Tuesday, 27 November 2012

ငှက်ပျောမြို့တော်သို့ ခရီးသွားခြင်း



ညီညာပြန့်ပြူးပြီး ကားလေးစီးပြိုင်တူမောင်းနိုင်တဲ့ ပစိဖိတ်ဟိုင်းဝေး လမ်းမထက်မှာ ကားငယ်နှစ်စီးဟာ တစ်နာရီလျှင် ကီလိုမီတာ (၁၁၀)အောက်မလျော့တဲ့ နှုန်းဖြင့် ငှက်ပျောမြို့တော်ဆီကို ဦးတည်ပြီး မောင်းနှင်နေပါတယ်။ ငှက်ပျောမြို့တော်ဆိုတာကတော့ အခြားမဟုတ်ပါ သြစတေးလျနိုင်ငံ၊ နယူးဆောက်ဝေးပြည်နယ်ရှိ ကော့ဆားဘားမြို့ ( Coffs Harbour) မြို့ပဲ ဖြစ်ပါတယ်။ အဲဒီမြို့ကို သွားရောက်ရခြင်း ရည်ရွယ်ချက်ကတော့ ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒရဲ့ ဖိတ်ကြားချက်အရ ဆရာတော်ရဲ့ ကျောင်းကထိန်ပွဲကို သွားရောက်ခြင်းပါ။ 

မနက် ၉နာရီကျော်မှာ ကားစတင်ထွက်ခွါပြီး ကော့ဆားဘားကို ညနေငါးနာရီနီးပါးမှ ရောက်ပါတယ်။ လမ်းတစ်လျောက်မှာတော့ ကားတိုက်ခံထားရတဲ့ သားပိုက်ကောင်များ၊ ပြန့်ပြူးသာယာသော ကွင်းပြင်များ၊ ၀င်းဝါနေသော လိမ္မော်ခြံများ၊ လေယူရာ တိမ်းနေတဲ့ ထင်းရူးတောများ၊ ပင်လုံးကျွတ်မျှပွင့်နေကြတဲ့ စိန်ပန်းပြာပင်၊ စိန်ပန်းနီပင်များ၊ ဟက်တာပေါင်း ထောင်သောင်းချီရှိတဲ့ နွားမွေးမြူရေးခြံများ၊ မြင်းမွေးမြူရေးခြံများ၊ ဘလူးဘယ်ရီခြံများကို တမျှော်တစ်ခေါ် တွေ့ရှိနိုင်ပါတယ်။ တစ်ချို့ မြင်းမွေးမြူရေး နွားမွေးမြူရေးခြံများတွင် ကိုယ်ပိုင်လေယာဉ်ငယ်များ ရပ်နားထားသည်ကို တွေ့ရပါတယ်။ အထူးခြားဆုံးကတော့ အဲဒီမြို့ရဲ့ တောင်ကုန်းတိုင်မှာ ငှက်ပျောခြံများနှင့် စိမ်းစိုနေတာပါပဲ။ တစ်နိုင်ငံလုံးရဲ့ ငှက်ပျောသီးတစ်ဝက်ခန့်မျှကို ဒီမြို့က ထွက်၇ှိပါတယ်။ 

ညနေ(၅)နာရီလောက်မှာ ၀င်းစားသောက်ဆိုင်ကို ရောက်ရှိပါတယ်။ အဲဒီဆိုင်က ဦးမြင့်ဆွေ နဲ့ ဒေါ်ဝင်းတို့ဟာ ဒီမြို့မှာရှိတဲ့ ဓမ္မဒူတမြန်မာကျောင်းရဲ့ ကျောင်းဒကာတွေပဲ ဖြစ်ပါတယ်။ သူတို့ဆိုင်ဟာ မြို့လည်မှာရှိပြီး ထိုင်းအစားအသောက်တွေကို ရောင်းချပါတယ်။ အရမ်းပဲရောင်ကောင်းတဲ့ဆိုင်ဖြစ်ပါတယ်။ ဆိုင်ရှေ့မှာ ပိတောက်ပန်း ကဲ့သို့သော ပန်းများ ၀ါထိန်နေတဲ့ ပန်းပင်တန်းကို တွေ့ရပါတယ်။ အပွင့်သည် ပိတောက်ပန်းနဲ့ တူသော်လဲ အရွက်ကတော့ ကွဲပြားပါတယ်။ စာရေးသူကတော့ သြစီပိတောက်ဟု နာမည်ပေးလိုက်ပါတယ်။


ခေတ္တမျှနားပြီးတဲ့ အခါမှာတော့ မြို့ထဲမှာရှိတဲ့ ရေခဲပြင်စကိတ်စီးကွင်းကို သွားပါတယ်။ မိမိနှင့် မသက်ဆိုင်ပေမယ့် မိမိနှင့် အတူပါလာကြတဲ့ ဆယ်ကျော်သက် ခလေးငယ်များ အလွန်စီးချင်သောကြောင့် ဗဟုသုတအဖြစ် လိုက်ပါသွားခဲ့တာပါ။ ကွင်းထဲက ထိုင်ခုံမှာ ခေတ္တပဲထိုင်နိုင်ပါတယ်။ အရမ်းအေးလို့ အအေးမရှိတဲ့ အခန်းထဲမှာ ထိုင်နေရပါတယ်။ ပြီးတော့ ကျောင်းကို ချီတက်ခဲ့ပါတယ်။


ဓမ္မဒူတကျောင်းဟာ မြို့ထဲနဲ့ (၂၅)မိနစ်ခန့် ကားမောင်းရတဲ့ အရပ်မှာတည်ရှိပါတယ်။ ၂၀၀၆ခုနှစ်တွင် စတင်တည်ထောင်ပြီး တောင်ကုန်းထိပ်မှာ တည်ရှိပါတယ်။ ပတ်ခြာလည်မှာလဲ တောင်တန်းတွေ ပတ်ခြာလည်ဝိုင်းနေပါတယ်။ အလွန်ပဲ စိတ်ငြိမ်လှပြီး အေးချမ်းမှုရသကို ပေးစွမ်းနိုင်ပါတယ်။ ဒီညတော့ အဲဒီကျောင်းမှာ ညအိပ်ပါတယ်။






နောက်နေ့နံနက်မှာတော့ ကထိန်ပွဲကို ကျင်းပပါတယ်။ ဆရာတော် အရှင်ဆေကိန္ဒမှ တရားဟောပါတယ်။ စာရေးသူအပါအ၀င် (၇)ပါးကြွရောက်ပါတယ်။ အဲဒီထဲမှာ ဆရာတော် အရှင်ပညာဝရော ( buddhanet.net / buddhistelibrary.org/ buddhanet.info/wbd ကို တည်ထောင်သူ) ပါဝင်ပါတယ်။ အဲဒီကျောင်းက ဗောဓိပင်ကို ယင်းဆရာတော်မှလှူဒါန်းပါတယ်။ ကျောင်းထဲမှာ ကျောင်းအဆောက်အဦ နှစ်ခုရှိပြီး သိမ်လဲရှိပါတယ်။


နေ့လည်ပိုင်းမှာတော့ မြို့ပတ်ခြာလည်မှာရှိတဲ့ ကမ်းခြေတွေကို သွားရောက်ခဲ့ပါတယ်။ 
 ကမ်းခြေတွေဟာတော်တော်လှပပါတယ်။ ကမ်းခြေရှိ သဲသောင်ပေါ်ကိုလဲ ကားနဲ့မောင်းကြပါတယ်။ ကားဘီမကျွံပါဘူး။ အမှိုက်လဲလုံးဝမရှိပါဘူး။ ပစိဖိတ်သမုဒ္ဒရာမှ တိုက်ခပ်တဲ့ သန့်ရှင်းအေးမျှတဲ့ လေအေးအေးကို တစ်ဝကြီး ရှူခဲ့ရပါတယ်။

အဲဒီည ကျောင်းကို ပြန်အိပ်ပြီး ဆစ်ဒနီကို ပြန်ဖို့ စီစဉ်ပါတယ်။ အလာတုံးက ကားကို ပြန်လွှတ်လိုက်ပြီး ရထားနဲ့ ပြန်ဖို့ စီစဉ်ခဲ့ပါတယ်။ ရထာလက်မှတ်ကို အွန်လိုင်းကပဲ ၀ယ်လိုက်ရုံပါပဲ။ အထူးတန်းလက်မှတ်ပါ။ ရထာမှာ အိပ်စဉ်ပါသလို ခရီးသည်(၆)ယောက်လျှင် အိမ်သာ၊ ရေချိုးခန်း တစ်လုံးကျစီသုံးနိုင်ရန် စီစဉ်တားပါတယ်။ နံနက် ၇ နာရီခွဲမှာ ရထားစထွက်ပြီး ဆစ်ဒနီမြို့တော်ကို ညနေ ၄နာရီခွဲမှာ ပြန်ရောက်ပါတယ်။ 


ဒါ့ကြောင့် ဘုရားဖူးရင်း လိပ်ဥတူးရင်း သွားခဲ့ရတဲ့ ငှက်ပျောမြို့တော်သို့ သွားရောက်ခဲ့ရခြင်းဟာ စာရေးသူအတွက် အလွန်ကျေနပ်စရာကောင်းတဲ့ ခရီးတစ်ခုဖြစ်ခဲ့ပါတယ်။
ဒီခရီစဉ်ကို ကူညီခဲ့သူအားလုံးကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်။

မောင်နေခြည် (လှည်းကူး)

Monday, 26 November 2012

နောက်တိုးအလှူရှင်များစာရင်းနှင့် ထပ်ဆင့်နှိုးဆော်လွှာ


 သူ့အရိပ်ကိုခိုနားလာတဲ့ ကျောင်းတော်သားအပေါင်းတို့ကို ပညာမျက်စိ ဖွင့်ပေးခဲ့တဲ့ အမိတက္ကသိုလ်ကြီးကို
ပြန်လည်ကျေးဇူးဆပ်ဖို့ အခွင့်အခါကြံလာပြီမို့ အမိတက္ကသိုလ်ရင်ခွင်ရိပ်မှာ ကျင်းပပြုလုပ်မယ့် အာစရိယပူဇော်ပွဲနှင့် သောတုဇနတွေ့ဆုံပွဲကြီး အောင်အောင်မြင်မြင် ခန့်ခန့်ထည်ထည် ကျင်းပနိုင်ရန် တက်ညီလက်ညီ ဝိုင်းဝန်းပံ့ပိုးကြဖို့ အမေရိကရောက် ရန်ကုန် နပသ ကျောင်းတော်သားဟောင်း ညီနောင်အပေါင်းတို့ကို လေးလေးစားစား ဖိတ်ခေါ်ပါတယ်။
       ပွဲတော်ကြီးအတွက်အလှူငွေများကို ဦးဣန္ဒက ( ၄၈၄ ၂၀၁ ၃၆၁၅ )၊ ဦးခေမိန္ဒ ( ၂၀၇ ၅၆၉ ၁၉၁၃ )၊ ဦးပညာဝံသ ( ၃၂၃ ၄၀၄ ၆၆၇၉ ) တို့ထံမှာ ဆက်သွယ်လှူဒါန်းနိုင်ပါပြီ။

                                               လှူဒါန်းပြီးအလှူရှင်များစာရင်း

(၁)ဦးဣန္ဒက ( မေရီလန်းပြည်နယ်၊ အမေရိကန် ).                  အမေရိကန်ဒေါ်လာ         ၂၀၀
(၂)ဦးကုမုဒ.  ( ဗာဂျီးနီးယားပြည်နယ်၊ အမေရိကန် ).                   ။.                             ၂၀၀
(၃)ဦးခေမိန္ဒ. ( မေရီလန်းပြည်နယ်၊ အမေရိကန် ).                       ။.                              ၂၀၀
(၄)ဦးပညာဝံသ ( ကာလီဖိုးနီးယားပြည်နယ်၊ အမေရိကန် ).             ။.                          ၂၀၀
(၅)ဦးဇောတိက ( နီဗားဒါးပြည်နယ်၊ အမေရိကန် ).                      ။.                              ၂၀၀
(၆)ဦးရာဝိက. ( အင်ဒီးယားနားပြည်နယ်၊ အမေရိကန် ).                 ။.                            ၂၀၀
(၇)ဦးသီလာစာရ ( ကာလီးဖိုးနီးယားပြည်နယ်၊ အမေရိကန် ).            ။.                         ၂၀၀
(၈)ဦးပညိႏၵ.   ( ဆစ္ဒနီ၊ ႀသစေတးလ် ).                        ႀသစေတးလ်ေဒၚလာ.             ၂၀၀
(၉)ဦးအဂၢဉာဏ (ဆစ္ဒနီ၊ ၾသစေတးလ် ).                               ။.                                 ၂၀၀
(၁၀)ကိုသစ္စာ.    (အမေရိကန် ).                                    အမေရိကန်ဒေါ်လာ.               ၂၀၀
(၁၁)ကိုနေမင်းထွန်း ( အမေရိကန် ).                                       ။                                 ၁၀၀
(၁၂)ကိုနေသစ်မှူး.   (အမေရိကန် ).                                         ။.                                ၁၀၀
(၁၃)ကိုဇော်သက်ဝေ (အမေရိကန်).                                        ။.                                ၃၀၀
(၁၄)ကိုပါရမီ.               (အမေရိကန်).                                    ။.                                ၁၅၀
(၁၅)ဦးသောဘိတ.     (ထိုင်ဝမ်).                                             ။.                               ၂၀၀
(၁၆)ဦးဥက္ကံသ.             (ထိုင်ဝမ်).                                           ။.                               ၂၀၀

အလှူငွေများကို နိုဝင်ဘာ ၃၀ ရက်နေ့ မြန်မာပြည်ပေးပို့လှူဒါန်းမည်ဖြစ်ပါ၍ နိုဝင်ဘာ ၂၈ ရက်နေ့ အရောက်ပေးပို့ လှူဒါန်းကြပါရန် လေးလေးစားစား တိုက်တွန်းနှိုးဆော်ပါတယ်။

ကျေးဇူးတင်စွာဖြင့်

အရှင်ခေမိန္ဒ

VEN KHEMINDA
1708 Powder Mill Rd.
Silver Spring, MD 20903

Friday, 23 November 2012

မိုးသံတွေကြားမှာ စန္ဒရားတီးမယ်

ဒီမိုကရေစီရေး လှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျနေစဉ် ကာလများအတွင်း သူမ၏ အိုမင်း ဟောင်းနွမ်း နေသော စန္ဒယားကြီးကို ကျွမ်းကျင်သူအချို့မှ ပြင်ဆင်ပေးခဲ့ကြခြင်းသည် သူမ၏ စိတ်ဓာတ် ခွန်အားကို မြှင့်တင်ပေးရာတွင် ကူညီရာ ရောက်ခဲ့ပေသည်။ ဤအကြောင်းအရာတို့ကို Los Angeles Times သတင်းစာ တွင် Mark Magnie က “SuuKyi’s piano tuners play small but key part in Myanmar history ” ခေါင်းစဉ်ဖြင့် ရေးသား ထားခြင်းမှ ထုတ်နုတ် ဖော်ပြအပ်ပါသည်။


စန္ဒယား ကြိုးညှိပြင်ဆင်သူ ကိုပေါသည် ဒေါ်အောင်ဆန်းစုကြည်၏ Yamaha အမျိုးအစား စန္ဒယားအိုကြီးမှာ အတော် ပင် ပြင်ဆင်ရန် လိုအပ်ကြောင်း သတိပေးခဲ့ပါသည်။ ပူအိုက်စွတ်စိုဒေသများ၌ စန္ဒယားသည် အထာမကျ ဖြစ်တတ် ပါသည်။ စန္ဒယား၏ အသံအိုးများသည် အပူဒဏ်ကြောင့် ပျက်စီးနိုင်ပြီး လေထု အတွင်းရှိ စိုထိုင်းဆကလည်း စန္ဒယား၏ အသံအိုးရှိ အပ်တုံးလေးများကို ပျက်စီးစေပါသည်။ ထို့ပြင် ကြိုးများကို လျော့စေခြင်းနှင့် စန္ဒယား အား ခြများစားခြင်း သည်လည်း ပျက်စီးစေနိုင်ပါသည်။ ထိုသို့ ပျက်စီးနိုင်သည်ဟု ဆိုနိုင်သည်များထက် ပိုနေသည့် စန္ဒယားကြီးကို ကိုပေါ တစ်ယောက် ၂ဝဝ၉ ခုနှစ်အတွင်း မှာ ဒေါ်အောင်ဆန်းစုကြည်အိမ်၌ တွေ့ခဲ့ရ ပါသည်။




ကိုပေါသည် တရုတ်နိုင်ငံထုတ် အရံပစ္စည်းများကို ရှာဖွေ၍ ထည့်သွင်းပြင်ဆင်ခဲ့ပြီးမှသာ စန္ဒယားကြီးအား ကြိုးညှိနိုင် ခဲ့ပါသည်။ ထို့နောက်မှာတော့ ကိုပေါတစ်ယောက် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခွင့် ကြုံခဲ့ရ ပါတော့သည်။


နှစ်အတော်များများပင် အုပ်ချုပ်သူ ဗိုလ်ချုပ်ကြီးများသည် အတိုက်အခံခေါင်းဆောင်ကို စိတ်ဓာတ် စစ်ဆင်ရေး တိုက်ပွဲများ ဆင်နွှဲခဲ့ကြပါသည်။ ထိုသို့ ဆင်နွှဲနေခဲ့ချိန်များတွင် ဒေါ်အောင်ဆန်းစုကြည် အဖို့ အဖော်ဆို၍ အခြား မိန်းမသား နှစ်ယောက် သာ ရှိခဲ့ပါသည်။ ထိုသို့ အထီးကျန်လုနီးပါးမျှ အချိန်များကို ခွဲဝေအသုံးချရာမှာတော့ သူမသည် ဘီဘီစီ သတင်းပေးပို့ချက်များကို နားထောင်ခြင်း၊ တရားထိုင်ခြင်း၊ ဗုဒ္ဓစာပေ ကျမ်းဂန်များမှ သုတ္တန် များ လေ့လာခြင်းနှင့် စစ်ဗိုလ်ချုပ်ကြီးများ သူမထံမှ သိမ်းဆည်းဖို့ မရဲခဲ့သော စန္ဒယားအိုကြီးကို တီးခတ်ခြင်း တို့ပင် ဖြစ်ပါသည်။


Johann Pachelbel’s ရဲ့ Canon တေးသွားကို သူမသည် စွဲမက်စွာ တီးခတ်လေ့ရှိပြီး အဆိုပါတေးသွားကို ကင်ဆာရော ဂါဖြင့် ဆုံးပါးသွားခဲ့ပြီ ဖြစ်သော ခင်ပွန်းသည် Micheal Aris ၁၉၉၇ ခုနှစ် နောက်ဆုံးအကြိမ် အဖြစ် သူမထံ အလည်လာ ခွင့်ရှိစဉ် ကာလတုန်းက တီးခတ်ခဲ့သေး ကြောင်း၊ သူမမှ ရင်ဖွင့်ခဲ့ပါသည်။ သူမ၏ အခြား အကြိုက်ဆုံး စန္ဒယားပညာရှင်များမှာ Bach, Bartok, Telemann, Mozart နှင့် Clementi တို့ပင် ဖြစ်ပါသည်။


အသက် ၄၂ နှစ်ရှိပြီဖြစ်သော ကိုပေါသည် ဝဝဖိုင့်ဖိုင့်ကိုယ်လုံးနှင့် လွယ်ကူသော ဟန်ပန်ရှိသည့် စန္ဒ ယားကြိုးညှိသူ တစ်ဦးဖြစ်ပါသည်။ (မြန်မာနိုင်ငံတွင်)အင်မတန်အရေ အတွက်နည်းသော စန္ဒယားကြိုးညှိ သူများထဲမှ တစ်ဦးဖြစ်သော ကိုပေါ သည် မမျှော်လင့်ဘဲ ဒေါ်အောင် ဆန်းစုကြည်၏စန္ဒယားအိုကြီးကို မျက်လုံးဒေါက်ထောက်ကြည့်နေ သည့် စစ်ထောက်လှမ်းရေးများရှေ့ မှောက်မှာ မပြည့်မစုံသော တန်ဆာ ပလာများနှင့် ပြင်ဆင်ကြိုးညှိပေးခဲ့ ရသည့်သူ ဖြစ်ခဲ့ရပါသည်။


သူသည် ၂ဝဝ၉ ခုနှစ်မှစ၍ ၃ ကြိမ်တိုင်တိုင် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ဝင်းအတွင်း ဝင် ရောက်ခဲ့ ရပါသည်။ ထိုနေ့ များသည်ကား ဒီမိုကရေစီ ခေါင်းဆောင်၏ အဖမ်းဆီးခံ နေ့ရက်များပြီးဆုံးကာ နီးနေချိန်လည်း ဖြစ်ပါသည်။ သူ၏ ဖခင်မှာလည်း ဂီတသမားတစ်ဦး ဖြစ်ပြီး ရန်ကုန်မြို့ ကမ်းနားလမ်း  ကမ်းနားဟိုတယ်ရှိ ဂျပ်က်ဂီတဝိုင်းမှ စန္ဒယားဆရာ တစ်ဦးဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ မိခင် (ဒေါ်ခင်ကြည်)အတွက် စန္ဒယား (ဒေါ်အောင်ဆန်းစုကြည် တီးသော စန္ဒယား ပင်ဖြစ်သည်။) ကြိုးညှိပေး ခဲ့ရဖူးကာ(ဒေါ်ခင်ကြည်) ကျေးဇူးတင်သော အားဖြင့် အုန်းသီးများ လက်ဆောင်ရ ခဲ့ဖူးပါသည်။
သူမ၏ ကန်စပ်ရှိ နေအိမ်တွင် လုံခြုံရေးမှာ တင်းကျပ်စွာ ချထားခဲ့သော်လည်း သူ၏နေအိမ်ကို လျှို့ဝှက် စစ်ရဲများရောက် လာခဲ့ကာ ယင်း ၏ နောက်ကြောင်းရာဇဝင်ကို စစ်ဆေးခဲ့ကြပါသည်။ သူ ဒေါ်အောင် ဆန်းစုကြည်၏ အိမ်သို့ ရောက်လာသော အခါ၌လည်း သူ၏ ကိရိယာ တန်ဆာပလာများ ထည့်ထားသော အိတ်ကို စေ့စပ်သေချာစွာ စစ်ဆေးခဲ့ကြပါသည်။ နောက်မှသာ သူ၏ အလုပ်ကို စတင်ခွင့်ပြုခဲ့ပါသည်။
၅ လကြာပြီးနောက် တစ်ခါ ကြိုးညှိရန် တစ်ဖန်သွားရောက်ခဲ့ချိန် မှာတော့ ဖြေလျှော့ပြီးချိန်ဖြစ်နေ၍ သူမ၏ မိတ်ဆွေ အချို့နှင့်အတူ သူမ၏အိမ်တွင် တွေ့ခဲ့ရပါသည်။ အခြေ အနေတိုးတက်ပြောင်းလဲမှုများဟု ဆိုရမည်။ မျှော်လင့်ချက် အချို့ကို ဆုပ်ကိုင်မိသလို ခံစားခဲ့ရပြီး “ Amazing Grace” ဆိုသော တေးသွားကို သူတီးခတ်ခဲ့ ချိန်မှာတော့ ကျန်သူများ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဧည့်သည်များအားလုံး မတ်တပ် ရပ်လျက် ရှိနေခဲ့ပါသည်။


ဒေါ်အောင်ဆန်းစုကြည်၏ စန္ဒယားကြီးကို ကြိုးညှိပေးခဲ့ရသူ နောက်တစ်ဦးကတော့ အသက် ၇ဝ အရွယ်ရှိ Saw Sheperd  ဆိုသူဖြစ်ပါသည်။ သူသည် ဘေ့စ်စွန်းဟု ခေါ်သည့် နှဲကြီး တစ်မျိုးကို တီးမှုတ်သူ တစ်ဦး ဖြစ်ခဲ့သော် လည်း စန္ဒယား အတီးနှင့် အထူးသဖြင့် အပြင်ဆရာ ကြိုးညှိသူ ရှားပါးမှုကြောင့် စန္ဒယားဘက် ကူးပြောင်း တီးခတ် ပြင်ဆင်သူ ဖြစ်လာ ခဲ့ပါသည်။ ၁၉၉ဝ ပြည့် လွန်အစောပိုင်းကာလများက အင်္ဂလိပ် မြန်မာကပြား Leo Nichols (အများက Uncle Leo ဟု ခေါ်သည်) သည် ဒေါ်အောင်ဆန်းစု ကြည်အား ထောက်ခံသူ တစ်ဦးဖြစ်ပြီး ထောင်အတွင်း အကျဉ်းချခံခဲ့ရစဉ် သေဆုံး ခဲ့သူ ဖြစ်ပါသည်။ တစ်နေ့တွင် Uncle Leo က Sheperd အား စန္ဒယား ပြင်ဆင်ပေးနိုင် မလားဟု မေးခဲ့ရာ သူက လက်ခံခဲ့ပြီး ယူလာသော စန္ဒယားအိုကြီး ကို ပြင်ဆင်ပေး ခဲ့ပါသည်။ သူက Uncle Leo အား ထိုစန္ဒယားကြီးကို မည်သူပိုင်ပါသလဲဟု မေးခဲ့ရာ မှ “ကျုပ်ရဲ့သမီးပိုင်တဲ့ စန္ဒယားပါ” ဟု ဖြေခဲ့ပါသည်။ ထိုသို့ဖြေပြီးနောက် ပြုံး၍ “ကျုပ် သမီးက အောင်ဆန်းစုကြည်ပါ”ဟု ဆက်ပြောရာ တွင်တော့ Sheperd တစ်ယောက် အံ့သြဝမ်းသာ ဖြစ်ခဲ့ ရသည်။ အဆိုပါစန္ဒယားကြီးကို ပြင်ဆင်ကာ သူမထံ ပြန်ပို့ခဲ့ရပြီး သူမ၏ စန္ဒယားကို ပြင်ဆင် ကြိုးညှိသူများထဲမှာ  တစ်ယောက် ပါဝင်ခဲ့သော်လည်း ဒေါ်အောင်ဆန်း စုကြည်နှင့်မူ မတွေ့ခဲ့ရပေ။


အခြားစန္ဒယားကြိုးညှိရသူ တစ်ဦးမှာ အသက် ၆၈ နှစ်အရွယ် Saw Simon ဆိုသူ တာဝန်ယူပြင် ဆင်ခဲ့ရချိန် သည် ၁၉၉၇ မတ်လတွင် ဖြစ်ပါသည်။ သူသည် ထိုင်းနိုင်ငံရှိ Yamaha တူရိယာ ပစ္စည်း ထုတ်လုပ်မှုစက်ရုံ၌ စန္ဒယားပြင်ဆင်ရေး ကို နှစ်အနည်းငယ် လုပ်ဖူးသူလည်း ဖြစ်ပါသည်။ ထိုသို့ဖြင့် စန္ဒယားကြိုးညှိခြင်း အလုပ် အတွက်ပါ ကျွမ်းကျင်လာခဲ့ သူ ဖြစ်ပါသည်။ စစ်ဘက် အုပ်ချုပ်ရေးအစိုးရကို အနောက်အုပ်စုမှ ပိတ်ဆို့ အရေးယူမှု ကာလများ တစ်လျှောက်၌ စန္ဒယား များအတွက် လိုအပ်သော တန်ဆာပလာများကို ကိုယ်တိုင် ထွင်၍ လည်းကောင်း၊ သံတမန်များ ဆီမှတစ်ဆင့် သော်လည်းကောင်း ဖန်တီးသွင်းယူမှုများ ပြုလုပ်ခဲ့သူ ဖြစ်ပါသည်။ သူသည်လည်း ဒေါ်အောင်ဆန်း စုကြည် ကို တွေ့မြင်ခဲ့ရခြင်း မရှိခဲ့ပါ။


ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အထိန်းသိမ်းခံနေရချိန်များ တွင် သီချင်းများတီးခတ်ခြင်းနှင့် ပန်းချီ ရေးဆွဲခြင်းများ ကို ပြုလုပ်နေ ခဲ့ပါသည်။ “ဖွင့်ထားသော လှောင်အိမ် အတွင်းမှ တေးဆိုငှက်” ဟု အမည်ရသော တေးသီချင်း မှာ သူမ ကို အိုင်းရစ် တီးဝိုင်း ဖြစ်သော U2 မှ ဂုဏ်ပြုရေးသား ထားခြင်းဖြစ်ပြီး အဆိုပါ သီချင်း ပါသော “ထားခဲ့လို့ မရနိုင်ပါ” အဲယ်လ်ဘမ်သည် ၂ဝဝဝ ခုနှစ် ဂရမ်မီဆုရ ဓာတ်ပြား ဖြစ်ခဲ့ပါသည်။ မြန်မာနိုင်ငံ တွင်းမှာတော့ အဆိုပါ ဓာတ်ပြား ရောင်းချခြင်း ကို ပိတ်ပင် တားဆီးခဲ့ပါသည်။ ၅ နှစ်အကြာတွင် အိုင်းရစ် အဆိုတော်နှစ်ဦး ဖြစ်သော Damien Rice နှင့် Lis Hannigan တို့ နှစ်ဦးက “တီးခတ်ခွင့် မကြုံသည့် စန္ဒယား” အမည်ရှိ တေးသီချင်းကို သူမအား ဂုဏ်ပြုလျက် ထုတ်လုပ်ခဲ့ပြန်ပါသည်။


ဒေါ်အောင်ဆန်းစုကြည် ပိုင်ဆိုင်သော Yamaha စန္ဒယားအိုကြီး အကြောင်းကို ၂ဝဝ၇ ခုနှစ်တွင် ကြားသိကြ သောအခါ ဗြိတိသျှ အဆိုတော် Annie Lennox အပါအဝင် ထင်ရှားသော အမျိုးသမီးများ အုပ်စုက ရန်ပုံငွေ ရှာဖွေ၍ စန္ဒယား အသစ် တစ်လုံးကို ဝယ်ယူခဲ့ကာ ဒေါ်အောင်ဆန်းစုကြည် အား ပေးရန် မြန်မာ အာဏာပိုင်များ ကို ခွင့်ပြုရန် အတော်ပင် အားသုံး ပြောခဲ့ကြရသည်။


ယခုအခါမှာတော့ မြန်မာနိုင်ငံသည် ပွင့်လင်းလာပြီး ကမ္ဘာအရပ်ရပ်မှ အရေးကြီးပုဂ္ဂိုလ်များ ဝင်ထွက် လာကြ ကာ ဒေါ်အောင်ဆန်းစုကြည်ပင် ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်နေပြီ ဖြစ်ပါသည်။ သူမနှင့် နီးစပ်သော အဝန်းအဝိုင်းမှ ကြားသိရသည်မှာ သူမ စန္ဒယား တီးခတ်ဖို့ အချိန်မရသလောက် ဖြစ်နေပါသည်။ အမည်မဖော်လိုသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်တစ်ဦးက ပြောကြားရာတွင် “နိုင်ငံရေး ကတော့ မြင့်တက်လာပြီး စန္ဒယားသံ ကတော့ တိတ်သွားပါတယ်” ဟု မှတ်ချက်ပြုခဲ့ပါသည်။ ၂ဝ၁၁ ခုနှစ်မှာ ဒေါ်အောင် ဆန်းစုကြည်မှ သတင်းထောက်များ ကို ပြောခဲ့သည်ကတော့ အဖမ်းဆီးခံ နှစ်အတွင်း “ဂီတသည် စကားလုံး များထက် ပိုမို၍ မှန်ကန် ပါတယ်” ဟု ပြောကြားခဲ့ပါသည်။


စန္ဒယား ရောင်းဝယ်သူ စိုးသူရဝင်းကတော့ သူမထံ စန္ဒယားကြိုး ညှိသည့် ခရင်းခွနှင့် မိုးဇက်၏ ဂီတ တေးသွား သင်္ကေတ စာရွက်များကို ပေးခဲ့ဖူးသူ ဖြစ်ပါသည်။ သူက ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် သူမနေအိမ်၌ ထားရန် Yamaha U3 အမျိုးအစား နောက်ဆုံးပေါ် စန္ဒယားတစ်လုံး ဝယ်ယူရန် စိုင်းပြင်းနေကြောင်း ပြောကြား ခဲ့ပါသည်။ ရန်ကုန်ရှိ ဂီတမိတ် ထူထောင်သူ တစ်ဦးဖြစ်သော Kit Young တစ်ဆင့်ကြား ပြောခဲ့ရာ Schubert ၏တေးသွားများ ကို ဒေါ်အောင်ဆန်း စုကြည် စတင် တီးခတ်နေကြောင်း သိရှိရပါသည်။

ဘိုဘိုဦး                                              Ref: http://www.myanmarij.com/?p=7606

Thursday, 22 November 2012

သာဓုခေါ်နိုင်ရန်

သူ့အရိပ်ကိုခိုနားလာတဲ့ ကျောင်းတော်သားအပေါင်းတို့ကို ပညာမျက်စိ ဖွင့်ပေးခဲ့တဲ့ အမိတက္ကသိုလ်ကြီးကို
ပြန်လည်ကျေးဇူးဆပ်ဖို့ အခွင့်အခါကြံလာပြီမို့ အမိတက္ကသိုလ်ရင်ခွင်ရိပ်မှာ ကျင်းပပြုလုပ်မယ့် အာစရိယပူဇော်ပွဲနှင့် သောတုဇနတွေ့ဆုံပွဲကြီး အောင်အောင်မြင်မြင် ခန့်ခန့်ထည်ထည် ကျင်းပနိုင်ရန် တက်ညီလက်ညီ ဝိုင်းဝန်းပံ့ပိုးကြဖို့ အမေရိကရောက် ရန်ကုန် နပသ ကျောင်းတော်သားဟောင်း ညီနောင်အပေါင်းတို့ကို လေးလေးစားစား ဖိတ်ခေါ်ပါတယ်။
        ပွဲတော်ကြီးအတွက်အလှူငွေများကို ဦးဣန္ဒက ( ၄၈၄ ၂၀၁ ၃၆၁၅ )၊ ဦးခေမိန္ဒ ( ၂၀၇ ၅၆၉ ၁၉၁၃ )၊ ဦးပညာဝံသ ( ၃၂၃ ၄၀၄ ၆၆၇၉ ) တို့ထံမှာ ဆက်သွယ်လှူဒါန်းနိုင်ပါပြီ။

                              လှူဒါန်းပြီးအလှူရှင်များစာရင်း
(၁)ဦးဣန္ဒက ( မေရီလန်းပြည်နယ်၊ အမေရိကန် ).                        အမေရိကန်ဒေါ်လာ         ၂၀၀
(၂)ဦးကုမုဒ.  ( ဗာဂျီးနီးယားပြည်နယ်၊ အမေရိကန် ).                                 ။.                     ၂၀၀
(၃)ဦးခေမိန္ဒ. ( မေရီလန်းပြည်နယ်၊ အမေရိကန် ).                                     ။.                     ၂၀၀
(၄)ဦးပညာဝံသ ( ကာလီဖိုးနီးယားပြည်နယ်၊ အမေရိကန် ).                        ။.                     ၂၀၀
(၅)ဦးဇောတိက ( နီဗားဒါးပြည်နယ်၊ အမေရိကန် ).                                    ။.                     ၂၀၀
(၆)ဦးရာဝိက. ( အင်ဒီးယားနားပြည်နယ်၊ အမေရိကန် ).                             ။.                     ၂၀၀
(၇)ဦးသီလာစာရ ( ကာလီးဖိုးနီးယားပြည်နယ်၊ အမေရိကန် ).                      ။.                    ၂၀၀
(၈)ဦးပညိႏၵ.   ( ဆစ္ဒနီ၊ ႀသစေတးလ် ).                                   ႀသစေတးလ်ေဒၚလာ.        ၂၀၀
(၉)ဦးအဂၢဉာဏ (ဆစ္ဒနီ၊ ၾသစေတးလ် ).                                                 ။.                    ၂၀၀
(၁၀)ကိုသစ္စာ.    (အမေရိကန် ).                                               အမေရိကန်ဒေါ်လာ.          ၂၀၀
(၁၁)ကိုနေမင်းထွန်း ( အမေရိကန် ).                                                         ။                     ၁၀၀
(၁၂)ကိုနေသစ်မှူး.   (အမေရိကန် ).                                                          ။.                    ၁၀၀


အလှူငွေများကို နိုဝင်ဘာ ၃၀ ရက်နေ့ မြန်မာပြည်ပေးပို့လှူဒါန်းမည်ဖြစ်ပါ၍ နိုဝင်ဘာ ၂၈ ရက်နေ့ အရောက်ပေးပို့လှူဒါန်းကြပါရန် လေးလေးစားစား တိုက်တွန်းနှိုးဆော်ပါတယ်။

ကျေးဇူးတင်စွာဖြင့်

အရှင်ခေမိန္ဒ

VEN KHEMINDA
1708 Powder Mill Rd.
Silver Spring, MD 20903
Sent from my iPad

Monday, 19 November 2012

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၂၄)



 နောက်ဆုံးမှာတော့ ညီအစ်မ နှစ်ယောက်ကို မြန်မာသံရုံးက ဆင့်ခေါ်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ ကျွန်မတို့လည်း လန်ဒန်ကို သွားစရာ ရှိတာကြောင့် သူတို့နဲ့အတူပဲ ဘတ်စ်စီးကာ လန်ဒန်ကို ထွက်ခဲ့ဖြစ်ပါတယ်။ ညီအစ်မ နှစ်ယောက်ကတော့ ဒီလောက် မှန်းရခက်တဲ့ အခြေအနေမျိုး မှာတောင် ရယ်ရယ်မောမောပါပဲ။

ကျွန်မကတော့ သူတို့ အခက်အခဲ ဖြစ်လာခဲ့ရင် အဆိုးဆုံးကို ပြင်ဆင်ထားရဲ့လားလို့ တွေးပူနေမိတာပါ။ သူတို့ကြည့်ရတာတော့ ဘယ်လိုပဲဖြစ်ဖြစ် လားရှိုးက ကွန်ဗင့်ကျောင်း ကို ပြန်မယ်လို့ စိတ်ဆုံး ဖြတ်ထားပုံပေါ့။ လမ်းမှာ သူတို့က လားရှိုးမှာ ရှိတဲ့ သူတို့ကျောင်းကို နယ်က ခရစ်ယာန်သီလရှင်နဲ့ ဘုန်းကြီးတွေ အလည်လာတတ် ကြကြောင်းနဲ့ ညနက်သန်းခေါင်မှ ရောက်လာတဲ့ ဧည့်သည်တွေအတွက် မီးမွှေးပြီး ထမင်း ချက်ကျွေးရ ကြောင်းတွေ ပြောပြ ကြပါတယ်။ ကျွန်မလည်း သူတို့ဆီမှာ မိုက်ခရို ဝေ့ဗ်မီးဖို မသုံးနိုင်တာကို သတိထားမိပြီး သူတို့ကိုကူညီချင် မိပါတယ် ။ နောက်တစ်ခုက ဒီခရီးပြီး သွားလို့ သူတို့နဲ့မြန်မာသံရုံးတွေ့ဆုံ ခြင်းဟာ သူတို့ အတွက် ဒီမှာနေရ တာ နောက်ဆုံးဆိုရင် ကျွန်မအနေနဲ့ လည်း သူတို့ကို နောက်ထပ် တွေ့ရတော့မှာ မဟုတ်ဘူးလို့ တွေးမိပြန်တာပါ။ ဒါနဲ့ပဲ သူတို့ကို မိုက်ခရို ဝေ့ဗ် မီးဖိုတစ်ခုကို လန်ဒန်ကနေ ဝယ်သွားဖို့ဆိုပြီး အလှူငွေ ပေးဖြစ်ခဲ့ပါတယ်။

ကျွန်မက သူတို့ညီအစ်မကို မြန်မာသံရုံးက ဘယ်လိုဆက်ဆံမယ် ဆိုတာ မသိနိုင်တော့ စိတ်ပူပြီး သူတို့ကို မိုက်ကယ့်အိမ်မှာ ဘာလို့ နေနေတာလဲလို့ မေးတဲ့အခါ ဖြေဖို့ သင်ပေးနေမိပါတယ်။ ကျွန်မက စိတ်ပူတော့ ပြောမိပြောရာတွေ ပြောနေတာမို့ သူတို့က ရယ်နေပြီး ဘာစကားမှ ပြန်မပြောပါဘူး။ နောက်ပိုင်းမှာတော့ ကျွန်မ သူတို့ညီအစ်မနဲ့ ပြန်တွေ့ဖြစ်ပါတယ်။ မြန်မာသံရုံးက ဘာပြောလဲလို့ မေးတော့ သူတို့က ရယ်ပြီး ပြန်ပြောပြ တာကတော့ အိမ်ကို မြန်မြန်ပြန် ဖို့ ပြောကြောင်း၊ အကြောင်းပြချက်က အင်္ဂလန်မှာ ကြာကြာနေတဲ့ မိန်းကလေးတွေက ပြည့်တန်ဆာ ဖြစ်သွားတတ်ကြောင်းတွေ ပြောပါသတဲ့။ သူတို့ညီအစ်မက တဟားဟား ရယ်ခဲ့ကြ ပါတယ်။ ခရစ်ယာန် သီလရှင်တွေက အင်္ဂလန်မှာ ကြာကြာနေရင် ပြည့်တန်ဆာ ဖြစ်မယ် လို့ ဆိုတယ်လေ။ မြန်မာတွေ ကတော့ ဘယ်လို အခက်အခဲကိုပဲဖြစ်ဖြစ် ရယ်ပစ်လိုက်တာပဲကိုး။ သူတို့ ညီအစ်မ က ကရင်တွေပါ။ သူတို့က ပိုလို့တောင် မမှုသူတွေနဲ့ တူပါရဲ့။ စစ်အစိုးရလက်အောက်မှာ စိတ်ဆင်းရဲ ခံရတာ ကျင့်သားရ နေကြလို့လား မသိပါဘူး။ မြန်မာတွေ ကတော့ ခံစားချက်တွေကို ရယ်ပစ်လိုက်ပြီး အဝေးကို မောင်းနှင်ပစ် လိုက်ကြတာ ပါပဲ။

သူတို့ညီအစ်မလည်း မြန်မာပြည်ပြန်ဖို့ ဆုံးဖြတ်လိုက်ကာ အိမ်ပြန် လက်ဆောင်တွေ လိုက်ဝယ်ကြပါတယ်။ သူတို့က နယ်က အရာရှိကြီးအတွက် လက်ဆောင် ဝယ်မယ်ဆိုတော့ မိုက်ကယ်က လာဘ်ပေးတာ မကောင်း ဘူးလို့ ပြောလေ ရဲ့။ အစ်မဖြစ် သူက လက်မခံပါဘူး။ သူက ကျွန်မကို တိုင်တည်ပြီး ပြောလိုက်ပါတယ်။ “နိုရီကိုရယ် အန်ကယ် မိုက်ကယ်က ဘာမှ နားမလည်ဘူးနော်။ ကျွန်မတို့သာ လာဘ်မထိုးရင် အဲဒီလူက ကျွန်မ တို့ရဲ့ ကွန်ဗင့် ကိုပိတ်ပစ်မှာ။ သူတို့မှာ လုပ်ပိုင်ခွင့် ရှိရှိ၊ မရှိရှိ သူတို့ကကျွန်မတို့ရဲ့ မြေကိုရော ကျောင်းကိုပါ ရောင်းပစ် လိုက်လို့ရနေတယ်။ အဲဒီလိုသာ လုပ်ရင် ကျွန်မတို့ သီလရှင်တွေရော မိဘမဲ့ကလေးတွေ ပါ နေစရာ ပျောက်ပြီး လမ်းပေါ် ရောက်သွားမှာလေ။ အဲဒီလို အဖြစ်ခံလို့မှ မဖြစ်တာ” လို့ သူက အရှည်ကြီး ရှင်းပြနေပါ တယ်။


သီလရှင်ဝတ်စုံနဲ့ လက်ဝါးကပ်တိုင်သာ ကိုယ်ပိုင်ပစ္စည်းရယ်လို့ ရှိတဲ့ သီလရှင်တွေဆီက လာဘ်လာဘကို မျှော်ကိုးတဲ့ အရာရှိဆိုတာ ဘယ်လို ပုပ်သိုးနေတဲ့ လူမျိုးပါလိမ့်လို့ ကျွန်မက စဉ်းစားနေမိပါတယ်။ မြန်မာပြည်မှာ လာဘ်ပေး လာဘ်ယူ ပပျောက်အောင် ကျွန်မတို့ ဘယ်လို လုပ်ပေးနိုင်မှာပါလိမ့်။ အာရှနိုင်ငံ တွေမှာ လာဘ်ပေး လာဘ်ယူစနစ် ပပျောက်အောင် လုပ်ဖို့ခက်မယ်ဆိုတာ သေချာပေမယ့် ဒီမြန်မာနိုင်ငံမှာတော့ စုနဲ့ သူ့ပါတီက လာဘ်ပေး လာဘ်ယူ ပပျောက်အောင် ကြိုး စားနိုင်မယ် ထင်ပါရဲ့။ မိုက်ကယ်တို့ အိမ်ဟောင်းကနေ တိုက်ခန်းသို့ ပြောင်းခြင်း သီလရှင်ညီအစ်မ မြန်မာပြည် ပြန်သွားပြီးတဲ့နောက် မိုက်ကယ်က စုနဲ့ ပတ်သက်ပြီး အမှတ်ရစရာတွေ များတဲ့ ပတ်ခ်တောင်း အိမ်ကို ရောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အိမ်က သုံးထပ်သာ ဆိုတယ် ခေါင်မိုးထပ်နဲ့ မြေအောက်ပါ ပါတော့ ငါးထပ်ဖြစ်နေကာ အပေါ် တက်ဆင်းရတာကို ငြီးငွေ့နေပြီမို့ ရောင်းချင်တာလို့ မိုက်ကယ်က ရှင်းပြပါတယ်။ တကယ်လည်း ကင်မ်နဲ့ မိုက်ကယ် နှစ်ယောက်တည်းအတွက် ငါးထပ်ပါတဲ့အိမ် ဟာ သိပ်ကြီးနေတာ အမှန်ပါ ပဲ။

မိုက်ကယ်က မြေညီထပ် မှာ နေပြီး ကင်မ်က ခေါင်မိုးထပ်မှာမို့ တစ်အိမ်တည်း နေပြီးတော့တောင် လေကို တစ်ယောက်တစ်မျိုးစီ ရှုနေရတာ မဟုတ် လား။ ဘဝ အပြောင်း အလဲကလည်း သိပ်တန်ဖိုးကြီးတယ်လေ။ မိုက်ကယ်ဟာ တစ်နေ့လုံးလိုလို စာသင်ရ၊ စာဖတ်ရ ၊ ကလေးတွေ ကို စောင့်ရှောက် ရနဲ့ မောခဲ့ရှာတာပါ။ ခုတော့ အလက်ဇန္ဒားက အမေရိကကို ကျောင်းသွားတက်ပြီ မို့ ကင်မ် တစ်ယောက်ပဲ သူ့နားမှာ ကျန်တယ်လေ။ ကင်မ်က သူ့ကို ကူလုပ်ပေးနေကျပါပဲ။ “လှီးတာ ချွတ်တာ ကျွန်တော့်အလုပ်ပါ”လို့ ကင်မ်က မီးဖိုထဲမှာပြောနေကျပါ။ သူလည်း မကြာခင် ကောလိပ် သွားတော့မှာကိုး။ မိုက်ကယ့်အနေနဲ့ တစ်ယောက်တည်း အလွမ်းတွေနဲ့အတူ ဒီအမှတ်ရစရာတွေ များတဲ့ အိမ်မှာမနေချင်ဘူး ထင်ပါရဲ့။ မိုက်ကယ် လွမ်းနိုင်သေးတဲ့ နောက်တစ်ခုကတော့ သီလရှင် ညီအစ်မရဲ့ ရယ်သံတွေပါပဲ။ သူတို့နဲ့ အတူနေခဲ့တဲ့ ကာ လတွေမှာ မိုက်ကယ်ဟာ မိသားစုဘဝကို သတိရနေခဲ့ပုံပါ။ သူတို့က ခဏလေး လာနေသွားပေမယ့် မိုက်ကယ်တို့ သားအဖက သိပ်ကို စိတ်ချမ်းသာခဲ့ရပါတယ်။ ဒါပေမယ့် သူ့ကြောင့်လို့ ဆိုနိုင်မယ့် အကြောင်း ကြောင့်ပဲ ဒီညီအစ်မကို ကူညီရာ မရောက်ဘဲ ဖြစ်သွားရတဲ့ အတွေ့အကြုံကလည်း သူ့ အတွက် စိတ်မချမ်းသာ စရာ ဖြစ်လာခဲ့ပါတယ်။ တကယ်တော့ ငယ်ငယ်လေး ကတည်းက သီလရှင်ဖြစ်လာခဲ့တဲ့ အငယ်မလေးဟာ အသက်သာ ၂ဝ ဆိုပေမယ့် တကယ့် သူတော်စင်လေးလို ဖြူစင်ရှာပါတယ်။ ဒါပေမယ့် ကရင်တွေကို စစ်တပ်က အနိုင်ကျင့်လေ့ ရှိတာမို့ သူ့နေရင်း လည်း ပြန်ရောက်သွားရော သူ လည်း စစ်သားမိန်းမ ဖြစ်သွားရောလို့ ကြားကြရတော့ စိတ်မကောင်း ဖြစ်ကြရပါတယ်။ အကြီးမလေး ကတော့ လားရှိုးက ကွန်ဗင့်မှာပဲ ဆက်နေခွင့်ရရှာပါသ တဲ့။

တကယ်တော့ အငယ်မလေး ကို ကင်မ်ဟာ အစ်မအရင်း တစ်ယောက်လို သံယောဇဉ်ရှိခဲ့သလို သူတို့ ညီအစ်မ နှစ်ယောက် ကလည်း မိုက်ကယ့်ကိုပါ အဖေတစ်ယောက်လို ပြုစုကူညီခဲ့ကြပါတယ်။ သူတို့က “အန်ကယ် မိုက်ကယ်သာ တကယ် နေ မကောင်းဖြစ်ရင် နယ်စပ်ကိုဖြတ်ပြီးတော့ကို လာပြုစုပါ့မယ်” လို့ နှုတ်ဆက်ခဲ့ကြ ဖူးပါတယ်။ သူတို့အတွက် နယ်စပ် ကို ဖြတ်ကျော်တာဟာ အဆန်း မဟုတ်ဘူးလေ။ စုရဲ့ မိန့်ခွန်းကို နားထောင် ချင်လို့ ဆိုပြီး သူတို့ တောကျော် တောင်ကျော် နဲ့ ကျော်ခဲ့ဖူးပါသတဲ့။ ဒါပေမယ့် မိုက်ကယ့် နောက်ဆုံး အချိန်တွေမှာ သူတို့ အရောက်မလာနိုင်ခဲ့ကြတော့ပါဘူး။

 မိုက်ကယ်က အထီးကျန်ရတာကို မခံစားနိုင်ချိန်လေ။ ကျွန်မတို့ ဇနီးမောင်နှံကတောင် ဒီညီအစ်မရဲ့ ရယ်သံ တွေ ပျောက် သွားတဲ့ မီးဖိုချောင် ခြောက်ကပ်ကပ်ကို မခံစားနိုင်တာပဲကိုး။ ဒီလိုကြောင့်ပဲ မိုက်ကယ်ဟာ အိမ်ပြောင်းဖို့ ဆုံးဖြတ်လိုက်ပုံ ရပါတယ်။ ကျွန်မတို့နှစ်ယောက်ကတော့ မိုက်ကယ်ရဲ့ တိုက်ခန်းအသစ်က ကျွန်မတို့တိုက်ခန်းနဲ့ အဆောက်အဦ ငါးခုစာပဲ ခြားတာကြောင့် ဝမ်းသာခဲ့ရပြန်ပါတယ်။ မသီတာ(စမ်းချောင်း)

ref: http://www.myanmarij.com/?p=7374

Friday, 9 November 2012

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၂၃) မသီတာ(စမ်းချောင်း)

From http://www.myanmarij.com/?p=7254



ကက်သလစ် ဘုန်းတော်ကြီး နှစ်ပါးက စားပွဲဘေးမှာ နေရာယူ လိုက်ကြပါတယ်။ တစ်ပါးက ဩစတြေးလျက ဖြစ်ပြီး တစ်ပါးက မြန်မာပြည်ကပါ။ သိပ်မကြာခင်မှာပဲ မြန်မာကက်သလစ် သီလရှင်နှစ် ယောက်က ဝတ်စုံပြာတွေ ဝတ်ထားကာ ဟင်းပန်းကန်တွေ ကိုင်ပြီး စားပွဲဆီကို လျှောက်လာကြပါတယ်။ အထီးကျန်လှတဲ့ ဒီအိမ်ထဲမှာ ချစ်စရာ ပန်းလေးနှစ်ပွင့် ပွင့်နေသလို မြင်လိုက်ရတာပါ။ ဒီတော့မှပဲ မိုက်ကယ် ဘာလို့ ပြန်လန်း ဆန်းလာတာလဲဆို တဲ့ပဟေဠိကို ကျွန်မ အဖြေညှိလိုက် နိုင်ပါတယ်။

မြန်မာ့စားစရာ အုန်းနို့ခေါက်ဆွဲက သိပ်ကို အရသာ ရှိတာပါပဲ။ အချိုပွဲအဖြစ် ကျွေးတဲ့ စတော်ဘယ်ရီသီးတွေ ကိုလည်း မိုက်ကယ်နဲ့ ကက်သလစ်ဘုန်းကြီး၊ သီလရှင်တွေ က မြေထဲပင်လယ်ခေတ် ဘုရားရှိခိုး ကျောင်းဝင်း ထဲကနေ ဆွတ်ခူးခဲ့ပါသတဲ့။ မိုက်ကယ်က အဲဒီလို စတော်ဘယ်ရီ ခူးရတာကို သဘောတွေကျပြီး စိတ်လှုပ်ရှား နေသလောက် သားဖြစ်တဲ့ ကင်မ်ကတော့  အေးစက် တိတ်ဆိတ်စွာနဲ့ပဲ သူ့အဖေကိုငေးကြည့်နေပါတယ်။ သားအဖ နှစ်ယောက်ကို ကြည့်ရတာကိုက စိတ်ဝင်စားစရာပါပဲ။

မိုက်ကယ်က ပြောပြတာကတော့ မြန်မာပြည်က ကက်သလစ် သီလရှင်နှစ်ယောက် အောက်စ်ဖို့ဒ်ကို ရောက်လာကြောင်း သူ စတင် ကြားခဲ့ပါသတဲ့။ ဒီလိုနဲ့ သီလရှင် တွေနေတဲ့ ကွန်ဗင့်ကျောင်းက ကျောင်းအုပ်ကြီး ကို အဲဒီသီလရှင်နှစ်ယောက် နဲ့တွေ့မေးနိုင်ဖို့ ပြောကြားခဲ့ပါတယ်။ နောက်တော့ အဲဒီ သီလရှင်နှစ်ယောက် ကို မနက်တိုင်း ကွန်ဗင့်ကို လွှတ်လိုက်ပြီး သီလရှင်တွေရဲ့ တာဝန်တွေကို ထမ်းဆောင် ခွင့်ပြုမှာဖြစ်ကာ အင်္ဂလိပ် စာသင်ကျောင်းကိုလည်း သူကပဲ အကုန်အကျခံ ထားပေးမယ်လို့ ရှင်းပြခဲ့ပါတယ်။ သူ့ အတွက် တောင်းဆိုချက်ကတော့ အဲဒီသီလရှင် နှစ်ယောက်ကို ကွန်ဗင့်မှာ မနေစေဘဲ သူ့အိမ်မှာ နေခွင့် ရအောင်ပါ။ ကွန်ဗင့်ကျောင်းကလည်း မိုက်ကယ့်တောင်းဆိုမှုကိုလက်ခံပါတယ်။ မိုက်ကယ်တို့အိမ်မှာ အဲဒီ အချိန်က ဒုတိယထပ်က အိမ်ငှားတွေလည်း မရှိချိန်ဆိုတော့ အဆင်ပြေသွားပါတယ်။

၁၉၈၆ နှစ်ဆန်းပိုင်းက တိုကျိုတွင် တွေ့ရသည့် အလက်ဇန္ဒားနှင့် ကင်မ်

မိုက်ကယ်က သီလရှင်တွေကို အိမ်ခန်းခ မတောင်းခဲ့ပေမယ့် အရေးအကြီးဆုံး တောင်းဆိုမှုတစ်ခုကိုတော့ မမေ့မလျော့ တောင်းခဲ့ပါတယ်။အဲဒါကတော့ တစ်နေ့မှာ တစ်နပ်စာကို ပူပူနွေးနွေး ချက်ပြုတ် ပြင်ဆင်ပေးဖို့ပါပဲ။ ဟုတ်တယ်လေ။ ဒါမှ သူ့အကြိုက် မြန်မာစာကို ညတိုင်းလွေးနိုင်မှာကိုး။ ကျွန်မတို့လည်း မိုက်ကယ့်လောက် မြန်မာစာကို ကြိုက်တတ်တဲ့ အင်္ဂလိပ်ကို မတွေ့ဖူးဘူးလို့ ဆိုရမလားပါပဲ။
ညစာစားပြီးတော့ အိမ်က တိတ်ဆိတ်သွားခဲ့ပါတယ်။ မိုက်ကယ်က ကျွန်မကို သူ့နောက်ကိုတိတ်တဆိတ် လိုက်ခဲ့ဖို့ လက်ဟန်ပြပါတယ်။ ကျွန်မတို့လည်း မြေညီထပ် ဧည့်ခန်းကနေ မြေအောက်ထပ် မီးဖိုချောင်ဆီ ဆင်းလာခဲ့ပါတယ်။ ကင်မ်ဟာ တစ်ခါက ကျောင်းကနေ စုယူလာခဲ့တဲ့ ဒဏ်ရာတွေနဲ့ သစ်သားစားပွဲဘေးမှာ တိတ်တဆိတ်ပဲ စာဖတ်နေပါ တယ်။ ကက်သလစ် သီလရှင် ညီအစ်မကတော့ ပန်းကန်တွေကို တိတ်တဆိတ် ဆေးနေလေရဲ့။

အဲဒီလိုမြင်ကွင်းမျိုးက သာမန်မြင်ကွင်းမျိုး မဟုတ်လား။ ကင်မ်က သီလရှင်ညီအစ်မကို သိပ်အားကိုးနေပါပြီ။ သူစာဖတ်တဲ့ နေရာက နည်းနည်းမှောင် နေပေမယ့် သူကနေရာ မရွေ့သေးပါဘူး။ သူ့မျက်ဝန်းတွေလည်း စိုစွတ်နေသလားပဲ။ ကျွန်မတို့လည်း ဧည့်ခန်းကို ပြန်တက်လာ ခဲ့ကြပါတယ်။ “နိုရီကိုရေ ကင်မ်က သိပ်ကို တိတ်ဆိတ်နေတယ်။ ဒီလိုနေတာ စုမရှိတော့ထဲက ဆိုရင်တော့ ဒီတစ်ကြိမ်ပဲ ရှိသေးတာ” လို့ မိုက်ကယ် ကဆိုပါတယ်။ တကယ်တော့ ကင်မ်ရော၊ မိုက်ကယ်ပါ စုကို သိပ်လွမ်းနေကြလှပါပြီ။ သူတို့ဘဝက အထီး ကျန်ဆန်လှပါတယ်။

နောက်နှစ် နွေဦးဖြစ်တဲ့ ၁၉၉၆ မတ်လမှာတော့ ကျွန်မတို့ ဇနီးမောင်နှံဟာ အောက်စ်ဖို့ဒ်မှာ တိုက်ခန်းတစ် ခန်းဝယ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ မိုက်ကယ်ကတော့ အဲဒီအဆုံးအဖြတ် ကို သဘောတွေကျကာ အေးဂျင့်နဲ့ မိတ်ဆက်ပေးသလို သူ့ကားနဲ့လည်း အိမ်ခန်းတွေကို လိုက်ပြပေးပါတယ်။ ကြည့်သမျှ တိုက်ခန်း တော်တော် များများကို သူကမကြိုက်ပေမယ့် နောက်ဆုံးမှာတော့ မိုက်ကယ့်အိမ်နဲ့ လမ်းလျှောက်ရင်တောင် ရတဲ့နေရာက တိုက်ခန်းတစ်ခန်းကိုတော့ သဘောကျသွားပါတယ်။ သုံးထပ်တိုက် တစ်တိုက်ရဲ့ ပထမထပ်မှာရှိတဲ့ တိုက် ခန်းပါ။ မိုက်ကယ်က အဲဒီအိမ်ရဲ့ မြေညီထပ်မှာ နေခဲ့ဖူးတဲ့ အမျိုးသမီး ကြီးကိုသိပြီး သူ့ဆီလည်း သွားလည် ဖူးပါတယ်။ မိုက်ကယ်ကတော့ ဝိတိုရိယခေတ် ဗိသုကာလက်ရာဟန် အိမ်မျိုးဝယ်ဖို့ အကြံပေးပါတယ်။ နောက် ဆုံးတော့ အောက်စ်ဖို့ဒ်ရောက်ပြီး သုံးရက်အတွက် အကြီးဆုံး ဈေးဝယ်ခြင်းအမှုကို ဆောင်ရွက်ခဲ့နိုင်ပါတော့ တယ်။

နွေရာသီပိတ်ရက် ဖြစ်တဲ့ ဇူလိုင်၊ ဩဂုတ်မှာတော့ ကျွန်မတို့ဟာ တိုက်ခန်းလေးကို သက်သောင့်သက်သာ နေနိုင်မယ့် အိမ်လေးဖြစ်အောင် ပြင်နိုင်ခဲ့ကြပါတယ်။ ကုတင်နဲ့လျှပ်စစ် ပစ္စည်းတွေက ဝယ်ပြီးတာနဲ့ ရောက် လာတာ မြန်ပေမယ့် ပရိဘောဂတွေ ကတော့ အဆင်သင့် မဖြစ်သေးပါဘူး။ ဒီလိုနဲ့ အိမ်ခန်းအလယ်ကောင် မှာ အိပ်ရာခင်းကို ချခင်းကာ ကျွန်မတို့ရဲ့ ဒုက္ခသည် စတိုင်လ်ဘဝကို စ တင်လိုက်ကြပါတယ်။ သီလရှင် ညီအစ်မ ကတော့ ကျွန်မတို့ရဲ့အဲဒီ စတိုင်လ်ကို သဘောကျကြပါသတဲ့။ သူတို့က စာအုပ်ပုံ စားပွဲတုပေါ်မှာ လက်ဖက် ရည်ဗန်းကို တင်ပြီး လက်ဖက်ရည် သောက်ရတာ ကို ပျော်နေကြပါတယ်။ သူတို့ရဲ့မြန်မာပြည်မှာ နေခဲ့ပုံတွေနဲ့ တူတာမို့ ဒီလိုနေရတာ ကို သဘောကျနေကြတာပါ။

သူတို့ညီအစ်မက မြို့ပြင်ကို ကားမောင်းပို့ပေးပြီး ဈေးဝယ်ထွက်နိုင်အောင် စီစဉ်ပေးပါတယ်။ အိမ်ပြန်ရောက် တာနဲ့ ညီအစ်မကထမင်း အိုးဖုံးကိုဖွင့်ကာ ထမင်းတွေစားကြ တော့တာပါပဲ။ ပြီးတော့မှ စိတ်ချမ်းသာသွား သလိုနဲ့ “အခုတော့ လူသစ် တစ်ယောက်လိုတောင် ခံစားနေရ ပြီ”လို့ပြောလိုက်ပါတယ်။ တကယ်တော့ ကားမောင်းတဲ့ မြန်မာ ကောင်မလေးက ကားထဲမှာ သီချင်းကို ခပ်ကျယ်ကျယ် ဖွင့်ထားပြီး အရှိန်ကိုလည်း မြှင့်ပြီးမောင်းပါတယ်။ လမ်းမှာလည်း တွေ့သမျှ ခပ်နှေးနှေး ကားတွေကို ကျော်တက်သလို မြန်မြန် မောင်းစမ်းပါ လို့လည်း အော်လိုက်ပါသေးတယ်။ ကားနောက်ခန်းက သီလရှင် ညီအစ်မကတော့ တစ်ချိန်လုံး ရယ်နေကြကာ ဒါမှ မြန်မာမိန်းကလေး စစ်စစ်လို့ ပြောနေကြပါတယ်။ ကျွန်မလည်း မြန်မာ မိန်းကလေးတွေဟာ သိပ်ပြင်းထန်သလို အကြောက်အလန့်လည်း မရှိဘူးလို့ တွေးမိကာ စုကိုလည်း သတိရသွားမိပါတယ်။

ကားမောင်းပို့ပေးသူက ကားကို ဝယ်ထားတာ မကြာသေးသလို ကိုယ်တိုင် မောင်းတာလည်း မကြာသေးပါဘူး။ ဒီတော့ သီလရှင် ညီအစ်မထဲက အစ်မဖြစ်သူက ကြောက်နေသလို ဖြစ်ပေမယ့် တစ်ချိန်လုံးတော့ ပြုံးနေခဲ့ ပါတယ်။ ကျွန်မကလည်း ဒီအကြောင်းကို စောစောကသာ သိခဲ့ရင် ကားရှေ့ခန်းမှာ ထိုင်ဖြစ်မယ် မထင်ပါဘူး။ ဒီတော့ အိမ်ပြန်ရောက်တဲ့အခါ ထမင်းစားလိုက်ပြီးမှပဲ သူတို့ပူပန်နေခဲ့တာတွေ သက်သာသွားသလိုပါ။  ညီအစ်မနှစ်ယောက် တိတ်ဆိတ် အေးချမ်း သွားကြပုံကို မြင်ရတော့ အာရှသား အာရှသူတွေအတွက် ထမင်းဟာ ဗိုက်အဆာ သက်သာစေရုံမက စိတ်အဆာလည်း ပြေစေတာကို သတိထား လိုက်မိပါတယ်။
သိပ်မကြာခင်မှာပဲ သံရုံးကား တစ်စီးကို မိုက်ကယ်တို့ အိမ်ရှေ့နား မှာရပ်ထားတာ တွေ့ကြရပါတယ်။ ညီအစ်မ တွေက ကားနားကပ်သွားချိန်မှာတော့ ကားက မောင်းပြေးသွားလေရဲ့။ အဲဒီကားက မြန်မာသံရုံးက ကားပါပဲ။
မသီတာ(စမ်းချောင်း)

လှည်းကူးမှာ သီတဂူဆရာတော်ရဲ့ တရားပွဲရှိသည်

၁၁-၁၂-၂၀၁၂ ၇က်နေ့ နိဗ္ဗာန်ဆိပ်ဦးသာသနာ့ရိပ်သာ ဓမ္မရင်ပြင်တွင် သီတဂူဆရာတော်ကြီး တရားသဘင်ပွဲရှိသည်ဟု ဓမ္မပူဇာမင်္ဂလာအသင်း ဖေ့ဘွတ်တွင် သတင်းကောင်းပါးထားသည်ကို ထပ်ဆင့် ဖေါက်သည်ချလိုက်ပါသည်။

သီတဂူဆရာတော်ရဲ့ပကာသနမပါပဲ သဘာဝအတိုင်း သတင်းသုံးတော်မူပုံကို ကြည်ညိုနိုင်ရန် ဖေါ်ပြလိုက်ပါသည်။ 



Tuesday, 6 November 2012

ရတာမလို လိုတာမရ

တနေ့တုံးက ဖေ့ဘွတ်သုံးရင်း  ညီမငယ်တစ်ယောက်ရဲ့ အကောင့်တစ်ခုမှ အမှတ်မထင် စာလေးတစ်ကြောင်းကို ဖတ်လိုက်ရပါတယ်။ အဲဒီစာကြောင်းလေးကတော့ "အရမ်းစိတ်ညစ်တယ်။ ရတာမလို၊ လိုတာမရဆိုတာလို့ ပြောရမလား။ ဟင့် ဟင့်။" တဲ့။ သူ့ခမျာ ငိုတောင် ငိုလိုက်သေးတယ်။

သူမ ဘာလိုချင်တာကို မရတာတော့ မသိပါဘူး။ တစ်ပါးထဲ အတွေးတော့ နယ်ချဲ့မိပါတယ်။
လူဝတ်ကြောင်လဲ လူဝတ်ကြောင် အလျောက်၊ သာသနာ့ဝန်ထမ်းလဲ သာသနာ့ဝန်ထမ်းအလျောက် လိုချင်တာတွေကတော့ များသားပဲ။ များတိုင်းလဲ စိတ်သွားတိုင်း ကိုယ်ပါ မဖြစ်တာများပါတယ်။ တစ်ခါတစ်ရံမှာတော့ လိုချင်တာကို ရသယောင်ပါပဲ။ ဒါပေမယ့် ကိုယ်အလိုချင်ဆုံးတော့ မဟုတ်ပါဘူး။ ဒါကြောင့် ရလာပေမယ့် စိတ်ကျေနပ်မှု မရှိဘူး။ ကိုယ့်ကိုယ်ကိုပဲ ဒီလောက်တောင် မဖြစ်ဘူးလား ဆိုပြီးတော့ စိတ်ဓာတ်တွေ တော်တော် ကျသွားတတ်ကြပါတယ်။ သူတော့ဖြစ်တယ်။ ငါ့ကြမှ ဖြစ်ရလေခြင်းပေါ့။ ကျသွားတဲ့ စိတ်တွေ ထောင်တက်လာအောင် ကိုယ်စိတ်တွေကို ထိန်းမတ်ဖို့ တစ်ခါတစ်ရံမှာ မေ့တတ်ကြပါတယ်။

ဒီလိုမဖြစ်အောင် ကိုယ့်အတွက် ခွန်အားဖြစ်စေတဲ့ စာတွေကို များများဖတ်ဖို့ လိုပါတယ်။ ခွန်အားမဖြစ်စေတဲ့ အရာတွေနဲ့ အချိန်အကုန် မခံစေချင်ပါဘူး။ စတားဖြစ်ချင်ရင် စတားဖြစ်နေတဲ့သူတွေ ရေးထားတဲ့ အတ္ထုပတ်တွေကို ဖတ်သင့်ပါတယ်။ အနည်းဆုံး သူတို့တွေ ဘာကြောင့် ထင်ပေါ်ကျော်ကြားရသလဲဆိုတာကို သိနိုင်ကြမှာပါ။ သေချာတာတစ်ခုကတော့ ထင်ရှားသူတိုင်းမှာ ထင်ရှားမှုနဲ့ထိုက်တန်တဲ့ ပေးစပ်မှုတွေရှိခဲ့ကြတာပါ။ ပေးစပ်မှုတွေဟာ ချိုမြိန်တဲ့ အရသာတွေတော့ မဟုတ်ပါဘူး။ လူတွေရဲ့ အမြင်မှာ စွန့်စားမှု မအောင်မြင်ရင် ဒီကောင်ရူးလိုက်တာပေါ့၊ ခလေးကလှောင် ခွေးကဟောင်အဖြစ်တွေပေါ့။ အောင်မြင်သွားရင်တော့ စွန့်စားတော့ အောင်မြင်တာပေါ့ လို့ ယူဆတတ်ကြပါတယ်။


မြတ်စွာဘုရားကတော့ လိုချင်တာကို ရနိုင်ဖို့ တရားလက်ဆောင်တစ်ခု ပေးထားခဲ့ပါတယ်။ အဲဒါကတော့ အဓိပတိ (၄)ပါးနဲ့ ပြည့်စုံရင် ဘာမဆို လိုတာရနိုင်ပါတယ်တဲ့။
 အဓိပတိ (၄)ပါးကတော့ ဆန္ဒရယ် ၊ စိတ်ဓာတ်ရယ်၊ ၀ီရိယရယ်၊ ပညာရယ်ပေါ့။ ဒီလေးပါးပြည့်စုံရင် ဘာမဆို ရနိုင်၊ ဖြစ်နိုင်ပါတယ်။ ဆန္ဒဟာ ရိုးရိုး ဆန္ဒ မဟုတ်ဘူး။ အဓိပတိကို တပ်နေရပါ့မယ်။ ဒီမှာ ငယ်ငယ်တုံးက ကြားဘူးတဲ့ ပုံပြင်တစ်ပုဒ်ကို သွားပြီး အမှတ်ရမိပါတယ်။ အဲဒီပုံပြင်ကတော့.......

ရွာတစ်ရွာမှာ သားအဖ နှစ်ယောက်ရှိသတဲ့၊ တောရွာတို့ရဲ့ ဓလေ့အတိုင်း ညဘက်မှာ လရောင်ကို နောက်ခံထားပြီး ရေနွေးကြမ်းသောက်ကြပါတယ်။ စကားလေး တပြောပြောပေါ့။ လပြည့်နေ့ည ဆိုတော့ လရောင်ကလဲ ထိန်ထိန်သာပေါ့။ အဲဒီအချိန်မှာ သားလုပ်တဲ့သူက သူ့အဖေကို
" အဖေ အခုနေများ ထီတစ်သိန်းဆု ပေါက်ရင် ဘယ်လောက်ကောင်းမလဲ" ပြောတယ်၊။ အဲဒီ အချိန်မှာ အဖေလုပ်တဲ့သူက သားဖြစ်သူကို ဖနောင့်နဲ့ ထပေါက်ပါလေရော။ သာဖြစ်သူက ဘာ့ကြောင့် ပေါက်သလဲလို့ မေးတော့ အဖေလုပ်သူက ဒီလို ပြောပါတယ်။ " ငါ့သားရယ် တွေးတာတောင်မှ တစ်သိန်းပဲ တွေးရလားကွ၊ အခုက သိန်းငါးဆယ်ထီလေကွာ " တဲ့။ (မှတ်ချက်။ ။ လက်ရှိ အောင်ဘာလေထီ သိန်းဘယ်လောက်လဲ စာရေးသူမသိပါ၊)

ဒီပုံပြင်လေးအတိုင်းပါဘဲ ဆန္ဒဟာ ရိုးရိုး ဆန္ဒ ရှိရုံနဲ့ ဘာမှမဖြစ်နိုင်ပါဘူး။ အဓိပတိကို တပ်နေရပါ့မယ်။ကျန်တဲ့ အဓိပတိတပ်တဲ့ စိတ်ဓာတ်တွေ၊ ကြိုးစားမှုတွေကို အဓိပတိတပ်တဲ့ ပညာနဲ့ ထိန်းအုပ်လိုက်ရင် လိုချင်တာကို ရနိုင်မှာ ဖြစ်ပါတယ်။ 

အနောက်တိုင်းမှာလဲ  စကားပုံလေးတစ်ခုရှိပါတယ်။
 "What the mind can see and believe it can be achieved.
စိတ်ထဲမှာလဲ မြင်မယ်၊ ယုံကြည်မှု့လဲရှိမယ်ဆိုရင် အဲဒီအရာတွေကို ရရှိပိုင်ဆိုင်နိုင်ပါတယ်။"

 ဒီဟာကလဲ မြတ်စွာဘုရားဟောထားချက်နဲ့ သဘောတရား အတူတူပါပဲ။

ဒါကြောင့် စာရေးသူရဲ့ ဆရာဖြစ်တဲ့ လှည်းကူးမြို့နယ်၊ ပိုက်ကြီးဝဲရွာ၊ အေ၇ှ့ကျောင်း၊ မဟာဝိဇိတာရာမစာသင်တိုက်ဆရာတော် ဒေါက်တာအရှင်ရေ၀တာလင်္ကာရ- ရဲ့ ဆုံးမစကားတစ်ခွန်းကို ဝေမျှချင်ပါတယ်၊ အဲဒါကတော့...

အပျော်ကြီးပျော်ချင်လျှင် အပျော်လေးတွေကို လျော့ပါ။

If you want great happiness, give up small pleasures.


တစ် နဲ့ တစ် ပေါင်းရင် နှစ် ပေါ့။ ဒါပေမယ့် သင်္ချာနည်းဟာ အမြဲတမ်း မမှန်နိုင်ပါဘူး။
အမှိုက်တစ်ပုံ နဲ့ အခြားအမှိုက်တစ်ပုံ ပေါင်းလိုက်ရင်တော့ အဖြေတစ်မျိုးထွက်သွားနိုင်ပါတယ်။ ဘ၀မှာလဲ အသေမှတ်လို့ရတဲ့ ပုံသေနည်းတွေက ရှားမယ်ထင်ပါတယ်။ အဖြေ နှစ်ရမယ်လို့ သိနေပါလျက် တစ်ပဲရတတ်တာလဲ ရှိပါတယ်။ ဒါကြောင့် အဓိပတိလေးပါးပြည့်စုံအောင် ကြိုးစားပြီး အပျော်လေးတွေကို လျော့လိုက်ပါက အထက်က ဖေါ်ပြခဲ့တဲ့ ညီမငယ်ကဲ့သို
"အရမ်းစိတ်ညစ်တယ်။ ရတာမလို၊ လိုတာမရဆိုတာလို့ ပြောရမလား။ ဟင့် ဟင့်။"

လို့ ငိုစရာ လိုတော့မယ် မထင်ပါဟု..........




အရှင်အဂ္ဂဥာဏ (လှည်းကူး)
လှည်းကူမြေ-မောင်နေခြည်

Monday, 5 November 2012

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၂၂) /မသီတာ-စမ်းချောင်း

မိုက်ကယ် ဂျပန်လာလည်

၁၉၉၄ ခုနှစ် ဧပြီလမှာတော့ ကျွန်မက ရင်သားကင်ဆာအတွက် ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။ ဩဂုတ်လ မှာတော့ ကျွန်မက “ကျွန်မစိတ်ထဲက အောင်ဆန်းစုကြည်” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ရေးဖြစ်ခဲ့ပါတယ်။ ဆေးရုံကို နှစ်ပတ် တစ်ခါ သွားပြနေ ခဲ့ရပြီး ကင်ဆာ ပျံ့လာမလားရယ်လို့လည်း ပူပန်နေခဲ့မိပါတယ်။ ကျွန်မသာ အောက်စ်ဖို့ဒ်ကို သွားလည်ဖြစ်ခဲ့ ရင် ပြန်ပြီး လန်းဆန်းချင် လန်းဆန်းလာမှာပါ။ ဒါပေမယ့် စု မရှိတော့တဲ့ အောက်စ်ဖို့ဒ်ဟာ ကျွန်မအတွက် ဝေးလွန်းတဲ့ နေရာပါပဲ။

ကျွန်မတို့ ဇနီးမောင်နှံလည်း အခုနေခါ ငရဲတွင်းထဲ ရောက်သလို ခံစားနေရမယ့် မိုက်ကယ့်ကို တွေးပူမိသလို သူ့အတွက် စိတ်ချမ်းသာ သွားစေမယ့် အချိန်လေးတစ်ခု ဖန်တီးပေးချင်မိကြပါတယ်။ ဒါနဲ့ပဲ မိုက်ကယ့်ကို ဂျပန်ကို ဖိတ်မယ်လို့ ဆုံးဖြတ်ပြီး စတင် အကောင်အထည် ဖော်ကြပါတော့တယ်။ တိုက်တိုက် ဆိုင်ဆိုင် ကျွန်မခင်ပွန်းရဲ့ မိတ်ဆွေ ဖြစ်တဲ့ ယူမီယူရီ သတင်းဌာနက စာရေးဆရာ ယဆူအိုစူဇူကီးကလည်း မိုက်ကယ် လာလို့ရအောင် ကူညီမယ်လို့ ဆိုပါတယ်။ မစ္စတာ စူဇူကီးက အင်္ဂလိပ်လိုရော ရုရှားလိုပါ ကျွမ်းကျင်သူမို့ ဝါရှင်တန် မှာတုန်းက နိုဘယ်ဆုရသူတွေကို အင်တာဗျူး ဆိုရင် သူပဲလုပ်ခဲ့ပါတယ်။ သူက မိုက်ကယ့်ကို အင်တာဗျူး လုပ်ဖို့ မျှော်လင့်သလို ယူမီယူရီကလည်း မိုက်ကယ့် အတွက် လေယာဉ်ခ ကို ကုန်ကျခံပေးခဲ့ ပါတယ်။

စုဟာ နေအိမ်အကျယ်ချုပ် ကျနေစဉ်တုန်းက ဆုတွေ အများကြီးကို တစ်ခုပြီး တစ်ခုရခဲ့ပါတယ်။ ၁၉၉ဝ ခုနှစ် အောက် တိုဘာ ၁၂ ရက်မှာ နော်ဝေးကပေးတဲ့   လူ့အခွင့် အရေးဆု၊ ၁၉၉၁ ခုနှစ် ဇူလိုင် ၁ဝ ရက်မှာ  ဆု၊ ၁၉၉၁ ခုနှစ် အောက် တိုဘာ ၁၄ ရက်က ကြေညာတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆု တွေပေါ့။ စုအတွက် မိန့်ခွန်း တွေကို မိုက်ကယ်က ပြင်ဆင် ရလေတိုင်း၊ ဆုပေးပွဲတွေကို တက်တိုင်း ကလေးနှစ်ယောက်ကို ခေါ်သွားတတ်ပါ တယ်။ မိုက်ကယ့် ဘဝကလည်း ပညာရှင်အဖြစ်ကနေကမ္ဘာ့မီဒီယာ ရဲ့ မီးရောင်အောက်ကိုရောက်သွား ပြန်ခဲ့ပါပြီ။

၁၉၉၅ ခုနှစ်မှာတော့ မိုက်ကယ်က အောက်စ်ဖို့ဒ်ရဲ့ စိန့်အန် ထော်နီကောလိပ်မှာ အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးဖြစ်နေပါပြီ။ အလက်ဇန္ဒားကတော့ ဝါရှင်တန် မှာရှိတဲ့ ဂျော့ရှ်တောင်း တက္ကသိုလ်မှာ တက်နေပြီး ကင်မ်တစ်ယောက် ပဲ မိုက်ကယ်နဲ့အတူ ပါ့ခ်တောင်း အိမ်မှာနေပါတယ်။ သူတို့ အိမ်ရဲ့ ပထမထပ်နဲ့ ဒုတိယထပ် မှာတော့ အိမ်ငှားတွေ ထားထားပါတယ်။ ကင်မ်က ခေါင်မိုးထပ်မှာ နေပြီး ဒယ်ဒီ မိုက်ကယ် အလုပ်ကတော့ မနက်တိုင်း ကင့်မ်ကို နှိုးရတာပါပဲ။ အစပိုင်း တုန်းကတော့ မိုက်ကယ်က အပေါ်တက်လိုက် ဆင်းလိုက် လုပ်ပါသေးတယ်။ နောက်တော့ သူက အင်တာကွန်းပဲ တပ်ပြီး နှိုးပါတော့ တယ်။ ကင်မ်ကတော့ ဘယ်လိုနှိုးနှိုး တယ်မနိုး တတ်ပါဘူး။

ကင်မ်ရဲ့ ကျောင်းပိတ်ရက်တစ် ရာသီဖြစ်တဲ့ ဖေဖော်ဝါရီထဲမှာ မိုက် ကယ်က ဂျပန်ကို အလည်လာခဲ့ပါတယ်။ မိုက်ကယ်က ကျွန်မတို့ အိမ်ထဲကို ရောက်တယ်ဆိုရင်ပဲ သက်ပြင်းချလိုက်ပြီး “ဆာဒါယိုရှီရေ ခင်ဗျားတို့မှာ ကလေးမရှိတာ ကံကောင်းတာပဲ”လို့ ပြောလိုက်ပါတယ်။ သူက ကျွန်မခင်ပွန်းထက် ၈ နှစ် ငယ်ပေမယ့် သူ့ရဲ့ ပင်ပန်းနေတဲ့ မျက်နှာကို ကြည့်ရတာ ကျွန်မခင်ပွန်းထက်တောင် အသက်ကြီးနေသလား ထင်ရပါရဲ့။

“ဒီအိမ်ကတော့ လုံးဝကို ဘာဆို ဘာမှ မပြောင်းဘူးနော်။ အားလုံးက အရင်အတိုင်းပါပဲလား။ ကျွန်တော် စိတ်အေးချမ်း လိုက်တာ။ နိုရီကိုရေ အားကျတယ်ဗျာ”လို့ မိုက်ကယ်က ပြောပါတယ်။ “ဘာလို့လဲ မိုက်ကယ်ရဲ့။ ရှင့်အိမ်လည်း စနစ်တကျပဲလေ” လို့ဆိုတော့ “အခုတော့ မတူတော့ဘူးဗျာ။ ကင်မ်က ပစ္စည်းတွေကို ပြန့် ကျဲထားပြီး ပြန်လည်း မစီဘူး။ သူ့အခန်းဆို တောအုပ်ကျနေတာပဲ။ ပစ္စည်းတွေက ကြမ်းပေါ်မှာ ပုံထားတာ ဒူးခေါင်းလောက် အမြင့်တောင် ရှိနေပြီ။ ခင်ဗျား ခြေထောက်တစ် ချောင်းချင်းစီ မပြီး လမ်းလျှောက်မှ ရတာ။ နို့မဟုတ်ရင် သူ့အခန်းထဲ ခြေတစ်လှမ်းတောင် လမ်းလျှောက်လို့ ရမှာမဟုတ်ဘူး။ ကျွန်တော်က သူ့ အခန်းကို ရှင်းပေးတော့လည်း သူက စိတ်ဆိုးပြန်ရော”လို့ မိုက်ကယ်က စိတ်လျှော့ပြီး ပြောပြနေပါတယ်။ မိုက်ကယ်က သပ်သပ်ရပ်ရပ် နေတတ်ပြီး ကျွန်မက အသန့်အပြန့် ကြိုက်တာကိုး။ ကင်မ်ကတော့ “ဒယ်ဒီတို့ နှစ်ယောက်လုံး ကျွန်တော့ကို ဒုက္ခပေးမှာတွေပဲ”လို့ ပြောပါတယ်။ သူက သပ်သပ်ရပ်ရပ် နေဖို့ အဆင်ပြေပုံ မရပါဘူး။

၁၉၉၆ ခုနှစ်တွင် မိုက်ကယ်နှင့် ကင်မ်ကို နေအိမ်တွင် တွေ့ရစဉ်

အဲဒီအချိန်က ကျွန်မခင်ပွန်းဟာ ရူကိုကူ တက္ကသိုလ်မှာ စာသင်နေဆဲပါ။ သူ့ရဲ့ တက္ကသိုလ်က ကျောင်း အုပ်ကြီးနဲ့ နီရှီဟွန်ဂန်ဂျီစေတီတို့ကလည်း  မိုက်ကယ့်ကို နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ အိုတာနီ စူးစမ်း လေ့လာရေး ပါတီမှာတော့ အလယ်အာရှက တိဘက်ဘာသာ ပေစာတချို့ ကို မိုက်ကယ် တွေ့လိုက်ရပါတယ်။ ဘာသာမပြန်ရသေးတဲ့ စာမူတွေမို့ မိုက်ကယ်က “အို ဒီအခန်းထဲမှာ ၂ နှစ် ၃ နှစ်လောက် ထိုင်ပြီး ဒီစာမူတွေကို လေ့လာရရင် ဘယ်လောက် ပျော် ဖို့ ကောင်းမှာပါလိမ့်”လို့ တသသ ပြောလေရဲ့။ တက္ကသိုလ်က တာဝန်ရှိသူ တွေကလည်း သူ့ကို လုပ်ပေး စေချင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စက သိပ်မဖြစ်နိုင်ဘူးလေ။

တကယ်တော့ သူ့ဘဝမှာ မုန်တိုင်းတွေ ထန်နေတဲ့အချိန် ၁၉၉၄ ခုနှစ်မှာပဲ မိုက်ကယ်ဟာ သူ့ဘဝမှာအရေး ပါတဲ့ စာအုပ်တစ်အုပ်ကို ရေးသားပြီးစီးခဲ့ပါတယ်။ စာအုပ်က “ရာဘင်ကရောင်း၊ ဘူတန်ရှိ ဗုဒ္ဓဘာသာနိုင်ငံ၏ မူလအစ”လို့ နာမည်ပေးထားပါ တယ်။ အဲဒီစာအုပ်အကြောင်း သူက ရူကိုကူတက္ကသိုလ်မှာ လက်ချာ တစ်ခု ပို့ချဟောပြော ပေးခဲ့ပါတယ်။ တိဘက်ပညာရှင်တချို့၊ မနုဿဗေဒ ပညာရှင်တွေ၊ ဗုဒ္ဓဘာသာ လေ့လာနေသူ တွေနဲ့ တခြားပညာရှင်တွေ အများကြီး သူ့လက်ချာကို လာတက်ခဲ့ကြပါတယ်။ ဒါ့အပြင် စုကို ဂျပန် ဘာသာ စကား သင်ပေးတဲ့ မီချီကို တီရာအိ၊ ပါမောက္ခ နီရှီအိုကာ၊ ယာတာရိုဆန်နဲ့ ယူမီယူရီ သတင်းဌာနက မစ္စတာ စူဇူကီးတို့လည်း လာတက်ကြပါတယ်။ ဒီအချိန်ဟာ ခဏလေး ပေမယ့် ပညာရှင်မိုက်ကယ့် အတွက်တော့ အမောတွေ ပြေမယ့် အခိုက်အတန့်လေး ဖြစ်ခဲ့တယ်လို့ ကျွန်မတို့က မျှော်လင့်ခဲ့ပါတယ်။

ယူမီယူရီက မိုက်ကယ် ဂျပန်မှာ ရောက်နေကြောင်း သတင်းမလုပ်ခဲ့တာကိုလည်း ကျွန်မတို့က ကျေးဇူး တင်ခဲ့ပါတယ်။ မိုက်ကယ်ဟာ မီဒီယာတွေရဲ့ မျက်စိအောက်မှာ ကလေးတွေနဲ့ အလုပ်ရှုပ်နေတာ အဖေ အဖြစ်ရော၊ အိမ်ရှင်မ အဖြစ်ရော၊ ပညာရှင် အဖြစ်ပါဆိုတော့ မောရှာပါတယ်။ ဂျပန်ရောက်ခိုက်မှာတော့ နိစ္စဓူဝကိစ္စတွေကနေ ခဏလေး ဝေးနေရပြီး အမောဖြေနိုင်မယ် လို့မျှော်လင့်မိတာပေါ့။ ဂျပန်မှာ လည်း အဲဒီအချိန်က ကိုဘေးငလျင်ကြီး ပြီးခါစလေး ရှိသေးချိန်ပေါ့။

မိုက်ကယ့်အိမ်ကို နတ်သမီးနှစ်ပါး ရောက်လာခြင်း


မိုက်ကယ် ပြန်သွားပြီးနွေရာသီ မှာတော့ ကျွန်မတို့က အောက်စ်ဖို့ဒ်ကို သွားလည်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန် မှာတော့ မိုက်ကယ်က သွက်လက်နေပြီး ပြန်ငယ်သွားသလိုလည်း ဖြစ်နေပါတယ်။ ဒီခြောက်လလောက် အချိန်အတွင်းမှာ ဘာတွေ ဖြစ်သွားခဲ့လဲလို့ ကျွန်မတွေးမိတော့ တာပေါ့။
ကျွန်မတို့က မိုက်ကယ့်စာ ကြည့်ခန်းထဲမှာ ထိုင်လိုက်ရင်ပဲ အောက်ထပ် မီးဖိုခန်းထဲကနေ အမျိုးသမီး အသံတွေနဲ့အတူ မိုက်ကယ့် အသံဩကို ကြားလိုက်ရပါတယ်။ အိမ်ဝင်းထဲက ပန်းခြံလေးထဲမှာတော့ စားပွဲတစ်လုံးနဲ့ ကုလားထိုင်တွေ ရှိနေပြီး မိုက်ကယ်က စားပွဲကို ပြင်ဆင်နေတာမို့ ပန်းခြံထဲမှာ ပါတီ လုပ်မယ်လို့ သဘောပေါက် သွားပါတယ်။ ဒီအိမ်မှာ ဘာတွေဖြစ်နေပါလိမ့်။
မသီတာ-စမ်းချောင်း                         http://www.myanmarij.com/?p=7047