Monday, 9 December 2013

တောက ဟာသများ အပိုင်း- ၂၈ (သို့) မကျော်နိုင်ဘူးလားဟေ့

ကျုပ်တို့လှည်းကူးမြို့ကို ကျွန်းလေးကျွန်းတို့က ၀န်းရံထားတယ်လို့ ကြားဖူးပါတယ်။ အဲဒီကျွန်းတွေကတော့ ကျွန်းကလေး၊ ကံ့ကော်ကျွန်း၊ ကျွန်းပင်တရာ (ခ) ကျွန်းပင်တာနဲ့ ကျွန်းကုန်းတို့ပါပဲ။ အဲဒီကျွန်းလေးကျွန်းထဲမှာ အပါအ၀င်ဖြစ်တဲ့ ကျွန်းကုန်းဆိုတဲ့ရွာမှာ မြသိန်းတန်စေတီတော် ပူဇော်ပွဲကို နှစ်စဉ် နှစ်ကြိမ်တိုင်တိုင်ကျင်းပပါတယ်။ တန်ဆောင်မုန်းလဆန်း (၁၄)ရက် နဲ့ လပြည့်နေ့မှာ တစ်ကြိမ်၊ ပြီးတော့ တပေါင်းလဆန်း (၁၄)ရက်နဲ့ လပြည့်မှာ တစ်ကြိမ်ပေါ့။ ကျုပ်တို့ကတော့ အဲဒီဘုရားပွဲကို ကျွန်းကုန်းဘုရားပွဲ-လို့ပဲ အလွယ်ခေါ်ကြပါတယ်။ အဲဒီဘုရားပွဲကို လေးရွာအသင်းက ကြီးမှူးကျင်းပတာပါ။ (လေးရွာအသင်းဆိုသည်မှာ ကျွန်းကုန်းရွာ၊ နဘဲပင်ရွာ၊ လက်ပန်ရွာနဲ့ ကောက်ကွေ့ရွာတို့မှ ဂေါပကအဖွဲ့ပါ။)

အဲဒီကျွန်းကုန်းဘုရားပွဲက ဘာစည်သလဲမမေးပါနဲ့။ အရမ်းကို စည်ကားလှတာပါ။ ငယ်ငယ်တုံးကဆို ကျွန်းကုန်းဘုရားပွဲကို မရောက်တဲ့ နှစ်ရယ်လို့ မရှိသလောက်ပါပဲ။ နှစ်စဉ်နှစ်တိုင်း ဘုရားပွဲမှာ ဇာတ်ပွဲတွေအမြဲတန်းပါပါတယ်။ အဲဒီဘုရားပွဲကို လှည်းကူးမြို့နယ်ထဲက ရွာတွေက လှည်းတွေနဲ့ လာကြတာပါ။ တပေါင်းလပွဲဆိုရင် ပိုဆိုးပါတယ်။ လှည်းတွေမောင်းကြတာ ဖုံတထောင်းထောင်းနဲ့ပေါ့။ အဲဒီပွဲတော်မှာ ဇာတ်ပွဲက ညကိုးနာရီ ဆယ်နာရီလောက်မှ ထွက်တာပါ။ ဒါပေမယ့် လှည်းနေရာ မရမှာစိုးလို့ မွန်းတည့် (၁၂)နာရီလောက်ထဲက လှည်းတွေက သွားကြပါပြီ။

 ငယ်ငယ်တုန်းကဆို လှည်းတွေက ခလောက်သံကြားရုံနဲ့ပင် လူက ပွဲသွားချင်နေပြီ။ ကျုပ်တို့က လယ်သမားမဟုတ်တော့ အိမ်မှာတော့ နွားလှည်းမရှိပါဘူး။ ကိုယ်နဲ့ ရင်းနှီးတဲ့ (သို့) မိဘတွေက စိတ်ချရတဲ့ လှည်းတွေကို ကြိုတင်ပြီး ဘွတ်ကင်လုပ်ထားရတာပါ။  အဲဒီလို ကျွန်းကုန်းဘုရားပွဲကို သွားဖို့ ကျုပ်တို့ရွာမှာဆိုရင် မိန်းမတွေက ပွဲကြည့်ရင်း လှည်းပေါ်မှာ စားဖို့ ဟင်းကောင်းကောင်းတွေကို ချက်ကြပြုတ်ကြပေါ့။ အမျိုးသားတွေကတော့ ပွဲသွားမယ့် လှည်းနဲ့နွားတွေကို အလှဆင်ပေါ့။ အဲဒီနေ့ဆို တစ်ရွာလုံးကတော့ ပွဲသွားဖို့ပဲ လုပ်ကြပါတော့တယ်။

အဲဒီလို ပြင်ကြဆင်ကြတဲ့ အထဲမှာ ကျုပ်ဘကြီး သူငယ်ချင်းတွေက တောသူဌေးသားတွေ ဆိုတော့ နွားတွေကလဲ ကောင်းမှကောင်း၊ လှည်းတွေကလဲ ကောင်းမှကောင်းပါပဲ။ ကျုပ်ဘကြီးကတော့ ဆင်းရဲသူဖြစ်တော့ နွားကောင်းကောင်း လှည်းကောင်းကောင်း မရှိရှာပါဘူး။ ဒါပေမယ့် ကျုပ်ဘကြီးမှာ စိတ်ကူးကောင်းတွေတော့ ရှိပါတယ်။

ဘုရားပွဲတစ်နေ့မှာ ကျုပ်ဘကြီးက ဘုရားပွဲသွားဖို့အတွက် နွားတွေကို လှည်းမှာတပ်ပြီး သူ့သူငယ်ချင်းတွေ မောင်းလာကြမယ့် လမ်းရဲ့ ရှေ့ကနေစောင့်နေပါတယ်။ သူ့သူငယ်ချင်းတွေကတော့ နွားကောင်းကောင်း၊ လှည်းကောင်းကောင်းတွေနဲ့ ထွက်လာပါတယ်။ သူတို့လှည်းတွေ အနားအရောက်မှာ ကျုပ်ဘကြီးက ကြိုပြီးရှေ့ကနေထွက်ပြီး လှည်းကို မောင်းပြတယ်။ သူတို့တွေ ဘယ်ဘက်ကနေ ကျော်မယ်ဆိုရင် ဘကြီးက ဘယ်ဘက်ကို နဲနဲယူပြီးမောင်းတယ်။ ညာဘက်ကနေ ကျော်တက်မယ့် အချိန်မှာလဲ ဘကြီးက ညာဘက်ကို နဲနဲယူမောင်းပြတယ်။ ဘကြီးသူငယ်ချင်းတွေရဲ့ လှည်းတွေဟာ ဇာတ်ပွဲကျင်းပမယ့် နေရာကိုသာရောက်လာကြတယ်။ ဘကြီးရဲ့ လှည်းကို ကျော်မတတ်နိုင်ကြပါဘူး။

ဘကြီးကတော့ သူ့သူငယ်ချင်းတွေကို ပြောရှာပါတယ်။ ငါလို လှည်းမကောင်း နွားမကောင်းနဲ့ မောင်းတဲ့သူကို လှည်းကောင်း နွားကောင်းနဲ့ မောင်းတဲ့ကောင်တွေက မကျော်နိုင်ဘူးတဲ့ကွာ-ဟူ။

တကယ်တော့ ကျုပ်ဘကြီးက ဘုရားပွဲသွားဖို့အတွက် အဖိုးအိမ်မှာရှိတဲ့ နွားမတမ်းတစ်ကောင်နဲ့ သူ့သူငယ်ချင်းဆီက နွားထီးတစ်ကောင်ကို ယူပြီး လှည်းမှာတပ်ပြီးမောင်းတာပါ။ နွားတို့မည်သည် ရှေ့ကနေ နွားမတစ်ကောင်ရှိနေပြီ ဆိုရင် ဘယ်လောက် ကြိမ်လုံးနဲ့ ရိုက်ရိုက် အဲဒီ နွားမကို ကျော်တက်လေ့မရှိပါဘူး။

တောက ဟာသများကို ပြောပါတယ်။

မောင်နေခြည် (လှည်းကူး)


No comments: