Showing posts with label ဘာသာပြန်. Show all posts
Showing posts with label ဘာသာပြန်. Show all posts

Sunday, 3 November 2013

မြန်မာသံတော်ဆင့်ဂျာနယ်ပါ လင်းထိုက် (YIT)ဘာသာပြန်တဲ့ ကမ္ဘာ့မြို့တော်များ ပြောင်းရွေ့ခြင်းနှင့် နေပြည်တော်တည်ရခြင်း အကြောင်းရင်း

၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စစ်အစိုးရသည် အစိုးရ ၀န်ထမ်းများအား မြို့တော်သစ်သို့ ပြောင်းရွှေ့ရန် ညွှန်ကြားချက် ထုတ်ပြီး နောက်ပိုင်းတွင် နေပြည်တော် မြို့တော်သစ် ဇာတ်လမ်းအစပြု ခဲ့သည်ဟု ဆိုရပါမည်။ ထိုစဉ်အခါ ကမ္ဘာ့ သတင်းစာမျက်နှာ များတွင်တော့ ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၆ ရက်၊ မနက် ၆ နာရီခွဲ တိတိတွင် ပျဉ်းမနား နေပြည်တော် မြို့သစ်သို့ အစိုးရ ရုံးများ ရုတ်တရက် ပြောင်းရွှေ့ သွားကြောင်း ကမ္ဘာ့သတင်း ဌာနများမှ ပလူပျံအောင် ရေးသား ဖော်ပြခဲ့ကြသည်။

တောင်၊ မြောက် ၁၁ မိုင်ကျော်၊ အရှေ့၊ အနောက် ၈ မိုင်နီးပါး၊ စတုရန်း မိုင်အားဖြင့် ၂၇၀၀ စတုရန်းမိုင် ကျယ်ဝန်းသော နေပြည်တော် မြို့တော်သစ်ကြီးသည် ရန်ကုန်မြို့ မြောက်ဘက်မှ ၂၄၄ မိုင် ကွာဝေးပြီး ပဲခူးရိုးမနှင့် ရှမ်းရိုးမ ကြားတွင် တည်ရှိပေသည်။ ပျဉ်းမနားမြို့၏ အနောက် တောင်ဘက် ၁၂ မိုင်အကွာ ပျဉ်းမနား – တောင်တွင်းကြီး၊ လယ်ဝေး လမ်းဆုံအနီးတွင် တည်ထားခြင်း ဖြစ်သည်။ ပျဉ်းမနားမြို့ ဟူသည် ဂျပန်ခေတ် ကာလက ဗိုလ်နေ၀င်း၏ တပ်ရင်း(၁) ဌာနချုပ် တည်ရှိခဲ့ဖူးရာ မြို့လည်း …  ဖြစ်သည်။ နေပြည်တော် မြို့တော်သစ်အား ၂၀၀၁ ခုနှစ် ကတည်းမှ လျှို့ဝှက် တည်ဆောက်ခဲ့သည်ဟု တချို့သော ကမ္ဘာ့ သတင်းဌာန များက ဖော်ပြခဲ့သည်။ မြို့တော်သစ်အား ယခင် စစ်အစိုးရနှင့် နီးစပ်သော ခရိုနီများ၏ ကုမ္ပဏီ အများစုမှ တည် ဆောက်ပေးခဲ့ပြီး တရုတ်ကုမ္ပဏီ များလည်း ပါဝင် တည်ဆောက် ပေးခဲ့သည်ဟု အစီရင်ခံစာ တချို့က ဆိုပါသည်။ 

ဝန်ကြီးရုံး ၃၀ ခန့်အား တောင်-မြောက် ၅မိုင်ခွဲ၊ အရှေ့- အနောက် ၃မိုင် နီးပါးကျယ်ဝန်းသော မြေ ဧရိယာပေါ်တွင် တည်ဆောက်ခဲ့ပြီး၊ တောင်ဘက် ချောင်းမကြီး ရေကာတာ အနီးတွင်မူ အစိုးရ ဧည့်ရိပ်သာ များကို တည်ဆောက် ထားသည်။ ၀န်ကြီးရုံးများ၏ တောင်ဘက်တွင် ၀န်ထမ်း အိမ်ရာများနှင့် ဈေးများကို တွေ့ရမည် ဖြစ်ပြီး မြို့တော်တောင်ဘက် ၈ မိုင်အကွာ ဧလာမြို့ အနီးတွင် ကြီးမားသော လေဆိပ်ကြီး တစ်ခုကို တည်ဆောက် ခဲ့သည်။ စစ်ရုံးချုပ် အပါအ၀င် အရေးကြီး စစ်ဘက် အဆောက်အအုံ များမှာမူ ပျဉ်းမနား အရှေ့မြောက်ဘက် တောတောင်များအား နောက်ခံ အကာအကွယ်ယူ၍ သီးခြား တည်ဆောက်ထားသည်ဟုဆိုသည်။

မြို့တော်သစ်ကြီးအား ၂၄ နာရီ လျှပ်စစ်မီး အပြည့်ရအောင် ဖြည့်ဆည်းထားပြီး ရှုမျှော်ခင်း လှပသော ပန်းခြံများ၊ ဂေါက်ကွင်းကြီးများ၊ အိမ်ကြီးရခိုင် ခံ့ညားထည် ၀ါသော အဆောက်အအုံကြီးများ၊ ရှားပါး ပင်ဂွင်းငှက် များပါ ပြသထားသော တိရစ္ဆာန် ရုံတစ်ရုံ စသည်ဖြင့် အစိုးရရုံး စိုက်ရာ မြို့တော်ကြီးသည် ခံ့ထည်ကြီးကျယ် ခမ်းနားမှု အပေါင်းနှင့် ပြည့်စုံပါပေသည်။

နေပြည်တော် မြို့တော်သစ်ကြီး၏ ကုန်ကျစရိတ်အား တိတိကျကျ တွက်ချက်ရန် ခက်ခဲ လှသော်လည်း ပညာရှင်များ သုံးသပ်ကြသည်ကတော့ အမေရိကန် ဒေါ်လာ ၅ ဘီလီယံ နီးပါး ကုန်ကျခဲ့လိမ့်မည်ဟု ဆိုကြ သည်။ မြို့တော်သစ်ကြီးအား တရားဝင် ပြောင်းရွှေ့ခဲ့သည့် အချိန်တွင် နိုင်ငံတွင်းရှိ နိုင်ငံသားတစ်ယောက်၏ တစ်နှစ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၂၈၀ (မြန်မာငွေ ၂ သိန်း ၈သောင်းခန့်) သာရှိခဲ့ပြီး တိုင်းပြည်တွင်းရှိ တချို့သော ကလေးငယ်လေးများသည် အမှိုက်ကြို အမှိုက်ကြားမှ ကောင်းပေ့ ဆိုသည့် အစုတ်အချာလေးများ လိုက်လံ ကောက်ယူပြီး အသက်မွေးမှု ပြုနေရသည်ဟု ပညာရှင်များ လေ့လာထားသော အစီရင်ခံစာ တစ်ခုတွင် ဖော်ပြထားသည်။

မြို့တော်သစ်ကြီး တည်နေရာ၏ ထူးခြားချက် တစ်ခုမှာ ပျဉ်းမနားမြို့၏ အရှေ့တွင် (ပင်လောင်းမြို့)၊ တောင်ဘက်တွင် (တောင်ငူမြို့)၊ မြောက်ဘက်တွင် (တပ်ကုန်းမြို့)တို့ တည်ရှိပြီး ထိုဝန်းရံထားသော မြို့အားလုံးမှာ ၉ ဂဏန်းဖြစ်ကြောင်း ဂမီ်္ဘရ ဗေဒင်ပညာရှင်များက ဆိုပါသည်။ အခြား ထူးခြားချက် တစ်ခုမှာ ထိုမြို့တော်သစ် ပြောင်းရွှေ့မည့် အကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ၂၀၀၅ နိုဝင်ဘာ ၇ ရက်ညနေ ၃ နာရီမှ ၃ နာရီ ၅ မိနစ် အထိ ၅ မိနစ်သာကြာ မြင့်ပြီး မြန်မာပြည်တွင် အတိုဆုံး သတင်းစာ ရှင်းလင်းပွဲအဖြစ် မှတ်တမ်း ၀င်သွားခဲ့သည်။ ထိုသတင်းစာ ရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း (ယခု သမ ၀ါယမ၀န်ကြီး)က လမ်းပန်း ဆက်သွယ်ရေး အရ ဗဟိုကျသော မြန်မာနိုင်ငံ အလယ်ပိုင်းသို့ ပြောင်းရွှေ့ ရခြင်း ဖြစ်ကြောင်း တိုတို တုတ်တုတ် ပြောဆိုသွားခဲ့သည်။

နေပြည်တော် မြို့တော်သစ် ပြောင်းရွှေ့မှုသည် ခေတ်သစ်ကမ္ဘာ တွင်တော့ မြန်မာ တစ်နိုင်ငံတည်း မဟုတ်ခဲ့ချေ။ ပထမ ကမ္ဘာစစ်မှ စတင်ရေတွက်လျှင် နေပြည်တော်ကဲ့သို့ ရွှေ့ပြောင်းခဲ့သည့် မြို့တော် သစ်ပေါင်း ၁၇ မြို့ရှိခဲ့သည်။ တောင်အာဖရိက နိုင်ငံဆိုလျှင် မြို့တော် သုံးခုရှိသည်ဟုပင် ဆိုရမည်။ အုပ်ချုပ်ရေးပိုင်းနှင့် နိုင်ငံခြား သံရုံးများသည် ပရီတိုးရီးယားတွင်ရှိ၍ ဥပဒေပြုရေး အပိုင်းမှာ မူကိတ်တောင်း မြို့တွင် တည်ရှိကာ တရားစီရင်ရေး အပိုင်းကား ဗလိုရမ်ဖွန်းတိမ်း (BloemFontein) တွင် တည်ရှိပေသည်။
နေပြည်တော်ကဲ့သို့ မြို့တော်သစ် ပြောင်းရွှေ့မှုမျိုး ကမ္ဘာတွင် ရှိသည် ဆိုသော်လည်း နေပြည်တော် မြို့တော်သစ် ပြောင်းရွှေ့မှုကား ပိုမို ထူးခြားနေပြီး မြို့တော်သစ် ပြောင်းရွှေ့မှုများ ထဲတွင် နားလည်ရ အခက် ဆုံး ဖြစ်နေသည်ကို တွေ့ရသည်။

တခြား ကမ္ဘာ့နိုင်ငံများ၏ မြို့တော်သစ် ပြောင်းရွှေ့မှုများမှာ အေးချမ်းသော ပထ၀ီ အနေအထား၊ အမျိုးသား စည်းလုံး ညီညွတ်ရေး၊ တိုင်းရင်းသား အုပ်စုများနှင့် တင်းမာမှု လျော့ပါးရေး စသည့် ရည်မှန်းချက် များအား အကောင်အထည် ဖော်ရေးအတွက်ဖြစ်သည်။

မြို့တော်သစ် ပြောင်းရွှေ့ ခဲ့ကြသော ကမ္ဘာ့နိုင်ငံ ၁၇ နိုင်ငံမှ မြို့တော်သစ် ၁၇ မြို့အနက် ၂ မြို့သာ မူလ မြို့တော်ထက် ပိုမိုကြီးမားသည်ကို လေ့လာတွေ့ ရှိရသည်။  မြန်မာပြည် မြို့တော်သစ်ကြီးမှာမူ မြို့တော် ဟောင်းထက် ပိုမိုကြီးမားအောင် တည်ဆောက် ထားသော်လည်း ထူးခြားချက်မှာ မြို့တော်ဟောင်း ရန်ကုန် တွင် မြန်မာပြည်လူဦးရေ၏ ၁၀ ရာခိုင်နှုန်း (၆ သန်းခန့်) ရှိပြီး မြို့တော်သစ် နေပြည်တော်မှာမူ နိုင်ငံ လူဦးရေ၏ ၂ ရာခိုင်နှုန်း အောက် လူဦးရေ ၉ သိန်းခန့်သာ ရှိသော နေရာတွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

လူဦးရေ ပျံ့နှံ့မှုနှင့် အုပ်ချုပ်မှု ရေးရာကြား ဆက်သွယ်ချက် များအား သုတေသနပြု လေ့လာချက် ပြုလုပ်နေသော ဟားဗတ် ကနေဒီကျောင်း၏ ပါမောက္ခက ကျောင်းဆရာ Filipe Compante  မှ သုံးသပ်ပြသည် မှာ ““မြို့တော်တစ်ခုသည် နိုင်ငံလူဦးရေ များပြားရာ အရပ်နှင့် ဝေးရာသီးခြားတွင် တည်ရှိလေ၊ အစိုးရပိုင်း၏ အုပ်ချုပ်မှု စွမ်းရည်မှာ ပိုမိုညံ့ဖျင်း ဆိုးရွားလေ ဖြစ်သည်”” ဟု ဆိုခဲ့သည်။

လိပ်ပြာ မလုံသော အာဏာရှင်များသည် သူတို့ကိုယ်သူတို့ အကာအကွယ် ယူရန် မြို့တော်၏ ထီးတည်းဖြစ် အထီး ကျန်ဆန်မှုကိုတော့ ပေးဆပ်ခဲ့ရ လိမ့်မည်သာ ဖြစ်သည်။

မြို့တော်သစ် ပြောင်းရွှေ့မှုတွင် ငြီးငွေ့ ဖွယ်ရာ ကောင်းပြီး ယုတိ္တ မတန်သော ရှင်းလင်းချက်များဖြင့် မြို့တော်သစ်များဆီ ပြောင်းရွှေ့ဖို့ သင့်တော်သည် ဟူသော ရှင်းလင်းချက် များဖြင့်သာ အလွယ်ဖြေရှင်း ချက်ပေး နေသည်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။ အဖြေအား စဉ်းစား ကြည့်လျှင် ၎င်းအစိုးရများ၏ လွတ်မြောက်မှု အတွက်သာ သူတို့ ထည့်သွင်း တွက်ချက်ခဲ့ ကြခြင်းဖြစ်သည်။ မြန်မာ ဗုဒ္ဓဘာသာဝင် အများစု အထွတ် အမြတ်ထားရာ ရွှေတိဂုံ စေတီတော် ရန်ကုန်တွင် တည်ရှိနေခြင်း ကလည်း အာဏာရှင် အစိုးရအဖို့ စိတ်မလုံမခြုံ ဖြစ်စေခဲ့သည်။ 

အစိုးရအား တော်လှန်သော ဆန္ဒပြပွဲများသည် မြန်မာ့သမိုင်း တစ်လျှောက်တွင် ရွှေတိဂုံ ကုန်းမြေ၌ အခြေတည် ခြေကုပ်မှုများ ရှိခဲ့သည်။ ၁၉၄၀ တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကိုလိုနီ ဆန့်ကျင်ရေး တရားများကို ရွှေတိဂုံကုန်း မြေပေါ်မှ ရဲရဲတောက် မိန့်ကြားခဲ့ဖူးသလို ၁၉၈၈ အစိုးရ ဆန့်ကျင် ရေး လူထုအရေး တော်ပုံကြီးတွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ပရိသတ် ငါးသိန်းကျော်ရှေ့တွင် ရွှေတိဂုံ ဘုရား ခြေရင်း၌ပင် အစိုးရဆန့်ကျင်ရေး တရားဟောခဲ့ဖူးသည်။ တစ်ဖန် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တွင်လည်း သံဃာ၊ မယ်သီလရှင်နှင့် လူပုဂိ္ဂုလ်များ သည် ဆန္ဒပြရာတွင် ရွှေတိဂုံဘုရားဆီသာ ဦးတည် ချီတက်ခဲ့ကြသည်။

ပြည်တွင်း၊ ပြည်ပ ပညာရှင်များ ခြုံငုံသုံးသပ် ကြသည်မှာတော့ ယခင်အာဏာပိုင် အစိုးရ၏ Xenophobia (နိုင်ငံခြား ကြောက်ရောဂါ)နှင့် Superstition (အယူသီးမှု)တို့အပေါ်တွင် အခြေပြု စဉ်းစားခဲ့သည်ဟု ဆိုသည်။ Xenophobia  ရှုထောင့်မှ စဉ်းစားလျှင် ရန်ကုန်သည် ပင်လယ်နှင့် နီး၍ နိုင်ငံခြား ရေတပ်များ အလွယ်တကူ ၀င်ရောက်လာနိုင်မှုသည် အာဏာရှင် အစိုးရ ဖိနှိပ်ခဲ့မှုများ၏ အကျိုးဆက်အတွက် စိတ် မလုံခြုံမှု ဖြစ်ခဲ့ ရသည်ဟု ဆိုသည်။ အယူသီးမှု ဟူသည်မှာတော့ ဗေဒင်လက္ခဏာ၊ ဂမီ်္ဘရပညာရပ်များ အပေါ် အားကိုးလွန်းခြင်း ကို ဆိုလိုခြင်း ဖြစ်သည်။ 

ဤတွင် အာရပ် နွေဦးဂယက်နှင့် ရန်ကုန်မြို့တွင်း တရားခံလက်သည် မပေါ်သော ဗုံးပေါက်ကွဲမှုများ (အထူးသဖြင့် ပြောင်းရွှေ့သည့် နှစ် လူ ၆၀ သေဆုံးသော ၂၀၀၅၊ မေ ၇ ရက် နေရာစုံ ဗုံးပေါက်ကွဲမှု) မှာလည်း အကြောင်းရင်းခံများ အဖြစ် နေပြည်တော် မြို့တော်သစ်ဆီ ပြောင်းရွှေ့ရန် အလျင်စလို စီစဉ်ရခြင်းများ ထဲတွင် ပါဝင်ခဲ့သည်။ ယခင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကမူ “Hear Land theory”  အရ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း ၂၀၀၆ ခုနှစ် အတွင်း စစ်ဆင်ရေး ညှိနှိုင်းအစည်း အဝေးတစ်ခုတွင် ပြောကြားခဲ့သည်ဟု နိုင်ငံခြား သတင်းဌာန တစ်ခုမှ ဖော်ပြခဲ့သည်။

၁၉၉၅ တွင် မလေးရှား နိုင်ငံ၌ အစိုးရ ရုံးများကို မြို့တော်သစ် တစ်ခုသို့ ပြောင်းရွှေ့ခဲ့ဖူး သော်လည်း မလေးရှား အစိုးရမှ မြို့တော် ပြောင်းရွှေ့မည့် ဆုံးဖြတ်ချက်နှင့် မြို့တော်သစ် တည်ဆောက်နေမှု တို့အား ပြည်သူအား အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန် ကြေညာ ပေးခဲ့သောကြောင့် အထူးအဆန်း သတင်းတစ်ပုဒ် မဖြစ် ခဲ့သော်လည်း နေပြည်တော် မြို့သစ် တည်ဆောက်မှုမှာမူ လျှို့ဝှက်မှုများဖြင့် ပြည့်နှက်နေ၍ ပြည် တွင်း တင်မက တစ်ကမ္ဘာလုံးမှ သတင်း ဌာနများကပါ အထူးစိတ်ဝင်စား ရေးသား ဖော်ပြခဲ့ကြခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ လက်ရှိ အရပ်သား အစိုးရမှာမူ နေပြည်တော် မြို့သစ်ကြီး၏ ထီးတည်းနိုင်မှု ကြားမှာပင် စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ လုံခြုံမှု အပြည့်ဖြင့် စိတ်အား တက်ကြွနေပြီး နိုင်ငံရေး ဖြေလျှော့မှုများ ဖြင့် ပြုပြင်ပြောင်းလဲရေး လမ်းစဉ်ပေါ်တွင် ခြေချ မိနေပြီဖြစ်ပါသည်။

အခြား အာရပ် ကမ္ဘာမှ အာဏာရှင်များ ကျဆုံးခဲ့ချိန်တွင် နေပြည်တော် အစိုးရအနေ ဖြင့်မူ အကျိုးစီးပွား ကာကွယ်မှု အကျိုးများ ရရှိနေပြီး၊ ပထ၀ီ အနေအထား အရလည်း ရုပ်ပိုင်း၊ စိတ်ပိုင်း လုံခြုံမှုများ ရှိနေသော ကြောင့် မြို့တော် ရန်ကုန်တွင် ရုံးစိုက်စဉ် ကကဲ့သို့ အာဏာ မတည်မြဲပြိုလဲမည်ကို စိုးရွံ့စရာများစွာ မလိုအပ်တော့ဘဲ လက်ရှိ ပေါ်လစီအပြောင်းတွင် နေပြည်တော် မြို့တော်သစ်ကြီး၏ လုံခြုံမှုအောက်တွင် ယုံ ကြည်မှုများ ပိုမိုတိုး၍ ခံစားနေကြရပါသည်။

လင်းထိုက် (Y.I.T)
Ref: 1. Why did Myanmar’s generals build a new capital in the middle of nowhere? by David logan Source: globalist 28/ Sep/2013
2. Wikipedia
3. Maps. google.com

Ref: http://myanmarthandawsint.com/2013/11/01/%E1%80%80%E1%80%99%E1%81%BB%E1%80%AC%E1%80%B7%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%82%94%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%B1%E1%80%BB%E1%80%95%E1%80%AC/

Friday, 1 November 2013

ဒေါ်စုရဲ့ ဆင်းဟတ် တော်ဝင်စစ်တက္ကသိုလ် မိန့်ခွန်း ( အင်္ဂလန် )(ဘာသာပြန် - @Spring Flowers )

ကျမ ဒီကိုလာတာ သင်ပေးဖို့ဆိုတာထက် သင်ယူဖို့ လာတာပါ ။ ပြည်သူတွေက လေးစားချစ်ခင်ပြီး အရည်အသွေးပြည့်ဝကျွမ်းကျင်တဲ့ စစ်တပ်တစ်ခု ဖြစ်ဖို့ ဘာတွေလိုအပ်သလဲဆိုတာကို ကျမ လေ့လာချင်လို့ပါ ။ ကျမတို့ မြန်မာ့တပ်မတော်ကို အဲဒီလို ( professional army ) မျိုး ဖြစ်စေချင်ပါတယ် ။ ( ၁၉၄၀ ) နှစ်များ အစောပိုင်းကာလမှာ ကျမရဲ့ ဖေဖေ တည်ထောင်ခဲ့တုန်းက ရည်ရွယ်ခဲ့တဲ့ army မျိုး ဖြစ်စေချင်ပါတယ် ။ တည်ထောင်တုန်းကတော့ အင်္ဂလိပ်တွေကို တော်လှန်ဖို့ ပေါ့လေ ( ရယ်သံများ ) ။ အင်္ဂလိပ်တွေကို သဘောမကျလို့တော့ မဟုတ်ပါဘူး ။ လွတ်လပ်ရေးကို ပိုပြီး သဘောကျ နှစ်သက်လို့ပါ ( ရယ်သံများ ) ။

လူတိုင်းမှာ လွတ်လပ်ခွင့်ရှိရမယ်လို့ ကျမယုံကြည်ပါတယ်...... ဒါကဘဲ လူသား ဆိုတဲ့အဓိပ္ပါယ် ပါဘဲ ။ ကိုယ်ဘယ်သူဆိုတဲ့ Identity ကို ပြဖို့ လွတ်လပ်ချင်ကြပါတယ် ။ ကိုယ်ယုံကြည်ရာကို လုပ်ဖို့ ကျမတို့ လွတ်လပ်ချင်ကြပါတယ် ။ ဥပဒေရှေ့မှောက်မှာ အားလုံး သာတူညီမျှရှိတဲ့ ကမ္ဘာကြီးတစ်ခုထဲမှာ နေနိုင်ဖို့ ကျမတို့ လွတ်လပ်ချင်ကြပါတယ် ။ ကျမဒီ Sandhurst တက္ကသိုလ်ကိုလာရဲ့အကြောင်းက စစ်ရေးသဘောအားဖြင့်ရော လူသားဆန်ဆန်ကြည့်ရင်ပါ '' ခေါင်းဆောင်မှု Leadership '' ဆိုတာ ဘာလဲဆိုတာကို သိချင်လို့ပါ ။

ဘာလို့လည်းဆိုတော့ စစ်သား ဆိုတာလည်း လူသားတွေဘဲ ဆိုတဲ့ အချက်ကို ငြင်းလို့မှ မရတာလေ ။ စစ်သားတွေထဲမှာ ကျမ ပထမဆုံး သိကျွမ်းခဲ့ရသူက ဗိုလ်ချုပ် စလင်း ( General William Slim ) ပါဘဲ ။ ဘာလို့လည်းဆိုတော့ ကျမ ငယ်ငယ်လေးတုန်းက သူ့ရဲ့ ကိုယ်တိုင်ရေးအထုပတ္တိကို ဖတ်မိပါတယ် ။ မြန်မာပြည်အကြောင်း ထဲထဲဝင်ဝင် သိချင်လို့ ကျမ ဖတ်ဖြစ်တာပါ ။ ကျမ သူ့ကို သဘောကျခဲ့ပါတယ် .....ဘာလို့လည်းဆိုတော့ သူက ကျမ ဖေဖေ ကို သဘောကျသူ ဖြစ်နေတာကိုး ( ရယ်သံများ ) ။ လူတစ်ယောက်ကို သဘောကျဖို့ ခိုင်လုံတဲ့အကြောင်းပြချက်ဆိုပါတော့ရှင် ။

အဲဒီမှာ Slim က သေသေချာချာထောက်ပြပါတယ်......သူ ဖေဖေ့ကို သဘောကျရတာက ဖေဖေဟာ အလုပ်တွဲ လုပ်လို့ ရမယ်သူ ဖြစ်လို့ပါ တဲ့ ။ ဒီအချက်ကိုလည်း ကျမ သဘောကျပါတယ် ။ စစ်တပ်ဆိုတာ တာဝန်ကျေတဲ့အလုပ်ကို လုပ်နေတာဘဲ ဖြစ်သင့်ပါတယ် ။ စစ်တပ်ရဲ့တာဝန်ဟာ ဘာတွေလဲ ၊ စစ်တပ်ရဲ့ ၀တ္တရားတွေဟာ ဘာလဲ ၊ စစ်တပ်ဟာ ဘာတွေကို မလုပ်ရဘူးလဲ ဆိုတာကို တိုင်းပြည်တစ်ပြည်ရဲ့ အဖွဲ့အစည်းတိုင်းဟာ သိကို သိနေရပါမယ် ။ ဒါသိပ်ကို အရေးကြီးပါတယ် ။

ကုန်ခဲ့တဲ့ ဆယ်စုနှစ်တွေ ....တိတိကျကျပြောရရင် ကုန်ခဲ့တဲ့ အနှစ်ငါးဆယ်ကာလဆိုတာ တကယ်တော့ အလွန်ရှည်ကြာတဲ့ ကာလတစ်ခုပါဘဲ ။ လူကြီးမင်းတို့ဗိုလ်လောင်းတွေထဲက ဘယ်သူမှ အသက်ငါးဆယ်အရွယ် ရှိမယ်မထင်ပါဘူး ။ ဒီအနှစ်ငါးဆယ်ကာလမှာ ကျမတို့ စစ်တပ်ဟာ နိုင်ငံရေးထဲ ပါလာခဲ့တယ် ။ ဒါဟာ တိုးတက်မှု တစ်ခုမဟုတ်ပါဘူး ။ စစ်တပ်ကို ဖွဲ့စည်းထားခြင်းဟာ နိုင်ငံရေးထဲကို ၀င်ပါဖို့ ဖွဲ့စည်းခဲ့တာ မဟုတ်ပါဘူး ။

အသစ်ဖွဲ့စည်းလိုက်တဲ့ ဗမာလွတ်လပ်ရေးတပ်မတော် ( BIA ) ရဲ့ အစပိုင်းကာလတွေမှာ ကျမ အဖေက ပြောခဲ့ပါတယ် ။ '' တိုင်းပြည်သည် တပ်ရဲ့ ကျေးကျွန်မဖြစ်ရဘူး ။ တပ်ဟာ တိုင်းပြည်ရဲ့ အခြေခံအဆောက်အဦးဖြစ်ရမယ် '' လို့ပါ ။ ဒါကဘဲ ဒီ ဆင်းဟပ်စ် စစ်တက္ကသိုလ်မှာ သင်ကြားပေးနေတာ မဟုတ်လား ။ လူကြီးမင်းတို့ဟာ ခေါင်းဆောင်ဖို့ရာအတွက် အလုပ်လုပ်ပေးဆပ်နေကြတာပါ ။

ဒီနေ့မနက်က ကျမတို့ နည်းနည်းဆွေးနွေးဖြစ်ပါသေးတယ်...... ခေါင်းဆောင်ဖို့အတွက် အလုပ်အကျွေးပြုတယ် ( serve to lead ) ဆိုတာ အလုပ်အကျွေးပြုဖို့အတွက် ခေါင်းဆောင်တယ် ( lead to serve ) ဆိုတာနဲ့ တူသလား ဆိုတဲ့အကြောင်းကိုပါ ။ နောက်ဆုံးတော့ မတူဘူးဆိုတာ ကျမတို့အားလုံး လက်ခံလိုက်ကြပါတယ် ။ '' အလုပ်အကျွေးပြုတယ် '' ဆိုတာကို '' ခေါင်းဆောင်တယ် '' ဆိုတာရဲ့ ရှေ့က ထားတာ ပိုကောင်းပါတယ် ။ ဘာလို့လည်းဆိုတော့ အဓိကအရေးပါတာက အလုပ်အကျွေးပြုမှုပါဘဲ ။ မှန်မှန်ကန်ကန် အလုပ်အကျွေးပြုဖို့ရာအတွက် အလုပ်အကျွေးပြုခြင်းဆိုတာ ဘာလဲဆိုတာကို သိဖို့လိုပါတယ် ။

အစောပိုင်းက ပြောခဲ့သလိုဘဲ ကျမဘ၀မှာ ပထမဆုံး သိကျွမ်းရင်းနှီးခဲ့တဲ့ အင်္ဂလိပ် စစ်သားဟာ ဗိုလ်ချုပ် Slim ပါ ။ သူ့အကြောင်းကို နည်းနည်း ပြောပြချင်ပါတယ် ။ ဘာလို့လဲဆိုတော့ အိန္ဒိယစစ်တပ်အကြောင်းကို ရေးထားတဲ့ စာအုပ်တစ်အုပ်မှာ ဖိလစ်မေဆင်က သူ့ကို ပြည့်ဝတဲ့ လူတစ်ယောက်လို့ ရေးထားတယ် ။ ပြည့်ဝတဲ့လူ လို့ အပြောခံရတာ လူတစ်ယောက်အတွက် အကြီးကျယ်ဆုံး ချီးကျူးခံရမှုဘဲ လို့ ကျမထင်ပါတယ် ။
ဖိလစ်မေဆင်က Slim အကြောင်းကို ဒီလို ရေးပါတယ် '' စစ်ဗိုလ်ချုပ်တစ်ယောက်အနေနဲ့ကတော့ Slim ရဲ့ အောင်မြင်မှုက သိပ်ပြီး ပြောမစရာ မရှိပါဘူး ။ ဘာလို့လည်းဆိုတော့ သူ့က သိပ်ကျွမ်းကျင်တဲ့ ဗျူဟာသမားတစ်ယောက်သာပါ ။ စီမံခန့်ခွဲတဲ့ နေရာမှာ သိပ်တော်ပါတယ် ။ သူ့ရဲ့ သီလသမာဓိနဲ့ လူသားဆန်တဲ့နည်းလမ်းတွေကြောင့် သူ့ဟာ ပြည့်ဝတဲ့လူ တစ်ယောက်ဖြစ်ပါတယ် .။ သမာဓိရှိတယ် ။ ပွင့်လင်းဖြောင့်မတ်တဲ့ လမ်းစဉ်ကို ရိုးရိုးသားသား ၊ သတ္တိ ၊ အင်အား ၊ စွမ်းဆောင်ရည်တွေနဲ့ လိုက်ခဲ့သူ ပါ '' တဲ့ ။

အဲဒီ ပြည့်ဝတဲ့လူတစ်ယောက်လို့ ချီးကျူးမှုကို ကျမ သဘောတူပါတယ် ။ လူတစ်ယောက်ဟာ စစ်သားဖြစ်ဖြစ် ၊ အရပ်သားဖြစ်ဖြစ် ပြည့်ဝတဲ့လူတစ်ယောက် ဖြစ်နိုင်ပါတယ် ။ ကျမတို့တိုင်းပြည်မှာ လိုနေတာက ပြည်သူတွေရဲ့ တန်ဖိုးကို အသိအမှတ်ပြုတဲ့ စစ်တပ် တစ်ခုပါ ။ '' စစ်တပ်အပေါ်မှာ ပြည်သူ့အာဏာရဲ့ အရေးပါပုံ '' ကို အသိအမှတ်ပြုတဲ့ စစ်တပ်တစ်ခုပါဘဲ ။
လူကြီးမင်းတို့အားလုံးဟာ ခေါင်းဆောင်ဖို့ လေ့ကျင့်ပေးထားခြင်း ခံရသူတွေပါ ။ စိတ်ဝင်စားစရာကောင်းတာက လူကြီးမင်းတို့ အားလုံးဟာ ပြည်သူ့အာဏာအောက်မှာ ခေါင်းဆောင်မှုကို လုပ်ကြဖို့ လေ့ကျင့်ပေးထားခြင်း ခံရတာပါဘဲ ။ ဒီအချက်ဟာ သိပ်ပြီး သိသာနေသာမျိုး ဖြစ်မနေတာလည်း ဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် ဒီနည်းနဲ့ သင်ကြားလ့ကျင့်ပေးတာကို လူကြီးမင်းတို့ နေ့တိုင်း ကြုံရပါတယ် ။ ခေါင်းဆောင်ဖြစ်ဖို့ လေ့ကျင့်သင်ကြားပေးတာပေမယ့် လူကြီးမင်းတို့ဟာ နောက်လိုက်ကောင်းတွေလည်း ဖြစ်ကို ဖြစ်ရပါဦးမယ် ။

ခေါင်းဆောင်ကောင်းဖြစ်ဖို့ရာအတွက် နောက်လိုက်ကောင်း ဖြစ်ဖို့ လိုသလား ဆိုတာကိုလည်း ကျမတို့ ဒီနေ့ မနက်က ဆွေးနွေးခဲ့ကြပါသေးတယ် ။ အဖြေက '' လိုပါတယ် '' တဲ့ ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကို ခေါင်းဆောင်နေသူတစ်ယောက်ဆီမှာ ဘယ်လိုအရည်အသွေးမျိုးတွေဟာ လိုလားအပ်သလဲဆိုတာကို မသိဘဲ ကိုယ့်ဆီမှာ ဒီလို အရည်အသွေးမျိုးတွေ ရှိလာအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး ။ နောက်ဆုံးတော့ ခေါင်းဆောင်မှုဆိုတာ သင့်တော်မှန်ကန်တဲ့အချိန်မှာ သင့်တော်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်တာကို ပြောတာပါဘဲ ။ တခါတလေမှာ ဒီဆုံးဖြတ်ချက်တွေဟာ သိပ်ကို ကြီးလေးတဲ့ ဖိအားပေးမှုတွေအောက်မှာ ချရတာမျိုး ရှိပါတယ် ။

လူတွေက မေးကောင်း မေးချင်ကြပါလိမ့်မယ်......တကယ်လို့ ခန္ဒာကိုယ်ပင်ပန်းဆင်းရဲမှုဟာ ခေါင်းဆောင်မှု အရည်အသွေးတွေကို တိုးတက်စေဖို့ရာ လိုအပ်သလား ဆိုတာပါ ။ ကျမကတော့ လိုတယ် လို့ ထင်ပါတယ် ။ ကိုယ်ခန္ဒာပင်ပန်းဆင်းရဲခြင်းဆိုတဲ့ အချက်က အရမ်းကောင်းမွန်နေလို့ သဘောကျစရာကောင်းနေလို့ မဟုတ်ပါဘူး ၊ အကြောင်းကတော့ ဖိအားရဲ့အောက်မှာ အမူအရာမပျက် တည်တည်ငြိမ်ငြိမ်နေနိုင်ခြင်း ( Grace under pressure ) ဆိုတာကို ရဖို့ လေ့ကျင့်ရလို့ပါဘဲ ။ အလွန်တရာဖိအားကြီးမားတဲ့ အခြေအနေတွေမှာတောင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချဖို့ အေးဆေးတည်ငြိမ်တဲ့ စိတ်တစ်ခုကို ထိန်းထားနိုင်ရပါမယ် ။

ခေါင်းဆောင်နေရာကို ရောက်နေသူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ဟာ နောက်လိုက်တွေအားလုံးအတွက် သိပ်ကို အရေးကြီးပါတယ် ။ သေရေးရှင်ရေးလည်း ဖြစ်သွားနိုင်ပါတယ် ။ ဒီလို သေရေးရှင်ရေး ဖြစ်သွားနိုင်တာဟာ ဆုံးဖြတ်ချက်ချသူ တစ်ယောက်တည်းအတွက် မဟုတ်ဘဲ သူ့ဆုံးဖြတ်ရဲ့ လွှမ်းမိုးမှုကို ခံရတဲ့လူတိုင်းအတွက် ဖြစ်သွားနိုင်တာပါ ။

ဒီတော့ ခေါင်းဆောင်မှု ဆိုတာ စိတ်ပါဘဲ ။ ဒါကြောင့်ဘဲ ဖိလစ်မေဆင်က Slim ဟာ သူ့ရဲ့ သမာဓိရှိပြီး လူသားဆန်တဲ့ အရည်အသွေးတွေကြောင့် စစ်ဗိုလ်ချုပ်ကောင်း တစ်ယောက်ဖြစ်တယ်လို့ ပြောတာကို ကျမ သဘောတူမိတာပါ ။ တနည်းအားဖြင့်ဆိုရင် သူဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ပါဘဲ ၊ လူသားတွေရဲ့ ခေါင်းဆောင်ပါ ၊ စိတ်ချယုံကြည်ရခြင်း ကို ဖြစ်စေတဲ့ လူတစ်ယောက်ပါ ။

Slim ရဲ့စာအုပ်နာမည်က ကျရှုံးခြင်းမှသည် အောင်မြင်ခြင်းဆီသို့ Defeat into Victory လို့ အမည်ရပါတယ် ။ ဖတ်ဖူးတဲ့လူများ သိကြမှာပါ .... Slim ဟာ တပ်မ ၁၄ ( Fourteenth Army ) ကို ခေါင်းဆောင်လက်လွှဲယူလိုက်ရချိန်မှာ မြန်မာပြည်ထဲမှာ တိုက်ပွဲတွေ အရမ်းကို ဆိုးဝါး ပြင်းထန်နေချိန်ပါဘဲ ။ ဒါပေမယ့် နောက်ဆုံးတော့ သူတို့ အနိုင်ရခဲ့ပါတယ် ။

ရှုံးနိမ့်နေတာကို အောင်နိုင်အောင် ကမ္ဘာအရပ်ရပ်မှာ ကြိုးစားနေကြတာပါဘဲ ...။ ရှုံးနိမ့်ခြင်းဆိုတာ နိုင်ငံရေးမျက်နှာဖုံး ၊ စီးပွားရေး မျက်နှာဖုံး ၊ စစ်မျက်နှာဖုံး စသည်ဖြင့် မျက်နှာဖုံး အမျိုးမျိုးစွပ်ပြီး လာတတ်ပါတယ် ။ ရှုံးနိမ့်ခြင်းဆိုတာ ကျမတို့အားလုံး တနည်းနည်းနဲ့ ရင်ဆိုင်ဖြေရှင်းရတဲ့အရာပါဘဲ ။ ရှုံးနိမ့်ခြင်းကို ကျမတို့ အောင်နိုင်ခြင်း အဖြစ်သို့ ပြောင်းလဲပစ်ရပါမယ် ။
ဒါပေမယ့် အဲလိုပြောင်းလဲတဲ့နေရာမှာ ကျမတို့ရဲ့ ရိုးသားဖြောင့်မတ်ခြင်းကို လုံးဝ အထိခိုက်ခံလို့ မဖြစ်ပါဘူး ။ ဘယ်လိုဘဲရရ အောင်မြင်မှုရရင်ပြီးရော ဆိုတာ ခေါင်းဆောင်းကောင်းတစ်ယောက် လုပ်ရမယ့်အရာမဟုတ်ပါဘူး ။ ခေါင်းဆောင်ကောင်းဆိုတာ သူလည်း သိက္ခာရှိ ၊ သူ့ကို ယုံကြည်ခဲ့သူများလည်း သိက္ခာရှိမယ့် အောင်မြင်မှုမျိုးကိုသာ ရဖို့ ကြိုးစားတတ်ကြပါတယ် ။

ကျမအတွက်တော့ ခေါင်းဆောင်မှုဆိုတာ အလုပ်အကျွေးပြုခြင်းပါဘဲ.......အလုပ်အကျွေးပြုတယ်ဆိုတဲ့နေရာမှာလည်း ကိုယ့်ကို ယုံကြည်ခဲ့သူများကို အမြဲတမ်းရှေ့တင်စဉ်းစားတာကို ဆိုလိုတာပါ ။ သူတို့ကသာလျှင် တကယ်အရေးပါသူများပါ .....။ ခေါင်းဆောင်နေရာမှာ ရောက်နေတဲ့ ကိုယ်သာလျှင် အရေးပါနေတာမဟုတ်ပါဘူး ....။

ဒါပေမယ့် ကိုယ့်ရဲ့ တန်ဖိုးဆိုတာကိုတော့ကိုယ့်ခေါင်းဆောင်မှုကို လက်ခံခဲ့သူများအတွက် ဘယ်လောက်အောင်မြင်အောင် လုပ်နိုင်ခဲ့တယ် ဆိုတာကဘဲ ဆုံးဖြတ်တာပါ ။ ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိအပ်တဲ့ အရည်အသွေးတွေနဲ့ပတ်သက်ပြီး ကျမလက်ခံယုံကြည်သလို လူကြီးမင်းတို့အားလုံးလက်ခံယုံကြည်သလားဆိုတာတော့ ကျမ မသိဘူးပေါ့လေ ။

ကျမတို့ကမ္ဘာကြီးမှာ စစ်တပ်ဟာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ပါတယ် ။ ဒါပေမယ့် ကမ္ဘာကြီးတစ်ခုလုံးဟာ စစ်တပ်တွေနဲ့ချည်း ဖွဲ့စည်းထားတာတော့ မဟုတ်ပါဘူး ။ စစ်သားတွေနဲ့ချည်းဘဲလည်း ဖွဲ့စည်းထားတာ မဟုတ်ပါဘူး ။ စစ်တပ်တို့ ၊ စစ်သားတို့ဆိုတာ ကမ္ဘာကြီးရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါတယ် ။
ဒါပေမယ့် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ် စစ်တပ်ဟာ ကမ္ဘာကြီးရဲ့ အရေးပါတဲ့အစိတ်အပိုင်းတော့ ဖြစ်ပါတယ် ။ ကျမကိုယ်တိုင် စစ်တပ်အပေါ်မှာ ကြီးမားတဲ့ မေတ္တာရှိပါတယ် ။ ဒါကဘဲ ကျမကို အကြီးအကျယ် ဝေဖန်ခံရမှုတွေ ဖြစ်စေခဲ့ပါတယ် ။ အထူးသဖြင့် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် အာဏာရှင်လက်အောက်မှာ ဒုက္ခခံလာရပြီးတဲ့နောက်မှာ ကျမတို့ ပြည်သူတွေနဲ့ ကျမကို ဒီမိုကရေစီလှုပ်ရှားမှုမှာ ထောက်ခံအားပေးခဲ့သူများဟာ ကျမက စစ်တပ်အပေါ် ကြီးမားတဲ့ မေတ္တာရှိတယ် ၊ ကြီးမားတဲ့ မျှော်လင့်ချက်လည်း ရှိတယ်လို့ ပြောရင် တခါတလေ စိတ်ဆိုးကြပါတယ် ။

ဒါပေမယ့် ကိုယ်ကျိုးမဖက်အများအကျိုးအတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုအပေါ် ချစ်ခင်မှုရှိတာ ၊ လေးစားမှု ရှိတာဟာ မှန်ကန်တဲ့ လုပ်ရပ်ပါ ။ '' ကိုယ်ကျိုးမကြည့်ဘူး '' ဆိုတဲ့ စကားဟာ စစ်တပ်ရယ် ၊ ခေါင်းဆောင်လုပ်သူတွေရယ်အတွက် အဓိက စကားလုံးပါဘဲ ။ ဆိုလိုတာက '' ငါ '' ဆိုတဲ့ အတ္တအရင်မလာဘဲ သူများကို ကိုယ့်ရှေ့မှာ ဦးစားပေးတာတာကို ဆိုလိုတာပါ ။ မိမိအကျိုးအတွက် ခေါင်းဆောင်လုပ်ချင်တာမျိုး မဖြစ်သင့်ပါဘူး ။ ဒါကြောင့်ဘဲ ခေါင်းဆောင်ဖို့အတွက် အလုပ်အကျွေးပြုတယ် ( serve to lead ) လို့ ကျမတို့ ပြောကြတာပါ ။

ဗိုလ်ချုပ် ဒေးဗစ်ရစ်ချက် ( General David Richards ) လွန်ခဲ့တဲ့ နှစ်လသုံးလလောက်က မြန်မာပြည် လာတုန်း ကျမတို့သူ့ကို လွှတ်တော်မှာ လက်ခံတွေ့ခဲ့ကြပါတယ် ။ ဒါနဲ့ သူကို မေးကြည့်မိကြပါတယ် '' အင်္ဂလိပ်လူမျိုးတွေဟာ သူတို့စစ်တပ်ကို ချစ်ခင်ကြသလား '' လို့ပါ ။
သူက သိပ်ကို ဂုဏ်ယူဝင့်ကြွားစွာ ပြန်ပြောပါတယ် '' စစ်တမ်းတွေအရ အင်္ဂလိပ်တွေဟာ စစ်တပ်ကို ဆရာဝန်တွေထက် ပိုပြီး လေးစားကြပါတယ် '' တဲ့ ။ ဘာကြောင့်လဲ လို့ ပြန်မေးကြည့်တော့ သူက '' ငါတို့ကို ပြည်သူတွေက ကိုယ်ကျိုးမဖက်သူ ( selfless ) တွေလို့ မြင်ကြတယ် ။ ငါတို့ဟာ တိုင်းပြည်အတွက် ပေးဆပ်ထားကြသူတွေလေ "' တဲ့ ။
သူက ထပ်ပြောသေးတယ် '' ငါတို့ပြည်သူတွေအတွက်သာ မဟုတ်ဘူး ၊ ကမ္ဘာအရပ်ရပ်က ကာကွယ်မှုလိုအပ်နေသူတွေ အားလုံးအတွက် ငါတို့ ပေးဆပ်ထားလို့ပါ ။ သူတို့ဘ၀အတွက် ပိုပြီး စိတ်ချလုံခြုံမှုကို ပေးဖို့ စစ်ရေးနဲ့အကာအကွယ်ပေးတာမျိုးပေါ့ '' တဲ့ ။

ဒီတော့ ကိုယ်ကျိုးမဖက် ( selfless ) ဆိုတဲ့စကားဟာ လေးစားအပ်တဲ့ ဂုဏ်ရှိတဲ့ စစ်တပ်တစ်ခုအတွက် အဓိကပါဘဲ ။ မြန်မာစစ်တပ်ကို ကျမ အဲဒီလိုမျိုး ဖြစ်စေချင်ပါတယ် ။ ကျမ ဒီကို ရောက်လာတာရတဲ့ အဓိက အကြောင်းရင်းက ဒါပါဘဲ ... ..... ခေါင်းဆောင်တွေဖြစ်ဖို့ အလုပ်အကျွေးပြုခြင်းကို သင်ယူနေကြတဲ့ လူကြီးမင်းတို့ဆီက လာလေ့လာတာပါ ။
နိုင်ငံရေးအာဏာကို ဆယ်စုနှစ်များစွာ ယူထားတဲ့ စစ်တပ်တစ်ခုကို နိုင်ငံရေးအာဏာစိတ်မ၀င်စားဘဲ ပြည်သူ့ဆန္ဒကို ဒီမိုကရေစီနည်းလမ်းအတိုင်း မြှင့်တင်ဖော်ဆောင်ပေးတဲ့ စစ်တပ် ၊ ကျွမ်းကျင်ပြီး အရည်အသွေး ပြည့်ဝတဲ့ စစ်တပ်ဆိုတာထက် ပိုဂုဏ်ရှိတာ ဘာမှ မရှိပါဘူး ဆိုတာ နားလည်အောင် လုပ်ဖို့ ဘာများ လိုအပ်တယ်လို့ လူကြိးမင်းတို့ ထင်ပါသလဲ ။

မြန်မာပြည်ဟာ ဒီမိုကရေစီလမ်းပေါ်ကို ရောက်ဖို့ စတင်နေပါပြီ ။ ဒါပေမယ့် အခုမှ စတာပါ ။ ပန်းတိုင်ကို လုံးဝ မနီးသေးပါဘူး ။ အပြောင်းအလဲတွေ အများကြီးလုပ်ဖို့ လိုသေးပါတယ် ။ ကျမတို့ဟာ ကျမတို့ရဲ့ စစ်တပ်ကို အပြုသဘောဆောင်တဲ့နည်းနဲ့ ဒီပြောင်းလဲမှုတွေ ဖြစ်အောင် လုပ်ရာမှာ တက်ကြွစွာ ပါဝင်စေချင်ပါတယ် ။ ကျမတို့အားလုံး စိတ်ချလုံခြုံမှုရှိတဲ့ နိုင်ငံတစ်ခု ဖြစ်အောင် လုပ်ရာမှာ ပါဝင်စေချင်ပါတယ် ။

မြန်မာပြည်ဆိုတာ တိုင်းရင်းသားပေါင်းစုံရှိတဲ့ နိုင်ငံပါ ။ UK ကတော့ Welsh လူမျိုးတွေ ၊ အိုင်းရစ်စ်လူမျိုးတွေ ၊ စကော့လူမျိုးတွေလောက်သာ ရှိတာပါ ။ ကျမတို့မှာ အဲဒီထက် အများကြီး ပိုရှိပါတယ် ( ရယ်သံများ ) ။ ဒါကဘဲ ပြသာနာပါ ။ တိုင်းရင်းသားတချို့ဟာ ဆယ်စုနှစ်ပေါင်းများစွာအကြာကတည်းက လက်နက်ကိုင်လာကြတာ အခုထိ ကျမတို့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရး လုပ်ဖို့ လိုနေပါသေးတယ် ။ အပစ်အခတ်ရပ်စဲတယ်ဆိုတာ ကြာရှည်ငြိမ်းချမ်းရေးရနိုင်မယ့် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့အတွက် ပထမအဆင့်ဘဲ ရှိသေးတာပါ ။

ဒီတော့ အခု ကျမ ဒီကို ရောက်လာတာဟာ ကျမဆန္ဒအရ လူကြီးမင်းတို့ဆီက လေ့လာဖို့ ရောက်လာတာပါ ။ သင်ပေးဖို့ မဟုတ်ပါဘူး ။ လူကြီးမင်းတို့ကို သင်ပေးစရာ ကျမမှာ သိပ်လည်း မရှိဘူး ထင်လို့ပါ ။ ဒါပေမယ့် စိတ်ချလုံခြုံအေးချမ်းတဲ့ ကမ္ဘာတစ်ခု တည်ဆောက်ဖို့ ဘာတွေလိုမလဲဆိုတဲ့အပေါ် အမြင်တွေ ဖလှယ်ပြီး အိုင်ဒီယာတွေ ဝေငှတာတော့ လုပ်လို့ရမယ်လို့ ကျမ လုံးဝ မျှော်လင့်ပါတယ် ။

တစ်နည်းအားဖြင့်ပြောရရင် စစ်ရေးဗျူဟာအသစ်တစ်ရပ်ဆိုတာဟာ စစ်မတိုက်ရအောင် လုပ်တာပါဘဲ ။ ပဋိပက္ခ တွေကို ဖြေရှင်းဖို့အတွက် ပြသနာရဲ့အရင်းအမြစ်ကို သွားရမှာပါ ။ ပဋိပက္ခတွေကို ဖြေရှင်းဖို့ လူကြီးမင်းတို့ ဘယ်လောက်တောင် ကြိုးစားနေတယ်ဆိုတာ သိရတာ ကျမသိပ်ကို အားတက်မိပါတယ် ။ ဂုဏ်သိက္ခာရှိတဲ့ စစ်တပ်ဆိုတာ ဒီလိုဘဲ လုပ်သင့်ပါတယ် ။ စစ်တပ်ဆိုတာ ပဋိပက္ခဖြစ်တဲ့နေရာမှာ ပြည်သူကို ကြားဝင်ကာကွယ်ပေးဖို့ သွားတာဘဲ ဖြစ်သင့်ပါတယ် ။ ပဋိပက္ခကို ပိုဆိုးအောင် လုပ်ဖို့ ၊ ပြသနာကို တစ်နည်းနည်းနဲ့ အားပေးဖို့ သွားတာ မဖြစ်သင့်ပါဘူး ။ ပြေလည်အောင် ဖြေရှင်းဖို့သွားတာမျိုးဘဲ ဖြစ်သင့်ပါတယ် ။

ကျမအမြဲလိုလို စိတ်ဝင်စားမိခဲ့တာက ရှေးခေတ် ဂရိတွေဟာ သူတို့ သူရဲကောင်းတွေကို သူတို့နတ်ဘုရားတွေထက် ပိုပြီး လေးစားရိုသေကြတာကိုပါဘဲ ။ ဒါဟာ ဘာကြောင့်လည်းဆိုတော့ ဟီးရိုးတွေဟာ လူသားတွေလိုဘဲ သေမျိုးတွေ ဖြစ်ကြလို့ လို့ ကျမထင်ပါတယ် ။ သင်္ခါရသဘောရှိတဲ့အတွက် သူတို့ ယုံကြည်ရာကို လုပ်တဲ့အခါ ၊ သို့မဟုတ် သူတို့ ကာကွယ်စောင့်ချင်သူတွေကို ကာကွယ်မှု ပေးကြတဲ့အခါ နတ်ဘုရားတွေထက် ပိုပြီး ပေးဆပ်စွန့်လွှတ်ရပါတယ် ။ သေမျိုးလည်း မဟုတ် ၊ ထိခိုက်ခံစားလွယ်တာမျိုးလည်း မရှိတဲ့ နတ်ဘုရားတွေထက် ပိုပြီး ပေးဆပ်ရပါတယ် ။

ယူလစ်ဆီ ( Ulysses ) ကို နတ်ဘုရားမရဲ့ အကျဉ်းစံအနေနဲ့ နေမလား ၊ သူ့တိုင်းပြည်ကို ပြန်မလားလို့ ရွေးခိုင်းတော့ သူ့တိုင်းပြည်ကို ပြန်ဖို့ရွေးလိုက်ပါတယ် ။ ဘာလို့လည်းဆိုတော့ လူသားတစ်ယောက်ရဲ့ ဘ၀ကို အပြည့်အ၀နေချင်လို့ပါဘဲ တဲ့ ။ ဒီအတွက် သူဟာ သေခြင်းတရားကို လက်ခံဖို့ ပြင်ဆင်ထားခဲ့တယ် ။ မသေဘဲနေဖို့ ၊ သတ္တိရှိတဲ့ လူသားတစ်ယောက်ရင်ဆိုင်ရမယ့် စိန်ခေါ်ချက်တွေကို ရင်မဆိုင်ဘဲ နေဖို့ထက် စာရင် သေခြင်းသဘောသဘာဝရှိတဲ့ လူသားအဖြစ်ကို ရွေးခဲ့တယ် ။

ယူလစ်ဆီလိုဘဲ ကျမတို့ဟာ ဘ၀ခရီးကို သေမျိုးတွေအဖြစ် ဖြတ်သန်းနေသူတွေပါ ။ တနေ့သေရမယ့်လူတွေအဖြစ် ကျမတို့ အကောင်းဆုံး ကျင့်ကြံနေထိုင်ကြရပါမယ် ။ တနေ့သေရမယ်ဆိုတာကို သိရှိလက်ခံထားပြီး ကိုယ့်ရဲ့ မွေးရာပါ စွမ်းရည်တွေကို အကောင်းဆုံး အသုံးချတတ်ရပါမယ် ။ ဒါကဘဲ ဆင်းဟပ်က ကျမကို ဖြည်းဖြည်းချင်း မိတ်ဆက်သင်ကြားပေးလိုက်တဲ့ skill တွေထဲက တစ်ခုလို့ ကျမထင်ပါတယ် ။

ဒီတော့ ဆက်ပြောရရင် ဘ၀ကို ရှေ့ဆက်ရင်းနဲ့ လူကြီးမင်းတို့ဟာ ဘ၀ဆိုတာ ဘာလဲဆိုတာ မေးခွန်းထုတ်စေချင်ပါတယ် ။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ ကျမတို့ အားလုံး သေရမှာပါ ။
-ပြန်လှည့်ကြည့်ချင်စရာ ဘာတွေများ ရှိချင်ပါသလဲ ။
-ဘယ်လို ဘ၀မျိုးကို ငါ နေခဲ့တယ်လို့ ပြောချင်ပါသလဲ ။
-ကိုယ့်မျိုးဆက်တွေကို ဘယ်လို အမွေအနှစ်မျိုး ထားခဲ့ချင်ပါသလဲ ။
-လူသားတစ်ယောက်အဖြစ် အဓိပ္ပါယ်ရှိ ၊ တန်ဖိုးရှိစေတဲ့ အရာကရော ဘာလဲ ။
ဒါဟာ ခေါင်းဆောင်ဖို့ အလုပ်အကျွေးပြုကြတဲ့ ကျမတို့အားလုံး ဖြေဖို့လိုတဲ့ မေးခွန်းတွေထဲက တစ်ခုပါဘဲ ။ လူသားတစ်ယောက်အနေနဲ့ ကိုယ်ဘာလိုချင်တယ်ဆိုတာကို သိမှ ၊ ကိုယ့်ရဲ့ မျှော်မှန်းချက်တွေဟာ ဘာလဲဆိုတာကို သိမှ တခြားလူတွေရဲ့ မျှော်မှန်းချက်ကို ဖြည်ပေးလို့ ရမှာပါ ။

ခေါင်ဆောင်ကောင်းဆိုတာ နောက်လိုက်တွေရဲ့ အကောင်းဆုံးအရည်အချင်းတွေကို ပြုစုပျိုးထောင်ပေးတတ်ရပါတယ် ။ တစ်ဦးချင်းစီရဲ့ အကောင်းဆုံးအရည်အသွေးတွေကို ပြုစုပျိုးထောင်ပေးဖို့ အဲ့ဒီတစ်ဦးတစ်ယောက်ဟာ ဘာကိုများ စွမ်းဆောင်နိုင်မလဲဆိုတာကိုလည်း နားလည်ထားရပါမယ် ။ ဒါကို လေးစားတတ်ရပါမယ် ။ ပျိုးထောင်ပေးတတ်ရပါမယ် ။ ခေါင်းဆောင်ကောင်းဆိုတာ ပျိုးထောင်ပေးခြင်း အမှုကိုလည်း ပြုတတ်ရပါမယ် ။ ပျိုးထောင်ပေးခြင်း ( nurturing ) ဆိုတာ အရမ်းအရေးကြီးပါတယ် ။

လူတွေကို ( ၄၄ ) ပတ်အတွင်းမှာ ခေါင်းဆောင်တွေ အဖြစ်ပြောင်းလဲ ပေးဖို့ ဖြစ်နိုင်ပါသလား လို့ ကျမ စဉ်းစားနေမိတယ် ။ လူကြီးမင်းတို့က ကျမထက်ပိုပြီး ပြည့်စုံတဲ့ အဖြေကို ပေးနိုင်မယ်ဆိုတာ ကျမ ယုံပါတယ် ။ ကျမကတော့ လူကြီးမင်းတို့လို ( ၄၄ ) ပတ် လေ့ကျင့်ရေးတွေကို လုပ်ဖို့ဆန္ဒ လုံးဝ မရှိပါဘူး...... ကျမအထင်တော့ အိမ်အကျယ်ချုပ် ( ၁၅ ) နှစ်ကမှ ပိုလွယ်ဦးမလားဘဲ ( ရယ်သံများ ) ။ ဒါတွေလုပ်ဖို့ ဘယ်လို အရည်အချင်းမျိုး ခံနိုင်ရည်မျိုးတွေများ လိုမလဲ ဆိုတာ လူကြီးမင်းတို့ အမြင်ကို သိချင်လှပါဘိ ။

ဗိုလ်လောင်းရွေးချယ်ရေး သင်တန်းတွေမှာ ကျမ၀င်ပြီး ဆွေးနွေးဖြစ်ပါတယ် ။ ဒီရွေးချယ်ေ၇းသင်တန်းတွေဟာ သိပ်ကို အရေးကြီးတယ်လို့ ကျမသိထားပါတယ် ။ ဒီမှာရောက်လာတဲ့ သင်တန်းသားတွေဟာ တခြားလူတွေထက် ပိုပြီး ခေါင်းဆောင်နိုင်စွမ်း မြင့်မားတယ်လို့ ပြောလို့ရပါတယ် ။ ဒီတော့ ဒီခေါင်းဆောင်မှု အရည်အသွေးတွေဆိုတာ ဘာလဲ ဆိုတာကို ရွေးချယ်ရေးအဖွဲ့က လူတွေရဲ့ အမြင်ထက် လူကြီးမင်းကိုယ်တိုင်ရဲ့ အမြင်ကို ကျမ ပိုပြီး သိချင်မိပါတယ် ။

ခေါင်းဆောင်ဆိုတာ မိမိကိုယ်ကို ယုံကြည်မှုတော့ ရှိရပါတယ် ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဆိုတာက ဘ၀င်မြင့်ခြင်းနဲ့တော့ ကွဲပါတယ် ။ အတ္တကြီးခြင်းနဲ့လည်း မတူပါဘူး ။ ကိုယ်ကိုယ်ကိုမှ ယုံကြည်မှုမရှိရင် ဘယ်သူကမှ လာရှိပေးမှာ မဟုတ်ဘူး ။ ကိုယ့်ကိုယ် ကို မဦးဆောင်နိုင်ဘဲနဲ့ တခြားလူတွေကိုလည်း ဦးဆောင်နိုင်မှာ မဟုတ်ပါဘူး ။

ထိန်းချုပ်နိုင်စွမ်းဆိုတာလည်း ဒီလို ပါဘဲ ။ တခြားလူတွေကို မထိန်းနိုင်ခင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ရှိရပါတယ် ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဗိုလ်မှူးတစ်ယောက်ပြောတာကို ကျမဖတ်ဖူးပါတယ်......စစ်ဖြစ်လို့ အရပ်သားတွေ စစ်ထဲဝင်ရတဲ့အခါ သူထင်တာက စစ်သားကောင်းဖြစ်မယ့်သူဆိုတာ ဆောက်လုပ်ရေးတတ်သူတွေ သို့မဟုတ် အလုပ်ကြမ်းကြမ်းနဲ့အကျွမ်းဝင်သူတွေဖြစ်မယ်လို့ ထင်ခဲ့မိသတဲ့ ။ ဒါပေမယ့် တကယ်လည်းကျရော ကဗျာဆရာတွေက အားကစားသမားတွေ အင်ဂျင်နီယာတွေထက်ပိုပြီး စစ်သားကောင်းဖြစ်နေတာကို တွေ့ရတယ်လို့ ဆိုတယ် ။ အန္တရာယ်အများဆုံး တာဝန် တွေအတွင်းမှာ သူသိပ်ကို အားထားယုံကြည်ခဲ့ရသူတွေဟာ ကဗျာဆရာတွေပါဘဲတဲ့ ။
ဒီလိုနဲ့သူက နောက်ဆုံးမှာ အတော်ဆုံးစစ်သားမှာ အရည်အချင်းသုံးရပ်ရှိတယ်လို့ လက်ခံလိုက်ပါတယ် ။

-လေ့ကျင့်ထားတဲ့ စိတ်ဓါတ်တစ်ခုရယ် ၊
-ဆင်းရဲပင်ပန်းမှုဒုက္ခကို သည်းခံနိုင်စွမ်းရယ် ၊
-ဟာသဥာဏ်ရယ် ရှိရမယ်လို့ပါဘဲ ။ ဟာသဥာဏ်ရှိဖို့က သိပ်အရေးကြီးတယ်နော် ။ (ရယ်သံများ )

လေ့ကျင့်ထားတဲ့ စိတ်ဓါတ်ဆိုတာ စောစောက ကျမပြောခဲ့တဲ့ ဆုံးဖြတ်ချက်ချခြင်း အပိုင်းကို ပြန်ပြောရမှာပါ ။ အလွန်တရာ ဖိအားများပင်ပန်းတဲ့ အခြေအနေမျိုးတွေမှာ သူများအတွက်ရော ကိုယ့်အတွက်ပါ ဆုံးဖြတ်ချက်မှန်ကို ချနိုင်ဖို့ ကိုယ့်စိတ်ကိုကိုယ် တည်ငြိမ်အောင် ထိန်းချုပ်နိုင်စွမ်း ရှိရပါမယ် ။ ဒါဟာ ခေါင်းဆောင်ကောင်းတစ်ယောက်လုပ်ကို လုပ်ရမယ့်ကိစ္စပါ ....ဒါကဘဲ ကိုယ်ကျိုးမဖက်ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါဘဲ ။

ကျမတို့အားလုံးဟာ လူသားတွေပါ ။ ဘယ်လူသားမှ ရာနှုန်းပြည့်ကိုယ်ကျိုးမဖက်တာကို မလုပ်နိုင်ကြပါဘူး ။ အတ္တ ဆိုတာ အမြဲရှိပြီးသားပါ ။ ကိုယ့်အတ္တကို အခြေခံပြီးတော့ဘဲ သူများတွေနဲ့ ဆက်ဆံကြတာပါ ။ ဒီတော့ ကိုယ်ကျိုးမဖက်ဘူးဆိုတာ ပုံသေကားကျ ရာနှုန်းပြည့်သဘောမဟုတ်ပါဘူး ။ ကိုယ်ကျိုးမဖက်ဘူးဆိုတာ '' အတ္တရှိတာကို အသိအမှတ်ပြုတယ် ၊ ဒါပေမယ့် အတ္တကို ကိုယ်နောက်လိုက်တွေရဲ့ အကျိုးနဲ့ ယှဉ်ရင် နောက်မှာ ထားရတာ '' ကို ပြောတာပါ ။

ဒီတော့ တာဝန်ယူလိုစိတ်ရှိခြင်းဟာ ဦးဆောင်အလုပ်အကျွေးပြုဖို့အတွက် ( serve to lead ) အကြီးကျယ်ဆုံး လိုအပ်ချက်တွေထဲက တစ်ခုပါဘဲ ။ ဒါကို စံတစ်ခုအနေနဲ့ကို ထားရပါမယ် ။ ဒါပေမယ့် ဒီတာဝန်ယူလိုစိတ်ရှိခြင်းကို အလုပ်အဖြစ်ပြောင်းလဲဖို့အတွက် ကိုယ်ရောစိတ်ပါ ကျွမ်းကျင်မှုတွေ လိုအပ်ပါသေးတယ် ။

ရိုးရိုးစင်းစင်း ဗုဒ္ဓဘာသာအဆိုတစ်ခု ရှိပါတယ် ။ အထူးသဖြင့် မဟာယာနတွေ ပြောလေ့ရှိတာပါ ။ ဗောဒိသတ္တ ဖြစ်ဖို့အတွက် အရည်အချင်း နှစ်ခု လိုအပ်ပါတယ် တဲ့ ။ ဗောဓိသတ္တဆိုတာ ( မဟာယာနမှာ ) ကယ်တင်ရှင်ဘုရားလောင်းကို ပြောတာပါ ။ အဲဒီအရည်အချင်းနှစ်ခုကတော့ ဥာဏ်ပညာနဲ့ မေတ္တာပါဘဲ တဲ့ ။ ဒါကို သိပ်ကို ရိုးရိုးစင်းစင်း ရှင်းပြထားပါတယ် ။ ''လူတစ်ယောက်ဟာ တစ်လောကလုံးမှာ မေတ္တာအကြီးမားဆုံးလူ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ၊ ဒါပေမယ့် မှန်ကန်တဲ့ ဥာဏ်ပညာသာမရှိရင် ကယ်တင်ချင်တဲ့လူကို မကယ်တင်နိုင်ပါဘူးတဲ့ ။ တစ်ဖက်ကလည်း အဲဒီလူဟာ ဥာဏ်ပညာအကြီးဆုံးလူ ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ် ။ ဒါပေမယ့် မေတ္တာမရှိပြန်ရင်လည်း မကယ်တင်နိုင်ပါဘူး '' တဲ့ ။

တစ်နည်းအားဖြင့် စစ်သားအနေနဲ့ အသက်မွေးဝမ်းကျောင်းမှုမှာလည်း ဒီလိုပါဘဲ ။ စောင့်ရှောက်ပေးလိုစိတ် ၊ ကာကွယ်ပေးလိုစိတ် ၊ ပြည်သူအတွက်အကောင်းဆုံးလုပ်ပေးလိုစိတ် ရှိရပါမယ် ။ ဒီလိုလုပ်ဖို့လည်း ကျွမ်းကျင်မှုနဲ့ အရည်အချင်း ရှိရပါမယ် ။ ပေးဆပ်ချင်တယ် ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး ။ ဘယ်လိုနည်းနဲ့အကောင်းဆုံး ပေးဆပ်အလုပ်လုပ်နိုင်မလဲဆိုတာကိုလည်း သိမှ ဖြစ်မှာပါ ။

လူကြီးမင်းတို့ကို ဆင်းဟပ်မှာ ဒါတွေကို သင်ပေးတယ်လို့ ကျမ ထင်ပါတယ် ။ ကျမလည်း လူကြီးမင်းတို့ဆီက ဒါတွေကို ပြန်ကြားချင်ပါတယ် ။ ပြည်သူကို အလုပ်အကျွေးပြုဖို့ ဆင်းဟပ်မှာ သင်တာကို လူကြီးမင်းတို့အနေနဲ့ ဘယ်လို ထင်ပါသလဲ ။ ပြည်သူကို အလုပ်အကျွေးပြုဖို့ ကိုယ့်အရည်အသွေးကို အကောင်းဆုံး အသုံးပြုတတ်အောင် ဆင်းဟပ်က သင်ပေးတဲ့အပေါ် လူကြီးမင်းတို့ရဲ့ အမြင်ကို ပြောပြပါ ။

နိဂုံးချုပ်အနေနဲ့ ယူလစ်ဆီ အကြောင်းကို ဆက်ပြောရင်း ကဗျာဆရာ တင်နစ်ဆင် ( Tennyson ) ရဲ့ နာမည်ကြီးကဗျာ '' ယူလစ်ဆီ '' ထဲက တစ်ပိုဒ်ကို ဖတ်ပြချင်ပါတယ် ။ ငယ်ငယ်တုန်းက ယူလစ်ဆီအကြောင်းကို ဖတ်တိုင်း ကျမတစ်ခါမှ သူ့ကို သဘောမကျခဲ့ဖူးပါဘူး ။ သိပ်ပြီး မောက်မာတယ် ၊ ရဲတင်းလွန်းတယ်လို့ ထင်ခဲ့လို့ပါ ။ ဒါပေမယ့် တင်နစ်ဆင်ရဲ့ '' ယူလစ်ဆီ '' ကဗျာကို ဖတ်တော့ စိတ်ပြောင်းသွားခဲ့တယ် ။ ယူလစ်ဆီကို အမြင်သစ်တစ်မျိုးနဲ့ ကြည့်တတ်လာခဲ့တယ် ။ ဒီအပိုဒ်က ယူလစ်ဆီ အိုမင်းမစွမ်း ဖြစ်လာချိန်မှာ ကိုယ်တိုင်းရေးထားတဲ့ပုံစံနဲ့ ရေးထားတာပါ ။ အဆုံးသတ်က သိပ်ကို နာမည်ကြီးတော့ လူကြီးမင်းတို့ထဲက အများစုလည်း သိပြီးသား ဖြစ်မှာပါ ။ ဖတ်ပြပါရစေ ။

We are not now that strength which in old days
Moved earth and heaven; that which we are, we are;
One equal temper of heroic hearts,Made weak by time and fate, but strong in will
To strive, to seek, to find, and not to yield.

ယခင်ကလို ၊ တောင်မြင်းမိုရ်နဲ့
ကမ္ဘာမြေပြင် ၊ ရွှေ့ပစ်ချင်ရဲ့
ထိုသည့်အင်အား ၊ ယခုများဝယ်
ပျောက်ဆုံးခဲ့ပြီ ၊ ခန်းခဲ့ပြီလေ ။
အချိန် ကြမ္မာ ထိုနှစ်ဖြာကြောင့်
ငါတို့သည်ကား ၊ ချည့်နဲ့အားအင်
မှေးကာမှိန်ငြား ၊ သတ္တိအားမူ
မပျက်မူခဲ့ ၊ စည်းလုံးလျက်ပင်
အားထုတ်ကြိုးပမ်း ၊ ဖွေရှာစွမ်းလျက်
မပေးအရှုံး ၊ စိတ်နှလုံးသည်
သက်ဆုံးထိတိုင်ရှိမည်တည်း ။

ကျမအတွက်တော့ ခေါင်းဆောင်ကောင်းတို့ရဲ့ ကြာရှည်ခံမယ့်အရည်အချင်းတွေဟာ ဒါတွေပါဘဲ ။ ယူလစ်ဆီဟာ အချိန်ရဲ့ တိုက်စားမှုကြောင့် နွမ်းနယ်ကောင်း နွမ်းနယ်ခဲ့ပါလိမ့်မယ် ။ တခါတလေမှာ လူတွေဟာ အခြေအနေတွေကြောင့် မီးဇာကုန် ဆီခမ်းဖြစ်ရတာတွေလည်း ရှိတာပါဘဲ ။ ဒါပေမယ့် စိတ်ဆန္ဒ ( will ) ကတော့ ရှိနေရပါမယ် ။ အားထုတ်ချင် ၊ ရှာဖွေချင် ၊ ကြိုးစားချင်တဲ့ စိတ် ၊ အရှုံးမပေးချင်တဲ့ စိတ်ကတော့ ရှိနေရပါမယ် ။
အားထုတ်ကြိုးပမ်းတယ် ( strive ) ဆိုတဲ့ စကားကို ရှေ့တင်ထားတာကို ကျမ ၀မ်းသာမိတယ် ။ ဘယ်လောက်ဘဲ အားနည်းနေပါစေ ..... ပိုကောင်းမွန်တဲ့အရာတစ်ခုကို ရဖို့ အားထုတ်ကြိုးပမ်းလိုတဲ့စိတ်ဆန္ဒနဲ့ အရည်အချင်း ရှိဖို့လိုပါတယ် ။ ကိုယ်လိုချင်တာကို တွေ့ဖို့ရာအတွက် ကြိုးပမ်းအားထုတ်ရပါတယ် ။ ရည်ရွယ်ချက်မဲ့စွာလုပ်နေတာမျိုး မဖြစ်ရပါဘူး ။ ပန်းတိုင်တော့ရှိရပါတယ် ။ မူတွေ စံတွေလည်း ရှိရပါမယ် ။ ဒီကမ္ဘာကြီးဆီက ကိုယ်ဘာကို လိုချင်တာလဲ ၊ သူများဆီကရော ဘာလိုချင်သလဲ ၊ မိမိကိုယ်တိုင်ဆီကရော ဘာကို လိုချင်တာလဲ ဆိုတာ သိရပါမယ် ။ ကိုယ့်အသိုင်းအ၀ိုင်းဆီကရော ဘာကို လိုချင်တာလဲ ။ ဒါတွေကို သိရပါမယ် ။

ကျမအတွက်တော့ Leader ဆိုတာ အလုပ်အကြွေးပြုချင်တဲ့စိတ်တစ်ခုတည်းနဲ့ မရပါဘူး ။ ဘာကြောင့် serve လုပ်နေတာလဲဆိုတာလည်း သိရပါမယ် ။ ကိုယ်ဘာအတွက် serve လုပ်နေသလဲဆိုတဲ့ စံတွေလည်း ရှိရပါမယ် ။ နောက်ဆုံးပန်းတိုင်ကိုလည်း သိရပါမယ် ။ ကိုယ်ဘယ်ကို ဦးတည်သွားနေသလဲဆိုတာလည်း သိရပါမယ် ။ ကိုယ်ဘယ်သွားနေမှန်းမသိရင် နောက်က လိုက်တဲ့သူတွေက ဘယ်လိုလုပ်သိမှာပါလဲ ။ သိတယ်ဆိုတဲ့နေရာမှာလည်း တစ်နှစ်အတွက်သာ ၊ နောက်တစ်နှစ်အတွက် ၊ အခု serve လုပ်နေရတဲ့အချိန်ကလေးအတွက်သာ မဟုတ်ဘဲ အနာဂတ်ရေရှည်မြင်တတ်ရပါမယ် ။ ပန်းတိုင်ရဲ့အလွန်အထိ မြင်တတ်ရပါမယ် ။

ဒီတော့ ကျမအတွက် အဆုံးစွန်သော ပန်းတိုင်ဟာ အလုပ်အကျွေးပြုခြင်းပါဘဲ ...တစ်နည်းအားဖြင့် လူသားမျိုးနွယ်ကို အကျိုးပြုစေမယ့် တက်မြက်စူးရှတဲ့အမျှော်အမြင် ( vision ) ပါဘဲ ။ ဘာလို့လည်းဆိုတော့ ကျမတို့တစ်ဦးချင်းစီဟာ ဒီကမ္ဘာကြီးကို ဖွဲ့စည်းထားတဲ့ လူသားမျိုးနွယ်ထဲမှာ ပါနေတယ်လေ ။

ကျေးဇူးတင်ပါတယ် ။

ဘာသာပြန်မှူယင်းလိပ်စာ http://goo.gl/jLbfK0
အသံဖိုင်နားထောင်ရန် http://goo.gl/QH94Oy
Ref: https://www.facebook.com/d.wave.newsletter/posts/697289033614773

Friday, 5 April 2013

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၄၄)/ မသီတာ-စမ်းချောင်း


ဒီ ၂ဝဝ၇ ခုနှစ် ခရီးမှာတော့ စုကို မတွေ့ခဲ့နိုင်သလို သတင်းစကား လည်း မပါးခဲ့နိုင်ပါဘူး။ ဒါပေမယ့် အများစု ဟာ ဗုဒ္ဓရဲ့ အဆုံးအမ အတိုင်း အတတ်နိုင်ဆုံး အကောင်း ဆုံး နှလုံးသွင်းထားကြတာကို တွေ့ရတာမို့ ကျွန်မတို့ ကျေနပ်နိုင်ခဲ့ ပါတယ်။ တစ်ဖက်မှာတော့ ကျွန်မတို့နောက်ကို တစ်စုံတစ်ယောက်က လိုက်ကြည့် နေတယ် လို့ ခံစားရချက် ကလည်း ရှိနေပါတယ်။
စုရေ နောက် တစ်ခေါက်မှာတော့ စိုးရိမ်ကြောင့်ကြမှုတွေ မရှိဘဲ ရှင့်ကို လာတွေ့ချင်ပါရဲ့။

မြန်မာ့မိခင် (၂ဝ၁ဝ-၂ဝ၁၂)

စုသည် မြန်မာလူထု၏ မိခင်သဖွယ် ဖြစ်လာခြင်း

၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ၁၃ ရက် မှာတော့ စုဟာ ၇ နှစ်ခွဲကြာ နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်လာ ပါတယ်။ စုကို ကြည့်ရတာ နေကောင်းပုံရပြီး လှလို့ ပလို့ပါပဲ။ မြန်မာ နိုင်ငံမှာ ရွေးကောက်ပွဲလုပ်တော့ ကျွန်မ တို့က ချင်းမိုင်ကို ရောက်နေ ပါတယ်။ ကျွန်မခင်ပွန်းက အစည်းအ ဝေးတစ်ခု တက်စရာ ရှိလို့ပါ။ ကျွန်မအနေနဲ့ ကတော့ တပ်မတော်သား ၂၅% ပါတဲ့ လွှတ်တော်ကို စိတ်မဝင်စားပါဘူး။ ဒီလိုလွှတ်တော်မျိုးမှာ  ဒီမိုကရေစီကို လေ့ကျင့်ရမှာ လို့ တွေးမိတော့ စိတ်မရှည်စရာ ပဲနော်။

ကျွန်မတို့ ချင်းမိုင်ကနေ ဘန် ကောက်ကို ရောက်တော့ ကင်မ့်သတင်းကို ကြားလိုက်ရပါတယ်။ ဘန်ကောက် ပို့စ် ရဲ့ မျက်နှာဖုံးမှာပေါ့။ သူ့ကို ကျွန်မတို့က ပြီးခဲ့တဲ့ သြဂုတ် မှာမှ အောက်စ်ဖို့ဒ်မှာ တွေ့ခဲ့တာပါ။ အဲဒီတုန်းက သူ့ကြည့်ရတာ အေးအေး ဆေးဆေးလေးပါပဲ။  ဒါပေမယ့် အ ခုဓာတ်ပုံထဲမှာ တွေ့လိုက်ရတာက တော့ ဆံပင်တွေ ဘာတွေ ဖြတ်ထား ညှပ်ထားတာမို့ စိတ်က တစ်ခုခုကို ပိုင်းဖြတ်ထားသလိုပါ။ သတင်းထဲမှာ ရေးထား တာကတော့ သူက မြန်မာပြည်ထဲ ဝင်ခွင့်ဗီဇာ ရဖို့ ဟော်တယ် တစ်ခုမှာ စောင့်နေပါတယ်တဲ့။ သူ တည်းနေတဲ့ ဟိုတယ်ကို ကျွန်မတို့ သိချင်လာပါတယ်။ ဒီလိုနဲ့ ကျွန်မ တို့နှစ်ယောက်သား ဘန်ကောက်ပို့စ် သတင်းစာ ရှိရာ အဆောက်အဦဆီ အရောက် သွားဖြစ်ခဲ့ပါတော့တယ်။

ရွေးကောက်ပွဲနေ့မှာတော့ ကရင်အဖွဲ့ တစ်ခုဖြစ်တဲ့ ဒီကေဘီအေက မြန်မာတပ်တွေနဲ့ မြဝတီမှာ တိုက်ပွဲ ဖြစ်ခဲ့ ပါတယ်။ နယ်စပ်မှာ နေတဲ့ ကရင်အများစုလည်း ထိုင်းဘက်ကို ထွက်ပြေးလာခဲ့ရတာပေါ့။
ထိုင်းက သတင်းသမား အများစုကလည်း နယ်စပ်ကို ရောက်လာ ကြပါတယ်။ ဂျပန်သတင်းထောက် တစ်ယောက် မှတော့ မတွေ့ရပါဘူး။ ဒါကြောင့် ဂျပန် သတင်းစာတွေမှာ ထိုင်းသတင်းစာတွေလောက် မြန်မာ သတင်းကို မတွေ့ရပါဘူး။

ကျွန်မ မြင်မိတာကတော့ ဂျပန် လူငယ်အများစုကို အင်္ဂလိပ်စာ သာမက အာရှဘာသာစကားတွေ တတ် အောင် သင်ပြီး အာရှမှာ ဘာဖြစ်ဖြစ် လွှတ်ပြီး သတင်း ယူနိုင်အောင် လေ့ကျင့် ပျိုးထောင်သင့်တယ်လို့ပေါ့။ အာ ရှနိုင်ငံတွေကြားမှာ ဂျပန်ဟာ အခုလို ကိစ္စမျိုးတွေမှာ ခေတ်နောက်ကျ ကျန်နေတာ မကောင်းဘူးလို့လည်း ထင်မိပါတယ်။

ထိုင်းစံတော်ချိန် ညတစ်နာရီမှာပဲ ကျွန်မက လန်ဒန်ကို ဖုန်းဆက်ကာ ကင်မ့်အကြောင်း စုံစမ်းရပါတော့ တယ်။ နောက်တစ်နေ့မနက် ထိုင်းနန်းတော်ကို လည်ပတ် အပြီး မှာတော့ ကင်မ် တည်းခိုနေတဲ့ဟော်တယ်ကို သွားခဲ့ ပါတယ်။ အစကတော့ ဧည့်ကြို မိန်းကလေးက ဘာအချက်အလက်မှ ထုတ်မပြောနိုင်ဘူးလို့ ငြင်းပါတော့ တယ်။ ဒါပေမယ့် ကျွန်မလည်း စုနဲ့ကျွန်မ ဘယ်လို ပတ်သက်နေတယ် ဆိုတာကို ပြောပြလိုက်တော့မှ ခဏစောင့်ပါ တဲ့။ နောက်ဆုံးတော့ ကင်မ့် အတွက် ကျွန်မရဲ့ စာလေးကို သူလက်ခံထားပေးလိုက်ပါတယ်။ ဟူး တော်ပါသေး ရဲ့။ မိန်းမသားချင်းမို့ ဒီလောက် အဆင်ပြေတာ ထင်ပါရဲ့။

ကျွန်မတို့ သိလိုက်ရတာက ကင်မ်ဟာ ပြင်သစ်က ရုပ်ရှင်အဖွဲ့တစ် ဖွဲ့နဲ့အတူ ရှိနေတယ်ဆိုတာပါ။ သူ့ အတွက် စိတ်အေး သွားတာမို့ ကျွန်မ တို့လည်း ဂျပန်ကို ပြန်လာ ခဲ့ပါတယ်။  နောက်နှစ်ရက်လောက်ကြာတော့ ကျွန်မတို့ ရှိရာ ဂျပန်ကို ကင်မ်က ဖုန်းဆက်လာပါတော့တယ်။ အဲဒီအချိန်မှာ ကျွန်မက စုနဲ့ကင်မ့်ရဲ့ ပုံတွေကို အင်တာနက် မှာ တွေ့ပြီးနေပါပြီ။ စုဟာ သူ့ကိုယ်သူ မထိန်းနိုင်လောက် အောင် ပျော်ရွှင်နေပုံပါ။ ကင်မ်က လည်း မေးတမော့မော့နဲ့ ဂုဏ်ယူ ပျော်ရွှင်နေ သလို မျက်နှာပေး ကိုက ကျေနပ်နေပုံပေါ့။ သူက ငယ်ငယ်က တည်းက သူ့စိတ်ခံစားချက်တွေကို သိပ်ကြီး ထုတ်မပြတတ် သူလေ။

စုကတော့ ၇ နှစ်ခွဲသာ ကြာရော ဘာမှ မပြောင်းလဲသလို လူထုရဲ့ အမေးတွေကို ချက်ချင်းတုံပြန်နေဆဲပါ ပဲ။ သူ့အပြုံးနဲ့ လေသံတွေက အရင် ထက်ပိုပြီးပျော့ပျောင်း လာတယ်လို့ တော့ မြင်မိပါတယ်။ သူဟာ ဒီနှစ်များ အတွင်းမှာ ပိုပြီးပျော့ပျောင်း ကျစ်လျစ်လာသလို လူထုနဲ့ ဆက်ဆံရာမှာ နိုင်ငံရေးသမား ပိုပီသလာတယ်လို့ လည်း ကျွန်မ ခံစားလိုက်ရပါတယ်။

စု လွတ်မြောက်ပြီးနောက်မှာ တော့ စုရဲ့ လှုပ်ရှားမှုတွေရယ်၊ ကင်မ် နဲ့ လှုပ်ရှားတာတွေရယ်ကို ဗီဒီယိုအ ဖြစ် တွေ့လာ ကြရပါတယ်။ အဲဒီဟာ တွေထဲမှာ ကျွန်မအတွက် စိတ်မှာ အခံစားရဆုံးကတော့ ဗိုလ်ချုပ်ဈေးကို သားအမိ နှစ်ယောက် သွားလည်တဲ့ ဗီဒီယိုပါ။ ကင်မ့်ကိုသာ မြန်မာပြည် မှာ ကြာကြာနေခွင့်ပေးရင် ကင်မ်ဟာ စုရဲ့ ဘော်ဒီဂတ် အလုပ်ကို လုပ်နိုင်မှာပါ။ ကင်မ်က သူ့အမေရဲ့ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားတာဟာ သူ ငယ်ငယ်က အတိုင်းပါပဲ။ ဆယ် နှစ်ကျော် ကြာ ဝေးနေရတဲ့ မိခင်နဲ့ မေတ္တာအရ ပြန်လည်ထိတွေ့ခွင့်ကို လက်လွတ်မခံနိုင်သလို ဆုပ်ကိုင်ထား လိုက်တာလေ။ 

ကင်မ်ဟာ သူ့အမေကို အနောက်မှာ ထားပြီး လူအုပ်ကြားမှာ သူက ရှေ့ကနေ တိုးဝှေ့သွားနေလိုက် တာ သဘောကျစရာပေါ့။ လူထုထဲက အမျိုးသမီးတွေ ကလည်း တစ်ဦးပြီး တစ်ဦး၊ တစ်ယောက်ပြီးတစ်ယောက် လာနှုတ်ဆက်လိုက်ကြတာ စုတို့ ရှေ့ တိုးမလျှောက်နိုင် လောက်အောင် ဖြစ်နေပါတယ်။ သိပ်မကြာခင်မှာပဲ စုရဲ့ ပါးမှာ နှုတ်ခမ်းနီရာ စွန်းလာပါတော့ တယ်။ ကင်မ်က လူထုထဲမှာ အရပ် အရှည်ဆုံးလိုဖြစ်နေတော့ သူ့ခေါင်း ကို လိုက်ကြည့်ရုံနဲ့ စု ဘယ်နား ရောက်နေတယ် ဆိုတာ သိနိုင်လေရဲ့။ လူအုပ်ထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးက လူတွေလည်း ပါနေပုံ ရပါတယ်။ သူတို့ အချင်းချင်း လက်ကိုင်ဖုန်းတွေနဲ့ သတင်းပေးနေ သလိုမျိုးလည်း တွေ့ရလေ ရဲ့။ ဒီအမေနဲ့ဒီသားကို လူထုက ဒီလောက် ချစ်နေမှတော့ ကျွန်မလည်း စိတ်မပူဖြစ်တော့ပါဘူး။

တစ်နေရာမှာတော့ မိခင်တစ်ဦး က သမီးငယ်လေး တစ်ယောက်ကို  ပွေ့ချီထားပါတယ်။ ကလေးလေးရဲ့ လက်ထဲ မှာတော့ “ဒေါ်အောင်ဆန်းစုကြည်သည် ကျွန်ုပ်တို့၏ မိခင် ဖြစ် သည်”လို့ အင်္ဂလိပ်လို ရေးထားတဲ့ စာတန်းတစ်ခုကို ကိုင်ထားလေရဲ့။
အော်.. ဒီလိုကိုး။ ကျွန်မ သိသွားပါပြီ။ စုက မြန်မာလူထုရဲ့ အမေ ဖြစ် သွာပြီကိုး။ ၁၉၈၉ ဇူလိုင် ၂ဝ ကနေ ၁၉၉၅ ဇူလိုင် ၁ဝ ရက်အကြာ နေအိမ် အကျယ်ချုပ် အပြီးမှာ စုဟာ စစ် အစိုးရကို ဆန့်ကျင်တဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒီမိုကရေစီရဲ့ ပြယုဂ်လည်း ဖြစ်ခဲ့တာ ပေါ့။ ဒါပေမယ့် သူ့ရဲ့ ဒီမိုကရေစီ ဟာ သိပ်ဒြပ်မဲ့ ဆန်ခဲ့ပါတယ်။ လူထု ရဲ့ နေ့စဉ်ဘဝနဲ့ ဝေးကွာနေခဲ့တာပေါ့။  အဲဒီနောက် ၂ဝဝ၃ မေ ၃၁ ကနေ ၂ဝ၁ဝ နိုဝင်ဘာ ၁၃ ရက်ထိ ကြာခဲ့ တဲ့ အထိန်းသိမ်းခံဘဝအပြီးမှာတော့  စုဟာ မြန်မာလူထုရဲ့ မိခင်အဖြစ် အ သွင်ပြောင်းလာခဲ့ပါတော့တယ်။ စုဟာ ကျစ်လျစ်တဲ့ သင်္ကေတတစ်ခုအဖြစ် ပြန်လည်မွေးဖွားလာခဲ့တယ်လို့ ဆိုရ မှာပေါ့။

ကင်မ့် အနေနဲ့လည်း မိုက်ကယ့် နောက်ဆုံးအချိန်မှာ စုက မြန်မာပြည်ကို မထားခဲ့နိုင်ရတဲ့အကြောင်းရင်းကို သဘောပေါက်လောက်ပြီ ထင်ပါတယ်။ ဒါ့အပြင် သူ့အမေဟာ မြန်မာ လူထုအတွက် ဘယ်လိုအနက် အဓိပ္ပါယ်မျိုး ကို ဆောင်နေတယ်ဆို တာကိုပါ သဘောပေါက်လောက်ပါ ပြီ။ ဆယ်နှစ်ကျော်ကြာ မတွေ့ခဲ့ရ ပြီးတဲ့နောက် မှာတော့ ကင်မ်ရဲ့ သူ့အမေနဲ့ နေရတဲ့ ၂ ပတ်ဟာ အကောင်းဆုံး အားဆေး ထိုးလိုက်ရသလို ဖြစ်မယ့်နေ့ရက်တွေ ပဲ ဖြစ်ပါတော့တယ်။ကျွန်မကတော့ စုအနေနဲ့ အခုလို ငြိမ်းချမ်းတဲ့ နေ့ရက် ဘယ်လောက် များများကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်မှာ ပါလိမ့် လို့ တွေးနေ မိပါတယ်။ 



Ref: http://www.myanmarij.com/%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%81%BE%E1%80%80%E1%80%8A%E1%80%B9-%E1%81%84%E1%81%84/

Friday, 29 March 2013

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၄၃)/ မသီတာ-စမ်းချောင်း


အမှန်တော့ “မှန်နန်းတော်” စာအုပ်ဟာ အလက်ဇန္ဒားအနေနဲ့ ကြီးကြီး မသန်းဧကို လက်ဆောင်အဖြစ် ပေးခဲ့တဲ့ စာအုပ်ပါ။ ကြီးကြီးမသန်းဧရဲ့ တယ်လီဖုန်းထဲက အသံဟာ စိတ်အားငယ်နေတယ်လို့ ထင်ပြီး သူ ရှိတဲ့ သြစတြီးယားကို သွားခဲ့တုန်းက ကျွန်မရောက်ပြီး သုံးရက်လောက် ကြာတော့ အလက်ဇန္ဒားလည်း ချီကာဂို ကနေ ရောက်လာခဲ့ပါတယ်။ အလက်ဇန္ဒားက စုလိုပဲ ငယ်ကတည်းက စာအုပ်ဖတ်တာကို ဝါသနာ ပါတာကိုး။ ကျွန်မလည်း သူ့ရဲ့လက်ဆောင် ကို သဘောအကျကြီး ကျခဲ့သလို စာအုပ်အဖုံးပေါ်က ဦးပိန်တံတားရှုခင်း ကိုလည်း မှတ်မိနေပါတယ်။

ဂျပန်မှာ ရှိတဲ့ နာရာနဲ့ ကျိုတိုက လူတွေကတော့ မန္တလေးမြို့တည်ပုံ ဟာ သူတို့မြို့တွေနဲ့ ဆင်တူတာမို့ မန္တလေး ကို ရောက်ရင် လွယ်လွယ်နဲ့ သဘောပေါက်နိုင်မယ့်ပုံပါ။ နန်းတော်ကို ၃ ကီလိုမီတာ အရှည်ရှိတဲ့ ကျုံးမြို့ရိုးနဲ့ ပတ်လည်ဝိုင်းထားပါ တယ်။ မြို့ထဲက လမ်းတွေကလည်း စတုရန်းကွက်ထဲမှာ စနစ်တကျဖောက် ထားတာတွေပါ။ အရှေ့တံတားကို ဖြတ်ကျော်ပြီး နန်းတော်ထဲဝင်တော့ အမြောက်ကြီးတွေကို အရင်တွေ့ရ လေရဲ့။ နန်းတော်ကို သင်္ဃန်းရောင် သုတ်ထားပြီး ထုမရှိတဲ့ ပစ္စည်းတွေနဲ့ ဆောက်ထားပုံတွေ့ရတော့ အပေါစား ဆန်သလိုမြင်မိ ပါတယ်။ နေရာတကာ မှာ နန်းတော်အစစ်ပုံမျိုးဖြစ်အောင် ကြိုးစား လုပ်ထားပုံ တွေ့ရပေမယ့် မတူနိုင်ဘူး ဆိုတာ တွေးမိပါတယ်။

၁၈၅၇ ခုနှစ်မှာ မင်းတုန်းမင်း က နန်းတော်ကို အမရပူရကနေ မန္တ လေးကို ရွေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။  စာအုပ်တွေ အဆိုအရတော့ နန်းတော်သစ်ရဲ့ ဗိသုကာလက်ရာဟာ အတော့်ကို ခေတ်မီ ခမ်းနားခဲ့တယ်လို့ ဆိုပါတယ်။ မင်းတုန်းမင်း ကံကုန်တော့ သူ့အခန်းကို ရွေ့ပြီး နန်းတော်ကျောင်းရယ်လို့ ဘုန်းကြီးကျောင်း ဖြစ်လာ ပါသတဲ့။ အတိတ် နန်းတော်ရဲ့ အေးချမ်းမှုတွေ ကို သစ်သား ပန်းပုထည် တွေက ကိုယ်စားပြုနေသလိုတော့ ကျွန်မ ခံစားမိခဲ့ပါတယ်။

အင်္ဂလန်က မန္တလေးကို သိမ်း ပိုက်လိုက်ပြီးတဲ့နောက်မှာတော့ နန်းတော်ဟာ အင်္ဂလိပ်စစ်တပ်ရဲ့ ဌာနချုပ် ဖြစ်သွားပါတော့တယ်။ ကျွန်မတို့ ရောက်တဲ့အချိန် မှာတော့ မြန်မာ့ တပ်မတော်က နန်းတော်မှာ နေရာယူ ထားပြီး ဖြစ်ပါတယ်။ နန်းတော်ရဲ့ အငွေ့အသက်လေးတွေကို ခံစားဖို့ ကိစ္စမှာ အခိုင်အမာဆောက်တားတဲ့ ဘားတိုက် တွေကို မြင်ရတော့ အဆင်မပြေ သလိုပါပဲ။ ကြည့်ရ ဆိုးလိုက်လေ လို့ ခံစားလိုက်ရပါတယ်။

ကျွန်မက “ဒီနန်းတော်ကို ဘယ်သူက ဖျက်ဆီးခဲ့တာလဲ”လို့ ဆိုတော့ ကျွန်မတို့ရဲ့ ဧည့်လမ်းညွှန်က “ဂျပန် တပ်တွေ”လို့ဖြေလေရဲ့။ ကျွန်မလည်း “ဘာ”လို့သာ တစ်လုံးတည်း အော်လိုက်မိပါတယ်။ “ဒါဆို ဒီနန်းတော် ပြန်ပြုပြင် တည်ဆောက်ရေးကို ဂျပန် အစိုးရက လုပ်ပေးသင့်တာပေါ့”လို့ တစ်ဆက်တည်း ဆက်ပြောဖြစ်ပါ တယ်။ တကယ်တော့ ကမ္ဘာ့အမွေ အနှစ် ဗိသုကာလက်ရာ တစ်ခုကို တခြားနိုင်ငံက စစ်တပ်ဟာ အတုံ့အဆိုင်း မရှိ ဖျက်ရက်တာပါလား။ ဒါဟာ စစ်ကြောင့် ပျက်ရတာ မဟုတ်ဘဲ စစ်တပ်ကြောင့် ပျက်ရတာလို့ သဘောပိုက် မိပါတယ်။ တကယ်လို့ ဒီလိုလုပ်တာဟာ အင်္ဂလိပ်စစ်တပ်က ဆိုရင် ဒီလောက် ဒေါသထွက်မိမှာ မဟုတ်ဘူး ထင်ပါတယ်။ သူများရဲ့ နန်းတော်ကိုလည်း ဖျက်ဆီးသေး၊ သူတို့ ဂျပန်စစ်ပြန်တွေကလည်း မြန်မာ ပြည်ကို လွမ်းတယ် ပြောသေးဆိုတာ ကျွန်မ ဘယ်လိုများ နားလည်ပေးရ ပါ့မလဲ။

ဒီလို သိလိုက်ရပြီးတဲ့နောက်မှာတော့ ကျွန်မဟာ မန္တလေးမြို့ထဲ လည်ဖို့တောင် စိတ်မပါတော့သလို ဖြစ်မိပါတယ်။ မန္တလေးတောင်ပေါ် တော့ တက်ပြီး စန္ဒမုခိ ဘီလူးရုပ်ကို တော့ ကြည့်ဖြစ်ပါသေးရဲ့။ ညနေစောင်း မှာတော့ ချည်ထည် လုပ်ငန်း တစ်ခုကို သွားလေ့လာဖြစ်ပါတယ်။  ဒီကပိုးထည်တွေကတော့ လူထုဒေါ် အမာ ရေးခဲ့သလိုပါပဲ အရည်အသွေး အတော့်ကို ကောင်းပါတယ်။ ဒေါ်အမာက ပိုးထည်ဆိုရင် မန္တလေးအရှေ့ ပြင်က ပိုးထည်က အကောင်းဆုံး လို့ ရေးခဲ့တာကိုး။ ကျွန်မတို့က ကမန်းကတန်း လည်တာဆိုတော့ မန္တလေး ဟာ တရုတ်မြို့ဖြစ်နေပြီဆိုတာ ဟုတ် မဟုတ် မလေ့လာနိုင်ခဲ့တာကိုတော့ စိတ်မကောင်းဖြစ်မိပါတယ်။

ပဲခူးက လျောင်းတော်မူဘုရား

ပုဂံနဲ့ မန္တလေးက ပြန်တော့ ကျွန်မတို့လည်း နွမ်းနေပါပြီ။ နောက်နေ့မနက် ဧည့်လမ်းညွှန်က လာခေါ်တော့ ကျွန်မတို့လည်း ပင်ပန်းပေမဲ့ လိုက်လာဖြစ်ပါတယ်။ ကားက မင်္ဂလာဒုံလေဆိပ် ကိုတောင် ကျော်ပြီး မောင်းနေလေတော့ ကျွန်မခင်ပွန်းက စိတ်နည်းနည်း တိုသလို ဖြစ်နေလို့ ကျွန်မကပဲ သူတို့ခေါ်ရာနောက်သာ လိုက်ရ အောင်ပါ လို့ နှစ်သိမ့်ရပါတယ်။

ပဲခူးက ရန်ကုန်ရဲ့ မြောက်ဘက် ကီလို ၇ဝ အကွာလောက်မှာ ရှိပါ တယ်။ ကားလမ်းတစ်လျှောက်မှာ ပထမ တော့ အများသုံးအိမ်သာလို့ ထင်ခဲ့မိပြီး နောက်မှ ဓာတ်ဆီဆိုင်လို့ သိလိုက်ရတဲ့ ဆိုင်တွေတော်တော်များ များ သတိထားလိုက်မိပါတယ်။ အဲ ဒီအချိန်က ဓာတ်ဆီကို ကိုတာနဲ့ပဲ ရောင်းချပေးတာပါ။ ၂ဝဝ၇ ခုနှစ်မို့ အဲဒီ အချိန်မှာ ဓာတ်ဆီက ဆိုင်ဈေး ၁၅ဝဝ ကျပ်လောက်ဖြစ်ကာ မှောင် ခိုဈေးကတော့ ၄၅ဝဝ ကျပ်လောက် ဖြစ်ပါတယ်။ ဓာတ်ဆီစာအုပ်နဲ့ ပြပြီး ဝယ်နေကြတာကို ကြည့်ရတော့ ကျွန်မလည်း စိတ်ထဲ အဆင်မပြေ ဖြစ်ရပြန်ပါတယ်။ ဆီစာအုပ် မေ့ နေရင် ဝယ်ခွင့်မရဖြစ်ရတယ်လို့ ကား သမားက ရှင်းပြပါတယ်။ ဆီစာအုပ် ဆိုတာကလည်း လက်ပေါင်းစုံကိုင် ထားတော့ မည်းသည်းညစ်ပတ်နေ တာပါပဲ။ ဒါ့အပြင် သဘာဝဓာတ်ငွေ့ နဲ့ ရေနံတွေ ထွက်သလောက် လူထု က အခုလို ဓာတ်ဆီ ဝယ်တာတောင် အဆင်မပြေဘဲ ဖြစ်နေတာတွေကို မြင် ရတော့ စိတ်ပျက်မိပါတယ်။

ရန်ကုန်မှာ မောင်းနေတဲ့ကား အများစု ကလည်း ဂျပန်က သုံးပြီး သားကားတွေ ဖြစ်နေပါတယ်။ ကားတွေမှာ ဂျပန်စာတွေ တွေ့ရတာက တော့ ဂျပန်တိုးရစ်တွေ အတွက် စိတ်သက်သာရာ တောင်ရသေးလို့ ဆိုရမှာပါပဲ။ ကျွန်မတို့ ကားဒရိုင်ဘာက ပြော တာကတော့ ဂျပန်ကားတွေရဲ့ ဈေး က အစိုရရဲ့ အခွန်တိုးကောက်မှုအပါ အဝင် စည်းမျဉ်း စည်းကမ်းတွေ ကြောင့်ပါ နှစ်ဆလောက် တက်လာတယ်လို့ သိရပါတယ်။ ဒါကြောင့် ဌာနဆိုင်ရာ တံဆိပ်နဲ့ကားတွေ အားလုံး လိုလိုကတော့ ဂျပန်ကားတွေ မဟုတ် ကြပါဘူး။

ပဲခူးကတော့ ၁၃ ရာစုကနေ ၁၆ ရာစုအတွင်း မြန်မာ့ထီးနန်းစိုက် ရာမြို့တော် ဖြစ်ခဲ့ဖူးပါတယ်။ ပဲခူး လို့ ဆိုလိုက် ရင် ရွှေမော်ဓော နဲ့ ရွှေသာလျောင်း စေတီတွေက ကျော်ကြားပြီးသားပေါ့။ ပဲခူးကနေ နန်းတော် ရွေ့သွားပြီး နောက် မှာတော့ ရွှေသာလျောင်း ကိုလည်း လူတွေ မေ့လျော့ သွားပါတော့တယ်။ ၁၉ ရာစုကျမှ အင်္ဂလိပ် လက်ထက်မှာ အိန္ဒိယပညာ ရှင်တစ်ယောက်က မီးရထားလမ်း ဖောက်ဖို့ လိုက်ကြည့်ရာက ရွှေသာလျောင်းကို တောထဲမှာ သွားတွေ့ပါ သတဲ့။ ရွှေသာလျောင်း ရုပ်ပွားတော်ရဲ့ ဉာဏ်တော်က ၅၄.၈၈မီတာတောင် မြင့် ပါတယ်။ စစ်ဒဏ်ကို မခံခဲ့ရတာမို့ ရုပ်ပွားတော်ရဲ့ ခြေတော်မှာ ရှိနေတဲ့ မှန်စီရွှေချ အပြောက်အမွှမ်းတွေတောင် မပျက်စီးဘဲ ကျန်နေ တာကို တွေ့ရပါတယ်။ အဲဒီနောက် မှာတော့ ဆယ်စုနှစ် ၁ဝ စုစာလုံးလုံး လျောင်းတော်မူ နေရတဲ့ ရွှေသာလျောင်း ကိုယ်တော်လည်း ဘုရားဖူးတွေ တဖွဲ ဖွဲနဲ့ မနားရတော့ပေဘူး။

မိသားစုတွေတစ်စုပြီးတစ်စုက ရုပ်ပွားတော်ကို နောက်ခံထားပြီး ဓာတ်ပုံရိုက်နေကြပါတယ်။ ဘုရား ရဲ့ ညာဘက် ကွင်းပြင် ထဲမှာလည်း နောက်ထပ်လျောင်းတော်မူ တစ်ဆူကို တွေ့လိုက်ရပါတယ်။ ဒီရုပ်ပွားတော် က အဆောင်အယောင် မများပေမယ့် မျက်နှာတော် လုံးဝန်းပြီး သပ္ပါယ်တာမို့ အဲဒီရုပ်ပွားတော်ကိုပဲ ကျွန်မတို့ က ဓာတ်ပုံရိုက်ဖြစ် ခဲ့လေရဲ့။ ဧရာဝတီမြစ်ဘေးက ဆည်းဆာချိန်ဓာတ်ပုံ နှစ်ပုံရယ်၊ ဒီလျောင်းတော်မူပုံရယ်က တော့ အခုအချိန်ထိ ကျွန်မတို့အိမ် ဧည့်ခန်းမှာ ရှိနေပါတယ်။

သိပ်လည်း ပင်ပန်းနေပြီမို့ ရွှေမော်ဓောစေတီ ကိုတော့ အဝေးကနေပဲ ဖူးဖြစ်ပါတယ်။ ကျွန်မက ထင်ရှားတဲ့ နေရာတွေကို တစ်ခါတည်းနဲ့ အကုန် လျှောက်မလည်ဘူး လို့လည်း ဆုံးဖြတ် ထားပါတယ်။ ဒါမှ စိတ်က လည်စရာ ကျန်နေလေခြင်း ရယ်လို့ ဖြစ်ကာ နောက်တစ်ခါ လာချင်မှာလေ။

REF: http://www.myanmarij.com/%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%81%BE%E1%80%80%E1%80%8A%E1%80%B9-%E1%81%84%E1%81%83/

Tuesday, 26 March 2013

ဒေါ်အောင်ဆန်းစုကြည် အတွက် စာတစ်စောင် (၄၂) မသီတာ-စမ်းချောင်း


သတင်းဆောင်းပါး — မတ် ၂၁၊ ၂ဝ၁၃
ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်နှစ်ယောက်
ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်နှစ်ယောက်


ပါမောက္ခ တိုရူအိုနိုက “မြန်မာ လူ့အဖွဲ့အစည်းနှင့် ယင်း၏ တန်ဖိုး” ဆိုတဲ့ စာအုပ်ထဲမှာ ပုံဂံနားကလူတွေ အနေနဲ့ ညောင်ဦးနဲ့ ပုဂံကြားက နေရာရဲ့ အောက်ဖက် ၂၄ ယူဇနာအနက် မှာ ငရဲရှိနေတယ်လို့ ယုံကြသတဲ့။ (တစ်ယူဇနာကို ၈ ကီလိုမီတာ ရှိပါတယ်။) ဒါကြောင့် ကျွန်မက ပုဂံမှာ လျှောက်လည်ခိုက် ကျွန်မ ရပ်နေတာ ဘယ်ငရဲပေါ်မှာ ပါလိမ့်လို့  တွေးမိတတ် ပါတယ်။


ကျွန်မတို့ မန္တလေးကို ပြန်ခဲ့ကြပါတယ်။ မန္တလေးလေဆိပ်ကို တရုတ်တွေက ဆောက်ပေးတယ်လို့ ကျွန်မတို့ရဲ့ ဧည့်လမ်းညွှန်က ပြောပါတယ်။ မန္တလေးဆိုတာ အချက်အချာနေရာမို့ ဒီမှာ လေဆိပ်လာဆောက် ပေးတာ သိပ်အမြော်အမြင်ကြီးတဲ့ စိတ်ကူးပေါ့။ ကျွန်မတို့နဲ့သိတဲ့ လားရှိုးသူလေးတစ်ယောက်က လွန်ခဲ့တဲ့ ၁ဝနှစ်က ပြောခဲ့ဖူးတာ ကို သတိရ မိပါတယ်။ “လားရှိုးမှာ တရုတ်စကား မတတ်ရင် နေလို့ မဖြစ်ဘူး။ ဒီမှာက တရုတ်တွေချည်း ကြီးစိုးနေတာ”လို့ ပေါ့။


အမရပူရ


ကျွန်မတို့က မန္တလေးကိုရောက်ပေမယ့် အမရပူရကို အရင်သွားလည် ကြပါတယ်။ အမရပူရဟာ ၁၇ ရာစု အင်းဝခေတ် ရဲ့မြို့တော်ပါ။ ရှေးခေတ် က အကြွင်းအကျန်ရယ် လို့ ဟုတ်တိ ပတ်တိ မရှိတော့ပေမယ့် မဟာဂန္ဓာရုံ နဲ့ ဦးပိန်တံတား ကတော့ အထင်ကရ ကျန်ပါတယ်။ ဒီမြို့က ချည်ထည် လုပ်ငန်းလည်း အတော်ကြီး နာမည် လည်း ကြီးတာကိုး။


ဦးပိန်တံတားကတော့ လွန်ခဲ့တဲ့ နှစ် ၁၆ဝ က ဆောက်ခဲ့တဲ့ တံတားအိုကြီးပါ။ မြို့တော်ကို အမရပူရကနေ မန္တလေးကို ရွှေ့တဲ့အခါ မြို့ခံကြီး ဦးပိန်က တောင်သမန်အင်းကို ဖြတ်ကာ ၁.၂ကီလိုမီတာ ရှည်လျားတဲ့ ဒီတံတားကြီးကို ကျွန်းတိုင်ပေါင်း  ၁ဝ၈ဝ တိုင်နဲ့ တည်ဆောက်ခဲ့ ပါတယ်။ တံတား ပတ်ဝန်းကျင်က ရှုမျှော်ခင်း တွေက လွမ်းမောစရာ လှလွန်းတာမို့ ကျွန်မတို့လည်း အငေးသားပါပဲ။ အဲဒီအချိန်မှာ တံတား အောက်က အင်းထဲမှာ ရေခန်းပြီး ကျွဲကျောင်းနေတဲ့ မိသားစုထဲက အမျိုးသမီး တစ်ယောက်ရဲ့ သီချင်းညည်းသံကို သာယာနာပျော် ဖွယ်ရာ ကြားလိုက်ရပါတယ်။ ဒီရှုခင်းကတော့ တစ်ကမ္တာလုံးက သဘောကျတဲ့ ရှု ခင်းပါလေ။


ကျွန်မတို့ ချည်ထည် ဆိုင်တွေဘက် လေ့လာဖို့ ခရီးဆက်ခဲ့ကြ ပြန်ပါတယ်။ ကျွန်မတို့ ကျိုတိုမှာ ရှိတဲ့ နီရှီဂျင်း ပိတ်စ ထုတ်လုပ်ရေးကို လေ့လာ သလိုမျိုး ဖြစ်မလားလို့ မျှော်လင့်မိပေမယ့် တဲလေးထဲမှာ ရှိနေတာက သစ်သား ရက်ကန်းစင်လေး နှစ်စင်ပါပဲ။ အမျိုးသားတစ်ဦးက အပေါ်ပိုင်း ဗလာကျင်းပြီး ရက်ကန်းခတ် နေတာကို တွေ့လိုက် ရပါတယ်။ အမျိုးသမီးလေး နှစ်ယောက်ကတော့ သူတို့စိတ်ထဲ မှတ်ထားတဲ့အတိုင်း အဆင်တွေ ပေါ်လာအောင် လွန်းတွေကို ဘယ်ညာ စည်းချက်ညီ ရက်ဖောက်နေလေရဲ့။ သူတို့ ကြည့်ရတာ ကျွမ်းကျင်လွန်းလှပါတယ်။


တဲရဲ့ မျက်နှာချင်းဆိုင်မှာတော့ အထည်တွေ ရောင်းတဲ့ အုတ်တိုက် ဆိုင်လေးတစ်ဆိုင် ရှိနေပါတယ်။ နိုင်ငံခြား သူတွေက ထမိန် တစ်ကွင်းပြီး တစ်ကွင်း ဖြန့်ကြည့် ပတ်ကြည့်ပြီး ပြန်ချထားတာတွေနဲ့ မှန်ဘီရိုလေးက ရှုပ်ပွနေ လေရဲ့။ ဆိုင်အတွင်းဘက်က ဘီရိုထဲမှာတော့ ပိုးထည်တချို့ကို တွေ့ရပြီး အဲဒီမှန်ဘီရိုရှေ့မှာတော့ အချိန်ကို ဘယ်လိုဖြုန်းရမှန်း မတွေးတတ်သလို ရှိနေတဲ့ အမျိုးသား အုပ်စုကို တွေ့ရပါတယ်။


ဒီမှာ အထည်တွေကို ဂရုတစိုက် ရှိပုံဟာ ညောင်ဦးဈေးထဲက အထည် ဆိုင်တွေရဲ့ သူတို့ရောင်းကုန်ကို ဂရု စိုက်ပုံ ထက် အများကြီး သာတာကို သတိထားမိ ပါတယ်။ ညောင်ဦးဈေး ထဲက အထည်တွေက သိပ်အရည် အသွေး မကောင်းလှ တာကိုလည်း သတိထားမိပါတယ်။ ဈေးတွေကလည်း ကွာတာကိုး။ ဒီအမရပူရမှာ ဈေးက ပိုများတယ်လေ။ ကျွန်မရဲ့ ခင်ပွန်းကတော့ ဈေးဝယ်တာကို စိတ်တိုတတ်သူမို့ “ခင်ဗျား ဒေါ်လာ ၇ဝ ဖိုး ဝယ်မှာ ကို အချိန်ဘယ်လောက် ကြာကြာ သုံးနေမှာလဲ” လို့ ပြောလေရဲ့။  ဒါပေမယ့် သူကလည်း ရုရှားက အရည်အသွေးနိမ့် ပစ္စည်းတွေကို ဝယ်တာပဲလေ။ အဲဒီလို ပြောရင်တော့ နိုင်ငံ ထဲကို ငွေတွေ ရောက်သွားတာ ကောင်းတယ်လို့ ဆင်ခြေပြောပြောဦးမှာ။ ဒီတော့ ကျွန်မကလည်း ကျွန်မတို့ရဲ့ ငွေတွေဟာ စုရဲ့နိုင်ငံထဲက လူတွေ ရသွားမှာမို့ ဈေး ဝယ်နေတာပေါ့လို့ ပြန်ချေရတာပ။ တကယ်တော့ ညောင်ဦး ဈေးကနေ ဝယ်လာခဲ့တဲ့ အထည် တွေက အရည်အသွေး ညံ့တာကြောင့် ဘယ်သူ့ကိုမှ လက်ဆောင် မပေးနိုင် ဖြစ်ရပါတယ်။ ဈေးရောင်းတဲ့အမျိုး သမီးက အပြောကောင်းသူမို့ ဘယ်သူ့ကိုမှ မပေးဖြစ်ဘဲ ကျန်နေတဲ့ အထည်တွေ မြင်တိုင်း အပြောကောင်းတဲ့ ဆိုင်ရှင် အမျိုးသမီးကို သတိရနေမိပါတော့တယ်။


မန္တလေး


ကျွန်မတို့ မန္တလေးကို ကားနဲ့ ပြန်လာခဲ့ကြပါတယ်။ ကျွန်မတို့ နေ့ လည်စာ စားတဲ့နေရာကနေ မြင်နေရတာ ကတော့ မန္တလေးက ပုဂ္ဂလိက ဆေးရုံတစ်ရုံပါပဲ။ အဲဒီမှာ အလုပ်လုပ်တဲ့ ဆရာဝန်တွေရဲ့ ဘွဲ့တွေကိုလည်း ဆိုင်းဘုတ် မှာ ရေးထားပါတယ်။ ဆေးရုံရှေ့မှာ လူလည်း မတွေ့ရဘဲ သန့်ရှင်းနေတာမို့ လူချမ်းသာတွေ တက်တဲ့ ဆေးရုံ လို့ပဲ ထင်မိပါတယ်။

ကျွန်မ တွေ့ဖူးတဲ့ ရန်ကုန် ပြည်သူ့ဆေးရုံကြီးနဲ့ အခြားနားကြီး ခြားနားနေတာကို တွေ့ရတာပေါ့။ ရန်ကုန် ပြည်သူ့ဆေးရုံကြီးရဲ့ ဝင်ပေါက် မှာဆိုရင် လမ်းဘေး ဈေးသည်တွေကလည်း ပြည့်လို့။ ပန်းသည်တွေ၊ အ စားအသောက် ရောင်းသူတွေ၊ အသုံး အဆောင် ရောင်းသူတွေသာမက ဧည့်သည်တွေနဲ့ပါ အမြဲစည်ကားနေ တာကို တွေ့ရတာမို့ အဲဒါမှ ရှင်သန်နေတဲ့ ကမ္ဘာတစ်ခုလို ထင်မိပါတယ်။

ကျွန်မတို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးထဲကို ဝင်သွားခဲ့ဖူးတဲ့ အတွေ့အကြုံကိုလည်း သတိရမိပါတယ်။  ကျွန်မ တို့က ဂိတ်က အပေါက်စောင့်ကို ငွေပေးပြီး ဆေးရုံ အပေါ်ထပ်ထိ တက်သွားတာပါ။ ဆေးရုံ အဆောင်တွေဟာ ဟောင်းပေမယ့် သန့်ရှင်းပြီး တစ်ဦးချင်းသီးခြားနေဖို့တော့ အ ခြေအနေ မပေးပါဘူး။ အဆောင်အ ကျယ်ကြီးမှာ ကုတင်အမြင့်ကြီးတွေ နဲ့ ခင်းကျင်းထားပြီး ဧည့်သည်တွေ ကလည်း လူနာတွေကို စကားတွေ ပြောလို့။

ကျွန်မက စုရဲ့ မေမေ သူနာပြု လုပ်နေချိန်မှာ ငှက်ဖျားကြောင့် ဆေးရုံရောက်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြင်မြင်ချင်း အချစ်ဆိုတာကို သတိရနေမိခဲ့ပါတယ်။ ကျွန်မ လည်း အတွေးတွေနဲ့ လျှောက်သွားနေလိုက်တာ အဆောင်ကနေ အခန်းလေးတွေဘက် ရောက်သွားတော့တာပါပဲ။ အဲဒီမှာ ရုတ်တရက်ဆိုသလို လူတစ်ယောက် က ကျွန်မကို အသားလွတ် ကြီး အော်တော့တာပါပဲ။ သူ အော်နေတဲ့ စကားတွေက ဘာမှလည်း အဓိပ္ပါယ် မရှိသလိုပါ။ ကျွန်မကို ဇွတ်ဆွဲပြီး အောက်ထပ်ဆင်းမဲ့ ဓာတ်လှေကားထဲ ပြန်ပို့လိုက်ပါတယ်။ အပြင်ကို ပြန်မရောက်ခင်မှာတော့ ဆေးရုံ အနေအထားကို လေ့လာဖို့ အချိန်လေး တော့ ရလိုက်ပါရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် အသက်ဝင်နေတဲ့ အဲဒီဆေးရုံဟာ ဆူညံလို့ပါပဲ။ အခု ကျွန်မ မြင်နေရတဲ့ မန္တလေးက ပုဂ္ဂလိက ဆေးရုံကတော့ တိတ်ဆိတ်နေလိုက်တာ။ လူတွေက စရိတ်ကြီးမှာ ကြောက်ပြီး အပေါက် နားတောင် မသီကြလေရော့လားပဲ။ ဆက်တွေးမိတာကတော့ မြန်မာပြည် ကလူတွေဟာ တိတ်ဆိတ်မှုကို ဆေးရုံမှာ ငွေပေးပြီး လာရှာနေလေ မလား လို့ပေါ့။

မန္တလေးမှာ တည်းရတဲ့ ဟိုတယ်ကတော့ တကယ်ကျေနပ်စရာ ကောင်းပါတယ်။ ကျွန်မတို့အခန်း ပြူတင်းပေါက် က ကြည့်ရင် နန်းတော်နဲ့ မန္တလေးတောင်ကို လှမ်းမြင် နေရတယ်လေ။ ၁၈၈၅ ခုနှစ် သီပေါ မင်း ပါတော်မူခဲ့တဲ့ နန်းတော်ဂိတ် ကို ကျွန်မက မသိတော့ မမှန်းတတ် ဘူး ဖြစ်နေပါတယ်။ ကျွန်မ ဖတ်ခဲ့ ဖူးတဲ့ စာအုပ်တစ်အုပ် ကိုလည်း သတိရမိပါတယ်။ ရုရှားစာရေးဆရာ ပါစတာညက် လိုတော်တဲ့ အမီတာဗ် ဂို့ရှ်ရေးတဲ့ “မှန်နန်းတော်” ဆိုတဲ့ စာအုပ်ပါ။  ဒီစာအုပ်ကို ပထမဆုံး အကြိမ် ဖတ်ရတော့ မြန်မာပြည်ရဲ့ ကြေကွဲဖွယ် ဇာတ်ကို သိခဲ့ရပါတယ်။ ဒီ့ထက်ပိုပြီးလည်း သိချင်လာပါတယ်။

မသီတာ-စမ်းချောင်း



http://www.myanmarij.com/%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%81%BE%E1%80%80%E1%80%8A%E1%80%B9-%E1%81%84%E1%81%82/

Friday, 8 March 2013

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၃၉) မသီတာ-စမ်းချောင်း

ကျွန်မတို့လည်း အလွန် အင်မတန် စိတ်ပျက်လက်ပျက် ဖြစ်နေမိတဲ့ ကြားထဲက ပြောင်းရွေ့သွားတဲ့ ဒဂုံ တက္ကသိုလ် တစ်ဖြစ်လဲ ရန်ကုန် တက္ကသိုလ်ကို သွားဖြစ်ခဲ့ပါတယ်။ ကားနောက်ခန်း အလယ်မှာ ထိုင်ပြီး မညီမညာ အဖုအထစ် အချိုင့်အပိန့်တွေ များလှတဲ့ လမ်းတစ်လျှောက် တစ်နာရီကျော်ကြာအောင် စီးပြီး လိုက်လာ ရတာဟာ ကိုယ့်ကိုယ်ကို ညာပြီး နှစ်သိမ့်တဲ့ အတတ်ပညာကို လေ့လာနေရသလိုပါပဲ။ ကားလေးက မြို့လယ် ကနေ အရှေ့မြောက် ဘက်ဆီ ဦးတည်နေပါတယ်။ ကား လမ်းရဲ့ ဘယ်ဘက်အခြမ်းမှာတော့ ရထားလမ်းကို တွေ့ရပါတယ်။ ကားက ဘယ်ကွေ့ကာ ရထားလမ်း ကို ကျော်ပြီး လမ်းကြားတစ်ခုထဲ မောင်းဝင် လိုက်တယ်ဆိုရင်ပဲ ကားက ဆောင့်ပြီး ခုန်သွားလေရဲ့။ လမ်းရဲ့ တစ်ဘက်တစ်ချက်မှာတော့ စပါးခင်းတွေ ရှိနေပါတယ်။ စပါးခင်း အလယ်မှာတော့ အဆောက်အဦ ဖြူဖြူကြီး က မြင်ကွင်းထဲမှာ ထီးထီးကြီး ဝင်လာပါတယ်။ ဂိတ်စောင့်က ဆရာမလေးရဲ့ မျက်နှာကို သေချာကြည့်ပြီးမှ ဂိတ်တံခါးကို ဖွင့်ပေးလိုက် ပါတော့တယ်။

ကျောင်းဝင်းရဲ့ အတွင်းအကျ ဆုံးနေရာက တောင်ကုန်းတစ်ခုပါ။ အင်္ဂတေ အုတ်လှေကားထစ်ဖြူဖြူတွေရဲ့ အဆုံးမှာတော့ တိုင်လုံးဖြူဖြူတွေနဲ့ အဆောက်အဦ ရှိနေပါတယ်။ တိုင်လုံးတွေနောက်က အဆောက်အဦကို တွေ့ရတာ နန်းတော်လိုလို ဘာလိုလို ပါ။ ဂရိက ပါသီနွန်လေလားပေါ့။  ပင်မအဆောက်အဦရဲ့ ဘေးတစ်ဖက် တစ်ချက်မှာတော့ ကျောင်း စာသင်ခန်းတွေ အများကြီး ရှိနေပါတယ်။ ကြည့်ရတာ ဘယ်ဘက်ခြမ်း ကနေ ညာဘက်ခြမ်းမှာ ရှိတဲ့ စာသင်ခန်းတွေ ဆီ လျှောက်ရရင် အချိန် အတော်ကြာမယ့်ပုံပါပဲ။

ဒီနေရာမှာ ဂျပန်တက္ကသိုလ် တွေလို အိုင်တီ၊ စာကြည့်တိုက်၊ အားကစားခန်းမ၊ ၂၄ နာရီ ဈေးဆိုင်၊ အခမဲ့ ကျောင်းကား ဆိုတာမျိုး တွေ ပံ့ပိုးမယ်ဆိုရင်တောင် ဘယ် ကျောင်းသားမှ လာတက်ချင်ပုံ မရလောက်ပါဘူး။

ကျောင်းပရဝဏ်အပြင်မှာတော့ အအေးဆိုင်တချို့ကို တွေ့ခဲ့ရပါတယ်။ ကျောင်းဝင်းထဲမှာ ဘာဆိုင်မှ မတွေ့ မိလေတော့ ကျောင်းသားတွေဟာ ကျောင်းဆောင်လည်း မရှိ၊ ဈေး ဆိုင်လည်းမရှိဘဲ ဘယ်လိုများ ကျောင်း တက်နေသလဲ ဆိုတာ မတွေးတတ် အောင်ပါပဲ။ ကျွန်မက တက္ကသိုလ် ဆရာမတစ်ယောက်ရေးတဲ့ ဆောင်းပါး တစ်ပုဒ်ကို ဖတ်ခဲ့ဖူးတာမို့ သတိရ မိပါတယ်။ ကျောင်းဆောင်မှာ နေဖို့ အတွက် သူက စာအုပ်စာတန်းတွေ အပြင် ထမင်းဟင်းချက်စရာ အိုးခွက် တွေကိုပါ ယူလာခဲ့ရပါသတဲ့။ သူက အဲဒီဒုက္ခတွေကို ခံနိုင်ပေမယ့် သွားရေး လာရေး အဆင်မပြေတာကိုတော့ မခံနိုင်ဘူးလို့ဆိုပါတယ်။ ဒါကြောင့် သူ့ကျောင်းသားတွေက သူတို့ရဲ့ဆိုင်ကယ်နောက်ခုံမှာ သူ့ကို တင်ခေါ်ပေးရင် ကံကောင်း လှချည့်လို့ တွေးနေမိပါသတဲ့။

“ကျွန်မက ဝန်ထမ်းဆိုတော့ ဘာမှ မပြောချင်ပါဘူး။ ဒါပေမယ့် ကျောင်းသားတွေကတော့ ကျောင်းကို သိပ်မလာချင် ကြဘူးလေ။ ဒါ ကြောင့် တစ်နေ့ထက် တစ်နေ့ ကျောင်း လာတက်တဲ့သူက နည်းနည်းသွား ပါတယ်။ နောက်တစ်ခု ကတော့ ဒီလို အခက်အခဲတွေကို ကျော်လွှားပြီး ကျောင်းပြီး ဘွဲ့ရတဲ့အခါမှာလည်း အလုပ်လက်မဲ့က ဖြစ်နေပြန်ပါတယ်။ ဒီလိုနဲ့ လူငယ်လေးတွေက တရားမဝင် ဈေးကွက် အလုပ်တွေကို လုပ်ဖြစ် သွားကြလေရဲ့”လို့ ကျွန်မတို့ရဲ့ ဧည့်လမ်းညွှန်က ရှင်းပြပါတယ်။ သူကတော့ ရန်ကုန်တက္ကသိုလ်ကို တက်ရောက်ခွင့် ရခဲ့တဲ့ ကံထူးရှင်ပေါ့။  သူ့အသက်က ၃၀ ကျော်ပေမယ့် ရံ ဖန်ရံခါ စကားပြန်အလုပ်လေး ရတာ ကလွဲရင် ဘာအလုပ်မှ မရှိရှာပါဘူး။

ကျွန်မလည်း စစ်အစိုးရရဲ့ အမျှော်အမြင်ကို အံ့ဩမိပါတယ်။ ပညာရေးဆိုတာ ပုဂ္ဂလိကပြဿနာမျိုး မဟုတ်ဘဲ အနာဂတ် နိုင်ငံတော် အတွက် စိတ်ခွန်အားကို ပျိုးထောင်နေတာလို့ နားမှလည်ရဲ့လားလို့လည်း တွေးနေမိပါတယ်။
စာရေးသူ နိုရီကို ဇနီးမောင်နှံ မြန်မာပြည်သို့ ရောက်ရှိခဲ့စဉ်
စာရေးသူ နိုရီကို ဇနီးမောင်နှံ မြန်မာပြည်သို့ ရောက်ရှိခဲ့စဉ်

ရှေးခေတ်မြို့တော် ပုဂံ

ကျွန်မတို့လည်း ဟိုတယ်ကနေ မနက် ၅ နာရီကတည်းက ထွက်ပြီး အလည်ခရီးကို စလိုက်ပါတယ်။  ကျွန်မတို့ ကားက မီးပွိုင့်တစ်ခုမှာ ရပ်လိုက်ခိုက်မှာတော့ မထင်မှတ်ဘဲ ဖိနပ်မပါတဲ့ ကလေးတစ်သိုက်က ကားနားကို ကပ်လာကာ သစ်ခွပန်းတွေ လာရောင်းပါတယ်။ ကျွန်မတို့လည်း ရုရှမှာ အခုလိုပဲ ကားရှေ့ ဘွားခနဲ ပေါ် လာပြီး ကားမှန်ဆေးပေးဖို့နဲ့ ပစ္စည်းတစ်ခုခုရောင်းဖို့ ကြိုးစားတဲ့ ကလေးတွေကို သတိရသွားမိပါတယ်။

ပုဂံလေဆိပ်ကတော့ ပုံပြင်ထဲက မြို့တော်ရဲ့အဝင်ဝပဲပေါ့။ လေဆိပ်က မြို့ထဲသွားတဲ့ လမ်းတစ်လျှောက် မှာတော့ ရေတမာပင်တွေ စီတန်းစိုက် ထားလေရဲ့။ အဲဒီအပင်ရဲ့ အရွက်တွေက သွားကိုက်ပျောက်စေတယ် လို့လည်း သိရပါတယ်။ ကျွန်မတို့လည်း နေ့လယ် ၁၂ နာရီမှာ ညောင်ဦးဈေး ပိတ်မှာမို့ ဈေးမပိတ်ခင်မီအောင် သွား ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ညောင်ဦးဟာ ရှေးယခင်နှစ် များစွာကတည်းက လမ်းပန်းဆက်သွယ်မှု အချက်အချာ ကျပြီး ကုန်ဖလှယ်တဲ့ နေရာဖြစ်ခဲ့ ပါတယ်။ ဈေးထဲမှာ ရောင်းနေတာတွေက အမယ်စုံလွန်းလို့ ကျွန်မတော့ အံ့တောင် ဩမိပါတယ်။ ဈေးအရှေ့ဘက်မှာလည်း တခြား လမ်းဘေးဈေးသည်တွေ အများကြီး ရှိနေလေရဲ့။
ဈေးအတွင်းမှာလည်း ဆိုင်ခန်းတွေက အတန်းလိုက် အများကြီးမို့ ဒီနိုင်ငံမှာ အငတ်ဘေးဆိုတာ သိမှ သိပါလေစ လို့ မေးရမလိုပါ။ တကယ် တော့ ၁၉၆၂ ခုကတည်းက စစ်အာဏာရှင် လက်အောက်မှာ ရှိနေခဲ့ပေမယ့် တော်လှန် ပုန်ကန်မှုတွေ သိပ်မရှိခဲ့တာဟာ ဒါကြောင့်ပဲ ဖြစ်မယ် ထင်ပါတယ်။ လူတွေက မြောက်ကိုရီးယားမှာလို သိပ်မငတ်ကြတော့ အေးဆေး နေတယ် ထင်ပါရဲ့။

၂၀ဝ၈ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာက သူ့စာအုပ်တစ်အုပ်ထဲမှာ ၁၉၆၉ ခုနှစ် က ပုဂံဈေးကို သွားခဲ့တဲ့အကြောင်း ရေးထားတာ ဖတ်ရဖူးပါတယ်။ အဲဒီအချိန်က သူတို့အုပ်စုဟာ လူ ၂၀ လောက် ပါပြီး တည်းစရာနဲ့ စားစရာ နေရာတွေ အတော့်ကို ရှားပါးခဲ့တယ် လို့ ဆိုထားပါတယ်။ သူတို့ ဘုရားဖူးအဖွဲ့က ပုဂံမှာ အစားအသောက် ဈေးဝယ်ထွက်တဲ့အကြောင်းကို ရေးထားတာပါ။ ပုဂံဈေးက သေးပေမယ့် အစားအသောက်တွေက လတ်ဆတ်သလို အရည်အသွေး ကောင်းသလောက် ဈေးချိုနေတာကို သူတို့က အံ့ဩခဲ့ကြကြောင်းပါ။ အဲဒီထဲမှာ မှ ဈေးသည်တွေအနေနဲ့ ဈေးဝယ်တွေကို သူတို့ရဲ့ကုန်ပစ္စည်း အရည်အသွေး ကို ဖြစ်ဖြစ် ဈေးနှုန်းကိုဖြစ်ဖြစ် ညာဝါးပြီး မရောင်းတာကို သဘောအကျဆုံးလို့ ရေးထားတာပါ။

ဒေါ်အမာက အစားအသောက်တွေ အထားခံအောင် မလုပ်တတ်တဲ့ နေရာတွေမှာ လတ်ဆတ်မှုဟာ အရေးကြီးတဲ့ အတွက် အစားအစာ တွေကို ရွေးတဲ့အခါ အနီးအနားဒေသက အစားအစာတွေက ပိုလတ်ဆတ်နိုင်တာမို့ အဲဒီလို အစားအစာတွေကို ရွေးဝယ်ဖြစ်ကြတယ်လို့ ရေးပါတယ်။ အိမ်ရှင်မတွေ အနေနဲ့ အဲဒီလို ရွေးတတ်တာမျိုးရယ် ၊ ဈေးမများဘဲ အရည် အသွေး မညံ့အောင် ရွေးတတ်တာမျိုး ရယ်ဟာ အရည်အချင်းတွေပါ လို့လည်း ဆိုပါတယ်။ ကျွန်မကလည်း အခုအချိန်အထိ ဧရာဝတီမြစ်ကြီးကို ကြည့်ရင်း စားခဲ့ရတဲ့ နေ့လယ်စာနဲ့ ရုပ်သေးပွဲ ကြည့်ရင်း စားခဲ့ရတဲ့ ညစာတွေကို မမေ့နိုင်သေးပါဘူး။ ဒါဟာ လတ်ဆတ်တဲ့ အသားအရွက်တွေနဲ့ ချက်ထားလို့ ဖြစ်မှာပါ။

ပုဂံမှာ တစ်နေကုန် လည်တယ် ဆိုပေမယ့် ဒီလို သမိုင်းဝင်နေရာအတွက် အချိန်မလောက်ပါဘူး။ ၄၂ စတုရန်း ကီလိုမီတာ အကျယ်အဝန်း ရှိတဲ့ ပုဂံမြေပေါ်မှာ လွန်ခဲ့တဲ့ ၁၁ ရာစုကနေ ၁၃ ရာစုအတွင်း တည် ထားခဲ့တဲ့ စေတီပုထိုးတွေနဲ့ ဘုရားတွေကို ကြည့်ရှုလေ့လာရတာ အနည်းဆုံး တစ်ပတ်လောက် ကြာမှ ရမယ် ထင်ပါ တယ်။ ဒါပေမယ့် ကျွန်မတို့ ရဲ့ ဧည့်လမ်းညွှန်က တော်လေတော့ အရေးကြီးတဲ့နေရာတွေကိုတော့ ရောက်သွား နိုင်ခဲ့ပါတယ်။ အထူးသဖြင့် လေးထောင့် စပ်စပ် တည်ထားတဲ့ အာနန္ဒာစေတီကို အမှတ်မိဆုံးပါပဲ။ အရှေ့၊ အနောက်၊ တောင်၊ မြောက် မုခ်လေးမုခ်တိုင်းမှာ ၉.၂ မီတာ အမြင့်ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူစီ ရှိနေပါတယ်။ အဝင်ဝမှာကတည်းက  မြင်နိုင်သလို အနီးကပ်ဖူးတော့လည်း တစ်မျိုး တွေ့ရပါတယ်။ မျက်နှာတော်တွေက တစ်ခုနဲ့တစ်ခု သိပ်မတူလှပါဘူး။ အနီးကပ် ကြည့်ရင် ပြုံးတော်မူနေတဲ့ပုံကို ဖူးနိုင်တာမို့ ရုပ်ပွားတော် ကိုယ်တော်တိုင်က အဝေး မသွားနဲ့ဦးလို့ တားနေသလိုလို ထင်ရစေတာကိုးနော်။ ဒီလိုအေးချမ်းတဲ့ အပြုံးနဲ့ ကြင်နာမှုတွေဟာ ဗုဒ္ဓထံကချည်း မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင် တွေထံကနေပါ ရနေတယ်လို့ ကျွန်မတော့ မြင် မိလေရဲ့။
Ref: http://www.myanmarij.com/%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%81%BE%E1%80%80%E1%80%8A%E1%80%B9-%E1%81%83%E1%81%89/

Thursday, 21 February 2013

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၃၇) / မသီတာ(စမ်းချောင်း)


ကျွန်မ မှတ်မိနေတာ ကတော့ အနောက်ဘက် မုခ်မှာ စုက နိုင်ငံရေး တရားပွဲ ကျင်းပခဲ့တယ်ဆိုတာပါ။  “ကျွန်မ နိုင်ငံခြားမှာ နေပြီး နိုင်ငံခြားသားနဲ့ လက်ထပ်ထားတယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်မ ရဲ့ မွေးရပ်မြေ အပေါ် ချစ်တဲ့ အချစ်နဲ့ ကူညီချင်တဲ့ အတွေးတွေဟာ ဘယ်တော့မှ မနည်းခဲ့ဖူးပါဘူး” နဲ့ “လူတွေက ကျွန်မဟာ နိုင်ငံရေးကို နားမလည်ဘူးလို့ ပြောကြပါတယ်။ အမှန်ကတော့ နားလည်လို့ကို ခက်နေတာပါ”လို့ စုက ပြောခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က စုနားမှာ သူ့တစ်မိသားစုလုံး ရှိနေပါတယ်။ အဲဒီမိန့်ခွန်းဟာ စုအတွက် မြန်မာပြည်မှာ သူရှိနေတယ် ဆိုတာကို ကြေညာရာ ရောက်သလို သူ့မိသားစုကနေ သူဟာ လွတ်လပ်စွာ နေနိုင်တယ် လို့ ကြေညာရာလည်း ကျခဲ့ပါတယ်။ အဲဒီနေရာကို ကျွန်မခဏလေးပဲဖြစ်ဖြစ် ရောက်ဖူး မြင်ဖူးချင် ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မတို့က ဧည့်လမ်းညွှန်အနေနဲ့ စုနဲ့ကျွန်မတို့ရဲ့ပတ်သက် ဆက်နွယ်မှုကို သိသွားမှာလည်း စိုးမိပါတယ်။ ဒါနဲ့ပဲ အဲဒီကို မရောက်ဖြစ်တော့ပါ ဘူး။
ဧည့်လမ်းညွှန်က ကျွန်မတို့ကို “ဖီးလ်”စားသောက်ဆိုင်ကို ခေါ်သွား ခဲ့ပါတယ်။ ဆိုင်ထဲမှာ လူတွေအများ ကြီး ရှိနေလေတော့ မြန်မာတွေ ဆင်းရဲဒုက္ခရောက်တယ် လို့ ပြောတာ နဲ့ ကွဲပြားနေတာကို တွေ့ရသလိုပါပဲ။ ကမ္ဘာပေါ်ရှိ ဘယ်နေရာမှာ ဖြစ်ဖြစ် ဘယ်တော့ဖြစ်ဖြစ် ချမ်းသာသူတွေက ရှိနေတတ်တယ်လို့ ဆို ရမှာပေါ့။ စားပွဲထိုးလေးတွေ သွက်သွက်လက်လက် အလုပ်လုပ်နေတာ  မြင်တော့ ကျွန်မခင်ပွန်းက သူတို့ တစ်လ ဘယ်လောက် ရလဲဆိုတာ ဧည့်လမ်းညွှန်ကို မေးလိုက်ပါတယ်။  ကျွန်မခင်ပွန်းကတော့ စီးပွားရေး ပညာရှင် ပီသစွာနဲ့ရောက်လေရာနေရာမှာ အလုပ်သမားတွေရဲ့ လုပ်ခလစာကို စပ်စုနေတတ် ပါတယ်။  သူ့လစာ ဘယ်လောက် ဆိုတာတော့ သူတကယ် မသိရှာပါဘူး။

“ဝန်ထမ်းတစ်ယောက်က တစ် လကို ဒေါ်လာနဲ့ တွက်ရင် ၄ဝ လောက်ပဲရပေမယ့် ဒီကလေးတွေ က ၇ဝ လောက်ထိ ရကြတယ်။ သူတို့က နယ်က လာကြတာများ တယ်”လို့ ဧည့်လမ်းညွှန်က ပြန်ဖြေ ပါတယ်။ “ဒါပေမယ့် နေစရိတ် ကြီးမှာပေါ့”လို့ ကျွန်မက ဝင်ပြော တော့ “ဟာ သူတို့က ဆိုင်ပိတ်ရင် ဒီမှာပဲ အိပ်ကြတာ”လို့ ပြန်ဖြေပါ တယ်။ ကျွန်မက စားပွဲတွေကို ငေးကြည့်မိပါတယ်။

ကျွန်မတို့ရဲ့ ဧည့်လမ်းညွှန်က နေ့လယ် ၂ နာရီနဲ့ ၄ နာရီကြားမှာ ခဏနားဖို့ ပြောပါတယ်။ ကျွန်မတို့ အသက်ကြီးသူတွေက အပူဒဏ်ကို မခံနိုင်တော့ သူက စိတ်ပူပြီး တွေးပေးရှာတာပါ။ ကျွန်မတို့လည်း ကိုယ့်အခန်းထဲကနေပဲ ရန်ကုန်ကို ငေးကြည့်ဖြစ်ခဲ့တာပေါ့။  ညဘက်မှာ ဆူးလေစေတီက မီးရောင်နဲ့ တည်ငြိမ်နေ သလောက် နေ့ဘက် မှာတော့ ရွှေရောင်တွေ တောက်ပ နေပါတယ်။

ကျွန်မခင်ပွန်းက ခြေညှပ်ဖိနပ် တစ်ရံ၊ လုံချည်တစ်ထည်နဲ့ ဂဏန်း နံပါတ်အကြီးကြီးပါတဲ့ လက်ပတ် နာရီ တစ်လုံးလည်း ဝယ်ချင်နေပါ တယ်။ သူက အမြဲလို ဈေးဝယ်တာကို မုန်းသူမို့ အခုလို ဈေးဝယ် ထွက်ချင်တယ် ဆိုတော့ ထူးဆန်းနေပါတယ်။ ကျွန်မက အသုံးအဆောင် မပေါများတဲ့ ဒီနေရာမှာ ဈေးမဝယ်စေ ချင် ပေမယ့် သူကတော့ ဈေးကို လေ့လာ ချင်နေသလို သူ့ငွေတွေကိုလည်း မြန်မာပြည်မှာ သုံးချင်ပုံပါ။ ဧည့်လမ်းညွှန်က ကျွန်မတို့ကို တရုတ်တန်း ဈေးဆီ ခေါ်သွားလေရဲ့။

တရုတ်တန်းက ကျွန်မတို့တည်းတဲ့ ဟိုတယ်ကနေ သိပ်မဝေးပါဘူး။ တရုတ်တန်းမှာတော့ပစ္စည်းဆိုင်တွေ ရော အစားအသောက်ဆိုင်တွေပါ လမ်းဘေး ပလက်ဖောင်းပေါ် အထိ ပစ္စည်းတွေ ခုံတွေကို ခင်းကျင်းထား ကြပါတယ်။ ဒီတော့ ကျွန်မတို့လည်း ဆိုင်ရှိရာကို တိုးတိုးဝှေ့ဝှေ့ဘဲ ဝင်လျှောက်သွားခဲ့ရပါတယ်။ ဆိုင်လေးတွေ က ၄ မီတာ အကျယ် ၈ မီတာ အရှည်လောက်ပဲ ရှိကြတာပါ။ ဒါဟာတရုတ်တန်းပါပဲ။ ကျွန်မ ကတော့ နေရာ ကျဉ်းကျဉ်းထဲမှာ ပစ္စည်းတွေအများကြီးကို ဆံ့အောင် စီပြထားတတ်တဲ့ သူတို့ကို အံ့သြအ ထင်ကြီးမိလေရဲ့။ ကြမ်းပြင်ကနေ မျက်နှာကြက်အထိ ရှိရှိသမျှ စားစရာ၊ ဝတ်စရာ အသုံးအဆောင် အားလုံးကို နေရာလပ်မကျန် ပြသထားတာပါ။  နောက်ထပ် အံ့သြစရာကတော့ ဂျပန်ထွက် ရှီရှဲဒိုးနဲ့ ကာနေးဘိုး အလှကုန်တွေကိုပါ သော့ခတ်ထားတဲ့ မှန်ဗီရိုထဲမှာ တွေ့ရတာပါပဲ။ ဂျပန်မှာတောင် နို့ရည်တစ်ဘူး ဟာ မြန်မာ အလုပ်သမား လုပ်ခ တစ်လခစာလောက် ဈေးကြီးတဲ့ ပစ္စည်းတွေလေ။ ဒီမှာ ဈေးဘယ်လောက် တင်ထားမယ် မမှန်းတတ်ပါဘူး။ ဝယ်သူ ရှိလို့လည်း တင်ရောင်းကြ တာပေါ့။ ကျွန်မကတော့ အဲဒီ ပစ္စည်းတွေကို ဝယ်တဲ့ မိန်းကလေး တွေ ကို မြင်ဖူးချင်နေမိပါတယ်။

ဧည့်လမ်းညွှန်လေးရဲ့ ကျေးဇူး နဲ့ပဲ ကျွန်မခင်ပွန်း ဝယ်ချင်တာတွေ ကို ခဏအတွင်း ဝယ်လိုက်နိုင်ခဲ့ပါ တယ်။ သူ ဝယ်လိုက်တဲ့ လက်ပတ် နာရီဆိုရင် ၁၅ ဒေါ်လာလောက် ပဲ ပေးရပြီးတော့ နောက် ၂ နှစ်အထိ အချိန်လည်း မှန်၊ တစ်ခါမှလည်း မပျက်တဲ့အတွက် သူက ကျေနပ်နေ ပါတယ်။ ဒါနဲ့ပဲ သူက မြန်မာ ပြည်မှာ လက်ပတ်နာရီ ဝယ် ဆိုပြီး တော့တောင် မိတ်ဆွေတွေကို ပြောနေလေရဲ့။ တရုတ်တန်းဈေးမှာ ကျွန်မ တွေ့ခဲ့ရတာတွေက တရုတ်နဲ့ ထိုင်းပစ္စည်းတွေ ချည်း တွေ့ရတာမို့ မြန်မာပစ္စည်းတွေ လိုချင်ရင် ဘယ်သွားရမယ် မသိတော့ပါဘူး။ ကျွန်မမှာ မြန်မာပြည်ကို အလည်ရောက် နေခိုက် မှာတောင် မြန်မာ ပစ္စည်းတွေကို လွမ်းနေ ရလေရဲ့။

မြစ်တစ်ဖက်က မြို့ဒလ

ကျွန်မတို့ဟိုတယ်အခန်းရဲ့ ပြ တင်းပေါက်ကနေ ရန်ကုန်မြို့လယ်ကို ကောင်းကောင်း တွေ့နေရပါတယ်။ မြို့လယ်ရှုခင်းမှာ မြို့တော် ခန်းမ၊ တရားရုံးချုပ်ကြီးနဲ့ ရန်ကုန် မြစ်ဘေးက အကောက်ခွန်ရုံး၊ စာတိုက်ကြီး၊ စထရင်း ဟိုတယ်တွေ ကိုပါ လှမ်းမြင်နေရတာပါ။ ဒီရှုခင်းကို မြင်ရတော့ သိမ်းမြစ်ကမ်းဘေး က လန်ဒန်နဲ့ ဆင်တူတယ် လို့ တွေးမိပါတယ်။ မြန်မာပြည် ကို မသိတဲ့ သူတွေကတောင် ဒီလိုမြစ်ကမ်းဘေးက ရုံး အဆောက်အဦတွေကို ကြည့်ပြီး ဒီမြို့ကို အင်္ဂလိပ်တွေ တည်ခဲ့တယ် လို့ ပြောနိုင်မလားပဲ။

လန်ဒန်နဲ့ ရန်ကုန် မတူနိုင်မှာ ကတော့ မြစ်တစ်ဘက်ကမ်းမှာ စိမ်းလန်းလွန်းတဲ့ တောအုပ်တန်းက မျက်စိ တစ်ဆုံး မိုင်ချီပြီး ရှိနေတာပါ ပဲ။ ကျွန်မခင်ပွန်းနဲ့ ကျွန်မလည်း အဲဒီဘက် အခြမ်းကို စိတ်ဝင်စားမိ သွားပါတယ်။ ဒါနဲ့ ဧည့်လမ်းညွှန်ကို အဲဒီဘက်ခြမ်းဆီ သွားလည်လို့ ရမလားလို့ မေးဖြစ်တော့ သူက ရတာပေါ့လို့ ဆိုလေရဲ့။

ပန်းဆိုးတန်း ဆိပ်ကမ်းကတော့  ပန်းဆိုးတန်းလမ်း အောက်ဘက်မှာ ရှိပါတယ်။ နိုင်ငံခြားသားတွေအတွက် မြစ်ကူး သင်္ဘောလက်မှတ်က အသွားအပြန် ကို နှစ်ဒေါ်လာ ပါတဲ့။  နားနေဆောင် မှာတော့ အကြော်သည် အချို့နဲ့ ဖရဲသီးသည် အချို့ကို တွေ့ ရပြီး ယင်တလောင်းလောင်း ဖြစ်နေတာကိုလည်း သတိထားမိပါတယ်။
သင်္ဘောကမ်း ကပ်တယ် ဆိုတာနဲ့ လူတွေရော ဈေးသည်တွေပါ စု ပြုံတိုးဝှေ့ကြတော့တာပါပဲ။ သင်္ဘောက အချိန် ဇယားနဲ့ ထွက်တာ မဟုတ်ဘဲ လူပြည့်ရင် ထွက်တာ မျိုးပါ။

သင်္ဘောကို ရေချပြီးကတည်းက တစ်ခါမှဆေးကြောထားပုံ မပေါ် တာကိုလည်း သတိထားမိပါတယ်။ သင်္ဘော အောက်ပိုင်း မှာ ဆီတွေနဲ့ ချွဲနေပြီး အနံ့တွေစုံလှတော့ အသက် ရှုမဝဖြစ်တာမို့အပေါ်ဘက်ကို လေရှု ရအောင် တက်ခဲ့ဖြစ်ပါတယ်။ ပလတ်စတစ် ထိုင်ခုံလေးတွေ ထပ်ထားတာကိုတွေ့ရပြီး ဧည့်လမ်းညွှန်က ကျွန်မ ကိုထိုင်ဖို့ ခုံတစ်လုံး ယူပေးလိုက်ပါ တယ်။ ခုံခပေးရမယ် လို့လည်း သိလိုက်ရပါတယ်။ ဒီထိုင်ခုံမှာ ထိုင်ဖို့ဆိုတာ ကိုယ့် သန့်ရှင်းတဲ့ ဘောင်းဘီ နဲ့ ခုံက ပေရေနေ တာတွေကို သုတ်သင် ပေးရမယ်လို့ ဆိုလိုရာ ကျနေတာကို လည်း တွေ့ရပါရဲ့။

http://www.myanmarij.com/%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%81%BE%E1%80%80%E1%80%8A%E1%80%B9-%E1%81%83%E1%81%87/



Monday, 18 February 2013

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၃၆) / မသီတာ(စမ်းချောင်း)

စက်တင်ဘာ ၂၇ မှာတော့ ဂျ ပန်ဓာတ်ပုံသတင်းထောက် ခန်းဂျိ နာဂါအိဟာ သတင်းလိုက်နေစဉ်မှာ စစ်သား တစ်ယောက် ရဲ့ အနီးကပ် ပစ်ခတ်မှုကြောင့် သေဆုံး ခဲ့ရပါတယ်။ အဲဒီပစ်ခတ်မှု ဓာတ်ပုံဟာလည်း ခဏအတွင်း မှာ ကမ္ဘာကို ပျံ့နှံ့သွား ပါတော့တယ်။ ဓာတ်ပုံထဲမှာတော့ ကတ္တရာလမ်းပေါ် ပက်လက်လဲကျ နေပြီဖြစ်တဲ့သူဟာ ကင်မရာ ကိုင်ထားတဲ့ ညာလက်ကို မိုးကောင်းကင်ပေါ် ထောင်လျက်သား ကိုင်ထားလေရဲ့။ နိုဝင်ဘာ ၄ ရက်မှာတော့ သူ့ အတွက် လွမ်းဆွတ်ဖွယ်အခမ်းအ နားကို တိုကျိုမှာ ကျင်းပပါတယ်။ တိုကျိုမှာ ရှိတဲ့ မြန် မာတွေနဲ့ ဂျပန် ထောက်ခံသူတွေက စုရုံးပြီး အခမ်းအနားကို တက်ခဲ့ကြတာပါ။ ကျွန်မတို့လည်း မိတ်ဆွေဟောင်းတွေ ကို ပြန်တွေ့ရကာ သူတို့က အခြေအနေ ပေးရင် မြန်မာပြည်ကို အလည်သွားဖို့ အကြံပေး ကြပါတယ်။

အဲဒီလိုနဲ့ ကျွန်မတို့လည်း မြန်မာပြည်ကို သွားလည်ဖို့ ဆုံးဖြတ်ကာ ဗီဇာလျှောက်တော့ ခရီးစဉ်စဖို့ ၂ ရက်အလိုမှာ ဗီဇာရခဲ့ပါတယ်။ သုဝဏ္ဏဘုမိသို့ ကျွန်မတို့လည်း မြန်မာပြည်ကို တကယ်ဦးတည်သွားနေတာပါလား လို့ ကိုယ့်ဘာသာကိုယ် မယုံနိုင်ဘဲ လေယာဉ်ခရီး စတင်ဖြစ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ သုဝဏ္ဏဘုမိ လေဆိပ် ကလည်း တစ်နှစ်ကို လူ သန်း ၄ဝ ဝင်ရောက်ဖြတ် သန်းနိုင်လောက်တဲ့ အထိ ကျယ်ဝန်းကြီးမားပါပေတယ်။ ဒါပေမယ့် ကျွန်မကတော့ လေဆိပ် ရဲ့ နာမည်ဟာ ထူးဆန်းနေ သလိုပါပဲ။ ပါဠိလို သုဝဏ္ဏဘုမိဆိုတာ ရွှေမြေလို့ အဓိပ္ပါယ်ရတာပါ။ ရှေးခေတ်မှာ မွန်လူမျိုးတွေရဲ့ ထီးနန်း ရှိရာကို သုဝဏ္ဏဘုမိလို့ ခေါ်ခဲ့တာ ပါ။ မြန်မာနဲ့ ထိုင်းကြားမှာ စစ်ပွဲတွေ ရှိခဲ့တဲ့အတွက် အပြန်အလှန် ကူးလူးဆက်ဆံမှုတွေ များခဲ့ပါ တယ်။ ဒါကြောင့် ဒီနာမည်က ဘယ်သူ့နာမည်လဲဆိုတာ ခွဲမရ တော့ဘူး ထင်ပါရဲ့။


 လေဆိပ် စာအုပ်ဆိုင်ထဲမှာတော့ မြန်မာပြည် အကြောင်း ရေးထားတဲ့ အင်္ဂလိပ်စာအုပ် တော်တော်များများကို တွေ့ရ ပါတယ်။ အဲဒီစာအုပ်တွေကို ဂျပန်မှာ မတွေ့ခဲ့ရ ဖူးတော့ ဝယ်ချင်ပေမယ့် မြန်မာပြည် အသွားမှာမို့ ဟိုရောက်ရင် စစ်ဆေးတာတွေ လုပ်တဲ့အခါ အဆင်မပြေမှာစိုးလို့ မဝယ်ဖြစ်တော့ပါဘူး။ စိတ်မကောင်းစွာ နဲ့ပဲ ဂိတ်ရှိရာကို ထွက်ခဲ့ရ ပါတယ်။ တီဂျီ ၃ဝ၅ လေယာဉ်က ခပ်ဟောင်းဟောင်းပါ။ ထိုင်းနဲ့ ကပ်လျက်မို့ ထိုင်းအများအပြားနဲ့ နိုင်ငံခြားသားတွေက အများကြီးပါပဲ။ ဘန်ကောက် က နေရောင်အောက် မှာ ရွှေငွေရတနာရောင်တွေ ပြန့်ကြဲ တောက်ပသလို ရှိနေပါ တယ်။ လေယာဉ်က အနောက်ဘက်ကို ဦးတည် ပျံသန်းတာမို့ သိပ်မကြာခင် မှာပဲ မှောင်လိုက်လာ ရာက နောက်ဆုံး မည်းမှောင်သွားပါတော့တယ်။ ဒါ မြန်မာပြည်ပေါ့။ ရွှေရောင် ဘုရားစေတီတွေနဲ့ ရွှေငွေ သယံဇာတတွေ ပေါများတဲ့ သုဝဏ္ဏဘုမိ အရပ်လို့ ပြောရမယ့် မြန်မာပြည်လေ။

ထိုင်းနဲ့ ဘေးချင်းကပ်နေပေမယ့် ထိုင်းကတော့ အနောက် ကမ္ဘာ ဈေးကွက် ကို အစောကြီး ကတည်းက ရောက်နေခဲ့ပါတယ်။ ဒီမှာလည်း ရှေးရိုးစွဲမှုနဲ့ ခေတ်သစ် ပြောင်းလဲ လိုခြင်းတွေ ထိပ်တိုက်တွေ့ကြတော့ ရှပ်နီပါတီ နဲ့ ရှပ်ဝါပါတီ ရယ်လို့ ဖြစ်နေကြ လေရဲ့။ သူတို့ပြဿနာဖြစ်တိုင်း ဆန္ဒပြပွဲတွေ၊ အာဏာသိမ်းပွဲတွေနဲ့ ဖော်ထုတ်ရန်ဖြစ်ကြပြန်ပါတယ်။ ထိုင်းတွေဟာ ဘက်တစ်ဘက်တည်းကို ဘက်မလိုက် ဘူး၊ ဒါကိုပဲ ထိုင်းစတိုင်လ် ဒီမိုကရေစီလို့ သူတို့ကပြောကြပါတယ်။ ထိုင်းတွေက သူတို့ဟာ အရှေ့တောင်အာရှမှာ နံပါတ်တစ်မို့ သုဝဏ္ဏဘုမိ နာမည်ကို ယူတယ်လို့ သိရပါတယ်။ ရန်ကုန်လေဆိပ်က မထင်မှတ်လောက်အောင် သန့်ရှင်းပြီး ကျစ်ကျစ် လျစ်လျစ်လေး ဖြစ်နေလေရဲ့။

လွန်ခဲ့တဲ့ နှစ်တွေ တုန်းက ကျွန်မဟာ ဒါရိုက်တာချိနို့ ရိုက်ကူးတဲ့ “သွေး” ဇာတ်ကားကို ကြည့်ခဲ့ဖူးပါတယ်။ ဒီဇာတ်လမ်း ရဲ့ စာရေးသူက ဂျာနယ်ကျော် မမလေးဖြစ်ပြီး ၁၉၇၃ ခုနှစ် က ထွက်ခဲ့ပါတယ်။ ဂျပန်မိန်းကလေး တစ်ယောက် က အင်ဖာတိုက်ပွဲကြောင့် ကျဆုံးခဲ့တဲ့ သူ့အဖေရဲ့ သားတစ်ယောက်ကို မြန်မာပြည်မှာ သွားရှာတဲ့ အကြောင်း ပေါ့။ သူ့ရဲ့အဖေတူ အမေကွဲမောင် ကလေးကို ရှာတွေ့ခဲ့ ပေမယ့်အစပိုင်းမှာ သူ့ကို အသိအမှတ် မပြုခဲ့ကြပါဘူး။ စိတ်ဓာတ် ကျသွားတဲ့ ကောင်မလေးက ဂျပန် ကိုပြန်ဖို့ လေယာဉ်ပေါ် တက်ခါနီး မှာမှ သွေးက စကားပြောတဲ့ အတွက် မောင်လေးက သူ့ကို“အမ”လို့ ခေါ်ကာ လာတွေ့တဲ့ ဇာတ်လေးပါ။ ရုပ်ရှင် က ဓာတ်ပုံတွေ သိပ်လှ တာကြောင့် သိပ်ကိုကြည့်လို့ကောင်း ခဲ့ပါတယ်။ မြန်မာပြည်ကို မသိသေးတဲ့သူတွေ အတွက် ရောက်ဖူးချင်စိတ် တွေ ပေါ် စေနိုင်သလို သိပြီးသူတွေအတွက် အလွမ်းစိတ်တွေဖြစ်စေနိုင်တဲ့ ရုပ်ရှင် လို့ ပြောရ ပါမယ်။

 ရန်ကုန် လေဆိပ် ဆောက်လုပ်ရေးကို ဂျပန်ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုက မြန်မာကုမ္ပဏီတစ်ခုနဲ့ တွဲပြီး ဆောင်ရွက် ခဲ့တယ်လို့ သိရပါတယ်။ လေဆိပ်မှာတော့ ကျွန်မ အတွက် ဘာပြဿနာမှ မဖြစ်ဘဲချောမောစွာပဲ ရန်ကုန်မြို့ ထဲ ခြေချလိုက်နိုင်ပါပြီ။ ကျွန်မတို့ကို လူငယ်လေး တစ်ယောက်က လာကြိုနေပါတယ်။ လေဆိပ်ထဲ က မထွက်ခင် မှာ အငှားယာဉ်မောင်းတွေ အပြိုင်အဆိုင် လူခေါ်နေတာကို မြင်ရတာ ရုရှကို သတိရစရာ ပေါ့။

ကျွန်မတို့တည်းတဲ့ ဟိုတယ်က မြို့လယ်မှာရှိပြီး ဆူးလေဘုရားကို မြင်နေရပါတယ်။ ဟိုတယ်အခန်းက ဘုရား ထက် မြင့်နေတော့ ကျွန်မ မှာ ဘုရားကို လက်အုပ်ချီ ရတာ ဇောက် ထိုးဖြစ်နေသလိုပါ။ စုသာ ဒီအကြောင်း သိရင် ဝေဖန်မှာပဲနော်။ ဆူးလေဘုရား ကိုတော့ ကျွန်မ တောင်းပန်ဖြစ်ခဲ့ပါတယ်။ ရွှေတိဂုံ စေတီတော် နောက်နေ့ မနက်မှာတော့ ကျွန်မတို့ကို ဧည့်ကြိုတွေက ရွှေတိဂုံ ဘုရားကို ဦးဆုံးခေါ်သွားခဲ့ပါတယ်။ ကောင်း ကင် ပြာပြာနောက်ခံမှာ မီတာ ၁ဝဝ လောက်မြင့် တဲ့ ရွှေရောင် စေတီတော်ကြီးက သပ္ပါယ်ဖွယ်ရာ တင့်တယ်နေလေရဲ့။ ရင်ပြင်တော်မှာတော့ စေတီငယ်တွေရော၊ တန် ဆောင်းတွေပါ ရွှေရောင်တောက်ပ နေသလို ရင်ပြင်ကျောက်ပြားက လည်း ပူလိုက်တာမှ အရမ်းပါပဲ။ ကျွန်မတို့လည်း အရိပ်ထဲကနေပဲ လျှောက်နိုင် ပါတယ်။ အပူချိန်က ၃ဝ ဒီဂရီကျော်မို့ သိပ်ပူလှပါတယ်။

 အဲဒီနေ့က ဒီဇင်ဘာ ၂၁ ရက်ပေါ့။ ကျွန်မခင်ပွန်း ကတော့ နမော်နမဲ့နဲ့ “ခင်ဗျားတို့ဆီမှာ ဘယ်အချိန် က ဆောင်းရာသီလဲဗျ”လို့ မေးလေရဲ့။ ကျွန်မတို့ရဲ့ ဧည့်ကြိုက ရယ်ပြီး “အခုအချိန်လေခင်ဗျာ”လို့ ဖြေရှာပါတယ်။ သူက ဂျပန်မှာ ခဏနေခဲ့ဖူးသူပါ။ ကျွန်မယောကျာ်းက ရုရှ မှာ အနေများခဲ့တော့ ဒီအပူဒဏ်ကို လုံးဝ မခံနိုင်ခဲ့ပါဘူး။ မော်စကို မှာ နေရတာ အပူ သက်သာတယ်လို့ တချိန်လုံး ပြောနေလေရဲ့။ ရှေးယခင် ဘုရင်နဲ့ ဘုရင်မတွေ က သူတို့ရဲ့ ကိုယ်အလေးချိန်နဲ့ စက် ပြီး ရွှေသင်္ဃန်းတွေကို ကပ်လှူခဲ့တာ ကြောင့် နှောင်း လူတွေကလည်း သူတို့နိုင် သလောက် ရွှေသင်္ဃန်းတွေ ကပ်ကြတယ်လို့ သိရပါတယ်။ ဒီတော့ ကျွန်မအတွက် ရွှေတိဂုံစေ တီတော်ဟာ ရွှေသားစင်စစ်တွေကို လေဟာပြင်မှာ ထုတ်ပြ ထားတဲ့ ပြပွဲဆန်း တစ်ခုလို ဖြစ်နေပါတော့တယ်။ မြန်မာပြည် လွတ်လပ်ရေး ရပြီး စမှာ နိုင်ငံရေးပါတီတစ်ခုက ရွှေတိဂုံက ရွှေတွေကို ခွာပြီးရမယ့်ငွေကို တိုင်းပြည် အတွက် သုံးမယ်ဆို တုန်းက လူထုက ကန့်ကွက်ခဲ့တယ် လို့ ဆိုပါတယ်။ စစ်အစိုးရကတော့ အဲဒီလို မကြံဖူးဘူး ထင်တာ ပါပဲ။ ရွှေတိဂုံကို ထိမ်းသိမ်း ထားချင်တဲ့ ကိစ္စမှာတော့ လူထုဆန္ဒအတိုင်း စစ်အစိုးရက ရှိပုံရပါတယ်။

ရင်ပြင်တော်နဲ့ တန်ဆောင်းတွေမှာ အေးအေးလူလူ အနားယူ စားသောက်အိပ်စက်နေသူတွေကို တွေ့ရ ပါတယ်။ လူတွေနဲ့ အကြည့်ချင်း ဆုံတဲ့အခါ သူတို့က ကျွန်မကိုပြုံးပြလေရဲ့။ လူတွေအတွက် ရွေတိဂုံဟာ ဘာသာရေးအရ ကိုးကွယ်အားထား ရာ နေရာအပြင် သူတို့ရဲ့ အထိမ်းအမှတ် တံဆိပ်တစ်ခုလို ဖြစ်နေတာပါ။ ရွှေတိဂုံရဲ့ ရွှေရောင်နဲ့ ဖိနပ်မပါ လုံချည်ပွပွနဲ့ လူတွေဟာ ဘာမှ မဆိုင်သလို ဖြစ်နေပေမယ့် တသားတည်း လည်း ဖြစ်နေပါတယ်။ ကျွန် မတို့လို သစ်သားကို အားပြုသူတွေ အတွက် ရွှေရောင်တောက်တဲ့ ရွှေတိဂုံဟာ သိပ်တောက်ပနေလေရဲ့။ ကျွန်မလည်း သိပ်ကို ကြည်နူးနေမိပါတယ်။ နောက်ထပ် ဘုရားတွေ ထပ်ဖူးစရာ မလိုတော့ဘူး လို့ တွေးမိ လောက်အောင် ဒီကို ရောက်လာရတာကို ကျေနပ်နေမိပါတယ်။

 http://www.myanmarij.com/%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%81%BE%E1%80%80%E1%80%8A%E1%80%B9-%E1%81%83%E1%81%86/

Friday, 8 February 2013

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၃၃)

အသုဘ ယာဉ်တန်းဟာ လူနေ အိမ်ရပ်ကွက်တွေကို ကျော်ကာ မြို့လည်ကို ကျောခိုင်းပြီး တောင်ကုန်း ဘက်ဆီ ဦးတည်လိုက်ပါတယ်။ ကျွန်မတို့ကားတန်းကြီးက သချိုင်းမြေကို ရောက်ပြီလေ။ လူ အတော် များများက အဲဒီမှာ ကြိုတင် ပြီးရောက်နေကြပါပြီ။

“ရှင်က နိုရီကိုလား” လို့ ဂျပန် အမျိုးသမီး ပိန်ပိန်ရှည်ရှည်တစ် ယောက်က ကျွန်မကို မေးလာခဲ့ပါတယ်။ “ကျွန်မနာမည်က မစ်ဆူ ကိုယူချီဒါလို့ ခေါ်ပါတယ်။ ရှင့် အကြောင်းကို စုဆီကနေ ကြားခဲ့ ဖူးပါတယ်”လို့ ဆက်ပြောလိုက်ပါ တယ်။ တွေ့တွေ့ချင်းမှာပဲ သူက ကမ္ဘာကျော် စန္ဒယားပညာရှင် မတ်ဆူကိုဆိုတာ ကျွန်မက တန်းပြီး သိပါတယ်။ သူ့ဘေးမှာ သူ့အမျိုးသား ဖြစ်တဲ့ အင်္ဂလိပ်လူမျိုး သံတမန်ကလည်း ပါလာပါတယ်။ သူတို့ အပြောအရ စုရဲ့ ပထမဆုံး နေအိမ် အကျယ်ချုပ် ကာလတွေမှာ အင်္ဂလန်သံတမန်တွေက စုရဲ့စန္ဒယား လက်သံ ကို နားစွင့်ပြီး စုနေကောင်း၊ မကောင်းကို  အင်္ဂလန်သံရုံးထံ အကြောင်းကြားခဲ့ကြတယ်လို့ သိရပါတယ်။ မတ်ဆူကို က ကျွန်မရဲ့ ညာဘက် လက်မောင်းဟာ ကင်ဆာ ခွဲစိတ်မှု အပြီး နောက်ဆက်တွဲ ပြဿနာကြောင့် အကြီးကြီး ဖြစ်ပြီး ဖောင်းတင်းနေတာကို သတိထားမိသွားပါတယ်။ “ကျွန်မကျတော့ ခွဲပြီးတာနဲ့ လေ့ကျင့်ခန်း လုပ် လို့ထင်တယ်၊ ရှင့်လို မဖြစ်ခဲ့ဘူး” လို့ ဆိုပါတယ်။ ကျွန်မတို့ လူချင်း မသိခဲ့ကြပေမယ့် သူက ကျွန်မရဲ့ ကင်ဆာ အကြောင်းသိနေပုံပါ။ မိုက်ကယ့် အသုဘမှာ တက်ရောက်လာသူတွေ ထဲမှာတော့ သူနဲ့ ကျွန်မ နှစ်ယောက်ထဲပဲ ဂျပန်အမျိုးသမီးရယ်လို့ ပါပါတယ်။

အသုဘ အခမ်းအနား ကျင်းပတဲ့ခန်းမဟာ သီရေတာခန်းမလို ဖြစ်ကာ ပွဲကြည့်စင် ဝရန်တာမျိုးလည်း ရှိနေ ပါတယ်။ မိုက်ကယ့် အခေါင်းကို ခန်းမရဲ့ အလယ်စင်မှာ တင်ထားပါ တယ်။ အခေါင်းရဲ့ ဘယ်ဘက်မှာ ဘူတန် ဘုန်းကြီး၊ တိဘက်ဘုန်းကြီး၊ စကော့တလန်ဘုန်းကြီးနဲ့ အင်္ဂလိပ် ဘုန်းကြီးတွေ ရှိနေကြပြီး ညာဘက် မှာတော့ ဘန်နက်ဒစ်ဘုန်းကြီးနှစ်ပါး ရှိနေပါတယ်။ အဲဒီရှေ့ကနေရာလေး မှာ အန်ထော်နီက စတင်ကာ တက် ရောက်လာသူတွေ ကို စကားပြောပါ တယ်။ သူ ပြောပုံကို နားထောင်ရတာ တက်ရောက်လာသူတွေထက် မိုက်ကယ့်ကို ပြောပြနေ သလို ပြောနေတာ ဖြစ်ပါတယ်။

“မိုက်ကယ်က သူ့ဈာပန အတွက် ဘာဆိုဘာမှ မညွှန်ကြားခဲ့ပါဘူး။ ကျွန်တော်က သူ့သားတွေနဲ့ တိုင်ပင်ခဲ့ပြီး ၃ ရက်ကြာအောင် စဉ်းစားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဒီ ဈာပနကို ဘာသာရေး အခမ်းအနားမျိုးကို လွန်ပြီး ကျင်းပဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အကြောင်းရင်းကတော့ မိုက်ကယ်ဟာ သူ့ရဲ့နိုင်ငံရေးကိုရော ဘာသာရေးကိုပါ အမည်တံဆိပ် တပ်တာကို သဘောမကျပါဘူး။ သူဟာ ဗုဒဘာသာဝင်၊ ကက်သလစ်ဘာသာဝင်၊ ကနေဒါသား၊ အင်္ဂလန်သား စသဖြင့် နာမည်တပ်တာမျိုးကိုပေါ့။ သူ့ဘဝဟာ တကယ့်ကို ခက်ခဲခဲ့တာမို့ ဘာလို့များ အဲဒီ အခက်အခဲကို ကျော်လွှားနိုင်ခဲ့ တာလဲလို့ မေးခဲ့တုန်းက  မိုက်ကယ်ဟာ သတ္တဝါအားလုံး ကို ကယ်တင် ကူညီချင်တယ် ဆိုတာ မျိုး ဖြေခဲ့ဖူးပါတယ်။ ကျွန်တော့် အတွက်ကတော့ သူဟာဒုက္ခတွေကိုလည်း ခံနိုင်ရည် ရှိနေတော့ ဗုဒ္ဓ ဘာသာဝင် တစ်ယောက်လို့ပဲ ဆိုရမှာပါ။ ကျွန်တော်မိုက်ကယ့်ကို ကတိပေးခဲ့ဖူးပါတယ်။ သူ့ကလေး နှစ်ယောက်ကို စောင့်ရှောက်သွားမှာဖြစ် ပြီး သူ့ရဲ့မပြီးဆုံးခဲ့တဲ့ အလုပ်တွေ ကိုလည်း လုပ်သွားမယ် လို့ပေါ့။ သူ စိတ်ပူတာ တစ်ခုကတော့ ကျွန်တော်တို့ရဲ့ အမေအိုကြီးပါပဲ။ ဒါပေမယ့် အမေက ငါ့ကို စိတ်မပူစမ်း ပါနဲ့။ မိုက်ကယ်က ငါ့ကို အပိုအဆောင် ပစ္စည်းလေး ချန်ထားခဲ့သားပဲလို့ ပြန်ဖြေပါတယ်။ အဲဒီအပိုအဆောင် ပစ္စည်းက ကျွန်တော်လေ” လို့ သူက ပြောခဲ့ပါတယ်။ အန်ထော်နီက အားလုံးကို ပြုံးပြနိုင်ခဲ့ပါတယ်။ မိုက် ကယ်ရဲ့ လွတ်လပ်တဲ့ အတွေးအခေါ်ကပဲ အန်ထော်နီ့ကို ဈာပနမှာ ဘာသာရေး တစ်ခုခုရဲ့ အခမ်းအနားမျိုး မဖြစ်အောင် လုပ်ဆောင်နိုင်စေခဲ့ပါ တယ်။

နောက်တော့ ဘန်နစ်ဒစ် ဘုန်းကြီးတွေက ဘာသာရေးအရ ဆုတောင်းပေးပါတယ်။ တကယ်တော့ အဲဒီထဲက ဘုန်းကြီး တစ်ပါးဟာ မိုက်ကယ့် အချစ်ဆုံး သူငယ်ချင်းပါ။

တတိယ အစီအစဉ်မှာတော့ သူ့ သားတွေက စကားပြောရမှာ ဖြစ်ပါတယ်။ အလက်ဇန္ဒားက သူ့အဖေနဲ့ သူ ကနေဒါနိုင်ငံ၊ မွန်ထရီရယ်မြို့မှာ ဘယ်လိုပျော်ရွှင်ခဲ့ဖူးတဲ့အကြောင်း ပြန်ပြောင်းပြောပြခဲ့ပါတယ်။ အဲဒီ ခရီးက လွန်ခဲ့တဲ့ သုံးလကမှ ဖြစ်ခဲ့ တာလေ။  အဲဒီအချိန်မှာ မိုက်ကယ်ဟာ သူ့မှာ ကင်ဆာရှိနေတာကို မသိခဲ့ဘဲ ခါးကိုက်တယ်လို့ပဲ ဆိုခဲ့ပါတယ်။ “ဒယ်ဒီက သူ့ရဲ့ကိုယ်ပိုင် သည်းညည်းခံစိတ်နဲ့ပဲ ခါးကိုက်နာကို ထူးမခြားနားလို   သဘောထား ခဲ့ပါတယ်။ အဲဒီ သည်းညည်းခံ စိတ်ကပဲ ဝန်ထုပ်ဝန်ပိုးတွေနဲ့ တာဝန် ဖိစီးမှုတွေကို မဖြစ်စေအောင် လုပ်ပေးခဲ့နိုင်တာလေ”လို့ သူ့အဖေအ ကြောင်း ကိုပြောကြားသွားခဲ့ပါတယ်။
အလက်ဇန္ဒားက တည်ငြိမ်နေတဲ့ လေသံနဲ့ ပြောခဲ့တာဖြစ်ပြီး တိုတိုတုတ်တုတ် ပေမယ့် သူ့အဖေ အကြောင်းကို နားထောင်သူတွေ စာနာ သွားအောင် ပြောသွားနိုင်ခဲ့ပါတယ်။

မိုက်ကယ်ဟာ ကနေဒါကို ပထမဆုံးအကြိမ် ရောက်ခဲ့တဲ့အခိုက် မှာတောင် သမိုင်းပညာရှင် တစ်ယောက်ရဲ့ အမြင်နဲ့ သူ့မိသားစု အရင်းအမြစ် သမိုင်းကို ရှာဖွေခဲ့သေးတယ်လို့ သိလိုက်ရပါတယ်။ “ဒယ်ဒီက ကျွန်တော့်ကို မိသားစု ဘဝအကြောင်း ပြောပြခဲ့ပါတယ်။ မြန်မာလူထုရဲ့ ဒုက္ခတွေအကြောင်း၊ တိဘက်နဲ့ ဟိမဝန္တာ လေ့လာရေး အတွက် အစီအစဉ်နဲ့ မျှော်လင့်ချက်တွေ အကြောင်း အားလုံးကိုပြောပြခဲ့ပါတယ်။ ဒယ်ဒီဟာ သူ့ဘဝ တလျှောက်လုံး လူတွေ အတွက်လိုက်ပေးဆပ်နေသူပါ။ ခုလို ရုတ်တရက်ကြီး ကွယ်လွန် သွားတာတောင် သူဟာကျွန်တော်တို့ကို အများကြီး ပေးဆပ်သွားပါသေးတယ်။ ဒယ်ဒီရေ သားတို့ကတော့ ဒယ်ဒီ အမြဲတမ်းပေးအပ်ခဲ့တဲ့ မေတ္တာတွေ အားလုံးကို ကျွန်တော်တို့ရဲ့ မှတ်ဥာဏ်ထဲမှာ အမြဲထာဝရ သိမ်း ဆည်း ယူငင်ပြီး ဒယ်ဒီ ကျွန်တော်တို့နဲ့အတူ ရှိနေမယ်လို့ မျှော်လင့် ပါတယ်”  တဲ့။

မနေ့တုန်းက အန်ထော်နီက သူ့ကို ဒီနေ့မှာ စကားပြောပေးဖို့ ပြောခဲ့တုန်းက အလက်ဇန္ဒားက သူ့ အခန်းထဲမှာ တံခါးပိတ်ပြီး သွားနေ နေခဲ့ပါသေးတယ်။ သူပြန်ထွက်လာတော့ ကျေနပ်နေပုံနဲ့ပေါ့။ “ပြောရမယ့် စကားတွေ ရေးပြီး သွားပြီပေါ့” ဆိုတော့ “ဟုတ်ကဲ့”တဲ့။ သူ့မှာသာ စိတ်ပိုင်းဆိုင်ရာအရ အကျဉ်းအကြပ်ထဲ မရောက်ခဲ့ရရင် သူဟာ သူ့မိဘတွေလိုပဲ ပညာရှင် တစ်ယောက်အဖြစ် ကောင်းကောင်းကြီး ရပ်တည်နေနိုင် မှာပါ။

ဒီတစ်ခါတော့ ကင်မ့်အလှည့် ရောက်လာပါပြီ။ ဒါပေမယ့် ဘယ်သူကမှ သူက စကားပြောလိမ့်မယ် လို့ မထင် ထားခဲ့ပါဘူး။ သူ့အတွက် ဒယ်ဒီဟာ သံမဏိလူသားတစ် ယောက်မို့ ဒယ်ဒီဆုံးတာကို သူကမှ မယုံနိုင်ဘဲ လေ။ မိုက်ကယ်ဟာ လွန် ခဲ့တဲ့ နှစ်ပတ်ကမှ တုတ်ကောက်နဲ့ ဈေးဝယ်သွားနိုင်ခဲ့သေးတာပါ။ သူက မြန်မာပြည် ဝင်ခွင့်ဗီဇာ ရပြီး စုကို သွားတွေ့နိုင်မယ်လို့ မျှော်လင့် ခဲ့သေးတာပေါ့။  အဲဒီအချိန်ထိ သူက အနာကို သည်းခံနေ ခဲ့တယ်လေ။ ဗီဇာ မရနိုင်တော့ဘူးဆိုတာ ကိုသိပြီးနောက်၊ သူ့မျှော်လင့်ချက် တွေလည်း ပြိုကွဲသွားပြီး နောက်မှာ တော့ မိုက်ကယ်ဟာ အသက်ဆက် ရှင်ချင်စိတ်ပါ ကုန်ခမ်းသွားခဲ့ပါ တော့တယ်။ အဲဒီအခါကျမှ သူ ဆေးရုံပေါ် ရောက်သွားတာပါ။

ကင်မ့်အတွက် မိုက်ကယ်ဟာ အလုံးစုံသော မျှော်လင့်ချက် ဖြစ်ခဲ့တာမို့ ဘယ်လိုမှ သည်းမခံနိုင်ရှာပါဘူး။ နေ့ဘက်တွေမှာ ကင်မ်ဟာ မိုက်ကယ့်ကို ပြုစုပေးရင်း ဆက်လက် ရှင်သန်နေလိုစိတ်တွေ တိုးပွား လာအောင် တတ်နိုင်သလောက် လုပ်ခဲ့ရှာပါတယ်။ “ဒယ်ဒီ ရှင်စမ်းပါ။ ရှင်ချင်စိတ်လေး ထားပါဗျာ” လို့ တဖွဖွပြောနေ ခဲ့ပါတယ်။ ကင်မ်ဟာ မိုက်ကယ့်ကို ကုတင်ပေါ်က ဆွဲချပြီး မတ်မတ်ရပ်နိုင်အောင်လည်း ကြိုးစားခဲ့ဖူးပါတယ်။ “ရှင်အောင်နေ” လို့ တဖွဖွပြောပြီး မိုက်ကယ့်ကို လမ်းလျှောက်ဖြစ်အောင် တွန်းအားတွေ ပေးခဲ့ဖူးပါတယ်။ ဒီ ဈာပနနေ့ မနက်မှာတောင် ကင်မ်က မိုက်ကယ်ဆုံးတာကို လက်မခံခဲ့ပါ ဘူး။ အန်ထော်နီ့ကို ဒေါသတွေနဲ့ “ဘာလို့ ဒယ်ဒီ့ကျမှဖြစ်ရလဲ။ ဒယ်ဒီက ဘာအမှားတွေ လုပ်ခဲ့လို့လဲ” လို့ မေးနေခဲ့တာ ဖြစ်ပါတယ်။
မသီတာ(စမ်းချောင်း)                                                                  http://www.myanmarij.com/%e1%80%b1%e1%80%92%e1%81%9a%e1%80%b1%e1%80%a1%e1%80%ac%e1%80%84%e1%80%b9%e1%80%86%e1%80%94%e1%80%b9%e1%80%b8%e1%80%85%e1%80%af%e1%81%be%e1%80%80%e1%80%8a%e1%80%b9%e1%80%a1%e1%80%90%e1%80%bc%e1%808-10/ 

Wednesday, 6 February 2013

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၃၅) မသီတာ(စမ်းချောင်း)

တကယ်တော့ မိုက်ကယ် နာမကျန်းတာဟာ စစ်အစိုးရအတွက်တော့ စုကို သူတို့လမ်းကနေ ဖဲ့ထုတ်ဖို့ အခွင့် အရေးကောင်း ဖြစ်နေတာပါပဲ။ သူတို့က စုကို ဒီအတိုင်း မောင်းထုတ်မယ်ဆိုရင် အပြောအဆို ခံရနိုင်တာကိုး။ အခုတော့ စစ်အစိုးရက စုကို အင်္ဂလန်ကို ပြန်ချင် ပြန်ပါ လို့ပြောလာပါတယ်။ မြန်မာပြည် ကို ပြန်ဝင်ခွင့်ပြုဖို့ မသေချာမယ့် ဇာတ်မျိုးကို စုကို ကစေချင်တာပေါ့။ ဘယ်သူကမှ သူတို့ကို မယုံခဲ့ကြပါဘူး။

အဲဒီအချိန်မှာ အလက်ဇန္ဒားက အသက် ၂၅ နှစ်နဲ့ ကင်မ်က ၂၁ နှစ် ရှိနေပါပြီ။ သူတို့က သူတို့အမေကို အဖေ့ရဲ့ နောက်ဆုံး အချိန်အတွက် ပြန်လာစေချင်ခဲ့ပါတယ်။ စု ကိုယ်တိုင်လည်း သုံးနှစ်လောက် မတွေ့ခဲ့ရတဲ့ မိုက်ကယ့်ကို နောက်ဆုံးအချိန်မှာ အနားကပ်နေပြီး ပြုစုချင်ခဲ့တာပါ။ ဒါပေမယ့် သူ မြန်မာပြည်ကို ပြန်လာခွင့် မရနိုင်တော့ရင်လို့ တွေးမိကာ အင်္ဂလန်ကို မပြန်နိုင်ခဲ့ ပါဘူး။ သူ့မှာ မြန်မာပြည်က လွဲရင် သွားနေစရာ နေရာ လည်း မရှိဘူးလေ။ စုအနေနဲ့ မိုက်ကယ့် နောက်ဆုံး အချိန် အတွက် သူ ပြန်မလာနိုင်တော့ဘူးလို့ ကလေး နှစ်ယောက်ကို ပြောပြရချိန်မှာ သူ့နှလုံးသားတွေ ဘယ်လောက်ကြေ ကွဲမယ်ဆိုတာ မှန်းဆနိုင်ပါတယ်။ ဒါဟာ သူ့ဘဝမှာ အကြီးမားဆုံး ဝမ်းနည်းကြေကွဲရမှုထဲက တစ်ခုဖြစ်မှာပါ။

ကမ္ဘာပေါ်မှာ ဘယ်အရာမှ တသမတ်တည်း ဆိုတာ မရှိပါဘူး။  ဘဝဆိုတာ မရေရာဘူး ဆိုတာကို သဘော ပေါက်ခဲ့တယ် ဆိုရင် မိဘနဲ့ သားသမီး၊ ဇနီးနဲ့ ခင်ပွန်းကြား မှာလည်း ခွဲခွာခြင်းဆိုတာ ရှိမယ်လို့   သဘောပေါက်နိုင် ပါတယ်။ လူဆိုတာ စတွေ့တဲ့အချိန်ကစလို့ ခွဲခွာခြင်းဆီကို လျှောက်လှမ်းနေသူတွေ လေ။ ဗုဒ္ဓရဲ့ အနိစ္စတရား ကတော့ စုကို ဖြေသိမ့်ပေးမှာ ပါပဲလေ။

၁၉၉၉၊ မတ် ၂၉ မနက် ၁ဝ နာရီ လောက်မှာတော့ အလက်ဇန္ဒား ကို တစ်ယောက်ယောက်နဲ့ ဖုန်းပြောနေတာ တွေ့ရ ပါတယ်။ မိုက်ကယ် ဆုံးတာ နှစ်ရက်ရှိသွားပြီလေ။ အ လက်ဇန္ဒားက “မေမေ၊ ဒီနားမှာ ဘယ်သူ ရှိနေတယ် ထင်လဲ။ နိုရီကိုပေါ့”လို့ ပြောလိုက်ပါတယ်။ ကျွန်မဘက်ကိုလည်း ဖုန်းခွက်ကို လှမ်း ပေးလိုက် လေရဲ့။ ကျွန်မက စုရဲ့ အသံကို ကြားရဖို့ လုံးဝ မမျှော်လင့်ထားဘူးလေ။ 

“ဟဲလို နိုရီကို၊ အို့စုဆန်ရော ဘယ်မှာလဲ၊ နေကောင်းလား”တဲ့ စုက မေးပါတယ်။ ကျွန်မ ခင်ပွန်းက သူ့တက္ကသိုလ်မှာ ဘွဲ့နှင်းသဘင် အခမ်းအနား တစ်ခု ရှိနေတော့  ဒီကို လိုက်မလာနိုင်ဘူးလေ။ ကျွန်မလည်း စုကို “ရှင့်အိမ်ကို စိတ်မပူနဲ့နော်။ ရှင့်စိတ်ထဲမှာ တာဝန်တွေကိုပဲ တွေးနေပေါ့။ ရှင့်သားတွေကို ကျွန်မစောင့်ရှောက်ပါ့မယ်”လို့ ပြောဖြစ်ခဲ့ ပါတယ်။ စုက ဆို့နင့်နေတဲ့ အသံနဲ့ “ကျေးဇူးနော်” လို့ဆိုပါတယ်။
သူ့မိသားစုက တစ်ယောက်ပြီး တစ်ယောက် စုနဲ့ စကားပြောကြ တာကို ကျွန်မက နားထောင်နေမိပါတယ်။ စု ပြောနေပုံက မိုက်ကယ့် ပိုင်ဆိုင်မှု ငွေကြေးတွေကို သားနှစ်ယောက် အညီအမျှ ခွဲဝေယူကြဖို့နဲ့ သူ လိုချင်တာ ကတော့ မိုက်ကယ့် အရိုးပြာ ဆိုတာပါပဲ။

စု၏နိုင်ငံသို့ ခရီး (၂ဝဝ၇)
မြန်မာပြည်သို့ အလည်သွားရန် သံဃာ့ လှုပ်ရှားမှုက သတိပေးလိုက်ခြင်း

၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နောက်ပိုင်းမှာ ကတည်းက ကျွန်မ စိတ်ထဲမှာ စုရဲ့နိုင်ငံကို မြင်ဖူး ရောက်ဖူးချင်နေ ခဲ့ပါတယ်။ စု နေအိမ် အကျယ်ချုပ် ကျပြီးနောက်ပိုင်း မြန်မာပြည် အခြေအနေက ငြိမ်ကျသွားသလို ရှိပေမယ့် စုရဲ့ ဂျပန်မိတ်ဆွေ အသီးသီးက မြန်မာပြည်ဗီဇာ လျှောက်ခဲ့ကြပေမယ့် တစ်ယောက်မှ ဗီဇာမရခဲ့ကြပါဘူး။ ဒီတော့ ကျွန်မလည်း ဗီဇာ မရနိုင်ဘူးလို့ပဲ ထင်မိပါတော့တယ်။

သူငယ်ချင်းတွေရဲ့ အပြောအရလည်း အဲဒီအတွေးအထင်က ပိုခိုင်မာလာခဲ့တာပေါ့။ “ကျွန်မ ဗီဇာသွား လျှောက် တော့ ရှင်တို့လင်မယား နှစ်ယောက်ရဲ့ နာမည်တွေကို ခန်းကြီးလို ရေးပြပါလို့ မြန်မာသံရုံးက ခိုင်းတယ်လေ။ ရှင်တို့နာမည်တွေကို ဗီဇာမပေးမယ့် ဘလက်လစ်ထဲမှာ ထည့်ထားပြီ ထင်တယ်။ ရှင်တို့ မြန်မာပြည်ကို မသွားသင့်ဘူး”လို့  ပြောပြခဲ့တာကိုး။

၁၉၉၆ ခုနှစ်မှာတော့ ငွေရလိုဇောနဲ့ သူတို့က နိုင်ငံခြားသား ဧည့်သည်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဂျပန် လေကြောင်းလိုင်း အားလုံးကလည်း အိုဆာကာနဲ့ ရန်ကုန်ကြားမှာ တိုက်ရိုက် ပျံသန်းမှုတွေတောင် လုပ်လို့ပါပဲ။ ကျွန်မသာ တိုးရစ်တွေကြားမှာ လိုက်သွားနိုင်ရင် ဗီဇာ ရချင် ရလေမလားပေါ့။ ဒါနဲ့ပဲ စုဆီကို ကျွန်မက ဖုန်းခေါ် လိုက်ပါ တယ်။ တစ်ဘက်က ဖုန်းလက်ခံတဲ့ လူငယ်က စုကို စိတ်ပါလက်ပါ ခေါ်ပေးရှာလေရဲ့။ ဒါပေမယ့် ဖုန်းလာကိုင်တာ ကတော့ စု မဟုတ်ပါဘူး။ စိတ်ပျက်နေတဲ့ အသံနဲ့ လူတစ်ယောက် က ဖုန်းကို ဖြေပေးပါတယ်။ “ နာမည် ဘယ်သူပါလဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်လို သိတာလဲ။  ဘာလဲ….ခင်ဗျားက ဂျာနယ်လစ် လား၊ ဘာလဲ” သူ့အမေးတွေနဲ့ပဲ ကျွန်မမှာ တုန်ရီလာတော့တာပါပဲ။

ရုတ်တရက် သူ့အသံက ပျောက်သွားပြန်ကာ စုအသံ ပေါ်လာပါတယ်။ ကျွန်မကလည်း တုံးတိကြီးပဲ မြန်မာပြည်ကို လာလည်ရမလားလို့ မေးလိုက်ပါတယ်။ “ရှင် မလာသင့်ဘူး။ ရှင့်ပိုက်ဆံတွေ အားလုံး စစ်အစိုးရ လက်ထဲ ရောက်သွားမှာ။ သူတို့ကို အားမပေးသင့်ဘူး” လို့ စုက ဒေါသတကြီး ပြန်ဖြေလိုက်ပါတယ်။ ၁ဝ နှစ် လောက် ကွဲကွာ နေပြီးတဲ့နောက် စကားပြန်ပြောခွင့် ရတဲ့အခါမှာတော့ ဒီထက်ပိုပြီး အဆင်ပြေသင့်တယ် မဟုတ်လားရှင်။ ဘယ်လောက်များ စိတ်ပျက်စရာ ကောင်းလိုက် ပါလိမ့်နော်။ သူ ဘာဖြစ်နေတာလဲ။ ကျွန်မလည်း စိတ်တွေ တိုသွားလေရဲ့။ မြန်မာပြည်ကို မသွားတော့ဘူးလို့လည်း စိတ်ပိုင်းဖြတ်လိုက် ပါတော့တယ်။ မြန်မာ စကားတော့ လေ့လာမှ ဖြစ်မယ်ဆိုပြီး စာအုပ်တစ်အုပ် ဝယ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ လက်လျော့လိုက်ရပါတယ်။ စာအုပ်က အခုထိ စင်ပေါ်မှာ ဖုန်တက်ပြီး ရှိနေသေးတာပါ။

အဲဒီနှစ် နွေရာသီမှာပဲ မိုက်ကယ့်ကို စုနဲ့ စကားပြောဖြစ်တဲ့ အကြောင်း ပြန်ပြောပြလိုက်ပါတယ်။ မိုက်ကယ် ကတော့ ကျွန်မကို နှစ်သိမ့်လေရဲ့။ “နိုရီကို၊ စိတ်မလောပါနဲ့။ စစ်အစိုးရ မရှိတော့ရင် ဆာဒါယိုရှီနဲ့ ခင်ဗျားကို စုက ဖိတ်မှာ ပေါ့”တဲ့။ ကျွန်မက “အဲဒါ ဘယ်တော့တဲ့လဲ”လို့ မေးလိုက်မလို့ပါပဲ။ ဒါပေမယ့် အထီးကျန် မိုက်ကယ့်ကိုတော့ မမေးရက်တော့ပါဘူး။ ဘယ်တော့မှန်း မသိခင်မှာပဲ မြန်မာပြည် ကို အလည်သွားဖို့ မျှော်လင့်ချက် တွေ ကုန်သွားခဲ့ပါတယ်။ ၁၅ နှစ် ကြာပြီးနောက် ၂ဝဝ၇ ခုနှစ် သြဂုတ် ၁၅ မှာ စစ်အစိုးရက ဓာတ်ဆီဈေး နဲ့ သဘာဝ ဓာတ်ငွေ့ဈေးတွေကို ကြို မပြောဘဲ အဆနဲ့ချီကာ တက်လိုက် ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသား တွေအပါအဝင် လူထုက နောက်နေ့ တွေမှာ ဆန္ဒပြတဲ့ လမ်းလျှောက်ပွဲကို လုပ်တော့တာပါပဲ။ သူတို့က အလုပ်လည်း မရှိ၊ ငွေလည်း မရှိနဲ့ ဘတ်စ်ကားခတွေ တက်သွားတော့ ပေး စရာငွေ မရှိတဲ့ အတွက် လမ်းပဲ လျှောက်မယ်လို့ဆိုကာ လမ်းလျှောက်ကြတာပါ။ သြဂုတ် ၂၆ မှာတော့ မင်းကိုနိုင်၊ ကိုကိုကြီး၊ မြအေး၊ ဂျင်မီ၊ ပြုံးချို တို့တတွေ အဖမ်းခံရ ပါတော့တယ်။

အဲဒီလမ်းလျှောက် လှုပ်ရှားမှု ဟာ တခြားမြို့တွေကိုပါ ကူးစက်ကာ ဘုန်းကြီးတွေ၊ ကျောင်းသား တွေသာမက လူထုလည်း ပါလာခဲ့ကြပါတယ်။ ဘုန်းကြီးတွေလည်း သပိတ်မှောက်ကာ ကံဆောင်ကြပါတယ်။ ပခုက္ကူမှာ ဘုန်းကြီးတွေကို အာဏာ ပိုင်တွေက ရိုက်နှက် သတ်ဖြတ်တာတွေပါ လုပ်လာတာကြောင့် သံဃာတော်တွေရဲ့ ဆန္ဒပြမှုဟာ ပိုပြီး ကြီးကျယ်လာခဲ့ပါတယ်။ အနောက်နိုင်ငံတွေက “ဆဖရွန် တော်လှန်ရေး”လို့ နာမည် တပ်လိုက်ပါတယ်။ သင်္ဃန်းရောင်ကို “ဆဖရွန် (ကြက်သွေးနီ)” လို့ ခေါ်လိုက်လို့ပါ။
မသီတာ(စမ်းချောင်း)


http://www.myanmarij.com/%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%81%BE%E1%80%80%E1%80%8A%E1%80%B9-%E1%81%83%E1%81%85/