Monday, 31 December 2012

ဦးချစ် (လက်ဖက်ရည်ဆိုင်) နှင့် ဗျူးခဲ့စဉ်က / ပိန်ပိန် (ဂျီအိုလော်ဂျီ)

● တစ်ခါက ကံ့ကော်တောမှာ
 
ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်၊ ဇွန်လထဲတုန်းက စာကြည့်တိုက်ပညာ ဒီပလိုမာကိစ္စကြောင့် မမျှော်လင့်ဘဲ အမိတက္ကသိုလ်ကြီးထဲကို ရောက်ဖြစ် သွားခဲ့ပါ တယ်။ အဓိပတိလမ်းမဂိတ်ဆီကနေ ၀င်လိုက်တော့ ကျွန်တော်ဘူမိဗေဒ အဓိက ကျောင်းသားအဖြစ် ၁၉၈၀ လွန်ကာလဆီမှာတုန်းက တက်ခဲ့တဲ့ မန္တလေးဆောင်ကြီးက ခပ်တည်တည်ကြီး ဖြစ်နေတယ် ထင်ရတယ်။ တောင်ငူဆောင်ဘက်ဆီ ဆက်လျှောက်တော့ ကင်တင်းစားသောက်ဆိုင်တန်းရှည်နဲ့ တိုးတယ်။ (ကျွန်တော်တို့တုန်းက ဒီဆိုင်တန်းရှည်တွေ မရှိသေးဘူး။ ဒီနေရာက စိန်ပန်းပင်တွေရှိတဲ့ မြက်တောကြီးပါ) အတူပါလာတဲ့ တပည့်ဖြစ်သူ စာနယ်ဇင်းသတင်းထောက်မလေးက သူ ဒီပလိုမာ သင်တန်းတွေ တက်ခဲ့စဉ် ဖောက်သည်ဖြစ်နေတဲ့ အခုနေရာသစ် ဦးချစ်လက်ဖက်ရည်ဆိုင်မှာ ၀င်နားကြတယ်။ ကျွန်တော့်ရင်ထဲမှာတော့ ဟိုစဉ်က ဦးချစ်ဆိုင်ကို ပြန်သတိရဖြစ်ရင်း မရောက်တာ နှစ်များစွာရှိတဲ့ ကံ့ကော်တောရှုခင်း ပုံရိပ်တွေကို သတိပြုမိနေစဉ် တစ်ဖက်ဝိုင်းမှာ ဟိုစဉ်က အနုပညာအသင်းမှာ အတူလှုပ်ရှားခဲ့ဖူးပြီး၊ သူမတို့က အတန်းငယ်တွေဖြစ်သော်လည်း အထူးခင်မင်ခဲ့ဖူးတဲ့ မထိပ်တင်ဟန်ကို ကထိကဆရာမတစ်ဦးအဖြစ်နဲ့ ပြန်လည်တွေ့ဆုံ စကားပြောဖြစ်တော့ သူမက ပါရဂူတန်းကို နောက်ဆုံးအဆင့် တက်နေကြောင်းသိရတယ်။ မြန်မာစာမှာ ပထမဆုံးပါရဂူဘွဲ့ရတဲ့ ဒေါက်တာအောင်မြင့်ဦးက ကျွန်တော် ပထမနှစ်ဖရက်ရှာတုန်းက မဂ္ဂဇင်း ကော်မတီမှာ ကျောင်းသားအမှုဆောင်တွေအဖြစ် အတူတူ လုပ်ခဲ့ကြတာပေါ့။ ခေတ်တွေပြောင်း၊ စနစ်တွေ ပြောင်းလာတဲ့အလျှောက် ကံ့ကော်မြေမှာလည်း ပြောင်းလဲခြင်းတရားများစွာတွေ သတိပြုမိရပါတယ်။ မထိပ်တန်ဟင်က ဟိုစဉ်တုန်းက အနုပညာအသင်းမှာ ကျောင်းသူကျောင်းသားဘ၀ ကခဲ့ခုန်ခဲ့တာတွေ ပြန်ပြောပြတယ်။ ၁၉၈၃ တုန်းက ၀ိဇ္ဇာခန်းမမှာ မြန်မာစာအသင်းနှစ်ပတ်လည် မိတ်ဆုံစားပွဲအဖြစ် အငြိမ့်ကခဲ့ကြစဉ်က မထိပ်တင်ဟန်နဲ့ မသီတာကြွယ် (ပဲခူး) တို့က အငြိမ့်မင်းသမီးတွေဖြစ်ကြပြီး စုတ်ချွန်း၊ ကြွက်ပြုံး၊ ပိန်ပိန်၊ ပေါ်ပေါ်၊ အရိုင်း၊ ကင်းကောင်တို့က ကျောင်းသားလူရွှင်တော်တွေပေါ့။

● ချစ်တယ်

မြန်မာစာဆိုတာက တောင်ငူဆောင်က မိခင်ဂေဟာကြီးပေါ့။ အဲသည်ကာလကလည်း စာပေကိစ္စ၊ အနုပညာကိစ္စတွေရှိရင် တောအုပ် လေးထဲက ဦးချစ်ဆိုင်မှာပဲ တွေ့ကြ၊ ဆုံကြ၊ ပြောကြ၊ ဆိုကြ၊ ငြင်းကြ၊ ခုံကြပေါ့။ အဲသည်တုန်းက ဦးချစ်ဆိုင်ဆိုတာက မူလဦးချစ်ဆိုင်ဖြစ်တဲ့ ရာမညဆောင်ရဲ့ မြောက်စူးစူး ရန်ကုန်တက္ကသိုလ်ရဲ့ ခြံစည်းရိုးထောင့်က တစ်ထပ်တိုက်ပြားကလေးဖြစ်ပါတယ်။ တောင်ပိန္နဲပင်တွေ အုံ့ဆိုင်းနေတဲ့ တောအုပ်ကလေးထဲက ဦးချစ်ဆိုင်ဆီကို တောင်ငူဆောင်ဆီက ဖြတ်လမ်းအတိုင်း လျှောက်သွားသူတိုင်း သတိပြုရတာကတော့ သစ်တိုပင်ကြီးတွေဆီက ကြွေကျလာတဲ့ သစ်တိုသီး ညိုတိုတိုတွေဟာ ပင်မြင့်ဆီမှာ အမှည့်မြန်သလို၊ လေအဝှေ့မှာလည်း အကြွေမြန်တာမို့ သစ်တိုသီးတွေကို ရှောင်လင်သိုင်းကွက်ပမာ ကျောင်းသား ကျောင်းသူတွေသာမက ဆရာ၊ ဆရာမတွေပါ ရှောင်ရှားရတာ ချစ်စရာ ဓလေ့ကလေးတစ်ခုရယ်လို့ အားလုံးက မှတ်ယူထားခဲ့ကြလေရဲ့။
အမှန်ဆိုရရင် စာနယ်ဇင်းဘ၀ ရပ်တည်မှုနဲ့ များမြောင်လှတဲ့ ကိစ္စတွေကြောင့် ကံ့ကော်မြေကို နှစ်များစွာ မရောက်ဖြစ်ခဲ့ပါဘူး။ ခုတော့ အကြောင်းတိုက်ဆိုင်မှုတစ်ခုကြောင့် ကျောင်းထဲကို ရောက်ဖြစ်ပြီး ဦးချစ်ဆိုင် (နေရာသစ်)ကိုလည်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ဖြစ်ရလို့ အတိတ်ကာလ ကိုယ်တို့ဖြတ်သန်းခဲ့ရတဲ့ ဘ၀တွေကို ပြန်လည်သတိရဖြစ်မိရတာပေါ့လေ။
ကျွန်တော်က ကျောင်းဆွေးဆွေး၊ လူဆွေးဆွေး၊ အဲဒီခေတ်ဆီက တက္ကသိုလ်ကောလိပ်မှာ နေခဲ့သူပါ။ ဘူမိဗေဒ အဓိက ကျောင်းသားဖြစ်ပြီး တက္ကသိုလ်သက်ကတော့ (၁၉၇၇) ခုနှစ်မှသည် (၁၉၈၆) ခုနှစ်ထိပေါ့။ ကျောင်းပြီးသွားတာတောင် ကျောင်းသံယောဇဉ်တွေနဲ့ တက္ကသိုလ်နယ်မြေမှာ တ၀ဲလည်လည်ရှိခဲ့ပါတယ်။ ကျွန်တော် အဓိပတိကိုလည်း ချစ်တယ်။ ဘွဲ့နှင်းသဘင်ကြီးကိုလည်း ချစ်တယ်။ သစ်ပုပ်ပင်ကြီးကိုလည်း ချစ်တယ်။ အပန်းဖြေရိပ်သာကိုလည်း ချစ်တယ်။ ပြီးတော့ ဦးချစ်ဆိုင်ကိုလည်း ချစ်တယ်။ နောက်… အင်းလျားကန်စပ်ဆီက ပုဏ္ဍရိတ်ချုံလေးတစ်စုကိုလည်း ချစ်တယ်။ ပြီးတော့.. သစ်တိုပင်ဖြတ်လမ်းကလေးကိုလည်း ချစ်တယ်။

● ရှိခဲ့ကြဖူးပါတယ်

လက်ဖက်ရည်ဆိုင်ဆိုတာ “၀စနာလင်္ကာရဆရာတွေ ဆုံလေ့ရှိတဲ့ ခေါမပြည်ရဲ့ အေသင်မြို့လမ်းထောင့်” လို့ ဆရာငြိမ်းကျော်က ကျွန်တော့် ကို ပမာပြု ပြောပြခဲ့ဖူးပါတယ်။

ဦးချစ်ဆိုင်မှာ ဆရာသမားတွေဖြစ်တဲ့ ဆရာဦးမြင့်ကြည်၊ ဦးဖိုးကျော်မြင့်၊ တက္ကသိုလ်မင်းမော်၊ ဆရာဦးအောင်သင်း၊ တက္ကသိုလ်ဝင်းမွန်၊ ဆရာမောင်ခင်မင် (ဓနုဖြူ)၊ ဆရာဇော်ဇော်အောင်တို့လည်း သမားချင်းချင်း သတင်းလွေ့လွေ့ ရှိခဲ့ဖူးကြပါတယ်။

မောင်ဆွေတင့်၊ မောင်ဟုန်ဝမ်၊ မောင်ဝဏ္ဏ၊ ကိုတင်ဝင်းလှိုင်၊ ကိုအောင်စိုး(ဦး)၊ ကိုကီဝီတို့လည်း ရသများစွာကို အလင်္ကာပြုခဲ့ကြဖူးပါတယ်။

ကိုငြိမ်းကျော်၊ ကိုအောင်ပြည့်၊ ကိုမြတ်သစ်၊ ကိုမြင့်စိုးလှိုင်တို့လည်း “ဝေဖန်စာပေ” အကြောင်းတွေ ပဲ့တင်ထပ်ခဲ့ကြဖူးပါတယ်။

ကိုငွေစိုး၊ ကိုဖေမြင့်၊ ကိုကျော်ဇေယျတို့လည်း “မှုခင်းနဲ့ဆေးပညာ” အကြောင်းတွေ ရိုးမယ်ဖွဲ့ဖူးကြမှာပါ။
ကိုမင်းလူ၊ မောင်သာချို၊ ဇောင်းထက်၊ နေစိမ့်၊ မျိုးမြတ်သူ၊ နန္ဒာမိုးကြယ်၊ အောင်ဆင့်၊ မင်းသိုက်မွန်၊ ချစ်ဝင်းမောင်၊ ဇေယျာလင်းတို့ကလည်း ကဗျာလေးတွေ ရွတ်ဖူးခဲ့ကြမှာပါ။

စိုင်းထီးဆိုင်၊ နွဲ့ယဉ်ဝင်း၊ တူးတူး၊ ခိုင်ထူး၊ ကိုင်ဇာ၊ မေခလာ၊ မေဆွိ၊ အောင်နိုင်၊ စိမ်းမို့မို့၊ ထွန်းအိန္ဒြာဗိုတို့လည်း တေးချင်းကျူးလို့ ဘ၀င်မူးခဲ့ကြဖူးမှာပါ။

အကယ်ဒမီစန္ဒာ၊ စင်ရော်မောင်မောင်၊ မောင်မြတ်ဆွေ၊ စန္ဒာလင်း၊ ဘိုမြင့်ရှိန်၊ ခိုင်ခင်ဦး၊ သျှန်ထွဏ်း၊ သီတာဝင်း၊ တင့်တင့်ထွန်း၊ ချစ်ချစ်ဇော်၊ စုတ်ချွန်း၊ ကြွက်ပြုံး၊ တက်တူ၊ ပိန်ပိန်၊ ညောင်ညောင်၊ မောင်မေတ္တာ၊ အရိုင်း၊ ဖိုးဖြူ၊ ကင်းကောင်၊ ငှက်ပျောကြော်၊ ဂေါ်ဇီလာ၊ ကိုထူးသာ၊ ကိုဝင်းနိုင် (နဂါးလေး)၊ ကိုချစ်စရာနဲ့ တက္ကသိုလ်ဂွမ်းပုံတို့တောင် ပြက်လုံးတွေ ဖောင်ခဲ့ကြဖူးပါတယ်။

● နုသစ်ဝေပျို ပန်းတက္ကသိုလ်

ကျွန်တော်ဟာ တက္ကသိုလ်သက် ရှည်လျားခဲ့တဲ့အလျောက် အနုပညာအသင်းက အပေါင်းအသင်းတွေ၊ တက္ကသိုလ်မဂ္ဂဇင်း ကော်မတီက လုပ်ဖော်ကိုင်ဖက်တွေ၊ ဘူမိဗေဒအဓိကရဲ့ သူငယ်ချင်းတွေနဲ့ ဦးချစ်ဆိုင်မှာ နှစ်ရှည်လများ ကျောက်ချဖူးခဲ့ပါတယ်။ ကျွန်တော်တို့ ဆိုးသမျှ၊ နွဲ့သမျှကို ဦးချစ်မိသားစုက ဆွေမျိုးသားချင်းလို သဘောထားခဲ့ကြပါတယ်။ တစ်ချိန်သော ကာလက ဦးချစ် (လက်ဖက်ရည်) မူလဘူတ အော်ရီဂျင်နယ်ဆိုင်ကလေးနဲ့၊ ဒီဆိုင်ကလေးရှိရာ တောအုပ်မြိုင်ကလေးကို ကြံဖူးသူတိုင်း အခုလို အကြောင်းတိုက်ဆိုင်လာရင် ပြန်ပြီး လွမ်းဖြစ်ကြမှာပဲလေ။

ကျွန်တော်တို့က ကျွန်တော်တို့ခေတ်ရဲ့ ချိုးကပ်ကျောင်းသားကြီးတွေမို့ ဦးချစ်ဆိုင်မှာ ကိုယ့်အိမ်ကိုယ့်ရာလို နေခဲ့ကြတာပါ။ ကျွန်တော်တက်ခဲ့တဲ့ မန္တလေးဆောင်၊ ကျွန်တော် ကွန်းခိုဖူးခဲ့တဲ့ ဒဂုံဆောင်တို့ဆိုတာ ဦးချစ်ဆိုင်နဲ့ တစ်ခေါ်လောက်သာ လှမ်းပါတယ်။ နေ့လည်းဦးချစ်၊ ညလည်းဦးချစ်မို့ တစ်ခါတစ်ခါ ရေနွေးကြမိးုးကလေးတွေဟာ “သောက်တော်ဘူး” တွေဖြစ်ဖြစ် သွားခဲ့တာ ခုချိန်မှာတော့ ၀န်ခံဝံ့ပါပြီလေ။

တက္ကသိုလ်ကောလိပ်မဂ္ဂဇင်းတွေနဲ့ သတင်းစာစောင်တွေ၊ နံရံကပ်စာစောင်တွေစတဲ့ တက္ကသိုလ် စာနယ်ဇင်း အတွေ့အကြုံ (၁၀)နှစ်ခန့်ရှိခဲ့ပြီးနောက် ပြန်ကြားရေးဌာနမှာ ၀န်ထမ်းအယ်ဒီတာ မဖြစ်မီစပ်ကြား ၁၉၈၆-၈၇ ခုနှစ်က “ပန်းတက္ကသိုလ်”ဆိုတဲ့ မဂ္ဂဇင်းမှာ ကျွန်တော် တာဝန်ခံအယ်ဒီတာ စလုပ်ပါတယ်။ “ပန်းတက္ကသိုလ်” မဂ္ဂဇင်းဟာ စကားလုံးအရင်းအမြစ် အဓိပ္ပာယ်အတိုင်း တက္ကသိုလ်ကောလိပ် ပေါင်းစုံရဲ့ စာပေ၊ အနုပညာ၊ အားကစား၊ လူမှုရေးရာ အဖြာဖြာတို့ကို ထင်ဟပ်တင်ဆက်ခဲ့တဲ့ မဂ္ဂဇင်းပါ။ အမှုဆောင် အယ်ဒီတာက တက္ကသိုလ်ဇော်ထူးဦး၊ အဖွဲ့ဝင်အယ်ဒီတာက မောင်တင်ဝေ (ဓာတုဗေဒ) တို့ ဖြစ်ပါတယ်။ အုပ်ချုပ်မှုအယ်ဒီတာကတော့ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာန၊ ကထိက ဆရာဦးထွန်းကြည် (ကွယ်လွန်) တို့ ဖြစ်ပါတယ်။
ပန်းတက္ကသိုလ်ဟာ ရန်ကုန်မှာရှိတဲ့ ရန်ကုန်တက္ကသိုလ် (ပင်မ)၊ လှိုင်နယ်မြေ၊ ဗိုလ်တထောင်နယ်မြေ၊ ကြည့်မြင်တိုင်နယ်မြေ၊ စီးပွားရေးတက္ကသိုလ်၊ စက်မှုလက်မှုတက္ကသိုလ်၊ ဆေးတက္ကသိုလ် (၁)၊ (၂)၊ လုပ်သားကောလိပ် အစရှိတဲ့ တက္ကသီလာ ညီအစ်ကိုမောင်နှမများရဲ့ အလှကြေးမုံတစ်ခုလို့ ဆိုရပါမယ်။

● ဦးလေးချစ်ကို ဗျူးဖြစ်ခြင်း

ဒီမဂ္ဂဇင်းမျာ တက္ကသိုလ်စုံရဲ့ အခန်းကဏ္ဍစုံအောင် တင်ဆက်ကြရတာမို့ ထူးသစ်ပြီး တက္ကသိုလ်ပရိသတ်တွေ စိတ်ဝင်စားစေမယ့်၊ တက္ကသိုလ်ဘ၀ကိုလည်း ထင်ဟပ်စေတဲ့ ၀တ္ထု၊ ကဗျာ၊ ဆောင်းပါး၊ သတင်း၊ ပန်းချီ၊ ဓာတ်ပုံတို့ကို တင်ဆက်ကြတဲ့အခါ (၁၉၈၇) ပြင်ပလောကရဲ့ စာနယ်ဇင်းတွေမှာ တွေ့ဆုံခြင်းအခန်း၊ အင်တာဗျူးတဲ့အခန်းတွေက မဂ္ဂဇင်းကြီးတွေမှာ စတင်ခေတ်စားစပြုတဲ့ ကာလဖြစ်တော့ အပြိုင်ဗျူးတွေ တွေ့နေရပါတယ်။ ဒီအခါမှာ ကျွန်တော်တို့ ဦးချစ်ဆိုင်မှာပဲ ပန်းတက္ကသိုလ်မဂ္ဂဇင်းရဲ့ တိုက်ထိုင်အလုပ်တွေကို စားပွဲတစ်ဝိုင်း အပိုင်ယူထားပြီး အဖိုးအခပေးစရာ မလိုဘဲ မဂ္ဂဇင်းတိုက် လုပ်ခဲ့ပါတယ်။ စာမူရွေးတာ၊ သတ်ပုံစစ်တာ၊ ဒီဇိုင်းအပ်တာ၊ ဒမ်မီချတာ၊ ပရုဖတ်တာ စသဖြင့်ပေါ့။ ပါဝင်သူတွေက မျက်နှာဖုံးက တင့်တင့်ထွန်း (မင်းသမီး မဖြစ်သေး) ကို လက်ချာဖိုင်နဲ့ ဒေါက်ဖိနပ်ကို ကိုင်ခိုင်းပြီး အင်းလျားကန်စပ်မှာ လျှောက်ခိုင်းတဲ့ပုံလေ။ အထဲမှာကတော့ ငြိမ်းကျော်၊ မင်းလူ၊ နွမ်ဂျာသိုင်း၊ စောမဉ္ဇူ (ဖျာပုံ)၊ တက္ကသိုလ်လဲ့လဲ့၊ မေခလာ၊ အောင်ထွန်းလေး၊ ဟေမာနေ၀င်း၊ တက္ကသိုလ်နှင်းဝေနဲ့ ဆရာ၊ ဆရာမ၊ ကျောင်းသူကျောင်းသားတွေရဲ့ လက်ရာတွေဖြစ်ပြီး အင်တာဗျူးကဏ္ဍအတွက် ဦးနှောက်စားခဲ့ကြပါတယ်။ ဖောင်ပိတ်ရက်ကလည်း နီးနေပြီ၊ ဒီကြားထဲ အဘဦးချစ်က ကျန်းမာရေး မကောင်းတဲ့ကိစ္စတွေ နေ့စဉ်သိနေရတော့ အဝေးဆုံးကို ရှာနေတဲ့ ဗျူးအိုင်ဒီယာဟာ နောက်ဆုံး ရွှေဥာဏ်တော်တွေ စူးရှကြပြီး အနီးဆုံးမှာ ရှိတဲ့ အဘချစ်ကို ဗျူးကြဖို့ စိတ်ကူးရကြတော့တာပါပဲ။ အကြောင်းသိဖြစ်တဲ့ အရင်းနှီးဆုံး ကိုမြင့်ဦးမြင့်မြင့်၊ ဆရာစိန်ခင်မောင်ရီ၊ မဟေသီဦးခင်မောင်မြင့်၊ ရာမ (ပန်းရည်ဘဏ်တိုက်) တို့က အထူးထောက်ခံကြတယ်။ မြန်မာစာဌာနက ဆရာကြီးဦးစံတင်၊ ဦးအောင်ဇော်၊ ဦးမျိုးသန့်၊ ဦးလူမောင်တို့ကလည်း အားပေးကြတယ်။

● ရင်ထဲက လှည်းတန်း

အဲဒီကာလဖြစ်တဲ့ (၁၉၈၆-၈၇) လောက်တုန်းက ကျောင်းထဲက တောင်ပိန္နဲတောလေးမှာ ဦးချစ်(လက်ဖက်ရည်) ဆိုင်ဆိုပြီးဖွင့်သလို၊ လှည်းတန်းလမ်းမကြီးဘေး၊ လှည်းတန်းလမ်းဆုံအနီးမှာ စေတနာရှင်လက်ဖက်ရည်ဆိုင် ဆိုပြီး အဘဦးချစ်တို့ရဲ့ အိမ်အောက်ထပ်မှာ ဖွင့်ထားတယ်။ (ဆိုင်နှစ်ဆိုင်) အပေါ်ထပ်မှာ အဘချစ်တို့ မိသားစုတွေ နေကြတယ်။ အဲဒီကာလ စေတနာရှင်ဆိုင်ရဲ့ တည်နေရာဟာ ၀င်းဆံသ၊ ရှမ်းတောင်တန်း၊ အိမကျောက်ကျော၊ အလိမ္မာစာပေ၊ ရွှေဝါဖူးဓာတ်ပုံတိုက်၊ ဗဟိုစည် ထမင်းဆိုင်၊ ကိုယုန်ခေါက်ဆွဲ၊ ရတနာထွန်း စတိုးဆိုင်၊ ဖြိုးဝေလက်ဖက်ရည်ဆိုင်တွေရဲ့ အလယ်မှာပေါ့။ ခုများတော့ ဒီမြင်ကွင်းတွေဟာ အတိတ်ပုံရိပ်ဟောင်းတွေ ဖြစ်ခဲ့ပြီပေါ့လေ။

တကယ်တော့ ကျွန်တော်တို့ ပထမနှစ် မောင်သစ်လွင်ဘ၀ကတည်းက အဘဦးချစ်ဟာ ဆီးချိုရောဂါနဲ့ တရှောင်ရှောင် ဖြစ်နေတာပါ။ အဲဒီကာလက ရန်ကုန်တက္ကသိုလ်၏ သက်ကြားအို အဘသုံးဦးဆိုပြီး ဓာတ်ပုံကို ကျွန်တော် တွေ့ခဲ့ရဖူးတယ်။ အဲဒီသုံးဦးကတော့ ဆရာကြီးဦးဖေမောင်တင်ရယ်၊ အဘဦးကံသိန်းရယ်၊ အဘဦးချစ်ရယ်ပဲ ဖြစ်ပါတယ်။ စာစောင်တစ်ခုထဲမှာ မှတ်မှတ်ရရ မြင်ဖူးတာပါ။ တက္ကသိုလ်ရွှေရတု၊ နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ် ထုတ်ခဲ့တဲ့ စာအုပ်တစ်အုပ်မှာ ဖြစ်နိုင်ကောင်းပါတယ်။
ဒီလိုနဲ့ပဲ ဦးချစ် (လက်ဖက်ရည်) အင်တာဗျူးရနိုင်ဖို့ အဘချစ်ရဲ့ ဇနီးဖြစ်သူ အဒေါ်အုန်းကြီးကို အပူကပ်ရတယ်။ အဖျော်ဆရာဦးချစ်ရဲ့ သားအငယ်လေးကိုလည်း နားပူနားဆာ လုပ်ကြတယ်။ ဒီလိုနဲပဲ အဘချစ်ကို နေမိုးသာယာပြီး ခြေခင်းလက်ခင်းဆန့်ပျော်စေတဲ့ တနင်္ဂနွေနေ့လယ်ခင်းတစ်ခုမှာ ကျွန်တော်ရယ်၊ တက္ကသိုလ်ဇော်ထူးရယ်၊ ဓာတ်ပုံမောင်တင်ဝေ (ဓာတုဗေဒ) ရယ်၊ လှည်းတန်းက စေတနာရှင်ဆိုင်ရဲ့ အပေါ်ထပ် အဘချစ်နေအိမ်ရဲ့ ဧည့်ခန်းမှာ အဘချစ်နဲ့ ဇနီးဖြစ်သူ ဒေါ်အုန်းတို့ကို တွေ့ဆုံပြီး ကျောင်းသားတွေလို နွဲ့ဆိုးမဆိုးကြဘဲ စာနယ်ဇင်းသမားကြီးတွေလို ဣနြေ္ဒသံပတ္တလားတွေနဲ့ မေးဖြေ အင်တာဗျူးတစ်ခုကို ရှားရှားပါးပါး ရခဲ့ကြပါတော့တယ်။
အဲဒီအင်တာဗျူးလေးဟာ အဘချစ်လည်း ၁၉၈၈ ခုနှစ် ဒီဇင်ဘာလမှာ ကွယ်လွန်ခဲ့ပြီမို့ ပြန်မရနိုင်တော့တဲ့ ဘယ်စာနယ်ဇင်းကမှလည်း စိတ်ကူးမပေါက်ခဲ့တဲ့ ဗျူးတစ်ခုအဖြစ် ခုချိန်မှာ….။

● စိတ်ဝင်စားကြမှာပါ

ရန်ကုန်တက္ကသိုလ်ကြီးထဲက ဦးချစ်ဆိုင်မှာ ကက်ဆက်သီချင်းသံလေးတွေက အမြဲလွင့်ပျံနေတတ်တယ်။ အဲ့ဒီကာလတွေက ၁၉၈၆/၈၇ ကာလဆိုတော့ ကျောင်းသားပရိသတ်တွေ ကြိုက်တဲ့ ခိုင်ထူး၊ အောင်နိုင်၊ တူးတူး၊ ခင်မောင်ထူး၊ စိုင်းထီးစိုင်၊ လွှမ်းမိုး၊ ကိုင်ဇာ၊ မေခလာ၊ မေဆွိ သီချင်းတွေ ခေတ်စားခဲ့ပါတယ်။ ဆိုင်ထဲက နံရံတွေမှာတော့ စီးရီးကြော်ငြာ၊ ကျူရှင်ကြော်ငြာ၊ ဖယောင်းလက်ရေး ကဗျာစာအုပ် ပိုစတာ၊ ရေကူးသင်တန်း၊ စကားပြောသင်တန်း ပိုစတာတွေ ရှိနေတတ်တယ်။

ဆိုင်ဘေးမြေတလင်းမှာ ခြင်းဝိုင်းလေးတွေ ခေတ်နေတတ်တယ်။ ဆိုင်ထဲက ရှေးဟောင်းလက်လှည့် မီးခြစ်ကြီးတို့၊ စကားတတ်တဲ့ ကြက်တူရွေးလေးတို့ကို စိတ်ဝင်စားကြတယ်။ သစ်ရိပ်အောက် စားပွဲဝိုင်းလေးတွေမှာတော့ အုပ်စုလိုက် ကျောင်းသူကျောင်းသားတွေ၊ ချစ်သူစုံတွဲလေးတွေ၊ ဆရာ ဆရာမတွေဟာ ကျောင်းသင်ခန်းစာကိစ္စ၊ ဘ၀ရေးရာ ကိစ္စ၊ စာပေအနုပညာကိစ္စ၊ နှလုံးသားရေးရာ ကိစ္စတွေနဲ့ ရှိတတ်ကြပြီး သဘောကောင်းတဲ့၊ အလိုက်သိတဲ့ စားပွဲထိုးလေးတွေကလည်း ကျေးဇူးတင်စရာကောင်းလှပါတယ်။

လှည်းတန်းစေတနာရှင် လက်ဖက်ရည်ဆိုင် အပေါ်ထပ်ကို ရောက်တော့ အဘချစ်ရယ်၊ အဒေါ်အုန်းရယ် ထိုင်လျက်။ သားဖြစ်သူ သမီးဖြစ်သူတွေက ကျွန်တော်တို့ သုံးဦးကို နေရာထိုင်ခင်း ချပေးပါတယ်။ အဘချစ်ကတော့ ပက်လက်ကုလားထိုင်ပေါ်မှာ ငြိမ်သက်စွာထိုင်လို့ ဆီးချိုရောဂါဝေဒနာနဲ့ ယခုဗျူးတဲ့ (၁၉၈၆/၈၇) မှာ (၇၃) နှစ် ရှိပြီဖြစ်တဲ့ ဇရာရဲ့ အရိပ်တွေ သန်းလို့ပါ။ တကယ်တော့ ဒီနေ့ဗျူးက ဦးချစ်ကို ဗျူးတာ မှန်ပေမယ့် တကယ်တမ်း ဦးချစ်နဲ့ သူ့လက်ဖက်ရည်ဆိုင်အကြောင်း၊ မိသားစုအကြောင်းတွေကို ဦးဆောင်ပြောသွားတာက ဦးချစ်ဇနီး ဒေါ်ဒေါ်အုန်းကြီးပဲ ဖြစ်ပါတယ်။ ဦးလေးချစ်ကြီးက ဝေဒနာတွေကြောင့် စကားမပြောနိုင်ရှာပါဘူး။ ဒါပေမယ့် ထိုင်နေတဲ့ သူ့အမူအရာတွေဟာ စကားတွေလိုပါပဲ။ ကျောင်းသူကျောင်းသား အများစုနဲ့ ဦးချစ်ဆိုင်ရဲ့ သောက်သုံးသူအများစုဟာ ဦးချစ်ဆိုင်မှာ ရင်းနှီးစွာ သောက်သုံးနားနေခဲ့ကြပေမယ့် ဦးချစ်အကြောင်းကို မသိကြသူက များပါတယ်။ အကြောင်းတိုက်ဆိုင်လာရင်တော့ စိတ်ဝင်စားကြပါတယ်။ ဒါကြောင့်လည်း ဦးချစ်နဲ့ အင်တာဗျူးကို ကျွန်တော်တို့ ပန်းတက္ကသိုလ် မဂ္ဂဇင်း အယ်ဒီတာအဖွဲ့က ပရိသတ်တွေအတွက် ဆောင်ရွက်ပေးကြတာပါ။ စိတ်ဝင်စားကြမယ်လို့ ယုံကြည်ပါတယ်။ ဒေါ်ဒေါ်အုန်းကြီး ပြောတဲ့ ဦးချစ်အကြောင်းကို နားဆင်ကြပါဦးစို့လားခင်ဗျာ။ ဦးချစ်ကတော့ ပက်လက်ကုလားထိုင်မှာထိုင်ရင်း သူ့ဇနီးပြောနေတာကိုသာ ခေါင်းတညိတ်ညိတ်နဲ့ ရှိခဲ့ပါတယ်။ စကားတောင် သိပ်မပြောနိုင်ရှာတော့ပါဘူး။ (ကျွန်တော်တို့ ၁၉၈၆/၈၇ ဆီကို ခဏလောက် သွားကြစို့….)

● ဦးချစ်ဇနီးသည် ဒေါ်ဒေါ်အုန်းရဲ့ အပြောများ

အဘချစ်နဲ့ ပတ်သက်ပြီး ဦးချစ်(လက်ဖက်ရည်)ဆိုင်နဲ့ အဒေါ်တို့ရဲ့ တက္ကသိုလ်ကြီးနဲ့စပြီး ပတ်သက်ခဲ့ပုံတွေ ပြောပြပေးပါခင်ဗျာ။

ဒေါ်အုန်း။ ။ အဒေါ်တို့က မန္တလေးမျာ ဟိုယခင်တုန်းက အညာထည်တွေ လက်ကားရောင်းတယ်၊ ကိုချစ်က ရွှေဘိုဇာတိ။ အညာထည်တွေကို ဈေးချိုတို့၊ မဟာမြတ်မုနိဘုရားဈေးတို့၊ ရန်အောင်ဈေးတို့မှာ ရောင်းရင်း၊ အမေနဲ့ အိမ်ထောင်ကျတာပေါ့။ အဲ့ဒီတုန်းက ကိုချစ်က (၃၆) နှစ်၊ အမေက (၁၆) နှစ်၊ မန္တလေးမှာပေါ့။ အညာထည်တွေကို ရောင်းကောင်းနေတုန်း အစိုးရ ချည်မျှင်နဲ့ အထည်စက်ကြီး ဆောက်လုပ်ပြီးတာနဲ့ အညာထည်တွေ ရောင်းကောင်းမှာ မဟုတ်ဘူးထင်ပြီး အလုပ်အကိုင် ပြောင်းလုပ်ဖို့ ကြိုးစားတယ်။

● မီးပန်းနဲ့ထမင်း


ဦးချစ်။ (ကျွန်တော်တို့ကို ကြည့်ပြီး ခေါင်းညိတ်နေပါတယ်။)

ဒေါ်အုန်း။ ။ အဒေါ့်ကိုတော့ မန္တလေးမှာထားပြီး ကိုချစ်က ရန်ကုန်သွားတော့ အဲဒီမှာ ဟင်္သာတသား ဦးဘရှင်နဲ့ တွေ့တယ်။ သူက မီးပန်းလုပ်ငန်းလုပ်ဖို့ တိုက်တွန်းတယ်။ မီးပန်းဆိုတာက သီတင်းကျွတ် တန်ဆောင်မုန်းပွဲတော်ကာလမှာ ကလေးတွေ ကစားလေ့ရှိကြတာလေ။ ဒီလိုနဲ့ အဲဒီလုပ်ငန်းလုပ်တော့ အဒေါ်လည်း ရန်ကုန်လိုက်လာရပြီး၊ ၁၉၅၀ လို့ထင်တယ်။ စမ်းချောင်း မကြီးကြီးလမ်းထိပ်မှာ မီးပန်းအလုပ်ရုံ ဖွင့်ဖြစ်တယ်။ အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် လူလိမ်ခံရပြီး အတော်ဆုံးရှုံးခဲ့ရတယ်။ ဒီလိုဖြစ်တာကြောင့် အဒေါ့်အမေက မန္တလေးကို ပြန်တက်ဖို့ ပြောတယ်။ ကိုချစ်က “အထည်သည်ချင်း ပြိုင်မတိုက်နိုင်ရင် မလိုက်ချင်ဘူး” လို့ပြောတယ်။ ရန်ကုန်မှာ တခြားစီးပွား ရှာစားမယ်ပေါ့။
အဲဒီတော့ လက်ဖက်ရည်ဆိုင် စဖွင့်ဖြစ်သွားတာလား ခင်ဗျာ။

ဦးချစ်။   ။ မဟုတ်သေးဘူး…… (အဘချစ်က စကားကို တစ်ခွန်းချင်း အားယူပြောနေတာ ကို တွေ့ရတော့ အားနာမိတယ်)

ဒေါ်အုန်း။ ။ ဒီလိုနဲ့ နေလာလိုက်ကြတာ… တစ်နေ့ မကြီးကြီးလမ်းထိပ်မှာ ဦးလေးဦးညွှန့်ဖေကြီးနဲ့ သွားတွေ့ပါရော။ ဦးညွှန့်ဖေက ကိုချစ်နဲ့ သူငယ်ချင်း။ မန္တလေးမှာ အထည်ရောင်းဖော်ရောင်းဖက်လေ။ ချစ်ဒုက္ခဦးဘညွှန့် (တက္ကသိုလ်ပါမောက္ခ)ရဲ့ ယောက်ဖပေါ့။ တက္ကသိုလ်နယ်မြေထဲက ဦးဘညွှန့်အိမ်မှာ သူက နေတယ်။ သူက “ကိုချစ် ..ခင်ဗျား မန္တလေး မပြန်တော့ဘူးဆိုရင်၊ ကျုပ်တို့ နေတဲ့ တက္ကသိုလ်နားမှာ ထမင်းလာရောင်းပါလား။ ကျောင်းလဲ ပိတ်တော့မယ်။ ကျောင်းပိတ်ရက်တွေမှာ အရမ်းရောင်းကောင်းတာဗျ” လို့ တိုက်တွန်းတော့ ကိုချစ် အရမ်းစိတ်ဝင်စားသွားတယ်။ မကြာပါဘူး။ တက္ကသိုလ်ရှေ့မှာ ထမင်းဆိုင် စရောင်းတော့တာပါပဲ။
ရောင်းတော့ တက္ကသိုလ်ထဲက ဘယ်နေရာမှာလဲခင်ဗျ။ (၁၉၇၆/၇၇)  ခုလက်ဖက်ရည်ရောင်းတဲ့ တစ်ထပ်တိုက်လေးမှာပဲလား။

ဒေါ်အုန်း။ ။ စရောင်းတော့ ၁၉၅၉ ခုနှစ်ပေါ့။ တက္ကသိုလ်ဓမ္မာရုံရဲ့ ရှေ့မျက်နှာစာလမ်းမကြီးဘေးမှာ တဲတန်းတွေ ရှိတယ်။ ထမင်းဆိုင်၊ အကြော်ဆိုင်၊ မုန့်ဟင်းခါးဆိုင်တွေပေါ့။ ဆိုင်တစ်ဆိုင်ကို တစ်နှစ် (၈၀၀) ကျပ်ပေးရတယ်။ ထမင်းစရောင်းမယ်ဆိုတော့ ဦးညွှန့်ဖေကိုယ်တိုင် အင်္ဂလန်လုပ် ပန်းကန်ခွက်ယောက်တွေ လိုက်ဝယ်ပေးထားတယ်။ အဲဒီတုန်းက အဲဒီလမ်းမကြီးမှာ “နဂါးကားလိုင်း” ရှိတယ်။ ကျောင်းသားတွေ၊ ခရီးသည်တွေ၊ နဂါးကားလိုင်းက ဒရိုင်ဘာတို့၊ စပယ်ယာတို့ဆိုတာ ဖောက်သည်တွေပေါ့။ ကိုချစ်က အဲဒီမှာ ထမင်းရောင်းတဲ့ ကိစ္စတွေကို ဒိုင်ခံလုပ်တယ်။ အဒေါ်ကတော့ အပြင်မှာ ဈေးထွက်ဝယ်တယ်။ ဆိုင်အတွက် သား၊ ငါး၊ ဟင်းသီးဟင်းရွက်အစုံပေါ့။ နောက်ပြီး ကိုယ်တိုင်လည်း ခေါင်းမှာ ရွက်သယ်ပြီး ထမင်းဟင်းရောင်းခဲ့တယ်။ ကိုချစ်ကလည်း ညွှန်ကြားပေးတာပေါ့။ ဒါပေမယ့်….။

● အကျပ်ရိုက်ပြန် နောက်တစ်ဖန်

ဦးချစ်။     (ဘာမှ မပြောသော်လည်း အနည်းငယ်ပြုံးသွားပါတယ်။)

ကျောင်းဖွင့်ရက်တွေရောက်တော့ ရောင်းအားက ဘယ်လိုနေလဲ။

ဒေါ်အုန်း။ ။ အစပိုင်း ထမင်းရောင်းနေရာက ကျောင်းဖွင့်ချိန်ရောက်တော့ အဲဒီထမင်းဆိုင်ထဲမှာပဲ လက်ဖက်ရည် စရောင်းကြည့်တယ်။ ကျောင်းသားအများစုက နေ့စဉ် ထမင်းဝယ်မစားရင်သာ နေမယ်၊ နေ့စဉ် လက်ဖက်ရည်တော့ သောက်တတ်ကြတဲ့ သဘာဝကို ကိုချစ်က ရိပ်စားမိသွားပြီး သူများနဲ့လည်း အပြိုင်မရှိတဲ့ အချိန်မှာ ရောင်းတော့ မကြာပါဘူးကွယ် “ဦးချစ်လက်ဖက်ရည်… ဦးချစ်လက်ဖက်ရည်” ဆိုပြီး ကျောင်းသားတွေ ပါးစပ်ဖျားက ကင်ပွန်းတပ်ပေးလိုက်တဲ့ နာမည်ကို ရခဲ့တယ်။

အဲဒီတုန်းက လက်ဖက်ရည်ဆိုင်တွေမှာ ရောင်းကြတဲ့ဈေးနှုန်းတွေက ခုခေတ်နဲ့ ကွာမှာပေါ့နော်။

ဒေါ်အုန်း။ ။ ဒါကတော့ သူ့ခေတ်နဲ့သူဆိုတော့ ကွာတယ်ပေါ့ကွယ်။ အဲဒီတုန်းက ဟောလစ်၊ အိုဗာတင်းတစ်ခွက်ဆို ပြားလေးဆယ်၊ အိုဗာတင်း တစ်ဘူးဆို (၁၆) ခွက်လောက် ရပါတယ်။ ကြက်ဥတစ်လုံးကို တစ်မတ်၊ ဟောလစ်တိုင်ကီ (ဖန်ခွက်ရှည်) တစ်ခွက်ကို ပြားခွန်နှစ်ဆယ်၊ ကြက်ဥပါရောရင် (၉၅) ပြား၊ တစ်ကျပ် ရောင်းတယ်။ ကျောင်းသားတွေ သောက်နိုင်အောင် ကြိုက်အောင်လုပ်ရတာ ကုသိုလ်လည်းရ၊ ၀မ်းလည်းဝပေါ့။ အဲဒီအချိန်က “လူထုစီးကရက်” ကို သောက်ကြတယ်။ ဟောလစ်ပေါင်ဘူး တစ်နေ့ကို (၅) လုံးကုန်တယ်။ ဒီလိုနဲ့ တက္ကသိုလ် ဓမ္မာရုံရှေ့က ဆိုင်တန်းတွေကို မြူနီစပယ်က ဖယ်ခိုင်းတဲ့အတွက် ဖယ်ကြရတယ်။ ဆိုင်ခန်းအတွက် အစားပေးတာက ကြည့်မြင်တိုင် သံတံတားလမ်းမှာဆိုတော့ ဒေါ်ဒေါ်တို့ ကိုချစ်တို့ အတော်အကျပ်ရိုက်ကြတာပေါ့။
အဲဒီအခက်အခဲအတွက် တက္ကသိုလ်မြေထဲကို ရောက်လာတာလားအဒေါ်။

ဦးချစ်။     ။ (ဦးချစ်က ခေါင်းခါလျက် အဒေါ်အုန်းကို ကြည့်နေသည်။ အဒေါ်အုန်းကလည်း အလိုက်သိဟန်ဖြင့်….)

● တွန်းလှည်းကလေးနဲ့ စေတနာရှင်

ဒေါ်အုန်း။ ။ အောင်မြင်ဖို့ အဆင်ပြေဖို့ဆိုတာ အခက်အခဲမျိုးစုံကို ကျော်ဖြတ်ခဲ့ရတဲ့ အတွေ့အကြုံကို ကိုချစ်က သိနေတော့ သူတစ်မျိုး အကြံထုတ်လိုက်တယ်။
ဘယ်လိုများပါလဲ… စိတ်ဝင်စားစရာပါပဲဗျို့။

ဒေါ်အုန်း။ ။ မင်းတို့ဦးလေးချစ်က လက်သမားခေါ်ပြီး သူကိုယ်တိုင်ပါ တူတွေ၊ လွှတွေ၊ သံတွေနဲ့ ဘာလုပ်လိုက်တယ် ထင်သလဲ….။
စားပွဲဝိုင်းတို့၊ ကုလားထိုင်တို့ ထင်တာပဲ။

ဒေါ်အုန်း။ ။ (ခေါင်းခါလျက်) မဟုတ်ဘူး။ “လက်တွန်းလှည်းကလေး” ကွဲ့။
ဟာ… ဟုတ်လိုက်လေဗျာ။ အကြံကောင်းပဲ။

ဒေါ်အုန်း။ ။ “လက်တွန်းလှည်းကလေးနဲ့ ဦးချစ်လက်ဖက်ရည်”လို့ ကျောင်းသားတွေက ထပ်ကင်ပွန်းတပ်ပြီး အားပေးကြတော့တာပါပဲ။ ဒါပေမယ့် ကြမ္မာက ပြန်ငင်ချင်တော့ ကမာရွတ်လှည်းတန်း တစ်ဝိုက်ကြီးကို မီးကြီးလောင်ပါလေရောလား။ အဒေါ်တို့ ဖောက်သည်တွေလည်း (အရပ်ထဲကလူတွေ) ပါကုန်ကြတယ်။ လှည်းတန်းမီးလောင်ပြီးတဲ့နောက် လှည်းတန်း (၂) လမ်းမှာ နေသေးတယ်။ စီးပွားကျနေကြတာမို့ လက်စွပ်ဖြုတ်ပြီး ကော်ဖီမှုန့်ဝယ်ရတဲ့ထိ ဖြစ်သွားတယ်။ အဲဒီနောက် လှည်းတန်း (၇) လမ်းမှာ အိမ်ငှားပြီးတော့ပဲ နေကြတော့တယ်။
လှည်းတန်းမီးဘေးအပြီးမှာ အဘချစ်တို့မှာ သားသမီး ဘယ်နှဦး ထွန်းကားပြီလဲ။

ဒေါ်အုန်း။ ။ အဲဒီအချိန်မှာ သားသမီးငါးယောက်ရပြီ။ ကလေးတွေ တွဲလောင်းတွဲလောင်းနဲ့ လက်တွန်းလှည်းကလေးကို တွန်းကြပြီး၊ လက်ဖက်ရည်ဆိုင်ကလေး ထွက်ခဲ့ကြရတယ်။ ဆိုင်နဲ့ကနားနဲ့ မဖြစ်သေးတဲ့ အချိန်ဆိုပါတော့။ ကိုချစ် စကားပြောနိုင်ရင် သူ့ရာဇ၀င်ကို သိပ်ပြောတတ်တာ။ အခုတော့ တစ်ခွန်းစ.. နှစ်ခွန်းစကွယ်….။

တွန်းလှည်းလေးဘ၀ကနေ ဆိုင်ခန်းဘ၀ ဖြစ်လာပုံကလေးလည်း သိပါရစေ။
ဒေါ်အုန်း။ ။ ကံကြမ္မာဆို အတော်ဆန်းကြယ်တယ်။ ဒီလိုကလေးတွေနဲ့ ကိုချစ်ဟာ အဒေါ်နဲ့အတူ ရုန်းကန်နေစဉ်မှာ တစ်နေ့… မိတ်ဆွေ (မည်သူမည်ဝါဟုမဆို မပြောပါ)။ တစ်ယောက်အကူအညီနဲ့ လှည်းတန်းလမ်းမကြီးပေါ်က (အခု ဒီအိမ်မဟုတ်သေးဘူး) ရွှေဝါဖူး ဓာတ်ပုံတိုက်ရှေ့မှာပေါ့။ အိမ်ကို ၀ယ်ပြီး “စေတနာရှင်”ဆိုပြီး ဆိုင်ဖွင့်လိုက်တယ်။ ဆိုင်နာမည်ရဲ့ ဓာတ်တွေနဲ့ ရောင်းတာဆိုတော့ တက္ကသိုလ်ကျောင်းသားတွေ၊ မြင်းလှည်းသမားတွေ၊ ဆိုက်ကားသမားတွေ၊ ဖောက်သည်တွေ ဖြစ်လာကြပြီး လာအားပေးကြတာလေ။ ကံတက်လာတယ်လို့ပဲ ပြောရမလား မသိဘူး။
အတည်တကျ ဆိုင်နဲ့ကနားနဲ့ အခြေတကျဖြစ်ပြီး ပထမဆုံးပေးတဲ့ဆိုင်အမည်က “စေတနာရှင်” ပေါ့နော်။

ဦးချစ်။     ။ (ဘာမှ မပြောဘဲ အဒေါ်အုန်းကို တစ်ချက်ကြည့်ပါတယ်။)

ဒေါ်အုန်း။ ။ အဲ.. ကျောင်းသားတွေ နှုတ်နဲ့ပေးတာကတော့ “ဦးချစ်လက်ဖက်ရည်”ပေါ့။ နောက်တော့… ။ “တွန်းလှည်းလေးနဲ့ ဦးချစ်လက်ဖက်ရည်” ပေါ့။ ခု.. နှစ်ထပ်အိမ်အောက်ထပ်မှာ ရပ်ကွက်ထဲ (လှည်းတန်းဈေးနဲ့ လှည်းတန်းအ၀ိုင်းကြား၊ တက္ကသိုလ်နယ်မြေအနီး အိမ်ဆိုင်) ဖွင့်တော့ “စေတနာရှင်” ပေါ့။ စေတနာတွေ ရှေ့တန်းတင်၊ အမြတ်အစွန်းပေါ် လောဘမထားဘဲ ရောင်းတာ၊ ကိုချစ်က သောက်တဲ့သူ မကြိုက်သေးဘူးဆိုရင် ကြိုက်တဲ့အထိ ဖျော်ပေးတယ်။ ခွက်မှောက်သွားတာတို့၊ ကွဲသွားတာတို့ ကြုံခဲ့ရင် “မတော်တဆ ဖြစ်ရတာပါ”လို့ ပြောပြီး ထပ်ဖျော်ပေးတယ်။ ရှုံးတာ မြတ်တာဖယ်ထား။ ဒီလိုဆက်ဆံတယ်ဆိုတော့ အားလုံးက ကျေနပ်ကြတယ်။ စေတနာရောင်ပြန်ဟပ်တယ်လို့ ဆိုရမလားပဲ၊ ခုချိန်ထိ ကျောင်းသားရော၊ အရပ်သားပါ ဦးချစ်မှ ဦးချစ်ပါပဲလေ။ ကျောင်းသားတွေက လက်ဖက်ရည်အပြင် အဆာပြေ စားစရာတချို့လုပ်ပါဗျာလို့ ပြောလာတော့ အဲဒီဆိုင်မှာပဲ ခရမ်းချဉ်သီးသုတ်၊ ခါးပတ်၊ ခါးနာ၊ ကီးမားပလာတာ၊ ကုလားထမင်းကြော်တွေလည်း တွဲရောင်းသေးတယ်။ ကျောင်းသားတွေက ညညဆို (၁၂) နာရီ၊ တစ်ချက်တီးအထိ ပျော်ပျော်ပါးပါး လာစားကြရင်း တချို့ဆို ဆိုင်မှာပဲ စာအုပ်နဲ့ မျက်နှာ မခွာဘဲ လက်ဖက်ရည်သောက်၊ မုန့်စားကြပါတယ်။

ဦးချစ်။     ။(မျက်နှာမှာ ပြုံးရိပ်သန်လျက်…) ဒီလိုကွဲ့။
အဲဒီတုန်းက တက္ကသိုလ်ထဲမှာ လက်ဖက်ရည်ဆိုင်တွေ မရှိဘူးလား အဒေါ်….။

ဒေါ်အုန်း။ ။ အဲဒီတုန်းက … တခြားလက်ဖက်ရည်ဆိုင်တွေ မရှိဘူး။ ယူနီယံထဲမှာပဲ ရှိတယ်။ အဲဒီထဲမှာ ပန်းချီဆရာကြီး ဦးနန်းဝေရဲ့ အစ်မ တွေဆိုင်ပဲ ရှိတယ်။ နောက်ပြီး ဂရမ်နီ ကုလားကြီးဆိုင်၊ နောက် ပိန်ချန်းစားသောက်ဆိုင်တွေလောက်ပဲ ရှိသေးတယ်။ ခုခေတ်လို တက္ကသိုလ်ထဲမှာ စားသောက်ဆိုင်ကြီးတွေ အပြိုင်းအရိုင်း မရောင်းကြသေးဘူး။ ကျောင်းသားတွေ စားသောက်ချင်ရင် အပြင်ထွက်ပြီး စားကြတယ်။ အဒေါ်တို့ဆိုင်ကိုပဲ လာကြတယ်ဆိုပါစို့။
ဒါဆို လှည်းတန်းက စေတနာရှင်ဆိုင်ကနေ ကျောင်းထဲက မူလ ပထမတစ်ထပ်တိုက်ကလေးမှာ

ဆိုင်းဘုတ်တပ်မထားပေမယ့် “ဦးချစ်ဆိုင်” ဆိုပြီး ဖြစ်ပေါ်လာပုံကရော အဒေါ်။
ဦးချစ်။     ။ (အဒေါ်အုန်းကို ခေါင်းညိတ်လျက်ကြည့်ပါတယ်။)
ဒေါ်အုန်း။ ။ ပြောရတာ ဂုဏ်ယူဖို့လည်းကောင်း၊ ကျေးဇူးတင်လို့လည်း မဆုံးပါဘူး။ ဒီလိုကွဲ…။

● ကမာရွတ်လှည်းတန်း ဦးချစ်ဆိုင်မှာ
ဒေါ်အုန်း။ ။ အဲဒီကာလ (၁၉၆၀ လောက်မှာ) အဆောင်ဒင်နာတွေမှာ ဆရာကြီးတွေ၊ ကျောင်းသားတွေ တွေ့ဆုံတတ်ရင် “တပည့်တို့ကျောင်းဆောင် စည်းကမ်းအရ ညဥ့်နက်သန်းခေါင် ကျောင်းပြင်ပကို မထွက်ကြပါနဲ့။ ဆရာတို့မှာလည်း တာဝန်ရှိပါတယ်။ ကျောင်းထဲမှာပဲ စာကြည့်ကြပါ။ လက်ဖက်ရည်၊ ကော်ဖီ သောက်ချင်ရင် ထမင်းစားဆောင်မှာ စီစဉ်ပေးပါမယ်”။ ဒီလို ပြောကြတဲ့အခါ ကျောင်းသားတွေကလည်း သူတို့ အပြင်ထွက်ချင်လို့ မဟုတ်ရပါဘူး။ ညည စာဖတ်နိုင်အောင် လက်ဖက်ရည်သောက်ပါတယ်။ မုန့်စားပါတယ်။ ကျောင်းစာကိုလည်း ကြည့်ကြပါတယ်လို့ ပြောတယ်။ ဆရာတွေက ဒါဆိုရင် ကျောင်းပရ၀ုဏ်ထဲမှာ လက်ဖက်ရည် ရောင်းပေးမယ်။ စီစဉ်ပေးပါမယ်လို့ ပြောတော့… ကျွန်တော်တို့ ဦးချစ်လက်ဖက်ရည်ဆိုင်ကိုပဲ ကြိုက်ကြပါတယ်။ ဦးချစ်ဆိုင်အပြင် ဘယ်ကိုမှ မသွားကြပါဘူး။ ဦးချစ်က စိတ်ရှည်တယ်။ ကျောင်းသားတွေကို သည်းခံတယ်။ ဆရာတို့ ကျောင်းထဲမှာ စီစဉ်ပေးတာ ဦးချစ်လက်ဖက်ရည်လို ကောင်းချင်ကောင်းမယ်၊ ဦးချစ်လိုတော့ စိတ်ရှည်သည်းခံဖို့ မလွယ်ပါဘူး။ အကောင်းဆုံးကတော့ ဦးချစ်လက်ဖက်ရည်ဆိုင်ကို ကျောင်းထဲသွင်းဖို့ စီစဉ်ပေးပါလို့ မေတ္တာရပ်ခံကြတယ်။

ဦးချစ်။     ။ (မျက်လုံးမှိတ်ပြီး အဒေါ်အုန်းပြောတာကို နားထောင်နေပါတယ်)
အဲဒီတော့ ဆရာကြီးတွေက ဘယ်ပုံဘယ်နည်းနဲ့ စီစဉ်ပေးကြတာလဲခင်ဗျာ။ ကြုံတောင့်ကြုံခဲပါပဲ။
ဒေါ်အုန်း။ ။ ဟောလ်တစ်ခုရဲ့ ညစာစားပွဲမှာ ဆရာကြီးတွေက မင်းတို့ ပြောတာတွေဟုတ်၊ မဟုတ် ဆရာတို့ လေ့လာအကဲခတ်ကြမယ်။ ဧကန် ဟုတ်နေရင် ဆရာတို့ ကျောင်းသားတွေ အဆင်ပြေအောင် စည်းကမ်းနဲ့အညီ စီစဉ်ပေးမယ်လို့ ဖွင့်ပြော့သတဲ့။
အဲဒီတော့ ဆရာကြီးတွေ အဒေါ်အုန်းတို့ဆီ လာကြတာပေါ့နော်။
ဒေါ်အုန်း။ ။ ဟုတ်ပ…။ ဆရာကြီးတွေ ဆိုင်ကိုလာလေ့လာ အကဲခတ်ကြတယ်။ အဒေါ်တို့က ကျောင်းသားတွေကို ဆွေလိုမျိုးလို ချစ်တာပါ။ ကျော်ငးသားတွေက သူတို့ညဥ့်နက်အောင် စာကျက်ကြမှာမို့ ဘာဟင်းချက်စားချင်လို့၊ ညာဟင်းချက်စားချင်လို့ဆိုရင် ငရုတ်သီး၊ ကြက်သွန်နီကအစ ပိုက်ဆံမယူဘဲ ချက်ပေးတယ်။ သူတို့က စာကြည့်နေကြတယ်။ ဆာချိန်တန်မှ စားကြတယ်။ ဆရာကြီးတွေက ဆိုင်ဘေးက လမ်းကလေးမှာ ကျောင်သားတွေ ဖျာခင်းထိုင်ပြီး စာကြည့်သူကြည့် လက်ဖက်ရည်သောက်သူ သောက်ပေါ့။ သူတို့ သဘာဝအတိုင်းပဲ နေကြတာကို တွေ့သွားကြတယ်။ လက်ဖက်ရည် ဖျော်တဲ့နေရာကိုလည်း ကြည့်တယ်။ ဆိုင်ထဲမှာ လုပ်ကြကိုင်ကြတာကိုလည်း ကြည့်တယ်။ ၁၂ နာရီတစ်ချက်တီးအထိ အေးအေးဆေးဆေး စာကြည့်သူ၊ လက်ဖက်ရည်သောက်သူ၊ မုန့်စား ထမင်းစားသူ၊ အဆောင်ပြန်သူ စလို့ပေါ့ကွယ်။ ဒီလိုမျိုး ဆရာကြီးတွေ သုံးလေးခေါက်လောက် လာလာကြည့်ပြီး မကြာပါဘူးကွယ်။ ဘာတွေ ဘယ်လို သုံးသပ်ကြ ဆုံးဖြတ်ကြတယ် မပြောတတ်ပါဘူးကွယ်။ ကျောင်းရုံးကို ဦးချစ်နဲ့ ဇနီး ဒေါ်အုန်းတို့ ကြွပါလို့ ဆိုင်ကိုလာပြီး ဖိတ်ခေါ်တော့တာပါပဲ။ သွားကြရတာပေါ့။ စိတ်ထဲမှာလည်း တစ်ခုခုတော့ ကောင်းတာထူးမှာပဲလို့ ဦးချစ်ရော၊ အဒေါ်အုန်းပါ ထင်ကြပါတယ်။
တက္ကသိုလ်ကောင်းသားရေးရာ ဌာနမှာ ထင်တယ်။ အဲဒီမှာ ဆရာတွနဲ့ တွေ့ကြ၊ ပြောကြတာလေးတွေ လုပ်ပါဦးအဒေါ်။ ကျွန်တော်တို့လို မသိသေးတဲ့သူတွေအတွက် စိတ်ဝင်စားစရာ ဇာတ်ရှိန်တက်လာလို့ပါ။
ဒေါ်အုန်း။ ။ အေးကွဲ့၊ ဆရာတွေက ဦးချစ်ကို ကျောင်းထဲမှာ လာပြီး လက်ဖက်ရည်ဆိုင်ဖွင့်ပါ။ ကျောင်းသားတွေက ဦးချစ်နဲ့ ဦးချစ်လက်ဖက်ရည်ကို ကြိုက်ကြလို့ ဖိတ်ခေါ်ရတာပါလို့ ပြောကြတယ်။ ဖွင့်ဖို့လည်း လိုလိုလားလား တိုက်တွန်းကြတယ်။
အဲဒီတော့ အဘချစ်တို့ ၀မ်းသာသွားကြမှာပေါ့နော်။

ဦးချစ်။     ။ (မျက်လုံးဖွင့်ပြီး နံရံမှာ ချိတ်ထားတဲ့ သူငယ်စဉ်က ပုံတွေကို တွေတွေကြီး ကြည့်နေပါတော့တယ်)
ဒေါ်အုန်း။ ။ ၀မ်းတော့သာကြပါတယ်။ ဒါပေမယ့် ကိုချစ်က “ကျွန်တော်တို့ ကျောင်းထဲမှာ မရောင်းပါရစေနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်နဲ့ ကျွန်တော့်ဇနီး ဒိုးတူဘောင်ဖက် လုပ်ကိုင်ရှာဖွေ စားနေကြတာပါ။ ကလေးတွေကလည်း တစ်ပြုံကြီးပါပဲ။ ကျောင်းထဲမှာ လာရောင်းရင် အခက်တွေ့မယ်။ ဆိုင်ခွဲလည်း ထားဖို့ မနိုင်ဝန်မထမ်းလိုပါဘူး။ ဒါကြောင့် မလုပ်ပါရစေနဲ့ ခွင့်လွှတ်ပါ” လို့ မေတ္တာရပ်ခံတယ်။

ဒီတော့ ဆရာတွေက ဘယ်လိုများ ပြန်ပြောပါသလဲခင်ဗျာ။
ဒေါ်အုန်း။ ။ ဆရာတွေက ကျောင်းထဲမှာ ရောင်းဖို့ချည်းပဲ ပြောကြတာပေါ့။ ဒီလိုသွားတွေ့ပြီး တော်ကြာနေရင် ခေါ်ဆွေးနွေးပြန်ပြီ။ တော်နေကြာ ခေါ်ပြန်ပြီနဲ့ ကြာတော့ ဦးချစ်ရော အဒေါ်ပါ အားနာလာကြတာပေါ့။ ဒီလိုနဲ့ ရှစ်လအကြာမှာ ဆရာတွေက ထပ်ခေါ်ပြီး ကျောင်းထဲမှာ စည်းကမ်းတွေ ရှိတယ်။ ည ၈ နာရီထိ ဆိုင်ဖွင့်လို့ ရခဲ့တယ်။ ဒါပေမယ့် ခြွင်းချက်အရ ဦးချစ်သာဆိုင် လာဖွင့်ရင် အဆင်ပြေသလို မိုးအလင်းဖွင့်နိုင်ပါတယ်။ ကျောင်းသားတွေ အဆင်ပြေရင် ပြီးတာပဲလို့ အခါခါ ၀ိုင်းပြီးတိုက်တွန်းလို့ ပြောကြတော့ ကိုချစ်လည်း မငြင်းသာတော့ဘူးပေါ့။ ဒီလိုနဲ့ပဲ ကျောင်းထဲက တိုက်ပုလေးမှာ စရောင်းဖြစ်တော့တာပေါ့။

● တိုက်ပုလေးနဲ့ ဦးချစ်ဆိုင်

ကျောင်းထဲက တိုက်ပုလေးဆိုတဲ့ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ အော်ရီဂျင်နယ် မူလပထမ ဦးချစ်ဆိုင် အကြောင်းပြောပါဦး အဒေါ်။
(ထိုစဉ်မှာ ဦးချစ်လက်ဖက်ရည် သုံးခွက် (ဖန်ခွက်ရှည်/တိုင်ကီ)၊ စမူဆာ၊ ကော်ပြန့်၊ ပေါက်စီတွေနဲ့ ဧည့်ခံပါတယ်။ ကျွန်တော်ရယ် ၊ တက္ကသိုလ် ဇော်ထူးရယ်၊ ဓာတ်ပုံတင်ဝေ (ဓာတု)ရယ်၊ လက်ဖက်ရည်ကို အားရပါးရတစ်ကြိုက်စီ ပြိုင်တူမော့ကြပြီးတဲ့နောက် ပြိုင်တူနှိုက်လိုက်မိကြတာကတော့ ပေါက်စီတွေပါပဲ။ ဦးချစ်သမီးဖြစ်သူက ဦးချစ်ကို ရေဖန်ခွက်နဲ့အတူ သောက်ဆေးပေးတော့ ဦးချစ်ကြီးက သောက်ပါတယ်။ အဒေါ်အုန်းကတော့ ရေနွေးကြမ်းပူပူတစ်ခွက်ကို ဖြေးဖြေးချင်း မှုတ်သောက်ပါတယ်။ ပြီးတဲ့နောက်….)
ဒေါ်အုန်း။ ။ ကနေ့အထိကို (၁၉၈၆ – ၈၇)  ကိုချစ် (၇၃) နှစ်ရှိပြီ။ ဆိုင်သက်လည်း မနည်းတော့ပါဘူး။ ဒီဆိုင်ကို တင်ဒါ မရှိ၊ လေလံ မရှိဘဲနဲ့ ဆိုင်ဖွင့်ခွင့်ရခဲ့တယ်။ အရင်က ဒီတိုက်ကလေးထဲမှာ “ဦးအောင်ကိုး လက်ဘက်ရည်ဆိုင်” ဆိုတာ ရှိခဲ့ဖူးသေးတယ်။ တိုက်ခန်းလေးက ကျဉ်းတဲ့အတွက် အဖီချခွင့်ရတယ်။ လခက ၈၀ ကျပ် ပေးရတယ်။ အခုတော့ ၂၀၀ ကျပ် ပေးရတယ်။ ည ဆယ့်နှစ်နာရီ၊ တစ်ချက်တီး သုံးနာရီထိ ဖွင့်လို့ရတယ်။ ခုတော့လည်း လက်ဘက်ရည်တင်မက ကျောင်းသား အသုံးအဆောင်အားလုံး တံဆိပ်ခေါင်းကအစ ဈေးမှန်အတိုင်းရောင်းပေးတော့ ကျောင်းသားတွေ အဆင်ပြေကြတယ်။ သဘောကျတယ်။ ဆရာကြီးတွေက အပန်းဖြေရိပ်သာထဲ (RC) မှာ နေရာကောင်းကောင်း ကြိုက်တဲ့နေရာရွေးပါ။ ဖွင့်ခွင့်ပြုမယ်လို့ ပြောတယ်။ ဒါပေမယ့် ကိုချစ်က အဒေါ့်ကို ဘာပြောသလဲဆိုတော့ “ငါတို့ကို ကျောင်းသားတွေက ချစ်လို့ လှည်းတန်းကနေ ဒီတိုက်ကလေး တောအုပ်ထဲကို လာရောင်းရတာ။ ဒါကိုလည်း ကျောင်းသားတွေ နှစ်ခြိုက်ကြတယ်။ သူတို့ ငြိုငြင်မှာ စိုးတယ်” တဲ့။

စကားမစပ် အဒေါ်အုန်း အခု ကျွန်တော်တို့ ရောက်နေတဲ့ အိမ်အောက် က စေတနာရှင်ဆိုင်နဲ့ ကျောင်းထဲကဆိုင်နဲ့ ဆိုတော့ နှစ်ဆိုင်ဖြစ်ရတဲ့အကြောင်းလေး ပြောပြပါဦး။

ဒေါ်အုန်း။ ။ အင်း ဟုတ်တာပေါ့လေ။ တက္ကသိုလ်ထဲ ၀င်လာပြီး ဆိုင်ဖွင့်တော့ လှည်းတန်းက အရင်ဆိုင်ဟောင်း အိမ်ကိုရောင်းပြီး ကျောင်းထဲမှာပဲ နေကြပြီး ရောင်းတာ၊ နောက်တော့ အခု သားတို့ ရောက်နေတဲ့ ဒီအိမ်ဆိုင်ကို ၀ယ်ပြီး “စေတနာရှင်(၁)”၊ ကျောင်းထဲကဆိုင်ကို “စေတနာရှင်(၂)” လို့ အမည်ပေးထားတာပါ။ ဒါပေမယ့် အားလုံးက ကျောင်းထဲကဆိုင်ကို “ဦးချစ်ဆိုင်” လို့ပဲ နှုတ်စွဲနေကြတာ။ အဒေါ်တို့ စေတနာ ထားသလောက် ရောင်ပြန်ဟပ်တယ်ဆိုရမှာပဲ။ ဘာပြဿနာမှ မရှိခဲ့ဖူးဘူး။ အဒေါ်တို့ မိသားစု အခုလို တင့်တယ်လာတာ ကျောင်းသားတွေ၊ ဆရာတွေရဲ့ ကျေးဇူးတွေပါပဲ။ အားလုံးကို ကျောင်းသားဟောင်း ကျောင်းသားသစ် အားလုံးပေါ့။ ကိုချစ် ကိုယ်စား ကျေးဇူးတင်ပါတယ်လို့။
ဦးချစ်။ ။ (အဘချစ်က ကျွန်တော်တို့ကို ကြည့်နေပါတယ်)

● စာကျက်ကြဖို့အချိန်သင့်ပြီ

ဒေါ်အုန်း။ ။ ပိန်ပိန်တို့က ရန်ကုန်တက္ကသိုလ် ကျောင်းသား လူရွှင်တော်တွေဆိုတော့ ရယ်စရာ ပြောရဦးမယ်ကွယ့်။ လှည်းတန်းမှာ ဖွင့်တုန်းကပေါ့။ အရင်ဆိုင်ဟောင်းကို ပြောတာလေ၊ ကျောင်းသားတွေက ကိုနောက်နောက်ပြီး ပြောကြတယ်။ ဦးချစ်ရဲ့ ဇနီးဒေါ်အုန်း ကိုယ်ဝန်လွယ်တဲ့အချိန်ဟာ စာကျက်ရတော့မယ်အချိန်လို့ အားလုံး လက်ခံသိထားကြတယ်။ အဒေါ်ကလည်း ကျောင်းသားတွေ စာမေးပွဲနီးပြီဆိုရင် ကိုယ်ဝန်လွယ်ထားရပြီ။ တိုက်ဆိုင်တာများလေ၊ တစ်နှစ်မဟုတ် နှစ်နှစ်မဟုတ် ဆုံတတ်တယ် ဆိုသလိုပေါ့။ အဲဒီအခါ သူတို့က ကျောင်းထဲက အဆောင်တွေမှာ “ဦးချစ်ဇနီး ကိုယ်ဝန်လွယ်ပြီ … စာကျက်ဖို့ အချိန်သင့်ပြီဟေ့ ..” လို့ မောင်းခတ် အော်ကြသတဲ့ကွယ်။ အခုတော့လည်း ကိုချစ်ရော အဒေါ်ပါ ဇရာထောင်းလာတော့ ကျောင်းထဲက ဆိုင်ကို သားသမီးတွေနဲ့ လွှဲထားရတယ်။ သားသမီး ခုနစ်ယောက် ထွန်းကားခဲ့တယ်လေ။

သူတို့ အမည်တွေကိုလည်း ပြောပြပေးပါဦ အဒေါ်အုန်း။
ဒေါ်အုန်း။ ။ သူတို့အားလုံး အရွယ်ရောက်နေကြပါပြီ။ သမီးအကြီးဆုံးက မခင်အေးမြင့်၊ နောက်ပြီး မောင်ကျော်ကျော်၊ မစန်းစန်း၊ နောက် မခင်မကြီး၊ နောက် အမြွှာနှစ်ယောက်က မောင်ခင်နဲ့ မောင်ငယ် (မောင်ငယ်ကိုတော့ အငယ်လေးဟု ဦးချစ်ဆိုင်တွင် ကျောင်းသားများက ချစ်စနိုး ခေါ်ကြသည်။) နောက်ပြီး မောင်အေးကို၊ သူက အာအိုင်တီ မြို့ပြအင်ဂျင်နီယာ (ပဉ္စမနှစ်)၊ အထွေးဆုံးက မောင်ထွေးညိုတို့ပေါ့။
အခုလို ကျွန်တော်တို့ကို ဗျူးခွင့်ပြုတာ နောက်ပြီး ဓာတ်ပုံ အရိုက်ခံလေ့ မရှိခဲ့ဘူးလို့ သိထားတဲ့ အဘဦးချစ်က ဓာတ်ပုံရိုက် မှတ်တမ်းတင်ခွင့်ပြုတာရယ်၊ အဘချစ်ကို အမှူးပြုပြီး အဒေါ်အုန်းနဲ့တကွ မိသားစုအားလုံးကို ကျေးဇူး အထူးတင်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးမှာ “ဦးချစ်လက်ဘက်ရည်ဆိုင်” ဆိုတာ ဘွဲ့နှင်းသဘင်ကြီး၊ သစ်ပုပ်ပင်ကြီး၊ အဓိပတိလမ်းမကြီးတွေလို အထင်ကရ ဆက်လက်ရှင်သန် အဓွန့်ရှည်ပါစေလို့ ဆုတောင်းပါတယ် ခင်ဗျာ။

● မေတ္တာကျေးဇူးအဆအတူပါ

ဦးချစ်။ ။ (ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်နေပါတယ်။)
ဒေါ်အုန်း။ ။ ကိုချစ် နေမကောင်းတာ ၁၅ နှစ် ရှိပြီ။ ဆီးချိုရောဂါလေ၊ ကုတာ ဆရာ တော်တော် များခဲ့ပါပြီ။ ကိုချစ် နေမကောင်းတာကို မပြောပေမယ့် သိလို့ သတင်းလာမေးကြတဲ့ သူတွေ အများကြီးပါပဲ။ ကျောင်းသားဟောင်းတွေ၊ ဆရာကြီးဟောင်းတွေပေါ့။ “ဘာ အကူအညီ ပေးရမလဲ၊ လိုအပ်တာရှိရင် ပြောပါ” ဆိုတဲ့ လောကွတ်ပြုသံလေးတွေ ကြားရမြင်ရတော့ ဦးချစ်ရော အဒေါ်အုန်းပါ စိတ်ကြည်နူးကြရတယ်။ စေတနာရှင်ဆိုတဲ့ နာမည်လေးရဲ့ တုံ့ပြန်မှုတွေပေါ့။ တက္ကသိုလ်ကြီးကိုရော၊ ဆရာ ဆရာမတွေရော၊ ကျောင်းသား ကျောင်းသူတွေရော အားလုံးရဲ့ မေတ္တာတွေကို ခံယူခွင့်ရလို့ ဦးချစ်နဲ့ မိသားစုကြီးက ကျေးဇူးအထူးတင်ပါတယ်လို့ သားတို့ရဲ့ မဂ္ဂဇင်း စာမျက်နှာတွေပေါ်က ပြောပေးကြပါကွယ်။
(ကျွန်တော်တို့လည်း အဒေါ်အုန်းကြီး ဒီလိုပြောအပြီးမှာတော့ ကြမ်းပြင်ပေါ်ဆင်းပြီး ထိုင်ကန်တော့ကြပါတယ်။ အဒေါ်အုန်းက ဦးချစ်ကိုယ်စား ကုသိုလ်ဆုတွေ တောင်းပေးပါတယ်)
ဒေါ်အုန်း။ ။ ငါ့တူ ငါ့သားတို့ ကျန်းမာချမ်းသာပြီး ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ကျောင်းသားဟောင်းတွေပီပီ ဘ၀ရည်မှန်းချက် ဆန္ဒများ အောင်မြင်ထမြောက်ကြပါစေ။ စာပေ၊ အနုပညာကိစ္စများ ထွန်းပေါက်ကြပါစေကွယ်။

(ဒီအချိန်မှာ အဘချစ်ဟာ လက်အုပ်ချီပြီး မျက်လုံးမှိတ်လျက် အသံထွက် မလာသော်လည်း နှုတ်ခမ်းများ လှုပ်ရှားနေတဲ့ အဓိပ္ပာယ်တွေကတော့)
“သာဓု … သာဓု … သာဓု”
မုဒိတာပွားလူအများကောင်းစားကြပါစေ။

(ယခု ဦးချစ်လက်ဘက်ရည်ဆိုင်သည် တောင်ငူဆောင်ရှေ့စွေ့စွေ့ ကင်တင်းဆိုင်လမ်းထိပ်၌ ရွှေ့ပြောင်းကာ သားသမီးများက ဆက်လက်ရောင်းချနေပါသည်။ ဦးချစ်သည် အသက် ၇၅ နှစ် အရွယ်၊ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလတွင် ၉၆ ပါးသော ဝေဒနာဖြင့် ကွယ်လွန်ခဲ့ပါသည်။ ယခုဗျူးမှာ ဦးချစ် မကွယ်လွန်မီ ၁၉၈၆ ခုနှစ်၊ စာရေးသူ ပန်းတက္ကသိုလ် မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ ဘ၀က ဗျူးခဲ့သည်ကို ပြန်လည်ဆန်းသစ် ဖော်ပြခြင်း ဖြစ်ပါသည်။)
ချယ်ရီမဂ္ဂဇင်း၊ ၂၀၀၇ ခုနှစ် (စက်တင်ဘာ၊ အောက်တိုဘာ၊ ဒီဇင်ဘာ)


http://moemaka.com/?p=30599

Sunday, 30 December 2012

တက္ကသီလဟိတဓရ ဓမ္မသဘင်


Genius Team မှ ပရဟိတအလှူ

၎-၁-၂၀၁၃ (လွပ်လပ်ရေးနေ့) တွင် လှေလှော်အင်းဖက်ရှိ စာရေးစားပွဲ အခက်အခဲ ရှိသော ကျွဲတဲ ကျေးရွာ ကျောင်းသို့ သွားရောက်လှူဒါန်းမည်သိရ၊

အထူးအစီအစဉ်အဖြစ် မိဘမဲ့ ဘုန်းတော်ကြီးကျောင်းများသို့ ၀င်ရောက်ကာ ကလေးသူငယ်တို့ အတွက် ကစားစရာအရုပ်များ ဝေငှသွားမည်။

ထိုအစီအစဉ်တွင် လှည်းကူးမှ စာနာစိတ်ဖြင့် ပါဝင်နိုင်၇န် နှိုးဆော်လိုက်ရပါသည်။

သူတို့လေးတွေထံ အခြားလှူဒါန်းမှုလေးတွေ ပြုပြီးပြန်လာရင် တို့အိမ်က ကလေးတွေ ဟိုအရုပ်ပူဆာ ၀ယ်ပေးလိုက် ဒီအရုပ်ပူဆာဝယ်ပေးလိုက် ပျက်သွားရင် ချောင်ထိုးထားလိုက်နဲ့ ပုံနေတဲ့ အရုပ်ပုံတွေကြည့်ပြီး သူတို့လေးတွေမှာ ပျော်ရွှင်စွာကစားနိုင်ဖို့ ပူဆာစရာမရှိတော့ ရိပ်သာတွေကလည်း စားသောက်နေထိုင်ရေး အတွက်ဘဲ ဦးစီးပေးနေရတာတွေ့ရတော့...

သူတို့လေးတွေ ပျော်ရွှင်စေချင်တဲ့ဆန္ဒနဲ့ မိမိအိမ်မှာ ပိုနေတဲ့ အရုပ်ကလေးတွေ မျှဝေချင်တယ်ဆိုရင်- Genius Team က ၀န်ဆောင်မှုအကျိုးဆောင်ပေးပါမည်။

ဖြစ်နိုင်လျှင် မကြာခဏ ပြုလုပ်သွားနိုင်ရန်လည်းရည်ရွယ်ပါသည်။

ပေးပို့လှူဒါန်းရန်-

ဆရာဖိုးဇော် (09 4200 34117)
ဦးသက်လွင် (09 430 95117) San Yay Computer
ဒေါ်ခင်မာချို (09 53 93080) - CHO စားသောက်ဆိုင်
- Cyber Windows (1 &2)
ကိုမိုးကျော် (09 420 19893) ရိုးရိုးလေးကဖီး တာဆုံ

Saturday, 29 December 2012

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၂၉)

 ကင်မ်ဟာ တကယ်တော့ ကစားစရာ သေနတ်ကို အရူးအမူး သဘောကျသူပေါ့။ ကျွန်မက သူ့အကြောင်း တွေး ရင် သေနတ်ပစ်နေတဲ့ပုံကိုပဲ သွားမြင်နေမိတယ်။ ၁၉၈၅ ခုနှစ် တုန်းက ရှင်နဲ့ကင်မ် ဂျပန်ကို လာနေခိုက် ကျွန်မရဲ့ ဦးလေးက ရှင်တို့ကို ဖိတ်တဲ့အကြောင်းလေး သတိရနေမိတယ်။ ဦးလေးက ဒုတိယ ကမ္ဘာစစ် တုန်းက မြစ်ကြီးနားက ရထားတပ်မှာ တာဝန်ထမ်းခဲ့ဖူးသူကိုး။ အဲဒီတုန်းက ကျွန်မကဂျပန်ဘာသာ ပြန်လုပ်ပေးခဲ့ရပြီး ရှင်ကလည်း ရှင့်အဖေ အကြောင်းရော အရင်ခေတ်က စစ်သားတွေ အကြောင်းပါ သိပ်ကို သိချင်နေခဲ့တာ ပဲလေ။ ကျွန်မဦးလေးက ဟိုတယ်ဧည့်ခံ ကောင်တာနား မှာ ကစားစရာ သေနတ်တစ်လက်ကို ဝယ်ပြီး ကင်မ့်ကို လက်ဆောင်ပေး ခဲ့တယ်လေ။ ကင်မ်က သိပ်ကို ပျော်သွားပုံပါပဲ။ ဒါကြောင့် အဲဒီညက အောက်စ်ဖို့ဒ်က သူ့သူငယ်ချင်းဆီ စာတစ်စောင်ရေးပြီး“မက်စ်ရေ၊ ငါ တော့ သေနတ်တစ်လက် ထပ်ရပြန်ပြီကွ။ ဒါပဲ။ ကင်မ်”လို့ကို ကြွားယူပါရဲ့။ ကျွန်မ မှတ်မိနေတာတွေပေါ့။


မိုက်ကယ်ဆုံးပြီး လေးနှစ်အကြာ ၂ဝဝ၃ ခုနှစ်မှာတော့ ကျွန်မတို့က အောက်စ်ဖို့ဒ်မှာ သွားနေခိုက် အလက်ဇန္ဒားက လန်ဒန်မှာ နေနေ ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မခင်ပွန်းက သူတို့အားလုံးကို ဆင့်ခေါ် လိုက်ပါရဲ့။ အောက်စ်ဖို့ဒ်က ရိပ်သာမှာရှိတဲ့ အန်တီမသန်းဧ၊ အလက်ဇန္ဒားနဲ့ ကင်မ်ရယ်၊ ကျွန်မတို့ နှစ်ယောက် ရယ် အားလုံး ငါးယောက်သား က ဝေါလ်တန်လမ်းက ငါးဟင်း နာမည်ရတဲ့ စားသောက်ဆိုင်ကို အတူသွားခဲ့ကြ တာပေါ့။ ကင်မ်က အောက်စ်ဖို့ဒ်မှာ ရှိတဲ့ စားသောက် ဆိုင်တချို့ အပေါ်မှာ သြဇာညောင်းသူမို့ ဒီဆိုင်အပေါ်မှာ လည်း သူက သြဇာရှိပါတယ်။  ကျွန်မလည်း သူ့ရဲ့ သေနတ်အကြောင်း စာတစ်စောင်ကို သတိတရပြန် ပြောပြခဲ့မိလေရဲ့။ သူတို့က အတောမသတ်အောင် ရယ်ကြတာပေါ့။ ကင်မ်ကတော့ ဘာမှမစဉ်းစားဘဲ “အဲဒီစာက ကျွန်တော့်ဘဝမှာ ရေးခဲ့တဲ့ တစ်စောင် တည်းသော ပေးစာလေ” လို့ ပြန်ပြော တော့ ကျွန်မမှာ ဘုရားတမိအောင် အံ့သြမိပါတယ်။ ရယ်မောမိရုံက လွဲပြီး ကျွန်မက ဘာများတတ်နိုင် ဦးမှာပါလဲ။ အဲဒါ ရှင့်ရဲ့ချစ်စရာ ကင်မ်လေ။


အလက်ဇန္ဒားကတော့ ကျွန်မ ခင်ပွန်းနဲ့ သူ့ရဲ့ သုတေသန အကြောင်း ပြောရင်း နစ်မျောနေလေ ရဲ့။ ကင်မ်က ကျွန်မနားမှာ ကပ်ထိုင်ရင်း ကျွန်မပန်းကန်ထဲက အစားအသောက်တွေကိုပါ လှမ်းနှိုက် ရင်းနဲ့ ကလေးဆိုး တစ်ယောက်လို နေခဲ့ပါတယ်။  တကယ်တော့ သူ့ အတွက် အမေတစ်ယောက်လို ဆိုးနွဲ့ရမယ့်သူမျိုး လိုအပ် နေရှာတာပါ။ ကင်မ့်သူငယ်ချင်း တစ်ယောက်ရဲ့ အမေက ကျွန်မကို တစ်ခါတုန်းက “ကျွန်မက ကိုယ့်သားထက် တောင်  ကင်မ့်အပေါ် ပိုပြီး တွယ်တာမိတဲ့ အခိုက်အတန့်မျိုး ရှိခဲ့ဖြစ်သေးတယ်”လို့ ပြောခဲ့ဖူးပါတယ်။


မိုက်ကယ် ဈေးဝယ်ထွက်ပုံ


၂ဝဝ၃ ခုနှစ် ဒီပဲယင်း အရေးအခင်း ပြီးတော့ ရှင်က ဝေဒနာတချို့ ခံစားရပြီး အဆင်မပြေမှုတွေ ကြုံလာရ ပေမယ့် ဒီမိုကရေစီရေးနဲ့ လူထုအတွက်ပဲ စိတ်ဇော သန်နေခဲ့တာ မဟုတ်လား။ မိုက်ကယ် မကွယ် လွန်မီက အကြောင်းအရာ တချို့ကို ပြောပြချင်ပါသေးတယ်။ ရှင်က ချုပ်ရိုးဖြေပြီးတာနဲ့ ဆေးရုံက ဆင်းခဲ့ရတာမျိုး ကိုယ့်ကျန်းမာရေး ကို လျစ်လျူရှုပြီး သတ္တိရှိရှိ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရတယ်နော်။ ရှင်  ကိုယ်တိုင်လည်း ရှင့်အတွက် လိုအပ်မယ့်ဆေးကို အပြင်ထွက် မဝယ်နိုင်ခဲ့ သလို ရှင် အပြင်ထွက်ခွင့် ရခဲ့ရင်တောင် ဆေးက လွယ်လွယ်နဲ့ ဝယ်လို့ရလေမလား မသိဘူးနော်။


ခွဲစိတ်ကုသမှုပြီးတဲ့နောက် မှာတော့ ရှင့်ရဲ့ ဟော်မုန်းတွေက မညီမမျှတွေ ဖြစ်လာခဲ့တယ်နော်။ အဲဒီအတွက် ဆေးတွေ ရှင် လိုလာပြီလေ။ အဲဒီအတွက် အင်္ဂလန် ကနေ ဆေးတွေ ပို့ပေးဖို့ လုပ်ကြရတော့ တာပေါ့။ ကျွန်မ တွေးနေမိတာက မိုက်ကယ် သာ အသက်ထင်ရှား ရှိ နေသေးရင် ရှင့်အတွက် ဆေးကို သူကိုယ်တိုင် ဝယ်ပေးမှာ လို့လေ။ ၁၉၉ဝ ခုနှစ်လောက်က မိုက်ကယ် ဟာ ရှင်အဆင်မပြေမှာစိုးလို့ဆိုပြီး ဆေးစတိုးတစ်ခုမှာ မိန်းမသုံး ပစ္စည်း အသုံးအဆောင်တွေ သွားဝယ်သတဲ့။ ရှင် မြင်ယောင်ကြည့်လိုက်စမ်းပါ။ ငွေရှင်းဖို့ မိန်းမပစ္စည်း ရောင်းတဲ့နေရာက ကောင်တာမှာ တန်းစီနေမယ့် မိုက်ကယ့်ကိုလေ။


အဲဒီနေ့က ကောင်တာရှေ့ တန်းစီနေတဲ့အထဲမှာ သူတစ်ယောက်တည်း အမျိုးသားရယ်လို့  ရှိနေတာကို သတိထားမိ သွားတော့ မိုက်ကယ်က “နိုရီကိုရာ ကျွန်တော် ဘယ်လောက်ထိ ရှက်သွားလဲဆိုတာ ပြောကို မပြောပြတတ်အောင် ပါပဲ” လို့ ပြန်ပြောခဲ့ဖူးပါတယ်။ “အဲဒီနေ့ကစပြီး အဲဒီအလုပ်တွေ ကျွန်တော် မလုပ်ဖြစ်တော့ဘူး”လို့ မျက်နှာကို လက်ဝါးနဲ့အုပ်ရင်း ဆက်ပြောခဲ့ ပါတယ်။
မိုက်ကယ်က ခပ်တုန်တုန် ချည့်ချည့် ပုံလေ။ မီးကျွမ်းသွားတဲ့ ဘတ်သီးလုံးကို လဲဖို့အတွက် ရှင် နဲ့သူက ငြင်းခုန် ရန်ဖြစ်နေကျလေ နော်။ ကျွန်မခင်ပွန်းကလည်း မိုက်ကယ် တစ်ယောက် လျှပ်စစ်စီးကြောင်းတွေ အကြောင်း ကောင်းကောင်း နားမလည်ပုံ ကို အံ့သြနေခဲ့တယ်လေ။ အဲဒီမိုက်ကယ်က ရှင် နေအိမ် အကျယ်ချုပ် ကျပြီးနောက် မှာ ကားတစ်စီး ဝယ်လိုက်သေးရဲ့။ ကားက တစ်ပတ်ရစ် အမိုးဖွင့်ကား မျိုးပေါ့။ သူ့အကြောင်း သိနေလို့လား မသိ၊ သူ စီးတဲ့ကားကို လိုက်ဖို့ ကြောက်နေခဲ့ ပါသေးရဲ့။


ကမ္ဘာက မြန်မာအကြောင်း ပိုသိလာလေ မိုက်ကယ်လည်း အပြင်မှာ ပိုပြီး မျက်နှာပြလာရလေပေါ့။ ဒီတော့ ခါတိုင်းလို ခြေလျင်တစ်မျိုး၊ ပြည်သူပိုင် ယာဉ်ရထားတစ်ဖုံနဲ့ သွားနေရတာ အလျဉ်မမီတော့ဘူးပေါ့။ လူအများ ရှေ့မှာ မိုက်ကယ့်ကို ပိုပို မြင်တွေ့လာရပြီလေ။ မိုက်ကယ့်မှာ တစ်နေ့တစ်နေ့ တွေ့စရာတွေသာ မက အိမ်အတွက် ဝယ်ခြမ်းသယ် ဆောင်စရာတွေကလည်း အများသား မဟုတ်လား။ ဒီလိုနဲ့ သူက ကားမောင်း သမားကောင်းတောင် ဖြစ်လာခဲ့ပါတယ်။ ကျွန်မတို့လည်း မြို့ထဲမှာ ဈေးကို ဝယ်ချင်သလောက် ဝယ်လို့ ရလာတာပေါ့။ ခက်တာ ကတော့ ကားပါကင် ရှာရတာပါပဲ။ ကိုယ်ပိုင်ကားတွေက မြို့လယ်မှာ မောင်းခွင့် မရှိတတ်တော့ မြို့ပြင်လမ်း တချို့ကို ရှာရပြန်ပါတယ်။ ဒါကြောင့် ဆင်ခြေဖုံးမှာ ဈေးဝယ်ရတာ ပိုအဆင်ပြေ လေရဲ့။


မိုက်ကယ်က ခဏခဏ ဈေး ဝယ်သလို ကျွန်မတို့ကလည်း သူနဲ့ပဲ အကြုံလိုက်တတ်ပါတယ်။ ကျွန်မခင်ပွန်းကို မိုက်ကယ်က သူ့ နားက ရှေ့ခန်းခုံမှာ ခေါ်ထိုင်တတ် ပါတယ်။ သူတို့က စကား တပြောပြောနဲ့ပေါ့။ “ဆာဒါ ယိုရှီရေ ဈေးဝယ်ထွက် ရတာကို ကြိုက်လား” “မုန်းတယ်ဗျာ”တဲ့။ မိုက်ကယ်က “ကျွန်တော်လည်း မုန်းတာပဲ။ အပြစ်ပေး ခံနေရသလို မထင်မိဘူးလားဗျာ”တဲ့။ အဲဒီလိုနဲ့ ကျွန်မတို့ ကြားမှာ ဈေးဝယ်ထွက်တာကို အပြစ်ပေးခံတာလို့ စကားပြောင်သုံး ဖြစ်လာခဲ့ပါတော့တယ်။ ဘာအတွက် အပြစ်ပေးခံ တာလဲ ဆိုရင် အစားကြီးတဲ့ အတွက်လား ၊ နောက်ပိုင်းမှာ ရှင့်ကို လူကိုယ်တိုင် အကူအညီ သိပ်မပေးနိုင်တော့တဲ့ အတွက်လား။ သူကိုယ်တိုင်ပဲ သိမှာပါ။


စုလို အကျဉ်းသားမျိုး မဟုတ်ပေမယ့် လူတိုင်းဟာ စား၊ ဝတ်၊ နေရေးဆိုတဲ့ အရေးကိစ္စတွေရဲ့ အကျဉ်းသား တော့ ဟုတ်နေ တာပဲလေ။ ဈေးဝယ်ထွက်တယ် ဆိုတာ အာသာဆန္ဒကို ဖြည့်ဆည်းဖို့ပဲ မဟုတ်လား။ ဈေးဝယ် မထွက်ရင် လူတွေ အသက်ရှင်မှာ မဟုတ်သလို နိုင်ငံ့စီးပွားရေးလည်း လည်ပတ်မှာ မဟုတ်ဘူးပေါ့။ ဒီလို တွေးတာဟာ မိုက်ကယ့်စတိုင်လ်ပဲလို့ ဆိုရ မှာပေါ့။ လက်ရှိလူမှုအဖွဲ့အစည်းမှာ နေတယ်ဆိုတာ သောကတွေ ကို ပြန်ခံစားမယ်၊ အပြစ်တွေအားလုံးကို ပခုံးထမ်းမယ် ဆိုတာမျိုးပေါ့။


မသီတာ(စမ်းချောင်း)

http://www.myanmarij.com/?p=8347

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၂၈)


မိုက်ကယ် ကတော့ သူဟာ ရှင့်အတွက် စိတ်ဓာတ်ရေးရာအရ အားပေးခဲ့ရုံ မကပါဘူး။ ရှင့်အတွက် အခက်အခဲ အကျပ်အတည်းတွေ ပေါ်လာပြီ ဆိုတာနဲ့ မီဒီယာတွေမှာ အဲဒီ သတင်းတွေပါလာပြီး ရှင့်ကို ဆက်လက် အန္တရာယ် မပြုနိုင်အောင်လို့ ရည်ရွယ်ကာ ရှင့်ရဲ့ လူထုဆက်ဆံရေး အရာရှိတစ်ယောက်လို အဝေးကနေ လှုပ်ရှား ဆောင်ရွက်ခဲ့တာပါ။ သူ့အချစ် မေတ္တာတွေကို ပြန်လည် ပေးဆပ်ဖို့ အတွက်လည်း သူ့ကို ပြန် လှည့်ကြည့်စရာ မလိုဘဲ ရှင့်နိုင်ငံ ဒီမိုကရေစီရေး အတွက် ရှေ့ဆက်လုပ်ပါ လို့ အားပေးခဲ့သေးတာပဲလေ။


တကယ်တော့ မိုက်ကယ်ဟာ သူ့ရဲ့နောက်ဆုံး ထွက်သက် အချိန်အထိ ရှင့်ကိုအားပေးခဲ့ပါတယ်။ မိုက်ကယ်ဟာ ဗြိတိသျှကနေ မြန်မာအပေါ်မှာ ကျူးလွန်ခဲ့တဲ့ အမှားတွေ ကျေအောင် အကောင်းဆုံး ပခုံးထမ်း လုပ်ဆောင် သွားတဲ့ အင်္ဂလိပ် တစ်ယောက်လို့ ဆိုရမလားဘဲ။


အလက်ဇန္ဒားရဲ့ ဆူကီယာကီ


အဲဒီအချိန်မှာ အလက်ဇန္ဒားက မြောက်အီလီနွိုက်တက္ကသိုလ်မှာ သင်္ချာ အဓိကနဲ့ ကျောင်းတက်နေတာမို့ ချီကာဂို မှာ နေနေပါတယ်။ သူက အင်္ဂလန်ကို ပြန်လာလေ့ ရှိပေမယ့် လန်ဒန်မှာရှိတဲ့ သူ့အဘိုးအဘွား (မိုက် ကယ့်မိဘ)တွေနဲ့ဖြစ်ဖြစ်၊ လေဒီပက်ထရစ်ရှာ ဂေါရ်ဘုသ် တို့ဆီမှာဖြစ်ဖြစ် နေလေ့ ရှိကာ အောက်စ်ဖို့ဒ်ကို ပြန် လာခဲ့ပါတယ်။ ကျွန်မတို့ ဇနီးမောင်နှံကလည်း အောက်စ်ဖို့ဒ်အိမ်ကို နွေဦး နဲ့ နွေရာသီ ကျောင်းပိတ်ရက်တွေမှ ပဲ သွားလည်ကြတာမို့ သူနဲ့မကြာခဏ မဆုံဖြစ် ခဲ့ကြပါဘူး။
တစ်နေ့တော့ အလက်ဇန္ဒားက အောက်စ်ဖို့ဒ်ကို ရောက်လာသလို ကျွန်မတို့ရဲ့တိုက်ခန်းကိုလည်း အလည်လာ ခဲ့ပါတယ်။ အလက်ဇန္ဒားလို့ ဆိုလိုက်တာနဲ့ သူကြိုက် တတ်တဲ့ “ဆူကီယာကီ”ကိုပဲ သတိရမိတော့တာပေါ့။ ဒါကြောင့် သူ့အတွက် တကယ့်ကို ခက်ခက်ခဲခဲနဲ့ ဆူကီယာကီ လုပ် ကြပါတော့တယ်။ အဲဒီနေ့ ညစာစားပွဲ လေး ကတော့ စုက လွဲပြီး မိုက်ကယ်၊ အလက်ဇန္ဒား၊ ကင်မ်နဲ့ ကျွန်မတို့နှစ်ယောက် အားလုံး စုံစုံညီညီ ရှိတာမို့ နှစ်တွေ အများကြီးကြာခဲ့ပြီးမှ ပြန်ဆုံဆည်းရတဲ့ ညစာပါပဲ။ 


ရှင် မှတ်မိတယ် မဟုတ်လား။ အလက်ဇန္ဒားနဲ့ ကင်မ် က ဆူကီယာကီထဲက ဟင်းသီးဟင်းရွက်တွေအောက်မှာ အသားဖတ်ကို ရှာပြီး လုစားနေကျ ဖြစ်ကာ အလက်ဇန္ဒား ကလည်း “ဒီနားမှာ အသားဖတ် ရှိနေတာ ကျွန်တော် သိတယ်နော်”လို့ ပြောနေကျလေ။ ကျွန်မ ခင်ပွန်းက အသားဖတ် တူတူပုန်းတမ်း အကြောင်း ပြန်ပြောင်း ပြောနေ ခိုက်မှာ အလက်ဇန္ဒားက ရုတ်တရက် “ဒီဆူကီယာကီ ထဲမှာ ဆာကေးပါလား”လို့ မေးလိုက်ပါတယ်။ တကယ်တော့ သူ ငယ်ငယ်လေး တုန်းကပဲ ဆူကီယာကီကို လုပ်ကျွေးဖြစ်ခဲ့တာမို့ ဒီလိုကြီးမှ လုပ်ကျွေးဖြစ်တာ ဒီအကြိမ် ပထမဆုံးပါပဲ။ ကျွန်မတို့ ကလည်း ဆူကီယာကီကို လုပ်မစားတာ ကြာလှပြီမို့ ဆာကေး ထည့်ဖို့ မေ့သွား ခဲ့ပါတယ်။ ဒါကြောင့် ဟင်းချက်တဲ့အခါ သုံးတဲ့ ခပ်ချိုချိုဆာကေး အမျိုးအစားဖြစ်တဲ့ မီရင်ကိုပဲ လက်ထဲရှိတာမို့ လွယ်လွယ် သုံးခဲ့ဖြစ်ပါရဲ့။  ကျွန်မတို့ ကတော့ သူ့ရဲ့ မှတ်ဉာဏ်  ကောင်းပုံကို တအံ့တသြ ဖြစ်မိခဲ့ကြရပါတယ်။ အလက်ဇန္ဒားရဲ့ စူးစမ်း လေ့လာမှု အစွမ်းကလည်း အံ့မခန်း မဟုတ်လား။ ဒီကလေးကတော့ ငယ်ငယ်လေး ထဲက ဘယ်တော့မှ မပြောင်းလဲပါဘူး။


မိုက်ကယ့်ကို အဲဒီအချိန်က အမေရိကန် သမ္မတကလင်တန်က ဖိတ်ကြားပြီး မိန့်ခွန်းတစ်ခု ပြောဖို့ ရှိတဲ့အခါ အလက်ဇန္ဒားက ချီကာဂိုကို ဝင်လာခဲ့ဖို့ အကြိမ်ပေါင်း များစွာ ခေါ်ခဲ့ပါတယ်။ ဒယ်ဒီ့ကို လူတစ်ယောက်နဲ့ မိတ်ဆက် ပေးချင်လို့ပါတဲ့။ မိုက်ကယ်က ဒါထူးခြားတယ်လို့ တွေးမိပြီး သူ့ကို သွားတွေ့ချင်နေခဲ့တာပါ။  အလက်ဇန္ဒား မိတ်ဆက်ပေး ခဲ့တာက မြန်မာ မလေး တစ်ယောက်ပါပဲ။ မိုက်ကယ် မှတ်မိထားတာက အလက် ဇန္ဒားမှာ ကရင် ကောင်မလေး တစ်ယောက် ရှိခဲ့ဖူးတယ် ဆိုတာပါ။ ကင်မ့်လို ပြဿနာမျိုး ဖြစ်လာမှာကို မိုက် ကယ်က စိတ်ပူခဲ့ဖူးတာမို့ အခုတော့ မိုက်ကယ်က စိတ်အေးသွားသလိုပါပဲ။ သူတို့ဓာတ်ပုံတွေ ကြည့်ရတာ ပြုံးပျော်ရယ်ရွှင်လို့ ချည်းနေပါတယ်။


နောက်တော့ အလက်ဇန္ဒားက ကျွန်မတို့ဆီကို သူ ပီအိပ်ခ်ျဒီပါရဂူ ဘွဲ့ကို ကွန်ပျူတာနဲ့ ဖလော်ဆော်ဖီ ဘာသာ တွဲတွေနဲ့ အောင်အောင်မြင်မြင် ရကြောင်း စာနဲ့အတူ ဟာဝိုင်ယီကျွန်းကို အလည်သွားထားတဲ့ ဓာတ်ပုံတွေ ပို့လာပါတယ်။ အခုတော့လည်း သူက သူ့အိမ်လေးမှာပဲ စာတွေ ရေးနေလေရဲ့။ သူ့ရဲ့ အေးချမ်းတိတ်ဆိတ်တဲ့ ဘဝလေး ကြာရှည်ခံနေပါစေလို့ ဆုတောင်းဖြစ်ပါတယ်။

စုရေ အလက်ဇန္ဒားကတော့ ရှင့်အတွက်သားကောင်းတစ်ယောက် ဖြစ်အောင်ကြိုးစားခဲ့ပါတယ်။ သူက မြန်မာ လို ကောင်းကောင်း မပြောတတ်ဘူး ဆိုပေမယ့် ရှင့်အတွက်နဲ့ မြန်မာပြည် အတွက် ဆိုကာ မြန်မာ စကားနဲ့ စာကို ကြိုးစားပမ်းစား သင်ယူခဲ့ပါတယ်။ သူက ငယ်ငယ်တုန်း ကတော့ မြန်မာစာကို စိတ်မဝင်စားခဲ့ဘူး မဟုတ်လား။

အလက်ဇန္နား
အလက်ဇန္နား

ကင်မ့်အကြောင်းပဲ ထပ်ပြောမယ်။

ကျွန်မတို့ရဲ့ ကင်မ့်အကြောင်းပဲ ထပ်ပြောမယ်နော်။ မိုက်ကယ်က လူပျိုဖော်ဝင်စမို့ အလက်ဇန္ဒား တစ်ခုခု ဖြစ်သွားမှာကို ပူပန်နေပေမယ့် အလက်ဇန္ဒားက တော်ပြီး လိမ္မာတဲ့ ကလေးပါ။ ကင်မ်ကတော့ အမြဲလိုလို ပျော်ပျော်နေသလို လှုပ်လှုပ်ရှားရှား ကလည်း အင်မတန် နေနိုင်သူပေါ့။


၁၉၈ဝ ခုနှစ် သြဂုတ်မှာ ကျွန်မ တို့ မော်စကိုကနေ ပြန်လာတော့ အောက်စ်ဖို့ဒ်မှာ ၂ လ နေဖြစ်ခဲ့ပါ တယ်။ စုတို့အိမ်ကို သွားလည်တော့ တံခါးဖွင့်လိုက်တာနဲ့ ကစားစရာ သေနတ် ကိုင်ထားတဲ့ ကင်မ်နဲ့ တန်းတိုးခဲ့ကြ တာလေ။ အဲဒီအချိန်က သူဟာ သုံးနှစ်သားပဲ ရှိသေးပြီး ကျွန်မတို့က သူ့ကိုတစ်ခါမှ မတွေ့ဖူးသေးတဲ့ အချိန်ပေါ့။ မိုက်ကယ်က ကင်မ့် နောက်မှာ ပေါ်လာကာ “သူကတော့ ကျွန်တော်တို့ အိမ်ရဲ့ မျက်နှာသစ်က လေးပါ။ လူဆိုး ကလေးပေါ့”လို့ ပြောလိုက်ပါတယ်။ ကင်မ်က ဘိနပ်စီး မပျက်ဘဲ ကျွန်မယောက်ျားရဲ့ ခေါင်းပေါ်ကို တက်ကာ ပခုံးထက်ကနေ ဇောက်ထိုးခိုပြီး သူ့ကို လွှဲပေးဖို့ ပူဆာခဲ့တာပေါ့။ တကယ့်ကိုကလေး ပီသတဲ့ ကလေးလို့ ဆိုရမှာလေ။


ကျွန်မခင်ပွန်းအဖို့ကတော့ အလက်ဇန္ဒားနဲ့ ပတ်သက်ရင်လည်း မှတ်မိသတိရစရာတွေက အများသားပါပဲ။ သူနဲ့ လုပ်ဖော်ကိုင်ဖက် ပါမောက္ခ မီဆာကီတို့က အင်္ဂလိပ် သတင်းစာတွေကို အလက်ဇန္ဒား အတွက် ဂျပန်ကာဘူတို ဦးထုပ်လေး ဖြစ်အောင် လုပ်ပေးခဲ့တာမျိုးပေါ့။ အစကတော့ စုက စာထဲမှာ ရေးခဲ့သလို ကင်မ့်ကို ခပ်ဆိုးဆိုးလေးဆိုပြီး ချစ်ခဲ့ပါတယ်။ ရှင်က ပြောဖူးတာကတော့“အလက်ဇန္ဒားက ကျွန်မ အစ်ကိုနဲ့ သွားတူ ပေမယ့် ဒီအငယ်လေး ကတော့ကြီးလာရင် လူချောလေး ဖြစ်မှာနော” လို့ပေါ့။ ရှင်က ဆိုးပေလေးကိုမှ ချစ်ခဲ့တာကိုး။ တကယ်တော့ ရှင်က သားကြီးနဲ့ပတ်သက်ရင် မျှော်လင့်ချက်တွေ ကြီးမားလွန်းတာမို့ စည်းကမ်း တွေ တင်းတင်းကျပ်ကျပ် ထားပြီး ထိန်းခဲ့ သလောက် အငယ်လေးနဲ့ ပတ်သက်ရင် ဘာမှ သိပ်ကြီးကြီးမားမား မမျှော်လင့်ခဲ့သလို ကင်မ်ကလေး ဆိုးပေနေသမျှ ကို လည်း ရယ်မောနေခဲ့တယ်နော်။


ရှင်တို့ရဲ့ ပါ့ခ်တောင်းအိမ်မှာ တုန်းက ဆူကီယာကီ လုပ်စားခဲ့တော့ သုံးနှစ်အရွယ် ကင်မ်က မထင်မှတ်ဘဲ မီဆိုဟင်းချိုကို ထပ်တောင်းခဲ့တယ်လေ။ သူက အဲဒီတုန်းကမှစ ပြီး ဂျပန်စာကို စားဖူးတာပါ။ ရှင်လည်း အံ့သြနေခဲ့တာပါပဲ။ “နိုရီကိုရေ ဒီကလေးကတော့ ခုကတည်း က မီဆိုကိုကြိုက်နေပြီနော်”လို့ ဆိုခဲ့ တယ်လေ။  အဲဒီနောက်ပိုင်းတော့ အလက်ဇန္ဒားရော ကင်မ်ပါ ဆူကီ ယာကီစားရင် အသား တူတူပုန်းတမ်း ကစားတော့တာ ပဲလေ။

တစ်ခါတုန်းကတော့ ရှင်ပြောခဲ့ဖူးတယ်။ “နိုရီကိုရေ ကင်မ်ကလေး အရမ်းငယ်ငယ်တုန်းက ညသန်းခေါင်ကြီး အိပ်ရာထဲမှာ အန်ချပါလေရော။ မိုက်ကယ်နဲ့ ကျွန်မလည်း သူ့ကို ဆေးကြောသုတ်သင်ပေးပြီး အဝတ်တွေ ဘာတွေ လဲပေးကာ အိပ်ရာမှာ နေရာပြန်ချပေး ကြတာပေါ့။ အဲဒီအခါ သူက ဒယ်ဒီ နဲ့ မာမီ ကျေးဇူးပဲနော် လို့ ပြောခဲ့ တယ်လေ။ အဲဒီလောက် ငယ်တဲ့ကလေးက ကျေးဇူးလို့ ဘယ်မှာပြောလို့လဲနော်” လို့ပေါ့။ ကျွန်မလည်း ကင်မ်ဟာ မိုက်ကယ့် အတိုင်းပဲ လို့ တွေးနေမိပါတယ်။

မသီတာ(စမ်းချောင်း)
http://www.myanmarij.com/?p=8240

Wednesday, 19 December 2012

လက်တစ်ဆုပ်စာ အနူပညာရှင်များသို့


 လက်တလော သြစတေးလျရှိ မြန်မာကွန်မြူနီတီကြားမှာ သတင်းတစ်ပုဒ်ကျော်ကြားနေပါတယ်။ အဲဒါကတော့ သတင်းကောင်းမဟုတ်တဲ့ Notorious သတင်းဆိုးလေးပါဘဲ။

 မြန်မာပြည်မှ သြစတေးလျသို့ မြန်မာ့ယဉ်ကျေးမှု့အနုပညာပွဲများဖြေဖျော်ရန် မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင်များကို နှစ်စဉ်နှစ်တိုင်း ငွေကုန်ကြေးကျ များစွာဖြင့် ဖိတ်ကြားခဲ့ပါတယ်။

ဒါပေမယ့် ယခုနှစ်တွင် ဖိတ်ကြားခံရသော တစ်ချို့တစ်ချို့သော မြန်မာ့ရုပ်ရှင်သရုပ်ဆောင်များရဲ့ မသင့်တော်သော အပြုအမူများ၊ စရိုက်များကြောင့် မြန်မာတို့၏ ယဉ်ကျေးတဲ့ အသိုင်းအ၀ိုင်းကြားမှာ အကျည်းတန် ရုပ်ဆိုးစေခဲ့ပါတယ်။

တစ်ချို့သော ရုပ်ရှင်သရုပ်ဆောင် (အမ)ကတော့ မတင့်သော်သော အ၀တ်အစားများကို ၀တ်ဆင်ပြပါတယ်။ ကာစီနိုလောင်းကစားရုံသွားပြီးတော့ လောင်းကစားလုပ်ကြပါတယ်။ ပြောင်ပြောင်တဲ့ ၊ တဲ့တဲ့ပြောင်ပေါ့။ တစ်ချို့သော ရုပ်ရှင်သရုပ်ဆောင် (အထီး)ကတော့မူးယစ်ဆေးဝါး သုံးစွဲရာ ဆုကြေးငွေကုန်ရုံတင်မက အတူပါလာသူတွေ(အားလုံးနီးပါး) ဆီက ငွေချေးရတဲ့တဲ့ အထိပါပဲ။ (မှတ်ချက်=အရက်သောက်ခြင်းမျှကို မဆိုလိုပါ။) ဒါတောင်မှ တစ်လလောက် ဗီဇာရလို့ပါပဲ၊ မြန်မာပြည်လို မူးယစ်ဆေးဝါးလွယ်လွယ်နဲ့ ရနိုင်တဲ့နိုင်ငံမှာဆိုရင်တော့ မည်မျှလောက်သော အနုပညာရှင်များ (အထီး+အမ) မူးယစ်ဆေးရဲ့ သားကောင်တွေဖြစ်နေလဲမသိပါ

ကျော်ဟိန်းကို လူတိုင်းသိပေမယ့် ကျော်ဟိန်းကတော့ လူတိုင်းကို မသိပါဘူးဆိုတဲ့ စကားလေးလိုပါပဲ မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင်တိုင်းကို မြန်မာလူမျိုးတွေက သိကြပါတယ်။ လူသိများထင်ရှားသူတွေ အနေနဲ့ မိမိတို့ရဲ့ မြန်မာလူမျိုးဂုဏ်ကို ထိန်းဖို့လိုပါတယ်။ ဘယ်နေရာမဆို ဦးဆောင်တဲ့ ပုဂ္ဂိုလ် ကောင်းလျှင် နောက်လိုက်ဖြစ်တဲ့သူတွေလဲ ကောင်းလာမှာပါ။

`ရှေကဆောင်နွားလား၊ ဖြောင့်ဖြောင့်သွားက၊ နောက်နွားတစ်သိုက်၊ ဖြောင့်ဖြောင့်လိုက်၏။
ရှေကဆောင်နွားလား၊ ကောက်ကောက်သွားက၊ နောက်နွားတစ်သိုက်၊ ကောက်ကောက်လိုက်၏။`

တောင်ပန်ချင်တာကတော့ အတုခိုးလွယ်ကြတဲ့ မြန်မာ့ခလေးငယ်များရဲ့ ကောင်းမြတ်တဲ့ စရိုက်လက္ခဏာများကို  မဖျက်ဆီးကြပါနဲ့လို့။

မောင်ပျံလွှား

Tuesday, 18 December 2012

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၂၇)

ဒီလိုနဲ့ မိုက်ကယ်က ကောင်လီ ခရိုင်ဘက်မှာ အိမ်တစ်လုံး ဝယ်လိုက်ပါတယ်။ စက်ရုံတစ်ခုနားက အိမ်ပေါ့။ သူ့သဘော ကတော့ ကင်မ်တို့ အနေနဲ့ အိမ်ငှားတင်ထားပြီး အိမ်ကြွေး ဆပ်ရင်း စားစရိတ်ရရင်း နေနိုင်အောင် လို့ပါ။ ဒါပေမယ့် ကောင် မလေးက ရှေ့နေရုံးမှာ ကူနေတဲ့ အလုပ်ကိုလည်း ဆက်မလုပ်တော့ သလိုပါပဲ။ အိမ်အကူ တရုတ် အမျိုးသမီး ကတော့ ကောင်မလေး ကို သိပ်အမြင်မကြည်ပါဘူး။ ကင်မ့်မှာက ဝင်ငွေလည်း မရှိဘူး လေ။ မိုက်ကယ်ကပဲ ကုန်ကျစရိတ် အားလုံးကို တာဝန်ယူထား ပုံရတာမို့ ဒီလို နည်းနဲ့ ကလေးတွေကို ဖျက်ဆီးတာ ကိုတော့ ကျွန်မက မစဉ်းစား တတ်အောင် ပါ။

ဒါပေမယ့် မိုက်ကယ့် ကြည့်ရတာ ကောင်မလေးကို စိတ်ချယုံ ကြည်စွာ အားထားရရင်တောင် ကုန်ကျစရိတ် ကို ပေးလိုက်ခြင်း အားဖြင့် သူ့အိမ်မှာပဲ နေနေကြလို့ ဝန်ထုပ်ဝန်ပိုး လို တွေ့မြင်နေရမှာထက် အဆင်ပြေသလို ခံစားနေရပုံပါပဲ။ အဲဒီကာလတွေမှာ မိုက်ကယ့်ကို ကြည့်ရတာ ပင်ပန်းနွမ်းနယ်နေပြီး နည်းနည်းလည်း စိတ်တိုနေပုံပါပဲ။ ကျွန်မက ကင်ဆာဖြစ်ခဲ့ဖူးသူမို့ ကိုယ်ခန္ဓာ ပင်ပန်းတဲ့အခါ စိတ်နွမ်းပြီး အရာရာကနေ ထွက်ပြေးချင်တာမျိုး ဖြစ်ခဲ့ဖူးပေမယ့် အခု မိုက်ကယ်ဖြစ်နေပုံက လူနေမကောင်းလို့ စိတ်နွမ်း နေပုံမျိုး မဟုတ်ပါဘူး။

အခုနေ အတိတ်ကို ပြန်ကြည့်တော့ မိုက်ကယ်ဟာ ကင်မ့်ကိုဖျက်ခဲ့တယ်လို့ ပြောချင်စရာပါ။ စုရော မိုက်ကယ် ကပါ ပညာရေးကို အမြင့်ဆုံး မှန်းတတ်ကြပြီး အလက်ဇန္ဒားဆို အခုအချိန်မှာ ကွန်ပျူတာနဲ့ ဖလော်ဆိုဖီ ဘာသာရပ်တွေမှာ ပါရဂူဘွဲ့ သင်တန်း တက်ရောက်နေချိန်ပါ။ မိုက်ကယ့် အနေနဲ့ ကင်မ့်ကို ဒါရ်ဟမ် ကောလိပ် ဆီ ပြန်ပို့တာဖြစ်ဖြစ်၊ တခြား သက်မွေးပညာ တစ်ခုခု သင်ခိုင်းတာဖြစ်ဖြစ် လုပ်ခဲ့ခိုင်းသင့်တာပေါ့။ (ကင်မ်က နောက်ပိုင်းမှာ ပရိဘောဂ ဖန်တီးတာ ကိုတော့ သင်ဖြစ်ခဲ့ ပါတယ်။)

ဒါပေမယ့် တစ်ဖက်မှာတွေ့ ရတာကတော့ ကင်မ့်သူငယ်ချင်း တစ်ယောက်ကလွဲရင် ကျန်သူငယ်ချင်း အားလုံး ကလည်း တက္ကသိုလ်ကို မရောက်ဘဲ ကျောင်းထွက်ခဲ့ကြ တာပါ။ ကျွန်မက သူ့ကစားဖော် တွေနာမည် မှတ်မိ သမျှကို ခေါ်ပြီး မေးလေ တိုင်း ကင်မ် ပြန်ဖြေတာကတော့ “ကျောင်း ထွက်လိုက်တယ်” ဆိုတာပဲ ဖြစ်နေခဲ့ပါ တယ်။ သူ့ သူငယ်ချင်းတွေ အားလုံးဟာ ပညာရေး နောက်ခံ လူလတ်တန်းစား မိသားစုတွေ ကနေ မွေးဖွားလာ သူ တွေ ချည်း ဖြစ်ပါတယ်။ ကျွန်မတို့ ရဲ့ ပညာရေးအပေါ် အလေးထားမှု တွေဟာ ခေတ်မမီတော့ တာပဲလားတော့ မသိတော့ပါဘူး။ သူတို့တွေက တန်ဖိုး အဟောင်းတွေ ကို ဆန့်ကျင်မယ့် မျိုးဆက်သစ်တွေ ပဲလားတော့ မသိဘူးလေ။ သူတို့ ဘယ်ကိုဦးတည် နေကြပါလိမ့်။ တကယ်တော့ ကင်မ် ဆိုတာ မိန်းကလေး နာမည်ပါ။  စုနဲ့ မိုက်ကယ် က စာရေးဆရာ ရုဒ်ယာ့ဒ် ကစ်ပလင်းရဲ့ အကောင်းဆုံးလက်ရာ ဖြစ်တဲ့ “ကင်မ်”ကို သဘော အလွန်ကျ ကြတာမို့ အဲဒီသူရဲကောင်းလိုပဲ လမ်းလျှောက်နိုင် သူဖြစ်အောင် သူတို့ ရဲ့ သားငယ်လေးကို ဒီနာမည်ပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ကင်မ့်အနေနဲ့ အခုဖြစ်ရပ်တွေ မှာ တာဝန်အရှိဆုံးလို့ဆိုနိုင်ပေမယ့် တချို့ကလည်း အဲဒီမိန်းကလေးဟာ ကင်မ့်ရဲ့ အလားအလာတွေ အားလုံးကို ခိုးယူသွားတယ် လို့ ပြောနေတာတွေ ရှိပါတယ်။ တကယ်လည်း သူဟာ ရှင်က မိုက်ကယ့်အတွက် ပညာရေးကိစ္စမှာ ပံ့ပိုးခဲ့သလိုမျိုး ကင်မ့်ရဲ့ အနာဂတ်အတွက် ပံ့ပိုးခဲ့သင့် တာပေါ့နော်။ မြန်မာ မိန်းကလေး တစ်ယောက်ကတော့ သူ့ ခင်ပွန်းကို ကမ္ဘာမှာ ရပ်တည်နိုင်အောင် ပံ့ပိုးနိုင်ခဲ့တယ်လေ။  အဲဒီလို မြန်မာ မိန်းကလေးမျိုးတွေ အင်္ဂလန်မှာ ရှိတာကိုလည်း ကျွန်မသိပါရဲ့။ တစ်နည်းအားဖြင့်တော့ ကင်မ်ဟာ အမိမဲ့ရတဲ့ အထီးကျန်ဘဝအတွက် အဆိုးဆုံးထီကို ရွေးမိတယ်လို့ ဆိုရမှာပေါ့။ သူရွေးတာမို့ သူခံစား သင့်တယ် လို့ ပြောချင်ပြော ကြပါလိမ့်မယ်။ စုရယ် ရှင်ချစ်လှတဲ့ သားငယ် အကြောင်း အခုလို ပြောရတာ ကြေကွဲစရာ ပေမယ့် ဒါတွေက အမှန်တရား ပဲလေ။ (တကယ်တော့ ရှင် မြန်မာနိုင်ငံကို ပြန်သွားပြီး ကတည်း က ကင်မ့်ကို ကျွန်မက စောင့်ကြည့် ခဲ့ရတာမို့ ရှင်သူ့ကိုချစ်သလောက် ကျွန်မလည်း သူ့ကိုချစ်တာ ပါပဲလေ။)

ကံကောင်းထောက်မစွာနဲ့ သူက ခုတော့ လွတ်လပ်နေပါပြီ။ ရှင် နောက်ဆုံးအခေါက် နေအိမ် အကျယ်ချုပ်က မလွတ်မြောက်ခင် သုံးလအလိုမှာ ကင်မ်နဲ့ ကျွန်မ စကားပြောဖြစ်တော့ သူ့အိမ်အကြွေး တွေကို ဆပ်ပြီးပြီ လို့ ပြောပြ ပါတယ်။ သူ စာချုပ်တွေအားလုံး ပြီးပြတ်အောင် ရှင်းပြီးပြီလို့လည်း သိရပါတယ်။ သူကခုတော့ သဘာဝ ပတ်ဝန်းကျင်သမား တစ်ယောက်လို လှေအိမ်အဟောင်းလေး တစ်လုံးမှာ နေနေပါ တယ်။ သူက ယဉ်ကျေးမှု ကျောင်း မှာ နေ့အချိန် မီးဘယ်လိုဖိုရမယ်ဆို တာမျိုး သွားသင်ခဲ့ တဲ့နေ့က ကျွန်မ တို့ဆီကို စက်ဘီးစီးပြီး လာတွေ့တော့ သူ့ကိုယ်မှာ မီးခိုးမှိုင်းတွေ ပေနေသလို မောပန်းတကြီးလည်း ဖြစ်နေပါတယ်။ စုရေ လွန်ခဲ့တဲ့နှစ် သုံးဆယ်လောက်က ဝို့လ်ဖ်ဆန် ကောလိပ် မှာ ကျွန်မခင်ပွန်းက ရှင့် ကလေးနှစ်ယောက် အော်ဟစ် ပြေးလွှား နေတာကို အဝတ်လှန်းတဲ့တုတ် နဲ့ ထိန်းဖို့ ကြံချိန်မှာ ရှင်ကတော့ ကလေးတွေ ကို ဂရုမထားဘဲ ကျွန်မ ခင်ပွန်းနဲ့ ငြင်းစရာတွေ မပြတ် မချင်း ငြင်းမြဲငြင်းနေ ခဲ့တာလေ။

မိသားစုအတွက်လား၊ မြန်မာနိုင်ငံအတွက်လား

မိုက်ကယ်က တစ်ခါတစ်ခါ  မေးတတ်ပါတယ်။ “နိုရီကိုရေ၊ သိပ် စွမ်းအားကြီးတဲ့ မိန်းကလေးများ မသိဘူးလား။ ကင်မ့် အတွက် စုလိုမျိုး အရာရာကို ထိန်းချုပ်နိုင်လောက် အောင် စွမ်းလွန်းတဲ့ မိန်းကလေး လိုနေတယ်ဗျာ” လို့ပေါ့။ စုရေ ရှင် မရှိလိုက်တာ မိုက်ကယ့်ကို လွမ်းစေတာ သာမကဘဲ ကင်မ့်အတွက် လည်း ဂရိပုံပြင်ထဲက သနားစရာ မင်းသားလေး အဖြစ်မျိုးကို တွန်းပို့စေခဲ့ပါတယ်။ အလက်ဇန္ဒားလည်း အခိုက်အတန့်တော့ စိတ်ဒဏ်ရာ ရလိုက်သေးတာပဲကိုး။ ရှင့်အတွက် ကတော့ ရှင့်နိုင်ငံအတွက် တာဝန်ဟာ ရှင့်ပခုံးပေါ်မှာဆိုတာ မှန်ပါတယ်။ ရှင့်နိုင်ငံရဲ့ ဒီမိုကရေစီရေး အတွက် ရှင့်ရဲ့မြင့်မြတ်လှတဲ့ ရည်ရွယ်ချက် ပြည့်ဝအောင် ရှင့်မိသားစု က ရှင့်ကို စောင့်ရမှာပေါ့။ ရှင့်အနေနဲ့ မိသားစု ရဲ့တာဝန်ကိုလည်း ၁၂၀ ရာခိုင်နှုန်း လောက်ထိတောင် ကျေပွန် ခဲ့ဖူးပြီလေ။ ရှင့်မိသားစုကို ခွဲထားရစ်ခဲ့တဲ့ အတွက်တော့ ရှင်နောင်တမရပါနဲ့။ စိတ်မကောင်းလည်းမဖြစ်ပါနဲ့။ ရှင့် မိသားစုနဲ့ ရှင်ဝေးကွာနေရပေမယ့် ရှင့်မိသားစုဟာ ရှင့် မိသားစုပါပဲ လေ။ ကျွန်မပြောခဲ့သလိုပါပဲ၊ မိသားစု ဆိုတာ အသက်၊ လူမျိုးတွေ ဘယ်လိုပဲ ကွဲကွဲ၊ အချိန်နဲ့ နေရာတွေ ဘယ်လိုပဲဝေးဝေး၊ စိတ်သက်သာရာ ရစေမယ့် ဆက်ဆံရေးမျိုးကို ဆိုလိုတာပဲ မဟုတ်လား။

ဒါပေမယ့် အခုလို နားလည် ပေးမှုမျိုးကို မိုက်ကယ့်ဆီကလိုမျိုး ရလိမ့်မယ်လို့ ကလေးတွေဆီကနေ မျှော်လင့် တာကတော့ သိပ်ရက်စက်ရာ ကျပါတယ်။ ရှင့်ကလေးတွေဟာ မိခင်ရဲ့ ပြုစုစောင့်ရှောက်မှုကို ၁၂၀% လောက် အထိရပြီး အသားကျနေ ခဲ့ပြီးကာမှ ရှင်က ရုတ်တရက် ခွဲထွက်သွားလေတော့ ဝမ်းနည်းကြေ ကွဲရမှုတွေထဲကို ၁၂၀%လောက် ကျရောက်သွား ခဲ့ရရှာတာလေ။ တကယ်တော့ အဲရစ်သုံးယောက်စလုံး က ရှင့်အပေါ်မှာ အပြည့်အဝ မှီခိုခဲ့တာလေ။ အလက်ဇန္ဒားက အဲဒီ အချိန်မှာ ၁၆ နှစ်မို့ သူ့ကိုယ်သူ သိတတ်နေပြီလေ။  ဒီအရွယ် ဆိုတာ မိဘက တစ်ပူပူ တစ်ဆူဆူ လုပ်တာ ကို စိတ်ပျက်တတ်ကြပေမယ့် မိဘ ရဲ့တိုက်တွန်း အားပေးမှုတွေ ကိုတော့ အလွန်အမင်းကို လိုအပ် တတ်ကြပါတယ်။ အဲဒီလို စိတ်အခြေအနေမျိုး မှာ အလက်ဇန္ဒားက ရှင့်ကို ရုတ်တရက်ကြီး ဆုံးရှုံးလိုက်ရတာကိုး။ ဘရိတ်ပေါက်သွားတဲ့ ကားတစ်စီးလို ဖြစ်သွားရတဲ့ သူ့အတွက်လည်း ကျန်မိသားစုတွေက စိတ်မကောင်းခဲ့ ရဘူးလေ။

ရှင် နေအိမ်အကျယ်ချုပ် ကျသွားတော့ ကလေးတွေအတွက် လူ့ ဘဝကို လှစ်ဟမယ်ဆိုရင် မမျှော်လင့်ထား တာတွေ တသီကြီး ဖြစ် လာမယ်လို့ တွေးနိုင်သလို အချိန် တန်ရင် လူဆိုတာ ကိုယ့်လမ်း ကိုယ် လျှောက်ရတာ လို့လည်း တွေးနိုင်ပါ တယ်။ ဒါပေမယ့် ကိုယ့်လမ်းကိုယ် လျှောက်မယ့် အစဆုံးခြေလှမ်းအတွက် တော့ မိခင်ဆိုတာ လိုတာပဲလေ။
မသီတာ-စမ်းချောင်း                                         Ref: http://www.myanmarij.com/?p=8160

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၂၆)

ကျွန်မအထင်တော့ ကင်မ်က နောက်ဆုံးစာမေးပွဲမှာ အတော်လေး ကြိုးစားခဲ့ပုံပါ။ သူ့သူငယ်ချင်းတွေ အားလုံး ကတောင်မှ သူ့ကို “မင်းဘယ်လို မျက်လှည့်ပြ လိုက်တာလဲ” လို့ မေးယူရတဲ့ အထိပါပဲ။ အဆင့်အေ သုံးလုံးသာ ရခဲ့ရင် အောက်စ ဖို့ဒ်ဖြစ်ဖြစ်၊ ကိန်းဘရစ်ခ်ျ ဖြစ်ဖြစ်ကို သွားနိုင်မှာ ပါ။ ခုတော့ ကင်မ်က အေအေရပြီး ဒါရ်ဟမ်ကို သွားရမှာကိုး။ ကင်မ်က စာကို အသည်းအသန် မကျက်ချင်သူလေ။ ဒါပေမယ့် ကျွန်မမှတ်မိ နေတာကတော့ စိန့်အက်ဒ်မွန် ကျောင်းရဲ့ကြော်ငြာ တစ်ခုမှာ ကင်မ်က ကျောင်းစာကြည့်တိုက်ထဲက ခုံတစ် ခုံမှာထိုင်ပြီး စာအုပ် တစ်အုပ်ကို ဖွင့်လျက်သား လက်နှစ်ချောင်း ကို ခေါင်းထဲထိုးထည့်ကာ စာအသည်း အသန်ဖတ်နေတဲ့ပုံ သရုပ်ဆောင် ပေးခဲ့ရသေးတာပါ။ အဲဒီပုံလေးကို သဘောကျလို့ ကျွန်မတောင်တစ်ခု တောင်းယူထားမိပါသေး တယ်။ ကင်မ်က ရှင်မှန်းထားခဲ့သလိုပဲ ရုပ် ချောချောလေးဖြစ် လာသလို ရှင်နဲ့လည်း တူလာတယ်နော်။ ကျွန်မတို့ လင်မယားလည်း ကင်မ်ဟာ ဂျပန်က နာမည်ကြီးအဆိုတော် ရုပ်ရှင်မင်းသား ကင်မူတာကူ့ ထက်ကို ပိုချောတယ်လို့ ပြောဖြစ်ကြပါတယ်။

နောက်ပိုင်း ကင်မ့်ဓာတ်ပုံကို အိုဆာကာမှာ ရှိတဲ့ မြန်မာမိတ်ဆွေကို ပြတော့ ကင်မ့်မျက်နှာက မြန်မာသိပ်ဆန်တယ် လို့ ပြော ပါတယ်။ မြန်မာ အမျိုးသားတွေ အားလုံးက သူ့လို ရုပ်ရည်ချောရဲ့လား။ ရှင်ပြောခဲ့ဖူးတာက “အငယ်လေးသာ မြန်မာမိန်းမ ရခဲ့ရင် သူတို့ကလေးက ရာနှုန်းပြည့် မြန်မာလေး ဖြစ်မှာနော်” လို့ပေါ့။ ဒါပေမယ့် ရှင်အဲဒီလို ပြောတိုင်း ကျွန်မကတော့ ရှင်ဟာ ကိုယ့်စကားလုံးကို ကိုယ်ဘယ်လို ပြောမိကြောင်း သိရဲ့လားလို့ တွေးဖူးပါတယ်။ စဉ်းစားကြည့်လေ။ ကင်မ့်မျိုးဆက် တစ်လျှောက် မြန်မာမိန်းမကို ဘယ်လောက်ထိ ယူကြမှာတဲ့ လဲ။ သူတို့ကိုလည်း ဘယ်တော့မှ ရာနှုန်းပြည့် မြန်မာ လို့ ခေါ်နိုင်မှာ မဟုတ်ဘူးလေ။ ရှင်ဟာ ဒီကလေးအတွက် မြန်မာ့ အနာဂတ် ဆိုတာမျိုးကို ခပ်ပါးပါးလေး မျှော်နေ မိလေလားဟင်။

ကင်မ့် အချစ်

မီဒိုးဆိပ်ကမ်း ပွဲတော်ဆိုတာ အင်္ဂလန်မှာတော့ လူငယ်တွေ ညလုံး ပေါက် ပျော်ကြကဲကြတဲ့ပွဲတော်ပေါ့။ ကင်မ်လည်း ပွဲတော်သွားလိုက်တာ မိုးလင်းမှ ပြန်လာခဲ့ပါတယ်။ အဲဒီနေ့ မနက်က ကျွန်မတို့ မိုက်ကယ့်ဆီ ရောက်တော့ သူက သူ့နောက် ကို တိုးတိုးတိတ်တိတ် လိုက်ခဲ့ဖို့ ခြေဟန် လက်ဟန်နဲ့ပြောလာလေရဲ့။ မိုက် ကယ့်ကုတင်ပေါ်မှာ အသက်မဲ့သလို အိပ်မော ကျနေတဲ့ ကင်မ့်ကိုပြရင်း မိုက်ကယ်က “ညက တစ်ညလုံး မီဒိုးပွဲတော်မှာ ပျော်နေခဲ့တာလေ။ ခု တော့ ခေါင်မိုးထပ်ထိ တက်ဖို့တောင် ခွန်အား မရှိတော့ဘဲ ကျွန်တော့ ကုတင်ပေါ်မှာ လာအိပ်နေလေရဲ့” လို့ ဆိုပါတယ်။ မိုက်ကယ့် ကြည့်ရတာ သူ့ကုတင်မှာ လာအိပ်နေတဲ့ သား ငယ် ကလေးကို ကြည့်ပြီး ပီတိတွေ ဖြာနေတဲ့ ဖခင်တစ်ယောက်အသွင် ပါ။ ရှင် မရှိတော့တဲ့နောက် ကင်မ်က သူ့အနားမှာ အမြဲလို ရှိနေခဲ့တဲ့ အတွက် မိုက်ကယ်ဟာ ကင်မ့်ကို ချစ်ပုံ ရပါတယ်။

အဲဒီနှစ် နွေရာသီကုန်ခါနီး တစ်မနက်မှာတော့ မိုက်ကယ့်အိမ်ကို ကျွန်မတို့ ဝင်လည်ဖြစ်ကြပါတယ်။ ဟန်ဂေရီ က ပြန်ရောက် ခါစမို့ လက်ဆောင် ဝင်ပေးဖို့ပေါ့။ သူတို့ဧည့်ခန်းနဲ့ထမင်းစားခန်း အလယ်ကောင်မှာတော့ အပြာရောင် သေတ္တာကြီး တစ်လုံးကို တွေ့ရကာ အထဲမှာ အင်္ကျီအဝတ်အစားတွေ၊ မီးဖိုချောင်သုံး ပစ္စည်း တွေနဲ့ တခြားတိုလီမုတ်စတွေ ရှိနေပါတယ်။ အားလုံးက အသစ်စက်စက် တွေပါ။ ကင်မ့်ရဲ့ ဂစ်တာလေး ကလည်း အဲဒီပစ္စည်းပုံနား မှီလို့ပေါ့။ ကျွန်မတို့လည်း ကင်မ် ဒါရ်ဟမ်ကောလိပ်ကို မနက်ဖြန်မှာ ထွက်သွားတော့ မယ်မှန်း မသိတတ်ခဲ့ဘူးလေ။
ကျွန်မတို့ လက်ဆောင်ပေးတဲ့ ဟန်ဂေ ရီချောကလက်နဲ့ ဆလာမီ တွေကို ထုပ်ပိုးပြီး အဲဒီပစ္စည်း သေတ္တာထဲ ထည့်ရင်း “ကင်မ်ထွက် သွားပြီးရင်တော့ ကျွန်တော် တကယ်ပဲ အထီးကျန်တော့မှာပါ” လို့ မိုက်ကယ်က ဆိုပါတယ်။ ကင်မ်က နောက်ကျော ခိုင်းထားတာမို့ မိုက်ကယ် ပြောတာတွေ မကြားပါစေနဲ့လို့ ဆုတောင်းရင်း ကျွန်မလည်း ခေါင်း အသာ ညိတ်ပြကာ နှုတ်ဆိတ်ခဲ့မိပါ တယ်။

နောက်ဆယ်ရက်လောက် အကြာမှာတော့ မိုက်ကယ်တစ်ယောက် အရမ်းကို အထီးကျန်နေပြီလို့ တွေးကာ ဖုန်းလှမ်း ဆက်လိုက်ပါတယ်။ ကျွန်မ အံ့ဩသွားရတာက ဖုန်းကိုင် သူဟာ ကင်မ်ဖြစ်နေလို့ပါပဲ။ “ကင်မ် ဘာဖြစ်လို့ အိမ်မှာရှိနေတာလဲ”  “ဟမ်…ဒယ်ဒီနဲ့အတူ ဒါရ်ဟမ် ကိုသွားခဲ့တယ်မဟုတ်လား” “ဟုတ်” “ဒါဆို အခု ဘာလို့ အိမ်မှာရှိနေရတာ လဲ၊ ဘာလဲ ဒါရ်ဟမ်က ပျင်းစရာ ကောင်းလို့လား” “ဟမ်….” အဲဒီလို ဘာမှမေးစမ်းမရတဲ့ အဖြေတွေ ကြောင့် ကျွန်မလည်း ဘာမှဆက်မ မေးတော့ဘဲ ခဏနေရင် ညလယ်စာ လာစားဖို့ ပြောပြီး ဖုန်းချလိုက်ပါတယ်။

အဲဒီနေ့ကစပြီး ကျွန်မတို့လည်း သူတို့တိုက်ခန်းလေးမှာ ကင့်မ် ကောင်မလေးကို မကြာခဏတွေ့ ကြရတော့ တာပါပဲ။ သူတို့က မီဒိုးပွဲတော်မှာ တွေ့ခဲ့ကြတာလို့ ဆိုပါတယ်။ ကောင်မလေးက လန်ဒန်စီးပွားရေး တက္ကသိုလ် က ဥပဒေပညာနဲ့ ဘွဲ့ရသူပါ။ ရှေ့နေ ရုံးခန်းတစ်ခုမှာလည်း အမှုလိုက်ရှေ့နေရဲ့ လက်ထောက် အဖြစ် ကြိုးစားနေသူပေါ့။ သူက ကင်မ့်ထက် ၈ နှစ်ကြီးကာ ပညာတော့ တော်သူပေါ့။ ကင်မ့် ကြည့်ရတာ ကောင်မလေးကို အတော်ကြီး ချစ်နေပုံပါပဲ။ သူတို့ နှစ်ယောက် ကို တွေ့လိုက်ရင် စာအုပ် တစ်အုပ်အုပ်ကို အတူဖတ် နေတတ်ပါတယ်။ ဟိုနေ့ကတော့ “အာနက်စတို ချေဂွေဗားရား” ကို ဖတ်နေကြတာပါ။ ကင်မ်က အဲဒီစာအုပ်ကို ဘာကြောင့် သဘောကျလဲ ဆိုတာတော့ ကျွန်မ မသိပါဘူး။ မြန်မာပြည်မှာ ကျူးဘား တော်လှန် ရေးမျိုး ဖြစ်စေချင်နေလို့လား။

ကျွန်မခင်ပွန်းကတော့ ကင်မ့်ဘက်က ကောင်မလေးကို အသက်လည်း ကြီးလေတော့ မိခင်တစ်ယောက် လိုပါ တွယ်တာ ချစ်မြတ်နိုး တာမျိုး ဖြစ်နိုင်တယ် လို့ တွေးနိုင်ပေ မယ့် ကောင်မလေးဘက်ကကြည့်ရင် ကင်မ့်ကို ဘာကြောင့် ချစ်တာလဲဆိုတာ တွေးရခက်တယ်လို့ ဆိုပါ တယ်။ ကင်မ့်မှာ လမ်းပျောက်သလို ဖြစ်နေတယ် မဟုတ်လား။ တချို့လူ တွေ ကတော့ နိုဘယ်ဆုရှင်ဖြစ်တဲ့ ရှင့်ရဲ့ ကျော်ကြားမှုကြောင့်လို့ ပြော တတ်ကြပါတယ်။ ဒါပေမယ့် ဘယ် သူကမှ အဖြေမှန်ကို တပ်အပ် မသိ နိုင်ကြပါဘူးလေ။ ကျွန်မတို့က အပြင်လူတွေပဲဟာ။

ကောင်မလေးက မိုက်ကယ်တို့ တိုက်ခန်းလေးကို ပြောင်းလာပြီးတဲ့ နောက်မှာတော့ အခြေအနေက တည်ငြိမ် သွားသလို ပါပဲ။ ဒါပေမယ့် ရှင့်အနေနဲ့ ထမင်းစား စားပွဲပေါ်မှာ အရသာရှိမယ့် စားစရာတွေရောက် လာလိမ့်မယ် ဒါမှမဟုတ် အခန်းလေး သန့်ရှင်းသွားလိမ့်မယ်လို့တော့ မမျှော်လေနဲ့နော်။ ဒါပေမယ့် ဖုန်းထဲမှာ ကောင်မလေးနဲ့ စကားပြောရင် သူ့ရဲ့ အင်္ဂလိပ်စကားက ကောင်းလွန်းလို့ သဘောတွေကျနေမိပါတယ်။ သူက တကယ့်ကို ပညာ တတ်လေးပါ။ တစ်နေ့တော့ မိုက်ကယ်က ကျွန်မကို “နိုရီကိုရေ ကောင်မလေးကို ဘယ်လိုထင်လဲ”လို့ မေးလာ ပါတယ်။ ကျွန်မလည်း ဘာ ပြန်ဖြေရမှန်း မသိဘဲ နှုတ်ဆိတ်နေ မိတာပါ။ ကျွန်မက စုဟာ မြန်မာမလေး တစ်ယောက်ကို လိုချင်တာလို့ ပြောချင်ပေမယ့် မိုက်ကယ်က အခုကောင်မလေးကို လက်ခံလိုပုံပါ။ အဲဒီအချိန် က ဘာမှပြန်မပြော ဖြစ်တာ ကိုတော့ ကျွန်မနောင်တ ရမိပါတယ်။

နောက်နှစ်နွေမှာ မိုက်ကယ့်ဆီ သွားလည်ကြတော့ သူက တစ်ယောက်တည်း ဖြစ်နေပါတယ်။  မိုက်ကယ်က ကျွန်မတို့ ဓာတ်လှေကားက ထွက်အလာကို တံခါးဖွင့် ပြီး ကြိုနေပါတယ်။ မိုက်ကယ့် အမူအရာကြည့်ရတာ ကင်မ်တို့ နှစ်ယောက်ကို လက်ထပ်ပေးမှ သင့်တော်မယ်လို့ တွေးနေပုံပါ။ အဖေ တစ်ယောက်အနေနဲ့ သူကပဲ တာ ဝန်ယူပေးမှ ဖြစ်တော့မယ့် အနေအထား ကိုလည်း သဘောပေါက်နေပုံပါပဲ။


မသီတာ(စမ်းချောင်း)                    http://www.myanmarij.com/?p=7991  Ref:                    

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၂၅)

ကင်မ်ကတော့ ကျွန်မတို့က သူနဲ့ သူ့ကောင်မလေးကို သတိထားမိသွားကြောင်း မသိချင်ယောင် ဆောင်နေပုံ ပါပဲ။ သူက နေဖင်ထိုးမှထပြီး စာမကျက်၊ အလုပ်မလုပ်နဲ့ လည်ရာပြန်စားရေးပဲ လုပ်နေပေမယ့် ကောင်မလေး တွေက သူ့ကို သဘောကျကြတယ်လေ။ ဒယ်ဒီ မိုက်ကယ်ကလည်း သူ့ကို မဆူပါဘူး။ ဒါပေမယ့် သူ့စိတ်ထဲမှာ တော့ အန်ကယ် အို့စုနဲ့ အန်တီနိုရီကိုဟာ သူ့ကို သိပ်မရွှင်မပျနဲ့ ကြည့်ကြည့် နေတယ်လို့ သတိထားမိပုံပါ။ ဒီနှစ်ယောက်က သူ့မိဘတွေနဲ့ သွေး မတော် သားမစပ်ပေမယ့် သူ့ကိုယ်သူတောင် လူမှန်းမသိတတ်သေးခင်က တည်းက သူ့ကိုရော မိသားစုကိုပါ သိနေခဲ့ပြန်ရော။ တကယ်တော့ စည်းနဲ့ကမ်းနဲ့ တင်းကျပ်မယ့် မိခင်ရယ် လို့ မရှိခဲ့တဲ့အတွက် ကင်မ့်အတွက်က နတ်ပြည်မှာလိုလို ဖြစ်ခဲ့ပေမယ့် တကယ့် အနေအထားမှာတော့ ငရဲလို့ပဲ ဆိုရမှာပါ။


အဲဒီညက ဧည့်ခံပွဲမှာတော့ မိုက်ကယ်က လူတွေအားလုံးရဲ့လှိုက်လှိုက်လှဲလှဲ အားပေးမှုကို ရခဲ့တာ အမှန်ပါ။ နိစ္စဓူဝ ဘဝကနေ ထွက် ပြေးခွင့်ရသလိုလည်း ဖြစ်နေတာမို့ မိုက်ကယ်က ပန်းချီကား ပေးအပ်ပွဲကြီးမှာ တည်ခင်း ဧည့်ခံတဲ့ မြန်မာ မိန်းကလေးတွေရဲ့ ဖျော်ဖြေပွဲကို သူ သိပ်သဘောကျခဲ့ပါတယ်။ မြန်မာ မိန်းကလေးတွေက မြန်မာ့ အကနဲ့လည်း စဖျော်ဖြေရော မိုက်ကယ်ဟာ ကျွန်မတို့ရှေ့က မြက်ခင်းအလယ်မှာ ထိုင်ချလိုက်ပြီးတော့ ကို ကြည့်တော့တာ ပါပဲ။ မိန်းကလေးတွေ ကတဲ့အခါ ကိုယ်ခန္ဓာကို ယိမ်းရင် သူကပါ လက်တွေ ဘာတွေ ကွေးဆန့်ပြီး လိုက်ယိမ်းနေတာကြောင့် ကျွန်မတို့ အတွက်ကတော့ အဲဒီညက ပြဿနာပါ။ ဓာတ်ပုံလည်း ရိုက်ရ အဆင်မပြေပေါ့။ ရိုက်လိုက်တိုင်း မိုက်ကယ့်နောက်က ခေါင်းပြောင်ပြောင်က ကွယ်ကွယ်နေတာကိုး။ ကျွန်မ တို့က မတ်တပ်ထရပ်ပြီး ဓာတ်ပုံ ရိုက်မယ် ဆိုရင်တော့ ရသပေါ့။ ဒါပေမယ့် အနောက်က ထိုင်နေသူ တွေကို အားနာတာနဲ့ပဲ မိုက်ကယ့် နောက်စေ့ပါတဲ့ ဓာတ်ပုံတွေချည်းပဲ ကျွန်မတို့ ရိုက်ခဲ့ကြပါတော့တယ်။ သူ့ကြောင့်သာ မဟုတ်ရင် ကျွန်မတို့ဟာ အနုပညာမြောက် ဓာတ်ပုံတွေ ဘာတွေတောင် ရိုက်ချင်ရိုက်နိုင် ခဲ့မှာပါ။ အကမှာပါတဲ့ မြန်မာမိန်းကလေးတွေက အင်္ဂလန်မှာ အခြေချနေ နေသူတွေဖြစ်ပြီး သူတို့ ဝတ်ထားတဲ့ ပိုးချိတ်တွေကတော့ မြန်မာပြည်ကနေကို လှမ်းမှာထားတာတွေပါ။ သူတို့က စုနဲ့ မိုက်ကယ့်အတွက်လို့ ရည်ရွယ်ကာ သူတို့စုထားသမျှလေး တွေကို ဒီပွဲအတွက် အကုန်ခံခဲ့ကြတယ်လို့ ဆိုရမှာပါ။ ရောင်စုံရိုးရာ ဝတ်စုံတွေနဲ့ ခါးတွေ ယိမ်းနွဲ့ကာ သူတို့ကပုံက လှလွန်း ကျက်သရေ ရှိလွန်းတော့ “အိုး ကျွန်တော် ဒီအရှေ့ တိုင်းသူတွေရဲ့ အလှကို သိပ်သဘောကျတယ်ဗျာ”လို့ မိုက်ကယ်က တဖွဖွ ဆိုလေရဲ့။ အဲဒီနေ့က စုရဲ့ လူသားအရွယ် ပန်းချီကားကြီးကို မိုက်ကယ်က ရသွားတော့ အားလုံး လိုလိုက ဒီပန်းချီဟာဖြင့် စုတို့အိမ်ရဲ့ ဧည့်ခန်းမကြီးထဲမှာ ချိတ်ဆွဲပြသ ထားမှာပဲလို့ တွေးထင်ခဲ့ကြပါတယ်။ ဒါပေမယ့် မိုက်ကယ်ကတော့ သူ့အိပ်ခန်းထဲကို ယူချသွားခဲ့တာပါ။ သူ့ ကုတင်ခေါင်းရင်းက နံရံမှာချိတ်ပြီး သူက အဲဒီပန်းချီကား အောက် တည့်တည့်မှာ အိပ်တာကိုး။ ဒီတော့ ဒီပန်းချီကားကြီးဟာ ဧည့်ခံပွဲနေ့ မှာပဲ လူအများအတွက် ကြည့်ခွင့် ရခဲ့ပေမယ့် နောက်နေ့က စပြီး မိုက်ကယ်ရဲ့ တစ်ဦးတည်းပိုင် ဖြစ်သွားတော့တာပါ။ အဲဒီနောက်ပိုင်း သူ မကွယ်လွန်ခင် အချိန်ထိ နှစ်နှစ်နီးပါး ကာလမှာ မိုက်ကယ်ဟာ စုပုံတူရဲ့ မျက်မှောက်အောက်မှာ အိပ်သွားခဲ့ တော့တာပါပဲ။ ဒီနေရာလေးဟာ တကယ်တော့ စုနဲ့ မိုက်ကယ်တို့ နှစ်ယောက်ကြားက လျှို့ဝှက်နေရာလေး အဖြစ် မိုက်ကယ် မကွယ်လွန်မချင်း တည်ရှိသွားခဲ့တယ်လို့ဆိုရမှာပါ။

စု မရှိတော့တဲ့ မိုက်ကယ့်ဘဝ (နော်ဟမ်ဥယျာဉ်အိမ်)
 
စု၊
ရှင်က မိုက်ကယ်နဲ့ ကင်မ် တို့ရဲ့ နော်ဟမ်ဥယျာဉ်အိမ်က ဘဝ အကြောင်းကို မသိဘူးမဟုတ်လား။ ဒီတော့ သူတို့ရဲ့ နိစ္စဓူဝ ဘဝ အကြောင်းကို ကျွန်မပြောပြပါရစေ။
မိုက်ကယ့် တိုက်တွန်းမှုကြောင့် သူ ဝယ်ထားတဲ့ အိမ်နဲ့ ငါးအိမ်လောက်ပဲ ဝေးတဲ့နေရာမှာ ကျွန်မတို့ အခန်းလေး ဝယ်ဖြစ်ကြောင်း ပြောခဲ့ပြီး ပြီ နော်။ ကျွန်မတို့ လမ်းထိပ် ဓားလွယ်ခုတ် မှာ ရှိတာက စိန့်မာဂရက်ကော လိပ်ပေါ့။ ကျွန်မတို့တွေ ရယ်စရာ ပြောဖြစ်ခဲ့တာကတော့ ကျွန်မတို့ အခန်းမှာ အလံချိတ်ထားတာ အဖြူ က “အကြော်စုံ” လို့ အနက်ရပြီး အနီက “ဆူရှီ” လို့ အနက်ရကြောင်းပေါ့။ အဲဒီကာလတွေတုန်းက ရှင်နဲ့ မိုက်ကယ် က ဖုန်းနဲ့တော့ အဆက်အသွယ် ရှိနေခဲ့တယ်လေ။ မနက်တိုင်း ကျွန်မတို့ က မိုက်ကယ့်ဆီ သွားလည်တတ်ပြီး မိုက်ကယ်ကလည်း ရှင်နဲ့ ဖုန်းပြောနေကျပါပဲ။ သူက အမူအရာနဲ့ သူနဲ့ စကားပြောနေတာ ရှင်လို့ ပြောပြနေ ကြပါ။ တစ်နေ့တော့ မိုက်ကယ့်အတွက် အိမ်သန့်ရှင်းရေး လာလုပ်ပေးနေတဲ့ ကောင်မလေးကလည်း ရှင်နဲ့ ဖုန်းပြောနေတာကို တွေ့ရပါတယ်။ ကောင်မလေးက ဖုန်းကိုချလိုက်ပြီး မျက်နှာ နီမြန်းမြန်းနဲ့ “အန်တီစုက ကျွန်မကို ပြောတယ်။ အန်ကယ် မိုက်ကယ်ကို အစားတွေ အများကြီး မချက်ကျွေးနေနဲ့တဲ့”လို့ ဆိုပါတယ်။ တကယ်တော့ ကောင်မလေးက မိုက်ကယ်နဲ့ ကင်မ်တို့အတွက် အစားအစာတွေ အများကြီး ယူလာနေကျပါပဲ။ ရှင်က အဲဒီလောက် အဝေးကြီးကနေတောင် မိုက်ကယ်နဲ့ ကင်မ့်ကို ထိန်းချုပ်ထားခဲ့ တာပဲနော်။
မိုက်ကယ်က အဲဒီအချိန်မှာ ကင်မ့်အနေနဲ့ အထက်တန်းကျောင်း စာမေးပွဲကို အဆင့်အေ မရမှာ ပူနေခဲ့တာပါ။ ကင်မ်ရော မိုက်ကယ်က စိတ်ပူပန်မှုတွေကို ထုတ်မပြခဲ့ပေမယ့် စပ်စု ပူပန်စိတ်ကြီးတဲ့ ကျွန်မနိုရီကို ကတော့ သူတို့စိတ်တွေ ပိုပြီး တည်ငြိမ်အောင်ဆိုကာ စားကောင်း သောက်ဖွယ်တွေနဲ့ ဂရုစိုက်ဖြစ်ခဲ့ပါတယ်။ ရှင်က သူတို့ကို အစာတွေ အများကြီး မစားစေချင်တာ သိပေမယ့် ရှင့်ဆီက နည်းနည်းတော့ အမုန်းခံမှ ဖြစ်မှာပါ။ ရှင်ကိုယ်တိုင် ပြင်ကျွေးရမယ့် အစားအသောက် ပမာဏလောက်တော့ ကျွန်မက အပိုလေးပြင်ပေးတာ သဘာဝကျရဲ့ မဟုတ်လားလေ။

ကင်မ်က ကျွန်မကို မေးနေကျ ရှိပါတယ်။ “အန်တီနိုရီကိုက ဘာလို့ အများကြီးမစားရတာလဲ” တဲ့။ “ချက် ပြုတ်ပြင် ဆင်ရင်း မြည်းစား စားရတာကို စားပွဲမှာ ထိုင်စား ရတာထက် ကြိုက်လို့ပေါ့”လို့ ကျွန်မက ပြန်ဖြေခဲ့ ဖူးပါတယ်။ ကျွန်မက သူတို့သားအဖကို ဖုန်းဆက်ပြီး “ညလယ်စာ အဆင်သင့်ဖြစ်ပြီနော်” လို့ ပြောတဲ့ အခါ ကင်မ်က သူငယ်ချင်းတချို့ ကိုတောင် ခေါ်လာတတ်ပါတယ်။ “အန်တီ နိုရီကိုက မြည်းနေရတာနဲ့ မစားနိုင်ဘူး ကွ။ ဒီတော့ မင်းတို့ စိတ်ကြိုက်သာ စားကြ”လို့ ပြောလေ ရဲ့။ ကင်မ်ကတော့ ကလေးဘဝက နေ ခုထိ ဘာဆို ဘာမှ မပြောင်းလဲဘူးနော်။ ဟုတ်တယ် ဟုတ်။ မိုက်ကယ် အိမ်မှာ မရှိချိန်ဆို ကင်မ်နဲ့ သူ့ သူငယ်ချင်းတွေက လာစားပြီး ကျေးဇူးတင်တယ် ဆိုကာ ပန်းကန်တွေ ကူဆေးပြီး လစ်ပြေးကြတော့တာပဲ။ ဒါပေမယ့် တော်တော် လေးကြာတဲ့ အခါကင်မ်က တစ်ခေါက် ပြန်ရောက် လာပြီး “ဒယ်ဒီ့ဖို့ ထုပ်ပေးလိုက်ဦးနော်”လို့ လာပြောတော့ တာပါပဲ။ စုရယ် ရှင် စိတ်ပူမနေပါနဲ့။ ကျွန်မက ကိုယ့်ဝေစုကိုတော့ မပေးလိုက်တတ်ပါဘူး။ ကျွန်မက ကင်မ်နဲ့ သူ့ သူငယ်ချင်းတွေကို ကျွေးမွေးရတာ စိတ်ချမ်းသာပျော်ရွှင်ပြီး ဝလာလိုက် တာ ခုဆို အရင်ကထက် နှစ်ဆဖြစ် နေပြီလေ။

ရုပ်ချောတဲ့ ကင်မ်

ကင်မ့်ကို ဒါရ်ဟမ်တက္ကသိုလ်က ဝင်ခွင့်လက်ခံတယ် ဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ နော်ဟမ် ဥယျာဉ် အိမ်မှာ သက်ပြင်းတွေ ချလိုက်နိုင်ပါပြီ။ မိုက်ကယ်က ရှင့်ဆီကို ကင်မ်က ဒါရ်ဟမ်မှာ လူမှုရေးဘာသာနဲ့ ကျောင်းဝင်ခွင့်ရ တယ်လို့ ဖုန်းနဲ့ လှမ်းပြောတော့ ရှင်က သိသားပဲလို့ ဖြေသတဲ့။ အဲဒါကို မိုက်ကယ်က ရှင် ဘယ်လို သိနေတာပါလိမ့်လို့ အံ့သြနေတာပါ။ “အဲဒါ မိခင်စိတ်ပေါ့”လို့ ကျွန်မက ဖြေဖြစ်ခဲ့ပါတယ်။ မိုက်ကယ် က ငွေကို စိစိစစ်စစ် သုံးနေရပေမယ့် ကင်မ့်ကို ပုဂလိက ကျောင်းကောင်းကောင်းမှာ တစ်လ ပေါင်တစ်ထောင် အကုန်ခံပြီး ကျောင်းထားခဲ့တာ ဖြစ် ပါတယ်။ သူ့အားထုတ်မှုရဲ့ အသီးအပွင့်ကို ခုလိုတွေ့ရလေတော့ မိုက် ကယ်က “ဒီရင်းနှီးမြှုပ်နှံမှုကတကယ် ကောင်းသွားတာပဲ”လို့ ဆိုပါတယ်။
မသီတာ-စမ်းချောင်း                      Ref: http://www.myanmarij.com/?p=7743

Wednesday, 12 December 2012

အချီညီ၊ အချညီ၊ ပဒညီ၊ ပိုဒ်စုံရတုတော်

အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့၊ သီရိမင်္ဂလာကျောင်းတိုက်တော်တွင် ကျင်းပပြုလုပ်အပ်သော တတိယအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အထိမ်းအမှတ် 
အချီညီ၊ အချညီ၊ ပဒညီ၊ ပိုဒ်စုံရတုတော် 

 ရေးသားသူ= အရှင်အဂ္ဂဥာဏ (လှည်းကူး) ဆစ်ဒနီ၊ သြစတေးလျနိုင်ငံ။ 

 အောင်ကြောင်းဝေဖြာ။ ။ အောင်မင်္ဂလာနှင့်၊ အောင်ရာနိမိတ်၊ အောင်ဟိတ်သီကာ၊ အောင်ဝဠာမှ၊ ကြွလာရွှင်လတ်၊ ဗြဟ္မာနတ်တို့၊ နှစ်သက်ပေါင်းစု၊ ခါယခုတွင်၊ ဥတုအေးချမ်း၊ သစ်ပင်-ပန်းတို့၊ လန်းဆန်းစိုပြည်၊ လှိုင်လှိုင်ဝေသား၊ အမေရိက၊ နိုင်ငံလှ၏၊ ပေါ့တလန်ခေါ်၊ ရွှေမြို့တော်ရှိ၊ ထင်ပေါ်ဂုဏ်ပြည့်၊ သီရိမင်္ဂလာ၊ ကျောင်းဝိဟာတွင်၊ ဖြာဖြာထူးဆန်း၊ မြတ်ပဌာန်းကို၊ မဂ်လမ်းကိုရည်၊ တောင်းဆုသီ၍၊ စုံညီဖျဖျ၊ ပူဇော်ကြသော်၊ တတိယအကြိမ်၊ ခါအချိန်ရောက်၊ ထိန်ထိန်တောက်၏၊ အံ့လောက်စေတနာ၊ ဝေေ၀ဖြာလျက်၊ ထေရ်ဆရာနှစ်ပါး၊ တပည့်သားတို့၊ ပြုငြားညီညာ၊ မင်္ဂလာသည်။ ။ သေချာ အောင်ကြောင်းဝေဖို့ဘုရား။ 

နောင်ကောင်းစေရာ။ ။ ကရုဏာဖြင့်၊ ထေရာ(ဦး)သီရိန္ဒ၊ ဦးစက္ကိန္ဒဟု၊ ဘိဝံသ-သညာ၊ ထေရ်ဆရာရှင့်၊ နှစ်ဖြာဓူရ၊ ပြည့်စုံလှဘိ၊ တည်ထ၀ိဟာ၊ သီရိမင်္ဂလာဝယ်၊ နောင်လာအများ၊ အမျိုးသားတို့၊ တိုးပွားပြည့်စုံ၊ မျိုးမြန်ဂုဏ်ကို၊ ကုံလုံထိန်းရန်၊ မြတ်နိုးတန်ဟု၊ မြန်မာစာသင်တန်း၊ ခေတ်သစ်ဆန်းလျက်။ တက်လှမ်းစေကုန်၊ ဘက်ပေါင်းစုံမှ၊ မြန်ဟုန်မလစ်၊ ဂလိုဘယ်ခေတ်တွင်၊ စုံသစ်ဝေဖြာ၊ ချိန်တိုင်းပါ၍၊ မေတ္တာဥယျာဉ်၊ ၀ဘ်ဆိုက်တင်၏်၊ စီစဉ်တိုးဆင့်၊ တိုက်ရိုက်လွှင့်ဘိ။ တပ်ဆင့်ကုသိုလ်၊ မြန်ဗဟိုမှ၊ ကွန်းခိုကြွလှမ်း၊ ဧည့်အဆန်းကို၊ လက်ကမ်းကြိုသား၊ ရဟန်းခံ-ရှင်ပြု၊ နှစ်စဉ်ကုသလာ၊ အဖြာဖြာသည်။ ။ ဝေနေယျာနောင်ကောင်းစေဖို့ဘုရား။ 

 ရောင်မောင်းတေဇာ။ ။ တို့မြတ်စွာ၏၊ ဖြာဖြာအံ့ဖွယ်၊ နည်းစုံချယ်သည့်၊ ပေါကြွယ်ထူးဆန်း၊ မြတ်ပဌာန်းကို၊ မျှော်မှန်းကြည်ညို၊ စေတနာပို၍၊ ထိုထိုများစွာ၊ သတ္တ၀ါတို့၊ ခုခါမျက်မှောက်၊ တန်ခိုးတောက်လျက်၊ မဖောက်ကျန်းမာ၊ ဘေးဘယခွါ၍၊ သက်ရှည်ပါကြောင်း၊ ဆုမွန်တောင်း၏၊ ထပ်လောင်းဆင့်ဆို၊ မြတ်ကုသိုလ်ဟု၊ ထိုထိုပေါင်းစု၊ မြတ်ကောင်းမှု့ကြောင့်၊ ယခု-သံသရာ၊ ဘ၀များစွာ၌၊ ဖြာဖြာကောင်းကျိုး၊ လွန်ပွားတိုးလျက်၊ အမျိုးဘာသာ၊ သာသနာကို၊ ကောင်းစွာစောင့်ရှောက်၊ နိဗ`္ဗာန်ပေါက်စေ၊ မြတ်ဗုဒ္ဓေ၏၊ ရှစ်ထွေအံ့ဖွယ်၊ သမုဒ်ကြယ်သို့၊ နှိုင်းသွယ်ဥပမာ၊ ထိန်ထိန်သာကြောင်း၊ စိတ်ရင်းကောင်းနှင့်၊ ထပ်လောင်းပတ္ထနာ သာသနာသည်။ ။ တေဇာရောင်မောင်းစေဖို့ဘုရား။ ။

Tuesday, 11 December 2012

အရှင်အဂ္ဂဥာဏ (လှည်းကူး) ရေးသားပူဇော်သည့် တေးထပ်


အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့၊ သီရိမင်္ဂလာကျောင်း။
(၃) ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အထိမ်းအမှတ် တေးထပ်
ရေးသားပူဇော်သူ- အရှင်အဂ္ဂဥာဏ (လှည်းကူး)

+       မင်္ဂလာထိန်ထိန်တင့်ပါလို့၊ (ဦး) သီရိန္ဒထေရ်မဟာ
(ဦး) စက္ကိန္ဒ ထေရ်ဆရာလျှင်၊ ဗွေဝဠာ အံ့မခန်း၊
သုံးကြိမ်းမြောက်လှ ကျင်းပပါသည်၊ မဟာဒေသနာ မြတ်ပဌာန်း။

+       ပေါ့တလန်ရှိ သီရိမင်္ဂလာမှာ၊ သာသနာ တင့်ကြောင်း၊
မြန်မာစာ သင်ကျောင်းနှင့်၊ ရှင်လောင်းလှဲ့ ဝေစည်။
ဝဘ်ဆိုက်တည်ထောင် မျှဝေပြူပါလို့၊
မေတ္တာဥယျာဉ် မည်ခဲ့လေပြီ။     

+       ထေရ်မဟာ နှစ်ပါးမှ၊ လုပ်အားတူညီ
အဟုတ်မကြွား အလီလီ အေးစေကြောင်းပေမို့၊
လူရှင်အပေါင်း ကြည်ဘိ အစဉ်ပမာ၊
သီရိမင်္ဂလာ။    

+       ပဌာန်းပွဲလှ၊ ကျင်းပပါသည်။ မယွင်းပ သာသနာ ၊ ပွင့်ကြောင်းစေဘို့လေး။ 
+       ပေါ့တလန်ရှိ၊ ၊သီရီမင်္ဂလာ၊ ပီတိဘ၀င်မှာ၊ တင့်ကြောင်းပေမို့လေး။ ။
+       ဒါနကောင်းမှု၊ ပေါင်းစုဝေဖြာ၊ တောင်းဆုစေတနာ ဆင့်ကြောင်းပေမို့လေး။