Friday, 31 May 2013

လှည်းကူးမြို.နယ် မရမ်းချောင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ ကိုဆောက်လုပ်လှူဒါန်းတဲ့ မေတ္တာပန်း ကျောင်းဆောင်သစ်လွှဲအပ်ပွဲ အခမ်းအနားနဲ့ မေတ္တာရှင် ပရဟိတ စံပြဆုပေးအပ်ပွဲ

31 May 2013 05:32 လှည်းကူးမြို.နယ် မရမ်းချောင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ ကိုဆောက်လုပ်လှူဒါန်းတဲ့ မေတ္တာပန်း ကျောင်းဆောင်သစ်လွှဲအပ်ပွဲ အခမ်းအနားနဲ့ မေတ္တာရှင် ပရဟိတ စံပြဆုပေးအပ်ပွဲကို အခုလ ၂၉ ရက်နေ့က မရမ်းချောင်းကျေးရွာမှာပြုလုပ်ခဲ့ပါတယ်။ ဒေါ်ညိုမာသက် သတင်းပေးပို.ထားပါတယ်။
Ref: http://www.facebook.com/DVBTVNews?hc_location=stream

Thursday, 30 May 2013

လှည်းကူးမြှို့ ဘုရားကျောင်းဆရာတော် ဈာပနဖိတ်ကြားစာ

Ref: ကြေးမုံသတင်းစာ

မာရ်နတ်မင်းရယ် အားမာန်တင်းကာ၊ ဘုရားကိုယှဉ်တု ပလ္လင်လုပြန်တာ မောင်ထွန်းလွင်(မိုးလေ၀သ) ပြန်လည်ဖေါ်ပြခြင်းစာစု (၄)

အခုတလော ကျွန်တော် မုန်တိုငးတွေနဲ့ အလုပ်ရှုပ်နေပါတယ်။ မုန်တိုငးတွေဟာ ကျွန်တော့ဘ၀မှာ ဘယ်လောက်အရေးပါခဲ့တယ်ဆိုတာ ကျွန်တော့်ဘ၀ကိုယ်တွေ့လေး ပြန်လည်မျှဝေပေးလိုက်ပါတယ်။

မောင်ထွန်းလွင် (မိုးလေ၀သ)
================================================
မာရ်နတ်မင်းရယ် အားမာန်တင်းကာ၊
ဘုရားကိုယှဉ်တု ပလ္လင်လုပြန်တာ
မောင်ထွန်းလွင်(မိုးလေ၀သ)
(ပေါ်ပြုလာဂျာနယ်တွင် ဖေါ်ပြခဲ့သော ဘ၀အတွေ့အကြုံဆောင်းပါး)

ကျွန်တော် ငယ်ငယ်က..ကလေးဘ၀ဟာ အညာမှာကြီးပြင်းခဲ့ရပါတယ်။ အညာက မြို့ကြီး တစ်မြို့မှာ မိဘများက အခြေချနေထိုင်ပြီး မြို့ကျောင်းမှာထားပေမယ့် နွေကျောင်းပိတ်ပြီဆိုရင် အဖိုးအဖွားဆွေမျိုးများရှိရာ ရွာကိုတော့ နှစ်တိုင်းပြန်ပါတယ်။ ရွာကိုဘဲပြန်ပြန်၊ မြို့မှာဘဲနေနေ ကောင်းကောင်းမှတ်မိနေတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ အခုလို မကြာမီရောက်လာ တော့မယ့် သီတင်းကျွတ်၊တန်ဆောင်တိုင် ကာလမျိုး ဆိုရင် အလှူတွေအတန်းတွေ၊ ကထိန်တွေ ရပ်ကွက်တိုင်း မြို့နယ်တိုင်း ရက်ဆက်မပြတ် ကျင်းပကြာတာ ဖြစ်ပါတယ်။ ရွာကိုပြန်တဲ့ နွေကျောင်းပိတ်ရက်ကာလဆိုရင် တောဓလေ့ သစ်စေ့မျိုးစေ့တွေ ပေါ်လို့ ရောင်းချအပြီး တောင်သူတွေ ငွေရွှင်ကြတော့ အလှူအတန်းတွေက ပေါမှပေါ။ အခုအထိ ဒီဓလေ့က ရှိနေဆဲပါ။ နွေမှာဘဲဖြစ်ဖြစ်၊ မြိုမှာဘဲဖြစ်ဖြစ် သေချာတာတစ်ခုကတော့ ပွဲလမ်းသဘင်ရှိပြီ ဆိုတာနဲ့ မနက်အစောကြီး လော်စပီကာကြီးတွေနဲ့ သီချင်းတွေ ဖွင့်ကြတာပါဘဲ။ ဒီလိုအစောကြီး (မနက်၎နာရီလောက်က စပါတယ်) သီချင်းတွေဖွင့်တာကို ဘယ်သူကမှ အပြစ်မမြင်ကြတဲ့အပြင် ဆွမ်းချက်စရာရှိတဲ့လူ၊ တောသွားစရာရှိတဲ့လူ၊ အလုပ်သွားစရာရှိတဲ့လူ စတာတွေက အိပ်ယာကထ၊ ဟဲ..ဟဲ..ကျွန်တော်တို့လို ငပျင်းတွေကတော့ အိပ်ယာထဲက မထဘဲ ကွေးရင်း ဘုရားပွဲ၊ ကထိန်ပွဲ၊ အလှူမင်္ဂလာဆောင်ကဖွင့်တဲ့ သီချင်းသံတွေ ဇိမ်နဲ့ နားထောင်းရင်းအရာသာခံနေရတာ အခုပြောရင်းတောင် လွမ်းမိပါတယ်ဗျာ။

ဒီလိုသီချင်းတွေ ဖွင့်ပြီဆိုရင်လဲ သက်ဆိုင်ရာအလှူရှင်တွေရဲ့ ဖျော်ဖြေရေးတာဝန်ခံ (ဟဲ..ဟဲ..ဓါတ်စက်ဖွင့် တဲ့သူ ကိုပြောတာပါဗျာ)တွေက မနက်အစောကြီးဆိုတော့ ကြက်သရေမင်္ဂလာရှိတဲ့သီချင်းတွေကိုဘဲ အသေအချာ ရွေးပြီးဖွင့်ကြပါတယ်။ ဒီနေရာမှာ တစ်တိုင်းတစ်ပြည်လုံး ဘယ်နေရာသွားသွား မနက်စောစော ပထမဆုံး ဖွင့်တဲ့ဓါတ်စက်သီချင်းကတော့ တစ်မျိုးတည်းပါဘဲ။ အဲဒါကတော့ အဆိုတော်ကြီး (အမေ)မေရှင်ရဲ့ “အောင်ခြင်းရှစ်ပါး”ဘဲဖြစ်ပါတယ်ဗျာ။ ”အောင်ခြင်းရှစ်ပါး… အသံကြားတဲ့အခါ...”လို့အစချီပြီး ထွက်ပေါ်လာတဲ့ အလွန်သာယာနာပျော်ဖွယ်ရှိပြီး ကြက်သရေမင်္ဂလာလည်းအလွန်ရှိလှတဲ့ အမေရှင်ရဲ့အသံဟာ မြန်မာတစ်နိုင်ငံ လုံးရဲ့အသဲစွဲပေါ့။ ကျွန်တော်တို့လို ငချွတ်တွေအနေနဲ့လည်း အမေရှင်ရဲ့ “အောင်ခြင်းရှစ်ပါး”ကို နားထောင် ရပါများလာတော့ မြတ်စွာဘုရားရဲ့ မေတ္တာတရားနဲ့ အောင်နိုင်တော်မူတဲ့ အောင်ခြင်းရှစ်ပါးကို နားထောင်ရင်း ဘုရားရဲ့တန်ခိုးတော်၊ မေတ္တာလမ်းစဉ်တွေကို ကြည်ညိုသဒ္ဓါပွားရတာလည်း မှတ်မိနေပါသေးတယ်။

ဒီအောင်ခြင်းရှစ်ပါးထဲမှာ “ဒေ၀ဒတ်”တို့၊ “မာရ်နတ်မင်း”တို့ ဆိုတာ “ဘုရားကိုယှဉ်တု၊ ပလင်လု”ကြတဲ့ လူဆိုးကြီးတွေပေါ့။ အဲဒီကတည်းကစပြီး “မာရ်နတ်”ဆိုတာ ကျွန်တော့်အတွက်တော့ လူဆိုးကြီး၊ သွား..လူဆိုး။
ဒီလိုနဲ့ဘဲကျွန်တော်တို့တတွေကြီးပြင်းလာကြပါတယ်။ ဘ၀ကံဆရာရဲ့စေစားချက်တွေ၊ ဟန့်တားချက်တွေ ကြောင့် အများသူငါလို ဘ၀မီးရထားကြီးကိုစီးခဲ့ကြရမှာလည်း ကျွန်တော်တို့လို ဗုဒ္ဓဘာသာဝင်တွေ အတွက်တော့ ပါးပါးလေးပါလို့သာ ဆိုပါရစေတော့။ “ဖြစ်ချင်ရာမဖြစ်၊ မဖြစ်ချင်ရာဖြစ်”လို့ ဆိုကြပေမယ့် ကျွန်တော်ကတော့ “ဖြစ်လာတာကို ဖြစ်ချင်တာဖြစ်လာအောင်“လုပ်နိုင်ခဲ့တာကြောင့် ဘ၀မှာမဆိုးပါဘူး လို့တော့ ပြောရမှာဖြစ်ပါတယ်။ အဲဒါကတော့ လူ(၁၀၀)မှာ (၉၉)ယောက်လောက်က သဘောမပေါက် နားမလည်နိုင်တဲ့ ဘ၀ဖြစ်တဲ့ မိုးလေ၀သပညာရှင်ဖြစ်ချင်လာတာပါဘဲ။ ကျွန်တော့်ကို ဘာဖြစ်လို့ ဖြစ်ချင်ရတာ တုံးလို့မေးရင်တော့..၊ ဟုတ်ကဲ့၊ လုပ်ရင်းလုပ်ရင်းနဲ့ ဒီအလုပ်ရဲ့အရေးပါလာပုံ (ကျွန်တော် တစ်ယောက်တည်း အမြင်လည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်)တွေကို သိသိလာ တာနဲ့အမျှ ဒီအလုပ်ကို ပိုပြီး ကျေနပ် လာပါတယ်။ နောက်ပြီးကျွန်တော့ရဲ့ အားနည်းချက်တစ်ခုကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ဒါကတော့ ကျွန်တော်ဟာ တစ်စုံတစ်ခုကို ရွေးရတော့မယ် ဆိုရင် အမြဲအားနည်းတဲ့ဖက်ကိုဘဲ ဦးစားပေးတတ်တဲ့ ထူးဆန်းပြီးလက်တွေ့မှာ အလုပ်မဖြစ်တဲ့စိတ်ကြောင့် လည်း ဖြစ်နိုင်ပါတယ်။

ထားပါတော့ဗျာ. ကျွန်တော်ဟာ ဒီလိုနဲ့ဘဲ မိုးလေ၀သအလုပ်မှာ နှစ်ပေါင်း(၄၄) နှစ်ကြာ လုပ်ဖြစ် ခဲ့ပါတယ်။ အခုတော့ အငြိမ်းစားယူခဲ့ပါပြီ။ လူအတော်များများကလည်း မိုးလေ၀သအလုပ်ကို ဘာကြောင့်များ အခုလို တစ်ဘ၀လုံးပုံပြီးလုပ်နေခဲ့ရတာလည်းလို့ အခုထက်ထိ မကြာမကြာမေးတတ်ကြပါတယ်။ မေးသင့် မေးထိုက် တဲ့ မေးခွန်းပါဘဲခင်ဗျ။ ကျွန်တော့်အမြင်ကလေးကတော. ရှင်းရှင်းလေးပါ။ ကုသိုလ်လည်းရ၊ ၀မ်းလည်းဝတဲ့ အလုပ်မို့ပါလို့ဘဲဖြေမိပါတယ်။ သိတဲ့အတိုင်း ၀မ်းဝတယ်ဆိုတာကတော့ မိုးလေ၀သဆိုတာ မိုးရေကိုသာ ပိုင်ဆိုင်နေရတဲ့အလုပ်မို့ ခေတ်ကာလနဲ့ပြောရရင်တော့ မက်လောက်စရာ အူစိုတဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအလုပ်နဲ့ဘဲ ကျွန်တော်ဟာ ဘွဲ့(၄)ခုရခဲ့တယ်၊ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုတစ်ခုကို ပိုင်ဆိုင် ခဲ့တယ်။ အလွန်ချစ်စရာကောင်းပြီး ဥာဏ်ရည်ထက်မြက်တဲ့ သားသမီး(၃)ဦးကိုပိုင်ဆိုင်ခဲ့တယ်။ လူသိများတဲ့ မိုးလေ၀သခန့်မှန်းရေးမှူးတစ်ဦးလည်းဖြစ်ခဲ့တယ်။ ကဲဗျာ ဒါတွေအတွက် ကျွန်တော့ဘ၀တစ်ခု လုံးမှာ ဒီအလုပ်သာလုပ်ခဲ့တဲ့အတွက် ဒီအလုပ်ကိုကျေးဇူးမတင်ရင် ကျွန်တော်ဘယ်သူ့ကို ကျေးဇူးတင်ရမလဲ၊

ဒါကြောင့်ကျွန်တော်ကျေးဇူးမကန်းပါဘူးခင်ဗျ။ကျေးဇူးတင်ပါတယ်။နောက် ကုသိုလ်ရတယ်ဆိုတဲ့ကိစ္စ။ ဒါကဒီလိုပါ။ စိတ်ထားတတ်ရင်မြတ်တယ်ဆိုတာလေးကို အားကိုး ပြောရမှာပါ။ မိုးလေ၀သရဲ့အဓိကတာဝန်က သဘာဝဘေးအန္တရာယ်တွေ ကြိုတင်ကာကွယ်နိုင်ဖို့ ကြိုတင်သတိပေးရတဲ့တာဝန်ဖြစ်ပါတယ်။ ရည်ရွယ်ချက် ကတော့ လူတွေရဲ့အသက်အိုးအိမ်၊စည်းစိမ်တွေကို ကာကွယ်ဖို့ပါဘဲ။ ဒီတော့ ကျွန်တော့်ဝန်ထမ်းများကို ကျွန်တော်ကပြောပါတယ်။ “ ဒီဌာနမှာ ဘယ်နေရာ၊ ဘာရာထူးမှာဘဲ လုပ်လုပ် ရည်ရွယ်ချက်ကတော့ တစ်မျိုးတည်းဘဲလို့၊ အဲဒါကတော့ လူတွေရဲ့အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ဘဲ ဆိုတာမမေ့ပါနဲ့။ အဲဒါလေးကို စိတ်ထဲမှာထားပြီး အလုပ်လုပ်တိုင်း သတိရပြီး လုပ်နေရင် မင်းတို့ အခြားကုသိုလ် ကောင်းမှု ဘာမှမလုပ်ဖြစ်ဘူးဘဲထားအုံး၊ ကုသိုလ်တွေကတော့ ရနေပါ လိမ့်မယ် “ လို့။ ဒါပါဘဲ။

ဒီလိုနဲ့ပေါ့ဗျာ၊ ဌာနမှာ(၄၄)နှစ်ကြာခဲ့ပါတယ်၊ (၁၇)နှစ်သားကနေစလုပ်ခဲ့တာ (၆၂)နှစ်မှာ အငြိမ်းစား ယူခဲ့တယ်ဆိုပါတော့။ လူပျိုပေါက်ဘ၀ကနေ မြေးနှစ်ယောက်ရဲ့ အဖိုးဘ၀ ရောက်တဲ့ အထိ ဆိုပါတော့။ ဒီလိုနဲ့ မငြိမ်းသေးတဲ့အငြိမ်းစားဘ၀ကို ဆက်လက် လျှောက်ရ ပြန်ပါတယ်။ အဆင်ပြေတာတွေလည်း ရှိသလို မပြေသေး တာတွေလည်းရှိတယ် ဆိုပါ တော့ ဗျာ။ ဒီလိုနဲ့ တစ်နေ့တော့ လုပ်စရာလုပ်ငန်းအသစ်လေးတွေ(တကယ်တော့ ခေါင်းစဉ်မရှိဘဲ အစစ်ဆေးခံနေရတာပါ) နဲ့ ပတ်သက်ပြီး အခက်အခဲ ကလေးတွေ တွေ့တွေ့နေတာကြောင့် မိတ်ဆွေတစ်ယောက်နဲ့ စကားစပ် မိရာက
"ဆရာကတော့ အယုံအကြည် ရှိပါ့မလားမသိဘူး။ ဟိုဟာလေ ကျွန်တော်နဲ့ အသိတစ်ဦး ရှိတယ်။ ၀င်ဒါမီယာမှာနေတာလေ။ ဆွေကြီးမျိုးကြီးထဲက သူဌေးတွေပါဘဲ။ အဲဒါ ဒီလိုနေရင်း နဲ့ဘဲ အထက်အဖွဲ့အစည်း တွေက စောင့်ရှောက်နေ တယ်လို့ပြောတာဘဲ။ အခု အကြားအမြင် ဟောတာ အရမ်းနံမည်ကြီးနေတယ်။ ဆရာလိုက်မေးချင်ရင် ကျွန်တော် လိုက်ပို့ပေးမယ်လေ"
လို့ပြောလာပါတယ်။ သေသေချာချာမေးလိုက်တော့ ကျွန်တော်နဲ့လည်း ရင်းနှီးတဲ့သူ ဖြစ်နေ တဲ့အပြင် လုံးဝထင်မထားတဲ့သူလည်းဖြစ်နေပါတယ်။ ဒီလိုလူမျိုး ကတော့ ဘယ်လိုမှ လိမ်ညာ ပြောမယ့်သူ မဖြစ်နိုင်တာကြောင့် စိတ်ဝင်စားသွားမိပါတယ်။

ဒါနဲ့ တိုတိုဘဲ ပြောပါရစေ တော့ဗျာ။ အဲဒီအိမ်ကို ကျွန်တော်တို့ နှစ်ယောက် ရောက်သွားကြပါတယ်။ သူတို့ကလည်း မတွေ့ရတာကြာပြီ ဖြစ်တဲ့ကျွန်တော့်ကို တွေ့ကြရတော့ ၀မ်းပန်းတသာနဲ့ ကြိုတင်လည်း အကြောင်းကြား ထားလို့ထင်ပါတယ်။ ညစာတွေဘာတွေတောင် စီစဉ်ထား ကြပါတယ်။ ဒါနဲ့ လိုရင်းပြောရရင်တော့ သူတို့ရဲ့ဟောပြောနေကြ ဘုရားခန်းထဲကို ရောက်သွားတယ် ဆိုပါ တော့ဗျာ။ ဘုရားခန်းထဲရောက်လို့ ဘုရားစင်ရှေ့ထိုင်မိတယ်ဆိုရင်ဘဲ “ဆရာမေးချင်တဲ့မေးခွန်း(၅)ခုကို ရေးပါဆရာ”
ဆိုပြီး ဗလာစာအုပ် တစ်အုပ်နဲ့ ဘောလ်ပင်တစ်ချောင်းကို ထိုးပေးပါတယ်။ နောက်တော့ ဟောပြော မယ့် အသိအမျိုးသမီးက သေသေချာချာဖတ်ပါတယ်။ အလုပ်ကိစ္စ၊ စီးပွားရေး စတဲ့ မေးခွန်းတွေပါဘဲ၊ ဖတ်ပြီးတဲ့နောက် ဘုရားရှိခိုး ပါတယ်။ နောက်ပြီး ပါးစပ်ကနေ ဆိုင်ရာပိုင်ရာ တွေကို တိုင်တယ်ပါတယ်။ (ပင့်တယ်

ဆိုပါတော့ဗျာ)။ နောက်မကြာပါဘူး။ သူ့ရှေ့မှာချထားတဲ့ စောစောက မေးခွန်း-၅ခု ရေးထားတဲ့စာမျက်နှာပေါ်မှာ ဘောလ်ပင်နဲ့ စက်ဝိုင်းတွေ အထပ်ထပ် ရေးခြစ်တော့တာပါဘဲ။ လူကလည်း ယိမ်းထိုးလာပြီး ပါးစပ်ကနေ အံ့သြစရာကောင်းလောက်တဲ့ ကျွန်တော်နားမလည်တဲ့ ထူးဆန်းတဲ့ဘာသာစကား တွေကို အကျယ်ကြီး ရွတ်တော့တာပါဘဲ။ တစ်ယောက်ယောက်နဲ့ စကားပြောနေသလိုပါဘဲ။ ရွတ်လိုက်၊ ရေးခြစ်လိုက်နဲ့ တော်တော် ကြာကြာ လုပ်နေပြီးတဲ့နောက် ခဏနေတော့ ငြိမ်သွားပါတယ်။ (စောစောက ၀င်ပူးနေတဲ့ ကိုယ်တော် ထွက်သွားတဲ့သဘောပါဘဲ)။ အဲဒီနောက်မှာတော့ စကားတွေ စပြောပါတော့တယ်။

" ဆရာ..နေ့စဉ်မှန်မှန် ကန်တော့သလား၊ ကန်တော့ရင်လည်း ဘယ်သူ့ကိုရည်မှန်း ကန်တော့သလည်း"…တဲ့။ " မှန်မှန်တော့ မဟုတ်ဘူးပေါ့။ မကြာမကြာတော့ ကန်တော့ ဖြစ်ပါတယ်၊ ကန်တော့ရင် ဘုရား၊တရား။သံဃာ ရတနာသုံးပါးပေါ့။ မိဘဆရာ သမားပါ ဆိုရင်တော့ အနန္တောအနန္တငါးပါးပေါ့.. "
ဘုရားမကန်တော့ဖြစ်တာ ကြာနေပြီဖြစ်တဲ့ ကိုယ့်ကိုယ်ကို နောင်တရနေမိပါတယ်။ ဖြေချက်ကတော့ ၀ါးလုံးရှည်နဲ့ ယမ်းလိုက်တာဘဲ။ ထိတန်ကောင်းပါရဲ့။

" ဘုရားကန်တော့ရင် ဘာတွေ ဆုတောင်းသလဲ"
" ဘာမှတော့ ထွေထွေထူးထူးတော့ မတောင်းမိပါဘူး။ ပြောမိဆိုမိတာတွေကတော့ ခဏခဏ ဖြစ်တတ်လွန်း တော့ ကျေးဇူးရှိတဲ့လူတွေကို ပြစ်မှားမိတာများရှိခဲ့ရင် ခွင့်လွှတ်ပါလို့တော့ ဆုတောင်းမိပါတယ် " ဒီနေရာရောက်တော့ မျက်နှာတွေအများကြီး မျက်စိထဲမှာ မြင်ယောင်လာပါတယ်။

" ဘယ်သူ့ကိုများ သပ်သပ်ကိုးကွယ်ဆည်းကပ်ပြီး တိုင်တည်ဆုတောင်းတတ်သလည်း"
" ဘယ်သူရယ်လိုတော့ သတ်သတ်မှတ်မှတ်မရှိလှပါဘူး၊ အဲတစ်ခုတော့ရှိတယ်။ မကြာခဏ ဟောပြောပွဲတွေ ဟောရတတ်တော့ မယ်တော်သူရသတီနတ်သမီးကို စောင့်ရှောက်ပေးဖို့ တိုင်တည်မိတာတော့ရှိပါတယ်။ ဆုတောင်းတာလည်း ရိုးရိုးပါ။ ပြောဆိုသမျှစကားတွေဟာ မှန်ကန်သောစကား၊ အကျိုးရှိသောစကား၊ အဓိပါယ် ရှိသောစကား၊ လေးစားမှုကိုခံယူနိုင်သောစကား၊ ဂုဏ်ကိုမြှင့်တင်နိုင်သောစကား စတာတွေ ပြောဆိုနိုင်အောင် စောင်မပါ..လို့တော့ ဟောပြောပွဲရှိတိုင်း မစခင်မှာ ဆုတောင်းတတ်ပါတယ် "

" ဟုတ်တယ်။ အဲဒါဘဲ၊ ဆရာ့ကို ဆိုင်ရာပိုင်ရာနတ်မင်းကြီးတွေက အဲဒါကိုစိတ်ဆိုးနေကြတာ။ ဆရာက သူတို့ကို မေ့လျော့ထားတဲ့အတွက် စိတ်ဆိုးနေကြလို့ ဆရာ့ကိုသူတို့ကနှောင့်ယှက်နေကြတာ။ ဆရာက ကျေးဇူးတင် ရမယ့်သူတို့ကိုတော့ မေ့ထားပြီး ဘုရားတွေ၊သိကြားတွေ၊သမာဒေ၀တွေကိုတော့ ကျေးဇူးတင် ကန်တော့နေလို့ ကိုယ်တော် နတ်မင်းကြီးတွေက အရမ်းစိတ်ဆိုးပြီး နှောင့်ယှက်နေကြတာ"
" ဗျာ"

" ဟုတ်တယ်လေဆရာရဲ့။ လောကမှာ အကောင်းနဲ့အဆိုးဆိုတာ ဒွန်တွဲနေကြတာလေ။ ဆရာက အကောင်း တွေသာ လောကမှာရှိနေကြတယ်လို့ထင်နေတာလား။ အကောင်းတွေကသာ လောကမှာတန်ခိုးရှိပြီး အမြဲတန်း အနိုင်ရနေကြတယ်လို့ ထင်နေတာလား"
" ဘုရားရေ"
လုပ်ချလိုက်ပြီ။

" ဆရာလုပ်နေတဲ့အလုပ်ကိုဘဲကြည့်လေ။ ဆရာ့ရဲ့ မိုးလေ၀သအလုပ်ဆိုတာ မုန်တိုင်းတွေ၊ ရေကြီးတာတွေ၊ လေတိုက်တာတွေ၊ ရေလှိုင်းကြီးတွေတက်တာတွေ၊ ဒါတွေဘဲ လုပ်နေရတာလေ။ ဖြစ်လိုက်ရင်လည်း လူတွေ သေရ၊ အိုးအိမ်စည်းစိမ်တွေဆုံးရှုံးရနဲ့ ဘယ်မှာ လူတွေကိုကောင်းကျိုးပြုတာတွေချည့်ပါလို့လည်း"
တစ်ခါမှ ဒီလိုမတွေးခဲ့မိပါလားဗျာ။

“ စဉ်းစားကြည့်လေ၊ ဆရာက မုန်တိုင်းတွေနဲ့တော်တော်အကျိုးပေးတာ။ မုန်တိုင်းတစ်လုံးဖြစ်လိုက် ဆရာက နာမည်ကြီးလာလိုက်နဲ့။ ဟုတ်တယ်မဟုတ်လား။ အဲဒီတော့ မုန်တိုင်းဆိုတာ၊ ကောင်းတာလား၊ ဆိုးတာလား။ ဘုရားအလုပ်လား၊ မာရ်နတ်အလုပ်လား။ ကိုယ့်ကိုအကျိုးပေးနေတာ ဘုရားလား၊ မာရ်နတ်လား“။ ကိုယ်ကျိုးတော့ နည်းပြီ၊ ဘုရားကယ်ပါ။ သြော် လုပ်မိပြန်ပြီ။

“ ဒီတော့ ကိုယ့်ကို အကျိုးပြုနေတဲ့သူကိုတော့ မေ့ထားပြီး အခြားနတ်သိကြားတွေကိုတော့ ကျေးဇူးတင်နေတယ်၊ ရှိခိုးနေတယ်၊ပသနေတယ်ဆိုတော့ ကိုယ်တော်ကြီးတွေကစိတ်ဆိုးပြီး ဆရာ့ကို ဒဏ်ခတ် နှောင့်ယှက်နေကြ တာလေ“
“ ဒီတော့ ကျွန်တော် ဘာလုပ်ရမလဲ ဟင်“ ကျွန်တော့်လေသံဟာ ဘယ်လောက် ဟာကြူလီငပျော့လေသံ ပေါက်နေပြီး၊ ဘယ်လောက် ခိုကိုးရာမဲ့သူ အသံ ပေါက်နေမလဲဆိုတာ စဉ်းစားသာကြည့်ကြပါတာ့ခင်ဗျာ။

“ ဒီတော့ ဆရာ့အနေနဲ့ မာရ်နတ်မင်းကြီးနဲ့တကွ အပေါင်းပါနတ်အပေါင်းကို ၀န်ချတောင်းပန်ပါတယ်၊ မလိမ်မိုးမလိမ်မာမို့ နောင်တွင်မဖြစ်ရအောင် ကတိပြုပါတယ်။ အခုတွေ့ကြုံနေရတဲ့ အခက်အခဲတွေကိုလည်း ပြေပျောက်အောင် စောင်မတော်မူပါလို့ ၀န်ချတောင်းပန်ပြီး သုံးကြိမ် ဦးနှိမ်ချကန်တော့ရမယ်၊ နဖူးမြေတိုက် ဦးခိုက်တောင်းပန်တဲ့သဘောပေါ့ “
“ ဗျာ“ “

မာရ်နတ်မင်းရယ် အားမာန်တင်းကာ ၀သ၀တီနတ်ပြည်ကလာ..စစ်ချီကာရန်တွေမူလို့ ဘုရားကိုယှဉ်တု ပလ္လင်လုပြန်တာ….”၊ ငယ်ငယ်ကကြားခဲ့ဘူးတဲ့ အမေရှင်ရဲ့အောင်ခြင်းရှစ်ပါး သီချင်းအသံဟာ တဖြည်းဖြည်းနဲ့.. တဖြည်းဖြည်း….၊ ဟိုး….. အဝေးကြီးမှာ..။
Ref:http://www.facebook.com/tunlwin48/posts/654646701216572

Tuesday, 28 May 2013

လှည်းကူးမှ ဗီဒီယိုသရုပ်ဆောင်များ ပေါ်ထွက်ပြီ

လှည်းကူးမှ ဗီဒီယိုသရုပ်ဆောင်များ ပေါ်ထွက်လာပြီလို့ ဒါရိုက်တာ နောင်မြင့်မိုရ်-ရဲ့ ဘေ့ဘွတ်မှာ တင်ပြထားတာကို တွေ့ရှိရပါတယ်။ အမျိုးသားသရုပ်ဆောင်တစ်ယောက်နဲ့ အမျိုးသမီး သရုပ်ဆောင်တစ်ယောက်တို့ပါ။

လှည်းကူးက သရုပ်ဆောင်သစ်များရဲ့ အနုပညာအားထုတ်မှုကိုတော့- အသံလေးသာကြားပါရစေ-ဆိုတဲ့ ဇာတ်ကားမှာ တွေ့ရမှာဖြစ်ပါတယ်။
သို့သော်လည်း သရုပ်ဆောင်သစ်များရဲ့ နာမည်များကိုတော့ တရားဝင် ပြောဆိုထားခြင်းမရှိပါဘူး။
 



လှည်းကူးက သရုပ်ဆောင်သစ် “အသံလေးသာကြားပါရစေ” ဇာတ်ကားမှ ဇာတ်ဝင်ခန်းမှ
Ref: http://www.facebook.com/filmdirector.naungmyintmo?hc_location=stream

"ကောင်းကင်မေမေ" မောင်ထွန်းလွင် (မိုးလေ၀သ)

စင်္ကာပူမှာ ဟောခဲ့ရတဲ့ စာပေဟောပြောပွဲအမှတ်တရ
ပြန်လည်ဖေါ်ပြခြင်းစာစု(၂)

စင်္ကာပူ ရောက်တုံးရောက်ခိုက် လွန်ခဲ့တဲ့ (၂)နှစ်ကျော်လောက်က စင်္ကာပူမှာ ဟောခဲ့ရတဲ့
စာပေဟောပြောပွဲကို အကြောင်းပြုပြီး လူငယ်ထုအတွက် ကျွန်တော် မျှဝေချင်တဲ့ စကားလေတွေ ရှိနေတာကြောင့် .....

မောင်ထွန်းလွင် (မိုးလေ၀သ)

"ကောင်းကင်မေမေ"
မောင်ထွန်းလွင် (မိုးလေ၀သ)

ကျွန်တော့ရဲ့ ပထမဆုံး ပြည်ပစာပေဟောပြောပွဲ
ပထမဆုံး ပြည်ပစာပေဟောပြောပွဲအဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ စင်္ကာပူနိုင်ငံကို ကျွန်တော် သွားဖြစ်ခဲ့ပါတယ်။ တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ စာပေမိတ်ဆွေကြီးတွေဖြစ်တဲ့ ဆရာမောင်စိန်ဝင်း(ပုတီးကုံး)၊ ဆရာအော်ပီကျယ်၊ ဆရာမြင့်မောင်ကျော် တို့နဲ့အတူ ဖြစ်ပါ တယ်။ ကျွန်တော့်အတွက်တော့ ရေငတ်တုံးရေတွင်းထဲကျ ဆိုသလိုပါပဲ။ ဘာပြုလို့လည်း ဆိုတော့ စင်္ကာပူမှာ ကျောင်းတက်နေကြတဲ့ သားရယ်၊ သမီးရယ်၊ သူတို့ကို လိုက်စောင့်ရှောက် ပေးနေတဲ့ ဇနီးရယ် ရှိနေကြတယ်လေ။ သူတို့က ကျွန်တော့်ကို လာဖို့ခေါ်နေကြတာ ကြာလှ ပါပြီ။ အခုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်တာရယ်၊ နောက်ပြီး ပြည်ပစာပေဟောပြောပွဲ အတွေ့အကြုံ ရယူချင်တာရယ်၊ တကယ့်ကို အခွင့်အရေးတစ်ရပ်ပါပဲ။

ဦးတည်ချက်ချင်းတူကြရင် ဆုံမှတ်ဆိုတာ ရှိတတ်ပါတယ်။
ကျွန်တော်တို့အထဲမှာ ဆရာမောင်စိန်ဝင်း(ပုတီးကုံး)ရယ် ဆရာအော်ပီကျယ်ရယ် ကတော့ စင်္ကာပlပရိတ်သတ်တွေနဲ့ ကျွမ်းဝင်ပြီးသား၊ ပရိတ်သတ်အခိုင်အမာရှိပြီးသား ဆရာတွေပါ။ ကျွန်တော် နဲ့ ဆရာမြင့်မောင်ကျော်တို့သာ ပထမဆုံးအကြိမ် စာပေဟောပြောသူတွေ ဖြစ်ပါ တယ်။ ဒီစာပေဟောပြောပွဲရဲ့ ထူးခြားချက်ကတော့ အကြောင်းအရာဦးတည်ချက်က တစ်ခုတည်း သာ ဖြစ်ပါတယ်။ Save the Ayeyarwady အကြောင်းပဲဖြစ်ပါတယ်။ နောက်ခံမတူကြတဲ့ ဟောပြောသူ(၄)ဦးဟာ မိမိကျွမ်းဝင်ရာ နယ်ပယ်အသီးသီးမှ အမြင်တွေနဲ့ ဧရာဝတီကို ကာကွယ် ဟောပြောကြတဲ့ ပွဲလည်းဖြစ်ပါတယ်။ ဆရာမောင်စိန်ဝင်းက ကဗျာလေးတွေရွတ်လိုက် ရသလေး တွေ ပေးလိုက်၊ ရင်ချင်းဂျက်ပင်ဆက်ပြီး ဟောလိုက်၊ တကယ့်ကို ကဗျာအက်ဆေးပါပဲ။ ဆရာ အော်ပီကျယ်က စင်္ကာပူရောက်မှ လတ်တလောရေးဆွဲထားတဲ့ ကာတွန်းသစ်လေးတွေပြလိုက် အသောလေးတွေဖေါက်လိုက် တစိမ့်စိမ့်တွေးရင်း တသိမ့်သိမ့် ကျန်ခဲ့စေတဲ့ ကာတွန်းအက်ဆေး ပေါ့။ ဆရာ မြင့်မောင်ကျော်ကတော့ ဒီဇိုင်းနာပီပီ အပြောမဟုတ် အလုပ်သက်သေ ဆိုတဲ့အတိုင်း မြစ်ဆုံဒေသဖြစ်တဲ့ ကချင်ပြည်နယ်အတွင်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်အဖုံဖုံ အဖြစ်သနစ်အစုံ တွေကို ဓါတ်ပုံတွေနဲ့ တစ်လွှာချင်း၊ တစ်ကွက်ချင်း ပြသတဲ့ ဖိုတိုအက်ဆေးပါပဲ။ မြန်မာနိုင်ငံရဲ့ သမိုင်းတစ်ခုလို့တောင် ဆိုနိုင်ပါရဲ့။ ကျွန်တော်ကတော့ ရာသီဥတုပြောင်းလဲမှုရှုထောင့် နဲ့ သိပ္ပံအမြင် ပတ်ဝန်းကျင်ရေးရာထိခိုက်လာနိုင်မှုကို ဖြစ်ပျက်ခဲ့ပြီးတဲ့ သာဓကအချက်လက်နဲ့ တင်ပြတဲ့ သိပံ္ပအထောက်အထားအက်ဆေး ဆိုပါတော့။

တုံ့ပြန်မှုအားကောင်းလှတဲ့ ဟောပြောပွဲ။
ဟောပြောပွဲဟာ လှပတဲ့ ပွဲလေးတစ်ပွဲဖြစ်ခဲ့ပါတယ်။ အောင်မြင်ခဲ့ပါတယ်။ ဟောပြောပွဲ ကြေငြာ အပြီး (၂)ရက်အတွင်း ဟောပြောပွဲလက်မှတ်တွေ ကုန်သွားခဲ့လို့ လက်မှတ်တွေ ၀ယ်မရ ဖြစ်ခဲ့ ကြရပါတယ်။ လက်မှတ်မရလို့မကြည့်လိုက်ရသူတွေ အများကြီးဖြစ်ခဲ့ပါတယ်။ ဟောပြောပွဲ အပြီး ပရိတ်သတ်တွေ ၀ိုင်းဝိုင်းလည်နေတဲ့ ဟောပြောသူ ဆရာတွေကို အချိန်နဲ့လုပ်ရတဲ့ ခန်းမ အတွက် ပွဲကိုမနည်း ဖြတ်ယူခဲ့ရပါတယ်။ ဧရာဝတီဆိုတာ မြန်မာပြည်သူပြည်သားတွေရဲ့ အသည်းနှလုံးလေ။

ပွဲပြီးမီးသေမဟုတ်တဲ့ လေးစားစရာ စင်္ကာပူ ပရိတ်သတ်။
ဟောပြောပွဲပြီးသွားတဲ့နောက် ကျန်ဆရာ(၃)ဦးကတော့ (၂)ရက်(၃)ရက်နားပြီးတဲ့နောက် မြန်မာနိုင်ငံကို ပြန်သွားကြပါတယ်။ ကျွန်တော်ကတော့ သား၊သမီး(၂)ဦးနဲ့ ဇနီးသည်ပါ ရှိနေတာ ကြောင့် မပြန်သေးပဲ ချန်နေရစ်ပါတယ်။ အဲဒီမှာ စင်္ကာပူမှာရှိနေကြတဲ့ လူငယ်စာပေ၀ါသနာရှင် တို့ရဲ့ အံ့သြလေးစားစရာ စာပေစိတ်ဓါတ်ကြောင့် နောက်ဆက်တွဲ တွေ့ဆုံပွဲ(၃)ပွဲလောက် ကျင်းပခဲ့ရပါသေးတယ်။ ပထမ တစ်ပွဲကတော့ စင်္ကာပူရောက်နေကြတဲ့ လူငယ်အင်ဂျင်နီယာများ နဲ့တွေ့ဆုံပွဲ ဖြစ်ပါတယ်။ ဒုတိယပွဲကတော့ စင်္ကာပူမှာ IT ကုမ္ပဏီလုပ်ငန်းတွေမှာ အလုပ်လုပ် နေကြတဲ့ လူငယ်တွေနဲ့ ကျောင်းတက်နေကြတဲ့ လူငယ်အုပ်စုဖြစ်ပါတယ်။ နောက်ဆုံးတစ်အုပ်စု ကတော့ ပရဟိတလုပ်ငန်းနဲ့ NGO လုပ်ငန်းလုပ်နေကြတဲ့ အဖွဲ့အစည်းတွေက လူငယ်တွေပဲ ဖြစ်ကြပါတယ်။ အဲဒီတွေ့ဆုံပွဲတွေမှာတော့ လူငယ်တွေနဲ့ စကားတွေ တော်တော်စုံစုံ ပြောဖြစ် ကြပါတယ်။

လွဲချော်နေတာလေးတစ်ခု။
အားလုံးရဲ့ စကားတွေအရ သူတို့တစ်တွေမှာ စာပေချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ နိုင်ငံတိုးတက်လိုစိတ် တွေ ရှိနေတာကို အထင်းသား တွေ့ရပါတယ်။ နောက်ပြီး အများအားဖြင့်လည်း ကိုယ့်နိုင်ငံမှာပဲ ပြန်အလုပ် လုပ်ချင်ကြပါတယ်။ စကားဝိုင်းအပြီးမှာ လူငယ်တစ်ဦးက ကဗျာဆန်ဆန် စာတစ်ပိုဒ် ကို ရွတ်ဆိုလိုက်ပါတယ်။ ဒီကဗျာကို ကြားရတော့ ကျွန်တော် စိတ်မကောင်း ကြီးစွာ ဖြစ်သွားရပါ တယ်။ လူငယ် ရွတ်လိုက်တဲ့ စာပိုဒ်ကတော့ “ဒို့..တိုင်းပြည်မှာ အမြဲစိမ်းတော တွေလည်းရှိတယ်၊ တောင် တွေလည်းရှိတယ်၊ မြစ်တွေလည်းရှိတယ်၊ သစ် တွေလည်းရှိတယ်၊ ကမ်းရိုးတန်း တွေလည်းရှိတယ်၊ ဆီးနှင်:ဖုံးတဲ့တောင်တန်း တွေလည်းရှိတယ်။ ကျောက်သံတွင်းထွက် တွေလည်းရှိတယ်၊ ရေနံဓါတ်ငွေ့ တွေလည်းရှိတယ်၊ သီးနှံထွက်ကုန် တွေလည်းရှိတယ်၊ မရှိတာက ငါတို့ပဲ” တဲ့လေ။

အတောင်ဖြန့် ပျံသန်းနိုင်ဖို့ ကျယ်ပြန့်တဲ့ကောင်းကင်လိုပါတယ်။
လူငယ်တွေက ကျွန်တော့ကို တိုက်ရိုက်မေးခွန်းတစ်ခု မေးကြပါသေးတယ်။ သူတို့ အခုလို ကိုယ့်တိုင်းပြည်မှာမနေပဲ သူများနိုင်ငံမှာ လာအလုပ်လုပ်နေတာ မှားပါသလား တဲ့။ အပြစ် ရှိသလားတဲ့။ ဒါပေါ့ဗျာ။ လူငယ်စိတ်ဓါတ်ဆိုတာ။ ရိုးသားတယ်၊ ရှင်းလင်းတယ်။ ကျွန်တော်က လူငယ်တွေနဲ့ပတ်သက်တဲ့ ဆုံးမစကားလေးတစ်ခုကို သတိရလာမိပါတယ်။ မင်းမှာ ရှိနေတဲ့ အတောင်ကိုဖြန့်မကြည့်ပဲနဲ့ ဘယ်လောက် အမြင့်အထိ ပျံနိုင်တယ်ဆိုတာကို မင်းဘယ်တော့မှ သိမှာမဟုတ်ပါဘူးတဲ့။ ဟုတ်ပါတယ်။ လူငယ်ဆိုတာ မိမိရဲ့အတောင်ကိုဖြန့်ကြည့်ရမယ်၊ ပျံသန်းကြည့်ရမယ်။ ဒီအတွက် စွန့်စားရဲရမယ်၊ သတ္တိရှိရမယ်။ ဒါဟာ လူငယ်စိတ်ပါပဲ။ ဒါပေမယ့် အတောင်ဖြန့် ပျံသန်းကြည့်ဖို့ နုပျိုတဲ့အရွယ် နဲ့ ကျယ်ပြန့်တဲ့ကောင်းကင်ရှိဖို့ လိုတယ်လေ။ ဒါကြောင့် မိမိရဲ့ နုပျိုမှု အရွယ်မလွန်ခင် ၊ ကျယ်ကျယ်ပြန့်ပြန့် ပျံသန်းကြည့်နိုင်မယ့်ကောင်းကင် ရှိရာကိုလာပြီး ပျံသန်းရတာ ဖြစ်လို့ အပြစ်မရှိပါဘူး လို့ ကျွန်တော်ပြန်ပြောဖြစ်ပါတယ်။

သတိထားလိုက်မိတဲ့အတွင်းစိတ်ကလေးတွေ။
ပြည်ပရောက်နေကြတဲ့ လူငယ်အုပ်စု(၃)စုထဲက တွေ့လိုက်ရတာကတော့ သူတို့တစ်တွေရဲ့ အတွင်းစိတ် ကလေးတွေကို သတိပြုလိုက်မိပါတယ်။ ဒါကတော့ သူတို့ အားလုံးမှာ အမိနိုင်ငံ အတွက် ဂုဏ်ယူလိုစိတ်လေးတွေ ရှိနေကြတယ် ဆိုတာပါပဲ။ ကျွန်တော့ရဲ့ ဟောပြောချက်တွေ မှာ ကျွန်တော့ရဲ့ တစ်ဘ၀တာ လေ့လာချက်တွေ၊ လုပ်ငန်း အတွေ့အကြုံတွေ၊ ကိုယ်တွေ့ အသိတွေ ထည့်သွင်းဟောပြောဖြစ်ပါတယ်။ လူငယ်တွေ တော်တော်သဘောကျ နှစ်ချိုက်ကြ တာကို တွေ့ရပါတယ်။ အခြားဟောပြောပွဲတွေမှာလည်း အများအားဖြင့် နှစ်ချိုက်သဘောကျ ကြပါတယ်။ ဒါပေမယ့် စင်္ကာပူမှာတော့ လူငယ်ပရိတ်သတ်တွေက ဒီထဲကအချက်အလက်တွေကို ကမ္ဘာက သိသွားသည်အထိ ပုံနှိပ်ဖြန့်ဝေဖို့ကို ကျွန်တော်နေတဲ့အိမ်အထိ လာရောက် အကြံပြု ကြပါတယ်။ နောက်ပြီး ကျွန်တော့ရင်ကို သိမ့်တုန်ရိုက်ခတ်စေတဲ့ စကားတစ်ခွန်းကို ပြောသွား ကြပါတယ်။ “ကျွန်တော်တို့နိုင်ငံမှာ ဒီလိုပညာရှင်မျိုးရှိတယ် ဆိုတာကို ကျွန်တော်တို့ အလွန် ဂုဏ်ယူပါတယ်” တဲ့လေ။

ကောင်းကင်မေမေ။
ဒီစကားလေးဟာ ကျွန်တော့်ရင်ကို အရှိန်ပြင်းစွာရိုက်ခတ်သွားစေပါတယ်။ ကျွန်တော်ဟာ ဗုဒ္ဒဘာသာဝင်မြန်မာလူမျိုးဖြစ်တဲ့အတွက် ကိုယ့်အကြောင်း ကိုယ်မပြောအပ်ဘူး၊ မကြွားဝါ အပ်ဘူး။ ကိုယ်ရည်သွေးစကား မပြောအပ်ဘူး ဆိုတာ သဘောပေါက် နားလည်ပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် မပြောလို့မဖြစ်ပါဘူး။ ပြောခွင့် ပြုစေလိုပါတယ်။ မပြောရင် ကျွန်တော့ဘ၀ရဲ့ ကျေးဇူးရှင်တစ်ဦးကို ကျေးဇူးမဆပ်ရာ၊ ကျွန်တော့်ဘ၀ရဲ့ အာဇာနည်တစ်ဦးကို ဂုဏ်မပြုရာ မလေးစားရာ ကျရောက်သွားမှာ စိုးလို့ဖြစ်ပါတယ်။ အဲဒါကတော့ ကျွန်တော် ဒီလို အပြောခံရတဲ့ ဘ၀မျိုးရောက်လာအောင် ကျွန်တော့ကို ခေါင်းရွက်ဈေးသည်ဘ၀နဲ့ ဈေးရောင်းပြီး ကျောင်းထားပေးခဲ့တဲ့၊ အဆင်းရဲအမျိုးမျိုးခံ ဘ၀ကိုရုန်းကန်ပြီး အံကြိတ်ပညာသင်ပေးခဲ့တဲ့ ကျွန်တော့ ကျေးဇူးရှင် မွေးမိခင်ကြီးပဲ ဖြစ်ပါတယ်။ ကျွန်တော် ဂုဏ်အပြုခံရလေ ကျွန်တော့်အမေ ရဲ့ အနစ်နာခံရကျိုးတွေနပ်လေ၊ အမေ့ရဲ့ဂုဏ်သိက္ခာတွေ တက်လေ မဟုတ်ပါလားဗျာ။
အမေဟာ ကျွန်တော့အတွက် ထာဝရကျေးဇူးရှင်၊
အမေဟာ မြန်မာအမျိုးသမီးများကိုယ်စားပြု စံပြမိခင်ကောင်းအာဇာနည်။
အမေဟာ ကျေးဇူးတွေအနန္တနဲ့မို့ အမေ့ရဲ့ ကျေးဇူးတော် အမိုးအောက်က ကျွန်တော် ဘယ်လိုမှ မလွတ်နိုင်တဲ့ ကောင်းကင်မေမေ။
ဘ၀တစ်ပါးက အမေ ၀မ်းမြောက်နိုင်ပါစေ။

မောင်ထွန်းလွင် (မိုးလေ၀သ)
၁၂-၁၂-၂၀၁၁

မှတ်ချက်။ အခုတော့ မြန်မာပြည်မှာ ကျယ်ပြန့်တဲ့ ကောင်းကင်ကြီးကို စမြင်ရစပြုနေပါပြီ။
Ref: http://www.facebook.com/tunlwin48/posts/653455011335741 

Monday, 27 May 2013

မောင်ထွန်းလွင် (မိုးလေ၀သ)ရဲ့ "ငယ်ချစ်....နှင့်"

ကျွန်တော့်အိမ်ထောင်ဖက်အကြောင်း မေးကြလွန်းတဲ့သူတွေအတွက်….။
ပြန်လည်ဖေါ်ပြခြင်းစာစု။
၂၇-၅-၂၀၁၃
ခေတ္တ စင်္ကာပူ။

လူတွေဟာ အရွယ်ရောက်လာကြတာနဲ့အမျှ ကြင်ဖေါ်ကြင်ဖက်ကိုရှာပြီး အိမ်ထောင်ရက်သား ပြုကြတာ များပါတယ်။ တမိသား နဲ့ တမိသား၊ အဖေမတူ အမေမတူသူ နှစ်ဦး အိမ်ထောင်ရက်သား ကျကြပြီးတဲ့နောက် အဲဒီအိမ်ထောင်ကို မပျက်စီး မပြိုကွဲကြရလေအောင်ထိန်းသိမ်းရတာ လွယ်သလားဗျာ။ စိတ်တူကိုယ်တူ နှစ်ဥိးဆိုရင်တော့လည်း ငါးခြောက်ဆိုဖုတ်ပြီးသားမို့ ဘာပြောစရာ လိုမလည်း ပေါ့ဗျာ။ ဒါပေမယ့် အားလုံးဟာ ဒီလိုမဟုတ်ကြဘူးလေ။ အိမ်ထောင်ကျကြပြီးမှ ညှိယူရတဲ့ကာရန်တွေ များနေတတ်တဲ့ အိမ်ထောင်သည်တွေလည်း ဒုနဲ့ဒေးပါ။ အဲဒီလို တစ်ဦးနဲ့တစ်ဦး အရာရာ မတိုက်ဆိုင်ကြတဲ့ သူ(၂)ဦး အိမ်ထောင်ဖက်ဖြစ်လာကြပြီးတဲ့နောက် ဒီအိမ်ထောင်ကို တည်မြဲအောင် ဘယ်လိုထိန်းကြမလဲ။ ကျန်တော့် အိမ်ထောင်သက်(၃၃)နှစ်အတွင်း ကျွန်တော့်ရဲ့ ကိုယ်တွေ့လေးတွေအပေါ် အခြေပြုပြီး ကျွန်တော့်ရဲ့ အိမ်ထောင်ရေးဒဿနကို အိမ်ထောင်ရှင်လူငယ်များအတွက် မျှဝေပေးလိုက်ပါတယ်။

အဲဒါ အချစ်လို့ခေါ်တယ်
မောင်ထွန်းလွင် (မိုးလေ၀သ)
မောင်ထွန်းလွင် (မိုးလေ၀သ)ရဲ့ "ငယ်ချစ်....နှင့်" စာအုပ်မှ။

ကျွန်တော့်ဇနီးကို ကျွန်တော် ပြည်ပနိုင်ငံကြီးတစ်ခုမှာ ၁၉၇၃ ခုနှစ်လောက်မှာ စတင်တွေ့ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်က အစိုးရရဲ့ ခွင့်ပြုချက်နဲ့ အဲဒီနိုင်ငံကြီးကို ပထမဆုံးအကြိမ်အဖြစ်နဲ့ ပညာတော်သင်သွားရတဲ့အကြိမ်ပေါ့။ အဲဒီအချိန်မှာ အဲဒီနိုင်ငံရဲ့ သတင်းဌာနကြီးတစ်ခုမှာ တာဝန်ထမ်းဆောင်ရင်းနဲ့ သူတို့ မိသားစုက ကျွန်တော့်ထက် အရင် နှစ်နှစ်လောက်ကတည်းက ရောက်နှင့်နေခဲ့ကြတာပါ။ ဒီခရီးဟာ ကျွန်တော့်ရဲ့ ပထမဆုံးပြည်ပခရီးလည်း ဖြစ်နေတာကြောင့် ကျွန်တော်ဟာ တကယ့်ကို တောသားမြို့ရောက် ပါပဲ။ အရာရာဟာ အထူးထူး အဆန်းဆန်းချည်းပါပဲ။ အတွေ့အကြုံကလည်း မရှိ၊ အသိအကျွမ်းကလည်း မရှိ၊ ဘာဆိုဘာမှ မသိ နတ္ထိ။ မျက်စိသူငယ် နားသူငယ်ဆိုတာ ဒါကိုခေါ်တာ ဖြစ်ပါလိမ့်မယ်။

အဲဒီအချိန်မှာ ကျွန်တော်တက်ရမယ့်ကျောင်းက နယ်ဘက်မှာဆိုတော့ ပထမဆုံးရပ်နားရတဲ့ အဲဒီနိုင်ငံရဲ့ မြို့တော်မှာ နှစ်ရက်လောက် နားရပါတယ်။ ကျွန်တော် တည်းခိုရာ ဟိုတယ် ကနေ မြန်မာသံရုံးကရယ်၊ ပညာရေးကိုင်တဲ့ စစ်သံမှူးရုံးကရယ် လာတွေ့ကြပါတယ်။ အဲဒီမှာ တာဝန်မရှိပေမယ့် တာဝန်သိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ပါလာပါတယ်။ သူကတော့ နောင်တစ်ချိန် မှာ ကျွန်တော့်မိဘသဖွယ်ဖြစ်လာတဲ့ ကျွန်တော့် ယောက္ခမလောင်းကြီးပါပဲ။ သဘောကောင်းလွန်း ပြီး အလွန်ဖော်ရွေလွန်းတဲ့ ကျွန်တော့်ရဲ့ ယောက္ခမလောင်းကြီးကြောင့် ကျွန်တော်ဟာ ကျွန်တော့ ဇနီးလောင်းမိသားစုများနဲ့ နောက်ပိုင်းမှာ တွေ့ဆုံ၊ ခင်မင်၊ ရင်းနှီးခဲ့ရပါတယ်။ ဒီလိုနဲ့ ကျွန်တော့ ဇနီးလောင်းနဲ့ ကျွန်တော်ဟာ စတင်သိကျွမ်းလာရပါတယ်။ ကျွန်တော် ၂၅၊ သူက ၁၄ ဆိုပါတော့။

ဒီလိုနဲ့ ပညာသင်ပြီးတဲ့နောက် ၁၉၇၆ မှာ မြန်မာပြည်ကို ပြန်ရောက်ခဲ့ပါတယ်။ ဆရာတွေက ရန်ကုန်ကို ပြောင်းဖို့ တဖွဖွခေါ်နေတဲ့ကြားက ဇာတိ မန္တလေးမှာ နှစ်နှစ်လောက် ပေကပ်နေပြီး ၀ါသနာပါရာကို အလုပ်တစ်ဖက်နဲ့ ခေါင်းမာပြီး လုပ်နေခဲ့ပါသေးတယ်။ မန္တလေးက ကျွန်တော့် ကို မောင်းထုတ်လိုက်တော့မှ ကျွန်တော် ရန်ကုန်ကို ပြောင်းဖြစ်တော့တာပါပဲ။ ၁၉၇၇… ။

အဲဒီအချိန်မှာ ကျွန်တော့်ဇနီးလောင်း မိသားစုတွေကလည်း တာဝန်တွေ ပြီးလို့ ရန်ကုန်ပြန် အရောက်၊ ရန်ကုန်မှာ ကျွန်တော်နဲ့ သူတို့နေတဲ့ရပ်ကွက်ကလည်း ကပ်နေတော့ သူတို့နဲ့ ကျွန်တော် ပြန်ပြီးဆက်သွယ်မိကြပြန်ပါတယ်။ ဒါကို ရေစက်လို့ ခေါ်လေမလား၊ ဖူးစာလို့ ခေါ်လေမလား။ ၁၉၇၈… ။

အဲဒီအချိန်မှာတော့ သူမက အလှဆုံးအချိန်၊ တက္ကသိုလ်ပထမနှစ် စတက်တဲ့အချိန်၊ ၁၈ နှစ်အရွယ်၊ တိုတိုပဲ ပြောကြပါစို့ဗျာ ၁၉၇၉ မှာ ကျွန်တော်တို့ အိမ်ထောင်ကျပါတယ်။ ကျွန်တော် ၃၀၊ သူ၁၉။ ဒွေးချိုး လေးတိုးပေါ့ဗျာ။

ကျွန်တော်တို့အိမ်ထောင်ရေးဟာ ပျော်စရာလေးဖြစ်ခဲ့ပါတယ်။ အတွေးအခေါ်ချင်းလည်း ညီ၊ ကမ္ဘာ့အမြင်ချင်းလည်း ညီဆိုတော့ အဲဒီအချိန်တုန်းက ရုန်းကန်ရတဲ့ ဘ၀အမောတွေ ဖြစ်ခဲ့ပေ မယ့် မောတော့ မောတာပေါ့၊ ဒါပေမဲ့ မမောခဲ့ဘူးပေါ့။ပျော်မဆုံး မော်မဆုံး ကာလလေးတွေဟာ ကျွန်တော်တို့ အိမ်ထောင်ရေးမှာ အမှန်တကယ် ရှိခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ထောင်ရေးတို့ရဲ့ ထုံးစံအတိုင်း အိမ်ထောင်သက်လေး ရလာတဲ့အခါ “ညှိယူရတဲ့ ကာရန်တွေ” က များများလာ ပါတယ်။ တစ်ခါတစ်ရံ အိမ်ထောင်ရေးတေးသံဟာ သာယာသံပျောက်ပြီး ဘီလူးဆိုင်းဖြစ်ရတဲ့ အကြိမ်တွေလည်း များများလာပါတယ်။ သူပြတ်မယ် ငါပြတ်မယ် ဆိုရတဲ့ အဆင့်အထိ ပြင်းထန်သွားတဲ့ အခါတွေလည်း ရှိခဲ့ပါတယ်။

ခက်တာက ကျွန်တော်ကလည်း ခေါင်းမာတယ်၊ သူကလည်း အနိုင်မခံဘူး။ ကျွန်တော်ကလည်း ဆရာလုပ်ချင်တယ် (ကျောင်းဆရာတစ်ပိုင်းလေဗျာ)။ သူကလည်း အမိန့်ပေးတာ ၀ါသနာပါတယ်။ ကျွန်တော်က အပြစ်ပြောတာ မကြိုက်ဘူး၊ အပြစ်ပြောမခံရအောင်လည်း နေတယ်။ သူက ဝေဖန် တတ်တယ်၊ ကျွန်တော်က လူတွေကို အားနာတတ်တယ်၊ သနားတတ်တယ်။ သူက တိကျတယ်၊ ပြတ်သားတယ်၊ အပိုအလုပ် မလုပ်ဘူး၊ လက်တွေ့ပိုကျတယ်ပေါ့ဗျာ။
ဒီလိုနဲ့ပဲ ကျွန်တော်တို့အိမ်ထောင်ရေးမှာ သားသမီးက သုံးယောက်၊ အိမ်ထောင်သက်က နှစ် ၃၀ ရှိလာခဲ့ပါတယ်။

ဒီနေရာမှာ ကျွန်တော် မကြာမကြာ စဉ်းစားလာမိပါတယ်။ အိမ်ထောင်တစ်ခုမှာ ပြောလေ့ရှိပါတယ်၊ စိတ်တူ သဘောတူတဲ့။ တစ်ဦးနဲ့တစ်ဦး စိတ်တူ သဘောတူ၊ အကြိုက်တူ၊ အလိုက်သိ၊ ဘာတဲ့ … ငါးခြောက်ဆို ဖုတ်ပြီးသား ဆိုတာတွေလေ။ ဒီလို စိတ်သဘောထား အစစ တိုက်ဆိုင်ပြီး တစ်ဦးအကြိုက် တစ်ဦး လိုက်နေကြတဲ့ မိမတူ ဖမတူ နှစ်ဦး အတူသွား၊ အတူစား၊ အတူလက်တွဲနေကြတာ ဘာများ ဆန်းသလဲ။ ကျွန်တော်တို့လို အစစ အယူအဆအတူကြတဲ့ သူနှစ်ဦး နှစ်ပေါင်းများစွာ အတူလက်တွဲနေထိုင်နိုင်ခဲ့ကြတာ ဘာကြောင့်များပါလဲ။ နားလည် မှုကြောင့် ဆိုမလား၊ သည်းခံစိတ်ကြောင့် ဆိုမလား။

အခုတော့ အသ်ကတွေလည်း ကြီးလာကြပါပြီ၊ အကြီးဆုံးသမီးပဲ ဆရာဝန်ဖြစ်၊ အိမ်ထောင်ကျ၊ အခု မြေးတောင် ရနေပါပြီ။
ဇနီးသည်နဲ့ အေးအေး ဆေးဆေး စကားစမြည်ပြောဖြစ်တဲ့ တစ်နေ့ပေါ့။ အများအားဖြင့်လည်း သားရေး သမီးရေး (အလတ်ကောင်က အခုမှ ၁၄ နှစ်နဲ့ အငယ်မက ၁၀ နှစ်ပဲ ရှိပါသေးတယ်၊ ကျွန်တော် အိုချိန်မရသေးပါ)၊ စားရေး သောက်ရေး အလုပ်ကိစ္စတွေနဲ့ အေးအေး လူလူ စကား မပြောဖြစ်ကြတာ များပါတယ်။ အဲဒီ အေးအေးလူလူ စကားပြောဖြစ်တဲ့ တစ်နေ့မှာတော့ . . . ။

ကျွန်တော်။ ။ “ဒီမှာ.. ငါတို့ အိမ်ထောင်ရေးကို ငါ စဉ်းစားနေမိတယ်၊ မင်းနဲ့ ငါနဲ့က ငါက စနေ၊ မင်းက ကြာသပတေး၊ အိမ်ထောင်ရေးနက္ခတ်ချင်း မကိုက်ဘူးလို့ ပြောကြတယ်”(ကျွန်တော့်နိဒါန်းကလည်း ထရိုက်ချင်စရာပါပဲ။)
သူ ။ ။ “အဲဒါ.. ဘာဖြစ်လဲ”

ကျွန်တော်။ ။ “မင်းစဉ်းစားကြည့်လေကွာ ငါက ဒါဆို မင်းက ဟိုဟာ၊ ငါက အားနာတတ်တယ် မင်းက အားမနာတတ်ဘူး၊ ငါက အောင်လင်းကြိုက်တယ် မင်းက ဂျူးမှဂျူး၊ ငါက စန္ဒရားချစ်ဆွေကြိုက်တယ် မင်းက ဇော်ဝင်းထွဋ်ကြိုက်တယ်၊ ဘယ်တုန်းကများ အကြိုက်ချင်း တူခဲ့လို့တုံး”
သူ ။ ။ “ အဲဒါ ဘာဖြစ်လဲ “ (အသံကခပ်မာမာနဲ့ ခပ်ကျယ်ကျယ်ဖြစ်လာပါတယ်။)

ကျွန်တော်။ ။ “ အဲဒီလို မင်းနဲ့ငါနဲ့ဟာ အစစ အကြိုက်တွေ အမြင်တွေက တခြားစီပဲ၊ ဘာမှ ကိုက်ညီတာ မရှိဘူး ”
သူ (အတော်လေးစိတ်ရှုပ်လာပုံပေါက်လာပြီး မျက်နှာတွေလည်း နီလာပါတယ်။)။ ။ “ရှင် ဘာတွေ လာပြောနေပြန်တာလဲ၊ ဘာလဲ ရန်ဖြစ်ချင်ပြန်ပြီလား၊ အဲဒီတော့ ဘာဖြစ်လဲ၊ ရှင်က ဘာပြောချင်တာလဲ”

ကျွန်တော်။ ။ “အဲဒါကိုပဲ ငါစဉ်းစားနေမိတာ၊ တစ်ယောက်နဲ့ တစ်ယောက် အစစ အရာရာ သဘောထားချင်းလဲ မတိုက်ဆိုင်၊ အပေးအယူလဲ မတည့်တဲ့ တစ်ဖအေ တစ်မအေစီက ပေါက်ဖွား လာကြတဲ့ မင်းနဲ့ငါနဲ့ဟာ အတူပေါင်းလာခဲ့ကြတာ အခုဆို အနှစ် ၃၀ ရှိတော့မယ်၊ အဲဒါ.. ဘာကြောင့်လို့ မင်းထင်လဲ”
သူ (အတော်စိတ်ရှုပ်လာပုံနဲ့ အသံခပ်ကျယ်ကျယ်နဲ့)။ ။ “ ဘယ်သိမလဲ ”

အဲဒီလိုလည်းပြောလိုက်ရော ကျွန်တော်က သူ့အနားကို ကိုယ်လေးကိုင်းကာ အသာလေး ကပ်လိုက်ပြီး တိုးတိုးလေး နှစ်ကိုယ်ကြား ပြောလိုက်ပါတယ်။
ကျွန်တော်။ ။ “ အဲဒါ အချစ်လို့ ခေါ်တယ် ”

အဲဒီလိုလည်း ကျွန်တော်က ပြောလိုက်ရော သူ့မျက်နှာဟာ လမင်းကြီးလို ၀င်းလက် သွားပါတယ်။ နောက်တော့
သူ (မျက်နှာ ပြုံးပြုံးကြီးနဲ့)။ ။ “ အောင်မယ်… သွား” ဆိုပြီး ကျွန်တော့်ရင်ဘတ်ကို တံတောင်နဲ့ လှမ်းတွက်လိုက်ပါတယ်။

ဒါပေမဲ့ ဒီတံတောင်မှာ အားမပါဘူးဆိုတာ ကျွန်တော်သာ အသိဆုံး ဖြစ်ပါတယ်။

( နာဂစ်ရဲ့ ကောလဟာလတွေကြောင့် “ တုံးကျော်ထီးကြီး ” ဖြစ်လာရတဲ့ အဖေကြီး အတွက် စိုးရိမ်ပူပန်စိတ်တွေကြောင့် ရင်ထဲက အချစ်တွေ ပွင့်အန်ကျလာကြတဲ့ ချစ်ဇနီးနဲ့ သားသမီးသုံးဦးသို့ အမှတ်တရ )။
http://www.facebook.com/tunlwin48/posts/653106628037246 
 

အလှအပနှင့် အကျည်းတန် (ဒေါ်အောင်ဆန်းစုကြည်)

လွန်ခဲ့တဲ့နှစ်အတော်ကြာက Oxford တက္ကသိုလ်ရဲ့ ဂျပန်ရိုးရာလက်ဖက်ရည်ပွဲပြင်တဲ့
သင်ခန်းစာတစ်ခုမှာကျွန်မတို့ရဲ့ဆရာကလက်မှုပညာရှင်ကြီးတစ်ဦးပြုလုပ်ထားတဲ့ မြေခွက်လေးတွေရဲ့ပုံကို ရောင်စုံဆလိုက်ထိုးပြီး ပြသခဲ့ပါတယ်။အဲဒီမြေခွက်လေးတွေကိုဆရာကြီးရဲ့နေအိမ်မှာဓာတ်ပုံရိုက်ယူခဲ့တာပါ။အဲဒီမြေခွက်လေးတွေရဲ့ဣနြေ္ဒရလှတဲ့အနုသုခုမအလှဟာ ခေတ်မီကော်ဇောကြီးရဲ့ပြိုးပြိုးပြောင်ပြောင်၊ တောက်တောက်လွင်လွင်ပုံကြမ်းကြီးနဲ့မဆီမဆိုင်အောင် ခြားနားနေပါတယ်။ ကော်ဇောကတော့ဆရာကြီး နေ့စဉ်နဲ့အမျှ ခြေဖ၀ါးချရုံတင်မကသိလျက်နဲ့ဖြစ်ဖြစ်၊မသိဘဲဖြစ်ဖြစ်မျက်စိအရသာခံတဲ့ကော်ဇောကြီးပေါ့။ဂျပန်မှာ နှစ်ပေါင်းများစွာနေခဲ့ပြီးဂျပန်ရိုးရာလက်ဖက်ရည်တည်ခင်းခြင်းကို လေ့လာသင်ယူ ခဲ့တဲ့အတွက် ယခုအခါတစ်ဖက်ကမ်းခပ်အောင်ကျွမ်းကျင်တဲ့အဆင့်ကိုရောက်နေပြီဖြစ်တဲ့အမေရိကန်လူမျိုးကျွန်မတို့ရဲ့ဆရာဟာကျွန်မတို့တစ်တွေ ကြောင်တက်တက်ဖြစ်နေတဲ့ အမူအရာကို ကြည့်ပြီး ရယ်ပါတယ်။ သူက တချို့လူတွေဟာ ဘယ်အရာဟာ လှတယ်ဆိုတာကိုပဲ သိကြတယ်၊ ဘယ်အရာဟာ အကျည်းတန်တယ်ဆိုတာကို မသိကြဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။

ကျွန်မတို့ဆရာက သုခုမပညာနဲ့ ပတ်သက်တဲ့အကြောင်းတွေကို အဓိကပြောပြပါတယ်။ သူက အရောင်အသွေးစုံလင်စွာရောယှက်ပြီး ဒီဇိုင်းဆွဲထားတဲ့ ပိုးသားဘရိုကိတ်နဲ့ ရိုးရိုးရှင်းရှင်း အကွက်အစင်း (သို့မဟုတ်) ရိုးရိုးပြေပြေ အမှတ်အသား ရိုက်နှိပ်ထားတဲ့ ခပ်ရိုးရိုးခပ်ရင့်ရင့်အထည်တွေရဲ့ယဉ်တဲ့ကျက်သရေတို့ ခြားနားပုံကို ယှဉ်ပြီးပြပါတယ်။

နီယွန်မီးများနဲ့ တောက်ပြောင်လင်းထိန်နေတဲ့မြို့ကြီးတွေနဲ့၊ ရေညှိဖုံးတဲ့ ကျောက်တုံးကျောက်ခဲနဲ့ထင်းရှူးပင်အိုကြီးတွေပြည့်နေပြီး အေးမြလှတဲ့ ပန်းခြံဥယျာဉ်တွေကိုလည်း နှိုင်းယှဉ်ပြီးပြောပြပါတယ်။ ဂျပန်ရိုးရာ လက်ဖက်ရည် တည်ခင်းတဲ့အခါ ဂျပန်ဘာသာနဲ့ wakei seijaku လို့ခေါ်တဲ့ ကိုယ့်ရဲ့စိတ်ကို တည်ငြိမ်အေးချမ်းအောင်ထားဖို့ လိုအပ်ပါတယ်။ စိတ်ရောကိုယ်ပါ ကြည်လင်သန့်စင်လှပဖို့အတွက် အကျည်းတန်အရုပ်ဆိုး တာတွေ၊ လိုက်ဖက်မညီတာတွေကို အရင်ဆုံးဖယ်ရှားပစ်ဖို့လိုခြင်းကို ဒီလက်ဖက်ရည်တည်ခင်းတဲ့ပွဲက သရုပ်ဆောင်ခဲ့ပါတယ်။

ကျွန်မတို့ဆရာသင်လို့သိရတဲ့ သုခုမပညာရဲ့အခြေခံသဘောက တကယ်ကောင်းကောင်းမွန်မွန် ရသခံစားတတ်ချင်တဲ့သူဟာ ဘယ်ဟာကလှပတယ်၊ ဘယ်ဟာကအကျည်းတန်တယ်ဆိုတာကို ခွဲခြားသိမြင်နိုင်ဖို့လိုအပ်ပါတယ်။အဲဒီသဘောဟာကျယ်ပြောလှတဲ့လူ့ဘ၀အတွေ့အကြုံကြီးတစ်ခုလုံးမှာ သုံးလို့ရပါတယ်။ ဘယ်ဟာကို ငြင်းပယ်သင့်တယ်၊ဘယ်ဟာကိုလက်ခံသင့်တယ်ဆိုတာကို နားလည်တတ်ဖို့ဟာလည်း အရေးကြီးပါတယ်။
 

Sunday, 26 May 2013

တိုင်ပတ် (ကာတွန်း)



မှ ပြည်သူ့ဆန္ဒဂျာနယ်

အမည်သညာခေါ်စရာကား ''မုန်း' / ဦးလှဆွေ(အမျိုးသားလွှတ်တော်)

ဆရာတက္ကသိုလ်ဘုန်းနိုင်၏ ဝတ္ထု ခေါင်းစဉ်ကို ယူသုံးလိုက်မိသည်။ ခွင့်လွှတ်ရန် တောင်းပန်ပါသည်။ အကြောင်းအရာကတော့ တခြားစီဖြစ်လိမ့်မည်။ ဆရာ့ ဝတ္ထုထဲကလို ဆွတ်ပျံ့ကြည်နူးလွမ်းမောဖွယ်ရာများ မပါ၊ ကြေကွဲစရာများသာ ဖုံးလွှမ်းလျက်ရှိခြိမ့်မည်။

          ''မုန်း'' ချောင်းရေလှောင်တမံကို ၁၉၉၅ ၌ စတင်တည်ဆောက်ပြီး ၂ဝဝ၅ တွင်ပြီးစီးသည် မကွေးတိုင်းဒေသကြီး စေတုတ္တရမြို့နယ်မှာတည်ရှိသည်။ တမံအမြင့် ၂ဝဝ ပေ၊ အလျား ၁၆၄၉ဝ ပေ၊ မြေသားတမံ (ဇုန် အမျိုးအစား) ဖြစ်သည်။ ဒီဆည်ကြီးလုပ်၍ ဆည်ရေသောက်ဧက ၁ဝ၈ဝဝဝ ရေ သောက်ရသည်။ လျှပ်စစ်ဓာတ်အား ၂၅x၃ မဂ္ဂါဝပ်ထွက် ရှိသည်။ ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၁၃၈ဝဝ ဖြစ်သည်။ လက်တွေ့မေးကြည့်တော့ ဤ ဆည်ရေ သောက်ဧရိယာ မရှိ  လျှပ်စစ်မှာလည်းနွေရာသီတွင်၂၅ မဂ္ဂါဝပ် စက်သုံးလုံးအနက် တစ်လုံးသာလည်ပတ်နိုင်ပြီး ၁ဝ-၁၅ မဂ္ဂါဝပ်သာ ထုတ်နိုင်ကြောင်း စက်ရုံမှူး အင်ဂျင်နီယာမှူးကြီး ဦးအောင်နိုင်ဝင်းက ဆိုသည်။ မုန်းဆည်မှ ရေများကို လိုသလို ထိန်းချုပ်နိုင်ရန် မုန်းတမံ၏အောက်တွင် ကျီး အုံ၊ ကျီးဝဆည်နှင့်အထက်တွင် ဗူး(၁) နှင့် ဗူး(၂) တမံများ ထပ်မံတည်ဆောက်၍ မုန်းချောင်းကို ထိန်းချုပ်ရန် စီမံခဲ့ကြသည်။ မုန်းရေပြင်ကို မြန်မာဆည်မြောင်း အင်ဂျင် နီယာများ ပြုသမျှ နုရမည့်အခြေအနေဖြစ်သည်။

ထိန်းချုပ်နိုင်သော မုန်းချောင်းဖြစ်လာလျှင် ရရှိမည့် အကျိုးကျေးဇူးကအန္တ၊ သိပ်ကောင်းသော အစီအမံပင် ဖြစ်သည်။  ကျီးအုံ ကျီးဝဆည်က လျှပ်စစ်မဂ္ဂါဝပ် (၃၇x၂) ထုတ် နိုင်သည် ဗူး(၁) နှင့်ဗူး(၂) ပြီးလျှင် မဂ္ဂါဝပ် ၆ဝဝ  ထပ်ရမည်။ အလွန်ကြီးမားသော ဓာတ်အားပါပဲ၊ ရွာတွေထိ မီးလင်းတော့မည်၊ မြို့တွေလည်း ဘက်ထရီ၊ အင်ဗာတာ၊ ဖယောင်းတိုင် မီးခြစ်တွေ ဆောင်ထားစရာ မလို တော့၊ ဝမ်းသာစရာကြီးပါ။ ကျွန်တော်တပ် ရင်းမှူး တာဝန်ထမ်းဆောင်စဉ် ၁၉၉၆ က တည်ဆောက်ဆဲ မုန်းဆည်သို့ နိုင်ငံအကြီး အကဲများ လာရောက်ရှိ၍ လုံခြုံရေးလုပ်ခဲ့ ဖူးသည်။ ထိုစဉ်က စီမံကိန်းတာဝန်ခံ အင်ဂျင် နီယာ ဦးမြင့်သန်း (ယခုလယ် ဆည်ဝန်ကြီး မန္တလေးတိုင်းဒေသကြီး) က အကြီးအကဲများကို ရှင်းလင်းတင်ပြချက်အား နောက်နားက နားထောင်ခဲ့ဖူးသည်။ အလွန်ပျော်ရွှင် အားရဖွယ်ကြားခဲ့ ရသည်။ ယခု ၂ဝ၁၃ ဧပြီ (၂၉) ရက်နေ့ မုန်းဆည်ကို လွှတ်တော် ကော်မရှင်အနေဖြင့် ရောက်လာသောအခါ ထိုစဉ်က ကြားခဲ့ရသော ပျော်ရွှင် အားတက် ဖွယ်ရာများမှာ မှိန်ဖျော့ ပျောက်ကွယ်လေပြီ။ မုန်းဆည်တည် ဆောက်ရေးမှ ထုတ်ဝေသော လက်ကမ်း စာစောင်တွင်  သာယာမှု အပေါင်း သာခညောင်း ဖော်ကျူးထားသည်။ ရေမြုပ် တောင်သူများ၏ အကြောင်း စိုးစိမျှမပါ၊ အံ့ဖွယ် ပါတကား။

မုန်းဆည်နှင့် ကျီးအုံ ကျီးဝဆည် ကြောင့် ရေမြုပ်သွားသော တောင်သူများမှ နစ်နာကြောင်းတိုင်ကြား၍  ကျွန်တော်ဦး ဆောင်သော ကော်မရှင်အဖွဲ့သည် စေတုတ္တ ရာသို့ရောက်ခဲ့သည်။ မုန်းတမံကြောင့် ရေမြုပ် ကျေးရွာပေါင်းမှာ (၁၈) ရွာအိမ်ထောင်စု ပေါင်း(၁၃၁၁) စု ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးခန်းအများအပြား ပါဝင်ခဲ့သည်။ လျော်ကြေးက တစ်အိမ်ထောင် (၅ဝဝဝ) ကျပ်၊ ဝက်သား တစ်ပိဿာ ၆ဝဝဝ ကျပ်ဖြစ်၍ ဝက်သားတစ်ပိဿာဖိုးပင် မရခဲ့ကြ။ ထိုငွေ ၅ဝဝဝ မှာလည်း ရွှေ့ပြောင်းစဉ်က ဆည်မြောင်းမှ ယာဉ်မောင်းများကို ဧည့်ခံကျွေးမွေးလိုက်ရသည်ဟု သံဆည်ရွာမှ ဦးကျော်လင်းခိုင်ကပြောသည်။ အဆိုးဆုံးမှာ စုစည်းနေရမည်ဟုသတ်မှတ်ခဲ့သော သံဆည်မြိုသစ်၌ လုပ်စားရန်မြေမရှိသည့်အပြင် လူနေရန်ပင် မဖြစ်နိုင်။ ရေမရှိ၊ မီးမရှိ၊ ကုန်းခေါင်ခေါင်ဖြစ်သောကြောင့် (၂) ရက်သာ နေကြပြီးမူလရွာဟောင်းများ အပေါ်ရေလွတ် ရာမှာ ကုတ်ကပ်ဖက်တွယ်နေကြရသည်။ တမံပြီး၍ လျှပ်စစ်များထုတ်လုပ်နိုင်ပြီဖြစ်သော်လည်း စေတုတ္တရာ မြို့ပေါ်၌သာ ခံစားခွင့် ရှိသည်။ မူလမြေပိုင်ရှင် လယ်ပိုင်ရှင်များဘဝ မှတမံဘေးတွင် ဖားရှာငါးရှာဘဝသို့ ကူး ပြောင်းသွားခဲ့ရပြီ စုဆောင်းထားသော ရွှေတိုရွှေစများကုန်ပြီ ကျွဲနွားများပါရောင်းချ စားသောက်ခဲ့ကြရကာ နောက်ဆုံး ကျား၊မ မရွေး အရွယ်ကောင်းသူတိုင်း ထိုင်းနိုင်ငံသို့ အောက်လမ်းမှ သွားရောက်ပြီး အလုပ် သွားလုပ်ကြ ရသည်။ ရေမြုပ် ၁၈ ရွာမှထိုင်းသို့ အလုပ်သွား လုပ်သူ ၈၁ ဦးရှိကြောင်း သရန်းကိုင်းရွာမှ ဦး ဟန်သောင်းကပြောသည်။ ''ငါးသေတ္တာ စက်ရုံမှာ လုပ်တာလို့တော့ပြောတာပဲ။ ဝတ်တာစားတာကတော့ အပျံစား ဖြစ်လာတယ်''ဟု သင်္ကြန်ကာလရွာပြန်လာကြသော ထိုင်းနိုင်ငံရောက်ရေမြုပ် ရွာသူများအကြောင်း ပြောပြသည်။ ငါးသေတ္တာစက်ရုံမှ ဟုတ်ပါလေစ၊ ရင်မောဖွယ်ရာပင်၊ သို့သော်ဒီ မှာလည်းဘာလုပ်စားမည်လဲ ''ပြည်ပအား ကိုး အိမ်သွပ်မိုး''ဟု ဆိုရမည့်အခြေအနေ၊ ရေမြုပ်ရွာမှာ ငါး ရှာဖားရှာနှင့်တော့ အိမ် သွပ် မမိုးနိုင်တာသေချာသည်။  ရှေ့မှာရေမြုပ်၍ နောက်ကတောတောင်မှာ ခုတ်ထွင်ရှင်းလင်း စိုက်ပျိုးလိုသော်လည်း သစ်တော ကျွန်း စိုက် ခင်းက ရှိနေပြန်သည်။ အရေးထဲအရာပေါ် အမှတ် (၂ဝ) ကာကွယ်ရေးပစ္စည်း စက်ရုံ ရောက်လာတော့ ဧကသောင်းချီ ထပ်သိမ်းပြန်သည်။''၁၉၉၆ မှာတမံကြောင့် ရွာရှေ့က လယ်တွေရေမြုပ်တယ်၊ ၂ဝဝ၄ မှာကပစ(၂ဝ) ကရွာနောက် ကလယ်တွေကို သိမ်းလို့ ကျွန် တော်တို့ရွကဧက ၄ဝ ပါသွား တယ်။ တောင် ယာခုတ်ပြန်တော့ သစ်တော ဌာန ကျွန်းစိုက် ခင်းနဲ့မလွတ်ဘူး။ ဘာလုပ်စားရမလဲ မသိဘူး'' ဟု အလယ်ဘုံ ကျေးရွာ အုပ်စု၊ အောက်ဘုံရွာမှ ဦးမြမင်းစိုးကပြော သည်။

ယခင်ခေတ်က တစ်လလျှင် ဆည်တစ်ဆည်၊ တံတားကြီးတစ်စင်းဖွင့်ရမည်ဟု ညွှန်ကြားချက်ကြောင့် ဆည်များ တံတားများလုပ်ခဲ့သော်လည်း လျော်ကြေးမပါရေမြုပ် ရွာများပြန်လည်ထူထောင်ရေး စီမံချက်မရှိ ''အဘက်ဘက်မှ ပိတ်ဆို့ထားမှုများကြားက ဖွံ့ဖြိုးတိုးတက်မှုကိုအရှိန်အဟုန်ဖြင့် လုပ်နိုင်ကြောင်းပြသသော အားဖြင့် ယခင်အစိုး ရလက်ထက်က ဖွင့်ပွဲကြီးများကို ခမ်းနား ထည်ဝါစွာ ကျင်းပခဲ့ကြောင်း ယခုခေတ်တော့ ဖွင့်ပွဲများကိုစရိတ်ကျဉ်းကျဉ်းဖြင့် လုပ်ပါ မည်''ဟု သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ကျွန်တော်၏ မေးခွန်းတစ်ခုကို အကြောင်းပြု၍ စာဖြင့်အကြောင်း ပြန်ဖူး သည်။ အရေးကြီးသည်က မူလစာသင် ကျောင်းများကိစ္စ ဖြစ်သည်။ ယခင်ကပုံမှန် အခြေကျ ''ဆိုင်ရှင်''ရှိကျောင်း အဖြစ်မှ ရွေ့လျားကျောင်း သတ်မှတ်ခံရသည်။ ၁၉၉၅ မှ ၂ဝ၁၃ ထိ (၁၈)နှစ်ကြာ ရွေ့လျားကျောင်း ဖြစ်နေသည်မှာ မည်သူ့တွင် တာဝန်ရှိသနည်း၊ အလယ်ဘုံ၊ ငလယ်၊ ပွင့်တောက်၊ ကုန်းတရား၊ ပုံစိတ်၊ ချီ၊ ပန်းချပ်၊ မကျီး၊ ချီချောင်း၊ အောင်း ရွာများရှိ စာသင်ကျောင်းများမှာ ခုထိ ရွေ့လျား ကျောင်းအဆင့်သာသတ်မှတ်ခံရသည်။ ရွေ့ လျားကျောင်းဖြစ် သောကြောင့် ကျောင်းအုပ် ခန့်အပ်ခြင်းမရှိ ။ ဆရာ၂ ဦးသာရမည်။ ခဲတံ၊ စာအုပ်မှစ၍ အခြားအစိုးရ အထောက်အပံ့ လုံးဝမရကြောင်း စေတုတ္တရာ မြို့နယ် ပညာ ရေးမှူး ဒေါ်ခင်မေသိန်းကဖွင့်ဟသည်။ ''အ ဆောက်အအုံပြင်ဆင်ခွင့် ဆောက်လုပ်ခွင့် လည်းမကျဘူး။ ခုထိရွေ့လျားကျောင်း ဘာလို့ဖြစ်နေတာလဲ ကျွန်မ မသိဘူး။ရွာအ တည်တကျဖြစ်ရင် ဆိုင်ရှင်ချပေးမယ်လို့သိရတယ်။ ရွာတွေကအတည် ဖြစ်နေတာ ကြာပြီ။ကလေးတွေ နစ်နာတာပေါ့''ဟုဆိုသည်။ အောင်းကျေးရွာမှ ဦးဝင်းမြင့်ဦးက ''ရွာမှာမူ လတန်း၊အလယ်တန်း ကျောင်းသား (၇ဝ) ကျော်ရှိတယ်။ ဆရာ မရှိလို့ (၂) ယောက်ငှား ထားရတယ်၊ မွဲပါတယ်ဆိုပေမဲ့ ကလေးတွေ ပညာရေးဆိုတော့ စုပေါင်းပြီး ငှားကြရတာပေါ့''ဟု ဆိုသည်။

မုန်းဆည်ပြီးနောက် ကျီးအုံ ကျီးဝ ဆည်ကိုဆက်လုပ်ခဲ့ရာ တမံနှစ်ခုကြား ရေ ထောက်လာပြီး စေတုတ္တရာမြို့ ရှိ လယ်ဧက (၄ဝဝ) အပါအဝင် စလင်း-စေတုတ္တရာပင် မကားလမ်းကြီး ရေမြုပ်သွားသည်။ ထိုသို့ မြုပ်ခြင်းသည် မူလကတွက်ချက်ထားခြင်း မရှိ၊ ရေမြုပ်ဧရိယာထဲမပါဟု ဆိုကာလျော် ကြေးမရခဲ့ကြ၊ တော်လိုက်ကြသည့် တွက် ချက်မှုပါပေ၊ ဘယ်ကျောင်းထွက်တွေလဲမသိ၊ အရင်က မမြုပ်ဘူးထင်လို့ပါ၊ ခုတော့မြုပ်နေ ပြီဆိုတော့ ဘယ်လိုလုပ်ကျမလဲ စဉ်းစားဖို့ လို ပြီ။ ကျီးအုံ ကျီးဝရေမြုပ်ဧရိယာပါရွာများ ယာမြေ သုံးဧကဆီဖော်ထုတ်ရန် တစ်ဧက (၂ဝဝဝဝ) နှုန်းဖြင့် တစ်အိမ်ထောင် (၆ဝဝဝဝ) နှုန်းပေး ချေခဲ့သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုရွှေအောင်က ပြောသည်။ မဆိုးပါ။ ယခုမှ ရေစပိတ်တော့မည့် ဂန့်ဂေါမြို့နယ်ရှိ မြစ်သာ တမံကတော့ တစ်ဦးချင်းအတွက်သိန်း (၄ဝဝ) တန်အာရ်စီနှစ်ထပ်တိုက်တွေ ဆောက်လုပ် ပေးထားပြီး ဘုန်းကြီးကျောင်းကြီးတွေကတော့ သိန်း (၄ဝဝဝ) ကျော်အကုန်ခံ တည်ဆောက်ပေးထားပြီး လှပသေသပ်သည့် မြို့ သစ်အဖြစ် ရေမီးစုံလင်စွာနေရတော့မည်။ ကြိုဆိုပါသည်။ ဆည်ဆောက်မည်ဘာဆောက် မည်ဆိုလျှင် နစ်နာသူကို ဦးစွာစီမံပေးပြီးမှ ၄င်းတို့ အခြေတကျဖြစ်မှစတင်သင့်ပေသည်။ မြေကိုတန်းဖိုးထားရမည်။ လူကို လူလို တန်ဖိုးထားရမည်။

ကျွန်တော် ထိုင်းနယ်စပ်တွင် တာဝန် ကျစဉ်က၊ သံလွင်မြစ် တစ်ဖက်ကမ်း ထိုင်း ဘက်ခြမ်း၌ လယ်ယာလုပ်သော ထိုင်းနိုင်ငံသားခံယူထားသည့် ကရင်ကျောင်း ဆရာတစ်ယောက်ရှိသည်။ သူက ကျွန်တော်တို့ ဘက်ခြမ်းကို စက်လှေကလေးနှင့် (၃) ရက် တစ်ခါလောက်လာပြီး သူ့ခြံထွက်များ ရောင်း လိုတာဝယ်ပြီး ပြန်တတ်သည်။ ကျွန်တော်နှင့် ခင်၍ မကြာခဏတပ်စခန်းသို့ လာလည် သည်။ ဗူးသီးခရမ်းသီးနှင့် ထိုင်းနိုင်ငံထွက် မုန့်ပဲသရေစာများ ယူလာတတ်သည်။ ကျွန်တော်က''အာမီရမ်'' ဖြင့် ဧည့်ခံသည်။ ထိုင်းဘက်ကသူ့ယာအနီးတွင် ထိုင်းတပ်စခန်းတစ်ခု ရှိသည်။ (၁ဝ)ရက် (၁) ကြိမ်လောက် ရဟပ် ယာဉ်ဆင်းသည်ကို ပုံမှန်မြင်ရသည်။ တစ်နေ့ ထိုရဟပ်ယာဉ်ပျံဝဲလာစဉ် မီးခိုးတွေထွက်ပြီး သူ့အလိုလို ပျက်ကျသွားသည်။ ထိုနောက် ကရင်ကျောင်းဆရာ(၂) ပတ်ခန့် ပေါ်မလာ၊ ၄င်းရောက်လာသောအခါ ထိုင်းနိုင်ငံထွက် ဆင်းဂါးဘီယာများ၊ ဝီစကီများ တစ်ပုံတစ်ပင် ပါလာသည်။ မေးကြည့်တော့''ကျွန်တော် ပွဲ သွားတယ် ရဟပ်ယာဉ်က ကျွန်တော့် ယာခင်းထဲပျက်ကျတယ်၊ တစ်နှစ်လုံးရမဲ့သီး နှံတန်ဖိုး ၅ ဆကို လျော်သွားတယ်။ (၅) နှစ်စာ ကြိုတင်ရသလိုပေါ့ အင်ဂျင်ဝိုင်တွေ စက်ဆီ တွေပေနေတဲ့ ယာခင်းမြေကိုလည်း စက်တွေနဲ့  ကလော်ဖယ်ရှားပြီး မြေကောင်း တွေနဲ့ လဲပေးတယ်၊ အခုကျွန် တော်ချက်ခြင်း ပြန်စိုက်လို့ရနေပြီ။ ဘုရားသခင်လာပေးသွားတာပေါ့'' ဟုဝမ်းသာအားရ ပြောသည်။ ထိုစဉ်က ကျွန်တော် စဉ်းစားကြည့်သည် ကျွန်တော်တို့နိုင်ငံမှာ စစ်ရဟပ်ယာဉ် ယာခင်းထဲပျက်ကျပါက အလျော်မရသည့်အပြင် အတိုအစလိုက် ကောက်ပေးရန် လုပ်အားပေးပင်ပါသွားလိမ့်မည် (သို့မဟုတ်) ''ဒါတွေ မပျောက်အောင် ညကင်းစောင့်ပေးထား'' ဟုခိုင်းချင် ခိုင်းမည်၊ မြေကော်စက်များဖြင့် မြေပြုပြင်ပေးဖို့ စိတ်ကူးရှိအံ့မထင်။ သီးနှံ လျော်ကြေး ၅ နှစ်စာ ကတော့ဝေးစွ၊ သြော် ...သူတို့နိုင်ငံမှာ လူကို တန်ဖိုးထား၍ လယ် ယာမြေကိုတန်ဖိုးထား၍ ဤသို့ တိုးတက်နေ တာပါလားဟု သံဝေဂ ရမိသည်။ ယခု အစိုး ရသစ်လက်ထက်တွင် ဒါတွေ့လာပါပြီဟု ပြောလို့ရပြီလားမသိ။ ခြိမ့် ခြိမ့်သည်းသည်း ဘုန်းကြီးပျံပွဲ ကျင်းပနေသော ရွာကို အားကျပြီး ''တို့ဘုန်းကြီးလည်း ဖျားနေပါပြီ'' ဟု ပြောရမလိုပင်။

မုန်း၏အထက်တွင် ဗူး(၁) ဗူး(၂) ဆည်များ ဆက်လုပ်ပါက ထပ်မြုပ်မည့် ရွာ များမှာ တဘွင်၊ နဘဲကုန်း၊ အကြည်၊ လက်ပန် ကျင်း၊ တန့်လည်ကျင်း၊ လုံကြီး၊ နတ်ကြီး၊ အာရော၊ ဒွေးစသောရွာများနှင့် အထက်တန်း ကျောင်း၊ တိုက်နယ်ဆေးရုံ၊ ရဲစခန်းတို့ပါကြ လိမ့်ဦးမည်။ ဗူး(၁)မှာ စီမံကိန်းစတင်၍ အချို့အဝက်ပြီးစီးနေစဉ် ၂ဝဝ၈ ခုနှစ်မှစ၍ စီမံကိန်းရပ်တန့်ထားသည်။ ဆက်လုပ်မည် ဆိုက ရေမြုပ်ရွာများကို ထိုက်ထိုက် တန်တန် နေရာချ၊ ရေ၊ မီး၊ စာသင်ကျောင်းစုံအောင် လုပ်ပြီးမှ ဆက်လုပ်သင့်သည်။ လူကို တန်ဖိုး ထား၊ မြေကို တန်ဖိုးထားသင့်ပါပြီ။ ပြီးခဲ့တာ တွေပြီးပါစေတော့ နောက် ဆက်မမှားဖို့ အ ရေးကြီးလှသည်။ ရေမြုပ်ရွာများအတွက် ဘတ်ဂျက်ပြည့်စုံမှ ဆည်ပိတ်ပါဟု ထောက် ပြလိုသည်။ မဟုတ်လျှင် ဆည်၏ ကောင်း ကျိုးကနောက်၊ သူတို့၏ဘဝတွေကဆည်နှင့် အတူဦးစွာနစ်မြုပ်ပျက်စီးသွားပေလိမ့် မည်။ ပျက်စီးခဲ့ ကြပြီးပြီ တန့်ဆည်ရွာသူ ဒေါ်စန်းမြက ''ကျွန်မသမီးကအသက် (၂ဝ) မပြည့်သေးဘူး၊ ထိုင်းကို ပွဲစားကတစ်ဆင့် ပို့ရတယ်။ ဘယ်ပို့ချင်မလဲ ဒါပေမဲ့ ရောင်းစားစရာက ကုန်ပြီ၊ ဒါကြောင့် လွှတ်လိုက်ရတယ်''ဟု ငိုသံပါကြီးနှင့် ပြောသည်။ ရွှေရောင်း ကျွဲရောင်း နွားရောင်းစရာကုန်တော့ သမီးကို ရောင်းလိုက် ရသည်ဟု ပြောသည့် သဘောပင်။ သရန် ကိုင်းရွာမှ ဦးဟန်သောင်းက ''ရေ မြုပ်တဲ့နေ့က ကျွန်တော့်စားတော်ပဲခင်းကအပင် တစ်မိုက်လောက်ရှိနေပြီ။ ရေကတက်တက်လာတယ်။ မိန်းမရေ၊ ဒို့စားတော်ပဲပင်လေးတွေ ဒါနောက်ဆုံးမြင်ရ တာပဲကြည့်၊ ကြည့်ဆိုပြီး ပြောတော့ ကျွန်တော့်မိန်းမ မမြစန်းက မူးမေ့လဲကျသွားခဲ့ရတယ်''ဟု ရင်ဖွင့်သည်။

အောက်လယ်တွေရေရဖို့၊ မြို့လူတွေ မီးရဖို့၊ သူတို့ရဲ့ ဘဝတွေကို ရင်းနှီးမြှုပ်နှံပစ် ရမှာလား။ ''သူတည်းတစ်ယောက်ကောင်း မှု ရောက်ဖို့ သူတစ်ယောက်မှာ ပျက်လင့်ရမှာလား'' ဤကဗျာကို ဒဏ္ဍာရီထဲမှာ ထားရစ် ခဲ့သင့်ပြီ။ သူတည်းတစ်ယောက်လည်း ကောင်းရမည်။ သူတစ် ယောက်လည်း ကောင်း ရမည်။ Win Win ဆိုတာ သမ္မတကြီးရဲ့ လက်သုံးစကားပဲလေ၊ ရဟတ်ယာဉ်ယာခင်းထဲ ပျက်ကျ၍ ပွပေါက်တိုးခဲ့သော ထိုင်းနိုင်ငံသား ကရင်ကျောင်းဆရာလို၊ တမံကြီးလုပ်၍ ရေမြုပ်သွားသော ရွာသားများပွပေါက် တိုးရမည်။ မူလထက်လူနေမှုအဆင့်အတန်း မြင့်ပြီး ရေနဲ့မီးနဲ့ လယ်နဲ့ယာနဲ့ ရွှေတွဲလဲ ငွေတွဲလဲ ဖြစ်ရမည်။ အခုတော့ သူများနိုင်ငံမှာ ကျွန် သွားခံကြရပြီ။ ရွာတွေတွင် သက်ကြားအိုးနှင့် ကလေးတွေသာရှိသည်။ စုတ်ပြတ်သပ်နေ သော အခင်းအကျင်းကရွာ၏ စီးပွားရေး၊ လူမှုရေးအခြေအနေကို သိသာစွာ ထင်ဟပ်နေသည်။ ဒဟပ်ကိုင်းရွာမှ ဦးအေးကိုက ''ရွာမှာ ရေမရတော့ ပိုက်ဝယ်ရတယ်၊ ဘုန်းကြီးကျောင်းကလည်း မပြီးသေးဘူး။ ငွေသိပ် မရှိကြတော့ ရေပိုက်လည်းမပြီး ဘုန်းကြီးကျောင်းလည်းမပြီး၊ ဒီကြားထဲ ငဖဲ-စေတုတ္တရာလမ်းကို ရွာကနေ ထွက်ဖို့ တစ်မိုင် (၂) ဖာလုံဒိုဇာနဲ့ ထိုးပေးဖို့ လမ်းဗိုလ် ကို သွားပြောတာ ရွာကဆီခံရမယ်လို့ ပြောတယ်''ဟု ဆို သည်။

မုန်းဆည်ကအပြန် ကျွန်တော်တို့ ကော်မရှင်အဖွဲ့ဝင်တွေ နှုတ်ဆိတ်နေကြ သည်။ ပွာလောင်ပွာလောင် ပြောတတ်သော NLD  ဦမြင့်သိန်း (မကွေးအမတ်) သည်ပင် ခပ်မဆိတ်လိုက်ပါလာခဲ့သည်။ အစီရင်ခံစာ အချောသပ်ရေး၍ လွှတ်တော်သို့ အမြန်တင် ပြရန်လုပ်ရဦးမည်။ အမည်သညာခေါ်စရာကား ''မုန်း''ဆိုသည့် အတိုင်း ချစ်စရာ မကောင်းလှပါတကား။

 ဦးလှဆွေ(အမျိုးသားလွှတ်တော်)
by Messenger News Journal

Thursday, 23 May 2013

ကျွန်းကလေးရွာ (လှည်းကူး) တွင် ကားတိုက်တဲ့သတင်း


၂၉.၄.၀၃ ညနေ ၃နာရီ ဝန်းကျင်ခန့်တွင်ကျွန်းကလေးကျေးရွာ အရှေ့ဇရပ်မှတ်တိုင်၌
ကြည်စင်ဝန်း(၂)အမည်ရှိ ၁၃၅ minibus ရပ်နေစဉ် PPA ကုမ္ပဏီပိုင် higherbus က အနောက်မှဝင်တိုက်ရာmimibus သည်ရှေ့မှဆိုင်ကယ် နောက် အုတ်ကားအဆင့်ဆင့်ဝင်တိုက်ခဲ့သည်။ 
ဆိုင်ကယ်သမားနှင့်minibusပေါ်မှ အယောက် ၂၀ ခန့်ထိခိုက်ဒဏ်ရာ ရခဲ့ရာလှည်းကူးဆေးရုံမှ
တဆင့်ရန်ကုန်ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။ ရန်ကုန်ဆေးရုံရောက်ပြီးနောက် မထသမြောက်ပိုင်းခရိုင် ဥက္ကဌ ဦး အောင်ဝင်းမှအရေးပေါ်စရိတ် ၃၀၀၀၀ စီကူညီခဲ့သည်။ 
ထိုလူနာ များအနက် ချောင်းသစ်ထောက်ကြန့် ကျောင်း အထက၃၂ တွင် ၇ တန်းကျောင်းသားအသက်၁၄နှစ်အရွယ်ရှိမောင်မင်းဇော်ထွန်း(ဘ) ဦးဝင်းထိန် သည်ဘယ်ခြေ၄၂ချက်ချုပ်ခဲ့ရသည်။ညာခြေအား၁၀.၅.
၀၃ နေ့မှကျောက်ပတ်တီးကိုင်ပြီးမှဓာတ်မှန်ရိုက်ရာအရိုးဟသွားကြောင်းတွေ့ခဲ့ရသည်။  
            
PPAကုမ္ပဏီမှလှည်းကူးရဲစခန်းဝန်းထဲတွင်ကုသစရိတ် ငွေ၅၀၀၀၀ ပေးရာမိဘများမှ
မယူပဲကလေးကိုသာလာကြည့်ရန် ပြောခဲ့သည်။လာတော့ကြည့်ပါသည် ...သို့သော်PPAကုမ္ပဏီမှတာ
ဝန်ရှိသူများမဟုတ်ပဲ ဒရိုင်ဘာသူငယ်ချင်းကိုသာချိုဆိုသူဖြစ်သည်။(ဒရိုင်ဘာမှာအခင်းဖြစ်ပြီးပြီးခြင်းထွက်ပြေးသွားခဲ့သည်) ထိုအတူကျွန်းကလေးကျေးရွာရွှေမှန်တင်နေဆိုင်ကယ်သမားကိုဇော်ကိုလတ်သည်လည်း  ဆေးရုံရောက်ရောက်ချင်းသူ့အားဝိုင်းမရာပါးစပ်မှ အစာအံရာသွေးပါ ပါခဲ့သည်။ ဦးနှောက်
နှင့်အာရုံကြောတွင် ယနေ့အထိ ကိုယ့်စရိတ်ကိုယ်ကုနေရဆဲ။ အဲဒီလိုပဲဇီးပင်ဝဲရွာနေ ၁၃၅ စပယ်ရာ
ကိုသက်နိုင်သည်လည်း အသိစိတ်အနည်းလွတ်ပြီးသွားနေရာ မိသားစုက ပူပန်နေရဆဲ။ထို့နောက် ထန်းတ
ပင် လိပ်ခုံးကျေးရွာမှ ညာခြေသုံးပိုင်းကျိုးသွားသော အဘွားအိုသည်လည်း ကိုယ့်စရိတ်နှင်ကိုယ်ကုနေရဆဲ။
 (ဝိုင်းသာ ရှဲ သတင်းကိုအာမခံတယ်)
မှ-http://www.facebook.com/photo.php?fbid=274120766065159&set=a.104982006312370.8278.100004017134759&type=1&theater

Thursday, 16 May 2013

ထမင်းရောင်းနေတဲ့ ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင် (ရေးသူ-မေခ))


စစ်စွပ်ကျယ်၊ ပုဆိုးခါးတောင်းကျိုက်နဲ့ ရေသန့် ၆ ဘူးတကတ်တွဲ ၂ တွဲကို လက်တဘက်တချက် ကိုင်ထားရင်း နဖူးကချွေးတွေကို လက်မောင်းရင်းနဲ့ ခပ်ကြမ်းကြမ်း သုတ်လိုက်သူကတော့ တချိန်က စစ်အစိုးရလက်ထက် တနိုင်ငံလုံးရဲ့ စာရင်းစစ်ချုပ် ရာထူးကို ပိုင်ဆိုင်ခဲ့ဖူးသူ အရင်က ဗိုလ်ချုပ်လွန်းမောင် ဆိုပြီး နာမည်ကျော်ခဲ့သူပဲ ဖြစ်ပါတယ်။

ရေသန့်ဘူးတွေကို ရေခဲသေတ္တာထဲ အစီအရီ ထည့်ဖို့ပြင်နေတဲ့ အသက် ၆၀ ကျော်အရွယ် ဦးလွန်းမောင်ရဲ့ ပုံစံဟာ တချိန်က ဘုန်းမီးနေလ ထွန်းတောက်ခဲ့သူ သူတဦးလို့ ထင်စရာ မရှိပါဘူး။ လက်ရှိအချိန်မှာတော့ ထမင်းဆိုင်ပိုင်ရှင် ဦးလွန်းမောင် အဖြစ်နဲ့ မွန်ပြည်နယ် ဘီးလင်းမြို့မှာ အခြေချနေပါပြီ။
ဦးလွန်းမောင်ဟာ ရေခဲသေတ္တာထဲကို ရေသန့်ဘူးတွေ အစီအရီထည့်ပြီး မကြာခင်မှာပဲ ထမင်းစားပွဲခုံ အလုံး ၄၀ ကျော်ကို ရေစိုအ၀တ်နဲ့ လိုက်လံ သုတ်နေပြန်ပါတယ်။ ဘေးက ကြည့်နေသူတွေကတော့ သူ့အသက်အရွယ်နဲ့ မလိုက်အောင် လုပ်ကိုင်နေပုံကို အံ့သြနေပုံရပါတယ်။

အင်တာနက်စာမျက်နှာ ပေါ်မှာ ဗိုလ်ချုပ်ဟောင်း လွန်းမောင်တယောက် ထမင်းဆိုင် ဖွင့်ထားတယ်၊ ရိုးစင်းတဲ့ ဘဝကို ဖြတ်သန်းနေတယ် စသည်ဖြင့် သတင်းတွေနဲ့အတူ သတင်းတချို့မှာ ရေးသားထားတဲ့ “ဦးလွန်းမောင် တယောက် မှန်လွန်းတဲ့အတွက် ရွာပြင်ထုတ် ခံခဲ့ရတယ်” ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ စိတ်ဝင်စားမိတာနဲ့ ရန်ကုန်ကနေ ဘီလင်းအထိ ခြေဆန့်လာခဲ့တာပါ။ တမြို့လုံးမှာ သေသေချာချာ ရှာဖွေ ရေကြည့်လို့ လက် ၃ ချောင်းတောင် မပြည့်တဲ့ တည်းခိုခန်း အခက်အခဲကို ဖြစ်သလို ကျော်ဖြတ်ရင်း ၂ ရက်ကြာအောင် ဦးလွန်းမောင်ရဲ့ နေ့စဉ်ဘ၀ ဖြတ်သန်းမှုကို လေ့လာကြည့်ခွင့် ရခဲ့ပါတယ်။

သူ့တနေ့တာ ဖြတ်သန်းမှုကို ၂ ရက်အကြာ လေ့လာပြီးချိန်မှာတော့ သူ့ကို မိတ်ဖွဲ့ရင်း စကားပြောခွင့် ရပါပြီ။
“တနေကုန် အလုပ်နဲ့ လက်နဲ့ မပြတ်ဘူး။ ဗိုလ်ချုပ်ဘ၀ကတောင် ဂေါ့ဖ်ရိုက်ဖို့ အချိန်ဆိုတာ ရှိသေးတယ်။ ဒီမှာကျတော့ ဂေါ့ဖ်ရိုက်ဖို့ မပြောနဲ့ ကိုယ်ပိုင်အချိန်တောင် တော်တော်ကလေး ရှားတယ်။ ဒါပေမယ့် ဒီဘ၀လေးက ရိုးစင်းပါတယ်” လို့ ဦးလွန်းမောင်က စကားစပါတယ်။

တချိန်က လွတ်လပ်ရေး မရခင်မှာ ဂျပန်တပ်တွေ အခိုင်အမာတပ်စွဲခဲ့လို့ ဂျပန်တောင်ဆိုပြီး နာမည်ကြီးခဲ့တဲ့ နေရာက တပ်ရင်းမှာ တာဝန် ထမ်းဆောင်ချိန်က သူတည်ခဲ့တဲ့ ဂျပန်တောင်ဘုရား ခြေတော်ရင်းမှာ ထမင်းဆိုင်ဖွင့်ဖို့ စိတ်ကူးရခဲ့ သူကတော့ သူ့ဇနီးသည်ပါပဲလို့ ပြောရင်း အခုလို ရိုးစင်းစွာ ဖြတ်သန်းနေရတဲ့ သူ့ဘ၀ကို ကျေနပ်တယ်လို့ ဆိုပါတယ်။

“ကျနော်က ငယ်ငယ်ကတည်းက ဆင်းရဲခဲ့တဲ့ မိသားစုက ဆင်းသက်လာသူပါ။ ဒီအချိန်က ငယ်ငယ်က ဘ၀ကြမ်းသလောက် မကြမ်းပါဘူး။ ပျော်ပါတယ်။ အံဝင်ခွင်ကျ ရှိတယ်ဆိုတာထက် လူတိုင်းက သူရတဲ့ဘ၀မှာ နေပျော်ဖို့ လိုပါတယ်” လို့လည်း ဘုရားဒါယကာ ဦးလွန်းမောင်က ဆက်ပြောပါတယ်။
အနှစ် ၄၀ လောက် လျှမ်းလျှမ်းတောက် အာဏာရှိခဲ့သူ၊ စစ်တပ်မှာ ရာထူးကြီးကြီးနဲ့ တာဝန်ထမ်းဆောင်ခဲ့သူ အဖြစ်ကနေ ဒီလို ဈေးသည်တယောက် အနေနဲ့ ကျန်ရှိတဲ့ ဘ၀ကို ဖြတ်သန်း နေတာကတော့ ဘေးလူတွေအမြင် အံ့သြစရာ ဖြစ်နေပုံပါပဲ။

အောင်ပြည့်စုံ ဆိုတဲ့ နာမည်နဲ့ ဘီ်းလင်းမြို့အ၀င်မှာ ထမင်း၊ ဟင်းနဲ့ တခြား စားသောက်စရာတွေ ရောင်းချနေတဲ့ ဦးလွန်းမောင်ရဲ့ ဆိုင်ကို ကြည့်လိုက်တာနဲ့ ရင်းနှီးထားတဲ့ ပမာဏ မနည်းလောက်ဘူး ဆိုတာ ဘယ်သူမဆို ခန့်မှန်းနိုင်ပါတယ်။

မနက် ၁၀ နာရီကနေ နောက်တနေ့ မနက် ၃ နာရီအထိ ထမင်း၊ ဟင်းနဲ့ တခြား စားသောက်ဖွယ်ရာတွေကို ရောင်းချသလို ည ၉ နာရီကနေ စတင်ပြီး စင်တင်ဂီတပါတဲ့ စားသောက်ဆိုင်ကိုလည်း အောင်ပြည့်စုံ ထမင်းဆိုင်ဝန်းထဲမှာ ဆိုင်တဆိုင် ခွဲလို့ ရောင်းချနေတာ တွေ့ခဲ့ရပါတယ်။

“ကျနော် လည်ပင်း ကင်ဆာဖြစ်တော့ အမျိုးသမီးက ကလေးတွေ ရှေ့ရေးအတွက် ဒီမှာ ၀ါးတဲလေး စထိုး ဈေးရောင်းခဲ့ တာပေါ့။ နောက်ပိုင်းကျမှ အခုလို ဖြစ်လာခဲ့တာပါ” လို့ ဦးလွန်းမောင်က ပြောပြပါတယ်။
လွန်ခဲ့တဲ့ ၁၂ နှစ်တာ ကာလကတည်းက စတင်ဖွင့်လှစ်ခဲ့တဲ့ ဒီဆိုင်ဟာ သူ့ဇနီး ဒေါ်မြမြစိန်ရဲ့ စိတ်ကူးနဲ့ တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ သူက ဂုဏ်ယူစွာနဲ့ ဆိုပါသေးတယ်။

စိတ်တူကိုယ်တူ ဇနီးမောင်နှံတွေ ဖြစ်တာကြောင့် လက်ရှိ ဖြတ်သန်းနေရတဲ့ ဘ၀ကို ဇနီးသည်ဖြစ်သူကလည်း ကျေနပ်နေ တယ်လို့ ဦးလွန်းမောင်က ပြောပြနေချိန်မှာ အပွင့်ကျဲကျဲ ပါတိတ်ထမီ၊ လိမ္မော်ရောင် ဘလောက်စ် အင်္ကျီ ၀တ်ဆင်ထားတဲ့ ဒေါ်မြမြစိန်က လက်ကြားမှာ စီးကရက်ညှပ်ထားရင်း စကားဝိုင်းထဲ ၀င်ရောက် လာခဲ့ပါတယ်။

“အန်တီတို့က ပွင့်ပွင့်လင်းလင်းပဲ၊ ဘယ်သူ့ကိုမှလည်း ဒေါသမဖြစ်ဘူး။ ဒီဘ၀ကိုလည်း ကျေနပ်တယ်၊ ကိုယ့်ကို လုပ်သွားတဲ့ သူကိုလည်း ခွင့်လွှတ်တယ်။ ဘာပဲပြောပြော ၀ဋ်ရှိလို့ခံရတယ်ပဲ မှတ်တယ်။ တရားနဲ့ဖြေလို့ အခုလို နေနိုင်တာ။ နို့မို့ မဖြေနိုင်ရင် ဘယ်လွယ်မလဲ” လို့ ဗိုလ်ချုပ်ဟောင်းရဲ့ ဇနီးသည်က ဆိုလာပါတယ်။

ဦးလွန်းမောင်တယောက် စာရင်းစစ်ချုပ် ဘဝကနေ အငြိမ်းစားပေးခံရစဉ် ကာလကို ဒေါ်မြမြစိန်က ရည်ရွယ်ဟန် တူပါတယ်။ ဦးလွန်းမောင်ဟာ နိုင်ငံတော် စာရင်းစစ်ချုပ်အဖြစ် စစ်အုပ်ချုပ်ရေးကာလ ဗိုလ်ချုပ်လွန်းမောင် ဘဝ ကတည်းက တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း ဦးလွန်းမောင် အဖြစ် စာရင်းစစ်ချုပ် တာဝန်ကို ဆက်ယူခဲ့ရသူပါ။ လက်ရှိအစိုးရ လက်ထက်မှာ ၁ နှစ်ကျော်ကာလ တာဝန်ထမ်းဆောင်ပြီး သူ့ရဲ့ စာရင်းစစ်ချုပ် သက်တမ်း ၉ နှစ်ပြည့်ချိန်မှာတော့ ၂၀၁၂ သြဂုတ်လ ၂၈ ရက်နေ့မှာ သမ္မတက သူ့ကို အငြိမ်းစား ပေးလိုက်တာ ဖြစ်ပါတယ်။

ဒေါ်မြမြစိန်ရဲ့ စကားက ဘာကိုရည်ရွယ်သလဲ ဆိုတာ တွေးနေမိစဉ်မှာပဲ ဦးလွန်းမောင်က သောက်လက်စ ရေနွေးခွက်ကို လက်ကနေချရင်း ပြုံးပြီး “ ဒီကိစ္စတွေကို ပြန်မပြောချင်တော့ဘူး။ စေတနာ အမှားပေါ့။ တချို့သော သူတွေက ကိုယ့်စေတနာကို ကိုယ်ကျိုးအတွက် သုံးခဲ့ကြတော့ ကိုယ်က ခံရတာပေါ့။ ဒီအပေါ် ဘာအာဃာတမှ မထားဘူး။ သမ္မတ ဘက်က ကြည့်တော့ မှန်တာပေါ့” လို့ ဖြည့်စွက်ပြန်ပါတယ်။

စကားလက်ဆုံကျနေရင်း ဆိုင်မှာ အလုပ်လုပ်နေတဲ့ ကလေးမလေးက “ဘဘ … ဓာတ်မီး” လို့ ပြောလိုက်ချိန်မှာ ဦးလွန်းမောင်က အကြားလွဲပြီး “ညစာ ထမင်းမစားရသေးဘူး၊ ၈ နာရီမှ စားတာပေါ့။ ကန်စွန်းရွက် ကြော်ခိုင်းထားလိုက်လေ” လို့ ပြောလိုက်တဲ့ အတွက် ဆိုင်မှာ ရှိနေတဲ့ အလုပ်သမား မိန်းကလေးတွေအားလုံး ၀ါးလုံးကွဲ ရယ်မော ကြပါတော့တယ်။

ရယ်တာကို ဘာမှ မာန်မဲမနေဘဲ “ဘာလို့ ရယ်နေတာလဲ” လို့ ဦးလွန်းမောင်က မသိနားမလည်တဲ့ ပုံစံနဲ့ ပြန်မေးတာကို အလုပ်သမားတွေ ဆက်လက် ရယ်မောနေကြ ပြန်ပါတယ်။
သူ့ရဲ့အဖြေ အလွဲကို သူဘာသာ သိသွားတဲ့ ဦးလွန်းမောင်ကတော့ “ဒီလို ဘ၀မျိုးကို ရခဲတယ်လို့ ပြောရမယ်၊ အရင်ကဆို ကိုယ့်ကို ဘယ်သူမှ ပြန်မပြောရဲဘူး။ အခုတော့ ကိုယ်က ကလေးလိုပဲ။ ကလေးတွေနဲ့ နောက်ပြောင်နေတော့ အသက် ရှည်တယ်” လို့ ဆိုပါတယ်။

အာဏာဆိုတာ ဘိန်းလိုပဲဆိုတဲ့ တချိန်က အငြိမ်းစား ညွှန်ကြားရေးမှူး တဦးရဲ့ အပြောကို သတိရမိတာကြောင့် ဦးလွန်းမောင် တယောက် ဒီဘိန်းနဲ့တူတဲ့ အာဏာရှင်စိတ်ကို ဘယ်လို ဖြတ်ခဲ့လေသလဲလို့ စဉ်းစားမိပါတယ်။

ဗိုလ်ချုပ်ဟောင်းတဦးရဲ့ ပိုင်ဆိုင်မှုဆိုတာကလည်း တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်၊ လက်ရှိမှာ ရာဘာခြံတွေ ပိုင်ဆိုင်ထားတယ် ဆိုပေမယ့် ပိုင်ဆိုင်ထားတဲ့ ဧကဟာ အရေအတွက် ၂၀ မပြည့်ဘူးလို့ ဘီလင်းမြို့ခံ တဦးက ဆိုပါတယ်။

“စိတ်ဝင်စားစရာပဲ။ သူ့ ပိုင်ဆိုင်မှုတွေကိုပဲ ဖွက်ထားနိုင်တာလား၊ တကယ်ပဲ မရှိတာလားတော့ မသိဘူး။ သူရောက်နေတာ ၁ နှစ်ကျော် ၂ နှစ် နီးပါး ဆိုပေမယ့် ဒီအတိုင်းပဲ။ စ ရောက်လာတဲ့ အချိန်နဲ့ ဘာမှမထူးဘူး။ သူပိုင်လို့ ပြောရရင် အခု အောင်ပြည့်စုံ ထမင်းဆိုင် ၀န်းရယ်၊ သူ့သား လုပ်နေတဲ့ ရာဘာခြံရယ်၊ တောင်းအေ့စ်လိုလို ကားတစီးရယ်၊ ဆိုင်ကယ်ရယ် ဒါပဲ တွေ့တယ်။ ဦးလွန်းမောင် မြို့ထဲလာတာလည်း နည်းတယ်” လို့ သူက ဆက်ပြောပါတယ်။

ဦးလွန်းမောင်နဲ့ တော်တော်လေး ရာထူးကွာခြားတဲ့ စစ်တပ်အရာရှိ ဒုတိယ ဗိုလ်မှူးကြီး အဆင့်လောက်သာရှိသူ၊ နိုင်ငံတော် လုံခြုံရေးနဲ့ ရာဇ၀တ်သားတွေ ဖော်ထုတ် ကာကွယ်နေတဲ့ အဖွဲ့အစည်းက ပုဂ္ဂိုလ်တဦးရဲ့ မော်လမြိုင်ဘက်မှာ ပိုင်ဆိုင်ထားတဲ့ ရော်ဘာခြံတွေဟာ ဧက ၄၀ လောက် ရှိတယ်လို့ သိထားဖူးတော့ တကယ်ပဲ ဦးလွန်းမောင် ရိုးသားခဲ့ လေသလား၊ လျှို့ဝှက် နာမည်ဝှက်တွေနဲ့ပဲ ပိုင်ဆိုင်မှုတွေ ထားလေသလား ဆိုတာကိုတော့ ကာယကံရှင်ကပဲ သေသေချာချာ သိနိုင်မှာပါ။

တချိန်က စစ်ဗိုလ်တဦးရဲ့ မာန်ကို သူ ဘယ်လိုများ ချခဲ့လေမလဲဆိုတာ သိချင်လို့ မေးမိတော့ အာဏာအတွက် ဆန္ဒ ရှိနေသူတွေကြောင့် သူ့အနေနဲ့ ဘာခံစားချက်မှ မရှိခဲ့သလို၊ ဘ၀နာခဲ့တဲ့ ကိုယ့်ဘ၀ကို မမေ့ခဲ့ဘူးလို့ ဆိုပါတယ်။ ဗမာစကား တလုံးမှ မတတ်တဲ့ ရှမ်းတိုင်းရင်းသား မိဘတွေက ဖွားမြင်ခဲ့တဲ့ သူဟာ ဗမာစကားသင်ပြီး ကျောင်းတက်ဖို့တောင် ခက်ခဲ ခဲ့ပါတယ်လို့ ပြောပြတယ်။ ဗမာစာ သင်ချိန်မှာ ကိုယ်ပိုင် တိုင်းရင်းသားစာပေကို မေ့သွားမှာစိုးတဲ့အတွက် မိဘ အရိုက် ခံခဲ့ရသေးတယ် ဆိုတဲ့အကြောင်း၊ ဗမာပြည်မှာ နေတဲ့ တိုင်းရင်းသား တယောက်ရဲ့ ဘ၀ခက်ခဲမှုက ဗမာတွေ ကလည်း တိုင်းရင်းသားကို လူထူးဆန်းလို့ တွေးသလို၊ တိုင်းရင်းသား အချင်းချင်း ကလည်း ဗမာဖြစ်ချင်သူလို့ မြင်တာမျိုးတွေ ရှိခဲ့၊ ကြုံခဲ့ရကြောင်း ဦးလွန်းမောင်က ဆိုပါတယ်။

စကားပြောနေရင်း ခရီးသည် ကားတစင်း ၀င်လာချိန်မှာတော့ ဦးလွန်းမောင်က စကားစ ခဏ ဖြတ်ပြီး စားပွဲ သွားထိုး နေပါတယ်။ စားပွဲဝိုင်းတ၀ိုင်းက အသက် ၄၀ ကျော် အမျိုးသားတဦးက ဦးလွန်းမောင်ဆီ ဦးတည်လာပြီး ကားရေဆေးဖို့ မေးမြန်း ချိန်မှာ သွက်လက်စွာနဲ့ နေရာပြပြီး သူ့လုပ်လက်စ စားပွဲဝိုင်းတွေဆီကို ထမင်းပန်ကန်တွေ ကိုယ်တိုင်ချပေးနေတုန်း နောက်ဘက် ၀ိုင်းက အမျိုးသမီးတဦးနဲ့ ဆိုင်က စားပွဲထိုး မိန်းကလေးတို့ စကားအချေအတင် ဖြစ်နေတဲ့ နေရာဆီ ဦးလွန်းမောင် သွားရောက် ဖြေရှင်း နေတာကို တွေ့ရပါတယ်။

“လာတဲ့သူ တချို့ကတော့ ကိုယ့်ကို သာမန်ဈေးသည် အနေနဲ့ ဆက်ဆံတာတွေ ရှိတယ်။ တော်တော်ကို မာနချနိုင်လို့ တော်တာ။ စော်ကား ခံရတာတွေ အရမ်းများတယ်၊ တော်တော် သည်းခံရတယ်။ ဟိုးတချိန် တုန်းက လုပ်ခဲ့တဲ့ ဗိုလ်ချုပ်တို့၊ စာရင်းစစ်ချုပ်တို့ ဒါတွေကို အကုန် မေ့လိုက်တော့မယ်၊ ငါ အခုဈေးသည်၊ ဒီလိုကို မနည်း ခံယူရတယ်။ ဒီထက်ဆိုးတဲ့ စော်ကားမှုတွေတောင် ရှိပါတယ်။ တခါတလေ ကိုယ့်ကို ကျွန် တယောက်လို ငေါက်ငမ်း သွားတာမျိုး တွေတောင် ရှိတယ်။ တချို့ကတော့ ကိုယ့်ဘက်က ကလေးတွေမှားတာ၊ တချို့ကျတော့ သက်သက် ပြဿနာ ရှာတာတွေ ရှိတယ်။ ဘာပြောပြော ကိုယ်ကပဲ သည်းခံလိုက်တယ်” လို့ ဦးလွန်းမောင်က ပြောပါတယ်။

နှစ် ၄၀ ကြာအောင် တိုင်းပြည် အုပ်ချုပ်ခဲ့တဲ့ စစ်တပ်က သြဇာရှိသူတွေထဲမှာ တယောက်အပါအဝင် ဖြစ်ခဲ့သူ တဦးအနေနဲ့ လက်ရှိ အခြေအနေအပေါ် ကြိုးစား လက်ခံနေပုံ ရပါတယ်။ ဦးလွန်းမောင်ကတော့ ဆိုင်မှာရှိနေတဲ့ ကလေးတသိုက်ကို ရယ်ရင်း မောရင်းနဲ့ တီဗီမှာလာနေတဲ့ ကိုရီးယားဇာတ်ကား “ကြာပန်းနီနီ” အကြောင်း ပြောပြနေဟန်က ခုနက ပြဿနာ ဖြစ်ထားတာကိုတောင် မေ့လျော့နေတဲ့ ပုံစံပါ။
“ကလေးတွေက ဒီနားက ခြေလျင်တပ်ရင်း ၈ က ကလေးတွေလည်း ရှိတယ်။ တနယ်တကြေးက လာလုပ်ကြတဲ့ သူတွေလည်း ရှိတယ်။ သူတို့လေးတွေက ကိုယ့် မြေးအရွယ်လေးတွေလေ။ မိန်းမက စနစ်ကြီးတော့ မိန်းမကို ပိုကြောက်ကြတယ်” လို့ ဦးလွန်းမောင်က ဆိုပါသေးတယ်။

စကားဆိုနေရင်း ခရီးသည်ကား နောက်ထပ် ၀င်မလာခင်မှာ ထမင်းစားဖို့ ပြင်ပေးဖို့ ဦးလွန်းမောင်က လှမ်းပြော လိုက်ပါတယ်။ ဒီအချိန်မှာ ၁၅၊ ၁၆ အရွယ် မိန်းကလေး တဦးက မြန်မာဘီယာ ခွက်ကို ဦးလွန်းမောင်ရှေ့ လာချပေးတာ မြင်တွေ့ရပါတယ်။

နာမည်ကျော် တံဆိပ်နဲ့ အရက်တွေ ပလူပျံနေတဲ့ ဧည့်ခံပွဲကြီးတွေမှာ ကျင်လည်ခဲ့ဖူးသူ၊ တချိန်က ဘေးကနေ ပြုစုချင်သူတွေ ဝိုင်းဝိုင်းလည်နေခဲ့ ဖူးသူ တဦးရဲ့ လက်ရှိ ထမင်းစားပွဲက ဘယ်လို ဖြစ်လေမလဲ ဆိုတာ အကဲခတ်နေစဉ်မှာပဲ မိန်းကလေးက ကြက်သား ခပ်ရွယ်ရွယ် ၂ တုံးပါတဲ့ ပန်းကန်လုံး တလုံး၊ ထမင်းပန်းကန်၊ ခရီးသည်တွေကို ချပေးတဲ့ သီးစုံပဲဟင်း၊ ကန်စွန်း ရွက်ကြော် တပန်းကန်တို့ကို လာချပေးတာ တွေ့လိုက်ရပါတယ်။

ဇွန်းနဲ့ ထမင်းခပ်နေတဲ့ ဦးလွန်းမောင်က သူ့ကို စူးစမ်းနေတာကို သတိထားမိတဲ့ အလား “ဟိုနေ့ တွေကတည်းက လာလာ ထိုင်နေတာ သတိထားမိတယ်။ ဧည့်သည်ပဲ ထင်နေတာ။ တရက်၊ နှစ်ရက်မက၊ ညကော နေ့ကော လာလာထိုင်နေတော့ ထူးဆန်းတယ်လို့ တွေးနေတာ၊ မိန်းမကိုတောင် ပြောနေတာ။ ဒါတွေကိုကော ရေးမှာလား” လို့ မေးခွန်းထုတ်ပါတယ်။

တိုင်းပြည်မှာ တာဝန်ကြီးကြီး ယူခဲ့သူ တဦးရဲ့ ကြိုမြင် အကဲခပ်နိုင်မှုကို သတိထားမိတယ်။
စာရင်းစစ်ချုပ် မဖြစ်ခင်ကတည်းက ဇနီးသည် ဦးဆောင်ဖွင့်ခဲ့ပြီး ၁၁ နှစ်ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ဒီအောင်ပြည့်စုံ ထမင်းဆိုင်ဟာ ဦးလွန်းမောင် လည်ပင်းကင်ဆာ ခံစားရချိန် သားသမီးတွေ ရှေ့ရေးအတွက် ကိုယ်မရှိချိန် ဘာလုပ်မလဲ ဆိုတဲ့ အတွေးနဲ့ ဇနီးသည် ဒေါ်မြမြစိန်က ဦးစီး ဖွင့်ခဲ့တာ ဖြစ်တယ်လို့ ဦးလွန်းမောင်က ဆိုပါတယ်။ အခုတော့ သူ့ရဲ့ လည်ပင်း ကင်ဆာ ရောဂါကို ကုသခဲ့ပြီးလို့ ရောဂါ မရှိတော့ဘူးလို့ သိရပါတယ်။

ဦးလွန်းမောင် ဗိုလ်ချုပ်ဘ၀ ကတည်းက နိုင်ငံတော် ဧည့်ခံပွဲ တော်တော်များများမှာ ဇနီးသည်နဲ့အတူ တက်ရောက်မှု နည်းတယ်လို့ ကြားဖူးလို့ မေးကြည့်တော့ ဦးလွန်းမောင်က “ဇနီးက ၁၉၇၀ လောက်ကတည်းက ယူထားတဲ့ဇနီး၊ ငယ်ပေါင်းပါ။ စိတ်ကလည်း ကိုယ်နဲ့ တထပ်တည်းကျတဲ့ လူဆိုတော့ အရင်ကတည်းက ကတော်အသိုင်းအ၀ိုင်းမှာ သိပ်မတွေ့ဘူး။ ဦးသန်းရွှေတို့၊ သူရ ဦးရွှေမန်းတို့ဆိုရင် ခဏခဏ မေးတယ်။ ဘယ်ပွဲမှာမှ မတက်တော့ မေးရင် ပထမတော့ ဖြီးရတာပေါ့။ နောက်တော့ မတတ်နိုင်တော့ဘူး။ သူက အနေအေးတာထက် အဲဒီလို ဘ၀မျိုးကို မနှစ်သက်တာ။ ကိုယ့်မိန်းမအကြောင်း ကိုယ်ပဲ သိတာပေါ့။ သူက ပွင့်ပွင့်ဘွင်းဘွင်း နေတာမျိုး။ ဆိုင်စဖွင့်ပြီဆိုတော့ ဒီထဲမှာပဲ ဆိုင်က ကလေးတွေနဲ့ ပျော်နေရတာ ကြိုက်တဲ့လူမျိုး။ ဟိတ်ဟန်တွေနဲ့ မနေတတ်ခဲ့ဘူး။ ဒီတော့ ပွဲတော်တော်များများ မတတ်ဘူး” လို့ ရှင်းပြပါတယ်။

အရင် စစ်စာရင်းစစ်ချုပ်ရုံးမှာ လုပ်ခဲ့ပြီး အငြိမ်းစားယူခဲ့တဲ့ အရာထမ်းဟောင်း တဦးကလည်း ဦးလွန်းမောင် ဇနီးဟာ တကယ်ပဲ ဟိတ်ဟန် ထုတ်တဲ့သူမျိုး မဟုတ်ဘူးလို့ ပြောခဲ့ဖူးပါတယ်။
“ဦးလွန်းမောင်ထက် သူ့မိန်းမက ပိုပြီး အနေအေးတယ် ပြောရမယ်။ သူက တခြားကတော်တွေလို ပြင်ပြင်ဆင်ဆင် မနေဘူး။ ဟိတ်ဟန်လည်း မရှိဘူး။ ဘွင်းဘွင်းပဲ။ တပ်ထဲမှာ ဒု တပ်ရင်းမှူး ကတော်တွေ၊ တပ်ရင်းမှူး ကတော်တွေ ဟိတ်ဟန်နဲ့ နေတယ်၊ သူက အဲဒီလို မဟုတ်ဘူး။ သစ်ပင်စိုက်လိုက်၊ ဟိုဟာလေး ဒီဟာလေး လုပ်လိုက်။ ကြည့်လိုက်ရင် ဘယ်သူမှ သူ့ကို ဗိုလ်ချုပ် ကတော် တယောက်လို့ မထင်ဘူး” လို့ အဲဒီ အရာထမ်းဟောင်းက ဆိုပါတယ်။

စကားပြောလိုက်၊ ခရီးသည် ဝင်လာရင် အလုပ်ထလုပ်လိုက်နဲ့ မအားရတဲ့ ဦးလွန်းမောင်ရဲ့ ဆိုင်ရှေ့ ခရီးသည်တင် ကားတစီး လာရောက်ရပ်နားပါတယ်။ အဲဒီမှာ ဦးလွန်းမောင်က ခပ်သွက်သွက် ဆိုင်ပြင်ထွက်ပြီး ရေပိုက်ကို ကားဆရာ လက်ထဲ ထည့်နေတာ မြင်ရပါတယ်။
တဖြည်းဖြည်းနဲ့ ညဥ့်လည်း နက်လာပါပြီ။ ဒီဆိုင်ထဲမှာပဲ သူတို့ မိသားစုတစုလုံး နေကြတယ်လို့ သိရတယ်။ သစ်သားကွပ်ပြစ် တခုပေါ် သာမန် မွေ့ယာပါးလေး ခင်းထားတဲ့ အိပ်ရာလေးက သူ့ဇနီးသည်ရဲ့ အိပ်စရာနေရာလို့ သူက ဆိုပါတယ်။

“သူက ကလေးတွေနဲ့ အတူတူ အိပ်တယ်လေ။ ကလေးတွေက ဆိုင်စားပွဲဆက် အိပ်တယ်။ ကိုယ်က အနောက်ဘက်မှာ အိပ်တယ်” လို့ ဦးလွန်းမောင်က ပြောပါတယ်။
သူ့မှာ သားနှစ်ယောက်၊ သမီးတယောက် ရှိပြီး သားတဦး ကတော့ ဘီလင်းမြို့ထဲမှာ နာရေးပရဟိတတွေ လုပ်သလို ရော်ဘာခြံ စိုက်ပျိုးရေးအပိုင်း ကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ကျန်တဲ့ သားနဲ့ သမီးကတော့ နေပြည်တော်မှာ ကိုယ်စီ နိုင်ငံ့ဝန်ထမ်း အဖြစ် အလုပ်လုပ်နေ ကြပါတယ်။
လက်တွေ့ ဘ၀မှာတော့ အေးချမ်းနေပါတယ်လို့ ဆိုတဲ့ ဦးလွန်းမောင်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်လို ပုံစံနဲ့မှ ၀င်ရောက်ဖို့ မရှိဘူးလို့ ပြောပါတယ်။

“တိုက်ပုံ ဘယ်တော့မှ မ၀တ်တော့ဘူး” လို့ ပြတ်ပြတ်သားသား ဆိုအပြီး မှာတော့ ဦးလွန်းမောင်ဟာ သူ့ရဲ့ ငွေသိမ်းကောင်တာ ဘက်ကို ခပ်သွက်သွက် လျှောက်သွား ပါတော့တယ်။


Ref: http://burma.irrawaddy.org/archives/39869

Tuesday, 14 May 2013

မုန်တိုင်း အန္တရာယ် ခြိမ်းခြောက်လာပါက

Ref: http://www.facebook.com/info.mrcs

ခွင့်ပြုချက်မဲ့ တစ်ကိုယ်တော် ဆန္ခပြလို့ အရေးယူခံရတဲ့ လှည်းကူးသားကြီးတစ်ယောက်


၇.၅.၂၀၁၃ ရက်နေ့ (၁၀၁၀)အချိန် ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့၌ ဦးခင်ငွေ၊ (၆၇)နှစ်၊ (ဘ)ဦးသန်းမောင်၊ တောင်သူ၊ ကလီထော်ရွာ၊ လှည်းကူးမြို့နယ်သည် “ လယ်သမားတွေ ဘ၀မှန်ကို ကွင်းဆင်း စစ်ဆေးပါ …. လယ်သမားအစစ်များနဲ့ မေးပါ … ” လယ်သမားအတွက် ထာဝရ အသက်ပေးလှူလျက် ဆိုင်းဘုတ်ကို လည်ပင်းတွင် ဆွဲလျက် ခွင့်ပြုချက်တင်ပြခြင်းမရှိဘဲ ဆန္ခဖော်ထုတ်သဖြင့် ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ဥပဒေပုဒ်မ ၁၈ အရ အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်း ရရှိပါသည်။

မှ-ရန်ကုန်တိုင်းရဲဖေ့ဘွတ်

Monday, 13 May 2013

သက်ဆိုင်သူကြားစေဖို့ “မဟာဆန်သူက ပေးတဲ့ဝေဒနာ။” မောင်ထွန်းလွင် (မိုးလေ၀သ)


အချစ်ရေ
မင်းပြန်သွားပြီးကတည်းက
တံခါးကို အသာခေါက်ပါလို့
ဧည့်သည်တစ်ယောက် ရောက်လာတယ်။
လူခြေတိတ်ချိန်
အများအိပ်ချိန်မှ
ကိုဧည့်သည်
လာပုံထူးတာကြောင့်
မင်းဘယ်သူတုံးလို့
မောင်ကမေးတော့…
ကိုဧည့်သည်ဖြေပုံ
တကယ်ထူးတယ်ကွယ်
“အလွမ်း” တဲ့ လေး။

မောင်ထွန်းလွင် (မိုးလေ၀သ)

(၀န်ခံချက်။ မဟာဆန်သူကြောင့် လူပမ်းလူပမ်းဖြစ်နေရတာလေး ပြေပျောက်လို ပြေပျောက်ငြား
ရေးမိတဲ့ စာတိုလေးပါ။) (သက်ဆိုင်သူကြားစေဖို့ပေါ့ဗျာ)

ဒီနေရာမှာDr. Tun Lwin (MCCW)တင်ပြတဲ့မုန်တိုင်းသတင်းသွားရောက်လေ့လာဖတ်ရူနိုင်ပါတယ်
https://www.facebook.com/tunlwin48
from:
Popular Journal

Thursday, 2 May 2013

လှည်းကူးမြို့နယ်တွင် ယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်ပွား

နေပြည်တော်၊ မေ ၁
၂၉-၄-၂၀၁၃ ရက်နေ့ ၁၅၀၅ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးရွာလယ်ပိုင်းကျေးရွာ၊ ပဲခူး-ရန်ကုန်လမ်းမကြီး မိုင်တိုင်အမှတ်(၅/၃)ပဲခူးဘက်မှ သာကေတမြို့နယ်၊ (၃)ရပ်ကွက်နေ တင်ဝင်း(၃၃)နှစ် မောင်းနှင်သော ၆ဂ/xxxx ဟိုက်အေ့စ် အပြာရောင်မှန်လုံယာဉ်မှာ တိုက်ရော့ပြုတ်၍ လမ်းယာဘက်ဘေးရှိ ခရီးသည်တင်ရန် ရပ်စောင့်နေ သည့် လှည်းကူးမြို့နယ်၊ ဈေးကြီးရပ်ကွက်နေ ခင်စိုး(၄၇)နှစ်မောင်းနှင်သော ခရီးသည်(၂၀)ဦးခန့် တင်ဆောင်သည့် လှည်းကူး-လသာ အမှတ်(၁၃၅)လိုင်းမှ ၂ခ/xxxx ဟိုင်းလတ်ယာဉ်အား နောက်မှ ၀င်တိုက်မိရာ ဟိုင်းလတ်ယာဉ်မှာ ရှေ့တွင်ရပ်ထားသည့် လှည်းကူးမြို့နယ်၊ ကဒစ်ကျေးရွာနေ ကျော်ဦး(၄၀)နှစ် မောင်းနှင်သော ယ/xxxx တီအီး အညိုရောင် အုတ်ခဲတင်ယာဉ်အား ထပ်ဆင့်တိုက်မှုဖြစ်ပွားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ၆ဂ/xxxx ဟိုက်အေ့စ်ယာဉ်မောင်း တင်ဝင်းနှင့် ယာဉ်ပေါ်ပါ တရုတ်နိုင်ငံသား(၁၂)ဦးအနက် တရုတ်နိုင်ငံသား မ(၂)ဦး၊ ၂ခ/xxxx ယာဉ်ပေါ်ပါ ခရီးသည် ဇော်ကိုလတ်(၃၀)နှစ်ပါ ကျား(၆)ဦး၊ မ(၁၀)ဦး၊ စုစုပေါင်း(၁၉)ဦးတို့အား ၁၆၀၀ အချိန်တွင် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ထားပြီး ယာဉ်မောင်း တင်ဝင်းအား လှည်းကူးရဲစခန်း(ပ)၁၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၂၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
 
Ref: ရဲဇာနည်facebook