Friday, 12 October 2012

လှည်းကူးမြို့နယ်တွင် ဟိုတယ်ဇုန် ဖော်ထုတ်ရန် လျာထား

ရန်ကုန် ဟိုတယ်ဇုန် တစ်ခုကို လှည်းကူးမြို့နယ်၊ ရန်ကုန် ပဲခူးလမ်း နှင့် ရန်ကုန်-နေပြည်တော်လမ်း အကြားတွင် ဖော်ထုတ် ရန်အတွက် အကြမ်းဖျင်း လျာထားကြောင်း၊ မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်း (ရန်ကုန်ဇုန်)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ရန်ကုန်မြို့မှာ ဟိုတယ်အခန်း လိုအပ်ချက်အရ ဟိုတယ်ဇုန် ဖော်ထုတ်ဖို့ လိုနေပါတယ်။ ရန်ကုန်ရဲ့ အခြေအနေ အရ မြေနေရာ အခက်အခဲတွေ ရှိနေတဲ့အတွက် ဟိုတယ်ဇုန် ဖြစ်နိုင်မယ့်နေရာတွေကို ရှာဖွေနေတာ လှည်းကူးမြို့ နယ်က ရန်ကုန်-နေပြည်တော်လမ်း နဲ့ ရန်ကုန်-ပဲခူးလမ်းနှစ်ခုကြားမှာ ကားလမ်းဘေး နေရာ တစ်ခုကို အကြမ်းဖျင်း လျာထားပါတယ်”ဟု ယင်းက ပြောသည်။
အဆိုပါ ဟိုတယ်ဇုန်မှာကား လမ်းမဘေးတွင် ရှိပြီး မြေဧက ၈ဝဝ ကျော်ခန့် ကျယ်ဝန်းကြောင်း၊ ဟံသာဝတီ လေဆိပ်နှင့် လည်း နီးသောကြောင့် နေရာကောင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ရန်ကုန်မြို့တွင် နိုင်ငံတကာမှ လာရောက်သော ဧည့်သည် အရေအတွက် များသောကြောင့် မြို့တွင်းရှိ နိုင်ငံသား တည်းခိုနိုင်သော ဟိုတယ်များ၊ မိုတယ်များမှ အခန်းကျပ်လျက်  ရှိပြီး ဈေးနှုန်းမှာလည်း ကြီးမြင့် လျက်ရှိကြောင်း ၊ ပြည်တွင်း ခရီးသွားလုပ်ငန်းရှင် တစ်ဦးက ပြောသည်။
ရန်ကုန်မြို့ လက်ရှိတွင် ဟိုတယ် အိပ်ခန်းပေါင်း ၈၄၆၇ ခန်းရှိပြီး ဧည့်သည် ဝင်ရောက်မှုမှာ ၅ဝ ရာခိုင် နှုန်းခန့် တိုးတက် လျက် ရှိသဖြင့် ၂ဝ၁၂ ခုနှစ်တွင် အိပ်ခန်းပေါင်း ၁၁၄၅၁ ခန်း ထပ်မံလိုအပ်မည် ဖြစ်ကြောင်း၊ လိုအပ် မည့် အခန်းများ အတွက် ရှိပြီးသား ဟိုတယ်များရှိ အခန်းများကို တိုးချဲ့ရန်နှင့် ဟိုတယ် အသစ်များ ထပ်မံ ဆောက်လုပ်ရန် ဟိုတယ်ဇုန် များ ဖော်ထုတ်ရန် လိုအပ်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီး ဌာနက ဦးဆောင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက ပြောသည်။

ယခုလက်ရှိတွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် နိုင်ငံတကာ ဧည့်သည်အရေအတွက်မှာ များပြားလာပြီး ၂ဝ၁၁ ခုနှစ်တွင် ၄ သိန်း ကျော်ခန့် ၂ဝ၁၂ ခုနှစ်တွင် ယခု အချိန်အထိ ၆ သိန်းနီးပါးခန့် ဖြစ်လာသည်။ နောက်ပိုင်း တွင်လည်း  ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှု တိုးတက်လာမည် ဖြစ်သောကြောင့် ခရီးသည် ၁ သန်းအထိ ဝင်ရောက်ရန် မျှော်လင့် ထားကြောင်း၊ ယင်းကဲ့သို့ ဝင်ရောက်လာပါက ပြည်တွင်းရှိ ဟိုတယ် အခန်းများ၊ ဝန်ဆောင်မှုပိုင်း၊ သယ်ယူ ပို့ဆောင်ရေး နှင့် လူ့စွမ်းအား အရင်းအမြစ်များကိုလည်း ပြင်ဆင်ထား သင့်ကြောင်း အထက်ပါပုဂ္ဂိုလ် က ပြောသည်။
ရန်ကုန်မြို့တွင် လက်ရှိ၌ ဟိုတယ်နှင့် တည်းခိုရသော လုပ်ငန်းလိုင်စင် ထုတ်ပေးထားမှုမှာ ၁၉၇ လုံးကျော် ခန့်နှင့် အိပ်ခန်းပေါင်း ၈၄၆၇ လုံးခန့် ရှိပြီး အသစ် ဆောက်လုပ်လျက်ရှိသော ဟိုတယ်များ၊ ယခင် ရပ်ဆိုင်းထားသော ဟိုတယ် စီမံကိန်းများကို ပြန်လည် တည်ဆောက်မှု များလည်း ရှိနေပြီ ဖြစ်သောကြောင့် ဟိုတယ်အရေအတွက်မှာ တိုးလာမည် ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။

http://www.myanmarij.com/?p=6449 

No comments: