မောင်းခေါ်သည့် အခါ သွားလျှောက်ပါ သည်။ Over Qualification (ခေါ်တဲ့ ခန့် မယ့်အလုပ်နဲ့ အရည်အချင်းလွန်) ဆိုပြီး မခန့်ပါဟုပြောပါသည်။

L.L.M ဘွဲ့ရမိန်းကလေး တစ်ယောက်က ကုမ္ပဏီကြီး တစ်ခု မှာ အောက်တန်းစာရေး လျှောက်ရာ မဟာဥပဒေဘွဲ့ရမို့ ပယ်ဖို့စိတ်ကူးရှိကြောင်း၊ ဒါပေမဲ့ မိန်းကလေးက အလုပ်ရှာနေသည်မှာ ကြာပြီဖြစ်ကြောင်း၊ ၀င်ငွေမရှိကြောင်း၊ အလုပ်ကြီးကြပ်သူ (ဆယ်တန်းမအောင် သေးသူ) ကို ရိုရိုသေသေ ဆက်ဆံပါမည့် အကြောင်း၊ အစမ်းခန့်ကြည့်ဖို့ ပြော၍ ခန့်လိုက်ကြောင်း ဖော်ပြထားပါသည်။ နောက်တော့ လက်ထောက်မန်နေဂျာဖြစ်သွား သည်ဟုဆိုပါသည်။ သည်တော့ မူလတန်း ပြဆရာအလုပ်ကို Ph.D တွေ လုပ်ကြဟုဆိုခြင်းပါ။ ဒါက ပုဂ်္ဂိုလ်ရေး ဆန္ဒနဲ့ဆုံးဖြတ် ချက်ကို ဆိုချင်ကြောင်းလို့ ထင်ပါသည်။

 နိုင်ငံတော် အဆင့်က ကြည့်လျှင် နိုင်ငံ တကာအလယ်မှာ နိုင်ငံရဲ့ဂုဏ်သိက္ခာကို ကြည့်ပြီး အလုပ်ခေါ်သည့် ပုဂ်္ဂိုလ်များက ကြည့်သင့်ပါသည်။ ယခု Ph.D ဘွဲ့ရတွေ ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် မှာ လက်ထောက် ညွှန်ကြားရေးမှူးတို့၊ ညွှန်ကြားရေးမှူးတို့လို နေရာတွေမှာ ခန့်ဖို့ခေါ်ပါက နိုင်ငံ့ဂုဏ် မဆောင်ပေ ဘူးလား။ စစ်သားတွေကို ဘာလို့ ခန့်ရသလဲ။ ဒီလို ခန့်တာဟာ နိုင်ငံရေးအမြင်နဲ့ ခန့်တာ၊ စစ်သားဆိုတာ အထက်အမိန့်ကို နာခံရာမှာ ခြောက်ပေတွင်းထဲ မရောက်မချင်းပါဘဲ။

 တက္ကသိုလ်က Ph.D ဘွဲ့ရကျောင်းသား က အမိန့်ပေးရင် ဦးနှောက်နဲ့စဉ်းစားပြီးမှ ဆုံးဖြတ်မှာဖြစ်လို့ ကျားကိုက်ကိုက် ခြင်္သေ့စားစား ဆုံးဖြတ်မည် မဟုတ်ပါ။ အလုပ် လက်မဲ့ဘွဲ့ရပြဿနာ ဖြေရှင်းလိုသည်မှာ အမှန်ဖြစ်လျှင် အလုပ်ရှိပြီးသား၊ ဗိုလ်ကြီး၊ ဗိုလ်မှူး တွေကိုနေရာ ပြောင်းပြီး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ ခန့်အပ်ရန် မလိုပါ။

သည်တော့ Ph.D ဆိုတဲ့ ဘွဲ့ရသော ခြင်္သေ့များ မြက်မစားကြပါနဲ့။ မြက်စားတဲ့ ခြင်္သေ့လည်းရှိမှာပါ။ အဲဒီခြင်္သေ့ ကတော့ . . . . ။

(မြိုင်- တင်လှိုင်)

Ref: Myanmartandawsint Newspaper

Friday, 9 May 2014

ပိုက်ဆံများရှိလို့ကတော့ဗျာ

ညတုံးက channel 9 ရဲ့ Top Gear အစီအစဉ်မှာ Burma Special ဆိုတဲ့ ခရီးသွားဒေါ့ကုမန်ထရီ တစ်ခုကို ပြသပါတယ်။ အဓိကကတော့ ကုန်တင်ထရပ်ကားဟောင်းကြီး သုံးစီးကို ၀ယ်ယူပြီး ရန်ကုန်မှ စတင်ပြီး မြန်မာ-ထိုင်းနယ်စပ်က ဂွေ့ဖြစ်ကူးတံတားကနေ ဖြတ်ကူးပြီး ထိုင်းနိုင်ငံထဲကို အရောက်မောင်းမှာကို ခရီးသွားရှု့ခင်းတွေနဲ့ တင်ပြရိုက်ကူးထားတာပါ။

ရန်ကုန်ပြည်သူ့ဥယျာဉ်ထဲမှာ ဘရိတ်၊ လီဘာ နှင့် စက်ကလွဲလို့ ဘာမှ အလုပ်မလုပ်တဲ့ ကုန်တင်ထရပ်ကားဟောင်းကြီး သုံးစီးထိုးစိုက်ပြီးတော့ အစီအစဉ်ကို စတင်ပါတယ်။ မောင်းတဲ့သူတွေက အဖြူ ကောင်တွေ သုံးယောက်ပါ။ မောင်းလိုက်ကြတာ ရန်ကုန်မြို့ရဲ့ ခပ်ကျဉ်းကျဉ်း လမ်းမတွေထဲကိုမောင်းတာ အပေါ်ငြိ၊ ဘေးငြိပေါ့။

နိုင်ငံတကာမှာ ကားလမ်းအများစုဟာ ဘယ်မောင်းဖြစ်ပေမယ့် မြန်မာပြည်ရဲ့ အာဏာရှင် ဦးနေ၀င်းက လက်ဝဲ၀ါဒီသမားတွေများလို့ လမ်းတောင် ညာမောင်းကို ပြောင်းလိုက်တဲ့အကြောင်း၊ အဲဒီအကျိုးဆက်ကြောင့် လိုင်းကားတွေမှာ ခရီးသည်တွေ အတက်/အဆင်းလုပ်ရာမှာလည်း တော်တော် အဆင်မပြေဖြစ်ကြောင်း ပြောပါသေးတယ်။

ကြည့်ရတာက တော်တော်စိတ်ဝင်စားကောင်းသလို ဗဟုသုတတွေလည်း အများကြီးရပါတယ်။
အမှန်က ရန်ကုန်ကနေ နေပြည်တော်ကို တဆင့်မောင်းမှာပါ။ ဒါပေမယ့် မြေပုံအကြည့်မှားပြီး ထောက်ကြံ့မှာ ပြည်လမ်းဘက်ကို တက်သွားပြီး ပြည်မြို့ကတဆင့် နေပြည်တော်ကို လမ်းကြို လမ်းကြား၊ ချောင်တွေထဲကနေ ဖြတ်မောင်းပြီး မြန်မာ့နိုင်ငံရဲ့ အလှအပတွေကို ဟာသနှောပြီး ရိုက်ပြထားပါတယ်။

ပြီးတော့လဲ မေးခွန်းတစ်ခုမေးလိုက်သေးတယ်။။ မြန်မာပြည်မှာ မြို့တွင်းရွာတွင်းက လမ်းတွေက ဆိုးဝါးလှပြီး မြို့ပြင် ရွာပြင်က လမ်းတွေက ဘာကြောင့် ကောင်းတာလဲတဲ့လေ။
နေပြည်တော်ရောက်တော့ တည်းခိုဖို့ ဟိုတယ်တစ်လုံးကို သွားပြီး တည်းခိုဖို့လုပ်ရာ အခန်းလွတ်တွေ ရှိပါလျက်နဲ့ မရှိကြောင်းပြောလိုက်တဲ့ ပြကွက်လဲ ပါလေရဲ့။ ကင်မရာမင်းက အဲဒီဟိုတယ်မှာ အခန်းလွတ်တွေ အများကြီးရှိနေပုံကို ရိုက်ပြပုံလဲပါပါတယ်။
နေပြည်တော်မှာ အဲဒီကားကြီးသုံးစီးကို အကျအနချယ်သပြီး မန္တလေး၊ ထိုမှတဆင့် အင်းလေး၊ မွေတော် ကက္ကူ ဘုရားတွေလဲ အစုံဖူးရပါသေးတယ်။ အဲဒီမွေတော်ကက္ကူ မှာ ဘောလုံးပွဲတစ်ခုမှာ ဦးဇင်းတစ်ပါး ဒိုင်လုပ်နေပုံတောင်ပါသေးတယ်။

ဒီခရီးသွားဒေါ့ကုမန်ထရီမှာ ထူးခြားတာတစ်ခုကတော့ နေပြည်တော်ရဲ့ လမ်း (၂၀)သွား အမြန်လမ်းမပေါ်မှာ ဘောလုံးကစားပြပါသေးတယ်။ ပြီးတော့ ထပ်ပြီး ထူးခြားတာကတော့ အဲဒီနပြည်တော်ရဲ့ လမ်း (၂၀)သွား အမြန်လမ်းမပေါ်မှာ ကားကြီးကြီးသုံးစီး ပြိုင်မောင်းတဲ့ ကားပြိုင်ပွဲ ကျင်းပပါတယ်။ တာလွှတ်ဒိုင်ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တစ်ဦးပါ။ သူက အလံကိုင်ပြီး တစ်- နှစ်-သုံး- လို့တောင်အော်သေးတယ်။ ထူးထူးခြားခြားပါပဲ။

အခုပြောပြတာတွေက ပထမပိုင်းပဲ ရှိပါသေးတယ်။ ဒုတိယပိုင်းကတော့ နောက်တစ်ပတ်မှ လာမှာပါ။ ဒီခရီးသွားဒေါ့ကုမန်ထရီကို ကြည့်ပြီး မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှု့တွေ၊ဗုဒ္ဓဘာသာကြောင့် ရိုင်းပင်းကူညီတတ်ပုံတွေကို အနောက်နိုင်ငံသားတွေ မျက်ဝါးထင်ထင်တွေ့ရှိခံစားရစေပါတယ်။

နောက်တစ်ခုလဲရှိပါသေးတယ်။ ပိုက်ဆံရှိရင် မြန်မာပြည်မှာ ဘာမဆို လုပ်လို့ရတယ်ဆိုတာပါပဲ။
နောက်တစ်ပိုင်းကြည့်ပြီးမှ ဆက်ပြီးတော့ မျှဝေပေးမယ်။

ပိုက်ဆံများရှိလို့ကတော့ဗျာ

အရှင်အဂ္ဂဥာဏ (လှည်းကူးမြေ-မောင်နေခြည်)
ဆစ္ဒနီ၊ ၾသစေတးလ်
၉-၅-၂၀၁၄

Tuesday, 15 April 2014

လွမ်းလိုက်ပါဘိ တို့တောက သင်္ကြန်

သင်္ကြန်တွင်းဆိုရင် ကာလသား၊ ကာလသမီးတွေက ဦးဆောင်ပြီး ကျုပ်တို့ရွာထိပ်မှာ မဏ္ဍပ်ထိုးပြီး စတုဒိသာ ကျွေးမွေးလှူဒါန်းကြပါတယ်။ သာကူ၊ ဆန်ပြုတ်၊ မုန့်လုံးရေပေါ်၊ ထမင်းနဲ့ ပဲဟင်း၊ အအေးမျိုးစုံ စသဖြင့် စသဖြင့်ပေါ့။ စားတဲ့သူကစား၊ ကျွေးမွေးတဲ့သူက ကျွေးမွေး၊ ရေပတ်တဲ့ သူကရေပတ်ပေါ့။ သင်္ကြန်သီချင်းကို ဓာတ်စက်မှ ဖွင့်ပြီး ကသူတွေလဲ ရှိပါသေးတယ်။ ရွာဦးဘုန်းတော်ကြီးကျောင်းမှာ အလုပ်လုပ်စရာရှိရင် တစ်ပျော်တစ်ပါး သွားရောက်လုပ်ဆောင်လေ့ ရှိပါတယ်။ ပြီးရင်တော့ ရေပတ်ကြပြီ။

မနိုင်တာကတော့ ခလေးတွေပဲ။ ကဲမှကဲပဲ။ ကျုပ်တို့တောရွာမှာ ရေက ရေတွင်းကနေ ကြိုးတပ်ရေပုံးနဲ့ ခပ် (ငှင်)ယူရတာ။ လေးထောင့်သံပုံးနဲ့ ရေတစ်ပုံးရဖို့ တော်တော်လေးကို ကြိုးစားခဲ့ရတာ။ လမ်းသွားလမ်းလာကို စောင့်ပြီးပတ်ရတာပါ။ များသောအားဖြင့် မြင်းလှည်းတွေကို ရေပတ်ရတာ။ တစ်ခါတစ်ရံ ရေခပ်တုန်းရှိသေးတယ်။ မြင်းလှည်းက ဖြတ်သွားပြီ။ မပတ်လိုက်ရတော့ဘူး။

နောက်မြင်းလှည်းတစ်စီးကို နာရီဝက်လောက်ကြာအောင် စောင့်ပေရောပဲ။ ကိုယ်မှီတဲ့ မြင်းလှည်းတွေကြတော့လဲ ဒီလို အော်သွားကြသေးတယ်။ "ဟဲ့ ဟဲ့ ခလေးတွေ မပတ်နဲ့နော်။ ဥပုသ်သည်တွေ ပါတယ်နော် "-တဲ့။ သွားရောပဲ။ ဥပုသ်သည်ကို ရေလောင်းရင် ငရဲကြီးတတ်တယ်လို့ လူကြီးသူမတွေက ဆုံးမထားတတ်ကြတော့ ငရဲကျမှာတော့ ကြောက်ကြတာပေါ့။ အဲဒီလို ဆိုရင် ကိုယ်အချင်းချင်း ပြန်ပတ်ကြတော့တာပါပဲ။ တစ်ရွာလုံးမှာမှ ရေတွင်း ငါးတွင်းလောက်ရှိတာ သင်္ကြန်တွင်းဆိုရင် ရေကုန်သွားတဲ့ အထိကို ဖြစ်သွားတာ။ ကျုပ်တို့ရွာက ဘုန်းကြီးကတော့ အဲဒီအချိန်မှာဆိုရင် ရေတွင်းထဲမှာ ရေမရှိတော့ဘူးဆိုရင် ရေတွင်းကြီးဆယ်တော့တာပါပဲ။ အညစ်အကြေးတွေကို အများအားနဲ့ သန့်ရှင်းရေးလုပ်လိုက်တာပါပဲ။ အခုအခါကျတော့ ရေတုံကင်တွေက အိမ်တိုင်းနီးပါးရှိကြတော့ အဲဒီအချိန်တုန်းက ရေတွင်းတွေလဲ အခုအခါမှာ တိမ်ကောနေလောက်ပါပြီလေ။

တောသားဆယ်ကျော်သက်တွေကျတော့ သင်္ကြန်ကို ပုံစံတစ်မျိုးနဲ့ ရေကစားတက်ကြပါတယ်။ သူတို့က အုပ်စုလိုက် သွားကြပြီး ရွယ်တူတွေကိုပဲ ရေပတ်ကစားတတ်ကြပါတယ်။ တစ်ချို့ဆိုရင် ရေခဲကို အမှုန့်ဖြစ်အောင်ထောင်းပြီး သူတစ်ပါးရဲ့ လည်ပင်းနဲ့ အကျီ င်္ကြားကို ထည့်တတ်ကြသေးတယ်။ တောဓလေ့ အိုးမဲသုတ်တမ်းလဲ ကစားတတ်ကြပါတယ်။ တစ်ချို့ဆို လှည်းငဆီနဲ့တောင် သုတ်တိုင်း ကစားတတ်ကြပါသေးတယ်။

အိမ်ထောင်ကျခါစ အရွယ်တွေကျတော့ ညဖက်ကြမှ ရေကစားတတ်ကြတာလေ။ သူတို့က ခပ်ကြမ်းကြမ်းပဲ။ တစ်အိမ်နဲ့ တစ်အိမ်ကို ရေပူပေါင်းနဲ့ ပစ်တတ်ကြတာပါ။ ဘယ်သူတွေမှ စိတ်ဆိုးခြင်းမရှိကြပါဘူး။ တစ်ချို့ အစအနောက် သန်သူများဆိုရင် တစ်ပါးသူကို ဖမ်းပြီး သဂြိ င်္ုင်းကုန်းက သစ်ပင်မှာ ကြိုးနဲ့ချည်ထားခြင်း၊ ကျွဲလူးအိုင်ထဲ ပစ်ချခြင်း၊ (ခွင့်လွှတ်ပါ။ မရိုသေစကား- အမေများဆီက နို့ရည်ကို ရအောင်တောင်းပြီး ထမင်းနဲ့နယ်ကာ အတင်းခွံ့ကျွေးခြင်း) တို့ကိုလဲ လုပ်တတ်ကြသေးပါတယ်။ သင်္ကြန်တွင်းဆိုရင် ကျုပ်တို့တောရွာမှာ ၀ုန်းဒိုင်းကို ကျဲနေတော့တာပါပဲ။

လူကြီးတွေကျတော့ ဘုန်းကြီးကျောင်းသွားပြီး ဥပုသ်သီတင်းစောင့်ကျပေါ့။ သင်္ကြန်တွင်းမှာ ဆရာတော်ကိုယ်တိုင်ဦးဆောင်ပြီး ရွာတွင်းကို ဒုလ္လဘတွေနဲ့ အတူ ဆွမ်းခံလဲ ကြွတတ်ပါသေးတယ်။ ဘုန်းကြီးကျောင်းမှာဆိုရင် ဆွမ်းတွေ ဟင်းတွေကလဲ အသျှန်အပယ်ပါပဲ။ ဘယ်လိုမှ စားလို့ သောက်လို့ မကုန်ပါဘူး။ ပေါမှပေါပဲ။ မုန့်တွေဆိုရင် ဇလုံကြီးတွေနဲ့ လေးငါးခြောက်လုံးကို အပြည့်အသျှန်ပါပဲ။ ဒါတောင်ဆရာတော်က ပြောသေးတယ်။ မင်းတို့ခေတ် မင်းတို့ဘုန်းကံနဲ့တော့ ငတ်ကျပေါ့ကွာတဲ့။ ဆရာတော်တို့ခေတ်မှာတော့ မုန့်တွေဆိုရင် ခွဲတောင်းနဲ့ ဆယ်လုံး၊ ဆယ့်ငါးလုံးရတာတဲ့လေ။

နှစ်ဆန်းတစ်ရက်နေ့မှာတော့ ရေမပတ်ကြတော့ပါဘူး။ (
ဒါတောင် နှစ်ဆန်းတစ်ရက်နေ့မှာ ရေလောင်းရေပတ်နိုင်တဲ့ တိုက်ကြီးဖက်က နေရာတစ်ခုကို သွားကဲကြသေးတယ်။) အဲဒီနေ့မှာ ရွာလုံးကျွတ် အန္တရာယ်ကင်းရှင်းရေးအတွက် ပရိတ်နာကြပါတယ်။ ပြီးရင် ညနေပိုင်း၊ မိုးချုပ်ခါနီးမှာ ဆွမ်းဆန်စိမ်း လောင်းလှူကြပါတယ်။ ပြီးရင်တော့ နားပူပြီသာမှတ်တော့။ သံပုံးတွေကို တီးကြတာလေ။ တောအခေါ်တော့ တောထုတ်တာလို့ခေါ်ပါတယ်။ ညပိုင်းကျတော့ အမျိုးသမီးဝတ်ရွတ်အသင်းက ဓမ္မစကြာရွတ်ပြီး ညဖက်ကို ကောင်းကောင်း အိပ်စက်ကြပါတော့တယ်။ ဒါကတော့ ကျုပ်လွမ်းတဲ့ တောက သင်္ကြန်လေးပါပဲ။

အခုခေတ်မှာတော့ တို့တောကသင်္ကြန်လေး အရင်အတိုင်းပဲ ရိုးရာမပျက် ယဉ်ကျေးသိမ်မွေ့စွာနဲ့ ကျင်းပပျော်ရွင်နိုင်ပါစေလို့ ဆုတောင်းလျက်။

အရှင်အဂ္ဂဥာဏ (လှည်းကူး)
ဆစ္ဒနီ၊ ၾသစေတးလ်၊
၁၅-၄-၂၀၁၄ (အကြတ်နေ့)

Friday, 4 April 2014

ကံကောင်းလို့ပါ

မန်မာစကားတစ်ခွန်း၇ှိပါတယ်။ ရွှေချဉ်ပေါင်တုံးကာမှ မောင်ဘုန်းပြန်မယ်-ဆိုတာလေ။
ချဉ်ပေါင်ဆိုတာ မြန်မာပြည်မှာ တော်တော်လေးကို ပေါတဲ့အရာပါ။ ငယ်ငယ်တုံးကဆိုရင် အိမ်မှာ သားငါးချက်မစားနိုင်တဲ့ နေ့များဆိုရင် ချဉ်ပေါင်ဟင်း နဲ့ ကန်စွန်းရွက်တို့ သူပြိုင် ကိုယ်ပြိုင် အသုံးတော်ခံကြတာပါ။

ချဉ်ပေါင်ရွက်တစ်စီးမှ ငါးပြားလောက်ပဲ ရှိပါတယ်။ ချဉ်ပေါင်ပင်ဆိုတဲ့ အရာဟာလဲ အရွက်ကို ဖြုတ်ပြီး အရိုးကိုေ၇စပ်စပ်မှာ ထိုးထားရင် ပြန်ပြီး အညွန့်ထွက်လာတတ်တဲ့ အမျိုးပါ။ အိမ်မှာ ငွေမရှိတဲ့နေ့များဆိုရင် ချဉ်ပေါင်ဟင်းပဲ ချက်တာပါ။ အဲဒီလို ချဉ်ပေါင်ဟင်းစားရပြီဆိုရင် ငယ်ငယ်တုံးကဆို ကံမကောင်းလို့ စားရတာလို့ ထင်ခဲ့တာပါ။

ကျုပ်ကတော့ ချဉ်ပေါင်ဟင်းချက်တဲ့နေ့ဆိုရင် ရွာထဲကို လှည့်ပြီး ဟင်းကောင်းချက်တဲ့ အိမ်တွေကို လှည့်ပြီး စားတာပါပဲ။ သူတို့ကလဲ ကျွေးကြပါတယ်။ ကျွေးတာပေါ့။ ကျုပ်က ဘုန်းကြီးကျောင်းသားကိုး။
နောက်ပိုင်း အသက်လေးကြီးလာတော့ ချဉ်ပေါင်ဟင်းနဲ့ ငါးပိရည်နဲ့ နယ်စားတာကို အရမ်းနှစ်ခြိုက်လာခဲ့ပါတယ်။

အခုပြည်ပကို ရောက်နေတဲ့ အခါမှာလဲ မြန်မာပြည်တုံးက စားရတဲ့ ချဉ်ပေါင်ဟင်းကို အရမ်းသတိ၇တတ်ပါတယ်။ အခုတော့ အတွေးက ပြောင်းသွားပါတယ်။ ချဉ်ပေါင်ရွက် မစားရရင် ကံမကောင်းလို့ပဲ-ဟု။

ဒီသြစီမှာ ချဉ်ပေါင်ရွက် ရှိတော့ရှိပါတယ်။ ဖီဂျီကျွန်းနိုင်ငံကနေ လာတဲ့ ချဉ်ပေါင်ရွက်ပါ။ အစိမ်းမရနိုင်ပါဘူး။ အရွက်ကို ကျို ပြီးတော့ ရေခဲသေတ္တာထဲမှာ ခဲထားတာပါ။ အရသာက မချဉ်ပါဘူး။ မြန်မာပြည်က ချဉ်ပေါင်ရွက်က နာမည်နဲကလိုက်အောင် ချဉ်တာလေ။

ဟိုတစ်လောကတော့ မြန်မာ့ချဉ်ပေါင်ရွက် အစိမ်း က့ကောင်းစွာနဲ့ ရပါတယ်။ ချဉ်ပေါင်ရွက် တစ်ကီလိုကို သြစတေးလျဒေါ်လာ ၁၄ ဒေါ်လာပေးရပါတယ်။ (တစ်ကီလိုကို မြန်မာအချိန် ၆၅-ကျပ်သားခန့်၇ှိပါတယ်။) ချဉ်ပေါင်ရွက် ၆၅-ကျပ်သားကို မြန်မာငွေနဲ့ တစ်သောင်း နှစ်ထောင်လောက် ကျတာပေါ့။ ဒါပေမယ့် အရိုးမပါ အရွက်တွေ သက်သက်ရတာဆိုတော့ ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။

ဘာပဲပြောပြော ကံကောင်းလို့ မြန်မာ့ချဉ်ပေါင်ကို စားရပါပြီ။

ရွှေချဉ်ပေါင် တုံးကာမှ သြစီကနေ မောင်ဘုန်းပြန်တော့မယ်-ဟု။

အရှင်အဂ္ဂဥာဏ (လှည်းကူး)
ဆစ္ဒနီ၊ ၾသစေတးလ်
၂၈၊ ၀၃၊ ၂၀၁၄

ဘုန်းကြီးကျောင်းသား အကောင်းစား

အသက်နည်းနည်းရလာတော့ ငယ်ငယ်က အကြောင်းတွေကို ပြန်သတိရတက်ပါတယ်။ အဆန်းတော့ မဟုတ်ပါ။ ကျု ပ်က ဘ၀တစ်လျောက်လုံး နီးပါး ဘုန်းကြီးကျောင်းမှာပဲ ကြီးပြင်းလာခဲ့ရသူ။ ဘုန်းကြီးကျောင်းသား မောင်ဖိုးသီပေါ့။ နေ့စဉ် ဘုန်းကြီးတွေနဲ့ ဆွမ်းခံအတူသွားတယ်။ ဆွမ်းခံရာမှ ပြန်လာတော့ အစိုးရကျောင်းသွားတတ်တယ်။ ဒီတော့ ဘုန်းကြီးစာလဲ သိသလို လောကီအစိုးရကျောင်းစာကိုလည်း နာလည်တာပေါ့။

တကယ်တော့ ဘုန်းကြီးကျောင်းသား ဘ၀က မလွယ်ရေးချ မလွယ်ဘူးဗျ။ ခပ်ထက်ထက် ဆရာသမားနဲ့ နေရရင် ပိုတောင် မလွယ်သေး။ ဆွမ်းစား ကွမ်းစားရှိလို့ ကိုယ့်ကျောင်းသားကို ဘုန်းကြီးပွဲကျ မကျွေးရင် တစ်ချို့ဘုန်းကြီးတွေဆိုရင် ထတောင် ပြန်တတ်ပါသေးတယ်။ ကျောင်းပြန်ရောက်ရင်တော့ ဆော်ပလော် အတီးခံရပြီသာ မှတ်ပေတော့။ အဲဒါကြောင့်မို့ ထင်ပါတယ်။ ဆွမ်းစား ကွမ်းစားကို အခေါ်ခံ၇တဲ့ ကျောင်းသားတွေကလဲ ခပ်ထက်ထက် ဆရာတော်တွေရဲ့ တပည့်လို့ မပြောရဘူး၊ လက်ကတော့ ဘာသွက်သလဲ မမေးနဲ့။ ထမင်းဝိုင်းထိုင်လိုက်တာနဲ့ ဟင်းကောင်းလေးဆိုရင် မရှိတော့ဘူး။ တစ်ချို့ဆိုရင် ခွက်လိုက်တောင် မှောက်ချတတ်သေးတာ။ လက်သွက်ပုံများပြောပါတယ်။

စကားမစပ် သတိရလို့ ပြောလိုက်ဦးမယ်။ ကျုပ်တို့ လှည်းကူးနယ်မှာ ယခင်တုံးက ကျောင်းထိုင်ဆရာတော်တိုင်းနီးပါးမှာ နွားလှည်းကိုယ်စီ ရှိတတ်ကြပါတယ်။ (ယခုခေတ်တော့ ကိုယ်ပိုင်ကားပေါ့။) အလှူအတန်းရှိရင် ကိုယ်နွားလှည်းနဲ့ ကိုယ်သွားတတ်ကြတာပါ။ (မှတ်မိသေးတယ်။ ကျုပ်တို့ကျောင်းက နွားလှည်းလေ၊ နွားလှည်း ပြိုင်ပွဲ ၀င်ပြိုင်တာ အနိုင်မရပဲ ဖရဲသီးပုံ ၀င်နင်းမိလို့ အရော်ပေးပြီး ဖရဲသီး အ၀စားခဲ့ရသေးတယ်။) ဒါတွေထားပါတော့။

တစ်နေ့အလှူ တစ်ခုကို ကျု ပ်တို့ကျောင်းကို ပင့်တော့ ဆရာတော် နဲ့ အတူ ကျောင်းသားတွေလဲ ပါသွားတာပေါ့။ အလှူမှာ ရေစက် မိုးစက်ချပြီး ကျောင်းပြန်ရောက်တော့ ဆရာတော် အတွက်ရမယ့် အလှူပစ္စည်းတွေ ပါမလာခဲ့ဘူး။ ဘယ်ပါမလဲ။ အခြားကျောင်းသားက ကြားထဲကနေ နှစ်ပါးစာ ကြားဖြတ်ယူသွားခြင်းခံရတာလေ။
ဆရာတော်က ကျောင်းပြန်ရောက်တော့ ဆူပါလေရော။ ဒီလောက် နုံရမလားလို့လေ။ နောက်တစ်ခါ အလှူမှာ အဲဒီလို ဖြစ်ရင်တော့ ဆွမ်းစားကွမ်းစား တသက်လုံး မခေါ်တော့ဘူးတဲ့။

သိပ်မကြာပါဘူး။ ကျု ပ်တို့လှည်းကူးနယ်က ကျွန်းကုန်းဆိုတဲ့ ရွာမှာ ရှင်ပြုအလှူ အကြီးအကျယ် ကျင်းပပါတယ်။ ဒီတစ်ခါတော့ ကျောင်းသား မောင်ဖိုးသီတို့က လက်ကတော့ ဘာသွက်သလဲမမေးနဲ့။ ငါးရံ့ခြောက်ပြားဆိုရင် နှစ်ပြား၊ သင်္ကန်းဆိုရင် နှစ်စုံ၊ မုန့်ဆီကြော်ခြင်းတောင်းက နှစ်တောင်း စသဖြင့် စသဖြင့်ပေါ့။ တစ်ပါးကြွတာကို အလှူပစ္စည်းတွေကို နှစ်ပါးစာရအောင် ယူလာတာလေ။ ကျောင်းရောက်တော့မှ ဆရာတော်က နှစ်ပါးစာ ပါလာလို့ တစ်ပါးစာကို ပြန်ပို့ခိုင်းခဲ့ရပါတယ်။ (အဲဒီနေ့က အလှူပစ္စည်း မရသွားတာကတော့ ကောက်ကွေ့ကျောင်းကြီးဘုန်းတော်ကြီးပါ။)

ဟိုတစ်ချိန်တုန်းက ဘုန်းကြီးကျောင်းသားအဖြစ်နဲ့ သူတပါးကျောင်းထက်သာအောင် အညီအမျှမဟုတ်ပါဘဲ ပိုယူလာတာကို အရမ်းဂုဏ်ယူခဲ့တာပေါ့။ အခုကြီးလာတဲ့ အခါမှာ ဒီလိုခေါင်းပုံဖြတ်မှု့တွေဟာ ဂုဏ်ယူစရာ မဟုတ်ကြောင်း ကောင်းကြောင်း နားလည် သဘောပေါက်လာပါတော့တယ်။ တစ်ကယ်တော့ ကရင်လည်း တစ်ကျပ်၊ ဗမာလည်းတစ်ကျပ်ပဲ ဖြစ်သင့်ပါတယ်။ ဘာပဲလုပ်လုပ် သာတူညီမျှပဲကောင်းပါတယ်။ ဒါကြောင့်မို့လဲ ဆရာဘုန်းတော်ကြီးက အခြားတစ်ပါးစာကို ပြန်ပို့ ခိုင်းခဲ့တာပေါ့။

စကားမစပ် ပြောရဦးမယ်။
ဘုန်းကြီးကျောင်းသားတွေက အကောင်းစားတယ်နော်။

လူတိုင်းအပေါ်မှာ သာတူညီမျှ သဘောထားနိုင်ကြပါစေ။

အ၇ှင်အဂ္ဂဥာဏ (လှည်းကူး)
ဆစ္ဒနီ၊ ၾသစေတးလ်၊
၎-၄-၂၀၁၄ (သောကြာနေ့)

Monday, 3 February 2014

မရမ်းချောင်း ဂေဟာဥက္ကဌ ဂျာနယ်တိုက်တစ်ခုသို့ ပါဝါပြမှု

မရမ်းချောင်း ဂေဟာဥက္ကဌနှင့် ဂျာနယ်တိုက်တစ်ခုတို့၏ ဖြစ်စဉ်ကို မတင်ပြမီ မရမ်းချောင်းကျေးရွာ ဖြစ်တည်လာပုံနှင့် အခြေအနေများကို ဦးစွာတင်ပြလိုပါသည်။

မရမ်းချောင်းရွာသည် လှည်းကူးမြို့နယ် မင်းကုန်းရွာအနီးတွင်ရှိပြီဲး့ အိမ်ခြေ ၇၀၀ ခန့်ရှိကာ လူဦးရေ ၂၇၀၀ကျော် ရှိသော့ ရွာကြီး တစ်ရွာပင်။ ရပ်ကွက် ၈ ရပ်ကွက် ရှိသည်။ မရမ်းချောင်း လက်အောက်ခံ ရွာ(၉) ရွာအပါအ၀င်ဆိုပါက လူဦးရေ ၄၀၀၀ ကျော် ရှိသည်။ ရွာ၏ ဧရိယာမှာ ၁၈၀၀.၅၉ ဧက ဟု သိရသည်။

ထောက်ကြံ အနာကြီးရောဂါ ဆေးရုံအနီး ရောဂါပျောက်၍ ရွာတည်နေသူများကို ၁၉၈၉ ခုနှစ်က လှည်းကူးမြို့နယ်တွင် မရမ်းချောင်းကျေးရွာအဖြစ် ရွာတည် ပြောင်းရွှေ့ ပေးခဲ့သည်ဟု ဆိုသည်။ အနာကြီးရောဂါသည်များကို စောင့်ရှောက်ရန် ဂေဟာတစ်ခု ထူထောင်ခဲ့ပြီး အလှူရှင်များ၏ ပံပိုးကူညီမှုဖြင့် လည်ပတ်နေသည်ကို တွေ့ရသည်။

ထိုဂေဟာကို ကော်မတီဖွဲ့၍ ဆောင်ရွက်ခဲ့ကြောင်း ရွာသားများကဆိုသည်။ ကော်မတီ ဥက္ကဌမှာ ထောက်ကြံ့တွင် နေထိုင်သော ကိုလှဌေးဟု သိရသည်။ ထောက်ကြံကလူက လှည်းကူးမြို့နယ်ထဲ့က ရွာတွင် ဂေဟာ ဥက္ကဌ လုပ်သည်ဆိုသဖြင့် ကျနော့်အတွက် ထူးဆန်းနေသည်။ ရွာခံလူထုကို မေးကြည့်တော့လည်း ဘာ့ကြာင့်ဆိုတာ ရေရေရာရာ မပြောနိုင်ကြ။

ထိုဂေဟာ ဥက္ကဌ ဆိုသူသည် ကော်မတီဝင်များကို အသိပေးခြင်း၊တိုင်ပင်ခြင်း မပြုပဲ သူ့သဘောနှင့်သူသာ ကိစ္စ အ၀၀ကို ဆောင်ရွက်လျှက်ရှိပြီး ကော်မတီဝင်များမှာ ရငွေ သုံးငွေကိုလည်း မသိကြရကြောင်း၊ သို့သော် သူတို့ သိသလောက် လက်လှမ်းမီရာ အလှူငွေစာရင်းများလုပ်ထားပြီး လိုအပ်လာပါက တင်ပြရန် အသင့်ရှိကြောင်း ပြောပြသည်။ ဂေဟာပိုင်ငွေများကို အပြင်သို့ ထုတ်ချေးထားခြင်း၊ ခြံနှင့်မြေများ ၀ယ်ထားခြင်းတို့လည်း ပြုလုပ်ထားကြောင်း ဖြည့်စွက်ပြောပြကြသည်။ ဆဲဆိုခြင်း ရိုက်နှက်ခြင်းများလည်း ကြုံတွေကြရပြီး ဆန်ချောကို ဖလှယ်ကာ ဆန်ကြမ်းဖြင့် ကြွေးသည်ဟု ဂေဟာနေ ရောဂါသည်များကလည်း ရင်ဖွင့်ကြသည်။

ရန်ကုန်မြို့တွင် နေထိုင်သော စာပေဟောပြောပွဲနှင့် ပတ်သက်သည့် အရှုပ်အရှင်း ကိစ္စများ ပေါ်ပေါက်ခဲ့သည့် တနင်္လာနံနှင့်စသော စာရေးဆရာ တစ်ဦးကလည်း ထိုဂေဟာ ဥက္ကဌနှင့် ဆက်စပ်ပတ်သက်နေပြီး မရမ်းချောင်းတွင် မြေများ ၀ယ်ယူထားကြောင်းလည်း ရွာသားများက ပြောပြသည်။ ဂေဟာမှငွေများနှင့် ၀ယ်ယူခြင်းဟု ကြားသိရ သော်လည်း ဟုတ်မဟုတ်ကိုမူ အတည်မပြုရသေးပေ။

မရမ်းချောင်းဂေဟာကိစ္စကို ဂျာနယ်တိုက်တစ်ခုမှ ဖော်ပြသည်ခဲ့သည်ကို မရမ်းချောင်းဂေဟာဥက္ကဌဆိုသူက မင်းကုန်း လေ့ကျင့်ရေးတပ်မှဟု ယူဆရသည့် ဗိုလ်ကြီးတစ်ဦးနှင့် ထိုဂျာနယ်တိုက် တံခါးကို ခြေဖြင့်ကန်ဖွင့်ကာ တရားစွဲမည်ဟု ခြိမ်ခြောက်ခဲ့ပြီး တနင်္လာနံနှင့်စသော စာရေးဆရာ တစ်ဦးက တရားစွဲခိုင်းကြောင်း၊ ရွှေပြည်သာ ဆရာတော်က မစွဲနဲ့ဆိုကြောင်းပြောခဲ့သည်ဟု မီဒီယာလောကသားများထံမှ ကြားသိရသည်။

တာဝန်နှင့် မဟုတ်ပဲ စစ်ယူနီဖောင်းကို ၀တ်ဆင်ပြီး ဂျာနယ်တိုက်ကို အ၇ှိန်အ၀ါဖြင့် ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်ရာရောက်ခြင်း၊ စာရေးဆရာ တစ်ဦးဆိုသူသည် နာမည်ရစာရေးဆရာ၊ ကလောင်သက်ရင့် စာရေးဆရာ တစ်ဦး ဖြစ်သော်လည်း ကျင့်ဝတ်ကိုနားမလည်ခြင်းလား၊ သူ၏ ပါဝင်ပတ်သက်မှုကို ဖုံးကွယ်ခြင်းလား စဉ်းစားစရာ ဖြစ်ကြောင်း မရမ်းချောင်း ရွာသားတစ်ဦးက မှတ်ချက်ပြုသည်။

မီဒီယာလောကသားအချို့ကလည်း မိမိတို့သည် သက်ဆိုင်သူများကို တွေ့ဆုံ မေးမြန်းပြီး နစ်နာသူများဘက်မှ မီဒီယာမှ တစ်ဆင့် တင်ပြပေးခြင်းဖြစ်ကြောင်း၊ တွေ့ဆုံမေးမြန်မှု အသံဖိုင်၊ ဓါတ်ပုံ၊ မှတ်တမ်းများလည်း ရှိကြကြောင်း၊ ထိုသတင်းထောက်က မည်သို့ခံယူသည်မသိ မိမိတို့အနေဖြင့်မူ တရားစွဲလိုက စွဲနိုင်ကြောင်း၊ သူမှန်လျှင် ထိုသို့ ဆင်ကန်းတောတိုး လာဖြဲမည်မဟုတ်ကြောင်း၊ သို့မဟုတ် နောက်ခံ အရှိန်အ၀ါ အားကိုးပြီး လာဖြဲခြင်းလည်း ဖြစ်နိုင်ကြောင်း၊ မည်သို့ပင်ဖြစ်စေ အထောက်အထားခိုင်လုံမှုကြောင့်သာ ရေးခြင်းဖြစ်သဖြင့် ထိုကိစ္စကို အလေးမထားသင့်ကြောင်း ဆွေးနွေးကြသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ဆက်စပ်နေသော ရီပိုတာဂျာနယ်ပါ မဇူးဇူး၏ ဆောင်းပါးမှ ကောက်နှုတ်ချက်များကိုလည်း တင်ပြပေးလိုက်ပါသည်။

“သတင်းထောက်ဆိုတဲ့ သဘောက သတင်းကို နည်းမျိုးစုံနဲ့ သူရယူနိုင်တယ်။ သတင်းရဖို့ သူအမျိုးမျိုး ကြိုးစားနိုင်တယ်။ ဒါ သတင်းထောက်ရဲ့ အခွင့်အရေးပဲ။ ခြိမ်းခြောက်ပြီးတော့ ယူတာမဟုတ်ဘူး။ လိမ်လည်လှည့်စားပြီး ယူတာမဟုတ်ဘူး။ အဲဒီအချက်တွေနဲ့ မဟုတ်ဘူးဆိုရင် သတင်းထောက်သည် သူသတင်းယူနေတဲ့အခါမှာ နည်းမျိုးစုံ အသုးံပြုပြီး ယူနိုင်တယ။် ကနသ့် တ်ဧရယိာတေထွိ ချဥ်းကပ်ြပီး တော့  ယူနိုင်တယ။်

သတင်းနဲ့ မီဒီယာလွတ်လပ်ခွင့်ကို ပေးထားတာဟာ တိုင်းပြည်ရဲ့ မျက်လုံးကိုဖွင့်တာပါ။ အစိုးရတွေ၊ အမှုထမ်း အရာထမ်းတွေနဲ့ အစိုးရနဲ့ ပြည်သူကြားမှာ လွှတ်တော်နဲ့ အစိုးရ ကြားမှာ အုပ်စုတစ်စုနဲ့ တစ်စုကြားမှာ ဖြစ်နေတဲ့ ခံစားချက်တွေ အမှန်အတိုင်း ဖွင့်ထုတ်လာတဲ့ အသံကို မီဒီယာတွေက ယူလာပြီးတော့ အမျိုးမျိုးသော မီဒီယာဆိုဒ်ကနေ ဖော်ပြပေးခြင်းအားဖြင့် အစိုးရတွေကို သိစေတဲ့ အလုပ်ပါ။ အစိုးရတွေကို ရန်လုပ်တဲ့အလုပ် မဟုတ်ပါဘူး။ မှားနေတယ်။ သူတို့က မီဒီယာတွေက ငါတို့ကို ရန်တိုက်နေတယ်လို့ ထင်ကောင်းထင်မယ်။ အဲဒါ မှားနေတယ်”ဟု သမဂ်္ဂဂျာနယ်မှ ဥပဒေ အအတိုင်ပင်ခံ ဦးတင်သန်းဦးက ပြောသည်။

ဘယ်သူတွေက အကာအကွယ်ပေးကြမှာလဲ ဗိုလ်ချုပ်အောင်ဆန်း အိုးဝေမဂ်္ဂဇင်းတွင် အယ်ဒီတာလုပ်ခဲ့စဉ်က “ခွေးသရမ်းကြီး လွတ်နေပြီ” ဆိုသော ဆောင်း ပါးနှင့် ပတ်သက်၍ အဂင်္လပ် အစိးုရက ဆောင်းပါးရှင်ကို ဖော်ထုတ် ခိုင်းသည့်အခါ ဗိုလ်ချုပ်အောင်ဆန်းသည် ထိုအောင်းပါးအား ဆရာညိုမြ ရေးသည်ဆိုခြင်းကို သိသကဲ့သို့ သူကိုယ်တိုင်ပဲ ထိုဆောင်းပါးကို ထည့်ပေးခဲ့ခြင်း ဖြစ်သော်လည်း ဆောင်းပါးရှင်ကို မဖော်ထုတ်ခဲ့ပေ။ ထိုသို့သော အယ်ဒီတာကောင်း တစ်ယောက်အကြောင်းကို ဥပမာထား၍ ဦးတင်သန်းဦးက ဤသို့ပြောဆိုသည်။

“ဒီကနေ့ သတင်းထောက်မလေးတစ်ယောက် ပြောသွားတယ်။ တိုက်ကလည်း ကျွန်မတို့ကို အကာအကွယ် မပေးဘူးတ၊ဲ့ အဲဒါတွေလည်း ဆရာတို့ကြားရတယ်။ ၀မ်းနည်းစရာကောင်းပါတယ်။ သတင်းတိုက်တွေဟာ သတင်းထောက်တွေကို အကာအကွယ်မပေးဘူးဆိုရင် ဘယ်သူတွေက ကာကွယ်ပေးမှာလဲ။ အယ်ဒီတာကကော သူ့သတင်းထောက်ကို သူမကာကွယ်ပေးဘူးဆိုရင် source of information (သတင်းရင်းမြစ်တွေ)ကို မကာကွယ် ပေးဘူးဆိုရင် တရားရုံးမှာပြောခဲ့တဲ့ စကားလေးတစ်ခွန်းရှိပါတယ်။ တရားဥပဒေမှာ သက်သေတွေကိုမှ တရားရုံးက အကာအကွယ်မပေးဘူးဆိုရင် သက်သေတွေ တရားရုံးကို နောက်လာရဲမှာ မဟုတ်တော့ဘူးတဲ့။ အဲဒီဥပမာလေးနဲ့ပဲ ဆရာပြောမယ်နော်။
သတင်းတွေကိုသာ ဆရာတို့က ကာကွယ် မပေးတော့ဘူးဆိုရင် သတင်းထောက်တွေကို ကာကွယ်မပေးတော့ ဘူးဆိုရင် နောက်ထပ် သတင်း တွေ ရရှိဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူးလို့ ပြောတာ။ ဒါကြောင့် သတင်းပညာမှာ သတင်းထောက်တွေကို ဆရာတို့က ကာကွယ်ပေးရမှာ။ သတင်းထောက်ကလည်း မိမိတို့ရဲ့ သတင်းရင်းမြစ်တွေကို ကာကွယ်ပေးရမယ်။ တိုက်တွေကလည်း သတင်းထောက်တွေကို ကာကွယ်မပေးဘူး။ ခုချိန်မှာ စီးပွားရေးအရ ကျမှာတို့၊ ပြဿနာ ရင်မဆိုင်ချင်လို့ ဆိုတာတွေကလည်း ခုနလို ခြိမ်းခြောက်တဲ့ သူတွေနဲ့ ဥပဒေမဲ့ လုပ်သူတွေကို အားပေးရာ ရောက်တယ်လို့ တစ်ခါတည်းပြောသွားတာပါ။ ဆရာတို့ ဖြစ်စေချင်တာက သတင်းတိုက်တိုင်းသည် ကိုယ့်ရဲ့ မိသားစုဝင်တွေကို အကာအကွယ် ပေးဖို့ တာဝန်ရှိတယ်။ မိသားစုဝင်တွေကို ကာကွယ်ရမယ်ဆိုတဲ့ အသိစိတ်ဓါတ် ရှိ ရမယ။်

ပြဿနာဖြစ်လာရင် တောင်းပန်လိုက်ရမယ်လို့ အရင်ပြောတာတို့က ဥပဒေအရ နည်းလမ်းမကျပါဘူး။ ဆရာတို့ကတော့ အဲဒါကို အားမပေးပါဘူး။ မှားရင် တောင်းပန်ပါမယ်။ မမှားရင် လုံးဝတောင်းပန်စရာ မလိုပါဘူး။ ထို့အတူပဲ နိုင်ငံတော်ကလည်း စတုတ်မဏ္ဍိုင်ကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ မိမိရဲ့ စတုတ်္ထမဏ္ဍိုင်ကို မိမိပြန်ရိုက်ချိုးတဲ့ အပြု အမူတွေ ဖြစ်နေတာကိုတော့ စိတ်မကောင်းစရာ တွေ့ရပါတယ်။ သတင်းထောက်တစ်ယောက်ကို ခုလိုမျိုးသတင်းယူမှုနဲ့ သတင်း ရေးသားမှုအကြောင်းခံပြီးတော့ ခုလို အပြစ်ပေးစီရင်ခံရတာလည်း စတုတ်္ထမဏ္ဍိုင်ရဲ့ အစိတ်အပိုင်း တစ်ခုကို ဖြတ်ခုတ်တာ ခံရတာ ဖြစ်တဲ့အတွက် စတုတ္ထမဏ္ဍိုင်ကို ခွင့်ပြုခဲ့တဲ့ နိုင်ငံတော်အကြီးအကဲတွေမှာ တာဝန်ရှိနေတယ်လို့ ယူဆပါတယ်”၎င်းက သုံးသပ်ပြောဆိုသည်။

နိုင်ငံကူးပြောင်းရေးကာလတွင် စတုတ္ထမဏ္ဍိုင်အဖြစ် တာဝန်ယူနေသော မီဒီယာသမားများအတွက် တိကျမှန်ကန်သော ဥပဒေတစ်ရပ် ပေါ်ပေါက်လာဖို့ လိုအပ်နေသည်ဟု သမဂ္ဂဂျာနယ်၏ ဥပဒေအတိုင်ပင်ခံတစ်ယောက်လည်းဖြစ်သော စီးပွားရေးနှင့် ဥပဒေ လမ်းညွှန်သင်တန်းများကို ပို့ချလျက်ရှိသည့် ဆရာတင်သန်းဦးက ကောက်ချက်ချ သုံးသပ်လိုက်သည်။

““အဓိကတော့ ဆရာပြောချင်တာ စတုတ္ထမဏ္ဍိုင်နဲ့ မီဒီယာပေါ့။ electronic media နဲ့ printing media တွေကြားမှာ အပြန်အလှန် တိကျတဲ့ မျှတမှန်ကန်တဲ့ ဥပဒေတစ်ရပ်ကတော့ လိုနေပါတယ်။ နိုင်ငံတော်အတွက်လည်း မဟုတ်ဘူး။ သတင်းမီဒီယာတွေအတွက်လည်း မဟုတ်ဘူး။ သို့သော် အဲဒီ လောကကြီး တစ်ခုလုံးအတွက် မျှတမှန်ကန်တဲ့ ဥပဒေတစ်ရပ်တော့ လိုနေတယ်လို့ ပြောတာ။

### အကောင့်မှ LO၊ JO နှင့် ပြင်ပ ဥပဒေပညာရှင် မိတ်ဆွေများနှင့် ဆရာသမားများ ခင်ဗျား… မိမိနှင့် တိုက်ရိုက် မပတ်သက်သော်လည်း ဥပဒေဗဟုသုတ အနေဖြင့် သိရှိနိုင်ပါရန် ကွန်မဲန့်ပေးခြင်းဖြင့် အကြံပြုခြင်း၊ ဝေဖန်ပေးခြင်း ပြုပေးပါရန် မီဒီယာလောက ဖွံဖြိုးပြီး ပြည်သူ့အကျိုး အမှန်တကယ် ဆောင်ရွက်နိုင်ရေး ရှေးရှု မေတ္တာရပ်ခံအပ်ပါသည်။

 

Ref: https://www.facebook.com/nyunth/posts/639582139436583

Tuesday, 10 December 2013

တောက ဟာသများ အပိုင်း- ၂၉ (သို့) ဒေါ်ဖွားသင် မရှိပါ

ကျုပ်တို့ရွာက လှည်းကူး + ဒါးပိန်ကားလမ်းပေါ်မှာ တည်ရှိပါတယ်။  ယင်းလမ်းကို အင်္ဂလိပ်အစိုးရလက်ထက်တွင် ဖေါက်လုပ်ခြင်း ဖြစ်ပြီး လမ်းကို တည့်တည့်မဖေါက်ဘဲ ကောက်ကွေ့စွာ ဖောက်လုပ်မှု့ကြောင့် လမ်းဗိုလ်ခမျာ  ဒဏ်ငွေတမူးကို ပြည်မြို့မှာ ဆောင်ရသတဲ့။ လမ်းဗိုလ်ခမျာ ရှက်ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ်လို့ လူကြီးများပြောစကားအရ သိရပါတယ်။ လမ်းကောင်းသလားလို့ မေးရင်တော့ လှတောသားစကားကို အငှါးယူပြောရပါ့မယ်။ ကျောက်ခဲစားရင်တောင် အစာကြေတယ်လို့ ပြောရမှာပါ။ (အခုတော့ နဲနဲကောင်းသွားပါပြီ။) ဟိုယခင်တုံးက ကျုပ်တို့ရွာလမ်းမှာ ခရီးသွားယာဉ်တွေကတော့ မြင်းလှည်းပဲ ရှိတာကိုး။ တက်နိုင်သူများကျတော့ စက်ဘီလေးတွေ ၀ယ်စီးကြတာပေါ့။

မဆလခေတ်အခါက တော်ရုံတန်ရုံဝန်ကြီးကတော့ ကျုပ်တို့ရွာလမ်းက ကားဖြတ်ပြီးတော့ မစီးပါဘူး။ ကားမောင်းတဲ့သူကလဲ လမ်းကောင်းကောင်းကပဲ မောင်းပြီးခေါ်ပါတယ်။ လှည်းကူးက ဌာနဆိုင်ရာတွေကလဲ လမ်းကိုတော့ ပြင်ဖို့ မတိုက်တွန်းဘူး။ ဒီလမ်းကို လူကြီးမ၀င်အောင်ပဲ ကြိုးစာကြပါတယ်။ ဒါပေမယ့် ကျုပ်တို့ရွာက လှည်းကူးနားနီးတော့ လျှပ်စစ်မီးတော့ ရပါတယ်။ ဒီလိုရတာကလဲ အခက်အခဲတွေ အများကြီးနဲ့ပါ။ ဘုန်းကြီးကျောင်းနှစ်ကျောင်းက ဆရာတော်နှစ်ပါး ဦးဆောင်ပြီး ဇွဲကြီးကြီးနဲ့ဘယ်လောက်ကြိုးစားရသလဲဆိုရင် ထိုခေတ်က မြို့နယ်လျှပ်စစ်မှူး လေး ငါးယောက်လောက်ပြောင်းပြီးမှ ရွာမှာ မီးလင်းရတာပါ။ ကိုယ်ထူကိုယ်ထပေါ့။ ထားပါတော့။

တစ်နေ့ပေါ့။  နိုင်ငံတော် ကောင်စီဝင် ဦးစိန်လွင်ဆိုတာ ကျုပ်တို့မြို့ကို ဖြတ်ပြီး ပဲခူးဘက်ကို ခရီးသွားပါတယ်။ လှည်းကူတာစုံကို ကျော်သွားတော့ ဦးစိန်လွင်က စိတ်ပြောင်းပြီး ကားသမားကို လှည်းကူး + ဒါးပိန်ကားလမ်းကနေ မောင်းဖို့ ပြောပါတယ်။ ပြီးတော့ အဲဒီလှည်းကူး + ဒါးပိန်ကားလမ်းက စစ်အတွင်းတုံးက ဗျူဟာဟာ ကျတဲ့လမ်းတစ်လမ်းဖြစ်လို့ သူတို့အမြဲသွားတဲ့ လမ်းဖြစ်ကြောင်းလဲ ပြောပါသတဲ့။ ဒါနဲ့ပဲ ကားဆရာလဲ လှည်းကူး + ဒါးပိန်ကားလမ်းအတိုင်းမောင်းဝင်လာခဲ့ပါတော့တယ်။ လုံခြုံရေးကားတွေလဲ ရှေ့ကိုရောက်မှ နောက်ပြန်လှည့်ရပါတော့တယ်။

လှည်းကူးကနေ လာရင် လှည်းကူး + ဒါးပိန်ကားလမ်းမပေါ်မှာ ပထမဆုံးတွေ့ရတဲ့ ရွာကတော့ ကျုပ်တို့ရွာပါပဲ။ ရွာမှာက လယ်သမားတွေ၊ လက်သမားတွေ၊ ပန်းရံသည်တွေက အများစုပါ။ ရွာဥက္ကဌကိုယ်တိုင်ကိုက လယ်သမားပါ။ ၀န်ကြီးက ကျုပ်တို့ရွာကို ရောက်တော့ ဥက္ကဌအိမ်ကို မေးပြီး ၀င်လာပါတယ်။ ဥက္ကဌက အိမ်မှာ မရှိပါဘူး။ လယ်ထဲမှာ စပါးရိတ်နေတာပါ။ ဥက္ကဌကို ခေါ်ခိုင်းပါတယ်။ ဥက္ကဌရောက်လာတော့ ကြောက်ကြောက်လန့်လန့်နဲ့ပေါ့။ ၀န်ကြီးက သူ့ကို မကြောက်ဖို့ ပြောပြီး ဘာလိုချင်လဲလို့ မေးပါတယ်။ ဥက္ကဌလဲ လမ်းကောင်းချင်ကြောင်း ပြောလိုက်ရာ ၀န်ကြီးက လမ်းကောင်းစေရမယ်ဟု ပြောခဲ့ပါတယ်။ ပြီးတော့ ၀န်ကြီးက ဖွားသေစာရင်းပြပါ-ဟု တောင်းပါတယ်။ ဥက္ကဌလဲ ကြောက်ကြောက်လန့်လန့်နဲ့ ဒေါ်ဖွားသင်မရှိကြောင်း၊ ကျိုက်ထီးရိုးဘုရားဖူးသွားနေကြောင်း ပြောပါတယ်။

အဲဒါနဲ့ ၀န်ကြီးက ဖွားသေစာရင်းဆိုသည်မှာ ဒီရွာမှာ ဘယ်နှစ်ယောက်ဖွားမြင်ပြီး ဘယ်နှစ်ယောက်သေလဲဆိုတာကို ရေးမှတ်ထားတဲ့ စာရင်းဖြစ်တယ်ဆိုတာကို ရှင်းပြရှာပါတယ်။ ဥက္ကဌလဲ မရှိကြောင်းပြောရာ ၀န်ကြီးက ပြုစုထားဖို့ မှာကြားပြီး ကျွန်းကုန်းရွာဘက်ကို ထွက်ခွါသွားပါတော့တယ်။

(မှတ်ချက်။ ဥက္ကဌဖြေကြားလိုက်တဲ့ ဒေါ်ဖွားသင်ဆိုသည်မှာ ရွာထဲက ဦးစံသိန်းရဲ့ ဇနီးဖြစ်ပါတယ်။)

တောက ဟာသများကို ပြောပါတယ်။

မောင်နေခြည် (လှည်ကူး)




Friday, 22 November 2013

မတူတာလေးများ အပိုင်း-၂၅ (သို့) မိုး

ငယ်ငယ်တုံးက ရွာမှာ ရေကြီးပြီဆို အရမ်းပျော်တာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ရေကြီးရင် ရွာက မူလတန်းကျောင်း ပိတ်တယ်လေ။ ကျောင်းပိတ်တာ့ လူငယ်သဘာဝ ပျော်ကြတာပါ။ အလယ်တန်းကျောင်းသားဘ၀ရောက်တော့ မြို့ရဲ့ အနောက်ဘက်ကမ်းက အလယ်တန်းကျောင်း (ယခု အ-ထ-က) မှာ တတ်ရပါတယ်။ အဲဒီမှာလဲ ရေကြီးပြီဆို ကျောင်းပိတ်ပါတယ်။ ရေက ကြီးပြီဆိုရင် အနည်းငယ်ကြီးတာ မဟုတ်ပါဘူး။ ကျောင်းသားတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ရေကြီးမှု့မျိုးပါ။ စာသင်ကျောင်း နှစ်ခုစလုံးက ငမိုးရိပ်ချောင်းနဲ့ နီးနေခြင်းကြောင့် ရေတက် ရေကြီးခြင်း ဖြစ်ပါတယ်။ ဒါကတော့ ငယ်ငယ်ကပေါ့။

အနည်းငယ်လူလားမြောက်လာတဲ့ အချိန်ကျတော့ ရန်ကုန်မြို့ကြီးကို ခြေချမိပါတယ်။ မိုးဟေ့ဆိုရင် ရန်ကုန်မှာ  နေစရာမရှိတော့ပါဘူး။ ဒူးလောက် ပေါင်လောက်ကို ရောက်တဲ့နေရာအထိကို ရှိပါတယ်။ တော်တော်ဆိုးဝါးတဲ့ အခြေအနေပါပဲ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကလဲ မြို့ထဲက အမှိုက်တွေကို နိုင်အောင် မကြုံးတာလဲ ပါပါတယ်။ ပြီးတော့ မြို့တော်နေ လူထုနဲ့ ခရီးသွား အများပြည်သူတွေက အမှိုက်တွေကို စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကြောင့်လဲ ရေမြောင်းတွေ ပိတ်ဆို့ပြီး ရေကြီးနေခြင်းဖြစ်ပါတယ်။

အဲဒီမိုးရေတွေ ကြားထဲမှာပဲ ပြည်သူတွေက သွား၊ ကားတွေကလဲ စည်းကမ်းမဲ့ မောင်းကြတော့ နောက်ဆက်တွဲ ဆိုးကျိုးကို ချက်ချင်းခံစားရတော့တာပါပဲ။ အဲဒါကတော့ ကံကောင်းစွာဖြင့် ရရှိထားတဲ့ ကတ္တရာလမ်းမတွေ ချိုင့်တွေဖြစ်ပြီး ပျက်ဆီးသွားတာပါပဲ။ ဒီနေရာမှာ ကောင်းစားသွားသူကတော့ လမ်းတံတားဆောက်တဲ့ အင်ဂျင်နီယာတွေပါပဲ။ စကားတစ်ခွန်းတောင် ကျန်ရှိပါသေးတယ်။ ရေကြီးရင် အေအီးပျော်တယ်တဲ့။ ဒါကတော့ ရန်ကုန်ဝန်းကျင်လောက်ကိုသာ ရေးသားတင်ပြခြင်း ဖြစ်ပါတယ်။တကယ်တော့ မြန်မာပြည်တစ်ဝှမ်းလုံးမှာ ဆိုရင်တော့ မိုးဟေ့ဆိုရင် တော်တော်ဒုက္ခရောက်ရတာ မြန်မာပြည်သူပြည်သားတွေ အသိဆုံးပါပဲ။

ဟိုတလောက စာရေးသူနေတဲ့ ဆစ်ဒနီမြို့မှာ မိုးကြီးကြီး ရွာလိုက်တာ တစ်ချို့လမ်းတွေ ပိတ်ရတဲ့ အဆင့်ထိကို ရောက်သွားပါတယ်။ သေချာလေ့လာကြည့်လိုက်တော့ မိုးရွာလို့ ပိတ်ထားရတဲ့  ၇၅-ရာခိုင်နှုန်းလောက်သောလမ်းတွေမှာ ရေက ခြေကျင်းဝတ်လောက်ပဲ မြုပ်နိုင်လောက်တဲ့ မိုးရေပဲ ရှိတာပါ။ ရေးကြီး ခွင်ကျယ်လုပ်လို့ပေါ့။  ဒီလောက်တော့ ကျုပ်တို့ ရန်ကုန်မိုးရဲ့ ပုံမှန်ရွာလို့ လမ်းထဲရေ၀င်တာက ရီတာပေါ့။

ဒါကြောင့်မို့လဲ တစ်ချို့ကိစ္စတွေအပေါ်မှာ သြစီက သက်ဆိုင်ရာတွေရဲ့ ကိုင်တွယ်ပုံကို အေးရှသားတွေရဲ့ အမြင်မှာ တော်တော်သဲတယ်လို့ ထင်ရပါတယ်။ အဓိကကတော့ ဒီသြစီမှာ အန္တရာယ်ကင်းရှင်းရေး (SAFETY FIRST) ကို တော်တော်လေးကို အဓိကထားပါတယ်။ လူကို အရမ်းအလေးထားပါတယ်။ လူ့ရဲ့ အသက်အန္တရာယ်ကျရောက်မှာကို ကာကွယ်ပေးပါတယ်။ ဥပမာပြောရရင် ကားချင်းတိုက်တယ် ဆိုပါတော့၊ ရဲကို ခေါ်လိုက်ရင် ရဲကလာပါတယ်။ ပြီးတော့ လူဘာဖြစ်သေးလဲ မေးတယ်။ လူဘာမှ မဖြစ်ရင် ရဲက လှဲ့ပြန်သွားပါတယ်။ ပစ္စည်းတွေ ပျက်စီသွားတာကို လှည့်ကို မကြည့်ပါဘူး။   ကားပျက်ဆီးမှု့ကိုတော့ သက်ဆိုင်ရာ အာမခံဌာနနဲ့ ဖြေရှင်းလိုက်ရုံပါပဲ။ ဒါကတော့ လူကို တန်ဖိုးထားပုံလေးပါ။

ဒါကြောင့် ဒီသြစီမှာ ရေစီရေလာ ကောင်းအောင် ဘယ်လိုဆောင်ရွက်ထားသလဲ၊ ပြည်သူတွေကို ရေဘယ်လို ပေးဝေသလဲ၊  အသုံးပြုပြီးတဲ့ စွန့်ပစ်ရေတွေကို ဘယ်လို ပြန်ပြီးတော့ အသုံးပါသလဲ၊ မီးဘေးအန္တရာယ်ဖြစ်လာရင် မီးသတ်ကားတွေအတွက် လိုအပ်တဲ့ ရေရရှိဖို့ ဘယ်လိုဆောင်ရွက်ထားသလဲ- စသဖြင့် စသဖြင့် နည်းပညာတွေကို မြန်မာပြည်က သက်ဆိုင်သော ဌာနဆိုင်ရာများအနေဖြင့် လေ့လာ သင်ယူပြီး မိုးရာသီမှာ ဖြစ်နေတဲ့ ဒုက္ခတွေကို ဖြေရှင်းသင့်ပါကြောင်း။

ရေကြီးရင် အေအီး တစ်ယောက်သာ မပျော်စေပဲ၊ အေအီးအပါအ၀င် ပြည်သူအားလုံး ပျော်ရွှင်နိုင်ပါစေလို့။

မတူတာလေးတွေကို ပြောပါတယ်။

မောင်နေခြည် (လှည်းကူး)

Thursday, 21 November 2013

ဗိုလ်မှူးကြီးက ဘယ်ညာ ဘယ်ညာနင်း .. ပွဲခင်းပရိတ်သတ်က တ၀ါးဝါးဟား/ ဟံသာဝတီ ဦးဝင်းတင်


ဆောင်းကလေး ဝင်လာလို့များလား မသိပါဘူးဗျာ။ အိပ်မက်တွေက ကယောက်ကယက်။ တယ်ပြီးတော့ အနေမသာလှဘူးဗျို့။ ကျုပ်က ရှစ်ဆယ်ကျော် သူငယ်ပြန်တဲ့အရွယ်။ ဒီလိုပဲ ဖြစ်မှာပေါ့။ ကျုပ်ကတော့ အသာနေနိုင်အောင် ကြိုးစားပါတယ်ဗျာ။ နိုင်ငံရေးလေးစိတ်ဝင်စားတာ တစ်ခုပါပဲ။ ကျုပ်ရဲ့ အိမ်နီးချင်း ဟိုအဘိုးကြီးလိုပေါ့ဗျာ။ ဟဲဟဲဟဲ ။

မနေ့ညကတော့ ဗိုလ်မှူးကြီး လှအောင်ကို သွားသတိရတယ်။ ဗိုလ်မှူးကြီးက ခြေလျင်တောင်တက် အသင်း ဥက္ကဌတို့၊ ဘာတို့လုပ်တယ်။ ကျောင်းသားလူငယ်တွေကို ရေခဲတောင်တက်ခိုင်းတယ်။ မီးပင်လယ် မဖြတ်ခိုင်းရုံတစ်မယ်။ တိရစ္ဆာန်ရုံ ဥက္ကဌလည်း လုပ်တယ်။ တစ်နေ့တော့ တိရစ္ဆာန် ယဉ်ကျေးလိမ္မာ ပြပွဲကြီး လုပ်တယ်ဗျာ။

ဗိုလ်မှူးကြီးက ရှေ့ဆုံးက ရင်ကော့ချီလာတယ်။ ဘောင်းဘီတိုနဲ့။ ဂျိမ်းတုတ်တုတ်၊ ဂျိမ်းတုတ်တုတ် ဂျိမ်းဆိုင်းချက်နဲ့။ သူ့နောက်က ၀က်ဝံလေးတွေ၊ ကျားပေါက်လေးတွေ၊ မျောက်ကလေးတွေ၊ ငန်းကလေးတွေ ချီလာကြတယ်။ အစီအစဉ်ကြေညာသူက `ဧည့်သည်တော်များခင်ဗျာ။ ဗိုလ်မှူးကြီးလှအောင်ဟာ အတိတ် တိရစ္ဆာန်ပင် ဖြစ်ငြားသော်လည်း´ …(နောက်တစ်ကျော့) …`ဖြစ်ငြားသော်လည်း..´။ (နောက်တစ်ကျော့)။ နှစ်ကျော့၊ သုံးကျော့ အော်နေတယ်။ ပရိသတ်က တ၀ါးဝါး။ တဟားဟား။ ဗိုလ်မှူးကြီးက ဘယ်ညာဘယ်ညာ။ ဆိုင်းချက်က ဂျိမ်းတုတ် ဂျိမ်းတုတ်။ …အတော်ကြီးကြာမှ `ယဉ်ကျေးလိမ္မာအောင် သင်ပြပေးနိုင်ပါတယ်ခင်ဗျား´လို့ စကားဆက်တယ်။ ပရိသတ်ကတော့ တ၀ါးဝါး။ ဗိုလ်ချုပ်ကြီးကလည်း ဘယ်ညာ ဘယ်ညာ။ ဆိုင်းချက်ကလည်း ဂျိမ်းတုတ်ဂျိမ်းတုတ်။ ဟဲ့…ဟဲ့ တိရစ္ဆာန်က ဘယ်သူလဲ။

ကျုပ်စိတ်တွေ ဟိုရောက်ဒီရောက်နဲ့ ဟိုတွေးဒီတွေး လုပ်နေမိတယ်။ နားထဲမှာလည်း အသံမျိုးစုံကြားနေတယ်။ ဗိုလ်ချုပ်ကြီးတွေဟာ တိရစ္ဆာန်ပင် ဖြစ်ငြားသော်လည်း…ဟုတ်ပေါင် ယောင်လို့။ ကြံ့ခိုင်ရေးပါတီ ၀မ်းအင်ဟဖ် ဥက္ကဌကြီး ဦးဌေးဦးက လူထုကို အရူးတွေလို့ ပြောတယ်ဆိုပြီး မီဒီယာတွေက ရေးသလို လူ့တပူးရိုင်း ဖြစ်ငြားသော်လည်း တိုင်းသူပြည်သားများကို စည်းကမ်းသေ၀ပ်စွာ အခြေခံဥပဒေကို ကာကွယ်စောင့်ရှေုာက်အောင် အပစ်အခတ် အဲလေယောင်လို့ ပစ်စလက်ခတ် အလွယ်လေး သွန်သင်ပေးနိုင်ပါတယ်ခင်ဗျား။ အဲဒီ့အသံချည်း နားထဲ ပဲ့တင်ထပ်နေတယ်။

ကျုပ်က ဒီချုပ်ခေါင်းဆောင်ကြီး ဒေါ်စုရဲ့နောက်လိုက်ဆိုတော့ တပ်မတော်ချစ်တဲ့စိတ်တွေ တော်တော်ကိုသည်းတာပေါ့ဗျာ။ ကျုပ်လည်း ဒေါ်စုလိုပဲ သူ့ဖခင်ရဲ့ တပ်မတော်ကို တိုင်းသူပြည်သားတွေက ကြည်ညိုမြတ်နိုးကြစေချင်တယ်လေ။ ဗိုလ်ချုပ်က တပ်မတော် ဗိုလ်ချုပ်ရာထူးကို ငြင်းပယ်တယ်။ တပ်မတော်က နှုတ်ထွက်၊ နိုင်ငံရေးလုပ်ခဲ့တယ်။ ဒါကို ကျုပ်လူလားမြောက်စကတည်းက ကြားခဲ့၊ သိခဲ့တာဗျ။ ဒါကြောင့် ကျုပ်လည်းတပ်တော် ခေါင်းဆောင်တွေကို ဒေါ်စုလိုပဲ ကြည်ညိုရင်းစွဲရှိတာပေါ့။

ဒီချုပ်ရောက်တော့ စစ်ဗိုလ်ကြီးတွေနဲ့ ကျုပ်နိုင်ငံရေးအတူလုပ်ရတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးဗျာ။ နိုင်ငံရေး ခိုင်မာတယ်၊ ပါတီအပေါ်သစ္စာရှိတယ်။ စည်းရုံးရေးညက်တယ်။ ရဲဘော်စိတ်ထက်သန်တယ်၊ ဥာဏ်ရည်ဥာဏ်သွေး၊ လုပ်ရည်ကိုင်ရည်ကတော့ ပြောစရာ မလို။ စစ်ခေါင်းဆောင်ပဲဗျာ။ အဲဒါတွေအလျှံပယ်ပြည့်ဝပြီးသားပေါ့။ သူကို ပါတီဝင်တွေကရော၊ လူထုကပါ ချစ်တယ်။ သူ့လိုပဲ တပ်မတော်ခေါင်းဆောင်ဟောင်းကြီးတွေ ဒီချုပ်ထဲမှာ အလွှာလွှာပါဝင်နေတယ်။ ပါတီဥက္ကဌကြီးလုပ်သွားတဲ့ ဗိုလ်မှူးချုပ်အောင်ရွှေဗျာ။ ၁၉၉၀ ရွေးကောက်ပွဲမှာ တာဝန်ယူအောင်ပွဲဆင်သွားတဲ့ ဗိုလ်မှူးကြီးဦးကြည်မောင်ဗျာ။ ကျုပ်လိုပဲ ပါတီအတွင်းရေးမှူးလုပ်သွားတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး ဦးချစ်ခိုင်ဗျာ။ သန်းခေါင်စာရင်းကောက်သလို တစ်ယောက်ချင်းစီ ရုပ်လုံးဖော်နေရရင် ဆုံးနိုင်မှာ မဟုတ်ဘူး။ ဒေါ်စုခေါင်းဆောင်မှုအရရော၊ ပါတီမူဝါဒအရပါ ဒီချုပ်ဟာ တပ်မတော်အပေါ်မှာ အများကြီးသံယောဇဉ်ရှိတယ်။

ဒီလိုသံယောဇဉ်ကြီးတာ ဗမာကြည့်ကြည့်တဲ့အမြင်၊ ကမ္ဘာကြည့်ကြည့်တဲ့အမြင်တွေပေါ်မှာ အခြေခံတယ်။ တစ်လောကပဲ ကွယ်လွန်သူဗိုလ်ချုပ်မှူးကြီးစောမောင်ကို ကျုပ်လွမ်းမိခဲ့သေးတယ်။ ရွေးကောက်ပွဲပြီးရင် သူက နိုင်ငံရေးကို စွန့်ခွာမယ်၊ တပ်ကိုပြန်မယ်။ နိုင်ငံရေးပါတီတွေ အခြေခံ ဥပဒေဆွဲကြတဲ့။ ဒီလိုပုဂ္ဂိုလ်မျိုးကို ကျုပ်တို့ဆည်းကပ်ရမှာပေါ့။ ကျုပ်တို့ငြင်းတာ စစ်တပ်မဟုတ်ဘူးလေ။ ကျုပ်တို့မုန်းတာ စစ်သားမဟုတ်ဘူး။ ကျုပ်တို့မုန်းတာ၊ ငြင်းတာ စစ်အာဏာရှင်စနစ်ဗျ။ စစ်အာဏာရှင်ဂိုဏ်းဗျ။

ရှင်းရဲ့မဟုတ်လား။ ကမ္ဘာမှာလည်း ဗိုလ်ချုပ်အောင်ဆန်းလိုပဲ စစ်တပ်ကို ကျောခိုင်းပြီး နိုင်ငံရေးထဲဝင်ခဲ့တဲ့ သူတွေမနည်းဘူးလေဗျာ။ ကောက်ခါငင်ကာပြောရရင် အမေရိကန်ဗိုလ်ချုပ်ကြီး အိုက်ဆင်ဟောင်ဝါတို့၊ ပြင်သစ်ဗိုလ်ချုပ်ကြီး ဒီ့ဂေါတို့၊ ဖိလစ်ပိုင်ချုပ်ကြီး ရာမို့စ်တို့၊ အင်ဒိုနီးရှားဗိုလ်ချုပ်ကြီး ဆူဆီလိုဘန်ဘန်တို့လို ပုဂ္ဂိုလ်တွေဗျာ။ တပ်ရာထူးကို စွန့်ပြီး နိုင်ငံရေးလုပ်ခဲ့ကြတယ်ဗျာ။ နိုင်ငံကို ခေါင်းဆောင်ခဲ့ကြတယ်လေ။

ဒီနေ့လူထုက ဘာတွေတောင်းဆိုနေကြသလဲ။

နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးမှာ တပ်မတော်လက်ဆုပ်ဖြည်ကြပါတော့။ ပါဝင်ပတ်သက် စိုးမိုးချယ်လှယ် ဖိနှိပ်အုပ်စီးမှုတွေ စွန့်လွှတ်ကြပါတော့။

ထိုးစစ်တွေရပ်ကြပါတော့။ တိုက်ပွဲတွေတော်ကြပါတော့။ နယ်မြေစိုးမိုးမှုတွေ ဆုတ်ကြပါတော့။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရှေ့ရှုကြပါတော့။ ဖက်ဒရယ် တပ်မတော်ဖွဲ့စည်းရေး စီမံကြပါတော့။

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေး ပြည်သူ့လှုပ်ရှားမှုတွေမှာ ၀ိုင်းဝန်းကူညီကြပါတော့။

အမျိုးသားပေါင်းစည်းညီညွတ်ရေး ပြည့်သူ့လှုပ်ရှားမှုမှာ ပါဝင်ဆင်နွှဲကြပါတော့။

ပြည်သူတွေရဲ့ နိုင်ငံရေးတောင်းဆိုချက်က ဒါပါပဲ။

ဒါပါပဲ ဆိုပေမယ့် ပြည်သူတွေ ပြောချင်တဲ့ စကားအများကြီး ကျန်ပါသေးတယ်။ တစ်ပုံကြီးပါပဲ။ ပြောချင်တဲ့စကားအားလုံးကို လိပ်ပတ်လည်အောင် မပြောတတ်လို့ အသံတိုးတိုးပဲကြားနေရတာပါ။ အာခေါင်ပဲ့အောင် မပြောတတ်လို့ အသံကျယ်ကျယ် မထွက်တာပါ။

ပြည်သူတွေရင်ထဲ အောင်းထားတဲ့စကားတွေ အများကြီးရှိနေပါတယ်။ ပြည်သူတွေပြောချင်တဲ့ စကားအများစုက တပ်မတော်နဲ့ တစ်နည်းမဟုတ်တစ်နည်း သက်ဆိုင်နေတယ်။ အဲဒီ့စကားတွေက စစ်အာဏာရှင်ဟောင်းတွေရဲ့ ရာဇ၀တ်မှုတွေ၊ အကျင့်ပျက်မှုတွေ၊ အာဏာအလွဲသုံးမှုတွေ၊ ကိုယ်ကျိုးရှာမှုတွေနဲ့ ပတ်သက်နေတယ်။

ကျုပ်ကို ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ပြောခဲ့တဲ့စကားရှိတယ်။ `ပြီးတာတွေ ထားလိုက်ပါတော့´တဲ့။ ဒီလိုဆင်သေ ဆိတ်ရေဖုံး လက်လွတ်စပယ်စကားမျိုးလောက်နဲ့တော့ ဒီကိစ္စက မပြီးပြေနိုင်ဘူး။ အရပ်စကားနဲ့ ပြောရမယ်ဆိုရင် ဒီလိုပြောရမယ် ထင်တယ်။

ပြည်သူလူထုကြီးခင်ဗျား။ ဆောရီးဗျာ။ ပြည်သူတွေ ခွင့်လွှတ်တော်မှုကြပါ။ တောင်းပန်ပါတယ် ဆိုတဲ့ စကားမျိုးကို လူသိရှင်ကြား၊ ဗမာကြား၊ ကမ္ဘာကြားပြောရမယ်။ အစိုးရနဲ့ တပ်မတော်က ဒီကိစ္စတွေကို တရားဥပဒေနဲ့အညီ တံမြက်လှည်းရမယ်။ အမှိုက်ရှင်းရမယ်ပေါ့။ ရာဇ၀င်မှုမြောက်တဲ့ ကျူးလွန်မှုတွေရှိရင်တော့ တရားဥပဒေအရ ဖြေရှင်းရမယ်ဗျ။ အားလုံးပြီးပြတ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ပေးရပေးမှာပေါ့လေ။

ဒီနေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက စကြ၀ဋ္ဌာသံတံတိုင်းကြီးကာတယ်။ ဒီတော့ အခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း မဖြစ်မနေလုပ်ရမှာပဲ။ တပ်မတော်ကလည်း ၀ိုင်းကူရမှာပဲပေါ့ဗျာ။

တပ်မတော်ဂုဏ်ရောင် ထွန်းပြောင်ပါစေ။

ဟံသာဝတီဦးဝင်းတင်

Ref:ဒီလှိုင်းဂျာနယ်။ ။ အတွဲ (၂)၊ အမှတ် (၄၅)။

Friday, 15 November 2013

မတူတာလေးများ အပိုင်း-၂၄ (သို့) မိုးရေကို အသုံးပြုသည်



မြန်မာပြည်မှာနေတုံးက ရွာမှာ မိုးရွာပြီဆိုရင် ခလေးသဘာဝ မိုးရေထွက်ချိုးတယ်။ အပေါင်းအသင်းတွေ စုံပြီဆိုရင်တော့ ရေကြီးတဲ့နေရာတွေမှာ ရေသွားကူးတတ်ကြပါတယ်။ ဒါပေမယ့် စာရေးသူကတော့ ရေမကူးတတ်ပါဘူး။ အဖေါ်ကောင်းလို့သာ လိုက်သွား တတ်ခြင်းဖြစ်ပါတယ်။ သူငယ်ချင်းတွေ ရေကူးတာကို ကုန်းပေါ်ကနေပဲ ကြည့်နေတတ်ပါတယ်။ စာရေးသူတို့အိမ်က ဓနုံးမိုးဆိုတော့ ညဘက်မိုးရွာရင် မိုးစက်က ဓနုံးပေါ်ကျတဲ့ အသံလေးတွေက တဖျောက်ဖျောက်နဲ့ တယ်ပြီးတော့ ကွေးလို့ကောင်းတာပါပဲ။ ဖားဂုံညင်းတွေကလဲ ဘာအော်သလဲ မမေးပါနဲ့။

ဒါပေမယ့် မိုးရာသီကို အခြားရာသီတွေထက်တော့ အကြိုက်နည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆင်းရဲတဲ့ မိသားစုနေ ပေါက်ဖွားလာသူဆိုတော့ အ၀တ်အစား သိပ်များများစားစား မရှိလှပါဘူး။ ကျောင်းတက်တော့လဲ ထီးက အကျိုးနဲ့ အပေါက်ပါပဲ။ မိုးရွာရင် အားကြီးစိတ်ပျပ်ပါတယ်။ ဆရာတော်ဝယ်ပေးတဲ့ ခမောက်ပဲရှတာဆိုတော့လေ။ ဆွမ်းခံက ပြန်လာပြီဆိုရင် ဘောင်းဘီ အကျီ င်္ကို ချွတ်ပြီး မီးပူပူမှာ ခြောက်အောင် လှမ်းရတာပါ။ ငယ်ငယ်က အကြောင်းတွေကို ပြန်စဉ်းစားရင် တော်တော်လေးကို လွမ်းမောဖွယ်ရာပါပဲ။ 

ရွာမှာတော့ မိုးရွာပြီ ဆိုရင် တက်နိုင်တဲ့သူက အုတ်ကန်နဲ့ မိုးရေလှောင်ကြတယ်။ မတက်နိုင်တဲ့သူတွေကတော့ ပုံးတွေ ခွက်တွေနဲ့ ထည့်ထားတတ်ကြတာပါပဲ။ မိုးရေကို ဒီအတိုင်းလဲ သောက်ကြပါတယ်။ ကြိုချက်ပြီးတော့လဲ သောက်ကြပါတယ်။ မိုးရေ နဲ့ မြန်မာပြည်ဟာ ခွဲခြားလို့ကို မရစကောင်းပါဘူး။ မိုးရေကို သုံးစွဲရတာ သောက်သုံးရတာဆိုတာ စာရေးသူတို့ မြန်မာလူမျိုးတွေ အတွက် သိပ်ပြီးတော့ မထူးဆန်းပါဘူး။ 

ဒီသြစတေးလျနိုင်ငံမှာကျတော့ သြစီတွေက မိုးရေရဲ့ အသုံးဝင်ပုံကို သိပ်ပြီးတော့ သိပုံမရပါဘူး။ တစ်ချို့တစ်လေတော့ မိုးရေကို သုံးကြပါတယ်။ မိုးရေသုံးတဲ့ သူတွေကလဲ သူတို့နေထိုင်တဲ့ အိမ်ခြံတံခါးမှာ “Rain water in use” (မိုးရေကို အသုံးပြုသည်) ဆိုတဲ့ စာတမ်းလေးကို ကပ်ထားတာကို တွေ့နိုင်ပါတယ်။ 

မတူတာလေးတွေကို ပြောပါတယ်။

မောင်နေခြည် (လှည်းကူးမြေ) 

Thursday, 14 November 2013

သို့သော် (သို့မဟုတ်) ဒါပေမယ့် / ရေးသူ- အရှင်အဂ္ဂဥာဏ (လှည်းကူး) (မောင်နေခြည်-လှည်းကူး)

သို့သော် (သို့မဟုတ်) ဒါပေမယ့်......
ဒီအတွေးအခေါ်စာစုလေးမှာ ဘေ့ဘွတ်မှာ နဲနဲ နဲနဲတင်ရင်း ဖြစ်လာတဲ့ စာစုလေးပါ။

နောက်ပိုင်း ထက်ပြီးတော့ ရေးဖို့လဲ အစီအစဉ်ရှိပါတယ်။
ပြီးသမျှကိုလဲ အင်္ဂလိပ်လို ဘာသာပြန်နိုင်အောင်လဲ ရည်ရွယ်ထားပါတယ်။

စာအုပ်တစ်အုပ်စာလောက် ရရင်ဖြင့် အတွေးအခေါ်စာအုပ်လေးတစ်အုပ် ထုတ်ချင်ပါတယ်။

အခုဟာကတော့ ရေးထားသမျှလေးကို ပီဒီအက်ဖ်ဖိုင်နဲ့ ပြုလုပ်ပြီး စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။
ဒီအတွေးအခေါ်နဲ့ ပတ်သက်ပြီး လွတ်လွတ်လပ်လပ် ဝေဘန်နိုင်ပါတယ်။

အရှင်အဂ္ဂဥာဏ (လှည်းကူး)
(မောင်နေခြည်-လှည်းကူး)
ဆစ်ဒနီ၊ သြစတေးလျနိုင်ငံ။

But by Mg Nay Chi

Monday, 14 October 2013

တောက ဟာသများ - အပိုင်း-၁၅ (သို့) မသေးစိန်



လှည်းကူးမြို့နယ်ထဲမှာ ကောက်ကွေ့ဆိုတဲ့ ရွာတစ်ရွာရှိပါတယ်။ အဲဒီရွာမှာ မသေးစိန်-ဟု ခေါ်တဲ့ အမျိုးသမီးကြီးတစ်ယောက်ရှိပါတယ်။ (အမြဲတမ်းသေးထွက်လို့ မသေးစိန်-ဟုခေါ်ခြင်း မဟုတ်ပါ။ )သူမရဲ့ ဘော်ဒီတည်ဆောက်ထားပုံက သေးပြီး အရပ်ပုနေလို့ပါပဲ။

တောသူတောင်သားဆိုတော့ လယ်အလုပ်နဲ့ပဲ အသက်မွေးပါတယ်။ ကိုယ်ပိုင်လယ်ထွန်ယက်စိုက်ပျိုးပြီးရင် သူတပါးလယ်တွေ့မှာ အခကြေးငွေယူပြီး ကောက်စိုက်ပါတယ်။ ဒါပေမယ့် မာနကတော့ ခက်ကြီးကြီးပါပဲ။ သူမာနကြီးရခြင်းအကြောင်းကလဲ သူ့အရပ်ပုခြင်းကိုပဲ လာလာစလို့ မစမနောက်အောင် မာနကြီးရခြင်းပါ။
တစ်နေ့သား ပိုက်ကြီးဝဲက လယ်တွေမှာ ကောက်စိုက်ချိန် လူတစ်ယောက်က တာလမ်းမပေါ်ကနေ လှမ်းအော်ပါတယ်။

"ဟို ကောက်စိုက်မသေးသေးလေးက ကောက်စိုက်တတ်လို့လား"-ဟု။

အဲဒီလိုပြောတော့ " စိုက်တတ်သလား မစိုက်တတ်ဘူးလားသိချင်ရင် ဒီကိုလာကြည့်"-ဟုပြောတတ်တဲ့ မသေးစိန်ပါ။ လူသေးသေးပေမယ့် မာနကတော့ ခပ်ကြီးကြီးပါပဲ။ ဒီမာနတွေကြောင့်လဲ မသေးစိန်တစ်ယောက် အပျိုကြီးဘ၀က မလွတ်ခြင်း ဖြစ်နိုင်ပါတယ်။

တစ်နေ့သား မသေးစိန်တစ်ယောက် သူ့အိမ်မှာ အလုပ်ရှုပ်လျက်ရှိပါတယ်။။ အဲဒီအချိန်မှာ ရွာသားတစ်ယောက်က " မသေးစိန် ဘာလုပ်နေလဲ"-ဟုမေးပါတယ်။
အဲဒီအခါမှာ မသေးစိန်က အောက်ပါအတိုင်း ဖြေခဲ့ပါတယ်။

"လာရောက်ခိုးယူရင် အဆင်သင့်ဖြစ်အောင် အထုပ်ပြင်နေတာ"-ဟု။

မသေးစိန်ဟာ အမြဲတမ်း အထုပ်ပြင်ထားပါတယ်။ မည်သို့ပင် အထုပ်ပြင်ထားပေမယ့် ခိုးယူပေါင်းသင်းမယ့်သူ မပေါ်ခဲ့ပါဘူး။ စကားတစ်ခွန်းကတော့ လှည်းကူးနယ်မှာ ပြောစမတ်တော့ ဖြစ်ကျန်ရစ်ခဲ့ပါတယ်။

"မသေးစိန်လို အထုပ်ပြင်ပြီးပြီလား"-ဟု။


မောင်နေခြည် (လှည်းကူး)

Friday, 11 October 2013

တောက ဟာသများ - အပိုင်း-၁၄ (သို့) င ကျင်



လှည်းကူးမြို့နယ်ထဲက ဖောင်ကြီးတော (ရိုးမတော)ဟာဖြင့် တောကလဲနက် သစ်ကြီးဝါးကြီးလဲ ပေါတဲ့ အရပ်ပါပဲ။ လှည်းကူးနယ်တစ်ခွင် ပဲခူးနယ်တစ်ခွင်က လယ်သမားတွေဟာ နွေလေးပေါက်ပြီဆိုရင်ဖြင့် ဖောင်ကြီးတောကို တက်ကြပါတယ်။ 

သစ်လိုချင်လို့ တောတက်တဲ့သူလဲ ရှိပါတယ်။ ၀ါးလိုချင်လို့ တောတက်သူလဲရှိပါတယ်။ အိမ်မိုးဖို့ ဓနိတို့ ဓနုံးတို့လိုချင်လို့ တက်တဲ့လူလဲ ရှိပါတယ်။ ရိုးမထဲက သစ်တွေ ၀ါးတွေကို စီးပွားဖြစ် ခိုးထုတ်တဲ့ သူတွေလဲ အများကြီးပါ။ အဲဒီလူတွေကတော့ တောခေါင်းတွေ တောအုပ်တွေနဲ ပူးပေါင်းပြီး လုပ်ကြတာပါ။ 

အဲဒီလူတွေထဲမှာတော့ ဦးကျင်ဆိုတဲ့လူတစ်ယောက်ကတော့ တောခေါင်းတွေ တောအုပ်တွေအပေါ်မှာ တော်တော်သြဇာညောင်းသူပါ။ ဘာကြောင့်လဲဆိုတော့ ရဲတွေ၊ တောခေါင်း တောအုပ်တွေကို ငွေကို အထုပ်လိုက်ပစ်ပေးပြီး ပေါင်းထားလို့ပါပဲ။ သူဟာ လှည်းကူးမြို့နယ်၊ ပိုက်ကြီးဝဲသား ဖြစ်ပါတယ်။

မိသားစုသုံးဖို့လောက် သစ်ဝါးခုတ်ယူလာတဲ့ လှည်းသမားတွေ မိမိရွာကို ရောက်ဖို့ဆိုရင် လမ်းတစ်လျှောက်မှာ ပေးရကမ်းရတဲ့ ၀ါးတားဂိတ်တွေက (၂၀) ကျော်ကျော်ရှိပါတယ်။ အဲဒီ ၀ါးတားဂိတ် (၂၀)ကျော်ကို ပေးဖို့ရယ်။ လမ်းခရီးမှာ စားဖို့သောက်ဖို့ရယ်ကို တစ်ခါတည်း ပိုက်ဆံထည့်သွားရတာပါ။ တော်ရုံတန်ရုံ ရဲတွေ၊ တောခေါင်း တောအုပ်တွေကို ဦးကျင်-ရဲ့ နာမည်လေးပဲ ပြောလိုက်ပါ။ ရဲတွေ တောခေါင်းတွေ တောအုပ်တွေက သစ်ဝါးခိုးထုတ်တဲ့ လှည်းသမားတွေကို မဖမ်းတော့ပါဘူး။

လှည်းသမားတိုင်းနီးပါးက အဖမ်းခံရရင် ဦးကျင်နဲ့ ဘယ်လိုဆွေမျိုးတော်ကြောင်းပဲ ပြောကြတော့ တာပေါ့။ အဲဒီလိုပဲ ပြောပါများတော့ ရဲတွေ တောအုပ်တောခေါင်းတွေမှာ အောက်စိုက်မရတော့ဘူးပေါ့။ တစ်ခုသောနေ့မှာတော့ လှည်းကူးမြို့နယ်၊ ပိုက်ကြီးဝဲရွာက ဦးကျင် နှင့် ဆွေမျိုးတော်သူတစ်စုဟာ ဖောင်ကြီးတောကို တက်ပြီး သစ်ခုတ်ပြီးအပြန် လမ်းမှာ ရဲနဲ့ တန်းတိုးပါတော့တယ်။ ထုံးစံအတိုင်းပေါ့။ ဦးကျင်နဲ့ ဘယ်လိုဆွေမျိုးတော်ပါတယ်-ဟု လှည်းသမားတွေက ပြောရာမှာ ရဲတွေက အောက်ပါအတိုင်းပြောခဲ့ပါတယ်။

" အဲဒီ ငကျင် သာခိုးသေး"-ဟု။
ပိုက်ကြီးဝဲရွာက လှည်းသမားတွေဟာ ရဲကို မနည်းလာဘ်ထိုးပြီး အမြန်မောင်းထွက်လာခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ လှည်းတွေပေါ်မှာ အ၀ါတွေ အပြည့်နဲ့လေ။

(မှတ်ချက်။ ၊ အ၀ါဆိုသည်မှာ ကျွန်းသစ်-ကို ဆိုလိုပါတယ်။)

မောင်နေခြည် (လှည်းကူး)