Friday, 28 March 2014

သမီးကလေးကျေးရွာမှ အိမ်ထောင်စု ၆၃ စု တပ်မတော်နေ့တွင် ၀ါးယားကုန်းကျေးရွာအနီးရှိ မြေကွက်သို့ အပြီးပြောင်းရွှေ့

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်း၌ ခိုလှုံနေသည့် ဖယ်ရှားခံ သမီးကလေးကျေးရွာသားများအနက် အိမ်ထောင်စု ၆၃ စုမှာ မြေအစားပြန်လည်ချပေးသည့် လှည်းကူးမြို့နယ်၊ ၀ါးယားကုန်းကျေးရွာအနီးရှိ မြေကွက်သို့ မတ် ၂၇ ရက်(တပ်မတော်နေ့)တွင် အပြီးပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၄ ရက် နံနက်အစောပိုင်းက တပ်ပိုင်မြေအတွင်း ကျူးကျော်နေထိုင်သည်ဟု ဆိုကာလှည်းကူးမြို့နယ်ရှိ သမီးကလေး ကျေးရွာကို ဖယ်ရှားခဲ့ခြင်းဖြစ်ပြီး ထိုသို့ဖယ်ရှားခံရသော အိမ်ထောင်စု ၁၅၇ စုအနက် ၆၃ စုမှာ မတ် ၂၇ ရက် နံနက်ပိုင်းတွင် မြေကွက်ပြန်လည် ချပေးသည့် ၀ါးယားကုန်း ကျေးရွာအနီးရှိ မြေကွက်သို့ အပြီးပြန်လည်ပြောင်းရွှေ့ခဲ့သော်လည်း မပြောင်းရွှေ့သည့် အိမ်ထောင်စုများလည်း ရှိခဲ့သည်။

ဝါးယားကုန်းကျေးရွာသို့ ပြောင်းရွှေ့ခဲ့သူ ဒေါ်နီလာဝင်းက “ပြောင်းရွှေ့ရတဲ့ အကြောင်းက လကုန်ရင် ဒီဘုန်းကြီးကျောင်းမှာ နေခွင့်မရတော့တဲ့အတွက် ပြောင်းတာပါ။ ဟိုမှာက လောလောဆယ် အိမ်ဆောက်ဖို့ မရှိသေးဘူး။ တချို့ဝါးတွေရှိတဲ့ သူတွေက တော့ယူသွားတယ်။ အဒေါ်တို့ကတော့ လတ်တလော တဲလေးတွေ ထိုးပြီးနေရဦးမှာပါ” ဟု ပြောကြားသည်။

အဆိုပါမြေအစား ပြန်လည်ချပေးသည့် နေရာမှာ ကွင်းပြောင်ပြောင် ဖြစ်နေခြင်းကြောင့် နေထိုင်ရသည်မှာ အခက်ခဲရှိနေကြောင်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နိုင်ရန် အခွင့်လမ်းမရှိသေးကြောင်း ပြောင်းရွှေ့ကြသူများက ပြောကြားသည်။

အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်း ဆရာတော်ဦးအဂ္ဂဓမ္မက “ပြောင်းရွှေ့ခဲ့တဲ့ အိမ်ထောင်စုတွေကော မပြောင်းရွှေ့တဲ့ အိမ်ထောင်စုတွေကိုရော တစ်အိမ်ထောင်ကို ဆန်တစ်အိတ်၊ ဆီတစ်ပိဿာ၊ ကြက်သွန်၊ အာလူးစတာတွေနဲ့ ငွေငါးသောင်းစီ ပေးလိုက်ပါတယ်။ အိမ်ထောင်စု ၁၅၇ စုလုံးကို ဝေပေးလိုက်တယ်”ဟု မိန့်ကြားသည်။

ဝါးယားကုန်းကျေးရွာ အနီးရှိမြေကွက်သို့ မပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများလည်း ရှိခဲ့ပြီး ၎င်းတို့မှာ ဖေဖော်ဝါရီ ၃၀ ရက် ကျော်ပါက ဘုန်းကြီးကျောင်းမှ ထွက်ခွာသွားကြမည်ဖြစ်ပြီး လက်ရှိတွင် အဆိုပါ ဘုန်းကြီးကျောင်းတွင်ပင် ဆက်လက်နေထိုင်လျက် ရှိသည်။

မပြောင်းရွှေ့ခဲ့သူတစ်ဦး ဖြစ်သည့် ဒေါ်သိန်းအိက “မပြောင်းရွှေ့ရတဲ့ အကြောင်းရင်းက ဟိုမှာကွင်းပြင်ကြီးပဲ ရှိတယ်။ လုပ်ကိုင်စားသောက်ဖို့ကလည်း ဘာတစ်ခုမှမရှိဘူး။ပထမက သူတို့ပြောတာက အိမ်ဆောက်ပေးမယ်လို့ ပြောတယ်။ အခုတော့ အလှူရှင် မရှိသေးလို့ မဆောက်ပေးဘူးလို့ဆိုတော့ အဒေါ်တို့မှာလည်း ဘာမှမရှိဘူး။ ဒါကြောင့် အလုပ်ပေးနိုင်တဲ့ အလုပ်ရှင်တစ်ယောက် ယောက်ဆီမှာပဲ သွားနေတော့မယ်။ မပြောင်းတော့ဘူး”ဟု ဆိုသည်။

မြေကွက်များ နေရာပြန်ချပေးခြင်းနှင့် ပတ်သက်၍ လှည်းကူးအမှတ်(၂) မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက “ဒီမြေအစား ပြန်ချပေးတာက အလှူရှင်တွေရဲ့အစီစဉ်နဲ့ ပြုလုပ်ပေးတာ ဖြစ်တယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရကိုအဆင့်ဆင့် တင်ပြပြီး ခွင့်ပြုသဘောတူလို့ ဒီဝါးယားကုန်းနားမှာ မြေနေရာဝယ်ပြီး အစားပြန်ပေးတာပါ။ အိမ်ဆောက်ပေးဖို့ကတော့ အလှူရှင်တွေကို ရှာနေတုန်းပါ” ဟု ပြောကြားသည်။ ထို့ပြင် အဆိုပါမြေကွက်များ ပြန်လည်ချပေးရာတွင် မူလက ပေ ၄၀ ပေ ၆၀ ရှိ မြေကွက် ပြန်လည်ပေးမည်ဟု ဆိုခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကျူးများအတွက် မြေနေရာပြန်ချပေးရာတွင် ပေ ၂၀ ပေ ၅၀ သာ ပြန်လည်ချပေးရန် ညွှန်ကြားခဲ့သဖြင့် ၎င်းအတိုင်းတာဖြင့် ပြန်လည်ချပေးခြင်း ဖြစ်ကြောင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးလှသန်းက ဆိုသည်။

Ref: http://www.news-eleven.com

No comments: