Saturday, 25 June 2011

ဆစ်ဒနီမြို့ တော် အပိုင်း (၆)

ဆစ်ဒနီအော်ပရာဟောက်(စ်)

ဆစ်ဒနီအော်ပရာဟောက်(စ်)ရဲ့ ဒီဇိုင်းကိုတော့ ဒိန်းမတ်လူမျိုးဗိသုကာပညာရှင် Joern Utzon ကနေရေးဆွဲပါတယ်။ သူဟာ ကောင်းကင်မှာ နေရွေ့ရှားနေချိန်တိုင်းမှာ ဆစ်ဒနီအော်ပရာဟောက်ရဲ့ အရောင်တွေ၊ ထူးခြားတဲ့သွင်ပြင်တွေရဲ့ အချိန်နဲ့ အမျှ လိုက်လျောညီထွေဖြစ်စေဖို့ ဒီဇိုင်းကို ဖန်တီးရေးဆွဲခဲ့ပါတယ်။ လူတိုင်းကို အော်ပရာဟောက်ကနေပြီးတော့ ဆွဲဆောင်စေချင်ခဲ့တာပါတယ်။



ရေထဲကပဲ ကြည့်ကြည့်၊ ကုန်ပေါ်ကပဲ ကြည့်ကြည့်၊ ကောင်းကင်ပေါ်ကပဲ ကြည့်ကြည့် ထာဝရဆွဲဆောင်ဖျားယောင်းစေချင်ခဲ့တာပါ။ ဒီလို ကြံစည်မှု့တွေရဲ့ ရလာဒ်ကောင်းအဖြစ် အော်ပရာဟောက်ဟာ နံရံတွေရှိဟန်မတူတဲ့ အဆောက်အဦးဖြစ်လာပါတယ်။ ခရုခွံ၊ ယောက်သွားခွံနဲ့ တူတဲ့ ကြီးမားတဲ့ အဆောက်အအုံတွေက ကွန်ကရစ် ခုံမြင့်တစ်ခုပေါ်ကနေ ထိုးထွက်လာသည့်ဟန် ပေါ်ထွက်လာပါတယ်။ အော်ပရာဟောက်(စ်)ရဲ့အမြင့်ဟာ ပင်လယ်ရေမျက်နှာပြင်ကနေစတင်ပြီးတိုင်းမယ်ဆိုရင်တော့ ၆၇.၄ မီတာမြင့်ပါတယ်။ Joern Utzon ရဲ့ ပလက်ဖေါင်းအတွက် အိုင်ဒီယာကတော့ မာယာလို့ထင်ရှားတဲ့လူမျိုးတွေတည်ဆောက်ထားကြတဲ့ တောင်အမေရိကအတွင်းက ရှေးဟောင်းဘုရားကျောင်းတွေကလို အလားတူပါတယ်။
အခြားအခြားသော ဖြေဖျော်ရေးနေရာတွေလိုပါပဲ အော်ပရာဟောက်(စ်)မှာ ပြဇာတ်ရုံပါတယ်။ အသံနဲကဆိုင်တဲ့ ခန်းမရှိတယ်။ ပရိသတ် (၅၃၀၀) ကျော်အတွက် ထိုင်ခုံတွေပါဝင်ပါတယ်။


(အော်ပရာဟောက် နှင့် စာရေးသူအား တွေ့ရပုံ)

ဆစ်ဒနီအော်ပရာဟောက်(စ်)သမိုင်းအကျဉ်း

၁၇၈၈နှစ်၊ Governor Phillip ဆစ်ဒနီ Coveကို ရောက်လာချိန်မှာ အဘော်ရိဂျင်းလူမျိုး Bennelong နဲ့ သိကျွမ်းခဲ့ပါတယ်။ ပြီးတော့ ဆစ်ဒနီ Cove အနီးက ကျွန်းဆွယ်လေး အပေါ်မှာ အိမ်တစ်လုံးဆောက်ဖို့ ပြောခဲ့ပါတယ်။ (သူဟာနောက်ပိုင်းမှာ အရက်စွဲ ရောဂါကြောင့် ကွယ်လွန်ခဲ့ပါတယ်။) အဲဒီကျွန်းဆွယ်ဟာ Bennelong Point အဖြစ် ထင်ရှားလာပါတယ်။ ၁၉၅၂ မှာတော့ နယူးဆောက်ဝေးပြည်နယ် အစိုးရက ဆစ်ဒနီအော်ပရာဟောက်(စ်)ကို တည်ဆောက်မည်ဟု ကြေညာခဲ့ပြီး ၁၉၇၃ မှာတော့ ဆစ်ဒနီအော်ပရာဟောက်(စ်)ကို ပြီးစီးခဲ့ပါတယ်။ ယခုအခါမှာတော့ ဆစ်ဒနီအော်ပရာဟောက်(စ်)ဟာ ဆစ်ဒနီမြို့ရဲ့ ပုံရိပ်တစ်ခုဖြစ်လာခဲ့ပါတယ်။

မောင်နေခြည် (လှည်းကူးမြေ)

အပိုင်း (၇) ကို ဆက်လက်ဖေါ်ပြပါမည်။

No comments: