သူမ ဘာလိုချင်တာကို မရတာတော့ မသိပါဘူး။ တစ်ပါးထဲ အတွေးတော့ နယ်ချဲ့မိပါတယ်။
လူဝတ်ကြောင်လဲ လူဝတ်ကြောင် အလျောက်၊ သာသနာ့ဝန်ထမ်းလဲ သာသနာ့ဝန်ထမ်းအလျောက် လိုချင်တာတွေကတော့ များသားပဲ။ များတိုင်းလဲ စိတ်သွားတိုင်း ကိုယ်ပါ မဖြစ်တာများပါတယ်။ တစ်ခါတစ်ရံမှာတော့ လိုချင်တာကို ရသယောင်ပါပဲ။ ဒါပေမယ့် ကိုယ်အလိုချင်ဆုံးတော့ မဟုတ်ပါဘူး။ ဒါကြောင့် ရလာပေမယ့် စိတ်ကျေနပ်မှု မရှိဘူး။ ကိုယ့်ကိုယ်ကိုပဲ ဒီလောက်တောင် မဖြစ်ဘူးလား ဆိုပြီးတော့ စိတ်ဓာတ်တွေ တော်တော် ကျသွားတတ်ကြပါတယ်။ သူတော့ဖြစ်တယ်။ ငါ့ကြမှ ဖြစ်ရလေခြင်းပေါ့။ ကျသွားတဲ့ စိတ်တွေ ထောင်တက်လာအောင် ကိုယ်စိတ်တွေကို ထိန်းမတ်ဖို့ တစ်ခါတစ်ရံမှာ မေ့တတ်ကြပါတယ်။
ဒီလိုမဖြစ်အောင် ကိုယ့်အတွက် ခွန်အားဖြစ်စေတဲ့ စာတွေကို များများဖတ်ဖို့ လိုပါတယ်။ ခွန်အားမဖြစ်စေတဲ့ အရာတွေနဲ့ အချိန်အကုန် မခံစေချင်ပါဘူး။ စတားဖြစ်ချင်ရင် စတားဖြစ်နေတဲ့သူတွေ ရေးထားတဲ့ အတ္ထုပတ်တွေကို ဖတ်သင့်ပါတယ်။ အနည်းဆုံး သူတို့တွေ ဘာကြောင့် ထင်ပေါ်ကျော်ကြားရသလဲဆိုတာကို သိနိုင်ကြမှာပါ။ သေချာတာတစ်ခုကတော့ ထင်ရှားသူတိုင်းမှာ ထင်ရှားမှုနဲ့ထိုက်တန်တဲ့ ပေးစပ်မှုတွေရှိခဲ့ကြတာပါ။ ပေးစပ်မှုတွေဟာ ချိုမြိန်တဲ့ အရသာတွေတော့ မဟုတ်ပါဘူး။ လူတွေရဲ့ အမြင်မှာ စွန့်စားမှု မအောင်မြင်ရင် ဒီကောင်ရူးလိုက်တာပေါ့၊ ခလေးကလှောင် ခွေးကဟောင်အဖြစ်တွေပေါ့။ အောင်မြင်သွားရင်တော့ စွန့်စားတော့ အောင်မြင်တာပေါ့ လို့ ယူဆတတ်ကြပါတယ်။
မြတ်စွာဘုရားကတော့ လိုချင်တာကို ရနိုင်ဖို့ တရားလက်ဆောင်တစ်ခု ပေးထားခဲ့ပါတယ်။ အဲဒါကတော့ အဓိပတိ (၄)ပါးနဲ့ ပြည့်စုံရင် ဘာမဆို လိုတာရနိုင်ပါတယ်တဲ့။အဓိပတိ (၄)ပါးကတော့ ဆန္ဒရယ် ၊ စိတ်ဓာတ်ရယ်၊ ၀ီရိယရယ်၊ ပညာရယ်ပေါ့။ ဒီလေးပါးပြည့်စုံရင် ဘာမဆို ရနိုင်၊ ဖြစ်နိုင်ပါတယ်။ ဆန္ဒဟာ ရိုးရိုး ဆန္ဒ မဟုတ်ဘူး။ အဓိပတိကို တပ်နေရပါ့မယ်။ ဒီမှာ ငယ်ငယ်တုံးက ကြားဘူးတဲ့ ပုံပြင်တစ်ပုဒ်ကို သွားပြီး အမှတ်ရမိပါတယ်။ အဲဒီပုံပြင်ကတော့.......
ရွာတစ်ရွာမှာ သားအဖ နှစ်ယောက်ရှိသတဲ့၊ တောရွာတို့ရဲ့ ဓလေ့အတိုင်း ညဘက်မှာ လရောင်ကို နောက်ခံထားပြီး ရေနွေးကြမ်းသောက်ကြပါတယ်။ စကားလေး တပြောပြောပေါ့။ လပြည့်နေ့ည ဆိုတော့ လရောင်ကလဲ ထိန်ထိန်သာပေါ့။ အဲဒီအချိန်မှာ သားလုပ်တဲ့သူက သူ့အဖေကို
" အဖေ အခုနေများ ထီတစ်သိန်းဆု ပေါက်ရင် ဘယ်လောက်ကောင်းမလဲ" ပြောတယ်၊။ အဲဒီ အချိန်မှာ အဖေလုပ်တဲ့သူက သားဖြစ်သူကို ဖနောင့်နဲ့ ထပေါက်ပါလေရော။ သာဖြစ်သူက ဘာ့ကြောင့် ပေါက်သလဲလို့ မေးတော့ အဖေလုပ်သူက ဒီလို ပြောပါတယ်။ " ငါ့သားရယ် တွေးတာတောင်မှ တစ်သိန်းပဲ တွေးရလားကွ၊ အခုက သိန်းငါးဆယ်ထီလေကွာ " တဲ့။ (မှတ်ချက်။ ။ လက်ရှိ အောင်ဘာလေထီ သိန်းဘယ်လောက်လဲ စာရေးသူမသိပါ၊)
ဒီပုံပြင်လေးအတိုင်းပါဘဲ ဆန္ဒဟာ ရိုးရိုး ဆန္ဒ ရှိရုံနဲ့ ဘာမှမဖြစ်နိုင်ပါဘူး။ အဓိပတိကို တပ်နေရပါ့မယ်။ကျန်တဲ့ အဓိပတိတပ်တဲ့ စိတ်ဓာတ်တွေ၊ ကြိုးစားမှုတွေကို အဓိပတိတပ်တဲ့ ပညာနဲ့ ထိန်းအုပ်လိုက်ရင် လိုချင်တာကို ရနိုင်မှာ ဖြစ်ပါတယ်။
အနောက်တိုင်းမှာလဲ စကားပုံလေးတစ်ခုရှိပါတယ်။
"What the mind can see and believe it can be achieved.
စိတ်ထဲမှာလဲ မြင်မယ်၊ ယုံကြည်မှု့လဲရှိမယ်ဆိုရင် အဲဒီအရာတွေကို ရရှိပိုင်ဆိုင်နိုင်ပါတယ်။"
ဒီဟာကလဲ မြတ်စွာဘုရားဟောထားချက်နဲ့ သဘောတရား အတူတူပါပဲ။
ဒါကြောင့် စာရေးသူရဲ့ ဆရာဖြစ်တဲ့ လှည်းကူးမြို့နယ်၊ ပိုက်ကြီးဝဲရွာ၊ အေ၇ှ့ကျောင်း၊ မဟာဝိဇိတာရာမစာသင်တိုက်ဆရာတော် ဒေါက်တာအရှင်ရေ၀တာလင်္ကာရ- ရဲ့ ဆုံးမစကားတစ်ခွန်းကို ဝေမျှချင်ပါတယ်၊ အဲဒါကတော့...
အပျော်ကြီးပျော်ချင်လျှင် အပျော်လေးတွေကို လျော့ပါ။
If you want great happiness, give up small pleasures.
တစ် နဲ့ တစ် ပေါင်းရင် နှစ် ပေါ့။ ဒါပေမယ့် သင်္ချာနည်းဟာ အမြဲတမ်း မမှန်နိုင်ပါဘူး။
အမှိုက်တစ်ပုံ နဲ့ အခြားအမှိုက်တစ်ပုံ ပေါင်းလိုက်ရင်တော့ အဖြေတစ်မျိုးထွက်သွားနိုင်ပါတယ်
လို့ ငိုစရာ လိုတော့မယ် မထင်ပါဟု..........
ု
အရှင်အဂ္ဂဥာဏ (လှည်းကူး)
လှည်းကူမြေ-မောင်နေခြည်
No comments:
Post a Comment