၂ဝဝ၉ ခုနှစ် မတ်လ ၂၇ ရက် မှာတော့ မိုက်ကယ်ဆုံးတာ ၁ဝ နှစ် ပြည့်နေ့မို့ ကျွန်မက အဲဒီအကြောင်းတွေကို ပြန်တွေးနေ မိပါတယ်။ မိုက်ကယ်နဲ့ ဖက်စ်အားဖြင့် အပြန်အလှန် ဆက်သွယ်ခဲ့ကြဖူးတာမို့ အဲဒီစာရွက်တွေကို ပြန်ရှာဖတ်မယ် လို့လည်း တွေးဖြစ်ပါတယ်။ ကျွန်မတို့အိမ်က ဖက်စ်ဟာ ၁၉၉ဝ ခုနှစ်လောက်က ရှေးဟောင်း ဒီဇိုင်းမို့ စာရွက်လိပ်တွေ အနေနဲ့သိမ်းထားဖြစ်ပါတယ်။
မိုက်ကယ့်စာတွေ အားလုံးက စီပီယာ ရောင် ပြောင်းနေ ပြီ ဖြစ်သလို စကားလုံးတွေကလည်း မှိန်ပြီး ပျောက်သလောက် ဖြစ်နေပါပြီ။ ကျွန်မလည်း အဲဒီစာရွက်လိပ် တွေကို ယူကာ စတိုးဆိုင်ဆီပြေးပြီး ကော်ပီပြန်ကူး လိုက်ပါတယ်။ ဖြစ်ချင်တော့ တချို့က ဘယ်လိုမှ ဖတ်လို့ မရတော့ပါဘူး။ အကောင်းဆုံး ပြန်ရတဲ့ စာကတော့ နေအိမ် အကျယ်ချုပ် ကျနေစဉ်က စု ရေးပို့လိုက်တဲ့ စာတစ်စောင်ပဲ ဖြစ်ပါတယ်။ ကျွန်မက အဲဒီစာကို မေ့နေခဲ့တာမို့ ကိုယ့်ကိုယ်ကို မိုက်လိုက်လေလို့ တွေးမိပါ တယ်။ မိုက်ကယ် ကွယ်လွန်တဲ့ နှစ်ပတ်လည်နေ့မှာ သူ့ကို သတိရမိ လွမ်းမိတော့မှပဲ ဒီစာကို သတိရတာပါ။ မိုက်ကယ်က ကျွန်မကို ကျေးဇူးတင်တဲ့ အနေနဲ့ စုရဲ့စာကို ပေးခဲ့တာ မဟုတ်လား။ ကျေးဇူးပဲ မိုက်ကယ်ရေ။
စာမှာ တပ်ထားတဲ့ ရက်စွဲက ၁၉၉၅ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်ပါ။ စု နေအိမ် အကျယ်ချုပ်က မလွတ်သေးချိန် ပေါ့။ ဒီစာကို မိုက်ကယ် ဘယ်လိုပို့ခဲ့တယ် ဆိုတာ သေချာမသိပေမယ့် ဖက်စ်ကို တစ်ယောက်ယောက်ဆီက ငှားပြီးပို့ခဲ့တယ် ထင်ပါတယ်။ မိုက်ကယ်တို့ သားအဖနဲ့ ခရစ်စမတ် ပိတ်ရက် အတူနေလိုက်ရတဲ့အတွက် ဝမ်းသာတဲ့ အကြောင်း ရေးထားတဲ့ စုရဲ့စာ ပါပဲ။
တကယ်တော့ ဒီစာက ညီမငယ် တစ်ယောက်က အစ်မကြီး တစ်ယောက်ဆီရေးတဲ့ အိမ်ရှင်မ တစ်ယောက်ရဲ့ လက်ရေး အဖြစ် မဟုတ်ဘဲ နိုင်ငံရေးသမားတစ်ဦးရဲ့ သိက္ခာတွေ ပါနေတဲ့ မင်္ဂလာစာ တစ်စောင်အဖြစ် ပြန်ပြီး ဖော်ပြချင် ပါတယ်။ စုရေ…. ရှင် ကျွန်မကို ခွင့်ပြုပါနော်။ ရှင့်ရဲ့ လူထုအတွက် ရှင့်စာကို ဖော်ပြလိုက်ပါတယ်။
၁၃-ဝ၁-၁၉၉၅ ဝ၇း၅၉
သို့ ၁၃၁-…..ဝ၁ဝ၈၁၇
စာ-ဝ၁
ဖက်စ်/ဖုန်း ဝ၁ဝ-၈၁-၇၇၅-၉၄-၁၅၁၆
သီးသန့်လျှို့ဝှက်
ချစ်ခင်ရတဲ့ နိုရီကို
မကြာသေးခင်က ဘီဘီစီမှာ လွှင့်သွားတာ ကြားလိုက်ရတာက ဂျပန်မှာ ၁၉၉၅ ခုနှစ် ကို ရောက် သွားပြီတဲ့။ ရှင့်ကို မင်္ဂလာနှစ်သစ် လို့ နှုတ်ဆက်လိုက်ပါတယ်။ ရှင်နဲ့ အို့စုဆန်တို့ နှစ်ယောက် ကင်ဆာ ပြဿနာကြောင့် ဖြတ်သန်းရတဲ့ စိတ်ပင်ပန်းမှုတွေ ကြားကပဲ ၁၉၉၅ ဟာ ပျော်စရာ နှစ် သစ်တစ်ခု ဖြစ်ပါစေလို့ ကျွန်မ ဆုတောင်း လိုက်ပါတယ်။
ဒီနေ့ညနေမှာ မိုက်ကယ်နဲ့ ကင်မ်က ရွှေတိဂုံဘုရားကို သွားကြတယ်လေ။ ပြီးတော့ ဗုဒ္ဓရုပ် ပွားတော် တစ်ဆူကို ရှင့်အတွက် ဝယ်လာခဲ့ကြပါတယ်။ သူတို့က ဒီဇန်နဝါရီလကုန် အောက်စ ဖို့ဒ်ကို ပြန်ရောက်ပြီး မကြာခင်မှာပဲ ရှင်နဲ့ အို့စုဆန်တို့ အဲဒီကို အလည်လာနိုင်ကြမယ် လို့ မျှော်လင့်နေကြတယ်။ ကင်မ်က မနက်ဖြန်ပြန်လိမ့်မယ်။ အလက်ဇန္ဒားကတော့ ၂၉ ရက်က တည်းက ပြန်သွားခဲ့ပြီ။ နိုရီကိုရေ ရှင် စိတ်ရော ကိုယ်ပါ အားလုံး ကျန်းမာမှ ဖြစ်မယ်နော်။ ကျွန်မကို လာတွေ့မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ် ချက်ကိုလည်း ထိမ်းသိမ်းထားရမယ်နော်။ ကျွန်မက ရှင့်အကြောင်း တွေးနေမှာ ဖြစ်သလို ရှင့်ဝေဒနာအတွက်လည်း မေတ္တာတွေ ပို့ပေးနေမှာပါ။ စိတ်ထဲမကောင်း ဖြစ်မနေပါနဲ့နော်။ ကျွန်မတို့အတူတူ တွေ့ကြရင် ပျော်စရာ ရယ်စရာတွေ ဖြစ် မယ့်အကြောင်းကို တွေးပါနော်။
ဒီလိုအချိန်မှာ ကျွန်မကတော့ ရှင်တို့နဲ့အတူ ဂျပန်ဒေသခံနေရာ တချို့ကို သွားလည်ခဲ့တဲ့ ညတွေကို သတိရ နေမိတယ်။ ပြီးတော့ အို့စုဆန်က ရှင်စားမယ့် အိုမိုချီတွေကို ကင်တဲ့အခါ အဆင်မပြေဖြစ်ခဲ့တာ ကိုလည်း သတိရနေတာပဲ။ (မီးကျွမ်း သွားပေမယ့် စားလို့တော့ ကောင်း သားနော်) အခုအချိန်ကတော့ မျှော်လင့်ချက် တွေရယ်၊ ပြန်လည် ဆန်းသစ်မှုရယ် ရှိသင့် ချိန်ပေါ့။ ကျွန်မတို့ အားလုံး သတ္တိနဲ့ စိတ်ဓာတ်ခိုင်မာဖို့ လိုအပ်တဲ့ အချိန်လေ။
ရှင်နဲ့ အို့စုဆန်တို့ကို ချစ်ခင်စွာဖြင့်
စု
အောက်စ်ဖို့ဒ်ကို ပြန်ရောက်တာ နဲ့ ကျွန်တော် အမြန်ဆုံး ဆက်သွယ်ပါမယ်။
ချစ်ခင်မှုများဖြင့်
မိုက်ကယ်
စာရဲ့ အောက်ဆုံးမှာတော့ မိုက်ကယ်က လက်မှတ် ရေးထိုး ထားပါတယ်။ စုရယ် ဘယ်လောက်တောင် စိတ်စွမ်း အား ပြင်းထန်ပါလိမ့်။ ရှင့်နိုင်ငံအတွက် ဒီမိုကရေစီ မျှော်လင့်ချက်တွေကို စွမ်းဆောင် လာနိုင်မယ့် သူပဲ။ သတ္တိနဲ့ စိတ်ပိုင်းဖြတ်မှုတွေကို ရှေ့တစ်လှမ်း တိုးကာ ဆင်းရဲမွဲတေမှုနဲ့ အဆင်မပြေမှုတွေကို ကျော်လွှားနိုင် အောင် သူက စွမ်းနိုင်မယ်လို့ ကျွန်မ ယုံလိုက်ပါတယ်။
စုရဲ့စာထဲကအတိုင်း ကျွန်မကို ကင်မ်က စန္ဒကူးသားနဲ့ ထုထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ပေးအပ်ပါတယ်။
ပြီးတော့ ဝင့်ဝင့်ကြွားကြွားပဲ “ဒယ်ဒီက ပိုကြီးတဲ့ ရုပ်ပွားတော်ကို ဝယ်ဖို့ ပြောပေမယ့် သားက အန်တီနိုရီကိုက ဒီရုပ်ပွားတော်ကို ကြိုက်မှာ သေချာတယ်လို့ ပြောခဲ့တာ” ဆိုပြီးပြောကာ ပေးခဲ့တာပါ။ ကင်မ်က တကယ်တမ်း မှာ စကားများများ ပြောလေ့ ရှိသူ မဟုတ်တော့ သူက အခုလို သေချာ တွေးတောပြီး ဝယ်လာပေးတဲ့ လက်ဆောင် အပေါ် ကျွန်မက စိတ်လှုပ်ရှားစွာပဲ လက်ခံဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ချစ်စရာ ကောင်းပုံကလည်း ကျွန်မကို ကိုင်လှုပ်လိုက်သလို စိတ်ထဲ ကျေနပ်မိပါတယ်။ အဲဒါကြောင့်ပဲ စုရဲ့စာကို ဘယ်ထဲသိမ်းလိုက်မိမှန်း မသိလောက်အောင် မေ့သွားခဲ့တာပါ။
ဗုဒ္ဓရုပ်ပွားတော်ရဲ့ ကြည်ညိုဖွယ် အဆင်းကိုကြည့်ပြီး ကျွန်မကတော့ သူတို့မိသားစု အကြောင်း ပြန်အောက်မေ့နေ ခဲ့ပါတယ်။ ဒီစာကို ရေးပြီး လေးနှစ်အကြာမှာ စုရဲ့ ခင်ပွန်းမိုက်ကယ် ကွယ်လွန်ခဲ့ပါပြီ။ ကင်မ်က မိုက်ကယ် ဆုံးတာကို လက်ခံလို့ မရလောက်အောင် စိတ်တွေ ပြိုကွဲထိခိုက် ခဲ့ရပါတယ်။ မိသားစုတွေကိုလည်း သူ စိတ်ထဲ မတွေ့တော့ ပါဘူး။မိုက်ကယ်ရဲ့အမြွာ ညီအစ်ကို ဖြစ်တဲ့ အန်ထော်နီကိုလည်း သူက ပြဿနာရှာလာပါတယ်။ အန်ထော်နီက မိုက်ကယ်နဲ့ အသံရော ရုပ်ရော တူတာ ဆိုတော့ အန်ထော်နီက ရှိနေပြီး မိုက်ကယ်က ဘာလို့ မရှိရတာလဲဆိုကာ ပြဿနာ ရှာတာမျိုးပါ။ သူက အန်ထော်နီ့ ပေါ်မှာပဲ ပေါက်ကွဲတာမျိုးပေါ့။ တကယ်တော့ အန်ထော်နီ့ မှာလည်း မိုက်ကယ့် ကွယ်လွန်မှု အပေါ် အဲဒီလိုပဲ ခံစားရရှာတော့ ကင်မ့်ကို ဘာမှပြန်မပြောဘဲ ခံစားချက်တွေကို တိတ်တဆိတ် မျှဝေလက်ခံပေး ခဲ့ပါတယ်။ ကျွန်မလည်း အတတ်နိုင်ဆုံးတော့ ကင့်မ်ကို ဖေးမ ပေးခဲ့တာပါပဲ။ ကျွန်မက ဘာပဲချက်ချက် ကင့်မ်အတွက်လို့ ပြောပြီး တခြားသူတွေ ထက်အရင် ကင့်မ်ကို ကျွေးခဲ့ ပါတယ်။ တကယ်တော့ သနားစရာကောင်းတဲ့ ကင်မ်ကလေးဟာ သူ့အဖေရဲ့ နောက်ဆုံး အချိန် နှစ်လလောက် အတွင်းမှာ အဖေ့ကို ပြုစုနေရတာနဲ့ပဲ ထမင်းဟင်းတောင် ကောင်းကောင်း ကန်းကန်း စားဖြစ်ခဲ့ပုံ မရရှာပါဘူး။
ကင်မ်က သူ့စိတ်တွေ တည်ငြိမ်နေတဲ့ တစ်ချိန်မှာတော့ ကောက်ခါငင်ခါ မေးချလိုက်ပါတယ်။ “အန်တီ နိုရီကို၊ အဲဒီဗုဒ္ဓ ရုပ်ပွားတော်လေး အခုထက်ထိ ရှိနေသေးလား”လို့ ပေါ့။ ကျွန်မက သူ့ကို ပွေ့ဖက်လိုက်ကာ “ရှိတာ ပေါ့ကွယ်။ ဒါက အန်တီ့ရဲ့ ရတနာ တစ်ပါးပဲဟာ” လို့ ဖြေခဲ့ပါတယ်။ တကယ်တော့ အသက် ၁ဝ နှစ်အရွယ် ကတည်းက မိခင်ရဲ့ ပြု စုစောင့်ရှောက်မှုကို မရခဲ့တဲ့ ကလေးတစ်ယောက်ရဲ့ ဝမ်းနည်းစိတ်တွေကပဲ သူ့ကို ဒေါသတွေ အဖြစ် ပေါက်ကွဲစေခဲ့တာပါ။
ဆက်လက်ဖော်ပြပါမည်။
မသီတာ-စမ်းချောင်း
No comments:
Post a Comment