Tuesday, 28 August 2012

ပွဲမလန့်ခင် ကြိုရက်နေတဲ့ ဖျာတစ်ချပ်အကြောင်း / Written by ဇေ၀င်းနောင်

အပြောင်းအလဲတွေကလည်းများ၊ အငြင်းပွားစရာတွေကလည်းပေါ၊ ဖြေရှင်းစရာတွေကလည်း အနမတဂ္ဂရှိနေတဲ့ မြန်မာပြည်ကြီးမှာ ဒီမိုး၊ ဒီရေ၊ ဒီလူတွေနဲ့တော့ ပြောမကုန်၊ ရေးမကုန်နိုင်အောင်ကို အရှုပ်အထွေးတွေက များလွန်းလှပါတယ်။

ဒီလောက် ရှင်းစရာများတဲ့ အခြေအနေမျိုးမှာ နောက်ထပ် အငြင်းပွားစရာကိစ္စတွေကို သယ်လာဖို့ ကြိုးစားနေကြသူတွေကလည်း ရှိနေပါသေးတယ်။ ၂၀၁၀ နဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့မှာ အရေးမလှခဲ့ကြသူများ တင်လာတဲ့အချိုးကျ ကိုယ်စားပြုစနစ် PR(Propotional Representation) ဆိုတာပါ။ သဘောတရားအရတော့ ဟုတ်သလိုလိုရှိပေမဲ့ သဘောရိုး မရိုး ဆိုတာရယ်၊ ဒီစနစ်ကို တင်သွင်းတဲ့ ရွှေစွန်ညိုကြီးတွေက ဘာကိုလိုလို့ ၀ဲတယ်ဆိုတာရယ်ကတော့ မေးခွန်းထုတ်စရာကောင်းနေလို့ ဒီကိစ္စကို ပြောဖို့ ဖြစ်လာတာပါ။
ရွေးကောက်ပွဲစနစ်ကို မဲအများဆုံးရသူအနိုင်(First PastThe Post-FPTP  (တချို့က Winner Take All လို့လည်း ခေါ်ကြပါတယ်) စနစ်နဲ့ အချိုးကျကိုယ်စားပြု (Propotional Representation-PR) စနစ်ဆိုပြီး အဓိက ပုံစံနှစ်မျိုး ခွဲနိုင်ပါတယ်။ မဲ အများဆုံးရသူ အနိုင်ဆိုတာကတော့ ရှင်းလင်းသလိုဒီမှာက အတွေ့အကြုံ ရှိကြပြီးဖြစ်ပါတယ်။

အချိုးကျ ကိုယ်စားပြုစနစ် ဆိုတာကတော့ အလွယ်ဆုံးပြောရရင် ပါတီကိုအခြေပြုပြီး ပါတီတစ်ခုချင်းအလိုက် ရတဲ့မဲရာခိုင်နှုန်းအရ အမတ်နေရာကို အချိုးကျ ခွဲဝေပေးတဲ့စနစ်ပါ။ လိုလားသူတွေကတော့ ဒီစနစ်ဟာ လူထုရဲ့ မဲတွေကို အလဟဿ မဖြစ်စေဘဲ ကိုယ်စားပြုဒီမိုကရေစီ (Repesentative Democracy) ကို ပိုမိုပီပြင်စေတယ် ဆိုကြပါတယ်။ ဒါပေမဲ့ အားနည်းချက်တွေလည်း ရှိနေသလို အဆင်မပြေမှုတွေကိုလည်း ဒီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံများမှာ တွေ့နေရပါတယ်။
ဒါကြောင့် နိုင်ငံအချို့မှာ ဒီစနစ်ကို ကျင့်သုံးနေကြပေမဲ့ အခုအချိန်ထိ ဒီစနစ်ကို ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊  ပြင်သစ်တို့မှာ မသုံးသလို ရုရှားမှာလည်း မသုံးကြပါဘူး။
ဒီစနစ်ကို ကျင့်သုံးတဲ့နေရာမှာ အမျိုးမျိုးကွဲပေမဲ့ အသုံးများတဲ့ပုံစံ ကလေးမျိုးပဲ ရှိပါတယ်။

Party List သီးသန့်စနစ်

ပထမတစ်မျိုးက တစ်နိုင်ငံလုံး၊ ဒါမှမဟုတ် တစ်ပြည်နယ်လုံးမဲကို  ပေါင်းရေပြီး ပါတီအလိုက်ရတဲ့ မဲအတိုင်း အမတ်နေရာကို ပါတီက တင်ထားတဲ့စာရင်းအတိုင်း ခွဲဝေပေးတဲ့ Party List သီးသန့်သုံးတဲ့ ပုံစံပါ။ အစ္စရေးနိုင်ငံမှာက တစ်နိုင်ငံလုံး မဲ ကိုပေါင်းရေပြီး ရာခိုင်နှုန်းအလိုက် ပါတီတွေကို ခွဲပေးတဲ့စနစ်ကို ကျင့်သုံးပါတယ်။ လူမျိုးရေးအရ ဂျူး ၇၅ ရာနှုန်း၊ အာရပ် ၂၀ ရာနှုန်းရှိလို့ လူမျိုးစု များပြားမှုမရှိတာ၊ နယ်နိမိတ် ဧရိယာကျဉ်းမြောင်း (စတုရန်းမိုင် ၈၀၀၀ ကျော်သာရှိ) ပြီး လူဦးရေ နည်းပါးတာ၊ စစ်ပွဲအတွက် အမြဲ အသင့်ပြင်ထားရတာကြောင့် ညွန့်ပေါင်းအစိုးရဖွဲ့ပြီး တိုက်ခိုက်မှ အဆင်ပြေတာတို့ကြောင့် သူ့အရပ်နဲ့ သူ့စနစ် သင့်လျော်တာဖြစ်ပါတယ်။

ဒါတောင်မှ အစိတ်စိတ်အမွှာမွှာဖြစ်နေတဲ့ ပါလီမန်ပေါ်ထွက်လာမှုဆိုတဲ့ ပြဿနာကိုရင်ဆိုင်ရပါတယ်။ လူဦးရေ ရှစ်သန်းနီးပါးပဲရှိတဲ့ အစ္စရေးရဲ့တစ်ခုတည်းသော လွှတ်တော် knesset မှာ ပါတီ ၁၈ ခုတောင် ပါနေပါတယ်။ မကြာခဏ ရွေးကောက်ပွဲ ပြန်လုပ်နေရသလို အစိုးရတွေကလည်း တက်လိုက်ဆင်းလိုက် ဖြစ်လေ့ရှိပါတယ်။


တိုင်းရင်းသားလူမျိုးစုတွေလည်း အများအပြားရှိနေ၊ တပ်မတော် အင်အားစုကလည်း နိုင်ငံရေးနယ်ပယ်မှာ ရှိနေသလို တိုင်းပြည်ကလည်း အခုမှ ဖွံ့ဖြိုးဖို့ အားယူနေတုန်းကာလမှာ ညှိညှိနှိုင်းနှိုင်းနဲ့ ခက်ခက်ခဲခဲ လုပ်နေကြရတာပါ။ ဒီအချိန်မှာ ပွဲမလန့်ခင် ဖျာထိုင်ရက်ပြီး စောင့်နေကြသူတွေကတစ်မှောင့် လုပ်နေပြန်ရင်တော့ ခက်တော့ ခက်ရချေသေးရဲ့ . . .

ဒါဆိုရင် အင်ဒိုနီးရှားကျတော့ရောလို့ မေးစရာရှိပါတယ်။ အင်ဒိုနီးရှားဟာ Party List PR စနစ်နဲ့ အမတ်တွေကို ရွေးချယ်တယ်ဆိုပေမဲ့ သမ္မတကစလို့ အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်တွေကို လူထုက တိုက်ရိုက် ရွေးကောက်တင်မြှောက်တဲ့နည်းကို ကျင့်သုံးတဲ့ နိုင်ငံပါ။ မြန်မာနိုင်ငံမှာက သမ္မတစနစ်ဆိုပေမဲ့ သမ္မတကို လွှတ်တော်က ရွေးကောက်တာဖြစ်လို့ ၀န်ကြီးချုပ်ဦးဆောင်တဲ့ ပါလီမန်ဒီမိုကရေစီစနစ်လိုပဲ လွှတ်တော်မှာ မဲအများဆုံးရတဲ့ပါတီက ဦးဆောင်ပြီး အစိုးရကို ဖွဲ့ရတာပါ။ ဒါကြောင့် သမ္မတကိုပါ ရွေးကောက်ရတဲ့ လွှတ်တော်မှာ အဲဒီလို ပြန့်ကျဲကွဲလွဲနေပြီ ဆိုရင် အမတ်နေရာ အနည်းငယ်သာ ရတဲ့ပါတီတွေဘယ်ဘက်ပါသွားမလဲ ဆိုတာက အဆုံးအဖြတ်ဖြစ်သွားနိုင်ပြီး  လူနည်းစုသဘောကျ အစိုးရမျိုး ဖြစ်သွားနိုင်တဲ့ ပြဿနာရှိပါတယ်။

နောက်ထပ် အားနည်းချက်က  မဲဆန္ဒရှင်က ပါတီကိုပဲ အဓိကရွေး ရတာပါ။ ရီပတ်ဘလီကန်ပါတီက အမတ်လောင်း ၁၀၀ တင်ထားပြီး မဲရာခိုင်နှုန်းအချိုးချတော့ အမတ်နေရာ ၃၀ ရတယ်ဆိုရင် စာရင်းထဲက ၁ ကနေ ၃၀ အထိက အမတ် ဖြစ်သွားတဲ့ သဘောပါ။ အဲဒီ ၁ က နေ ၃၀ ထဲမှာ လူထုက အဲဒီလူ သူ့နာမည်နဲ့ သူသာဝင်အရွေးခံရင် လုံးဝမဲထည့်မှာ မဟုတ်လောက်တဲ့ ပြည်သူ့ချဉ်ဖတ်မျိုးပါသွားနိုင်ပါတယ်။
နောက်တစ်ချက်က မြို့နယ်လေးတွေအတွက် ကိုယ်စားပြုပေးမဲ့အမတ်မရှိသလို ဖြစ်သွားနိုင်တဲ့ပြဿနာပါ။

ဥပမာပေးရရင် ဧရာဝတီအတွက် အမတ်နေရာ ၃၀ ရှိတယ်ဆိုကြပါစို့။ အိမ်မဲ မြို့နယ်ဆိုပါစို့။ အိမ်မဲ လူဦးရေက ပုသိမ်လူဦးရေရဲ့ ၁၀ ပုံ တစ်ပုံ တောင်မရှိဘူးဆိုရင် ဘယ်ပါတီက အိမ်မဲမှာ မဲသွားဆွယ်၊ အိမ်မဲပြည်သူတွေရဲ့အသံကို နားထောင်ဖို့ အချိန်ပေးတော့မလဲ။ အိမ်မဲမှာ တစ်မဲမှမရဦး ပုသိမ်မှာ မဲအများကြီးရရင် အမတ်နေရာ အများစုရပြီပေါ့။ တစ်ပြည်နယ်လုံး လူဦးရေအရ အိမ်မဲမြို့ နယ်လူဦးရေဟာ အပုံ ၃၀ ပုံ တစ်ပုံ တောင်မရှိရင် အိမ်မဲတစ်မြို့နယ်လုံးမှာနိုင်လည်း အမတ်တစ်နေရာတောင် မရတဲ့သဘော ဖြစ်သွားမှာပါ။

MMP စနစ်

ဒုတိယ နည်းလမ်းကတော့ Mixed Member Propotional (MMP)System ပါ။ ဒီစနစ်ကို ကျင့်သုံးတဲ့နေရာမှာ ဂျာမနီက စံနမူနာပြဖြစ်ပါတယ်။ ဒီနည်းက မဲဆန္ဒနယ်အလိုက် ၀င်ပြိုင်တဲ့သူတွေထဲက ကိုယ်နှစ်သက်တဲ့ သူကို တစ်ခါမဲပေး၊ ပြီးရင် ပါတီတွေထဲက ကိုယ်နှစ်သက်တဲ့ပါတီကို တစ်ခါပေးရတဲ့ စနစ်ပါ။ အဲဒီမှာ မဲဆန္ဒနယ်အလိုက် လူနာမည်အရပေးတဲ့ မဲအတိုင်း အများဆုံးရတဲ့သူတွေက အမတ်ဖြစ်သွားပါတယ်။ အဲဒီအဆင့်က FPTP နဲ့တူပါတယ်။ ပြီးတဲ့အခါကျမှ ပါတီ မဲကိုရေပြီး ရာခိုင်နှုန်းအလိုက် အမတ်နေရာကို တွက်ပါတယ်။ ကကြီးပါတီက လူနာမည်အရပေးတဲ့မဲမှာ အမတ်နေရာ ၂၀ ပဲရတယ်။

 ဒါပေမဲ့ ပါတီမဲမှာကျတော့ ရာခိုင်နှုန်းအရ ခွဲလိုက်တာ ၃၀ ဦးစာရနေတယ်။ ဒီလိုဆို ရင်လိုတဲ့ ၁၀ ဦးကို ထပ်ပေါင်းပေးရ ပါတယ်။ အဲဒီအမတ်နေရာအတွက် လိုတဲ့သူကိုတော့ Party List က ယူရပါတယ်။ စနစ်နှစ်မျိုးရောထားတဲ့ ပုံစံပါ။ အဲဒါကြောင့် လွှတ်တော်မှာ အမတ်နေရာ ၅၉၈ နေရာ သတ်မှတ်ထားပေမဲ့ ၆၀၀ ကျော်သွားပြီး ပိုထည့်လိုက်ရတဲ့ Overhang Seats  လို့ခေါ်တဲ့ အမတ်နေရာအရေအတွက်က ပုံသေမရှိတော့ပါဘူး။ ဒီစနစ်က ရှုပ်ထွေးသလို ဂျာမနီလို ဖွံ့ဖြိုးပြီး နိုင်ငံမျိုးမှာတောင် မကြာခဏ ပြင်ဆင်မှုတွေလုပ်ရ၊ အငြင်းပွားရနဲ့ ပြဿနာ ခဏခဏတက်ရတဲ့ပုံစံ ဖြစ်ပါတယ်။
ဒီစနစ်က ဖွံ့ဖြိုးပြီး နိုင်ငံမျိုးမှာတောင် ပြင်လို့ ဆင်လို့ မပြီးနိုင်သေးသလို မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံမျိုးမှာ အဲဒီပုံစံနဲ့ ကျင်းပပေးဖို့ ခက်သလို မဲဆန္ဒရှင်တွေအတွက်လည်း ရှုပ်ထွေးသွားနိုင်ပါတယ်။

MMM စနစ်

PR စနစ်ရဲ့ တတိယတစ်မျိုးက Mixed Member Majoritarian system (MMM) ပါ။ အနီးနားဆုံး ဥပမာကတော့ အိမ်နီးချင်းထိုင်းပါ။  သက်ဆင်ဆီက အာဏာသိမ်းပြီးတဲ့နောက် ပြန်ရေးခဲ့တဲ့ ၁၈ ခုမြောက် အခြေခံဥပဒေအရ ပေါ်ထွက်လာတဲ့ စနစ်ပါ။ ဒီမှာကျတော့ မဲအများဆုံးရသူအနိုင် (FPTP) အရ မဲဆန္ဒနယ် အလိုက် ၃၇၅ နေရာ၊ အချိုးကျကိုယ် စားပြုစနစ် (PR)အရ ၁၂၅ နေရာ သီးခြားစီခွဲထားတဲ့ပုံစံပါ။ အထက်က ဂျာမနီလိုပဲ မဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ်ကို မဲပေး၊ ပြီးရင် ပါ တီကို မဲပေးတဲ့အဆင့်အထိ တူပါတယ်။ ရွေးကောက်ပုံကျတော့ ပါတီမဲရာခိုင်နှုန်းအရရတဲ့ ကိုယ်စားလှယ် အရေအတွက်က ဒီ ၁၂၅ ယောက်ကိုပဲ ခွဲယူရတာဖြစ်ပြီး ၃၇၅ ယောက်က မဲအများဆုံး ရသူအနိုင်စနစ်နဲ့ပဲ ရွေးကောက်ခံရတာဖြစ်ပါတယ်။

သက်ဆင်လူတွေ ပြန်လာပြီး လွှတ်တော်ကို လွှမ်းမိုးမှာစိုးရိမ်တဲ့အတွက် ဒီလိုပုံစံလုပ်ခဲ့ကြတာပါ။ တကယ်တမ်းမှာ ဒီစနစ်နဲ့ လုပ်တာတောင် ၂၀၀၇ မှာသက်ဆင်ထောက်ခံသူတွေနဲ့ ဖွဲ့ထားတဲ့ PPP ကို ဒီမိုကရက်တို့ မနိုင်ခဲ့ပါဘူး။ PPP က ၀န်ကြီးချုပ်ဖြစ်လာတဲ့ ဆမတ်သုန္ဒြာဘတ် အပါအ၀င် ပါတီဝင်အမတ်အချို့ ပိတ်ပင်ခံရတဲ့ အချိန်ကျမှ ဒီမိုကရက်တို့က ပါတီငယ်တွေနဲ့ ညွန့်ပေါင်းဖွဲ့ပြီး အစိုးရဖြစ်လာခဲ့တာပါ။

 အဲဒီမှာ ပါတီခြောက်ခုလောက်ပြောင်းတဲ့ သာကူးလို့ စွပ်စွဲခံရတဲ့ ချိုင်ချစ် ချော့ဘ်လိုလူမျိုး လွှတ်တော်ဥက္ကဋ္ဌဖြစ်လာပြီး သားဖြစ်သူ နေ၀င်းချစ် ချော့ဘ်(မြန်မာပြည်က ဗိုလ်ချုပ်ကြီးနေ၀င်းကို ကြိုက်လို့သူ့သားကို ဒီနာမည်ပေးခဲ့တာလို့ချိုင်က ပြောဖူးပါတယ်)တို့ ဦးဆောင်တဲ့ ပါတီငယ်တွေက လွှတ်တော်မှာ ခြယ်လှယ်ခွင့် အတိုင်းအတာတစ်ခုအထိ ရသွားစေခဲ့ပါတယ်။၂၀၁၁ မှာတော့ သက်ဆင် ညီမဦးဆောင်ပြီး ပြန်ပြိုင်တဲ့အခါကျတော့ ဖြူထိုင်းပါတီအနေနဲ့ နိုင်ပြန်ပါရော။ အဲဒီအခါ Party List  အရရွေးရတဲ့ မဲက ဖြူထိုင်းကို ပိုအားကောင်းအောင် လုပ်ပေးသလိုဖြစ်သွား ပါသေးတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ချိုင်ချစ်ချော့ဘ်တို့ လူစုက လွှတ်တော်ထဲမှာ ရှိနေတုန်းပါပဲ။

STV စနစ်

နောက်ဆုံးတစ်မျိုးကတော့ Single Transferable Vote စနစ်ပါ။  အမတ်လောင်းတွေကို နှစ်သက်မှု ဦးစားပေးအရ ၁၊၂၊၃၊၄ နံပါတ်စဉ်တပ်ပြီး ရွေးတာပါ။ အမှန်ခြစ်တာ တောင်မှ လူနာမည်ပေါ် ခြစ်ရမှာလား၊ တံဆိပ်ပေါ် ခြစ်ရမှာလား၊ ကွက်လပ်မှာခြစ်ရမှာလားဆိုတာ မှားတတ်ကြသေးတော့ ဒီလိုနံပါတ်စဉ်တပ်ရရင် ရှုပ်ကုန်ပါလိမ့်မယ်။

အချိုးကျ ကိုယ်စားပြုစနစ် ဘယ်ပုံစံသုံးသုံး သေချာပေါက်အကျိုးရှိတာက ပါတီငယ်တွေပါပဲ။ တိုင်းပြည်နဲ့ တိုင်းရင်းသားတွေအတွက် အကျိုးရှိဖို့ကတော့ မသေချာပါဘူး။ ဒါကြောင့် အမေရိကန်တို့၊ ဗြိတိန်တို့လို မဲအများဆုံးရသူ အနိုင်စနစ် FPTP နဲ့ပဲ ဆက်သွားတာ သင့်တော်ပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့ ၂၀၁၅ အခင်းအကျင်းကို စဉ်းစားကြည့်နိုင်ပါတယ်။ PR စနစ်သာ သုံးခဲ့ရင်ဆိုပါစို့။ ပထမဆုံး အင်န်အယ်လ်ဒီအသာနဲ့ စဉ်းစားကြည့်ပါမယ်။ မဲ ၇၅ ရာခိုင်နှုန်းမှာ (၂၅ ရာခိုင်နှုန်းဟာ လက်ရှိဥပဒေအရ တပ်မတော်သား ကိုယ်စားလှယ် များ ဖြစ်ပါတယ်) အင်န်အယ်လ်ဒီက ထက်ဝက်နီးပါး ၃၅ ရာခိုင်နှုန်း လောက်ရမယ်။ ကြံ့ခိုင်ရေးက ၁၀ ရာခိုင်နှုန်းရမယ်၊ တပ်မတော်သား ကိုယ်စားလှယ်များနဲ့ ပေါင်းရင် ၃၅ ရာခိုင်နှုန်း ရမယ်ဆိုပါစို့။ အပြိုင်ဖြစ်သွားရင် ကျန် ၃၀ ရာခိုင်နှုန်းမှာ ၂၀ ရာခိုင်နှုန်းလောက်က တိုင်းရင်းသား ပါတီတွေဖြစ်ပြီး တချို့က အင်အယ်လ်ဒီနဲ့ မဟာမိတ်၊ တချို့က ကြံ့ခိုင်ရေးနဲ့ မဟာမိတ်ဖြစ်နေတဲ့အတွက် မျှရကြတယ်ဆိုပါစို့။ ဒါဆို ကျန်တဲ့ ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ ပါတီငယ်တွေ ဘယ် ဘက်နဲ့ ပေါင်းမယ်ဆိုတာက ဘယ်သူ အစိုးရဖွဲ့လို့ရမယ်ဆိုတာ အဆုံးအဖြတ် ဖြစ်သွားပါလိမ့်မယ်။ ဆိုလိုတာက တိုင်းပြည်ကို ဘယ်သူအုပ်စိုးမယ်ဆိုတာကို လူနည်းစုက အဆုံးအဖြတ်ပေးရမဲ့ အခြေအနေ ရောက်သွားပါလိမ့်မယ်။ ဒီလူနည်းစုပါတီ တွေ ကိုယ့်ဘက်ပါအောင် ပါတီကြီးများက ၀န်ကြီးနေရာပေး ဘာပေးနဲ့ စည်းရုံးရပါတော့မယ်။

မျှမျှတတဖြစ်အောင် ကြံ့ခိုင်ရေးအနိုင်နဲ့ စဉ်းစားကြည့်ပါဦးမယ်။ ကြံ့ခိုင်ရေးက ၃၅ ရာခိုင်နှုန်းရတယ်။ အင်န်အယ်လ်ဒီက ၁၅ ရာခိုင်နှုန်းရတယ်။ တိုင်းရင်းသားပါတီတွေက ၂၀ ရာခိုင်နှုန်း၊ ကျန်ပါတီငယ်တွေက ၅ ရာခိုင်နှုန်း ရတယ်ဆိုပါစို့။ တပ် မတော်က သူ့ဘာသာ ဒုသမ္မတလောင်းတစ်ဦးပဲတင်ပြီး ကြားနေတယ်ဆိုပါစို့။ ထုံးစံအတိုင်း တိုင်းရင်းသား ပါတီတွေရဲ့ ထောက်ခံမှုကို ပါတီကြီးနှစ်ခု ခွဲရကြတယ် ဆိုပါစို့။ ကျန် ၅ ရာခိုင်နှုန်းက အခရာကျလာပါဦးမယ်။ အကုန်တိုင်ပတ်မယ့်ကိစ္စပါ။

မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးစုများစွာ နေထိုင်တဲ့ နိုင်ငံဖြစ်ပြီး ဗမာက လူများစုဖြစ်တဲ့အတွက် လူနည်းစု အခွင့်အရေးဆိုတာမှာ တိုင်းရင်းသားတွေအတွက် အဓိကကြည့်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၅ မှာ ဘယ်ပါတီ အာဏာရရ တိုင်းရင်းသားပါတီတွေနဲ့ ညွန့်ပေါင်းဖွဲ့ပြီး လုပ်ဆောင်မှရမဲ့ အနေအထား ရှိပါတယ်။ အဲဒီမှာ ၁၉၉၀ ပြည့်နှစ်က တိုင်းရင်းသားပါတီတွေနဲ့ ၂၀၁၀ မှာ တည်ထောင်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေဆိုပြီး ကွဲလွဲမှုက ရှိနေပြန်ပါတယ်။ ပြန်ပေါင်းဖို့ ကြိုးစားနေ ကြတာရှိသလို တချို့တွေ ပြန်ပေါင်းဖြစ်မှာ ဖြစ်ပေမဲ့ တချို့ကလည်း ပေါင်းဖို့ မလွယ်ပါဘူး။ ပြည်နယ်အဆင့်မှာတင် ကွဲလွဲမှုက ရှိနေနိုင်တယ်။မဲအများဆုံးရလာတဲ့ပါတီက တိုင်းရင်းသားပါတီတွေနဲ့ အဆင်ပြေအောင် ညှိနှိုင်းပြီး ဖွဲ့ရတဲ့နေရာမှာ အခက်အခဲတွေကို ဖြေရှင်းဖို့က တော်တော် မလွယ်လှပါဘူး။

 ဒီအနေအထားမှာ PR စနစ်နဲ့သာ ပါတီလေးတွေက ဟိုတစ်မဲ၊ ဒီတစ်မဲနဲ့ ကိုယ်စားလှယ် အနည်းငယ်ရပြီး ၀င်ကစားရင် ရှုပ်ကုန်ပါလိမ့်မယ်။ သာကူးတွေပါ ပါလာရင် ခဏခဏ အစိုးရ ပြန်ဖွဲ့၊ ခဏခဏ အပြောင်းအလဲဖြစ်နဲ့ ဖွံ့ဖြိုးစ တိုင်းပြည်တစ်ပြည်အတွက် နောက်ပြန်လှည့်မဲ့ အခြေအနေတွေ ဖြစ်ကုန်ပါမယ်။

နောက်တစ်ချက်က ပါတီကြီး တစ်ခုတည်းက စိုးမိုးမဲ့အနေအထားကို တားဆီးဖို့အတွက် PR စနစ်ကို တင်လာရတယ်ဆိုတဲ့ စကားပါ။ အဲဒါမဟုတ်ဘူးဆိုတာ အခုကြံ့ခိုင်ရေးအစိုးရက သက်သေပြထားပါတယ်။ ကျွန်တော်တို့ မျှော်လင့်ထားတာ ထက် အများကြီး ကောင်းရာမွန်ရာတွေ လုပ်ပြနိုင်ခဲ့ပါတယ်။ အတိုက်အခံတွေလည်း ပါဝင်နိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းကို ဖော်ဆောင်နိုင်ခဲ့တယ်။ အမတ်နေရာအပြတ်အသတ် အသာစီးရနေပေမဲ့ ကြံ့ခိုင်ရေးပါတီဟာ ထင်တိုင်းကြဲခဲ့ တာမရှိသလို ကြဲလို့လည်း မရပါဘူး။ တခြားပါတီက အစိုးရဖြစ်လည်း ဒီလိုပါပဲ။

မမြဲတဲ့သင်္ခါရ သဘောအရ ဘယ်ပါတီမှလည်း တစ်သက်လုံး အာဏာရမနေနိုင်ပါဘူး။ အာဏာမရတဲ့အခါမှာ အစိုးရလုပ်တာ အမှားအယွင်း ရှိ၊ မရှိ ထောက်ပြ၊ တူတာတွဲ လုပ်၊ မတူတာခွဲလုပ်ပြီး အတိုက်အခံကောင်းအနေနဲ့ ရပ်တည်သွားနိုင် တယ်ဆိုတာ လက်ရှိအခြေအနေက သက်သေပြနေပါတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ရှိနေဖို့ပဲ လိုတာပါ။

ပါတီလေးတွေရပ်တည်မှုကို မလိုလားတဲ့သဘော မဟုတ်ပါဘူး။ အယူအဆမတူလို့ ကိုယ့်မူဝါဒနဲ့ ကိုယ်ရပ်တည်တဲ့ပါတီငယ်တွေဟာ တစ်ချိန်မှာ ပါတီကြီးဖြစ်လာနိုင်၊ အာဏာရလာနိုင်ပါတယ်။ ခက်တာက ခမောက်ကိုလူသိရင် ခမောက်၊ ဒေါင်းကိုလူသိရင် ဒေါင်းနဲ့ဆင်တူယိုးမှားလုပ်ပြီး နေရာယူချင်တဲ့ ပါတီမျိုးတွေပါ။ တကယ်လို့ ကြံ့ခိုင်ရေးပါတီ ရေပန်းစားတဲ့ခေတ်ရောက်ရင်လည်း ခြင်္သေ့ပုံကိုတုပြီး အီဂျစ်ပြည်က Sphinx ရုပ်ကို လိုဂိုသုံး(ကျွန်တော်တို့ဆီမှာ ခွေးတံဆိပ်ခဲတံလို့ သိကြ တဲ့ခဲတံက အကောင်ပုံပါ)ပြီး ဆင်တူယိုးမှားလုပ်လာနိုင်တဲ့ ပါတီမျိုးတွေ လွှတ်တော်ထဲ ရောက်လို့ကတော့ အကျိုးမရှိလှပါဘူး။


ရွေးကောက်ပွဲဆိုတာ စာမေးပွဲ လိုပါပဲ။ ဒီထက် ကောင်းတဲ့စနစ် မရှိသေးသ၍ အကောင်းဆုံးဖြစ်နေလို့ သုံးကြရတာပါ။ စာမေးပွဲမှာ ၄၀ ရရင် အောင်တယ်ဆိုတဲ့အခါကျတော့ ၃၉ မှတ်ရတဲ့သူက သူလည်း တစ်မှတ်ပဲကွာလို့ အောင်သင့်တယ် လာပြောလို့ မရပါဘူး။ အဆင့်ဆင့် ပြောလာလိုက်တဲ့အခါ တစ်မှတ်မှ မရတဲ့သူကလည်း ၁ မှတ်ရတဲ့ သူနဲ့ တစ်မှတ်ပဲကွာလို့ သူလည်းအအောင်ပေးသင့်တဲ့သဘောမျိုး ဖြစ်သွားပါလိမ့်မယ်။ ဒါဆိုလည်း ဖြေသူတိုင်း အအောင်ပေး၊ ရွေးကောက်ပွဲဝင်သူ တိုင်း အမတ်ပေးဖြစ်ရမလိုပါပဲ။

အပြေးပြိုင်ပွဲမှာ လူဘယ်နှယောက်ပဲပြိုင်ပြိုင် သုံးယောက်ပဲ ဆုပေးရင် သုံးယောက်ပဲရပါတယ်။ တတိယရတဲ့သူနဲ့ စက္ကန့်ဝက်ပဲကွာလို့ သူ့ကိုလည်း ဆုပေးသင့်တယ်လို့ စတုတ္ထရတဲ့သူက ပြောလို့မရပါဘူး။ နောက်တစ်ကြိမ် ပြိုင်တဲ့အခါကျ  (ကိုယ့်မှာ အရည်အချင်းရှိတယ်ဆိုရင်)ဆု ရနိုင်ပါသေးတယ်။ အပြေးပြိုင်တာကမှ အသက်ကြီးရင် ပြေးမရတာ ရှိဦးမယ်၊ ရွေးကောက်ပွဲဆိုတာက မသေမချင်း ပြိုင်လို့ရတဲ့ ကိစ္စပါ။
လွှတ်တော်ထဲရောက်မှ တိုင်းပြည်အကျိုး ဆောင်ရွက်လို့ရမယ်၊

ကိုယ့်ကိုယ်ထောက်ခံကြတဲ့ ပြည်သူတွေအကျိုးအတွက် လုပ်ပေးလို့ရမယ်ဆိုတဲ့သဘောမျိုး ပြောနေကြတဲ့ကိစ္စပါ။ ဒီလိုဆိုရင် ၈၈ မျိုးဆက် ကျောင်းသားတွေ လုပ်နေတာ ဘာတွေလဲ။အဲဒါကရော နိုင်ငံရေးမဟုတ်ဘူးလား။ ရွေးကောက်ပွဲမ၀င်ပေမဲ့ အောက်ခြေမှာ လူထုအကျိုးအတွက် လုပ်ပေးနေရင်လည်း နိုင်ငံရေးပါပဲ။ ရွေးကောက်ပွဲရှုံးလည်း ကိုယ့်ပြည်သူအကျိုး ကိုယ်လုပ်ပေးနေလို့ ရသေးတာပါပဲ။

တိုင်းရင်းသား လူမျိုးစုတွေလည်း အများအပြားရှိနေ၊ တပ်မတော် အင်အားစုကလည်း နိုင်ငံရေး နယ်ပယ်မှာရှိနေသလို တိုင်းပြည်ကလည်း အခုမှ ဖွံ့ဖြိုးဖို့ အားယူနေတုန်းကာလမှာ  ညှိညှိနှိုင်းနှိုင်းနဲ့ ခက်ခက်ခဲခဲ လုပ်နေကြရတာပါ။ ဒီအချိန်မှာ ပွဲမလန့်ခင် ဖျာထိုင်ရက်ပြီး စောင့်နေကြသူတွေကတစ်မှောင့် လုပ်နေပြန်ရင်တော့ ခက်တော့ခက်ရချေသေးရဲ့ဗျာ။

http://www.first-11.com/index.php?option=com_content&view=article&id=15137:2012-08-26-06-12-24&catid=78:2009-11-13-06-25-17&Itemid=135 

အနုပညာနှင့်နည်းပညာ လက်ထပ်မည့်အချိန် /ရေးသားသူ -၀ဏ္ဏကျော်

ဆရာကြီးဦးသုခသည် ရဟန်းစားရသော ဆွမ်းတစ်နပ်ဇာတ်ကားကိုရိုက်စဉ်က အမြင်အာရုံအားနည်းနေသည့်အတွက် တပည့်တစ်ယောက်ကို နှုတ်မှ ဇာတ်ညွှန်းကို ပြောပြရေးသားစေခဲ့ကြောင်း၊ ကာလအတန်ကြာ စိတ်ကူးပုံဖော်ခဲ့သည့် မိမိရိုက်ကူးတင်ပြချင်သည့် ရိုက်ချက်များ၊ မည်သို့မည်ပုံတည်းဖြတ်မည်၊
 ဘယ်ကတ်ကို ဘယ်နှစ်စက္ကန့်ပြမည် စသည်ဖြင့် ညအိပ်ရာဝင်တိုင်း မိမိခြင်ထောင်အမိုးကို ပိတ်ကားအသွင်ထား၍ ရိုက်ချက်များကို ပုံဖော်ကြည့်ရာတွင်

မင်းသားကြီးဦးဇော်လင်းက မိမိ၏သမီးလေးအား ကျွန်အဖြစ်မှရွေးရန် (၂) နှစ်တိုင်တိုင် အလုပ်ကြမ်းလုပ်စုဆောင်းခဲ့ရသော အဿပြာ (၁၂) ကျပ်ဖြင့် ဆွမ်းတစ်နပ်ကိုဝယ်ပြီး ခရီးသွားရဟန်းကို ဆွမ်းကပ်အပြီး ခရီးဆက်အလာတွင် မိမိ၏ထူးမြတ်လှသော အလှူကို တစ်စိမ့်စိမ့်ပီတိဖြစ်လျက် လက်သီးလက်မောင်းတန်း၍ “ဟေး၊ လောကမှာ မရှိလို့မလှူ၊ မလှူလို့မရှိ၊ မရှိတဲ့အထဲက လှူတာ ငါလိုလူဇမ္ဘူမှာ ရှိသေးရဲ့လား၊ ဟေ့” ဟု ကျူးရင့်သောအခန်းတွင် ဆရာကြီးက မိမိအာရုံတွင် တစ်ကဒ်ချင်းပုံဖော်ကြည့်လာပြီး ထိုဇာတ်ကွက်အရောက်တွင် အိမ်နေရာမှ အလိုအလျောက် လက်သီးလက်မောင်းတန်းကာ ကြွေးကြော်မိရက်သားဖြစ်နေသည်ကို အခြေပြု၍ ထိုစကားကို ရေးသားရိုက်ကူးခြင်းဖြစ်ကြောင်း ရဟန်းစားရသော ဆွမ်းတစ်နပ်ကို တည်းဖြတ်ခဲ့သည့် ဆရာကြီးဦးသုခ၏ တပည့်အရင်း ဦးမင်းခေါင်ကျော်က စာရေးသူတို့ကို ဗဟုသုတအဖြစ် ပြောပြဖူးပါသည်။

ထိုစဉ်က ဗီဒီယိုတိပ်ခွေဖြင့် ရိုက်ကူးတည်းဖြတ်ရသော Linear ခေတ်ဖြစ်သောကြောင့် ရဟန်းဈာန်ပျံကြွသောအခန်း စသည့် နည်းပညာအထောက်အကူပြု အခန်းတစ်ခန်းသာ အားနည်းခဲ့သော်ငြား ထိုဇာတ်ကားမှာ ရဟန်းရှင်လူပြည်သူအများ လွန်စွာနှစ်သက် မျက်ရည်ဝဲခဲ့ရသော ဇာတ်ကားတစ်ကား၊ တစ်နည်းအားဖြင့် ဆရာကြီး၏ Master Piece ဖြစ်ခဲ့ပါသည်။
ဆရာကြီးဦးသုခကိုယ်တိုင်လည်း ထိုဇာတ်ကားရိုက်ကူးခဲ့ရခြင်းကို ၎င်းရခဲ့သည့် အကယ်ဒမီ (၆) ဆု ထက်ပင် ပိုကျေနပ်မိပါသည်ဟုပြောခဲ့ကြောင်း မှတ်သားရပါသည်။

ထို့ပြင် ကမ္ဘာသိ မြန်မာဓါတ်ပုံဆရာ ဦးဇော်မင်းယု၏ ဆောင်ပုဒ်မှာ "No Implementation" (ပိုကောင်းအောင် ဘယ်တော့မှမပြုပြင်) ဟု မှတ်သားရပါသည်။ အချိန်ကိုစောင့်၍ အလိုက်ဖက်ဆုံး မှန်ဘီလူးအတွဲအဖက်ကိုတပ်ဆင်ကာ အကောင်းဆုံးအလင်းရောင်ရရှိရန် မီးပေးရိုက်ကူးပြီးစီးသည့် ဓာတ်ပုံတစ်ပုံကို မည်သည့်အကြောင်းနှင့်မျှ ကွန်ပျူတာဖြင့် ပိုကောင်းအောင် မပြုပြင်ပါဟု ဆိုလိုရင်းဖြစ်ပါသည်။ ၎င်းရိုက်ထားသည့် ဓါတ်ပုံတစ်ပုံ၏ Raw File နှင့် Print Paper သည် အတူတူဖြစ်ရမည်ဟူသော အာမခံချက်နှင့် ခိုင်မာစွာရပ်တည်နေသည်ကို တွေ့ရပါသည်။ ဘယ်နေရာမဆို အနုပညာလုပ်ငန်းများတွင် အနုပညာအင်အားသည် နံပါတ် (၁) ဖြစ်သည်ဟု သမ္ဘာရင့်ပညာရှင်များက သက်သေပြခဲ့ကြပါသည်။ စာရေးသူတို့လို နည်းပညာခေတ်တွင် ကြီးပြင်းလာခဲ့ရသူများအဖို့ ရုပ်ရှင် (သို့) အနုပညာဖန်တီးမှုတစ်ခုခု ပြုလုပ်ရာတွင် နည်းပညာအကူအညီများ ရယူသည်မှာ ခေတ်အလိုက် ခေတ်အကြိုက်လို ဖြစ်နေပါသည်။

 ဒီဇိုင်းမျိုးဆွေသန်း (ဆရာကျောင်း) ပြောပြခဲ့ဖူးသည်မှာ ခေတ်အလိုက်ခေတ်အကြိုက်လို ဖြစ်နေပါသည်။ ဒီဇိုင်းမျိုးဆွေသန်း (ဆရာကျောင်း) ပြောပြခဲ့ဖူးသည့် ဒီဇိုင်းတစ်ခု၏ အစိတ်အပိုင်းတစ်ခုတွင် Blur Effects ထည့်သည်ကို တစ်ညလုံးထိုင်စောင့်ပြီး မနက်အလင်းတွင် Blur ဖြစ်သွားသည်ကို ၀မ်းသာအယ်လဲဖြစ်ခဲ့ရသည့် အစောပိုင်းနည်းပညာနှစ်များကိုလည်း ကျော်လွန်ခဲ့ပါပြီ။ ယခုအခြေအနေကား အနုပညာနှင့် နည်းပညာလက်ထပ်သည့်ပွဲဟု ဆရာကျောင်းမှတ်ချက်ပြုခဲ့သလို လူငယ်တို့၏ စိတ်ကူးစိတ်သန်းအား ထောက်ကူပေးမည့် နည်းပညာအခင်းအကျင်းများ ရှိနေသဖြင့် ပိုမိုချောမွေ့အားကောင်းစွာ ရုပ်သံမီဒီယာလောကထဲ အခြေချနိုင်ခွင့်များ ရရှိလာကြသည်။       

DSLR ကင်မရာများ သုံးစွဲမှုလှိုင်းတံပိုး ရိုက်ခတ်လာချိန်တွင် DSLR Filmmaker များ သိသိသာသာပေါ်ထွက်လာခဲ့သည်။ ယခင်ရရှိရန် ခက်ခဲသည့် Resolution မျိုးရလာခဲ့သည်။ ဓာတ်ပုံမှန်ဘီလူးများဖြင့် ရုပ်ရှင်အရသာတစ်ခုဖြစ်သော DOF (ပြတ်သားမှုဇုန်) ကိုရလာခဲ့ကြသည်။ ကွန်ပျူတာတစ်လုံး (သို့) Laptop တစ်လုံးတည်းဖြင့် တည်းဖြတ်နိုင်ခွင့် ရလာခဲ့သည်။ ပြည်တွင်းရုပ်ရှင်ပြိုင်ပွဲများလည်း ပေါ်ထွက်လာခဲ့သဖြင့် နိုင်ငံတကာအခေါ် Indie (Independent Filmmaker) များအတွက် အခွင့်အရေးကောင်းများ ရရှိလာခဲ့သည်။


 ပြည်တွင်းရုပ်သံနည်းပညာ Facebook Page များ Group များစွာ ပေါ်ထွက်လာခဲ့သည်။ ထို Page များမှတစ်ဆင့် ကျယ်ပြန့်သော ၀ါသနာတူလူမှုကွန်ရက်ကို တည်ဆောက်နိုင်ခြင်းဖြင့် ပညာဖလှယ်ခြင်း၊ အချင်းချင်း တိုင်ပင်ဆွေးနွေးခြင်းများ လွယ်ကူစွာပြုလုပ်နိုင်၍ အကြားအမြင်အားဖြင့် ပညာဝမ်းစာ ဖြည့်တင်းလာနိုင်ကြသည်။ သို့သော် မိမိတို့၏ မူရင်းအလုပ်မှာ အနုပညာထွက်ကုန်များ ထုတ်လုပ်ရန်ဖြစ် သည့်အတွက် ထိုနေရာတွင် နည်းပညာသိသူအချင်းချင်းတွင် Story Telling ဘယ်သူက ပုံပြောပိုကောင်းသလဲ ဆိုသောအချက်က အရေးပါလာပါသည်။ စကားလုံးများဖြင့် ပုံပြောခြင်းမဟုတ်၊ ရိုက်ချက်များ၊ တမူထူးခြားသော ဆန်းသစ်သော တင်ပြမှုပုံစံများဖြင့် မိမိပြောလိုသောပုံပြင်ကို အရုပ်ဖြင့် ပေါ်လွင်ထင်ရှားစေပြီး ပရိသတ်ရင်ထဲရောက်အောင် ပို့နိုင်မည့်သူက နှာတစ်ဖျား အမြဲသာနေမည်သာဖြစ်ပါသည်။


 ဆရာကြီးဦးသုခ Canon 5D Mark 3 Prime Lens များအကြောင်း၊ Magic Bullet Plug-In များအကြောင်း မသိခဲ့ပါ။ ဦးဇော်မင်းယု Instagram, Adobe Light Room တို့ကို မသုံးပါ။ ပို၍ ပြောင်းလဲလှုပ်ရှားလာသော မြန်မာ့နယ်ပယ်စုံကဏ္ဍအသီးသီး၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် အကူအညီများ ၀င်ရောက်လာနေကြသည်ဖြစ်ရာ မီဒီယာနယ်ပယ်တွင် လစ်ဟာနေသော အချို့ကွက်လပ်များကို နိုင်ငံခြားအကူအညီဖြင့် အားယူဖြည့်တင်းကြရန် အလားအလာများ တွေ့နေရပါသည်။


 ဥပမာအားဖြင့် - နိုင်ငံတကာဈေးကွက်သို့ရည်ရွယ်၍ ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးရေးစီမံကိန်းတစ်ခုဆိုပါစို့။ ၎င်းရုပ်ရှင်က Periodical Film (အချိန်ကာလများစွာ ပြောင်းလဲတင်ပြရမည့် အမျိုးအစား) ဖြစ်ပါလျှင် ပြည်ပတွင် တည်ဆောက်ဆင်ယင်ရန်ခက်ခဲသော နောက်ခံအပြင်အဆင်များအတွက် Visual Effects အကူအညီဖြင့် သဘာဝကျအောင် ရိုက်ကူးဖန်တီးကြရပါမည်။ ၎င်းကိစ္စရပ်များအတွက် နိုင်ငံခြားမှ အင်အားကြီးမားသော အထူးပြုလုပ်ချက် ကုမ္ပဏီကြီးများ၊ နိုင်ငံခြား ပညာရှင်များ ၀င်ရောက်လုပ်ကိုင်လာဖွယ်ရှိပါသည်။

 ထိုအချိန်တွင် ပြည်တွင်းပညာသည် အင်အားများလည်း ပူးပေါင်းပါဝင်ခွင့် ရရှိလာကြမည်ဖြစ်ပါသည်။ ထိုကုမ္ပဏီကြီးများ၏ ဖွဲ့စည်းပုံတွင် နည်းပညာ အထောက်အကူပြုလုပ်ငန်းများ၊ အဖွဲ့ခွဲ၊ အဖွဲ့ငယ်ယူနစ်များကို တိုက်ရိုက်ထိန်းချုပ်ရသည့် (အခြားတစ်ဖက်တွင်) ရုပ်ရှင်ကားတစ်ကား၏ အနုပညာအသွင်အပြင်အား ကောင်းစေရန် ၀ိုင်းဝန်းပံ့ပိုးပေးရသည့် ဌာနကို Art Department ဟု ခေါ်ပါသည်။ Production Design, Storyboard, Visual Effects, Set Decoration, Wardrobe, Make Up အားလုံးကို ၎င်းဌာနက ဦးဆောင်ဒါရိုက်တာ၊ ထုတ်လုပ်သူတို့နှင့်တိုင်ပင်ကာ ဆိုင်ရာယူနစ်အသီးသီးဖြင့် သင်းဖွဲ့ဆောင်ရွက်လေ့ရှိကြပါသည်။ ထိုအဖွဲ့များတွင် ဇာတ်ကား၏ဘတ်ဂျက်နှင့် အခက်အခဲပေါ်မူတည်၍ ပညာသည် ဆယ်ဂဏန်းမှ ရာဂဏန်းအထိ ပါဝင်ဆောင်ရွက်ကြရပါသည်။

 မြန်မာနိုင်ငံအခြေပြု ရိုက်ကူးရမည့် မြန်မာရုပ်ရှင်ကားတစ်ကား စီမံကိန်းတွင် မြန်မာဘက်မှ ပညာသည်များလည်း ပါဝင်ဆောင်ရွက်ခွင့် ရကြမည်ဖြစ်၍ နိုင်ငံခြားကုမ္ပဏီကြီးများထံမှ နိုင်ငံတကာစီမံ၍ စနစ်ကျသော အလေ့အကျင့်ကောင်းများ (International Pracitce) ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်ခြင်း အဆင့်ဆင့်၏စံနှုန်းများ (Standard Operating Procedure "SOP"), နည်းပညာအားသာချက်များ (Technical Strength), ကြိုတင်ပုံဖော်တတ်ခြင်း (Pre-Visualization), ဆင့်ကဲအုပ်ချုပ်တာဝန်ခွဲဝေမှု (Management Hierarchy), တာဝန်ယူတတ်မှု (Responsive Behavior) များကို အနီးကပ် မြင်တွေ့ပါဝင်ဆောင်ရွက်နိုင်ခွင့်များဖြင့် ရေရှည်အတွက် အုတ်မြစ်ကောင်းများ ရရှိနိုင်ပါမည်။

မိမိတို့ဘက်မှ ဘာသာစကား၊ အချိန်လေးစားမှု၊ အခြေခံနည်းပညာ၊ ပွင့်လင်းမြင်သာစိတ်များ အားကောင်းအောင် ကြိုတင်ပြင်ဆင်ထားကြရန်လည်း လိုအပ်ပါမည်။ အပြောထက် အလုပ်ဖြင့် သက်သေပြကြရပါမည်။ ကျွန်ုပ်တို့၏ အလိုလိုနေရင်း အားနာတတ်သော စိတ်ကို လျှော့ရပါမည်။ အနောက် နိုင်ငံသားများ အားမနာတတ်ပါ။ ကောင်းရင်ကောင်းသည်၊ မကောင်းလျှင် မကောင်းဘူးဟု တည့်တည့်ပြောတတ်ကြပါသည်။ စိတ်လည်း မကောက်တတ်ကြပါ။ ကျွန်တော်တို့က မြန်မာကား တစ်ခါမှမကြည့်ဘူးဟု ဆိုတတ်သည့် မြန်မာလူငယ်များ ပြင်ပကမ္ဘာကို လှမ်းမျှော်နေမည့်အစား မိမိတို့လက်ဝယ်ရရှိမည့် အခွင့်အရေးကောင်းများကို ပိုင်နိုင်စွာအသုံးချနိုင်ရေးအတွက် မိမိတို့၏ နဂိုစွမ်းအားများ ပိုမိုအားကောင်းလာအောင် လေ့ကျင့်ရမည့် အချိန်ကောင်းဖြစ်ပါသည်။

တိုင်းပြည်တစ်ခု၏ရုပ်ရှင်မှာ ထိုတိုင်းပြည်၏ ယဉ်ကျေးမှုဖြင့် တိုက်ရိုက်ပတ်သက်ပါသည်။ ယဉ်ကျေးမှုမတူသော ပြင်ပ ကမ္ဘာမှ ရုပ်ရှင်များဖြင့် အရာရာတိုင်းတွင် တန်းညှိ၍ မရနိုင်ပါ။ မိမိတို့ဘက်မှ ပေါင်းစပ်သင့်သည်ကိုပေါင်း၊ ၎င်းတို့ဘက်မှ ယူသင့်သည်များကိုယူပြီး ကိုယ်ပိုင်ယဉ်ကျေးမှုကို အခြေခံသော ကမ္ဘာကိုချပြနိုင်သည့် ရုပ်ရှင်များ ပေါ်ထွက်လာရန် ၀ိုင်းဝန်းကြိုးစားကြရပါမည်။ ထိုမှသာ အနာဂတ်ရုပ်ရှင်နည်းပညာ ဖွံ့ဖြိုးမှုအတွက် မြန်မာလူငယ်များလက်ဖြင့် ကိုယ်တိုင်ထုဆစ်ထားသော အောင်မြင်မှုဆုတံဆိပ်များကို မြင်တွေ့ကြရမည်ဖြစ်ပါကြောင်း စေတနာကောင်းဖြင့် ရေးသားလိုက်ရပါသည်။

ရေးသားသူ -၀ဏ္ဏကျော်
http://www.myanmarinternetjournal.com/ij/article/4864-2012-08-21-07-24-55

အပမှီတဲ့ကား/ မင်းကောင်းချစ်

တန်ခူးနေဟာ ဒေါသတကြီးနဲ့ကမ္ဘာမြေကို လောင်မီးမြိုက်လျှက်ရှိ၏။ နာရီပြန် (၂) ချက်ကျော် မွန်းလွဲနေရဲ့အရှိန်စော်ကြောင့် အရည်အ သွေးညံ့ဖျင်းတဲ့ကတ္တရာလမ်းမဟာ အရည်ပျော်စပြုနေပြီ။ တခါတရံ ဖြတ်သွားတဲ့ကားဘီးများနဲ့ အရည်ပျော်ကတ္တရာတွေနဲ့ ကပ်ညှိပွတ်တိုက် မှုကြောင့်ဖြစ်ပေါ်တဲ့ ဖြိုးဖြိုးဖျစ်ဖျစ်မြည်သံဟာ ကိုဘလွင်အတွက် နွေဥတုရဲ့ညည်းတွားသံတစ်ခု၊ အမှတ်လက္ခဏာတစ်ခုလိုဖြစ်နေခဲ့ကြပြီ။ တချက်တချက် အမှတ်မထင်ဝေ့လာတတ်တဲ့ လေရူးလေးကြောင့် တဖြပ်ဖြပ်ခပ်သွားတဲ့ ညောင်ရွက်သံတွေနဲ့အတူ လေပူအေးလေးက ကိုဘလွင်ရဲ့ကွမ်းယာဆိုင်လေးကို ပွေ့ဖက်ကျီစယ်သွားတိုင်း နွေနေရဲ့အပူဒဏ်ကိုအာခံနိုင်ဖို့ အင်အားတချို့ရလိုက်စမြဲဘဲ။ ရွှေညောင်ပင် ကွမ်းယာဆိုရင် ရန်ကုန်အနောက်ခြမ်း လှိုင်မြစ်ကမ်းဘေးတလျှောက် လူတော်တော်များသိကြတယ်။ အထူးသဖြင့် ဆိုက္ကားသမား၊ တက္ကစီ နဲ့ ကားသမားတွေကြားမှာ နာမည်ရတယ်။ ကိုဘလွင် ထုံးဖောက်ကောင်းတာရော ဆက်ဆံရေးပြေပြစ်တာကြောင့်လို့ထင်ပါတယ်။

ကိုဘလွင်ကွမ်းယာဆိုင်က လမ်းမနှစ်ခု အင်္ဂလိပ် အက္ခရာ (T) ပုံသဏ္ဍန်ဆုံတဲ့ လမ်းဦးတိုက်က ညောင်ပင်ကြီးအောက်မှာတည်ထားတာမို့ ရွှေညောင်ပင်ကွမ်းယာလို့ခေါ်ကြတာပါ။ အသိဗေဒင်ဆရာတစ်ဦးက အကြံပေးတဲ့အတိုင်း လမ်းဦးတိုက်မှာဆိုင်ဖွင့်ထားလို့ အန္တရာယ်ကင်း အောင် ကျားခေါင်းပုံပန်းချီကားချိတ်ထားလို့ ကျားဘလွင်လို့လဲ ရင်းနှီးသူတချို့ကခေါ်ကြတယ်။ တကယ်တော့ ကိုဘလွင် ဒီကွမ်းယာဆိုင် လေးဖွင့်ပြီးလုပ်ကိုင်စားသောက်နေတာ နှစ်ပေါင်း (၂၀) ကျော်ခဲ့ပြီ။ ဖျာပုံဇာတိ၊ ဧရာဝတီတိုင်းသား ကိုဘလွင်တယောက်သူ့မွေးရပ်မြေကို ကျောခိုင်းပြီး ရန်ကုန်မြို့ကြီးကို စွန့်စွန့်စားစားတက်လာတာ မိသားစုဘ၀လေး တိုးတက်စေချင်လို့ပါ။ သားလေးတစ်ယောက် မွေးလာတော့ လည်း နာမည်ကို “တိုးတက်လွင်” လို့မှည့်ပေးခဲ့တယ်။ ရန်ကုန်ရောက်စကတော့ ကြုံရာကျပမ်းအလုပ်လုပ်ရင်း ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရတာ။အခုတော့ မိသားစုကို ဖူလုံအောင်ထမင်းကျွေးနိုင်တဲ့ကွမ်းယာဆိုင်လေးလည်းပိုင်ပြီ။ သားကြီး “တိုးတက်” လည်း တက္ကသိုလ်အဆင့် ကျောင်းမထားနိုင်ပေမယ့် အရပ်ထဲက ကားဝပ်ရှော့မှာအပ်ထားပြီး ကားပညာသင်ခိုင်းထားနိုင်တော့ ဘာပဲပြောပြော ငါ့ဘ၀တိုးတက်လာ တာဘဲလို့ ကိုဘလွင်တစ်ယောက် တွေးရင်းကျေနပ်နေမိတယ်။

မနေ့တည်းကမှာထားတဲ့အော်ဒါတွေလာယူရင် အဆင်သင့်ဖြစ်နေအောင် ရေဖန့်ဖန့်လေးစွတ် ထားတဲ့စွတ်ထားတဲ့ အ၀တ်ဖြူနဲ့အုပ်ထားတဲ့ ခြင်းကြားတဲက ကွမ်းရွက်နုနုလေးတွေကို အထပ်လိုက်ထုတ်ပြီး တစ်ရွက်ချင်း အညှာဖြတ်၊ အရွက်ဖျားတိနေတုန်း လျောခနဲ နောက်ဆုံးပေါ် ကားကြီးတစ်စီး သူ့ဆိုင်ရှေ့ကိုလွန်ပြီး ငြိမ့်ခနဲထိုးရပ်လာတာ သတိပြုမိလိုက်တယ်။ ကြည့်လိုက်တာနဲ့အဖိုးတန်ကားမှန်း သိသာပါတယ်။ တဖိတ်ဖိတ် ထနေတဲ့အရောင်ကလည်း တွေ့လေ့တွေ့ထရှိတဲ့ကားရောင်မျိုးမဟုတ်၊ အပြာလို့လည်းပြောမရ၊ ငွေမင်ရောင်လို့လဲမဆိုနိုင် ကြားရောင်မို့ ဓာတ်ပြာရောင်လို့ဘဲခေါ်ရမလားမသိဘူး။ ကားစက်သံဆိုတာ နှိုးထားမှန်းတောင် မသိနိုင်ဘူး။

အင်္ဂလိပ်စာမတတ်လို့ ကားအမျိုးအစားကို မဖတ်တတ်ပေမယ့် နီကယ်ရောင်တလက်လက်တောက်နေတဲ့ သစ်ကျုတ်တစ်ကောင်ခုန်အုပ်မယ့်ပုံ၊ ဖောင်းကြွရုပ်လုံးလေးက ကားနောက်ဖုံးပေါ်မှာ ခမ်းခမ်းနားနား လှနေတာတွေ့ရတယ်။ ကြည့်ကောင်းလို့ကြည့်နေတုန်း မောင်းသူ ဘက်က ကားရှေ့တံခါးဖွင့်လာပြီး ရှပ်အင်္ကျီဖြူ ဘောင်းဘီနက်နဲ့ ကားမောင်းသူဟာ ကိုဘလွင်ဆိုင်ဘက်လျှောက်လာတာတွေ့ရတယ်။ က တုံးစတောက်ကေနဲ့ အညာသားပုံပေါ်လွင်တဲ့ဒရိုင်ဘာက အနားရောက်လာတော့ “နှပ်ဆေးနဲ့ ၅၀၀ ဖိုးလုပ်ပေးပါ” “ရတယ် ဆရာ အာမွှေး လေးထည့်ချင်သေးလား” ကိုဘလွင်က နှပ်ဆေးဘူးကိုဖွင့်ရင်း ပြန်ပြောလိုက်တယ်။ “ဟာ…မထည့်နဲ့ သိပ်မွှေးလွန်းတော့ အုံနာက မကြိုက် ဘူး”
ယာပြီးစကွမ်းတစ်ယာကို ကိုဘလွင်ကကမ်းပေးလိုက်ရင်း “တစ်ယာလောက်ဝါးသွားမလား ဆရာ” “ဟာ မလုပ်နဲ့ အလုပ်ချိန်မှာ ကျွန်တော် ကွမ်းစားလို့မရဘူး” ဒရိုင်ဘာက ပြာပြာသလဲငြင်းဆန်ရင်း ကွမ်းယာဆိုင်ဘေးက ခုံတန်းလျားမှာဝင်ထိုင်လိုက်တယ်။ “ဆရာ့ကားက လှ လိုက်တာဗျာ တော်တော်အဖိုးတန်မယ်နော်” ယာပြီးသားကွမ်းယာတွေ ပလတ်စတစ်အိပ်သေးလေးထဲသိပ်ထည့်ရင်း ကိုဘလွင် မနေနိုင် မထိုင်နိုင် ချီးမွှမ်းလိုက်မိတယ်။
“ကားကအသစ်ဆိုတော့ တန်ဖိုးကတော့ကြီးတာပေါ့ဗျာ။ ခင်ဗျားတို့ ပြောင်ပြောင်မြင်တိုင်း ရွှေမထင်နဲ့ဗျ။ အတော်ဂဂျီဂဂျောင်ကျတဲ့ကား ကျုပ်ကားမောင်းလာတာ အနှစ် (၂၀) ကျော်ပြီ ဒီလောက်ဗွေဖောက်တဲ့ကား တစ်ခါမှမကြုံဖူးသေးဘူး” လို့ ကိုင်ထားတဲ့ဂျာနယ်နဲ့ ယပ်ခပ်အ အေးခံရင်း ကားဒရိုင်ဘာက ပြန်ပြောလာတယ်။ “အားပါး ကောင်းလိုက်တဲ့ကားကြီး တာဝတိံသာက ဦးမာတလိကြီးမောင်းတဲ့ကားကြီးပါ လားဗျာ” ပုခုံးပေါ်ကဖျင်တဘက်ပိုင်းလေးနဲ့ ချွေးသုပ်ရင်း သူ့ဆိုက္ကားကို ညောင်ပင်ရိပ်အောက်မှာထိုးဆိုက်ရင်း ဆိုက္ကားသမား ကိုနီတွတ်က ရောက်မဆိုက် ၀င်ပြောလာတယ်။

“လာပြန်ပြီနောက်တစ်ယောက် ဗြမ္ဗာကြီးဦးခေါင်းနဲ့တူတဲ့ ဒီကားရဲ့ဒုက္ခကို မောင်းနေရတဲ့ကျုပ်ကအသိဆုံးပါ။ အင်မတန်သောက်သက် တဲ့ကားဗျ။” အတော်ကြီးစိတ်ပျက်တဲ့မာန်နဲ့ ငြီးငြူနေတဲ့ ဒရိုင်ဘာကို ဆိုက္ကားသမား ကိုနီတွတ်က တအံတသြကြည့်ရင်း ပြန်မေးလိုက်တယ် “ဘယ်လိုသောက်သက်တာလဲဗျာ” ကိုနီတွတ်က ပြန်မေးလိုက်တယ်။ “ကားထဲမှာ ဘာမှန်းမသိတဲ့အလုပ်အများကြီး၊ သိုးဆောင်းစာတွေနဲ့ ရှုပ်ပွလို့ ခါးပါတ်မပတ်ရင်လည်း သိုးဆောင်းစကားတွေထွက်လာ နားရှုပ်မျက်စိရှုပ် ဦးနှောက်ခြောက်စရာ အတော်ကောင်းတယ်” “ သိုး ဆောင်းစာနဲ့စကားဆိုတာ ဘာလဲဆရာ” ကိုနီတွတ်ထပ်မေးတာကို ကားဒရိုင်ဘာက “အဖြူကောင်တွေရဲ့စာနဲ့စကားကိုပြောတာ” လို့ပြန် ဖြေလိုက်တယ်။ “သြော် ဘိုစာနဲ့အင်္ဂလိပ်စကားကိုပြောတာ လား” ကိုနီတွတ်က လက်ကလေးနောက်ပစ် ခါးကိုင်းပြီး ကားအားကပ်ကြည့်ရင်း မေးလိုက်ပြန်တယ်။ “ဟုတ်တယ် ဒီကားပြဿနာမလုပ်တဲ့ရက် မရှိဘူး။ စ၀ယ်တုန်းကတည်းက အုံနာကို ကျုပ်ကပြောတယ်၊ နတ်ကွန်းသွား ပြပြီး အစဉ်အလာအတိုင်းလုပ်ဖို့ပြောတာ အယုံအကြည်မရှိဘူးတဲ့။ အခုတော့ဘာလုပ်ကြမလဲ။ မောင်းနေရင်း ထိုးရပ်ရင် ရပ်သွားတတ်တယ်။ ဒီကားညဉ်ကိုမကောင်းဘူး ပြဿနာတွေကအစုံပါဗျာ” ကားဒရိုင်ဘာက သူ့ကားအကြောင်း အတင်းအရှည်ပြောပြီး စိတ်ပေါ့ပါးသွားပုံရပြီး ကိုဘလွင်ကမ်းပေးလိုက်သည့် ကွမ်းယာထုပ်ကိုယူပြီး ကားပေါ်တက်သွားတော့တယ်။

“ကားအသစ်ကြီးက ဒီလိုဖြစ်တာ နားမလည်နိုင်ဘူးဗျာ” ကိုနီတွတ်ရဲ့မှတ်ချက်သံကို ကိုဘလွင် ပခုံးတွန့်ပြရင်း ကွမ်းယာခုံကို အ၀တ်သန့် လေးနဲ့ပွတ်တိုက်သန့်စင်နေမိတယ်။ တအောင့်လောက်ကြာတော့ ကားဒရိုင်ဘာက ကသုတ်ကရက်ကားပေါ်က ပြန်ဆင်းလာပြီး “ပြဿနာ လေးပြန်ပြီဗျို့ စက်နှိုးလို့မရတော့ဘူး။ ဒီအနီးနားတ၀ိုက်မှာ ကားဝပ်ရှော့လေးများရှိသလား” ကိုဘလွင်က ချက်ခြင်းပြန်ဖြေလိုက်တယ်။ “မိုးကားဝပ်ရှော့ဆိုတာရှိတယ်။ ခေါ်ပေးရမလား” “လုပ်ပါအုံးဗျာ အုံနာရဲ့သားကို လေးနာရီခွဲအမှီ ကျူရှင်သွားကြိုရမှာ။ မိုးဝပ်ရှော့ကိုသွား ခေါ်ပေးပါလား” ကိုဘလွင်က ကိုနီတွတ်ကိုလှမ်းပြောလိုက်တော့ “ခုချက်ခြင်းခေါ်လာခဲ့မယ်” လို့ပြောရင်း ကိုနီတွတ်သူ့ဆိုက္ကားကို နင်း ထွက်သွားတယ်။

သိပ်မကြာလိုက်ပါဘူး။ ကိုနီတွတ်ဆိုက္ကားနဲ့ ၀ပ်ရှော့ဆရာ ဦးလှဒင်နဲ့ ကိုဘလွင်သား တိုးတက်တို့ ရောက်လာကြတယ်။ ဆီဂျီးအလိမ်းလိမ်းနဲ့ စွတ်ကျယ်လက်စက၀တ်ထားတဲ့ ဦးလှဒင်နဲ့ ဂွနဲ့စပန်နာတွေထည့်ထားတဲ့ ညစ်ပေတူးပြီး အရောင်မပေါ်တော့တဲ့ ပတ္တူအိတ်ကိုကိုင်ပြီး ကုပ် ကုပ်လေးရပ်နေတဲ့ တိုးတက်ကိုကြည့်ပြီး ကားဒရိုင်ဘာက ခေါင်းတရမ်းရမ်း လုပ်နေတာတွေ့ရတယ်။ “ဘယ်လိုဖြစ်တာလဲ” ဦးလှဒင်ရဲ့ မေးခွန်းကို ကားဒရိုင်ဘာက တိုတိုဘဲပြောတယ် “စက်နှိုးလို့မရဘူး” “အင်ဂျင်လည်သံကြားရလား” လို့ထပ်မေးတော့ ဘာသံမှမကြားရဘူးလို့ ပြန်ပြောတယ်။ ကျုပ်တချက်ဝင်ကြည့်လိုက်အုံးမယ်လို့ပြောပြီး ကားတံခါးကိုဆွဲဖွင့်ဖို့ ကြိုးစားတော့ ဒရိုင်ဘာက ပြာပြာသလဲ “ဟေ့လူ တစ် ခါထဲဝင်တော့မှာလား” လို့မေးလိုက်တယ်။ ဦးလှဒင်က နားမလည်သလိုပြန်ကြည့်ပြီး “ဘာဖြစ်လို့လဲ” ပြန်မေးလိုက်တဲ့အခါ “ခင်ဗျားရဲ့ ညစ်ပေနေတဲ့ ဒီအ၀တ်အစားတွေနဲ့ ကားထဲဝင်ရင် ထိုင်ခုံတွေညစ်ပတ်သွားမှာပေါ့ဗျ” လို့ ဒရိုင်ဘာက စိတ်ဆိုးမာန်ဆိုးနဲ့ပြောလာတယ်။

“ဒါဆို ကျုပ်ဘာလုပ်ရမှာလဲ အ၀တ်အစားအသစ်ပြန်လဲရမှာလား” လို့ ဦးလှဒင်က အငေါ့ထူစကားဆိုလာတာနဲ့ ကိုဘလွင်လဲ မနေသာတော့ ဘဲ “ကဲပါဗျာ ကျုပ်ဆိုင်က သတင်းစာစက္ကူဟောင်းတွေ ခုံပေါ်မှာဖြန့်ခင်းပြီးဝင်ထိုင်ရင် ပေစရာအကြောင်းမရှိပါဘူး” လို့ ကြားချပေးလိုက်မှ အဆင်ပြေသွားတယ်။

ဦးလှဒင်လည်း ကားထဲဝင်ထိုင်ပြီး ဘာတွေလုပ်နေသလဲတော့မသိဘူး။ အတန်ကြာတော့ ခေါင်းလေးထွက်လာပြီး “မောင်တိုးတက်ရေ ငါ့ မျက်မှန်လေး” လို့ပြောတော့ သားတိုးတက်က အိတ်ကပ်ထဲ အသင့်ပါတဲ့မျက်မှန်ကို သူ့ဆရာဆီ တရိုတသေပေးလိုက်တယ်။ အဲဒီမှာ ကား ဒရိုင်ဘာက “၀ပ်ရှော့ဆရာ ခင်ဗျား ဘိုစာဖတ်တတ်သလား” လို့ မေးလိုက်တော့ ဦးလှဒင်က “မဖတ်တတ်ပါဘူးဗျာ” လို့ပြန်ဖြေတယ်။ “ဘာ ဖြစ်လို့မျက်မှန်လိုတာလဲ” လို့ထပ်မေးတယ်။ ဦးလှဒင်က ကားဘောနက်ဖုံးဖွင့်ဖို့ ခလုတ်ရှာနေတောလို့ပြောတော့ “ဟာဗျာ ခင်ဗျားကလဲ ဖယ်ဖယ် ကျုပ်ဖွင့်ပေးမယ်” လို့ပြောရင် ခလုတ်တစ်ခုကို လှမ်းနှိပ်ပေးလိုက်တယ်။

အဲဒါနဲ့ ဦးလှဒင်နဲ့သားတိုးတက်တို့နှစ်ယောက် ကားဘောနက်ဖုံးကိုဖွင့်ပြီး အင်ဂျင်ကို ကြည့်ကြနှိုက်ကြတယ်။ ဆယ်ငါးမိနစ်လောက်နေတော့ ဦးလှဒင် ကားခေါင်းထဲဝင်ထိုင်ပြီး စက်နှိုးကြည့်ပြန်တယ်။ အင်္ဂလိပ်လိုပြောတဲ့အသံလေးတွေ ထွက်ပေါ်လာပြီး “နှိုးမရဘူး” ကားပေါ်က ဆင်းလာပြီး ဦးလှဒင်က ကားဒရိုင်ဘာကိုလှမ်းပြောလိုက်တယ်။ “ခင်ဗျားကားက စက်ပိုင်းဆိုင်ရာ အားလုံးကောင်းတယ်။ လျှပ်စစ်ပိုင်း ဆိုင်ရာမှာ ပြဿနာရှိနေတယ်။ ဒီလိုဘီးအင်ဂျင်မျိုးကိုပြင်ဖို့ ကွန်ပျူတာနဲ့ကြည့်မှရမှာ” ဒီမှာတင် ကားဒရိုင်ဘာက “ဟာဗျာ စောစောကပြော ရောပေါ့ မပြင်နိုင်ဘူးဆိုရင်လဲ” ဗျစ်တောက်ဗျစ်တောက်ပြောရင်း သူ့မှာပါလာတဲ့ လက်ကိုင်ဖုန်းနဲ့ အလုပ်ရှုပ်နေတုန်း ဦးလှဒင်နဲ့သား တိုးတက်တို့လဲ အိတ်ကလေးဆွဲပြီး ပြန်ထွက်သွားကြတယ်။

နာရီဝက်လောက်နေတော့ အမိုးဖွင့်ဂျစ်ကားတစ်စီးနဲ့ စက်ပြင်ဆရာနှစ်ယောက်ထပ်ရောက်လာတယ်။ သူတို့ကတော့ ဦးလှဒင်တို့ထက် ပို သန့်ပြန့်တဲ့ တူညီဝတ်စုံတွေဝတ်ထားပြီး ကြိုးတန်းလန်းနဲ့ ကွန်ပျူတာစက်အသေးလေးတွေလဲ ပါလာတယ်။ ကားဒရိုင်ဘာနဲ့ အကျိုးအ ကြောင်းပြောဆိုပြီးတော့ ပါလာတဲ့ကိရိယာတွေနဲ့ ချိတ်ဆက်ပြီး ပြင်ဖို့ကြိုးစားကြပြန်တယ်။

ခဏနေတော့ စက်ပြင်ဆရာတစ်ယောက်က “ဘာဖြစ်တာလဲ မသိဘူး” ဆိုပြီး ချိတ်ထားတဲ့ ကွန်ပျူတာစက်လေးကို ပုတ်လိုက် နောက်ကျော မှာတပ်ထားတဲ့ဆော့ကတ်လေးကို ဖြုတ်လိုက် တပ်လိုက် ခလုတ်လေးတွေ နှိပ်လိုက်နဲ့လုပ်နေတုန်း နောက်ထပ်ကားသစ်ကြီးတစ်စင်း လျောခနဲ ထိုးဆိုက်လာတယ်။ “ဘာဖြစ်နေကြတာလဲ ကိုကြီးစိန်” လို့ ဒရိုင်ဘာကိုလှမ်းပြောပြီး စက်ပြင်ဆရာတွေလုပ်နေတောကို တဆက် တည်း လှမ်းကြည့်လိုက်တယ်။ ပြီးတော့ ချက်ခြင်းဘဲ “ခင်ဗျားတို့လုပ်နေတာတွေ ရပ်လိုက်ပါ ကြိုးတွေဖြတ်သိမ်းလိုက်တော့” လို့ပြောရင်း “ခင်ဗျားဟာက ယူနီဗာဆယ်ဒိုင်ရာဂနော့တစ်တူး (စ်) မဟုတ်လို့ ကျွန်တော့်ကားကို ဖတ်လို့ရမှာမဟုတ်ဘူး ပြောပြန်တယ်” စက်ပြင်ဆရာ တွေ ပစ္စည်းသိမ်းပြီးတော့ သူ့ကားအကြောင်း သူကောင်းကောင်းသိပုံရတဲ့အုံနာက ကားထဲဝင်ထိုင်ပြီး ပါလာတဲ့သော့အပိုတစ်ချောင်းနဲ့ သော့ပေါက်ထဲ ထည့်လှည့်လိုက်တော့ စက်နှိုးသွားပါတော့တယ်။

“သားကိုကြိုဖို့ နောက်ကျနေပြီ။ ကျွန်တော်ပဲ သွားကြိုတော့မယ်။ ကိုကြီးစိန် ခင်ဗျားနောက်ကကားကိုသာ ပြန်မောင်းသွားတော့” လို့ပြောပြီး ထွက်သွားတော့တယ်။ ကိုကြီးစိန်ဆိုတဲ့ ကားဒရိုင်ဘာကလည်း ကိုဘလွင်ကို တစ်ချက်လှမ်းကြည့်ပြီး “တွေ့တယ်မဟုတ်လား ဒီကားက အဲ့သလိုဒုက္ခပေးတာ” လို့ပြောပြီး နောက်ကကားကို မောင်းထွက်သွားတော့တယ်။ ဆိုက္ကားသမား နီတွတ်က“အဲ့ဒါ နတ်ကွန်းမပြလို့ အပမှီ တာနေမှာ” လို့ ဘုမသိဘမသိ ၀င်ပြောလာတယ်။ “တောက်တီးတောက်တက် ကိုနီတွတ်ရယ် ဘယ်ကအပမှီရမှာလဲ ကားဒရိုင်ဘာ သူ့ ကားအကြောင်း သူမသိတာနေမှာပါ” လို့ ကိုဘလွင်ကပြန်ပြောလိုက်တုန်း “မယုံမရှိနဲ့ကိုဘလွင် ပိုင်ရာဆိုင်ရာတွေဆိုတာရှိတယ်” လို့ ပြောပြီး ကိုနီတွတ်လဲ ဆိုက္ကားနင်းပြီးထွက်သွားတော့တယ်။

ကိုဘလွင်လည်း ကွမ်းယာဆိုင်လေးရှေ့ ရေဖြန်းပြီး အမှိုက်လှည်းရင်း ဆက်ပြီးအတွေးနယ်ချဲ့မိနေတယ်။ ကားအသစ်ကြီးတွေနောက်ဆုံးပေါ်မော်ဒယ်ကားတွေ အီးအင်ဂျင်နဲ့ကားတွေချည်းဘဲအသစ်ဝင်လာရင် သားတိုးတက်တို့ရဲ့ မိုးကားဝပ်ရှော့မျိုးတွေ အလုပ်ရပါအုံးမလား။ အင်္ဂလိပ်စာကမတတ် ကွန်ပျူတာလဲနားမလည်တဲ့ ဦးလှဒင်တို့လိုစက်ပြင်ဆရာတွေ ဘယ်လိုဆက်ပြီးလုပ်စားကြမလဲ စဉ်းစားရင်း တွေးရင်း သားကြီးတိုးတက် ဘ၀အတွက် ရင်မောလာမိတယ်။ “အို ငါ့နှယ့် တစ်တီတူး မိုးပြိုမှာ ကြောက်သလိုမျိုးဖြစ်နေပြီ။ အီးအင်ဂျင်မဟုတ်တဲ့ ရိုးရိုးအင်ဂျင်နဲ့ကားတွေ ဗမာပြည်မှာ အများကြီးကျန်သေးတာဘဲ” လို့ ဖြေသိမ့်တွေးရင်း ဆိုင်ပေါ်ပြန်တက် ယာလက်စကွမ်းယာတွေ အပြီး သတ်ယာနေမိတော့တယ်။ လေပူအေးလေးတစ်ချက်အဝှေ့မှာ ညောင်ရွက်ဝါလေးတွေ တဖျောဖျော လမ်းမပေါ် ကြွေကျမစဲ နွေနေရဲ့ အပူ ဟာ ကိုဘလွင်ရင်ထဲက သောကအပူကို အနိုင်ယူနိုင်အားမရှိရှာတော့။

http://moemaka.com/?p=26848 

Monday, 27 August 2012

ထောင်ထွက် (သို့မဟုတ်) လက်မထောင်၍ ထွက်လာသူ Written by ကိုနော်(ပုဂံ)


ညောင်ဦးမြို့ သန်လျက်ချောင်း ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း သြဂုတ်လ တတိယပတ်က ၈၈ မျိုးဆက်ကျောင်းသားများနှင့် ဒေသခံများတွေ့ဆုံစဉ်
(၁)    

အရိပ်အာဝါသ ကောင်းမွန်လှသော ကျောင်းသင်္ခမ်းလေးတစ်ခု၏ ပရိဝုဏ်အတွင်း၌ ဖြစ်၏။  
ထိုကျောင်းသင်္ခမ်းလေးတွင် အချိန်ကာလ တိုင်းတာခန့်မှန်း၍ မရနိုင်သော အနာဂတ်တစ်ခု၌ သားကောင်းရတနာများဖြစ်လာနိုင်သည့် ကျောင်းသား၊ ကျောင်းသူတချို့လည်း အခမဲ့ ပညာရည်နို့ သောက်သုံးလျက်ရှိကြသည်။

ထိုနေ့တွင်မူ ဆိုခဲ့သည့်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ မြို့သူ၊ မြို့သားအများစုပါ ထိုကျောင်းသင်္ခမ်းလေး၏ ပရိဝုဏ်အတွင်းသို့ စုရုံးရောက်ရှိနေကြကုန်၏။ ပရိဝုဏ်အတွင်း ကွင်းပြင်ကျယ် တွင်အခင်းစောင်၊ ဖျာများခင်းလျက် ဖြင့်လည်းကောင်း၊ မန်ကျည်းရိပ်၊ တမာရိပ်၊ စိန်ပန်းရိပ်ဝယ် စုဖွဲ့ဝန်းဝိုင်း စကားဖောင်ဖွဲ့ရင်းဖြင့်လည်းကောင်း နေ့မွန်းလွဲ တစ်ချက်တီးမှသည် နေစွယ်ကျိုးချိန်တိုင် တစ်စုံတစ်ရာကို မျှော်လင့်တကြီး စောင့်စားနေကြသည်။  

''သူတို့က မြိုင်ကနေ ပခုက္ကူပြီးမှ ဒီကိုလာကြရမှာ''ဟု အမျိုးသမီးတစ်ဦးက သူ၏အဖွဲ့ထံ သတင်းစကားလှမ်းပါးသည်။ စကားစမြည် ပြောကြ၊ ဆိုကြရင်း ကျောင်းတံခါးဝဆီသို့ ခေါင်းတမော့မော့၊ လည်တဆန့်ဆန့်နှင့် မျှော်နေကြပြန်သည်။ မျှော်လင့်စောင့်စားရခြင်းများသည် ဘ၀နှင့်ထပ်တူထပ်မျှ မွေးဖွားရှင်သန်ခဲ့ရသူများဖြစ်သည်မို့ ယခုကဲ့သို့ စောင့်မျှော်ရခြင်းကိုလည်း ထွေထွေထူးထူး မောပန်းဟန်ကားမရှိကြ။ အပြုံးမပျက် ဇွဲထက်သန်စွာဖြင့်သာ စောင့်ဆိုင်းနေကြသည်။

သူတို့စောင့်မျော်နေသောအရာ သူတို့စောင့်မျော်နေသော လူတစ်စု သည် မြို့တွင်းလည်ပတ်ပြီးနောက် နေမ၀င်မီ ကျောင်းသင်္ခမ်းလေး၏ ပရိဝုဏ်အတွင်းဝင်ရောက်လာချေပြီ။ စောင့်မျော်နေသူများ ၀မ်းမြောက် ၀မ်းသာ ပန်းကုံးတွေစွပ်ကြသည်။လက်ဆွဲနှုတ်ဆက်ကြသည်။ ပွေ့ဖက် ဆီးကြိုကြသည်။ လက်ခုပ်သြဘာ ပေးကြသည်။

ပင်ကိုယ်အားဖြင့် စာအံသံမှ တစ်ပါး တိတ်ဆိတ် ငြိမ်သက်မြဲ ဖြစ် သောကျောင်းသင်္ခမ်းလေး၏ ပရိဝုဏ်သည် ယခုတော့ ကျောင်းသူ၊ ကျောင်းသားများ၊ မြို့ခံများ၏ လက်ခုပ် သြဘာသံများဖြင့် ညိုးညိုးညံနေလေသည်။ အနီရောင်နောက်ခံလိုက် ကာဆင်ယင်ထားသည့် စင်မြင့်ပေါ်သို့ ရောက်ရှိလာသော အဖြူရောင် လည်ကတုံးအင်္ကျီနှင့် အနက်ရောင် ပုဆိုးလုံချည်ဆင်တူ ၀တ်ဆင်ထားသည့် အမျိုးသား၊ အမျိုးသမီးတစ်စုသည် သူတို့အား မျှော်လင့်အားကိုး တကြီးစောင့်စားနေသည့် မြို့ခံပရိသတ်ထံ မိတ်ဆက်စကားဆိုလေပြီ။

ကျောင်းသား၊ ကျောင်းသူများ၊ မြို့ခံဧည့်ပရိသတ်များ မျှော်လင့် အားကိုးစွာ စောင့်စားနေကြသော လက်ခုပ်သြဘာပေး၍ ကြိုဆိုနေကြသည့် သူတို့တစ်တွေသည် တကယ်တော့ မနေ့တစ်နေ့က နှစ်ရှည်လများ အကျဉ်းချခံထားရာမှ လွတ်မြောက်လာသူများပင် ဖြစ်သည်။ သူတို့သည် သရက်ထောင်၊ တောင်ကြီးထောင်၊ သာယာဝတီထောင်၊ အင်းစိန်ထောင်စသည့် နိုင်ငံတစ်ဝန်း ထောင်အသီးသီးမှ လွတ်မြောက်လာသော ၈၈ မျိုးဆက်ကျောင်းသား ထောင်ထွက်များပင်။

(၂)
''ထောင်''ဟူသော ဝေါဟာရသည် ကျွန်တော်တို့ မြန်မာ့လူမှုအသိုင်းအ၀ိုင်းနှင့် မစိမ်းသည့်တိုင် မစပ်ယှက်ချင်ကြသည်မို့ နှုတ်ဦး၊ နှုတ်ဖျား စကားဦးသန်းမိသည့်အခါ မျိုးတွင်တောင် ''လွဲပါစေ၊ ဖယ်ပါစေ'' ဆိုပြီး သုံးနှုန်းတတ်ကြသည်။
''အချုပ်အနှောင်ခံရကိန်း၊ လက်ထိတ်၊ ကြိုးချီခံရကိန်းရှိသည်''ဟု လမ်းဘေးမထင်မရှား၊ မတောက်တခေါက် ဗေဒင်ပညာမျှဖြင့် ဟောကိန်းထုတ်ခံရပြီဆိုလျင်ပင် ကျွန်တော်တို့မှာ အကြောက်တရား ရှေ့တန်းတင်ကာ ဆင်ခြင်ကြရပြီ။ စေတနာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ငါးတွေလွှတ်ရ၊ ငှက်တွေလွှတ်ကြဖြင့် ယတြာတွေချေကြရပြီ။ ကုသိုလ်ကောင်းမှုတွေ ဆထက်ထမ်းပိုး တိုး၍ လုပ်ကြရသည်။

ထို့အတူ ထောင်ထွက်ဆိုသည့် လူတန်းစားတစ်ရပ်ကိုလည်း ငယ်စဉ်ဘ၀က တစ်စိမ်းဆန်ဆန် သံသယအမြင်ဖြင့် ကြည့်ရှုခဲ့ဖူးသည်ကို သတိရမိသည်။
''သူ့အဖေက ထောင်ထွက်နော် သွားမစမိလေနဲ့''
''သူက ထောင်ထွက်။ ထောင်ကို အိမ်ဦးနဲ့ကြမ်းပြင်လို ၀င်ထွက်နေတဲ့သူ။ ယှဉ်ပြီးမမိုက်လေနဲ့။'' စသည်ဖြင့် ထောင်ထွက်ဆိုလျှင် မကောင်းမြင်ဖြင့်သာ လူကြီးသူမ တချို့၏ စကားနားယောင်ပြီး အချိန်ကာလတစ်ခုအထိ ရှုမြင်ခဲ့ဖူးသည်။
အရွယ်ရောက်၍ စာတိုပေစများဖတ်ဖြစ်လာသောအခါ လူဆိုးလူမိုက်တိုင်းသည် ထောင်ကိုအိမ်ဦးနှင့် ကြမ်းပြင်ပမာ ၀င်ထွက်သွားလာနေသော ထောင်ထွက်များဖြစ်သည့် တိုင်ထောင်ထွက်တိုင်းမှာ ကျွန်တော်သံသယရှိခဲ့သော လူဆိုးလူမိုက်ကြီး များမဟုတ်ကြောင်း သိလာသည်။
ကျွန်တော် လေးစားအားကျခဲ့ရသော သတင်းစာဆရာ၊ စာရေးဆရာကြီး လူထုဦးလှသည် ထောင်ကျခဲ့ဖူးသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန် တစ်တပ်တစ်အား ပါဝင်ဆင်နွှဲခဲ့သူ၊ လွတ်လပ်ရေးရပြီးနောက်လည်း ပြည်တွင်းငြိမ်းချမ်းရေး၊ တစ်မျိုးသားလုံး ကြီးပွားတိုးတက်ရေးအတွက် ကလောင်တစ်ချောင်းဖြင့် စွမ်းစွမ်းတမံ ဆောင်ရွက်နေသူ လူထုဦးလှသည် အများအကျိုး ရွက်သယ်ပိုးလျက်ပင် မန္တလေးထောင်နှင့် ရန်ကုန်ထောင်တို့၌ သုံးနှစ်ကျော် ထောင်ကျခဲ့ဖူးကြောင်း သိရသည်။

ထိုနည်းတူ အိန္ဒိယနိုင်ငံမှ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်တစ်ဦးအဖြစ် ကျော်ကြားသူ၊ ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာကြီးနေရူးသည်လည်း သူ့နိုင်ငံပြည်သူများ လွတ်လပ်ရေးအတွက်၊ ဒီမိုကရေစီရေးအတွက် ဦးဆောင်ဦး ရွက်ပြုသောကြောင့် ထောင်အကြိမ် ကြိမ်ကျခဲ့ရ၏။
တောင်အာဖရိကမှ လူဖြူ လူမည်း အသားအရောင် ခွဲခြားဆန့်ကျင်မှုကို ပြတ်သားစွာဆန့်ကျင်ခဲ့သူ၊ ဒီမိုကရေစီနှင့် လွတ်လပ်ရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သော နယ်ဆင်မင်ဒဲလားသည်လည်း ထောင်အတွင်း ၂၇ နှစ်တိုင် စံမြန်းခဲ့ရ၏။

w7_47_06_1
စာပေအနုပညာသမား၊ အာဏာရှင်စနစ်ကို ဆန့်ကျင်၍ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ခဲ့သူ၊ ပြည်သူအတွက် ကတ္တီပါတော်လှန်ရေးကို ဦးဆောင်ဆင်နွှဲခဲ့သူ၊ ငြိမ်းချမ်းရေးသမားချက် သမ္မတဟောင်း ဗားကလက်ဟာဗလ် သည်လည်း ထောင်အကြိမ်ကြိမ် ကျခဲ့ရ၏။

လူထုဦးလှသည်ထောင်ထဲမှပင် သူတို့ခေတ်၏ နိုင်ငံရေး၊ သမိုင်း၊ လူမှုရေး၊ အထွေထွေဗဟုသုတများ ပါသော ပေးစာများကို ဇနီးနှင့် သား သမီးများသို့ ထောင်တွင်းမှပေးစာများအဖြစ် ရေးခဲ့သည်။ ထောင်အတွေ့အကြုံများ၊ ထောင်တွင်းအကျဉ်သား တို့ဘ၀များ၊ ခေတ်စနစ်နှင့် ပြည်သူတို့၏ ကြုံတွေ့ဖြတ်သန်းခဲ့ရသော ဘ၀ကို ထင်ဟပ်စေမည့် ထောင်စာအုပ်များကို ရေးသားထားခဲ့သည်။ မည်မည်ရရ အပြစ်တစ်စုံတစ်ရာ မရှိပါဘဲ ပုဒ်မ ၅ ဖြင့် ထောင်သွင်း အကျဉ်းချခံရပြီးမှ လွတ်မြောက်လာသော ငြိမ်းချမ်းရေးနှင့် ညီညွတ် ရေးသမား၊ ပရဟိတစိတ်၊ မျိုးချစ် စိတ်ထက်သန်သူ၊ သတင်းစာဆရာ ထောင်ထွက်လူထုဦးလှကို ဖဆပလ ၀န်ကြီးချုပ်ကိုယ်တိုင် သူတော်ကောင်းကို ပြစ်မှားမိပါပြီဆိုကာ လူသိရှင်ကြား ၀န်ချတောင်းပန်၍ ကျူးလွန်ခဲ့မိသော အပြစ်အတွက် လွတ်ငြိမ်းချမ်းသာခွင့်တောင်းခဲ့သည်မှာ သမိုင်းတွင်သော အဖြစ်အပျက်တစ်ခုပင်။ ၀န်ကြီးချုပ် မတောင်းပန်လည်း နိုင်ငံရေး၏သဘောကို ကောင်းစွာနားလည်ပြီး သဘောထားကြီးမားသူ လူထုဦးလှသည် သင်ပုန်းချေကျေ အေးပြီးသားပင် ဖြစ်သည်။ ထောင်မှထွက်သည့်အခါတွင်လည်း သူယုံကြည်ချက်အတိုင်း ငြိမ်းချမ်းရေးနှင့် ပရဟိတလုပ်ငန်းများကို နောက်မဆုတ်စတမ်း ဆောင်ရွက်သွားသည်မှာ သမိုင်းတွင် ထင်ရှားလှသည်။


ငြိမ်းချမ်းရေးအတွက်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက်၊ အများပြည်သူအတွက် ဆောင်ရွက်ရင်း အကျဉ်းချခံခဲ့ရသူများသည် ထောင်မှထွက်သည့်အခါ လူ့အန္ဓာ၊ လူ့ဗာလများ ထောင်မှထွက်သကဲ့သို့ မဟုတ်။ ထောင်ထွက်လာသူချင်း တူသည့်တိုင် ယုံကြည်ချက်ခံယူချက်အပြည့်ဖြင့် လက်မထောင်၍ ထွက်လာသောသူများပင် ဖြစ်တော့သည်  . . .


ထို့အတူ ထောင်အတွင်းမှ သမီးထံသို့ ပေးစာများရေးခဲ့သူ အိန္ဒိယနိုင်ငံမှ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ နေရူးသည်လည်းကောင်း၊ သံတိုင်များနောက်ကွယ် အခန်းကျဉ်းလေးထဲ၌ နှစ်ပေါင်း ၂၇ နှစ်မျ အကျဉ်းချခံခဲ့ရသော တောင်အာဖရိကမှ လူ မည်းခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားသည်လည်းကောင်း၊ ကဗျာဆရာ၊ အက်ဆေးရေးဆရာ၊ ပြဇာတ်ရေးဆရာ၊ ကတ္တီပါတော်လှန်ရေးခေါင်းဆောင် ဗားကလက်ဟားဗဲလ်သည်လည်းကောင်း အကြိမ်ကြိမ် အဖန်ဖန် ထောင်သွင်း အကျဉ်းချထားခြင်းများ ခံခဲ့ရသည့်တိုင် သူ့နိုင်ငံ ပြည်သူများအတွက်၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအတွက်၊ ငြိမ်းချမ်းရေးအတွက် မကြောက်မရွံ့ မတွန့်မဆုတ် ကြိုးပမ်းခဲ့ကြရာ ထောင်မှထွက်သောအခါ နိုင်ငံခေါင်းဆောင်အဖြစ်သာမက ကမ္ဘာ့ခေါင်းဆောင်များအဖြစ်ပါ ထင်ပေါ်ကျော်ကြားလာကြသည်။

သမိုင်းတစ်ကွေ့ဝယ် အမှန်တရားအတွက်၊ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ခဲ့သည့်တိုင် ထောင်သွင်းအကျဉ်းချထားခြင်းခံခဲ့ရသည့်အဖြစ် စနစ်ဆိုးများနှင့် ကြုံတွေ့ခဲ့ရသော သူတို့တစ်တွေသည် ယုံကြည်ရာ အများအကျိုးအတွက် မကြောက် မရွံ့မတွန့်မဆုတ် ရှေ့ဆက်လျှောက်လှမ်းမြဲ လျှောက်လှမ်းခဲ့ကြသည်ကို သမိုင်းတွင် မြင်တွေ့ရသည့်အခါ ကျွန်တော်တို့၏ အမျိုးသားခေါင်းဆောင်၊ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကျောင်းသားဘ၀က စွဲလမ်းခဲ့သည့် William Earnest Henley  (၁၈၄၅-၁၉၀၃)ကဗျာလေးကို သတိရမိသည်-


INVICTUS
    Out 0f the night that covers me,
    Black as the pit from pole to pole,
     I thank whatever gods may be for my unconquerable soul.
    In the fell of clutch of circumstance I have not winced  not cried aloud;
    Under the bludgeonings of chance,
    My head is bloody,but unbow'd.
     Beyond this place of wrath and tears
     Looms but the horror of the shade,
    And yet the menance of the years
    Finds and shall find me unafraid.
    It matters not how strait the gate.
     How charged with punishments the scroll,
    I am the master of my fate;
    I am the captain of my soul.

အနိုင်မခံ
- ငါ့အားဖုံးလွှမ်းထားသော လကွယ်သန်းခေါင် ဤမှောင်မိုက်တွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။
- လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့ ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ်၊ မငိုကြွေး။ ကံတရား၏ ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့် ငါ၏ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကားမညွတ်။
- ဤလောဘ၊ ဒေါသတို့ကြီးစိုးရာ ဌာန၏ အခြားမဲ့၌ကား သေခြင်းတရားသည် ကြောက်မက်ဖွယ်ရာ ငံ့လင့်လျက်ရှိ၏။ သို့သော်ငါ့အား မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့။ နောင်ကိုလည်း ဘယ်တော့မှမကြောက်သည်ကိုသာ တွေ့ရအံ့။
- သုဂတိသို့သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ၊ ယမမင်း၏ ခွေးပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာမှတ်သားထားသည်ဖြစ်စေ၊ ငါကား ဂရုမပြု။
- ငါသာလျင် ငါ့ကံ၏အရှင် သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်သတည်း။
(၃)   

အရိပ်အာဝါသ ကောင်းမွန်လှသော ကျောင်းသင်္ခမ်းလေးအတွင်းသို့ အအေးဓာတ်သည် ပိုမိုတိုးလျှိုး ၀င်ရောက်လာခဲ့သည်။ တွေ့ဆုံပွဲပြီး၍ မြို့ခံများနှင့် ဧည့်သည် ၈၈ မျိုးဆက် ကျောင်းသားများ မိတ်ဖွဲ့၍ အမှတ်တရဓာတ်ပုံများ ရိုက်ခဲ့ကြသည်။
''လူဆိုးလူမိုက်တိုင်းသည် ထောင်ထွက်များ ဖြစ်နိုင်သော်လည်း ထောင်ထွက်တိုင်းသည်ကား လူဆိုးလူမိုက်များ မဖြစ်နိုင်''ဟူသော ကျွန်တော်၏ အတွေးကို ခွဲခြမ်းစိတ်ဖြာ စိစစ်နေမိသည်။
ငြိမ်းချမ်းရေးအတွက်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက်၊ အများပြည်သူအတွက် ဆောင်ရွက်ရင်း အကျဉ်းချခံခဲ့ရသူများသည် ထောင်မှထွက်သည့်အခါ လူ့အန္ဓာ၊ လူ့ဗာလများ ထောင်မှ ထွက်သကဲ့သို့ မဟုတ်။ ထောင်ထွက်လာသူချင်း တူသည့်တိုင် ယုံကြည်ချက် ခံယူချက်အပြည့်ဖြင့် လက်မထောင်၍ ထွက်လာသောသူများပင် ဖြစ်တော့သည်။

http://www.first-11.com/index.php?option=com_content&view=article&id=15138:2012-08-26-07-43-06&catid=78:2009-11-13-06-25-17&Itemid=135 

ရိုးသားမှုရသ / ကိုဇင်

ခေတ်က သိပ်ကိုတိုးတက်လာပါတယ်။ တိုးတက်လာတဲ့ခေတ်က ပြဋ္ဌာန်းလိုက်တဲ့ လူတွေရဲ့ ကြံစည် ပြောဆို ပြုမူဆောင် ရွက်ပုံတွေကလည်း သိပ်ကိုဆန်းကြယ်လာပါတယ်။ တိုးတက်လာတဲ့ခေတ်က လူတွေကို မရိုးသားမှုဆီ တွန်းပို့နေတယ်လို့ ကောက်ချက်ချရင်တော့ မှားပါလိမ့်မယ်။ ဒါပေမယ့် တနေ့ထက်တနေ့ ဆန်းပြားလာတဲ့ လူမှုဘ၀ပတ်ဝန်းကျင်က ရိုးသားမှုဆီအရောက်သွားဖို့ လမ်းတွေကို ကျဉ်းမြောင်းလာစေတယ်လို့တော့ မယုတ်မလွန်ကောက်ချက်ချနိုင်ပါတယ်။


ရိုးသားမှုလို့ ကျနော်တို့ပြောကြတဲ့အခါတိုင်း ရိုးရိုးကြီး၊ တုံးတုံးကြီး၊ ဆန်းသစ်တီထွင်မှုမရှိတာ စသဖြင့် အများစုက အမှတ်အထင် မှားတတ်ကြတာပါပဲ။ ရိုးသားမှုဆိုတာနဲ့ ရိုးရိုးကြီး၊ တုံးတုံးကြီး၊ ဆန်းသစ်တီထွင်မှု မရှိတာတွေက တခြားစီပါပဲ။ တကယ်တမ်းကျတော့ ရိုးသားမှုဟာ အမြဲတမ်းခေတ်မီခြင်း၊ အမြဲတမ်းဆန်းသစ်ခြင်း၊ အမြဲတမ်းတောက်ပခြင်း၊ အမြဲတမ်းမှန်ကန်ခြင်း၊ အမြဲတမ်း နှစ်လိုဖွယ်ကောင်းခြင်းပါပဲ။

ကျနော်တို့ရဲ့ နေ့စဉ်လူမှုဘ၀တွေမှာ ရိုးသားမှုကိုတော့ လူတိုင်းက နှစ်သက်ခုံမင်ကြတာချည်းပါပဲ။ ရိုးသားမှုရဲ့ရလဒ် ကောင်းတွေကို လူတိုင်းသိနိုင် ခံစားနိုင်ကြပါတယ်။ အနည်းဆုံးတော့ “ခင်ဗျားနှယ် ရိုးလိုက်တာ” လို့ အပြောခံလိုက်ရရင်တောင်မှ ကျေနပ်နှစ်သက်စရာကောင်းတဲ့ပီတိကို ခံစားရမှာပါ။ ၀မ်းနည်းစရာကောင်းတာက ရိုးသားမှုအတွက် နည်းလမ်းအမျိုးမျိုး အဆိုအဆုံးမ အမျိုးမျိုးရှိနေလင့်ကစား အများစုက မေ့လျော့ထားတတ်ကြတာပါပဲ။

ကျနော်တို့ရဲ့ နေ့စဉ်ဘ၀တွေက လိုချင်တပ်မက်မှု = တဏှာ၊ အယူအစွဲ = အတ္တ၊ ထောင်လွှားမှု = မာန စတာတွေနဲ့ လူလုပ်နေကြရတာပါ။ ကျနော်တို့ဟာ အမှုကိစ္စတစ်ခုကိုပြုတိုင်း ကောင်းသလား၊ မှန်သလား၊ အကျိုးရှိသလားဆိုတာကို သတိရှိလို့ ဆင်ခြင်မိရင်တောင်မှ ကောင်းရုံနဲ့သာ ကြံတယ်၊ မှန်ရုံနဲ့သာ ပြောတယ်၊ အကျိုးရှိရုံနဲ့သာ လုပ်တော့တယ်။ အစ၊ အလယ်၊ အဆုံး သုံးပါးစလုံးမှာ ကောင်းသလား၊ မှန်သလား၊ အကျိုးရှိသလားဆိုတဲ့ချက်မိအောင် မဆင်ခြင်ဖြစ်တော့ပါဘူး။ အချိန်၊ နေရာနဲ့ ဆောင်ရွက်ပုံကိုလည်း ထည့်မတွက်မိတော့ဘူး။ ကျနော်တို့ရဲ့ လိုချင်တပ်မက်မှု၊ အယူအစွဲနဲ့ ထောင်းလွှားမှု စတာတွေက အခွင့်အလမ်း တွေကို အမိအရဆုပ်ကိုင်ဖို့ တွန်းအားပေးနေကြတာကြောင့်ပါပဲ။ ဒါတွေကြောင့်ပဲ ကျနော်တို့ရဲ့နေ့စဉ်ဘ၀မှာ အမှားအယွင်းတွေနဲ့ ထိပ်တိုက်တိုးနေတော့တာပါ။ ဒါတွေကြောင့်ပဲ ကျနော်တို့မှာ မရိုးသားမှုတွေက ကျွဲပခုံးထနေတော့တယ်။ စေတနာထက်သန်စွာနဲ့ ပြုမိတဲ့ကိစ္စမှာတောင် အဆင်အခြင်နည်းတော့ စေတနာအမှားဖြစ်ရတယ်လို့ လူတချို့ ငြီးငြူတတ်ကြပါသေးတယ်။ ရည်ရွယ်ချက်ရှိရှိ မရိုးမသားပြုမူကျူးလွန်တဲ့ ကိစ္စတွေအတွက်တော့ ကျနော်တို့မှာ ဆွေးနွေးစရာ အကြောင်းမရှိပါ။

ရိုးသားမှုနဲ့ပတ်သက်လို့ နှစ်သက်စရာကောင်းတဲ့ အဆုံးအမတချို့ကို မိတ်ဆက်ပါရစေ။
“မကြံစည်ခင်က ဆင်ခြင်ဦး၊ ကြံစည်နေတုန်း ဆင်ခြင်ဦး၊ ကြံစည်ပြီးလည်း ဆင်ခြင်ဦး။ မပြောခင်က ဆင်ခြင်ဦး၊ ပြောနေတုန်းလည်း ဆင်ခြင်ဦး၊ ပြောပြီးတော့လည်း ဆင်ခြင်ဦး။ မလုပ်ခင်က ဆင်ခြင်ဦး၊ လုပ်နေတုန်းလည်း ဆင်ခြင်ဦး၊ လုပ်ပြီးတော့လည်း ဆင်ခြင်ဦး။ ဘာမှတ်ကျောက်နဲ့ ဆင်ခြင်သင့်သလဲဆိုတော့ ကောင်းသလား၊ မှန်သလား၊ အကျိုးရှိသလားဆိုတဲ့ မှတ်ကျောက်နဲ့ ဆင်ခြင်ရမယ်။ ကာလ = အချိန်၊ ဒေသ = နေရာ၊ ပယောဂ = အဆောင်အရွက် စတာတွေနဲ့လည်း ချင့်ချိန်ပြီး ကောင်းတယ်၊ မှန်တယ်၊ အကျိုးရှိတယ်ဆိုရင် ကြံပါ၊ ပြောပါ၊ လုပ်ပါ။ အဲဒီမှတ်ကျောက်နဲ့ တစ်ခုခုလွဲနေပြီဆိုရင်တော့ မကြံနဲ့၊ မပြောနဲ့၊ မလုပ်နဲ့တော့။ ဒါဆို အမှားအယွင်းနဲ့ လွတ်ပြီ။ ဒီနည်းနာကို နေ့စဉ်ဘ၀တွေမှာ လိုက်နာနိုင်မယ်ဆိုရင် စိတ်ပိုင်း ရုပ်ပိုင်း သန့်ရှင်းစင်ကြယ်မှုဟာ ပေါ်လွင်လာလိမ့်မယ်။ တနည်းအားဖြင့် စိတ်ပိုင်း ရုပ်ပိုင်းရဲ့ ရိုးသားမှုဟာ အထွတ်အထိပ်ရောက်လာတော့တာပဲ။ ကြံသမျှ၊ ပြောသမျှ၊ လုပ်သမျှတွေလည်း အောင်မြင်တော့တာပဲ။”

ရိုးသားမှုကို ဘာသာဗေဒနည်းအရလည်း ကျနော်တို့ ချဉ်းကပ်ဆန်းစစ်နိုင်ပါသေးတယ်။
ဘာသာဗေဒ ဒဿနပညာရှင် Ludwing Wittgenstein က သူ့ရဲ့ အဆိုအမိန့်တစ်ခုမှာ “တစ်ဦးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုဖော်ပြဖို့ ဘာသာစကားအသုံးပြုနည်းလမ်းကို ရွေးချယ်လိုက်ပြီဆိုရင် ဒါဟာ တွေးဖို့ရွေးချယ်လိုက်တာပဲ။ သူဟာ တွေးဖို့ ရွေးချယ်တယ်ဆိုရင် နေထိုင်ဖို့ ရွေးချယ်တာပဲ” တဲ့။ ဒါကို ကျနော်တို့ သရုပ်ပြအဓိပ္ပါယ်ထပ်ဖွင့်မယ်ဆိုရင် “တစ်ဦးတစ်ယောက်ဟာ ရိုးရိုးသားသား ပြောဆိုလိုက်ပြီဆိုတာနဲ့ သူဟာ ရိုးသားမှုကို ဖန်းတီးတာပါပဲ။ ဖန်တီးပြီဆိုတာနဲ့ သူဟာ သူဖန်တီးတဲ့ရိုးသားမှုထဲမှာ နေထိုင်တော့တာပါပဲ” လို့ ထပ်ပြီးချဲ့ကားနိုင်ပါတယ်။
ရှင်းပါတယ်။ ကျနော်တို့ဟာ ကျနော်တို့ဖန်တီးတဲ့ ကိုယ်ပိုင်ကမ္ဘာထဲမှာ ကျနော်တို့နေထိုင်ခွင့်ရကြတာပါ။

အကယ်၍ တစ်စုံတစ်ဦးဟာ ရှုပ်ရှုပ်ထွေးထွေးတွေဖန်တီးရင် ရှုပ်ထွေးတဲ့သူ့ကမ္ဘာမှာ နေထိုင်ရမှာ ဖြစ်ပါတယ်။ ရှင်းရှင်းလင်းလင်း ဖန်တီးရင်တော့ ရှင်းလင်းတဲ့ကမ္ဘာမှာ နေထိုင်ခွင့်ရမှာဖြစ်ပါတယ်။ ရှင်းရှင်းလင်းလင်း ဖန်တီးလျှက်သားနဲ့ ရလဒ်ကရှုပ်ရှုပ်ထွေးထွေးပဲဆိုရင်တော့ ကျနော်တို့ရဲ့ရိုးသားမှုဟာ အခြေအမြစ်မမှန်ဘူးလို့ပဲ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ အခြေအမြစ်မမှန်ဘူးဆိုတာက မရိုးသားမှုနဲ့ ကပြားစပ်ကျထားတာကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် မရိုးသားမှုတွေက ကျနော်တို့ကို ဖိနှိပ်အနိုင်ယူလိုက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ရိုးသာမှုရဲ့ အဓိကရန်သူဟာ မရိုးသားမှုပါပဲ။

ကျနော်တို့ရဲ့ ကိုယ်ပိုင်ကမ္ဘာကိုဖန်တီးတဲ့အခါမှာ ရိုးသားရုံနဲ့ ပြည့်စုံလုံလောက်ပြီလို့ ကျေနပ်မနေဖို့လည်း အရေးကြီးပါတယ်။
ခေတ်က သိပ်ကိုတိုးတက်လာပါတယ်။ သိမှု ဗေဒက ပိုပြီးကျယ်ပြန့်လာသလို တတ်မှု နည်းပညာတွေကလည်း အလွန်ပဲ ထွန်းကားပါတယ်။ မရိုးသားမှုဟာ ခေတ်ရဲ့စီးကြောင်းကိုလိုက်ပြီး ခြေလှမ်းသွက်သွက် အရှိန်အဟုန်ကောင်းကောင်းနဲ့ ကျယ်ပြန့်လျှက်ပါပဲ။ ကျနော်တို့ရဲ့ရန်သူကို တိုက်ခိုက်ဖိနှိပ်နိုင်ဖို့ ကျနော်တို့ရဲ့ ရိုးသားမှုရေချိန်ကို အမြဲမြှင့်ထားကြရပါလိမ့်မယ်။ ကျနော်တို့ရဲ့ ရိုးသားမှုလက်နက်ကို အမြဲချွန်မြနေစေရပါမယ်။ ကျနော်တို့ရဲ့ရိုးသားမှုကို အမြဲမပြတ်သတိကပ်ထားရပါလိမ့်မယ်။ ကျနော်တို့ရဲ့ နေ့စဉ်ဘ၀ထဲကိုဝင်လာတဲ့ အယောင်ဆောင်ရိုးသားမှုတွေကို ချေမှုန်းတိုက်ခိုက်ရပါလိမ့်မယ်။ ဖိနှိပ်အနိုင်ယူရဲရပါမယ်။ ခုတ်ထစ် ပိုင်းဖြတ်ပစ်ကြရပါလိမ့်မယ်။

ရိုးသားမှုဟာ အမြဲတမ်းခေတ်မီခြင်း၊ အမြဲတမ်းဆန်းသစ်ခြင်း၊ အမြဲတမ်းတောက်ပခြင်း၊ အမြဲတမ်းမှန်ကန်ခြင်း၊ အမြဲတမ်း နှစ်လိုဖွယ်ကောင်းခြင်းပါပဲ။
ရိုးသားမှုရဲ့ ပကတိအလှတရားကို ခံစားခွင့်ရတဲ့ ရသကသာ ခေတ်အဆက်ဆက် အချိုမြိန်ဆုံးဖြစ်ပါ တော့တယ်။


ကိုဇင်
၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁၇) ရက်။
http://www.yoma3.org/?p=1894

ကာတွန်းလေးပါ ( ပံသုအောင်-မန်း)


Sunday, 26 August 2012

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၁၂)

ကျွန်မတို့ လင်မယားလည်း စုနဲ့ ကင်မ့်ကို အီတာမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သွားကြိုကြပါတယ်။ ကျွန်မက ပါမောက္ခ ယိုကိုယာမာ ပြောခဲ့တာကို သတိရပြီး အစဖော်တဲ့ အနေနဲ့ “သူက ပြင်ဆင်ထားခဲ့ပါ တယ်တဲ့..”လို့ဆိုတော့ စုကပဲ “အဆိုးဆုံး ကိုပေါ့”လို့ ဖြတ်ပြောပါတယ်။ ကျွန်မတို့ နှစ်ယောက်သားပြိုင်တူပဲ ရယ်လိုက်မိပါတယ်။ စုက ပြဿနာကို သဘောပေါက်ခဲ့ပုံပါပဲ။
ကြီးကြီး မသန်းဧ နှင့် နိုရီကို
ကြီးကြီး မသန်းဧ နှင့် နိုရီကို

စုရဲ့ စာထဲမှာ ပါခဲ့တာ တစ်ခုကတော့ အသက် ၈ နှစ်အရွယ် ရောက်နေပြီဖြစ်တဲ့ ကင်မ့်အတွက် ကျောင်းကိစ္စ စိတ်ပူပန်မှုပါပဲ။ အဲဒီအချိန်က အလက်ဇန္ဒားက ကျောင်းအဆောင်မှာ နေရမှာ နောက်ဆုံးနှစ်ပါပဲ။ နောက်နှစ် နွေဦးဆို အတန်းတင် စာမေးပွဲ စစ်ပြီလေ။ ပြီးရင်တော့ သူလည်း ကင်မ်နဲ့အတူ ကျိုတိုကို လာမှာပါ။ ဒီ၁၉၈၅ ခုနှစ် ခရစ်စမတ် ပိတ်ရက်မှာ စုနဲ့ကင်မ်ပဲ ရှိပေမယ့် ၁၉၈၆ ခုနှစ် နွေမှာတော့ အလက်ဇန္ဒားရော၊ တစ်မိသားစုလုံး အိန္ဒိယမှာ အတူတူ ရှိကြမှာပါ။ စုက ဩဂုတ်လ ပထမပတ်မှာတော့ ဆွစ်ဇာလန်နဲ့ ဂျာမဏီကို သွားရမှာမို့ ဂျပန်ကို မလာခင် အတော်လေး အလုပ်ရှုပ်ဦးမှာပေါ့။ သူ့စာထဲမှာတော့ သူ့စွန့်စားခန်းအတွက် အတော်လေး စိတ်လှုပ်ရှား နေပုံ ပါပဲ။

လေဆိပ်ကနေ ကျွန်မတို့အိမ်ကို ရောက်တယ်ဆိုတာနဲ့ ရွာထဲကို အလည်ပို့ဖို့ ဆိုကာ ကျွန်မခင်ပွန်းက စက်ဘီး တစ်စီးနဲ့ ကင့်မ်ကို တင်ပြီး ထွက်သွားပါတော့တယ်။ ကင်မ်ကတော့ စက်ဘီးပေါ်က ဆင်းဆင်းချင်း အောက်စ်ဖို့ဒ်မှာ ကျန်နေတဲ့ မိုက်ကယ့်ဆီကို ဖုန်းခေါ်ဖို့ လောဆော်တော့တာ ပါပဲ။ သူ့ကြည့်ရတာ စက်ဘီးကို ပထမဆုံး စီးခွင့်ရသလိုကို ပျော်နေကာ မိုက်ကယ့်ကိုလည်း သူ့ခရီးရှည်ကြီး အကြောင်း မပြောဘဲ စက်ဘီးစီး တဲ့ အတွေ့အကြုံကိုပဲ ပြောနေပါတယ်။ ကျွန်မခင်ပွန်းက ပြန်ပြောပြ တာကတော့ သူ့နောက်မှာ ထိုင်စီးတဲ့ ကင့်မ်ကို စကားတွေ လှမ်းလှမ်းပြောတော့ ကင်မ်က စက်ဘီးနင်းနေခိုက် စကားမပြောရဘူးလို့ ပြောပါသတဲ့။ အဲဒီတော့ သူက “မင်းတို့ အင်္ဂလိပ် ကလေးတွေဟာ စိတ်ပူတတ် ရန်ကောကွာ”လို့ ပြောတဲ့အခါ “မဟုတ်ပါဘူး။ ကျွန်တော်က မြန်မာပါ”လို့ ပြန်ဖြေခဲ့ပါသတဲ့။ အဲဒီအခါမှပဲ ကျွန်မတို့လည်း ပထမဆုံး အနေနဲ့ စုရော သား နှစ်ယောက်လုံးပါ မြန်မာနိုင်ငံသား ဖြစ်နေတာကို သိလိုက်ရပါတယ်။ စုက ဘယ်တုန်းကမှ ဗြိတိသျှ နိုင်ငံသား မခံယူခဲ့ပါဘူး။

စုက ကျွန်မတို့အိမ်ကို သိပ်သဘောကျ ပါတယ်။ ဘီဝါကန်ကို မြင်နေရတဲ့ မြင်ကွင်းနဲ့ အရိပ်ကောင်းတဲ့အတွက် ပေါ့။ ကျွန်မတို့ အိမ်လှေကားရဲ့ ပထမသုံးဆင့်က ထောင့်ချိုးလေးပေါ့။ စုက သူ့အမေအိမ်က လှေကားကလည်း အဲဒီလို ထောင့်ချိုးလေးပဲ ဆိုကာ လှေကားကို အကြိမ်ပေါင်းများစွာ တက်လိုက်ဆင်းလိုက် လုပ်နေခဲ့ပါတယ်။ ကျွန်မတို့အိမ်က ဘီဝါကန်ရဲ့အနောက်ဘက်ကမ်းက တောင်ကုန်းလျှောလေးမှာ ဖြစ်ပြီး အသစ် တည်ထားတဲ့ ရပ်ကွက်လေးမှာ ရှိတာပါ။ အဲဒီအချိန်တုန်းက အနိမ့်ပိုင်းက မြေကို ကျွန်မတို့ မပိုင်သေးပါဘူး။ ကျွန်မတို့အိမ်ရဲ့ ပထမထပ်ကနေ ကြည့်ရင် ကန်ရဲ့ ဟိုဘက်ကမ်းနဲ့ နောက်ဘက်က အီဘူကီတောင်ဟာ တကယ့်ကို လှပါရဲ့။ စု ကောက်ကာ ငင်ကာနဲ့ “နိုရီကိုရယ် ရှင် အဲဒီအနိမ့်ပိုင်းက မြေကို ဝယ်သင့်တယ် သိလား” လို့ ဆိုပါတယ်။ “ဝယ်ချင်တာပေါ့။ ဒါပေမယ့် တတ်မှ မတတ်နိုင်တာ”လို့ ဆိုတော့ “ဘာလို့လဲ ဒီမြေလေးက သေးသေးလေး လေ”လို့ စုက နားမလည်သလို ကြည့်ပြီး မေးပါတော့တယ်။

ကျွန်မတို့နှစ်ယောက် နှုတ်က ထုတ်မပြောဘဲ အကြည့်ချင်း စကားပြောဖြစ်ခဲ့တယ် ဆိုပါတော့။ စုက “ကျွန်မက အကြံကောင်းတွေ ပေးနေတာနော်”ဆိုတဲ့ အကြည့်နဲ့ မေးပြီး ကျွန်မက “ဟုတ်ပါတယ်။ ဒါပေမယ့် ရှင်မှ ဂျပန်က မြေသေးသေးလေး တစ်ကွက်ရဲ့ တန်ဖိုးကို မသိတာ”ဆိုတဲ့ အကြည့်နဲ့ဖြေခဲ့တာလေ။
ကျွန်မတို့က နေ့တိုင်းလိုလို ကို စီရထားလိုင်းက ဝါနီဘူတာရုံရှေ့မှာ ဖွင့်ထားတဲ့ စူပါမားကက်မှာ ဈေးသွား ဝယ်ပါတယ်။ စုက ငါးရောင်းသူ တစ်ယောက်ကို သဘောကျပါတယ်။ “သူက မျက်နှာကချိုတယ်။ ဘူတန်က ကျွန်မသူငယ်ချင်းနဲ့ တူတယ်”လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် စုကို နေအိမ် အကျယ်ချုပ် ချထားလိုက်ပြီ လို့လည်း ဆိုရော ငါးဆိုင်ပိုင်ရှင်က ကျွန်မဆီ မနက်အစောကြီး ရောက်ချလာကာ “အစ်မကြီးရေ၊ အောင်ဆန်း စုကြည်တော့ အခက်အခဲ တွေ့နေပြီနော်။ ကျွန်တော် တတ်နိုင်တာများ ရှိရင် ပြောပါနော်။ အတတ်နိုင်ဆုံး ကူညီချင်လို့ပါ”လို့ ပြောခဲ့ပါတယ်။ ကျွန်မအနေနဲ့ စုအပေါ် အခုလောက် နွေးထွေးတဲ့ စိတ်မကောင်းဖြစ်ပုံမျိုး မတွေ့ဖူးပါဘူး။ သူက မြန်မာပြည် အရေးကိုအမြဲစိတ်ဝင်စားသလို ကျွန်မကို တွေ့တိုင်းလည်း စုသတင်းကို မေးတတ်ပါတယ်။ ကျွန်မကလည်း ဆိုင်ကိုရောက်တဲ့အခါ ငါးလှီးဓား ကိုင်ထားတဲ့ ငါးဆိုင်ပိုင်ရှင်နဲ့ စုကြားက တွေ့ဖူးနေခဲ့တဲ့ အသံတိတ် အပြုံး ဖလှယ်မှုတွေကို ပြန်သတိရ နေမိခဲ့ပါတယ်။

စုက ဂျပန်ကို သွားတော့မယ်ဆိုတဲ့ သတင်းဟာ သူ့အမေက တစ်ဆင့် ရန်ကုန်က မိတ်ဆွေတွေကြား ပျံ့နှံ့ သွားပါတယ်။ စုအမေကို ကူညီပေးနေသူတွေဆီက ဈေးဝယ်ပေးဖို့ ပစ္စည်း စာရင်းရှည်ကြီးကလည်း စုရဲ့လက်ထဲကို ရောက်လာခဲ့ ပါတော့တယ်။ စုကလည်း သူ့မေတ္တာကို ပြသတဲ့အနေနဲ့ အမှတ်တရ ပစ္စည်းလေးတွေ ဝယ်ဖို့ ကြိုးစားပါတော့တယ်။ ကျွန်မကလည်း သူ့ကို စူပါမားကက် ပထမထပ်က နာရီဆိုင် ရှိရာဆီ ခေါ်သွားပေးလိုက်ပါတယ်။ သူ့စာရင်းထဲမှာ နာရီက ပါနေတာကိုး။ စုက နာရီကို အငေးသား ကြည့်လိုက်ပြီး သက်ပြင်းလေး ချလိုက်ပါတယ်။ “နိုရီကိုရေ ကျွန်မအနေနဲ့ ဒီလို ဈေးကြီးတဲ့ပစ္စည်းတွေကို ဝယ်ဖို့ မတတ်နိုင်ပါဘူး။ ဒီနာရီက ယန်း သုံးသောင်းခွဲတောင်လေ။ ကျွန်မ ပတ်ထားတဲ့ နာရီကို ကြည့်ပါဦး။ ယန်းငါးထောင်ပဲ ပေးရတာ”လို့ ပြောခဲ့ပါတယ်။

စက်တင်ဘာလ ကုန်တဲ့အထိ နေ့ပေါင်းများစွာ စုနဲ့ ကင်မ်ဟာ ဂျပန်နိုင်ငံက သူတို့ဘဝကို ပျော်ပိုက်နေပုံ ရပါတယ်။ အောက်တိုဘာ ၁ ရက်ကစပြီး အပြည်ပြည်ဆိုင်ရာ ဧည့်ဂေဟာကို သူတို့ ပြောင်းရွေ့နေထိုင် ရပါတယ်။ ဘဝသစ် တစ်ခုပေါ့။ ကျွန်မတို့ အိမ်နီးနားချင်း တွေကလည်း သူတို့ရဲ့ ၆လစာ အဝတ်အစားနဲ့ အသုံးအဆောင်တွေကို ကူသယ်ပေးခဲ့ကြပါတယ်။ တကယ်တော့ အဲဒီ ပစ္စည်းတွေ အားလုံးဟာ မိန်းမသား တစ်ဦးအတွက် လေးပင်လွန်းလှပေမယ့် ၈နှစ်သား ကင်မ်ရယ်၊ စုရယ်၊ သူ့ရဲ့ စိတ်စွမ်းအားရယ်ကပဲ အဲဒီ ပစ္စည်းတွေကို သယ်ပိုးခဲ့ကြတာပါ။ ကျွန်မတို့ အိမ်နီးနားချင်းတွေကို စုတို့ သားအမိ တိုင်ဖွန်း လာတိုက်သွား သလို ကျွန်မတို့လည်း အားအင်တွေ ပြည့်ခဲ့လို့ပါပဲ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အို့စု မတ်ဆူရီပွဲတော်ကို တက်ဖို့ ကျွန်မကို ဖိတ်ကြားခဲ့ပါတော့တယ်။

ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)
http://www.myanmarij.com/?p=4910

ဒေါ်အောင်ဆန်းစုကြည် အတွက် စာတစ်စောင် (၁၁)

ကျိုတိုရောက် စု (၁၉၈၅-၁၉၈၆)
ဒေါ်အောင်ဆန်းစုကြည် နှင့် နိုရီကို
ဒေါ်အောင်ဆန်းစုကြည် နှင့် နိုရီကို

၁၉၈၅ ခုနှစ် ဇူလိုင် ၂ရက်မှာ စုဆီက စာတစ်စောင် ကျွန်မဆီ ရောက်လာပါတယ်။
ခင်မင်ရပါတဲ့ နိုရီကိုနဲ့ဆဒါယိုရှိ (အားရပါးရ ခေါ်လိုက်တာနော်)
ကျွန်မမှာ စိတ်လှုပ်ရှားစရာ သတင်းတွေရှိနေတယ်နော်။ စက်တင်ဘာလ ကုန်ကျရင် ကင်မ်နဲ့ ကျွန်မ ကျိုတိုကို လာခဲ့မယ်။ ကျိုတိုတက္ကသိုလ် ရဲ့ အရှေ့တောင်အာရှ လေ့လာရေးဌာန က ကျွန်မကို ဧည့်သုတေသီအဖြစ် ခြောက်လတာ ဖိတ်ကြားခဲ့ပါတယ်။ ဒီအခွင့်အရေးကို ကာလ တာရှည် စောင့်မျှော်နေခဲ့တဲ့ ကျွန်မအတွက် ဒီလို အဆင်ပြေအောင် ကူညီပေးခဲ့တာကတော့ လူသားချင်း စာနာမှု လေ့လာရေး ဌာနက သုတေသနမှူး ပါမောက္ခ တိုဆီယို ယိုကိုယာမာ ပါပဲ။ သူက ကျိုတို တက္ကသိုလ်ရဲ့ အပြည်ပြည် ဆိုင်ရာ ဧည့်ဂေဟာမှာ နေခွင့်ရဖို့ကိုလည်း ကြိုးစားပေး နေပါတယ်။ ဒါပေမယ့် ကြည့်ရတာ ဒီဇင်ဘာအထိ အခန်းလွတ် ရှိပုံမရဘူး။ ပြီးတော့ ကျွန်မက ပါပီ့ကို ခေါ်လာမယ်လေ။ မိုက်ကယ်က အိန္ဒိယကို မခေါ်သွား နိုင်ဘူးလေ။ ပါပီက အိုလည်း အိုနေပြီ။ ကျွန်မကသာ သူ့ကို ဂျပန်ကို ခေါ်မလာရင်သူ ရင်ကွဲပြီး သေမှာပဲ၊   ဂေဟာမှာ တိရစ္ဆာန်ကို လက်ခံ မခံတော့ မသိဘူးပေါ့။ ဒါကြောင့် နိုရီကိုရေ ကျေးဇူးပြုပြီး ကင်မ်ရယ်၊ ကျွန်မရယ်၊ ပါပီရယ် နေလို့ရမယ့် နေရာကလေးများ ကူရှာ ပေးလို့ ရမလား လို့ပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးလည်း ပါမောက္ခ ယိုကိုယာမာကို တိုင်ပင် ပြောထားပေးမယ်ဆိုရင် လည်း ကျေးဇူးတင်မှာပါ။
စာက ဆက်ရေးထားရာမှာ ဟို အရင်အပတ်က စု ရေးလာတဲ့ စာ တစ်စောင်ကို သတိရမိပါတယ်။ “ကျွန်မလေ ငွေစုမိတာနဲ့ ချက်ချင်းဆိုသလို ဂျပန်ကို အလည်လာချင်တာ ပါပဲ။ ရှင့်ရဲ့ ကျေးလက်က အိမ်ကလေးဆီကို လာမှာပေါ့”တဲ့။ အရှေ့တောင်အာရှ လေ့လာရေး ဌာနမှာ  မြန်မာပြည်နဲ့ ပတ်သက်တဲ့ စာအုပ်တွေ အများကြီးပဲ လို့ ပြောကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းလည်း အများကြီး ရှိနေပါတယ်တဲ့။ ဒီတော့ စုမှာ အဲဒါတွေကို လေ့လာချင်သလို သူ့အဖေ နေခဲ့ဖူးတဲ့ ဂျပန်ကို လာပြီး အတွေ့အကြုံတွေ လိုချင်စိတ်လည်း ရှိနေခဲ့တာပါ။

ပါမောက္ခ ယိုကိုယာမာက အောက်စ်ဖို့ဒ်ကနေ ပါရဂူဘွဲ့ ရခဲ့သူပါ။ ဒါကြောင့် အောက်စ်ဖို့ဒ်နဲ့လည်း ဆက်ဆံရေး အဆင်ပြေပုံရပါတယ်။ တခြား သုတေသီတွေအနေနဲ့ ဗိုလ်ချုပ် အောင်ဆန်းအကြောင်း သုတေသန ပြုဖို့ အရေးကြီးတာကို သူ့လောက် နားလည်နိုင်မှာ မဟုတ်ဘူးပေါ့။ ဒီ သုတေသနအတွက် စုဟာ အသင့်တော်ဆုံး လူတစ်ယောက်ဖြစ်တာ မှန်ပေမယ့် စုလို အိမ်ရှင်မ တစ်ယောက်ကို သိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဂျပန် ဖောင်ဒေးရှင်းအနေနဲ့ သုတေသန ထောက်ပံ့ကြေး ပေးချင်သွားအောင် စည်းရုံးဖို့ဆိုတာ အတော် မလွယ်တဲ့ အလုပ်ဆိုတာကိုတော့ ကျွန်မတို့က ခန့်မှန်းနိုင်ခဲ့ပါတယ်။
စုအနေနဲ့ကတော့ ဒီလိုရှုပ်ထွေးတဲ့ ကိစ္စတွေကို နားမလည်နိုင်မှာ သဘာဝ ကျပါရဲ့။ မိုက်ကယ်က အလုပ် အနေနဲ့မရဘဲ အင်္ဂလန်မှာ ဖြစ်ဖြစ်၊ တခြားနိုင်ငံ တစ်ခုခုမှာဖြစ်ဖြစ် သုတေသီ အနေနဲ့ ထောက်ပံ့ကြေးတွေ ရကာ  လှည့်လည် နေထိုင်    နေရတာကြောင့် စု ကလည်း အခုလိုပဲ ဧည့်သုတေသီ အဖြစ် နေထိုင်နိုင်အောင် တွေးဖြစ်ပုံပါ။ ဒီအခွင့်အရေးကတော့ စုအတွက် အခွင့်အလမ်းကောင်း ကိုသာမက နောင်နှစ်နှစ်အတွင်း ဖြစ်လာတော့မယ့် ဘဝအပြောင်းအလဲ အတွက်ပါ သက်ရောက်ခဲ့တယ်လို့ ဆိုရပါမယ်။

ကျွန်မက စုရဲ့စာကို ကျွန်မ ခင်ပွန်းပါ ကြားရအောင် အသံထွက် ဖတ်ဖြစ်ခဲ့ပါတယ်။ ပါပီ့အကြောင်းလည်း ရောက်ရော “အိုး ဒီပါပီ အကြောင်း ပါလာပြန်ပြီ”လို့ ရယ်ပါတော့တယ်။ ပါပီက စုရဲ့အချစ်တော် ခွေးပေါ့။ ဘူတန် တယ်ရီယာ ခွေးကလေး    ဖြစ်ပါတယ်။ ဘူတန်က အပြန် မှာ ခေါ်လာခဲ့တာပါ။ စုက ပါပီဟာ အင်္ဂလန်မှာ အရမ်းအဖိုးတန်တဲ့ တစ်ကောင် တည်းသော ခွေးလို့ ဂုဏ်ယူနေကျပေါ့။

စုအတွက်တော့ အဖိုးတန်ခွေး ဖြစ်ပေမယ့် ကျွန်မတို့ အတွက်တော့  ပါပီက ကမူးရှူးထိုး ခွေးတစ်ကောင် ပါပဲ။ အကောင်က သေးပြီး ဘာမှမထူးခြားတဲ့ ကောင်ပါ။ မျက်နှာဝိုင်းဝိုင်းလေးရယ်၊ မျက်လုံး ဝိုင်းနက်နက်ရယ်၊ အမွှေးတွေက အဖြူနဲ့အညို ရောပြီး ခပ်ရှည်ရှည်ပေါ့။ ခြေထောက် တွေကတော့ တိုတို။ အလက်ဇန္ဒားရဲ့ အချစ်တော်လည်း ဖြစ်ပါတယ်။ သူက ကျွန်မတို့အရင် လှေကားကို အပြေးတက် သွားတတ်ပြီး လှေကားစွန်းလည်း ရောက်ရော မေးစေ့နဲ့ လှေကားစောင်း ရိုက်မိပြီးလဲကျရောဆိုတဲ့ ပါပီမျိုးလေ။ ကျွန်မတို့က စုဆီ လာလည်တိုင်းမှာ ကျွန်မတို့နား နာရီဝက်လောက် ထိုင်နေတာ ငြိမ်လို့ ပြီးတော့မှ ရုတ်တရက်ကြီး ထပြီး သူစိမ်းတွေကို တွေ့ရသလို ဟောင်တော့တာပဲ။ ပြီးတော့ သူက အစောင့်ခွေး လိုလည်း အသုံးမတည့်ပါဘူး။ သူ့ပုံစံက ကာတွန်းပုံလေးမို့ ချစ်စရာတော့ ကောင်းနေ တာပေါ့။ စုက သူ့ကို ချစ်တယ်ဆိုတာကတော့ အာရှနွယ် ဖွားချင်းကလည်း ဖြစ်၊ သူ့သားနှစ်ယောက် ထက်စာရင် သူ့စကားကိုလည်း ပိုနားထောင် ဆိုတာကြောင့် ဖြစ် ချင်ဖြစ်မှာပေါ့။ ဒါပေမယ့် ခွဲထားခဲ့ရင် သေသွားမလားလို့ စိတ်ပူနေတဲ့အထိတော့ ချစ်လိမ့်မယ်လို့ ထင်မထားခဲ့ပါ ဘူး။

အဆုံးမှာတော့ စုက ပါပီ့ကို  ထားရစ်ခဲ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ ဘယ်တိရစ္ဆာန် ကိုမဆို အချိန်အတော်ကြာ သီးသန့်ခွဲထားရမယ့် အခြေအနေရော၊ ဧည့်ဂေဟာမှာ ဘယ်တိရစ္ဆာန်မှ ထားမရတဲ့ အခြေအနေကြောင့်ပါ ပါပီ ကျန်ခဲ့ရပါမယ်။ မိုက်ကယ်အနေနဲ့ အိန္ဒိယက ဆင်းမလားကို တစ်ပါတည်း ခေါ်ချင် ခေါ်၊ ဒါမှမဟုတ် သူတို့ရဲ့ အိမ်ခန်းကို အငှားတင်ခဲ့မယ့် သူတွေနဲ့ ထားချင်ထားခဲ့ပေါ့။ သူတို့မိသားစုက နိုင်ငံခြား သွားမယ်ဆိုရင် အခန်းကို လူငှားထား ခဲ့တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခွေးပြဿနာကတော့ ဖြေရှင်းပြီး သွားပါပြီ။ တကယ်တော့ စုကို ဧည့်သုတေသီ အဖြစ် ဖိတ်ဖို့ ပါမောက္ခ ယိုကိုယာမာအနေနဲ့ အတော်ကြီး အားထုတ်ခဲ့ရမှာပါ။ ပါမောက္ခက “သူဟာ မင်းသမီးလေး မဟုတ်တော့ဘူးလေ။ ငါကလည်း ဘာပဲဖြစ်လာလာ အဆိုးဆုံးကို ပြင်ဆင်ထားမှာပါ”လို့ ဆိုခဲ့ပါတယ်။
ဆက်လက်ဖော်ပြပါမည်။

မသီတာ(စမ်းချောင်း)
http://www.myanmarij.com/?p=4814 

ဒေါ်အောင်ဆန်း စုကြည် အတွက် စာတစ်စောင် (၁ဝ)

၂ဝဝ၈ ခုနှစ် အသက် ၉၉ နှစ် အရွယ် သူကွယ်လွန်တဲ့အထိ အန်တီက အောက်စ်ဖို့ဒ်မှာ နေခဲ့တာပါ။ ဂေဟာမှာ နေစဉ် အန်တီတစ်ခုခု ဖြစ်တာနဲ့ ဂေဟာအုပ်ချုပ်ရေးမှူက လေဒီ ဂေါရ်ဘုသ်ကို ဖုန်းဆက် ပြောပါတော့တယ်။ အဲဒီအခါ သူကိုယ်တိုင်က အသက် ၈ဝ ရှိနေပြီဖြစ်တဲ့ ပက်ဟာ လန်ဒန်ကနေ အောက်စ်ဖို့ဒ်ကို ကား ကိုယ်တိုင်မောင်းပြီး  အန်တီ့ကို သွားတွေ့ခဲ့ပါတယ်။ ကျွန်မဘဝတစ် လျှောက်မှာ ပက်လို့ ကျွန်မကခေါ်တဲ့ လေဒီ ဂေါရ်ဘုသ်လို ကြင်နာတတ်ပြီး ခင်မင်စရာ ကောင်းတဲ့ အင်္ဂလိပ် အမျိုးသမီးမျိုး မတွေ့ဖူးပါဘူး။

အန်တီက သူ့ရဲ့ နောက်ဆုံးအချိန်တွေကို စုနဲ့မိုက်ကယ်ရဲ့ ပတ်ဝန်းကျင်က လူတွေကြားထဲမှာ ကုန်ဆုံးစေခဲ့ တာပါ။ မြန်မာ ကက်သလစ် သီလရှင်တွေက သူ့ကိုနေ့စဉ် ပြုစုပေးခဲ့ပါတယ်။ ပက်ကတော့ အဲဒီသီလရှင် တွေကို နတ်သမီးတွေလို့ ချီးကျူးခဲ့ပါတယ်။ အန်တီကတော့ သီလရှင်တွေကို စုအကြောင်းချည်း ပြောနေခဲ့ပါ တယ်။ သူတို့အတွက်က စုဟာ စိမ်းနေခဲ့ပေမယ့် အန်တီ့ဆီက စုရောဂါဟာ သူတို့ကို ကူးစက်ခဲ့ရာက သီလရှင်တွေလည်း စုကို ထောက်ခံ သူတွေ ဖြစ်လာ ပါတော့တယ်။ သူတို့ ဟာ အန်တီ့ကို ရေမိုးချိုးပေးခဲ့စဉ်က ထိတွေ့ခဲ့တဲ့ အထိအတွေ့ဟာ ခုထိ သူ့လက်ပေါ်မှာ ကျန်နေသေးတယ်လို့ ကျွန်မကို အန်တီကွယ်လွန်ပြီး တစ် နှစ်အကြာမှာ ပြန်ပြောပြတော့ မျက်ရည်တွေလည်း ဝဲလို့ပါ။ အန်တီဟာ သီလရှင်နှစ်ယောက်ရဲ့ လက်ထဲမှာ တစ်နေ့ထက်တစ်နေ့ သေးသေးလာခဲ့တယ်လို့ ဆိုပါတယ်။ တကယ်တော့ အဲဒီ မြန်မာ ကက်သလစ် သီလရှင်တွေဟာ မိုက်ကယ်တို့နဲ့ သိကျွမ်းတယ်ဆိုပြီး မြန်မာပြည် ကို ပြန်ဝင်လို့ မရခဲ့ဘဲ ဖြစ်ခဲ့တာမို့ သူတို့ရဲ့ မိဘတွေကို ကိုယ်တိုင် မပြုစုနိုင်ခဲ့ပါဘူး။ ဒီတော့ အန်တီ့ကို သူတို့ မိသားစုလို ပြုစု ခဲ့တော့တာပေါ့။ စုက အန်တီ့ကို သူကိုယ်တိုင် ပြုစုချင်ခဲ့တဲ့ ဆန္ဒဟာ တစ်နည်းနည်းနဲ့ ပြည့်စုံခဲ့တယ်လို့ ဆိုရမှာပါ။ အန်တီ့ကို ပြုစုခဲ့တာက မြန်မာနိုင်ငံသူတွေ ဖြစ်ခဲ့လို့ပါပဲ။

ကြီးကြီး မသန်းဧ၊ မိတ်ဆွေများနှင့် ဒေါ်အောင်ဆန်းစုကြည် မိသားစုကို တွေ့ရစဉ်
ကြီးကြီး မသန်းဧ၊ မိတ်ဆွေများနှင့် ဒေါ်အောင်ဆန်းစုကြည် မိသားစုကို တွေ့ရစဉ်

ကျွန်မရဲ့ ခင်ပွန်းကတော့ အန်တီ့ကို ဂျပန်အဆိုတော်နဲ့ ရုပ်ရှင်မင်းသမီး တစ်ယောက်ဖြစ်တဲ့ Li Kou Ran နဲ့ နှိုင်းလေ့ ရှိပါတယ်။ သူက သိပ်ချောမော လှပပြီး စစ်အတွင်းက တရုတ်ပြည်မှာ သူလျှို တစ်ယောက်အဖြစ် သတင်းတွေကို ဂျပန်တွေဆီ ပြန်ပို့ပေးခဲ့သူပါ။ အန်တီကလည်း စစ်အတွင်းက အိန္ဒိယမှာနေပြီး ဂျပန်စစ်သတင်း တွေ အကြောင်း အသံလွှင့်ခဲ့ဖူးသလို အလှအပနဲ့ ဖက်ရှင်ကို ကြောင့်ကြစိုက်တဲ့ ဘိလပ်ပြန် သန်းနာမည်နဲ့ ထင်ရှားတဲ့ အဆိုတော်တစ်ယောက် မဟုတ်လား။ သူက နောက်ဆုံးအချိန်ထိ လူတွေနဲ့ မတွေ့ခင်မှာ သူ့ကိုယ်သူ လှလှပပ ဝတ်စား ပြင်ဆင်တာမျိုး လုပ်ခဲ့တာကိုလည်း ကျွန်မတို့ တွေ့မြင် သဘောပေါက် ခဲ့ရပါတယ်။ သူက မြန်မာတွေရဲ့ အကျင့်ဖြစ်တဲ့ ကြိုတင် အကြောင်းမကြား ဝင်တွေ့တာမျိုးကို မုန်းပါတယ်။ ဒါပေမယ့် “မြန်မာတွေရဲ့ကောင်းတဲ့ ဓလေ့တစ်ခုက သူတို့ဆီကို လမ်းကြုံ ဝင်လည်တယ် ဆိုတာမျိုးဟာ မယဉ်ကျေးတဲ့ အပြုအမူလို့ မခံယူတတ်ကြတာပါပဲ” လို့လည်း ဖြည့်စွက်ပြောပါသေးတယ်။

ကိုယ့်ရေ ကိုယ့်မြေကနေ တစ်ခါမှ မခွဲခွာဖူးသူတွေ အတွက်တော့  အန်တီမသန်းဧရဲ့ ဘဝကို ကောင်းကင်က နတ်သမီး တစ်ပါးရဲ့ ဘဝလို လွတ်လပ်နေမယ်လို့ ထင်ကောင်း ထင်ကြမှာပါ။ ဒါပေမယ့် အန်တီ့မှာ လှပတဲ့ အသံ၊ ထူးခြားတဲ့ ဘာသာစကား စွမ်းရည်၊ များပြားတဲ့ နိုင်ငံတကာ အတွေ့အကြုံ၊ ထူးချွန် ထက်မြက်ပြီး စူးစမ်းတတ်တဲ့ ဒီမိုကရက် တစ်ယောက်ရဲ့ အမြင်ဆိုတဲ့ အစွမ်းတွေကြောင့်ပဲ သူဟာ ကိုယ့်ရေ ကိုယ့်မြေမှာ မနေခဲ့နိုင်ကြောင်းကိုတော့ သိကြမယ် မထင်ပါဘူး။ ဒီလိုနဲ့ အန်တီဟာ သူ့ဘဝတစ်လျှောက်လုံး မြန်မာ့အရေးကို တွေးတောသယ်ပိုးပြီး ပြည်ပမှာ အထီးကျန်စွာ နေဖြစ်ခဲ့တော့တာပါ။ ကျွန်မစိတ်ထင် စုဟာ အန်တီ့ အပေါ် မိဘတွေကြောင့် ရင်းနှီးကျွမ်းဝင်တာမျိုး မဟုတ်ဘဲနဲ့ အန်တီ့လိုမျိုး အတွေးတူပြီး ခြေရာနင်း ခဲ့တာ ဖြစ်မှာပါ။ စုနဲ့အန်တီဟာ အတော်ကြီး တူခဲ့တာ ချစ်ခင်ခဲ့တာ အဲဒါကြောင့်ပဲ ဖြစ်မယ် ထင်ပါတယ်။

၂ဝဝ၅ ခုနှစ်မှာ ဘာသာပြန်သူ အနေနဲ့ ကြီးကြီး မသန်းဧရှိရာ အောက်စ်ဖို့ဒ်က ဂေဟာကို သွားရောက် လည်ပတ် ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က သူ့အသက်ဟာ ၉၆ နှစ် ရှိနေပြီဖြစ်ပေမယ့် အားလုံးကို သေချာ မှတ်မိနေပြီး လူတွေက သူ့ကို ဒေါ်ရာသန်းဧလို့ ခေါ်ကြတာကို မကြိုက်ကြောင်း၊ သူ့နာမည်ဟာ အင်္ဂလိပ်လို Dora ဒေါ်ရာနဲ့ မြန်မာလို မသန်းဧ ဖြစ်ပြီး သန်းဧကို Sir name သဘော ဒေါ်ရာနဲ့ တွဲခေါ်ကြတာဟာ မှားယွင်း ကြောင်း အပါအဝင် စကားတွေ အများကြီး ပြောကာ သူ သိမ်းထားတဲ့ ဓာတ်ပုံတွေလည်း အများကြီး ပြခဲ့ပါ တယ်။ ၂ဝဝ၈ ခုနှစ်မှာတော့ ကြီးကြီးဆီ မသွားနိုင်တော့ဘဲ လေဒီ ဂေါရ်ဘုသ်နဲ့သာတွေ့ဖြစ်ပြီး  သူ့အကြောင်း တော့ ပြောဖြစ်ခဲ့ပါတယ်။ တစ်သက်မှာ တစ်ခါတည်း ဆုံဖြစ်ခဲ့ပေမယ့် ဓာတ်ပုံအတူရိုက်ကြဖို့ ပြင်တဲ့အခါ ခေါင်းစည်းနဲ့ပန်းကို အရပြင်ဆင်ခဲ့တဲ့ ကြီးကြီးအေးရဲ့ ပုံရိပ်တွေက ခုထိ လတ်ဆတ်နေဆဲပါ။
ဆက်လက်ဖော်ပြပါမည်။

မသီတာ(စမ်းချောင်း)
http://www.myanmarij.com/?p=4605

မိုး / မာဂျေ

အတွဲ ၃၀ ၊ အမှတ် ၅၈၃ ( ၂၄ - ၃၀ ၊ ၈ ၊ ၂၀၁၂)

ဓာတ်ပုံ-လွင်ကိုတိတ်
 
ဘယ်လိုလဲမိုးဟု မေးရလောက်အောင် ဩဂုတ်တစ်လလုံး မိုးရွာနေ သည်။ မိုးရွာလျှင် ဒုက္ခရောက်နေကြဖြစ်သော မြန်မာနိုင်ငံ အောက်ပိုင်း ကား ဆိုဖွယ်ရာမရှိပြီ။ ပဲခူးလည်း ရေကြီးသည်။ ပုသိမ်လည်း ရေကြီး သည်။

ရန်ကုန်မြို့သစ်များနှင့် မြို့မသစ်တစ်သစ်များလည်း ရေကြီးသည်။ ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်တွင် ကမ္ဘာပျက်မည်ဆိုသော ဟောကိန်းကို သတိရစရာဖြစ်လာသည်။
ယခုနှစ်မိုးသည် အလွန်ဆိုးသည်။ စိုက်ခင်းများ ရေလိုသော မိုးဦးတွင် သူမဟုတ်သလိုနေပြီး မိုးနှောင်းကျမှ အငြိုးနှင့် ဖိရွာနေသည်။

လယ်ယာ မြေဧက ငါးသိန်းကျော် ရေအောက်ရောက်နေသည်။ အစိုးရ က အရန်ဆန်တွေ ထုတ်ရောင်းနေရကြောင်း သတင်းဂျာနယ်များတွင် ဖတ်ရသည်။
သတင်းသမားများ ငွေရှာရလွယ်သောခေတ်ပင် ဖြစ်တော့သည်။သူတို့ အတွက် သတင်းတွေက ပေါမှပေါ။ အစိုးရကလည်း စာပေစိစစ်ရေး မရှိတော့ဟု ပြောသဖြင့် ထိုဆရာများ ပျော်တစ်ပြုံးပြုံး ဖြစ်နေသည်။
မာဂျေကား အညာသားဖြစ်သော် လည်း မိုးကိုမကြောက်။ မိုးကို ငယ်စဉ်ကပင် တောင့်တသည်။ ညဘက် အိမ်ခေါင်မိုး သွပ်ပြားပေါ် တစ်ဝုန်းဝုန်းနှင့် ရွာချသော မိုးသံကို နားထောင်ရင်း အိပ်ရသည့် အရသာကို ဘာနှင့်မှမလဲနိုင်။


ယခုကား ညတိုင်း မိုးရွာသဖြင့် မာဂျေ့အကြိုက်ဖြစ်သည်။ သို့သော် မိုးက တစ်ပတ်နှင့် မတိတ်၊ နှစ်ပတ်လည်း မိုးမစဲသော် အိမ်တွင် မှိုနံ့က စနံလာသည် အ၀တ်အစားတွေက မခြောက်၊ နေရသည်က စိုထိုင်းထိုင်းနှင့် ကျန်းမာရေးက စဖောက်လာသည်။ ဂေါက်ရောဂါ သမားဖြစ်သဖြင့် မနက်တိုင်း အိပ်ယာထလျှင် ဒူးတွေနာနေသည်။ နေရထိုင်ရသည်မှာ မအီမသာ ဖြစ်လာသည်။ ဆရာဝန်များက မိုးဦးတွင် စီးပွားမဖြစ်ဘဲ မိုးနှောင်းမှ စီးပွားဖြစ်နေပုံရသည်။


ရပ်ကွက်ထဲက တစ်နေ့လျှင် လူ ၁၀ ယောက်လောက်သာ လာသော ဆေးခန်းတွင် တစ်နေ့ လူနာ ၅၀ အထက် ဖြစ်နေသည်။ ဆရာဝန် များကား တစ်ပြုံးပြုံး။ မာဂျေသာ အိမ်နီးချင်းနိုင်ငံမှ ဆေးဝါးအတုအားလုံးလောက်နီးနီး မြန်မာနိုင်ငံသို့ ပို့သည်ကို ဖတ်ရပြီး ဘာဆေး သောက်သောက် ရောဂါ မသက်သာဟု ခံစားရသည်။
သင်္ကြန်စာပြန်ဖတ်ကြည့်တော့ မိုး နှောင်းတွင် မိုးကောင်းမည်ဟု မပါ။ သိပ္ပံမောင်ဝတို့ခေတ်ကတည်းက မှားခဲ့ သော သင်္ကြန်စာသည် ယခုထိ မှားဆဲ ဖြစ်သည်။ အချို့က တောင်တရုတ် ပင်လယ်က မုန်တိုင်းကြောင့် မိုးကြီးသည် ပြောသည်။ အချို့က ဘင်္ဂလား ပင်လယ်အော်မှ လေဖိအားနည်း ရပ်ဝန်းကြောင့်ဟု ဆိုသည်။


သို့သော် မုန်တိုင်းတို့၊ လေဖိအားနည်းရပ်ဝန်းတို့ သဘောမှာ ဤမျှမကြာတတ်။ မာဂျေ့ဆရာ မိုးလေ၀သဆရာကြီး ဦးထွန်းလွင်ကမူ လာနီညာကြောင့် ရာသီဥတုဖောက်ပြန်သည်ဟု ရေးသည်။ နွေတုန်းက ပူလွန်းသဖြင့် လူဦးရေစာရင်း အလျှော့ခံရသော သက်ကြီး ရွယ်အိုများသည် ယခုလည်း မစဲအောင် ရွာသောမိုးကြောင့် ယမမင်းထံ သတင်းပို့နေကြရပြန်သည်။


အသက်ကြီးလာပြီဖြစ်သော မာဂျေကမူ မိုးအလွန်ရွာခြင်းကို ကျမ်းဂန်နှင့် ညှိလိုသည်။ ထို့ကြောင့် မိုးများများရွာရသည့်အကြောင်း လိုက်လံ လေ့လာကြည့်သည်။ ဟော တွေ့ပါပြီ။ ဆင်ဖြူတော်ရှိလျှင် မိုးရွာသည်ဟု ဆိုသည်။ ဝေဿန္တရာ မင်းကြီးခေတ်ကပင် မိုးခေါင် ရေရှား သောတိုင်းပြည်က ဆင်ဖြူလာအလှူခံ သဖြင့် မင်းကြီးအရာစွန့်ခဲ့ရဖူးသည်။
မြန်မာနိုင်ငံတွင် ဆင်ဖြူတော်တွေ ပေါလွန်းသည်။ ထို့ကြောင့်လည်း မိုးကြီးနိုင်သည်။ ထိုဆင်ဖြူများကို နိုင်ငံရပ်ခြားသို့ လှူလျှင်ရော၊ မိုးခေါင် ရေရှားသော အာဖရိကနိုင်ငံများသို့ ဆင်ဖြူများ လှူသင့်သည်။ သို့မဟုတ် လေလံပစ် ရောင်းချသင့်သည်။ ဘီလူးသရဲများ မြို့မှထွက်လျှင်လည်း ကပ်ဆေးမိုး ရွာသွန်းတတ်သည်ဟု တွေ့ရပြန်သည်။


ဒါကတော့ ကိုယ်နှင့် လက်လှမ်းမမီ။ ဘယ်လို ဘီလူးသရဲ တွေ ရန်ကုန်ကထွက်သွားသဖြင့် မိုးကြီးရွာသည်ဟု ငြင်းရမည့်ကိန်း ဖြစ်နေသည်။ ဘီလူးသရဲကိုတော့ သူတစ်ပါးကို ခြောက်လှန့် နှိပ်စက် တတ်သူဟု သိရသည်။ ကိုယ့်ဟာကိုယ် တွေးကြည့်ရန်သာ ဖြစ်သည်။
နောက် တစ်ချက်ကား မြို့နေပြည်သူများ အကျင့်သီလပြည့်စုံလျှင် မိုးကြီးရွာ သည်ဟု ဆိုသည်။ သူများတွေတော့ မသိ၊ မာဂျေတို့ လူစုကား ညတိုင်း ယစ်ရွှေရည် တစ်မြမြ နေကြသဖြင့် ယခုရွာသောမိုးသည် လူအများ အကျင့်သီလကောင်းသဖြင့် ရွာသည် ဆိုသော အချက်ကို ပယ်သင့်သည်။
နောက်ဆုံးတစ်ချက်မှာ ကမ္ဘာဖျက်မိုးရွာသည်ဟု တွေ့ရသည်။


ဤအချက်ကား ဖြစ်နိုင်ကောင်းသည်။ မေယာလူမျိုးတို့၏ပြက္ခဒိန်သည် ၂၀၁၂ တွင်ဆုံးထားသည် မဟုတ် ပါလော။ ၂၀၁၂ ဆိုသော ရုပ်ရှင် ကလည်း ရေကြီးပြီး ကမ္ဘာပျက်သည်ကို ရိုက်ပြထားသည်။ အနုပညာရှင်နှင့် သမိုင်းပညာရှင်များသည် အနာဂတ်ကို ကြိုတင်စိတ်ကူးနိုင်သည် ဆိုသောစကား ကြားဖူးသည်။ ဘယ်စာအုပ် တွင် ဘယ်သူရေးသည်တော့ မမှတ်မိ။
ထိုအတိုင်းဆိုလျှင် ဂျာနယ်စောင်ရေ တက်ရန်၊ ကြော်ငြာများများရရန် အပင်ပန်းခံထားသည်များ အလကားဖြစ်တော့မည်။ သို့နှင့် ကမ္ဘာပျက်တန်ရာသော အကြောင်းများကို အင်တာနက် စာကြည့်တိုက်မှ ရှာဖွေဖတ်ကြည့် သည်။ ပညာရှင်များအလိုကား လူသားတို့ ၏ ပယောဂကြောင့်၊ သဘာဝ၏ ပယောဂကြောင့်၊ အခြားဂြိုဟ်သားတို့၏ ပယောဂကြောင့် အဆိုပါသုံးမျိုးအရသာ ကမ္ဘာပျက်နိုင်သည် ဆိုသည်။


လူသားတို့၏ပယောဂ ဆိုသည်မှာ အနုမြူစစ်ပွဲများဖြစ်ခြင်း၊ မြေအောက်သယံဇာတများ အလွန် ထုတ်ယူခြင်း၊ သိပ္ပံပညာ တိုးတက် သည် နှင့်အမျှ ပတ်ဝန်းကျင် ဂေဟစနစ် ပျက်စီးစေခြင်း၊ ဆေးယဉ်သော ပိုးမွှားများကြောင့် ရောဂန္တာရကပ်ကြီးများ ဖြစ်ပေါ်လာခြင်း ကို ဆိုလိုသည်။
သဘာဝပယောဂဆိုသည်မှာ မိုးခေါင် ခြင်း၊ ရေကြီးခြင်း၊ မီးတောင်များ ပေါက်ကွဲခြင်း၊ မြေပြိုခြင်း၊ ပြင်ပ ဂြိုဟ်သိမ်ဂြိုဟ်မွှားများက ၀င်တိုက်ခြင်း၊ စကြာဝဠာရှိ တွင်းနက်ကြီး ခေါ်သော ဘလက်ဟိုးအတွင်း စုတ်ယူခံရခြင်း၊ သက်တမ်းရင့်ပြီး အိုမင်းလာသော ကမ္ဘာကြီးသည် သဘာဝအလျောက် ပျက်စီးခြင်း စသည်တို့ကို ခေါ်သည်။


နောက်ဆုံးအချက်မှာ အနန္တ စကြာဝဠာတွင် ကမ္ဘာဂြိုဟ်သား လူများထက် ဉာဏ်ရည်မြင့်သော ဂြိုဟ်သားတို့က ကမ္ဘာကြီးကို ၀င်ရောက်စီးနင်း ဖျက်ဆီးခြင်းဟု ပြောသည်။ ဤသည်လည်း မဖြစ်ဟု မပြောနိုင်။ သက်ရှိချင်းအတူတူ လူများက ခြအုံတွေ၊ ပရွက်ဆိတ်အုံ တွေကို လွယ်လွယ်လေး သတ်ဖြတ် ဖျက်ဆီးနေခြင်းနှင့် ဥပမာနှိုင်းအပ်သည်။
ထိုသို့ ယုံကြည်ရသော် ကုသိုလ် ကောင်းမှုပြုရန် အချိန်သိပ်မကျန်တော့ ပြီ။ သို့နှင့် ၀ါအ၀င် ၀ါဆိုသင်္ကန်း ကပ်ရန် ရုံးမှ တပည့်များကို စီစဉ်ခိုင်း ရသည်။ မနက် ရုံးအလာတိုင်း မီးပွိုင့်တွင် ပန်းရောင်းသောကလေး ထံမှ ပန်းကိုလည်း ၀ယ်ရတော့သည်။ မီးပွိုင့်တွင် ခြေတစ်ပေါင်ကျိုး နှင့် တောင်းသူအတွက်လည်း ၅၀ တန်များ လဲထားရသည်။


တစ်ညောင်ညောင်ဖြင့် အစာအလွန် တောင်းသဖြင့် ယခင်က ငြိုငြင်မိသော အိမ်ကကြောင်ကိုလည်း အစာမှန်မှန် ကျွေးရသည်။ ဗီရိုအတွင်း မှိုတက်နေ သော ဘုရားစာအုပ်များ ပြန်လှန်ရသည်။ မရောက်တာကြာပြီဖြစ်သော ရွှေတိဂုံဘုရားသို့လည်း သွားဖူးမည် စိတ်ကူးနေစဉ် နာမည်ကျော် ရုပ်ရှင် ဒါရိုက်တာမိတ်ဆွေကြီးက ဖုန်းဆက် ခေါ်သဖြင့် ဘုရားမရောက်ဘဲ သူရာရည် ၀ိုင်းရောက်သွား သည်။
သူရာရည်ဝင်သော် မာဂျေကား ကမ္ဘာပျက်မည်ကို မကြောက်တော့ ပြီ။ ကမ္ဘာပျက်လျှင် မာဂျေသာ ကျန် တော့မည့်ပုံစံနှင့် ကမ္ဘာပျက် တန်ရာသော အကြောင်းများကို အဆိုပါဝိုင်း တွင် အာဘောင်အာရင်းသန်သန်နှင့် ပြောနေတော့သည်။ လူ့စိတ်ကား ဆန်းပေစွ တကား။

http://www.myanmar.mmtimes.com/2012/article/583/article01.html 

Tuesday, 21 August 2012

ဝိရောဓိဘဝ


ဒီနေ့ ကျွန်တော်တို့မှာ အိမ်ကြီးကြီးတွေ ရှိကြတယ်။ ဒါပေမယ့်
မိသားစုဝင်နည်းနည်းနဲ့။
 အဆင်ပြေမှုတွေ ပိုများလာတယ်၊ ဒါပေမယ့် အချိန်တွေ နည်းကုန်ကြတယ်။
ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊ ဒါပေမယ့်
ယေဘုယျအသိတွေ နည်းလာတယ်။


ဗဟုသုတတွေ များလာတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ်။
ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ်။ ဒါပေမယ့် ပြဿနာတွေ
ပိုများလာတယ်။
ဆေးတွေ များများစားစား ရှိတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။


ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ သုံးဖြုန်းနေကြတယ်။
ရယ်တာတော့ အတော်နည်းသွားပြီ။
 ကားမောင်းတာ အတော်မြန်လာကြတယ်။
 ဒေါသဖြစ်ဖို့ အတော်လေးမြန်လာပြီ။
 အိပ်ယာဝင်တာ နောက်ကျလွန်းတယ်။
စာဖတ်တာ အတော်လေးနည်းတယ်။
ရုပ်မြင်သံကြားတော့ အတော်ကြည့်ကြသား။ ဘုရားရှိခိုးတာ အတော်နည်းလာပြီ။

ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိုးပွားဖို့လုပ်ခဲ့ကြတယ်။ ဒါပေမယ့်
ကျွန်တော်တို့ရဲ့ တန်ဖိုးတွေတော့ လျော့လာကြတယ်။
ကျွန်တော်တို့ စကားကို ရွှန်းရွှန်းဝေအောင် ပြောကြတယ်။ မေတ္တာတွေနည်းလာပြီ။
လိမ်တာညာတာတော့ မကြာခဏပဲ။


ကျွန်တော်တို့ နေထိုင်ဖို့အတွက် သင်ယူခဲ့ကြတယ်။ ဒါပေမယ့် ဘ၀အတွက်မဟုတ်ဘူး။


ကျွန်တော်တို့ သက္ကရာဇ်မှာ ဘ၀ကို မြှုပ်နှံနေကြတယ်။ ဘ၀အတွက် သက္ကရာဇ်တွေကို
အသုံးမချနိုင်ဘူး။


ကျွန်တော်တို့မှာ ကြီးမားတဲ့အဆောက်အဦးတွေ ရှိတယ်။ ဒါပေမယ့်
စိတ်ရှည်သည်းခံနိုင်မှုဟာ အတော်သေးကွေးလာတယ်။


 ကျယ်ပြန့်တဲ့ လမ်းမကြီးတွေ ရှိတယ်။ ဒါပေမယ့် အမြင်တွေ ရှုထောင့်တွေ
သေးသိမ်လာတယ်။


ကျွန်တော်တို့ များများသုံးလာတယ်။ ဒါပေမယ့် နည်းနည်းပဲ ရတယ်။


ကျွန်တော်တို့ များများစားစား ၀ယ်လာတယ်။ ဒါပေမယ့် ကျေနပ်မှုကတော့
အတော်နည်းတယ်။


 ကျွန်တော်တို့ လဆီကို သွားဖို့၊ ပြန်ဖို့ နည်းလမ်းတွေရှိတယ်။
ဒါပေမယ့် လမ်းကူးပြီး အိမ်နီးနားချင်းဆီသွားဖို့ အတော်ခက်နေတယ်။


 ကျွန်တော်တို့ အပြင်အာကာသကို ကြီးစိုးနိုင်တယ်။ ဒါပေမယ့် အတွင်းအဇ္ဈတ္တကို
မပိုင်နိုင်ဘူး။


ကျွန်တော်တို့ အက်တမ်ကို ခွဲခြမ်းနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့
အာဂါတ တရားကို မဟုတ်ဘူး။


ကျွန်တော်တို့ များများရေးတယ်။ ဒါပေမယ့် လေ့လာမှုတွေနည်းလာတယ်။
စီမံကိန်းတွေများတယ်။ ပြီးမြောက်တာ နည်းတယ်။


ကျွန်တော်တို့ ခပ်သုတ်သုတ်လုပ်ဖို့ သင်ယူကြတယ်။ ဒါပေမယ့် စောင့်စားတတ်ဖို့
မပါဘူး။


ကျွန်တော်တို့ မြင့်မားတဲ့ဝင်ငွေတွေ ရှိလာတယ်။ ဒါပေမယ့် သေးသိမ်တဲ့
စိတ်ဓါတ်တွေနဲ့။


 ကျွန်တော်တို့ သတင်းအချက်အလက်များသိမ်းဖို့ ကော်ပီများများပွားဖို့
ကွန်ပြူတာတွေထွင်ခဲ့ကြတယ်။ဒါပေမယ့် အဆက်အသွယ်တော့ နည်းလာကြတယ်။


ကျွန်တော်တို့ အရည်အတွက်များများ ထုတ်နိုင်ကြတယ်။ ဒါပေမယ့် အရည်အသွေး
နည်းနည်းနဲ့ အသင့်စားအစားအစာတွေ ခေတ်စားနေတယ်။ အစာချေဖျက်နိုင်မှုက အတော်နှေးလာတယ်။
 လူ ခပ်မြင့်မြင့်တွေ ဖြစ်ပေမယ့် စရိုက်တွေက ခပ်သိမ်သိမ်ပဲ။


 အားလပ်ချိန် ပိုလာပေမယ့် ပျော်ရွင်မှုတွေ နည်းလာတယ်။အစားအစာအမျိုးအစားများလာပေမယ့် အဟာရတွေနည်းလာတယ်။


 နှစ်ယောက်စာ ၀င်ငွေတွေဖြစ်လာပေမယ့် လင်မယားကွာရှင်းမှုတွေများလာတယ်။
လှပတဲ့ အိမ်ယာတွေမှာ ကျိုးပျက်နေတဲ့ အိမ်ထောင်တွေနဲ့။


ဒါကြောင့် ကျွန်တော် တင်ပြချင်တာက ဒီနေ့ကစပြီး ထူးခြားတဲ့အခြေအနေအတွက်ဆိုပြီး
ဘာပစ္စည်းကိုမှ မသိမ်းပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ နေ့တိုင်းဟာ ထူးခြားတဲ့
နေ့ထူးနေ့မြတ်တွေပါပဲ။


အသိတရားအတွက် ရှာဖွေပါ။ စာများများဖတ်ပါ။


သင့်အိမ်ရှေ့ ၀ရံတာမှာထိုင်ပြီး သင့်လိုအပ်ချက်တွေကို အာရုံမထားဘဲ မြင်ရတဲ့
မြင်ကွင်းကို ခံစားကြည့်ပါ။

သင့်မိသားစုနဲ့ သူငယ်ချင်းတွေ အတွက် အချိန်များများ သုံးပါ။
သင်ကြိုက်တဲ့ အစားအစာကို စားပါ။ သင် နှစ်သက်တဲ့နေရာတွေကို သွားပါ။

ဘ၀ဆိုတာ ပျော်ရွှင်မှုတွေနဲ့ စီကုံးထားတဲ့ ကဗျာတစ်ပုဒ်ပါ။ အသက်ရှင်ရုံ
သက်သက်မဟုတ်ပါဘူး။
သင်သိမ်းဆည်းထားတဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတွေ၊ ရေမွှေးတွေကို အခုပဲသုံးလိုက်ပါ။
 နောက်ပြီး သင်လိုမယ်ထင်တဲ့အချိန်တိုင်းမှာ သုံးပါ။


သင်ရဲ့ အဘိဓာန်ထဲက `တစ်နေ့နေ့´ တို့၊ `တစ်နေ့ရောက်ရင်´ ဆိုတာတွေကို
ဖယ်ရှားလိုက်ပါ။
 ကျွန်တော်တို့ရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေကို ကျွန်တော်တို့
ဘယ်လောက်ချစ်ကြောင်း ပြောကြရအောင်။


သင့်ဘ၀ကို ပျော်ရွင်စေမယ့်၊ ဘ၀အမောပြေစေမယ့် အရာတွေအားလုံးကို
နောက်မကျပါစေနဲ့။

 နေ့တိုင်း၊ အချိန်တိုင်း၊ မိနစ်တိုင်းဟာ ထူးခြားနေပါတယ်။
 နောက်ပြီး အဲဒါဟာ ဘယ်လောက်ကြာကြာခံမလဲဆိုတာ သင်တို့မသိပါဘူး။
အကယ်၍ သင်ချစ်တဲ့သူဆီကို ဒီစာ ပို့ဖို့ အချိန်မပေးနိုင်သေးဘူး ဆိုပြီး သင်
တစ်နေ့နေ့တော့ ဒီစာကို ပို့မှာပါလို့ပြောနေရင်တော့


ကျွန်တော့ကို ယုံပါ။ အဲဒီတစ်နေ့နေ့ဆိုတဲ့ အချိန်မှာ

 ဒီစာကို ပို့ဖို့ သင်ဒီမှာ ရှိချင်မှရှိတော့မယ်။


(မှတ်ချက်။ ။ မည်သူရေးမှန်းမသိပါ။ ထို့ကြောင့် စာရေးသူရဲ့ အမည်ကို ဖေါ်ပြမထားခြင်းဖြစ်ပါသည်။ မူရင်းစာရေးသူကို သိရှိပါက အကြောင်းကြားစေလိုပါသည်။   မှ - မောင်နေခြည် (လှည်းကူး) )

မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက် ငါးခု/ ညိုလင်းထွန်း

မြန်မာ နိုင်ငံမှာရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိ သူတွေ အလွန် နည်းပါး နေပါတယ်။ ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြု နေကြတာများပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ဝှက်ချက် အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ရတာ တွေ့ရပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံး ဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုလျောက် ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာ မိုဘိုင်းဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင်တောင် နှိပ်လို့ ရနေမှာဖြစ်ပါတယ်။

(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီ အားနည်းလာပြီဆို ရင် *3370# ကိုနှိပ်လိုက်တာနဲ့ ဖုန်း တွေမှာ အရေးပေါ်သုံးဖို့ချန်ထားတဲ့  ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာ ဘက်ထရီ ထက်ဝက်အားပြန် ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ် မိုဘိုင်းဖုန်း ဘက်ထရီ အားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေးပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ ဒီနည်းဟာ လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။


(၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထားတဲ့ကား အသုံးပြုသူ တွေအတွက် ကားထဲမှာ သော့ကျန်ခဲ့ခြင်း၊ အပိုသော့ တစ်ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေ တာကို တွေ့ရမှာပါ။ အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့အဆက်အ သွယ်ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါး ပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းကိုတော့ ကားနားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်း ဟာ မိမိအတွက် ပင်ပန်းမှုမရှိပဲ အဆင် ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။

(၄) မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့ အကြောင်းတစ်ခုခုကြောင့် ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။ ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ ဂဏန်း (၁၅) လုံးပေါ်လာမှာဖြစ်ပါ တယ်။ အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ် မှာပါ။

ကိုယ့်ဖုန်း ပျောက်ဆုံးသွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ်ခိုင်းနိုင်ပါတယ်။ တကယ်လို့် ခိုးသူဟာ Simcard ကို မထုတ်ရသေးခင် တိုင်တန်းမယ်ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ် နိုင်မှာဖြစ်လို့ မိမိဖုန်းထဲက ဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

(၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ်တွေဟာ တစ်ခုနဲ့တစ်ခု တူညီမှုမရှိကြပါဘူး။ ဒါပေမဲ့ Nokia ဖုန်းအသုံးပြုမယ့် သူတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကုတ်နံပါတ်တွေအနေနဲ့ IMEI (International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ LCD Display ကိုပိုပြီး ရှင်းလင်းပြတ် သားစွာမြင်ချင်တတယ်ဆိုရင် *#67705646# ကိုနှိပ်ပြီး ကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာ အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ Blue tooth device တွေရဲ့တည်နေရာကို ကြည့်ချင် တယ်ဆိုရင် *#2820# ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ ဖုန်းရဲ့ထုတ်လုပ်တဲ့ အချိန်၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကို နောက်ဆုံး ဘယ်အချိန်မှာ ပြုပြင်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာနဲ့ ဖုန်း lifetime ကို သိရှိလိုရင်တော့ *#92702689# ကိုရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသော ဖုန်းနံပါတ်များကို ချေဖျက်ချင်ပါက *# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့ *# 737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset lock လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက်လာတဲ့ အချိန်မှာ defult code 12345 ကို ရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာဖြစ်ပါတယ်။။။။။။

မိုဘိုင်းလ် ဖုန်းတစ်လုံးအား ကျွန်းကျင်စွာ ကိုင်တွယ်နိုင်ပါစေ။

(ညိုလင်းထွန်း)

http://www.maukkha.org/index.php/maukkha-subject-list/science-and-technology-maukkha/2238-mobile-phone-secrets