Sunday, 30 June 2013
ခြေလှမ်းသစ်တစ်ခု လှမ်းလိုက်တဲ့ ဓမ္မပူဇာမင်္ဂလာအသင်း (လှည်းကူး)
ဓမ္မပူဇာမင်္ဂလာအသင်း (လှည်းကူး) သည် ယခုအခါ ခြေလှမ်းသစ်တစ်ခု လှမ်းလိုက်ပါပြီ။ ယင်းမှာ အခြားမဟုတ် အသင်းပိုင် ဘလော့(ဂ်)တစ်ခုကို စတင်စမ်းသပ်နေခြင်း ဖြစ်ပါတယ်။ ယင်းဘလော့(ဂ်)ကို www.dhammapujamingalar.blogspot.com မှာ ၀င်ရောက်လေ့လာနိုင်ပါတယ်။
ယခုအခါ စမ်းသပ်ဆဲကာလ ဖြစ်သောကြောင့် နားလည်မှု့ပေးနိုင်ပါရန် ကြေညာထားပါတယ်။
Wednesday, 26 June 2013
သမိုင်းလည်းဝင် သမိုင်းလည်းတွင်တဲ့ လှည်းကူးသား (သို့) ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင်
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင်၏ အမည်ရင်းမှာ ကိုလှမြိုင်ဖြစ်သည်။ တို့ဗမာအစည်းအရုံးဝင်ရောက်သောအခါ သခင်လှမြိုင် ဖြစ်လာသည်။ ဂျပန်စစ်ပညာသင်တန်းတက်စဉ်က ဂျပန်အမည်မှာ အီတိုဒါတေအိချိ ဖြစ်သည်။ ထိုင်းနိုင်ငံ ဗန်ကောက်တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံရာတွင် ဗိုလ်ရန်အောင် ဖြစ်လာခဲ့သည်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင်ကို ၁၉၁၇-ခုနှစ် မတ်လ (၂)ရက်တွင် လှည်းကူးမြို့နယ်၊ ဒါးပိန်ရွာ၊ ဈေးပိုင်းရပ်ရှိ ဦးဘအောင် + ဒေါ်သိန်းမြတို့မှ ဖွားမြင်ခဲ့သည်။ ဗမာလူမျိုး ဗုဒဘာသာဝင်ဖြစ်သည်။ 
 ကျောင်းသားဘ၀နှင့် ပညာရေးရာ
၁၉၃၅-ခုတွင် ဒသမတန်းစာမေးပွဲ အောင်မြင်ခဲ့သည်။
၁၉၃၆-မှ ၁၉၃၉-အထိ သန်လျင် ဘီအိုစီရေနံချက်စက်ရုံ တွင် အလုပ်လုပ်ခဲ့သည်။
အမျိုးသားနိုင်ငံရေးဆောင်ရွက်ချက် 
၁၃၀၀ ပြည့် အရေးတော်ပုံကာလ ၂၇ ဇွန် ၁၉၃၈-ခုနှစ် သန်လျင် ဘီအိုစီရေနံချက်စက်ရုံ သပိတ်မှောက်ရာတွင် ပါဝင်ခဲ့သည်။ သခင်အောင်ဆန်း နှင့် သခင်ကျော်စိန်ကို တရုတ်နိုင်ငံသို့ စေလွှတ်ရန်စီစဉ်ထားသော်လည်း သခင်ကျော်စိန် မလိုက်ပါနိုင်သည့်အတွက် ဗြိတိသျှအစိုးရမှ ဖမ်းဝရမ်းထုတ်ထားသော  သန်လျင် ဘီအိုစီ အလုပ်သမားသမဂ္ဂ အတွင်းရေးမှူး သခင်လှမြိုင်ကို အစားထိုးရွေးချယ်ခဲ့သည်။ 
၈ သြဂုတ် ၁၉၄၀ပြည့်နှစ် တွင် သခင်အောင်ဆန်းနှင့်အတူ ဟိုင်လီသင်္ဘောဖြင့် အမွိုင်သို့ သွားရောက်ခဲ့သည်။ အမွိုင်တွင် တရုတ်ကွန်မြူနစ်ပါတီနှင့် အဆက်အသွယ်မရဘဲ သောင်တင်နေရာမှ မြန်မာနိုင်ငံရှိ ရဲဘော်များ၏ ကြိုးပမ်းမှု့ဖြင့် ဂျပန်နှင့် ဆက်သွယ်မိကာ ၁၂ နိုဝင်ဘာ ၁၉၄၀ပြည့်နှစ်တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့သည်။ ထို့နောက် ၁၉၄၁ခုနှစ် April တွင် စစ်ပညာသင်ကြားရန် ဟိုင်နန်ကျွန်းသို့ ရောက်ရှိခဲ့သည်။  ဟိုင်နန်ကျွန်းနှင့် တိုင်ဝမ်ကျွန်းတို့တွင် စစ်ပညာ သင်ကြားခဲ့သည်။ 
ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) စစ်ဌာနချုပ် နှင့် မော်လမြိုင်စစ်ကြောင်းဖြင့် မြန်မာနိုင်ငံတွင်း ချီတက်ကာ ဗြိတိသျှတို့ကို  တိုက်ခိုက်ခဲ့သည်။ ဂျပန်တပ်မတော်နှင့် ဘီအိုင်အေတပ်များ ရန်ကုန်မြို့ကို သိမ်းပိုက်ပြီးနောက် ပြန်လည်ဖွဲ့စည်းခဲ့သည့် ဘီအိုင်အေ တပ်မ (၁) နှင့် (၂) တို့သည် အထက်မြန်မာနိုင်ငံကို ချီတက်တိုက်ခိုက်ခဲ့ရာ 12 April 1942 တွင် ဒုတိယဗိုလ်မှူးကြီး ရန်အောင်သည်
တပ်မ (၁) လက်အောက်ခံ တပ်မဟာ (၁) အားဦးစီးပြီး ရခိုင်သို့ ချီတက်ခဲ့သည်။
တပ်မဟာ (၁)သည် တောင်ကုတ်၊ ရမ်းဗြဲ၊ မင်းပြား၊ ပုဏားကျွန်း၊ စစ်တွေ၊ ဘူးသီးတောင်၊ မြို့ဟောင်းတို့ကို သိမ်းပိုက်ခဲ့သည်။ 
ဗိုလ်ရန်အောင် မင်းပြားတွင်ရှိနေစဉ် အိန္ဒိယရှိ မဟာမိတ် စစ်အာဏာပိုင်များနှင့် ဆက်သွယ်ရန် သွားရောက်မည့် သခင်သိန်းဖေ၊ သခင်တင်ရွှေတို့နှင့် တွေ့ဆုံခဲ့သည်။ ဗိုလ်ရန်အောင်သည် ၄င်းတို့နှစ်ဦးအား လိုအပ်သည့်ငွေကြေးအကူအညီများ ပေးအပ်ခဲ့သည့်အပြင် နယ်စပ်ထိရောက်အောင် စီစဉ်ပို့ဆောင်ပေးခဲ့သည်။
27 July 1942 တွင် ဘီအိုင်အေကို ဖျက်သိမ်းပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ကို ဖွဲ့စည်းသောအခါ ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။
23 August 1944 ဗိုလ်ချုပ်အောင်ဆန်းအိမ်တွင်ကျင်းပခဲ့သည့် ဖက်ဆစ် တိုက်ဖျက်ရေး  နှင့် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ဖွဲ့စည်းရေး အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။  ၁ မတ် မှ ၃ မတ် ၁၉၄၅ခုထိ ကျင်းပခဲ့သော ဖ-တ-ပ-လ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။  ထို
အစည်းအဝေးမှ ဖက်ဆစ်ဂျပန်တို့အား တော်လှန်တိုက်ခိုက်ရန် အစီအစဉ်များ ချမှတ်ခဲ့သည်။ 
ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလ ရှေ့တန်းစစ်ဌာနချုပ်တွင် ဒုတိယစစ်ဦးစီးမှူးအဖြစ်တာဝန်ယူကာ
ဖက်ဆစ်ဂျပန်တို့အား တော်လှန်တိုက်ခိုက်ခဲ့သည်။ အထက်ဗမာပြည်တိုင်တွင် တိုင်းမှူး ဗိုလ်မှူးကြီးဗထူး ကျဆုံးသွားသောအခါေိုလ်ရန်အောင်သည် အထက်ဗမာပြည်တိုင်းမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။
ပါတီနိုင်ငံရေး
ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဖြစ်သည်။ ၁၉၃၉ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ပထမဆုံး ဖွင့်လှစ်သော ကွန်မြူနစ် သင်တန်းကို တက်ရောက်ခဲ့သည်။ ၂၈ ဖေဖေါ်ဝါရီ မှ ၆ မတ် ၁၉၄၈ခုနှစ်အထိ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် ကျင်းပသော အရှေ့တောင်အာရှ ဒီမိုကရက်တစ်လူငယ်များ ညီလာခံသို့ တက်ရောက်ခဲ့သည်။ 
၁၉၄၈-ခုနှစ် မတ်တွင် ဖဆပလအစိုးရက ဗမာပြည်ကွန်မြူနစ်ပါတီဝင်များကို ဖမ်းဆီးရာ ဗိုလ်ရန်အောင် ဖမ်းဆီးခံခဲ့ရသည်။ ၁၈ ဇူလိုင် ၁၉၄၈ တွင် ဖဆပလအစိုးရက အင်းစိန်ထောင်မှ လွှတ်ပေးပြီးနောက် လက်ဝဲညီညွတ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။  ၁၉၄၈ခုနှစ် သြရုတ်လတွင် လက်ဝဲညီညွတ်ရေးကောင်စီက ဗိုလ်ရန်အောင်အား ဗမာပြည်ကွန်မြူနစ်ပါတီသို လက်ဝဲညီညွတ်ရေးလမ်းစဉ်ကို တင်ပြရန် ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ်သို့ စေလွှတ်ခဲ့သည်။ ထိုသို့ စေလွှတ်ခံခဲ့ရာမှ မပြန်တော့ပဲ တောခိုကာ ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်လမ်းစဉ်နောက် ပါသွားခဲ့သည်။
၁၉၄၉ခုနှစ်တွင် ဗကပ ခြေလျင်တပ်မ ၄ ၏  တပ်မမှူးအဖြစ်၎င်း၊ ဗကပတပ်များ၏ ဒုတိယစစ်သေနာပတိချုပ်အဖြစ်၎င်း ဆောင်ရွက်ခဲ့သည်။ ၁၅ ဒီဇင်ဘာ ၁၉၆၇ခုနှစ် ပီကင်းကွန်မြူနစ်လမ်းစဉ်ကို မထောက်ခံသောကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီမှ ထုတ်ပယ်ခြင်း ခံရသည်။ 
ဘ၀နိဂုံး 
ဗမာပြည်ကွန်မြူနစ်ပါတီ၏  ဖြုတ်ထုတ်သတ် လမ်းစဉ်အရ ဗိုလ်ရန်အောင်သည် ၂၆ ဒီဇင်ဘာ ၁၉၆၇ ခုနှစ်- ပဲခူးရိုးမရှိ ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ် ဗဟိုစခမ်းတွင်  လူငယ်များ၊ အမျိုးသမီးများနှင့် ကင်းအဖွဲ့သင်များ၏ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
ကျမ်းကိုး။        ။     ကျော်ငြိမ်း၊" ရဲဘော်သုံးကျိပ်"၊  အင်းဝစာပေတိုက်၊ ကျောက်တံတား၊ ရန်ကုန်၊ ၁၉၉၈      
Tuesday, 25 June 2013
အီးလ် မောက်စ် (ဗီဒီယို)
ဒီစကား (ဒေါ်အောင်ဆန်းစုကြည်)
ဇွန်လ ၁၉ ရက်က ကျွန်မရဲ့ ၆၈နှစ်မြောက်မွေးနေ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး အဖွဲ့ချုပ်ရုံးရှိတဲ့ ရွှေဂုံတိုင်မှာ စတုဒီသာကျွေးမွေးပါတယ်။ စတုဒီသာဆိုတော့ အရပ်လေးမျက်နှာကပေါ့နော်။ အရပ်လေးမျက်နှာကလာသူအားလုံးကို ခွဲခြားမှုမရှိ ကျွေး မွေးခြင်းပါ။ ကျွန်မကလည်း “စတုဒီသာ” မက ပြုလုပ်ချင်ပါတယ်။ ကျွန်မရဲ့ မွေးနေ့မှာ အရပ်ပေါင်းစုံ၊ နိုင်ငံပေါင်းစုံက ပို့သတဲ့ ဆုမွန်ကောင်း တွေအတွက် အရပ်ပေါင်းစုံ၊ နိုင်ငံပေါင်းစုံဘက်ကို ကျေးဇူး၊ မေတ္တာနဲ့တုန့်ပြန်ချင်ပါတယ်။
ကျွန်မကို မွေးနေ့ဆုတောင်းတွေ၊ မွေးနေ့လက်ဆောင်တွေ ပို့သသူများထဲမှ မိမိတို့မေတ္တာ၊ စေတနာနဲ့ပို့သတာတွေကို ကျွန်မသိမှသိပါလေ စလို့ စဉ်းစားတာရှိပါလိမ့်မယ်။ အမှန်ပြောရရင် အမည်တိုင်း၊ အမည်တိုင်းကို ကျွန်မ မသိပါဘူး။ ဒါပေမဲ့ ပို့သတဲ့မေတ္တာတွေကိုတော့ အ နည်းလေးမှမကျန် ခံစားရပါတယ်။ ဒါဟာကျွန်မရဲ့ ယုံကြည်ချက်ပါပဲ။ မေတ္တာနဲ့ပေးတဲ့ဆုတိုင်းဟာ ထိရောက်ပါတယ်။ ကောင်းကင်က ကျလာတဲ့ မိုးပေါက်တိုင်းကို မသိနိုင်ပေမဲ့ ဒီမိုးပေါက်များရဲ့ စုပေါင်းအားနဲ့ ကမ္ဘာမြေကြီး စိမ်းလန်းစိုပြေသလိုပါပဲ။ များပြားလှသော မေတ္တာ၊ စေတနာရှင်များရဲ့ အားနဲ့ ရှင်သန်နေတယ်လို့ ပြောရင်မမှားပါဘူး။ မချမ်းသာတဲ့ ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားတွေဟာ ကျွန်မအပေါ်မှာ ရက်ရောကြပါတယ်။ စေတနာက အဓိကမို့ပေးတဲ့လက်ဆောင် အသေးအကြီး၊ တန်ဖိုးရှိမရှိကို ကျွန်မခွဲခြားမကြည့်ပါဘူး။
ကျွန်မက သိပ်အ၀ယ်သန်တဲ့သူမျိုးမဟုတ်ပါဘူး။ ငယ်ငယ်က စိတ်ကူးယဉ်ခဲ့တာက ကျွန်မမှာ ခရီးသွားသေတ္တာနှစ်လုံးထက်ပိုမလိုတဲ့ အဓိကကျတဲ့ပစ္စည်းတွေနဲ့ ခရီးသွားဖို့အတွက် လုံလောက်မဲ့ငွေပမာဏ ဘဏ်တိုက်ထဲမှာ ရှိနေရင်ကောင်းမှာပဲလို့။ ဘ၀တစ်ခုလုံးနဲ့ နှိုင်းပြောရရင် ၀န်ပေါ့ပြီး အပူအပင်ကင်းကင်းနဲ့ လျှောက်သွားချင်တယ်ပေါ့။ ဒါပေမဲ့ ကျွန်မတို့နေနေရတဲ့ လောကကြီးက အနတ္တလေ။ အစိုးမရတဲ့ဘ၀မှာပဲ နေတတ်အောင်နေကြရတာ။ ကျွန်မအတွက် စိုးရိမ် ပူပင်ပေးကြတဲ့ မေတ္တာ၊ စေတနာရှင်တွေကို “ကျွန်မနေတတ်ပါတယ်” လို့ပဲ နှစ်သိမ့်ရတာပါပဲ။ ဒီလိုနေတတ်အောင်အတွက် အများပို့သတဲ့ မေတ္တာတွေက အများကြီးအထောက်အကူဖြစ်ပါတယ်။ Facebook တွေမှာမွေးနေ့ဆုတောင်းတွေပါတယ်ဆိုလို့ ကျွန်မကြည့်ဖို့ DVD ပေါ်မှာ ကူးပေးပါလို့မှာပါတယ်။ ဂရုတစိုက်နဲ့ သတိရကြောင်း အသိပေး သူများကို ကျေးဇူးတင်တန်ဖိုးထားကြောင်းလည်း ဒီကနေပြောပါရစေ။
ဖြတ်သန်းလာခဲ့တဲ့ ၆၈ နှစ်ကို ပြန်ကြည့်တဲ့အခါ အဓိကကျတဲ့ဖြစ်စဉ်တွေက ဘာများပါလိမ့်လို့ ကျွန်မကို မေးမြန်းကြတာရှိပါတယ်။ ကျွန်မ လည်း အဖြေရှာရခက်ပါတယ်။ အစကစရမယ်ဆိုရင် အဓိကကျတာကတော့ ကျွန်မဟာ ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်ခြင်းပါပဲ။
ဒီလိုပြောလို့ မေမေကကျွန်မအတွက် အဓိကမကျဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ကျွန်မရဲ့ ဘ၀အပေါ်မှာ ကျွန်မဟာ ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်တယ်ဆိုတဲ့အချက်ဟာ အများကြီးလွှမ်းမိုးတာကို ပြောချင်တာပါ။ နာမည်၊ သြဇာ၊ ကျော်ကြားမှုကြီးမားတဲ့ မိဘတွေက မွေးဖွားပြီး မိမိတို့ကိုယ်တိုင် နာမည်ကြီး သူများဖြစ်လာတဲ့ အချို့ပုဂ္ဂိုလ်တွေက မိဘအရှိန်အ၀ါကြောင့် မိမိတို့ကိုယ်တိုင် အရှိန်အ၀ါမြင့်တယ်ဆိုတာ လက်မခံကြဘူး။ လက်မခံတာကလည်း မိမိတို့ဘ၀အလျောက် အကြောင်းခိုင်မာမှုရှိတာတွေလည်း ရှိမှာပါ။ ဒါပေမဲ့ မြန်မာ့နိုင်ငံရေးလောကမှာ ယခုကျွန်မ ရောက်ရှိနေတဲ့နေရာဟာ ဖေဖေ့ရဲ့ သမီးဖြစ်မှုနဲ့ အများကြီးဆိုင်တယ်ဆိုတာ ငြင်းလို့ မရပါဘူး။ ဒါဟာ ဂုဏ်ယူပြီးပြောတာလည်း မဟုတ်ပါ ဘူး။ နှိမ့်ချစိတ်နဲ့ပြောတာလည်းမဟုတ်ပါဘူး။ အဖြစ်ကို အဖြစ်အတိုင်းပြောတာပါ။
ဖေဖေ့ အပေါ် ပြည်သူတွေထားတဲ့ ယုံကြည်မှု၊ ကြည်ညိုလေးစားမှုနဲ့၊ မေတ္တာတွေဟာ ကျွန်မအပေါ် တစ်စိတ်တစ်ပိုင်း ကျရောက်လာခြင်းဟာ ကျွန်မအတွက်ဘယ်တော့မှ မဆုံးရှုံးနိုင်တဲ့ အမွေအနှစ်ပါပဲ။ မွေးနေ့မှာ့ ပထမဦးဆုံးကျေးဇူးတင်ရမှာကတော့ မွေးဖွားခဲ့တဲ့ မိဘတွေကိုပါ။ ဒါကြောင့်ကျွန်မ မကြာခဏပြောပါတယ်။ လူ့လောကမှာ အရေးကြီးတာ ရာထူး၊ နေရာ၊ ပိုက်ဆံ၊ ပစ္စည်းပဲဖြစ်တယ်။ ဖြောင့်မတ်တာတို့၊ ရိုးသားပွင့်လင်းတာတို့ကို အလေးထားတာ စိတ်ကူးယဉ်တယ်လို့ ထင်ကြသူများဖေဖေ့ကိုကြည့်ပါ။ ကျွန်မနှစ်နှစ်ကျော်လေးက ဆုံးပါးသွားပေမဲ့ အခုကျွန်မ ၆၈ နှစ်ပြည့်သည့်တိုင်အောင် မကုန်နိုင်တဲ့ အမွေတွေ ထားခဲ့ပါတယ်။
 အင်္ဂလိပ်အဆိုတစ်ခု အရ သာမန်နိုင်ငံရေး သမားဟာ နောက်ရွေးကောက်ပွဲအတွက်ပဲ စဉ်းစားတယ်။
 တကယ့်နိုင်ငံ့အရေးစွမ်းဆောင်နိုင်သူများက နောက်မျိုးဆက်တွေ အတွက်စဉ်းစားတယ်။ ကိုယ့်နိုင်ငံရဲ့ နောက်မျိုးဆက်တွေအတွက် စဉ်းစားနိုင်စွမ်းနည်းသေးရင်တောင်မှ ကိုယ့်မ်ျိုးဆက်တွေအတွက်စဉ်းစားပြီး ကောင်းမွန်တဲ့နိုင်ငံရေး လုပ်သင့်ပါတယ်။ အင်မတန်ရှုပ်ထွေးပွေ လီတဲ့ နိုင်ငံရေးဖြစ်စဉ်တွေထဲက ခေါင်းဆောင်ကောင်းတွေထွက်လာနိုင်ဖို့ အရပ်လေးမျက်နှာက ကျွန်မတို့ပြည်သူတွေ က မေတ္တာမဲတွေနဲ့ ဆုံးဖြတ်ပေးနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။
ဒီတစ်ပတ်တော့ဒီမျှသာ။ ။
ဒေါ်အောင်ဆန်းစုကြည်
ဇွန် ၂၄၊ ၂၀၁၃
အတွဲ ၂၊ အမှတ် ၂၄။
Saturday, 22 June 2013
လှည်းကူးက လယ်သမားတွေ ရှင်းလင်းပွဲလုပ်
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာနေထိုင်တဲ့ လယ်သမားတွေက သူတို့လယ်မြေတွေ အသိမ်းခံနေရတာနဲ့ ပတ်သက်ပြီး ဥပဒေဆိုင်ရာ အကြံဥာဏ်တွေရဖို့နဲ့  လယ်မြေတွေ ပြန်လည်လုပ်ကိုင်ခွင့်ရဖို့အတွက် ရှင်းလင်းတင်ပြပွဲတစ်ခုကို မနေ့နေ့လယ်က ပြုလုပ်ခဲ့ပါတယ်။
အဲဒီပွဲကို လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းရွာ ကျိုက်ကောင်း ဘုရားကျောင်းဓမ္မာရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး  လယ်သမားတွေရဲ့ ရှင်းလင်းပွဲနဲ့ ပတ်သက်လို့  ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း  တောင်သူလယ်သမားရေးရာကော်မတီက မနုနုအောင်က RFA ကို အခုလိုပြောပါတယ်။
"စုစုပေါင်း ဧက ၁ဝဝဝ ကျော်တယ်၊ မင်းလွင်ကုန်းတစ်ခုတည်းကို ၅ဝဝ ကျော်တယ်။ကျေးရွာအုပ်ချုပ်ရေးမှုးက သိမ်းတာရှိတယ်၊ ပိုင်ရှင်မဲ့ဆိုပြီး ရောင်းစားလိုက်တာရှိတယ်၊ တကယ်ခံစားရတော့ လက်ရှိလယ်သမားတွေက ဖယ်ပေးလိုက်ရတယ်"်
လှည်းကူးမြို့နယ် မင်းလွင်ကုန်း၊ စာဘူးတောင်း၊ အင်းတိုင်၊ စာသူငယ်၊ ဝါးနက်ကုန်း၊ ဇရပ်ကွင်း၊ ရဲမွန်၊ စိုင်ဒီကုန်း၊ ဘန့်ဘွေးကုန်း၊ နန္ဒိနဲ့  ဖရုံစုရွာတွေက လယ်မြေတွေ အသိမ်းခံထားရတာလို့ ဆိုပါတယ်။
အဲဒီလယ်သမားတွေရဲ့ ရှင်းလင်းပွဲတက်ခဲ့တဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း လယ်သမားရေးရာ ကော်မတီဝင် မနုနုအောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
မနုနုအာင်နဲ့ မေးမြန်းချက် (နားထောင်ရန် အောက်ပါလင့်ကို ကလစ်ပါ။)
http://www.rfa.org/burmese/news/ygn-farmer-press-88-06222013001418.html/1021101e10361016102d102f100410391014102c103810311011102c10041039101b10141039108f103d100410391037101b101a1030101b10141039/inline.html 
Ref: http://www.rfa.org/burmese/news/ygn-farmer-press-88-06222013001418.html
Wednesday, 19 June 2013
မြန်မာအသင်း နှင့်ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက ၂ဂိုး - ၃ ဂိုးဖြင့် ရှုံးနိမ့်သွား
AFC U-14 Girls' Regional Championship 2013
18-6-2013 (17:00) မြန်မာစံတော်ချိန် (4:30)
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ Thong Nhat Stadium တွင် မြန်မာအသင်း နှင့်ထိုင်းအသင်းတို့
ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက ၂-၃ ဂိုးဖြင့် ရှုံးနိမ့်သွားပါတယ်။