Friday, 5 April 2013

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၄၄)/ မသီတာ-စမ်းချောင်း


ဒီ ၂ဝဝ၇ ခုနှစ် ခရီးမှာတော့ စုကို မတွေ့ခဲ့နိုင်သလို သတင်းစကား လည်း မပါးခဲ့နိုင်ပါဘူး။ ဒါပေမယ့် အများစု ဟာ ဗုဒ္ဓရဲ့ အဆုံးအမ အတိုင်း အတတ်နိုင်ဆုံး အကောင်း ဆုံး နှလုံးသွင်းထားကြတာကို တွေ့ရတာမို့ ကျွန်မတို့ ကျေနပ်နိုင်ခဲ့ ပါတယ်။ တစ်ဖက်မှာတော့ ကျွန်မတို့နောက်ကို တစ်စုံတစ်ယောက်က လိုက်ကြည့် နေတယ် လို့ ခံစားရချက် ကလည်း ရှိနေပါတယ်။
စုရေ နောက် တစ်ခေါက်မှာတော့ စိုးရိမ်ကြောင့်ကြမှုတွေ မရှိဘဲ ရှင့်ကို လာတွေ့ချင်ပါရဲ့။

မြန်မာ့မိခင် (၂ဝ၁ဝ-၂ဝ၁၂)

စုသည် မြန်မာလူထု၏ မိခင်သဖွယ် ဖြစ်လာခြင်း

၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ၁၃ ရက် မှာတော့ စုဟာ ၇ နှစ်ခွဲကြာ နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်လာ ပါတယ်။ စုကို ကြည့်ရတာ နေကောင်းပုံရပြီး လှလို့ ပလို့ပါပဲ။ မြန်မာ နိုင်ငံမှာ ရွေးကောက်ပွဲလုပ်တော့ ကျွန်မ တို့က ချင်းမိုင်ကို ရောက်နေ ပါတယ်။ ကျွန်မခင်ပွန်းက အစည်းအ ဝေးတစ်ခု တက်စရာ ရှိလို့ပါ။ ကျွန်မအနေနဲ့ ကတော့ တပ်မတော်သား ၂၅% ပါတဲ့ လွှတ်တော်ကို စိတ်မဝင်စားပါဘူး။ ဒီလိုလွှတ်တော်မျိုးမှာ  ဒီမိုကရေစီကို လေ့ကျင့်ရမှာ လို့ တွေးမိတော့ စိတ်မရှည်စရာ ပဲနော်။

ကျွန်မတို့ ချင်းမိုင်ကနေ ဘန် ကောက်ကို ရောက်တော့ ကင်မ့်သတင်းကို ကြားလိုက်ရပါတယ်။ ဘန်ကောက် ပို့စ် ရဲ့ မျက်နှာဖုံးမှာပေါ့။ သူ့ကို ကျွန်မတို့က ပြီးခဲ့တဲ့ သြဂုတ် မှာမှ အောက်စ်ဖို့ဒ်မှာ တွေ့ခဲ့တာပါ။ အဲဒီတုန်းက သူ့ကြည့်ရတာ အေးအေး ဆေးဆေးလေးပါပဲ။  ဒါပေမယ့် အ ခုဓာတ်ပုံထဲမှာ တွေ့လိုက်ရတာက တော့ ဆံပင်တွေ ဘာတွေ ဖြတ်ထား ညှပ်ထားတာမို့ စိတ်က တစ်ခုခုကို ပိုင်းဖြတ်ထားသလိုပါ။ သတင်းထဲမှာ ရေးထား တာကတော့ သူက မြန်မာပြည်ထဲ ဝင်ခွင့်ဗီဇာ ရဖို့ ဟော်တယ် တစ်ခုမှာ စောင့်နေပါတယ်တဲ့။ သူ တည်းနေတဲ့ ဟိုတယ်ကို ကျွန်မတို့ သိချင်လာပါတယ်။ ဒီလိုနဲ့ ကျွန်မ တို့နှစ်ယောက်သား ဘန်ကောက်ပို့စ် သတင်းစာ ရှိရာ အဆောက်အဦဆီ အရောက် သွားဖြစ်ခဲ့ပါတော့တယ်။

ရွေးကောက်ပွဲနေ့မှာတော့ ကရင်အဖွဲ့ တစ်ခုဖြစ်တဲ့ ဒီကေဘီအေက မြန်မာတပ်တွေနဲ့ မြဝတီမှာ တိုက်ပွဲ ဖြစ်ခဲ့ ပါတယ်။ နယ်စပ်မှာ နေတဲ့ ကရင်အများစုလည်း ထိုင်းဘက်ကို ထွက်ပြေးလာခဲ့ရတာပေါ့။
ထိုင်းက သတင်းသမား အများစုကလည်း နယ်စပ်ကို ရောက်လာ ကြပါတယ်။ ဂျပန်သတင်းထောက် တစ်ယောက် မှတော့ မတွေ့ရပါဘူး။ ဒါကြောင့် ဂျပန် သတင်းစာတွေမှာ ထိုင်းသတင်းစာတွေလောက် မြန်မာ သတင်းကို မတွေ့ရပါဘူး။

ကျွန်မ မြင်မိတာကတော့ ဂျပန် လူငယ်အများစုကို အင်္ဂလိပ်စာ သာမက အာရှဘာသာစကားတွေ တတ် အောင် သင်ပြီး အာရှမှာ ဘာဖြစ်ဖြစ် လွှတ်ပြီး သတင်း ယူနိုင်အောင် လေ့ကျင့် ပျိုးထောင်သင့်တယ်လို့ပေါ့။ အာ ရှနိုင်ငံတွေကြားမှာ ဂျပန်ဟာ အခုလို ကိစ္စမျိုးတွေမှာ ခေတ်နောက်ကျ ကျန်နေတာ မကောင်းဘူးလို့လည်း ထင်မိပါတယ်။

ထိုင်းစံတော်ချိန် ညတစ်နာရီမှာပဲ ကျွန်မက လန်ဒန်ကို ဖုန်းဆက်ကာ ကင်မ့်အကြောင်း စုံစမ်းရပါတော့ တယ်။ နောက်တစ်နေ့မနက် ထိုင်းနန်းတော်ကို လည်ပတ် အပြီး မှာတော့ ကင်မ် တည်းခိုနေတဲ့ဟော်တယ်ကို သွားခဲ့ ပါတယ်။ အစကတော့ ဧည့်ကြို မိန်းကလေးက ဘာအချက်အလက်မှ ထုတ်မပြောနိုင်ဘူးလို့ ငြင်းပါတော့ တယ်။ ဒါပေမယ့် ကျွန်မလည်း စုနဲ့ကျွန်မ ဘယ်လို ပတ်သက်နေတယ် ဆိုတာကို ပြောပြလိုက်တော့မှ ခဏစောင့်ပါ တဲ့။ နောက်ဆုံးတော့ ကင်မ့် အတွက် ကျွန်မရဲ့ စာလေးကို သူလက်ခံထားပေးလိုက်ပါတယ်။ ဟူး တော်ပါသေး ရဲ့။ မိန်းမသားချင်းမို့ ဒီလောက် အဆင်ပြေတာ ထင်ပါရဲ့။

ကျွန်မတို့ သိလိုက်ရတာက ကင်မ်ဟာ ပြင်သစ်က ရုပ်ရှင်အဖွဲ့တစ် ဖွဲ့နဲ့အတူ ရှိနေတယ်ဆိုတာပါ။ သူ့ အတွက် စိတ်အေး သွားတာမို့ ကျွန်မ တို့လည်း ဂျပန်ကို ပြန်လာ ခဲ့ပါတယ်။  နောက်နှစ်ရက်လောက်ကြာတော့ ကျွန်မတို့ ရှိရာ ဂျပန်ကို ကင်မ်က ဖုန်းဆက်လာပါတော့တယ်။ အဲဒီအချိန်မှာ ကျွန်မက စုနဲ့ကင်မ့်ရဲ့ ပုံတွေကို အင်တာနက် မှာ တွေ့ပြီးနေပါပြီ။ စုဟာ သူ့ကိုယ်သူ မထိန်းနိုင်လောက် အောင် ပျော်ရွှင်နေပုံပါ။ ကင်မ်က လည်း မေးတမော့မော့နဲ့ ဂုဏ်ယူ ပျော်ရွှင်နေ သလို မျက်နှာပေး ကိုက ကျေနပ်နေပုံပေါ့။ သူက ငယ်ငယ်က တည်းက သူ့စိတ်ခံစားချက်တွေကို သိပ်ကြီး ထုတ်မပြတတ် သူလေ။

စုကတော့ ၇ နှစ်ခွဲသာ ကြာရော ဘာမှ မပြောင်းလဲသလို လူထုရဲ့ အမေးတွေကို ချက်ချင်းတုံပြန်နေဆဲပါ ပဲ။ သူ့အပြုံးနဲ့ လေသံတွေက အရင် ထက်ပိုပြီးပျော့ပျောင်း လာတယ်လို့ တော့ မြင်မိပါတယ်။ သူဟာ ဒီနှစ်များ အတွင်းမှာ ပိုပြီးပျော့ပျောင်း ကျစ်လျစ်လာသလို လူထုနဲ့ ဆက်ဆံရာမှာ နိုင်ငံရေးသမား ပိုပီသလာတယ်လို့ လည်း ကျွန်မ ခံစားလိုက်ရပါတယ်။

စု လွတ်မြောက်ပြီးနောက်မှာ တော့ စုရဲ့ လှုပ်ရှားမှုတွေရယ်၊ ကင်မ် နဲ့ လှုပ်ရှားတာတွေရယ်ကို ဗီဒီယိုအ ဖြစ် တွေ့လာ ကြရပါတယ်။ အဲဒီဟာ တွေထဲမှာ ကျွန်မအတွက် စိတ်မှာ အခံစားရဆုံးကတော့ ဗိုလ်ချုပ်ဈေးကို သားအမိ နှစ်ယောက် သွားလည်တဲ့ ဗီဒီယိုပါ။ ကင်မ့်ကိုသာ မြန်မာပြည် မှာ ကြာကြာနေခွင့်ပေးရင် ကင်မ်ဟာ စုရဲ့ ဘော်ဒီဂတ် အလုပ်ကို လုပ်နိုင်မှာပါ။ ကင်မ်က သူ့အမေရဲ့ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားတာဟာ သူ ငယ်ငယ်က အတိုင်းပါပဲ။ ဆယ် နှစ်ကျော် ကြာ ဝေးနေရတဲ့ မိခင်နဲ့ မေတ္တာအရ ပြန်လည်ထိတွေ့ခွင့်ကို လက်လွတ်မခံနိုင်သလို ဆုပ်ကိုင်ထား လိုက်တာလေ။ 

ကင်မ်ဟာ သူ့အမေကို အနောက်မှာ ထားပြီး လူအုပ်ကြားမှာ သူက ရှေ့ကနေ တိုးဝှေ့သွားနေလိုက် တာ သဘောကျစရာပေါ့။ လူထုထဲက အမျိုးသမီးတွေ ကလည်း တစ်ဦးပြီး တစ်ဦး၊ တစ်ယောက်ပြီးတစ်ယောက် လာနှုတ်ဆက်လိုက်ကြတာ စုတို့ ရှေ့ တိုးမလျှောက်နိုင် လောက်အောင် ဖြစ်နေပါတယ်။ သိပ်မကြာခင်မှာပဲ စုရဲ့ ပါးမှာ နှုတ်ခမ်းနီရာ စွန်းလာပါတော့ တယ်။ ကင်မ်က လူထုထဲမှာ အရပ် အရှည်ဆုံးလိုဖြစ်နေတော့ သူ့ခေါင်း ကို လိုက်ကြည့်ရုံနဲ့ စု ဘယ်နား ရောက်နေတယ် ဆိုတာ သိနိုင်လေရဲ့။ လူအုပ်ထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးက လူတွေလည်း ပါနေပုံ ရပါတယ်။ သူတို့ အချင်းချင်း လက်ကိုင်ဖုန်းတွေနဲ့ သတင်းပေးနေ သလိုမျိုးလည်း တွေ့ရလေ ရဲ့။ ဒီအမေနဲ့ဒီသားကို လူထုက ဒီလောက် ချစ်နေမှတော့ ကျွန်မလည်း စိတ်မပူဖြစ်တော့ပါဘူး။

တစ်နေရာမှာတော့ မိခင်တစ်ဦး က သမီးငယ်လေး တစ်ယောက်ကို  ပွေ့ချီထားပါတယ်။ ကလေးလေးရဲ့ လက်ထဲ မှာတော့ “ဒေါ်အောင်ဆန်းစုကြည်သည် ကျွန်ုပ်တို့၏ မိခင် ဖြစ် သည်”လို့ အင်္ဂလိပ်လို ရေးထားတဲ့ စာတန်းတစ်ခုကို ကိုင်ထားလေရဲ့။
အော်.. ဒီလိုကိုး။ ကျွန်မ သိသွားပါပြီ။ စုက မြန်မာလူထုရဲ့ အမေ ဖြစ် သွာပြီကိုး။ ၁၉၈၉ ဇူလိုင် ၂ဝ ကနေ ၁၉၉၅ ဇူလိုင် ၁ဝ ရက်အကြာ နေအိမ် အကျယ်ချုပ် အပြီးမှာ စုဟာ စစ် အစိုးရကို ဆန့်ကျင်တဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒီမိုကရေစီရဲ့ ပြယုဂ်လည်း ဖြစ်ခဲ့တာ ပေါ့။ ဒါပေမယ့် သူ့ရဲ့ ဒီမိုကရေစီ ဟာ သိပ်ဒြပ်မဲ့ ဆန်ခဲ့ပါတယ်။ လူထု ရဲ့ နေ့စဉ်ဘဝနဲ့ ဝေးကွာနေခဲ့တာပေါ့။  အဲဒီနောက် ၂ဝဝ၃ မေ ၃၁ ကနေ ၂ဝ၁ဝ နိုဝင်ဘာ ၁၃ ရက်ထိ ကြာခဲ့ တဲ့ အထိန်းသိမ်းခံဘဝအပြီးမှာတော့  စုဟာ မြန်မာလူထုရဲ့ မိခင်အဖြစ် အ သွင်ပြောင်းလာခဲ့ပါတော့တယ်။ စုဟာ ကျစ်လျစ်တဲ့ သင်္ကေတတစ်ခုအဖြစ် ပြန်လည်မွေးဖွားလာခဲ့တယ်လို့ ဆိုရ မှာပေါ့။

ကင်မ့် အနေနဲ့လည်း မိုက်ကယ့် နောက်ဆုံးအချိန်မှာ စုက မြန်မာပြည်ကို မထားခဲ့နိုင်ရတဲ့အကြောင်းရင်းကို သဘောပေါက်လောက်ပြီ ထင်ပါတယ်။ ဒါ့အပြင် သူ့အမေဟာ မြန်မာ လူထုအတွက် ဘယ်လိုအနက် အဓိပ္ပါယ်မျိုး ကို ဆောင်နေတယ်ဆို တာကိုပါ သဘောပေါက်လောက်ပါ ပြီ။ ဆယ်နှစ်ကျော်ကြာ မတွေ့ခဲ့ရ ပြီးတဲ့နောက် မှာတော့ ကင်မ်ရဲ့ သူ့အမေနဲ့ နေရတဲ့ ၂ ပတ်ဟာ အကောင်းဆုံး အားဆေး ထိုးလိုက်ရသလို ဖြစ်မယ့်နေ့ရက်တွေ ပဲ ဖြစ်ပါတော့တယ်။ကျွန်မကတော့ စုအနေနဲ့ အခုလို ငြိမ်းချမ်းတဲ့ နေ့ရက် ဘယ်လောက် များများကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်မှာ ပါလိမ့် လို့ တွေးနေ မိပါတယ်။ 



Ref: http://www.myanmarij.com/%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%81%BE%E1%80%80%E1%80%8A%E1%80%B9-%E1%81%84%E1%81%84/

No comments: