mgnaychi banner
- မူလစာမျက်နှာ
- လှည်းကူးမှု့ခင်း
- လှည်းကူးဘာသာရေး
- လှည်းကူးပညာရေး
- လှည်းကူးလူမှု့ရေး
- လှည်းကူးကျန်းမာရေး
- လှည်းကူးနိုင်ငံရေး
- ကဗျာ
- ကရုဏာရှင်အသင်း
- ဓမ္မပူဇာမင်္ဂလာအသင်း
- လှည်းကူးသမိုင်းအဖွဲ့
- လှည်းကူးစီးပွားရေး
- လှည်းကူးအရေးပေါ်ဖုန်းနံပါတ်များ
- လှည်းကူးကြေငြာချက်များ
- ပြည်တွင်းမှတ်စု
- ပြည်ပမှတ်စု
- ဆက်သွယ်ရန်
- ကိုယ်တိုင်ရေးမှတ်စု
- စာအုပ်စာပေ
- ခံစားနားဆင်ကြမယ်
Thursday, 21 July 2011
ဦးအောင်ဆန်း၏ နောက်ဆုံးနေ့
ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ ၁ဝ နာရီခွဲ။
မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်းညိုမှိုင်းလျက် ရှိသည်။ တိမ်တိုက်ဟူ၍ ဘာမျှကြည်လင်စွာမမြင်ရ။ မိုးကိုကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင် ကြီးလို ဝိုးဝိုးဝါးဝါးနေသည်။ မိုးသည် ကင်းကင်းလွတ်လွတ်စဲသည်ဟူ၍ မရှိဘဲတဖွဲဖွဲနေလိုက်၊ တဖြိုင်ဖြိုင် ရွာချလိုက်နှင့်၊ နောက်စွေ၍နေလေသည်။
ဒီကနေ့ အတွင်းဝန်များရုံးသို့ သွားစရာရှိသည်။ တိုင်းပြုပြည်ပြု လွှတ်တော်အထူးအရာရှိ ဦးသိန်းဟန် (ဇော်ဂျီ)က စနေနေ့နေ့လယ်တွင် ဆောင်းပါးလာယူရန် ချိန်းထားသည်။ ဗိုလ်ချုပ်၏အပါးတော်မြဲ ဗိုလ်ထွန်းလှထံမှလည်း ခရီးသွားခြင်းဆောင်းပါးကို လမ်းကြုံလျှင်ယူသွားပါမည်ဟု မှာထားချက်ရှိသည်။ သို့ဖြစ်၍ ဗိုလ်ထွန်းလှထံ ဆောင်းပါးဝင်ယူရင်း ခဏတဖြုတ် စကားစမည်ပြောပြီးနောက် ဇော်ဂျီဆီသို့ သွားမည်ဟု စိတ်ကူးထားသည်။
၁ဝ နာရီလောက်ကတည်းက အဝတ်အစားလဲပြီး မိုးအတိတ်ကို စောင့်လျက်ရှိသည်။ မိုးကားမစဲနိုင်။ သို့နှင့် စားပွဲတွင်ထိုင်ကာ အပြီးမသတ်သေးသော ကဗျာတစ်ပုဒ်ကိုစပ်ရင်း ၁၁ နာရီထိုးသွားလေပြီ။ မိုးကား မတိတ်သေးပေ။
နောက်ဆုံးတွင် မိုးစဲလိမ့်မည်မဟုတ်ဟု စိတ်ချလိုက်ပြီး အပေါ်အင်္ကျီဝတ်ကာ လမ်းမကြီးသို့ ထွက်ခဲ့သည်။ အဆင်သင့်တွေ့သော ဒေါင်းတံဆိပ် တာမွေဘတ်စ်ကားကို တက်စီးသည်။ ကားထဲတွင် ကြည့်မြင်တိုင်ဘက်မှ လိုက်ပါလာသည်ထင်ရသော တောသား ၃ ယောက်နှင့် တရုတ်မ ၂ယောက်ကို တွေ့ရသည်။ ကားပြတင်းတံခါးများ မှာ ပိတ်ထားသည်။ ခရီးသည်တို့ကား တိတ်ဆိတ်စွာလိုက်ပါလာ ကြသည်။ အပြင်ဘက်တွင်ကား မိုးသည်ရွာလျက်ပင်။ ရွှံ့ဗွက်ချိုင့်ဝှမ်းတို့ဖြင့်ပြွမ်းသော ရန်ကုန်ကား လမ်းကား စိုစွတ်လှသည်။
ကားသည် သိမ်ကြီးဈေးတွင် ခေတ္တရပ်ပြီး ဆက်လက်၍ တစ်ဟုန်တည်းမောင်းလာသည်။ ခရီးသည် အဆင်းအတက် သိပ်မရှိလှ။ သို့နှင့်စပတ်လမ်း(ယခု ဗိုလ်အောင် ကျော်လမ်း) ရောက်လျှင် ကျွန်တော် ဆင်းလိုက်သည်။
ကျွန်တော်သည် ဒါလဟိုဇီလမ်း(ယခုမဟာဗန္ဓုလလမ်း)ဘက်မှ စပတ်လမ်းကိုဖြတ်ကူးလိုက်သည်။ လမ်းဘေးတွင် မော်တော်ကားများသည် ဟိုတစ်စုသည်တစ်စု ရပ်လျက်ရှိသည်။ ကားတချို့ကား သွားလာလျက်။
ထီးဆောင်းလျက်၊ မိုးကာဝတ် လျက် လူများသည် သွားကြလာကြနှင့် ရှုပ်ရှက်ခတ်နေသည်။
သူရိယတိုက်ရှေ့အဝင် တံခါး မပေါက်ကြီးတွင်ကား လူများသည် အတွင်းသို့မျှော်ကြည့်လိုက်။ စကားပြောလိုက်နှင့် နေကြသည်ကို တွေ့ မြင်ရသည်။ ကျွန်တော်ကား ရုံး ဆင်းချိန်မို့ လူတွေရှုပ်နေတာထင်ပါ ရဲ့ဟုသာ သာမန်အောက်မေ့မိသည်။
ကျွန်တော်သည် အင်မတန် အရိပ်အခြေကို မသိတတ်၊ မမြင်တတ်သူ ဖြစ်ချေသည်။ ခါတိုင်းကဲ့သို့ပင် ရဲရဲတင်းတင်း တံခါးပေါက်မှ အတွင်းသို့ဝင်သွားသည်။ လမ်းကူး တွင် ကားလက်နက်ကိုင်စစ်သားများ စောင့်ကြပ်လျက်ရှိသည်ကို တွေ့ရသည်။ ခါတိုင်းလည်း စောင့်နေကျပဲဟု ထင်လိုက်မိသည်။ ကျွန်တော်သည် အတွင်းဝန်ရုံးသို့ သွားခဲလှပေသည်။
ညှိုးလျော့သော မျက်နှာနှင့် လုံချည်အပြာဝတ်ထားသော စာရေးမနှစ်ဦးသည် သုတ်သုတ် သုတ်သုတ်နှင့် ရုံးထဲမှထွက်လာသည်။ သို့နှင့် အလယ်ဆင်ဝင်အောက် ကားဆိုက်သည့်နေရာသို့ ရောက်လာသည်။ ခါတိုင်းလို ရုံးစေများ ချာပရာစီများရပ်ပြုနေသည်ကို အလျင်းမတွေ့ရ။ တိတ်ဆိတ်ငြိမ်သက်၍ နေသည်။
ဗိုလ်ထွန်းလှ အခန်းသို့တက်ရန် လှေကားတစ်ထစ် နှစ်ထစ်တက်မိပြီးမှ တိတ်ဆိတ်ငြိမ်ချက်သား ကောင်းလှသည်ကို စိတ်ထင့်သွား၍ ဗိုလ်ထွန်းလှ ခေတ္တရုံးဆင်းချိန် လက်ဖက်ရည်သောက် သွားနေလိမ့်မည်ဟုတွေးကာ မတက်တော့ဘဲ ဆင်ဝင်အောက်မှ ဖြတ်သန်းကာ တစ်ဖက်ရှိ တိုင်းပြုပြည်ပြု လွှတ်တော်ရုံးခန်းသို့ လာခဲ့လေ သည်။ ဇော်ဂျီထံမှ အပြန်ကျမှပဲ ဝင်တော့မည်လေ။
လွှတ်တော်ရုံးဝင်ဝင်ချင်း သခင်နု၏ရုံးခန်းတံခါးဝမှာ ပိတ်ထားသည်ကိုတွေ့ရသည်။သက္ကလတ်ခန်းဆီး အစိမ်းပုပ်ကြီးမှာ လည်းဆွဲပိတ်၍ထားသည်။ သခင်နု၏ရုံးခန်း ကို ကျော်၍ဇော်ဂျီအခန်း သို့ရောက်လေပြီ။ သူ့အခန်းမှာလည်း တံခါးပိတ်ထားပြီး ခန်းဆီးအစိမ်းပုပ်ကြီးလည်း ဆွဲ၍စေ့ထားသည်။ ရုံးစေနှစ်ယောက်မှာ နံရံကို မှီကာ ရပ်နေကြသည်။ ခါတိုင်းလို စကားပြောမနေကြ။ သူတို့သည် ငေးမှိုင်တွေဝေ၍ တစ်မျိုးကြီးဖြစ်နေ သည်ဟု အောက်မေ့လိုက်သည်။
ကျွန်တော်က ငိုင်တိုင်တိုင်နေ သောရုံးစေတစ်ဦးအား ”ဦးသိန်းဟန်ရှိသလား”ဟုမေးသည်။ ”ရှိပါတယ်ခင်ဗျ”ဟု ခပ်တိုးတိုးသာသာ အေးအေးဖြေသည်။ သည်တော့မှ မျက်နှာပျက်နေကြောင်း အသေအချာ သိလိုက်တော့သည်။ စိတ်ထဲတွင်ကား မရှင်း။
တံခါးစေ့ထားသဖြင့် အတွင်းသို့ ရုတ်တရက်မဝင်ဝံ့သေးဘဲ ရပ်ကာရုံးစေဘက်သို့ တစ်ဖန်လှည့်၍ ”အထဲမှာအစည်းအဝေးလုပ်နေသလား”ဟု မေးရသည်။
ရုံးစေသည် ဘာမှမပြောဘဲ အသာတယာ စေ့ထားသော တံခါးကိုဖွင့်ပေးသည်။ လှမ်းကြည့်လိုက်ရာ သူ၏စားပွဲတွင် ထိုင်နေသော ဇော်ဂျီကိုတွေ့မှ ထီးကိုထောင်ပြီး အတွင်းသို့ ဝင်လိုက်သည်။
ရုံးခန်းကား တိတ်ဆိတ်ငြိမ် ရုံးခန်းကား တိတ်ဆိတ်ငြိမ် သက်လျက်ရှိသည်။ စေ့ထားသော ပြတင်းတံခါးမှ ပြာစိမ်းစိမ်းမှန်ရောင် သည်ရိုက်ဟပ်သဖြင့် အခန်းသည် စိမ်းစိမ်းပြာပြာဖြစ်နေသည်။ အခန်း ထိပ်ရှိ စားပွဲကြီးတွင်ကား တိုင်းပြုပြည်ပြုလွှတ်တော် အကြံပေးအရာရှိ ဝတ်လုံဦးချန်ထွန်းသည် ခေါင်းငိုက်ကာ ငေးမှိုင်လျက် ရှိသည်။
ဇော်ဂျီသည် ကျွန်တော်ဝင်လာသည်ကို မြင်သောအခါ ဆိတ်ဆိတ်ပင်၊ စကားမမြွက်ဟဘဲ ထိုင်ရန် ကုလားထိုင်ကိုသာ လက်ဖြင့် ညွှန်ပြသည်။ သူသည်ငေးငိုင်၍ နေသည်။ အတန်ကြာတိတ်ဆိတ် လျက်ရှိသည်။ ကျွန်တော်ကား ခါတိုင်းလှုပ်ရှားဆူညံ၍ နေတတ်သော အတွင်းဝန်များရုံးသည် ဘာကြောင့် ယခုလိုအုံ့မှိုင်း ရီဝေ၍နေသည်၊ ဆိတ်ငြိမ်၍နေသည်ကို အံ့သြလျက်ရှိသည်။
အတန်ကြာ ဆိတ်နေရာမှ ”အားလုံးတော့ဒုက္ခဖြစ်ကုန်ပြီ”ဟု ဇော်ဂျီက တိုးတိုးညည်းလေသည်။ ကျွန်တော်ကား ဘာမှန်းမသိသေးသဖြင့် ကြောင်နေရာ သူကအကဲခတ်မိ၍ နေရာမှထကာလက်ပြ ၍ အပြင်သို့ခေါ်ခဲ့သည်။ ကျွန်တော် သည် ထိတ်ခနဲဖြစ်သွားသည်။
”လက်ဖက်ရည်ဆိုင် သွားရအောင်”
မိုးတဖွဲဖွဲတွင် ရုံးခန်းအပြင်ဘက် မြေနီလမ်းကလေးပေါ်ရောက်မှ ကျွန်တော်က မနေနိုင်၍ ‘‘ဘာ ဖြစ်လို့လဲ ဆရာ”ဟု မေးမိသည်။
”မင်း မကြားသေးဘူးလား” ဟု ဇော်ဂျီက အံ့သြနေသည်။
”ဟင့်အင်း… ကျွန်တော် အခုပဲ ဘတ်စ်ကားပေါ်ကဆင်းပြီး ရုံးကိုတန်းလာတာ”
သည်တော့မှ ဇော်ဂျီက ဖြစ်ပုံကို ပြောပြသည်။ ခြသေ့င်္တပ် စစ်ယူနီဖေါင်းကိုဝတ်ထားသော လက်နက်ကိုင်လူ ၄ ယောက်သည် ကျွန်တော်ဖြတ်လာခဲ့သော အလယ် ဆင်ဝင်အောက်မှ တက်လာကာ ဦးအောင်ဆန်း၏ ရုံးခန်းအတွင်းသို့ အတင်းတွန်းဝင်၍ အစည်းအဝေးပြုလုပ်လျက်ရှိသော အမှုဆောင်ဝန်ကြီးများအား စတင်းဂန်းဖြင့် ပစ်ခတ်ကြပြီး မည်သူမျှ ဖမ်းဆီးခြင်းမခံရဘဲ ဂျစ်ကားဖြင့် ထွက်ပြေး လွတ်မြောက်သွားသည်။ ကျွန် တော်မရောက်မီ တစ်နာရီကျော်ကျော်ခန့်က ဖြစ်သည်။
ကျွန်တော်သည် သည်သတင်းကို ကြားသောအခါ ထိတ်လန့်တုန်လှုပ်၍သွားသည်။ အသားများ တဆတ်ဆတ်တုန်လာသည်။ အတွင်းဝန်ရုံး လက်ဖက်ရည်ဆိုင်ထဲတွင် ကား စာရေးစာချီစသော ရုံးသားတို့သည် ညှိုးငယ်သောမျက်နှာဖြင့် ဆိတ်ငြိမ်စွာစားသောက်၍ နေကြသည်ကိုတွေ့မြင်ရသည်။ တစ်စားပွဲခြားရှိ နိုင်ငံရေးရာအတွင်းဝန် ကိုကျော်မြင့်ကလေးက လှမ်း၍ နှုတ်ဆက်လိုက်သည်။ သူသည် ခပ်အေးအေးခပ်တွေတွေပင် လက်ဖက်ရည်ကို သောက်နေသည်။
”အင်မတန်နှမြောဖို့ ကောင်းတယ်ဗျာ”၊ ”သိပ်ပြီး ရက်စက်ကြမ်း ကြုတ်တဲ့ နိုင်ငံရေးလုပ်ကြံမှုပဲ” စသည်ဖြင့် လူအချို့သည်ညည်း တွားလျက်ရှိကြသည်။
ဇော်ဂျီက ”အမျိုးသား ပျက်စီးခြင်းတစ်ရပ်ပဲ” ဟု တသသ ပြောသည်။
”ကျွန်တော် ရုံးဝင်းထဲဝင်လာတော့ လက်နက်ကိုင် ပုလိပ်တွေကို တွေ့တယ်။ ဒါပေမဲ့ ကျွန်တော် ဝင်လာတာကို မတားကြဘူး။ ဆင်ဝင်အောက်အဝင်မှာ တောင် အသိ စာရေးတစ်ယောက်နဲ့တွေ့သားပဲ။ သူကလည်းဘာမှမပြောဘူး”
”လူတွေဟာ မပြောရက်ကြဘူး” ဟု ဇော်ဂျီကဆိုလေသည်။
လက်ဖက်ရည် သောက်နေကြစဉ် ခုတင်ပဲ ဆေးရုံမှပြန်လာသောရုံးသားတစ်ဦး အပါးကပ်လာ၍ ”ဘယ့်နဲ့လဲ”ဟု ကျွန်တော်တို့က ဝိုင်း၍ မေးမြန်းကြသည်။ သူက မိုင်းပွန်စော်ဘွားကြီးမှတစ်ပါး အားလုံးဆုံးရှာပြီဟု ပြောသည်။ သူသည်အသံ တုန်နေ၍မျက်နှာမှာ ဖြူဖတ်ဖြူရော် ဖြစ်နေသည်။
”ဗိုလ်ချုပ်ကော”ဟု တစ် ယောက်က တိုးတိုးမေးသည်။
”မျက်နှာကို အဝတ်ဖြူနဲ့ ဖုံးထားတယ်”
ကျွန်တော်လည်း ကြာကြာမနေနိုင်ဘဲ ဂျူဒါအီစကယ်လမ်း (ယခု သိမ်ဖြူလမ်း)တံခါးပေါက်မှ ကျော်၍ အပြင်ဘက်လမ်းသို့ ထွက်ခဲ့သည်။ မိုးသည် တစိမ့်စိမ့်ရွာလျက် ပင်ရှိသည်။ လူတစ်အုပ်သည် မိုးထဲတွင် . . .
ထီးဆောင်း၍၊ တချို့ထီးမပါဘဲ၊ တချို့ ပလက်ဖောင်းပေါ်တွင် ရပ်ကာအတွင်းဝန်ရုံးဘက်သို့ မျှော်ကြည့်နေကြသည်။ ကုလားနှင့်တရုတ်လည်း ပါသည်။
ဗိုလ်ချုပ်၏ ရုပ်ကလာပ်ကို ထီးဖြူ ၂ လက်မိုးကာ အာဇာနည်ကုန်းသို့ ဆောင်ကျဉ်းလာကြစဉ်။ (ဓာတ်ပုံ-ဗမာ့ခေတ်)
လူတစ်ယောက်က ကျွန်တော်၏ လက်မောင်းကိုဆွဲကိုင်၍ ”ဒီမယ်… ခုနကဝန်ကြီးတွေ သေနတ်ပစ်ခံရတယ်ကြားတယ်၊ ဟုတ်သလားခင်ဗျာ”ဟု မေးသည်။ သူကားအကြောင်းမျိုးစုံကို သိချင်နေပေလိမ့်မည်။
”ဟုတ်ကဲ့”ဟူ၍သာ ဖြေကြားပြီး တစ်ဖက်သို့ ဖြတ်ကူး၍ အသင့်တွေ့ရသော ဒေါင်းတံဆိပ်ကားကို တက်စီးလိုက်သည်။ ကားသည် လမ်းမတော်ဘက်သို့ ပြေးလျက်ရှိ သည်။
ကားထဲတွင် လူမနည်းလှပေ။ ခရီးသည်အားလုံး မျက်စိမျက်နှာ မကောင်းကြ။ ခပ်ရွယ်ရွယ် မိန်းမပျိုတစ်ဦးက ”ဖြစ်မှဖြစ်ရလေနော် ဖြစ်မှဖြစ်ရလေ”ဟု မြည်တမ်း လျက် ရှိသည်။
ဈေးသည်ဟုထင်ရသော ခပ်အိုအိုမိန်းမကြီး နှစ်ယောက်ကား “ဗိုလ်ချုပ်အသက်ရှင်ပါစေတော်”ဟု ဆုတောင်း၍ နေကြသည်။
ယခုမှပင် သိရသော မိန်းမတစ်ယောက်က မေးမြန်းသည်ကို ‘‘မပြောကြနဲ့ မပြောကြနဲ့” ဟု အသာလက်ကုတ်၍ တီးတိုးတားမြစ်သည်။ သူတို့သည် မပြောရက်ကြ။ သန့်ပြန့်စွာ ဝတ်စားထားသော တရုတ်တစ်ဦးက ‘‘အားကီးရက်စက်တာပဲ”ဟု ကျွန်တော့်ဘက်သို့လှည့်၍ ရေရွတ်လျက်ရှိသည်။ မျက်နှာထားတင်းတင်းနှင့် ဘတ်စ် ကားဒရိုင်ဘာသည် တောက်ခေါက်လိုက်သည်။
သိမ်ကြီးဈေးသို့ ရောက်သောအခါ လူသွားလူလာ ကင်းရှင်းနေပေပြီ။ ဈေးဆိုင်များပိတ်ထားလေပြီ။ သတင်းသည် တစ်မုဟုတ်ချင်းပျံ့နှံ့၍ သွားလေပြီ။ မော်တော်ကား၊ လန်ချားတို့ကား ခပ်မြန်မြန်သွားလာနေကြသည်။
ကားလမ်းပေါ်မှဆင်း၍ လမ်းထဲသို့ ဝင်လာသောအခါ အိမ်ဝတွင် လူတို့သည် မှိုင်တိုင်တိုင်နှင့်ရပ်ကာ ကြည့်နေသည်ကို တွေ့မြင်ရသည်။ လူတို့သည် အငြိမ်မနေနိုင်ကြ။ မိုး သည်မစဲဘဲ ရွာလျက်ပင်။
လူတို့သည် ဖြစ်မှဖြစ်ရလေ၊ ဖြစ်မှဖြစ်ရလေဟု တတွတ်တွတ် မြည်တမ်းရင်းပင် ညနေစောင်းလာတော့သည်။ ဗိုလ်ချုပ်ဆုံးကြောင်းကား ညနေထုတ်သတင်းစာများမှ ကြားရလေပြီ။
မည်သူ့မျက်နှာကြည့်ကြည့် မျက်နှာညှိုးငယ်နွမ်းလျစွာနှင့်။ လမ်းမပေါ်မှ စက်ပြင်ဆရာတစ်ဦး၏ မိန်းမပါးစပ်မှ ”ကျုပ်တို့တော့ ထမင်းလည်း မချက်တော့ဘူး၊ စားချင် စိတ်လည်း မရှိတော့ပါဘူးရှင်”ဟူ သောအသံသည် သဲ့သဲ့မျှ ပေါ် ထွက်လာသည်။
နေဝင်မီးငြိမ်း အမိန့်ထုတ်ထားသဖြင့် ညဥ့်ဦးသည် တိတ်ဆိတ်ကာ မှောင်လှသည်။ အိမ်သားများဆုံတိုင်း နေ့ခင်းကအကြောင်းကိုသာ ပြောကြသည်။ ရှိုက်သံ၊ တမ်းတ သံ၊ ညည်းညူသံ၊ တသသံ။
တိတ်ဆိတ်မှောင်မည်းသဖြင့် စောစောအိပ်ရာဝင်ကြသော်လည်း အိပ်မပျော်နိုင်ကြ။ နေ့ခင်းကဟာ အိပ်မက်ပဲဖြစ်ပါစေတော့ဟု မိန်းမများက ဆုတောင်းကြသည်။
ညဥ့်နက်သော်လည်း ချောင်းဟန့်သံ၊ လူးလွန့်သံတို့သည် ဆက်၍နေသည်။ ရှဲခနဲ မီးခြစ်၍နောက်ဖေး ထကြပြန်သည်။
တစ်ရေးနိုးဆုံလျှင် ”ဘယ်တော့များမှ မေ့ပျောက်ပါ့မလဲနော်”ဟု အိပ်ချင်သံနှင့်ဆိုကြသည်။ တစ်ရေးနိုးတိုင်းသတိရလျက် ရှိသည်။ မကြာခဏအိပ်မက်ပြီး နိုး သည်။ သို့နှင့်ပင် တအောက်မေ့မေ့၊ တသသနှင့် ထိုညကိုလွန်မြောက်ရသည်။
ဒဂုန်တာရာ
၁၉၄၇
သြဂုတ်လ
Popular Journal မှ ကူးယူဖေါ်ပြသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment