မိုက်ကယ် ကတော့ သူဟာ ရှင့်အတွက်
စိတ်ဓာတ်ရေးရာအရ အားပေးခဲ့ရုံ မကပါဘူး။ ရှင့်အတွက် အခက်အခဲ အကျပ်အတည်းတွေ
ပေါ်လာပြီ ဆိုတာနဲ့ မီဒီယာတွေမှာ အဲဒီ သတင်းတွေပါလာပြီး ရှင့်ကို ဆက်လက်
အန္တရာယ် မပြုနိုင်အောင်လို့ ရည်ရွယ်ကာ ရှင့်ရဲ့ လူထုဆက်ဆံရေး
အရာရှိတစ်ယောက်လို အဝေးကနေ လှုပ်ရှား ဆောင်ရွက်ခဲ့တာပါ။ သူ့အချစ်
မေတ္တာတွေကို ပြန်လည် ပေးဆပ်ဖို့ အတွက်လည်း သူ့ကို ပြန် လှည့်ကြည့်စရာ
မလိုဘဲ ရှင့်နိုင်ငံ ဒီမိုကရေစီရေး အတွက် ရှေ့ဆက်လုပ်ပါ လို့
အားပေးခဲ့သေးတာပဲလေ။
တကယ်တော့ မိုက်ကယ်ဟာ သူ့ရဲ့နောက်ဆုံး
ထွက်သက် အချိန်အထိ ရှင့်ကိုအားပေးခဲ့ပါတယ်။ မိုက်ကယ်ဟာ ဗြိတိသျှကနေ
မြန်မာအပေါ်မှာ ကျူးလွန်ခဲ့တဲ့ အမှားတွေ ကျေအောင် အကောင်းဆုံး ပခုံးထမ်း
လုပ်ဆောင် သွားတဲ့ အင်္ဂလိပ် တစ်ယောက်လို့ ဆိုရမလားဘဲ။
အလက်ဇန္ဒားရဲ့ ဆူကီယာကီ
အဲဒီအချိန်မှာ အလက်ဇန္ဒားက
မြောက်အီလီနွိုက်တက္ကသိုလ်မှာ သင်္ချာ အဓိကနဲ့ ကျောင်းတက်နေတာမို့ ချီကာဂို
မှာ နေနေပါတယ်။ သူက အင်္ဂလန်ကို ပြန်လာလေ့ ရှိပေမယ့် လန်ဒန်မှာရှိတဲ့
သူ့အဘိုးအဘွား (မိုက် ကယ့်မိဘ)တွေနဲ့ဖြစ်ဖြစ်၊ လေဒီပက်ထရစ်ရှာ ဂေါရ်ဘုသ်
တို့ဆီမှာဖြစ်ဖြစ် နေလေ့ ရှိကာ အောက်စ်ဖို့ဒ်ကို ပြန် လာခဲ့ပါတယ်။
ကျွန်မတို့ ဇနီးမောင်နှံကလည်း အောက်စ်ဖို့ဒ်အိမ်ကို နွေဦး နဲ့ နွေရာသီ
ကျောင်းပိတ်ရက်တွေမှ ပဲ သွားလည်ကြတာမို့ သူနဲ့မကြာခဏ မဆုံဖြစ် ခဲ့ကြပါဘူး။
တစ်နေ့တော့ အလက်ဇန္ဒားက အောက်စ်ဖို့ဒ်ကို
ရောက်လာသလို ကျွန်မတို့ရဲ့တိုက်ခန်းကိုလည်း အလည်လာ ခဲ့ပါတယ်။ အလက်ဇန္ဒားလို့
ဆိုလိုက်တာနဲ့ သူကြိုက် တတ်တဲ့ “ဆူကီယာကီ”ကိုပဲ သတိရမိတော့တာပေါ့။
ဒါကြောင့် သူ့အတွက် တကယ့်ကို ခက်ခက်ခဲခဲနဲ့ ဆူကီယာကီ လုပ် ကြပါတော့တယ်။
အဲဒီနေ့ ညစာစားပွဲ လေး ကတော့ စုက လွဲပြီး မိုက်ကယ်၊ အလက်ဇန္ဒား၊ ကင်မ်နဲ့
ကျွန်မတို့နှစ်ယောက် အားလုံး စုံစုံညီညီ ရှိတာမို့ နှစ်တွေ
အများကြီးကြာခဲ့ပြီးမှ ပြန်ဆုံဆည်းရတဲ့ ညစာပါပဲ။
ရှင် မှတ်မိတယ် မဟုတ်လား။
အလက်ဇန္ဒားနဲ့ ကင်မ် က ဆူကီယာကီထဲက ဟင်းသီးဟင်းရွက်တွေအောက်မှာ အသားဖတ်ကို
ရှာပြီး လုစားနေကျ ဖြစ်ကာ အလက်ဇန္ဒား ကလည်း “ဒီနားမှာ အသားဖတ် ရှိနေတာ
ကျွန်တော် သိတယ်နော်”လို့ ပြောနေကျလေ။ ကျွန်မ ခင်ပွန်းက အသားဖတ်
တူတူပုန်းတမ်း အကြောင်း ပြန်ပြောင်း ပြောနေ ခိုက်မှာ အလက်ဇန္ဒားက ရုတ်တရက်
“ဒီဆူကီယာကီ ထဲမှာ ဆာကေးပါလား”လို့ မေးလိုက်ပါတယ်။ တကယ်တော့ သူ ငယ်ငယ်လေး
တုန်းကပဲ ဆူကီယာကီကို လုပ်ကျွေးဖြစ်ခဲ့တာမို့ ဒီလိုကြီးမှ လုပ်ကျွေးဖြစ်တာ
ဒီအကြိမ် ပထမဆုံးပါပဲ။ ကျွန်မတို့ ကလည်း ဆူကီယာကီကို လုပ်မစားတာ
ကြာလှပြီမို့ ဆာကေး ထည့်ဖို့ မေ့သွား ခဲ့ပါတယ်။ ဒါကြောင့် ဟင်းချက်တဲ့အခါ
သုံးတဲ့ ခပ်ချိုချိုဆာကေး အမျိုးအစားဖြစ်တဲ့ မီရင်ကိုပဲ လက်ထဲရှိတာမို့
လွယ်လွယ် သုံးခဲ့ဖြစ်ပါရဲ့။ ကျွန်မတို့ ကတော့ သူ့ရဲ့ မှတ်ဉာဏ်
ကောင်းပုံကို တအံ့တသြ ဖြစ်မိခဲ့ကြရပါတယ်။ အလက်ဇန္ဒားရဲ့ စူးစမ်း လေ့လာမှု
အစွမ်းကလည်း အံ့မခန်း မဟုတ်လား။ ဒီကလေးကတော့ ငယ်ငယ်လေး ထဲက ဘယ်တော့မှ
မပြောင်းလဲပါဘူး။
မိုက်ကယ့်ကို အဲဒီအချိန်က အမေရိကန်
သမ္မတကလင်တန်က ဖိတ်ကြားပြီး မိန့်ခွန်းတစ်ခု ပြောဖို့ ရှိတဲ့အခါ အလက်ဇန္ဒားက
ချီကာဂိုကို ဝင်လာခဲ့ဖို့ အကြိမ်ပေါင်း များစွာ ခေါ်ခဲ့ပါတယ်။ ဒယ်ဒီ့ကို
လူတစ်ယောက်နဲ့ မိတ်ဆက် ပေးချင်လို့ပါတဲ့။ မိုက်ကယ်က ဒါထူးခြားတယ်လို့
တွေးမိပြီး သူ့ကို သွားတွေ့ချင်နေခဲ့တာပါ။ အလက်ဇန္ဒား မိတ်ဆက်ပေး ခဲ့တာက
မြန်မာ မလေး တစ်ယောက်ပါပဲ။ မိုက်ကယ် မှတ်မိထားတာက အလက် ဇန္ဒားမှာ ကရင်
ကောင်မလေး တစ်ယောက် ရှိခဲ့ဖူးတယ် ဆိုတာပါ။ ကင်မ့်လို ပြဿနာမျိုး
ဖြစ်လာမှာကို မိုက် ကယ်က စိတ်ပူခဲ့ဖူးတာမို့ အခုတော့ မိုက်ကယ်က
စိတ်အေးသွားသလိုပါပဲ။ သူတို့ဓာတ်ပုံတွေ ကြည့်ရတာ ပြုံးပျော်ရယ်ရွှင်လို့
ချည်းနေပါတယ်။
နောက်တော့ အလက်ဇန္ဒားက ကျွန်မတို့ဆီကို သူ
ပီအိပ်ခ်ျဒီပါရဂူ ဘွဲ့ကို ကွန်ပျူတာနဲ့ ဖလော်ဆော်ဖီ ဘာသာ တွဲတွေနဲ့
အောင်အောင်မြင်မြင် ရကြောင်း စာနဲ့အတူ ဟာဝိုင်ယီကျွန်းကို အလည်သွားထားတဲ့
ဓာတ်ပုံတွေ ပို့လာပါတယ်။ အခုတော့လည်း သူက သူ့အိမ်လေးမှာပဲ စာတွေ
ရေးနေလေရဲ့။ သူ့ရဲ့ အေးချမ်းတိတ်ဆိတ်တဲ့ ဘဝလေး ကြာရှည်ခံနေပါစေလို့
ဆုတောင်းဖြစ်ပါတယ်။
စုရေ အလက်ဇန္ဒားကတော့
ရှင့်အတွက်သားကောင်းတစ်ယောက် ဖြစ်အောင်ကြိုးစားခဲ့ပါတယ်။ သူက မြန်မာ လို
ကောင်းကောင်း မပြောတတ်ဘူး ဆိုပေမယ့် ရှင့်အတွက်နဲ့ မြန်မာပြည် အတွက် ဆိုကာ
မြန်မာ စကားနဲ့ စာကို ကြိုးစားပမ်းစား သင်ယူခဲ့ပါတယ်။ သူက ငယ်ငယ်တုန်း
ကတော့ မြန်မာစာကို စိတ်မဝင်စားခဲ့ဘူး မဟုတ်လား။
ကင်မ့်အကြောင်းပဲ ထပ်ပြောမယ်။
ကျွန်မတို့ရဲ့ ကင်မ့်အကြောင်းပဲ
ထပ်ပြောမယ်နော်။ မိုက်ကယ်က လူပျိုဖော်ဝင်စမို့ အလက်ဇန္ဒား တစ်ခုခု
ဖြစ်သွားမှာကို ပူပန်နေပေမယ့် အလက်ဇန္ဒားက တော်ပြီး လိမ္မာတဲ့ ကလေးပါ။
ကင်မ်ကတော့ အမြဲလိုလို ပျော်ပျော်နေသလို လှုပ်လှုပ်ရှားရှား ကလည်း အင်မတန်
နေနိုင်သူပေါ့။
၁၉၈ဝ ခုနှစ် သြဂုတ်မှာ ကျွန်မ တို့
မော်စကိုကနေ ပြန်လာတော့ အောက်စ်ဖို့ဒ်မှာ ၂ လ နေဖြစ်ခဲ့ပါ တယ်။
စုတို့အိမ်ကို သွားလည်တော့ တံခါးဖွင့်လိုက်တာနဲ့ ကစားစရာ သေနတ် ကိုင်ထားတဲ့
ကင်မ်နဲ့ တန်းတိုးခဲ့ကြ တာလေ။ အဲဒီအချိန်က သူဟာ သုံးနှစ်သားပဲ ရှိသေးပြီး
ကျွန်မတို့က သူ့ကိုတစ်ခါမှ မတွေ့ဖူးသေးတဲ့ အချိန်ပေါ့။ မိုက်ကယ်က ကင်မ့်
နောက်မှာ ပေါ်လာကာ “သူကတော့ ကျွန်တော်တို့ အိမ်ရဲ့ မျက်နှာသစ်က လေးပါ။
လူဆိုး ကလေးပေါ့”လို့ ပြောလိုက်ပါတယ်။ ကင်မ်က ဘိနပ်စီး မပျက်ဘဲ
ကျွန်မယောက်ျားရဲ့ ခေါင်းပေါ်ကို တက်ကာ ပခုံးထက်ကနေ ဇောက်ထိုးခိုပြီး သူ့ကို
လွှဲပေးဖို့ ပူဆာခဲ့တာပေါ့။ တကယ့်ကိုကလေး ပီသတဲ့ ကလေးလို့ ဆိုရမှာလေ။
ကျွန်မခင်ပွန်းအဖို့ကတော့ အလက်ဇန္ဒားနဲ့
ပတ်သက်ရင်လည်း မှတ်မိသတိရစရာတွေက အများသားပါပဲ။ သူနဲ့ လုပ်ဖော်ကိုင်ဖက်
ပါမောက္ခ မီဆာကီတို့က အင်္ဂလိပ် သတင်းစာတွေကို အလက်ဇန္ဒား အတွက် ဂျပန်ကာဘူတို
ဦးထုပ်လေး ဖြစ်အောင် လုပ်ပေးခဲ့တာမျိုးပေါ့။ အစကတော့ စုက စာထဲမှာ
ရေးခဲ့သလို ကင်မ့်ကို ခပ်ဆိုးဆိုးလေးဆိုပြီး ချစ်ခဲ့ပါတယ်။ ရှင်က
ပြောဖူးတာကတော့“အလက်ဇန္ဒားက ကျွန်မ အစ်ကိုနဲ့ သွားတူ ပေမယ့် ဒီအငယ်လေး
ကတော့ကြီးလာရင် လူချောလေး ဖြစ်မှာနော” လို့ပေါ့။ ရှင်က ဆိုးပေလေးကိုမှ
ချစ်ခဲ့တာကိုး။ တကယ်တော့ ရှင်က သားကြီးနဲ့ပတ်သက်ရင် မျှော်လင့်ချက်တွေ
ကြီးမားလွန်းတာမို့ စည်းကမ်း တွေ တင်းတင်းကျပ်ကျပ် ထားပြီး ထိန်းခဲ့ သလောက်
အငယ်လေးနဲ့ ပတ်သက်ရင် ဘာမှ သိပ်ကြီးကြီးမားမား မမျှော်လင့်ခဲ့သလို
ကင်မ်ကလေး ဆိုးပေနေသမျှ ကို လည်း ရယ်မောနေခဲ့တယ်နော်။
ရှင်တို့ရဲ့ ပါ့ခ်တောင်းအိမ်မှာ တုန်းက
ဆူကီယာကီ လုပ်စားခဲ့တော့ သုံးနှစ်အရွယ် ကင်မ်က မထင်မှတ်ဘဲ မီဆိုဟင်းချိုကို
ထပ်တောင်းခဲ့တယ်လေ။ သူက အဲဒီတုန်းကမှစ ပြီး ဂျပန်စာကို စားဖူးတာပါ။
ရှင်လည်း အံ့သြနေခဲ့တာပါပဲ။ “နိုရီကိုရေ ဒီကလေးကတော့ ခုကတည်း က
မီဆိုကိုကြိုက်နေပြီနော်”လို့ ဆိုခဲ့ တယ်လေ။ အဲဒီနောက်ပိုင်းတော့
အလက်ဇန္ဒားရော ကင်မ်ပါ ဆူကီ ယာကီစားရင် အသား တူတူပုန်းတမ်း ကစားတော့တာ ပဲလေ။
တစ်ခါတုန်းကတော့ ရှင်ပြောခဲ့ဖူးတယ်။
“နိုရီကိုရေ ကင်မ်ကလေး အရမ်းငယ်ငယ်တုန်းက ညသန်းခေါင်ကြီး အိပ်ရာထဲမှာ
အန်ချပါလေရော။ မိုက်ကယ်နဲ့ ကျွန်မလည်း သူ့ကို ဆေးကြောသုတ်သင်ပေးပြီး
အဝတ်တွေ ဘာတွေ လဲပေးကာ အိပ်ရာမှာ နေရာပြန်ချပေး ကြတာပေါ့။ အဲဒီအခါ သူက
ဒယ်ဒီ နဲ့ မာမီ ကျေးဇူးပဲနော် လို့ ပြောခဲ့ တယ်လေ။ အဲဒီလောက် ငယ်တဲ့ကလေးက
ကျေးဇူးလို့ ဘယ်မှာပြောလို့လဲနော်” လို့ပေါ့။ ကျွန်မလည်း ကင်မ်ဟာ မိုက်ကယ့်
အတိုင်းပဲ လို့ တွေးနေမိပါတယ်။
No comments:
Post a Comment