Friday, 12 April 2013

မတူတာလေးများ- အပိုင်း-၁၄ (သို့) အိမ်မွေးတိရစ္ဆာန်များ

စာရေးသူရဲ့ ကျောင်းဘေးနားကို လေလွင့်နေတဲ့ ကြောင်သတ္တ၀ါလေးများ လာရောက်တတ်ကြပါတယ်။ စာရေးသူကလဲ မိမိမှာ ရှိတဲ့ အစားအစာများကို အမြဲတမ်း ကျွေးမွေးလေ့ရှိပါတယ်။ ဒီနေရာမှာ လေလွင့်ကြောင်ဆိုတာ ဘာလဲဆိုတာကို ရှင်းလင်းဖို့ လိုမယ်ထင်ပါတယ်။ စာရေးသူတို့ရဲ့ မြန်မာပြည်မှာ အိမ်မွေးတိရစ္ဆာန်တွေထဲမှာ ခွေးထက် ကြောင်သတ္တ၀ါကို ပိုပြီးတော့ မွေးမြူကြပါတယ်။ မြန်မာပြည်မှာတော့ ကြောင်လေကြောင်ခွင့်ဆိုတာ မရှိသလောက်ပါပဲ။ တစ်ချို့တစ်ချို့သော မိသားစုတွေကတော့ ခွေးတွေကိုလဲ ချစ်တတ်ကြပါတယ်။ ရွာက အိမ်မှာဆိုရင် အမေက ကြောင်တွေ၊ ခွေးတွေကို မွေးမြူလေ့မရှိပါဘူး။ ဒါပေမယ့် အခြားအိမ်က ခွေးတွေက အိမ်မှာ အမြဲတမ်းရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ခွေးတွေကို အမေက အမြဲတမ်း ကျွေးနေလို့ပါပဲ။

နိုင်ငံခြားတိုင်းပြည်တွေမှာ အထူးသဖြင့် ဒီသြစီမှာတော့ လူတွေဟာ ခွေးကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူကြပါတယ်။ ကြောင်တွေကိုတော့ မွေးမြူလေ့မရှိကြပါဘူး။
ကြောင်တွေခမျာ သူတို့ဝမ်းစာရေးအတွက် တော်တော်လေးကို ၇ှာဖွေစားသောက်နေရပါတယ်။
စာရေးသူ သီဟိုဠ်မှာနေစဉ်တုံးကလဲ ဒီလိုပါပဲ။ သီဟိုဠ်သားတွေကလဲ ကြောင်တွေကို အိမ်မှာ မွေးမြူလေ့မ၇ှိပါဘူး။ ဒီသြစီမှာလိုပဲ ကြောင်တွေဟာ သွားချင်တိုင်း သွားနေတာပါပဲ။ နေရာတိုင်းမှာ ကြောင်တွေ့ ဖြတ်သွားနေတာကို တွေ့နိုင်ပါတယ်။

ခွေးကိုတော့ တယုတယကို မွေးမြူကြတာကို တွေ့ရပါတယ်။ အနည်းငယ်သော အိမ်တို့မှာသာ ကြောင်မွေးထားတာ ရှိပါတယ်။ သူတို့တွေက ခွေးစာ ကြောင်စာကို စူပါမားကတ်ကနေ တကူးတက ၀ယ်ယူကွှေးကြပါတယ်။ မနက်စောစော (သို့) ညနေစောင်းတို့မှာ မိမိမွေးမြူထားတဲ့ ခွေးနဲ့ အတူ လမ်းလျှောက်နေတဲ့ သူတွေကို တွေ့နိုင်ပါတယ်။ လက်ထဲမှာတော့ အိတ်တစ်လုံးကို ကိုင်လို့ပေါ့။ အဲဒီအိတ်က အခြားတော့ မဟုတ်ပါ။ မိမိခွေးမှ မစင်စွန့်ရင် အဲဒီအိတ်နဲ့ ပြန်လည်ထည့်ယူဖို့ပါ။ အကယ်၍ ခွေးရဲ့ မစင်ကို ပြန်လည်ကောက်ယူခြင်းမရှိပါက သက်ဆိုင်ရာ ကောင်စီရဲ့ အရေးယူခြင်းကို ခံရမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တစ်လလောက်တုံးက မိတ်ဆွေတစ်ဦးရဲ့ အိမ်ကို ရောက်သွားပါတယ်။ သူအိမ်ရဲ့ ဧည့်ခန်းထဲရှိ စားပွဲပေါ်မှာ ခွေးဓါတ်ပုံလေးတွေကို ထောင်ထားတာတွေ့ရပါတယ်။ ဓာတ်ပုံရဲ့ အောက်ခြေမှာလဲ သေတ္တာငယ် တစ်လုံးစီ၇ှိပြီး ခွေးနာမည်ရယ် သေဆုံးတဲ့ နှစ်ရယ် ရေးထားပါတယ်။ သေတ္တာငယ်လေးထဲမှာတော့ သေဆုံးသွားတဲ့ ခွေးတွေရဲ့  အရိုးပြာတွေကို ထည့်ထားကြောင်း စာရေးသူကို ပြောပြပါတယ်။ အခုအချိန်ထိ ဘ၀တစ်သက်မှာ ဒီလောက် ခွေးချစ်တဲ့သူကို ဒီတစ်ခါပဲ တွေ့ခဲ့ရပါတယ်။

လမ်းမှာတွေ့တဲ့ ခွေးတွေ ကြောင်တွေကို မိမိအိမ်ကို မွေးမြူဖို့ ဖမ်းခေါ်လာရင် မိမိအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပိုင်၇ှင်ဖြစ်သူတွေက သက်ဆိုင်ရာကောင်စီမှာ အဲဒီ ကြောင်တွေ၊ ခွေးတွေကို မှတ်ပုံတင်ထားပါတယ်။ ကောင်စီကလဲ အဲဒီ ကြောင်တွေ၊ ခွေးတွေရဲ့ ကိုယ်တွင်း တစ်နေရာမှာ လျှပ်စစ်ခြစ်ပြားလေးတွေ ထည့်ပေးလိုက်ပါတယ်။  ဒါကြောင့် ဒီ ကြောင်တွေ၊ ခွေးတွေက ဘယ်နေရာကိုရောက်နေ ရောက်နေ သိနိုင်ပါတယ်။ တစ်ချို့  ကြောင်တွေ၊ ခွေးတွေကို ပိုင်ရှင်ဖြစ်သူက အာမခံတောင် တင်ထားတာ၇ှိပါတယ်။

မတူတာလေးတွေ ပြောပါတယ်။

နောက်မှ ဆုံကြတာပေါ့။

မောင်နေခြည် (လှည်းကူး)

No comments: