“မြန်မာနိုင်ငံမှာ ရှေးဟောင်းစဥ့်ဖို တစ်ဖိုလောက် ကျုပ်ကိုလက်ညှိုးထိုးပြပါ”
………………………………
………………………………
ဒေါက်တာပီစစ်၏အမေးကြောင့် ဆရာကြီးဒွန်ဟိန်း
အဖြေရကြပ်သွား၏။ဖြေစရာစကားသူ့မှာမရှိပါ။ မြန်မာနိုင်ငံတွင်
ဆရာကြီးဒွန်ဟိန်း လက်ညှိုးထိုးပြနှိုင်လောက်အောင် ရှေးဟောင်းစဥ့်ဖိုဆို၍
တစ်ဖို
တစ်လေ မျှပင်သူမသိသေး ပါ။
“မပြနိုင်ဘဲနဲ့ မြန်မာ့စဥ့်တွေဟာ ကျုပ်တို့ယိုးဒယားနဲ့ဘာမှမဆိုင်ဘူး သူ့နည်းသူ့ဟန်နဲ့
သူတို့ကိုယ်တိုင် ထုတ်လုပ်တာလို့ အခုခင်ဗျားပြောသလို မဖြစ်နှိုင်သေးဘူး…”
“ခင်ဗျားကိုယ်တိုင် ဒီယိုးဒယားမှာ ရှေးဟောင်းစဥ့်ဖိုတွေ ရာနဲ့ချီပြီး ဆယ်နှစ်ဆယ်မိုး
တူးဖေါ်ပေးထား တယ်လေ”
“ကဲ….မြန်မာမှာ…အဲဒီလိုဖိုမျိုး တစ်ဖိုလောက်…။ ဘယ်မှာလဲ..ပြနိုင်လား…”
+ + +
ထိုင်းနိုင်ငံတွင် ၁၉၈၇ခုနှစ်က ပြုလုပ်ခဲ့သော ရှေးဟောင်းသုတေသန
စာတမ်းဖတ်ပွဲတစ်ခု၌ဖြစ်၏။ ဆရာကြီးဒွန်ဟိန်းက ထိုင်းနိုင်ငံတွင်
သူကိုယ်တိုင် ၁၉၇၇ ခုနှစ် မှ စတင်တူးဖေါ် တွေ့ရှိထားသော ရှေးဟောင်း
စဥ့်ဖိုများအကြောင်း စာတမ်းဖတ်ကြားတင်ပြနေ၏။
ပရိသတ်ကလည်းခန်းလုံးပြည့်…။
ထိုင်းတို့၏ ရှေးဟောင်းသုတေသနပညာရှင်တွေက အများစု…။
သူတို့တစ်တွေက မြန်မာပြည်မှာရှိနေသော စဥ့်ပစ္စည်းများသည် ထိုင်းတို့၏
အငွေ့အသက်မကင်း၊ ထိုင်းမှပင် လာသယောင်ယောင် မှတ်ယူနေကြသူများဖြစ်၏။
ယင်းသို့မှတ်ယူမည်ဆိုကလည်း မှတ်ယူ ထိုက်လှပါပေသည်။ ဆရာကြီးဒွန်ဟိန်း
ထိုင်းနိုင်ငံတွင် တူးဖေါ်တွေ့ရှိထားသော ရှေးဟောင်းဖြတ်ထိုး
စဥ့်ဖိုများ(Cross draft kilns)ကဲ့သို့ စဥ့်ဖိုမျိုးကို မြန်မာနိုင်ငံထွင်
ထိုစဉ်က တစ်ဖိုတစ်လေမျှပင်မတွေ့ခဲ့ ဘူးသေးပါ။
ထိုအချက်ကိုဇောင်းပေး၍ ဆရာကြီးဒေါက်တာပီစစ်က စောဒကတက်နေခြင်းဖြစ်၏။
သို့သော်…ဆရာကြီးဒွန်ဟိန်းကလည်း အလျှော့ပေးချင်ပုံမပေါ်။ ထိုင်းတို့၏
စဥ့်သမိုင်းကို ထဲထဲဝင်ဝင် တူးဖေါ်လေ့လာမိလေလေ၊ သူ၏ခံယူချက်
မှန်ကိုမှန်ရမည်ဟု အလေးအနက် ပိုမိုယုံကြည်မှုရှိလာ လေလေဖြစ်နေ၏။
မြန်မာပြည်တွင်လည်း ရှေးဟောင်းဖြတ်ထိုးစဥ့်ဖိုများ ရှိကိုရှိရမည်…။
သူတို့ကိုယ်တိုင်လည်း စဥ့်ထည်များကို သူတို့ကိုယ်ပိုင်နည်းပညာဖြင့် ထုတ်လုပ်ကြပေလိမ္မည်…။
ကိုယ်ပိုင် စဥ့်ယဉ်ကျေးမှုအစဉ်အလာ နှင့် သမိုင်းကြောင်း ရှိကိုရှိရမည်…။
ထို့ကြောင့်…မြန်မာနိုင်ငံသို့
မရောက်ရောက်အောင်သွားပြီးစဥ့်သမိုင်းအရွေ့ကိုမဖြစ်မနေဖေါ်ထုတ် တော့မည်ဟု
ဆရာကြီးဒွန်ဟိန်းက အလေးအနက် သန္နိဠာန်ချမှတ်လိုက်လေသည်။
သူက
ကမ္ဘာပေါ်တွင် ရှေးဟောင်းစဥ့်နည်းပညာများ မည်သို့မည်ပုံ ရွေ့ရှားနေသည်ကို
အထူးပြု လေ့လာ နေသူ ကမ္ဘာကျော် ရှေးဟောင်းစဥ့်ပညာရှင်ကြီး မဟုတ်တုံလော…။
+
+ +
“မြန်မာနိုင်ငံမှာ ဘယ်သူတွေ ရှေးဟောင်းစဥ့်သမိုင်းကို စိတ်ဝင်စားသလဲ…”
ဤမေးခွန်းကို အလံထူရင်း ဆရာကြီးဒွန်ဟိန်း ရန်ကုန်မြို့သို့
ချက်ချင်းရောက်ချလာပါတော့သည်။ ထိုင်းတွင်ပြုလုပ်သည့်
သုတေသနစာတမ်းဖတ်ပွဲအပြီး ၁၉၈၇ခု နှစ်ကုန်ကာနီးကာလအတွင်းကဖြစ်၏။
ထိုအချိန်က ကျွန်တော်သည် မြန်မာ့သိပ္ပံသမိုင်းနောက်သို့ တစ်စိုက်မတ်မတ်
လိုက်နေရာမှ ပုဂံ(အေဒီ ၁၁ ရာစု) နှင့် ပဲခူး(ရွှေဂူကြီး အေဒီ ၁၄ ရာစု)
ဒေသများရှိ စေတီပုထိုးများတွင် တွေ့ရသော စဥ့်ပစ္စည်းများကို
အထူးစိတ်ဝင်စားခဲ့၏။ စဥ့်နည်းပညာသည် အလွန်အဆင့်မြင့်သော ဓာတုသိပ္ပံ
နည်းပညာ တစ်ရပ်ဖြစ်၍ စဥ့်သမိုင်းကို မြန်မာ့သိပ္ပံသမိုင်းရှုထောင့်မှ
စတင်ဝင်ရောက်လေ့လာနေစဉ် ကာလလည်း ဖြစ်ပါသည်။
ကျွန်တော်သည်
ဓာတုအင်ဂျင်နီယာတစ်ဦး ဖြစ်သောကြောင့် လက်တွေ့ထုတ်လုပ်မှုအပိုင်းကို ပိုမို
စိတ်ဝင်စားပါသည်။ ထို့ကြောင့် ယင်းသို့ထုတ်လုပ်ခဲ့သည့်
ရှေးဟောင်းစဥ့်ဖိုများအကြောင်း စတင်
လေ့လာရှာဖွေ နေရပါသည်။ ထိုအခါ မြန်မာ့ရှေးဟောင်းစဥ့်ဖိုအကြောင်း စာပေအရေးအသား
အလွန်ရှားပါးပြီး သိသူလည်း အင်မတန်မှ နည်းပါးလှကြောင်း တွေ့လာရ၏။
စစ်စစ်ပေါက်ပေါက် ပိုက်စိပ်တိုက်ရှာပါမှ ပုဂံက စဥ့်ဖိုအကြောင်း
စာတမ်းတစ်စောင် တွေ့ရ၏။ ဦးကျော်ငြိမ်းနှင့်စထရိုလိုဂိုတို့က
(၁၉၆၃)ခုနှစ်တွင် ပုဂံ(မြင်းကမ္ဘာအရှေ့)ရှိ စဥ့်ဖိုတစ်ဖိုကိုတွေ့ရှိကြ၍
တူးဖေါ်လေ့လာကာ
စာတမ်းတစ်စောင် ပြုစုခဲ့ကြ၏ ။ ဖိုမှာ ပျားအုံပုံသဏ္ဍန် အောက်ခြေအဝိုင်းဖို
(ပင့်ထိုးဖို- Bee-hive or Up draft kiln)ဖြစ်ပြီး အတွင်းအောက်ခြေအချင်း
၅ပေ နှင့် အမြင့် ၁ဝပေခန့် ရှိသော ဖိုငယ်တစ်လုံး ဖြစ်၏။ ခဲချော် (Lead
glaze)ဖြင့် အပူချိန်နိမ့်နိမ့် (၁၀၀၀ံ စင်တီဂရိတ်)တွင် ထုတ်လုပ်သည့်
စဥ့်ဖိုဖြစ်ပြီး ပုဂံဘုရားပုထိုးများတွင်ရှိ စဥ့်ပစ္စည်းများကိုမူ
ထုတ်လုပ်နှိုင်စွမ်းရှိပါသည်။
သို့သော် ဆရာကြီးဒွန်ဟိန်း
ထိုင်းနိုင်ငံတွင် တူးဖေါ်တွေ့ရှိထားသော ရှေးဟောင်းဖြတ်ထိုး စဥ့်ဖိုများ
(Cross draft kilns) ကဲ့သို့ အပူချိန်မြင့်မြင့် (၁၃၀၀ံ စင်တီဂရိတ်အထိ)
ပေးနှိုင်သော ဧရာမ စဥ့်ဖိုကြီးမျိုး မဟုတ်ပါ။
ဤအချက်အလက်တို့မှာ ထိုစဉ်က ကျွန်တော်သိသမျှ မြန်မာ့ရှေးဟောင်းစဥ့်ဖိုများအကြောင်း အိတ်သွန်ဖာမှောက်အကုန်အစင်ပင်ဖြစ်ချေဘိ၏။
+ + +
စဥ့်နှင့်ပတ်သက်ပြီး အခြားစိတ်ဝင်စားသည့် အချက်တစ်ချက်မှာ စဥ့်အိုးကွဲ
အစအနတွေ အမြောက် အမြားတွေ့ရသော နေရာမျိုးဖြစ်သည်။ ထိုနေရာမျိုးတွင်
စဥ့်ဖိုများတွေ့ရလို တွေ့ရငြား… ဟူသော အတွေး ကြောင့်ပင်ဖြစ်၏။
ဆရာကြီးဦးသော်ကောင်းတို့ သတင်းပေးသဖြင့် ထိုစဉ်ကသိထားသော
အချက်တစ်ခုမှာထွန်လိုက် ယက်လိုက်တိုင်း စိုက်လို့ပျိုးလို့မရလောက်အောင်
စဥ့်အိုးကွဲတွေအမြောက်အမြားထွက်ထွက်လာသော နေရာတစ်နေရာ…။
ထိုနေရာကား…
ရန်ကုန်ပဲခူးအကြားလမ်းမကြီးပေါ်ရှိ မိုင်တိုင်(၃၁)၏အနောက်စူးစူး…။ လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာအနီးရှိ လဂွန်ဗျည်း အမည်ရ အလွန်ရှေးကျသည့် ပျူမြို့ဟောင်း…။ ထိုမြို့ဟောင်း၏ မြောက်ဘက် မြို့ရိုး အပြင်ရှိ ယာခင်းထဲတွင် ဖြစ်၏။
ဆရာကြီးဦးအောင်မြင့်(သစ်တောမင်းကြီးငြိမ်း)၏ ကျေးဇူးကြောင့်
လဂွန်းဗျဉ်းမြို့ဟောင်း၏ ကောင်းကင်ဓာတ်ပုံကို လေ့လာခွင့်ရခဲ့၏။
အဝိုင်းသဏ္ဍာန်မြို့ရိုးနှစ်ခု ထပ်လျှက်သားတွေ့ရ၏။ မြို့ရိုးအဝိုင်းသဏ္ဍန် သည်
ပျူမြို့ဟောင်းဖြစ်ကြောင်း ညွှန်းဆိုချက်ဖြစ်၏။ အဝိုင်းနှစ်ထပ်မို့
နှစ်ထပ်ကွမ်းအောင် ဟောင်း လှသော ပျူမြို့ဟောင်းဟုဆိုကရ၏။
ဟောင်းသမှ “ဟောင်း” “ဟောင်း” မည်နေသော လဂွန်းဗျဉ်း
ရှေးဟောင်းပျူမြို့ကြီး၏ နံဘေးတွင်ရှိနေသည့် စဥ့်အိုးကွဲများသည်လည်း
ရှေးဟောင်းများပင် ဖြစ်ချိမ့်မည်။ ဤသို့ ဤပုံ ကျွန်တော်တို့တစ်တွေ
လဂွန်းဗျဉ်းသို့ မျှော်လင့်ခြင်းကြီးစွာဖြင့် ကွင်းဆင်းလေ့လာခဲ့ကြ ဖူးပါ၏။
+ + +
ရန်ကုန်ပဲခူးကားလမ်းမကြီး၏ မိုင်တိုင် (၃၁)…။ အနောက်ဘက်ယွန်းယွန်း
ကိုက်၅၀၀ခန့်အကွာ…။ ကရဝိက်ငှက်ငယ် အပေါ်မှ ထုံးဖြူဖြူအဖွေးသားနှင့်
စံပယ်တော်မူနေသည့် စေတီလေးတစ်ဆူကို ဖူးမြင်နှိုင်၏။
ကရဝိက်၏တောင်ဘက် ကပ်လျှက်မှာတော့ မြို့ရိုးတစ်ပိုင်းတစ်စ ကာရံလျှက်
ရှိနေသေးသည့် လဂွန်းဗျဉ်းမြို့ဟောင်း…။ မြို့ရိုးပေါ်တွင်
မွမ်းမံပြင်ဆင်နေဆဲ စေတီသုံးလေးဆူက မြို့ဟောင်း၏ ကျက်သရေဂုဏ်ဆောင်ရင်း
ဝိုင်းရံကာ သီတင်းသုံးနေဆဲ…။
မြို့ရိုးကိုဖြတ်၍
မြို့ဟောင်းအတွင်းသို့ ဝင်လိုက်သည်နှင့် သာသနာပြုဆရာတော်၏ တောရကျောင်းသို့
ရောက်၏။ ဆရာတော်ဘုရားကို ရှိခိုးဦချ ဂါရဝပြု ပြီးနောက် လာရင်းကိစ္စ
ရှေးဟောင်းစဥ့်ရှာပုံတော် အကြောင်းကို တင်လျှောက်ရ၏။
ဆရာတော်က ဘုရားပျက်များထဲမှ ထွက်လာသည့် စဥ့်အိုးငယ်ကလေးများကို
ထုတ်ပြသည်။ မြို့ရိုးအပြင်ဘက်ယာခင်းထဲမှာလည်း စဥ့်အိုးကွဲတွေ
ဒလမန်းကြမ်းပဲဟုမိန့်ကာ ဆရာတော်ကိုယ်တိုင် လိုက်ပြ၏။
မှန်ပါသည်။
ယာတစ်ခင်းလုံး နင်း၍မလွတ်အောင် စဥ့်အိုးကွဲများကမင်းမူနေကြ၏။ မည်သို့မျှ စိုက်၍ပျိုး၍ရအံ့ မထင်ပါ။
“ဟိုနားက ငှက်ကလေးတစ်ကောင် ဝပ်နေသလို ကုန်းမို့မို့ကလေးမို့ ကရဝိက်ခံ ဘုရားပျက်လို့
ကျုပ်ကထင်ပြီး အခုတွေ့နေရတဲ့ ကရဝိက်ခံဘုရားလေး ပြန်တည်ထားလိုက်တာ”
ဟုထုံးဖြူဖြူကရဝိက်ခံစေတီအကြောင်းကို ဆရာတော်ကရှင်းပြ၏။
ကျွန်တော်တို့လည်း အိုးကွဲအပိုင်းအစများကို
အပြန်ပြန်အလှန်လှန်ကြည့်ရှုစစ်ဆေးကြ၏။ ထင်ရာ မြင်ရာ မှတ်ချက်များလည်း
အမျိုးမျိုးပေးကြ၏။ သို့သော်ရေရာသည့်အဖြေကားမည်သို့မျှထွက်မလာပါ။
ဤအကွဲအစများနှင့် အိုးဖိုရှိမည့်နေရာကို ဆက်စပ်တွေးခေါ်နှိုင်စွမ်း
မရှိကြပါ။ ဟိုလိုလို ဒီလိုလိုဖြင့်ပင် ကျွန်တော်တို့ နောက်ဆုံးမတော့
ဘာဖိုမှ ရှာမတွေ့ဘဲ တပ်ခေါက်၍သာ ပြန်လာခဲ့ကြရပါတော့သည်။
+ + +
မြန်မာနိုင်ငံသို့
ရှေးဟောင်းစဥ့်ဖိုရှာပုံတော်ဖွင့်ရင်း
ချင်းနင်းဝင်ရောက်လာသောဆရာကြီးဒွန်ဟိန်းသည်
“အဘယ်သူများစဥ့်သမိုင်းကိုစိတ်ဝင်တစားရှိနှိင်ငြားအံ့နည်း”ဟုစောကြောစနည်းနာရင်းကွင်းဆင်းသမှု
ပြုလတ်သည်ရှိသော်…သူတော်ချင်းချင်း၊သီတင်းလွေ့လွေ့၊ပေါင်းဖက်တွေ့ ဆိုသလိုကျွန်တော်တို့အုပ်စု
နှင့် ပက်ပင်းတိုးတော့သည်။
ကျွန်တော်တို့အုပ်စုဆိုသည်ကား အခြားမဟုတ်…။ ရှေးဟောင်းသုတေသနကို မြတ်နိုးကြသူများဖြစ်ကြ
ကုန်သော ဆရာကြီးဦးသော်ကောင်း၊ ဆရာကြီးဒေါက်တာခင်မောင်ညွှန့်၊ ဆရာကြီးဦးမောင်မောင်တင်
(မဟာဝိဇ္ဇာ)၊ ဆရာကြီးဦးညွှန့်ဟန်…စသည်တို့တည်း…။
ဆရာကြီးဒွန်ဟိန်းက ယိုးဒယားတွင် ဒေါက်တာပီစစ်တို့နှင့် နွှဲခဲ့ရသော စောဒကပွဲ အကြောင်းကို
ကျွန်တော်တို့အား ပြန်လည်ရှင်းပြပြီး သူ၏အတွေ့အကြုံနှင့် လေ့လာသိရှိထားမှုများအရ မြန်မာနိုင်ငံ
တွင်လည်း ရှေးဟောင်းစဥ့်ဖိုများ ရှိကိုရှိရမည်ဟု တထစ်ချယုံကြည်ထားသဖြင့် မတွေ့တွေ့အောင်
ရှာမည်ဟု ဆုံးဖြတ်ထားတာမို့ သူ့ကိုကူညီပါရန် မေတ္တာရပ်ခံ လှာပါသည်။
ကျွန်တော်တို့ကလည်း
မြန်မာ့စဥ့်သမိုင်းကို စိတ်ဝင်တစား ရှိရင်းစွဲမို့ လိုသမျှကူညီ
ပေးပါမည်ဟု ဝမ်းသာအယ်လဲ ပြန်လည်ဖြေကြားကြသည်။ မြန်မာ့ရှေးဟောင်း
စဥ့်သမိုင်းကြောင်းကို ကျွန်တော်တို့
သိထားသလောက်
အိတ်သွန်ဖာမှောက်ပြန်လည်ဖောက်သည်ချရသည်။ ဆရာကြီးဒွန်ဟိန်းကလည်း
ကျွန်တော်တို့ပြောသမျှကို အသေးအဖွဲကလေးကအစ တစ်လုံးတစ်ပါဒမျှ မကျန်ရလေအောင်
ဂရုတစိုက်နားထောင်မှတ်သား၏။
လဂွန်းဗျဉ်းရှေးဟောင်းပျူမြို့ရိုး၏ နံဘေးတစ်နေရာတွင် ထွန်လိုက်ယက်လိုက်တိုင်း စိုက်လို့ပျိုးလို့
မရလောက်အောင်
စဥ့်အိုးကွဲတွေ အမြောက်အမြားထွက်ထွက်လာသည့်အကြောင်းရောက်လတ်သော်
ဆရာကြီးဒွန်ဟိန်း၏ မျက်နှာတစ်ခုလုံး ဝင်းပသွားကာ ထိုနေရာသို့
ချက်ချင်းသွားကြည့်ပါရစေဟု အပူကပ်လာပါသည်။
ဤသို့ဖြင့် နောက်တစ်နေ့ စောစောပိုင်းတွင် ကျွန်တော်တို့တစ်တွေ လဂွန်းဗျဉ်းမြို့ဟောင်းသို့
ဆရာကြီးဒွန်ဟိန်းကို လိုက်ပို့ကြရပါတော့သည်။
+ + +
ရန်ကုန်မှထွက်လာပြီး လှည်းကူးကိုကျော်လိုက်သည်နှင့် မိုင်တိုင်(၃၁)ရှိရာ မင်းလွင်ကုန်းရွာကလေးသို့
ရောက်၏။ မိုင်တိုင်(၃၁)မှ အနောက်ဘက်(ဝဲဘက်)သို့မျှော်ကြည့်လိုက်လျင် ကိုက်(၅၀၀)လောက်တွင်
ထုံးဖြူဖြူ အဖွေးသားနှင့် ကရဝိက်ဘုရားလေးကို ဖူးမြင်နှိင်သည်။ ထိုဘုရားကလေးသည် လဂွန်းဗျဉ်း
မြို့ဟောင်း၏ မြို့ရိုးအပြင်ဘက်တွင် ကပ်လျက်ရှိပြီး ဘုရားကလေးအနီးတွင် စဥ့်အိုးကွဲများ အစုလိုက်
အပြုံလိုက်တွေ့နှိင်၏။
ဆရာကြီးဒွန်ဟိန်းသည် စဥ့်အိုးကွဲများကိုတွေ့လိုက်သည်နှင့် ရတနာသိုက်ကြီးထဲရောက်သွားသည့်နှယ်
စဥ့်အိုးကွဲများကို တယုတယ ပွတ်သပ်ကိုင်တွယ်ရင်း ပတ်ဝန်းကျင်ကို ကြည့်ရှု စူးစမ်းလတ်သော်
ကရဝိက်ဘုရားဖြူဖြူလေးကို သတိပြုမိသွားပြီး သိလို၍မေးသဖြင့် ဤသို့ဖြေလိုက်သည်။
“ဒါက ကရဝိက်ဘုရားပါ။ ဒီမှာသာသနာပြုနေတဲ့ ဘုန်းတော်ကြီးက ငှက်ကလေးဝပ်နေသလို ကုန်းမို့မို့
ကလေးကိုတွေ့လို့ ကရဝိက်ခံဘုရားဟောင်းထင်ပြီး အခုတွေ့နေရတဲ့ ဘုရားလေးကို ပြန်တည်ထား
လိုက်တာပါ”
“သွားကြည့်လို့ရမလား၊ သွားကြည့်ရအောင်”
ဆရာကြီးဒွန်ဟိန်းက
စိတ်ဝင်စားစွာ မေးလှာပြီး ရှေ့မှအသော့နှင်သဖြင့် ကျွန်တော်တို့အားလုံး
ကရဝိက်ဘုရားဆီသို့ အပြေးအလွှား လိုက်ကြရ၏။ တစ်ခုခုတော့ထူးခြားနေပြီဟု
ထင်၍မှမဆုံးမီ
ကရဝိက်၏အမြီးပိုင်းနောက်ဘက်ရှိ ကိုင်းတောချုံတောထဲတိုးဝင်နေသော ဆရာကြီးဒွန်ဟိန်းထံမှ
ဟိန်း၍ဟိန်း၍ထွက်ပေါ်လာသောအသံဝါဝါကြီးကိုပဲ့တင်ထပ်မျှကြားလိုက်ရ၏။
……………………………………………………
“ကျုပ်ရှာနေတဲ့ စဥ့်ဖိုကြီး ဒီမှာတွေ့ပြီဟေ့”
…………………………………………………….
ကျွန်တော်တို့တစ်သိုက်လည်း ဝရုန်းသုန်းကားဖြင့် ဆရာကြီးဒွန်ဟိန်းရှိရာ ကိုင်းတောထဲသို့လိုက်လံ
တိုးဝင်ကြသည်။ ကိုင်းပင်ချုံနွယ်များကြားမှ အုတ်ရိုးကြီးနှစ်ခုကို ညွှန်ပြလျက် ဆရာကြီးဒွန်ဟိန်းက
ဤသို့ရှင်းပြပါသည်။
“အခုမြင်နေရတာက ဖိုနံရံနှစ်ခုပါ။ ဒီနံရံအုတ်ရိုးနှစ်ခုက ဟောဒီမီးဖိုနေရာမှာ လာဆုံတယ်။”
“ဟိုဘက် ဘုရာလေးရှိတဲ့ ကရဝိက်ငှက်ရဲ့ခေါင်းက ဒီစဥ့်ဖိုကြီးရဲ့ ခေါင်းတိုင်ပါ။”
“အရှည် ပေ (၄၀) လောက်ရှိတဲ့ ဖြတ်ထိုး(Cross draft) ဖိုရှည်ကြီးပါ။ကျုပ် ယိုးဒယားမှာတူးဖေါ်ခဲ့တဲ့
စဥ့်ဖိုတွေနဲ့ ပုံစံတူပါတယ်။”
“မြန်မာနိုင်ငံမှာ ရှေးဟောင်းဖြတ်ထိုးစဥ့်ဖိုကြီး တွေရှိနေပြီဆိုတာ ဒီဖိုကြီးက သက်သေထူပါလိမ္မယ်”
+ + +
လဂွန်းဗျည်းစဥ့်ဖိုကို ရှာဖွေတွေ့ရှိသွားသဖြင့် ဆရာကြီးဒွန်ဟိန်းသည် အပျော်ကြီး ပျော်နေ၏။
မြန်မာနိုင်ငံတွင် ဆရာကြီးဒွန်ဟိန်း လက်ညှိုးထိုးပြနှိုင်သည့် ရှေးဟောင်းစဥ့်ဖိုတစ်ဖို တွေ့နေရပြီ
မဟုတ်တုံလော… ။
မှန်ပါသည်။
မြန်မာနိုင်ငံမှာ ရှေးဟောင်းစဥ့်ဖို တစ်ဖိုကိုလက်ညှိုးထိုးပြ၍ ရနေပါပြီ…။
…………………………….
သို့သော်…ထိုင်းမှ စောဒကဆရာကြီး ဒေါက်တာပီစစ်၏ မျက်နှာကို စေ့စေ့ကြည့်ပြီး
“မြန်မာ့စဥ့်တွေဟာ ခင်ဗျားတို့ ယိုးဒယားရဲ့ သြဇာသက်ရောက်မှုမရှိဘူး။ယိုးဒယားနဲ့ ဘာမှမဆိုင်ဘူး။
သူ့နည်းသူ့ဟန် သူ့ယဉ်ကျေးမှုအခြေခံနဲ့၊ သူတို့ကိုယ်ပိုင်နည်းပညာနဲ့၊ သူတို့ကိုယ်တိုင်ရှေးရှေး
ကတည်းက ထုတ်လုပ်လာတာ”
“ကိုယ်ပိုင် စဥ့်ယဉ်ကျေးမှုအစဉ်အလာ နှင့် သမိုင်းကြောင်း ရှိနေပြီ၊ ဟောဒီမှာကြည့်…။”
………………………………………………….
ဟုပြောနှိုင်ဖို့ လောလောဆယ် မဖြစ်နှိုင်သေးပါ။ ခိုင်မာသည့် အချက်အလက်များ ဖေါ်ထုတ်ရန်
လိုနေပါသေးသည်။
ဆရာကြီးဒွန်ဟိန်း ကိုယ်တိုင် ယိုးဒယားမှာ ရှေးဟောင်းစဥ့်ဖို ရာနဲ့ချီပြီး
ဆယ်နှစ်ဆယ်မိုး တူးဖေါ်ပေးထားသကဲ့သို့ မြန်မာနိုင်ငံမှာလည်း
ယခုတွေ့ရှိသည့် တစ်ဖိုကို တူးကိုတူးမှ ဖြစ်ချိမ့်မည်။
အဆင့်မြင့်ခိုင်မာသော ရှေးဟောင်းသုတေသနနည်းပညာဖြင့် စနစ်တကျ
တူးဖေါ်၍ နိုင်ငံတကာအဆင့်မီ အထောက်အထား အချက်အလက်များကို မဖြစ်မနေဖေါ်ထုတ်နှိင်မှ
နိုင်ငံတကာပညာရှင်တို့၏ အသိုင်းအဝိုင်းအလယ်တွင် ကမ္ပည်းတင်နှိင်မည် မဟုတ်တုံလော…။
ထို့ကြောင့် လဂွန်းဗျဉ်းစဥ့်ဖိုကို မဖြစ်မနေ တူးကိုတူးမှဖြစ်တော့မည်ဟုဆရာကြီးဒွန်ဟိန်းကယတိပြတ်
ဆုံးဖြတ်ချက် ချလိုက်ပါသည်။
ဆရာကြီးဒွန်ဟိန်းက
သူ၏ဆုံးဖြတ်ချက်ကို ကျွန်တော်တို့အား စိတ်ရှည်လက်ရှည် ခရေစေ့တွင်းကျ
ရှင်းပြပါသည်။ ကျွန်တော်တို့ကလည်း ကမ္ဘာကျော်ဆရာကြီးဒွန်ဟိန်းနဲ့အတူ အခုလို
ပထမဆုံးတွေ့တဲ့
ဒီဖိုကြီးကိုများတူးလိုက်ရလို့ကတော့…။ တွေးမိရုံဖြင့် လက်ယားနေ၏။
သို့သော်…
မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရ ရှေးဟောင်းဆိုင်ရာ တူးဖေါ်မှုများကို
ဆောင်ရွက်ရာတွင် ရှေးဟောင်းသုတေသနဦးစီးဌာနကလွဲ၍
မည်သူမျှတူးခွင့်ဖေါ်ခွင့်မရှိပါ။ သို့ပါ၍ရှေးဟောင်းသုတေသန
ဦးစီးဌာန၏ညွှန်ကြားရေးမှုးချုပ် ဆရာကြီးဦးညွှန့်ဟန်ထံ အပူကပ်ရပါသည်။
ဆရာကြီးဦးညွှန့်ဟန်
ကလည်း ကျွန်တော်တို့နည်းတူ စဥ့်ပိုးဝင်နေသူမို့ သူ့ဌာနအနေဖြင့် ရှေးဟောင်းစဥ့်ဖိုကြီးကို တူးဖေါ်ရန်
ရှောရှောရှူရှူပင် သဘောတူလိုက်ပါသည်။
............................................................................................................................................................
Ref: HleguTsp
No comments:
Post a Comment