http://www.shadejournal.com
mgnaychi banner
- မူလစာမျက်နှာ
- လှည်းကူးမှု့ခင်း
- လှည်းကူးဘာသာရေး
- လှည်းကူးပညာရေး
- လှည်းကူးလူမှု့ရေး
- လှည်းကူးကျန်းမာရေး
- လှည်းကူးနိုင်ငံရေး
- ကဗျာ
- ကရုဏာရှင်အသင်း
- ဓမ္မပူဇာမင်္ဂလာအသင်း
- လှည်းကူးသမိုင်းအဖွဲ့
- လှည်းကူးစီးပွားရေး
- လှည်းကူးအရေးပေါ်ဖုန်းနံပါတ်များ
- လှည်းကူးကြေငြာချက်များ
- ပြည်တွင်းမှတ်စု
- ပြည်ပမှတ်စု
- ဆက်သွယ်ရန်
- ကိုယ်တိုင်ရေးမှတ်စု
- စာအုပ်စာပေ
- ခံစားနားဆင်ကြမယ်
Thursday, 9 August 2012
ငမိုးရိပ်ရေလွှဲဆည်အနီးရှိ ကျေးရွာများတွင်ရေကြီးမှုကြောင့် စပါးများပျက်စီး ၊ လူတစ်ဦးသေဆုံး ရှုမဝအောင်(မြစ်မခ)
ငမိုးရိပ်ရေလွှဲဆည် ရေထွက်ပေါက်များ ပိတ်ဆို့ထားခြင်းနှင့်အတူ ရက်ဆက်မိုးရွာသွန်းခြင်းကြောင့် ဒဂုံအရှေ့ပိုင်းနှင့် လှည်းကူးမြို့နယ်ရှိ ရွာ(၁၁)ရွာတွင် ရေဘေးဒုက္ခ ရင်ဆိုင်ခဲ့ရပြီး လူတစ်ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ကျူချောင်းကျေးရွာ၊ မလစ်ရှေ့ကျေးရွာ၊အဝိုင်းအရှေ့ကျေးရွာ၊ ထောင်တလုတ်ကျေးရွာ၊ ရှမ်းတဲကြီး အောက်ကျေးရွာနှင့် လှည်းကူးမြို့နယ် ကျေးရွာများမှာ သိမ်ကုန်းကျေးရွာ၊ရှမ်းတဲအထက်၊ဆားတလင်း ကျေးရွာ၊ သနပ်ပင်ကျေးရွာ၊ မလစ်နောက် ကျေးရွာ၊အဝိုင်းနောက်ကျေးရွာနှင့် ရေကျော်ကျေးရွာတို့တွင် ရေလွှမ်းမှု ကြုံတွေ့နေရခြင်းဖြစ်သည်။
ထိုသို့ ရေလွှမ်းမိုးမှုကြောင့် ယမန်နေ့(သြဂုတ်လ-၇)ရက်နေ့က အသက် (၃၃)နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်မြုပ် သေဆုံးခဲ့သည်။
“ကျွန်တော်တို့ရွာမှာ ရေနစ်ပြီးသေတဲ့သူတောင်ရှိနေပြီ၊ အသုဘချတာကအစ အခက်ခဲဖြစ်တယ်၊ အခေါင်းကို ရေထဲမှာ ချရတာဆိုတော့ကျွန်တော်တို့မှာ ကြိုးနဲ့ဆွဲပြီး ပေါ်ကနေ ခဲတွေဖိ ကျောက်ခဲ တွေဖိပြီး တော်တော် ခက်ခဲနေပါတယ်’’ ဟု ကျူချောင်းကျေးရွာတွင် နေထိုင်သော ကိုညွန့်ဝေက ပြောသည်။
လယ်အဓိကလုပ်ကိုင်သော ရွာသူရွာသားများမှာ စပါးရှိသော်လည်း စပါးကြိတ်ခွဲရန် ဆန်စက်မှာ ရေနစ်မြုပ် နေသည့်အတွက် စပါးကြိတ်ခွဲရာတွင် အခက်ခဲဖြစ်ပေါ်လျက်ရှိကြောင်း ကျေးရွာသူရွာသားများက ပြောသည်။
“ ကျွန်တော်တို့ နောက်နှစ်သုံးရက် ရေနစ်ပြီဆိုရင် ထမင်းငတ်ပြီ၊ ကျွန်တော်တို့မှာ စပါးရှိရဲ့နဲ့ထမင်းငတ်ရမယ့် ဘဝ ရောက်တော့မယ်’’ ဟု ထောင်တလုတ်ကျေးရွာမှ ကိုဝင်းဌေးက ပြောသည်။
ရွာသူရွာသားများသည် မြွေ အန္တရာယ်၊မျှော့အန္တာရာယ်များကိုလည်း ရင်ဆိုင်နေရသောကြောင့် ညတွင်ပင် ကောင်းမွန်စွာ မအိပ် စက်နိုင်ကြောင်း သိရသည်။ထို့ပြင် သောက်သုံးရေ၊ထမင်းဟင်း ချက်ရေများကိုလည်း ၄င်းရေများကိုသာ အသုံးပြုနေရကြောင်း ရွာသားများက ဆိုသည်။
ယခုချိန်ထိ အဆိုပါရွာသူရွာသားများဆီသို့ မည်သည့်အဖွဲ့အစည်းကမှ လာရောက်ကူညီခြင်း မရှိသေးကြောင်းကိုလည်း သိရှိရသည်။
‘’ဘုန်းကြီးတို့ရွာမှာ အရင်တုန်းက နတ်လမ်းကျော်ပြီး ရေကြီးတယ်ဆိုတာမရှိဘူး၊ဒီငမိုးရိမ်ဆည် ကြီး ပြီးတဲ့ နှစ်နှစ်သုံးနှစ် ရေကြီးတာ ပြီးတော့ ဒီနှစ်ပိုးဆိုးတယ်၊ ဒီနှစ်လောက်ကြီးတဲ့ရေကိုတော့ မမြင်ဘူးဘူးပေါ” ဟုကျူးချောင်းဆရာတော် ဦးသာဂရက ပြောသည်။
လွန်ခဲ့သည့် နှစ်များတွင် ရေကြီးမှုဖြစ်ပေါ်ခဲ့သော်လည်း ယခုနှစ်ကဲ့သို့ ရက်ကြာမြင့်စွာရေကြီးမှု မဖြစ်ပေါ်ခဲ့ကြောင်း ယင်းသို့ရေလွမ်းမိုးမှုဖြစ်ပေါ်ရခြင်းသည် ငမိုးရိပ်ရေလွှဲဆည်တည်ဆောက်လိုက် ခြင်းကြောင့် ရေစီးချောင်းပိတ်ဆို့ကာ ရွာ၌ရေဘေးကြုံရခြင်းဖြစ်သည်ဟု ရွာသားများက ဆိုသည်။
“ အရင်တုန်းကလဲ နှစ်စဉ်နှစ်စဉ်နစ်ပါတယ်၊ ဒီနှစ်တော့ ပိုတယ်ပေါ့နော်၊ ဒီရေနစ်မြုပ်တာကို
ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း တင်ပြထားပါတယ်၊ ဒီထက်ပိုနစ်ရင် လယ်သမားက
သေမှာပါ နောက်စိုက်ထားတာတွေလည်း သေမှာပါ အခုနေအခါမှာ မသိသေးပေမယ့်
ရေလျော့သွားရင်တော့ ဘယ်လောက်ထိပျက်စီးသွားမလဲဆိုတာ သိရမှာပါ၊ က္မန်တော်ထင်တာ
တော်တော်ပျက်ဆီးမယ်လို့ ထင်ပါတယ်’’ ဟု မလစ်ရှေ့ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှငွေက ပြောသည်။
http://www.myitmakhamediagroup.com/detail.php?newid=2127
Tuesday, 7 August 2012
တပည့်တစ်ဦး သင်ပြပေးတဲ့ ဘ၀ သင်ခန်းစာ Written by လှရွှေ
လူ့ဘ၀မှာ မထင်မှတ်တဲ့
အဖြစ်အပျက်ကလေးတွေမှာ မှတ်သားလောက်တဲ့ သင်ခန်းစာလေးတွေ ရှိတတ်စမြဲပါ။
ကျနော် ဆယ်တန်းအောင်ပြီးတဲ့ ကာလမှာ စာတွေတော်တော်များများ ဖတ်ဖြစ်ခဲ့ပါတယ်။
ပါမောက္ခ တဦးကို ပညာပေးလိုက်တဲ့ လှေသမားရဲ့ ပုံပြင်က အသဲခိုက်စရာ
ကောင်းလှပါတယ်။ ဘ၀မှာ မိမိ ကိုယ်ကို ထင်တလုံးနဲ့ နေခဲ့ကြတဲ့ လူတွေအတွက်တော့
ဒီလိုမျိုး ဘ၀နဲ့ ပတ်သက်တဲ့ အမှတ်တမဲ့ သင်ခန်းစာတွေက
တော်တော်တန်ဖိုးရှိမယ် ထင်ပါတယ်။
ကျနော်လည်း မိမိကိုယ်ကို ထင်တလုံးနဲ့
နေထိုင်လာတဲ့သူ ဖြစ်ကြောင်း ၀န်ခံပါရစေဗျာ။ မိမိကိုယ်ကို ထင်တလုံး
ဆိုတဲ့အထဲမှာ အလကားနေရင်း ဘ၀င်မြင့်နေတာတော့ မဟုတ်ပါဘူး။ ဘ၀ကို
အရှုံးမပေးတဲ့သူ၊ မိမိလိုချင်တဲ့အရာကို ရအောင် လုပ်တတ်တဲ့သူ တယောက် အဖြစ်
မိမိကိုယ်ကို ထင်တလုံးနဲ့ နေလာတဲ့သူ ဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ်
ပြောင်းပြန်စီးတဲ့ မြစ်ကမ်းဘေး တလျှောက်က ဇာတ်လမ်းတော်တော် များများကို
သိထားတဲ့ သူလို့ မိမိကိုယ်ကို အထင်ကြီးနေတဲ့သူ ဖြစ်ပါတယ်။
ဘ၀ရဲ့ ကြမ်းတမ်းတဲ့ အချိုးအကွေ့တွေရဲ့
အောက်မှာ ကျနော့်ဘ၀လည်း အရောင်တွေ အမျိုးမျိုး ပြောင်းခဲ့ရပါတယ်။ ပြည်တွင်း
တက္ကသီလာမှာ ပညာနို့ရည်သောက်နေစဉ်တုန်းကလည်း ကျောင်းဆရာ တယောက်အနေနဲ့
ဖြတ်သန်းခဲ့ဘူးတဲ့ ချိုမြတဲ့ အတွေ့အကြုံလေးတော့ ရှိနေသလို၊ တော်လှန်ရေး ရဲ့
ယူတန်း အချိုးအကွေ့ အပြာင်းအလဲမှာ ကျောင်းဆရာတကျော့ ဖြစ်ခဲ့ရ ပြန်တယ်။ CDC
ကတော့ ကျနော့်ဘ၀ရဲ့ မှတ်တိုင်လို့ ပြောရမယ်ထင်ပါတယ်။ မိတ်ဟောင်း
ဆွေဟောင်းတွေနဲ့ ပြန်လည် ဆုံတွေ့တဲ့ နေရာဖြစ်သလို ကျနော့်ဘ၀ရဲ့ အခက်ခဲဆုံး
ကာလကို အေးချမ်းစွာ ဖြတ်သန်းနေရတဲ့ ရိပ်မြုံလေးတခု ဖြစ်တယ်ဆိုရင် မှားမယ်
မထင်ပါဘူး။
ကျနော်တို့လို ဘ၀အခက်အခဲကို
ရင်ဆိုင်ကျော်ဖြတ်နေကြတဲ့၊ တိုင်းတပါးမှာ တရားမ၀င် နေထိုင်ရရှာတဲ့
ကလေးတွေကို ပညာတွေ သင်ပေးရင်း၊ မောက္ခ ပညာရေးမဂ္ဂဇင်းမှာ စာတွေရေးရင်း
အေးချမ်းတဲ့ မိသားစု ရိပ်မြုံကို မထင်မှတ်တဲ့ ထောင့်တစ်နေရာကနေ လောကဓံ
ဒီလှိုင်းက ရိုက်ပုတ်လာပြန်တယ်။ ရိုက်ချက်ကလည်း တော်တော်
ပြင်းတယ်လို့ခံစားရတယ်။
အဲဒီနေ့က ကျနော် ငှက်ဖျားမိပြီး အပူချိန်
(၁၀၄) ကျော်နေတဲ့အချိန်။ ဘ၀ရဲ့ မိုးကြိုးမုန်းတိုင်းကလည် ဒီလိုအချိန်မှ
ကျရောက်တတ်ပါတယ်။ ကျနော်ရဲ့ ရဲဘော်ရဲဘက်လည်းဖြစ်တဲ့ ချစ်သူ ကြင်သူဇနီးမှာ
ရင်သား ကင်ဆာ ဖြစ်နေတယ်ဆိုတဲ့ သတင်းဆိုးကို ဆရာဝန်ဆီက သိရတဲ့နေ့ဟာ
ကျနော်တို့မိသားစု ဘယ်လိုမှ မခံစားဘူးတဲ့ ဘ၀ရဲ့ ခါးသီးတဲ့ အတွေ့အကြုံကို
ခံစားရတဲ့နေ့ပါဘဲ။
ရင်သားကင်ဆာဆိုတာ ကုသလို့ရပေမယ့်
ကျနော်လို နှစ်ပေါင်း တစ်ဆယ်ကျော် တော်လှန်ရေးနယ်ပယ်ထဲ လေလွင့်နေသူ
တစ်ဦးအနေနဲ့ ဘယ်အရာတွေနဲ့ ကုသရမလဲ ဆိုတဲ့ မေးခွန်းက ကျနော့်ခေါင်းထဲမှာ
စိုးမိုးနေပါတော့တယ်။ ထိုင်းနိုင်ငံမှာ နေထိုင်လို့ရနိုင်မယ့် (သို့)
ဆေးဝါးကုသခွင့်ရှိတဲ့ ဘယ်လိုကဒ်မျိုးမှ ကျနော့်မိသားစုမှာ မရှိပါဘူး။
ဒီလိုနေထိုင်ရတာလည်း မိမိတိုင်းပြည်ကို မနက်ဖြန်၊ သဘက်ခါ ပြန်ရတော့မလို့
အမြဲတွေးနေတဲ့အတွက် ဒီကဒ်တွေကို ကျနော်မလုပ်ချင်ဘူး။ စိတ်မ၀င်စားမိတာ
အမှန်ဖြစ်ပါတယ်။
မိမိကိုယ်ကို မှန်တယ်ထင်လို့ လုပ်ခဲ့တဲ့
အလုပ်အပေါ် နောင်တဆိုတဲ့ စကားကိုဘယ်တော့မှ ပြောမှာ မဟုတ်ဘူးလို့
ထင်ထားခဲ့ပေမယ့် အခုလို ကိုယ်ချစ်မြတ်နိုးတဲ့သူရဲ့ ဒုက္ခကို မကယ်နိုင်တဲ့
အချိန်မျိုးမှာ နောင်တဆိုတာ ရတတ်ပါလားလို့ နားလည်လာခဲ့တယ်။ မိမိဘ၀အတွက်၊
မိသားစုဘ၀အတွက် စနစ်တကျ ပြင်ဆင်ထားမှု မရှိလေခြင်းဆိုတဲ့ နောင်တတရားက
ကြီးမားစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ စိတ်ဓါတ်လည်း ကျမိတယ်။
အဲဒီလို စိတ်ဓါတ်ကျပြီး
စိတ်လေလွင့်နေတဲ့အချိန်မှာ စီဒီဒီ ကျောင်းဘေးနားလေးက တခုသော
အချိုရည်ဆိုင်မှာ ထိုင်ရင်း မိမိဘ၀ရဲ့ မအောင်မြင်မှုတွေကို
စဉ်းစားနေမိပါတယ်။ ကျနော်အတွေးထဲ နစ်မြောနေစဉ်မှာဘဲ “ ဆရာနေကောင်းလား၊ ကျမ
ဆရာ့ တပည့်မ ----------- ရဲ့အမေပါ” မိတ်ဆက်လာပါတော့တယ်။ ကျနော်သိပ်တော့
မမှတ်မိတာအမှန်ပါ။ ကျောင်းသားတွေက များတော့ တခါတလေ လူနဲ့နာမည်တွဲလျက်
မမှတ်မိဘူး ဖြစ်နေတယ်။ ဒါပေမယ့် ကျောင်းသူရဲ့ အမေနဲ့ ပဋိသန္ဓာရစကား
ပြောဖြစ်ပါတော့တယ်။ သူ့အမေက တိုင်းရင်းသူ ဆိုတော့ ရိုးသားပွင့်လင်းတယ်။
ကျနော့်အသက်နဲ့ မတိမ်းမယိမ်းလို့ ထင်ရပေမယ့် လောကဓံရဲ့ ရိုက်ချက်လို့ဘဲ
ပြောရမယ်ထင်တယ်၊ တ်ေတော် အိုစာကျနေတာကို ခန့်မှန်းမိတယ်။
သူ့သမီးလေး စာလိုက်နိုင်သလား၊ စာသင်တာကို
စိတ်ဝင်တစားကော ရှိရဲ့လားစတဲ့ မေးခွန်းတွေက ဆက်တိုက်လို ကျနော့်ကို
မေးလာပါတော့တယ်။ စကားပြောပြီးလို့ ဆယ်မိနစ်လောက် ကြာတော့မှ ကျနော်တပည့်
ဘယ်သူဘယ်ဝါဆိုတာ သိလာတယ်။ ကျနော်လည်း တပည့်ရဲ့ အကြောင်းကို
ပြန်မေးမိပါတော့တယ်။ အိမ်ပြန်ရောက်ရင် စာကြိုးစားရဲ့လားလို့ မေးလိုက်တော့မှ
တပည့်မလေးတို့ရဲ့ မိသားစု ဘ၀အစိတ်အပိုင်းလေးကို သိရှိလာတယ်။
သူ့အဖေက နောက်အိမ်ထောင်ပြုလိုက်တော့ အသက်
(၁၆) နှစ်လောက်မှာ ကျောင်းစာတဖက် အမေနဲ့ သူညီမလေးကို
ပြုစုစောင့်ရှောက်ရမယ့် ဆိုတဲ့အသိစိတ်က ကျောင်းသူလေးအပေါ်
လွှမ်းမိုးသွားပုံရတယ်။ အခုတော့သူ့အမေကလည်း အိမ်နဲ့ နီးတဲ့အလုပ်လေးတွေကို
ရှာလုပ်ရင်း ကျနော့် တပည့်မလေးကတော့ စားသောက်ဆိုင်ကြီးတခုမှာ
စားပွဲထိုးလေးလုပ်ရင်း မိသားစုကို စောင့်ရှောက်နေတာကို သိရတော့ တော်တော်
အံ့သြသွားတယ်။
ကျောင်းဆင်းတာနဲ့ စားသောက်ဆိုင်ကို
တန်းသွား အလုပ်ဝင်ရ၊ ည (၁၂) နာရီလောက်မှ အလုပ်သိမ်းတဲ့ ကလေးမရဲ့ အခြေအနေက
တော်တော်ချီးကျူးစရာ ကောင်းပါတယ်။ အိမ်နဲ့နီးတဲ့ အတွက် အလုပ်ပြီးတာနဲ့
သူ့အမေက သွားကြို။ ဒီလိုနဲ့ မိသားစုကို စောင့်ရှောက်နေတာ
တနှစ်ကျော်သွားပါပြီလို့ သူ့အမေက ပြောပြတယ်။ ကလေးမလေးရဲ့ မိသားစုအပေါ်တာဝန်
ယူလိုတဲ့ စိတ်ကို လေးစားမိတယ်။
မဲဆောက်လိုနေရာမျိုးမှာ မနက် (၈) နာရီကနေ
ညနေ (၃:၁၅) ထိကျောင်းတဖက်၊ ညနေ (၄:၃၀)ကနေ ည (၁၂) နာရီထိ အလုပ်လုပ်ပြီး
မိသားစုလေးကို စောင့်ရှောက်ထားတာတဲ့ ကျနော်တပည့်မလေးကို တွေ့ရတော့
ကျနော်မိမိကိုယ်ကို ပြန်လည် သုံးသပ်မိပါတယ်။ ကျနော်က ခေတ် ပညာတွေ၊
ဘ၀အတွေ့အကြုံတွေ စုံနေတဲ့လူတယောက် အနေနဲ့ ကျနော်ရင်ဆိုင်နေရတဲ့ အခက်အခဲက
နည်းနည်းလေးပါလို့ မိမိကိုယ်ကို အားတင်းမိတယ်။
ကျနော့်မှာ တန်ဖိုးမဖြတ်နိုင်တဲ့
ဘ၀အတွေ့အကြုံတွေ၊ မိတ်ကောင်း ဆွေကောင်းတွေ၊ မြန်မာပြည် ပညာရေးက ဘယ်လောက်ဘဲ
နိမ့်ကျတယ်ပြောပြော ကျနော်ဆည်းပူးခဲ့ရတဲ့ ပညာတွေရှိတယ်။ ဒါတွေက လောကဓံ
လှိုင်းထဲမှာ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါ အသုံးပြုရမယ့်
လက်နက်ကောင်းပါလားလို့ မိမိကိုယ်ကို ပြန်လည် အားတင်းမိတယ်။
နုနယ်လှတဲ့ အသက် (၁၆) နှစ်အရွယ်မှာ
ကျောင်းစာတဖက်နဲ့ မိသားစုကို ပြုစုစောင့်ရှောက် နေရှာတဲ့ ကျောင်းသူလေးရဲ့
သတ္တိနဲ့ ဇွဲက တခါတရံမှာ ဖြစ်ပေါ်တတ်တဲ့ ကျနော်ရဲ့စိတ်ကို ပြုပြင်ဖို့
လမ်းပြပေးလိုက်သလို ခံစားရတယ်။ ပညာဆိုတာ ကျောင်းစာသင်ခန်းထဲမှာတင် မဟုတ်ဘဲ
ဘယ်နေရာမှာမဆို ယူတတ်ရင် ရနေဦးမယ့်အရာ မျိုးပါလားဆိုတာ ပိုမို
မှန်ကန်လာသလို ခံစားရတယ်။
အအေးဆိုင်လေးက အိမ်ပြန်တဲ့ ခရီးမှာ
ကျနော့်ရင်မှာ အားအင်တွေ ပြည့်နေတယ်။ ကျနော်ရဲ့ တပည့်မလေးက
သင်ပြပေးလိုက်တဲ့ ဘ၀ သင်ခန်းစာလေး က ကျနော်စိတ်ကို အင်အားတွေအသစ်တဖန်
ပြန်လည်တိုးလာသလို ဘ၀ရဲ့ ကြမ်းတမ်းတဲ့ ရိုက်ချက်တွေကို ရင်ဆိုင်ရတိုင်း
ကျနော်အမြဲ အမှတ်ရနေမယ့် လက်တွေ့ဘ၀ နယ်ပယ်ထဲက ဘ၀ သင်ခန်းစာတခု
ဖြစ်လာမယ်လို့ ထင်ပါတယ်။
လှရွှေ
ဇူလိုင် (၃၁)၊ ၂၀၁၂။
http://www.maukkha.org/index.php/book-store/essay-maukkha/2264-lesson-from-students
Monday, 6 August 2012
“မြန်မာပြည် ငြိမ်းချမ်းပါစေ”
သွေးစတွေ စိုလူး
အလံဦးမှာ
ကိုယ့်နာမည်ချိတ်လို့
ကြိုးစင်ရိပ်ဝယ်
ကျနော်တို့
တိုက်ပွဲဝင်နေပါတယ်။
(ချစ်ညီညီ(ခ)ရွှေဘုန်းလူ(ခ)တာရာမင်းဝေ)
Saturday, 4 August 2012
ဒေါ်အောင်ဆန်း စုကြည်အတွက် စာတစ်စောင် ( ၉)
ယခင်အပတ်မှအဆက်
အန်တီကတော့ သူ့အိမ်ခန်းထဲ ရောက်တာနဲ့ သူ့ခင်ပွန်းဟောင်းရဲ့ ဓာတ်ပုံစာအုပ်ကို ထုတ်ပြတော့တာပါပဲ။ ရေနွေး ကြမ်းလေး ဘာလေးနဲ့တောင် ဧည့်မခံသေးပါဘူး။ သူ့မီးဖိုချောင်ထဲကိုလိုက်ပြီး သူ့ကို ကူညီဖို့ ကြိုးစားပြန် တော့လည်း အကူမခံပါဘူး။ “ဒါ ကျွန်မအိမ်လေ။ ဒီအိမ်မှာ ဘာကိုမဆို ကျွန်မဘာသာပဲ လုပ်တယ်။ အဲဒါကျွန်မရဲ့ စည်းကမ်းပေါ့။ စည်းကမ်းဟာ စည်းကမ်းပဲလေ”လို့ အန်တီက ဒေါသတကြီး ပြောခဲ့ပါတယ်။ ကျွန်မလည်း ဖုန်းထဲက သူ့စကားတွေကို ပြန်တွေးပြီး နားမလည် နိုင်အောင်ပါပဲ။ ဒီတော့မှ သူက “နိုရီကိုရေ ရှင်လာလည်တဲ့ အချိန်က အကောင်းဆုံး အချိန်ပဲ။ ဇွန်လ ဆိုတာ ရာသီဥတု အကောင်းဆုံးအချိန်ပေါ့” လို့ ပြောပါတော့တယ်။
အန်တီ တည်ခင်းတဲ့ ညစာကတော့ မြန်မာထမင်း၊ ဗီယာနာ ဝက်အူချောင်းနဲ့ အသုပ်ပါပဲ။ အသက် ၉ဝ ဝန်းကျင် ဆိုပေမယ့် သူက နိုင်ငံတကာကို သွားလာနေခဲ့သူမို့ တည်ခင်း ပြင်ဆင်ထားပုံက အကောင်း လွန်နေပါတယ်။ ဖယောင်းတိုင် မီးအောက်မှာ ကျွန်မတို့က ရေဖန်ခွက်ချင်းထိပြီး ညစာစားပွဲကို စတင် လိုက်ပါတယ်။ ကျွန်မက ဝက်အူချောင်းကို ကြိုက်တော့ အန်တီက သဘောကျပါတယ်။ “နိုရီကိုက ဝက် အူချောင်း ကြိုက်တော့ ကောင်းတယ်။ သြစတြီးယားက ဝက်သား သိပ်စားတာ”လို့ပြောပါတယ်။
အဲဒီနောက် တော့ ကျွန်မကို ညစာကျွေးတိုင်း ဗီယာနာ ဝက်အူချောင်း ပါလာတော့တာပါပဲ။
တကယ်တော့ ဇွန်လမှာ ရာသီဥတု အကောင်းဆုံးသာ ဆိုတယ် နှင်းတွေကတော့ အယ်လ်ပ်တောင်တန်း ပေါ်မှာ ရှိနေတုန်းပါ။ အန်တီက အပြင်ထွက်ဖို့ တုတ်ကောက် ပါမှရတာကြောင့် အပြင်ထွက်လေ့ မရှိပါဘူး။ ဒီတော့ ဒေသခံတွေနဲ့လည်း မခင်နိုင် ဖြစ်ရပါတယ်။ ပြီးတော့ ဒေသခံတွေက ဂျာမန်လိုပဲ ပြောကြတာကိုး။ အန်တီက အင်္ဂလိပ်လိုနဲ့ ပြင်သစ်လို ကျွမ်းပေမယ့် ဂျာမန်လိုတော့ သိပ်မကျွမ်းပါဘူး။ ဒီတော့ အန်တီဟာ ဝါနာရဲ့ နောက်မိန်းမနဲ့ သူ့မိဘတွေရဲ့ အကူအညီမပါဘဲ ရပ်တည်လို့ မလွယ်ပါဘူး။ အဲဒီအဆောက်အအုံမှာ နေတဲ့ သူ့ဆရာဝန် ကတော့ အန်တီ့ရဲ့တစ်ဦးတည်းသော မိတ်ဆွေပါပဲ။
အန်တီဟာ ကမ္ဘာမှာ ဂုဏ်ယူဖွယ် အသက်မွေးအလုပ်တွေ လုပ်ခဲ့တယ် ဆိုပေမယ့် သူ့ဘဝကတော့ အထီးကျန် ဆန်လှပါတယ်။ သူက အဲဒီအထီးကျန်ဘဝကို စာဖတ်ပြီးတော့ပဲ ဖြတ်သန်းတာပါ။ သူ့စာကြည့်ခန်းထဲက စာအုပ်စင်မှာတော့ အမေရိကန်နဲ့ အင်္ဂလိပ် စာပေဆိုင်ရာ စာအုပ်တွေ အများကြီးရှိပါတယ်။ အဲဒီအချိန်ကတော့ အန်တီက ပြင်သစ် တော်လှန်ရေး ဆိုင်ရာ စာအုပ်တွေကို ပြန်ဖတ်နေခဲ့တာပါ။ သူက “တော်လှန်ရေး တစ်ခု စတဲ့အခါ လူမှုရေး အခြေအနေကို ထပ်ပြီးသိချင်လာလို့ ဖတ်နေတာ”လို့ ပြောပါတယ်။
သူ့ရဲ့ အခန်းတစ်ခန်းထဲမှာတော့ မြန်မာလုံချည်တွေကို စင်နဲ့တင်ထား ပါတယ်။ သူဘယ်နေရာပဲ ရောက်နေ နေ ဒီလုံချည်တွေကို သယ်သွားပြီး မြန်မာပြည်ကို ရောက်နေသလို ခံစားပုံပါပဲ။ “လုံချည်တွေ အများကြီးပဲနော်” လို့ ကျွန်မကပြောတော့ အန်တီက “ကျွန်မသေရင် အဲဒီပစ္စည်း အားလုံးဟာ စုအတွက်ပဲလေ”လို့ တုံ့ပြန်ပါ တယ်။ သူ့ရဲ့ စုကိုချစ်တဲ့ အချစ်ဟာ ကြီးမားလှပါတယ်။ သူဟာ စုအတွက် စိတ်ဓာတ်ရေးရာ အရရော ငွေကြေးအရပါ မိခင်တစ်ယောက်လို စောင့်ရှောက်ခဲ့တာပါ။ သူက ၁၉၈၉ ခုနှစ် ဇူလိုင် ၂ဝ မှာ စုနေအိမ် အကျယ်ချုပ်ကျပြီး နောက်ပိုင်း မိုက်ကယ့်ကိုပါ သားမက်တစ်ယောက်လို စောင့်ရှောက်ပါတယ်။ စုတို့မိသားစု ကိုလည်း သူ့မိသားစုလိုပဲ စောင့်ရှောက် ခဲ့တာပါ။
စု နေအိမ် အကျယ်ချုပ် ကျပြီးတဲ့အခါ အလက်ဇန္ဒားက စိတ်ဓာတ် အကြီးအကျယ် ထိခိုက်ခံစားလိုက် ရပါတယ်။ အဲဒီအချိန်က သူတို့ မိသားစုဟာ စုနဲ့အတူ ရန်ကုန်အိမ်မှာ ရှိနေပြီး အလက်ဇန္ဒားက အသက် ၁၆ နှစ် ရှိပြီမို့ နေအိမ်အကျယ်ချုပ် ဆိုတာရဲ့အဓိပ္ပာယ်ကို ကောင်းကောင်း နားလည်ပါတယ်။ ကင်မ်ကတော့ အသက် ၁၁ နှစ်သားမို့ သိပ် နားမလည်သေးဘဲ အစောင့်စစ်သားတွေနဲ့ ဆော့ကစားတောင် နေခဲ့ပါသတဲ့။ မိုက်ကယ်က ပြန်ပြောပြခဲ့ တာပါ။
၁၉၈၈ ခု မတ်လမှာတော့ စုဟာ နေမကောင်း ဖြစ်နေတဲ့ သူ့အမေကို ပြုစုဖို့ မြန်မာပြည်ကို ပြန်သွားရတဲ့ အခါ အလက်ဇန္ဒားက အသက်ဆယ့်ငါးနှစ်တောင် မပြည့်ရှာသေးပါဘူး။ သူက ထက်ထက်မြက်မြက်ရှိသူမို့ သူ့အမေကို လက်လွှတ်လိုက်ရတော့မှာကို ပူပန်တတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ လူပျိုပေါက်ဆိုတော့ မိခင်ကို တကယ့်ကို အလိုရှိနေတဲ့ အချိန်လည်း ဖြစ်နေတာပေါ့။ မိုက်ကယ်ကတော့ အင်္ဂလန်က အသိအမှတ်ပြု လက်မှတ်ရပြီးစ မြန်မာသူနာပြု ကလေးမတစ်ယောက်ကို အလက်ဇန္ဒားကို ပြုစုပေးဖို့အတွက် ငှားခဲ့ပါ သေးတယ်။ ဒါပေမယ့်သူက ကြီးကြီး မသန်းဧကလွဲပြီး ဘယ်သူ့စကားကိုမှ နားမထောင်ခဲ့ပါဘူး။ တကယ်တော့ အလက်ဇန္ဒားက ငယ်ငယ်ကလေး တည်းက မသန်းဧရဲ့ စကားကိုပဲ နားထောင်သူပါ။ ကျွန်မမှတ်မိနေတာက သူတို့ငယ်ငယ်တုန်းကလမ်းလျှောက် ထွက်ကြတဲ့အခါ မသန်းဧကပဲ သူ့ရဲ့ လက်ကိုကိုင်ပြီး လျှောက်ခဲ့တာပါ။
အဲဒီနှစ်မှာပဲ ကျွန်မက အန်တီ မသန်းဧဆီ အလည်သွားဖြစ်ခဲ့ပါတယ်။ စုရဲ့ မွေးစားအမေလို ဖြစ်နေတဲ့ နောက်တစ်ယောက်က အင်္ဂလိပ် လူမျိုး လေဒီပတ်ထရစ် ရှာဂေါရ်ဘုသ် ပါ။ သူကလည်း ကျွန်မရှိနေတဲ့အချိန် အန်တီ့ဆီ လာလည်ပါတယ်။သူက အန်တီ့ကို သြစတြီးယားမှာ တစ်ယောက်တည်းထားခဲ့လို့ မဖြစ်နိုင်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုနဲ့ အောက်စ်ဖို့ဒ်မှာ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပေးတဲ့ ဂေဟာတစ်ခုကို ရှာပြီး အန်တီ့ကို ပြောင်းနေစေဖို့ စီစဉ်ရပါတယ်။ အန်တီကလည်း သူ့အနေနဲ့ အိပ်ယာပေါ်မှာပဲ နေနေရတဲ့ အနေအထား မရောက်ခင်မှာ အောက်စ်ဖို့ဒ်ကို ပြောင်းသွားဖို့ ဆုံးဖြတ်ပါတယ်။ အဲဒီဂေဟာမှာ ရေချိုးခန်း၊ အိမ်သာတွဲလျက် အိပ်ခန်း တစ်ခန်းရယ်၊ မီးဖိုချောင်ပါတဲ့ ဧည့်ခန်း တစ်ခန်းရယ်ပါတဲ့ အခန်း ကျယ်တစ်ခုကို တစ်လ ပေါင် ၈ဝဝ ပေးရပါတယ်။ အဲဒီဂေဟာမှာ စာကြည့်တိုက် ကောင်းကောင်းလည်း ရှိသလို ရုပ်ရှင်ရုံလို သီရေတာအသေးလေးလည်းရှိပါတယ်။ ဧည့်သည်လာရင် တည်းလို့ရတဲ့ အခန်းကလည်း ရှိတာပါ။
ကြိုမှာထားလို့ရတဲ့ အစားအသောက် ဌာနလည်း ရှိပါတယ်။ ဂေဟာမှာ ၂၄ နာရီ လုံခြုံရေးစနစ်လည်း ရှိတာမို့ စိတ်အေးရမယ့်နေရာပေါ့။ ဒီလိုနဲ့ အသက် ၉ဝ အရွယ် အန်တီမသန်းဧဟာ သူ့ခင်ပွန်းနဲ့ ပတ်သက်တဲ့ အမှတ်ရစရာတွေ ရှိနေတဲ့ သြစတြီးယားကနေ သူ့သေတ္တာတွေထဲမှာ အမြဲသိမ်းထားတတ်တဲ့ ဓာတ်ပုံများရဲ့ ပိုင်ရှင် စုနေခဲ့ဖူးတဲ့ အောက်စဖို့ဒ်ကို အပြီးတိုင် ပြောင်းရွေ့ လာခဲ့ပါတော့တယ်။

ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)
Subscribe to:
Posts (Atom)