ညီညာပြန့်ပြူးပြီး
ကားလေးစီးပြိုင်တူမောင်းနိုင်တဲ့ ပစိဖိတ်ဟိုင်းဝေး လမ်းမထက်မှာ ကားငယ်နှစ်စီးဟာ တစ်နာရီလျှင်
ကီလိုမီတာ (၁၁၀)အောက်မလျော့တဲ့ နှုန်းဖြင့် ငှက်ပျောမြို့တော်ဆီကို ဦးတည်ပြီး မောင်းနှင်နေပါတယ်။
ငှက်ပျောမြို့တော်ဆိုတာကတော့ အခြားမဟုတ်ပါ သြစတေးလျနိုင်ငံ၊ နယူးဆောက်ဝေးပြည်နယ်ရှိ
ကော့ဆားဘားမြို့ ( Coffs Harbour) မြို့ပဲ ဖြစ်ပါတယ်။ အဲဒီမြို့ကို သွားရောက်ရခြင်း
ရည်ရွယ်ချက်ကတော့ ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒရဲ့ ဖိတ်ကြားချက်အရ ဆရာတော်ရဲ့ ကျောင်းကထိန်ပွဲကို
သွားရောက်ခြင်းပါ။
မနက် ၉နာရီကျော်မှာ
ကားစတင်ထွက်ခွါပြီး ကော့ဆားဘားကို ညနေငါးနာရီနီးပါးမှ ရောက်ပါတယ်။ လမ်းတစ်လျောက်မှာတော့
ကားတိုက်ခံထားရတဲ့ သားပိုက်ကောင်များ၊ ပြန့်ပြူးသာယာသော ကွင်းပြင်များ၊ ၀င်းဝါနေသော
လိမ္မော်ခြံများ၊ လေယူရာ တိမ်းနေတဲ့ ထင်းရူးတောများ၊ ပင်လုံးကျွတ်မျှပွင့်နေကြတဲ့ စိန်ပန်းပြာပင်၊
စိန်ပန်းနီပင်များ၊ ဟက်တာပေါင်း ထောင်သောင်းချီရှိတဲ့ နွားမွေးမြူရေးခြံများ၊ မြင်းမွေးမြူရေးခြံများ၊
ဘလူးဘယ်ရီခြံများကို တမျှော်တစ်ခေါ် တွေ့ရှိနိုင်ပါတယ်။ တစ်ချို့ မြင်းမွေးမြူရေး နွားမွေးမြူရေးခြံများတွင်
ကိုယ်ပိုင်လေယာဉ်ငယ်များ ရပ်နားထားသည်ကို တွေ့ရပါတယ်။ အထူးခြားဆုံးကတော့ အဲဒီမြို့ရဲ့
တောင်ကုန်းတိုင်မှာ ငှက်ပျောခြံများနှင့် စိမ်းစိုနေတာပါပဲ။ တစ်နိုင်ငံလုံးရဲ့ ငှက်ပျောသီးတစ်ဝက်ခန့်မျှကို
ဒီမြို့က ထွက်၇ှိပါတယ်။
ညနေ(၅)နာရီလောက်မှာ
ဝင်းစားသောက်ဆိုင်ကို ရောက်ရှိပါတယ်။ အဲဒီဆိုင်က ဦးမြင့်ဆွေ နဲ့ ဒေါ်ဝင်းတို့ဟာ ဒီမြို့မှာရှိတဲ့
ဓမ္မဒူတမြန်မာကျောင်းရဲ့ ကျောင်းဒကာတွေပဲ ဖြစ်ပါတယ်။ သူတို့ဆိုင်ဟာ မြို့လည်မှာရှိပြီး
ထိုင်းအစားအသောက်တွေကို ရောင်းချပါတယ်။ အရမ်းပဲရောင်ကောင်းတဲ့ဆိုင်ဖြစ်ပါတယ်။ ဆိုင်ရှေ့မှာ
ပိတောက်ပန်း ကဲ့သို့သော ပန်းများ ၀ါထိန်နေတဲ့ ပန်းပင်တန်းကို တွေ့ရပါတယ်။ အပွင့်သည်
ပိတောက်ပန်းနဲ့ တူသော်လဲ အရွက်ကတော့ ကွဲပြားပါတယ်။ စာရေးသူကတော့ သြစီပိတောက်ဟု နာမည်ပေးလိုက်ပါတယ်။
ခေတ္တမျှနားပြီးတဲ့
အခါမှာတော့ မြို့ထဲမှာရှိတဲ့ ရေခဲပြင်စကိတ်စီးကွင်းကို သွားပါတယ်။ မိမိနှင့် မသက်ဆိုင်ပေမယ့်
မိမိနှင့် အတူပါလာကြတဲ့ ဆယ်ကျော်သက် ခလေးငယ်များ အလွန်စီးချင်သောကြောင့် ဗဟုသုတအဖြစ်
လိုက်ပါသွားခဲ့တာပါ။ ကွင်းထဲက ထိုင်ခုံမှာ ခေတ္တပဲထိုင်နိုင်ပါတယ်။ အရမ်းအေးလို့ အအေးမရှိတဲ့
အခန်းထဲမှာ ထိုင်နေရပါတယ်။ ပြီးတော့ ကျောင်းကို ချီတက်ခဲ့ပါတယ်။
ဓမ္မဒူတကျောင်းဟာ
မြို့ထဲနဲ့ (၂၅)မိနစ်ခန့် ကားမောင်းရတဲ့ အရပ်မှာတည်ရှိပါတယ်။ ၂၀၀၆ခုနှစ်တွင် စတင်တည်ထောင်ပြီး
တောင်ကုန်းထိပ်မှာ တည်ရှိပါတယ်။ ပတ်ခြာလည်မှာလဲ တောင်တန်းတွေ ပတ်ခြာလည်ဝိုင်းနေပါတယ်။
အလွန်ပဲ စိတ်ငြိမ်လှပြီး အေးချမ်းမှုရသကို ပေးစွမ်းနိုင်ပါတယ်။ ဒီညတော့ အဲဒီကျောင်းမှာ
ညအိပ်ပါတယ်။
နောက်နေ့နံနက်မှာတော့
ကထိန်ပွဲကို ကျင်းပပါတယ်။ ဆရာတော် အရှင်ဆေကိန္ဒမှ တရားဟောပါတယ်။ စာရေးသူအပါအ၀င် (၇)ပါးကြွရောက်ပါတယ်။
အဲဒီထဲမှာ ဆရာတော် အရှင်ပညာဝရော ( buddhanet.net / buddhistelibrary.org/
buddhanet.info/wbd ကို တည်ထောင်သူ) ပါဝင်ပါတယ်။ အဲဒီကျောင်းက ဗောဓိပင်ကို ယင်းဆရာတော်မှလှူဒါန်းပါတယ်။ ကျောင်းထဲမှာ ကျောင်းအဆောက်အဦ နှစ်ခုရှိပြီး သိမ်လဲရှိပါတယ်။
နေ့လည်ပိုင်းမှာတော့
မြို့ပတ်ခြာလည်မှာရှိတဲ့ ကမ်းခြေတွေကို သွားရောက်ခဲ့ပါတယ်။
ကမ်းခြေတွေဟာတော်တော်လှပပါတယ်။
ကမ်းခြေရှိ သဲသောင်ပေါ်ကိုလဲ ကားနဲ့မောင်းကြပါတယ်။ ကားဘီမကျွံပါဘူး။ အမှိုက်လဲလုံးဝမရှိပါဘူး။
ပစိဖိတ်သမုဒ္ဒရာမှ တိုက်ခပ်တဲ့ သန့်ရှင်းအေးမျှတဲ့ လေအေးအေးကို တစ်ဝကြီး ရှူခဲ့ရပါတယ်။
အဲဒီည ကျောင်းကို
ပြန်အိပ်ပြီး ဆစ်ဒနီကို ပြန်ဖို့ စီစဉ်ပါတယ်။ အလာတုံးက ကားကို ပြန်လွှတ်လိုက်ပြီး ရထားနဲ့
ပြန်ဖို့ စီစဉ်ခဲ့ပါတယ်။ ရထာလက်မှတ်ကို အွန်လိုင်းကပဲ ၀ယ်လိုက်ရုံပါပဲ။ အထူးတန်းလက်မှတ်ပါ။
ရထာမှာ အိပ်စဉ်ပါသလို ခရီးသည်(၆)ယောက်လျှင် အိမ်သာ၊ ရေချိုးခန်း တစ်လုံးကျစီသုံးနိုင်ရန်
စီစဉ်တားပါတယ်။ နံနက် ၇ နာရီခွဲမှာ ရထားစထွက်ပြီး ဆစ်ဒနီမြို့တော်ကို ညနေ ၄နာရီခွဲမှာ
ပြန်ရောက်ပါတယ်။
ဒါ့ကြောင့်
ဘုရားဖူးရင်း လိပ်ဥတူးရင်း သွားခဲ့ရတဲ့ ငှက်ပျောမြို့တော်သို့ သွားရောက်ခဲ့ရခြင်းဟာ
စာရေးသူအတွက် အလွန်ကျေနပ်စရာကောင်းတဲ့ ခရီးတစ်ခုဖြစ်ခဲ့ပါတယ်။
ဒီခရီစဉ်ကို
ကူညီခဲ့သူအားလုံးကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်။
မောင်နေခြည်
(လှည်းကူး)
No comments:
Post a Comment