Monday, 27 May 2013

အလှအပနှင့် အကျည်းတန် (ဒေါ်အောင်ဆန်းစုကြည်)

လွန်ခဲ့တဲ့နှစ်အတော်ကြာက Oxford တက္ကသိုလ်ရဲ့ ဂျပန်ရိုးရာလက်ဖက်ရည်ပွဲပြင်တဲ့
သင်ခန်းစာတစ်ခုမှာကျွန်မတို့ရဲ့ဆရာကလက်မှုပညာရှင်ကြီးတစ်ဦးပြုလုပ်ထားတဲ့ မြေခွက်လေးတွေရဲ့ပုံကို ရောင်စုံဆလိုက်ထိုးပြီး ပြသခဲ့ပါတယ်။အဲဒီမြေခွက်လေးတွေကိုဆရာကြီးရဲ့နေအိမ်မှာဓာတ်ပုံရိုက်ယူခဲ့တာပါ။အဲဒီမြေခွက်လေးတွေရဲ့ဣနြေ္ဒရလှတဲ့အနုသုခုမအလှဟာ ခေတ်မီကော်ဇောကြီးရဲ့ပြိုးပြိုးပြောင်ပြောင်၊ တောက်တောက်လွင်လွင်ပုံကြမ်းကြီးနဲ့မဆီမဆိုင်အောင် ခြားနားနေပါတယ်။ ကော်ဇောကတော့ဆရာကြီး နေ့စဉ်နဲ့အမျှ ခြေဖ၀ါးချရုံတင်မကသိလျက်နဲ့ဖြစ်ဖြစ်၊မသိဘဲဖြစ်ဖြစ်မျက်စိအရသာခံတဲ့ကော်ဇောကြီးပေါ့။ဂျပန်မှာ နှစ်ပေါင်းများစွာနေခဲ့ပြီးဂျပန်ရိုးရာလက်ဖက်ရည်တည်ခင်းခြင်းကို လေ့လာသင်ယူ ခဲ့တဲ့အတွက် ယခုအခါတစ်ဖက်ကမ်းခပ်အောင်ကျွမ်းကျင်တဲ့အဆင့်ကိုရောက်နေပြီဖြစ်တဲ့အမေရိကန်လူမျိုးကျွန်မတို့ရဲ့ဆရာဟာကျွန်မတို့တစ်တွေ ကြောင်တက်တက်ဖြစ်နေတဲ့ အမူအရာကို ကြည့်ပြီး ရယ်ပါတယ်။ သူက တချို့လူတွေဟာ ဘယ်အရာဟာ လှတယ်ဆိုတာကိုပဲ သိကြတယ်၊ ဘယ်အရာဟာ အကျည်းတန်တယ်ဆိုတာကို မသိကြဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။

ကျွန်မတို့ဆရာက သုခုမပညာနဲ့ ပတ်သက်တဲ့အကြောင်းတွေကို အဓိကပြောပြပါတယ်။ သူက အရောင်အသွေးစုံလင်စွာရောယှက်ပြီး ဒီဇိုင်းဆွဲထားတဲ့ ပိုးသားဘရိုကိတ်နဲ့ ရိုးရိုးရှင်းရှင်း အကွက်အစင်း (သို့မဟုတ်) ရိုးရိုးပြေပြေ အမှတ်အသား ရိုက်နှိပ်ထားတဲ့ ခပ်ရိုးရိုးခပ်ရင့်ရင့်အထည်တွေရဲ့ယဉ်တဲ့ကျက်သရေတို့ ခြားနားပုံကို ယှဉ်ပြီးပြပါတယ်။

နီယွန်မီးများနဲ့ တောက်ပြောင်လင်းထိန်နေတဲ့မြို့ကြီးတွေနဲ့၊ ရေညှိဖုံးတဲ့ ကျောက်တုံးကျောက်ခဲနဲ့ထင်းရှူးပင်အိုကြီးတွေပြည့်နေပြီး အေးမြလှတဲ့ ပန်းခြံဥယျာဉ်တွေကိုလည်း နှိုင်းယှဉ်ပြီးပြောပြပါတယ်။ ဂျပန်ရိုးရာ လက်ဖက်ရည် တည်ခင်းတဲ့အခါ ဂျပန်ဘာသာနဲ့ wakei seijaku လို့ခေါ်တဲ့ ကိုယ့်ရဲ့စိတ်ကို တည်ငြိမ်အေးချမ်းအောင်ထားဖို့ လိုအပ်ပါတယ်။ စိတ်ရောကိုယ်ပါ ကြည်လင်သန့်စင်လှပဖို့အတွက် အကျည်းတန်အရုပ်ဆိုး တာတွေ၊ လိုက်ဖက်မညီတာတွေကို အရင်ဆုံးဖယ်ရှားပစ်ဖို့လိုခြင်းကို ဒီလက်ဖက်ရည်တည်ခင်းတဲ့ပွဲက သရုပ်ဆောင်ခဲ့ပါတယ်။

ကျွန်မတို့ဆရာသင်လို့သိရတဲ့ သုခုမပညာရဲ့အခြေခံသဘောက တကယ်ကောင်းကောင်းမွန်မွန် ရသခံစားတတ်ချင်တဲ့သူဟာ ဘယ်ဟာကလှပတယ်၊ ဘယ်ဟာကအကျည်းတန်တယ်ဆိုတာကို ခွဲခြားသိမြင်နိုင်ဖို့လိုအပ်ပါတယ်။အဲဒီသဘောဟာကျယ်ပြောလှတဲ့လူ့ဘ၀အတွေ့အကြုံကြီးတစ်ခုလုံးမှာ သုံးလို့ရပါတယ်။ ဘယ်ဟာကို ငြင်းပယ်သင့်တယ်၊ဘယ်ဟာကိုလက်ခံသင့်တယ်ဆိုတာကို နားလည်တတ်ဖို့ဟာလည်း အရေးကြီးပါတယ်။
 

No comments: