နေပြည်တော် အမြန်လမ်း မိုင်တိုင် ၇ မိုင်
၂ ဖာလုံနှင့် ၃ ဖာလုံကြားတွင် ဇန်နဝါရီလ ၅ ရက် နံနက် ၁၁ နာရီ ၄၀
မိနစ်ခန့်က ခရီးသည် ၄၄ ဦး တင်ဆောင်လာသော ရန်ကုန်-ထားဝယ် ခရီးစဉ်
ပြေးဆွဲသည့် ရွှေမြင်းပျံ ယာဉ်လိုင်း ခရီးသည်တင်ယာဉ်မှာ ကတ္တရာခင်းသည့်
ယာဉ်ကို ကျော်တက်ရာမှ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း
အမှတ်(၃) အမြန်လမ်း ရဲစခန်းမှ စခန်းမှူးဒုတိယရဲမှူး ခင်မောင်အေးက The Voice
သို့ ပြောကြားသည်။
ခရီးသည်တင်ယာဉ်မှာ ရန်ကုန်မြို့တော်သို့အဝင် ကျော်တက်စဉ်
အရှိန်မထိန်းနိုင်ဘဲ ကတ္တရာလမ်း ခင်းယာဉ်ကို နောက်မှ ဝင်တိုက်ခဲ့ရာ အဆိုပါ
လမ်းခင်းယာဉ်မှာ လမ်း၏ ညာဘက်တွင် တိမ်းမှောက်ခဲ့ပြီး ခရီးသည်တင်ယာဉ်မှာ
လမ်းလယ်ကျွန်းတွင် ကန့်လန့်ဖြတ် ရောက်ရှိခဲ့ကြောင်း အဆိုပါ အမြန်လမ်း
ကယ်ဆယ်ရေး တာဝန်ကျ လက်ထောက် မီးသတ်ဦးစီးမှူး ဦးခင်ဇော်အောင်က မျက်မြင်
တွေ့ရှိမှုကို ရှင်းပြသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် အသက် ၂၀ အရွယ် ခရီးသည်တင်ယာဉ် နောက်လိုက်မှာ
ယာဉ်တွင်း ညှပ်နေကာ မျက်နှာ၊ ခြေဖနောင့်၊ တင်ပါးဆုံတို့တွင် ပေါက်ပြဲ
ဖူးရောင် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း၊ အသက် ၃၀ အရွယ်ရှိသူ
ကတ္တရာလမ်းခင်း ယာဉ်မောင်း ကိုပြည့်ဖြိုးဟန်၊ သက်တော် ၄၅ နှစ်အရွယ် ခရီးသည်
သံဃာတစ်ပါး၊ အသက် ၃၀ အရွယ် ခရီးသည် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သဖြင့်
လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသခဲ့ရာ ဒဏ်ရာမျာမှာ
အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ
သိရှိရသည်။
“လူတွေကလည်း ကြောက်လန့်ပြီး ခုန်ချကြတယ်။ ယာဉ်မောင်းဘေး ထိုင်နေတဲ့
ယာဉ်နောက်လိုက် ကောင်လေး ဘက်အခြမ်းနဲ့ တိုက်မိလို့ ယာဉ်က ပိန်ချိုင့်သွားတာ
သူ့ကို မနည်းဆွဲထုတ်ရတယ်” ဟု အဆိုပါ အမြန်လမ်း ကယ်ဆယ်ရေး တာဝန်ကျ လက်ထောက်
မီးသတ်ဦးစီးမှူး ဦးခင်ဇော်အောင်က မျက်မြင်တွေ့ရှိမှုကို ရှင်းပြသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကို အမှတ် (၃) အမြန်လမ်း ရဲတပ်ဖွဲ့ဝင် ၁၄ ဦး၊
မီးသတ် တပ်ဖွဲ့ဝင် လေးဦးတို့က ကယ်ဆယ်ရေး လုပ်ငန်း၊ ယာဉ်ကြော ရှင်းလင်းရေး
လုပ်ငန်းနှင့် ရှေးဦးသူနာ ပြုစုခြင်း များကို ဆောင်ရွက် ပေးခဲ့ကြောင်း
အမှတ် (၃) အမြန်လမ်း ရဲစခန်းမှစခန်းမှူး ဒုတိယရဲမှူး ခင်မောင်အေးက
ပြောကြားသည်။
ရွှေမြင်းပျံ ယာဉ်လိုင်း ခရီးသည်တင် မှန်လုံယာဉ်မှာ အမြန်လမ်းတွင်
ယာဉ်တိုက်မှု ဖြစ်သည်မှာ မှန်ကန်ကြောင်း၊ ယာဉ်တိုက်မှု အခြေအနေကို
ဂိတ်မှူးကိုယ်တိုင် သွားရောက် စစ်ဆေးနေကြောင်း အဆိုပါ ယာဉ်လိုင်း
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယာဉ်တိုက်မှု ဖြစ်ပြီးနောက် ခရီးသည် တင်ယာဉ်မောင်း ဦးခင်ဇော်မှာ ထွက်ပြေး
တိမ်းရှောင်လျက်ရှိပြီး ၎င်းကို ယာဉ် (ပ) ၁/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၃၇/၃၃၈/၃၀၄
(က)/၂၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အမှတ် (၃) အမြန်လမ်း
ရဲစခန်းထံမှ သိရှိရသည်။
Ref: The Voice Weekly
No comments:
Post a Comment