၁၉၈၅ ခုနှစ် ဇူလိုင် ၂ရက်မှာ စုဆီက စာတစ်စောင် ကျွန်မဆီ ရောက်လာပါတယ်။
ခင်မင်ရပါတဲ့ နိုရီကိုနဲ့ဆဒါယိုရှိ (အားရပါးရ ခေါ်လိုက်တာနော်)စာက ဆက်ရေးထားရာမှာ ဟို အရင်အပတ်က စု ရေးလာတဲ့ စာ တစ်စောင်ကို သတိရမိပါတယ်။ “ကျွန်မလေ ငွေစုမိတာနဲ့ ချက်ချင်းဆိုသလို ဂျပန်ကို အလည်လာချင်တာ ပါပဲ။ ရှင့်ရဲ့ ကျေးလက်က အိမ်ကလေးဆီကို လာမှာပေါ့”တဲ့။ အရှေ့တောင်အာရှ လေ့လာရေး ဌာနမှာ မြန်မာပြည်နဲ့ ပတ်သက်တဲ့ စာအုပ်တွေ အများကြီးပဲ လို့ ပြောကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းလည်း အများကြီး ရှိနေပါတယ်တဲ့။ ဒီတော့ စုမှာ အဲဒါတွေကို လေ့လာချင်သလို သူ့အဖေ နေခဲ့ဖူးတဲ့ ဂျပန်ကို လာပြီး အတွေ့အကြုံတွေ လိုချင်စိတ်လည်း ရှိနေခဲ့တာပါ။
ကျွန်မမှာ စိတ်လှုပ်ရှားစရာ သတင်းတွေရှိနေတယ်နော်။ စက်တင်ဘာလ ကုန်ကျရင် ကင်မ်နဲ့ ကျွန်မ ကျိုတိုကို လာခဲ့မယ်။ ကျိုတိုတက္ကသိုလ် ရဲ့ အရှေ့တောင်အာရှ လေ့လာရေးဌာန က ကျွန်မကို ဧည့်သုတေသီအဖြစ် ခြောက်လတာ ဖိတ်ကြားခဲ့ပါတယ်။ ဒီအခွင့်အရေးကို ကာလ တာရှည် စောင့်မျှော်နေခဲ့တဲ့ ကျွန်မအတွက် ဒီလို အဆင်ပြေအောင် ကူညီပေးခဲ့တာကတော့ လူသားချင်း စာနာမှု လေ့လာရေး ဌာနက သုတေသနမှူး ပါမောက္ခ တိုဆီယို ယိုကိုယာမာ ပါပဲ။ သူက ကျိုတို တက္ကသိုလ်ရဲ့ အပြည်ပြည် ဆိုင်ရာ ဧည့်ဂေဟာမှာ နေခွင့်ရဖို့ကိုလည်း ကြိုးစားပေး နေပါတယ်။ ဒါပေမယ့် ကြည့်ရတာ ဒီဇင်ဘာအထိ အခန်းလွတ် ရှိပုံမရဘူး။ ပြီးတော့ ကျွန်မက ပါပီ့ကို ခေါ်လာမယ်လေ။ မိုက်ကယ်က အိန္ဒိယကို မခေါ်သွား နိုင်ဘူးလေ။ ပါပီက အိုလည်း အိုနေပြီ။ ကျွန်မကသာ သူ့ကို ဂျပန်ကို ခေါ်မလာရင်သူ ရင်ကွဲပြီး သေမှာပဲ၊ ဂေဟာမှာ တိရစ္ဆာန်ကို လက်ခံ မခံတော့ မသိဘူးပေါ့။ ဒါကြောင့် နိုရီကိုရေ ကျေးဇူးပြုပြီး ကင်မ်ရယ်၊ ကျွန်မရယ်၊ ပါပီရယ် နေလို့ရမယ့် နေရာကလေးများ ကူရှာ ပေးလို့ ရမလား လို့ပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးလည်း ပါမောက္ခ ယိုကိုယာမာကို တိုင်ပင် ပြောထားပေးမယ်ဆိုရင် လည်း ကျေးဇူးတင်မှာပါ။
ပါမောက္ခ ယိုကိုယာမာက အောက်စ်ဖို့ဒ်ကနေ ပါရဂူဘွဲ့ ရခဲ့သူပါ။ ဒါကြောင့် အောက်စ်ဖို့ဒ်နဲ့လည်း ဆက်ဆံရေး အဆင်ပြေပုံရပါတယ်။ တခြား သုတေသီတွေအနေနဲ့ ဗိုလ်ချုပ် အောင်ဆန်းအကြောင်း သုတေသန ပြုဖို့ အရေးကြီးတာကို သူ့လောက် နားလည်နိုင်မှာ မဟုတ်ဘူးပေါ့။ ဒီ သုတေသနအတွက် စုဟာ အသင့်တော်ဆုံး လူတစ်ယောက်ဖြစ်တာ မှန်ပေမယ့် စုလို အိမ်ရှင်မ တစ်ယောက်ကို သိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဂျပန် ဖောင်ဒေးရှင်းအနေနဲ့ သုတေသန ထောက်ပံ့ကြေး ပေးချင်သွားအောင် စည်းရုံးဖို့ဆိုတာ အတော် မလွယ်တဲ့ အလုပ်ဆိုတာကိုတော့ ကျွန်မတို့က ခန့်မှန်းနိုင်ခဲ့ပါတယ်။
စုအနေနဲ့ကတော့ ဒီလိုရှုပ်ထွေးတဲ့ ကိစ္စတွေကို နားမလည်နိုင်မှာ သဘာဝ ကျပါရဲ့။ မိုက်ကယ်က အလုပ် အနေနဲ့မရဘဲ အင်္ဂလန်မှာ ဖြစ်ဖြစ်၊ တခြားနိုင်ငံ တစ်ခုခုမှာဖြစ်ဖြစ် သုတေသီ အနေနဲ့ ထောက်ပံ့ကြေးတွေ ရကာ လှည့်လည် နေထိုင် နေရတာကြောင့် စု ကလည်း အခုလိုပဲ ဧည့်သုတေသီ အဖြစ် နေထိုင်နိုင်အောင် တွေးဖြစ်ပုံပါ။ ဒီအခွင့်အရေးကတော့ စုအတွက် အခွင့်အလမ်းကောင်း ကိုသာမက နောင်နှစ်နှစ်အတွင်း ဖြစ်လာတော့မယ့် ဘဝအပြောင်းအလဲ အတွက်ပါ သက်ရောက်ခဲ့တယ်လို့ ဆိုရပါမယ်။
ကျွန်မက စုရဲ့စာကို ကျွန်မ ခင်ပွန်းပါ ကြားရအောင် အသံထွက် ဖတ်ဖြစ်ခဲ့ပါတယ်။ ပါပီ့အကြောင်းလည်း ရောက်ရော “အိုး ဒီပါပီ အကြောင်း ပါလာပြန်ပြီ”လို့ ရယ်ပါတော့တယ်။ ပါပီက စုရဲ့အချစ်တော် ခွေးပေါ့။ ဘူတန် တယ်ရီယာ ခွေးကလေး ဖြစ်ပါတယ်။ ဘူတန်က အပြန် မှာ ခေါ်လာခဲ့တာပါ။ စုက ပါပီဟာ အင်္ဂလန်မှာ အရမ်းအဖိုးတန်တဲ့ တစ်ကောင် တည်းသော ခွေးလို့ ဂုဏ်ယူနေကျပေါ့။
စုအတွက်တော့ အဖိုးတန်ခွေး ဖြစ်ပေမယ့် ကျွန်မတို့ အတွက်တော့ ပါပီက ကမူးရှူးထိုး ခွေးတစ်ကောင် ပါပဲ။ အကောင်က သေးပြီး ဘာမှမထူးခြားတဲ့ ကောင်ပါ။ မျက်နှာဝိုင်းဝိုင်းလေးရယ်၊ မျက်လုံး ဝိုင်းနက်နက်ရယ်၊ အမွှေးတွေက အဖြူနဲ့အညို ရောပြီး ခပ်ရှည်ရှည်ပေါ့။ ခြေထောက် တွေကတော့ တိုတို။ အလက်ဇန္ဒားရဲ့ အချစ်တော်လည်း ဖြစ်ပါတယ်။ သူက ကျွန်မတို့အရင် လှေကားကို အပြေးတက် သွားတတ်ပြီး လှေကားစွန်းလည်း ရောက်ရော မေးစေ့နဲ့ လှေကားစောင်း ရိုက်မိပြီးလဲကျရောဆိုတဲ့ ပါပီမျိုးလေ။ ကျွန်မတို့က စုဆီ လာလည်တိုင်းမှာ ကျွန်မတို့နား နာရီဝက်လောက် ထိုင်နေတာ ငြိမ်လို့ ပြီးတော့မှ ရုတ်တရက်ကြီး ထပြီး သူစိမ်းတွေကို တွေ့ရသလို ဟောင်တော့တာပဲ။ ပြီးတော့ သူက အစောင့်ခွေး လိုလည်း အသုံးမတည့်ပါဘူး။ သူ့ပုံစံက ကာတွန်းပုံလေးမို့ ချစ်စရာတော့ ကောင်းနေ တာပေါ့။ စုက သူ့ကို ချစ်တယ်ဆိုတာကတော့ အာရှနွယ် ဖွားချင်းကလည်း ဖြစ်၊ သူ့သားနှစ်ယောက် ထက်စာရင် သူ့စကားကိုလည်း ပိုနားထောင် ဆိုတာကြောင့် ဖြစ် ချင်ဖြစ်မှာပေါ့။ ဒါပေမယ့် ခွဲထားခဲ့ရင် သေသွားမလားလို့ စိတ်ပူနေတဲ့အထိတော့ ချစ်လိမ့်မယ်လို့ ထင်မထားခဲ့ပါ ဘူး။
အဆုံးမှာတော့ စုက ပါပီ့ကို ထားရစ်ခဲ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ ဘယ်တိရစ္ဆာန် ကိုမဆို အချိန်အတော်ကြာ သီးသန့်ခွဲထားရမယ့် အခြေအနေရော၊ ဧည့်ဂေဟာမှာ ဘယ်တိရစ္ဆာန်မှ ထားမရတဲ့ အခြေအနေကြောင့်ပါ ပါပီ ကျန်ခဲ့ရပါမယ်။ မိုက်ကယ်အနေနဲ့ အိန္ဒိယက ဆင်းမလားကို တစ်ပါတည်း ခေါ်ချင် ခေါ်၊ ဒါမှမဟုတ် သူတို့ရဲ့ အိမ်ခန်းကို အငှားတင်ခဲ့မယ့် သူတွေနဲ့ ထားချင်ထားခဲ့ပေါ့။ သူတို့မိသားစုက နိုင်ငံခြား သွားမယ်ဆိုရင် အခန်းကို လူငှားထား ခဲ့တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခွေးပြဿနာကတော့ ဖြေရှင်းပြီး သွားပါပြီ။ တကယ်တော့ စုကို ဧည့်သုတေသီ အဖြစ် ဖိတ်ဖို့ ပါမောက္ခ ယိုကိုယာမာအနေနဲ့ အတော်ကြီး အားထုတ်ခဲ့ရမှာပါ။ ပါမောက္ခက “သူဟာ မင်းသမီးလေး မဟုတ်တော့ဘူးလေ။ ငါကလည်း ဘာပဲဖြစ်လာလာ အဆိုးဆုံးကို ပြင်ဆင်ထားမှာပါ”လို့ ဆိုခဲ့ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)
http://www.myanmarij.com/?p=4814
No comments:
Post a Comment