Sunday, 26 August 2012

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၁၂)

ကျွန်မတို့ လင်မယားလည်း စုနဲ့ ကင်မ့်ကို အီတာမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သွားကြိုကြပါတယ်။ ကျွန်မက ပါမောက္ခ ယိုကိုယာမာ ပြောခဲ့တာကို သတိရပြီး အစဖော်တဲ့ အနေနဲ့ “သူက ပြင်ဆင်ထားခဲ့ပါ တယ်တဲ့..”လို့ဆိုတော့ စုကပဲ “အဆိုးဆုံး ကိုပေါ့”လို့ ဖြတ်ပြောပါတယ်။ ကျွန်မတို့ နှစ်ယောက်သားပြိုင်တူပဲ ရယ်လိုက်မိပါတယ်။ စုက ပြဿနာကို သဘောပေါက်ခဲ့ပုံပါပဲ။
ကြီးကြီး မသန်းဧ နှင့် နိုရီကို
ကြီးကြီး မသန်းဧ နှင့် နိုရီကို

စုရဲ့ စာထဲမှာ ပါခဲ့တာ တစ်ခုကတော့ အသက် ၈ နှစ်အရွယ် ရောက်နေပြီဖြစ်တဲ့ ကင်မ့်အတွက် ကျောင်းကိစ္စ စိတ်ပူပန်မှုပါပဲ။ အဲဒီအချိန်က အလက်ဇန္ဒားက ကျောင်းအဆောင်မှာ နေရမှာ နောက်ဆုံးနှစ်ပါပဲ။ နောက်နှစ် နွေဦးဆို အတန်းတင် စာမေးပွဲ စစ်ပြီလေ။ ပြီးရင်တော့ သူလည်း ကင်မ်နဲ့အတူ ကျိုတိုကို လာမှာပါ။ ဒီ၁၉၈၅ ခုနှစ် ခရစ်စမတ် ပိတ်ရက်မှာ စုနဲ့ကင်မ်ပဲ ရှိပေမယ့် ၁၉၈၆ ခုနှစ် နွေမှာတော့ အလက်ဇန္ဒားရော၊ တစ်မိသားစုလုံး အိန္ဒိယမှာ အတူတူ ရှိကြမှာပါ။ စုက ဩဂုတ်လ ပထမပတ်မှာတော့ ဆွစ်ဇာလန်နဲ့ ဂျာမဏီကို သွားရမှာမို့ ဂျပန်ကို မလာခင် အတော်လေး အလုပ်ရှုပ်ဦးမှာပေါ့။ သူ့စာထဲမှာတော့ သူ့စွန့်စားခန်းအတွက် အတော်လေး စိတ်လှုပ်ရှား နေပုံ ပါပဲ။

လေဆိပ်ကနေ ကျွန်မတို့အိမ်ကို ရောက်တယ်ဆိုတာနဲ့ ရွာထဲကို အလည်ပို့ဖို့ ဆိုကာ ကျွန်မခင်ပွန်းက စက်ဘီး တစ်စီးနဲ့ ကင့်မ်ကို တင်ပြီး ထွက်သွားပါတော့တယ်။ ကင်မ်ကတော့ စက်ဘီးပေါ်က ဆင်းဆင်းချင်း အောက်စ်ဖို့ဒ်မှာ ကျန်နေတဲ့ မိုက်ကယ့်ဆီကို ဖုန်းခေါ်ဖို့ လောဆော်တော့တာ ပါပဲ။ သူ့ကြည့်ရတာ စက်ဘီးကို ပထမဆုံး စီးခွင့်ရသလိုကို ပျော်နေကာ မိုက်ကယ့်ကိုလည်း သူ့ခရီးရှည်ကြီး အကြောင်း မပြောဘဲ စက်ဘီးစီး တဲ့ အတွေ့အကြုံကိုပဲ ပြောနေပါတယ်။ ကျွန်မခင်ပွန်းက ပြန်ပြောပြ တာကတော့ သူ့နောက်မှာ ထိုင်စီးတဲ့ ကင့်မ်ကို စကားတွေ လှမ်းလှမ်းပြောတော့ ကင်မ်က စက်ဘီးနင်းနေခိုက် စကားမပြောရဘူးလို့ ပြောပါသတဲ့။ အဲဒီတော့ သူက “မင်းတို့ အင်္ဂလိပ် ကလေးတွေဟာ စိတ်ပူတတ် ရန်ကောကွာ”လို့ ပြောတဲ့အခါ “မဟုတ်ပါဘူး။ ကျွန်တော်က မြန်မာပါ”လို့ ပြန်ဖြေခဲ့ပါသတဲ့။ အဲဒီအခါမှပဲ ကျွန်မတို့လည်း ပထမဆုံး အနေနဲ့ စုရော သား နှစ်ယောက်လုံးပါ မြန်မာနိုင်ငံသား ဖြစ်နေတာကို သိလိုက်ရပါတယ်။ စုက ဘယ်တုန်းကမှ ဗြိတိသျှ နိုင်ငံသား မခံယူခဲ့ပါဘူး။

စုက ကျွန်မတို့အိမ်ကို သိပ်သဘောကျ ပါတယ်။ ဘီဝါကန်ကို မြင်နေရတဲ့ မြင်ကွင်းနဲ့ အရိပ်ကောင်းတဲ့အတွက် ပေါ့။ ကျွန်မတို့ အိမ်လှေကားရဲ့ ပထမသုံးဆင့်က ထောင့်ချိုးလေးပေါ့။ စုက သူ့အမေအိမ်က လှေကားကလည်း အဲဒီလို ထောင့်ချိုးလေးပဲ ဆိုကာ လှေကားကို အကြိမ်ပေါင်းများစွာ တက်လိုက်ဆင်းလိုက် လုပ်နေခဲ့ပါတယ်။ ကျွန်မတို့အိမ်က ဘီဝါကန်ရဲ့အနောက်ဘက်ကမ်းက တောင်ကုန်းလျှောလေးမှာ ဖြစ်ပြီး အသစ် တည်ထားတဲ့ ရပ်ကွက်လေးမှာ ရှိတာပါ။ အဲဒီအချိန်တုန်းက အနိမ့်ပိုင်းက မြေကို ကျွန်မတို့ မပိုင်သေးပါဘူး။ ကျွန်မတို့အိမ်ရဲ့ ပထမထပ်ကနေ ကြည့်ရင် ကန်ရဲ့ ဟိုဘက်ကမ်းနဲ့ နောက်ဘက်က အီဘူကီတောင်ဟာ တကယ့်ကို လှပါရဲ့။ စု ကောက်ကာ ငင်ကာနဲ့ “နိုရီကိုရယ် ရှင် အဲဒီအနိမ့်ပိုင်းက မြေကို ဝယ်သင့်တယ် သိလား” လို့ ဆိုပါတယ်။ “ဝယ်ချင်တာပေါ့။ ဒါပေမယ့် တတ်မှ မတတ်နိုင်တာ”လို့ ဆိုတော့ “ဘာလို့လဲ ဒီမြေလေးက သေးသေးလေး လေ”လို့ စုက နားမလည်သလို ကြည့်ပြီး မေးပါတော့တယ်။

ကျွန်မတို့နှစ်ယောက် နှုတ်က ထုတ်မပြောဘဲ အကြည့်ချင်း စကားပြောဖြစ်ခဲ့တယ် ဆိုပါတော့။ စုက “ကျွန်မက အကြံကောင်းတွေ ပေးနေတာနော်”ဆိုတဲ့ အကြည့်နဲ့ မေးပြီး ကျွန်မက “ဟုတ်ပါတယ်။ ဒါပေမယ့် ရှင်မှ ဂျပန်က မြေသေးသေးလေး တစ်ကွက်ရဲ့ တန်ဖိုးကို မသိတာ”ဆိုတဲ့ အကြည့်နဲ့ဖြေခဲ့တာလေ။
ကျွန်မတို့က နေ့တိုင်းလိုလို ကို စီရထားလိုင်းက ဝါနီဘူတာရုံရှေ့မှာ ဖွင့်ထားတဲ့ စူပါမားကက်မှာ ဈေးသွား ဝယ်ပါတယ်။ စုက ငါးရောင်းသူ တစ်ယောက်ကို သဘောကျပါတယ်။ “သူက မျက်နှာကချိုတယ်။ ဘူတန်က ကျွန်မသူငယ်ချင်းနဲ့ တူတယ်”လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် စုကို နေအိမ် အကျယ်ချုပ် ချထားလိုက်ပြီ လို့လည်း ဆိုရော ငါးဆိုင်ပိုင်ရှင်က ကျွန်မဆီ မနက်အစောကြီး ရောက်ချလာကာ “အစ်မကြီးရေ၊ အောင်ဆန်း စုကြည်တော့ အခက်အခဲ တွေ့နေပြီနော်။ ကျွန်တော် တတ်နိုင်တာများ ရှိရင် ပြောပါနော်။ အတတ်နိုင်ဆုံး ကူညီချင်လို့ပါ”လို့ ပြောခဲ့ပါတယ်။ ကျွန်မအနေနဲ့ စုအပေါ် အခုလောက် နွေးထွေးတဲ့ စိတ်မကောင်းဖြစ်ပုံမျိုး မတွေ့ဖူးပါဘူး။ သူက မြန်မာပြည် အရေးကိုအမြဲစိတ်ဝင်စားသလို ကျွန်မကို တွေ့တိုင်းလည်း စုသတင်းကို မေးတတ်ပါတယ်။ ကျွန်မကလည်း ဆိုင်ကိုရောက်တဲ့အခါ ငါးလှီးဓား ကိုင်ထားတဲ့ ငါးဆိုင်ပိုင်ရှင်နဲ့ စုကြားက တွေ့ဖူးနေခဲ့တဲ့ အသံတိတ် အပြုံး ဖလှယ်မှုတွေကို ပြန်သတိရ နေမိခဲ့ပါတယ်။

စုက ဂျပန်ကို သွားတော့မယ်ဆိုတဲ့ သတင်းဟာ သူ့အမေက တစ်ဆင့် ရန်ကုန်က မိတ်ဆွေတွေကြား ပျံ့နှံ့ သွားပါတယ်။ စုအမေကို ကူညီပေးနေသူတွေဆီက ဈေးဝယ်ပေးဖို့ ပစ္စည်း စာရင်းရှည်ကြီးကလည်း စုရဲ့လက်ထဲကို ရောက်လာခဲ့ ပါတော့တယ်။ စုကလည်း သူ့မေတ္တာကို ပြသတဲ့အနေနဲ့ အမှတ်တရ ပစ္စည်းလေးတွေ ဝယ်ဖို့ ကြိုးစားပါတော့တယ်။ ကျွန်မကလည်း သူ့ကို စူပါမားကက် ပထမထပ်က နာရီဆိုင် ရှိရာဆီ ခေါ်သွားပေးလိုက်ပါတယ်။ သူ့စာရင်းထဲမှာ နာရီက ပါနေတာကိုး။ စုက နာရီကို အငေးသား ကြည့်လိုက်ပြီး သက်ပြင်းလေး ချလိုက်ပါတယ်။ “နိုရီကိုရေ ကျွန်မအနေနဲ့ ဒီလို ဈေးကြီးတဲ့ပစ္စည်းတွေကို ဝယ်ဖို့ မတတ်နိုင်ပါဘူး။ ဒီနာရီက ယန်း သုံးသောင်းခွဲတောင်လေ။ ကျွန်မ ပတ်ထားတဲ့ နာရီကို ကြည့်ပါဦး။ ယန်းငါးထောင်ပဲ ပေးရတာ”လို့ ပြောခဲ့ပါတယ်။

စက်တင်ဘာလ ကုန်တဲ့အထိ နေ့ပေါင်းများစွာ စုနဲ့ ကင်မ်ဟာ ဂျပန်နိုင်ငံက သူတို့ဘဝကို ပျော်ပိုက်နေပုံ ရပါတယ်။ အောက်တိုဘာ ၁ ရက်ကစပြီး အပြည်ပြည်ဆိုင်ရာ ဧည့်ဂေဟာကို သူတို့ ပြောင်းရွေ့နေထိုင် ရပါတယ်။ ဘဝသစ် တစ်ခုပေါ့။ ကျွန်မတို့ အိမ်နီးနားချင်း တွေကလည်း သူတို့ရဲ့ ၆လစာ အဝတ်အစားနဲ့ အသုံးအဆောင်တွေကို ကူသယ်ပေးခဲ့ကြပါတယ်။ တကယ်တော့ အဲဒီ ပစ္စည်းတွေ အားလုံးဟာ မိန်းမသား တစ်ဦးအတွက် လေးပင်လွန်းလှပေမယ့် ၈နှစ်သား ကင်မ်ရယ်၊ စုရယ်၊ သူ့ရဲ့ စိတ်စွမ်းအားရယ်ကပဲ အဲဒီ ပစ္စည်းတွေကို သယ်ပိုးခဲ့ကြတာပါ။ ကျွန်မတို့ အိမ်နီးနားချင်းတွေကို စုတို့ သားအမိ တိုင်ဖွန်း လာတိုက်သွား သလို ကျွန်မတို့လည်း အားအင်တွေ ပြည့်ခဲ့လို့ပါပဲ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အို့စု မတ်ဆူရီပွဲတော်ကို တက်ဖို့ ကျွန်မကို ဖိတ်ကြားခဲ့ပါတော့တယ်။

ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)
http://www.myanmarij.com/?p=4910

No comments: