ကျုပ်တို့ရွာရဲ့ အမျိုးသားအများစုမှာ တစ်ချို့က လက်သမားလုပ်ကြပါတယ်။ တစ်ချို့ကြတော့ ပန်းရံအလုပ်နဲ့ အသက်မွေးကြပါတယ်။ လက်သမားတွေ ပန်းရံတွေသာ ပေါတာ ဒါပေမယ့် ကျုပ်ပြည်ပကို ထွက်လာတဲ့အချိန်ထိ အိမ်ကောင်းကောင်းမရှိပါဘူး။ အခုတော့ အိမ်ကောင်းတွေ တိုးလာနေပြီလို့ ပြောပါတယ်။ လက်သမားအတတ်၊ ပန်းရံအတတ်တွေကို တတ်မြောက်ကြတော့ ငါ့အိမ်ငါ ဘယ်အချိန်လုပ်လုပ် ဆိုတဲ့စိတ်တွေဝင်သွားတော့ အိမ်ကောင်းကောင်းမရှိကြတာပါ။
ကျုပ်တို့လှည်းကူးမြို့ဆိုရင် သူတို့တက်မြောက်တဲ့ ဘာသာရပ်ကို လိုက်ပြီး အများက နာမည်ပေးထားတတ်ကြပါတယ်။ ဥပမာ ထုတ်ပြရရင် ဘရိတ်သိန်းအောင်၊ တာယာဖိုးနီ၊ ဆီစက်မောင်မောင်၊ ငါးပိစိန်မောင် စသဖြင့် စသဖြင့်ပေါ့။ နာမည်တွေကိုယ်စီ ရထားတတ်ကြပါတယ်။
အဲဒီလိုပါပဲ ကျုပ်တို့ရွာမှာလဲ နာမည်ပေးထားကြပါတယ်။ ရွာက ဆရာတော်ကို ပန်းရံလုပ်ရင် ထုံးများများ ထည့်တတ်လို့ ထုံးဘုန်းကြီးတဲ့၊ ကိုအုံးကြွယ်ကိုတော့ ရေတွေအထည့်များလို့ ရေအုံးကြွယ်၊ ဦးစောလှကိုတော့ သဲတွေအထည့်များလို့ သဲစောလှ၊ ဦးစိန်သောင်းကိုတော့ ခဲတွေအထည့်များလို့ခဲစိန်သောင်း၊ ဦးထွန်းခင်ကိုတော့ အုတ်ကျိုးတွေကို များများသုံးတတ်လို့ အုတ်ကျိုးထွန်းခင်တဲ့။ စသဖြင့် စသဖြင့် နာမည်တွေပေးထားကြတာပါ။ တော်သေးတယ်။ ကျုပ်ကိုလဲ နာမည်မပေးကြလို့။ ထားပါတော့။ အခုပြောချင်တာကတော့ သဲစောလှလို့ နာမည်တွင်တဲ့ ဦးစောလှ အကြောင်းပါ။
အချိန်ကတော့ ကြာခဲ့ပါပြီ။ မဆလခေတ်အခါကပေါ့။ ကျုပ်တို့မြို့မှာ ပ-လ-က ဆိုတာရှိပါတယ်။ အခုတော့ ဆောက်လုပ်ရေးပေါ့။ ဆောက်လုပ်ရေးဆိုတော့ လမ်းခင်းတယ်။ တံတားဆောက်တယ်ပေါ့။ အဲဒီလို ပန်းရံတွေ လက်သမားတွေနဲ့ မပြတ်လုပ်နေတဲ့ ဆောက်လုပ်ရေးဟာ အင်ဂျင်နီယာရဲ့ ပေနဲ့လက်မကို မှားယွင်းပြီး ဖတ်မိခြင်းကြောင့် ကျုပ်တို့ လှည်းကူးတံတားကြီးဟာ အခုလို မတ်စောက်စောက်အနေအထား ဖြစ်နေရတာလို့ ကြားဘူးပါတယ်။ မှန်မမှန်တော့ တံတားဆောက်တဲ့ အင်ဂျင်နီယာတွေပဲ သိကြမှာပါ။
တစ်နေ့တော့ ရွာက ဦးစောလှက ပ-လ-က-မှာ ပန်းရံဆင်းပါတယ်။ အဲဒီအချိန်က ဒါးရယ်ဘိုတံတားဆောက်နေချိန်ပေါ့။ တကယ်တော့ ဦးစောလှက ရွာမှာ တကယ်ကို ရိုးသားလှတဲ့ မိသားစုထဲကနေပေါက်ဖွားလာသူ ဖြစ်သလို သူကိုယ်တိုင်လဲ တော်တော်ရိုးသားသူပါ။ မိန်းမရဖို့တောင် ပန်းရံသမားအချင်းကနေ အတင်းအကျပ်ပေးစားလိုက်လို့ ရတာပါ။ (ပန်းရံရိုးတော့ ကိုးယောက်-ဆိုတာတော့ ကြားဖူးတယ်။)
အဲဒီလို ပန်းရံဆင်းနေတဲ့ အချိန်မှာ သူနဲ့ အတူအလုပ်လုပ်နေသူတွေက - ဒီမှာ စောလှ... ပ-လ-က-မှာ လုပ်ပြီး မခိုးရင် မင်းတော့ နူမှာပဲ- လို့ ပြောကြပါတယ်။ ဒါပေမယ့် သူကတော့ မခိုးပါဘူး။ သူ့အဖေါ်တွေက နေ့တိုင်းဒီစကားပဲ ပြောကြပါတယ်။ ခိုးဖို့ပေါ့။ ကြားပါများတော့ ဦးစောလှတစ်ယောက် နူမှာ ကြောက်လာပါတော့တယ်။ ဒါနဲ့ပဲ ညနေအလုပ်သိမ်းချိန်မှာ အလုပ်မှာ အသုံးပြုတဲ့ သစ်သားအတိုလေးတွေကို မ-လာပါတော့တယ်။ ဂိတ်ရောက်တော့ မိပါလေရော။ ဂိတ်စောင့်က ဘာကြောင့် ဒီသစ်သားချောင်းတွေကို ခိုးလာတာလဲ...မသိဘူးလား......ပုဒ်မ ၆(၁)နဲ့ တရားစွဲလိုက်မှာနော်..လို့ ပြောတဲ့အခါမှာ ဦးစောလှက အောက်ပါအတိုင်း ပြောလိုက်ပါတယ်။
နူမှာစိုးလို့-ဟု။
ဂိတ်စောင့်က ရီလျက် သွားထား..သွားထား...မင်းတော့ ထောင်ကျတော့မှာပဲ-ဟု ပြောလျက် သစ်သားတုံးလေးတွေကို ပြန်ထားခိုင်းလိုက်ရပါတယ်။
တောက ဟာသများကို ပြောပါတယ်။
မောင်နေခြည် (လှည်းကူး)
No comments:
Post a Comment