Thursday, 4 April 2013

ဇရပ် ဂျပိုး / နာရေးကူညီမှု အသင်း(ရန်ကုန်)

၁ဝ.၃.၂ဝ၁၃ ရက်နေ့ ည (၈းဝဝ) နာရီအချိန်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)၌ (၁၂) ကြိမ်မြောက် စာပေဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ “ဇရပ် ဂျပိုး” ခေါင်းစဉ်ဖြင့် စာရေးဆရာ ဦးဘုန်း(ဓာတု)မှ နာရေးကူညီမှု
အသင်း(ရန်ကုန်)၏ “သုခ” ခန်းမဆောင်တွင် ဟောပြောပေးခဲ့သည်။ စာပေဟောပြောပွဲ အခမ်းအနားသို့ ဆရာတော်များ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်၊ အသင်းသူ/သားများ၊ ဝန်ထမ်းများ၊ သုခအလင်းပညာဒါနတွင် ပညာ သင်ကြားနေကြသော ကျောင်းသူ/သားများနှင့် စာပေချစ်မြတ်နိုးသူ ပရိသတ်များ တက်ရောက်ခဲ့ကြသည်။

 ဆရာ ဦးဘုန်း(ဓါတု)မှ လူအများသည် မင်္ဂလာနှင့် အမင်္ဂလာအား ခွဲခြားမသိပုံ၊ မိမိကြုံတွေ့ခဲ့ရသော အယူသီး မှုများ၊ နိုင်ငံခြား သချိုင်း(သုဿန်)နှင့် မြန်မာပြည်မှ သချိုင်း(သုဿန်)ကွာခြားပုံ၊ နတ်ပြည်တွင် ပရဟိတလုပ်၍ မရ ကြောင်း၊ နတ်ပြည်တွင် အသုဘကူညီမှုအသင်း (နာရေးကူညီမှုအသင်း)နှင့် သွေးလှူရှင်အသင်းများ မရှိကြောင်း၊ လူ့ပြည်ရောက်တုန်း အများ အကျိုး၊ လောကကောင်းကျိုး သယ်ပိုးခွင့်ရတာဖြစ်ကြောင်း ထို့ကြောင့် လူဖြစ်ရသည်ကို ပိုပြီးတန်းဖိုးထားကြောင်း၊ လောကတွင် ပရဟိတသမားနည်းပြီး အတ္တသမားတွေ များလာသဖြင့် တိုင်းပြည်ဖွံ့ဖြိုးမှု နောက်ကျရကြောင်း စသဖြင့် လူငယ်တွေအတွက် ဆုံးမစကား အားပေးစကား အစချီ၍ ပြောကြားခဲ့ပြီး “ဇရပ် ဂျပိုး” ခေါင်းစဉ်ဖြင့် စတင်ဟောပြောခဲ့ပါသည်။

ဦးဘုန်း(ဓါတု) သည် နယ်သို့ စာပေဟောပြောပွဲ သွားရောက်စဉ် အပြန်ခရီးတွင် ထော်လာဂျီ ပျက်သဖြင့် ဇရပ်တွင် ခေတ္တနားနေစဉ် ဇရပ်မှ ဂျပိုးကိုက် သဖြင့် အနားယူ၍ မရဖြစ်နေချိန် ခရီးလမ်းကြောင်းတွင်ပါလာသော ဘုန်းဘုန်းတစ်ပါး၊ ခရီးသွားများနှင့် စကားစမြည်ပြောရင်း ထော်လာဂျီ ပြန်အကောင်းကို စောင့်စားခဲ့ကြသည်။

ထော်လာဂျီအားစောင့်ရင်း ဘုန်းဘုန်းဖြင့် စကားလျှောက်ရာ ဂျပိုးကိုက်သဖြင့် ဇရပ် ဂျပိုးအကြောင်း ပြောမိကြသည်။ ဇရပ် ဂျပိုး၏ အကျင့်စရိုက်များအား ပြောကြားရင်း ဇရပ် ဂျပိုးသည် အခွင့်အရေးသမားဖြစ်ကြောင်း၊ အခွင့်အရေး ရတုန်းရခိုက် သွေးစုပ်ချိန်တွင် ခရီးသွားလူငယ်များမှ ဂျပိုးအား သတ်၍သေကြသည်။၊ ဇရပ် ဂျပိုးသည် သနားဖို့ ကောင်းကြောင်း၊ ထို့အတူ လောကမှ လူများသည်လည်း အခွင့်အရေးရတုန်း ကိုယ်ကျိုးရှာတတ်သော သူများသည် ဇရပ် ဂျပိုးများနှင့်တူကြောင်း စသဖြင့် ယှဉ်ကာ ယှဉ် ကာ ပြောကြားခဲ့သည်။ 

ဆက်လက်ပြီး ဦးဘုန်း(ဓာတု)မှ “ဗိုလ်ချုပ်အောင်ဆန်း ကျရှုံးတုန်းကဆိုရင် အဲ့ဒီခေတ်ကသာ နာရေး ကူညီမှုအသင်းရှိလျှင် ကူညီရမှာသေချာတယ်။ ၁၉၄၇ ဂျူလိုင်လ (၁၉) ရက်နေ့ ဗိုလ်ချုပ်ကျတယ်။ ဗိုလ်ချုပ်ရဲ့ ဈာပနက ၁၉၄၈ ဧပြီလ (၁၁) ရက်နေ့မှာကျင်းပတယ်။ မိုးကုတ်ဆရာတော်ဘုရားကြီး ဟောခဲ့တဲ့တရား “ရှေ့စိတ်ကို နောက်စိတ်နဲ့ကြည့်” ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းက ရှေ့စိတ်ကို နောက်စိတ်နဲ့ကြည့်ခဲ့တယ်။ ဂျပန်တွေက ကျေးဇူးရှိတယ် ဒါပေမဲ့ ရှေ့စိတ်ကိုနောက်စိတ်နဲ့ ကြည့်တဲ့အတွက်ကြောင့် သံယံဇာတတွေကိုယူတဲ့ ဂျပန် တိုင်းပြည်၏ အမျိုးကောင်းသမီးတွေကို ဖျက်ဆီးတဲ့ဂျပန် ဒါ့ကြောင့်ဗိုလ်ချုပ် တော်လှန်တယ်။

မိုးကုတ်ဆရာတော် ဘုရားကြီးဟောခဲ့တဲ့ နောက်တစ်ခုက “အသေမဦးခင် ဉာဏ်ဦးအောင်ကြိုးစား”။ ဗိုလ်ချုပ်အောင်ဆန်း အသေမဦးခင် ဉာဏ်ဦးလို့ ကျုပ်တို့မြန်မာနိုင်ငံ ဒီလိုမြေပုံမျိုးဖြစ်တာ။ ကိုကျော်သူကြီးနဲ့ကျွန်တော် မွေးနှစ်တူတယ် ကိုကျော်သူက ၁၉၅၉။ ကျွန်တော်လည်း ၁၉၅၉။ သူက နိုဝင်ဘာလ (၂) ရက်နေ့။ ကျွန်တော်က ဒီဇင်ဘာလ (၆ )ရက်နေ့မွေးတာ။ ကိုကျော်သူက ကျွန်တော့်ထက် တစ်လနီးပါးလောက်ကြီးတယ်။ သူ့အကြောင်းကို ကျွန်တော် လွန်ခဲ့တဲ့ ၃,၄နှစ် ကတည်းက သူ့အကြောင်းကို ကျွန်တော်ဟောပြောပွဲတွေမှာ ဟောနေတာ။

 ကိုကျော်သူ ဉာဏ်ဦးတယ်။ ကိုကျော်သူ လူ့ဘဝမှာ ဘယ်လောက်နေရမလဲ ကျွန်တော်မှန်းကြည့်တယ်။ ကိုကျော်သူ လူ့ဘဝမှာ ရက်ပေါင်း တစ်သောင်းလောက် နေရမယ်ဘဲထား။ ရက်ပေါင်း တစ်သောင်းဆိုတာ နောက်ထပ် (၂၅) နှစ်နော်။ ညပေါင်း တစ်သောင်း အိပ်ရဦးမယ်။ ရန်ကုန်မြို့ ကိုကျော်သူ ဘယ်အိမ်သွားအိပ် အိပ်ရတယ်။ ရန်ကုန်မှာ အိမ် တစ်သောင်းရှိတယ်။ ကိုကျော်သူ အိပ်မယ်ဆိုရင် လက်ခံမယ်ဆိုတဲ့ အိမ်တွေချည်းဘဲ။ တစ်နေ့ကို အစားအစာ (၃) ကြိမ်စားတယ်ဘဲထားဗျာ။ အစားအစာကို တစ်သောင်းနဲ့မြှောက်။ အနပ်ပေါင်း (သုံးသောင်း)။ ရန်ကုန်မြို့မှာ အိမ်ပေါင်း (သုံးသောင်း) မကရှိတယ်။ ကိုကျော်သူအတွက် အိမ်မလိုဘူး။ စားစရာ မီးဖိုချောင်မလိုဘူး။

ဘာကြောင့် လည်းဆို အများအကျိုးလုပ်ခြင်းဟာ အိမ်တိုင်းအိမ်တိုင်းဟာ ကိုယ့်အိမ်ဘဲ။ ဗိုလ်ချုပ်အောင်ဆန်း ရှိလို့ကတော့မြန်မာ တစ်ပြည်လုံး သူ့အိမ်ဗျ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးများ သက်ရှိထင်ရှားရိှလို့ကတော့ ဘယ်အိမ်ဝင်ပြီး ဘုန်းပေးပေး၊ ဘယ်အိမ် ဝင်ပြီး သတင်းသုံးသုံး မရှားပါဘူး။ ကိုယ်ကျိုးရှာတဲ့သူကတော့ ဖွင့်သာမပြောတာ စိတ်ထဲမှာတော့ ငါ့ကိုဘယ်သူကမှ ညအိပ်ခွင့်ပေးမှာ မဟုတ်ဘူး။ အတ္တ ထူထောင်သူတွေက အစားအစာလည်း မစားရဲဘူး၊ ထမင်းတောင် ကျွေးမယ့်သူမရှိဘူး။ သူတို့ ဉာဏ်မဦးဘူး။ ကိုကျော်သူ ဉာဏ်ဦးတယ်ဗျ။ အသေမဦးခင် ဉာဏ်ဦးအောင်လုပ်ကြ။ အသေမဦးခင် ပရဟိတလုပ်ကြလို့ ပြောချင်တယ်။” စသောစကားများဟာ ဇရပ်ပေါ်တွင် ဘုန်းဘုန်းဘုရားနှင့် ဦးဘုန်း(ဓါတု) ဇရပ် ဂျပိုးကိုက်ခံ၍ ပြောနေကြသော စကားများဖြစ်ပါသည်။ 

ထို့နောက် ဘုန်းဘုန်းဘုရားနှင့် ဦးဘုန်း စကားပြောရင်း ဇရပ်ပေါ်မှဆင်း စမ်းချောင်းဘက်သွားပြီး မျက်နှာ သစ်ချိန်တွင် ဘုန်းဘုန်းမှာ ဦးဘုန်းအား “ဇရပ်ပေါ်က ဂျပိုးနဲ့ စမ်းချောင်းလေးက ကွာလိုက်တာ ဂျပိုးကတော့ အခွင့်ရတုန်းကိုက်တယ်။ စမ်းချောင်းက သူ့ရေကိုသူပြန်မသောက်ဘူး။ သူ့ရေက သူများတွေသောက်ဖို့ထားတာ။ သူ့ရေကြောင့် ကျီးငှက်တွေ စောစောစီးစီးပျော်မြူးကြတယ်။
မြစ်ချောင်းဘေးမှာ သစ်ပင်တွေရှင်သန်ကြသလို။ ခင်ဗျားတို့ ကျွန်တော်တို့ အိပ်ရေးပျက်တာတွေပျောက်ပြီး ကြည်လင်ကြရတယ်။ ရေချောင်းကလေးဟာ သူ့ဘဝဟာ သူ့အတွက်မဟုတ်ဘဲ သူများအတွက်ကို စီးဆင်းပေးနေတဲ့ ရေချောင်းကလေး။ တကာကိုဘုန်း… မင်းအိမ်မှာ ကြွက်တစ်ကောင်သေတာနဲ့ ကြောင်တစ်ကောင်သေတာ ဘယ်ဟာပိုဝမ်းနည်းလဲ။ ကြောင်ပါဘုရား။ ဘာလို့လဲ ကြွက်က လူကိုဒုက္ခပေးပြီး ကြောင်က အိမ်အလုပ်ကို တစ်ဖက်တစ်လမ်းက သူနိုင်သလောက် လုပ်တဲ့အတွက် ပိုပြီး ဝမ်းနည်းတယ်နော်။ အများအကျိုးဆောင်ရွက်တဲ့သူ သေရင် ဝမ်းနည်းကြတယ်နော်။ ကိုယ်ကျိုးရှာတဲ့သူ သေရင် ကျုပ်တို့က ပျော်ကြတယ်ကွ။ အပင်ခုတ်ရှင်းရင်တောင် စူးပင်ချင်းတူ စူးပုပ်ရွက်ကိုတောင် ကျုပ်တို့မခုတ်ဘူး သူက အကျိုးပြုတယ်လေ။ လူလည်းအတူတူဘဲ အကျိုးရှိတဲ့သူ အကျိုးမဲ့တဲ့သူ။ လောကအကျိုးဆောင်ရွက်သူနဲ့ လောက အကျိုးမဆောင်ရွက်သူ ယှဉ်ကြည့်။ မတူဘူး။” ဟု ဘုန်းဘုန်းဘုရားမှ ဦးဘုန်း(ဓါတု)အား ဆုံးမစကားဆိုတယ်။

 အဲဒါနဲ့ ထော်လာဂျီလည်းပြင်ပြီးသဖြင့် အပြန်တွင် အဝေးရောက်မှ ဇရပ်ကို လှမ်းအကြည့် ဇရပ်က ရိုးရိုး ဇရပ်မဟုတ်ဘူး သချိုင်းကုန်းကဇရပ်။ အော် … ဂျပိုးရယ်…ကျက်သရေ တော်တော်တုန်းတာဘဲ ဇရပ် ဂျပိုးတောင် သချိုင်းကုန်းကဇရပ် ဂျပိုးဗျ တော်တော်နိမ့်ကျတဲ့ ဂျပိုးဗျ။ ဇရပ် ဂျပိုးတွေ ကြည့်ရတာ အသုဘအလောင်းထဲက သွေးတောင်စုပ်မဲ့သဘောရှိတယ်။ ကျွန်တော်တွေးကြည့်တာပါ။ ထို့နောက် သချိုင်းကုန်းကိုကြည့်ပြီး ဘုန်းဘုန်းဘုရားမှ “စားသောက်ဖွယ်ရာများ မည်မျှပင် ပြည့်စုံသော သူဖြစ်ပါစေ သေလွန်ခါနီး အပြီးသတ်အချိန်မှာ စားချင်ရာစားခွင့်မရဘဲ အဟာရပြတ်ပြီး သေဆုံးကြရတယ်။

ဒီလိုဘဲ ခွန်အားဗလ မည်မျှပင် ပြည့်စုံသောသူဖြစ်ပါစေ သေလွန်ခါနီး အပြီးသတ်အချိန်မှာ အင်အားကုန်ခမ်းအားပြတ်ပြီး သေကြရတယ်။ မည်မျှပင်အမိန့်ပေး စေခိုင်းတဲ့သူဖြစ်ပါစေ သေလွန်ခါနီး အပြီးသတ်အချိန်မှာ ကိုယ့်စကား ကိုယ်တောင် ပီပီသသ မပြောနိုင်တော့ဘဲ ကိုယ့်လျှာကိုတောင် ကိုယ့်လျှာကိုတောင် ကိုယ်မထိန်းနိုင်တော့ဘဲ ဝူး…ဝူး…ဝါး…ဝါး… နဲ့ပြောချင် ရာပြောခွင့်မရဘဲ သေဆုံးကြရတယ်။ အရာရာကို စေစားနိုင်တဲ့ ရှင်ဘုရင်တစ်ပါးပင်ဖြစ်စေ သေလွန်ခါနီး အပြီး သတ်အချိန်မှာ ကိုယ်ပြုခဲ့တဲ့အမှားတွေအတွက် နောင်တတွေ၊ သံဝေဂတွေနဲ့ ငရဲပြည်ကို မျက်စောင်းထိုးပြီး သေ တတ်ကြရတယ်။” လို့ ဘုန်းဘုန်းမှ ပြောကြားခဲ့သည်။ “

အဲ့တော့ ဇရပ် ဂျပိုးနဲ့ စမ်းချောင်း ဘယ်ဟာဖြစ်ချင်သလဲ?”။ လောကကြီးမှာ အသုံးမဝင်ဘဲ ကျွန်တော် တို့တွေ သေကြမှာလားဗျာ။ လူတစ်ယောက်ကို တန်ဖိုးတွက်တဲ့နည်းက အဲဒီလူ သေလွန်ပြီးတဲ့နောက် အချိန်ကာလ ဘယ်လောက်ကြာကြာထိ တသသလွမ်းနေသလဲ၊ အဲဒီလူတစ်ယောက် သေလွန်ပြီးတဲ့နောက် အချိန်ကာလ ဘယ်လောက်ကြာကြာထိ သူ့အကြောင်း အကောင်းတွေပြောနေသလဲဆိုတာ အဲဒီလူရဲ့ကောင်းမြတ်တဲ့ တန်ဖိုးဖြစ်တယ်။

အဲဒီလူတစ်ယောက် သေလွန်ပြီးတဲ့နောက် အချိန်ကာလ ဘယ်လောက် ကြာကြာထိ မေ့မရအောင် နာကျည်းနေသလဲဆိုတာ အဲဒီလူတွေ၊ ဇရပ်ဂျပိုးတွေရဲ့ တန်ဖိုးဖြစ်နေမယ်” ဆိုတာကို ပြောကြားရင်း နိဂုံးချုပ်သွားခဲ့ပါသည်။ ဆရာဦးဘုန်း(ဓာတု)၏ ဟောပြောမှု (၂) နာရီအချိန်သည် ကျွန်မတို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် အများပြည်သူ၊ လူကြီး/ငယ်များအား အသိပညာ ခွန်အားများ ဖြည့်တင်းပေးခဲ့ပါသည်။ ထို့ကြောင့် ဆရာဦးဘုန်း (ဓာတု)အား နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့်တကွ အလှူရှင် များ၊ ပြည်သူ လူထုများမှ ကျေးဇူးအထူးတင်ရှိ ကြောင်း ပြောကြားအပ်ပါသည်။ 

 နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အများပြည်သူ စာပေချစ်သူများအတွက် ဆရာ၏ “ဇရပ် ဂျပိုး” ခေါင်းစဉ် ဖြင့် ဟောပြောချက်များအား ဗဟုသုတ၊ အသိပညာများကို ကိုယ်တိုင် တက်ရောက် သိရှိသလို ရရှိခံစားရစေရန် ရည်ရွယ်၍ ရေသားဖော်ပြလိုက်ရပါသည်။

ကိုယ့်အရှက်ကို … ကိုယ်ပြန်စား
ကိုယ့်အသက်ကို … ကိုယ်ပြန်စား
အကောင်ကြီးက … ဖီးလို့ထွား
ဟားးးးးး…. သူတို့ လူမှ ဟုတ်ရဲ့လား…? ။
ကိုယ့်သိက္ခာကို … ကိုယ်ဖဲ့စား
ကိုယ့်လိပ်ပြာကို … ကိုယ်ဖဲ့စား
အကောင်ကြီးက … ဖီးလို့ထွား
ဟားးးးးး…. သူတို့ လူမှ ဟုတ်ရဲ့လား…? ။
ကိုယ့်ဦးနှောက်ကို … ကိုယ်ထုတ်စား
ကိုယ့်နှလုံးသားကို … ကိုယ်ထုတ်စား
အကောင်ကြီးက … ဖီးလို့ထွား
ဟင်းးးးးး….သူတို့ တတွေ လူမှဟုတ်ရဲ့လား …? ။

လူမဟုတ်တဲ့ ဇရပ် ဂျပိုးများ နေရာတကာအနှံအပြား ဟိုမှာ ဒီမှာ ကြည့်ပါလား သူတို့ပိုင်ဆိုင်မှုတွေက အ…လ…ကား…။ (ဆရာတင်မိုး) (နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူသည် (မန္တလေး၊ မူဆယ်၊ လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ ရွှေဘို) အစရှိသည့် မြို့များသို့ လူမှုရေးဟောပြောပွဲများ လိုက်လံဟောပြောနေသည့်အတွက် ဆရာ ဦးဘုန်း(ဓါတု)၏ စာပေ ဟောပြောပွဲသို့ မတတ်ရောက်နိုင်ခဲ့ပါ။)

Ref: http://www.ffssyangon.org/index.php?option=com_content&view=article&id=414%3A2013-03-23-06-41-50&catid=48%3A2012-01-10-03-46-14&Itemid=127&lang=en 

No comments: