Friday, 29 March 2013

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၄၃)/ မသီတာ-စမ်းချောင်း


အမှန်တော့ “မှန်နန်းတော်” စာအုပ်ဟာ အလက်ဇန္ဒားအနေနဲ့ ကြီးကြီး မသန်းဧကို လက်ဆောင်အဖြစ် ပေးခဲ့တဲ့ စာအုပ်ပါ။ ကြီးကြီးမသန်းဧရဲ့ တယ်လီဖုန်းထဲက အသံဟာ စိတ်အားငယ်နေတယ်လို့ ထင်ပြီး သူ ရှိတဲ့ သြစတြီးယားကို သွားခဲ့တုန်းက ကျွန်မရောက်ပြီး သုံးရက်လောက် ကြာတော့ အလက်ဇန္ဒားလည်း ချီကာဂို ကနေ ရောက်လာခဲ့ပါတယ်။ အလက်ဇန္ဒားက စုလိုပဲ ငယ်ကတည်းက စာအုပ်ဖတ်တာကို ဝါသနာ ပါတာကိုး။ ကျွန်မလည်း သူ့ရဲ့လက်ဆောင် ကို သဘောအကျကြီး ကျခဲ့သလို စာအုပ်အဖုံးပေါ်က ဦးပိန်တံတားရှုခင်း ကိုလည်း မှတ်မိနေပါတယ်။

ဂျပန်မှာ ရှိတဲ့ နာရာနဲ့ ကျိုတိုက လူတွေကတော့ မန္တလေးမြို့တည်ပုံ ဟာ သူတို့မြို့တွေနဲ့ ဆင်တူတာမို့ မန္တလေး ကို ရောက်ရင် လွယ်လွယ်နဲ့ သဘောပေါက်နိုင်မယ့်ပုံပါ။ နန်းတော်ကို ၃ ကီလိုမီတာ အရှည်ရှိတဲ့ ကျုံးမြို့ရိုးနဲ့ ပတ်လည်ဝိုင်းထားပါ တယ်။ မြို့ထဲက လမ်းတွေကလည်း စတုရန်းကွက်ထဲမှာ စနစ်တကျဖောက် ထားတာတွေပါ။ အရှေ့တံတားကို ဖြတ်ကျော်ပြီး နန်းတော်ထဲဝင်တော့ အမြောက်ကြီးတွေကို အရင်တွေ့ရ လေရဲ့။ နန်းတော်ကို သင်္ဃန်းရောင် သုတ်ထားပြီး ထုမရှိတဲ့ ပစ္စည်းတွေနဲ့ ဆောက်ထားပုံတွေ့ရတော့ အပေါစား ဆန်သလိုမြင်မိ ပါတယ်။ နေရာတကာ မှာ နန်းတော်အစစ်ပုံမျိုးဖြစ်အောင် ကြိုးစား လုပ်ထားပုံ တွေ့ရပေမယ့် မတူနိုင်ဘူး ဆိုတာ တွေးမိပါတယ်။

၁၈၅၇ ခုနှစ်မှာ မင်းတုန်းမင်း က နန်းတော်ကို အမရပူရကနေ မန္တ လေးကို ရွေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။  စာအုပ်တွေ အဆိုအရတော့ နန်းတော်သစ်ရဲ့ ဗိသုကာလက်ရာဟာ အတော့်ကို ခေတ်မီ ခမ်းနားခဲ့တယ်လို့ ဆိုပါတယ်။ မင်းတုန်းမင်း ကံကုန်တော့ သူ့အခန်းကို ရွေ့ပြီး နန်းတော်ကျောင်းရယ်လို့ ဘုန်းကြီးကျောင်း ဖြစ်လာ ပါသတဲ့။ အတိတ် နန်းတော်ရဲ့ အေးချမ်းမှုတွေ ကို သစ်သား ပန်းပုထည် တွေက ကိုယ်စားပြုနေသလိုတော့ ကျွန်မ ခံစားမိခဲ့ပါတယ်။

အင်္ဂလန်က မန္တလေးကို သိမ်း ပိုက်လိုက်ပြီးတဲ့နောက်မှာတော့ နန်းတော်ဟာ အင်္ဂလိပ်စစ်တပ်ရဲ့ ဌာနချုပ် ဖြစ်သွားပါတော့တယ်။ ကျွန်မတို့ ရောက်တဲ့အချိန် မှာတော့ မြန်မာ့ တပ်မတော်က နန်းတော်မှာ နေရာယူ ထားပြီး ဖြစ်ပါတယ်။ နန်းတော်ရဲ့ အငွေ့အသက်လေးတွေကို ခံစားဖို့ ကိစ္စမှာ အခိုင်အမာဆောက်တားတဲ့ ဘားတိုက် တွေကို မြင်ရတော့ အဆင်မပြေ သလိုပါပဲ။ ကြည့်ရ ဆိုးလိုက်လေ လို့ ခံစားလိုက်ရပါတယ်။

ကျွန်မက “ဒီနန်းတော်ကို ဘယ်သူက ဖျက်ဆီးခဲ့တာလဲ”လို့ ဆိုတော့ ကျွန်မတို့ရဲ့ ဧည့်လမ်းညွှန်က “ဂျပန် တပ်တွေ”လို့ဖြေလေရဲ့။ ကျွန်မလည်း “ဘာ”လို့သာ တစ်လုံးတည်း အော်လိုက်မိပါတယ်။ “ဒါဆို ဒီနန်းတော် ပြန်ပြုပြင် တည်ဆောက်ရေးကို ဂျပန် အစိုးရက လုပ်ပေးသင့်တာပေါ့”လို့ တစ်ဆက်တည်း ဆက်ပြောဖြစ်ပါ တယ်။ တကယ်တော့ ကမ္ဘာ့အမွေ အနှစ် ဗိသုကာလက်ရာ တစ်ခုကို တခြားနိုင်ငံက စစ်တပ်ဟာ အတုံ့အဆိုင်း မရှိ ဖျက်ရက်တာပါလား။ ဒါဟာ စစ်ကြောင့် ပျက်ရတာ မဟုတ်ဘဲ စစ်တပ်ကြောင့် ပျက်ရတာလို့ သဘောပိုက် မိပါတယ်။ တကယ်လို့ ဒီလိုလုပ်တာဟာ အင်္ဂလိပ်စစ်တပ်က ဆိုရင် ဒီလောက် ဒေါသထွက်မိမှာ မဟုတ်ဘူး ထင်ပါတယ်။ သူများရဲ့ နန်းတော်ကိုလည်း ဖျက်ဆီးသေး၊ သူတို့ ဂျပန်စစ်ပြန်တွေကလည်း မြန်မာ ပြည်ကို လွမ်းတယ် ပြောသေးဆိုတာ ကျွန်မ ဘယ်လိုများ နားလည်ပေးရ ပါ့မလဲ။

ဒီလို သိလိုက်ရပြီးတဲ့နောက်မှာတော့ ကျွန်မဟာ မန္တလေးမြို့ထဲ လည်ဖို့တောင် စိတ်မပါတော့သလို ဖြစ်မိပါတယ်။ မန္တလေးတောင်ပေါ် တော့ တက်ပြီး စန္ဒမုခိ ဘီလူးရုပ်ကို တော့ ကြည့်ဖြစ်ပါသေးရဲ့။ ညနေစောင်း မှာတော့ ချည်ထည် လုပ်ငန်း တစ်ခုကို သွားလေ့လာဖြစ်ပါတယ်။  ဒီကပိုးထည်တွေကတော့ လူထုဒေါ် အမာ ရေးခဲ့သလိုပါပဲ အရည်အသွေး အတော့်ကို ကောင်းပါတယ်။ ဒေါ်အမာက ပိုးထည်ဆိုရင် မန္တလေးအရှေ့ ပြင်က ပိုးထည်က အကောင်းဆုံး လို့ ရေးခဲ့တာကိုး။ ကျွန်မတို့က ကမန်းကတန်း လည်တာဆိုတော့ မန္တလေး ဟာ တရုတ်မြို့ဖြစ်နေပြီဆိုတာ ဟုတ် မဟုတ် မလေ့လာနိုင်ခဲ့တာကိုတော့ စိတ်မကောင်းဖြစ်မိပါတယ်။

ပဲခူးက လျောင်းတော်မူဘုရား

ပုဂံနဲ့ မန္တလေးက ပြန်တော့ ကျွန်မတို့လည်း နွမ်းနေပါပြီ။ နောက်နေ့မနက် ဧည့်လမ်းညွှန်က လာခေါ်တော့ ကျွန်မတို့လည်း ပင်ပန်းပေမဲ့ လိုက်လာဖြစ်ပါတယ်။ ကားက မင်္ဂလာဒုံလေဆိပ် ကိုတောင် ကျော်ပြီး မောင်းနေလေတော့ ကျွန်မခင်ပွန်းက စိတ်နည်းနည်း တိုသလို ဖြစ်နေလို့ ကျွန်မကပဲ သူတို့ခေါ်ရာနောက်သာ လိုက်ရ အောင်ပါ လို့ နှစ်သိမ့်ရပါတယ်။

ပဲခူးက ရန်ကုန်ရဲ့ မြောက်ဘက် ကီလို ၇ဝ အကွာလောက်မှာ ရှိပါ တယ်။ ကားလမ်းတစ်လျှောက်မှာ ပထမ တော့ အများသုံးအိမ်သာလို့ ထင်ခဲ့မိပြီး နောက်မှ ဓာတ်ဆီဆိုင်လို့ သိလိုက်ရတဲ့ ဆိုင်တွေတော်တော်များ များ သတိထားလိုက်မိပါတယ်။ အဲ ဒီအချိန်က ဓာတ်ဆီကို ကိုတာနဲ့ပဲ ရောင်းချပေးတာပါ။ ၂ဝဝ၇ ခုနှစ်မို့ အဲဒီ အချိန်မှာ ဓာတ်ဆီက ဆိုင်ဈေး ၁၅ဝဝ ကျပ်လောက်ဖြစ်ကာ မှောင် ခိုဈေးကတော့ ၄၅ဝဝ ကျပ်လောက် ဖြစ်ပါတယ်။ ဓာတ်ဆီစာအုပ်နဲ့ ပြပြီး ဝယ်နေကြတာကို ကြည့်ရတော့ ကျွန်မလည်း စိတ်ထဲ အဆင်မပြေ ဖြစ်ရပြန်ပါတယ်။ ဆီစာအုပ် မေ့ နေရင် ဝယ်ခွင့်မရဖြစ်ရတယ်လို့ ကား သမားက ရှင်းပြပါတယ်။ ဆီစာအုပ် ဆိုတာကလည်း လက်ပေါင်းစုံကိုင် ထားတော့ မည်းသည်းညစ်ပတ်နေ တာပါပဲ။ ဒါ့အပြင် သဘာဝဓာတ်ငွေ့ နဲ့ ရေနံတွေ ထွက်သလောက် လူထု က အခုလို ဓာတ်ဆီ ဝယ်တာတောင် အဆင်မပြေဘဲ ဖြစ်နေတာတွေကို မြင် ရတော့ စိတ်ပျက်မိပါတယ်။

ရန်ကုန်မှာ မောင်းနေတဲ့ကား အများစု ကလည်း ဂျပန်က သုံးပြီး သားကားတွေ ဖြစ်နေပါတယ်။ ကားတွေမှာ ဂျပန်စာတွေ တွေ့ရတာက တော့ ဂျပန်တိုးရစ်တွေ အတွက် စိတ်သက်သာရာ တောင်ရသေးလို့ ဆိုရမှာပါပဲ။ ကျွန်မတို့ ကားဒရိုင်ဘာက ပြော တာကတော့ ဂျပန်ကားတွေရဲ့ ဈေး က အစိုရရဲ့ အခွန်တိုးကောက်မှုအပါ အဝင် စည်းမျဉ်း စည်းကမ်းတွေ ကြောင့်ပါ နှစ်ဆလောက် တက်လာတယ်လို့ သိရပါတယ်။ ဒါကြောင့် ဌာနဆိုင်ရာ တံဆိပ်နဲ့ကားတွေ အားလုံး လိုလိုကတော့ ဂျပန်ကားတွေ မဟုတ် ကြပါဘူး။

ပဲခူးကတော့ ၁၃ ရာစုကနေ ၁၆ ရာစုအတွင်း မြန်မာ့ထီးနန်းစိုက် ရာမြို့တော် ဖြစ်ခဲ့ဖူးပါတယ်။ ပဲခူး လို့ ဆိုလိုက် ရင် ရွှေမော်ဓော နဲ့ ရွှေသာလျောင်း စေတီတွေက ကျော်ကြားပြီးသားပေါ့။ ပဲခူးကနေ နန်းတော် ရွေ့သွားပြီး နောက် မှာတော့ ရွှေသာလျောင်း ကိုလည်း လူတွေ မေ့လျော့ သွားပါတော့တယ်။ ၁၉ ရာစုကျမှ အင်္ဂလိပ် လက်ထက်မှာ အိန္ဒိယပညာ ရှင်တစ်ယောက်က မီးရထားလမ်း ဖောက်ဖို့ လိုက်ကြည့်ရာက ရွှေသာလျောင်းကို တောထဲမှာ သွားတွေ့ပါ သတဲ့။ ရွှေသာလျောင်း ရုပ်ပွားတော်ရဲ့ ဉာဏ်တော်က ၅၄.၈၈မီတာတောင် မြင့် ပါတယ်။ စစ်ဒဏ်ကို မခံခဲ့ရတာမို့ ရုပ်ပွားတော်ရဲ့ ခြေတော်မှာ ရှိနေတဲ့ မှန်စီရွှေချ အပြောက်အမွှမ်းတွေတောင် မပျက်စီးဘဲ ကျန်နေ တာကို တွေ့ရပါတယ်။ အဲဒီနောက် မှာတော့ ဆယ်စုနှစ် ၁ဝ စုစာလုံးလုံး လျောင်းတော်မူ နေရတဲ့ ရွှေသာလျောင်း ကိုယ်တော်လည်း ဘုရားဖူးတွေ တဖွဲ ဖွဲနဲ့ မနားရတော့ပေဘူး။

မိသားစုတွေတစ်စုပြီးတစ်စုက ရုပ်ပွားတော်ကို နောက်ခံထားပြီး ဓာတ်ပုံရိုက်နေကြပါတယ်။ ဘုရား ရဲ့ ညာဘက် ကွင်းပြင် ထဲမှာလည်း နောက်ထပ်လျောင်းတော်မူ တစ်ဆူကို တွေ့လိုက်ရပါတယ်။ ဒီရုပ်ပွားတော် က အဆောင်အယောင် မများပေမယ့် မျက်နှာတော် လုံးဝန်းပြီး သပ္ပါယ်တာမို့ အဲဒီရုပ်ပွားတော်ကိုပဲ ကျွန်မတို့ က ဓာတ်ပုံရိုက်ဖြစ် ခဲ့လေရဲ့။ ဧရာဝတီမြစ်ဘေးက ဆည်းဆာချိန်ဓာတ်ပုံ နှစ်ပုံရယ်၊ ဒီလျောင်းတော်မူပုံရယ်က တော့ အခုအချိန်ထိ ကျွန်မတို့အိမ် ဧည့်ခန်းမှာ ရှိနေပါတယ်။

သိပ်လည်း ပင်ပန်းနေပြီမို့ ရွှေမော်ဓောစေတီ ကိုတော့ အဝေးကနေပဲ ဖူးဖြစ်ပါတယ်။ ကျွန်မက ထင်ရှားတဲ့ နေရာတွေကို တစ်ခါတည်းနဲ့ အကုန် လျှောက်မလည်ဘူး လို့လည်း ဆုံးဖြတ် ထားပါတယ်။ ဒါမှ စိတ်က လည်စရာ ကျန်နေလေခြင်း ရယ်လို့ ဖြစ်ကာ နောက်တစ်ခါ လာချင်မှာလေ။

REF: http://www.myanmarij.com/%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%81%BE%E1%80%80%E1%80%8A%E1%80%B9-%E1%81%84%E1%81%83/

Tuesday, 26 March 2013

ဆစ်ဒနီမြန်မာစာသင်ကျောင်း ကြေငြာချက်

ဒေါ်အောင်ဆန်းစုကြည် အတွက် စာတစ်စောင် (၄၂) မသီတာ-စမ်းချောင်း


သတင်းဆောင်းပါး — မတ် ၂၁၊ ၂ဝ၁၃
ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်နှစ်ယောက်
ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်နှစ်ယောက်


ပါမောက္ခ တိုရူအိုနိုက “မြန်မာ လူ့အဖွဲ့အစည်းနှင့် ယင်း၏ တန်ဖိုး” ဆိုတဲ့ စာအုပ်ထဲမှာ ပုံဂံနားကလူတွေ အနေနဲ့ ညောင်ဦးနဲ့ ပုဂံကြားက နေရာရဲ့ အောက်ဖက် ၂၄ ယူဇနာအနက် မှာ ငရဲရှိနေတယ်လို့ ယုံကြသတဲ့။ (တစ်ယူဇနာကို ၈ ကီလိုမီတာ ရှိပါတယ်။) ဒါကြောင့် ကျွန်မက ပုဂံမှာ လျှောက်လည်ခိုက် ကျွန်မ ရပ်နေတာ ဘယ်ငရဲပေါ်မှာ ပါလိမ့်လို့  တွေးမိတတ် ပါတယ်။


ကျွန်မတို့ မန္တလေးကို ပြန်ခဲ့ကြပါတယ်။ မန္တလေးလေဆိပ်ကို တရုတ်တွေက ဆောက်ပေးတယ်လို့ ကျွန်မတို့ရဲ့ ဧည့်လမ်းညွှန်က ပြောပါတယ်။ မန္တလေးဆိုတာ အချက်အချာနေရာမို့ ဒီမှာ လေဆိပ်လာဆောက် ပေးတာ သိပ်အမြော်အမြင်ကြီးတဲ့ စိတ်ကူးပေါ့။ ကျွန်မတို့နဲ့သိတဲ့ လားရှိုးသူလေးတစ်ယောက်က လွန်ခဲ့တဲ့ ၁ဝနှစ်က ပြောခဲ့ဖူးတာ ကို သတိရ မိပါတယ်။ “လားရှိုးမှာ တရုတ်စကား မတတ်ရင် နေလို့ မဖြစ်ဘူး။ ဒီမှာက တရုတ်တွေချည်း ကြီးစိုးနေတာ”လို့ ပေါ့။


အမရပူရ


ကျွန်မတို့က မန္တလေးကိုရောက်ပေမယ့် အမရပူရကို အရင်သွားလည် ကြပါတယ်။ အမရပူရဟာ ၁၇ ရာစု အင်းဝခေတ် ရဲ့မြို့တော်ပါ။ ရှေးခေတ် က အကြွင်းအကျန်ရယ် လို့ ဟုတ်တိ ပတ်တိ မရှိတော့ပေမယ့် မဟာဂန္ဓာရုံ နဲ့ ဦးပိန်တံတား ကတော့ အထင်ကရ ကျန်ပါတယ်။ ဒီမြို့က ချည်ထည် လုပ်ငန်းလည်း အတော်ကြီး နာမည် လည်း ကြီးတာကိုး။


ဦးပိန်တံတားကတော့ လွန်ခဲ့တဲ့ နှစ် ၁၆ဝ က ဆောက်ခဲ့တဲ့ တံတားအိုကြီးပါ။ မြို့တော်ကို အမရပူရကနေ မန္တလေးကို ရွှေ့တဲ့အခါ မြို့ခံကြီး ဦးပိန်က တောင်သမန်အင်းကို ဖြတ်ကာ ၁.၂ကီလိုမီတာ ရှည်လျားတဲ့ ဒီတံတားကြီးကို ကျွန်းတိုင်ပေါင်း  ၁ဝ၈ဝ တိုင်နဲ့ တည်ဆောက်ခဲ့ ပါတယ်။ တံတား ပတ်ဝန်းကျင်က ရှုမျှော်ခင်း တွေက လွမ်းမောစရာ လှလွန်းတာမို့ ကျွန်မတို့လည်း အငေးသားပါပဲ။ အဲဒီအချိန်မှာ တံတား အောက်က အင်းထဲမှာ ရေခန်းပြီး ကျွဲကျောင်းနေတဲ့ မိသားစုထဲက အမျိုးသမီး တစ်ယောက်ရဲ့ သီချင်းညည်းသံကို သာယာနာပျော် ဖွယ်ရာ ကြားလိုက်ရပါတယ်။ ဒီရှုခင်းကတော့ တစ်ကမ္တာလုံးက သဘောကျတဲ့ ရှု ခင်းပါလေ။


ကျွန်မတို့ ချည်ထည် ဆိုင်တွေဘက် လေ့လာဖို့ ခရီးဆက်ခဲ့ကြ ပြန်ပါတယ်။ ကျွန်မတို့ ကျိုတိုမှာ ရှိတဲ့ နီရှီဂျင်း ပိတ်စ ထုတ်လုပ်ရေးကို လေ့လာ သလိုမျိုး ဖြစ်မလားလို့ မျှော်လင့်မိပေမယ့် တဲလေးထဲမှာ ရှိနေတာက သစ်သား ရက်ကန်းစင်လေး နှစ်စင်ပါပဲ။ အမျိုးသားတစ်ဦးက အပေါ်ပိုင်း ဗလာကျင်းပြီး ရက်ကန်းခတ် နေတာကို တွေ့လိုက် ရပါတယ်။ အမျိုးသမီးလေး နှစ်ယောက်ကတော့ သူတို့စိတ်ထဲ မှတ်ထားတဲ့အတိုင်း အဆင်တွေ ပေါ်လာအောင် လွန်းတွေကို ဘယ်ညာ စည်းချက်ညီ ရက်ဖောက်နေလေရဲ့။ သူတို့ ကြည့်ရတာ ကျွမ်းကျင်လွန်းလှပါတယ်။


တဲရဲ့ မျက်နှာချင်းဆိုင်မှာတော့ အထည်တွေ ရောင်းတဲ့ အုတ်တိုက် ဆိုင်လေးတစ်ဆိုင် ရှိနေပါတယ်။ နိုင်ငံခြား သူတွေက ထမိန် တစ်ကွင်းပြီး တစ်ကွင်း ဖြန့်ကြည့် ပတ်ကြည့်ပြီး ပြန်ချထားတာတွေနဲ့ မှန်ဘီရိုလေးက ရှုပ်ပွနေ လေရဲ့။ ဆိုင်အတွင်းဘက်က ဘီရိုထဲမှာတော့ ပိုးထည်တချို့ကို တွေ့ရပြီး အဲဒီမှန်ဘီရိုရှေ့မှာတော့ အချိန်ကို ဘယ်လိုဖြုန်းရမှန်း မတွေးတတ်သလို ရှိနေတဲ့ အမျိုးသား အုပ်စုကို တွေ့ရပါတယ်။


ဒီမှာ အထည်တွေကို ဂရုတစိုက် ရှိပုံဟာ ညောင်ဦးဈေးထဲက အထည် ဆိုင်တွေရဲ့ သူတို့ရောင်းကုန်ကို ဂရု စိုက်ပုံ ထက် အများကြီး သာတာကို သတိထားမိ ပါတယ်။ ညောင်ဦးဈေး ထဲက အထည်တွေက သိပ်အရည် အသွေး မကောင်းလှ တာကိုလည်း သတိထားမိပါတယ်။ ဈေးတွေကလည်း ကွာတာကိုး။ ဒီအမရပူရမှာ ဈေးက ပိုများတယ်လေ။ ကျွန်မရဲ့ ခင်ပွန်းကတော့ ဈေးဝယ်တာကို စိတ်တိုတတ်သူမို့ “ခင်ဗျား ဒေါ်လာ ၇ဝ ဖိုး ဝယ်မှာ ကို အချိန်ဘယ်လောက် ကြာကြာ သုံးနေမှာလဲ” လို့ ပြောလေရဲ့။  ဒါပေမယ့် သူကလည်း ရုရှားက အရည်အသွေးနိမ့် ပစ္စည်းတွေကို ဝယ်တာပဲလေ။ အဲဒီလို ပြောရင်တော့ နိုင်ငံ ထဲကို ငွေတွေ ရောက်သွားတာ ကောင်းတယ်လို့ ဆင်ခြေပြောပြောဦးမှာ။ ဒီတော့ ကျွန်မကလည်း ကျွန်မတို့ရဲ့ ငွေတွေဟာ စုရဲ့နိုင်ငံထဲက လူတွေ ရသွားမှာမို့ ဈေး ဝယ်နေတာပေါ့လို့ ပြန်ချေရတာပ။ တကယ်တော့ ညောင်ဦး ဈေးကနေ ဝယ်လာခဲ့တဲ့ အထည် တွေက အရည်အသွေး ညံ့တာကြောင့် ဘယ်သူ့ကိုမှ လက်ဆောင် မပေးနိုင် ဖြစ်ရပါတယ်။ ဈေးရောင်းတဲ့အမျိုး သမီးက အပြောကောင်းသူမို့ ဘယ်သူ့ကိုမှ မပေးဖြစ်ဘဲ ကျန်နေတဲ့ အထည်တွေ မြင်တိုင်း အပြောကောင်းတဲ့ ဆိုင်ရှင် အမျိုးသမီးကို သတိရနေမိပါတော့တယ်။


မန္တလေး


ကျွန်မတို့ မန္တလေးကို ကားနဲ့ ပြန်လာခဲ့ကြပါတယ်။ ကျွန်မတို့ နေ့ လည်စာ စားတဲ့နေရာကနေ မြင်နေရတာ ကတော့ မန္တလေးက ပုဂ္ဂလိက ဆေးရုံတစ်ရုံပါပဲ။ အဲဒီမှာ အလုပ်လုပ်တဲ့ ဆရာဝန်တွေရဲ့ ဘွဲ့တွေကိုလည်း ဆိုင်းဘုတ် မှာ ရေးထားပါတယ်။ ဆေးရုံရှေ့မှာ လူလည်း မတွေ့ရဘဲ သန့်ရှင်းနေတာမို့ လူချမ်းသာတွေ တက်တဲ့ ဆေးရုံ လို့ပဲ ထင်မိပါတယ်။

ကျွန်မ တွေ့ဖူးတဲ့ ရန်ကုန် ပြည်သူ့ဆေးရုံကြီးနဲ့ အခြားနားကြီး ခြားနားနေတာကို တွေ့ရတာပေါ့။ ရန်ကုန် ပြည်သူ့ဆေးရုံကြီးရဲ့ ဝင်ပေါက် မှာဆိုရင် လမ်းဘေး ဈေးသည်တွေကလည်း ပြည့်လို့။ ပန်းသည်တွေ၊ အ စားအသောက် ရောင်းသူတွေ၊ အသုံး အဆောင် ရောင်းသူတွေသာမက ဧည့်သည်တွေနဲ့ပါ အမြဲစည်ကားနေ တာကို တွေ့ရတာမို့ အဲဒါမှ ရှင်သန်နေတဲ့ ကမ္ဘာတစ်ခုလို ထင်မိပါတယ်။

ကျွန်မတို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးထဲကို ဝင်သွားခဲ့ဖူးတဲ့ အတွေ့အကြုံကိုလည်း သတိရမိပါတယ်။  ကျွန်မ တို့က ဂိတ်က အပေါက်စောင့်ကို ငွေပေးပြီး ဆေးရုံ အပေါ်ထပ်ထိ တက်သွားတာပါ။ ဆေးရုံ အဆောင်တွေဟာ ဟောင်းပေမယ့် သန့်ရှင်းပြီး တစ်ဦးချင်းသီးခြားနေဖို့တော့ အ ခြေအနေ မပေးပါဘူး။ အဆောင်အ ကျယ်ကြီးမှာ ကုတင်အမြင့်ကြီးတွေ နဲ့ ခင်းကျင်းထားပြီး ဧည့်သည်တွေ ကလည်း လူနာတွေကို စကားတွေ ပြောလို့။

ကျွန်မက စုရဲ့ မေမေ သူနာပြု လုပ်နေချိန်မှာ ငှက်ဖျားကြောင့် ဆေးရုံရောက်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြင်မြင်ချင်း အချစ်ဆိုတာကို သတိရနေမိခဲ့ပါတယ်။ ကျွန်မ လည်း အတွေးတွေနဲ့ လျှောက်သွားနေလိုက်တာ အဆောင်ကနေ အခန်းလေးတွေဘက် ရောက်သွားတော့တာပါပဲ။ အဲဒီမှာ ရုတ်တရက်ဆိုသလို လူတစ်ယောက် က ကျွန်မကို အသားလွတ် ကြီး အော်တော့တာပါပဲ။ သူ အော်နေတဲ့ စကားတွေက ဘာမှလည်း အဓိပ္ပါယ် မရှိသလိုပါ။ ကျွန်မကို ဇွတ်ဆွဲပြီး အောက်ထပ်ဆင်းမဲ့ ဓာတ်လှေကားထဲ ပြန်ပို့လိုက်ပါတယ်။ အပြင်ကို ပြန်မရောက်ခင်မှာတော့ ဆေးရုံ အနေအထားကို လေ့လာဖို့ အချိန်လေး တော့ ရလိုက်ပါရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် အသက်ဝင်နေတဲ့ အဲဒီဆေးရုံဟာ ဆူညံလို့ပါပဲ။ အခု ကျွန်မ မြင်နေရတဲ့ မန္တလေးက ပုဂ္ဂလိက ဆေးရုံကတော့ တိတ်ဆိတ်နေလိုက်တာ။ လူတွေက စရိတ်ကြီးမှာ ကြောက်ပြီး အပေါက် နားတောင် မသီကြလေရော့လားပဲ။ ဆက်တွေးမိတာကတော့ မြန်မာပြည် ကလူတွေဟာ တိတ်ဆိတ်မှုကို ဆေးရုံမှာ ငွေပေးပြီး လာရှာနေလေ မလား လို့ပေါ့။

မန္တလေးမှာ တည်းရတဲ့ ဟိုတယ်ကတော့ တကယ်ကျေနပ်စရာ ကောင်းပါတယ်။ ကျွန်မတို့အခန်း ပြူတင်းပေါက် က ကြည့်ရင် နန်းတော်နဲ့ မန္တလေးတောင်ကို လှမ်းမြင် နေရတယ်လေ။ ၁၈၈၅ ခုနှစ် သီပေါ မင်း ပါတော်မူခဲ့တဲ့ နန်းတော်ဂိတ် ကို ကျွန်မက မသိတော့ မမှန်းတတ် ဘူး ဖြစ်နေပါတယ်။ ကျွန်မ ဖတ်ခဲ့ ဖူးတဲ့ စာအုပ်တစ်အုပ် ကိုလည်း သတိရမိပါတယ်။ ရုရှားစာရေးဆရာ ပါစတာညက် လိုတော်တဲ့ အမီတာဗ် ဂို့ရှ်ရေးတဲ့ “မှန်နန်းတော်” ဆိုတဲ့ စာအုပ်ပါ။  ဒီစာအုပ်ကို ပထမဆုံး အကြိမ် ဖတ်ရတော့ မြန်မာပြည်ရဲ့ ကြေကွဲဖွယ် ဇာတ်ကို သိခဲ့ရပါတယ်။ ဒီ့ထက်ပိုပြီးလည်း သိချင်လာပါတယ်။

မသီတာ-စမ်းချောင်း



http://www.myanmarij.com/%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%81%BE%E1%80%80%E1%80%8A%E1%80%B9-%E1%81%84%E1%81%82/

Friday, 22 March 2013

မယားကြီးရှိလျက်နှင့် သမီးဖြစ်သူကိုခိုးယူပေါင်းသင်းခဲ့သူအား အဖေကသတ်ပစ်

နေပြည်တော်၊ မတ် ၂၁ ၁၅-၃-၂၀၁၃ရက်နေ့ ၁၆၃၀ အချိန် စာဘူးတောင်းကျေးရွာ အုပ်ချုပ်ရေးမှူးမှ ကျောက်ပုံ ကမ်းနားအနီး ငမိုးရိပ်ချောင်းအတွင်း အမည်မသိအမျိုးသားအလောင်း ၁ လောင်း တွေ့ရှိကြောင်း အကြောင်းကြားခဲ့သဖြင့် လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ ၀ဲရင်အုံ၊ ယာရင်အုံ၊ ၀ဲနံကြား၊ ၀ဲလက်ပြင်တို့တွင် ထိုးသွင်းဒဏ်ရာ ၄ ချက်ဖြင့် သေဆုံးနေကြောင်း သိရှိရသဖြင့် လှည်းကူးရဲစခန်း(ပ)၁၁၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။


 အမှုမှ သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်းနှင့် သတ်သူအား ဖော်ထုတ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက စုံစမ်းခဲ့ရာ လှည်းကူးမြို့နယ်၊ စာဗူးတောင်းကျေးရွာတွင် ယခင်က နေထိုင်ခဲ့ပြီး လွန်ခဲ့သော ၁၀ နှစ်ခန့်က မြ၀တီမြို့သို့ပြောင်းရွှေ့သွားသည့် အေးကို ဆိုသူသည် ၁၂-၃-၂၀၁၃ ရက်နေ့၊ နံနက်တွင်ရောက်ရှိလာခဲ့ကြောင်း၊ ၁၃-၃-၂၀၁၃ ရက်နေ့၊ နံနက်တွင် အေးကို၏သမီး ကစ်ကစ်နှင့် အမည်မသိအမျိုးသားတစ်ဦးတို့ ထပ်မံရောက်ရှိလာခဲ့ကြောင်းနှင့် ၁၄-၃-၂၀၁၃ရက်နေ့တွင် အေးကိုနှင့် အမည်မသိအမျိုးသားတို့မှာ ပြန်လည်ပျောက်ဆုံးသွားကြောင်း သတင်းရရှိခဲ့သည်။

သတင်းအရ ၁၈-၃-၂၀၁၃ရက်နေ့တွင် အေးကို၏ဖခင် ဦးမောင်အုန်း၊ ဇနီးဖြစ်သူ စန်းစန်းနွဲ့၊ သမီးဖြစ်သူ ကစ်ကစ်၊ ခယ်မဖြစ်သူ မိုးမိုးတို့အား စစ်ဆေးခဲ့ပြီး သေဆုံးသူ၏ဓါတ်ပုံအား ပြသမေးမြန်းခဲ့ရာ ကစ်ကစ်အား မဲဆောက်မြို့သို့ခိုးယူသွားသည့် မြ၀တီမြို့နေ မျိုးဇော်ဦးဆိုသူဖြစ်ကြောင်းနှင့် မျိုးဇော်ဦးမှာ မယားကြီးရှိသူဖြစ်ကြောင်း၊ အေးကိုမှာလည်း နေအိမ်တွင် မရှိကြောင်း သိရှိရသည်။

၁၇၅၀ အချိန် မသင်္ကာဖွယ်ရှိသူ အေးကိုမှာ ရဲစခန်း၌ လာရောက်အဖမ်းခဲ့သဖြင့် စစ်ဆေးရာ အေးကိုသည် ၎င်း၏သမီးအား မယားကြီးရှိလျက်နှင့် ခိုးယူပေါင်းသင်းခဲ့သည့် မျိုးဇော်ဦးအပေါ် မကျေမနပ်ဖြစ်ကာ ၎င်း၏ဇာတိဖြစ်သော လှည်းကူးမြို့နယ်၊ စာဗူးတောင်းရွာသို့ မင်္ဂလာကိစ္စဆွေးနွေးရန် အကြောင်းပြ၍ ခေါ်ခဲ့ပြီး လှည်းကူးသို့ရောက်သောအခါ လူပြတ်သည့် ငမိုးရိပ်ချောင်းအနီးသို့ ခေါ်ဆောင်ကာ သတ်ပစ်ခဲ့၍ အလောင်းအား ချောင်းအတွင်းမျောခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့် သက်သေခံပစ္စည်းများသိမ်းဆည်းကာ ထိုက်သင့်သည့်ပြစ်ဒဏ်ရရှိရေး ရဲတပ်ဖွဲ့မှဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

 Ref: ရဲဇာနည်http://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096

Tuesday, 19 March 2013

ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမျိုးသမီး -

လောကကြီးမှာ ထူးဆန်းတာတွေ ရှိတတ်ကြပါတယ်။ ဒါကိုပဲ သဘာဝလွန်ဖြစ်ရပ်တွေလို့ ပြောကြတာပါ။ ဒီနေရာမှာ ယောင်္ကျားတဦးက ဇနီး ၄ ၊ ၅ ဦးကို တပြိုင်တည်းလက်ထပ်ပေါင်းသင်းနေတယ်ဆိုတာ မထူးဆန်းပေမယ့် မိန်းမ တဦး က ခင်ပွန်း ယောင်္ကျား ၅ ဦးတပြိုင်တည်း ပေါင်းသင်းတယ်ဆိုတဲ့ အဖြစ်မျိုး ကတော့ ထူးဆန်းမနေဘူးလား။ ခင်ပွန်းသည် ၅ ဦးနဲ့ အတူတွေ့ရတဲ့ သားတဦးမိခင် မစ္စ ရာဂျို၊ ဓာတ်ပုံ- The Sun ဒီလိုထူးဆန်းမှုကတော့ ကမ္ဘာပေါ်မှာ တကယ်ရှိနေပါတယ်။ သူကတော့ အိန္ဒိယ နိုင်ငံက အသက် ၂၁ နှစ်အရွယ်ရှိတဲ့ မစ္စ ရာဂျို ဗာမာ ဆိုသူ အမျိုးသမီးပါ။ သူကတော့ ခင်ပွန်းသည် ၅ ဦးနဲ့ အလည်ကျ တညစီ နေပါသတဲ့။ ခင်ပွန်းဖြစ်သူ ၅ ဦးလုံးကလည်း ညီအကိုတွေဖြစ်နေတာပါလို့ The Sun အွန်လိုင်း သတင်းစာမှာဖော်ပြထားပါတယ်။

ရင်ခွင်ထဲ ပွေ့ချီထားတဲ့ သားငယ် လေးဟာ ဘယ်အဖေနဲ့ မွေးတယ်ဆိုတာတောင် သူမသိရပါဘူး လို့ ပြောပါတယ်။ “ကနဦးပိုင်းတော့ နည်းနည်း ကြောင်တောင်တောင် ဖြစ်သလိုခံစားခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်ယောင်္ကျား တဦး တလေကိုမှ ကျမက မျက်နှာလိုက်တယ်ဆိုတာ မရှိဘူး” လို့ မစ္စ ရာဂျိုဗာမာ က ပြောပါတယ်။ မစ္စ ရာဂျိုရဲ့ ပထမဆုံး သတို့သား တဦးဖြစ်ခဲ့သူကတော့ အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ မစ္စ ဂတ်ဒူဆိုသူပါ။ “ကျနော်တို့အားလုံးက သူနဲ့ လိင်ဆက်ဆံနေတာပဲ၊ ဒါပေမယ့် ကျနော်တို့ မနာလိုစိတ်မရှိဘူး။ ကျနော်တို့က တကယ့် မိသားစုကြီးဖြစ်နေတာကိုး” လို့ သူက ပြောပါတယ်။

 သူတို့ ၂ ဦးကတော့ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဟိန္ဒူရိုးရာနဲ့ လက်ထပ်ပေါင်းသင်းခဲ့ကြတဲ့ စုံတွဲပါ။ တရားဝင်အားဖြင့် သူတို့ ၂ ဦးဟာ အကြင်လင်မယားအဖြစ် စတင်ပေါင်းသင်းခဲ့သူတွေပေါ့။ ဒါပေမယ့် သူတို့ရွာဓလေ့အရ မစ္စ ရာဂျာဗာမာဟာ မဖြစ်မနေပဲ သူ့ပထမဆုံး ခင်ပွန်းဖြစ်သူရဲ့ ညီအကိုတွေ ဖြစ်တဲ့ ဘာဂျူ ( အသက် ၃၂ နှစ်)၊ ဆန့်ရမ် ( အသက် ၂၈ နှစ်)၊ ဂိုပါလ် ( အသက် ၂၆ နှစ်) ကို ခင်ပွန်းတွေ အဖြစ် လက်ထပ်ပေါင်းသင်းရပါတယ်။ ဒီအပြင် မနှစ်ကမှ အသက် ၁၈ နှစ်ပြည့်ခဲ့လို့ နောက်ဆုံးလက်ထပ်လိုက်ရတဲ့သူကတော့ ဒိုင်းနဲရှ်ပါပဲ။ ရာဂျိုနဲ့ သူ့ခင်ပွန်း ၅ ဦး၊ သားငယ်တို့ကို နေထိုင်ရာ အိမ်ရှေ့ မြင်ကွင်း~ အကြီးဆုံး အကိုကြီးဖြစ်သူ ဘာဂျူးက ပြောတာကတော့ စိတ်ဝင်စားစရာပါ။ “ကျနော့်မိန်းမအဖြစ်နဲ့ သူကို စဉ်းစားပါတယ်။ ပြီးတော့ ကျနော့်ညီတွေလိုပဲ သူနဲ့ အိပ်တာပဲ” လို့ ပြောပါ တယ်။
ရာဂျိုက ထမင်းဟင်းချက်ပြုတ်ပြီး သန့်ရှင်းရေးလုပ်ကြောင်း၊ ခင်ပွန်းသည်တွေက အလုပ်အကိုင်ရှိတဲ့ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဒေရာဒန်အရပ်မှာ သွားနေခိုက် အိမ်က ၁၈ လသားအရွယ် ဂျေး ဆိုတဲ့ ကလေးကို လည်း ထိန်းသိန်း စောင့်ရှောက်ပါသေးတယ်လို့ သူက ဆက်ပြောပါတယ်။ ခင်ပွန်း ၅ ဦးနဲ့ သားတဦးကို ချက်ပြုတ်ကျွေးမွေးနေတဲ့ မစ္စ ရာဂျို~ မစ္စရာဂျိုက

ပိုလီယန်ဒရီလို့ ခေါ်တဲ့ ရှေးရိုးရာအကြောင်းနဲ့ ပတ်သက်လို့ ရှင်းပြပါတယ်။ “ကျမအမေကလည်းပဲ ဒီလိုပဲ ညီအကို ၃ ယောက်ကို လက်ထပ်ခဲ့တာပါ။ ကျမ လက်ထပ်တုန်းကလည်း သူတို့ ညီ အကိုတွေ အားလုံးကို ကျမ ခင်ပွန်းတွေအဖြစ် ကျမလက်ခံရမယ်ဆိုတာ ကျမ သိပြီးသားပါ” လို့ ရာဂျိုက ဆိုပါတယ်။ “ကျမကတော့သူတို့နဲ့ အလှည့်ကျ အိပ်တယ်။ ကျမတို့မှာက ကုတင်တွေ၊ အိပ်ရာတွေ မရှိဘူးလေ။ ကြမ်းပြင်ပေါ် စောင်တွေများများခင်းလိုက်တာပဲ” လို့ ရာဂျိုက ဆိုပါတယ်။ ပြီးတော့သူက ဆက်ပြောတာကို စာဖတ်သူများ ပိုစိတ်ဝင်စားမယ်ထင်ပါတယ်။ “မယားတွေ အများကြီးရှိတာမျိုးထက်စာရင် ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လို့ ကျမက ပိုလို့တောင် ဂရုစိုက်မှု ခံရသေးတယ်” လို့ ရာဂျိုက ဆိုပါတယ်။ သူတို့ ဓလေ့၊ သူတို့ရိုးရာများ အံ့ပါရော။ အိမ့်သံစဉ် ~ - See more at: http://blog.irrawaddy.org/2013/03/blog-post_8364.html#sthash.C7t0kB2K.dpuf

Monday, 18 March 2013

ဂန္ထ၀င်မေမေ (ဟင်္သာတမင်းကျော်)

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၄ဝ) / မသီတာ(စမ်းချောင်း)

အဲဒီတုန်းက မမျှော်လင့်တဲ့ ကိစ္စ တစ်ခုလည်း ဖြစ်ခဲ့ပါသေးတယ်။ ရန် ကုန်လေဆိပ်မှာကတည်းက အလွန် အင်မတန် ဝတဲ့ ဂျာမန်တစ်ယောက် နဲ့ သူ့မိန်းမ ပိန်ပိန်သေးသေးလေးတို့ ကို ခင်မင်မိပြီး သူတို့ကို ပုဂံမှာ ဟိုဟိုဒီဒီ တွေ့ခဲ့မိပါတယ်။ ရွှေဝါရောင် သံဃာ့အရေးအခင်းအပြီးမှာ နိုင်ငံခြားသားတွေက မြန်မာနိုင်ငံကို သိပ် မလာကြတော့ပါဘူး။ ဒါပေမယ့် အာနန္ဒာစေတီထဲက စင်္ကြံတွေကြားမှာ ရုရှဘာသာ စကားသံတွေကတော့ စည်စည်ညံ လို့ပါပဲ။ သူတို့အုပ်စုက လူ ၅၀ လောက်ရှိပြီး လူလတ်ပိုင်းနဲ့ အသက်ကြီးပိုင်းတွေ များပါတယ်။  သူတို့ ကြည့်ရတာ ဒီမှာ ရုရှဘာသာ စကား သင်ပေးမယ့်သူတွေ ထင်ပါ ရဲ့။ ကျွန်မခင်ပွန်းက သူဟာ နောက် နှစ်ဆန်းမှာ မော်စကိုကို သွားမယ်ဆိုတော့ ရုရှအမယ်အိုတစ်ယောက်က သူဟာ  မြန်မာပြည်မှာ ပျော်နေ ကြောင်း သူ့သားသမီးတွေ ကို ပြောလိုက်ပါလို့ ဆိုကာ သူ့အိမ်လိပ်စာကိုတောင် ပေးပါတယ်။

သူတို့က ရုရှဘာသာစကား အသင်ကောင်းချင် ကောင်းမှာပေါ့။ ဒါပေမယ့် ဒီလို အရွယ်အို တစ်ယောက်က ဒီလောက် ပူတဲ့နေရာမှာ လာနေ တာ ဘယ်လောက် နားလည်ရ ခက်ပါသလဲ။ ကျွန်မ မှတ်မိနေတာကတော့ ရုရှက လက်နက်တွေကို မြန်မာက အားပေးနေတာ သိနေပါတယ်။ မြန်မာ့တပ်မတော်ကလည်း ရုရှကို  စစ်သင်တန်း တွေ လွှတ်နေပါတယ်။  ကျွန်မ သိထားတာက ရုရှဟာ အော်ဝဲလ်ရဲ့ နာမည်ကျော် စာအုပ်တွေထဲက အတိုင်း ဖြစ်နေပြီး ဒီလို အနေအထား မှာ မြန်မာက အဲဒီအနေအထားထဲကို တိုးဝင်နေ သလိုပါ။

ကျွန်မတို့ရဲ့ ဧည့်လမ်းညွှန်က ယွန်းလုပ်ငန်းဆိုင်တစ်ဆိုင်ဆီ ခေါ်သွားပါတယ်။ အမျိုးသမီးလေးတချို့ က ယွန်းထိုး နေကြတာမှာ ဘာကိုးကား စာအုပ်မှ မပါပါဘူး။ ဒီအတိုင်း ကြမ်းပေါ်မှာ ထိုင်ထိုးနေကြတာပါ။ သူတို့က လက်တန်းထိုး နိုင်ကြပေမယ့် အရွယ်တွေကတော့ ခပ်ငယ်ငယ်လေးတွေပါ။ ယွန်းဟာ အစက နေအဆုံးထိ လက်နဲ့ လုပ်ရတဲ့ လက်မှု အနုပညာပစ္စည်းတစ်ခုပါပဲ။

ကျွန်မက အမှတ်တရ ပစ္စည်း တစ်ခုဝယ်တိုင်း ခင်ပွန်းသည်က မျက်မှောင်ကြုတ်လေရဲ့။ “ငါတို့ နှစ်ယောက် တည်း နေကြတာ ဘာဖြစ်လို့ ပစ္စည်းတွေ အများကြီး လိုမှာလဲ” “ဒါတွေကို ဘယ်လိုသယ်သွားကြမှာလဲ”  စသဖြင့် သူက မြည်တွန် တောက်တီး ပါတယ်။ မိန်းမဆိုတာ ဆိုင်ရောက်လို့မှ မဝယ်လိုက်ရရင် အပြစ်မကင်း သလို ခံစားရတတ် တာကိုးနော်။ ယွန်းခွက်လေးတစ်ခုက လုံးလုံးဝန်းဝန်းလေးမို့ သဘောကျစရာပါ။ လက်နဲ့ လုပ်ရတဲ့အတွက် ဒီလောက် ပုံစံကျဖို့ကလည်း မဖြစ်နိုင်သလိုပါ။ ဒီခွက်လေးကို ဝါးနဲ့လုပ်တာ မဟုတ် ဘဲ မြင်းမြီးနဲ့လုပ်တာပါတဲ့။ ယွန်းလေ့ကျင့်မှုကိုတော့ ဂျပန်က ပညာရှင်တွေဆီက သင်ခဲ့တာလို့ဆိုပါတယ်။
ကျွန်မတို့က ဘယ်ကိုပဲသွားသွား ဧရာဝတီမြစ်ကမ်းဘေးက လမ်းကို ရွေးပြီးသွားပါတယ်။ မြင်းကပါကို ဖြတ်သွားတဲ့ အခါမှာတော့  မြို့ပြနဲ့ အလှမ်းဝေးတဲ့ ရွာအငွေ့အသက်ကို သတိထားမိလေရဲ့။

ကျွန်မတို့ဟာ ပုဂံနေပြည်တော် သမိုင်းကို လေ့လာမိသလို ရှင်အရဟံကြောင့် ဒီနေရာမှာ ထေရဝါဒ ဗုဒ္ဓ သာသနာ ထွန်းကားခဲ့ကြောင်းလည်း သတိပြုမိပါတယ်။ ဒါ့အပြင် မြင်းကပါ မှာ မွန်ဘုရင်မနူဟာက ၁၀၅၉ ခု နှစ်မှာ တည်ထားတဲ့ ဘုရားကို ဖူးမြော်ခွင့် ရတဲ့အခါမှာတော့ ပုဂံအ ကြောင်း ပိုပြီး သိလာရပါတယ်။
မြစ်တစ်လျှောက်မှာ အိမ်အသစ် တွေ အများကြီး တွေ့ရပေမယ့် လူမရှိသလိုပဲ ခံစားရပါတယ်။ မြင်းကပါ ရွာ ထဲမှာတော့ ဈေးဆိုင်တချို့ကို တွေ့လိုက်ရပါတယ်။ ဆိုင်ရှေ့မှာ အမျိုးသားတချို့က ကျားထိုးနေလေရဲ့။  ဒါ့အပြင် အိမ်ဟောင်းတွေထဲမှာ လူ တွေ လှုပ်ရှားသက်ဝင်နေတာကို လည်း သတိထားမိတော့ ကျွန်မက အိမ်အသစ်နဲ့ အဟောင်းရဲ့ ကွာခြား မှုတွေကိုသတိထားကြည့်ခဲ့ဖြစ်ပါတယ်။

ပုဂံမှာ ဟိုးအရင်က ဘုရားပျက် အကြိုအကြားတွေထဲထိ လူတွေက နေခဲ့ကြပြီး စစ်အစိုးရ တက်ပြီးကာမှ လူတွေကို ဘုရားတွေနဲ့ ဝေးတဲ့နေရာ ဆီရွှေ့ပြောင်းပေး ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် အိမ်အသစ်တွေ ဟာ အသက်မဝင်တာပါ။ နေရာအ သစ်မှာ စိုက်ခင်းတချို့ရှိသလို တည်းခိုခန်းတချို့လည်း ရှိပါတယ်။ ရွှေ့ခဲ့ တုန်းက လူငါးသောင်းကျော် ရွှေ့ခဲ့တာဖြစ်ပြီး သစ်ပင်ရယ်လို့ ဟုတ်တိ ပတ်တိ မရှိတဲ့နေရာကို ပြောင်းရွေ့ ခိုင်းခဲ့တာ ဖြစ်ပါတယ်။ ပုဂံမြို့ဟောင်း ကို ရှေးဟောင်းမြို့တော်အဖြစ် သတ်မှတ်ပြီး လူနေအိမ်တွေ မရှိအောင် လုပ်ခဲ့တာပါ။ အဓမ္မ ရွေ့ပြောင်းမှုအတွက် နစ်နာကြေးကလည်း မဖြစ်စလောက်လေး ပဲ ဖြစ်ပါသတဲ့။

ပုဂံကို ကမ္ဘာလှည့်ခရီးသွားဧည့် သည်တွေအတွက် မြို့တော်အဖြစ် ပြန် တည်ဆောက်မယ်ဆိုတော့လည်း စစ် အစိုးရက ပုဂံသူ၊ ပုဂံသားတွေကိုပဲ အဓမ္မ လုပ်အားပေး ခိုင်းစေခဲ့ပြန်ပါတယ်။ အဲဒီအချိန်က စစ်အစိုးရရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကြီးကပဲ အဲဒီလုပ်အားပေး စီမံကိန်းကို တာဝန်ယူကြီးကြပ်ခဲ့တယ်လို့ ဆိုပါတယ်။ လုပ်အား မပေးနိုင်တဲ့အိမ်တွေကတော့ ငွေကြေး ထည့်ဝင်ရပါတယ်။ အဲဒီလို ဒေသခံ တွေက ချွေးနဲ့ရင်းပြီး လုပ်အားပေး ခဲ့တဲ့အတွက် ရလာဒ်ကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့က တာဝန်ရှိသူတွေက အိမ်အသစ်တွေ ကိုယ်စီ ရသွားကြခြင်း ပါပဲတဲ့။ ဒေသခံတွေ အပြောအရတော့ အဲဒီလိုအိမ်ရသွားသူတွေက သိပ်ပြီး ထောင်ထောင် ထောင်ထောင်တော့ မနေရဲကြဘူးလို့ ဆိုပါတယ်။ သူတို့ မဟုတ်တာ လုပ်ခဲ့ကြောင်း သိတဲ့အတွက် တစ်ခုခု တုံ့ပြန်မှာကို စိုးရိမ်တဲ့ အနေနဲ့ တိတ်တိတ်ပဲနေကြပါသတဲ့။

ညနေခင်းမှာတော့ ကျွန်မတို့က ဧရာဝတီမြစ်ထဲမှာ လှေသွားစီးကြပါတယ်။ ခြောက်သွေ့တဲ့ရာသီမို့ မြစ်ရေက တိမ်နေပါတယ်။ မြစ်ထဲမှာလည်း သောင်တွေ ထွန်းနေလေရဲ့။ လူနေတဲ့ ကမ်းပါးတွေဟာ ရေမျက်နှာပြင် အထက်ကို ၄-၅ မီတာလောက်ပဲ မြင့်ပါတယ်။ ကမ်းပါးကို တောင့်တင်း ခိုင်မာအောင် လုပ်နေတာမျိုးကိုလည်း လုံးဝမတွေ့ရပါဘူး။ သူတို့ ပြောကြတာက မိုးရာသီဆိုရင် ရေက ကမ်းပါးနားထိ တက်လာပါတယ်တဲ့။ ဒီတော့ ကမ်းပါးက စိုက်ခင်း တချို့လည်း ရေအောက်မြုပ်ကုန်ရော ဆိုပါတော့။

ဒေသခံတွေက မြစ်ဘေးမှာ နေ ကြပြီး မြစ်ရဲ့အကျိုးကျေးဇူးကို ခံ စားရပါတယ်။ သူတို့အနေနဲ့ မြစ်ဘေး မှာ ဘယ်လို အကောင်းဆုံးနေလို့ ရတယ် ဆိုတာကိုလည်း သိထားပုံ မရ ကြပါဘူး။ မြစ်ထဲကို ရောက်သွားတဲ့ အခါ မှာတော့ ကျွန်မတို့လည်း စိတ် အေးချမ်းသက်သာသွားပါတယ်။  ကျွန်မ တွေးလိုက်မိတာက မြန်မာတွေလည်း ဒီလိုပဲ အမှားလုပ်သူတွေကို သဘာဝကျကျ၊ မကျကျ ဒေါသ တွေကို မျှောချပြီး ခွင့်လွှတ်လိုက်သ လားလို့ပါ။

မြစ်ပြင်ပေါ်မှာတော့ ဆည်းဆာ နေလုံးနီနီကြီးရဲ့ အရောင်အလင်းက တြိဂံပုံအရစ်အရစ်ထလို့ ကျနေပါ တယ်။ မြစ်ထဲမှာတော့ ထမိန်ရင် လျားနဲ့ အမျိုးသမီး တစ်ယောက်ဟာ နေကို ကျောခိုင်းပြီး ခေါင်းလျှော်နေ လေရဲ့။ သူ့ရဲ့ အရိပ်က မြစ်ရေပြင် ပေါ်မှာ လှတပတကို ထိုးကျနေပါ တယ်။ နတ်ဘုရားတွေက ဖန်ဆင်း ထားသလိုကို လှတဲ့ ရှုခင်းပါပဲနော်။  ရေလယ်မှာ မော်တော်က စက်ကို ရပ်ပေးလိုက်ပါတယ်။ ကျွန်မတို့ နှစ်ယောက်သား လည်း တောင်စွယ် တောင်တန်းတွေနောက်ကို ဝင်လုဆဲဆဲ နေရောင်အောက်မှာ တိတ်ဆိတ်မှုကို အရသာ ခံရင်း လက်ချင်း ချိတ်ကာ ဆုတောင်းလိုက်ကြပါတယ်။

ပုဂံမှ မန္တလေးသို့

ပုဂံကနေ မန္တလေးကို လေယာဉ်နဲ့သွားတော့ နာရီဝက်ပဲ ကြာပါတယ်။ လေယာဉ် မဆိုက်ခင်ကတည်းက တောတောင် သစ်ရိပ်တွေ ကို လှမ်းမြင်နေရပါတယ်။ ဘုရားပုထိုးတွေကိုလည်း မြင်နေရပါတယ်။  ရှိပြီးသား သစ်တောတွေကို ဖျက်ကာ တည်ဆောက်ရမှာပဲလို့ တွေးမိတော့ ဘယ်လိုများ အကြံကောင်းလို့ ဆိုနိုင်မှာ ပါလိမ့် ဆိုပြီး စဉ်းစားလိုက်မိပါ သေးတယ်။ ခပ်ကြောင်ကြောင် တွေးတယ်ပဲ ဆိုဆို ထုကြီးထည်ကြီး စေတီပုထိုး တွေကို တည်ဆောက်ရာမှာ သစ်ပင်တွေကို ခုတ်ပစ်ရမှာဖြစ်သလို လူတွေကိုလည်း  ခိုင်းစေရမှာမို့ ကုသိုလ်ရမှ ရပါလေစလို့ တွေးမိပါတယ်။ အဲဒီလို ကုသိုလ်ရဖို့ ဘုရားတည်တယ် ဆိုပြီး သစ်ပင်တွေ ခုတ်ကာ လူတွေကို အဓမ္မ ခိုင်းခဲ့သူတွေ ဟာ အခုဆို ဘယ်ငရဲမှာများ ငိုနေကြ ပါလိမ့်လို့ ကျွန်မက တွေးမိတာပါ။

ဒေါ်အောင်ဆန်းစုကြည်၏ ငယ်စဉ်ပုံရိပ်
ဒေါ်အောင်ဆန်းစုကြည်၏ ငယ်စဉ်ပုံရိပ်

Friday, 15 March 2013

ရင်ထဲကို အချက်ပေါင်းများစွာ လာထိမှန်တဲ့ကဗျာ။ ဒီကဗျာကို လူငယ်ကဗျာဆရာ `ဟိန်း´ ကရေးသားခဲ့ပါတယ်။

နတ်မောက်...
မင်းဘာမှထပ်မလုပ်နဲ့
ထိန်လင်းကိုငါတို့ဆီပေးပြီးကတည်းက
ဆယ်ကမ္ဘာစာလောက်တာဝန်ကျေပြီ။

ခင်ကြည်...
ညည်းယောက်ျားကိုသေချာကြည့်ထား
သမီးကလေး ခမည်းပေးဖို့
ရွှေကလေးတစ်ပဲတစ်မူးတောင်
အမေအိုဆီ လက်ဖြန့်တဲ့လူသား။
နိုင်ငံခေါင်းဆောင်ငမွဲကို
ညည်းစိတ်ပျက်ချင်ပျက်
သမိုင်းက စိတ်မပျက်စေနဲ့။

ဗိုလ်ထွန်းလှ...
ခင်ဗျားဆရာကို ကြည့်ပြောဦး
လမ်းဘေးမှာ အကြော်ဝင်ဝင်စားနေတာ
နှောင်းလူတွေသိရင် မျက်နှာမထားတတ်အောင်ရှက်နေရှာဦးမယ်။

ဆရာတော်ဦးသောဘိတ....
ဒီတစ်ခါကြမ်းတမ်းမိလို့
ဒီကလေးကို မရိုက်ပါနဲ့
ရရင်ရ မရရင်ချ ဆိုတာ
ကျွန်တော်တို့အတွက်ပါဘုရား။

ဦးဘ၀င်း..
ခင်ဗျား ညီအငယ်ဆုံးလေးကို ခွင့်လွှတ်လိုက်ပါ။
သူပြောခိုင်းတဲ့ ရည်းစားစကား ပြောပေးလိုက်ပါ။
စစ်သားကြီးအသည်းက ဆေးရုံပေါ်မှာကျန်ခဲ့ရင်
ကျွန်တော်တို့ပဲ နစ်နာကြမှာ။

ရဲဘော်ကျော်စိန်....
ခင်ဗျားကားမောင်းရင် သတိကို ငယ်ထိပ်မှာကပ်ထား
ခင်ဗျားတင်မောင်းလာတာ ကျွန်တော်တို့
အတိတ်ကြီး/ပစ္စုပ္ပန်ကြီး/အနာဂတ်ကြီး။

ဟေ့လူ...ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ..
သူ့ဟာသူ ငါးမူးတန်းက ကြည့်ကြည့် ၊ တစ်မတ်တန်းက ကြည့်ကြည့်
သွားမတားပါနဲ့။
ဘ၀မှာ အပန်းဖြေနည်း လက်တစ်ဖက်မပြည့်ခဲ့တဲ့ သူ
စိတ်လွတ်ကိုယ်လွတ်ခံစားပါစေဗျ။

ဗိုလ်မှူးကြီးဆူဇူကီး....
တွေ့တယ်မလား..ခင်ဗျားကိုလက်ဆွဲနှုတ်ဆက်ရင်း
ခင်ဗျားကို တိုက်သင့်ရင်တိုက်ရမှာပဲလို့ ပြောခဲ့တဲ့ အညာသားလေးကို။
အဲ့သတ္တိအဲ့စကားကို သေချာမှတ်ထား
နှောင်းမြန်မာတွေထဲမှာ ပြောရဲတာတစ်ကောင်မှမရှိဘူး။

အမွိုင်....
မင်းမြေကို သူနင်းလိုက်တော့ တွန့်မသွားဘူးလား
အာရှတိုက်ရဲ့ ကြယ်တစ်လုံးကို
နှစ်လလောက်ထမ်းထားလိုက်ရတာ
အခုထိ ဂုဏ်ယူမဆုံးမဟုတ်လား။

ဦးစော...
ခင်ဗျားကို မေ့ထားပါ့မယ်။ခွင့်လွှတ်လို့တော့ မရသေးဘူး။
ဒါပေမဲ့..မပူပါနဲ့။
ဒီနေ့ခေတ်မှာလည်း ခင်ဗျားလိုလူတွေအများကြီးရယ်။

မစ္စတာနေရူး...
ခင်ဗျားသူ့ကို လောင်းကုတ်ကြီးပေးလိုက်တာ ကျေးဇူးတင်တယ်ဗျာ
အခု ကျွန်တော်တို့မှာ ဒါကြီးခြုံပြီး နွေးနေရတာ။

ပဲခူးဆောင်...
ခင်ဗျားအခန်းထဲက ကြမ်းပိုးတွေမောင်းမထုတ်လိုက်နဲ့
စာအုပ်ပုံကြီးကို ရှင်းမပစ်လိုက်နဲ့
မခေါက်ရသေးတဲ့အ၀တ်တွေ တန်းပေါ်မချိတ်လိုက်နဲ့
သူဇိမ်နဲ့မနေခဲ့လို့ ကျွန်တော်တို့ဇိမ်နဲ့ နေနေရတာ။

ညိုညိုစိန်....
ညည်းတစ်သက်လုံးမင်းသမီးလုပ်လာတာ အနယ်နယ်အရပ်ရပ်။
ရွှေဘိုညချမ်းကလို သူရဲကောင်းမျိုး တွေ့ဖူးခဲ့လား၊တွေ့ဖူးရဲ့လား။
"ကျုပ်မှာ ကာမပိုင်နဲ့ဗျ" တဲ့။
မိန်းကလေးတန်မဲ့ လက်ဆွဲကျီစယ်မယ့် ညည်းတောင်
ကြက်သီးဖြန်းဖြန်းထသွားရဲ့မဟုတ်လား။

ဆြာ စတက်ဖို့ကရစ်ပ်....
သူ ခင်ဗျားအကျီအိတ်ကြီးပြဲသွားအောင်
ဖောင်တိန်ကို ဆွဲလုလိုက်တာ မအံ့သြပါနဲ့။
၃၂နှစ်နဲ့ သေခဲ့တာတောင် ကျွန်တော်တို့နှလုံးသားတွေကို
သူအခုထိ ဆွဲလုနေနိုင်တုန်း။

ဦးဋ္ဌေးမြိုင်(သို့)ဒဂုန်တာရာ.....
(ဇွတ်ချစ်မယ်)ဆိုတဲ့ အချစ်သီချင်းအစား
စစ်ချီစစ်တက်သီချင်းတွေပဲ သူကကြားချင်တယ်ဆို
တီးပေးလိုက်ပါဗျ။
နှလုံးသားမရှိတာမဟုတ်ပါဘူး။
နှလုံးသားရှိလွန်းလို့ပါ။

ဂျူဗလီဟော....
ကျေးဇူးပြုပြီး ရွှေတိဂုံဘုရားလမ်းဘက်လှည့်မထားပါနဲ့။
ခင်ဗျားကို မြင်တိုင်း
မျက်ရည်ဝဲရင်း အလေးပြုမိလို့။

ရဲဘော်ကလေးတွေ......
စိတ်မကောင်းမဖြစ်နဲ့။
မင်းတို့ခေါင်းဆောင်ကြီးက
သူ့မင်္ဂလာဆောင်မှာ တိုက်တွေကားတွေလက်မဖွဲ့လို့
စိတ်ဆိုးမယ့်လူစားလား။
"ငွေသော်တာရောင်ခြည်" ဆိုတော့
အရိုးသားဆုံးအပြုံးနဲ့ ပျော်နေခဲ့တာလေ။

ပြည်ထဲရေးဝန်ကြီးဦးမြ...
ခင်ဗျား...မှားတယ်။
သူ့ရုံးခန်းရှေ့က တပ်စိတ်ကို
သူဘာပြောပြော ပေကပ်ထားခဲ့ရမှာ။
အခုတော့ ကျွန်တော်တို့မှာ ပြောခွင့်မရှိတော့။

ကိုကျော့မောင်....။
သူ့မင်္ဂလာဆောင်မှာ ရွှေကြိုးသွားတားတော့
ဆွဲယူလွှင့်ပစ်လိုက်တာ စိတ်မကောင်းမဖြစ်ပါနဲ့
သူအပင်ပန်းခံသင်ယူခဲ့တဲ့ပညာတွေထဲမှာ
အဲ့လို အပိုဆားဒါးတွေမပါဘူး။

မေမြို့....
ဝမ်းနည်းစိတ်ကို ကျိတ်မှိတ်ထားတော့။
နိုင်ငံရေးလောကက ထွက်ရင်
ခြံစိုက်မယ်၊ စာရေးမယ်ဆိုတဲ့ သူ
ကျည်ဆံ ၁၃တောင့် စိုက်သွားပြီ။
ရေးလို့မကုန်အောင် ကျွန်တော်တို့ရေးနေရပြီ။

-----------------------------------------------------------------------------------------
ဒီကဗျာကို လူငယ်ကဗျာဆရာ `ဟိန်း´ ကရေးသားခဲ့ပါတယ်။
https://www.facebook.com/heinn.fivestrings?sid=0.4373571410981759

Sunday, 10 March 2013

အာဇာနည်ဗိမာန်ကို တစ်ပတ်လျှင် ခြောက်ရက် ဖွင့်မည်

မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်တွေရဲ့ အထိမ်းအမှတ် ဂူဗိမာန်ကို နိုင်ငံတော်အဆင့် ပြင်ဆင်ပြီး ပြည်သူတွေ ဆန္ဒအတိုင်း ပြန်လည်ဖွင့်လှစ်ပေးသွားမယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာနက မတ်လ ၇ ရက် ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။

အာဇာနည်ဗိမာန်ကို အများပြည်သူ ဂါရဝပြုနိုင်ဖို့ သီတင်းတစ်ပတ်မှာ ၆ ရက် ဖွင့်လှစ်ပေးသွားမယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က အခုလို ကတိပြု ပြောဆိုလိုက်ပါတယ်။
"မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်ကို နိုင်ငံတော်အဆင့်နှင့်အညီ ပြန်လည် ပြုပြင်မွန်းမံမှု များ ပြုလုပ်ပြီးပါက အများပြည်သူ ဂါရဝပြုနိုင်ရန်အတွက် တစ်ပတ်လျှင် ပိတ်ရက်တစ်ရက်သာထား ရှိပြီး ဖွင့်လှစ်ရန် စီစဉ်ထားရှိပါတယ်"

ရန်ကုန်မြို့မှာရှိတဲ့ အာဇာနည်ဗိမာန်ကို ဖွင့်လှစ်ပေးဖို့အစီစဉ်နဲ့ ပတ်သက်ပြီး လှည်းကူး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြည်သူ့လွှတ်တော်မှာ မေးမြန်းခဲ့တာကို ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က ပြန်လည်ဖြေကြားခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် အာဇာနည်နေ့တုန်းကလည်း စစ်အစိုးရလက်ထက်က ကျင်းပခွင့်မပေးခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားတွေကို ပြောင်းလဲလာတဲ့ အစိုးရသစ်လက်ထက်မှာ လွပ်လွပ်လပ်လပ် ကျင်းပခွင့်ပေးခဲ့ပြီး အာဇာနည်ဗိမာန်ကိုလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပါတီဝင်တွေ၊ ကျောင်းသားတွေနဲ့ ပြည်သူတွေ ဝင်ရောက်ဂါဝရပြုခွင့် ရခဲ့ပါတယ်။

http://www.rfa.org/burmese/news/martyr-see-public-03072013103214.html 

အမေ့အိမ်(၁)လှည်းကူး ရဲ့ ဒုတိယအကြိမ်မြောက် ဆရာကန်တော့ပွဲ

အမေ့အိမ်(၁)လှည်းကူး၂၀၁၂ - ၂၀၁၃ပညာသင်နှစ်အတွင်း ဒုတိယအကြိမ်မြောက်ဆရာကန်တော့ပွဲကို
ရိုးရှင်းစွာကျင်းပခဲ့တယ်။ တစ်နှစ်ပတ်လုံးပညာ ဒါနအခမဲ့သင်ကြားပေးခဲ့တဲ့ဆရာ ဆရာမတွေကိုအထူးလေးစားလျက်........

 Ref: http://www.facebook.com/photo.php?fbid=231540266989876&set=a.104982006312370.8278.100004017134759&type=1&theater

Friday, 8 March 2013

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၃၉) မသီတာ-စမ်းချောင်း

ကျွန်မတို့လည်း အလွန် အင်မတန် စိတ်ပျက်လက်ပျက် ဖြစ်နေမိတဲ့ ကြားထဲက ပြောင်းရွေ့သွားတဲ့ ဒဂုံ တက္ကသိုလ် တစ်ဖြစ်လဲ ရန်ကုန် တက္ကသိုလ်ကို သွားဖြစ်ခဲ့ပါတယ်။ ကားနောက်ခန်း အလယ်မှာ ထိုင်ပြီး မညီမညာ အဖုအထစ် အချိုင့်အပိန့်တွေ များလှတဲ့ လမ်းတစ်လျှောက် တစ်နာရီကျော်ကြာအောင် စီးပြီး လိုက်လာ ရတာဟာ ကိုယ့်ကိုယ်ကို ညာပြီး နှစ်သိမ့်တဲ့ အတတ်ပညာကို လေ့လာနေရသလိုပါပဲ။ ကားလေးက မြို့လယ် ကနေ အရှေ့မြောက် ဘက်ဆီ ဦးတည်နေပါတယ်။ ကား လမ်းရဲ့ ဘယ်ဘက်အခြမ်းမှာတော့ ရထားလမ်းကို တွေ့ရပါတယ်။ ကားက ဘယ်ကွေ့ကာ ရထားလမ်း ကို ကျော်ပြီး လမ်းကြားတစ်ခုထဲ မောင်းဝင် လိုက်တယ်ဆိုရင်ပဲ ကားက ဆောင့်ပြီး ခုန်သွားလေရဲ့။ လမ်းရဲ့ တစ်ဘက်တစ်ချက်မှာတော့ စပါးခင်းတွေ ရှိနေပါတယ်။ စပါးခင်း အလယ်မှာတော့ အဆောက်အဦ ဖြူဖြူကြီး က မြင်ကွင်းထဲမှာ ထီးထီးကြီး ဝင်လာပါတယ်။ ဂိတ်စောင့်က ဆရာမလေးရဲ့ မျက်နှာကို သေချာကြည့်ပြီးမှ ဂိတ်တံခါးကို ဖွင့်ပေးလိုက် ပါတော့တယ်။

ကျောင်းဝင်းရဲ့ အတွင်းအကျ ဆုံးနေရာက တောင်ကုန်းတစ်ခုပါ။ အင်္ဂတေ အုတ်လှေကားထစ်ဖြူဖြူတွေရဲ့ အဆုံးမှာတော့ တိုင်လုံးဖြူဖြူတွေနဲ့ အဆောက်အဦ ရှိနေပါတယ်။ တိုင်လုံးတွေနောက်က အဆောက်အဦကို တွေ့ရတာ နန်းတော်လိုလို ဘာလိုလို ပါ။ ဂရိက ပါသီနွန်လေလားပေါ့။  ပင်မအဆောက်အဦရဲ့ ဘေးတစ်ဖက် တစ်ချက်မှာတော့ ကျောင်း စာသင်ခန်းတွေ အများကြီး ရှိနေပါတယ်။ ကြည့်ရတာ ဘယ်ဘက်ခြမ်း ကနေ ညာဘက်ခြမ်းမှာ ရှိတဲ့ စာသင်ခန်းတွေ ဆီ လျှောက်ရရင် အချိန် အတော်ကြာမယ့်ပုံပါပဲ။

ဒီနေရာမှာ ဂျပန်တက္ကသိုလ် တွေလို အိုင်တီ၊ စာကြည့်တိုက်၊ အားကစားခန်းမ၊ ၂၄ နာရီ ဈေးဆိုင်၊ အခမဲ့ ကျောင်းကား ဆိုတာမျိုး တွေ ပံ့ပိုးမယ်ဆိုရင်တောင် ဘယ် ကျောင်းသားမှ လာတက်ချင်ပုံ မရလောက်ပါဘူး။

ကျောင်းပရဝဏ်အပြင်မှာတော့ အအေးဆိုင်တချို့ကို တွေ့ခဲ့ရပါတယ်။ ကျောင်းဝင်းထဲမှာ ဘာဆိုင်မှ မတွေ့ မိလေတော့ ကျောင်းသားတွေဟာ ကျောင်းဆောင်လည်း မရှိ၊ ဈေး ဆိုင်လည်းမရှိဘဲ ဘယ်လိုများ ကျောင်း တက်နေသလဲ ဆိုတာ မတွေးတတ် အောင်ပါပဲ။ ကျွန်မက တက္ကသိုလ် ဆရာမတစ်ယောက်ရေးတဲ့ ဆောင်းပါး တစ်ပုဒ်ကို ဖတ်ခဲ့ဖူးတာမို့ သတိရ မိပါတယ်။ ကျောင်းဆောင်မှာ နေဖို့ အတွက် သူက စာအုပ်စာတန်းတွေ အပြင် ထမင်းဟင်းချက်စရာ အိုးခွက် တွေကိုပါ ယူလာခဲ့ရပါသတဲ့။ သူက အဲဒီဒုက္ခတွေကို ခံနိုင်ပေမယ့် သွားရေး လာရေး အဆင်မပြေတာကိုတော့ မခံနိုင်ဘူးလို့ဆိုပါတယ်။ ဒါကြောင့် သူ့ကျောင်းသားတွေက သူတို့ရဲ့ဆိုင်ကယ်နောက်ခုံမှာ သူ့ကို တင်ခေါ်ပေးရင် ကံကောင်း လှချည့်လို့ တွေးနေမိပါသတဲ့။

“ကျွန်မက ဝန်ထမ်းဆိုတော့ ဘာမှ မပြောချင်ပါဘူး။ ဒါပေမယ့် ကျောင်းသားတွေကတော့ ကျောင်းကို သိပ်မလာချင် ကြဘူးလေ။ ဒါ ကြောင့် တစ်နေ့ထက် တစ်နေ့ ကျောင်း လာတက်တဲ့သူက နည်းနည်းသွား ပါတယ်။ နောက်တစ်ခု ကတော့ ဒီလို အခက်အခဲတွေကို ကျော်လွှားပြီး ကျောင်းပြီး ဘွဲ့ရတဲ့အခါမှာလည်း အလုပ်လက်မဲ့က ဖြစ်နေပြန်ပါတယ်။ ဒီလိုနဲ့ လူငယ်လေးတွေက တရားမဝင် ဈေးကွက် အလုပ်တွေကို လုပ်ဖြစ် သွားကြလေရဲ့”လို့ ကျွန်မတို့ရဲ့ ဧည့်လမ်းညွှန်က ရှင်းပြပါတယ်။ သူကတော့ ရန်ကုန်တက္ကသိုလ်ကို တက်ရောက်ခွင့် ရခဲ့တဲ့ ကံထူးရှင်ပေါ့။  သူ့အသက်က ၃၀ ကျော်ပေမယ့် ရံ ဖန်ရံခါ စကားပြန်အလုပ်လေး ရတာ ကလွဲရင် ဘာအလုပ်မှ မရှိရှာပါဘူး။

ကျွန်မလည်း စစ်အစိုးရရဲ့ အမျှော်အမြင်ကို အံ့ဩမိပါတယ်။ ပညာရေးဆိုတာ ပုဂ္ဂလိကပြဿနာမျိုး မဟုတ်ဘဲ အနာဂတ် နိုင်ငံတော် အတွက် စိတ်ခွန်အားကို ပျိုးထောင်နေတာလို့ နားမှလည်ရဲ့လားလို့လည်း တွေးနေမိပါတယ်။
စာရေးသူ နိုရီကို ဇနီးမောင်နှံ မြန်မာပြည်သို့ ရောက်ရှိခဲ့စဉ်
စာရေးသူ နိုရီကို ဇနီးမောင်နှံ မြန်မာပြည်သို့ ရောက်ရှိခဲ့စဉ်

ရှေးခေတ်မြို့တော် ပုဂံ

ကျွန်မတို့လည်း ဟိုတယ်ကနေ မနက် ၅ နာရီကတည်းက ထွက်ပြီး အလည်ခရီးကို စလိုက်ပါတယ်။  ကျွန်မတို့ ကားက မီးပွိုင့်တစ်ခုမှာ ရပ်လိုက်ခိုက်မှာတော့ မထင်မှတ်ဘဲ ဖိနပ်မပါတဲ့ ကလေးတစ်သိုက်က ကားနားကို ကပ်လာကာ သစ်ခွပန်းတွေ လာရောင်းပါတယ်။ ကျွန်မတို့လည်း ရုရှမှာ အခုလိုပဲ ကားရှေ့ ဘွားခနဲ ပေါ် လာပြီး ကားမှန်ဆေးပေးဖို့နဲ့ ပစ္စည်းတစ်ခုခုရောင်းဖို့ ကြိုးစားတဲ့ ကလေးတွေကို သတိရသွားမိပါတယ်။

ပုဂံလေဆိပ်ကတော့ ပုံပြင်ထဲက မြို့တော်ရဲ့အဝင်ဝပဲပေါ့။ လေဆိပ်က မြို့ထဲသွားတဲ့ လမ်းတစ်လျှောက် မှာတော့ ရေတမာပင်တွေ စီတန်းစိုက် ထားလေရဲ့။ အဲဒီအပင်ရဲ့ အရွက်တွေက သွားကိုက်ပျောက်စေတယ် လို့လည်း သိရပါတယ်။ ကျွန်မတို့လည်း နေ့လယ် ၁၂ နာရီမှာ ညောင်ဦးဈေး ပိတ်မှာမို့ ဈေးမပိတ်ခင်မီအောင် သွား ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ညောင်ဦးဟာ ရှေးယခင်နှစ် များစွာကတည်းက လမ်းပန်းဆက်သွယ်မှု အချက်အချာ ကျပြီး ကုန်ဖလှယ်တဲ့ နေရာဖြစ်ခဲ့ ပါတယ်။ ဈေးထဲမှာ ရောင်းနေတာတွေက အမယ်စုံလွန်းလို့ ကျွန်မတော့ အံ့တောင် ဩမိပါတယ်။ ဈေးအရှေ့ဘက်မှာလည်း တခြား လမ်းဘေးဈေးသည်တွေ အများကြီး ရှိနေလေရဲ့။
ဈေးအတွင်းမှာလည်း ဆိုင်ခန်းတွေက အတန်းလိုက် အများကြီးမို့ ဒီနိုင်ငံမှာ အငတ်ဘေးဆိုတာ သိမှ သိပါလေစ လို့ မေးရမလိုပါ။ တကယ် တော့ ၁၉၆၂ ခုကတည်းက စစ်အာဏာရှင် လက်အောက်မှာ ရှိနေခဲ့ပေမယ့် တော်လှန် ပုန်ကန်မှုတွေ သိပ်မရှိခဲ့တာဟာ ဒါကြောင့်ပဲ ဖြစ်မယ် ထင်ပါတယ်။ လူတွေက မြောက်ကိုရီးယားမှာလို သိပ်မငတ်ကြတော့ အေးဆေး နေတယ် ထင်ပါရဲ့။

၂၀ဝ၈ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာက သူ့စာအုပ်တစ်အုပ်ထဲမှာ ၁၉၆၉ ခုနှစ် က ပုဂံဈေးကို သွားခဲ့တဲ့အကြောင်း ရေးထားတာ ဖတ်ရဖူးပါတယ်။ အဲဒီအချိန်က သူတို့အုပ်စုဟာ လူ ၂၀ လောက် ပါပြီး တည်းစရာနဲ့ စားစရာ နေရာတွေ အတော့်ကို ရှားပါးခဲ့တယ် လို့ ဆိုထားပါတယ်။ သူတို့ ဘုရားဖူးအဖွဲ့က ပုဂံမှာ အစားအသောက် ဈေးဝယ်ထွက်တဲ့အကြောင်းကို ရေးထားတာပါ။ ပုဂံဈေးက သေးပေမယ့် အစားအသောက်တွေက လတ်ဆတ်သလို အရည်အသွေး ကောင်းသလောက် ဈေးချိုနေတာကို သူတို့က အံ့ဩခဲ့ကြကြောင်းပါ။ အဲဒီထဲမှာ မှ ဈေးသည်တွေအနေနဲ့ ဈေးဝယ်တွေကို သူတို့ရဲ့ကုန်ပစ္စည်း အရည်အသွေး ကို ဖြစ်ဖြစ် ဈေးနှုန်းကိုဖြစ်ဖြစ် ညာဝါးပြီး မရောင်းတာကို သဘောအကျဆုံးလို့ ရေးထားတာပါ။

ဒေါ်အမာက အစားအသောက်တွေ အထားခံအောင် မလုပ်တတ်တဲ့ နေရာတွေမှာ လတ်ဆတ်မှုဟာ အရေးကြီးတဲ့ အတွက် အစားအစာ တွေကို ရွေးတဲ့အခါ အနီးအနားဒေသက အစားအစာတွေက ပိုလတ်ဆတ်နိုင်တာမို့ အဲဒီလို အစားအစာတွေကို ရွေးဝယ်ဖြစ်ကြတယ်လို့ ရေးပါတယ်။ အိမ်ရှင်မတွေ အနေနဲ့ အဲဒီလို ရွေးတတ်တာမျိုးရယ် ၊ ဈေးမများဘဲ အရည် အသွေး မညံ့အောင် ရွေးတတ်တာမျိုး ရယ်ဟာ အရည်အချင်းတွေပါ လို့လည်း ဆိုပါတယ်။ ကျွန်မကလည်း အခုအချိန်အထိ ဧရာဝတီမြစ်ကြီးကို ကြည့်ရင်း စားခဲ့ရတဲ့ နေ့လယ်စာနဲ့ ရုပ်သေးပွဲ ကြည့်ရင်း စားခဲ့ရတဲ့ ညစာတွေကို မမေ့နိုင်သေးပါဘူး။ ဒါဟာ လတ်ဆတ်တဲ့ အသားအရွက်တွေနဲ့ ချက်ထားလို့ ဖြစ်မှာပါ။

ပုဂံမှာ တစ်နေကုန် လည်တယ် ဆိုပေမယ့် ဒီလို သမိုင်းဝင်နေရာအတွက် အချိန်မလောက်ပါဘူး။ ၄၂ စတုရန်း ကီလိုမီတာ အကျယ်အဝန်း ရှိတဲ့ ပုဂံမြေပေါ်မှာ လွန်ခဲ့တဲ့ ၁၁ ရာစုကနေ ၁၃ ရာစုအတွင်း တည် ထားခဲ့တဲ့ စေတီပုထိုးတွေနဲ့ ဘုရားတွေကို ကြည့်ရှုလေ့လာရတာ အနည်းဆုံး တစ်ပတ်လောက် ကြာမှ ရမယ် ထင်ပါ တယ်။ ဒါပေမယ့် ကျွန်မတို့ ရဲ့ ဧည့်လမ်းညွှန်က တော်လေတော့ အရေးကြီးတဲ့နေရာတွေကိုတော့ ရောက်သွား နိုင်ခဲ့ပါတယ်။ အထူးသဖြင့် လေးထောင့် စပ်စပ် တည်ထားတဲ့ အာနန္ဒာစေတီကို အမှတ်မိဆုံးပါပဲ။ အရှေ့၊ အနောက်၊ တောင်၊ မြောက် မုခ်လေးမုခ်တိုင်းမှာ ၉.၂ မီတာ အမြင့်ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူစီ ရှိနေပါတယ်။ အဝင်ဝမှာကတည်းက  မြင်နိုင်သလို အနီးကပ်ဖူးတော့လည်း တစ်မျိုး တွေ့ရပါတယ်။ မျက်နှာတော်တွေက တစ်ခုနဲ့တစ်ခု သိပ်မတူလှပါဘူး။ အနီးကပ် ကြည့်ရင် ပြုံးတော်မူနေတဲ့ပုံကို ဖူးနိုင်တာမို့ ရုပ်ပွားတော် ကိုယ်တော်တိုင်က အဝေး မသွားနဲ့ဦးလို့ တားနေသလိုလို ထင်ရစေတာကိုးနော်။ ဒီလိုအေးချမ်းတဲ့ အပြုံးနဲ့ ကြင်နာမှုတွေဟာ ဗုဒ္ဓထံကချည်း မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင် တွေထံကနေပါ ရနေတယ်လို့ ကျွန်မတော့ မြင် မိလေရဲ့။
Ref: http://www.myanmarij.com/%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%81%BE%E1%80%80%E1%80%8A%E1%80%B9-%E1%81%83%E1%81%89/

ကောလာဟလ နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ လှည်းကူးမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း

ဒေါ်အောင်ဆန်းစုကြည်အား ဥက္ကဋ္ဌအဖြစ်မှ ဖယ်ရှားရန် ကြံစည် ဆောင်ရွက်နေသည် ဆိုသော သတင်းများ၊ လူမှုရေး သတင်းကွန်ရက်များပေါ်တွင် ပျံ့နှံ့နေသည် ဆိုသည်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ လှည်းကူးမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက မြန်မာအင်ဒီပဲန်ဒင့်သို့ ဆက်သွယ်ပြော ကြားရာမှာ အထက်ပါ အကြောင်းအရာ ကိစ္စနှင့် မည်သို့မျှ ပတ်သက်မှု မရှိခဲ့သလို၊ ဘာတစ်ခုမျှ သိရှိခဲ့ခြင်း မရှိကြောင်း၊ ယင်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် အရေးကြီး ဆုံးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ပါဝင်မှသာ ဒီမိုကရေစီပန်းတိုင်ကို တက်လှမ်းနိုင် မည်ဖြစ်သောကြောင့် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်မှုနောက်မှ အင်တိုက်အားတိုက် လိုက်ပါရန်သာ ရည်ရွယ်ချက် ရှိကြောင်း ဆိုပါသည်။

ထိုသို့သော ကောလာဟလ သတင်းများသည် ယင်းအား နိုင်ငံရေး အရ တိုက်ခိုက်မှုဟု ယူဆကြောင်း ပြောရာ တွင် “ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားဖို့၊ တစ်ခုခုလုပ်ဖို့ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ဒီလို သတင်းတွေ လုပ်ကြံ ဖော်ပြနေ တာဟာ ကျွန်တော့်ကို နိုင်ငံရေးအရ တိုက်ခိုက်ခြင်းလို့ မြင်တယ်။ နုနယ်တဲ့ ဒီမိုကရေစီ စနစ်မှာ သတင်းကောလာ ဟလ တွေနဲ့ နိုင်ငံရေးလုပ်ကြံမှုတွေကို ဖန်တီးသလို ဖြစ်နေတယ်။ ကျွန်တော် ပြောချင် တာက ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားဖို့ ဘာရည်ရွယ်ချက်မှ မရှိသလို၊ အဲလို လုပ်ဆောင်တဲ့ အထဲမှာလည်း ကျွန်တော်မပါဘူး”ဟု ဆိုပါသည်။

ဖြိုးမင်းသိန်းသည် လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ တွင် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသူ ဖြစ်သည်။
 Ref: http://www.myanmarij.com/%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%81%BE%E1%80%80%E1%80%8A%E1%80%B9%E1%80%A1%E1%80%AC%E1%80%B8-%E1%80%96/

အရှင်အဂ္ဂဥာဏ (သြစတေးလျနိုင်ငံ)-မှ ရေးသားပူဇော်သော သာသနာရောင်ဝါခ-အစချီ တေးထပ် အလင်္ကာ



အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ
အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ လော့အိန်ဂျလိစ်၊ ရို့စမိမြို့၊
အောင်ချမ်းသာကျောင်း ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ၏
ဘွဲ့တံဆိပ်တော်ရအထိမ်းအမှတ်အဖြစ် အရှင်အဂ္ဂဥာဏ (သြစတေးလျနိုင်ငံ)-မှ ရေးသားပူဇော်သော  
သာသနာရောင်ဝါခ-အစချီ တေးထပ် အလင်္ကာ

+       သာသနာ ရောင်ဝါ ခ-ပါလို့၊ ဆောင်ကာပြ ထေရ်အရှင်၊
အမှောင်ခွါချ ဗွေတစ်ခွင်လျှင်၊ ထွေထွေအစဉ် ထပ်လောင်း။
မြန်ပြည်စိုးရပ် ဘွဲ့ကပ်ပါသည်၊ သဒ္ဓမ္မတ် မဟာမြတ်ကြောင်း။
+       ရိုစမိမြို့ အောင်ချမ်းသာမှာ၊ ဝေနေယျာ တင့်ကြောင်း၊
မြန်မာစာ သင်ကျောင်းနှင့်၊ အဘိဓမ္မာစကား ဝေစည်။
ကျမ်းမြတ်ထွေထွေ နှစ်ဆယ်ကျော်ပြုပါလို့၊
ဝိပသ၁နာတရား ပြခဲ့လေပြီ။     
+       ဆရာတော်ဦးနာရဒ ဖူးမ၀ပါသည်၊
ထူးလှသမယာ အေးစေကြောင်းပေမို့၊
လူရှင်အပေါင်း ပြုကြအစဉ်လာ၊
မဟာဂုဏသဘင်ပါ။
+       ဆရာတော်ပူဇော်ပွှဲ၊ ဆင်နွှဲပါသည်။ ရင်ထဲဝေဒနာ ၊ အေးကြောင်းစေဘို့လေး။       
+       ရိုစမိမြို့၊ အောင်ချမ်းသာ၊မှာ၊ အရောင်လျှမ်းဝေဖြာ၊ တင့်ကြောင်းပေမို့လေး။ ။
+       သူတော်ကောင်းတရား၊ ကြိုးစားမဟာ၊ တိုးပွား သာသနာ၊ ဆင့်ကြောင်းပေမို့လေး။  

အရှင်အဂ္ဂဥာဏ (သြစတေးလျနိုင်ငံ)-မှ ရေးသားပူဇော်သော ရှစ်လုံးဖွဲ့ ကဗျာ အလင်္ကာများ



အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ
အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ လော့အိန်ဂျလိစ်၊ ရို့စမိမြို့၊
အောင်ချမ်းသာကျောင်း ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ၏
ဘွဲ့တံဆိပ်တော်ရအထိမ်းအမှတ်အဖြစ် အရှင်အဂ္ဂဥာဏ (သြစတေးလျနိုင်ငံ)-မှ ရေးသားပူဇော်သော  ရှစ်လုံးဖွဲ့ ကဗျာ အလင်္ကာများ

(၁)     ရှင်တော်မြတ်ဖျား၊ တရား သံဃာ၊ လက်စုံမိုး၍၊ ရှိခိုးပန်ထွာ၊
တပည့်တော်များ၊ သနားညှာတာ၊ ဦးထိပ်နန်း- ကြွလှမ်းချီလှဲ့ပါ။     
 (၂)    ဦးနာရဒ၊ အဘိဝံသာ၊     မြို့-ရိုစမိ၊ နေဘိခါခါ၊
အောင်ချမ်းသာကျောင်း၊ ဂုဏ်ပေါင်းဝေဖြာ၊ ၀ိဟာရ- ပြုကြသာသနာ။        
(၃)     အယ်-အေ အရပ်၊ ကြွလတ်ခါခါ၊၊ သတ္တ၀ါအများ၊ တိုးပွားကုသလာ၊
          မြန်မာစာသင်တန်း၊ တက်လှမ်း လိမ္မာ၊ ယဉ်ကျေးမှု့- ရှေးရှု့ ဝေနေယျာ။    
 (၄)    အယ်-အေ အရပ်၊ ကြွလတ်ခါခါ၊၊ သတ္တ၀ါအများ၊ တိုးပွားကုသလာ၊
          အဘိဓမ္မာသင်တန်း၊ ဆင်မြန်းကုသလာ၊ နိဗ္ဗာန်ပို့- သောက်စို့ ဝေနေယျာ။  
(၅)     အယ်-အေ အရပ်၊ ကြွလတ်ခါခါ၊၊ သတ္တ၀ါအများ၊ တိုးပွားကုသလာ၊
ဝိသုဒ္ဓိမဂ်သင်တန်း၊ ဆင်မြန်းကုသလာ၊ နိဗ္ဗာန်ပို့- သောက်စို့ ဝေနေယျာ။
(၆)     အယ်-အေ အရပ်၊ ကြွလတ်ခါခါ၊၊ သတ္တ၀ါအများ၊ တိုးပွားကုသလာ၊
ဝိပသ၁နာတရား၊ ဟောကြားခါခါ၊ ၊ နိဗ္ဗာန်ပို့- သောက်စို့ ဝေနေယျာ။    
(၇)     ရိုစမိမြို့ရပ်၊ နေလတ်သောခါ၊၊ သတ္တ၀ါအများ၊ တိုးပွားကုသလာ၊
နှစ်ဆယ်ကျော်မျှ၊ ရေးထကျမ်းမဟာ၊ နိဗ္ဗာန်ပို့- သောက်စို့ ဝေနေယျာ။    
(၈)     ရိုစမိမြို့ရပ်၊ နေလတ်သောခါ၊၊ သတ္တ၀ါအများ၊ တိုးပွားကုသလာ၊
ကျေးဇူးကြီးငြား၊ ဘိုး-ဘွား မြန်မာ၊ ပူဇော်ပွဲ- စဉ်နွဲအခါခါ။         
(၉)     ကမ္ဘာရပ်ရပ်၊ ကြွလတ်ခါခါ၊၊ သတ္တ၀ါအများ၊ တိုးပွားကုသလာ၊
စာတမ်းဖတ်လို့၊ ဝေမျှဒေသနာ၊ ၊ အသိမြတ်- ပေးအပ်တို့ထေရာ။        
(၁၀)   မြန်မာပြည်ရပ်၊ ၊ ကြွလတ်ခါခါ၊၊ သတ္တ၀ါအများ၊ တိုးပွားကုသလာ၊
ရဟန်းခံ-ရှင်ပြု ကောင်းမှု့ဖြာဖြာ ၊ ကုသိုလ်ပြု- တောင်းဆုအခါခါ။        
(၁၁)   အလီလီကောင်းမြတ်၊ ဂုဏ်ပေါင်းဖြာဝေ၊ ပီတိသောင်းရပ်၊ တို့များမထေရ်၊
မြန်ပြည်စိုးရ၊ ဆက်သဘွဲ့ပေ၊ မဟာဂ္ဂ-ဇောတိက ဖြာဖြာဝေ။  
(၁၂)   အများကောင်းကျိုး၊သယ်ပိုးတို့ထေရ်၊ ဘေးရန်အပေါင်း ကင်းကြောင်းမှန်စေ၊
ကြံတိုင်းပေါက်လို့၊ ဆောင်တိုင်းမြောက်စေ၊ ရာကျော်လတ်- အသက်ရှည်ပါစေ။          (သာဓု-၃ကြိမ်ခေါ်ရန်)