ပြီးခဲ့တဲ့ အပိုင်းတုံးက ကျုပ်တို့ရွာဟာ လှည်းကူး+ ဒါးပိန်ကားလမ်းပေါ်မှာ တည်ရှိခဲ့တယ်ဆိုတာကို ပြောခဲ့ပါတယ်။ လှည်းကူး+ ဒါးပိန်ကားလမ်းဟာ အင်္ဂလိပ်အစိုးရလက်ထက်က ဖေါက်လုပ်ခဲ့တာပါ။ အမှန်က လှည်းကူးကနေ တည့်တည့်ဖောက်မည်ဆိုလျှင် လမ်းက ရှမ်းတဲကြီးရွာလောက် သွားပေါက်မှာပါ။ ဒါပေမယ့် လမ်းဗိုလ်က စေတနာတွေပိုပြီး ရွာစဉ်အတိုင်း လမ်းကို ဖောက်လိုက်ရာ အခုလက်ရှိအသုံးပြုနေတဲ့ လမ်းကြောင်းအတိုင်း ကွေ့ကွေ့ကောက်ကောက်နဲ့ပါ။ ဒီလမ်းက ဆားတလင်းရွာကို သွားပေါက်ပါတယ်။
ကျုပ်တို့ငယ်ငယ်တုံးကဆိုရင် လူကြီးသုံးရောက်လောက်ဖက်မှ ရတဲ့ ကုက္ကိုပင်ကြီးတွေနဲ့ စိမ်းလမ်းပြီး အေးချမ်းနေတဲ့ လမ်းပါပဲ။ ဒီကုက္ကိုပင်တွေကို အင်္ဂလိပ်အစိုးရလက်ထက်က စိုက်ပျိုးခဲ့တာပါ။ လှည်းကူးကနေ ဆားတလင်းရွာအထိ လမ်းရဲ့ အရှည်က ၆-မိုင်ရှိပါတယ်။ ဒီခြောက်မိုင်ရှည်တဲ့ လမ်းဘေးဝဲယာမှာ ကုက္ကိုပင်တွေကို စိုက်ပျိုးပြီး အပင်ဘေးပတ်ခြာလည်မှာ သစ်သားသုံးချောင်းကို တြိဂံပုံပြုပြီး ကာကွယ်ထားပါတယ်။ အဲဒီကုက္ကိုပင်ငယ်တွေကို စောင့်ရှောက်ဖို့ အလုပ်သမားတစ်ယောက်ကို ခန့်ပေးထားပါသေးတယ်။ စနစ်ကျပုံများ ပြောပါတယ်။
အဲဒီ အလုပ်သမားဟာ နံနက်ပိုင်း လှည်းကူးကနေ စတင်ပြီး ကုက္ကိုပင်တွေကို ကြည့်လာပြီး တဖြည်းဖြည်းနဲ့ နေ့လည်စာစားချိန်ဆိုရင် ဆားတလင်းရောက်တာပါပဲ။ ဆားတလင်းရောက်ရင် နေ့လည်စာစား။ ပြီးတော့ ခေတ္တခဏနားပြီး လှည်းကူးကို ပြန်လာတာပါ။ ညနေဆို လှည်းကူးကို ပြန်ရောက်ပါပြီ။ နေ့စဉ်နေ့တိုင်း အဲဒီအလုပ်သမားလုပ်ရတဲ့ အလုပ်ပါပဲ။ အဲဒီကုက္ကိုပင်တွေဟာ ကျုပ်တို့ငယ်ငယ်တုံးကအချိန်အထိကို ခက်လက်ဝေဆာနေတာပါပဲ။ သစ်တပင်ခုတ် ထောင်သုံးလဆိုတော့ ဘယ်သူမှ မခုတ်ရဲကြပါဘူး။ ဒါကတော့ ရှေးရှေးတုံးကပေါ့။
ငြိမ်ပိခေတ်ရောက်လာတော့ ကျုပ်တို့ရွာလမ်းက တော်တော် ပြောင်းလဲသွားပါတော့တယ်။ အင်္ဂလိပ်အစိုးရက စောင့်ရှောက်ထားတဲ့ ကုက္ကိုပင်ကြီးတွေဟာ ချက်ချင်းလက်ငင်း ဘ၀ပြောင်းသွားပါတော့တယ်။ သစ်ထွင်းပန်းပုရုပ်တွေ ဖြစ်ကုန်ပါတော့တယ်။ ဒါက လမ်းဘေးနားက ကုက္ကိုပင်ကြီးတွေ အကြောင်းပါ။ လမ်းကတော့ အရင်တုံကတော့ နဲနဲကောင်းပါသေးတယ်။ ဘယ်အချိန်မှာ စပျက်သလဲဆိုတော့ ဒဂုံမြို့သစ်များ စတင်ပြီး ဖေါ်ထုတ်တဲ့အခါမှာ ကျုပ်တို့ရွာလမ်းက လုံးဝကို ပျက်ဆီးသွားတော့တာပါပဲ။ ဒဂုံမြို့သစ်ကို သွားတဲ့ ကျောက်ကားမှန်သမျှ ဒီလမ်းကပဲ မောင်းတာကြောင့်ပါ။ ချိုင့်တွေက ခလေးငယ်ငယ်တစ်ယောက်လောက် ဆင်းနေရင် ဘယ်သူမှ မတွေ့နိုင်လောက်ပါဘူး။ အဲဒီလောက်ကို ချိုင့်တွေက နက်ပါတယ်။ အခုတော့ ကျုပ်တို့ရွာလမ်းက ကောင်းနေပြီလို့ အသံကြားပါတယ်။ ထားပါတော့။
အဲဒီလို လမ်းမကောင်းတဲ့ အချိန်ကပေါ့။ ကျုပ်တို့ရွာမှာ အသက်ကြီးမှ အိမ်ထောင်ပြုကြတဲ့ လင်မယားနှစ်ယောက် ရှိပါတယ်။ လင်ဖြစ်သူနာမည်က ဦးတင်ဖေပါ။ မယားလုပ်သူက ကျုပ်ရဲ့ အဒေါ်ဖြစ်သူ အန်တီသိန်းပါပဲ။ သူတို့လင်မယားမှာ ခလေးမရှိပါဘူး။ လင်ဖြစ်သူက မယားလုပ်သူကို အသိန်းလို့ ခေါ်ပါတယ်။ သူတို့လင်မယားရဲ့ အဓိကလုပ်ငန်းက နံနက်ပိုင်းမှာ ဆန်စပါးအရောင်းအ၀ယ်လုပ်ပါတယ်။ ညနေပိုင်းမှာ အတိုးပြန်သိမ်းပါတယ်။ လှည်းကူးဈေးထဲမှာရှိတဲ့ အရင်းအနှီးမတက်နိုင်တဲ့ ဈေးသည်ငယ်လေးတွေကို ငွေချေးစာတာပါ။
သူတို့နှစ်ယောက်က အမြဲတမ်း စက်ဘီးစီးပြီး လှည်းကူးကိုတက်ပြီး အကြွေးသိမ်းပါတယ်။ တနေ့လှည်းကူးကနေ ရွာကို အပြန် လင်မယားနှစ်ယောက် စက်ဘီးစီးပြီး စကားတပြောပြောနဲ့ပေါ့။ အခုရင်းတိုက်ပင်လမ်းခွဲ အရောက်မှာ လမ်းက ကြမ်းလေတော့ အန်တီသိန်းတစ်ယောက် စက်ဘီးပေါ်ကနေ ပြုတ်ကျကျန်နေခဲ့ပါတယ်။ အဲဒီလို ကျနေခဲ့တာကို လင်ဖြစ်သူ ဦးတင်ဖေ-က မသိပဲ စက်ဘီးကို စီးပြီး ထွက်သွားပါတယ်။ ကျုပ်တို့ရွာထိပ်ရောက်မှ မိန်းမဖြစ်သူ ပါတယ်ပဲထင်ပြီး ဟုတ်လား အသိန်းရေ-လို့ မေးပါတော့တယ်။ မိန်းမလုပ်တဲ့သူရဲ့ စကားပြန်ကို မကြားမှ အန်တီသိန်းမပါမှန်းသိတော့တယ်။ အဲဒါနဲ့ပဲ မိန်းမလုပ်သူကို နောက်ကြောင်းပြန်ပြီး ခေါ်ရတာပေါ့။ အန်တီသိန်းကတော့ စိတ်တွေတိုပြီး ဖနောင့်ပေါက်ပြီး လမ်းလျှောက်လာရာ စောင့်စောင့် စောင့်စောင့်နဲ့ပေါ့။အဲဒီလောက်ကို လမ်းဆိုးသွားပါတော့တယ်။
တောက ဟာသများကို ပြောပါတယ်။
မောင်နေခြည် (လှည်းကူး)
No comments:
Post a Comment