Friday, 9 November 2012

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၂၃) မသီတာ(စမ်းချောင်း)

From http://www.myanmarij.com/?p=7254



ကက်သလစ် ဘုန်းတော်ကြီး နှစ်ပါးက စားပွဲဘေးမှာ နေရာယူ လိုက်ကြပါတယ်။ တစ်ပါးက ဩစတြေးလျက ဖြစ်ပြီး တစ်ပါးက မြန်မာပြည်ကပါ။ သိပ်မကြာခင်မှာပဲ မြန်မာကက်သလစ် သီလရှင်နှစ် ယောက်က ဝတ်စုံပြာတွေ ဝတ်ထားကာ ဟင်းပန်းကန်တွေ ကိုင်ပြီး စားပွဲဆီကို လျှောက်လာကြပါတယ်။ အထီးကျန်လှတဲ့ ဒီအိမ်ထဲမှာ ချစ်စရာ ပန်းလေးနှစ်ပွင့် ပွင့်နေသလို မြင်လိုက်ရတာပါ။ ဒီတော့မှပဲ မိုက်ကယ် ဘာလို့ ပြန်လန်း ဆန်းလာတာလဲဆို တဲ့ပဟေဠိကို ကျွန်မ အဖြေညှိလိုက် နိုင်ပါတယ်။

မြန်မာ့စားစရာ အုန်းနို့ခေါက်ဆွဲက သိပ်ကို အရသာ ရှိတာပါပဲ။ အချိုပွဲအဖြစ် ကျွေးတဲ့ စတော်ဘယ်ရီသီးတွေ ကိုလည်း မိုက်ကယ်နဲ့ ကက်သလစ်ဘုန်းကြီး၊ သီလရှင်တွေ က မြေထဲပင်လယ်ခေတ် ဘုရားရှိခိုး ကျောင်းဝင်း ထဲကနေ ဆွတ်ခူးခဲ့ပါသတဲ့။ မိုက်ကယ်က အဲဒီလို စတော်ဘယ်ရီ ခူးရတာကို သဘောတွေကျပြီး စိတ်လှုပ်ရှား နေသလောက် သားဖြစ်တဲ့ ကင်မ်ကတော့  အေးစက် တိတ်ဆိတ်စွာနဲ့ပဲ သူ့အဖေကိုငေးကြည့်နေပါတယ်။ သားအဖ နှစ်ယောက်ကို ကြည့်ရတာကိုက စိတ်ဝင်စားစရာပါပဲ။

မိုက်ကယ်က ပြောပြတာကတော့ မြန်မာပြည်က ကက်သလစ် သီလရှင်နှစ်ယောက် အောက်စ်ဖို့ဒ်ကို ရောက်လာကြောင်း သူ စတင် ကြားခဲ့ပါသတဲ့။ ဒီလိုနဲ့ သီလရှင် တွေနေတဲ့ ကွန်ဗင့်ကျောင်းက ကျောင်းအုပ်ကြီး ကို အဲဒီသီလရှင်နှစ်ယောက် နဲ့တွေ့မေးနိုင်ဖို့ ပြောကြားခဲ့ပါတယ်။ နောက်တော့ အဲဒီ သီလရှင်နှစ်ယောက် ကို မနက်တိုင်း ကွန်ဗင့်ကို လွှတ်လိုက်ပြီး သီလရှင်တွေရဲ့ တာဝန်တွေကို ထမ်းဆောင် ခွင့်ပြုမှာဖြစ်ကာ အင်္ဂလိပ် စာသင်ကျောင်းကိုလည်း သူကပဲ အကုန်အကျခံ ထားပေးမယ်လို့ ရှင်းပြခဲ့ပါတယ်။ သူ့ အတွက် တောင်းဆိုချက်ကတော့ အဲဒီသီလရှင် နှစ်ယောက်ကို ကွန်ဗင့်မှာ မနေစေဘဲ သူ့အိမ်မှာ နေခွင့် ရအောင်ပါ။ ကွန်ဗင့်ကျောင်းကလည်း မိုက်ကယ့်တောင်းဆိုမှုကိုလက်ခံပါတယ်။ မိုက်ကယ်တို့အိမ်မှာ အဲဒီ အချိန်က ဒုတိယထပ်က အိမ်ငှားတွေလည်း မရှိချိန်ဆိုတော့ အဆင်ပြေသွားပါတယ်။

၁၉၈၆ နှစ်ဆန်းပိုင်းက တိုကျိုတွင် တွေ့ရသည့် အလက်ဇန္ဒားနှင့် ကင်မ်

မိုက်ကယ်က သီလရှင်တွေကို အိမ်ခန်းခ မတောင်းခဲ့ပေမယ့် အရေးအကြီးဆုံး တောင်းဆိုမှုတစ်ခုကိုတော့ မမေ့မလျော့ တောင်းခဲ့ပါတယ်။အဲဒါကတော့ တစ်နေ့မှာ တစ်နပ်စာကို ပူပူနွေးနွေး ချက်ပြုတ် ပြင်ဆင်ပေးဖို့ပါပဲ။ ဟုတ်တယ်လေ။ ဒါမှ သူ့အကြိုက် မြန်မာစာကို ညတိုင်းလွေးနိုင်မှာကိုး။ ကျွန်မတို့လည်း မိုက်ကယ့်လောက် မြန်မာစာကို ကြိုက်တတ်တဲ့ အင်္ဂလိပ်ကို မတွေ့ဖူးဘူးလို့ ဆိုရမလားပါပဲ။
ညစာစားပြီးတော့ အိမ်က တိတ်ဆိတ်သွားခဲ့ပါတယ်။ မိုက်ကယ်က ကျွန်မကို သူ့နောက်ကိုတိတ်တဆိတ် လိုက်ခဲ့ဖို့ လက်ဟန်ပြပါတယ်။ ကျွန်မတို့လည်း မြေညီထပ် ဧည့်ခန်းကနေ မြေအောက်ထပ် မီးဖိုချောင်ဆီ ဆင်းလာခဲ့ပါတယ်။ ကင်မ်ဟာ တစ်ခါက ကျောင်းကနေ စုယူလာခဲ့တဲ့ ဒဏ်ရာတွေနဲ့ သစ်သားစားပွဲဘေးမှာ တိတ်တဆိတ်ပဲ စာဖတ်နေပါ တယ်။ ကက်သလစ် သီလရှင် ညီအစ်မကတော့ ပန်းကန်တွေကို တိတ်တဆိတ် ဆေးနေလေရဲ့။

အဲဒီလိုမြင်ကွင်းမျိုးက သာမန်မြင်ကွင်းမျိုး မဟုတ်လား။ ကင်မ်က သီလရှင်ညီအစ်မကို သိပ်အားကိုးနေပါပြီ။ သူစာဖတ်တဲ့ နေရာက နည်းနည်းမှောင် နေပေမယ့် သူကနေရာ မရွေ့သေးပါဘူး။ သူ့မျက်ဝန်းတွေလည်း စိုစွတ်နေသလားပဲ။ ကျွန်မတို့လည်း ဧည့်ခန်းကို ပြန်တက်လာ ခဲ့ကြပါတယ်။ “နိုရီကိုရေ ကင်မ်က သိပ်ကို တိတ်ဆိတ်နေတယ်။ ဒီလိုနေတာ စုမရှိတော့ထဲက ဆိုရင်တော့ ဒီတစ်ကြိမ်ပဲ ရှိသေးတာ” လို့ မိုက်ကယ် ကဆိုပါတယ်။ တကယ်တော့ ကင်မ်ရော၊ မိုက်ကယ်ပါ စုကို သိပ်လွမ်းနေကြလှပါပြီ။ သူတို့ဘဝက အထီး ကျန်ဆန်လှပါတယ်။

နောက်နှစ် နွေဦးဖြစ်တဲ့ ၁၉၉၆ မတ်လမှာတော့ ကျွန်မတို့ ဇနီးမောင်နှံဟာ အောက်စ်ဖို့ဒ်မှာ တိုက်ခန်းတစ် ခန်းဝယ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ မိုက်ကယ်ကတော့ အဲဒီအဆုံးအဖြတ် ကို သဘောတွေကျကာ အေးဂျင့်နဲ့ မိတ်ဆက်ပေးသလို သူ့ကားနဲ့လည်း အိမ်ခန်းတွေကို လိုက်ပြပေးပါတယ်။ ကြည့်သမျှ တိုက်ခန်း တော်တော် များများကို သူကမကြိုက်ပေမယ့် နောက်ဆုံးမှာတော့ မိုက်ကယ့်အိမ်နဲ့ လမ်းလျှောက်ရင်တောင် ရတဲ့နေရာက တိုက်ခန်းတစ်ခန်းကိုတော့ သဘောကျသွားပါတယ်။ သုံးထပ်တိုက် တစ်တိုက်ရဲ့ ပထမထပ်မှာရှိတဲ့ တိုက် ခန်းပါ။ မိုက်ကယ်က အဲဒီအိမ်ရဲ့ မြေညီထပ်မှာ နေခဲ့ဖူးတဲ့ အမျိုးသမီး ကြီးကိုသိပြီး သူ့ဆီလည်း သွားလည် ဖူးပါတယ်။ မိုက်ကယ်ကတော့ ဝိတိုရိယခေတ် ဗိသုကာလက်ရာဟန် အိမ်မျိုးဝယ်ဖို့ အကြံပေးပါတယ်။ နောက် ဆုံးတော့ အောက်စ်ဖို့ဒ်ရောက်ပြီး သုံးရက်အတွက် အကြီးဆုံး ဈေးဝယ်ခြင်းအမှုကို ဆောင်ရွက်ခဲ့နိုင်ပါတော့ တယ်။

နွေရာသီပိတ်ရက် ဖြစ်တဲ့ ဇူလိုင်၊ ဩဂုတ်မှာတော့ ကျွန်မတို့ဟာ တိုက်ခန်းလေးကို သက်သောင့်သက်သာ နေနိုင်မယ့် အိမ်လေးဖြစ်အောင် ပြင်နိုင်ခဲ့ကြပါတယ်။ ကုတင်နဲ့လျှပ်စစ် ပစ္စည်းတွေက ဝယ်ပြီးတာနဲ့ ရောက် လာတာ မြန်ပေမယ့် ပရိဘောဂတွေ ကတော့ အဆင်သင့် မဖြစ်သေးပါဘူး။ ဒီလိုနဲ့ အိမ်ခန်းအလယ်ကောင် မှာ အိပ်ရာခင်းကို ချခင်းကာ ကျွန်မတို့ရဲ့ ဒုက္ခသည် စတိုင်လ်ဘဝကို စ တင်လိုက်ကြပါတယ်။ သီလရှင် ညီအစ်မ ကတော့ ကျွန်မတို့ရဲ့အဲဒီ စတိုင်လ်ကို သဘောကျကြပါသတဲ့။ သူတို့က စာအုပ်ပုံ စားပွဲတုပေါ်မှာ လက်ဖက် ရည်ဗန်းကို တင်ပြီး လက်ဖက်ရည် သောက်ရတာ ကို ပျော်နေကြပါတယ်။ သူတို့ရဲ့မြန်မာပြည်မှာ နေခဲ့ပုံတွေနဲ့ တူတာမို့ ဒီလိုနေရတာ ကို သဘောကျနေကြတာပါ။

သူတို့ညီအစ်မက မြို့ပြင်ကို ကားမောင်းပို့ပေးပြီး ဈေးဝယ်ထွက်နိုင်အောင် စီစဉ်ပေးပါတယ်။ အိမ်ပြန်ရောက် တာနဲ့ ညီအစ်မကထမင်း အိုးဖုံးကိုဖွင့်ကာ ထမင်းတွေစားကြ တော့တာပါပဲ။ ပြီးတော့မှ စိတ်ချမ်းသာသွား သလိုနဲ့ “အခုတော့ လူသစ် တစ်ယောက်လိုတောင် ခံစားနေရ ပြီ”လို့ပြောလိုက်ပါတယ်။ တကယ်တော့ ကားမောင်းတဲ့ မြန်မာ ကောင်မလေးက ကားထဲမှာ သီချင်းကို ခပ်ကျယ်ကျယ် ဖွင့်ထားပြီး အရှိန်ကိုလည်း မြှင့်ပြီးမောင်းပါတယ်။ လမ်းမှာလည်း တွေ့သမျှ ခပ်နှေးနှေး ကားတွေကို ကျော်တက်သလို မြန်မြန် မောင်းစမ်းပါ လို့လည်း အော်လိုက်ပါသေးတယ်။ ကားနောက်ခန်းက သီလရှင် ညီအစ်မကတော့ တစ်ချိန်လုံး ရယ်နေကြကာ ဒါမှ မြန်မာမိန်းကလေး စစ်စစ်လို့ ပြောနေကြပါတယ်။ ကျွန်မလည်း မြန်မာ မိန်းကလေးတွေဟာ သိပ်ပြင်းထန်သလို အကြောက်အလန့်လည်း မရှိဘူးလို့ တွေးမိကာ စုကိုလည်း သတိရသွားမိပါတယ်။

ကားမောင်းပို့ပေးသူက ကားကို ဝယ်ထားတာ မကြာသေးသလို ကိုယ်တိုင် မောင်းတာလည်း မကြာသေးပါဘူး။ ဒီတော့ သီလရှင် ညီအစ်မထဲက အစ်မဖြစ်သူက ကြောက်နေသလို ဖြစ်ပေမယ့် တစ်ချိန်လုံးတော့ ပြုံးနေခဲ့ ပါတယ်။ ကျွန်မကလည်း ဒီအကြောင်းကို စောစောကသာ သိခဲ့ရင် ကားရှေ့ခန်းမှာ ထိုင်ဖြစ်မယ် မထင်ပါဘူး။ ဒီတော့ အိမ်ပြန်ရောက်တဲ့အခါ ထမင်းစားလိုက်ပြီးမှပဲ သူတို့ပူပန်နေခဲ့တာတွေ သက်သာသွားသလိုပါ။  ညီအစ်မနှစ်ယောက် တိတ်ဆိတ် အေးချမ်း သွားကြပုံကို မြင်ရတော့ အာရှသား အာရှသူတွေအတွက် ထမင်းဟာ ဗိုက်အဆာ သက်သာစေရုံမက စိတ်အဆာလည်း ပြေစေတာကို သတိထား လိုက်မိပါတယ်။
သိပ်မကြာခင်မှာပဲ သံရုံးကား တစ်စီးကို မိုက်ကယ်တို့ အိမ်ရှေ့နား မှာရပ်ထားတာ တွေ့ကြရပါတယ်။ ညီအစ်မ တွေက ကားနားကပ်သွားချိန်မှာတော့ ကားက မောင်းပြေးသွားလေရဲ့။ အဲဒီကားက မြန်မာသံရုံးက ကားပါပဲ။
မသီတာ(စမ်းချောင်း)

No comments: