မြန်မာ+အင်ဒိုဘောပွဲရဲ့ အဖြစ်အပျက်ကို သိရပြီးတဲ့နောက် ကျုပ်တို့ရွာက ဘောလုံးအသင်းအကြောင်းကို ရေးချင်စိတ်ပေါက်လာပါတယ်။ ကျုပ်တို့ရွာရဲထိပ်မှာ ဘောလုံးကွင်းတစ်ကွင်းရှိပါတယ်။ ဘောကွင်းက လှည်းကူး+ဆားတလင်းလမ်းမဘေးမှာ တည်ရှိနေတော့ ပွဲကြည့်စင်က သီးသန့်ကြီး လုပ်စရာမလိုပါဘူး။ လမ်းဘေးကုန်းစောင်းကနေ ထိုင်ကြည့်ရတာသည်ပင် အရသာတစ်ခုပါ။ ကျုပ်တို့ရွာမှာ ညနေတိုင်း ဘောပွဲရှိပါတယ်။ ရွာအရှေ့ပိုင်းနဲ့ အနောင်းပိုင်း။ လူပျို လူအိုလဲ ခွဲကန်ကြတယ်။ ကလားသားအချင်းချင်းလဲ ခွဲကန်ကြတယ်။ တစ်ခြားရွာက အသင်းတွေကိုလဲ ခေါ်ကန်ကြပါတယ်။ မှတ်မှတ်ရရ
ကြားသိခဲ့ရတာကတော့ ဖေဖေတို့ ကျောင်းသားအသင်းက ကျောင်းပေါင်းစုံပွဲမှာ
မြို့နယ်မှာ ဗိုလ်စွဲခဲ့ပါသေးတယ်တဲ့။ အခုနောက်ပိုင်းမှာလဲ
ကျောင်းပေါင်းစုံပွဲမှာ တစ်ခါထပ်ပြီး ဗိုလ်စွဲခဲ့ပါသေးတယ်။
ကန်ကြတာကလဲ လောင်းောကးစားကြေးနဲ့ ကန်ကြတာပါ။ ပွဲအနိုင်အရှုံးလဲ လောင်းကြပါတယ်။ တစ်ဂိုးကို ဘယ်လောက်ဆိုပြီးတော့လဲ လောင်းကြေးနဲ့ ကန်ကြပါတယ်။ တစ်ချို့နှစ်များဆိုရင် ရွာကဘောလုံးအသင်းက အနိုင်ရငွေတွေနဲ့ ရွာကစာသင်တိုက်မှာ ၀ါဆိုသင်္ကန်းတွေတောင် ကပ်နိုင်ခဲ့ပါတယ်။ လှည်းကူးမှာ နာမည်ကြီးခဲ့တဲ့ ကစားသမားတိုင်း ရွာကကွင်းမှာ ကန်ဖူးကြပါတယ်။ ရွာက ဘောလုံးအသင်းက မြို့နယ်ပွဲတွေလဲ ၀င်ပြိုင်ကြပါတယ်။
တစ်ခုသောရက်မှာတော့ ကျုပ်တို့ရွာကဘောလုံးအသင်း မြို့နယ်ပွဲကို တက်ြပိုင်ပါတယ်။ ကိုယ့်အုပ်စုထဲမှာ ဖောင်ကြီးအရှေ့အသင်းပါတယ်။ အင်းတိုင်အသင်းပါတယ်။ ဒရယ်ဘိုအသင်းပါတယ်။ တကယ့်ရွာကြီးတွေက အသင်းတွေပါပဲ။ ဘောလုံးအသင်းတွေရဲ့ ထုံးစံအတိုင်း ရွာအသင်းမှာ ဂိုးသမားနှစ်ယောက်ရွေးထားပါတယ်။ ဒရယ်ဘိုအသင်းနဲ့ ပထမဆုံးတွေ့တော့ ရွာကအသင်းအနိုင်ရပါတယ်။ ရွာက ပြန်ရောက်တော့ ရွာ ဥက္ကဌက သူ့အိမ်မှာ ကြွေးမွေးပါတယ်။ တဆက်တည်းမှာပဲ နောက်နေ့ ဖေါင်ကြီးအရှေ့အသင်းကို အနိုင်ရရင် ဥက္ကဌက နွားတွေ ၀က်တွေသတ်ပြီး ဂုဏ်ပြုဖို့ စီစဉ်ထားခဲ့ပါတယ်။
ကံဆိုးချင်တော့ ဖေါင်ကြီးအရှေ့နဲ့ ကန်တဲ့အချိန်မှာ ရွာက ပထမဂိုးသမား ကိုသန်းဦးက ဒဏ်ရာရသွားပါတယ်။ ဒီတော့ ဂိုးသမားပြောင်းလဲရပါတော့တယ်။ အနေအထားအရ ဘောလုံးနှစ်သင်းက သူမသာ ကိုယ်မသာပါပဲ။ ဒါပေမယ့် ဒုတိယဂိုးသမားက တဖက်က အသင်းက သွင်းသမျှကို မဖမ်းပဲ လွှတ်ပေးနေပါတော့တယ်။ အဲဒီပွဲမှာ ရွာကအသင်းက ၁၄ဂိုး+ဂိုးမရှိနဲ့ ရှုံးခဲ့ပါတယ်။ ဒုတိယဂိုးသမားကို ဘာ့ကြောင့် လွှတ်ပေးသလဲ-လို့ မေးကြည့်တော့ သူက ပထမဂိုးသမားဖြစ်ချင်တာကို မပေးပဲနဲ့ ဒုတိယနေရာပဲ ပေးလို့ အခုလိုလုပ်တာပါတဲ့။
ဒီဂိုးသမားကြောင့် ရွာက ဘောလုံးအသင်းလဲ တော်တော်လေးကို ဂုဏ်တတ်သွားပါတော့တယ်။ ကိုယ့်ရဲ့ ပတ်မကို ကိုယ်ပဲ ပြန်ပြီးတော့ ထိုးဖေါက်တဲ့ လုပ်ရပ်ပါပဲ။ အဲဒီဘောလုံးပွဲညက ရွာက ဘောလုံးအသင်း ရွာကို ဘယ်အချိန်ပြန်ရောက်လာသလဲတောင် မသိပါဘူး။ အသံကို တိတ်နေတာပါပဲ။ အခါတိုင်းဆို ဘောလုံးနိုင်လာပြီဆိုရင် တစ်ရွာလုံးကို ဆူညံနေတာပါ။ နောက်နေ့မနက်မှ ကြားရပါတယ်။ ညတုံးက ဘောသမားတွေကို ဥက္ကဌကတော်က ဆဲလိုက်တာ မိုးကို မွှန်နေတာပါပဲတဲ့။
နောက်ရွာတွေကို ချိန်းကန်တဲ့ ပွဲတွေလဲရှိပါတယ်။ တစ်နေ့သား ရွာကွင်းမှာ ကောက်ကွေ့ရွာအသင်းနဲ့ ချိန်းကန်ကြတာပေါ့။ ပရိသတ်ကလဲ များမှများပဲ။ အဲဒီပွဲမှာ နှစ်ရွာဘောလုံးအသင်းရန်ဖြစ်ကြပါတော့တယ်။ အဲဒီဘောပွဲမှာ ဘယ်သူက ပစ်လိုက်တဲ့ လေးခွကြောင့်လဲ မသိပါ။ ရွာက ဦးစံကြည်-ဆိုသူရဲ့ မျက်လုံးတစ်လုံးကန်းသွားရပါတော့တယ်။ အဲဒီအချိန်က စပြီး ရွာမှာ ဆိုရိုးစကားလေး တစ်ခုပေါ်လာပါတယ်။ အဲဒါကတော့..
ကောက်ကွေ့သားက၊ လက်တဲ့စမ်း၊ စံကြည် မျက်လုံးကန်း-တဲ့။
တောက ဟာသလေးတွေကို ပြောပါတယ်။
မောင်နေခြည် (လှည်းကူး)
No comments:
Post a Comment