ဆစ်ဒနီသူ၊ ဆစ်ဒနီသားတွေဟာ Sydneysiders ဟု လူသိများ ထင်ရှားပါတယ်။ သူတို့တွေဟာ ကွဲပြားခြားနားတဲ့ လူမျိုးစုနောက်ခံတွေကတဆင့် လာကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အများသုံးစကားကတော့ ချွှဲချွှဲပျစ်ပျစ်ပြောရတဲ့ အင်္ဂလိပ်စကားပါပဲ။ အစောပိုင်း အခြေချသူတွေရဲ့ မူလနေရာဖြစ်တဲ့ အင်္ဂလန်အရှေ့ပိုင်းမှာပြောတဲ့ Cockney စကားတော်တော်များများကို ချေးငှါးထားတာပါ။
အဘော်ရိဂျင်းလူဦးရေ
အဘော်ရိဂျင်းလူဦးရေဟာ ဆစ်ဒနီလူဦးရေရဲ့ (၁) ရာခိုင်နှုန်းပဲရှိပါတယ်။ ဒါပေမယ့် တနေ့တခြားတော့ တိုးတတ်လာပါတယ်။ ဆစ်ဒနီမှာရှိကြတဲ့ အဘော်ရိဂျင်းတွေကတော့ သူတို့ကို သူတို့
Koori လို့ခေါ်ကြတယ်။ koori ဆိုတာကတော့ လူထဲက လူတယောက် လို့ ဆိုလိုတာပါပဲ။ koori တွေဟာ ခေတ်သစ်အချိန်တော်တော်များများအထိ အခြေခံ လူ့အခွင့်အရေးတွေကို ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။ ပြီးတော့ ၁၉၆၇ တိုင်အောင် မဲပေးခွင့်မရှိပါဘူး။ အဲဒီအချိန်ကစပြီး သူတို့ဟာ အခွင့်အရေးတွေ အပြည့်အ၀ ရရှိရေးအတွက် ကြိုးပမ်းခဲ့ကြပါတယ်။ ၀မ်းနည်းစရာကောင်းတာကတော့ သူတို့အများစုဟာ ဆစ်ဒနီမှာ အဆင်းရဲဆုံးဖြစ်နေရတာပါပဲ။ အများစုကတော့ Redfern နဲ့ La Perouse လို နေရာမျိုးမှာ နေထိုင်ကြပါတယ်။ သူတို့ရဲ့အားနည်းချက်ကတော့ သူတို့ဟာ ပြစ်မှု့တွေကို ကျူးလွန်ကြခြင်း၊ အရက်စွဲနေကြခြင်းတွေပါပဲ။
ဗြိတိန်နှင့်ဆက်စပ်ခြင်း
ဆစ်ဒနီရဲ့ သမိုင်းကြောင်း တော်တော်များများကို ဗြိတိသျှကျွန်းငယ်လေးက ပြောင်းရွေ့အခြေချသူတွေက ထိန်းချုပ်ထားပါတယ်။ ၁၉၄၇ မှသည် ၁၉၈၂ အထိ သြစတေးလျအစိုးရက ဈေးပေါတဲ့ လက်မှတ်တွေကို အခမဲ့ပေးခဲ့ပါတယ်။ ဥပမာအားဖြင့် ပေါင်စတာလင် ၁၀ (သြစတေးလျဒေါ်လာ ၁၆) ပေါ့။ ၁၉၅၀ လောက်က ယင်းငွေကြေးက စက်ဘီးတစီးလောက်တော့ ၀ယ်နိုင်ပါတယ်။ ပြောင်းရွေ့အခြေချလာသူတွေ သြစတေးလျမှာ ဘ၀သစ် စနိုင်ဖို့အတွက် ရည်ရွယ်သည်ဟုဆိုပါတယ်။ ဥရောပတိုက်သားတွေနဲ့ အာရှအနောက်ပိုင်းသားတွေကိုလည်း အခြေချဖို့ ဖိတ်ခဲ့ပါသေးတယ်။ ယနေ့အချိန်မှာတော့ ဆစ်ဒနီသူ၊ ဆစ်ဒနီသား အများစုကတော့ ဗြိတိန်ကနေ ဆင်းသက်လာသူတွေပဲ များပါတယ်။ ဒါကြောင့် ဆစ်ဒနီဟာ ဗြိတိန်လူငယ်ထောင်ပေါင်းများစွာတို့ နှစ်စဉ်လာရောက်လည်ပတ်ရာ နေရာလည်း ဖြစ်လာပါတယ်။
အစောဆုံး တရုတ် အခြေချသူများ
၁၈၅၀ လောက်မှာ ရွှေတူးရန်အတွက် တရုတ်လူမျိုးတွေဟာ ဆစ်ဒနီမှာ အခြေချလာခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ တရုတ်တွေဟာ အဆက်မပျက် ဆစ်ဒနီကို ရောက်နေကြပါတယ်။ ဆစ်ဒနီမှာ တရုတ်ဘာသာနဲ့ သတင်းစာကိုလည်း ထုတ်ဝေပါတယ်။ Dixon Street မှာ Chinatown ဆိုတာရှိပြီး Darling Harbour ရဲ့အနီးက Chinese Garden ကတော့ တရုတ်ရဲ့ အရှေ့တောင်မြို့တော် Guangzhou မှ ဆစ်ဒနီသူ၊ ဆစ်ဒနီသားတွေအတွက် လက်ဆောင်တစ်ခုပဲ ဖြစ်ပါတယ်။
( Chinese Garden ရှေ့မှာ စာရေးသူအမှတ်တရ )
အသစ်ပြောင်းလာသူများ
၁၉၀၁ မှာတော့ တရားဝင်ပြောင်းရွေ့အခြေချမှု့များကို တားမြစ်ခဲ့ပါတယ်။ ၁၉၇၃ မှာတော့ လူမျိုးကြီးဝါဒ White Australia ပေါ်လစီကို ရပ်တန့်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီးတော့ ဆစ်ဒနီဟာ အသစ်ရောက်လာသူတွေ၊ အလုပ်သမားတွေအား ခွန်အားသစ်တစ်ရပ်ကို ပေးတဲ့နေရာတစ်ခု ဖြစ်လာပါတယ်။
အခြေချလာသူ (၈) ယောက်မှာ (၃) ယောက်ကတော့ ဆစ်ဒနီမှာနေဖို့ရွေးကြပါတယ်။ ယခုအခါမှာတော့ ဆစ်ဒနီဟာ လူမျိုးနွယ်စုပေါင်း (၁၈၀) ကျော်နဲ့ ဘာသာစကားပေါင်း (၁၄၀) ကျော်တို့အတွက် အိမ်တစ်လုံးသဖွယ်ဖြစ်လာပါတယ်။ လူမျိုးအုပ်စုကြီးတွေကတော့ တရုတ်၊ အီတာလျံ၊ လဘနွန်၊ ဂရိ၊ နယူးဇီလန်(ကီဝီ)၊ အိန္ဒိယန်းနဲ့ဗီယက်နမ်တွေပဲဖြစ်ပါတယ်။ ခရိုင်တော်တော်များများဟာ လူမျိုးစုကြီးများရဲ့ ရပ်ကွက်ကြီးများသဖွယ် ဖြစ်လာပါတယ်။ Leichhardt ကတော့ အီတလီနိုင်ငံ အငယ်စားလေးပေါ့။ Surry Hills ကတော့ တူရကီနဲ့ လဘနွန်စားသောက်ဆိုင်များနဲ့ ပြည့်နေပါတယ်။ ဗီယက်နမ်တွေနဲ့ ကမ္ဘောဒီယားတွေကတော့ Cabramatta မှာ နေကြပါတယ်။ ရွှေတွေကတော့ Blacktown ဖက်မှာ အနေများပါတယ်။
ဆစ်ဒနီဟာ သြစတေးလျရဲ့ အခြားသောဒေသများထက် လူမျိုးကြီးဝါဒ ကြီးစိုးမှု့ လျော့နည်းလာပါတယ်။ ဒါပေမယ့်လို့ မကြာသေးမီကတော့ Asylum seeker နဲ့ Refugee တွေနဲ့ ပတ်သက်ပြီးတော့ စကားအခြေအတင် ဆွေးနွေးမှု့များတော့ ရှိနေပါတယ်။
မောင်နေခြည် (လှည်းကူးမြေ)
ဆစ်ဒနီမြို့တော် (အပိုင်း ၆) ကို စောင့်မျှော်ကြပါရန်။
No comments:
Post a Comment