Friday, 21 March 2014

သမီးကလေးကို လှည်းကူးမြို့နယ်ရှိ ၀ါးယားကုန်းကျေးရွာအနီး၌ နေရာချပြောင်းရွှေ့ပေးမည်၊ ဒါပေမယ့် ရွှေပြည်တော် မျှော်လေတိုင်းဝေးလား

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းတွင် ယာယီခိုလှုံနေရသည့် နေအိမ်ဖျက်သိမ်းခံ သမီးကလေးကျေးရွာမှ အိမ်ထောင်စုများကို လာမည့်ရက်ပိုင်းအတွင်း လှည်းကူးမြို့နယ်အတွင်း ရှိ ၀ါးယားကုန်းကျေးရွာအနီးတွင် မြေနေရာအစား ပြန်ပေးနေရာချပေးသွားမည်ဖြစ်ကြောင်း လှည်းကူးအမှတ် (၂) မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှသန်း က မတ် ၁၉ ရက် နံနက်ပိုင်းက ဆိုသည်။

ဖေဖော်ဝါရီ ၄ ရက်က နေအိမ်ဖယ်ရှားခြင်း ခံခဲ့ရသည့် သမီးကလေးကျေးရွာသားများမှာ ပဲခူးတိုင်းဒေသကြီး အလိုင်နီဆည်အနီးရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရပြီး တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် ဖေဖော်ဝါရီ ၂၁ ရက်တွင် ဖယ်ရှားခံအိမ်ထောင်စုများကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ၀ါးယားကုန်းကျေးရွာအနီးတွင် မြေကွက်များ ပြန်လည်နေရာချပေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက “မြေကွက်တွေ ရိုက်ပြီး သွားပြီ။စက်ရေတွင်း နှစ်တွင်း တူးနေတယ်။ တူးလို့ပြီးရင်တော့ အမြန်ဆုံးရွှေ့ပြောင်းနိုင်အောင် လုပ်မှာပါ။တစ်ရက် နှစ်ရက်အတွင်း ရွှေ့နိုင်အောင် ကြိုးစားမှာပါ” ဟုဆိုသည်။

ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် အိမ်ထောင်စု ၁၅၇ စုအား ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၀ါးယားကုန်းကျေးရွာအနီးရှိ မြေ ၉ဒသမ ၉၁ဧကပေါ်တွင် မဲနှိုက်ပြီး မြေကွက်များ ချပေးသွားမည်ဖြစ်ကာ အဆိုပါအကွက်မှာ ၀ါးယားကုန်းကျေးရွာ၏ ရပ်ကွက်ကြီးတစ်ခုအဖြစ် အကျုံးဝင်သွားမည်ဖြစ်ကြောင်း ဦးလှသန်းထံမှ သိရသည်။

ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် သမီးကလေးကျေးရွာသားတစ်ဦးက “အခုချပေးတဲ့ နေရာက လုပ်ကိုင်စားသောက်ရတာ အဆင်မပြေနိုင်ပါဘူး။ လယ်ပဲ လုပ်စားစရာရှိတယ်။ ကျွန်တော်တို့မှာက လယ်လည်း ရှိတာမဟုတ်တော့ စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်ဖို့ အခက်အခဲတွေ ရှိလာမယ် ထင်တယ်။ အလုပ်အကိုင် အခွင့်လမ်း ဖန်တီးပေးရင်တော့ ပိုကောင်းပါတယ်” ဟု ပြောကြားသည်။

Ref: http://www.news-eleven.com/

No comments: