လှည်းကူးမြို့နယ်၊ ၀ါးနက်ကုန်းကျေးရွာရှိ စပါးစိုက်ရာ လယ်မြေအချို့တွင်
ယခုလအတွင်း လယ်အတွင်းရှိ ရေညစ်ညမ်း မှုများကြောင့် ကောက်စိုက်သမများ၏
လက်နှင့်ခြေထောက်များတွင် ယားနာများဆိုးရွားစွာ ဖြစ်ပေါ်လျက် ရှိကြောင်း
အဆိုပါ ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ရေညစ်ညမ်းရခြင်း အကြောင်းရင်းမှာ အနီးရှိ ငမိုးရိပ်ဆည်မြောင်းမှ
ရေပေးဝေသော်လည်း ရေထွက် ရေနုတ်မြောင်းမှာ ပိတ်နေခြင်းကြောင့် လယ်ထဲရှိ
နွေရေ၊ မိုးရေမှာ ကာလကြာမြင့်သည့်အခါ ရေများမှာ စီးဆင်းမှု မရှိသောကြောင့်
ရေညစ်ညမ်းရခြင်း ဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ရေညစ်ညမ်းသော လယ်မြေများတွင် ဒေသခေါ် ခရုယားများမှာ
အများအပြား ပွားလာခြင်းကြောင့် ကောက်စိုက်သူများ၏ ရေထိများသော
လက်နှင့်ခြေထောက်များတွင် ယားနာများ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း၊
ယခင်နှစ်များက ယင်းသို့ ဖြစ်ပွားမှု မရှိကြောင်း လယ်သမား တစ်ဦးဖြစ်သူ
ဦးထွန်းလင်း၏ ပြောကြားချက်အရ သိရသည်။
ယင်းကဲ့သို့ ရေထွက်မြောင်း တူးရန်အတွက် ဆည်မြောင်းမှ မြေတူးစက်
ချပေးသော်လည်း မြေတူးစက် မောင်းသူများမှာ လာရောက်တူးသော နေ့တွင်ပင်
အနည်းငယ်သာ တူးဖော်ပြီး မြေတူးစက် ပျက်သွားသည်ဟု ဆိုကာ ပြန်သယ်သွားကြောင်း
သိရှိပြီး ယခုချိန်ထိ လာရောက်တူးခြင်း မရှိကြောင်း ဒေသခံ လယ်သမားများ၏
ပြောကြားချက်အရ သိရသည်။
''ပြီးခဲ့တဲ့ လပိုင်းကတော့ ဆည်မြောင်းက ရေထွက်မြောင်း တူးပေးမယ်ဆိုပြီး
မြေတူး စက် တစ်စီးပေးတယ်။ စက်ဆီဖိုးကိုတော့ လယ်သမားတွေ ပေးပါဆိုတော့
လယ်သမားတွေ စုပေါင်းပြီး ဆီဂါလန် ၅၀ ထည့်ပေးလိုက်တယ်။ မြေတူးစက်
ရောက်တဲ့နေ့မှာပဲ အချိန်ငါးနာရီပဲ တူးရသေးတယ်။ စက်ပျက်သွားလို့ဆိုပြီး
တူးတဲ့နေ့မှာ ပြန်သယ်သွားတယ်။ တူးတဲ့အချိန်က ငါးနာရီဆိုတော့ ခန့်မှန်းချိန်
ဆီက ဂါလန် ၂၀ ပဲ ကုန်ပါတယ်။ မြေတူးစက်ပြင် ပြီးတော့လည်း လာမတူးသလို
ပိုတဲ့ဆီတွေလည်း ပြန်မပေးတော့ဘူး။ အခုတူးပြီးသား နေရာမှာက ရေထွက်မြောင်းကို
ပိတ်ထားသလို ဖြစ်နေတဲ့အတွက် ရေတွေက မဆင်းတော့ပါဘူး'' ဟု တောင်သူ
ဦးကြင်စောင်က ပြောပြသည်။
ထိုသို့ ညစ်ညမ်းသော လယ်မြေများတွင် ကောက်စိုက်သူများမှာ ရေနှင့်ထိတွေ့မှု
အများဆုံးဖြစ်သည့် လက်နှင့် ခြေထောက်များတွင် ယားဖုများဖြစ်ခြင်း၊
ပြည်တည်အနာများ ဖြစ်ခြင်း၊ အနာများမှ ရောင်ရမ်းကိုက်ခဲခြင်းနှင့်
ကိုယ်ပူခြင်းများကိုပါ ခံစားရကြောင်း ယင်းသို့ ခံစားရသော်လည်း ငွေကြေး
မတတ်နိုင်မှုကြောင့် ဆေးခန်းမပြနိုင်ဘဲ နီးစပ်ရာ ဆေးမြီးတိုများဖြင့်သာ
ကုသနေကြကြောင်း ဒေသခံ ကောက်စိုက်သူများ၏ ပြောကြားချက်အရ သိရသည်။
''ဒေသအခေါ်ကတော့ ခရုယား ယားနာပေါ့။ လယ်ထဲဆင်းတာနဲ့ အသားက ဆတ်ခနဲ
ဖြစ်သွားတာ။ ခဏကြာတော့ ထုံပြီး ယားလာတယ်။ ဆပ်ပြာနဲ့ ဆေးလည်း ယားတာတွေက
မပျောက်ဘူး။ လက်တွေ၊ ခြေတွေနဲ့ ရေထိတဲ့ နေရာမှန်သမျှ ယားနာလို
အပိမ့်ပိမ့်တွေ ထွက်တော့တာပဲ'' ဟု ယားနာခံစား နေရသူ မခင်ထွေးက ဆိုသည်။
Ref: http://news-eleven.com/local/mandalay-news-and-local/21977
No comments:
Post a Comment