၂ဝဝ၈ ခုနှစ် အသက် ၉၉ နှစ် အရွယ် သူကွယ်လွန်တဲ့အထိ အန်တီက
အောက်စ်ဖို့ဒ်မှာ နေခဲ့တာပါ။ ဂေဟာမှာ နေစဉ် အန်တီတစ်ခုခု ဖြစ်တာနဲ့
ဂေဟာအုပ်ချုပ်ရေးမှူက လေဒီ ဂေါရ်ဘုသ်ကို ဖုန်းဆက် ပြောပါတော့တယ်။ အဲဒီအခါ
သူကိုယ်တိုင်က အသက် ၈ဝ ရှိနေပြီဖြစ်တဲ့ ပက်ဟာ လန်ဒန်ကနေ အောက်စ်ဖို့ဒ်ကို
ကား ကိုယ်တိုင်မောင်းပြီး အန်တီ့ကို သွားတွေ့ခဲ့ပါတယ်။ ကျွန်မဘဝတစ်
လျှောက်မှာ ပက်လို့ ကျွန်မကခေါ်တဲ့ လေဒီ ဂေါရ်ဘုသ်လို ကြင်နာတတ်ပြီး
ခင်မင်စရာ ကောင်းတဲ့ အင်္ဂလိပ် အမျိုးသမီးမျိုး မတွေ့ဖူးပါဘူး။
အန်တီက သူ့ရဲ့ နောက်ဆုံးအချိန်တွေကို စုနဲ့မိုက်ကယ်ရဲ့ ပတ်ဝန်းကျင်က
လူတွေကြားထဲမှာ ကုန်ဆုံးစေခဲ့ တာပါ။ မြန်မာ ကက်သလစ် သီလရှင်တွေက
သူ့ကိုနေ့စဉ် ပြုစုပေးခဲ့ပါတယ်။ ပက်ကတော့ အဲဒီသီလရှင် တွေကို
နတ်သမီးတွေလို့ ချီးကျူးခဲ့ပါတယ်။ အန်တီကတော့ သီလရှင်တွေကို
စုအကြောင်းချည်း ပြောနေခဲ့ပါ တယ်။ သူတို့အတွက်က စုဟာ စိမ်းနေခဲ့ပေမယ့်
အန်တီ့ဆီက စုရောဂါဟာ သူတို့ကို ကူးစက်ခဲ့ရာက သီလရှင်တွေလည်း စုကို ထောက်ခံ
သူတွေ ဖြစ်လာ ပါတော့တယ်။ သူတို့ ဟာ အန်တီ့ကို ရေမိုးချိုးပေးခဲ့စဉ်က
ထိတွေ့ခဲ့တဲ့ အထိအတွေ့ဟာ ခုထိ သူ့လက်ပေါ်မှာ ကျန်နေသေးတယ်လို့ ကျွန်မကို
အန်တီကွယ်လွန်ပြီး တစ် နှစ်အကြာမှာ ပြန်ပြောပြတော့ မျက်ရည်တွေလည်း
ဝဲလို့ပါ။ အန်တီဟာ သီလရှင်နှစ်ယောက်ရဲ့ လက်ထဲမှာ တစ်နေ့ထက်တစ်နေ့
သေးသေးလာခဲ့တယ်လို့ ဆိုပါတယ်။ တကယ်တော့ အဲဒီ မြန်မာ ကက်သလစ် သီလရှင်တွေဟာ
မိုက်ကယ်တို့နဲ့ သိကျွမ်းတယ်ဆိုပြီး မြန်မာပြည် ကို ပြန်ဝင်လို့ မရခဲ့ဘဲ
ဖြစ်ခဲ့တာမို့ သူတို့ရဲ့ မိဘတွေကို ကိုယ်တိုင် မပြုစုနိုင်ခဲ့ပါဘူး။ ဒီတော့
အန်တီ့ကို သူတို့ မိသားစုလို ပြုစု ခဲ့တော့တာပေါ့။ စုက အန်တီ့ကို
သူကိုယ်တိုင် ပြုစုချင်ခဲ့တဲ့ ဆန္ဒဟာ တစ်နည်းနည်းနဲ့ ပြည့်စုံခဲ့တယ်လို့
ဆိုရမှာပါ။ အန်တီ့ကို ပြုစုခဲ့တာက မြန်မာနိုင်ငံသူတွေ ဖြစ်ခဲ့လို့ပါပဲ။
ကျွန်မရဲ့ ခင်ပွန်းကတော့ အန်တီ့ကို ဂျပန်အဆိုတော်နဲ့ ရုပ်ရှင်မင်းသမီး
တစ်ယောက်ဖြစ်တဲ့ Li Kou Ran နဲ့ နှိုင်းလေ့ ရှိပါတယ်။ သူက သိပ်ချောမော
လှပပြီး စစ်အတွင်းက တရုတ်ပြည်မှာ သူလျှို တစ်ယောက်အဖြစ် သတင်းတွေကို
ဂျပန်တွေဆီ ပြန်ပို့ပေးခဲ့သူပါ။ အန်တီကလည်း စစ်အတွင်းက အိန္ဒိယမှာနေပြီး
ဂျပန်စစ်သတင်း တွေ အကြောင်း အသံလွှင့်ခဲ့ဖူးသလို အလှအပနဲ့ ဖက်ရှင်ကို
ကြောင့်ကြစိုက်တဲ့ ဘိလပ်ပြန် သန်းနာမည်နဲ့ ထင်ရှားတဲ့ အဆိုတော်တစ်ယောက်
မဟုတ်လား။ သူက နောက်ဆုံးအချိန်ထိ လူတွေနဲ့ မတွေ့ခင်မှာ သူ့ကိုယ်သူ လှလှပပ
ဝတ်စား ပြင်ဆင်တာမျိုး လုပ်ခဲ့တာကိုလည်း ကျွန်မတို့ တွေ့မြင် သဘောပေါက်
ခဲ့ရပါတယ်။ သူက မြန်မာတွေရဲ့ အကျင့်ဖြစ်တဲ့ ကြိုတင် အကြောင်းမကြား
ဝင်တွေ့တာမျိုးကို မုန်းပါတယ်။ ဒါပေမယ့် “မြန်မာတွေရဲ့ကောင်းတဲ့ ဓလေ့တစ်ခုက
သူတို့ဆီကို လမ်းကြုံ ဝင်လည်တယ် ဆိုတာမျိုးဟာ မယဉ်ကျေးတဲ့ အပြုအမူလို့
မခံယူတတ်ကြတာပါပဲ” လို့လည်း ဖြည့်စွက်ပြောပါသေးတယ်။
ကိုယ့်ရေ ကိုယ့်မြေကနေ တစ်ခါမှ မခွဲခွာဖူးသူတွေ အတွက်တော့
အန်တီမသန်းဧရဲ့ ဘဝကို ကောင်းကင်က နတ်သမီး တစ်ပါးရဲ့ ဘဝလို လွတ်လပ်နေမယ်လို့
ထင်ကောင်း ထင်ကြမှာပါ။ ဒါပေမယ့် အန်တီ့မှာ လှပတဲ့ အသံ၊ ထူးခြားတဲ့
ဘာသာစကား စွမ်းရည်၊ များပြားတဲ့ နိုင်ငံတကာ အတွေ့အကြုံ၊ ထူးချွန်
ထက်မြက်ပြီး စူးစမ်းတတ်တဲ့ ဒီမိုကရက် တစ်ယောက်ရဲ့ အမြင်ဆိုတဲ့
အစွမ်းတွေကြောင့်ပဲ သူဟာ ကိုယ့်ရေ ကိုယ့်မြေမှာ မနေခဲ့နိုင်ကြောင်းကိုတော့
သိကြမယ် မထင်ပါဘူး။ ဒီလိုနဲ့ အန်တီဟာ သူ့ဘဝတစ်လျှောက်လုံး မြန်မာ့အရေးကို
တွေးတောသယ်ပိုးပြီး ပြည်ပမှာ အထီးကျန်စွာ နေဖြစ်ခဲ့တော့တာပါ။ ကျွန်မစိတ်ထင်
စုဟာ အန်တီ့ အပေါ် မိဘတွေကြောင့် ရင်းနှီးကျွမ်းဝင်တာမျိုး မဟုတ်ဘဲနဲ့
အန်တီ့လိုမျိုး အတွေးတူပြီး ခြေရာနင်း ခဲ့တာ ဖြစ်မှာပါ။ စုနဲ့အန်တီဟာ
အတော်ကြီး တူခဲ့တာ ချစ်ခင်ခဲ့တာ အဲဒါကြောင့်ပဲ ဖြစ်မယ် ထင်ပါတယ်။
၂ဝဝ၅ ခုနှစ်မှာ ဘာသာပြန်သူ အနေနဲ့ ကြီးကြီး မသန်းဧရှိရာ အောက်စ်ဖို့ဒ်က
ဂေဟာကို သွားရောက် လည်ပတ် ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က သူ့အသက်ဟာ ၉၆ နှစ်
ရှိနေပြီဖြစ်ပေမယ့် အားလုံးကို သေချာ မှတ်မိနေပြီး လူတွေက သူ့ကို
ဒေါ်ရာသန်းဧလို့ ခေါ်ကြတာကို မကြိုက်ကြောင်း၊ သူ့နာမည်ဟာ အင်္ဂလိပ်လို Dora
ဒေါ်ရာနဲ့ မြန်မာလို မသန်းဧ ဖြစ်ပြီး သန်းဧကို Sir name သဘော ဒေါ်ရာနဲ့
တွဲခေါ်ကြတာဟာ မှားယွင်း ကြောင်း အပါအဝင် စကားတွေ အများကြီး ပြောကာ သူ
သိမ်းထားတဲ့ ဓာတ်ပုံတွေလည်း အများကြီး ပြခဲ့ပါ တယ်။ ၂ဝဝ၈ ခုနှစ်မှာတော့
ကြီးကြီးဆီ မသွားနိုင်တော့ဘဲ လေဒီ ဂေါရ်ဘုသ်နဲ့သာတွေ့ဖြစ်ပြီး သူ့အကြောင်း
တော့ ပြောဖြစ်ခဲ့ပါတယ်။ တစ်သက်မှာ တစ်ခါတည်း ဆုံဖြစ်ခဲ့ပေမယ့်
ဓာတ်ပုံအတူရိုက်ကြဖို့ ပြင်တဲ့အခါ ခေါင်းစည်းနဲ့ပန်းကို အရပြင်ဆင်ခဲ့တဲ့
ကြီးကြီးအေးရဲ့ ပုံရိပ်တွေက ခုထိ လတ်ဆတ်နေဆဲပါ။
ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)
http://www.myanmarij.com/?p=4605
No comments:
Post a Comment