
‘‘စာမေးပွဲဆိုတာ ဘယ်လောက်ပဲပြင်ဆင်လာတယ်ဆိုဆို ကြောက်ကိုကြောက်တယ်။ဘာကြာင့်လဲဆိုတော့ အတော်ဆုံးဆိုတဲ့ သူတွေဖြေဖို့ တော်ချင်မှတော်မယ့်သူတွေက မေးခွန်းထုတ်ထားတာ
ဖြစ်နေလို့ပဲ’’
Charles Colton (1780-1832)
ဗြိတိသျှဘုန်းတော်ကြီးစာရေးဆရာ
ဖတ်ဖူးတဲ့စာမေးပွဲ
ကျွန်တော် သံအမတ်ကြီးဦးသက်ထွန်းရေးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ သူကိုယ်တိုင်ပညာရေးအတွက်ကြိုးပမ်းချက်ကို ဖတ်ကြည့်မိပြီး အတော်လေးအားတက်ခဲ့ဖူးတယ်။
ဦးသက်ထွန်းက ယခင် မြို့မကျောင်း၊ ယခု အထက (၂) ဒဂုံမှာ ကျောင်းတက်ခဲ့တယ်။ စာလည်း အတော်လေးတော်သူဖြစ်ပြီး သူဖြစ်ချင်တာက ဆရာဝန်။ ဒါပေမယ့် ဘယ်ဘာသာတွဲတွေယူရမှန်းမသိလို့ ပါဠိဘာသာတွဲယူပြီး ဆယ်တန်းအောင်လာတယ်။ ကျောင်းအုပ်ကြီးက ပါဠိတွဲနဲ့ ဆရာဝန်လိုင်းတက်လို့မရဘူးဆိုတော့ နောက်ထပ်တစ်နှစ် ဆယ်တန်း ပြန်နေတယ်။ ဘိုင်အိုပြန်ယူတယ်။ စာမေးပွဲပြန်ဖြေတယ်။ အောင်တယ်။ ဆရာဝန်လိုင်းတက်ခွင့်ပြန်ရတယ်။
ဒါပေမယ့် ဆရာဝန်မဖြစ်ချင်တော့ အဲဒီတုန်းက ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီး ကျောင်းပိတ်သွားတယ်။ အင်္ဂလိပ်ခေတ်ပညာရေးမှာ ဟိုစဉ်ကတည်းက ကျောင်းသားတွေအတွက် ရွေးချယ်ပိုင်ခွင့်တွေ အများကြီးပေးထားတယ်ဆိုတာ သွားတွေ့လိုက်ရတယ်။

ကြားဖူးတဲ့စာမေးပွဲ
သူ့နာမည်က ဦးကျော်တဲ့။ ရထားပို့ဆောင်ရေးမှာ တိုင်းမန်နေဂျာအဆင့်အထိ တာဝန်ထမ်း ဆောင်ခဲ့ဖူးတယ်။ ဒါပေမယ့် ကျောင်းလုံးဝမနေခဲ့ရဘူး။ အစဉ်အလာ Formal Education နဲ့ လုံးဝထိတွေ့ခွင့်မရခဲ့သူလို့လည်း ဆိုနိုင်တယ်။ ငယ်စဉ်ကတည်းက ကိုယ့်ဒူးကိုယ်ချွန်ကြိုးစားလာခဲ့သူဖြစ်လို့ ဘူတာရုံမှာ လက်ဖက်ရည်ရောင်း၊ ကြံရည်ရောင်းရင်း ပညာကို ကြိုးစားရှာခဲ့တယ်။
အန်ကယ်ကျော်တို့ခေတ်က ၇ တန်းက အစိုးရစစ်။ ၁ဝ တန်းကအစိုးရစစ်။ ဘူတာမှာအလုပ်လုပ်ရင်း ဘဝကိုရုန်းကန်နေရတဲ့ အန်ကယ်ကျော်ဟာ တစ်နှစ်ထဲမှာ ၇ တန်းကိုဝင်ဖြေတယ်။ အောင်မြင်တယ်။ နောက် လေးလခြားပြီး ၁ဝ တန်းကို ဝင်ဖြေတယ်။ ၁ဝ တန်းထပ်အောင်တယ်။ သူတို့ခေတ်တုန်းက ပညာသစ်နှစ်တစ်နှစ်အတွင်း တော်သူကို တော်သလို အခွင့်အရေးတွေပေးထားတာ။ ဒီလိုနဲ့ ဘူတာရုံက အရောင်းဈေးသည်လေးဟာ ဘူတာရုံပိုင်ဖြစ်လာတယ်။ နောက်ထပ် ပြင်ပဝိဇ္ဇာ၊ H.G.P, R.L တွေပါ ထပ်ဖြေဆိုအောင်မြင်ပြီးချိန်အထိ အန်ကယ်ကျော်တစ် ယောက် ကျောင်းမတက်ခဲ့ရဘူးလို့ပြောပါတယ်။
ကိုယ်တွေ့စာမေးပွဲ (၁)
ကျွန်တော် သတင်းစာသင်တန်းတစ်ခု တက်ခွင့်ရလိုက်ပါတယ်။ စာမေးပွဲအလွန်ကြောက်တဲ့ ကျွန် တော်ဟာ ဝင်ခွင့်စာမေးပွဲကို အောင်လိုက်တယ်။ သင်တန်းက လူပေါင်း ၁၈ ဦးသာရွေးလို့ ဝင်ခွင့်ရလိုက်တာကိုပဲ ဝမ်းသာမိသေးတော့တယ်။
သင်တန်းစတက်တဲ့နေ့မှာ နိုင်ငံခြားသားသင်တန်းဆရာက ကျွန်တော်တို့ကို စာရွက်လွတ်တွေဝေ ပေးတယ်။ ပြီးတော့ သူက ကျွန်တော်တို့ကို ခင်ဗျားတို့ဘာတွေလေ့လာသင်ယူချင်လို့ ဒီကိုလာကြတာလဲ။ ခင်ဗျားတို့သင်ယူချင်တာတွေကို ဒီစာရွက်ပေါ်မှာ ချရေးပေးပါလို့ ခိုင်းတယ်။ ကျွန်တော်တို့ကလည်း ကိုယ် လေ့လာသင်ယူချင်တာတွေကို အစီအစဉ်အလိုက် ဦးစားပေးနဲ့ တစ် နှစ် သုံး လေးထိုးပြီး ချရေးပေးလိုက်ရတယ်။
သူက စာရွက်တွေကိုသိမ်းသွားပြီး ဘောပေါ်မှာ တာလီချိုးတော့တယ်။ ဥပမာ ဂရမ်မာတတ်ချင်သူ က ဘယ်နှစ်ဦး၊ သတင်းစာပညာတတ်ချင်သူက ဘယ်နှစ်ဦး၊ စကားပြောတတ်ချင်သူကဘယ်နှစ်ဦး စသည် ဖြင့် တာလီချိုးပြီးတော့မှ သူကျွန်တော်တို့ကို ဘာသင်ပေးရမယ်ဆိုတာ သိသွားပါပြီလို့ ကောက်ချက်ချလိုက်တယ်။ ဒါက ပထမအဆင့်။
ကျွန်တော်တို့ ဒုတိယနှစ်ဝက်လောက်ရောက်ချိန်မှာ ပထမတုန်းက စာမေးပွဲမရှိဘူးလို့သိထားတဲ့ ကွန်တော်တို့တစ်တွေကို ဆရာက စာမေးပွဲစစ်မယ်လို့ပြောလိုက်တော့ အတော်လေး အံ့အားသင့်သွားကြတယ်။ သူက ပြဿနာမရှိဘူး။ အောင်တာ ကျတာထက် မင်းတို့ကိုစမ်းသပ်ချင်လို့ပါလို့ ပြောပြီးဖြေခိုင်းတယ်။
မေးခွန်းဝေပြီး နာရီကန့်သတ်မထားဘူး။ ဖြေပြီးရင်ထွက်သွားနိုင်တယ်လို့ပြောတယ်။ သင်ထားတာတွေကို မေးတာလို့ပြောပေမယ့် အကြံပြုချက်တွေ၊ ကောက်ချက်တွေ၊ ဝေဖန်ပိုင်းခြားမှုတွေနဲ့ အများကြီးရှုပ် ထွေးလာတာကို သိပ်ပြီးမတွေးနိုင်တော့တဲ့ ကျွန်တော်ကတော့ ရတာကိုဖြေတယ်။ မရတာကို ကွက်လပ် တွေချန်ပြီး ထွက်လာခဲ့တယ်။
အဖြေလွှာတွေပြန်ရတဲ့နေ့မှာ ကျွန်တော် ၆၈ ရာခိုင်နှုန်းပဲ ရတယ်။ တကယ်တော့ ၅၅ ရာခိုင်နှုန်းရရင်ကျတယ်ဆိုတော့ အောင်ရုံလောက်ပဲပေါ့။ ဆရာက ကျွန်တော့်အဖြေလွှာမှာ ဘာတွေ စစ်ထား တယ်ထင်ပါသလဲ။ ကျွန်တော် ဖြေထားတာတွေဟာ မှားချင်လည်းမှားမယ် မှန်ချင်လည်းမှန်မယ်။ တစ်ခုမှ အမှတ်တွေပေးမထားဘူး။ မဖြေထားတာတစ်ခုတွေ့ရင် တစ်မှတ်လျှော့သွားတယ်။ နောက်ပြီး အက်ဆေး လိုရေးခိုင်းတဲ့စာပိုဒ်မှာ ဂရမ်မှာအမှားတိုင်းကို တစ်မှတ်စီနှုတ်သွားတယ်။ လူတိုင်းကို ၁ဝဝ ပေးထားပြီးသား။ ကျွန်တော်က မဖြေတာနဲ့ အမှားအတွက် ၃၂ မှတ်အနှုတ်ခံလိုက်ရတယ်။ သူတို့ရဲ့စာမေးပွဲ အတွေ့အကြုံတစ်ခုအနေနဲ့ တင်ပြလိုက်ရ ခြင်းဖြစ်ပါတယ်။
ကိုယ်တွေ့စာမေးပွဲ (၂)
ကျွန်တော်တက္ကသိုလ်တက်စဉ် ၁၉၇၈ ဝန်းကျင်က ဖြစ်ပါတယ်။ နောက်ဆုံးနှစ်မှာ ပါမောက္ခက သူကိုယ်တိုင်သင်တဲ့ ဘာသာကို စာအုပ်တွေယူလာပြီး ဖြေခွင့်ရှိတယ်လို့ကြေညာလိုက်တော့ အတန်းထဲမှာ ‘ဟေး’ ဆိုပြီး အတော်လေးပျော်ရွှင်သွားကြတယ်။
စာမေးပွဲခန်းထဲကိုယူလာမယ့် Dictionary တွေ၊ စာအုပ်တွေကို တစ်ရက်ကြိုပြီး ဌာနကိုသွားအပ်ထားရတယ်။ ခုံအမှတ်နဲ့ အမည်လေးတွေ ရေးထားပေးခဲ့ရတယ်။ နောက်တစ်နေ့ စာမေးပွဲခန်းထဲကိုဝင် တော့ ကိုယ်ဖြေမယ့်နေရာတွေမှာ ကိုးကားစရာစာအုပ်တွေ၊ အဘိဓာန်တွေနဲ့ စာမေးပွဲခန်းနဲ့မတူတော့ဘူး။ စာကြည့်တိုက်ထဲရောက်နေသလို ခံစားလိုက်ကြရတယ်။
အချိန်ကျလို့ ခေါင်းလောင်းခေါက်လိုက်ချိန်မှာ ပါမောက္ခကိုယ်တိုင် စာမေးပွဲခန်းထဲကိုဝင်လာတယ်။ မြေဖြူကိုကောက်ကိုင်လိုက်ပြီး ဘောပေါ်မှာမေးခွန်းကိုရေးချလိုက်တယ်။ မေးခွန်းဝေမယ်လို့ထင်ထားတဲ့ ကွန်တော်တို့လည်း ရင်ခုန်စွာနဲ့ ပါမောက္ခရေးချနေတဲ့ စာတန်းတွေကို လိုက်ဖတ်နေမိတယ်။ တစ်ကြောင်းတည်းပါ။ ‘‘-------------------- ကို ဝေဖန်ဆွေးနွေးပါ’’။
မူလတုန်းက Open book စနစ်ဆိုပြီး ပျော်နေကြတဲ့သူတွေဟာ နောက်တစ်ကြိမ် ‘ဟင်’ လုံးကြီးတွေထပ်ချပြီး အသံတွေတိတ်သွားတယ်။ ပါမောက္ခလည်း အခန်းထဲကနေ တည်ငြိမ်စွာပြန်ထွက်သွားတယ်။ မေးခွန်းတစ်ကြောင်းတည်းကို ကျွန်တော်တို့ သုံးနာရီကြာအောင် ဘယ်လို ဖြေရတယ်ဆိုတာ ပြန်စဉ်းစားလိုက်မိတိုင်း ကြည်နူးနေမိတုန်းပဲ။
ကိုယ်တွေ့စာမေးပွဲ (၃)
ကျွန်တော် ဘီအီးဒီ တက်စဉ်ကပါ။ အဲဒီအချိန်က ဆရာမကြီးဒေါက်တာမတင်ဝင်းက သမိုင်းသင်တယ်။ ဆရာမကြီးစာသင်တဲ့ စနစ်ဟာ စာသင်တယ်ဆိုတာထက် စကားပြောနေတာဆိုရင် ပိုမှန် မယ်ထင်တယ်။ သူက သမိုင်းကြောင်းတစ်ခုကို သင်နေရင်း အဲဒီသမိုင်းနဲ့ဆက်စပ်ပြီး အများကြီးဆွေးနွေး ငြင်းခုန်တတ်တယ်။ အမြင်တွေကိုနှိုက်ယူတယ်။ မထွက် ထွက်အောင်ညှစ်ထုတ်တယ်။
ဆရာမကြီးကလည်း တစ်နေ့တော့ စာမေးပွဲမှာ ဘာမေးမယ်ဆိုပြီး တစ်ခါတည်းကြေညာလိုက် တယ်။ ‘‘အနှစ်လေးဆယ်စစ်’’ တဲ့။ အနှစ်လေးဆယ်စစ်နဲ့ပတ်သက်ပြီးတော့ မှတ်စုတွေထုတ်ကြပေါ့။ ကျွန် တော်ကတော့ ဆရာမကြီးရဲ့စတိုင်ကို သိပြီးသား။ ဒီလောက် လွယ်လွယ်လုပ်မယ်လို့ မထင်ဘူး။ ထင်တဲ့အတိုင်းပဲ။ စာမေးပွဲကျတော့ မေးထည့်လိုက်တာက ‘‘အနှစ်လေးဆယ်စစ်ပွဲသည် မွန်မြန်မာ လူမျိုးရေးစစ် လော၊ ပဒေသရာဇ်အချင်းချင်း အာဏာလုသည့် စစ်ပွဲလော ကျိုးကြောင်းပြဖြေဆိုပါ’’ ဆိုပြီးလုပ်ချလိုက် တယ်။ အနှစ်လေးဆယ်စစ်ပွဲအကြောင်း ကျက်ပြီး လာဖြေတဲ့သူတွေကတော့ လက်မှိုင်ချသွားကြရတယ်။
စာမေးပွဲတွေထဲက စာမေးပွဲ
ကျွန်တော်တို့ လုပ်ငန်းခွင်ရောက်ချိန်မှာ Teaching Method တွေ၊ ဖော်မြူလာတွေကို သိပ်သတိထားကြတာ။ ဘာကြောင့်လဲဆိုတော့ လက်ဦးဆရာတွေ ကောင်းလို့ပါ။ ကျောင်းသားတစ်ယောက်ကို ဘယ်လိုပိုင်းဖြတ်ရမယ်ဆိုတာ လက်တွေ့ဘဝမှာ စာတွေ့တွေနဲ့ တခြားစီဖြစ်နေတတ်တာတွေ အများကြီး။

ကျွန်တော် ဆရာဖြစ်စက ကျောင်းအုပ်ကြီးက အဖြေလွှာတစ်ခုကိုယူလာတယ်။ အဲဒီကျောင်းသားက အဲဒီတစ်ပုဒ်ရရင် အောင်သွားပြီ။ တကယ်အဆုံးအဖြတ်ပေးရမယ့် အချိန်ပေါ့။ ဆရာကြီးက ‘‘ခင်ဗျားအဲဒီအ ဖြေလွှာကို ပြန်စစ်ပေးစမ်းပါ’’ ဆိုပြီး ကလေးတစ်ယောက်ရဲ့ဘဝတစ်ခုကို ကျွန်တော့်လက်ထဲလာထိုးထည့်လိုက်တယ်။ သူကပညာလာစမ်းတာလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။
မေးခွန်းမှာက ‘‘ဘုရားစောင်းတန်းတွင် မည်သည့်အရုပ်များ တွေ့ရသနည်း’’ ဆိုပြီး မေးထားတယ်။ ဖြေရမှာက ‘‘ဘုရား စောင်းတန်းတွင် ပစ်တိုင်းထောင်ရုပ်၊ ခွေးရုပ်၊ ဆင်ရုပ်၊ မြင်းရုပ်၊ နွားရုပ်များ တွေ့ရပါသည်’’ ဆိုပြီးဖြေရမှာ။ တစ်ရုပ်မှန်ရင် တစ်မှတ်ဆိုပြီး အမှတ်ပေးစည်းမျဉ်းထဲမှာရေးထားတော့ ငါးရုပ်ရေးနိုင်ရင် ငါးမှတ်ပေါ့။ ဒါပေမယ့် ကလေးဖြေထားတာက ‘‘ဘုရား စောင်းတန်းတွင် သူရဲရုပ်၊ ဘီလူးရုပ်၊ မှင်စာရုပ်များတွေ့ရပါသည်’’ လို့ဖြေထားတာကို မူလစစ်ဆေးတဲ့ဆရာမက အမှားပေးထားတော့ ကလေးက စာမေးပွဲကျနေတယ်။
ကျွန်တော်က ကလေးဘက်ကနေပြီး ရှေ့နေလိုက်ပေးတယ်။ ဆရာမက အမှတ်ပေးစည်းမျဉ်းအတိုင်းပြောတယ်။ ကလေးအနေနဲ့ ဘုရားစောင်းတန်းမှာ သူတွေ့လာတဲ့အရုပ်သူရေးနိုင်ခွင့်ရှိတာပေါ့။ ဒါကိုအမှတ်ပေးစည်းမျဉ်းထဲကအတိုင်း မဟုတ်လို့ဆိုပြီး အမှတ်မပေးရင် ဘယ်သူနစ်နာသွားနိုင်သလဲ။ အဲဒီနေ့ကအဆုံးအဖြတ်ပွဲမှာ ဆရာကြီးက ကျွန်တော်တို့ နှစ်ယောက်စလုံးကို ခေါ်ပြီး အဆုံးအဖြတ်ပေးလိုက်တယ်။ ဒီနေရာမှာ စာဖတ်သူတို့အနေနဲ့ အဆုံးအဖြတ်ပေးရမယ်ဆိုရင် ဘယ်သူ့ကို အနိုင်ပေးမလဲ။
စာမေးပွဲသွားဖြေမယ့်သမီးငယ်
လွန်ခဲ့တဲ့ နှစ်တွေတုန်းကပါ။ နယ်ကိုရောက်စဉ် သူငယ်ချင်းတစ်ယောက်အိမ်မှာ တည်းဖြစ်တယ်။ အဲဒီအချိန်က တက္ကသိုလ်ဝင်စာမေးပွဲဖြေချိန်။ တစ်ညလုံးသူ့အဖေရော အမေပါ ပျာယာခတ်နေကြတယ်။ အဖေဖြစ်သူက ကျွန်တော့်ကို တောင်းပန်လိုက်။ အိမ်ပြင်ထွက်သွားလိုက်။ အမေဖြစ်သူက တောင်းပန်လိုက် အိမ်ပြင်ထွက်သွားလိုက်နဲ့ အိမ်မှာစာကျက်ဖို့နေခဲ့တဲ့ သမီးကလည်း လည်ပင်းရှည်လောက်အောင် မျှော်နေတယ်။
အတော်လေးညဥ့်နက်မှ သူ့အမေက ပြန်လာတယ်။ လက်ထဲမှာ စာရွက်ခေါက်လေးတွေနဲ့။ ဒီခေတ်အခေါ်တော့ မိုက်ခရိုတွေပေါ့။ အမေဖြစ်သူက ကျောင်းစိမ်းထမီတစ်ထည် ထုတ်လာတယ်။ ထမီပေါ်မှာ အိပ်လေးတွေ အကန့်လိုက်နဲ့ အထူးချုပ်ပေးထားတဲ့ ထမီ။ ပြီးတော့မှ သူယူလာတဲ့ မိုက်ခရိုလေးတွေကို အကန့်လေးတွေထဲ ဟောဒါကဘာ၊ ဟောဒါကဘာဆိုပြီး အမှတ်အသားနဲ့ သွင်းပေးနေတယ်။
ကျွန်တော် သူတို့သားအမိကို ရင်မောစွာကြည့်နေတုန်း ကျွန်တော့်သူငယ်ချင်း ပြန်လာတယ်။ သားအမိနှစ်ယောက်စလုံးက ရခဲ့သလားဆိုပြီး အပြေးအလွှားသွားမေးကြတယ်။ ‘‘မရသေးပါဘူးဟာ။ မရောက် သေးဘူးတဲ့’’ ဆိုပြီး စိတ်ပျက်လက်ပျက်တုံ့ပြန်သံ ကြားလိုက်ရတယ်။
အကြောင်းစုံကိုတီးခေါက်ကြည့်တော့ အဖေလုပ်သူက ‘စပေါ့’ သွားလိုက်နေတာ။ ၂ ချက်တီးလောက်မှပြန်သွားရဦးမယ် ဆိုလို့ ကျွန်တော်လည်း ဗဟုသုတရအောင် သူနဲ့အတူ အပြင်ကို လိုက်သွားမိတယ်။
တကယ့်လူစည်ကားတဲ့ ဈေးအတွင်းမှာပါ။ ညအချိန်ဆိုတော့ လူတစ်ယောက်မှ မရှိဘူးထင်ရပေမယ့် အဲဒီလမ်းထဲမှာ လူတွေ ကျိတ်ကျိတ်တိုး စည်ကားနေတယ်။ ဆိုင်တစ်ဆိုင်ရှေ့ဆိုတာ သေချာတယ်။ ဘာဆိုင်လည်းဆိုတာ သေသေချာချာ သတိထားကြည့်လိုက်မှ မိတ္တူကူးတဲ့ဆိုင်ဖြစ်နေမှန်း သိလိုက်ရတယ်။ တံခါးလေးတစ်ချပ်သာ ဟထားတဲ့အထဲကို လူတစ်ယောက် ဝင်လိုက်ထွက်လိုက်နဲ့။ အပြင်မှာ လူအုပ်ကြီးက နည်းတာမဟုတ်ဘူး။
မကြာဘူး ‘‘ရပြီဟေ့’’ ဆိုတဲ့အသံနဲ့အတူ လူအုပ်ကြီးက တံခါးဆီကို စုပြုံပြီးတိုးကြတယ်။ စာရွက် တစ်ရွက်ကို ၅ဝဝ တဲ့လေ။ အလုအယက် သူ့ထက်ငါ တိုးဝယ်နေကြတာ။ အဲဒါမနက်ဖြန်ဖြေမယ့် ဘာသာအတွက် စပေါ့တွေပါတဲ့။ တကယ့်ဖြစ်ပျက်နေတဲ့ မြင်ကွင်းကို ကျွန်တော် သရုပ်ဖော်ပြမနေချင်တော့ပါဘူး။ ကျွန်တော့်သူငယ်ချင်းလည်း ကျွန်တော့်အနားကို အင်္ကျီကြယ်သီးတွေ ပြုတ်ထွက်ပြီး ကိုးရိုးကားယားရောက်လာတယ်။
တက္ကသိုလ်ဝင် စာမေးပွဲဖြေမယ့် သမီးအတွက် မိဘနှစ်ပါးရဲ့ မြင်ကွင်းကို ကျွန်တော်တင်ပြလိုက်တာ ပါ။ သူတို့အားလုံး ဖြေလို့မပြီးမချင်း ဒီသောကတွေရဲ့ခြောက်လှန့်ခြင်းကြောင့် အိပ်စက်နိုင်မယ်ေ တာင်မထင်ပါဘူး။ ကြားက တစ်ညလောက်တည်းခိုခဲ့ရတဲ့ကျွန်တော်တောင် ကူးစက်ခြောက်လှန့်ခြင်း ခံလိုက်ရပါသေးတယ်။ နောက်တစ်နေ့မနက်မှာ ကျွန်တော်အစောကြီးပြန်ခဲ့တဲ့အတွက် သူ့သမီး ညကရတဲ့ စပေါ့နဲ့တိုးတယ် မတိုးဘူးဆိုတာရယ်။ အိပ်ဝှက်တွေနဲ့ထည့်သွားတဲ့ မိုက်ခရိုတွေကို အသုံးချခွင့်ရလိုက်တယ် မရလိုက်ဘူးဆိုတာ မသိခဲ့ရပါဘူး။
စနစ်သစ်လား ပြုပြင်ပြောင်းလဲမှုလား
ကျွန်တော့်အနေနဲ့ အကြောင်းအရာတစ်ခုခုကိုသိချင်ရင် နယ်ဆင်းပြီးစုံစမ်းတာ များပါတယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်အကြောင်းက လူရေးများတယ်။ လူသိများတယ်။ နောက်ပြီး ကျွန်တော်က နယ်ကလူဆိုတော့ ရန်ကုန်ကိုသိပ်မကျွမ်းဘူး။ ရန်ကုန်အကြောင်းပြောရင် နယ်မှာလည်းဒီလိုပဲလားဆိုပြီး အလိုလိုစိတ်ရောက်သွားတတ်တာကလည်း ဒေသစွဲကြောင့်ရယ်လို့မဟုတ်ပါဘူး။
ဒီနှစ်အစောပိုင်းလောက်ကတည်းက ရန်ကုန်ကိုရောက်လာတဲ့ နယ်ကကျောင်းဆရာတစ်ယောက်နဲ့ ဆုံမိလိုက်ပါတယ်။ သူကစာမေးပွဲဆိုင်ရာ ကြီးကြပ်ရေးမှူးများအတွက် သင်တန်းလာတက်နေတာဆိုတော့ ပိုပြီးစိတ်ဝင်စားသွားမိတယ်။ သူ့ဆီက တစ်စွန်းတစ်စ အနံ့ရလိုက်တာက ‘‘ဒီနှစ်ပိုကြပ်မယ်ထင်တယ်’’တဲ့။ ဒီစကားလေးတစ်ခွန်းနဲ့တင် ကျွန်တော်လည်း ဒီနှစ်တက္ကသိုလ်ဝင် စာမေးပွဲအခြေအနေကို လေ့လာချင်စိတ် ပေါ်သွားတယ်။ ဒါပေမယ့် ထုံးစံအတိုင်း နယ်ဘက်ကိုဆင်းခဲ့တယ်။
ပဲခူးတိုင်း အရှေ့ခြမ်းလို့ပြောရမယ့် မြို့နယ်လေးမြို့နယ်လောက်ကို သွားရောက်လေ့လာရာမှာ ကျွန်တော်အတော်လေး စိတ်ချမ်းသာသွားခဲ့မိပါတယ်။ ဘာကြောင့်လဲဆိုတော့ စာမေးပွဲလို့ဆိုလိုက်ရင် ကျောင်းအနီးဝန်းကျင်တွေမှာ စာမေးပွဲပြီးသွားတိုင်း ကျဲသွားတဲ့ မိုက်ခရိုစာရွက်တွေကို စိတ်ပျက်နေမိလို့ပါ။ ဒါဟာ အဖြေတစ်ခုမဟုတ်မှန်းသိနေပေမယ့် ကိုယ့်အမေးကို ကိုယ်တောင် ပြန်ဖြေဖို့ ခက်နေခဲ့ရပါတယ်။
ဒီနှစ်တော့ ရောက်တဲ့နေရာမှာ စာဖြေဌာနကျောင်းတိုင်းလိုလိုကို သွားကြည့်မိတယ်။ မြင်ကွင်းတွေအများကြီးပြောင်းလဲနေသလို အကြားတွေလည်း ထူးဆန်းနေတယ်။ ကျွန်တော်ကြုံခဲ့တာကို ပြန်ပြီးဖောက်သည်ချချင်ပါတယ်။
စာဖြေဌာနတွေရဲ့ အဝင်ဝနားမှာ ရှာဖွေရေးအတွက် ရုံကလေးတွေ အစီအရီလုပ်ထားတယ်။ စာမေးပွဲဖြေမယ့်ကျောင်းသားတွေဟာ အဲဒီရုံလေးတွေထဲကိုဝင် ယောက်ျားလေးတွေက ဆရာတွေရဲ့ ရှာဖွေမှုကိုခံပြီး၊ မိန်းကလေးတွေက ဆရာမတွေရဲ့ရှာဖွေမှုကိုခံကြရတယ်။ ပြီးတဲ့ကျောင်းသား ကျောင်းသူကို စစ် ဆေးပြီးကြောင်း လက်မှတ်လေးတွေထုတ်ပေးတယ်။ အဲဒီလက်မှတ်တွေပါလာမှ သက်ဆိုင်ရာစာမေးပွဲခန်းထဲကို ဝင်လို့ရတယ်။ စာမေးပွဲခန်းအဝကို ရောက်ရင် မပြီးသေးဘူး။ အခန်းစောင့်တဲ့ ဆရာ ဆရာမတွေက နောက်တစ်ကြိမ်ထပ်ရှာပြီးမှ အခန်းထဲကိုဝင်ခွင့်ပြုတယ်။
စာမေးပွဲဖြေဆိုချိန်မတိုင်မီ စည်းကမ်းချက်တွေ ထပ်ဖတ်ပြတယ်။ စာမေးပွဲခန်းထဲမှာ ခိုးချတာကိုတွေ့ရင်၊ မိုက်ခရိုတွေ လက်ဝယ်တွေ့ရင် ၂ နှစ်၊ ၃ နှစ်၊ ရာသက်ပန် ဖြေဆိုခွင့်ပိတ်သိမ်းမယ်။ ဒီတော့ ခုချိန်မှာ အပြင်ပြန်ထွက်၊ အိမ်သာဖြစ်ဖြစ်သွားပြီး မိုက်ခရိုတွေ ကျန်သေးရင် သွားလွှင့်ပစ်နိုင်တယ်။ ခိုးချရင် တော့ အရေးယူရမယ်ဆိုတာ ထပ်ပြောတယ်။

ဒီနှစ်မှာ စာမေးပွဲနဲ့ပတ်သက်ပြီး လုပ်ဆောင်ချက်တွေဟာ အတော်လေးစေ့စပ်သေချာတာ သတိထားမိတယ်။ ယခုလုပ်နေတဲ့ စာမေးပွဲစနစ်ဟာ စနစ်သစ်လားဆိုပြီး ကြီးကြပ်နေတဲ့ဆရာကြီး ဆရာမကြီးတွေကိုမေးကြည့်တော့ ဆရာကြီးတစ်ယောက်က
‘‘ဒီနှစ်အစောပိုင်းကတည်းက ညွှန်ကြားချက်တွေထွက်လာတယ်။ မသမာမှုကျူးလွန်နေသူတွေကို လစ်လျူရှုနေသူတွေကို အရေးယူမယ်လို့ဆိုလိုက်တော့ နည်းနည်းလေးပြူးပြူးပျာပျာဖြစ်သွားကြတယ်။ မသမာမှုမရှိစေရေးအတွက် မိဘ၊ ဆရာ၊ ကျောင်းသား ပူးပေါင်းပြီးလုပ်မှဖြစ်တော့မယ်လို့ မြင်လာကြတယ်။ မလုပ်လို့လည်း မဖြစ်တော့ဘူး။ ဒီသုံးဦးပေါင်းပြီးမှားခဲ့တဲ့ကာလတွေ မနည်းတော့ဘူး’’
ဆရာကြီးပြောပြတဲ့ မှားခဲ့တဲ့ကာလတွေဆိုတာ ဘာတွေပါလဲ။
‘‘ကျွန်တော် မှတ်မိသလောက်ကတော့ ၁၉၈ရ ခုနှစ် လောက်ကတည်းကဖြစ်လိမ့်မယ်။ အခြေအနေအရ လျှော့ပေါ့ပေးလိုက်တာကို အခွင့်ကောင်းယူကြတယ်။ ကျောင်းသားတွေက ငါတို့ကို ဘာမှမလုပ်နိုင်ပါဘူးလို့ မြင်လာကြသလို မိဘတွေကလည်း အခြေအနေပေးရင်ပေးသလို အခွင့်ကောင်းယူဖို့ခြောင်းလာကြတယ်။ ကျောင်းတွေကလည်း ဘာဖြစ်လာသလဲဆိုတော့ အောင်ချက် မကောင်း ကောင်းအောင် ဘယ်နည်းနဲ့လုပ်ရမလဲဆိုပြီး မျက်စိမှိတ်ထားလိုက်ကြတယ်။ ကျောင်းတွေလို့ပြောလိုက်တဲ့အထဲမှာ ကျူရှင်တွေလည်းပါတယ်။ ကိုယ့်ကျောင်းအောင်ချက်ကိုလိုချင်တာနဲ့ မသမာမှုတွေကိုမလုပ် လုပ်ဖြစ်အောင် တိုက်တွန်းလာကြတယ်’’
စာမေးပွဲအတွက် ပြဋ္ဌာန်းချက်တွေဆိုတာ ဟိုးယခင်ကတည်းကရှိပြီးသား။ ဘာမှ အထွေအထူးပြောင်းလဲသွားတာမရှိဘူး။ လိုက်နာကျင့်သုံးခွင့်ရတာနဲ့မရတာ၊ လုပ်နိုင်တာနဲ့မလုပ်နိုင်တာ၊ လုပ်ပိုင်ခွင့်ရတာနဲ့မရတာအပေါ်မှာမူတည်ပြီး အလျှော့ပေးလာတာတွေကို အခွင့်ကောင်းယူလာပြီး ပျက်စီးလာတာလို့ ပြောရင်လည်းရတယ်။
ယခုစာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှုကို ပြန်ပြီးသုံးသပ်လိုက်ရရင် စနစ်ကျသော၊ တည်ငြိမ်အေးချမ်းသော၊ စည်းကမ်းစနစ်ကျနသော၊ မသမာမှုတွေပပျောက်လာသောနှစ်ဖြစ်တယ်လို့ ဆိုရလိမ့်မယ်။ ကျွန်တော်ဘာကြောင့် ဒီစကားမျိုးပြောနိုင်သလဲ။
ယခင်နှစ်တွေက ကျွန်တော်စိတ်ပျက်မိတဲ့ စာမေးပွဲရဲ့ နောက်ဆက်တွဲဟာ ဖြေဆိုပြီး စာဖြေခန်း တွေထဲကထွက်လာလိုက်တာနဲ့ လမ်းမတွေပေါ်မှာ မိုက်ခရိုတွေကို ကြဲသွားကြတာက နိဂုံးလိုဖြစ်နေကြတယ်။ ဟီးရိုးလုပ်ချင်စိတ်၊ ဆန့်ကျင်လိုစိတ်စတဲ့လူငယ်တွေရဲ့သဘာဝကြောင့် ဒီလိုလုပ်တာပဲလို့ယူဆရပေမယ့် မဖြစ်သင့် မဖြစ်ထိုက်၊ မမြင်သင့် မမြင်ထိုက်တဲ့ ကိစ္စတစ်ရပ်အနေနဲ့သာ စိတ်မချမ်းသာရုံကလွဲပြီး ကျွန် တော်တို့ ဒီအတိုင်းကြည့်နေကြရတယ်။
ဒီနှစ်မှာ ကျွန်တော်ရောက်ခဲ့တဲ့ မြို့နယ်တိုင်းလိုလိုမှာ အေးချမ်းစွာဖြေဆိုမှုတွေအပြင် မကြားရတာကြာပြီဖြစ်တဲ့ အသံတွေကို ပြန်ကြားလိုက်ရတယ်။ ကျွန်တော်တို့ဆယ်တန်းဆိုတဲ့ ခေတ်ကတည်းက ကျောင်းသားဆိုတာ စာအော်ကျက်ရတယ်လို့ မိဘတွေကအစ လက်ခံထားကြတာ။ စာကို စိတ်ထဲကဖတ် နေပါတယ်ဆိုတာတောင် မိဘတွေက လက်ခံကြတာမဟုတ်ဘူး။ အော်ကျက်မှ သူတို့လည်း စိတ်ချမ်းသာ ကျွန်တော်တို့ကလည်း စာရတာဆိုတော့ အော်ကျက်တဲ့ထုံးကိုပဲ နှလုံးမူခဲ့ကြရတယ်။
ရပ်ကွက်တွေထဲကို ညဘက်တွေဝင်သွားရင် စာအော်ကျက်သံတွေ မကြားရတာ ဘယ်လောက်ရှိသွားမှန်းတောင်မသိပါဘူး။ ခါတိုင်းဆိုရင် စာမေးပွဲရှိတဲ့ကာလဆို သိပ်သိသာတယ်။ အပိုင်းတိုင်း ရပ်ကွက် တိုင်းမှာ မိုးကာလ ဖားတွေအော်သံလိုကြားနေကျ အသံတွေဟာ ဒီနှစ်ပိုင်းမှာပြန်ပေါ်လာတယ်။ တက္ကသိုလ် ကောလိပ်တက်နေကြတဲ့ အိမ်ကတူတွေ တူမတွေတောင် စာပြန်ကျက်လာ ကြပြီဆိုတော့ ပြောင်းလဲမှုဟာ ကြိုဆိုသင့်တဲ့ ပြောင်းလဲမှုလို့ဆိုရမယ်။
ငြိမ်းချမ်းစွာဖြေဆိုနိုင်ရေး
‘အတွင်းစည်း’ ‘အပြင်စည်း’ ဆိုတဲ့စကားတွေကို ကျွန်တော်ကြားနေရတာကြာပြီ။ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပရေးအတွက် အစီအမံတွေလေ။ ငြိမ်းချမ်းစွာပညာသင်ကြားရေးကိုသာမက ငြိမ်းချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် အစီအမံကောင်းတွေပေါ့။ ကျွန်တော်တို့ခေတ်က အိမ်က အဖေနဲ့ အမေတွေက တစ်နှစ်နေလို့လည်း ကျောင်းကိုတစ်ခေါက်မှမရောက်၊ စာမေးပွဲဖြေ လို့လည်း လိုက်ပို့ရမှန်းမသိ။
ခုချိန်မှာ ပြည်သူ့ရဲ၊ ကြက်ခြေနီ၊ မီးသတ်၊ ပြည်ခိုင်ဖြိုး၊ ရပ်ကွက်၊ မိဘတွေဟာ စာမေးပွဲဖြေနေကြတဲ့ စာစစ်ဌာနတိုင်းရဲ့ အပြင်ဘက်မှာ စဖြေချိန်ကနေ ပြီးဆုံးသွားတဲ့ကာလအထိ အချိန်ပြည့်ရှိနေကြတယ်။ ‘အတွင်းစည်း’ လို့ ခေါ်တဲ့ စာဖြေဌာနအတွင်းမှာလည်း စာဖြေခန်း၊ စကြံ၊င်္ အိမ်သာကအစ ဆရာတွေဆရာမတွေ မလပ်အောင် တာဝန်ချပြီးဖြေကြရတာဆိုတော့ နည်းတဲ့အခွင့်အရေး မဟုတ်ဘူးလို့ဆိုရမယ်။ ရေေ သာက်ချင်တဲ့သူကအစ ထိုင်ရာမထ သောက်နိုင်အောင်စီစဉ်ပေးတဲ့ပညာရေးအတွက် စေ့စပ်သေချာပုံတွေကို ချီးကျူးမဆုံးဘူး။
သို့သော်လည်းပေါ့လေ ကျွန်တော်ချီးကျူးနေတဲ့စာမေးပွဲမှာ ဘဝင်မကျစရာတွေကို ထပ်တွေ့လာရပြန်တယ်။ ပြင်ပ ပယောဂပါ။ စာမေးပွဲနောက်ဆုံးနေ့က ကျွန်တော်ပဲခူးမှာရှိနေတယ်။ ရွှေမော်ဓောဘုရားလမ်းမကြီးပေါ်က ကျောင်းကြီးတစ်ကျောင်းရှေ့မှာ ကျွန်တော် ကင်မရာလေးကိုင်ပြီး ငြိမ်းချမ်းစွာစာမေးပွဲဖြေပြီးထွက်လာမယ့် ကျောင်းသားတွေကို ဓာတ်ပုံရိုက်ဖို့စောင့်နေမိတယ်။
စာမေးပွဲအပြီး ခေါင်းလောင်းခေါက်လိုက်ချိန်မှာ လမ်းမကြီးတစ်လျှောက် ဆူညံစွာဟွန်းတီးပြီးဝင်လာတဲ့ ဆိုင်ကယ်တွေကို ကြုံလိုက်ရတယ်။ ဆိုင်ကယ်တစ်စီးဆိုရင် ကြံချောင်းတွေထောင်လာပြီး အဲဒီကြံတွေမှာ မိုက်ခရိုစာရွက်တွေကို အရှည်အတိုင်းချည်ပြီး လေထဲ တစ်လူလူလွင့်အောင်လုပ်လာတယ်။ နောက်ဆိုင်ကယ်တစ်စီးကလည်း ကျောင်းသားအရွယ်နှစ်ယောက် ဆိုင်ကယ်စီးရင်း လွယ်အိတ်တွေထဲကနေ စာရွက်အပိုင်းပိုင်းဖြတ်စတွေကို လမ်းတစ်လျှောက်ကြဲသွားတယ်။ ကျောင်းသားတွေတစ်ယောက်မှမဟုတ်ဘူး။
အဲဒီအချိန်က ကျောင်းသားတွေ တစ်ယောက်မှထွက်မလာသေးဘူး။ အပြင်မှာ ကျောင်းသားယောင်ယောင် လုပ်ချင်တိုင်း လုပ်နေကြတာကို အပြင်မှာစောင့်နေကြတဲ့ မိဘတွေက မနှစ်မြို့။ အပြင်စည်းတာဝန်ယူထားတဲ့ သူတွေကလည်း တစ်ယောက်မှ မထိန်းချုပ်တော့ ကျောင်းကိုပတ်ပြီး သောင်းကျန်း ချင်တိုင်း သောင်းကျန်းနေကြတာဟာ ခေတ်ရဲ့သရုပ်လို့ အလွယ်ပြောတာကိုတော့ ကျွန်တော်လက်မခံဘူး။ ရမ်းကားမှုဟာ ရမ်းကားမှုလို့ပဲ အမည်တပ်မှ သဘာဝကျပါလိမ့်မယ်။
နယ်ကျော်နယ်ပြောင်း မကယ်ကောင်း
‘‘ဒီနှစ် ပဲခူးမှာ ၇၅ ရာခိုင်နှုန်းကျောင်းတက်ရက်မပြည့်ရင် လုံးဝဖြေဆိုခွင့်မရှိဘူး။ ဒီလိုကန့်သတ် လိုက်တော့ ကျောင်းသား ၁ဝဝ ကျော်လောက်ဖြေဆိုခွင့်မရတော့ဘူး’’
ရုံးတစ်ရုံးကရတဲ့ သတင်းပါ။ နှစ်စဉ်တက္ကသိုလ်ဝင်တန်းနဲ့ပတ်သက်ပြီး ခေါင်းခဲနေရတဲ့ပြဿနာလို့လည်း ဆိုနိုင်ပါတယ်။ ဖြစ်ပုံက နယ်ကျောင်းသားအတော်များများဟာ စာမေးပွဲနီးလာရင် ရန်ကုန်လိုမြို့ကြီးတွေတက်ပြီး အနီးကပ်ကျူရှင်တွေတက်ချင်တဲ့ ပြဿနာ။ တစ်ဘာသာဘယ်လောက်နှုန်းဆိုပြီး ရန်ကုန်မှာကျောင်းလာတက်ကြတော့ နယ်ကကျောင်းတွေကိုစွန့်ပြီး ရန်ကုန်ရောဂါ ထကြတော့တယ်။ သုံးလေးလလောက် လက်ရှိကျောင်းတွေကိုစွန့်ခဲ့သူတွေမှာ ဘယ်လိုမှ ၇၅ ရာခိုင်နှုန်းမပြည့်နိုင်တော့ဘူး။ သူတို့မှာ ဘယ်လောက်ပဲ စာမေးပွဲကြီးကိုရင်ဆိုင်ဖို့အသင့်ဖြစ်နေတယ်ဆိုစေ ဖြေဆိုခွင့်မရနိုင်တော့လို့ အများကြီးနစ်နာကြရတယ်။
နောက်ပြဿနာတစ်ခုက ပဲခူးမှာ ကျောင်းသား ၁၁ ယောက်လောက် ဖြေဆိုခွင့်မရဘူး။ သူတို့ကလည်း ပဲခူးစာစစ်ဌာနမှာ မဖြေချင်လို့ ရန်ကုန်စာစစ်ဌာနတစ်ခုဖြစ်တဲ့ လှည်းကူးလိုနေရာကိုလာ ဖြေဖို့ကြိုးစားကြတယ်။ ကျွန်တော်ကနားမလည်ဘူး။ ကိုယ့် မြို့နယ် ကိုယ်ဖြေလို့ရသားနဲ့ ကလေးတွေဘာဖြစ်လို့ ဒီလိုလုပ်ကြရတာလဲ။
‘‘ပဲခူးမှာဖြေလို့ တက္ကသိုလ်ဝင်တန်းအောင်ရင် အမှတ်များတဲ့သူက ဆေးဝင်တယ်ဆိုရင်တောင် မကွေးမှာသွားတက်ကြရတယ်။ နောက်ပြီး ရိုးရိုးဘာသာတွဲတွေလည်း တောင်ငူကိုသွားတက်ကြရတယ်ဆိုတာ မိဘတွေကမကြိုက်ကြဘူး။ သူတို့က ဆေးဆိုရင်လည်း ရန်ကုန်၊ ရိုးရိုးဝိဇ္ဇာသိပ္ပံဆိုတာတောင် ရန်ကုန်ပဲတက်ချင်၊ ထားချင်ကြတာဆိုတော့ မသမာမှုတွေ ကြံဖန်လုပ်ကြရာမှာ ပြဿနာပေါ်တော့တာပဲ’’ လို့ ပညာရေးဌာနမှ ဆရာတစ်ယောက်က ပြောပါတယ်။
ပဲခူးနဲ့ ရန်ကုန်ဆိုတာ မိုင် ၅ဝ လောက်ပဲဝေးတယ်။ ရန်ကုန်မှာပဲ ကျောင်းတက်ချင်တဲ့ရောဂါဟာ ခုမှမဟုတ်ဘူး။ ကျွန်တော်တို့ခေတ်ကတည်းက ဆိုပါတော့။ ကျွန်တော်တောင် မော်လမြိုင်ကောလိပ်ရောက်ပြီးမှ ပထမတစ်နှစ်တည်းနေပြီး ရန်ကုန် ရောက်အောင်ပြန်ကြိုးစားခဲ့ရတယ်။ ခုလည်း ပဲခူးကတတ်နိုင်တဲ့ မိဘအတော်များများ လူပါးပုလင်းထိတဲ့ပြဿနာ။ ပွဲစားက ရန်ကုန်တိုင်းမှာ စာမေးပွဲဝင်ဖြေခွင့်ရမယ်ဆိုပြီး တစ် ယောက်ဘယ်လောက်နှုန်း ငွေတွေတောင်းသွားတယ်။ မိဘတွေကလည်းယုံကြည်ပြီး ပေးလိုက်တယ်။ စာမေးပွဲဖြေရတော့မယ်ဆိုမှ သူတို့ပြောတဲ့စာစစ်ဌာနမှာ အဲဒီကျောင်းသားတွေရဲ့ စာဖြေစာရင်းကမပါလာတော့ဘူး။ အစကတည်းကိုက ဖြေဆိုခွင့်မတင်ပေးပဲ ပွဲစားကရိုက်စားလုပ်သွားတာက မိဘတွေသာမက ကျောင်းသားတွေပါ အတော်လေး ခံလိုက်ရတယ်။
‘‘ဒါက ဒီကအောင်ရင် ဒီကိုသွားရမယ်ဆိုတဲ့ သတ်မှတ်ချက်ကြီးကြောင့်ဖြစ်နေတာ။ ဒီကိုမသွားချင် တော့ လူတွေကဘာလုပ် လာကြသလဲ။ မသွားရအောင် နည်းမျိုးစုံသုံးလာကြတယ်။ အဲဒီနေရာမှာ ရိုက်စားတွေကပေါ်လာတော့တာ။ တကယ်လို့ ပုံသေဒေသ အလိုက် ကန့်သတ်ချက်တွေမထားတော့ဘဲ ဥပမာ ဆေးတက္ကသိုလ်ဆိုရင်လည်း ဆေး(၁) ဆိုရင် အမှတ်ဘယ်လောက်၊ (၂)ဆိုရင် ဘယ်လောက်၊ မကွေးဆိုရင်ဘယ်လောက်ဆိုပြီးတော့ သတ်မှတ်ထားလိုက်ရင် ဒေသလည်းစုံသွားမယ်။ ရန်ကုန်နေချင်တဲ့သူတွေက လည်း ပိုပြီး ကြိုးစားလာကြလိမ့်မယ်’’ ဒါက ဒေသခံမိဘတစ်ဦးရဲ့ သုံးသပ်ချက်ပါ။
မိဘတွေမှာ သားသမီးတာဝန်တွေကိုယူရတဲ့အထဲမှာ ကိုယ်ထားချင်တဲ့ကျောင်းကိုထားနိုင်ဖို့၊ ကိုယ်ကျချင်တဲ့အတန်းမှာ နေနိုင်ဖို့၊ ကိုယ်သင်ချင်တဲ့ဆရာနဲ့ရနိုင်ဖို့၊ ကိုယ်အပ်ချင်တဲ့ကျူရှင်မှာအပ်နိုင်ဖို့၊ ကိုယ်လိုချင်တဲ့ဘာသာရပ်တွေရနိုင်ဖို့၊ ကိုယ်ထားချင်တဲ့ တက္ကသိုလ်မှာထားနိုင်ဖို့ဆိုတာ မိဘဝတ်ဆိုပြီး ထည့်ထားကြရသေးတယ်။ ဒါကြောင့် ခုချိန်မှာမိဘဝတ္တရား ဘယ်နှစ်ပါးလောက် တိုးပွားနေပြီဆိုတာတောင် မသိနိုင်တော့ပါဘူး။
ကြည့်လိုက်ရတဲ့စာမေးပွဲ
တစ်ည မမျှော်လင့်ပဲ မြန်မာ့ရုပ်မြင်သံကြားကနေထုတ်လွှင့်တဲ့ ကိုရီးယားရုပ်ရှင်ကားလေးတစ်ခုကို ကြည့်လိုက်ရတယ်။ ကျောင်းသားက ပြဿနာတစ်ခုဖြစ်ပြီး စာမေးပွဲလာဖြေတာ နည်းနည်းနောက်ကျသွားတယ်။ ဆရာက စာမေးပွဲခန်းဝကနေ ဆီးပြီး အပြစ်တင်တယ်။ ကျောင်းသားက သူ့မှာအပြစ်ရှိတယ်ဆိုပြီး မေးခွန်းနဲ့အဖြေလွှာကိုထုတ်ယူလာတယ်။ ကျွန်တော်က ဒီကောင်ဘာများ လုပ်မှာလဲလို့ စိတ်ဝင်စားနေမိတယ်။ ကိုယ်တော်ချောက စာမေးပွဲခန်းပြင်ပ စင်္ကြံမှာ ငုတ်တုတ်ထိုင်ပြီး စာမေးပွဲဖြေတယ်။ ဆရာက လာပြီးတော့တောင် ထွက်မကြည့်ဘူး။ ကျောင်းအုပ်ကြီးက လာကြည့်ပြီးတော့တောင် ကြိုးစားလို့ပြောသွားသေးတယ်။ ဒါက ဘာကိုပြသလဲဆိုတော့ သူတို့နိုင်ငံမှာ ခိုးချတဲ့ပြဿနာမရှိဘူးဆိုတာပဲ။
နောက်အဲဒီမင်းသားကပဲ ဆယ်တန်းလိုစာမေးပွဲအောင်တော့ ရဲသင်တန်းကျောင်းကိုတက်ချင် တယ်။ အဲဒီသင်တန်းကျောင်းမှာပဲ ဝင်ခွင့်တွေသွားယူ။ ကျောင်းကအင်တာဗျူးကိုဝင်ပြီး စစ်ဆေးမှုခံယူလိုက်တယ်။ ကျောင်းကတာဝန်ရှိသူတွေက တစ်ဦးချင်း အင်တာဗျူးလုပ်ရာမှာ ကျောင်းဝင်ခွင့်ရမှတ်ကိုတော့ သိပ်အားမရဘူး။ ဒါပေမယ့် အင်တာဗျူးမှာ သူဖြေတဲ့အဖြေကိုသဘောကျပြီးတော့ ဝင်ခွင့်ပေးလိုက်တယ်။ ကျောင်းသားလည်း သူ့ဘဝမှာ သူအဖြစ်ချင်ဆုံးနဲ့ အတက်ချင်ဆုံးသင်တန်းတစ်ခုကနေစပြီး ဘဝကိုအခြေချလိုက်နိုင်တယ်ဆိုတာပြသွားတယ်။ ဒီတော့ သူတို့နိုင်ငံကပညာရေးဟာ formal လား informal လားဆိုတာ ခန့်မှန်းလို့ရနေပြီ။
ရှေးဟောင်းတရုတ် ဘာတွေလုပ်
နောက်ထပ် မြဝတီကလွှင့်သွားတဲ့ ရုပ်ရှင်ကားလေးတစ်ကားအကြောင်း ကြုံလို့ပြောလိုက်ချင်သေးတယ်။ ဇာတ်လမ်းထဲမှာ
တောကနေ မြို့တက်လာပြီး ပညာရှင်ဘွဲ့လာဖြေတဲ့တောသားလေးဟာ မြို့ရောက်တော့ ဘုရင့်နှစ်မတော်နဲ့ ဖူးစာဆုံကြတယ်။ ဖူးစာဆုံတယ်လို့ပြောရမှာထက် ပညာရှင်ဆိုတာကို လေးစားတဲ့လူမျိုးဖြစ်နေလေတော့ မဆုံ ဆုံအောင်လုပ်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ပညာရှိကိုလက်ထပ်ရမှ မြတ်တယ်လို့ယူဆကြ လေတော့ ပညာရှင်တော်ပုံပေါက်ရင် ဖမ်းကြတာလည်း သူတို့ခေတ်မှာ အဆန်းတော့ မဟုတ်ပါဘူး။
ဘုရင့်နှစ်မတော်က သူ့ခင်ပွန်းလောင်း ကျွမ့်ယန်ဘွဲ့မရမှာစိုးရိမ်လို့ မေးခွန်းလိုက်တယ်။ အင်မတန် စနစ်ကျပါတဲ့ဆိုတဲ့ စာမေးပွဲစနစ်တောင် ဘုရင့်နှစ်မနဲ့တွေ့တော့ မခံနိုင်ဘူး။ မေးခွန်းကပေါက်ပါလေရော။ နှစ်မတော်က ပညာရှင်ကို ဒီမေးခွန်း ကြိုဖြေကြည့်စမ်းဆိုပြီး အကြိုစစ်တယ်။ စာမေးပွဲမှာလည်း အဲဒီမေးခွန်းအတိုင်းပါလာတော့ ကောင်းစွာဖြေနိုင်တဲ့အပြင် အတော်ဆုံးနဲ့ အကောင်းဆုံးပညာရှင်အဖြစ် အရွေးခံလိုက်ရတယ်။
ဒီအကြောင်းကို ပြိုင်ဘက်စာမေးပွဲဖြေသူတွေက မနှစ်သက်ဘူး။ နှစ်မတော်ကြောင့် ဒီမောင်အရွေးခံရတာဆိုပြီး ဝိုင်းဝန်း ကန့်ကွက်ကြတယ်။ မေးခွန်းပေါက်လို့ဆိုတာ တိုင်းပြည်အတွင်းမှာ ပျံ့နေတယ်။ ဒါကို ဘုရင်ကဘယ်လိုဖြေရှင်းတယ်ထင်ပါသလဲ။
ဘုရင်ကလည်း ထုံးစံအတိုင်း ပညာရှင်သုခမိန် ပေါင်ချိန်ရဲ့ အကြံကိုယူလိုက်တော့ ပညာရှင်က ဒီလိုအကြံပေးလိုက်တယ်။ ‘‘အရှင်မင်းကြီး မေးခွန်းကို အရှင်မင်းကြီးပဲထုတ်ပြီး၊ အရှင်မင်းကြီးရှေ့မှာ အရှင်မင်းကြီးကိုယ်တိုင်စစ်လိုက်ရင် ပြည်သူတွေလည်းကျေနပ်၊ ပြဿနာလည်းအေးသွားပါလိမ့်မယ်’’ လို့ အကြံပေးလိုက်တယ်။
ဘုရင်က ပညာရှင်ကို ညီလာခံကိုခေါ်ပြီး အမတ်တွေရှေ့မှာ စာမေးပွဲစစ်ချိန်ဟာ ကြည့်ရသူတွေကို အထွဋ်အထိပ်ရောက်စေတဲ့ အချိန်ပေါ့။ ဘုရားမလို့ မီးမပျက်သွားပါစေနဲ့လို့လည်း ဆုတောင်းနေရတဲ့အချိန်။ ပညာရှင်က ဘုရင်ရှေ့မှာခစားတော့ ဘုရင်က ရေးဖြေမဟုတ်ဘူး နှုတ်ဖြေနဲ့စစ်သွားတာ။ သူမေးခွန်းထုတ်လိုက်တာကလည်း ပညာပါလိုက်တာ။ ‘‘မောင်မင်းအနေနဲ့ နိုင်ငံတော်ကို တည်ဆောက်ပြုပြင်ပေးစမ်းပါ’’ တဲ့။
ပညာရှင်ကလည်း သူ့ရဲ့ စိတ်ကူးထဲကနိုင်ငံတောင်ကို တစ်လုံးချင်းရွတ်ပြီး တည်ဆောက် ပြုပြင်ပြလိုက်တယ်။ သူဖြေအပြီးမှာ ဘုရင်က အမတ်တွေအားလုံးရဲ့ သဘောထားကိုတောင်းတယ်။ ကျွမ့်ယမ် ဖြစ်ထိုက် မဖြစ်ထိုက်။ ရာထူးပေးဖို့သင့် မသင့်ကို သဘောထားခံယူတယ်။ အားလုံးက နှုတ်ဖြေကိုကြိုက် လွန်းလို့ တစ်ပြိုင်နက်တည်း ‘ဝမ်စွေ့’ လိုက်ကြတယ်လေ။ ဟိုးရှေးခေတ်ကတည်းက တရုတ်တွေမှာ စာမေးပွဲနဲ့ပတ်သက်ပြီး မသမာမှုတွေကျူးလွန်ကြသလို၊ မသမာမှုကို ဘယ်လို တိုက်ဖျက်ကြတယ်ဆိုတာ အဖြေရှိပြီးသားဖြစ်နေလို့ တရုတ်ယဉ်ကျေးကို အထင်သေးမှုပြုလို့မရတာနေမှာ။
ကြောင်ကို ချူဆွဲပေးမည့်သူ
‘‘သင်ကြားခြင်းရဲ့အဆုံးသည် အသုံးချနိုင်တဲ့အဆင့် (Apply) အထိ သွားနိုင်မှပြီးဆုံးပါတယ်’’ လို့ ပညာရေးဌာနမှာ ထင်ရှားတဲ့ ပါမောက္ခကြီးတစ်ဦးဖြစ်သူ ဦးသန်းထွဋ် ကိုယ်တိုင်ပြောသွားတာ မှတ်သားဖူးပါတယ်။ အခုဆရာဝန်ဖြစ်နေတဲ့ သမီးဖြစ်သူရဲ့ အကြောင်းကို ကျွန်တော့်ဆရာတစ်ယောက်ကတော့ ဒီလိုပြန် ပြောပြတယ်။
‘‘ခု ဆရာဝန်ဖြစ်နေတဲ့ ကျွန်တော့်သမီးဟာ တက္ကသိုလ်ဝင်တန်းကို ငါးဘာသာဂုဏ်ထူးနဲ့အောင်လာတာ။ စာကျက်အား ကောင်းတယ်။ ဒါကြောင့်လည်း ဂုဏ်ထူးတွေထွက်တာပေါ့။ သူ ပထဝီဖြေခဲ့တုန်းက မြန်မာနိုင်ငံတွင် ဆန်စပါးအထွက်ဆုံးတိုင်းကို စစ်ကိုင်းတိုင်းလို့ဖြေခဲ့တာ ကျွန်တော်တို့ ခုထိတွေးတွေးပြီး ရယ်ချင်တုန်းပဲ’’ တဲ့။
‘‘မေးခွန်းတွေက ၁၉၈၁ ခုနှစ်လောက်ကစပြီး Simple, Straight-forward, Seen မေးခွန်းမျိုးတွေ မေးလာကြတာ။ ခုထိလည်း ဒီမေးခွန်းမျိုးတွေမေးနေတုန်းပဲ။ ဒီတော့မေးခွန်းတွေက ရိုးအီလာတယ်။ ဒီဘောင်အတွင်းမှာပဲ ပတ်ချာလည်နေကြတယ်။ ဆရာတွေကလည်း ခန့်မှန်းနိုင်တယ်။ မသမာသူတွေကပါ စပေါ့ဆိုပြီး မေးခွန်းအနေအထားကိုခန့်မှန်းရမ်းတုတ်လာကြတယ်။ ပါးနပ်တဲ့ ကျောင်းသားဆိုရင် ၃ နှစ်စာမေးခွန်းလောက်ကို ရှေ့မှာချကြည့်လိုက်တာနဲ့ ဒီနှစ်ဘာဖြစ်မယ်ဆိုတာ ပြောလာနိုင်တယ်။
ဒါပေမယ့် သူတို့ဘာကြောင့် မအောင်ကြသလဲ။ မကျက်ကြလို့။ တစ်ပွဲထိုးနည်းတွေကို အားကိုးနေကြလို့။ စာမကျက်ဘဲ မဖတ်ဘဲနဲ့တော့ စာမေးပွဲမအောင်နိုင်ဘူးဆိုတဲ့ အသိတရားတွေ ခေါင်းပါးလာကြလို့’’ ဒါကတော့ ဆရာကြီးတစ်ယောက်ရဲ့ ဝေဖန်ချက်ပါ။
ကောင်းပြီ။ ဒါဆိုရင် ကျွန်တော်တို့ ကလေးတွေကို ပုံစံပြောင်းပြီး လေ့ကျင့်ပေးလို့မရနိုင်ဘူးလား။ ကျွန်တော်တို့ခေတ် တွေတုန်းက အက်ဆေးပုံစံနဲ့ စာမေးပွဲဖြေရတယ်။ တစ်ပုဒ် ၂၅ မှတ်။ ၄ ပုဒ်ဖြေ ၁ဝဝ ဖိုး။ အချိန် ၂ နာရီအတွင်းမှာ အပြီးဖြေ။ တန်အောင်ရေးနိုင်သမျှ အမှတ်ရတာဆိုတော့ ကျက်အားကောင်း ရင် အမှတ်ရနိုင်သလို ရေးအားကောင်းရင်လည်း အမှတ်ရနိုင်တယ်။
အဲသည်လို ရေးနိုင် ဖြေနိုင်အောင် ကျွန်တော်တို့ခေတ်က ဆရာတွေ ဘယ်လိုသင်ပါသလဲ။ ကျွန် တော် ကျောင်းသားဘဝက ဆရာကြီးတစ်ယောက်နဲ့ပဲ ဥပမာပေးပါရစေ။ ဆရာကြီးက မြန်မာစာသင်တယ်။ သူ့အချိန်ကျရင် အခန်းထဲကို ကျော့ကျော့မော့မော့ ပြုံးပြုံးရွှင်ရွှင်နဲ့ဝင်လာတယ်။ လက်ထဲမှာ ဘာစာအုပ်မှလည်း ကိုင်မလာဘူး။ မြေဖြူလေးတစ်တောင့်လောက်ကိုင်လာပြီး သင်ကြားမယ့် ခေါင်းစဉ်ကို ဘောပေါ်မှာရေးချလိုက်တယ်။ ပြီးတော့ တစ်ချိန်လုံး အဲဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို ဘယ်စာအုပ်မှာကဘယ်လို၊ ဘယ်အကြောင်း၊ ဘယ်ကဲ့သို့ဆိုပြီး သိုင်းကာဝိုင်းကာနဲ့ ပုံပြောသလို သင်ပြောပြောသွားတာများ ကျွန်တော်တို့ ကျောင်းသားတွေ အချိန်ကုန်မှာတောင်စိုးရိမ်သေးတော့တယ်။ တစ်ချက်ကလေးမှ ကျောင်းသားတွေမပျင်းရအောင် အာဝဇွန်းရွှင်ရွှင်နဲ့ ပြောသွားနိုင်ရုံမျှမက မှတ်သားစရာတွေကလည်းများလေတော့ ငါစာရေးတတ်ခဲ့တာ ဆရာကြီးကျေးဇူးဆိုပြီး အမြဲဦးချနေမိတာ။
ဖတ်စာအုပ်ကို ကိုင်မသင်တဲ့ဆရာကြီးဟာ သူပြောချင်တာတွေ ပြောသွားပြီးရင် ‘‘ကိုင်းတပည့်တို့ မနက်ဖြန် ဆရာ အခုပြောသွားတဲ့အကြောင်းတွေကို ပြန်ရေးခဲ့ကြ’’လို့ နိဂုံးချုပ်လိုက်တာနဲ့ ကျွန်တော်တို့ ပျော်သွားကြပြီ။ ကိုယ်ရေးလာတဲ့ အကြောင်းအရာ အောက်ခြေမှာ ‘‘နိဒါန်းလိုသည်’’ ‘‘နိဂုံးထည့်ပေးပါ’’ ‘‘ဤနေရာတွင် ----- အစား ----- သို့ ပြောသင့်ပါသည်’’ ‘‘အကြောင်းအရာပိုင်းအားနည်းသည်’’ ‘‘တင်ပြပုံကောင်းသော်လည်း မပြည့်စုံ’’ ဆိုတဲ့မှတ်ချက်လေးတွေကို ဆရာ့ထံကနေ ကျွန်တော်တို့ ရကြတော့မယ် လေ။
‘‘ကျောင်းသားတွေကို စာဖတ်မယ့်အစား စာရေးတတ်အောင်သင် ပေးနေတဲ့ခေတ်ကနေ တစ်ချက်ကလေးမှ အတိမ်း အစောင်းမခံ။ ပန်းသီး ၅ လုံးလို့သင်ထားရင် မေးခွန်းမှာ မာလကာသီးလို့ ပြောင်းမေးလိုက်လို့ကတော့ ပြဿနာပေါ်ပြီ။ သင်္ချာကအစ ကျက်ဖြေနေကြတော့ Unseen မေးဖို့ဆိုတာအဝေးကြီးပေါ့။ ခိုးချဖို့ပြင်လာတာကို ဖမ်းဆီးမယ့်အစား ခိုးမချနိုင်အောင် မေးသင့် စစ်သင့်တယ်လို့ထင်တယ်’’ လို့ ပညာရေးဝန်ထမ်းတစ်ဦးက အကြံပြုပါတယ်။
‘‘ကျွန်တော်တို့က ခိုးမချနိုင်ဖို့ဆိုရင် Unseen မေးချင်ရင်မေး၊ ဒါမှမဟုတ် Open book စနစ်ကျင့်သုံးရင်ကျင့်သုံးသင့်တယ်လို့ထင်တယ်။ တစ်ခုတော့ရှိတယ်။ အဲသည်လိုစနစ်တွေနဲ့ မေးနိုင်အောင် သင်ပြ နိုင်မယ့်သူတွေလိုတယ်။ ဖြေနိုင်အောင်လေ့ကျင့် ပေးဖို့တွေအများကြီးလိုတယ်။ ဒီနေရာမှာ ပုဂ္ဂလိကအပိုင်း တွေကို အများကြီးထည့်ပြောမှ ဖြစ်တော့မယ်ထင်တယ်’’ လို့ ဆရာ တစ်ဦးက ဝေဖန်ပြပါတယ်။
သူပြောတဲ့ ပုဂ္ဂလိကအပိုင်းဆိုတဲ့နေရာတွေမှာ သင်ကြားရေးအပိုင်းတွေ အများကြီးပါလာတယ်။ ‘‘နိုင်ငံတကာက စံ အများစုဟာ Private sector ကနေ စမ်းသပ်ပြီး သုံးသပ်ချက်တွေက တစ်ဆင့်ထွက်လာတာတွေ။ Private မှာအောင်မြင်တာကို Public မှာလာပြီးစမ်းသပ်လို့ မအောင်မြင်နိုင်ဘူး။ ဒီလိုပဲ Public မှာအောင်မြင်တာကို Private မှာသွားပြီးအကောင်အထည်ဖော်လို့ ရနိုင်မှာမဟုတ်ဘူး’’
‘‘ခုဆိုရင် Private school တွေအများကြီးဖြစ်လာပြီ။ Public နဲ့ Private မှာ ကွာခြားချက်တွေက တော့ အများကြီး ရှိလိမ့်မယ်။ Private တွေက နိုင်ငံတကာအဆင့်အတိုင်းသွားနိုင်အောင် အတော်လေးကြိုးစားအကောင်အထည်ဖော်လာကြတယ်။ ဒီမှာဖြစ်နေတာက တတ်နိုင်တဲ့မိဘတွေက အစိုးရကျောင်းတွေကိုသာမက ကျောင်းပိတ်ရက်တွေမှာ နွေရာသီသုံးလဆိုပြီး Private တွေဆီပို့ကြတယ်။ ဒီတော့ ကလေးတွေသိပ်သနားစရာကောင်းတယ်။ နားချိန်မရှိ။ အားချိန်မရှိ မနိုင်မနင်းတွေဖြစ်လာတယ်။ Public နဲ့ Private ကို အားပြိုင်ခိုင်းသင့်ရင် ပြိုင်ခိုင်းရမယ်။ အပြိုင်အဆိုင်ရှိမှ တိုးတက်တယ်လို့ဆိုတယ်မဟုတ်လား။ ပြိုင်ခိုင်း ရင် ကြိုးစားအားထုတ်မှုတွေပါ ပိုလာလိမ့်မယ်။ Private မှာက ညာလို့မရဘူး။ ကိုယ်တိုင်အရည်အချင်းမရှိလို့ကတော့ Sorry လို့ အပြောလိုက်ရမှာဆိုတော့ အရည်အသွေးတွေကို မရှိ ရှိအောင်အားထုတ်လာလေ ပညာရေးအတွက် အလားအလာကောင်းလေလို့ ကျွန်တော်တော့ယူဆတယ်’’ လို့ အငြိမ်းစားကျောင်းအုပ်ကြီးဟောင်းတစ်ဦးက ပြောသွားပါတယ်။
အဆုံးနဲ့အစ အစမှအဆုံး
ပညာရေးစနစ်သစ်မှာ သူငယ်တန်းကနေ Grade 10 (နဝမတန်း) အထိ ရင်ဆိုင်နေကြရတာက Chapter End Test စနစ်။ အခန်းဆုံးစစ်ဆေးမှုဆိုတာတွေကို မပြတ်လုပ်တော့ စာမေးပွဲကြီးစစ်ပြီဆိုရင် အဲဒီကာလ chapter လောက်ပဲ ကျက်ကြရ ဖြေကြရတော့တယ်။ ကျက်ရတာနည်းသွားတယ်။
နောက်ပြီး ဖွံ့ဖြိုးရေးရမှတ်တွေကလည်းရှိသေးတော့ ကျောင်းသားတစ်ယောက် အကျမရှိ စေရဆိုတဲ့စနစ်ကို ကောင်း ကောင်းအကောင်အထည်ဖော်နိုင်ပါတယ်။ ဒါပေမယ့် တက္ကသိုလ်ဝင်တန်းမှာ Chapter End Test အနေနဲ့ စစ်ဆေးတာမဟုတ်ဘူး။ သူငယ်တန်းကနေ တောက်လျှောက် အပိုင်းလိုက်စစ်မေးမှုတွေနဲ့ ရင်ဆိုင်လာကြရတဲ့ ကလေးတွေဟာ တက္ကသိုလ်ဝင်တန်းကျမှ ပြဋ္ဌာန်းစာအုပ်ကို အစကနေအဆုံးအထိ ပြန်ဖတ်နေရတယ်ဆိုတာကိုလည်း ပြန်ပြီး သုံးသပ်သင့်ပြီလို့ထင်ပါတယ်။
ကျောင်းတွေမှာက Completion Certificate ဆိုပြီး ပေးနေကြတယ်။ မူလတန်းပြီးဆုံးကြောင်း၊ အလယ်တန်းပြီးဆုံးကြောင်းနဲ့ အထက်တန်းပြီးဆုံးကြောင်းလက်မှတ်တွေပေးပြီး အဲဒီလက်မှတ်တွေလည်းတရားဝင်တာပဲဆိုရင် တက္ကသိုလ်ကနေဘွဲ့ရဖို့ဆိုတာ ကလေးတစ်ဦးချင်းရဲ့ဝါသနာနဲ့ ကြိုးပမ်းမှုကို အလေးထားရတော့မယ်။ မိဘတွေကိုလိုက်မေးရင် ကိုယ့်သားသမီးဘယ်လိုအနေ အထားရှိသည်ဖြစ်စေ ဆရာဝန်လိုင်းကနေ တစ်ပြားမှလျှော့မှာမဟုတ်ဘူး။ ဝါသနာကို အသပြာနဲ့တိုင်းပြီး လိုက်စားနေရတယ်ဆိုတာ တိုးတက်ဖို့ထက် ဆုတ်ယုတ်ဖို့သာရှိပါတယ်လို့ ကျောင်းတွေကလည်း မိဘတွေရော ကျောင်းသားတွေကိုပါ ပညာပေးချိန်ရောက်ပါပြီ။
‘‘အမှတ်မမီလို့’’ ဆိုတဲ့ အကြောင်းပြချက်ကြောင့် ရွေးချယ်ခွင့်တွေဟာ လမ်းပိတ်သွားရတယ်။ စာမေးပွဲမှာအကျမရှိအောင် နည်းမျိုးစုံနဲ့ ဘာကြောင့်ကုစားနေကြသလဲလို့ ဆရာတစ်ယောက်ကို မေးကြည့် တော့ ‘‘တစ်နှစ်လုံး ကျောင်းတွေမှန်မှန်တက် ကြိုးစားလာတဲ့ ကလေးတစ်ယောက်ဟာ စာမေးပွဲချိန်ရောက်မှ ခြေချော်လက်ချော်မဖြစ်ရလေအောင်’’ လို့ပြောသွားပါတယ်။ ခြေချော်လက်ချော် ဆိုတဲ့ ဖြစ်နိုင်ခြေကိုလက်ခံရင် တက္ကသိုလ်ဝင်တန်းမှာလည်း ခြေချော်လက်ချော်ဖြစ်နိုင်တယ်လို့ ခံယူထားရမယ်။ တက္ကသိုလ်ဝင်တန်း ဖြေလိုက်တဲ့ရမှတ်ဟာ ဘဝအတွက်အဆုံးအဖြတ်ဆိုတာတော့ စဉ်းစားသင့်ပါတယ်။
စာမေးပွဲတစ်ပွဲဖြစ်မြောက်ရေး
ကျွန်တော် နယ်တွေကိုရောက်မှ စာမေးပွဲကျင်းပပေးနေကြရတဲ့ ဆရာ ဆရာမတွေကို စေတနာနဲ့လုပ်ရပ်တွေကို မလေးစားပဲ မနေနိုင်အောင်ဖြစ်လာမိတယ်။ တက္ကသိုလ်ဝင်စာမေးပွဲအတွက် မြို့နယ်အသီးသီးမှာရှိတဲ့ ဆရာ ဆရာမတွေလူစုံတက်စုံ လုပ်ကြရတယ်။ တာဝန်ကျရာကိုသွားကြ။ ကြီးလေးတဲ့တာဝန်ကြီးတစ်ခုလို ရင်မှာပိုက်ပြီးလုပ်ကြရဆိုတော့ ဝါသနာကိုအရင်းမခံပဲ မဖြစ်နိုင်တဲ့ကိစ္စလို့ မှတ်ယူရပါလိမ့် မယ်။ ပဲခူးကိုရောက်ချိန်မှာ စာမေးပွဲနဲ့ပတ်သက်ပြီး ကုန်ကျငွေတွေမရှိနိုင်ဘူးလားဆိုတာကို စိတ်ဝင်စားလို့ တာဝန်ရှိသူ တစ်ဦးကိုမေးကြည့်မိပါတယ်။
‘‘ကျွန်တော်တို့မြို့နယ်မှာရှိတဲ့ စာစစ်ဌာနတွေအတွက် ခရိုင်အနေနဲ့တာဝန်ခံပြီး ရန်ကုန်မှာသွားထုတ်ကြရတယ်။ သွားထုတ်တယ်ဆိုတာ တက္ကသိုလ်ဝင်စာမေးပွဲတစ်ခုအတွက် လေးကြောင်းလောက် ရန်ကုန်ကို ခေါက်တုန့်ခေါက်ပြန်သွားရတာကိုပြောတာ။ အဖြေလွှာသယ်တာကတစ်ခေါက်၊ စာမေးပွဲဖြေခွင့်ကတ်က တစ်ခေါက်၊ မေးခွန်းထုတ်တာက တစ်ခေါက်၊ အဖြေလွှာပြန်ပို့ရတာက တစ်ခေါက် စုစုပေါင်းလေး ခေါက် ရန်ကုန်ကိုသွားကြရတယ်။ သွားတယ်ဆိုတာ ရိုးရိုးသွားရတာမဟုတ်ဘူး။ လုံခြုံရေးတွေကအစ စီမံပြီး ကားတွေငှားသွားရတယ်ဆိုတော့ စရိတ်တွေအများကြီးရှိတယ်။ စာမေးပွဲတစ်ခုအတွက် သွားလာစရိတ် တွေချည်း အနည်းဆုံး ၄ သိန်းလောက် ရှိတယ်။ ဒီငွေတွေကို သက်ဆိုင်ရာကျောင်းအုပ်ကြီးတွေကပဲ မျှဝေခံပြီး စာမေးပွဲကျင်းပလာရတာ နှစ်တွေ မနည်းတော့ဘူး’’ လို့ပြောပါတယ်။
ဆရာ ဆရာမတွေဆိုတာလည်း စာမေးပွဲကာလဆိုရင် မနက်အစောကြီးကတည်းက တာဝန်ကျရာကိုသွားဖို့ ပြင်ဆင်နေကြရပြီ။ ဆရာမတစ်ဦးကဆိုရင် ‘‘မနက်အစောကြီးကတည်းကထပြီး ပြင်ဆင်ထားရတယ်။ အနည်းဆုံး တစ်နာရီလောက်စောပြီး တာဝန်ကျတဲ့ဆီကို ရောက်နေကြရတယ်။ စာမေးပွဲစောင့်ခဆိုပြီးတော့ရတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကလည်း ဒီနှုန်း ခုလည်းဒီနှုန်းဆိုတော့ ကားခ တောင်မကာမိဘူး။ ဘာဖြစ်ဖြစ်လေ တာဝန်ကို ထမ်းဆောင်နေကြရတာ။ ပြီးတော့ ပညာရေးမှာ အရေးကြီးတဲ့တာဝန်တစ်ခုကို ထမ်းဆောင်နေရတာဆိုပြီး ပိုတောင်ဂုဏ်ယူမိသေးတယ်’’ လို့ တကယ့်ပီတိစားတဲ့ မျက် နှာပေးနဲ့ ပြောနေလိုက်တာ သူ့ပီတိက ကိုယ့်ကိုတောင်ကူးစက်ခံလိုက်ရသေး။
ခုအချိန်မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုတဲ့စာစစ်ဌာနတွေရှေ့မှာ ဇွဲဆုကိုပေးပါဆိုရင် မိဘတွေကိုပေးရမယ်။ သူတို့ဘာကြာင့် စာမေးပွဲမပြီးမချင်း နေပူထဲမှာ ဇွဲနဲ့သားသမီးတွေကိုလာစောင့်နေကြတာလဲ။ အမှန်ကတော့ သူတို့လည်း စာမေးပွဲနတ်ရဲ့ဖမ်းစားခြင်းကို ခံနေကြရတာပါ။ သားသမီးတွေရဲ့ဘဝဟာ ဒါလေးနဲ့အဆုံးအဖြတ်ခံရတော့မှာဆိုတော့ စိတ်ပူနေကြမှာ ကိုယ်ချင်းစာမိပါတယ်။ စိတ်ပူမှုရဲ့နောက် ကွယ်မှာ မိဘတွေ သောကပွေကြတဲ့နောက်ထပ် အကြောင်းအရာတွေ အများကြီးရှိနေပါသေးတယ်။
‘‘ဒီနှစ်ကြပ်မယ်ဆိုတာ အစောကြီးကတည်းကသိတယ်။ ကျောင်းတွေကနေပြီး မိဘတွေကိုပါခေါ် ပြောတယ်။ ရိုးသားစွာ ကြိုးစားဖြေနိုင်ရေးကို မိဘများကလည်း ဝိုင်းဝန်းကူညီကြပါလို့ ဆရာကြီး ဆရာမကြီးတွေက ကြိုပြောထားတယ်။ မိဘတွေဆိုတာ ကလည်း ကိုယ့်သားသမီးကို အမှတ်ကောင်းကောင်းနဲ့ အောင် စေချင်ကြတာပဲ။ ဒါကြောင့် အောင်ဖို့ဆိုရင် ဘယ်လောက်ကုန်ကုန် ရင်းနှီးပေးကြရတယ်။ နောက်ဆုံးအချီမှာ လက်တွန့်နေလို့မဖြစ်တော့ဘူး။ ကျူရှင်ဆိုလည်းပို့၊ ဂိုက်ငှားဆိုရင်လည်းငှား၊ စပေါ့လည်း လိုက်၊ နောက်ဆုံး ကုန်ကုန်ပြောလိုက်မယ် မိုက်ခရိုတောင်ရှာပေးကြရတယ်။ အမှတ်ကောင်းကောင်းရဖို့ ကလေးတွေက မလုပ်တတ်ရင်တောင် မိုက်ခရိုကြည့်တတ်အောင် ပြန်သွန်သင်ပေးနေရတဲ့ကိစ္စဟာ သဘာဝမကျမှန်းသိပေမယ့် မျက်စိမှိတ်ပြီး လုပ်နေကြတော့တာ’’ လို့ မိဘတစ်ဦးက ဝန်ခံသွားရှာတယ်။
နောက်မိဘတစ်ယောက်ကတော့ ‘‘ကျွန်တော်က ကျောင်းဆရာဆိုတော့ ကျွန်တော့်သမီးကို ဘယ် တော့မှခိုးချတတ်အောင် မသင်ခဲ့ဖူး။ မရရင်နေ ပြန်ထွက်လာ ကျရင်တစ်နှစ်။ နောက် ပြန်ကြိုးစားရင် အောင်ကို အောင်ရမယ်ဆိုပြီး သွန်သင်ထားတယ်။ ဒါပေမယ့် ဒီနှစ်ကတော့ သမီးအောင်မှာကျိန်းသေပဲ။ အတော်လေးဖြေနိုင်တယ်။ ကျွန်တော့်သမီးကို ကျူရှင်တော့ထားတယ်။ ပိုက်ဆံတွေအများကြီးပေးရတဲ့ ကျူရှင်တော့မဟုတ်ဘူး။ စေတနာနဲ့ခေါ်သင်ပေးတဲ့ကျူရှင်။ အဲဒီကနေပြီး အများကြီးအထောက်အကူပြုတယ်။ ဒီနှစ်လုပ်တဲ့စနစ်ကိုကြိုက်တယ်။ မသမာတဲ့စနစ်ပျောက်သင့်ပြီ။ ပျောက်အောင်လုပ်ပေးနေတာကိုလည်း ကျေးဇူးတင်တယ်။ တစ်တိုင်းတစ်ပြည်လုံး ဒီပုံစံအတိုင်းဆက်သွားရင် ပိုကောင်းမယ်’’ လို့ ပြောသွားပါ တယ်။
ကျောင်းသားတွေကို ကျွန်တော် စာမေးပွဲအပြီးမှာ ဒီနှစ်ရဲ့တင်းကြပ်မှုနဲ့ပတ်သက်ပြီး မေးကြည့်ပါတယ်။
‘‘သမီးတို့ကို ခိုးမချဖို့ ဆရာတွေကကြိုပြောထားတယ်။ ဒီနှစ်က ကြပ်မယ်ဆိုတာကြိုသိနေလို့ စာအတော်လေး ကျက်ဖြစ်တယ်။ အဖေတို့ အမေတို့ကတောင် ငါ့သမီးလေးသိပ်ကိုကြိုးစားနေပါလားလို့ ပြောကြတယ်။ ဘာသာစုံတော့ မဖြေနိုင်ဘူး။ ဘိုင်အိုထိတယ်။ ဒါပေမယ့် အောင်မယ်ထင်တယ်’’
‘‘ကျွန်တော်တို့ ကြိုသိတယ်။ ဒါကြောင့် ဒီနှစ်တော့ မိုက်ခရိုတွေဘာတွေနဲ့ ငွေကုန်ခံမနေတော့ဘူး။ ငွေကုန်ခံလည်း အလကားပဲနေမှာပါ။ စာမေးပွဲဖြေရတဲ့အထဲမှာ အပင်ပန်းဆုံးပဲ။ သိပ်ပြီးဖြေနိုင်တယ်လို့ပြောလို့မရဘူး။ အောင်တော့ အောင်ချင်တယ် သိပ်မမှန်းရဲဘူး’’
မိုက်ခရိုရင်းမြစ်
ကျောင်းသားတွေရဲ့ မသမာမှုကိုနှိုးဆွပေးတဲ့နေရာတွေထဲမှာ အဓိကကျတာကတော့ မိုက်ခရိုတွေ၊ စတစ်ကာတွေပေါ့။ မိတ္တူဆိုင်တွေဆိုတာ နေရာအနှံ့ မှိုလိုပေါက်အောင်ရှိနေတာဆိုတော့ မိုက်ခရိုဘယ်ကထွက် မိတ္တူဆိုင်တွေကထွက်တယ်ဆိုတာ ပြောစရာတောင် လိုမယ်မထင်ဘူး။ ဒါပေမယ့် ဒီနှစ်ကတော့ အထူးစီမံချက်အနေနဲ့ တာဝန်ရှိသူတွေက မိတ္တူဆိုင်တွေကိုကြိုပြီး ခေါ်ပြောထားတယ်။ မိုက်ခရိုမကူးပေးရဘူးပေါ့။ အရေးယူခံရဖို့ရှိတော့ ဆိုင်တွေလည်း အတော်များများလိုက်နာကြတယ်။ အချို့ဆိုရင် စာမေးပွဲကာလမှာ ဆိုင်တွေတောင်ပိတ်ထားကြတယ်။
‘‘ပြဿနာက လူသတ်မှုတစ်ခုဖြစ်ရာမှာ ဓားနဲ့ထိုးတဲ့လူကို မဖမ်းဘူး။ ဓားထုတ်တဲ့ပန်းပဲကို ဖမ်းမယ်ဆိုသလိုဖြစ်နေတယ်။ ကျွန်တော်တို့ကတော့ မလုပ်နဲ့ဆိုရင် မလုပ်ဘူး။ ဥပဒေကို တိတိကျကျလိုက်နာတယ်။ ဒါပေမယ့် ဒီကြားထဲကနေပြီး မိုက်ခရိုတွေ ထွက်နေသေးတယ်။ မသမာစွာနဲ့ ကလေးတွေကိုမှီပြီး စီးပွားရှာစားချင်တဲ့ တစ်နပ်စားတွေကြောင့် ကျွန်တော်တို့ မိတ္တူဆိုင်တွေ နာမည်ပျက်နေရတာ’’ လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒီနှစ်ရန်ကုန်မှာလည်း မိုက်ခရိုနဲ့ စတစ်ကာရောင်းသူတွေ မတွေ့ဘူး။ စီမံချက်ဟာ အတော်လေးထိရောက်တယ်လို့ ခန့်မှန်းရတယ်။ ရေရှည်တည်တံ့ရေးနဲ့ပတ်သက်ပြီး ဆရာမကြီးတစ်ယောက်က ‘‘မသမာမှုတွေကို ဆက်ပြီးလက်ခံနေမယ်ဆိုရင် အောက်တန်းကျတဲ့စိတ်ဓာတ်တွေ ကြီးထွားလာမယ်။ ဒီလိုကလေးတွေက နောင်တစ်ချိန် လူကြီးဖြစ်ကြမှာဆိုတော့ သူတို့အတွက် ရင်လေးတယ်။ ခုဆို လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို အလုပ်နိုင်ဆုံးအချိန်လို့ပြောနိုင်တယ်။ အထက်ကလည်း တိတိကျကျလုပ်ပါလို့ ညွှန်ကြားတယ်။ တိတိကျကျလုပ်တော့လည်း ထူးခြားလာတယ်။ ကျွန်မကတော့ ဒီပုံစံအတိုင်းဆက်သွားရင် နောက် ၂ နှစ် လောက်ဆို လုံးဝမသမာမှုတွေ ပပျောက်သွားမယ်လို့ထင်တယ်’’ လို့ ယုံကြည်မှု အပြည့်နဲ့ပြောသွားတယ်။
ငါ့ကိုခြောက်တဲ့တစ္ဆေ
တစ်နေ့ ကျွန်တော့်ဆီကို မင်္ဂလာဖိတ်စာတစ်စောင်ရောက်လာတယ်။ ကောင်လေးရဲ့အောက်နားမှာ မူရင်းဘွဲ့က ဘီအက်စ်စီရဲ့ နောက်ဆက်တွဲတွေအဖြစ် ဒစ်ပလိုမာဘွဲ့တွေ အများကြီးတန်းစီပြီး ရေးထားတာတွေ့လိုက်ရတာ။ သူယူထားတဲ့ ဒစ်ပလိုမာတွေက စိတ်ပညာလည်းပါတယ်။ ဥပဒေလည်းပါတယ်။ သမိုင်း၊ မနုဿ၊ စီးပွားရေး စုံနေတာပါပဲ။ ဖိတ်စာလုံးပြည့်လုခမန်း ဘွဲ့တွေတစ်သီကြီး ကိုကြည့်ပြီး ကျွန် တော်စိတ်မောသွားတယ်။ သူဘယ်လိုများဒီလောက်များအောင် ယူထားနိုင်ပါလိမ့်ပေါ့။
ကျွန်တော်လည်း လူငယ်တွေကိုအားကျပြီး ဒီနှစ်အစောပိုင်းမှာ ဒစ်ပလိုမာအတန်းတစ်ခုကို တက်ဖို့ကြိုးစားခဲ့ပါတယ်။ ဝင်ခွင့်စာမေးပွဲဖြေရမယ်ဆိုလို့ စာမေးပွဲကြောက်တဲ့ကျွန်တော် စာမေးပွဲခန်းထဲကို ခြေတုန်လက်တုန်ပြန်ဝင်ရတယ်။ ဝင်ခွင့် ၂ဝဝ လောက် ဝင်ဖြေကြရာမှာ ကျွန်တော်က ၈၅ ယောက်မြောက် အောင်လိုက်တယ်ဆိုတော့ ကိုယ့်ကိုယ်ကို မဆိုးသေးဘူးလို့ သတ်မှတ်လိုက်ပါတယ်။
ဆိုးတာက ကျောင်းပြန်တက်ရတာပါ။ တစ်ပတ် ငါးရက် နေ့စဉ် မနက် ၇ နာရီမှ ၉ နာရီ။ ဒါလည်း ပြဿနာမရှိပါဘူး။ စောစောထပြီးသွားရတော့ ကျန်းမာရေးတောင် ကောင်းသေးတယ်ပေါ့။ ပြဿနာက တစ်ပတ်မှာ တစ်ရက်စာမေးပွဲစစ်မယ်။ ကောင်းတယ် ငါကြိုးစားရမယ်ဆိုပြီး ပျော်တောင်နေသေးတယ်။
မျှော်လင့်ထားသလိုဖြစ်မလာတာတွေက နေ့စဉ်ကိုယ့်ကိုသင်မယ့် အကြောင်းအရာကို ပြန်ဝယ်ရတယ်။ ဝယ်လာပြီးအခန်းထဲ ဝင်ထိုင်ရင် ဆရာတွေက ကျွန်တော်တို့ကို အဲဒီစာရွက်တွေပေါ်မှာပါတဲ့အတိုင်း ဘာသာပြန်ပြတယ်။ ထင်ထားတာက ငါတို့ကို ပညာသင်ပေးတော့မှာ၊ ပညာတွေပေးတော့မှာလို့ထင်ထားတာ။ သူတို့ပေးနေတာက ပညာမဟုတ်ဘူးဖြစ်နေတယ်။ နောက်ပြီး တစ်ပတ် တစ်ခါ စစ်တဲ့စာမေးပွဲဆိုတာကလည်း ဆရာမတွေ့ရင် Open book ဆရာတွေ့ရင် Close book စနစ်ဖြစ်နေတော့ တစ်ခုခု မှားနေပြီဆိုတာ သိလိုက်ရတယ်။
ဒီမှာလာပြီး သင်တန်းတက်နေတဲ့သူတွေဟာ အနိမ့်ဆုံး ၂၅ နှစ်လောက်ကနေ အမြင့်ဆုံး ၆ဝ အရွယ်တွေလောက်ရှိတယ်။ သက်ဆိုင်ရာဘွဲ့တွေ ဒီဂရီတွေ ပိုင်ဆိုင်ပြီးသားဖြစ်တဲ့အပြင် ဌာနတွေမှာလုပ်ကိုင်နေကြတဲ့ လူကြီးအတော်များများတောင် ပါလိုက်သေးတယ်။
ဒီကရတဲ့ဘွဲ့ဟာ သူတို့တက်လမ်းအတွက် ဘယ်လောက်အထောက်အကူပြု မပြုဆိုတာတော့ ကွန် တော်မသိဘူး။ ကျွန်တော်ကတော့ သင်ကြားတဲ့စနစ်ကို မကြိုက်ဘူး။ မေးလိုက်တဲ့မေးခွန်းတွေက သင်ကြားမှုနဲ့ ကွာဟနေတယ်။ အကြောင်းအရာပိုင်းကို အဓိကထားသင်ပြီး ဆက်စပ်တွေးခေါ်နိုင်ဖို့ဆိုတာတွေ တစ်ခုမှပါမလာတော့ ဘယ်တုန်းကပြောင်းသွားတာလည်းဆိုပြီး သံသယတွေ ဖြစ်လာတယ်။ ဒီအရွယ်ကြီးတွေကို စာကျက်ဖြေခိုင်းနေတာ မှားတယ်လို့မြင်လာတယ်။
ကျွန်တော်ဟာ မိုးလင်းမိုးချုပ် သတင်းရေး၊ စာရေးနဲ့ အလုပ်ရှုပ်နေသူပါ။ သင်တန်းတစ်ခုလာတက်တာ ကျွန်တော်တို့ အတွက်တော့ လိုအပ်ချက်ကို တစ်ထိုင်တည်းဖြေရှင်းပေးနိုင်တာမျိုးတွေ ဖြစ်ရမယ့်အစား စာကိုအလွတ်ထိုင်ကျက်နိုင်မှ ရလဒ်တစ်ခုကို ပြုလုပ်ပေးနိုင်မယ်လို့ လမ်းဖွင့်ပေးနေတာနဲ့ ကြုံလိုက်ရပါတယ်။ နေ့စဉ် ကျွန်တော်တို့ကိုပေးနေတဲ့အပေါ်မှာ အပတ်စဉ်ပြန်ပြီး သုံးသပ်ချက်နဲ့ တတ် မြောက်မှုကို ပိုင်းဖြတ်မယ်ဆိုရင်တော့ မှားသွားနိုင်ပါတယ်။
တစ်ပတ်သင် သောကြာနေ့တိုင်း Tutorial လို့ခေါ်တဲ့ တတ်မြောက်မှုစစ်ဆေးခြင်းကို ကျွန်တော်တို့ခံကြရပါတယ်။ အဲဒီအချိန်မှာ လူကြီးတွေ သူငယ်ပြန်တာတွေနဲ့ ကြုံတွေ့လိုက်ရတဲ့ကျွန်တော်ဟာ နေရင်းထိုင်ရင်း တစ္ဆေအခြောက်ခံရသလိုဖြစ်လာတယ်။ သင်တန်းလာတက်ရင် အရိပ်ကိုကြောက်၊ ငါ့ဘွဲ့နောက်မှာ အမြီးတစ်တန်းထပ်တိုးရင် အမြီးကပြန်ကောက်ပြီး ငါ့ကိုခြောက်လိုက်မှဆိုပြီး သင်တန်းနဲ့စာမေးပွဲရဲ့ဝေးရာကို ရှောင်ပြေးလိုက်မှ ကျွန်တော်လည်း ပုံမှန်အနေအထားကို ပြန်ရောက်သွားပါတယ်။
သနား ကရုဏာ အကြင်နာကြောင့်
ဥပဒေဆိုတာ ကျူးလွန်တဲ့သူတွေ ကျူးလွန်ပြီးမှ နောက်နောင် ဤသို့မဖြစ်နိုင်အောင်ဆိုပြီး ကာကွယ်တဲ့အနေနဲ့ ထုတ်ပြန် ထားရတာတွေများပါတယ်။ ဘုရားရှင်လက်ထက်တော်ကတည်းက ဝိနည်းဆိုတာ ဝိနည်းကိုကျူးလွန်သူတွေကြောင့် ပေါ်လာရတာလို့ မှတ်သားဖူးပါတယ်။
ကျွန်တော်တို့ပညာလောက၊ ဆရာလောကတွေမှာလည်း သတ်မှတ်ထားတဲ့ ဥပဒေတွေအများကြီးပါ။ ဆရာဆိုတာက ကိုယ်တပည့်တွေအပေါ်မှာ သနားကရုဏာနဲ့ပဲ ဆက်ဆံကြတာများလေတော့ ဘယ် တပည့်ကိုမှ မင်းတို့ ခိုးချကြလို့မသင်ပေမယ့် ကိုယ့်တပည့်တွေက မသမာမှုတွေကျူးလွန်လာရင်တော့ မျက်စိမှိတ်နေရာကနေ တစ်ဖြည်းဖြည်းအကဲစမ်းရင်း ပြဿနာက ကြီးထွား သည်ထက် ကြီးထွားလာပါတယ်။
ငယ်စဉ်ကတည်းက စိတ်ထဲမှာစွဲနေတဲ့ပုံပြင်တစ်ပုဒ်ရှိပါတယ်။ သားဖြစ်သူခိုးတာ လစ်လျူရှုထားတဲ့မိခင်ကို သားဖြစ်သူက ထောင်ထဲကနေ နားရွက်ကိုက်ဖြတ်ပြီး အမေမသွန်သင်ခဲ့လို့ဆိုတဲ့ သုံးသပ်ချက်ဟာ ရှက်စရာလည်းကောင်း နာကျည်းစရာလည်း ကောင်းလှပါတယ်။
တစ်နေ့နေ့ ငါ့နားရွက်ကို ဘယ်သူလာကိုက်မလဲဆိုတာ တစ္ဆေအခြောက်ခံနေရတဲ့ အဖြစ်ထက်ဆိုးပါလိမ့်မယ်။ အိပ်ရင်တောင် နားရွက်ထောင်ပြီးမအိပ်ဝံ့တဲ့အဖြစ်မျိုး ငါတို့မှာတော့မရှိဘူးလို့ ရဲရဲဝံ့ဝံ့ရင်ကော့ပြီး ပြောနိုင်ရင်တော့ ကျွန်တော် ဦးအကြိမ်ကြိမ် ညွှတ်ဝံ့ပါရဲ့။
တင်ညွန့်
(ဤဆောင်းပါးကို မောက္ခပညာရေးမဂ္ဂဇင်းမှ ကူးယူဖေါ်ပြပါသည်။)
No comments:
Post a Comment