ကျုပ်တို့ရွာက လှည်းကူး + ဒါးပိန်ကားလမ်းပေါ်မှာ တည်ရှိပါတယ်။ ယင်းလမ်းကို အင်္ဂလိပ်အစိုးရလက်ထက်တွင် ဖေါက်လုပ်ခြင်း ဖြစ်ပြီး လမ်းကို တည့်တည့်မဖေါက်ဘဲ ကောက်ကွေ့စွာ ဖောက်လုပ်မှု့ကြောင့် လမ်းဗိုလ်ခမျာ ဒဏ်ငွေတမူးကို ပြည်မြို့မှာ ဆောင်ရသတဲ့။ လမ်းဗိုလ်ခမျာ ရှက်ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ်လို့ လူကြီးများပြောစကားအရ သိရပါတယ်။ လမ်းကောင်းသလားလို့ မေးရင်တော့ လှတောသားစကားကို အငှါးယူပြောရပါ့မယ်။ ကျောက်ခဲစားရင်တောင် အစာကြေတယ်လို့ ပြောရမှာပါ။ (အခုတော့ နဲနဲကောင်းသွားပါပြီ။) ဟိုယခင်တုံးက ကျုပ်တို့ရွာလမ်းမှာ ခရီးသွားယာဉ်တွေကတော့ မြင်းလှည်းပဲ ရှိတာကိုး။ တက်နိုင်သူများကျတော့ စက်ဘီလေးတွေ ၀ယ်စီးကြတာပေါ့။
မဆလခေတ်အခါက တော်ရုံတန်ရုံဝန်ကြီးကတော့ ကျုပ်တို့ရွာလမ်းက ကားဖြတ်ပြီးတော့ မစီးပါဘူး။ ကားမောင်းတဲ့သူကလဲ လမ်းကောင်းကောင်းကပဲ မောင်းပြီးခေါ်ပါတယ်။ လှည်းကူးက ဌာနဆိုင်ရာတွေကလဲ လမ်းကိုတော့ ပြင်ဖို့ မတိုက်တွန်းဘူး။ ဒီလမ်းကို လူကြီးမ၀င်အောင်ပဲ ကြိုးစာကြပါတယ်။ ဒါပေမယ့် ကျုပ်တို့ရွာက လှည်းကူးနားနီးတော့ လျှပ်စစ်မီးတော့ ရပါတယ်။ ဒီလိုရတာကလဲ အခက်အခဲတွေ အများကြီးနဲ့ပါ။ ဘုန်းကြီးကျောင်းနှစ်ကျောင်းက ဆရာတော်နှစ်ပါး ဦးဆောင်ပြီး ဇွဲကြီးကြီးနဲ့ဘယ်လောက်ကြိုးစားရသလဲဆိုရင် ထိုခေတ်က မြို့နယ်လျှပ်စစ်မှူး လေး ငါးယောက်လောက်ပြောင်းပြီးမှ ရွာမှာ မီးလင်းရတာပါ။ ကိုယ်ထူကိုယ်ထပေါ့။ ထားပါတော့။
တစ်နေ့ပေါ့။ နိုင်ငံတော် ကောင်စီဝင် ဦးစိန်လွင်ဆိုတာ ကျုပ်တို့မြို့ကို ဖြတ်ပြီး ပဲခူးဘက်ကို ခရီးသွားပါတယ်။ လှည်းကူတာစုံကို ကျော်သွားတော့ ဦးစိန်လွင်က စိတ်ပြောင်းပြီး ကားသမားကို လှည်းကူး + ဒါးပိန်ကားလမ်းကနေ မောင်းဖို့ ပြောပါတယ်။ ပြီးတော့ အဲဒီလှည်းကူး + ဒါးပိန်ကားလမ်းက စစ်အတွင်းတုံးက ဗျူဟာဟာ ကျတဲ့လမ်းတစ်လမ်းဖြစ်လို့ သူတို့အမြဲသွားတဲ့ လမ်းဖြစ်ကြောင်းလဲ ပြောပါသတဲ့။ ဒါနဲ့ပဲ ကားဆရာလဲ လှည်းကူး + ဒါးပိန်ကားလမ်းအတိုင်းမောင်းဝင်လာခဲ့ပါတော့တယ်။ လုံခြုံရေးကားတွေလဲ ရှေ့ကိုရောက်မှ နောက်ပြန်လှည့်ရပါတော့တယ်။
လှည်းကူးကနေ လာရင် လှည်းကူး + ဒါးပိန်ကားလမ်းမပေါ်မှာ ပထမဆုံးတွေ့ရတဲ့ ရွာကတော့ ကျုပ်တို့ရွာပါပဲ။ ရွာမှာက လယ်သမားတွေ၊ လက်သမားတွေ၊ ပန်းရံသည်တွေက အများစုပါ။ ရွာဥက္ကဌကိုယ်တိုင်ကိုက လယ်သမားပါ။ ၀န်ကြီးက ကျုပ်တို့ရွာကို ရောက်တော့ ဥက္ကဌအိမ်ကို မေးပြီး ၀င်လာပါတယ်။ ဥက္ကဌက အိမ်မှာ မရှိပါဘူး။ လယ်ထဲမှာ စပါးရိတ်နေတာပါ။ ဥက္ကဌကို ခေါ်ခိုင်းပါတယ်။ ဥက္ကဌရောက်လာတော့ ကြောက်ကြောက်လန့်လန့်နဲ့ပေါ့။ ၀န်ကြီးက သူ့ကို မကြောက်ဖို့ ပြောပြီး ဘာလိုချင်လဲလို့ မေးပါတယ်။ ဥက္ကဌလဲ လမ်းကောင်းချင်ကြောင်း ပြောလိုက်ရာ ၀န်ကြီးက လမ်းကောင်းစေရမယ်ဟု ပြောခဲ့ပါတယ်။ ပြီးတော့ ၀န်ကြီးက ဖွားသေစာရင်းပြပါ-ဟု တောင်းပါတယ်။ ဥက္ကဌလဲ ကြောက်ကြောက်လန့်လန့်နဲ့ ဒေါ်ဖွားသင်မရှိကြောင်း၊ ကျိုက်ထီးရိုးဘုရားဖူးသွားနေကြောင်း ပြောပါတယ်။
အဲဒါနဲ့ ၀န်ကြီးက ဖွားသေစာရင်းဆိုသည်မှာ ဒီရွာမှာ ဘယ်နှစ်ယောက်ဖွားမြင်ပြီး ဘယ်နှစ်ယောက်သေလဲဆိုတာကို ရေးမှတ်ထားတဲ့ စာရင်းဖြစ်တယ်ဆိုတာကို ရှင်းပြရှာပါတယ်။ ဥက္ကဌလဲ မရှိကြောင်းပြောရာ ၀န်ကြီးက ပြုစုထားဖို့ မှာကြားပြီး ကျွန်းကုန်းရွာဘက်ကို ထွက်ခွါသွားပါတော့တယ်။
(မှတ်ချက်။ ဥက္ကဌဖြေကြားလိုက်တဲ့ ဒေါ်ဖွားသင်ဆိုသည်မှာ ရွာထဲက ဦးစံသိန်းရဲ့ ဇနီးဖြစ်ပါတယ်။)
တောက ဟာသများကို ပြောပါတယ်။
မောင်နေခြည် (လှည်ကူး)
No comments:
Post a Comment