ဆရာတက္ကသိုလ်ဘုန်းနိုင်၏ ဝတ္ထု ခေါင်းစဉ်ကို ယူသုံးလိုက်မိသည်။ ခွင့်လွှတ်ရန်
တောင်းပန်ပါသည်။ အကြောင်းအရာကတော့ တခြားစီဖြစ်လိမ့်မည်။ ဆရာ့ ဝတ္ထုထဲကလို
ဆွတ်ပျံ့ကြည်နူးလွမ်းမောဖွယ်ရာများ မပါ၊ ကြေကွဲစရာများသာ
ဖုံးလွှမ်းလျက်ရှိခြိမ့်မည်။
''မုန်း''
ချောင်းရေလှောင်တမံကို ၁၉၉၅ ၌ စတင်တည်ဆောက်ပြီး ၂ဝဝ၅ တွင်ပြီးစီးသည်
မကွေးတိုင်းဒေသကြီး စေတုတ္တရမြို့နယ်မှာတည်ရှိသည်။ တမံအမြင့် ၂ဝဝ ပေ၊ အလျား
၁၆၄၉ဝ ပေ၊ မြေသားတမံ (ဇုန် အမျိုးအစား) ဖြစ်သည်။ ဒီဆည်ကြီးလုပ်၍
ဆည်ရေသောက်ဧက ၁ဝ၈ဝဝဝ ရေ သောက်ရသည်။ လျှပ်စစ်ဓာတ်အား ၂၅x၃ မဂ္ဂါဝပ်ထွက်
ရှိသည်။ ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၁၃၈ဝဝ ဖြစ်သည်။ လက်တွေ့မေးကြည့်တော့ ဤ
ဆည်ရေ သောက်ဧရိယာ မရှိ လျှပ်စစ်မှာလည်းနွေရာသီတွင်၂၅ မဂ္ဂါဝပ်
စက်သုံးလုံးအနက် တစ်လုံးသာလည်ပတ်နိုင်ပြီး ၁ဝ-၁၅ မဂ္ဂါဝပ်သာ
ထုတ်နိုင်ကြောင်း စက်ရုံမှူး အင်ဂျင်နီယာမှူးကြီး ဦးအောင်နိုင်ဝင်းက
ဆိုသည်။ မုန်းဆည်မှ ရေများကို လိုသလို ထိန်းချုပ်နိုင်ရန်
မုန်းတမံ၏အောက်တွင် ကျီး အုံ၊ ကျီးဝဆည်နှင့်အထက်တွင် ဗူး(၁) နှင့် ဗူး(၂)
တမံများ ထပ်မံတည်ဆောက်၍ မုန်းချောင်းကို ထိန်းချုပ်ရန် စီမံခဲ့ကြသည်။
မုန်းရေပြင်ကို မြန်မာဆည်မြောင်း အင်ဂျင် နီယာများ ပြုသမျှ
နုရမည့်အခြေအနေဖြစ်သည်။
ထိန်းချုပ်နိုင်သော မုန်းချောင်းဖြစ်လာလျှင်
ရရှိမည့် အကျိုးကျေးဇူးကအန္တ၊ သိပ်ကောင်းသော အစီအမံပင် ဖြစ်သည်။ ကျီးအုံ
ကျီးဝဆည်က လျှပ်စစ်မဂ္ဂါဝပ် (၃၇x၂) ထုတ် နိုင်သည် ဗူး(၁) နှင့်ဗူး(၂)
ပြီးလျှင် မဂ္ဂါဝပ် ၆ဝဝ ထပ်ရမည်။ အလွန်ကြီးမားသော ဓာတ်အားပါပဲ၊ ရွာတွေထိ
မီးလင်းတော့မည်၊ မြို့တွေလည်း ဘက်ထရီ၊ အင်ဗာတာ၊ ဖယောင်းတိုင် မီးခြစ်တွေ
ဆောင်ထားစရာ မလို တော့၊ ဝမ်းသာစရာကြီးပါ။ ကျွန်တော်တပ် ရင်းမှူး
တာဝန်ထမ်းဆောင်စဉ် ၁၉၉၆ က တည်ဆောက်ဆဲ မုန်းဆည်သို့ နိုင်ငံအကြီး အကဲများ
လာရောက်ရှိ၍ လုံခြုံရေးလုပ်ခဲ့ ဖူးသည်။ ထိုစဉ်က စီမံကိန်းတာဝန်ခံ အင်ဂျင်
နီယာ ဦးမြင့်သန်း (ယခုလယ် ဆည်ဝန်ကြီး မန္တလေးတိုင်းဒေသကြီး) က
အကြီးအကဲများကို ရှင်းလင်းတင်ပြချက်အား နောက်နားက နားထောင်ခဲ့ဖူးသည်။
အလွန်ပျော်ရွှင် အားရဖွယ်ကြားခဲ့ ရသည်။ ယခု ၂ဝ၁၃ ဧပြီ (၂၉) ရက်နေ့
မုန်းဆည်ကို လွှတ်တော် ကော်မရှင်အနေဖြင့် ရောက်လာသောအခါ ထိုစဉ်က ကြားခဲ့ရသော
ပျော်ရွှင် အားတက် ဖွယ်ရာများမှာ မှိန်ဖျော့ ပျောက်ကွယ်လေပြီ။ မုန်းဆည်တည်
ဆောက်ရေးမှ ထုတ်ဝေသော လက်ကမ်း စာစောင်တွင် သာယာမှု အပေါင်း သာခညောင်း
ဖော်ကျူးထားသည်။ ရေမြုပ် တောင်သူများ၏ အကြောင်း စိုးစိမျှမပါ၊ အံ့ဖွယ်
ပါတကား။
မုန်းဆည်နှင့် ကျီးအုံ ကျီးဝဆည် ကြောင့် ရေမြုပ်သွားသော
တောင်သူများမှ နစ်နာကြောင်းတိုင်ကြား၍ ကျွန်တော်ဦး ဆောင်သော
ကော်မရှင်အဖွဲ့သည် စေတုတ္တ ရာသို့ရောက်ခဲ့သည်။ မုန်းတမံကြောင့် ရေမြုပ်
ကျေးရွာပေါင်းမှာ (၁၈) ရွာအိမ်ထောင်စု ပေါင်း(၁၃၁၁) စု ဘုန်းကြီးကျောင်း၊
စာသင်ကျောင်း၊ ဆေးခန်းအများအပြား ပါဝင်ခဲ့သည်။ လျော်ကြေးက တစ်အိမ်ထောင်
(၅ဝဝဝ) ကျပ်၊ ဝက်သား တစ်ပိဿာ ၆ဝဝဝ ကျပ်ဖြစ်၍ ဝက်သားတစ်ပိဿာဖိုးပင် မရခဲ့ကြ။
ထိုငွေ ၅ဝဝဝ မှာလည်း ရွှေ့ပြောင်းစဉ်က ဆည်မြောင်းမှ ယာဉ်မောင်းများကို
ဧည့်ခံကျွေးမွေးလိုက်ရသည်ဟု သံဆည်ရွာမှ ဦးကျော်လင်းခိုင်ကပြောသည်။
အဆိုးဆုံးမှာ စုစည်းနေရမည်ဟုသတ်မှတ်ခဲ့သော သံဆည်မြိုသစ်၌
လုပ်စားရန်မြေမရှိသည့်အပြင် လူနေရန်ပင် မဖြစ်နိုင်။ ရေမရှိ၊ မီးမရှိ၊
ကုန်းခေါင်ခေါင်ဖြစ်သောကြောင့် (၂) ရက်သာ နေကြပြီးမူလရွာဟောင်းများ
အပေါ်ရေလွတ် ရာမှာ ကုတ်ကပ်ဖက်တွယ်နေကြရသည်။ တမံပြီး၍
လျှပ်စစ်များထုတ်လုပ်နိုင်ပြီဖြစ်သော်လည်း စေတုတ္တရာ မြို့ပေါ်၌သာ ခံစားခွင့်
ရှိသည်။ မူလမြေပိုင်ရှင် လယ်ပိုင်ရှင်များဘဝ မှတမံဘေးတွင်
ဖားရှာငါးရှာဘဝသို့ ကူး ပြောင်းသွားခဲ့ရပြီ စုဆောင်းထားသော
ရွှေတိုရွှေစများကုန်ပြီ ကျွဲနွားများပါရောင်းချ စားသောက်ခဲ့ကြရကာ နောက်ဆုံး
ကျား၊မ မရွေး အရွယ်ကောင်းသူတိုင်း ထိုင်းနိုင်ငံသို့ အောက်လမ်းမှ
သွားရောက်ပြီး အလုပ် သွားလုပ်ကြ ရသည်။ ရေမြုပ် ၁၈ ရွာမှထိုင်းသို့
အလုပ်သွား လုပ်သူ ၈၁ ဦးရှိကြောင်း သရန်းကိုင်းရွာမှ ဦး
ဟန်သောင်းကပြောသည်။ ''ငါးသေတ္တာ စက်ရုံမှာ လုပ်တာလို့တော့ပြောတာပဲ။
ဝတ်တာစားတာကတော့ အပျံစား ဖြစ်လာတယ်''ဟု သင်္ကြန်ကာလရွာပြန်လာကြသော
ထိုင်းနိုင်ငံရောက်ရေမြုပ် ရွာသူများအကြောင်း ပြောပြသည်။ ငါးသေတ္တာစက်ရုံမှ
ဟုတ်ပါလေစ၊ ရင်မောဖွယ်ရာပင်၊ သို့သော်ဒီ မှာလည်းဘာလုပ်စားမည်လဲ ''ပြည်ပအား
ကိုး အိမ်သွပ်မိုး''ဟု ဆိုရမည့်အခြေအနေ၊ ရေမြုပ်ရွာမှာ ငါး
ရှာဖားရှာနှင့်တော့ အိမ် သွပ် မမိုးနိုင်တာသေချာသည်။ ရှေ့မှာရေမြုပ်၍
နောက်ကတောတောင်မှာ ခုတ်ထွင်ရှင်းလင်း စိုက်ပျိုးလိုသော်လည်း သစ်တော ကျွန်း
စိုက် ခင်းက ရှိနေပြန်သည်။ အရေးထဲအရာပေါ် အမှတ် (၂ဝ) ကာကွယ်ရေးပစ္စည်း စက်ရုံ
ရောက်လာတော့ ဧကသောင်းချီ ထပ်သိမ်းပြန်သည်။''၁၉၉၆ မှာတမံကြောင့် ရွာရှေ့က
လယ်တွေရေမြုပ်တယ်၊ ၂ဝဝ၄ မှာကပစ(၂ဝ) ကရွာနောက် ကလယ်တွေကို သိမ်းလို့ ကျွန်
တော်တို့ရွကဧက ၄ဝ ပါသွား တယ်။ တောင် ယာခုတ်ပြန်တော့ သစ်တော ဌာန ကျွန်းစိုက်
ခင်းနဲ့မလွတ်ဘူး။ ဘာလုပ်စားရမလဲ မသိဘူး'' ဟု အလယ်ဘုံ ကျေးရွာ အုပ်စု၊
အောက်ဘုံရွာမှ ဦးမြမင်းစိုးကပြော သည်။
ယခင်ခေတ်က တစ်လလျှင်
ဆည်တစ်ဆည်၊ တံတားကြီးတစ်စင်းဖွင့်ရမည်ဟု ညွှန်ကြားချက်ကြောင့် ဆည်များ
တံတားများလုပ်ခဲ့သော်လည်း လျော်ကြေးမပါရေမြုပ် ရွာများပြန်လည်ထူထောင်ရေး
စီမံချက်မရှိ ''အဘက်ဘက်မှ ပိတ်ဆို့ထားမှုများကြားက
ဖွံ့ဖြိုးတိုးတက်မှုကိုအရှိန်အဟုန်ဖြင့် လုပ်နိုင်ကြောင်းပြသသော အားဖြင့်
ယခင်အစိုး ရလက်ထက်က ဖွင့်ပွဲကြီးများကို ခမ်းနား ထည်ဝါစွာ ကျင်းပခဲ့ကြောင်း
ယခုခေတ်တော့ ဖွင့်ပွဲများကိုစရိတ်ကျဉ်းကျဉ်းဖြင့် လုပ်ပါ မည်''ဟု သမ္မတရုံး
ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ကျွန်တော်၏ မေးခွန်းတစ်ခုကို
အကြောင်းပြု၍ စာဖြင့်အကြောင်း ပြန်ဖူး သည်။ အရေးကြီးသည်က မူလစာသင်
ကျောင်းများကိစ္စ ဖြစ်သည်။ ယခင်ကပုံမှန် အခြေကျ ''ဆိုင်ရှင်''ရှိကျောင်း
အဖြစ်မှ ရွေ့လျားကျောင်း သတ်မှတ်ခံရသည်။ ၁၉၉၅ မှ ၂ဝ၁၃ ထိ (၁၈)နှစ်ကြာ
ရွေ့လျားကျောင်း ဖြစ်နေသည်မှာ မည်သူ့တွင် တာဝန်ရှိသနည်း၊ အလယ်ဘုံ၊ ငလယ်၊
ပွင့်တောက်၊ ကုန်းတရား၊ ပုံစိတ်၊ ချီ၊ ပန်းချပ်၊ မကျီး၊ ချီချောင်း၊ အောင်း
ရွာများရှိ စာသင်ကျောင်းများမှာ ခုထိ ရွေ့လျား
ကျောင်းအဆင့်သာသတ်မှတ်ခံရသည်။ ရွေ့ လျားကျောင်းဖြစ် သောကြောင့် ကျောင်းအုပ်
ခန့်အပ်ခြင်းမရှိ ။ ဆရာ၂ ဦးသာရမည်။ ခဲတံ၊ စာအုပ်မှစ၍ အခြားအစိုးရ
အထောက်အပံ့ လုံးဝမရကြောင်း စေတုတ္တရာ မြို့နယ် ပညာ ရေးမှူး
ဒေါ်ခင်မေသိန်းကဖွင့်ဟသည်။ ''အ ဆောက်အအုံပြင်ဆင်ခွင့် ဆောက်လုပ်ခွင့်
လည်းမကျဘူး။ ခုထိရွေ့လျားကျောင်း ဘာလို့ဖြစ်နေတာလဲ ကျွန်မ မသိဘူး။ရွာအ
တည်တကျဖြစ်ရင် ဆိုင်ရှင်ချပေးမယ်လို့သိရတယ်။ ရွာတွေကအတည် ဖြစ်နေတာ
ကြာပြီ။ကလေးတွေ နစ်နာတာပေါ့''ဟုဆိုသည်။ အောင်းကျေးရွာမှ ဦးဝင်းမြင့်ဦးက
''ရွာမှာမူ လတန်း၊အလယ်တန်း ကျောင်းသား (၇ဝ) ကျော်ရှိတယ်။ ဆရာ မရှိလို့ (၂)
ယောက်ငှား ထားရတယ်၊ မွဲပါတယ်ဆိုပေမဲ့ ကလေးတွေ ပညာရေးဆိုတော့ စုပေါင်းပြီး
ငှားကြရတာပေါ့''ဟု ဆိုသည်။
မုန်းဆည်ပြီးနောက် ကျီးအုံ ကျီးဝ
ဆည်ကိုဆက်လုပ်ခဲ့ရာ တမံနှစ်ခုကြား ရေ ထောက်လာပြီး စေတုတ္တရာမြို့ ရှိ လယ်ဧက
(၄ဝဝ) အပါအဝင် စလင်း-စေတုတ္တရာပင် မကားလမ်းကြီး ရေမြုပ်သွားသည်။ ထိုသို့
မြုပ်ခြင်းသည် မူလကတွက်ချက်ထားခြင်း မရှိ၊ ရေမြုပ်ဧရိယာထဲမပါဟု ဆိုကာလျော်
ကြေးမရခဲ့ကြ၊ တော်လိုက်ကြသည့် တွက် ချက်မှုပါပေ၊ ဘယ်ကျောင်းထွက်တွေလဲမသိ၊
အရင်က မမြုပ်ဘူးထင်လို့ပါ၊ ခုတော့မြုပ်နေ ပြီဆိုတော့ ဘယ်လိုလုပ်ကျမလဲ
စဉ်းစားဖို့ လို ပြီ။ ကျီးအုံ ကျီးဝရေမြုပ်ဧရိယာပါရွာများ ယာမြေ
သုံးဧကဆီဖော်ထုတ်ရန် တစ်ဧက (၂ဝဝဝဝ) နှုန်းဖြင့် တစ်အိမ်ထောင် (၆ဝဝဝဝ)
နှုန်းပေး ချေခဲ့သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုရွှေအောင်က ပြောသည်။
မဆိုးပါ။ ယခုမှ ရေစပိတ်တော့မည့် ဂန့်ဂေါမြို့နယ်ရှိ မြစ်သာ တမံကတော့
တစ်ဦးချင်းအတွက်သိန်း (၄ဝဝ) တန်အာရ်စီနှစ်ထပ်တိုက်တွေ ဆောက်လုပ်
ပေးထားပြီး ဘုန်းကြီးကျောင်းကြီးတွေကတော့ သိန်း (၄ဝဝဝ) ကျော်အကုန်ခံ
တည်ဆောက်ပေးထားပြီး လှပသေသပ်သည့် မြို့ သစ်အဖြစ် ရေမီးစုံလင်စွာနေရတော့မည်။
ကြိုဆိုပါသည်။ ဆည်ဆောက်မည်ဘာဆောက် မည်ဆိုလျှင် နစ်နာသူကို
ဦးစွာစီမံပေးပြီးမှ ၄င်းတို့ အခြေတကျဖြစ်မှစတင်သင့်ပေသည်။
မြေကိုတန်းဖိုးထားရမည်။ လူကို လူလို တန်ဖိုးထားရမည်။
ကျွန်တော်
ထိုင်းနယ်စပ်တွင် တာဝန် ကျစဉ်က၊ သံလွင်မြစ် တစ်ဖက်ကမ်း ထိုင်း ဘက်ခြမ်း၌
လယ်ယာလုပ်သော ထိုင်းနိုင်ငံသားခံယူထားသည့် ကရင်ကျောင်း ဆရာတစ်ယောက်ရှိသည်။
သူက ကျွန်တော်တို့ ဘက်ခြမ်းကို စက်လှေကလေးနှင့် (၃) ရက် တစ်ခါလောက်လာပြီး
သူ့ခြံထွက်များ ရောင်း လိုတာဝယ်ပြီး ပြန်တတ်သည်။ ကျွန်တော်နှင့် ခင်၍
မကြာခဏတပ်စခန်းသို့ လာလည် သည်။ ဗူးသီးခရမ်းသီးနှင့် ထိုင်းနိုင်ငံထွက်
မုန့်ပဲသရေစာများ ယူလာတတ်သည်။ ကျွန်တော်က''အာမီရမ်'' ဖြင့် ဧည့်ခံသည်။
ထိုင်းဘက်ကသူ့ယာအနီးတွင် ထိုင်းတပ်စခန်းတစ်ခု ရှိသည်။ (၁ဝ)ရက် (၁)
ကြိမ်လောက် ရဟပ် ယာဉ်ဆင်းသည်ကို ပုံမှန်မြင်ရသည်။ တစ်နေ့
ထိုရဟပ်ယာဉ်ပျံဝဲလာစဉ် မီးခိုးတွေထွက်ပြီး သူ့အလိုလို ပျက်ကျသွားသည်။
ထိုနောက် ကရင်ကျောင်းဆရာ(၂) ပတ်ခန့် ပေါ်မလာ၊ ၄င်းရောက်လာသောအခါ
ထိုင်းနိုင်ငံထွက် ဆင်းဂါးဘီယာများ၊ ဝီစကီများ တစ်ပုံတစ်ပင် ပါလာသည်။
မေးကြည့်တော့''ကျွန်တော် ပွဲ သွားတယ် ရဟပ်ယာဉ်က ကျွန်တော့်
ယာခင်းထဲပျက်ကျတယ်၊ တစ်နှစ်လုံးရမဲ့သီး နှံတန်ဖိုး ၅ ဆကို လျော်သွားတယ်။
(၅) နှစ်စာ ကြိုတင်ရသလိုပေါ့ အင်ဂျင်ဝိုင်တွေ စက်ဆီ တွေပေနေတဲ့
ယာခင်းမြေကိုလည်း စက်တွေနဲ့ ကလော်ဖယ်ရှားပြီး မြေကောင်း တွေနဲ့ လဲပေးတယ်၊
အခုကျွန် တော်ချက်ခြင်း ပြန်စိုက်လို့ရနေပြီ။ ဘုရားသခင်လာပေးသွားတာပေါ့''
ဟုဝမ်းသာအားရ ပြောသည်။ ထိုစဉ်က ကျွန်တော် စဉ်းစားကြည့်သည်
ကျွန်တော်တို့နိုင်ငံမှာ စစ်ရဟပ်ယာဉ် ယာခင်းထဲပျက်ကျပါက အလျော်မရသည့်အပြင်
အတိုအစလိုက် ကောက်ပေးရန် လုပ်အားပေးပင်ပါသွားလိမ့်မည် (သို့မဟုတ်) ''ဒါတွေ
မပျောက်အောင် ညကင်းစောင့်ပေးထား'' ဟုခိုင်းချင် ခိုင်းမည်၊
မြေကော်စက်များဖြင့် မြေပြုပြင်ပေးဖို့ စိတ်ကူးရှိအံ့မထင်။ သီးနှံ
လျော်ကြေး ၅ နှစ်စာ ကတော့ဝေးစွ၊ သြော် ...သူတို့နိုင်ငံမှာ လူကို
တန်ဖိုးထား၍ လယ် ယာမြေကိုတန်ဖိုးထား၍ ဤသို့ တိုးတက်နေ တာပါလားဟု သံဝေဂ
ရမိသည်။ ယခု အစိုး ရသစ်လက်ထက်တွင် ဒါတွေ့လာပါပြီဟု ပြောလို့ရပြီလားမသိ။
ခြိမ့် ခြိမ့်သည်းသည်း ဘုန်းကြီးပျံပွဲ ကျင်းပနေသော ရွာကို အားကျပြီး
''တို့ဘုန်းကြီးလည်း ဖျားနေပါပြီ'' ဟု ပြောရမလိုပင်။
မုန်း၏အထက်တွင်
ဗူး(၁) ဗူး(၂) ဆည်များ ဆက်လုပ်ပါက ထပ်မြုပ်မည့် ရွာ များမှာ တဘွင်၊
နဘဲကုန်း၊ အကြည်၊ လက်ပန် ကျင်း၊ တန့်လည်ကျင်း၊ လုံကြီး၊ နတ်ကြီး၊ အာရော၊
ဒွေးစသောရွာများနှင့် အထက်တန်း ကျောင်း၊ တိုက်နယ်ဆေးရုံ၊ ရဲစခန်းတို့ပါကြ
လိမ့်ဦးမည်။ ဗူး(၁)မှာ စီမံကိန်းစတင်၍ အချို့အဝက်ပြီးစီးနေစဉ် ၂ဝဝ၈
ခုနှစ်မှစ၍ စီမံကိန်းရပ်တန့်ထားသည်။ ဆက်လုပ်မည် ဆိုက ရေမြုပ်ရွာများကို
ထိုက်ထိုက် တန်တန် နေရာချ၊ ရေ၊ မီး၊ စာသင်ကျောင်းစုံအောင် လုပ်ပြီးမှ
ဆက်လုပ်သင့်သည်။ လူကို တန်ဖိုး ထား၊ မြေကို တန်ဖိုးထားသင့်ပါပြီ။ ပြီးခဲ့တာ
တွေပြီးပါစေတော့ နောက် ဆက်မမှားဖို့ အ ရေးကြီးလှသည်။ ရေမြုပ်ရွာများအတွက်
ဘတ်ဂျက်ပြည့်စုံမှ ဆည်ပိတ်ပါဟု ထောက် ပြလိုသည်။ မဟုတ်လျှင် ဆည်၏ ကောင်း
ကျိုးကနောက်၊ သူတို့၏ဘဝတွေကဆည်နှင့် အတူဦးစွာနစ်မြုပ်ပျက်စီးသွားပေလိမ့်
မည်။ ပျက်စီးခဲ့ ကြပြီးပြီ တန့်ဆည်ရွာသူ ဒေါ်စန်းမြက ''ကျွန်မသမီးကအသက် (၂ဝ)
မပြည့်သေးဘူး၊ ထိုင်းကို ပွဲစားကတစ်ဆင့် ပို့ရတယ်။ ဘယ်ပို့ချင်မလဲ ဒါပေမဲ့
ရောင်းစားစရာက ကုန်ပြီ၊ ဒါကြောင့် လွှတ်လိုက်ရတယ်''ဟု ငိုသံပါကြီးနှင့်
ပြောသည်။ ရွှေရောင်း ကျွဲရောင်း နွားရောင်းစရာကုန်တော့ သမီးကို ရောင်းလိုက်
ရသည်ဟု ပြောသည့် သဘောပင်။ သရန် ကိုင်းရွာမှ ဦးဟန်သောင်းက ''ရေ
မြုပ်တဲ့နေ့က ကျွန်တော့်စားတော်ပဲခင်းကအပင် တစ်မိုက်လောက်ရှိနေပြီ။
ရေကတက်တက်လာတယ်။ မိန်းမရေ၊ ဒို့စားတော်ပဲပင်လေးတွေ ဒါနောက်ဆုံးမြင်ရ
တာပဲကြည့်၊ ကြည့်ဆိုပြီး ပြောတော့ ကျွန်တော့်မိန်းမ မမြစန်းက
မူးမေ့လဲကျသွားခဲ့ရတယ်''ဟု ရင်ဖွင့်သည်။
အောက်လယ်တွေရေရဖို့၊
မြို့လူတွေ မီးရဖို့၊ သူတို့ရဲ့ ဘဝတွေကို ရင်းနှီးမြှုပ်နှံပစ် ရမှာလား။
''သူတည်းတစ်ယောက်ကောင်း မှု ရောက်ဖို့ သူတစ်ယောက်မှာ ပျက်လင့်ရမှာလား''
ဤကဗျာကို ဒဏ္ဍာရီထဲမှာ ထားရစ် ခဲ့သင့်ပြီ။ သူတည်းတစ်ယောက်လည်း ကောင်းရမည်။
သူတစ် ယောက်လည်း ကောင်း ရမည်။ Win Win ဆိုတာ သမ္မတကြီးရဲ့ လက်သုံးစကားပဲလေ၊
ရဟတ်ယာဉ်ယာခင်းထဲ ပျက်ကျ၍ ပွပေါက်တိုးခဲ့သော ထိုင်းနိုင်ငံသား
ကရင်ကျောင်းဆရာလို၊ တမံကြီးလုပ်၍ ရေမြုပ်သွားသော ရွာသားများပွပေါက်
တိုးရမည်။ မူလထက်လူနေမှုအဆင့်အတန်း မြင့်ပြီး ရေနဲ့မီးနဲ့ လယ်နဲ့ယာနဲ့
ရွှေတွဲလဲ ငွေတွဲလဲ ဖြစ်ရမည်။ အခုတော့ သူများနိုင်ငံမှာ ကျွန် သွားခံကြရပြီ။
ရွာတွေတွင် သက်ကြားအိုးနှင့် ကလေးတွေသာရှိသည်။ စုတ်ပြတ်သပ်နေ သော
အခင်းအကျင်းကရွာ၏ စီးပွားရေး၊ လူမှုရေးအခြေအနေကို သိသာစွာ ထင်ဟပ်နေသည်။
ဒဟပ်ကိုင်းရွာမှ ဦးအေးကိုက ''ရွာမှာ ရေမရတော့ ပိုက်ဝယ်ရတယ်၊
ဘုန်းကြီးကျောင်းကလည်း မပြီးသေးဘူး။ ငွေသိပ် မရှိကြတော့ ရေပိုက်လည်းမပြီး
ဘုန်းကြီးကျောင်းလည်းမပြီး၊ ဒီကြားထဲ ငဖဲ-စေတုတ္တရာလမ်းကို ရွာကနေ ထွက်ဖို့
တစ်မိုင် (၂) ဖာလုံဒိုဇာနဲ့ ထိုးပေးဖို့ လမ်းဗိုလ် ကို သွားပြောတာ
ရွာကဆီခံရမယ်လို့ ပြောတယ်''ဟု ဆို သည်။
မုန်းဆည်ကအပြန်
ကျွန်တော်တို့ ကော်မရှင်အဖွဲ့ဝင်တွေ နှုတ်ဆိတ်နေကြ သည်။ ပွာလောင်ပွာလောင်
ပြောတတ်သော NLD ဦမြင့်သိန်း (မကွေးအမတ်) သည်ပင် ခပ်မဆိတ်လိုက်ပါလာခဲ့သည်။
အစီရင်ခံစာ အချောသပ်ရေး၍ လွှတ်တော်သို့ အမြန်တင် ပြရန်လုပ်ရဦးမည်။
အမည်သညာခေါ်စရာကား ''မုန်း''ဆိုသည့် အတိုင်း ချစ်စရာ မကောင်းလှပါတကား။
ဦးလှဆွေ(အမျိုးသားလွှတ်တော်)
by Messenger News Journal
No comments:
Post a Comment