ဒီတစ်ပတ်တော့ စာတိုက်အကြောင်းကို ပြောချင်ပါတယ်။ အွန်လိုင်းကနေ အဆက်အသွယ်လုပ်ရတာ အခုခေတ်မှာ တော်တော်လေးကို လွယ်ကူလာတာ ထင်ရှားပါတယ်။ လွယ်ကူသော်လည်း စာတိုက်အသုံးပြုမှု့တွေကတော့ လျော့နည်းသွားခြင်း မရှိပါဘူး။ သူ့ဟာနဲ့သူတော့ သုံးနေရတာပါပဲ။
စာရေးသူနေတဲ့ ဒီသြစီမှာတော့ စာတိုက်စနစ်ဟာ တော်တော်လေးကို ထွန်းကားတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ စာပို့စနစ်ကို အကြမ်းဖျင်း သုံးမျိုးခွဲနိုင်ပါတယ်။ ပထမဆုံးက နိုင်ငံတွင်းကို နေ့ချင်းရောက်ပို့ပေးပါတယ်။ ဒုတိယကတော့ သုံးရက်အတွင်း ရောက်အောင်ပို့ပေးပါတယ်။ နောက်ဆုံးကတော့ ခုနှစ်ရက်အတွင်းပို့ပေးပါတယ်။ ရှင်းရှင်းလေးပါပဲ။ အမြန်လိုချင်ရင် အမြန်နှုန်းကျသင့်ငွေကို ပေးလိုက်ရုံပါပဲ။ စာပို့သမားကလဲ အိမ်တိုင်ရာရောက် လိုက်ပို့ပေးပါတယ်။ ကိုယ်ကပို့လိုက်တဲ့ (သို့) ကိုယ့်ဆီကို ပို့လိုက်တဲ့ စာတွေ ပါဆယ်တွေဟာ ဘယ်တော့မှ ပျောက်သွားတယ်ဆိုတာမရှိပါဘူး။ မှတ်ပုံတင်ထားတဲ့ စာတွေ ပါဆယ်တွေကိုတော့ စာတိုက်မှာ မိမိရဲ့ ဓါတ်ပုံပါတဲ့ အိုင်ဒီပြပြီး သွားရောက်ထုတ်ယူနိုင်ပါတယ်။
ထို့အတူ အိမ်လခပေးချင်သလား၊ လျှပ်စစ်သုံးစွဲခ ပေးချင်သလား၊ ရေသုံးစွဲခ ပေးချင်သလား ဒီဟာတွေကို စာတိုက်မှာပဲ အကုန်ပေးလို့ရပါတယ်။ စာတိုက်စာရေးလုပ်တာကို မစောင့်ပဲ ကိုယ်ပို့ချင်တဲ့စာ (သို့) ပါဆယ်ထုပ်တွေကိုလဲ စာတိုက်မှာရှိတဲ့ ချိန်တဲ့စက်မှာ ကိုယ်ဖာသာကိုယ်ချိန်တွယ်ပြီး ကျသင့်ငွေကို ပေးနိုင်ပါတယ်။
တကယ်တော့ စာတိုက်လုပ်ငန်းဟာ ဒီနိုင်ငံမှာ တော်တော်လေးကို ထွန်းကားကျယ်ပြန့်ပါတယ်။ ဓါတ်ပုံရိုက်ခြင်း၊ ငွေလဲလှယ်ခြင်း၊ ဆက်သွယ်ရေးပစ္စည်းတွေကို ရောင်းခြင်း၊ နိုင်ငံတကာသို့ စာပို့ခြင်း၊ ပါဆယ်ပို့ခြင်း စသည် စသည်ဖြင့် ဒီနိုင်ငံမှာ ရှိတဲ့သူတွေဟာ စာတိုက်နှင့် ကင်းတဲ့သူ မရှိသလောက်ပါပဲ။
အဲဒီလောက်ကို စာတိုက်လုပ်ငန်းဟာ တော်တော်လေးကို ကြီးမားကျယ်ပြန့်ပါတယ်။ စာတိုက်က အသုံးပြုတဲ့ ကားတွေဆိုရင် လေးဘီးကားမှသည် ဆယ့်၇ှစ်ဘီးကားတွေအထိကို အသုံးပြုလျှက်ရှိပါတယ်။
သေချာတာတစ်ခုကို ပြောပါဆိုရင်တော့ ကိုယ်ကပို့လိုက်တဲ့ (သို့) ကိုယ့်ဆီကို ပို့လိုက်တဲ့ စာတွေ ပါဆယ်တွေဟာ ဘယ်တော့မှ ပျောက်သွားတယ်ဆိုတာမရှိဘူး ဆိုတာပါပဲ။ အဲဒီလောက်ကို စိတ်ချရပါတယ်။
ရွှေနိုင်ငံမှာတော့ စာတိုက်လုပ်ငန်း မထွန်းကားသေးတာတွေ့နိုင်ပါတယ်။ မထွန်းကားရတဲ့ အကြောင်းတွေထဲမှာ အဓိကကတော့ စာတိုက်ကို ယုံကြည်မှု့နည်းခြင်းပါပဲ။ ယုံကြည်မှု့နည်းပါးအောင်လည်း စာတိုက်က အချို့ဝန်ထမ်းတွေက လုပ်ဆောင်နေကြပါတယ်။ စာရေးသူအတွေ့အကြုံကို ပြောရရင်တော့ ပို့လိုက်တဲ့စာတိုင်း ကာယကံရှင်ဆီကို ရောက်လေ့မ၇ှိပါဘူး။ ရောက်တဲ့စာတိုင်း (အထူးသဖြင့်) ပြည်ပမှ ပို့လိုက်တဲ့စာတွေ အကုန်လုံး အဖောက်ခံထားရပါတယ်။ အဖောက်ခံထားရပြီးပြီဆိုရင်တော့ ပို့စကဒ်တို့လို၊ ဓါတ်ပုံတို့လို အရာဝတ္ထုတွေဟာ တစ်ခုမဟုတ် တစ်ခုပျောက်နေကြပါပဲ။ ပြီးတော့ ပြည်ပစာဆိုရင် တော်လေးကို သတိထားပြီး မိမိလက်ထဲကို ရောက်၇ှိအောင် ကြိုးစားရပါတယ်။
တနေ့မှာ စာရေးသူဟာ ပြည်ပက တက္ကသိုလ်တစ်ခုဆီမှ ဖိတ်ခေါ်စာတစ်ခုကို စောင့်နေရပါတယ်။ ပြည်ပက မိတ်ဆွေတစ်ယောက်ကတော့ တက္ကသိုလ်မှ တိုက်ရိုက် စာပို့လိုက်ပြီလို့ အကြောင်းကြားပါတယ်။ ပြည်ပကနေ ရန်ကုန်ကို စာပို့လိုက်တာ ကြာချိန်က သုံးရက်ပဲကြာပါတယ်။ ရန်ကုန်ကနေ့ စာရေးသူရဲ့ ဇာတိမြို့ဖြစ်တဲ့ လှည်းကူးကို နှစ်ပတ်ကြာမှ ရောက်ပါတယ်။ ဒါတောင် စာတိုက်ကို နေ့တိုင်းသွားစုံစမ်းနေလို့ပါ။ မစုံစမ်းပဲ သူတို့ပို့တာကို စောင့်နေမယ်ဆိုရင်တော့ လှည်းကူးကနေ ဇာတိရွာကို နောက်ထပ် တလလောက်တောင် ကြာမလားမသိပါ။ စာရောက်လို့ ကြည့်လိုက်တော့ တက္ကသိုလ်က ဖိတ်ထားတဲ့ ရက်ရောက်ဖို့ တပတ်ပဲလိုတော့တာ တွေ့ရပါတယ်။ ဒါနဲ့ပဲ ဗီဇာကို မြန်မြန်လုပ်ပြီး တက္ကသိုလ်ဆီကို အမြန်သွားခဲ့ရပါတယ်။ မစုံစမ်းပဲ သူတို့ပို့တာကို စောင့်နေမယ်ဆိုရင်တော့ အဲဒီ တက္ကသိုလ်မှာ တက်ရောက်သင်ကြားခွင့်ရမှာ မဟုတ်ပါဘူး။
အဆိုးဆုံးနဲ့ အံ့အားသင့်စရာ တစ်ခုလဲ တွေ့ကြုံပါသေးတယ်။ အဲဒါကတော့ စာပို့သမားတစ်ယောက်ဟာ စာတွေကို မပို့ဘဲ သူ့နေထိုင်ရာ အိမ်ရှေ့မှာရှိတဲ့ ရေအိုင်မှာ လွှင့်ပစ်ထားတာကို တွေ့ရှိရပါတယ်။ သူ့ကို မေးကြည့်တော့ ဒီစာတွေဟာ သူတို့စာတိုက်ရှိရာ မြို့နယ်ထဲက ကျေးရွာတွေက ဖြစ်တယ်။ သို့သော် အဲဒီရွာတွေဟာ စာဝေမည့်နယ်မြေထဲ မပါဝင်ဟု ဆိုပါတယ်။ အဲဒီစာတွေကို ကောက်ယူကြည့်တဲ့အခါမှာတော့ ပြည်ပမှာ အလုပ်သွားလုပ်နေတဲ့ သားသမီးတွေက ရွာမှာကျန်နေကြတဲ့ မိဘမောင်ဘွားတွေဆီကို ရေးသားထားတဲ့ စာတွေပဲ ဖြစ်ပါတယ်။ အရမ်းကို အံ့အားသင့်သွာပါတယ်။
ပြည်သူတွေရဲ့ ယုံကြည်မှု့ကို မရသရွေ့ကတော့ မြန်မာ့စာတိုက်လုပ်ငန်းဟာ တိုးတက်မှာ မဟုတ်ပါဘူး။
တာဝန်ရှိသူအနေနဲ့ အမြန်ဆုံး ပြုပြင်သင့်ပြီ ဖြစ်ပါကြောင်း။
မတူတာလေးတွေကို ပြောပါတယ်။
နောက်တစ်ပတ်မှ ဆက်ရေးပါမည်။
မောင်နေခြည် (လှည်းကူးမြေ)
No comments:
Post a Comment