Thursday, 9 August 2012

ငမိုးရိပ်ရေလွှဲဆည်အနီးရှိ ကျေးရွာများတွင်ရေကြီးမှုကြောင့် စပါးများပျက်စီး ၊ လူတစ်ဦးသေဆုံး ရှုမဝအောင်(မြစ်မခ)

ငမိုးရိပ်ရေလွှဲဆည် ရေထွက်ပေါက်များ ပိတ်ဆို့ထားခြင်းနှင့်အတူ ရက်ဆက်မိုးရွာသွန်းခြင်းကြောင့် ဒဂုံအရှေ့ပိုင်းနှင့် လှည်းကူးမြို့နယ်ရှိ ရွာ(၁၁)ရွာတွင် ရေဘေးဒုက္ခ ရင်ဆိုင်ခဲ့ရပြီး လူတစ်ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
 
 
ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ကျူချောင်းကျေးရွာ၊ မလစ်ရှေ့ကျေးရွာ၊အဝိုင်းအရှေ့ကျေးရွာ၊ ထောင်တလုတ်ကျေးရွာ၊ ရှမ်းတဲကြီး အောက်ကျေးရွာနှင့် လှည်းကူးမြို့နယ် ကျေးရွာများမှာ သိမ်ကုန်းကျေးရွာ၊ရှမ်းတဲအထက်၊ဆားတလင်း ကျေးရွာ၊ သနပ်ပင်ကျေးရွာ၊ မလစ်နောက် ကျေးရွာ၊အဝိုင်းနောက်ကျေးရွာနှင့် ရေကျော်ကျေးရွာတို့တွင် ရေလွှမ်းမှု ကြုံတွေ့နေရခြင်းဖြစ်သည်။

ထိုသို့ ရေလွှမ်းမိုးမှုကြောင့် ယမန်နေ့(သြဂုတ်လ-၇)ရက်နေ့က  အသက် (၃၃)နှစ်အရွယ် အမျိုးသားတစ်ဦး   ရေနစ်မြုပ် သေဆုံးခဲ့သည်။

“ကျွန်တော်တို့ရွာမှာ ရေနစ်ပြီးသေတဲ့သူတောင်ရှိနေပြီ၊ အသုဘချတာကအစ အခက်ခဲဖြစ်တယ်၊ အခေါင်းကို ရေထဲမှာ ချရတာဆိုတော့ကျွန်တော်တို့မှာ ကြိုးနဲ့ဆွဲပြီး ပေါ်ကနေ ခဲတွေဖိ ကျောက်ခဲ တွေဖိပြီး တော်တော် ခက်ခဲနေပါတယ်’’ ဟု ကျူချောင်းကျေးရွာတွင် နေထိုင်သော ကိုညွန့်ဝေက ပြောသည်။

လယ်အဓိကလုပ်ကိုင်သော ရွာသူရွာသားများမှာ စပါးရှိသော်လည်း စပါးကြိတ်ခွဲရန် ဆန်စက်မှာ ရေနစ်မြုပ် နေသည့်အတွက် စပါးကြိတ်ခွဲရာတွင် အခက်ခဲဖြစ်ပေါ်လျက်ရှိကြောင်း ကျေးရွာသူရွာသားများက ပြောသည်။

“ ကျွန်တော်တို့ နောက်နှစ်သုံးရက် ရေနစ်ပြီဆိုရင် ထမင်းငတ်ပြီ၊ ကျွန်တော်တို့မှာ စပါးရှိရဲ့နဲ့ထမင်းငတ်ရမယ့် ဘဝ ရောက်တော့မယ်’’ ဟု ထောင်တလုတ်ကျေးရွာမှ ကိုဝင်းဌေးက ပြောသည်။

ရွာသူရွာသားများသည် မြွေ အန္တရာယ်၊မျှော့အန္တာရာယ်များကိုလည်း ရင်ဆိုင်နေရသောကြောင့် ညတွင်ပင် ကောင်းမွန်စွာ မအိပ် စက်နိုင်ကြောင်း သိရသည်။ထို့ပြင် သောက်သုံးရေ၊ထမင်းဟင်း ချက်ရေများကိုလည်း ၄င်းရေများကိုသာ အသုံးပြုနေရကြောင်း ရွာသားများက ဆိုသည်။
ယခုချိန်ထိ အဆိုပါရွာသူရွာသားများဆီသို့ မည်သည့်အဖွဲ့အစည်းကမှ လာရောက်ကူညီခြင်း မရှိသေးကြောင်းကိုလည်း သိရှိရသည်။

‘’ဘုန်းကြီးတို့ရွာမှာ အရင်တုန်းက နတ်လမ်းကျော်ပြီး ရေကြီးတယ်ဆိုတာမရှိဘူး၊ဒီငမိုးရိမ်ဆည် ကြီး ပြီးတဲ့ နှစ်နှစ်သုံးနှစ် ရေကြီးတာ ပြီးတော့ ဒီနှစ်ပိုးဆိုးတယ်၊ ဒီနှစ်လောက်ကြီးတဲ့ရေကိုတော့ မမြင်ဘူးဘူးပေါ” ဟုကျူးချောင်းဆရာတော် ဦးသာဂရက ပြောသည်။

လွန်ခဲ့သည့် နှစ်များတွင် ရေကြီးမှုဖြစ်ပေါ်ခဲ့သော်လည်း ယခုနှစ်ကဲ့သို့ ရက်ကြာမြင့်စွာရေကြီးမှု မဖြစ်ပေါ်ခဲ့ကြောင်း ယင်းသို့ရေလွမ်းမိုးမှုဖြစ်ပေါ်ရခြင်းသည် ငမိုးရိပ်ရေလွှဲဆည်တည်ဆောက်လိုက် ခြင်းကြောင့် ရေစီးချောင်းပိတ်ဆို့ကာ ရွာ၌ရေဘေးကြုံရခြင်းဖြစ်သည်ဟု ရွာသားများက ဆိုသည်။


“ အရင်တုန်းကလဲ နှစ်စဉ်နှစ်စဉ်နစ်ပါတယ်၊ ဒီနှစ်တော့ ပိုတယ်ပေါ့နော်၊ ဒီရေနစ်မြုပ်တာကို ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း တင်ပြထားပါတယ်၊ ဒီထက်ပိုနစ်ရင် လယ်သမားက သေမှာပါ နောက်စိုက်ထားတာတွေလည်း သေမှာပါ အခုနေအခါမှာ မသိသေးပေမယ့် ရေလျော့သွားရင်တော့ ဘယ်လောက်ထိပျက်စီးသွားမလဲဆိုတာ သိရမှာပါ၊ က္မန်တော်ထင်တာ   တော်တော်ပျက်ဆီးမယ်လို့ ထင်ပါတယ်’’ ဟု မလစ်ရှေ့ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှငွေက ပြောသည်။

http://www.myitmakhamediagroup.com/detail.php?newid=2127 

Tuesday, 7 August 2012

တပည့်တစ်ဦး သင်ပြပေးတဲ့ ဘ၀ သင်ခန်းစာ Written by လှရွှေ

လူ့ဘ၀မှာ မထင်မှတ်တဲ့ အဖြစ်အပျက်ကလေးတွေမှာ မှတ်သားလောက်တဲ့ သင်ခန်းစာလေးတွေ ရှိတတ်စမြဲပါ။ ကျနော် ဆယ်တန်းအောင်ပြီးတဲ့ ကာလမှာ စာတွေတော်တော်များများ ဖတ်ဖြစ်ခဲ့ပါတယ်။ ပါမောက္ခ တဦးကို ပညာပေးလိုက်တဲ့ လှေသမားရဲ့ ပုံပြင်က အသဲခိုက်စရာ ကောင်းလှပါတယ်။ ဘ၀မှာ မိမိ ကိုယ်ကို ထင်တလုံးနဲ့ နေခဲ့ကြတဲ့ လူတွေအတွက်တော့ ဒီလိုမျိုး ဘ၀နဲ့ ပတ်သက်တဲ့ အမှတ်တမဲ့ သင်ခန်းစာတွေက တော်တော်တန်ဖိုးရှိမယ် ထင်ပါတယ်။

ကျနော်လည်း မိမိကိုယ်ကို ထင်တလုံးနဲ့ နေထိုင်လာတဲ့သူ ဖြစ်ကြောင်း ၀န်ခံပါရစေဗျာ။ မိမိကိုယ်ကို ထင်တလုံး ဆိုတဲ့အထဲမှာ အလကားနေရင်း ဘ၀င်မြင့်နေတာတော့ မဟုတ်ပါဘူး။ ဘ၀ကို အရှုံးမပေးတဲ့သူ၊ မိမိလိုချင်တဲ့အရာကို ရအောင် လုပ်တတ်တဲ့သူ တယောက် အဖြစ် မိမိကိုယ်ကို ထင်တလုံးနဲ့ နေလာတဲ့သူ ဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ် ပြောင်းပြန်စီးတဲ့ မြစ်ကမ်းဘေး တလျှောက်က ဇာတ်လမ်းတော်တော် များများကို သိထားတဲ့ သူလို့ မိမိကိုယ်ကို အထင်ကြီးနေတဲ့သူ ဖြစ်ပါတယ်။

ဘ၀ရဲ့ ကြမ်းတမ်းတဲ့ အချိုးအကွေ့တွေရဲ့ အောက်မှာ ကျနော့်ဘ၀လည်း အရောင်တွေ အမျိုးမျိုး ပြောင်းခဲ့ရပါတယ်။ ပြည်တွင်း တက္ကသီလာမှာ ပညာနို့ရည်သောက်နေစဉ်တုန်းကလည်း ကျောင်းဆရာ တယောက်အနေနဲ့ ဖြတ်သန်းခဲ့ဘူးတဲ့ ချိုမြတဲ့ အတွေ့အကြုံလေးတော့ ရှိနေသလို၊ တော်လှန်ရေး ရဲ့ ယူတန်း အချိုးအကွေ့ အပြာင်းအလဲမှာ ကျောင်းဆရာတကျော့ ဖြစ်ခဲ့ရ ပြန်တယ်။ CDC ကတော့ ကျနော့်ဘ၀ရဲ့ မှတ်တိုင်လို့ ပြောရမယ်ထင်ပါတယ်။ မိတ်ဟောင်း ဆွေဟောင်းတွေနဲ့ ပြန်လည် ဆုံတွေ့တဲ့ နေရာဖြစ်သလို ကျနော့်ဘ၀ရဲ့ အခက်ခဲဆုံး ကာလကို အေးချမ်းစွာ ဖြတ်သန်းနေရတဲ့ ရိပ်မြုံလေးတခု ဖြစ်တယ်ဆိုရင် မှားမယ် မထင်ပါဘူး။

ကျနော်တို့လို ဘ၀အခက်အခဲကို ရင်ဆိုင်ကျော်ဖြတ်နေကြတဲ့၊ တိုင်းတပါးမှာ တရားမ၀င် နေထိုင်ရရှာတဲ့ ကလေးတွေကို ပညာတွေ သင်ပေးရင်း၊ မောက္ခ ပညာရေးမဂ္ဂဇင်းမှာ စာတွေရေးရင်း အေးချမ်းတဲ့ မိသားစု ရိပ်မြုံကို မထင်မှတ်တဲ့ ထောင့်တစ်နေရာကနေ လောကဓံ ဒီလှိုင်းက ရိုက်ပုတ်လာပြန်တယ်။ ရိုက်ချက်ကလည်း တော်တော် ပြင်းတယ်လို့ခံစားရတယ်။

အဲဒီနေ့က ကျနော် ငှက်ဖျားမိပြီး အပူချိန် (၁၀၄) ကျော်နေတဲ့အချိန်။ ဘ၀ရဲ့ မိုးကြိုးမုန်းတိုင်းကလည် ဒီလိုအချိန်မှ ကျရောက်တတ်ပါတယ်။ ကျနော်ရဲ့ ရဲဘော်ရဲဘက်လည်းဖြစ်တဲ့ ချစ်သူ ကြင်သူဇနီးမှာ ရင်သား ကင်ဆာ ဖြစ်နေတယ်ဆိုတဲ့ သတင်းဆိုးကို ဆရာဝန်ဆီက သိရတဲ့နေ့ဟာ ကျနော်တို့မိသားစု ဘယ်လိုမှ မခံစားဘူးတဲ့ ဘ၀ရဲ့ ခါးသီးတဲ့ အတွေ့အကြုံကို ခံစားရတဲ့နေ့ပါဘဲ။

ရင်သားကင်ဆာဆိုတာ ကုသလို့ရပေမယ့် ကျနော်လို နှစ်ပေါင်း တစ်ဆယ်ကျော် တော်လှန်ရေးနယ်ပယ်ထဲ လေလွင့်နေသူ တစ်ဦးအနေနဲ့ ဘယ်အရာတွေနဲ့ ကုသရမလဲ ဆိုတဲ့ မေးခွန်းက ကျနော့်ခေါင်းထဲမှာ စိုးမိုးနေပါတော့တယ်။ ထိုင်းနိုင်ငံမှာ နေထိုင်လို့ရနိုင်မယ့် (သို့) ဆေးဝါးကုသခွင့်ရှိတဲ့ ဘယ်လိုကဒ်မျိုးမှ ကျနော့်မိသားစုမှာ မရှိပါဘူး။ ဒီလိုနေထိုင်ရတာလည်း မိမိတိုင်းပြည်ကို မနက်ဖြန်၊ သဘက်ခါ ပြန်ရတော့မလို့ အမြဲတွေးနေတဲ့အတွက် ဒီကဒ်တွေကို ကျနော်မလုပ်ချင်ဘူး။ စိတ်မ၀င်စားမိတာ အမှန်ဖြစ်ပါတယ်။

မိမိကိုယ်ကို မှန်တယ်ထင်လို့ လုပ်ခဲ့တဲ့ အလုပ်အပေါ် နောင်တဆိုတဲ့ စကားကိုဘယ်တော့မှ ပြောမှာ မဟုတ်ဘူးလို့ ထင်ထားခဲ့ပေမယ့် အခုလို ကိုယ်ချစ်မြတ်နိုးတဲ့သူရဲ့ ဒုက္ခကို မကယ်နိုင်တဲ့ အချိန်မျိုးမှာ နောင်တဆိုတာ ရတတ်ပါလားလို့ နားလည်လာခဲ့တယ်။ မိမိဘ၀အတွက်၊ မိသားစုဘ၀အတွက် စနစ်တကျ ပြင်ဆင်ထားမှု မရှိလေခြင်းဆိုတဲ့ နောင်တတရားက ကြီးမားစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ စိတ်ဓါတ်လည်း ကျမိတယ်။

အဲဒီလို စိတ်ဓါတ်ကျပြီး စိတ်လေလွင့်နေတဲ့အချိန်မှာ စီဒီဒီ ကျောင်းဘေးနားလေးက တခုသော အချိုရည်ဆိုင်မှာ ထိုင်ရင်း မိမိဘ၀ရဲ့ မအောင်မြင်မှုတွေကို စဉ်းစားနေမိပါတယ်။ ကျနော်အတွေးထဲ နစ်မြောနေစဉ်မှာဘဲ “ ဆရာနေကောင်းလား၊ ကျမ ဆရာ့ တပည့်မ ----------- ရဲ့အမေပါ” မိတ်ဆက်လာပါတော့တယ်။ ကျနော်သိပ်တော့ မမှတ်မိတာအမှန်ပါ။ ကျောင်းသားတွေက များတော့ တခါတလေ လူနဲ့နာမည်တွဲလျက် မမှတ်မိဘူး ဖြစ်နေတယ်။  ဒါပေမယ့် ကျောင်းသူရဲ့ အမေနဲ့ ပဋိသန္ဓာရစကား ပြောဖြစ်ပါတော့တယ်။ သူ့အမေက တိုင်းရင်းသူ ဆိုတော့ ရိုးသားပွင့်လင်းတယ်။ ကျနော့်အသက်နဲ့ မတိမ်းမယိမ်းလို့ ထင်ရပေမယ့် လောကဓံရဲ့ ရိုက်ချက်လို့ဘဲ ပြောရမယ်ထင်တယ်၊ တ်ေတော် အိုစာကျနေတာကို ခန့်မှန်းမိတယ်။

သူ့သမီးလေး စာလိုက်နိုင်သလား၊ စာသင်တာကို စိတ်ဝင်တစားကော ရှိရဲ့လားစတဲ့ မေးခွန်းတွေက ဆက်တိုက်လို ကျနော့်ကို မေးလာပါတော့တယ်။ စကားပြောပြီးလို့ ဆယ်မိနစ်လောက် ကြာတော့မှ ကျနော်တပည့် ဘယ်သူဘယ်ဝါဆိုတာ သိလာတယ်။ ကျနော်လည်း တပည့်ရဲ့ အကြောင်းကို ပြန်မေးမိပါတော့တယ်။ အိမ်ပြန်ရောက်ရင် စာကြိုးစားရဲ့လားလို့ မေးလိုက်တော့မှ တပည့်မလေးတို့ရဲ့ မိသားစု ဘ၀အစိတ်အပိုင်းလေးကို သိရှိလာတယ်။

သူ့အဖေက နောက်အိမ်ထောင်ပြုလိုက်တော့ အသက် (၁၆) နှစ်လောက်မှာ ကျောင်းစာတဖက် အမေနဲ့ သူညီမလေးကို ပြုစုစောင့်ရှောက်ရမယ့် ဆိုတဲ့အသိစိတ်က ကျောင်းသူလေးအပေါ် လွှမ်းမိုးသွားပုံရတယ်။ အခုတော့သူ့အမေကလည်း အိမ်နဲ့ နီးတဲ့အလုပ်လေးတွေကို ရှာလုပ်ရင်း ကျနော့် တပည့်မလေးကတော့ စားသောက်ဆိုင်ကြီးတခုမှာ စားပွဲထိုးလေးလုပ်ရင်း မိသားစုကို စောင့်ရှောက်နေတာကို သိရတော့ တော်တော် အံ့သြသွားတယ်။

ကျောင်းဆင်းတာနဲ့ စားသောက်ဆိုင်ကို တန်းသွား အလုပ်ဝင်ရ၊ ည (၁၂) နာရီလောက်မှ အလုပ်သိမ်းတဲ့ ကလေးမရဲ့ အခြေအနေက တော်တော်ချီးကျူးစရာ ကောင်းပါတယ်။ အိမ်နဲ့နီးတဲ့ အတွက် အလုပ်ပြီးတာနဲ့ သူ့အမေက သွားကြို။ ဒီလိုနဲ့ မိသားစုကို စောင့်ရှောက်နေတာ တနှစ်ကျော်သွားပါပြီလို့ သူ့အမေက ပြောပြတယ်။ ကလေးမလေးရဲ့ မိသားစုအပေါ်တာဝန် ယူလိုတဲ့ စိတ်ကို လေးစားမိတယ်။
မဲဆောက်လိုနေရာမျိုးမှာ မနက် (၈) နာရီကနေ ညနေ (၃:၁၅) ထိကျောင်းတဖက်၊ ညနေ (၄:၃၀)ကနေ ည (၁၂) နာရီထိ အလုပ်လုပ်ပြီး မိသားစုလေးကို စောင့်ရှောက်ထားတာတဲ့ ကျနော်တပည့်မလေးကို တွေ့ရတော့ ကျနော်မိမိကိုယ်ကို ပြန်လည် သုံးသပ်မိပါတယ်။ ကျနော်က ခေတ် ပညာတွေ၊ ဘ၀အတွေ့အကြုံတွေ စုံနေတဲ့လူတယောက် အနေနဲ့ ကျနော်ရင်ဆိုင်နေရတဲ့ အခက်အခဲက နည်းနည်းလေးပါလို့ မိမိကိုယ်ကို အားတင်းမိတယ်။

ကျနော့်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ ဘ၀အတွေ့အကြုံတွေ၊ မိတ်ကောင်း ဆွေကောင်းတွေ၊ မြန်မာပြည် ပညာရေးက ဘယ်လောက်ဘဲ နိမ့်ကျတယ်ပြောပြော ကျနော်ဆည်းပူးခဲ့ရတဲ့ ပညာတွေရှိတယ်။ ဒါတွေက လောကဓံ လှိုင်းထဲမှာ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါ အသုံးပြုရမယ့် လက်နက်ကောင်းပါလားလို့ မိမိကိုယ်ကို ပြန်လည် အားတင်းမိတယ်။

နုနယ်လှတဲ့ အသက် (၁၆) နှစ်အရွယ်မှာ ကျောင်းစာတဖက်နဲ့ မိသားစုကို ပြုစုစောင့်ရှောက် နေရှာတဲ့ ကျောင်းသူလေးရဲ့ သတ္တိနဲ့ ဇွဲက တခါတရံမှာ ဖြစ်ပေါ်တတ်တဲ့ ကျနော်ရဲ့စိတ်ကို ပြုပြင်ဖို့ လမ်းပြပေးလိုက်သလို ခံစားရတယ်။ ပညာဆိုတာ ကျောင်းစာသင်ခန်းထဲမှာတင် မဟုတ်ဘဲ ဘယ်နေရာမှာမဆို ယူတတ်ရင် ရနေဦးမယ့်အရာ မျိုးပါလားဆိုတာ ပိုမို မှန်ကန်လာသလို ခံစားရတယ်။

အအေးဆိုင်လေးက အိမ်ပြန်တဲ့ ခရီးမှာ ကျနော့်ရင်မှာ အားအင်တွေ ပြည့်နေတယ်။ ကျနော်ရဲ့ တပည့်မလေးက သင်ပြပေးလိုက်တဲ့ ဘ၀ သင်ခန်းစာလေး က ကျနော်စိတ်ကို အင်အားတွေအသစ်တဖန် ပြန်လည်တိုးလာသလို ဘ၀ရဲ့ ကြမ်းတမ်းတဲ့ ရိုက်ချက်တွေကို ရင်ဆိုင်ရတိုင်း ကျနော်အမြဲ အမှတ်ရနေမယ့် လက်တွေ့ဘ၀ နယ်ပယ်ထဲက ဘ၀ သင်ခန်းစာတခု ဖြစ်လာမယ်လို့ ထင်ပါတယ်။

လှရွှေ
ဇူလိုင် (၃၁)၊ ၂၀၁၂။
http://www.maukkha.org/index.php/book-store/essay-maukkha/2264-lesson-from-students 

Monday, 6 August 2012

“မြန်မာပြည် ငြိမ်းချမ်းပါစေ”


သွေးစတွေ စိုလူး
အလံဦးမှာ
ကိုယ့်နာမည်ချိတ်လို့
ကြိုးစင်ရိပ်ဝယ်
ကျနော်တို့
တိုက်ပွဲဝင်နေပါတယ်။


(ချစ်ညီညီ(ခ)ရွှေဘုန်းလူ(ခ)တာရာမင်းဝေ)

Saturday, 4 August 2012

ဒေါ်အောင်ဆန်း စုကြည်အတွက် စာတစ်စောင် ( ၉)

ယခင်အပတ်မှအဆက်
မိုက်ကယ်အဲရစ်၊ ကြီးကြီး မသန်းဧနှင့် အလက်ဇန္နား တို့ကို ၁၉၈၉ ခုနှစ်တွင် တွေ့ရစဉ်
မိုက်ကယ်အဲရစ်၊ ကြီးကြီး မသန်းဧနှင့် အလက်ဇန္နား တို့ကို ၁၉၈၉ ခုနှစ်တွင် တွေ့ရစဉ်


အန်တီကတော့ သူ့အိမ်ခန်းထဲ ရောက်တာနဲ့ သူ့ခင်ပွန်းဟောင်းရဲ့ ဓာတ်ပုံစာအုပ်ကို ထုတ်ပြတော့တာပါပဲ။ ရေနွေး ကြမ်းလေး ဘာလေးနဲ့တောင် ဧည့်မခံသေးပါဘူး။ သူ့မီးဖိုချောင်ထဲကိုလိုက်ပြီး သူ့ကို ကူညီဖို့ ကြိုးစားပြန် တော့လည်း အကူမခံပါဘူး။ “ဒါ ကျွန်မအိမ်လေ။ ဒီအိမ်မှာ ဘာကိုမဆို ကျွန်မဘာသာပဲ လုပ်တယ်။ အဲဒါကျွန်မရဲ့ စည်းကမ်းပေါ့။ စည်းကမ်းဟာ စည်းကမ်းပဲလေ”လို့ အန်တီက ဒေါသတကြီး ပြောခဲ့ပါတယ်။ ကျွန်မလည်း ဖုန်းထဲက သူ့စကားတွေကို ပြန်တွေးပြီး နားမလည် နိုင်အောင်ပါပဲ။ ဒီတော့မှ သူက “နိုရီကိုရေ ရှင်လာလည်တဲ့ အချိန်က အကောင်းဆုံး အချိန်ပဲ။ ဇွန်လ ဆိုတာ ရာသီဥတု အကောင်းဆုံးအချိန်ပေါ့” လို့ ပြောပါတော့တယ်။
အန်တီ တည်ခင်းတဲ့ ညစာကတော့ မြန်မာထမင်း၊ ဗီယာနာ ဝက်အူချောင်းနဲ့ အသုပ်ပါပဲ။ အသက် ၉ဝ ဝန်းကျင် ဆိုပေမယ့် သူက နိုင်ငံတကာကို သွားလာနေခဲ့သူမို့ တည်ခင်း ပြင်ဆင်ထားပုံက အကောင်း လွန်နေပါတယ်။ ဖယောင်းတိုင် မီးအောက်မှာ ကျွန်မတို့က ရေဖန်ခွက်ချင်းထိပြီး ညစာစားပွဲကို စတင် လိုက်ပါတယ်။ ကျွန်မက ဝက်အူချောင်းကို ကြိုက်တော့ အန်တီက သဘောကျပါတယ်။ “နိုရီကိုက ဝက် အူချောင်း ကြိုက်တော့ ကောင်းတယ်။ သြစတြီးယားက ဝက်သား သိပ်စားတာ”လို့ပြောပါတယ်။

အဲဒီနောက် တော့ ကျွန်မကို ညစာကျွေးတိုင်း ဗီယာနာ ဝက်အူချောင်း ပါလာတော့တာပါပဲ။
တကယ်တော့ ဇွန်လမှာ ရာသီဥတု အကောင်းဆုံးသာ ဆိုတယ် နှင်းတွေကတော့ အယ်လ်ပ်တောင်တန်း ပေါ်မှာ ရှိနေတုန်းပါ။ အန်တီက အပြင်ထွက်ဖို့ တုတ်ကောက် ပါမှရတာကြောင့် အပြင်ထွက်လေ့ မရှိပါဘူး။ ဒီတော့ ဒေသခံတွေနဲ့လည်း မခင်နိုင် ဖြစ်ရပါတယ်။ ပြီးတော့ ဒေသခံတွေက ဂျာမန်လိုပဲ ပြောကြတာကိုး။ အန်တီက အင်္ဂလိပ်လိုနဲ့ ပြင်သစ်လို ကျွမ်းပေမယ့် ဂျာမန်လိုတော့ သိပ်မကျွမ်းပါဘူး။ ဒီတော့ အန်တီဟာ ဝါနာရဲ့ နောက်မိန်းမနဲ့ သူ့မိဘတွေရဲ့ အကူအညီမပါဘဲ ရပ်တည်လို့ မလွယ်ပါဘူး။ အဲဒီအဆောက်အအုံမှာ နေတဲ့ သူ့ဆရာဝန် ကတော့ အန်တီ့ရဲ့တစ်ဦးတည်းသော မိတ်ဆွေပါပဲ။


အန်တီဟာ ကမ္ဘာမှာ ဂုဏ်ယူဖွယ် အသက်မွေးအလုပ်တွေ လုပ်ခဲ့တယ် ဆိုပေမယ့် သူ့ဘဝကတော့ အထီးကျန် ဆန်လှပါတယ်။ သူက အဲဒီအထီးကျန်ဘဝကို စာဖတ်ပြီးတော့ပဲ ဖြတ်သန်းတာပါ။ သူ့စာကြည့်ခန်းထဲက စာအုပ်စင်မှာတော့ အမေရိကန်နဲ့ အင်္ဂလိပ် စာပေဆိုင်ရာ စာအုပ်တွေ အများကြီးရှိပါတယ်။ အဲဒီအချိန်ကတော့ အန်တီက ပြင်သစ် တော်လှန်ရေး ဆိုင်ရာ စာအုပ်တွေကို ပြန်ဖတ်နေခဲ့တာပါ။ သူက “တော်လှန်ရေး တစ်ခု စတဲ့အခါ လူမှုရေး အခြေအနေကို ထပ်ပြီးသိချင်လာလို့ ဖတ်နေတာ”လို့ ပြောပါတယ်။


သူ့ရဲ့ အခန်းတစ်ခန်းထဲမှာတော့ မြန်မာလုံချည်တွေကို စင်နဲ့တင်ထား ပါတယ်။ သူဘယ်နေရာပဲ ရောက်နေ နေ ဒီလုံချည်တွေကို သယ်သွားပြီး မြန်မာပြည်ကို ရောက်နေသလို ခံစားပုံပါပဲ။ “လုံချည်တွေ အများကြီးပဲနော်” လို့ ကျွန်မကပြောတော့ အန်တီက “ကျွန်မသေရင် အဲဒီပစ္စည်း အားလုံးဟာ စုအတွက်ပဲလေ”လို့ တုံ့ပြန်ပါ တယ်။ သူ့ရဲ့ စုကိုချစ်တဲ့ အချစ်ဟာ ကြီးမားလှပါတယ်။ သူဟာ စုအတွက် စိတ်ဓာတ်ရေးရာ အရရော ငွေကြေးအရပါ မိခင်တစ်ယောက်လို စောင့်ရှောက်ခဲ့တာပါ။ သူက ၁၉၈၉ ခုနှစ် ဇူလိုင် ၂ဝ မှာ စုနေအိမ် အကျယ်ချုပ်ကျပြီး နောက်ပိုင်း မိုက်ကယ့်ကိုပါ သားမက်တစ်ယောက်လို စောင့်ရှောက်ပါတယ်။ စုတို့မိသားစု ကိုလည်း သူ့မိသားစုလိုပဲ စောင့်ရှောက် ခဲ့တာပါ။

စု နေအိမ် အကျယ်ချုပ် ကျပြီးတဲ့အခါ အလက်ဇန္ဒားက စိတ်ဓာတ် အကြီးအကျယ် ထိခိုက်ခံစားလိုက် ရပါတယ်။ အဲဒီအချိန်က သူတို့ မိသားစုဟာ စုနဲ့အတူ ရန်ကုန်အိမ်မှာ ရှိနေပြီး အလက်ဇန္ဒားက အသက် ၁၆ နှစ် ရှိပြီမို့ နေအိမ်အကျယ်ချုပ် ဆိုတာရဲ့အဓိပ္ပာယ်ကို ကောင်းကောင်း နားလည်ပါတယ်။ ကင်မ်ကတော့ အသက် ၁၁ နှစ်သားမို့ သိပ် နားမလည်သေးဘဲ အစောင့်စစ်သားတွေနဲ့ ဆော့ကစားတောင် နေခဲ့ပါသတဲ့။ မိုက်ကယ်က ပြန်ပြောပြခဲ့ တာပါ။

၁၉၈၈ ခု မတ်လမှာတော့ စုဟာ နေမကောင်း ဖြစ်နေတဲ့ သူ့အမေကို ပြုစုဖို့ မြန်မာပြည်ကို ပြန်သွားရတဲ့ အခါ အလက်ဇန္ဒားက အသက်ဆယ့်ငါးနှစ်တောင် မပြည့်ရှာသေးပါဘူး။ သူက ထက်ထက်မြက်မြက်ရှိသူမို့ သူ့အမေကို လက်လွှတ်လိုက်ရတော့မှာကို ပူပန်တတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ လူပျိုပေါက်ဆိုတော့ မိခင်ကို တကယ့်ကို အလိုရှိနေတဲ့ အချိန်လည်း ဖြစ်နေတာပေါ့။ မိုက်ကယ်ကတော့ အင်္ဂလန်က အသိအမှတ်ပြု လက်မှတ်ရပြီးစ မြန်မာသူနာပြု ကလေးမတစ်ယောက်ကို အလက်ဇန္ဒားကို ပြုစုပေးဖို့အတွက် ငှားခဲ့ပါ သေးတယ်။ ဒါပေမယ့်သူက ကြီးကြီး မသန်းဧကလွဲပြီး ဘယ်သူ့စကားကိုမှ နားမထောင်ခဲ့ပါဘူး။ တကယ်တော့ အလက်ဇန္ဒားက ငယ်ငယ်ကလေး တည်းက မသန်းဧရဲ့ စကားကိုပဲ နားထောင်သူပါ။ ကျွန်မမှတ်မိနေတာက သူတို့ငယ်ငယ်တုန်းကလမ်းလျှောက် ထွက်ကြတဲ့အခါ မသန်းဧကပဲ သူ့ရဲ့ လက်ကိုကိုင်ပြီး လျှောက်ခဲ့တာပါ။

အဲဒီနှစ်မှာပဲ ကျွန်မက အန်တီ မသန်းဧဆီ အလည်သွားဖြစ်ခဲ့ပါတယ်။ စုရဲ့ မွေးစားအမေလို ဖြစ်နေတဲ့    နောက်တစ်ယောက်က အင်္ဂလိပ် လူမျိုး လေဒီပတ်ထရစ် ရှာဂေါရ်ဘုသ် ပါ။ သူကလည်း ကျွန်မရှိနေတဲ့အချိန် အန်တီ့ဆီ လာလည်ပါတယ်။သူက အန်တီ့ကို သြစတြီးယားမှာ တစ်ယောက်တည်းထားခဲ့လို့ မဖြစ်နိုင်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုနဲ့ အောက်စ်ဖို့ဒ်မှာ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပေးတဲ့ ဂေဟာတစ်ခုကို ရှာပြီး အန်တီ့ကို ပြောင်းနေစေဖို့ စီစဉ်ရပါတယ်။ အန်တီကလည်း သူ့အနေနဲ့ အိပ်ယာပေါ်မှာပဲ နေနေရတဲ့ အနေအထား မရောက်ခင်မှာ အောက်စ်ဖို့ဒ်ကို    ပြောင်းသွားဖို့ ဆုံးဖြတ်ပါတယ်။ အဲဒီဂေဟာမှာ ရေချိုးခန်း၊ အိမ်သာတွဲလျက် အိပ်ခန်း တစ်ခန်းရယ်၊ မီးဖိုချောင်ပါတဲ့ ဧည့်ခန်း တစ်ခန်းရယ်ပါတဲ့ အခန်း ကျယ်တစ်ခုကို တစ်လ ပေါင် ၈ဝဝ ပေးရပါတယ်။ အဲဒီဂေဟာမှာ စာကြည့်တိုက် ကောင်းကောင်းလည်း ရှိသလို ရုပ်ရှင်ရုံလို သီရေတာအသေးလေးလည်းရှိပါတယ်။ ဧည့်သည်လာရင် တည်းလို့ရတဲ့ အခန်းကလည်း ရှိတာပါ။

ကြိုမှာထားလို့ရတဲ့ အစားအသောက် ဌာနလည်း ရှိပါတယ်။ ဂေဟာမှာ ၂၄ နာရီ လုံခြုံရေးစနစ်လည်း ရှိတာမို့ စိတ်အေးရမယ့်နေရာပေါ့။ ဒီလိုနဲ့ အသက် ၉ဝ အရွယ် အန်တီမသန်းဧဟာ သူ့ခင်ပွန်းနဲ့ ပတ်သက်တဲ့ အမှတ်ရစရာတွေ ရှိနေတဲ့ သြစတြီးယားကနေ သူ့သေတ္တာတွေထဲမှာ အမြဲသိမ်းထားတတ်တဲ့ ဓာတ်ပုံများရဲ့ ပိုင်ရှင် စုနေခဲ့ဖူးတဲ့ အောက်စဖို့ဒ်ကို အပြီးတိုင် ပြောင်းရွေ့ လာခဲ့ပါတော့တယ်။

ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)

Monday, 23 July 2012

ခေတ္တဘုရင်ခံ ဆာဂျေအေမောင်ကြီး

သန်းဝင်းလှိုင်
ဇူလိုင် ၂၂၊ ၂၀၁၂
မြန်မာများထဲမှ ခေတ္တဘုရင်ခံအဖြစ် ၄ လခန့် တာဝန်ယူခဲ့သူ ဒိုင်အာခီနှင့် ၉၁ ဌာနအုပ်ချုပ်ရေးခေတ်တွင် ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ပညာ ရေးဝန်ကြီး၊ အထက်လွှတ်တော်ဥက္ကဌ၊ ဟိုက်ကုတ်တရားသူကြီးအဖြစ် ထိပ်တန်းရာထူးများရယူခဲ့သော ဗြိတိသျှအလိုတောရိ ဝါရင့်နိုင်ငံရေး သမားကြီး ဆာဂျေအေမောင်ကြီးကို ၁၈၇၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် အင်္ဂါနေ့တွင် မော်လမြိုင်မြို့၌ အဖ ဘလုပ်ကုမ္ပဏီစာရေးကြီး ဦးခင်၊ အမိ ဒေါ်ရင်တို့မှ ဖွားမြင်ခဲ့သည်။ တစ်ဦးသောသား ဖြစ်သည်။ ဂျေအေ၏အရှည်ကောက်မှာ Joseph Augustus ဖြစ်သည်။
 
ဖခင်ဖြစ်သူဦးခင်မှာ လယ်တီဦးဝါယမ (အဂ္ဂမဟာပဏ္ဍိတ ဆရာမြို့) တည်ထောင်သော ဗုဒ္ဓသာသနာ ပြု “ဓမ္မသာဝနအသင်း” ၏ ဥက္ကဌဖြစ် ပြီး ထိုခေတ် ကုန်သည်လောကတွင် သြဇာကြီးမားထင်ရှားခဲ့သူဖြစ်သည်။ ဖခင်ဘက်မှအဘိုးမှာ မြန်မာမင်းလက်ထက်တွင် “ကတိုးဇာကြီး ခေါ် ၁၂ မြို့ပိုင်” မြို့စားတစ်ဦး ဖြစ်သည်။ မိခင်ဘက်မှအဘိုးမှာ ဒုတိယအင်္ဂလိပ်-မြန်မာစစ်အပြီး နယ်ခြားဝန်ထောက်အဖြစ် အမှုထမ်းခဲ့သည့် ဦးကျော် ဖြစ်သည်။

ငယ်စဉ်က ရန်ကုန်မြို့ စိန့်ပေါလ်ကျောင်း (အထက ၆ ဗိုလ်တထောင်) ၌ စတင်ပညာသင်ကြားခဲ့ပြီး ၁၈၈၄ ခုနှစ် အသက် ၁၃ နှစ် အရွယ်တွင် စိန့်ပေါလ်ကျောင်းမှ အင်းထရင့်စာမေးပွဲ (၁၀ တန်း) အောင်မြင်ခဲ့သည်။ စကောလားရှစ် (ပညာသင်ဆု)ရရှိ၍ ရန်ကုန်ကောလိပ်၌ ဆက်လက် ပညာသင်ကြားပြီး ၁၈၈၆ ခုနှစ်တွင် အင်္ဂလန်သို့ ပညာသင်သွားရောက်၍ ၁၈၈၇ ခုနှစ် လန်ဒန်မက်ထရစ် အောင်၍ I.C.S စာမေးပွဲအတွက် စိန့်မေ ရီကောလိပ်၊ အောက်စဖို့ဒ်တက္ကသိုလ်၊ ဘရပ်ဆဲကောလိပ်တို့၌ ဆက်သင်ကြားခဲ့သည်။ I.C.S စာမေးပွဲဖြေဆိုနေစဉ် ကျန်းမာရေးချို့ ယွင်းကာ မူးလဲရာမှ ဆက်မဖြေဖြစ်တော့ချေ။ လန်ဒန်ဂရေအင်း ဥပဒေသင်တန်းကျောင်းမှ ဘာရစ်စတာ (Barrister at Law) ခေါ် ဝတ်လုံ ဘွဲ့ရရှိခဲ့သည်။ ယင်းနောက် အင်္ဂလန်တွင် အင်္ဂလိပ်အမျိုးသမီးတစ်ဦးနှင့်အိမ်ထောင်ကျ၍ စာနယ်ဇင်းများတွင် ဆောင်းပါးများရေးပြီး အ သက်မွေးဝမ်းကျောင်းပြုခဲ့သည်။ ၁၉၀၀ ပြည့်နှစ်တွင် မြန်မာပြည်သို့ ပြန်ရောက်လာခဲ့သည်။

၁၉၀၀ ပြည့်နှစ်မှ ၁၉၁၁ ခုနှစ်တိုင် ရန်ကုန်မြို့၌ ဝတ်လုံတော်ရအဖြစ် အသက်မွေးသည်။ ၁၉၁၁ တွင် ယိုးဒယား (ထိုင်း) သို့ အမှုလိုက်သွားရာမှ ယိုးဒယားရှိ ဗြိတိသျှသစ်ကုမ္ပဏီတွင် ဥပဒေအကြံပေးအဖြစ်ဆောင် ရွက်သည်။ ယိုးဒယားတွင်နေထိုင်စဉ် ယိုးဒယားနိုင်ငံဖွား ဒေါ်မေနှင့် အိမ်ထောင်ကျကာ သမီးတစ်ယောက်ထွန်းကားခဲ့သည်။ ၁၉၁၄ တွင် မြန်မာပြည်သို့ပြန်၍ ဝတ်လုံတော်ရအဖြစ် ခန့်အပ်ခံရသည်။ ၁၉၁၇ တွင် ဘုရင်ခံ၏ အတိုင်ပင်ခံအဖြစ် ခန့်အပ်ခြင်းခံရသည်။
၁၉၂၀ ပြည်နှစ်ဝန်းကျင်တွင် အင်ဒီပင်းဒင့်ပါတီ ခေါ် ရွှေတောင်ကြားပါတီကို ဂျေအေမောင်ကြီးသည် ဦးဆောင်ဖွဲ့စည်းခဲ့သည်။ ဗဟန်းရပ် ရွှေတောင်ကြား (ဂိုးလ်ဒင်းဗယ်လီ) တွင် နေထိုင်သည့် အင်္ဂလိပ်၊ မြန်မာ၊ အိန္ဒိယ၊ တရုတ်ကုန်သည်များ စသည့်အထက်တန်းလွှာများပါဝင်ကာ အင်္ဂလိပ်အလိုတော်ရိပါတီအဖြစ် လူသိ များသည်။ ပါတီ၏အမည်ကို မြန်မာလွတ်လပ်ရေးအဖွဲ့၊ အင်ဒီပင်းဒင့်ပါတီ၊ တိုးတက်ရေးပါတီဟူ၍ အမျိုးမျိုး အမည်တပ်ထားသော်လည်း ရွေးကောက်ပွဲတွင် ဝင်ရောက်ပြီးအမတ်လုပ်ခြင်း၊ နယ်ချဲ့အစိုးရပေးသမျှ ရာထူး များကို လက်ခံရယူပြီး လွှတ်တော်အတွက် အင်္ဂလိပ်အကြိုက်လုပ်ငန်းများ အကောင်အထည်ဖေါ်ခဲ့သည့်ပါတီသာဖြစ်သည်။

 ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဗြိတိသျှပါလီမန်မှ မြန်မာနိုင်ငံကို အုပ်ချုပ်ရေးတိုးမြှင့်ပေးသင့်၊မပေးသင့် စုံစမ်းစစ်ဆေးရန် အိန္ဒိယဥပဒေပြုကောင်စီဥက္ကဌ ဆာအေဖရက်ဒရစ်ဝှိုက် (Sir A. Frederick Whyte) ဥက္ကဌအဖြစ်ဆောင်ရွက်သော ဝှိုက်ကော်မတီလာရောက်စဉ် အစစ်ဆေးခံ၍ ဒိုင်အာခီ အုပ်ချုပ် (ပူးတွဲအုပ်ချုပ်ရေး) ကို လက်ခံခဲ့သည်။
၁၉၂၃ ဇန်နဝါရီ ၂ တွင် ဆာဟာကုတ်ဘတ္တလာသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံ၏ ပထမဆုံးဘုရင်ခံရာထူးတွင် တာဝန်ထမ်း ဆောင်၍ ဒိုင်အာခီအုပ်ချုပ်ရေး ခေါ် ပူးတွဲတာဝန်ခံအုပ်ချုပ်ရေး အစိုးရအဖွဲ့ကိုဖွဲ့စည်းခဲ့ရာ ဂျေအေမောင်ကြီးသည် ငါးထောင်စားသစ်တော ရေးဝန်ကြီးချုပ်အဖြစ် ၁၉၂၃ မှ ၁၉၂၄ ထိ ဆောင်ရွက်ခဲ့သည်။ ယင်းနောက် ၁၉၂၄ နိုဝင်ဘာလ ၁၂ တွင် သစ်တောရေးဝန်ကြီးချုပ် ဂျေအေ မောင်ကြီးသည် တရားရုံးချုပ်တရားသူကြီးအဖြစ် ခန့်အပ်ခံရသည့်အတွက် သစ်တောရေးဝန်ကြီးချုပ် ရာထူးကို ဝတ်လုံတော်ဦးပု (ရွှေကျင်)အား လွှဲပြောင်းပေးခဲ့သည်။

၁၉၂၅ နိုဝင်ဘာ ၁၇ တွင် မြန်မာနိုင်ငံတွင် ဒိုင်အာခီအုပ်ချုပ်ရေးနည်းစနစ်အရ ဒုတိယအကြိမ်ဥပဒေ ပြုလွှတ်တော် အမတ်ရွေးကောက်ပွဲကျင်းပ ခဲ့ရာ ရွေးကောက်ပွဲတွင် ဂျေအေမောင်ကြီး ကြီးမှူးသော အင်ဒီပင်းတင့်ပါတီ (Independent Party) ခေါ် ရွှေတောင်ကြားပါတီ (Golden Valley Party) သည် အမတ် ၂၀ ကျော် အရွေးခံရသည်။ ထို့နောက် ၁၉၂၆ ဇွန်လ ၂၃ တွင် ဂျေအေမောင်ကြီးသည် ဒိုင်အာခီအုပ်ချုပ်ရေးအဖွဲ့၌ ပြည်ထဲရေးဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည်။
ထို့နောက် ၁၉၂၇ ဇန်နဝါရီ ၁ ရက်နေ့တွင် ဂျေအေမောင်ကြီးသည် K.C.I ခေါ် ဆာ (Sir)ဘွဲ့ ချီးမြှင်ခံရကာ “ဆာဂျေအေမောင်ကြီး” ဖြစ် လာသည်။

၁၉၃၀ ပြည့်နှစ် သြဂုတ်လ ၁၂ ရက်နေ့ ဘုရင်ခံ ဆာချားလ်အင်းနစ် (Sir Charles Innes) သည် လန်ဒန်မြို့သို့ ခွင့် ၄ လယူ၍ ခေတ္တပြန်ခဲ့သည်။ ၎င်းခွင့်ယူစဉ်ကာလအတွင်း မြန်မာများကို နှစ်သိမ့်သောအားဖြင့် လန်ဒန်အစိုးရက ဆာဂျေအေမောင်ကြီးကို ခေတ္တဘုရင်ခံ ခန့်အပ်ထားခဲ့ သည်။ ခေတ္တပင်ဖြစ်စေတော့ မြန်မာများထဲမှဘုရင်ခံ ခန့်အပ်ခံရသူဖြစ်သောကြောင့် အင်္ဂလိပ်အလိုတော်ရိများက ဂုဏ်ယူခဲ့ကြသည်။ သို့ ရာတွင် ဆာဂျေအေမောင်ကြီးသည် ၄ လတာမျှ ဘုရင်ခံတတ်၍လုပ်ရတုန်းမှာပင် သုပဏ္ဏကဂဠုနရာဇာဘွဲ့ခံ ဆရာစံဦးဆောင်သော တောင်သူလယ်သမားအရေးတော်ပုံနှင့် ဝင်တိုးခဲ့ရသည်။
၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၀ တွင် ခေတ္တဘုရင်ခံ ဆာဂျေအေမောင်ကြီးသည် သယာဝတီမြို့သို့ တိုင်းခမ်းလှည့်လည်ရင်းရောက်ရှိခဲ့ သည်။ အရာရှိများ၊ သူကြီးများကို ဆုချီးမြှင့်သည့် ဒါဘာပွဲခေါ် မင်းပွဲသဘင်ကျင်းပခဲ့၏။ မြို့ပရိသတ်၊ ရွာသူရွာသားပရိသတ် စည်ကား၏။ ရွာလူထုက မြန်မာလူမျိုးစစ်စစ်ဘုရင်ခံသည် မြန်မာလယ်သမားများ၏ ဒုက္ခကိုမြင်ကာ အခွန်လျှော့ပေါ့ပေးမည်။ ကောက်ခံခြင်းကို အနည်း ဆုံးဆိုင်းငံ့ပေးမည်ဟု သတင်းကောင်းပေးလိမ့်မည်ဟု မျှော်လင့်ကြသည်။ အသနားခံလွှာများကိုလည်း တင်သွင်းကြသည်။ ထို့ပြင် သာယာ ဝတီနယ်တွင် အစိုးရစစ်တပ်များက ကျေးရွာများအား မတရားနှိပ်စက်မှုများကို ကျေးရွာသားတို့က တိုင်တန်းခဲ့ကြ၏။

ခေတ္တဘုရင်ခံ ဆာဂျေအေမောင်ကြီးက “အစိုးရစစ်တပ်များက ကျေးရွာများကို နှိပ်စက်သည်ဟု အစိုးရအားတိုင်တန်းသောအခါ လျှောက် လွှာများကိုရကြောင်း၊ အခွန်တော်မပေးဘဲနေလျှင် ဤသို့ပင်ခံရလိမ့်မည်ဖြစ်ကြောင်း၊ တဿမေဓနှင့် လူခွန်ကို အစိုးရကဖျက်သိမ်းရန် မကြံရွယ်ကြောင်း၊ အခွန်တော်ကို အချိန်မှန်မှန် ကောက်ခံမည်။ မရလျှင် အာဏာစက်ကိုသုံးမည်”ဟု ပြတ်သားစွာ ပြောကြားခဲ့၏။ ဤသို့ဖြင့် ဆရာစံဦးဆောင် သော တောင်သူလယ်သမားအရေးတော်ပုံကြီးသည် ၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွေင် ပေါ်ပေါက်လာခဲ့ရာ ခွင့်ပြန်နေသော မြန်မာဘုရင်ခံ ဆာချားလ်စ်ဒင်းနစ်သည် ခွင့်မစေ့မီ အမြန်ပြန်လာ၍ ၁၉၃၁ ဇန်နဝါရီ ၉ ရက်နေ့တွင် ဆာဂျေအေမောင်ကြီးထံမှ မြန်မာဘုရင်ခံတာဝန်ကို ပြန်လွှဲပြောင်းယူခဲ့သည်။

ဆောဂျေအေမောင်ကြီးသည် ၉၁ ဌာနအုပ်ချုပ်ရေးခေတ်တွင် ၁၉၃၂ မှ ၃၄ ထိ သစ်တောရေးဝန်ကြီးချုပ်အဖြစ်လည်းကောင်း၊ ၁၉၃၃ မှ ၃၄ ခုနှစ်ထိ ပညာရေးဝန်ကြီးချုပ်အဖြစ်လည်းကောင်း ပူးတွဲတာဝန်ယူခဲ့သည်။
၁၉၃၂ နိုင်ဝင်ဘာ ၉ တွင်ကျင်းပခဲ့သော စတုတ္တအကြိမ် ဒိုင်အာခီဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲတွင် ဆာဂျေအေမောင်ကြီး၏ ရွှေတောင် ကြားပါတီသည် မရှုမလှ ရှုံးနိမ့်ခဲ့သည်။

သို့သော် ၁၉၃၃ ဇန်နဝါရီ ၁၄ တွင် လေးကြိမ်မြောက် ဒိုင်အာခီအစိုးရဖွဲ့စည်းခဲ့ရာ ဆာဂျေအေမောင် ကြီးသည် သစ်တောရေးဝန်ကြီးအဖြစ် ဘုရင်ခံ၏ခန့်အပ်ခြင်းခံရသည်။ ၁၉၃၄ ခုနှစ် ဥပဒေပြကောင်စီအစည်းအဝေး၌ ဆာဂျေအေမောင်ကြီး၏ “ဝိနယဓရ ဥပဒေကြမ်း”ကို လက်ခံ သင့်၊မခံသင့်ဆွေးနွေးရာ မန္တလေးစီပီခင်မောင်က ကန့်ကွက်ခဲ့သည်။ ဘာသာရေးကိစ္စ ဓမ္မကြောင်းကို ရဟန်းတော်များအား မလွှဲအပ်ဘဲ လူဝတ်ကြောင်တစ်ဦးကတင်သွင်း၍ ကန့်ကွက်ခြင်းဖြစ်သည်။ ဥပဒေကြမ်းကိုမဲခွဲဆုံးဖြတ်ရာ ဦးဘဘေ၊ ဒေါက်တာ ဘမော်အပါအဝင် အ မတ် ၅၁ ဦးကကန့်ကွက်၍ ဆာဦးဘနှင့် အမတ် ၁၂ ဦးက ထောက်ခံခဲ့သည်။ အလယ်တောရဆရာတော် ရှင်ကောသလ္လ၊ အရှင်အာဒိစ္စဝံသနှင့် ထင်ရှားသော ဆရာတော်အချို့ကထောက်ခံခဲ့ကြသော်လည်း နိုင်ငံအဝန်းမှ သံဃာအများစုကကန့်ကွက်၍ ဥပဒေကြမ်းပျက်ခဲ့ရသည်။ ဝိနယဓရ ဥပဒေကြမ်းမှာ ရဟန်းသံဃာများအမှုအခင်းဖြစ်လျှင် လူတရားရုံး၌မဆုံးဖြတ်စေဘဲ ရဟန်းဝိနည်းဓိုရ်များကဆုံးဖြတ်၍ ထိုဆုံး ဖြတ်ချက်ကို တရားရုံးမှအတည်ပြုပေးရန်နှင့် တရားရုံးကုန်ကျစရိတ်များ ကင်းလွတ်ခွင့်ရရန်ဖြစ်သော်လည်း အများစုက လက်မခံ၍ ရှုံးနိမ့်ခဲ့ ရခြင်းဖြစ်သည်။

၁၉၃၄ ဖေဖေါ်ဝါရီ လ ၂၀ တွင် လွှတ်တော်အစည်းအဝေး၌ ဦးဘဘေနှင့် ဒေါက်တာဘမော်တို့က အစိုး ရအဖွဲ့ဝင် ဝန်ကြီးချုပ်များဖြစ်ကြသော ဆာဂျေအေမောင်ကြီးနှင့် ပညာရေးဝန်ကြီးချုပ် ဝတ်လုံဦးကျော်ဒင်တို့ကို အယုံအကြည်မရှိ အဆိုတင်သွင်း၍ ဖြုတ်ချခဲ့သည်။ ဒိုင်အာခီအုပ် ချုပ်ရေးခေတ်တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား ပထမဆုံးအကြိမ်အယုံအကြည်မရှိ အဆိုတင်သွင်းခံရခြင်းဖြစ်သည်။

၁၉၃၆ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်မှ ၁၄ ရက်အထိ မြန်မာနိုင်ငံစီရင်အုပ်ချုပ်မှုအက်ဥပဒေ (၉၁ ဌာန အုပ်ချုပ်ရေး) အရ ပထမဆုံးကျင်းပသော အောက်လွှတ်တော်ရွှေးကောက်ပွဲ ကျင်းပရာ ဆာဂျေအေမောင်ကြီး၏ ရွှေတောင်ကြားပါတီသည် နှစ်ဦးသာ ရွေးချယ်ခံရသည်။ သို့သော် ဘုရင်ခံကရွေးချယ်ခန့်အပ်၍ ၁၉၃၇ မှ ၁၉၄၀ ပြည့်နှစ်တိုင် အထက်လွှတ်တော်အမတ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၀ ပြည့်နှစ် ဖေဖေါ်ဝါရီ လ ၂၉ ရက်တွင် မြန်မာပြည်ကာကွယ်ရေးဥပဒေပြဌာန်းခဲ့၍ အထက်လွှတ်တော်ဥက္ကဌ ဆာဂျေအေမောင်ကြီး (ရွှေကျင်) ကို ဘုရင်ခံက ကာ ကွယ်ရေးတိုင်ပင်ခံအဖြစ် ဇူလိုင်လ ၁၂ တွင်ခန့်အပ်သောကြောင့် ဆာဂျေအေမောင်ကြီးသည် သြဂုတ်လ ၃၀ တွင် အထက်လွှတ်တော် ဥက္ကဌဖြစ်လာခဲ့သည်။
ထို့နောက် ၁၉၄၂ မတ် ၈ ရက်တွင် အမှတ် ၂၁၅ ဂျပန်ခြေလျင်တပ်မကြီးနှင့် ဗမာ့ကာကွယ်ရေးတပ်မတော် (B.I.A) တို့ ရန်ကုန်မြို့ကို ဝင် ရောက် သွားသိမ်းပိုက်ပြီးနောက် ဂျပန်ခေတ်တွင် ဆာဂျေအေမောင်ကြီးသည် တွံတေးမြို့မှတဆင့် အထက်မြန်မာပြည်သို့ စစ်ပြေးအဖြစ်ခို လှုံခဲ့ရသည်။

ဒုတိယကမ္ဘာစစ်ပြီးနောက် နိုင်ငံရေးမှအနားယူကာ ဘာသာရေးနှင့်စာပေရေးရာများကို လေ့လာကာ အေးချမ်းစွာနေ ထိုင်ခဲ့သည်။
ဆာဂျေအေမောင်ကြီးသည် ငယ်စဉ်ကပင် ဘာသာတရားကို ယုံကြည်လေးစားသူဖြစ်ပြီး၊ ဇင်းကျိုက်တောင်၌ ကြီးကျယ်ခန်းနားသော တန် ဆောင်းနှင့် သံတောင် ၈ တောင် (တစ်သံတောင်လျှင် ၁၉ လက်မရှိ သည်)ရှိ တင်ပျဉ်ခွေရုပ်ပွားတော်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့သည်။ ထို့ပြည် ဝိနည်းပိဋကတ်တော်များကို ကျနစွာလေ့လာ၍ ဆရာမြို့ဦးဆောင်သော ပိဋကတ်တော် မြန်မာပြန်များ ပုံနှိပ်ရေးအတွက် အထူး အကူအညီ ပေးခဲ့သည်။ ခေတ္တဘုရင်ခံဘဝတွင် ဘုရင်ခံအိမ်တော်၌ သံဃာတော်များကိုပင့်၍ ဆွမ်းကျွေးလှူဒါန်းခြင်း၊ ဘုရင်ခံဘဝက သူ၏ ကိုယ်ရံတော်ဗိုလ်မှူးအဖြစ် မြန်မာလူမျိုး ကပ္ပတိန်ထွန်းလှအောင်ကို ခန့်အပ်ခဲ့သည်။ လုပ်ရပ်များသည် ထင်ရှားခဲ့သည်။

မြန်မာပြည်၏ခေတ္တဘုရင်ခံဖြစ်ခဲ့သော ဆာဂျေအေမောင်ကြီးသည် ၁၉၅၅ မတ်လ ၉ ရက် တွင် ဗဟန်းရပ် ရွှေတောင်ကြားလမ်း နေအိမ်၌ ကွယ်လွန်ခဲ့သည်။

ကိုးကား
၁။ ဦးအေးမောင်၊ မြန်မာနိုင်ငံရေးသမိုင်း (စာပေလောက စာအုပ်တိုက်၊ တတိယကြိမ် ၂၀၁၂။
၂။ မောင်ဇေယျာ၊ မြန်မာလူကျော် ၁၀၀ (ပထမအုပ်) Unity စာပေ ပကြိမ် ၂၀၁၀။
၃။ မြန်မာ့ရက်စဉ်သမိုင်း (ပထမတွဲ) သမိုင်းသုတေသနဦးစီးဌာန ပကြိမ် ၂၀၀၉။

http://moemaka.com/?p=25930

Sunday, 22 July 2012

ဒေါ်အောင်ဆန်း စုကြည်အတွက် စာတစ်စောင် (၇)

ယခင်အပတ်မှ အဆက်

မိုက်ကယ်ကတော့ “ကျွန်တော်တို့ နေနေတဲ့နေရာကို အိန္ဒိယမြေပုံပေါ်မှာ ရှာကြည့်ပါလား။ ဟိုးအပေါ် ဘက်မှာလေ။ နိုရီကိုရဲ့ ခရစ်စမတ် ကတ်လေး မနေ့ကရတော့ သိပ်ဝမ်းသာတာပဲ။ ခင်ဗျားရဲ့ သဘောကျစရာ ဟင်းချက်လက်ရာကိုရော၊ ခင်မင်စွာ အတူရှိခဲ့မှုကိုပါ ပြန်အောက်မေ့စရာပါပဲ။ ကျွန်တော့် ပါရဂူဘွဲ့စာတမ်းက မကြာသေးခင်ကမှ ပြီးသွားတာပါ။ စာတမ်းကိုတော့ ဒီနှစ်ထဲမှာ စာအုပ်အဖြစ် ထွက်မယ်လေ။ ပြီးရင် စိန့်ဂျွန်းကောလိပ်မှာ ဖဲလိုးရှစ် တစ်နှစ်ခွဲပြန်လုပ်ရဦးမယ်။

ကျွန်တော်တို့လည်း အောက်စ်ဖို့ဒ်မှာ အိမ်ဝယ်ဖို့ စဉ်းစားနေပါတယ်။ အဲဒီမှာပဲ အမြဲတမ်း အခြေချနေချင် တယ်လေ။ နှစ်ယောက်လုံးကို ချစ်ခင်တဲ့ မိုက်ကယ်”လို့ စာရေးလာပါတယ်။
၁၉၇၉ ခုနှစ် အောက်တိုဘာ ၃ ရက်မှာတော့ ကျွန်မ ခင်ပွန်းရဲ့ သုတေသနကိစ္စကြောင့် မော်စကိုမှာ တစ်နှစ်နီးပါး သွားနေရဖို့ ဖြစ်လာပါတယ်။ အဲဒီအချိန်က ဆိုဗီယက် ယူနီယံခေတ်မို့ အစစအရာရာ ရှားပါး တာတွေကြောင့် ထင်ထားတာထက် ပိုပြီးအဆင်မပြေခဲ့ပါဘူး။ မိုက်ကယ်နဲ့ စုဆီလည်း မဆက်သွယ်နိုင်ခဲ့ပါဘူး။ အမှန်အတိုင်း ပြောရရင်တော့ ကျွန်မတို့ကလည်း မော်စကိုကနေ ကမ္ဘာ့ အနောက်ခြမ်းက သူငယ်ချင်းတွေဆီ ကို စာထည့်ဖို့တောင် အတော်စဉ်းစား ခဲ့ကြရပါတယ်။ တကယ်တော့ လန်ဒန်ဆိုတာ မော်စကိုကနေဆိုရင် ဂျပန်ထက် ပိုနီးတဲ့နေရာမှာပါ။ ကျွန်မတို့အနေနဲ့ အောက်စဖို့ဒ်ကို ခဏတစ်ဖြုတ် ဝင်ချသွားလို့ ရပါတယ်။ ဒီတော့ ကျွန်မတို့က မော်စကိုမှာ နေတဲ့ ဆယ်လအတွင်း စုဆောင်းထားတဲ့ တောင်ပေါ်အစားအစာတွေကို အပြည်ပြည်ဆိုင်ရာဖြတ်တဲ့  ရထားနဲ့တင်ပြီး အင်္ဂလန်ကိုဝင်သွားဖို့ တွေးဖြစ်ခဲ့ပါတယ်။ ကျွန်မတို့က ရုရှရဲ့ စာတိုက်စနစ်ကို ယုံမှမယုံဘဲလေ။ ဒါပေမဲ့ ရထားအကောက်ခွန်က ပစ္စည်းတွေ သယ်လာတာများလို့ ဆိုပြီး ခေါ် မေးပါတော့တယ်။

တစ်ခါ အောက်စ်ဖို့ဒ်ကောလိပ်က ဖိတ်ကြားစာမပါလို့ ဆိုပြီး အင်္ဂလန်ထဲ ပေးမဝင်ပြန်ပါဘူး။
နောက်ဆုံးမှာတော့ ကျွန်မတို့ အင်္ဂလန်ကို ပြန်ရောက်ခဲ့ပါပြီ။ ကျွန်မတို့ရဲ့ အင်္ဂလိပ်သူငယ်ချင်း တွေက မြို့လယ်နဲ့ သုံးမိုင်လောက် ဝေးတဲ့နေရာမှာ တစ်လလောက် နားခိုဖို့ စီစဉ်ပေးကြပါတယ်။ ကျွန်မတို့ ကတော့ ရောက်ရောက်ချင်းမှာ မိုက်ကယ်တို့ဆီ သွားလည်ကြတာပါပဲ။ အဲဒီအချိန်မှာ မိုက်ကယ်တို့က ဗိသုကာ အသွင်သဏ္ဌာန်မှာ ကျော်ကြားတဲ့ လခြမ်းပုံ ပါ့ခ်တောင်းမှာ နေနေကြပါပြီ။ အဲဒီနေရာက ဈေးကြီးတဲ့နေရာမို့ ကျွန်မက အံ့သြနေခဲ့တာပါ။ မိုက်ကယ်က သူ့အနေနဲ့   ဈေးအင်မတန်ချိုချိုနဲ့ ဒီအိမ်ကို ရလိုက်ကြောင်း ခပ်ပြုံးပြုံးနဲ့ ရှင်းပြပါတယ်။ အင်္ဂလန်မှာ ကိုယ်မဝယ်ခင်က နေထိုင်နှင့်   တဲ့သူတွေကို ဆက်လက် နေထိုင်ခွင့် ပြုမယ်ဆိုရင် အင်မတန် ဈေးချိုချိုနဲ့ အိမ်ဝယ်နိုင်တဲ့ စည်းမျဉ်း တစ်ခု ရှိပါတယ်။ မိုက်ကယ်တို့က အဲဒီလိုနည်းနဲ့ အိမ်ဝယ်ခဲ့တာပါ။ သူတို့မိသားစုက မြေအောက်ထပ်မှာ နေကြပြီး မြေညီထပ်မှာတော့ မိုက်ကယ်ရဲ့ စာကြည့်ခန်းနဲ့ အိပ်ခန်းတွေ ထားပါတယ်။ ပထမထပ်မှာ နဂိုတည်းက နေနေတဲ့ အဖွားကြီး တစ်ယောက်နေပြီး ဒုတိယထပ်မှာလည်း အိမ်ငှားရှိနေပါတယ်။ အဲဒီ အထပ်တွေက အိမ်ငှားခက မိုက်ကယ်တို့အတွက် လစဉ်ဝင်ငွေ ဖြစ်လာတာပါ။ အိမ်ငှား သက်ကြီးရွယ်အိုတွေ အိမ်ထဲက မထွက်မချင်း (ပြောင်းတာပဲဖြစ်ဖြစ်၊    သေဆုံးတာပဲ ဖြစ်ဖြစ်) အိမ်ရှင်အသစ်က သူတို့အခန်းကို မပိုင်ဆိုင်နိုင်အောင်  ဥပဒေက ကန့်သတ်ထားပါတယ်။ အိမ်ငှား အများစုက အသက်ကြီးသူတွေဖြစ်ပြီး ဥပဒေက သူတို့ကို ကာကွယ်ပေးထားတာပါ။

မိုက်ကယ်တို့ အိမ်ငှားအဖွားကြီးက သိပ်မကြာခင်မှာ ပြောင်းရွှေ့သွားခဲ့ကာ စုကို အမြဲအကူအညီ ပေးနေတဲ့ မသန်းဧက အဲဒီအထပ်ကို ဝယ်လိုက်ပါတယ်။ စုက မသန်းဧကို သူ့ရဲ့ “အရေးပေါ်ကြီးကြီး”လို့ ခေါ်ခဲ့တာပါ။ ဒီလိုနဲ့ စုတို့မိသားစုလည်း ငွေရေးကြေးရေး စိတ်အေးလာရပါတော့တယ်။ ကျွန်မတို့ရဲ့အောက်စ်ဖို့ဒ် ဘဝဟာ တကယ်တမ်းမှာ မလွယ်ကူခဲ့ပေမယ့် မိုက်ကယ်ရယ်၊ စုရယ်၊ မသန်းဧရယ်၊ အလက်ဇန္ဒားရယ်၊ ကင်မ်ရယ်၊  ခွေးကလေးရယ်နဲ့ သိုက်သိုက်ဝန်းဝန်း ပျော်ရွှင်ခဲ့ရပါ တယ်။

၂ဝဝ၅ ခုနှစ်တွင် တွေ့ရသော မသန်းဧ ( သူ့ကို ဒေါ်ရာသန်းဧဟု ခေါ်လျှင် မကြိုက်သူ)
၂ဝဝ၅ ခုနှစ်တွင် တွေ့ရသော မသန်းဧ ( သူ့ကို ဒေါ်ရာသန်းဧဟု ခေါ်လျှင် မကြိုက်သူ)
ကြီးကြီးမသန်းဧ

ကျွန်မတို့ မသန်းဧကို စတွေ့ တော့ သူက ကုလသမဂ္ဂဝန်ထမ်း အဖြစ် အနှစ် ၂ဝ ကြာ အမှုထမ်းပြီးလို့ ပင်စင်စားအဖြစ်    အေးအေးဆေးဆေး နားနေချိန် ဖြစ်ပါတယ်။ ကျွန်မတို့ အောက်စ်ဖို့ဒ်ကို ဘယ်အချိန်ပဲ သွားသွား သူက စုတို့ မိသားစုနဲ့အတူ ရှိနေခဲ့တာပါ။ ကျွန်မက သူတို့ နှစ်ယောက်ကြားမှာ သွေးသားမတော် စပ်တာကို အချိန်တော်တော်ကြာတဲ့ အထိ မသိခဲ့လေတော့ သူတို့နှစ် ယောက်ဟာ ရုပ်ချင်းလည်း မတူပါလားလို့ တွေးနေခဲ့တာပါ။ စုကလည်း သူတို့နှစ်ယောက် ဘယ်လိုတော်စပ် တယ်ဆိုတာ ဘယ်တုန်းကမှ မပြောခဲ့ ပါဘူး။ ကျွန်မတို့နှစ်ယောက်ကြားမှာ  အတူတကွ နားလည်ထားကြတာက မိသားစုအရေးတွေမှာ အသက်တွေ၊  နေရာဒေသတွေ၊ အချိန်ကာလတွေဆို တဲ့ ကွာခြားမှုကို လျစ်လျူရှုလိုက်ဖို့ ပါပဲ။

မသန်းဧရဲ့ အသက်ကို ဘယ်သူ ကမှလည်း မသိပါဘူး။  ၁၉၈၉ ခုနှစ်မှာ စု နေအိမ်အကျယ်ချုပ်ကျ သွားတော့ မိုက်ကယ်က “ကျွန်တော် ထင်တာတော့ အန်တီ့အသက်က ၇ဝ ဝန်းကျင်ဖြစ်ရမယ်။ ဒါပေမဲ့ မသေချာပါဘူး။ အန်တီကသူ့အသက် ကို ဘယ်တုန်းကမှ မပြောဘူးလေ”  လို့ ပြောခဲ့ပါတယ်။ သူ့အသက်က အတော်လေး အိုချင်အိုရောပေါ့။ ဒါပေမဲ့ ဘယ်သူကမှ သူ့အသက်ကို ဂရုမစိုက်ပါဘူး။  လူတွေက  သူ မှတ်ဉာဏ် ကောင်းလွန်းတာ၊ စာဖတ် ဝါသနာ ကြီးလွန်းတာ၊   နိုင်ငံတကာ နိုင်ငံရေးနဲ့ပတ်သက်ရင် သူ့ခန့်မှန်းချက်တွေ မှန်နေတာ အဲဒီလိုမျိုးတွေ ကြောင့်ပဲ သူ့ကို မိတ်ဆွေတွေက တအံ့တသြနဲ့ မှတ်မိနေခဲ့ကြတာပါ။

အန်တီဟာ သူ့ရဲ့ နောက်ဆုံး အချိန်အထိ အမျိုးသမီးဆန်တဲ့ အလှတရားအပေါ် အင်မတန် သတိထားခဲ့သူပါ။ သူ့ခေါင်းမှာ ခေါင်းစည်းပုဝါ လေးကို လွှားပြီးမေးအောက်မှာ အထုံး လေးထုံးထားတတ်တာ အန်တီ့စတိုင်လ် ပါပဲ။ သူက ဂျပန်လက်ကိုင်ပုဝါလေး ပဲဖြစ်ဖြစ် ပစ္စည်းထုတ်တဲ့ ပိတ်စ လေးပဲဖြစ်ဖြစ် တွေ့တဲ့အခါ “ထားခဲ့လေ။ ကျွန်မခေါင်းစည်းလေး လုပ် လိုက်မယ်”လို့ ပြောတတ်ပါတယ်။ သူ့မျက်နှာတစ်ဝက်ကိုတော့ ကိုင်း အနက်မျက်မှန်ဝိုင်းဝိုင်းကြီးက ကွယ်ထားလေရဲ့။ သူက အင်္ကျီကို ဘလောက်စ်လို အနောက်တိုင်းဆန် တာတွေ ဝတ်တတ်ပေမယ့် ထဘီကို တော့ အမြဲစွဲစွဲမြဲမြဲ ဝတ်တတ်ပါ တယ်။ သူ့ခြေထောက်တွေက ပုံစံ နည်းနည်း ပြောင်းနေပြီမို့ ဖိနပ်ကိုတော့ အထူအကြီးကြီးတွေပဲ စီးတတ်ပါတယ်။ သူက မျက်နှာမှာ မိတ်ကပ် ပါးပါးလိမ်း၊ နှုတ်ခမ်းနီဆိုးပြီး မျက်ခုံးမွှေးကိုလည်း တောင်တန်းနှစ်သွယ် လို ထူထူနက်နက် ဆွဲထားတတ်ပါတယ်။

သူ့ခြေထောက်ကြောင့် သူက လမ်းလျှောက်ရင် တုတ်ကောက် လိုပါတယ်။ သူက သူ့ရဲ့ ပုံပြောင်းနေတဲ့ လက်ချောင်းတွေကို ဖြန့်ပြပြီး “ဒီမှာလေ၊ သွေးလေးဘက်နာ ရောဂါကြောင့် ကျွန်မလက်ချောင်းတွေ ခုလိုဖြစ် နေတယ်”လို့ ပြောပြတတ်ပါတယ်။ သူ့ကို ၁၉ဝ၉ ခုနှစ်ဝန်းကျင်က မွေးဖွားခဲ့တယ်လို့ ကျွန်မထင်တာပါပဲ။ သူ့အသက် ၂၃ နှစ်ကနေ ၂၅ နှစ်ကြားကာလမှာ အင်္ဂလိပ်စာ သင်ယူဖို့ အင်္ဂလန်ကို ရောက်လာတဲ့ အချိန်ကလွဲရင် သူ့အသက် ၃ဝ အထိ မြန်မာပြည်မှာ နေခဲ့တာပါ။ နောက် တော့ အိန္ဒိယမှာ သုံးနှစ်နေခဲ့ကာ နောက်ထပ်နှစ်ပေါင်းများစွာ (သူ့ အသက်ရဲ့ သုံးပုံနှစ်ပုံလောက်ထိ) နိုင်ငံရပ်ခြားမှာ ရောက်နေခဲ့ပါတယ်။ အမေရိက၊ သြစတြီးယားနဲ့ အင်္ဂလန် တို့မှာ အနေများခဲ့တာပါ။ သွေးလေးဖက်နာက အာရှလို ပူပြီးစိုစွတ် တဲ့နေရာမျိုးမှာ မွေးဖွားခဲ့သူ တစ်ယောက်အနေနဲ့ ဥရောပလို အေးပြီး ခြောက်သွေ့တဲ့နေရာမျိုးမှာ အနေကြာ တဲ့အခါ  ဖြစ်တတ်တယ်နဲ့ တူပါတယ်။

ဆက်လက်ဖော်ပြပါမည်။

မသီတာ(စမ်းချောင်း)
http://www.myanmarij.com/?p=4203