လူ့ဘ၀မှာ မထင်မှတ်တဲ့
အဖြစ်အပျက်ကလေးတွေမှာ မှတ်သားလောက်တဲ့ သင်ခန်းစာလေးတွေ ရှိတတ်စမြဲပါ။
ကျနော် ဆယ်တန်းအောင်ပြီးတဲ့ ကာလမှာ စာတွေတော်တော်များများ ဖတ်ဖြစ်ခဲ့ပါတယ်။
ပါမောက္ခ တဦးကို ပညာပေးလိုက်တဲ့ လှေသမားရဲ့ ပုံပြင်က အသဲခိုက်စရာ
ကောင်းလှပါတယ်။ ဘ၀မှာ မိမိ ကိုယ်ကို ထင်တလုံးနဲ့ နေခဲ့ကြတဲ့ လူတွေအတွက်တော့
ဒီလိုမျိုး ဘ၀နဲ့ ပတ်သက်တဲ့ အမှတ်တမဲ့ သင်ခန်းစာတွေက
တော်တော်တန်ဖိုးရှိမယ် ထင်ပါတယ်။
ကျနော်လည်း မိမိကိုယ်ကို ထင်တလုံးနဲ့
နေထိုင်လာတဲ့သူ ဖြစ်ကြောင်း ၀န်ခံပါရစေဗျာ။ မိမိကိုယ်ကို ထင်တလုံး
ဆိုတဲ့အထဲမှာ အလကားနေရင်း ဘ၀င်မြင့်နေတာတော့ မဟုတ်ပါဘူး။ ဘ၀ကို
အရှုံးမပေးတဲ့သူ၊ မိမိလိုချင်တဲ့အရာကို ရအောင် လုပ်တတ်တဲ့သူ တယောက် အဖြစ်
မိမိကိုယ်ကို ထင်တလုံးနဲ့ နေလာတဲ့သူ ဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ်
ပြောင်းပြန်စီးတဲ့ မြစ်ကမ်းဘေး တလျှောက်က ဇာတ်လမ်းတော်တော် များများကို
သိထားတဲ့ သူလို့ မိမိကိုယ်ကို အထင်ကြီးနေတဲ့သူ ဖြစ်ပါတယ်။
ဘ၀ရဲ့ ကြမ်းတမ်းတဲ့ အချိုးအကွေ့တွေရဲ့
အောက်မှာ ကျနော့်ဘ၀လည်း အရောင်တွေ အမျိုးမျိုး ပြောင်းခဲ့ရပါတယ်။ ပြည်တွင်း
တက္ကသီလာမှာ ပညာနို့ရည်သောက်နေစဉ်တုန်းကလည်း ကျောင်းဆရာ တယောက်အနေနဲ့
ဖြတ်သန်းခဲ့ဘူးတဲ့ ချိုမြတဲ့ အတွေ့အကြုံလေးတော့ ရှိနေသလို၊ တော်လှန်ရေး ရဲ့
ယူတန်း အချိုးအကွေ့ အပြာင်းအလဲမှာ ကျောင်းဆရာတကျော့ ဖြစ်ခဲ့ရ ပြန်တယ်။ CDC
ကတော့ ကျနော့်ဘ၀ရဲ့ မှတ်တိုင်လို့ ပြောရမယ်ထင်ပါတယ်။ မိတ်ဟောင်း
ဆွေဟောင်းတွေနဲ့ ပြန်လည် ဆုံတွေ့တဲ့ နေရာဖြစ်သလို ကျနော့်ဘ၀ရဲ့ အခက်ခဲဆုံး
ကာလကို အေးချမ်းစွာ ဖြတ်သန်းနေရတဲ့ ရိပ်မြုံလေးတခု ဖြစ်တယ်ဆိုရင် မှားမယ်
မထင်ပါဘူး။
ကျနော်တို့လို ဘ၀အခက်အခဲကို
ရင်ဆိုင်ကျော်ဖြတ်နေကြတဲ့၊ တိုင်းတပါးမှာ တရားမ၀င် နေထိုင်ရရှာတဲ့
ကလေးတွေကို ပညာတွေ သင်ပေးရင်း၊ မောက္ခ ပညာရေးမဂ္ဂဇင်းမှာ စာတွေရေးရင်း
အေးချမ်းတဲ့ မိသားစု ရိပ်မြုံကို မထင်မှတ်တဲ့ ထောင့်တစ်နေရာကနေ လောကဓံ
ဒီလှိုင်းက ရိုက်ပုတ်လာပြန်တယ်။ ရိုက်ချက်ကလည်း တော်တော်
ပြင်းတယ်လို့ခံစားရတယ်။
အဲဒီနေ့က ကျနော် ငှက်ဖျားမိပြီး အပူချိန်
(၁၀၄) ကျော်နေတဲ့အချိန်။ ဘ၀ရဲ့ မိုးကြိုးမုန်းတိုင်းကလည် ဒီလိုအချိန်မှ
ကျရောက်တတ်ပါတယ်။ ကျနော်ရဲ့ ရဲဘော်ရဲဘက်လည်းဖြစ်တဲ့ ချစ်သူ ကြင်သူဇနီးမှာ
ရင်သား ကင်ဆာ ဖြစ်နေတယ်ဆိုတဲ့ သတင်းဆိုးကို ဆရာဝန်ဆီက သိရတဲ့နေ့ဟာ
ကျနော်တို့မိသားစု ဘယ်လိုမှ မခံစားဘူးတဲ့ ဘ၀ရဲ့ ခါးသီးတဲ့ အတွေ့အကြုံကို
ခံစားရတဲ့နေ့ပါဘဲ။
ရင်သားကင်ဆာဆိုတာ ကုသလို့ရပေမယ့်
ကျနော်လို နှစ်ပေါင်း တစ်ဆယ်ကျော် တော်လှန်ရေးနယ်ပယ်ထဲ လေလွင့်နေသူ
တစ်ဦးအနေနဲ့ ဘယ်အရာတွေနဲ့ ကုသရမလဲ ဆိုတဲ့ မေးခွန်းက ကျနော့်ခေါင်းထဲမှာ
စိုးမိုးနေပါတော့တယ်။ ထိုင်းနိုင်ငံမှာ နေထိုင်လို့ရနိုင်မယ့် (သို့)
ဆေးဝါးကုသခွင့်ရှိတဲ့ ဘယ်လိုကဒ်မျိုးမှ ကျနော့်မိသားစုမှာ မရှိပါဘူး။
ဒီလိုနေထိုင်ရတာလည်း မိမိတိုင်းပြည်ကို မနက်ဖြန်၊ သဘက်ခါ ပြန်ရတော့မလို့
အမြဲတွေးနေတဲ့အတွက် ဒီကဒ်တွေကို ကျနော်မလုပ်ချင်ဘူး။ စိတ်မ၀င်စားမိတာ
အမှန်ဖြစ်ပါတယ်။
မိမိကိုယ်ကို မှန်တယ်ထင်လို့ လုပ်ခဲ့တဲ့
အလုပ်အပေါ် နောင်တဆိုတဲ့ စကားကိုဘယ်တော့မှ ပြောမှာ မဟုတ်ဘူးလို့
ထင်ထားခဲ့ပေမယ့် အခုလို ကိုယ်ချစ်မြတ်နိုးတဲ့သူရဲ့ ဒုက္ခကို မကယ်နိုင်တဲ့
အချိန်မျိုးမှာ နောင်တဆိုတာ ရတတ်ပါလားလို့ နားလည်လာခဲ့တယ်။ မိမိဘ၀အတွက်၊
မိသားစုဘ၀အတွက် စနစ်တကျ ပြင်ဆင်ထားမှု မရှိလေခြင်းဆိုတဲ့ နောင်တတရားက
ကြီးမားစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ စိတ်ဓါတ်လည်း ကျမိတယ်။
အဲဒီလို စိတ်ဓါတ်ကျပြီး
စိတ်လေလွင့်နေတဲ့အချိန်မှာ စီဒီဒီ ကျောင်းဘေးနားလေးက တခုသော
အချိုရည်ဆိုင်မှာ ထိုင်ရင်း မိမိဘ၀ရဲ့ မအောင်မြင်မှုတွေကို
စဉ်းစားနေမိပါတယ်။ ကျနော်အတွေးထဲ နစ်မြောနေစဉ်မှာဘဲ “ ဆရာနေကောင်းလား၊ ကျမ
ဆရာ့ တပည့်မ ----------- ရဲ့အမေပါ” မိတ်ဆက်လာပါတော့တယ်။ ကျနော်သိပ်တော့
မမှတ်မိတာအမှန်ပါ။ ကျောင်းသားတွေက များတော့ တခါတလေ လူနဲ့နာမည်တွဲလျက်
မမှတ်မိဘူး ဖြစ်နေတယ်။ ဒါပေမယ့် ကျောင်းသူရဲ့ အမေနဲ့ ပဋိသန္ဓာရစကား
ပြောဖြစ်ပါတော့တယ်။ သူ့အမေက တိုင်းရင်းသူ ဆိုတော့ ရိုးသားပွင့်လင်းတယ်။
ကျနော့်အသက်နဲ့ မတိမ်းမယိမ်းလို့ ထင်ရပေမယ့် လောကဓံရဲ့ ရိုက်ချက်လို့ဘဲ
ပြောရမယ်ထင်တယ်၊ တ်ေတော် အိုစာကျနေတာကို ခန့်မှန်းမိတယ်။
သူ့သမီးလေး စာလိုက်နိုင်သလား၊ စာသင်တာကို
စိတ်ဝင်တစားကော ရှိရဲ့လားစတဲ့ မေးခွန်းတွေက ဆက်တိုက်လို ကျနော့်ကို
မေးလာပါတော့တယ်။ စကားပြောပြီးလို့ ဆယ်မိနစ်လောက် ကြာတော့မှ ကျနော်တပည့်
ဘယ်သူဘယ်ဝါဆိုတာ သိလာတယ်။ ကျနော်လည်း တပည့်ရဲ့ အကြောင်းကို
ပြန်မေးမိပါတော့တယ်။ အိမ်ပြန်ရောက်ရင် စာကြိုးစားရဲ့လားလို့ မေးလိုက်တော့မှ
တပည့်မလေးတို့ရဲ့ မိသားစု ဘ၀အစိတ်အပိုင်းလေးကို သိရှိလာတယ်။
သူ့အဖေက နောက်အိမ်ထောင်ပြုလိုက်တော့ အသက်
(၁၆) နှစ်လောက်မှာ ကျောင်းစာတဖက် အမေနဲ့ သူညီမလေးကို
ပြုစုစောင့်ရှောက်ရမယ့် ဆိုတဲ့အသိစိတ်က ကျောင်းသူလေးအပေါ်
လွှမ်းမိုးသွားပုံရတယ်။ အခုတော့သူ့အမေကလည်း အိမ်နဲ့ နီးတဲ့အလုပ်လေးတွေကို
ရှာလုပ်ရင်း ကျနော့် တပည့်မလေးကတော့ စားသောက်ဆိုင်ကြီးတခုမှာ
စားပွဲထိုးလေးလုပ်ရင်း မိသားစုကို စောင့်ရှောက်နေတာကို သိရတော့ တော်တော်
အံ့သြသွားတယ်။
ကျောင်းဆင်းတာနဲ့ စားသောက်ဆိုင်ကို
တန်းသွား အလုပ်ဝင်ရ၊ ည (၁၂) နာရီလောက်မှ အလုပ်သိမ်းတဲ့ ကလေးမရဲ့ အခြေအနေက
တော်တော်ချီးကျူးစရာ ကောင်းပါတယ်။ အိမ်နဲ့နီးတဲ့ အတွက် အလုပ်ပြီးတာနဲ့
သူ့အမေက သွားကြို။ ဒီလိုနဲ့ မိသားစုကို စောင့်ရှောက်နေတာ
တနှစ်ကျော်သွားပါပြီလို့ သူ့အမေက ပြောပြတယ်။ ကလေးမလေးရဲ့ မိသားစုအပေါ်တာဝန်
ယူလိုတဲ့ စိတ်ကို လေးစားမိတယ်။
မဲဆောက်လိုနေရာမျိုးမှာ မနက် (၈) နာရီကနေ
ညနေ (၃:၁၅) ထိကျောင်းတဖက်၊ ညနေ (၄:၃၀)ကနေ ည (၁၂) နာရီထိ အလုပ်လုပ်ပြီး
မိသားစုလေးကို စောင့်ရှောက်ထားတာတဲ့ ကျနော်တပည့်မလေးကို တွေ့ရတော့
ကျနော်မိမိကိုယ်ကို ပြန်လည် သုံးသပ်မိပါတယ်။ ကျနော်က ခေတ် ပညာတွေ၊
ဘ၀အတွေ့အကြုံတွေ စုံနေတဲ့လူတယောက် အနေနဲ့ ကျနော်ရင်ဆိုင်နေရတဲ့ အခက်အခဲက
နည်းနည်းလေးပါလို့ မိမိကိုယ်ကို အားတင်းမိတယ်။
ကျနော့်မှာ တန်ဖိုးမဖြတ်နိုင်တဲ့
ဘ၀အတွေ့အကြုံတွေ၊ မိတ်ကောင်း ဆွေကောင်းတွေ၊ မြန်မာပြည် ပညာရေးက ဘယ်လောက်ဘဲ
နိမ့်ကျတယ်ပြောပြော ကျနော်ဆည်းပူးခဲ့ရတဲ့ ပညာတွေရှိတယ်။ ဒါတွေက လောကဓံ
လှိုင်းထဲမှာ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါ အသုံးပြုရမယ့်
လက်နက်ကောင်းပါလားလို့ မိမိကိုယ်ကို ပြန်လည် အားတင်းမိတယ်။
နုနယ်လှတဲ့ အသက် (၁၆) နှစ်အရွယ်မှာ
ကျောင်းစာတဖက်နဲ့ မိသားစုကို ပြုစုစောင့်ရှောက် နေရှာတဲ့ ကျောင်းသူလေးရဲ့
သတ္တိနဲ့ ဇွဲက တခါတရံမှာ ဖြစ်ပေါ်တတ်တဲ့ ကျနော်ရဲ့စိတ်ကို ပြုပြင်ဖို့
လမ်းပြပေးလိုက်သလို ခံစားရတယ်။ ပညာဆိုတာ ကျောင်းစာသင်ခန်းထဲမှာတင် မဟုတ်ဘဲ
ဘယ်နေရာမှာမဆို ယူတတ်ရင် ရနေဦးမယ့်အရာ မျိုးပါလားဆိုတာ ပိုမို
မှန်ကန်လာသလို ခံစားရတယ်။
အအေးဆိုင်လေးက အိမ်ပြန်တဲ့ ခရီးမှာ
ကျနော့်ရင်မှာ အားအင်တွေ ပြည့်နေတယ်။ ကျနော်ရဲ့ တပည့်မလေးက
သင်ပြပေးလိုက်တဲ့ ဘ၀ သင်ခန်းစာလေး က ကျနော်စိတ်ကို အင်အားတွေအသစ်တဖန်
ပြန်လည်တိုးလာသလို ဘ၀ရဲ့ ကြမ်းတမ်းတဲ့ ရိုက်ချက်တွေကို ရင်ဆိုင်ရတိုင်း
ကျနော်အမြဲ အမှတ်ရနေမယ့် လက်တွေ့ဘ၀ နယ်ပယ်ထဲက ဘ၀ သင်ခန်းစာတခု
ဖြစ်လာမယ်လို့ ထင်ပါတယ်။
လှရွှေ
ဇူလိုင် (၃၁)၊ ၂၀၁၂။
http://www.maukkha.org/index.php/book-store/essay-maukkha/2264-lesson-from-students
No comments:
Post a Comment