
၁၉၈ဝ ခုနှစ်က အောက်စဖို့ဒ်တွင် အပြည်ပြည်ဆိုင်ရာ ပညာရှငအချို့နှင့်အတူ တွေ့ရသည့် နိုရီကိုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစု
“နိုရီကို၊ အစကတည်းက ဒီလို နေ့မျိုး တစ်နေ့တော့ ရောက်လာမယ် ဆိုတာ ကျွန်တော်သိနေပါတယ်။ မြန်မာလူထုက သူ့ကို လိုအပ်လာတဲ့အခါ ကျွန်တော်က အဲဒီလမ်းကို မပိတ်ပင်ပါဘူးလို့ စုကို ကတိပေးခဲ့ တာပါ”လို့ မိုက်ကယ်က ပြောပါတယ်။
ကျွန်မက ဝမ်းနည်းသွားပါတယ်။ မိုက်ကယ်က စုကို ဇနီးမယား တစ်ယောက်အနေနဲ့ ထိန်းချုပ်ဖို့ မကြိုးစားတာ ကို သိရတဲ့ အတွက်လည်း သူ့ရဲ့ သဘောထားကြီးမှုကို လေးစား အထင်ကြီးမိပါတယ်။ အခုအချိန်ထိတော့ မိုက်ကယ်ဟာ အတ္တကြီးတဲ့ အချစ်စိတ်ကမ္ဘာ ထဲကနေ အသွင်ပြောင်းလာခဲ့ပြီပေါ့။ ကျွန်မကတော့ မိုက်ကယ် ဟာ စုအတွက် အစောင့်အရှောက် နတ်တစ်ပါးလို သူ့ကိုယ်သူ ပြောင်းလဲနေတာကို မြင်လိုက်ရသလိုပါပဲ။
ကျွန်မတို့တတွေ ပထမဆုံးအကြိမ် နိုင်ငံခြားကို သွားတဲ့အခါ အရာရာဟာ သဘောကျစရာတွေ ချည်းမို့ မတွေး မမြင်နိုင်လောက် အောင်ဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့် အပြင်မှာ ကြာကြာနေ တဲ့အခါမှာတော့ အဲဒီလူ့အဖွဲ့ အစည်းရဲ့အပြစ်ကလေးတွေကို သတိပြုမိ လာတတ်ပါတယ်။ တစ်စစနဲ့ကိုယ့်အမိမြေက ပန်းတွေက ပိုလှတယ် လို့ ပြန်တွေးမိ လာတော့တာပေါ့။ အဲဒီအခါမှာတော့ ကျွန်မတို့ဟာ ဘယ်လောက်အထိ နိုင်ငံစွဲ၊ အမျိုးသားရေး စိတ်ရှိတယ်ဆိုတာမျိုး ပြန်မြင်လာပါတယ်။ စုမှာလည်း ကောင်းမွန်တဲ့ အမျိုးသားရေး စိတ်ဓာတ် ရှိနေတာကို ကျွန်မခံစားမိပါတယ်။
အဲဒီစိတ်ကြောင့်ပဲ မြန်မာပြည်မှာ သူ့ဘဝကို မြှုပ်နှံလိုက်တာပါ။ သူက မြန်မာအဝတ်အစားတွေကို တမြတ်တနိုး ဝတ်လေ့ရှိသလို မြန်မာပြည် အကြောင်း မကောင်းလည်း မပြောတတ်ပါဘူး။ ဘာပဲပြောပြော မြန်မာပြည် အကြောင်းကိုလည်း ထည့်ပြောတတ်လေရဲ့လေ။
ဒါပေမယ့် စုက သူ့ရဲ့ မြန်မာနိုင်ငံသား ဘဝကို ထိန်းသိမ်းထား နိုင်ခဲ့ရုံသာမက သားနှစ်ယောက် ကိုပါ မြန်မာပတ်စ်ပို့တ် ကိုင်ထားတာကို ခွင့်ပြုခဲ့တဲ့ မိုက်ကယ့် မိသားစုကိုလည်း ကျေးဇူးတင် နေမိပါတယ်။ ဒီလို အဆုံးအဖြတ်ကလည်း အင်္ဂလန် နဲ့ အင်္ဂလိပ်တွေရဲ့ ပုံရိပ်ပဲ ဖြစ်မယ် ထင်ပါတယ်။ အင်္ဂလန်ဟာ စီးပွားရေးအရ ဩဇာမကြီးတော့ပေမယ့် သူ့ရဲ့ သိက္ခာအရတော့ ကမ္ဘာမှာ ကောင်းကောင်းကြီး ရပ်တည်နိုင်နေတာ အဲဒီလို သဘောထားမျိုးတွေ အတွက် ဖြစ်ပါလိမ့်မယ်။
နေအိမ် အကျယ်ချုပ်ကြောင့် သံမဏိ နိုင်ငံရေးသမား ဖြစ်လာတဲ့ စု
(ဒီအခန်းငယ်ရဲ့ အစပိုင်းမှာတော့ ၁၉၈၈-၈၉ ခုနှစ်က မြန်မာ့ နိုင်ငံရေး ဖြစ်စဉ်အချို့ကို ပြန်ရေးပြထား တာသာ ဖြစ်ပါတယ်။ မြန်မာ မဟုတ်တဲ့ စာဖတ်ပရိသတ်ကို သိစေချင်တဲ့သဘော အကြမ်းဖျဉ်းပဲ ရေးထားတာမို့ ချန်လှပ်ထားခဲ့ပါတယ်။ ဘာသာပြန်သူ)
၁၉၈၉ ဇူလိုင် ၂ဝ မှာ စု နေအိမ် အကျယ်ချုပ် ကျတော့ ကလေးတွေက နွေရာသီ ကျောင်းပိတ်ရက်မို့ သူနဲ့ အတူ ရှိနေကြချိန်ပါ။ စုက သူ့ခြံထဲကနေ ထောင်ကို ခေါ်သွားခံရတဲ့ ပါတီဝင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေ နည်းတူ သူ့ကို ထောင်ကို ခေါ်သွားဖို့ အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။ အဲဒီအဖြစ်ကို မိုက်ကယ်နဲ့ သားနှစ်ယောက်က တွေ့မြင်ခဲ့ရတာပေါ့။ သူ့လူတွေကို ထောင်ထဲမှာ ကောင်းကောင်းမွန်မွန် ထားပါ့မယ်လို့ ကတိရတော့မှ စုက အစာ ပြန်စားတာမို့ စုစုပေါင်း ၁၁ ရက် အစာ မစားခဲ့ပါဘူး။
အဲဒီနောက်ပိုင်း မိုက်ကယ်နဲ့ ကလေးတွေ အင်္ဂလန်ကို ပြန်လာခဲ့ရပြီးနောက် ၂ နှစ်နဲ့ ၄ လလုံးလုံး စုအိမ်က ဖုန်းလည်း အဖြတ်ခံရကာ မိသားစုဆီက စာလည်း လက်ခံခွင့် မရှိခဲ့တာမို့ အဆက်အသွယ် အားလုံးပြတ် တောက်ခဲ့ ရပြန်ပါတယ်။ မိုက်ကယ့် အပြောအရတော့ စုက နေအိမ်ဝင်းထဲက ပန်းခြံထဲဆင်းပြီး နေစာလှုံချင် လို့တောင် မရခဲ့ပါဘူး။ စုက ငွေရေးကြေးရေး အကျပ်အတည်း ရှိခဲ့ပေမယ့် အိမ်က ပရိဘောဂ အဟောင်းတွေ ရောင်းပြီး အဆင်ပြေအောင် နေခဲ့ပါတယ်။ ကျွန်မ ထပ်ကြားခဲ့ဖူး တာကတော့ စုအိမ်က အဖော်မိန်းကလေး ဈေးဝယ်သွားရင်လည်း ဆိုင်ရှင်တချို့က ငွေမယူလိုက်ကြဘူး ဆိုတာပါပဲ။ စုကိုယ်တိုင်က ဘဝကို ရိုးရိုးနဲ့ ခြိုးခြိုးခြံခြံ နေချင်တော့ သူ့ငွေရေး ကြေးရေး ပြသနာကို သူ့ဘာသာ လိမ္မာပါးနပ်စွာ ဖြေရှင်းနိုင်ခဲ့တယ် လို့ ကျွန်မလည်း ယုံကြည်ပါတယ်။
စုက ကိုယ့်ကိုယ်ကို ထိန်းချုပ်တဲ့နေရာမှာ အစွမ်းထူးရှိသူလို့ ဆိုရမှာပါ။ သူ့ဘဝကိုသူ စည်းကမ်းနဲ့ မောင်းနှင် သူလည်း ဖြစ်ပါတယ်။ ဒီတော့ နေအိမ်အကျယ်ချုပ်ဆိုတာ သူ့အတွက် သိပ်ခက်ခဲခဲ့ပုံ မရပါဘူး။ ဒါမှမဟုတ် စစ်အစိုးရ အနေနဲ့ သူ့ကိုယ်သူ ပြန်လည် ပြင်ဆင်မွမ်းမံဖို့ အခွင့်အရေးထူးကြီးကို မထင်မှတ်ဘဲ ပေးခဲ့တယ် လို့လည်း ဆိုနိုင်မလားပဲ။ စုကတော့ စာတွေ လှိမ့်ဖတ်ခဲ့ပါတယ်။ စာဖတ်ရတာကို သူက အပျော်ဆုံးပဲကိုး။ တရား အားထုတ်မှုနဲ့ စာဖတ်ခြင်းကလည်း သူ့ကို ကိုယ်ပိုင် နိုင်ငံရေးအတွေးအခေါ်တွေ ရလာစေခဲ့ပါတယ်။ ဒါ့အပြင် နေအိမ် အကျယ်ချုပ်ရဲ့ အသီးအပွင့်ကတော့ “ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ခြင်း” ပဲ ဖြစ်ပါတယ်။ သားတွေကို မစောင့်ရှောက်နိုင်၊ မိသားစုဘဝကို မပျော်ပိုက်နိုင်ဘဲ အထီးကျန်ကာလ ခြောက်နှစ်ကို ဖြတ်သန်း လိုက်ရတဲ့ အတွက် စုဟာ သံမဏိလို မာကျောတဲ့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်လာရပါတော့တယ်။
ရှင့်ရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ် စု
ကျွန်မဆီ မိုက်ကယ်က တစ်ဆင့် ပေးပို့လာတဲ့ စုရဲ့ စာတစ်စောင် ရှိခဲ့ဖူးပါတယ်။ စုက ၁၉၉၅ ခုနှစ် နှစ်သစ်ကူး အနေနဲ့ ဘီဘီစီအင်တာဗျူး တစ်ခုမှာ ပျော်ရွှင်စရာနှစ်တစ်နှစ်ဖြစ် ပြီး ကျွန်မအတွက်လည်း ရောဂါဘယ ကင်းပါစေလို့ ဆုတောင်းပေး ခဲ့ဖူးပါတယ်။ စုက အဲဒီလို ပြောလိုက်တော့ ကျွန်မတကယ့်ကို ခံစားလိုက်ရ ပါတယ်။ သူ့ပခုံးပေါ်မှာ နိုင်ငံ့တာဝန်တွေကို ထမ်းပြီး အကြောင်းအကျိုး ယုတ္တိမရှိ ဆက်ဆံရေးတွေကို စိတ်ရှည်ရှည်နဲ့ တစ်ယောက်တည်း ခုခံနေရချိန်မှာ ကျွန်မကလည်း ရင်သားကင်ဆာ ဝေဒနာရဲ့ ကျွန်တစ် ယောက်လို ဖြစ်နေခဲ့ရပါတယ်။ စု စကားအရဆိုရင် ကျွန်မလည်း ကိုယ့်ကင်ဆာကို ကြောက်ရွံ့ခြင်းမှ ကင်းလွတ်အောင် နေမှ ရှင်သန်နိုင်မှာပေါ့။
ရင်သားခွဲစိတ်မှုပြီး နောက်လေးလလောက်အထိ ကျွန်မမှာ နောက်ပိုင်း ဖြစ်လာမယ့် ပြသနာတွေအတွက် စိုးရိမ်နေခဲ့မိပါတယ်။ ဒါပေမယ့် ဒီကင်ဆာကို လက်မခံမယ့် အစား ကျွန်မရဲ့ ပိုင်ဆိုင်မှု တစ်စိတ်တစ်ပိုင်း အဖြစ် လက်သင့်ခံဖို့လည်း ဆုံးဖြတ်ခဲ့ပါရဲ့။ အဲဒီလို လက်ခံလိုက်ပြန်တော့ ကင်ဆာကို ကြောက်တဲ့စိတ်လည်း ကွယ်ပျောက်ခဲ့ရသလို စိတ်လည်း အေးချမ်း လာပါတယ်။ စုရေ ရှင့်ရဲ့ အားပေးမှု အတွက် ကျေးဇူးပါပဲ။ ကျွန်မရဲ့ဝေဒနာကို ကျွန်မဘာသာ ထိန်းသိမ်းရင်း ရှင့်ကို လာတွေ့မယ် လို့ပဲ စိတ်ထဲကနေ ပြောခဲ့မိပါတယ်။
http://www.myanmarij.com/?p=6476
No comments:
Post a Comment