ရန်ကုန်၊ ဒီဇင်ဘာ ၎
လှည်းကူးမြို့နယ် ငါးဆူတောင်
ကျေးရွာအုပ်စုတွင် သေဆုံးသူ အမျိုးသမီးက အိပ်မက်ပေးကာ ရှာဖွေခိုင်းသော ၎င်း၏
ရုပ်အလောင်းနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါ
အမျိုးသမီး ပျောက်ဆုံးသည့် ရက်မှစ၍ ရက်ပေါင်း ၄၀ ကျော်အကြာ ဒီဇင်ဘာလ ၃
ရက်နေ့တွင် အဓမ္မကျင့် လူသတ်ကာ အလောင်းဖျောက်သည်ဟု ယူဆရသူ အမျိုးသား
သုံးဦးကို ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း ငါးဆူတောင် နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ကျေးရွာအုပ်စုရှိ ရဲသုခ စိုက်ပျိုးရေးခြံတွင် အောက်တိုဘာလ ၂၁
ရက်နေ့ ညနေပိုင်းက အသက် ၂၃ နှစ်အရွယ် မချိုနွယ်ဝင်း (ခ) ကတုံးမသည် အမှတ်
(၁) ကျေးရွာသို့ ဈေးဝယ်သွားရာမှ နေအိမ် သို့ ပြန်မလာသဖြင့် ခင်ပွန်း
ဖြစ်သူက အောက်တိုဘာလ ၂၆ ရက်နေ့တွင် လူပျောက် တိုင်ချက်ဖွင့်ကာ
ရှာဖွေနေခဲ့ကြောင်း၊ ကိုးရက်မြောက်နေ့တွင် ပျောက်ဆုံးသူ အမျိုးသမီး
လုပ်ကိုင်ခဲ့သည့် စိုက်ပျိုးရေးခြံမှ အမျိုးသမီး အလုပ်သမားတစ်ဦးကို ၎င်း၏
အလောင်း ရှိသည့်နေရာ အိပ်မက် ပေးခဲ့သောကြောင့် သွားရောက် ရှာဖွေခဲ့ကြောင်း၊
ယင်းနေရာ၌ ပုပ်ပွကာ ဒဏ်ရာများဖြင့် သေဆုံးနေသည့် မချိုနွယ်ဝင်း၏
အလောင်းကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ သေဆုံးမှုကို ပုဒ်မ ၃၀၂ ဖြင့်
အမှုဖွင့် စစ်ဆေးစဉ် မသင်္ကာဖွယ် အမျိုးသားသုံးဦးကို ဖမ်းဆီးစစ်ဆေးခဲ့ခြင်း
ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
နေအိမ်မှ ဈေးဝယ်အသွား ကိုးရက်ကြာ ပျောက်ဆုံးနေခဲ့သော သေဆုံး ခဲ့သူ၏
ရုပ်အလောင်းကို ငါးဆူတောင်အုပ်စု ဧက ၁၀၀ ခြံအတွင်းရှိ လျှိုအဆင်းတွင်
ပုပ်ပွလျက် တွေ့ရှိခဲ့ကြောင်း၊ ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာ နှစ်ချက်၊
ညာဘက် ဝမ်းဗိုက်အောက်အတွင်း ပေါက်ပြဲဒဏ်ရာ တစ်ချက်တို့ကို
တွေ့ရှိခဲ့ကြောင်း၊ အလောင်းကို လှည်းကူး ဆေးရုံသို့ ပို့ဆောင်ပြီး
စစ်ဆေးခဲ့ရာ ဆေးစာအရ မသေဆုံးမီ အဓမ္မကျင့် ခံခဲ့သည်ကို တွေ့ရှိရကြောင်း
လူသတ်မှု ဖြစ်ပွားခဲ့သော နေရာအနီးတွင် ရှိသည့် မယ်ဇလီကုန်း ကျေးရွာတွင်
နေထိုင်သူ အချို့ထံမှ သိရှိရသည်။
သေဆုံးသူ အမျိုးသမီးသည်
တစ်ခြံတည်း အလုပ်လုပ်ကိုင်သူ အလုပ်သမားများနှင့် ဆက်ဆံရေး အဆင်ပြေသော်လည်း
လွန်ခဲ့သော တစ်လခန့်က ခြံကပ်လျက်တွင် အလုပ်လုပ်ကိုင်သူ
အမျိုးသားတစ်ဦးနှင့် ငွေကြေးကိစ္စ စကားများခဲ့ ဖူးကြောင်း ရဲသုခ
စိုက်ပျိုးရေးခြံ အလုပ်သမားများထံမှ သိရှိခဲ့ရပြီး၊ ယင်းလူသတ်မှုနှင့်
ဆက်နွှယ်နိုင်သဖြင့် မသင်္ကာ၍ ဖမ်းဆီးခဲ့သူ အမျိုးသားသုံးဦးမှာ အဆိုပါ
ခြံကပ်လျက် စိုက်ပျိုးရေးခြံတွင် လုပ်ကိုင်သူများ ဖြစ်ကြောင်း မဲဇလီကုန်း
ကျေးရွာတွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ လူသတ်မှု
ဖြစ်ပွားရသည့် အကြောင်းအရင်း၏ အသေးစိတ် အချက်အလက်ကို သက်ဆိုင်ရာ
နယ်မြေရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ကျ
ရဲအရာရှိက စစ်ဆေးဆဲ ကာလတွင် မဖြေပေးနိုင်ကြောင်း ပြောကြားသည်။
အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊
အထူးမှုခင်း နှိမ်နင်းရေးအဖွဲ့နှင့် လှည်းကူးမြို့မ ရဲတပ်ဖွဲ့တို့က
ပတ်ဝန်းကျင်ကို စုံစမ်းခဲ့ရာမှ ကိုကိုလင်း၊ ကျော်သူစိုး၊ ရွှေသိန်းတို့
သုံးဦးကို သံသယ ရှိသောကြောင့် ခေါ်ယူ စစ်ဆေးရာမှ ၎င်းတို့က ပြစ်မှု
ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် ယခင်စစ်ဆေးခဲ့သော ပုဒ်မ ၃၀၂ အစား
ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပုဒ်မ ၃၀၂ မှ ပုဒ်မ ၃၀၂/၃၇၆ ဖြင့် ပြောင်းလဲ
စစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
Ref: The Voice Weekly
No comments:
Post a Comment