ဆရာကြီးဦးသုခသည် ရဟန်းစားရသော ဆွမ်းတစ်နပ်ဇာတ်ကားကိုရိုက်စဉ်က
အမြင်အာရုံအားနည်းနေသည့်အတွက် တပည့်တစ်ယောက်ကို နှုတ်မှ ဇာတ်ညွှန်းကို
ပြောပြရေးသားစေခဲ့ကြောင်း၊ ကာလအတန်ကြာ စိတ်ကူးပုံဖော်ခဲ့သည့်
မိမိရိုက်ကူးတင်ပြချင်သည့် ရိုက်ချက်များ၊ မည်သို့မည်ပုံတည်းဖြတ်မည်၊
ဘယ်ကတ်ကို ဘယ်နှစ်စက္ကန့်ပြမည် စသည်ဖြင့် ညအိပ်ရာဝင်တိုင်း
မိမိခြင်ထောင်အမိုးကို ပိတ်ကားအသွင်ထား၍ ရိုက်ချက်များကို
ပုံဖော်ကြည့်ရာတွင်
မင်းသားကြီးဦးဇော်လင်းက မိမိ၏သမီးလေးအား
ကျွန်အဖြစ်မှရွေးရန် (၂) နှစ်တိုင်တိုင် အလုပ်ကြမ်းလုပ်စုဆောင်းခဲ့ရသော
အဿပြာ (၁၂) ကျပ်ဖြင့် ဆွမ်းတစ်နပ်ကိုဝယ်ပြီး ခရီးသွားရဟန်းကို
ဆွမ်းကပ်အပြီး ခရီးဆက်အလာတွင် မိမိ၏ထူးမြတ်လှသော အလှူကို
တစ်စိမ့်စိမ့်ပီတိဖြစ်လျက် လက်သီးလက်မောင်းတန်း၍ “ဟေး၊ လောကမှာ
မရှိလို့မလှူ၊ မလှူလို့မရှိ၊ မရှိတဲ့အထဲက လှူတာ ငါလိုလူဇမ္ဘူမှာ
ရှိသေးရဲ့လား၊ ဟေ့” ဟု ကျူးရင့်သောအခန်းတွင် ဆရာကြီးက မိမိအာရုံတွင်
တစ်ကဒ်ချင်းပုံဖော်ကြည့်လာပြီး ထိုဇာတ်ကွက်အရောက်တွင် အိမ်နေရာမှ
အလိုအလျောက် လက်သီးလက်မောင်းတန်းကာ ကြွေးကြော်မိရက်သားဖြစ်နေသည်ကို
အခြေပြု၍ ထိုစကားကို ရေးသားရိုက်ကူးခြင်းဖြစ်ကြောင်း ရဟန်းစားရသော
ဆွမ်းတစ်နပ်ကို တည်းဖြတ်ခဲ့သည့် ဆရာကြီးဦးသုခ၏ တပည့်အရင်း
ဦးမင်းခေါင်ကျော်က စာရေးသူတို့ကို ဗဟုသုတအဖြစ် ပြောပြဖူးပါသည်။
ထိုစဉ်က
ဗီဒီယိုတိပ်ခွေဖြင့် ရိုက်ကူးတည်းဖြတ်ရသော Linear ခေတ်ဖြစ်သောကြောင့်
ရဟန်းဈာန်ပျံကြွသောအခန်း စသည့် နည်းပညာအထောက်အကူပြု အခန်းတစ်ခန်းသာ
အားနည်းခဲ့သော်ငြား ထိုဇာတ်ကားမှာ ရဟန်းရှင်လူပြည်သူအများ လွန်စွာနှစ်သက်
မျက်ရည်ဝဲခဲ့ရသော ဇာတ်ကားတစ်ကား၊ တစ်နည်းအားဖြင့် ဆရာကြီး၏ Master Piece
ဖြစ်ခဲ့ပါသည်။
ဆရာကြီးဦးသုခကိုယ်တိုင်လည်း ထိုဇာတ်ကားရိုက်ကူးခဲ့ရခြင်းကို
၎င်းရခဲ့သည့် အကယ်ဒမီ (၆) ဆု ထက်ပင် ပိုကျေနပ်မိပါသည်ဟုပြောခဲ့ကြောင်း
မှတ်သားရပါသည်။
ထို့ပြင် ကမ္ဘာသိ မြန်မာဓါတ်ပုံဆရာ ဦးဇော်မင်းယု၏
ဆောင်ပုဒ်မှာ "No Implementation" (ပိုကောင်းအောင် ဘယ်တော့မှမပြုပြင်) ဟု
မှတ်သားရပါသည်။ အချိန်ကိုစောင့်၍ အလိုက်ဖက်ဆုံး
မှန်ဘီလူးအတွဲအဖက်ကိုတပ်ဆင်ကာ အကောင်းဆုံးအလင်းရောင်ရရှိရန်
မီးပေးရိုက်ကူးပြီးစီးသည့် ဓာတ်ပုံတစ်ပုံကို မည်သည့်အကြောင်းနှင့်မျှ
ကွန်ပျူတာဖြင့် ပိုကောင်းအောင် မပြုပြင်ပါဟု ဆိုလိုရင်းဖြစ်ပါသည်။
၎င်းရိုက်ထားသည့် ဓါတ်ပုံတစ်ပုံ၏ Raw File နှင့် Print Paper သည်
အတူတူဖြစ်ရမည်ဟူသော အာမခံချက်နှင့် ခိုင်မာစွာရပ်တည်နေသည်ကို တွေ့ရပါသည်။
ဘယ်နေရာမဆို အနုပညာလုပ်ငန်းများတွင် အနုပညာအင်အားသည် နံပါတ် (၁) ဖြစ်သည်ဟု
သမ္ဘာရင့်ပညာရှင်များက သက်သေပြခဲ့ကြပါသည်။ စာရေးသူတို့လို နည်းပညာခေတ်တွင်
ကြီးပြင်းလာခဲ့ရသူများအဖို့ ရုပ်ရှင် (သို့) အနုပညာဖန်တီးမှုတစ်ခုခု
ပြုလုပ်ရာတွင် နည်းပညာအကူအညီများ ရယူသည်မှာ ခေတ်အလိုက် ခေတ်အကြိုက်လို
ဖြစ်နေပါသည်။
ဒီဇိုင်းမျိုးဆွေသန်း (ဆရာကျောင်း) ပြောပြခဲ့ဖူးသည်မှာ
ခေတ်အလိုက်ခေတ်အကြိုက်လို ဖြစ်နေပါသည်။ ဒီဇိုင်းမျိုးဆွေသန်း (ဆရာကျောင်း)
ပြောပြခဲ့ဖူးသည့် ဒီဇိုင်းတစ်ခု၏ အစိတ်အပိုင်းတစ်ခုတွင် Blur Effects
ထည့်သည်ကို တစ်ညလုံးထိုင်စောင့်ပြီး မနက်အလင်းတွင် Blur ဖြစ်သွားသည်ကို
ဝမ်းသာအယ်လဲဖြစ်ခဲ့ရသည့် အစောပိုင်းနည်းပညာနှစ်များကိုလည်း
ကျော်လွန်ခဲ့ပါပြီ။ ယခုအခြေအနေကား အနုပညာနှင့် နည်းပညာလက်ထပ်သည့်ပွဲဟု
ဆရာကျောင်းမှတ်ချက်ပြုခဲ့သလို လူငယ်တို့၏ စိတ်ကူးစိတ်သန်းအား
ထောက်ကူပေးမည့် နည်းပညာအခင်းအကျင်းများ ရှိနေသဖြင့်
ပိုမိုချောမွေ့အားကောင်းစွာ ရုပ်သံမီဒီယာလောကထဲ အခြေချနိုင်ခွင့်များ
ရရှိလာကြသည်။
DSLR ကင်မရာများ သုံးစွဲမှုလှိုင်းတံပိုး ရိုက်ခတ်လာချိန်တွင်
DSLR Filmmaker များ သိသိသာသာပေါ်ထွက်လာခဲ့သည်။ ယခင်ရရှိရန် ခက်ခဲသည့်
Resolution မျိုးရလာခဲ့သည်။ ဓာတ်ပုံမှန်ဘီလူးများဖြင့်
ရုပ်ရှင်အရသာတစ်ခုဖြစ်သော DOF (ပြတ်သားမှုဇုန်) ကိုရလာခဲ့ကြသည်။
ကွန်ပျူတာတစ်လုံး (သို့) Laptop တစ်လုံးတည်းဖြင့် တည်းဖြတ်နိုင်ခွင့်
ရလာခဲ့သည်။ ပြည်တွင်းရုပ်ရှင်ပြိုင်ပွဲများလည်း ပေါ်ထွက်လာခဲ့သဖြင့်
နိုင်ငံတကာအခေါ် Indie (Independent Filmmaker) များအတွက်
အခွင့်အရေးကောင်းများ ရရှိလာခဲ့သည်။
ပြည်တွင်းရုပ်သံနည်းပညာ Facebook Page
များ Group များစွာ ပေါ်ထွက်လာခဲ့သည်။ ထို Page များမှတစ်ဆင့် ကျယ်ပြန့်သော
ဝါသနာတူလူမှုကွန်ရက်ကို တည်ဆောက်နိုင်ခြင်းဖြင့် ပညာဖလှယ်ခြင်း၊ အချင်းချင်း
တိုင်ပင်ဆွေးနွေးခြင်းများ လွယ်ကူစွာပြုလုပ်နိုင်၍ အကြားအမြင်အားဖြင့်
ပညာဝမ်းစာ ဖြည့်တင်းလာနိုင်ကြသည်။ သို့သော် မိမိတို့၏ မူရင်းအလုပ်မှာ
အနုပညာထွက်ကုန်များ ထုတ်လုပ်ရန်ဖြစ် သည့်အတွက် ထိုနေရာတွင်
နည်းပညာသိသူအချင်းချင်းတွင် Story Telling ဘယ်သူက ပုံပြောပိုကောင်းသလဲ
ဆိုသောအချက်က အရေးပါလာပါသည်။ စကားလုံးများဖြင့် ပုံပြောခြင်းမဟုတ်၊
ရိုက်ချက်များ၊ တမူထူးခြားသော ဆန်းသစ်သော တင်ပြမှုပုံစံများဖြင့်
မိမိပြောလိုသောပုံပြင်ကို အရုပ်ဖြင့် ပေါ်လွင်ထင်ရှားစေပြီး
ပရိသတ်ရင်ထဲရောက်အောင် ပို့နိုင်မည့်သူက နှာတစ်ဖျား
အမြဲသာနေမည်သာဖြစ်ပါသည်။
ဆရာကြီးဦးသုခ Canon 5D Mark 3 Prime Lens
များအကြောင်း၊ Magic Bullet Plug-In များအကြောင်း မသိခဲ့ပါ။ ဦးဇော်မင်းယု
Instagram, Adobe Light Room တို့ကို မသုံးပါ။ ပို၍ ပြောင်းလဲလှုပ်ရှားလာသော
မြန်မာ့နယ်ပယ်စုံကဏ္ဍအသီးသီး၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်
အကူအညီများ ၀င်ရောက်လာနေကြသည်ဖြစ်ရာ မီဒီယာနယ်ပယ်တွင် လစ်ဟာနေသော
အချို့ကွက်လပ်များကို နိုင်ငံခြားအကူအညီဖြင့် အားယူဖြည့်တင်းကြရန်
အလားအလာများ တွေ့နေရပါသည်။
ဥပမာအားဖြင့် - နိုင်ငံတကာဈေးကွက်သို့ရည်ရွယ်၍
ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးရေးစီမံကိန်းတစ်ခုဆိုပါစို့။ ၎င်းရုပ်ရှင်က
Periodical Film (အချိန်ကာလများစွာ ပြောင်းလဲတင်ပြရမည့် အမျိုးအစား)
ဖြစ်ပါလျှင် ပြည်ပတွင် တည်ဆောက်ဆင်ယင်ရန်ခက်ခဲသော
နောက်ခံအပြင်အဆင်များအတွက် Visual Effects အကူအညီဖြင့် သဘာဝကျအောင်
ရိုက်ကူးဖန်တီးကြရပါမည်။ ၎င်းကိစ္စရပ်များအတွက် နိုင်ငံခြားမှ အင်အားကြီးမားသော
အထူးပြုလုပ်ချက် ကုမ္ပဏီကြီးများ၊ နိုင်ငံခြား ပညာရှင်များ
ဝင်ရောက်လုပ်ကိုင်လာဖွယ်ရှိပါသည်။
ထိုအချိန်တွင် ပြည်တွင်းပညာသည်
အင်အားများလည်း ပူးပေါင်းပါဝင်ခွင့် ရရှိလာကြမည်ဖြစ်ပါသည်။
ထိုကုမ္ပဏီကြီးများ၏ ဖွဲ့စည်းပုံတွင် နည်းပညာ အထောက်အကူပြုလုပ်ငန်းများ၊
အဖွဲ့ခွဲ၊ အဖွဲ့ငယ်ယူနစ်များကို တိုက်ရိုက်ထိန်းချုပ်ရသည့်
(အခြားတစ်ဖက်တွင်) ရုပ်ရှင်ကားတစ်ကား၏ အနုပညာအသွင်အပြင်အား ကောင်းစေရန်
ဝိုင်းဝန်းပံ့ပိုးပေးရသည့် ဌာနကို Art Department ဟု ခေါ်ပါသည်။ Production
Design, Storyboard, Visual Effects, Set Decoration, Wardrobe, Make Up
အားလုံးကို ၎င်းဌာနက ဦးဆောင်ဒါရိုက်တာ၊ ထုတ်လုပ်သူတို့နှင့်တိုင်ပင်ကာ
ဆိုင်ရာယူနစ်အသီးသီးဖြင့် သင်းဖွဲ့ဆောင်ရွက်လေ့ရှိကြပါသည်။
ထိုအဖွဲ့များတွင် ဇာတ်ကား၏ဘတ်ဂျက်နှင့် အခက်အခဲပေါ်မူတည်၍ ပညာသည် ဆယ်ဂဏန်းမှ
ရာဂဏန်းအထိ ပါဝင်ဆောင်ရွက်ကြရပါသည်။
မြန်မာနိုင်ငံအခြေပြု ရိုက်ကူးရမည့်
မြန်မာရုပ်ရှင်ကားတစ်ကား စီမံကိန်းတွင် မြန်မာဘက်မှ ပညာသည်များလည်း
ပါဝင်ဆောင်ရွက်ခွင့် ရကြမည်ဖြစ်၍ နိုင်ငံခြားကုမ္ပဏီကြီးများထံမှ
နိုင်ငံတကာစီမံ၍ စနစ်ကျသော အလေ့အကျင့်ကောင်းများ (International Pracitce)
၎င်းတို့၏ လုပ်ငန်းဆောင်ရွက်ခြင်း အဆင့်ဆင့်၏စံနှုန်းများ (Standard Operating
Procedure "SOP"), နည်းပညာအားသာချက်များ (Technical Strength),
ကြိုတင်ပုံဖော်တတ်ခြင်း (Pre-Visualization), ဆင့်ကဲအုပ်ချုပ်တာဝန်ခွဲဝေမှု
(Management Hierarchy), တာဝန်ယူတတ်မှု (Responsive Behavior) များကို
အနီးကပ် မြင်တွေ့ပါဝင်ဆောင်ရွက်နိုင်ခွင့်များဖြင့် ရေရှည်အတွက်
အုတ်မြစ်ကောင်းများ ရရှိနိုင်ပါမည်။
မိမိတို့ဘက်မှ ဘာသာစကား၊
အချိန်လေးစားမှု၊ အခြေခံနည်းပညာ၊ ပွင့်လင်းမြင်သာစိတ်များ အားကောင်းအောင်
ကြိုတင်ပြင်ဆင်ထားကြရန်လည်း လိုအပ်ပါမည်။ အပြောထက် အလုပ်ဖြင့်
သက်သေပြကြရပါမည်။ ကျွန်ုပ်တို့၏ အလိုလိုနေရင်း အားနာတတ်သော စိတ်ကို
လျှော့ရပါမည်။ အနောက် နိုင်ငံသားများ အားမနာတတ်ပါ။ ကောင်းရင်ကောင်းသည်၊
မကောင်းလျှင် မကောင်းဘူးဟု တည့်တည့်ပြောတတ်ကြပါသည်။ စိတ်လည်း
မကောက်တတ်ကြပါ။ ကျွန်တော်တို့က မြန်မာကား တစ်ခါမှမကြည့်ဘူးဟု ဆိုတတ်သည့်
မြန်မာလူငယ်များ ပြင်ပကမ္ဘာကို လှမ်းမျှော်နေမည့်အစား
မိမိတို့လက်ဝယ်ရရှိမည့် အခွင့်အရေးကောင်းများကို
ပိုင်နိုင်စွာအသုံးချနိုင်ရေးအတွက် မိမိတို့၏ နဂိုစွမ်းအားများ
ပိုမိုအားကောင်းလာအောင် လေ့ကျင့်ရမည့် အချိန်ကောင်းဖြစ်ပါသည်။
တိုင်းပြည်တစ်ခု၏ရုပ်ရှင်မှာ ထိုတိုင်းပြည်၏ ယဉ်ကျေးမှုဖြင့်
တိုက်ရိုက်ပတ်သက်ပါသည်။ ယဉ်ကျေးမှုမတူသော ပြင်ပ ကမ္ဘာမှ ရုပ်ရှင်များဖြင့်
အရာရာတိုင်းတွင် တန်းညှိ၍ မရနိုင်ပါ။ မိမိတို့ဘက်မှ
ပေါင်းစပ်သင့်သည်ကိုပေါင်း၊ ၎င်းတို့ဘက်မှ ယူသင့်သည်များကိုယူပြီး
ကိုယ်ပိုင်ယဉ်ကျေးမှုကို အခြေခံသော ကမ္ဘာကိုချပြနိုင်သည့် ရုပ်ရှင်များ
ပေါ်ထွက်လာရန် ၀ိုင်းဝန်းကြိုးစားကြရပါမည်။ ထိုမှသာ အနာဂတ်ရုပ်ရှင်နည်းပညာ
ဖွံ့ဖြိုးမှုအတွက် မြန်မာလူငယ်များလက်ဖြင့် ကိုယ်တိုင်ထုဆစ်ထားသော
အောင်မြင်မှုဆုတံဆိပ်များကို မြင်တွေ့ကြရမည်ဖြစ်ပါကြောင်း စေတနာကောင်းဖြင့်
ရေးသားလိုက်ရပါသည်။
ရေးသားသူ -၀ဏ္ဏကျော်
http://www.myanmarinternetjournal.com/ij/article/4864-2012-08-21-07-24-55
No comments:
Post a Comment