Tuesday, 23 April 2013

မတူတာလေးများ- အပိုင်း-၁၅ (သို့) ဆေးရုံတက်ခြင်း

ပြီးခဲ့တဲ့ အပတ်က မိတ်ဆွေတစ်ယောက်ရဲ့ ဇနီးဖြစ်သူ ဆေးရုံတက်လို့ ဒီသြစီက ခရိုင်အဆင့်ရှိတဲ့ ဆေးရုံကို သတင်းသွားမေးခဲ့ပါတယ်။ ပြီးတော့ မြတ်စွာဘုရားရဲ့ တရားစကားဖြစ်တဲ့ ဗောဇ္ဈင်သုတ်ကို ရွတ်ဖတ်ပေးခဲ့ပါတယ်။  တစ်ပတ်တစ်ကြိမ်တော့ ရွတ်ဖတ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ နေ့စဉ် သွားရောက်ရွတ်ပေးချင်ပေမယ့် ကျောင်းတက်ဖို့က တစ်ဖက်ဖြစ်နေလို့ပါ။ လူမမာဖြစ်သူကတော့ အချိန်တိုင်းနာယူချင်လို့ ဗောဇ္ဈင်သုတ်ကို အသံသွင်းပြီး ပို့ပေးဖို့ တောင်းဆိုပါတယ်။ အသံသွင်းပြီး ပို့ပေးလိုက်ပါတယ်။

ပရိတ်ရွတ်ပြီး နားနေခန်းမှာ လူနာရှင်နဲ့ စကားစမည် ပြောရင်း ဒီသြစီက ဆေးရုံတွေ အကြောင်းကို တော်တော် သိလာရပါတယ်။ ဆေးရုံတက်ရင် ဆေးရုံကပဲ ထမင်းကျွေးပါတယ်။ လူနာကို လာပြီးတော့ စောင့်စရာ မလိုပါဘူး။ သာမန်လူနာ ၅-ယောက်မှာ ဆရာဝန်တစ်ယောက် နဲ့ သူနာပြု နှစ်ယောက်စီရှိပါတယ်။ ဆေးရုံကပြောတာကတော့ ကိုယ်ဖာသာကို အိမ်မှာ အနားယူပါ၊ ဆေးရုံက ဆင်းလို့ အိမ်ပြန်ရောက်ရင် ပြုစုဖို့ အားမွေးထားပါလို့ မှာကြားပါတယ်။

လူနာလာမေးသူတွေရဲ့ ကားတွေရပ်ဖို့ ကားရပ်နားစရာ အလုံအလောက် ထားပေးထားပါတယ်။ တစ်နေ့မှာ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ဧည့်သည်လာချိန် နှစ်နာရီခန့်စီ သတ်မှတ်ထားပါတယ်။
အချိန်မရောက်ခင် လူနာဆီကို သွားလို့မရပါဘူး။ တစ်ခါဝင်ရင် နှစ်ယောက်ပဲ ၀င်ခွင့်ပေးပါတယ်။ အ၀င် နဲ့ အထွက်တိုင်းမှာ လက်ဆေးရပါတယ်။ ၀င်ရင် ၀တ်ရုံဝတ်ပြီး ၀င်ရပါတယ်။

ဆေးကုသမှုကတော့ တော်တော်လေးကို ခေတ်မီမီ ကုသတာတွေ့ရပါတယ်။ ဆေးအကြောင်းတော့ မသိနားမလည်ပါ။ သို့သော်လည်း တွေ့ခဲ့ရတဲ့မြင်ကွင်းအရဆိုရင်တော့-ဥပမာ- ခွဲစိပ်ထားသူတစ်ယောက်ဟာ မခံမရပ်အောင် နာကျင်နေသည်ဆိုပါတော့- အဲဒီလို ဖြစ်ရင် ဆရာဝန်ကို သွားပြီး ခေါ်စရာမလိုပါ။ လူနာရဲ့ လက်မှာ ညှပ်ထားတဲ့ အရာလေးကို လက်ခလေးနဲ့ အသာလေး မိမိလက်နဲ့ ဖိလိုက်ရုံပါပဲ။ အဲဒီအချိန်မှာ အပ်ငယ်လေး အသားထဲဝင်သွားပြီး ကန့်သတ်ထားတဲ့ မော်ဖိန်းပမာဏကို အလိုအလျောက် ထိုးသွင်းပြီးသား ဖြစ်ပါတယ်။ ဆေးဝင်သွားရင်တော့ လူနာ အိပ်ပျော်သွားပြီ ဖြစ်ပါတယ်။ ခဏခဏလဲ နှိပ်လို့ မရအောင် ကွန်ပျူတာနဲ့ ချိပ်ဆက်ပေးထားပါတယ်။ ကျန်တဲ့ ကွန်ပျူတာနဲ့ ချိပ်ဆက်ထားတွေကတော့ အများကြီးပါပဲ။ စာရေးသူလဲ မသိပါ။

ဆေးရုံတက်ခက ဈေးကြီးပါတယ်။ သို့သော်လည်း အလုပ်မလုပ်သူတွေအတွက် အစိုးရက အခမဲ့တာဝန်ယူပြီး အလုပ်သမားအတွက်တော့ အာမခံကနေ တိုက်ရိုက်ကျခံပေးပါတယ်။ ဆိုလိုတာက လူတိုင်းနီးပါး အခမဲ့လို့ ဆိုနိုင်ပါတယ်။ သွားစိုက်တာတို့၊ မျက်လုံးခွဲတာတို့လဲ ထို့အတူပါပဲ။ အခမဲ့ပါ။ သို့သော် မိမိအလှည့်ကို တန်းစီတော့ စောင့်ရပါလိမ့်မယ်။ ဆေးဝယ်ရမယ်ဆိုရင်တောင် ဘယ်လောက်ဈေးကြီးတဲ့ ဆေးဖြစ်ပါစေ အစိုးရက ထုတ်ပေးထားတဲ့ ဆေးကဒ်ရှိသူတွေဟာ ငါးဒေါ်လာထက် ပိုမပေးရပါဘူး။

ဒီနိုင်ငံမှာ ထူးခြားမှု့တစ်ခုကတော့ ခလေးတစ်ယောက် မွေးဖွားရင် ခလေးမိဘတွေကို သြစီအစိုးရက ခလေးစရိတ်- သြစတေးလျဒေါ်လာ- ငါးထောင် ထောက်ပံ့တာပါပဲ။ ဘယ်သူမွေးမွေးပဲ။ အဲဒါထူးခြားတာပါပဲ။ အပြင်ထွက်ရင် ခလေးလှည်းကို တွန်းနေတဲ့ ခလေးအမေများကို တွေ့နိုင်ပါတယ်။ မသိရင် မာမီ၇ှိုးပြနေသလားတောင် အောက်မေ့ရပါတယ်။

ဆေးရုံက ပြန်လာပြီး အိပ်ယာပေါ်မှာ ငယ်ငယ်တုံးက အကြောင်းကို သွားပြီး စဉ်းစားမိပါတယ်။ ငယ်ငယ်တုံးက အဖေ လှည်းကူးဆေးရုံမှာ တစ်လ၊ ရန်ကုန်ဆေးရုံကြီးမှာ နှစ်လတက်ရောက် ကုသခဲ့ပါတယ်။ စာရေးသူဟာ ရန်ကုန်ဆေးရုံကနေ လှည်းကူးပြန်တာ မတက်နိုင်လို့ ရန်ကုန်ဆေးရုံကြီးရှိ ၁၃-၁၄ ရဲ့ ဘုရားခန်းမှာပဲ အိပ်ခဲ့ရပါတယ်။ အဖေကတော့ လည်ချောင်း ကင်ဆာဖြစ်တာဆိုတော့ ရန်ကုန်ဆေးရုံမှာပဲ ဆုံးပါးခဲ့ပါတယ်။ ထူးခြားတာကတော့ အဖေ့ရဲ့ မြင်းလှည်းလေးရော ကုန်သွားတယ်။ အိမ်ကြီးကနေ အိမ်သေးသေးလေးဖြစ်သွားတယ်။ မိသားစုရဲ့ စုစောင်းထားတာလေးတော့ အကုန်ကုန်တာပါပဲ။ အကြွေးသံသရာထဲမှာ ခြာခြာလည်နေခဲ့ရတာပါပဲ။

မြန်မာပြည်မှာ စာရေးသူတို့ မိသားစုလို  တော်တော်လေးကို ဒုက္ခရောက်ကြရတဲ့ မိသားစုတွေ ဒုနဲ့ဒေးပါ။ တာဝန်၇ှိသူများ ဆေးရုံနဲ့ ပတ်သက်လို့ ပြုပြင်သင့်ပြီလို့ ဆိုချင်ပါတယ်။

မတူတာလေးတွေကို ပြောပါတယ်။

မောင်နေခြည် (လှည်းကူးမြေ)



No comments: