Saturday, 27 October 2012

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၂၁)/မသီတာ(စမ်းချောင်း)

မိုက်ကယ့် အလွမ်းပြေ အစီအစဉ် အတွက် သူ့မိသားစုနဲ့ ဆွေမျိုးတွေက စုလိုက်ကြပါတယ်။ အဲဒီညက ဂျပန်စာနဲ့ကျင်းပ ကြတာပေါ့။ အဲဒီပွဲမှာလည်း အလက်ဇန္ဒားက ဘာမှ မလှုပ်ရှားဘဲ ကင်မ်ကပဲ ပွဲကို ဦးဆောင် ပါတယ်။ “ဒီနေ့ ဒီမှာရှိကြတာ အားလုံးက မိသားစုတွေ ချည်းပါပဲ။ အန်တီနိုရီကိုက သွေးသား မတော်စပ်ပေ မယ့် မိသားစုဝင် တစ်ယောက်လို ဖြစ်နေ သူပါ” လို့ ပြောခဲ့ပါတယ်။ ကျွန်မအနေနဲ့လည်း ကိုယ့်ကိုယ်ကိုယ် စုနဲ့မိုက်ကယ်တို့ရဲ့ ကံကြမ္မာ အလိုက် မိတ်ဆွေဆိုတာ ထက် သွေးသားတော်စပ်သူလို ထင်နေမိပါတယ်။ စုရဲ့အားပေးမှုနဲ့ မေတ္တာလှိုင်း ကို ကျေးဇူး တင်စွာနဲ့ပဲ ကင်ဆာကနေ သက်သာခွင့်ရမယ် လို့ ထင်ခဲ့ပါတယ်။ မိုက်ကယ် ဆုံးတဲ့ နေ့မှာပဲ ကျွန်မက ဒီအကြောင်းတွေ တွေးနေမိတာကတော့ ရယ်စရာ ဖြစ်ချင်ဖြစ်နေမှာပါ။

ဒါပေမယ့် မတတ်နိုင်ဘူးလေ။ စုရေ ရှင့်ကိုကျေးဇူးတင်ကြောင်း ပြောဖို့ နောက်ကျနေခဲ့တာကို ခွင့်လွှတ်နော်။ ရှင့်အားပေးမှုအတွက် ကျေးဇူးတင်တယ် လို့လည်း ထပ်ပြောချင်ပါတယ်။ ကျွန်မခင်ပွန်းနဲ့ ကျွန်မတို့ကတော့ မီးဖိုထဲက ထမင်း စားပွဲမှာ မကြာခဏပဲ ရှင်တို့ အကြောင်း ပြောဖြစ်ကြပြီး ထမင်းဆက် မစားနိုင်လောက်အောင် မခံစားနိုင်တော့တဲ့ အခါမျိုးမှာ သူက “မိုက်ကယ်ရေ ထွက်ခဲ့စမ်းပါကွာ”လို့ အော်လိုက်ပြီး ကျွန်မတို့ရဲ့ထမင်းဝိုင်း ကို အဆုံးသတ် ဖြစ်ခဲ့ပါတယ်။ မြန်မာ့ သီတာမင်းသမီး စု စုက ၅ နှစ်နဲ့ ၂လအကြာမှာ ပထမဆုံးအကြိမ် နေအိမ်အကျယ် ချုပ်က လွတ်မြောက်လာခဲ့ပါတယ်။ ၁၉၉၄ ခုနှစ် စက်တင်ဘာ ၂ဝ မှာတော့ အဲဒီအချိန်က စစ်ဘက် ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီး မောင်အေးနဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့နဲ့ စုတို့ တွေ့ဆုံခဲ့ကြောင်းလည်း ဂျပန်တီဗီမှာ ကြည့်လိုက်ရ ပါတယ်။

 အောက်စ်ဖို့ဒ် က မိုက်ကယ့်အိမ်ကို ရောက်ခဲ့တုန်း ကတည်းက ဒီပုံတွေကို တွေ့ခဲ့ပြီးသားပါ။ အဲဒီပုံတွေကို ကြည့်လိုက်တော့ စုက ပန်းရောင် တောက်တောက် မြန်မာဝတ်စုံနဲ့ ဖြစ်နေပါတယ်။ စု မကြိုက်တတ်တဲ့ အရောင် ဖြစ်နေတာ မို့ အံ့ဩမိပါရဲ့။ မိုက်ကယ်ကတော့ “ကျွန်တော်ပဲ သူ့ကို ငြိမ်းချမ်းရေး အငွေ့ အသက်လေး ရအောင် ပန်းရောင်လေး ဝတ်စမ်းပါလို့ ပြောခဲ့တာပါ” လို့ ဆိုပါတယ်။ တကယ်တော့ မြန်မာပြည် က အိမ်ထဲမှာ ၅ နှစ်လောက် နေလိုက်တဲ့အခါ စုဟာ မြန်မာ့ရိုးရာ ဆိုးဆေးအရောင်တွေနဲ့ ပိုယဉ်ပါးလာသလို ပါပဲ။ နေအိမ် အကျယ်ချုပ်ကို ကျေးဇူးတင်ရမလားပဲ၊ စုက အနောက်တိုင်းဆန်တဲ့ အရောင်တွေကို သဘော တွေ့ခဲ့ရာက အခုတော့ မြန်မာ့သဘာဝ အရောင်တွေကိုပါ ကြိုက်တတ်လာနေပါပြီ။ စစ်အစိုးရ ရဲ့ရည်ရွယ်ရင်း ကို ဆန့်ကျင်လိုက်သလား ပါပဲ။ စုရဲ့ အနောက်တိုင်းဆန်စွာ အရသာတွေ့တတ်တဲ့ အရာတွေ တစ်စစ ကွယ်ပျောက် ပြီး မြန်မာ့ စိတ်ရင်း စိတ်မှန်တွေပြန် လည်ပေါ် ထွက်လာတာ ဒီနေအိမ်အကျယ် ချုပ်ကြောင့်ပဲလေ။

နေအိမ်ခြံဝင်းရှေ့တွင် ပြည်သူလူထုကို တွေ့ဆုံစကားပြောကြားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်

စုကို ၁၉၉၅ ခုနှစ် ဇူလိုင် ၁ဝ ရက်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ မြန်မာပြည်အရေးကို စောင့်ကြည့်နေတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေ သက်ပြင်းချ လိုက်နိုင်ခဲ့ပြီပေါ့။ ဒါပေမယ့် စုခြံရဲ့ ဂိတ်ပေါက်ဝမှာတော့ စစ်သားတစ်ယောက်က ထိုင်စောင့်ကာ လာသမျှ ဧည့်သည်တွေကို စောင့်ကြည့်နေသေးတာပါပဲ။ စုကို ဘယ်တော့လွှတ်မယ်ဆိုတာ တရားဝင် မကြေညာခဲ့ပေမယ့် လူထုကတော့ ကောလာဟလနဲ့တင် ခြံရှေ့ မှာ အုံနဲ့ကျင်းနဲ့ စောင့်လို့ နေပါတယ်။

စုက ခြံဝမှာပဲ လူထုကို လွတ်လွတ်ချင်း စကားပြောခဲ့ပြီး အဲဒီအချိန်မှာ စုဟာ အလွန့်ကို လှပနေတာ ပါ။ နေအိမ် အကျယ်ချုပ် မကျခင်ကထက်ကို လှနေတာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကာလ ကျွန်မနဲ့ သိခဲ့တဲ့ ကာလတွေမှာ စုဆီက အဲဒီလောက် တောက်ပတဲ့ အပြုံးမျိုးကို တွေ့ခဲ့ဖူးတယ်လို့ ကျွန်မ မမှတ်မိပါဘူး။ ဒီလို တောက်ပတဲ့ အပြုံးက ကျွန်မစောင့်မျှော်ခဲ့ရတဲ့ စုရဲ့အပြုံးပါပဲ။
တကယ်တော့ စု နေအိမ် အကျယ်ချုပ် ကျပြီလို့ သိရချိန်မှာ ကျွန်မတို့ ဇနီးမောင်နှံက မော်စကို ရောက်နေခဲ့ ပါတယ်။ ဒီသတင်းကို ကြားတဲ့ အချိန်တုန်းက ကျွန်မသိပ် စိတ်မထိခိုက်ခဲ့ပါဘူး။

တစ်နည်းအားဖြင့် စုအတွက် သွေးရင်းမြန်မာ စစ်စစ်တစ်ယောက်ဖြစ်တယ်ဆိုတာ သက်သေပြဖို့ အခွင့်အရေးတစ်ခု ရတာပေါ့လို့ တွေးဖြစ်လို့ ပါပဲ။ ဒီ အကြောင်းကို မိုက်ကယ့်ကိုတောင် မပြောပြဖြစ်ခဲ့ပါဘူး။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဖြစ်ပေမယ့် စုဟာ မြန်မာပြည်ကို ဘယ်လောက်ချစ်ပြီး မြန်မာတွေ အတွက် ဘယ်လောက် ကူညီပေးချင်တယ် ဆိုတာကို သက်သေပြခွင့် မရခဲ့တဲ့အတွက် သူ ဘယ်လောက် စိတ်ဆင်းရဲခဲ့တယ်၊ အပြစ်ရှိသလို ခံစား ခဲ့ရတယ် ဆိုတဲ့ စိတ်ခံစားမှုတွေကနေ လွတ်မြောက်ဖို့ အတွက် နေအိမ် အကျယ်ချုပ်က အခွင့်အလမ်းပေးရာ ကျခဲ့ပါ တယ်။  ရှင်တို့သာ စုနဲ့အတူ နေခွင့်ရခဲ့မယ် ဆိုရင် စုရဲ့ အဲဒီစိတ်ဓာတ်ကို နားလည်နိုင်မှာပါ။ အဲဒီ စိတ်ကြောင့် စုဟာ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် နေနိုင်ရက်သားနဲ့ကို အရယ်အပြုံး နည်းပြီး ရင်ထဲမှာ ရှုပ်ထွေးစွာ နေထိုင်ခဲ့ တယ် ဆိုတာ သိမှာပါ။

ခုတော့ စုရဲ့ အိမ်မက်ထဲကအတိုင်း မြန်မာပြည်မှာ သူ့ဘဝကို မြှုပ်နှံဖို့ အခွင့်အရေးက ထွက်မပြေးနိုင် တော့ပါ ဘူး။ အဲဒီအခွင့်အရေးက နေအိမ် အကျယ်ချုပ်ပေါ့။ စုက အခက်အခဲတွေကိုလည်း ကျော်လွှားနိုင်မှာပါ။ နေရခက်လှ တစ်နှစ်၊ နှစ်နှစ် ပေါ့။ ပြီးတော့ စစ်သားတွေက အိမ်ထဲအထိ ဝင်စောင့်နေလေတော့ လုပ်ကြံခံရဖို့ လည်း မပူရဘူးလေ။ စုက လွတ်မြောက်တဲ့အခါမှာတော့ ဖြစ်ပျက်ခဲ့တာတွေကို ပြန်မပြောခဲ့ပါဘူး။ ကျွန်မက စစ်အစိုးရအနေနဲ့ စုကို နေအိမ် အကျယ်ချုပ် ထားတာ ဒီတစ်ကြိမ်ပဲ ဖြစ်မယ်လို့ လျှော့တွက် မိခဲ့ပါတယ်။

တကယ်တော့ စုရဲ့ နေအိမ် အကျယ်ချုပ် ဖြစ်စဉ်ကို အကောင်းမြင်ရတဲ့ အကြောင်းကတော့ နာမည်ကျော် ရာမယဏ ဇာတ်ထဲက သီတာ မင်းသမီး အကြောင်းကို တွေးမိလို့ပါ။  သိကြတဲ့အတိုင်း ရာဝဏက သီတာကို ခိုးပြေးသွားတာကို ရာမက ပြန်ရအောင် ကြိုးစားတာ ၁၄ နှစ် ကြာခဲ့လေတော့ ပြန်ရောက်လာတဲ့ သီတာ့ အနေနဲ့ သူဟာ ရာမအပေါ် သစ္စာမပျက်ခဲ့ကြောင်း သက်သေပြဖို့ ဖြစ်လာခဲ့ပါတယ်။ မီးပုံထဲကို ခုန်ဆင်းပြီး အနာတရမဲ့ ပြန်ထွက်လာနိုင်မှ သူ့သစ္စာကို တည်ရာကျမှာပါ။ နတ်ဒေဝါတွေနဲ့ လူထုရဲ့မေတ္တာတွေကြောင့်ပဲ သီတာမင်းသမီးဟာ သူ့ရဲ့အပြစ်ကင်းမှုကို သက်သေပြ နိုင်ခဲ့တယ် မဟုတ်လား။ စုရဲ့ အဖြစ်က အဲဒီလိုမျိုးလို့ တွေးနေမိတာပါ။

စု လွတ်လာတဲ့အခါမှပဲ ကျွန်မ ဘယ်တုန်းကမှ မမြင်ဖူးခဲ့တဲ့ စုရဲ့ လှိုက်လှဲပြီး ရင်ထဲကလာတဲ့ အပြုံးကို တွေ့လိုက် ရပါတယ်။ သူဟာ သူ့ကိုယ်သူ အပြစ်ရှိတယ်ဆိုတဲ့ အတွေးတွေကနေ လွတ်မြောက်စေခဲ့ပြီ ဆိုတာ ကျွန်မ သိလိုက်ပါတယ်။ သူဟာ လူထုရဲ့ ဒုက္ခသုက္ခတွေကို မျှဝေခံစားခဲ့တာ မရှိဘူးလို့ ဝေဖန် ပြစ်တင်မှုတွေကို ထပ်ခံရစရာ မရှိတော့ ဘူးလေ။ မြန်မာ့ သီတာမင်းသမီး စုဟာ သူ့ရဲ့ ခြောက်နှစ်တာ အကျဉ်းကျမှု၊ ခံစားရမှု တွေနဲ့ သူဟာ မြန်မာပါပဲလို့ သက်သေထူခဲ့ပါပြီလေ။ ဘယ်သူကမှ သူ့ကို သစ္စာဖောက်လို့ မဆိုနိုင်သလို မြန်မာ့နိုင်ငံရေးကို နားမလည်တဲ့ အမျိုးသမီး တစ်ဦးလို့ ဆိုနိုင်တော့မှာလဲ။ စုရဲ့ လွတ်မြောက်မှုမှာ အနက် နှစ်မျိုး ဆောင်နေပါတယ်။ တစ်မျိုးကတော့ အဓိပ္ပါယ်မဲ့ ချုပ်နှောင်မှုကနေ လွတ်မြောက်ခြင်းပေါ့။

 နောက်တစ်မျိုးက တော့ သူဟာ မြန်မာပြည် အတွက် မြှုပ်နှံထားသူပါ လို့ သက်သေပြရမယ် ဆိုတဲ့ စိတ်အစွဲကနေ လွတ်မြောက်မှု ပါပဲ။ တစ်ချိန်တည်း မှာပဲ  စုရဲ့လွတ်မြောက်မှုဟာ ကျွန်မရဲ့လွတ်မြောက်မှုလိုပါပဲ။ ကျွန်မဟာ အစကတည်းက မြန်မာ လူထုအနေနဲ့ စုကို အိမ်ရှင်မဘဝကနေ ထွက် လာပြီး နိုင်ငံရေးထဲမှာ ပါဝင်လာတဲ့အပေါ် သူတို့အတွက် အလုပ်အကျွေးပြုသူ တစ်ယောက် တိုးလာသလို လက်ခံစေချင်ခဲ့တဲ့ အစွဲ ရှိခဲ့တာကိုး။ အခုလို စုကို မြင်ရတဲ့အခါ အကြွေးကြေပြီလို့ တွေးကာ ဘာမှဆက်ခံစားစရာ မလိုတော့ဘူး လို့တွေးမိတော့ နဂိုအစွဲကနေ ကျွန်မလည်း လွတ်သွားတာပဲပေါ့။

http://www.myanmarij.com/?p=6855 

သြစတေးလျရောက် ကရင်ဘုန်းတော်ကြီးတစ်ပါး ပျံလွန်တော်မူ

သြစတေးလျနိုင်ငံ Victoria ပြည်နယ် Melbourne မြို့Werribee ရပ်ကွက် ဖုံထုင်ယဲပြာထါ့(အတုလကာရီ ကရင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း)တွင် သီတင်းသုံးနေထိုင်သည့် သက်တော် ၄၅နှစ်၊ ၀ါတော် ၂၅၀ါရှိ အရှင်ပညာဝံသ (နောင်ဘို)သည် ပြီးခဲ့သည့်အပတ်က ပျံလွန်တော်မူသွားခဲ့သည်။
အရှင်ပညာဝံသသည် ယခုလ ၂၀ရက်နေ့ကသြစတေးလျနိုင်ငံ၊ Melbourne (မဲလ်ဘမ်း)မြို့၊ Werribee Mercy Hospital ဆေးရုံတွင် ဒေသစံတော်ချိန် နံနက် ၆နာရီ ၅၀မိနစ်၌ အသည်းကင်ဆာရောဂါဖြင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။


မဲလ်ဘမ်းအခြေစိုက် Melbourne Karen Buddhist Association-MKBA ဗဟိုကော်မတီဝင် စောစန်းမောင်က “ဆရာတော်ရှိရင် ဆိုးတိုင်ပင် ကောင်းတိုင်ပင်နဲ့ ပြည်ပဗုဒ္ဓသာသနာအတွက် ဆွေးနွေးညှိနှိုင်းလို့ရတယ်။ ခုတော့ အရိပ်အာဝါသကောင်းတဲ့ ညောင် ပင်ကြီးတပင် ခြောက်သွေ့ပြိုလဲသွားသလို ခံစားလိုက်ရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဆရာတော် အရှင်ပညာဝံသ၏ ဈာပနကို MKBA (Melbourne Karen Buddhist Association)မှ ဦးဆောင်၍ အဆင့် (၂)ဆင့်ခွဲ ကာ ကျင်းပသွားမည်ဖြစ်ပြီး Funeral service တွင် သပိတ်သွတ်ကာ အောက်တိုဘာလ ၂၉ရက်၊ မွန်းလွဲ ၁နာရီတွင် Altona Memorial Park ၌ မီးသင်္ဂြိုလ်မည်ဟု သိရသည်။
အရှင်ပညာဝံသသည် ၂၀၀၈ခု၊ ဇန်နဝါရီလတွင်သြစတေးလျနိုင်ငံသို့ရောက်ရှိပြီး ပိုးကရင်ဘာသာ (ဖုံထုင်ယဲ ပြာထါ့)ခေါ် မြန်မာဘာသာဖြင့် (အတုလကာရီ ကရင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း) ဖြစ်မြောက်ရေးအတွက် သက်စေ့မြေကွက် မြေ ကွက် ၄၅ကွက်ကို ထောက်ပံ့လှူဒါန်းခဲ့သည်။

ထို့အပြင် မွေးရပ်ဇာတိမြေဖြစ်သော နောင်ဘိုတွင် ဝေဠုဝံကျောင်း သာသနာ့အဆောက်အဦးများနှင့် အထက်တန်း စာသင် ကျောင်းပညာရေး foundation ကို ထောက်ပံ့ကူညီလှူဒါန်းခြင်း၊ မော်လမြိုင်မြို့ ပြည်ကျောင်းပရိယတ္တိ စာသင်တိုက်အတွက် ပလာရေး ဖောင်ဒေးရှင်းကို ကူညီလှူဒါန်းခြင်း၊ ထိုင်းနိုင်ငံမြို့ ဇွဲကပင် ပညာဒါနအသင်း(KDA)တွင် နာယကတစ်ပါးအဖြစ် ထမ်း ဆောင်၍ နှစ်စဉ် ထောက်ပံ့လှူဒါန်းခဲ့သူ ရဟန်းတော်တစ်ပါးလည်း ဖြစ်သည်။

ငယ်မည် စောမြင့်ကြည်ဖြစ်သူ အရှင်ပညာဝံသကို ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် နောင်ဘိုကြီးကျေးရွာ၌ မြန်မာသက္ကရာဇ် ၁၃၃၀ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ရက် ကြာသပတေးနေ့တွင် ခမည်းတော် ဦးအောင်လှစိန်၊ မယ်တော် ဒေါ်ရွှေမြိုင်တို့မှ ဖွားမြင် ခဲ့ပြီး မွေးချင်းနှစ်ယောက်အနက် အကြီးဆုံး သားဦးရတနာ ဖြစ်သည်။

Friday, 26 October 2012

လှည်းကူးမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ သမိုင်းဝင် မြသိန်းတန် စေတီတော်ပုံ


 မှတ်ချက်။ ။ Hlegu Tsp's facebook မှ ကူးယူဖေါ်ပြပါသည်။

လှည်းကူမြို့နယ်၊ ဖေါင်ကြီးမြို့၊ ငမိုးရိပ်ဆည်အတွင်းရှိ ဆည်ဦးစေတီတော်ပုံ



 မှတ်ချက်။ ။ Hlegu Tsp's facebook မှ ကူးယူဖေါ်ပြပါသည်။

လှည်းကူးမြို့နယ်၊ ရဲမွန်တပ်မြို့ရှိ သမိုင်းဝင် ကျိုက်ဒေးစတိုးစေတီတော် (ခ) တောအင်းစိန်ဘုရား

မှတ်ချက်။ ။ Hlegu Tsp's facebook မှ ကူးယူဖေါ်ပြသည်။

လှည်းကူးမြို့နယ်၊ ပိုက်ကြီးဝဲရွာ၊ ရွာဦး မြစေတီတော် နှင့် ငမိုးရိပ်ချောင်းရိုးဂိုဏ်းချုပ်ဆရာတော်ကြီး ဦးပညာသာရ ၏ ဂူဗိမာန်စေတီတော်


မှတ်ချက်။ ။ Hlegu Tsp ဘေ့ဘွတ်မှ ထပ်ဆင့် ကူးယူဖေါ်ပြသည်။

Wednesday, 24 October 2012

သဒ္ဓါပြတ်သည့် တစ်ရာကျပ်ဖြင့် အခါမလပ် လှူဒါန်းမှု ပြုနိုင်သော လှည်းကူးမြို့က ဓမ္မပူဇာမင်္ဂလာအသင်း (လှည်းကူး)

 လှည်းကူးသူ လှည်းကူးသားများ အများစုပါဝင်ပြီး စုပေါင်းကုသိုလ်ယူသော အဖွဲ့တို့တွင် ဓမ္မပူဇာမင်္ဂလာအသင်းသည်လည်း ထင်ရှားသောအသင်းဖြစ်ပါသည်။ ဓမ္မပူဇာမင်္ဂလာအသင်းသည် အောက်ဖေါ်ပြပါ ရည်ရွယ်ချက်ဖြင့် ကုသိုလ်များကို လုပ်ဆောင်လျက်ရှိပါသည်။

ဓမ္မပူဇာမင်္ဂလာအသင်းသို့ ပါဝင်လှူဒါန်းလိုပါက dhammapuzamingalar@gmail.com သို့ ဆက်သွယ်နိုင်ပြီး ဆောင်ရွက်ချက်များကို သိလိုပါက http://www.facebook.com/dhammapuzar.mingalar (သို့) http://dhammapuzamingalar.multiply.com/   တို့သို့ ၀င်ရောက်ကြည့်ရှု့နိုင်ပါသည်။


မှတ်ချက်။ ဓမ္မပူဇာမင်္ဂလာအသင်း၏ up-to-date သတင်းများကို အချိန်နှင့် တစ်ပြေးညီ ဆက်လက်ဖေါ်ပြပေးသွားပါမည်။ (Admin)


ကြင်နာလက်ဖြင့် ဖေးမကူ Genius Team ရဲ့ ပေးဆပ်အလှူ

 လှည်းကူးသူ လှည်းကူးသားများ အများစုပါဝင်ပြီး စုပေါင်းကုသိုလ်ယူသော အဖွဲ့တို့တွင် Genius Team သည်လည်း တစ်ဖွဲ့ အပါအ၀င်ဖြစ်ပါသည်။ Genius Team ကို ချို့တဲ့စွာ ပညာသင်ကြားနေရသော ခလေးငယ်များအား တစ်စိတ်တစ်ပိုင်း ထောက်ပံ့ကူညီရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။

Genius Teamမှ  ညောင်ကန်အေးနှင့်ဇီးပင်ဝဲရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ (လတ်တလော) သွားရောက်လှူါးန်မှု ဓါတ်ပုံမှတ်တမ်းကို ၀မ်းမြောက်စွာ သာဓုခေါ်ဆိုနိုင်ရန် တင်ပြအပ်ပါသည်။
 Genius Team နှင့်အတူ ကုသိုလ်ပါဝင်လိုပါ geniusteam07@gmail.com သို့ အီးမေလ်းရေးသားပေးပို့ပြီး
စုံစမ်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

မှတ်ချက်။ ရှေ့ယခင် လှူဒါန်းထားမှုများကိုလည်းကောင်း၊ up-to-date ဖြစ်သော သတင်းများကိုလည်းကောင်း အလျဉ်းသင့်သလို ဆက်လက်ဖေါ်ပြပေးသွားပါမည်။(Admin )



















Tuesday, 23 October 2012

ပြည်ပရောက် လှည်းကူးသား/သူများအတွက် ၀ါကျွတ်လက်ဆောင်

(လှည်းကူးမြို့ သမိုင်းဝင် ငါးထပ်ကြီး မြတ်စွာဘုရားပုံ)

မှတ်ချက်။ ။ Hlegu Tsp Facebook မှ ကူးယူဖေါ်ပြပါသည်။

Monday, 22 October 2012

Sunday, 21 October 2012

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၂ဝ)


၂ဝဝ၉ ခုနှစ် မတ်လ ၂၇ ရက် မှာတော့ မိုက်ကယ်ဆုံးတာ ၁ဝ နှစ် ပြည့်နေ့မို့ ကျွန်မက အဲဒီအကြောင်းတွေကို ပြန်တွေးနေ မိပါတယ်။ မိုက်ကယ်နဲ့ ဖက်စ်အားဖြင့် အပြန်အလှန် ဆက်သွယ်ခဲ့ကြဖူးတာမို့ အဲဒီစာရွက်တွေကို ပြန်ရှာဖတ်မယ် လို့လည်း တွေးဖြစ်ပါတယ်။ ကျွန်မတို့အိမ်က ဖက်စ်ဟာ ၁၉၉ဝ ခုနှစ်လောက်က ရှေးဟောင်း ဒီဇိုင်းမို့ စာရွက်လိပ်တွေ အနေနဲ့သိမ်းထားဖြစ်ပါတယ်။

မိုက်ကယ့်စာတွေ အားလုံးက စီပီယာ ရောင် ပြောင်းနေ ပြီ ဖြစ်သလို စကားလုံးတွေကလည်း မှိန်ပြီး ပျောက်သလောက် ဖြစ်နေပါပြီ။ ကျွန်မလည်း အဲဒီစာရွက်လိပ် တွေကို ယူကာ စတိုးဆိုင်ဆီပြေးပြီး ကော်ပီပြန်ကူး လိုက်ပါတယ်။ ဖြစ်ချင်တော့ တချို့က ဘယ်လိုမှ ဖတ်လို့ မရတော့ပါဘူး။ အကောင်းဆုံး ပြန်ရတဲ့ စာကတော့ နေအိမ် အကျယ်ချုပ် ကျနေစဉ်က စု ရေးပို့လိုက်တဲ့ စာတစ်စောင်ပဲ ဖြစ်ပါတယ်။ ကျွန်မက အဲဒီစာကို မေ့နေခဲ့တာမို့ ကိုယ့်ကိုယ်ကို မိုက်လိုက်လေလို့ တွေးမိပါ တယ်။ မိုက်ကယ် ကွယ်လွန်တဲ့ နှစ်ပတ်လည်နေ့မှာ သူ့ကို သတိရမိ လွမ်းမိတော့မှပဲ ဒီစာကို သတိရတာပါ။ မိုက်ကယ်က ကျွန်မကို ကျေးဇူးတင်တဲ့ အနေနဲ့ စုရဲ့စာကို ပေးခဲ့တာ မဟုတ်လား။ ကျေးဇူးပဲ မိုက်ကယ်ရေ။

စာမှာ တပ်ထားတဲ့ ရက်စွဲက ၁၉၉၅ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်ပါ။ စု နေအိမ် အကျယ်ချုပ်က မလွတ်သေးချိန် ပေါ့။ ဒီစာကို မိုက်ကယ် ဘယ်လိုပို့ခဲ့တယ် ဆိုတာ သေချာမသိပေမယ့် ဖက်စ်ကို တစ်ယောက်ယောက်ဆီက ငှားပြီးပို့ခဲ့တယ် ထင်ပါတယ်။ မိုက်ကယ်တို့ သားအဖနဲ့ ခရစ်စမတ် ပိတ်ရက် အတူနေလိုက်ရတဲ့အတွက် ဝမ်းသာတဲ့ အကြောင်း ရေးထားတဲ့ စုရဲ့စာ ပါပဲ။
တကယ်တော့ ဒီစာက ညီမငယ် တစ်ယောက်က အစ်မကြီး တစ်ယောက်ဆီရေးတဲ့ အိမ်ရှင်မ တစ်ယောက်ရဲ့ လက်ရေး အဖြစ် မဟုတ်ဘဲ နိုင်ငံရေးသမားတစ်ဦးရဲ့ သိက္ခာတွေ ပါနေတဲ့ မင်္ဂလာစာ တစ်စောင်အဖြစ် ပြန်ပြီး ဖော်ပြချင် ပါတယ်။ စုရေ…. ရှင် ကျွန်မကို ခွင့်ပြုပါနော်။ ရှင့်ရဲ့ လူထုအတွက် ရှင့်စာကို ဖော်ပြလိုက်ပါတယ်။
၁၃-ဝ၁-၁၉၉၅ ဝ၇း၅၉
သို့ ၁၃၁-…..ဝ၁ဝ၈၁၇
စာ-ဝ၁
ဖက်စ်/ဖုန်း ဝ၁ဝ-၈၁-၇၇၅-၉၄-၁၅၁၆

သီးသန့်လျှို့ဝှက်

ချစ်ခင်ရတဲ့ နိုရီကို

မကြာသေးခင်က ဘီဘီစီမှာ လွှင့်သွားတာ ကြားလိုက်ရတာက ဂျပန်မှာ ၁၉၉၅ ခုနှစ် ကို ရောက် သွားပြီတဲ့။ ရှင့်ကို မင်္ဂလာနှစ်သစ် လို့ နှုတ်ဆက်လိုက်ပါတယ်။ ရှင်နဲ့ အို့စုဆန်တို့ နှစ်ယောက် ကင်ဆာ ပြဿနာကြောင့် ဖြတ်သန်းရတဲ့ စိတ်ပင်ပန်းမှုတွေ ကြားကပဲ ၁၉၉၅ ဟာ ပျော်စရာ နှစ် သစ်တစ်ခု ဖြစ်ပါစေလို့ ကျွန်မ ဆုတောင်း လိုက်ပါတယ်။

ဒီနေ့ညနေမှာ မိုက်ကယ်နဲ့ ကင်မ်က ရွှေတိဂုံဘုရားကို သွားကြတယ်လေ။ ပြီးတော့ ဗုဒ္ဓရုပ် ပွားတော် တစ်ဆူကို ရှင့်အတွက် ဝယ်လာခဲ့ကြပါတယ်။ သူတို့က ဒီဇန်နဝါရီလကုန် အောက်စ ဖို့ဒ်ကို ပြန်ရောက်ပြီး မကြာခင်မှာပဲ ရှင်နဲ့ အို့စုဆန်တို့ အဲဒီကို အလည်လာနိုင်ကြမယ် လို့ မျှော်လင့်နေကြတယ်။ ကင်မ်က မနက်ဖြန်ပြန်လိမ့်မယ်။ အလက်ဇန္ဒားကတော့ ၂၉ ရက်က တည်းက ပြန်သွားခဲ့ပြီ။ နိုရီကိုရေ ရှင် စိတ်ရော ကိုယ်ပါ အားလုံး ကျန်းမာမှ ဖြစ်မယ်နော်။ ကျွန်မကို လာတွေ့မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ် ချက်ကိုလည်း ထိမ်းသိမ်းထားရမယ်နော်။ ကျွန်မက ရှင့်အကြောင်း တွေးနေမှာ ဖြစ်သလို ရှင့်ဝေဒနာအတွက်လည်း မေတ္တာတွေ ပို့ပေးနေမှာပါ။ စိတ်ထဲမကောင်း ဖြစ်မနေပါနဲ့နော်။ ကျွန်မတို့အတူတူ တွေ့ကြရင် ပျော်စရာ ရယ်စရာတွေ ဖြစ် မယ့်အကြောင်းကို တွေးပါနော်။

ဒီလိုအချိန်မှာ ကျွန်မကတော့ ရှင်တို့နဲ့အတူ ဂျပန်ဒေသခံနေရာ တချို့ကို သွားလည်ခဲ့တဲ့ ညတွေကို သတိရ နေမိတယ်။ ပြီးတော့ အို့စုဆန်က ရှင်စားမယ့် အိုမိုချီတွေကို ကင်တဲ့အခါ အဆင်မပြေဖြစ်ခဲ့တာ ကိုလည်း သတိရနေတာပဲ။ (မီးကျွမ်း သွားပေမယ့် စားလို့တော့ ကောင်း သားနော်) အခုအချိန်ကတော့ မျှော်လင့်ချက် တွေရယ်၊ ပြန်လည် ဆန်းသစ်မှုရယ် ရှိသင့် ချိန်ပေါ့။ ကျွန်မတို့ အားလုံး သတ္တိနဲ့ စိတ်ဓာတ်ခိုင်မာဖို့ လိုအပ်တဲ့ အချိန်လေ။

ရှင်နဲ့ အို့စုဆန်တို့ကို ချစ်ခင်စွာဖြင့်
စု

အောက်စ်ဖို့ဒ်ကို ပြန်ရောက်တာ နဲ့ ကျွန်တော် အမြန်ဆုံး ဆက်သွယ်ပါမယ်။
ချစ်ခင်မှုများဖြင့်
မိုက်ကယ်

စာရဲ့ အောက်ဆုံးမှာတော့ မိုက်ကယ်က လက်မှတ် ရေးထိုး ထားပါတယ်။ စုရယ် ဘယ်လောက်တောင် စိတ်စွမ်း အား ပြင်းထန်ပါလိမ့်။ ရှင့်နိုင်ငံအတွက် ဒီမိုကရေစီ မျှော်လင့်ချက်တွေကို စွမ်းဆောင် လာနိုင်မယ့် သူပဲ။ သတ္တိနဲ့ စိတ်ပိုင်းဖြတ်မှုတွေကို ရှေ့တစ်လှမ်း တိုးကာ ဆင်းရဲမွဲတေမှုနဲ့ အဆင်မပြေမှုတွေကို ကျော်လွှားနိုင် အောင် သူက စွမ်းနိုင်မယ်လို့ ကျွန်မ ယုံလိုက်ပါတယ်။
စုရဲ့စာထဲကအတိုင်း ကျွန်မကို ကင်မ်က စန္ဒကူးသားနဲ့ ထုထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ပေးအပ်ပါတယ်။

ပြီးတော့ ဝင့်ဝင့်ကြွားကြွားပဲ  “ဒယ်ဒီက  ပိုကြီးတဲ့ ရုပ်ပွားတော်ကို ဝယ်ဖို့ ပြောပေမယ့် သားက အန်တီနိုရီကိုက ဒီရုပ်ပွားတော်ကို ကြိုက်မှာ သေချာတယ်လို့ ပြောခဲ့တာ” ဆိုပြီးပြောကာ ပေးခဲ့တာပါ။ ကင်မ်က တကယ်တမ်း မှာ စကားများများ ပြောလေ့ ရှိသူ မဟုတ်တော့ သူက အခုလို သေချာ တွေးတောပြီး ဝယ်လာပေးတဲ့ လက်ဆောင် အပေါ် ကျွန်မက စိတ်လှုပ်ရှားစွာပဲ လက်ခံဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ချစ်စရာ ကောင်းပုံကလည်း ကျွန်မကို ကိုင်လှုပ်လိုက်သလို စိတ်ထဲ ကျေနပ်မိပါတယ်။ အဲဒါကြောင့်ပဲ စုရဲ့စာကို ဘယ်ထဲသိမ်းလိုက်မိမှန်း မသိလောက်အောင် မေ့သွားခဲ့တာပါ။

ဗုဒ္ဓရုပ်ပွားတော်ရဲ့ ကြည်ညိုဖွယ် အဆင်းကိုကြည့်ပြီး  ကျွန်မကတော့ သူတို့မိသားစု အကြောင်း ပြန်အောက်မေ့နေ ခဲ့ပါတယ်။ ဒီစာကို ရေးပြီး လေးနှစ်အကြာမှာ စုရဲ့ ခင်ပွန်းမိုက်ကယ် ကွယ်လွန်ခဲ့ပါပြီ။  ကင်မ်က မိုက်ကယ် ဆုံးတာကို လက်ခံလို့ မရလောက်အောင် စိတ်တွေ ပြိုကွဲထိခိုက် ခဲ့ရပါတယ်။ မိသားစုတွေကိုလည်း သူ စိတ်ထဲ မတွေ့တော့ ပါဘူး။မိုက်ကယ်ရဲ့အမြွာ ညီအစ်ကို ဖြစ်တဲ့ အန်ထော်နီကိုလည်း သူက ပြဿနာရှာလာပါတယ်။ အန်ထော်နီက မိုက်ကယ်နဲ့ အသံရော ရုပ်ရော တူတာ ဆိုတော့ အန်ထော်နီက ရှိနေပြီး မိုက်ကယ်က ဘာလို့ မရှိရတာလဲဆိုကာ ပြဿနာ ရှာတာမျိုးပါ။ သူက အန်ထော်နီ့ ပေါ်မှာပဲ ပေါက်ကွဲတာမျိုးပေါ့။ တကယ်တော့ အန်ထော်နီ့ မှာလည်း မိုက်ကယ့် ကွယ်လွန်မှု အပေါ် အဲဒီလိုပဲ ခံစားရရှာတော့ ကင်မ့်ကို ဘာမှပြန်မပြောဘဲ ခံစားချက်တွေကို တိတ်တဆိတ် မျှဝေလက်ခံပေး ခဲ့ပါတယ်။ ကျွန်မလည်း အတတ်နိုင်ဆုံးတော့ ကင့်မ်ကို ဖေးမ ပေးခဲ့တာပါပဲ။ ကျွန်မက ဘာပဲချက်ချက် ကင့်မ်အတွက်လို့ ပြောပြီး တခြားသူတွေ ထက်အရင် ကင့်မ်ကို ကျွေးခဲ့ ပါတယ်။ တကယ်တော့ သနားစရာကောင်းတဲ့ ကင်မ်ကလေးဟာ သူ့အဖေရဲ့ နောက်ဆုံး အချိန် နှစ်လလောက် အတွင်းမှာ အဖေ့ကို ပြုစုနေရတာနဲ့ပဲ ထမင်းဟင်းတောင် ကောင်းကောင်း ကန်းကန်း စားဖြစ်ခဲ့ပုံ မရရှာပါဘူး။

ကင်မ်က သူ့စိတ်တွေ တည်ငြိမ်နေတဲ့ တစ်ချိန်မှာတော့ ကောက်ခါငင်ခါ မေးချလိုက်ပါတယ်။ “အန်တီ နိုရီကို၊ အဲဒီဗုဒ္ဓ ရုပ်ပွားတော်လေး အခုထက်ထိ ရှိနေသေးလား”လို့ ပေါ့။ ကျွန်မက သူ့ကို ပွေ့ဖက်လိုက်ကာ “ရှိတာ ပေါ့ကွယ်။ ဒါက အန်တီ့ရဲ့ ရတနာ တစ်ပါးပဲဟာ” လို့ ဖြေခဲ့ပါတယ်။ တကယ်တော့ အသက် ၁ဝ နှစ်အရွယ် ကတည်းက မိခင်ရဲ့ ပြု စုစောင့်ရှောက်မှုကို မရခဲ့တဲ့ ကလေးတစ်ယောက်ရဲ့ ဝမ်းနည်းစိတ်တွေကပဲ သူ့ကို ဒေါသတွေ အဖြစ် ပေါက်ကွဲစေခဲ့တာပါ။

ဆက်လက်ဖော်ပြပါမည်။
မသီတာ-စမ်းချောင်း

Saturday, 20 October 2012

ရဟန်းတော်များ၏ ပညာရေး/Written by အရှင်သုဇနိန္ဒ (သာသနဓဇဓမ္မာစရိယ)

ညာရေးသည် သင်ပေးတာအဓိကလား၊ သင်ယူတာအဓိကလား၊ မြန်မာနိုင်ငံ၏ လက်ရှိပညာရေး စနစ်သည် စာမေးပွဲကို ဗဟိုပြုထားသည်။ အစိုးရကလည်း စာမေးပွဲကိုဗဟိုပြု၊ ဆရာ၊ဆရာမ ကျောင်းသူ ကျောင်းသားမိဘများကလည်းစာမေးပွဲကိုဗဟိုပြု၊ စာသင်ခန်းသည် ကျောင်းသူ ကျောင်းသားများ၏ သင်ယူရာဌာနမဟုတ်တော့ဘဲ စာမေးပွဲဖြေရန်လေ့ကျင့်ပေးသောဌာနအဖြစ် ပြောင်းလဲသွားကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည်ကျောင်းသားများကို ဘဝတစ်သက်တာ အသုံးဝင်မည့် ဗဟုသုတနှင့် နည်းပညာများကို ပေးစွမ်းနိုင်ရုံမကစဉ်းစားဆင်ခြင်နိုင်သော ဉာဏ်ကို ပေးသည့် ပညာရေးမျိုးဖြစ်သင့်ကြောင်း၊ ဒီမိုကရေစီပညာရေးစနစ်ကို ကျင့်သုံးကြသောနိုင်ငံများသည် 'တက်ကြွစွာသင်ယူခြင်းနှင့် စဉ်းစားဆင်ခြင်ခြင်း' (Active Learning and Critical Thinking) သင်ကြားနည်းစနစ်ကို အသုံးပြုကြကြောင်း ဒီလှိုင်းစာစောင်တွင် ဖော်ပြခဲ့သော 'ဒီမိုကရေစီနှင့် ပညာရေးပြောင်းလဲမှု ကျောင်းသားတွေ ဘယ်လိုသင်မလဲ' ဆောင်းပါးတွင် ဒေါက်တာသိန်းလွင် (ပညာရေး) က တင်ပြသွားပါသည်။ အထက်ပါ စကားစုသည် ကောက်နုတ်တင်ပြခြင်းဖြစ်ပါသည်။

 မြန်မာနိုင်ငံတွင် လွတ်လပ်စွာကိုးကွယ်ကြသော ဘာသာကြီးလေးခု ရှိပါသည်။ ထိုအထဲတွင် ဗုဒ္ဓဘာ သာဝင်ဦးရေသည် ၆ဝ ရာခိုင်နှုန်းရှိပါသည်။ ရဟန်းတော်ဦးရေနှင့် သီလရှင်၊ အဘိုးအဘွားဦးရေတို့ သည် ခုနှစ်သိန်းခန့်ရှိပါသည်။ ထိုအရေအတွက်ဦးရေတို့ကို ဗုဒ္ဓဘာသာဝင် ပြည်သူလူထုတို့က ကျွေး မွေးပြုစုစောင့်ရှောက်ထားပါသည်။ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် နာယကဆရာတော်တစ်ပါးက ရဟန်း၊ သီလရှင်၊ ဘိုးဘွားတို့နေ့စဉ် ကျွေးမွေးထားရသည့် ကုန်ကျစရိတ်မှာ (တစ်နေ့တာ) စစ်ကိုင်းတံတားကြီးတစ်စင်းစာမျှလောက်အထိ ရှိကြောင်း သြဝါဒပေးဖူးပါသည်။

ဟုတ်မည်ထင်ပါသည်။ ကောင်းပြီ။ ဗုဒ္ဓဘာသာဝင် ပြည်သူလူထုကနေ ကျွေးမွေး၊ နေရာထိုင်ခင်း၊ အဆောက်အအုံတွေပေး၍ အကိုးကွယ်ခံ အဓိကရဟန်းတော်များနဲ့ သီလရှင်များသည် ဗုဒ္ဓဘာသာဝင် ပြည်သူလူထုကို ဘယ်လို အထောက်အပံ့တွေပေးနေပါသလဲဆိုတာ ဆန်းစစ်ဖို့လိုပါသည်။
အကိုးကွယ်ခံ သက်သက်နဲ့နေသွား မည်ဆိုလျှင် ကြာလာရင် ပြတိုက်ထဲသွားကြည့်ရမည်ဖြစ်သည်။

 ခေတ်သစ်စနစ်သစ်ပြောင်းလဲနေသည့် ဒီမိုကရေစီခေတ်မှာ သာသနာ့ဝန်ထမ်း ရဟန်းသံဃာတွေကို လည်း စည်းစနစ်ကျနစွာ စိစစ်ဖို့ လိုလိမ့်မည်ဟု ထင်သည်။ ဒါမှသာ အထက်တန်းကျကျ မျက်နှာပန်းလှ လှ ကမ္ဘာ့အလယ်မှာ ဗုဒ္ဓဘာသာရယ်လို့ ဝံ့ကြွားနိုင်မည်ဖြစ်ပါသည်။ အဲသလိုမှမဟုတ်ဘဲ ဝတ်ချင်သ လိုဝတ်၊ ဝင်ချင်တိုင်းဝင်၊ ထွက်ချင်သလို ထွက်ဆိုရင်၊ လမ်းဘေးတကာ ဈေးတကာသပိတ်ပိုက်ပြီး အလှူခံနေမည်ဆိုရင် ကမ္ဘာ့အလယ်မှာ ဗုဒ္ဓဘာသာဝင်တွေ မျက်နှာငယ်ရမည်ဖြစ်ပါသည်။ နောက်ပြီး အရည်အချင်းပြည့်သည့် သာသနာ့ ဝန်ထမ်းရဟန်းတော်များကို အခွင့်အရေးတစ်ရပ်ပေးရင် မကောင်းပေဖူးလားဟု တွေးမိသည်။

ဥပမာ-နိုင်ငံတော်ကဖြစ်စေ၊ လူမှုရေးအဖွဲ့အစည်းကဖြစ်စေ၊ ပစ္စည်းလေးပါး ပြည့်စုံအောင် ထောာက်ပံ့ပေးသင့်သည်။ ပြည်သူလူထုအပေါ် အမြဲတမ်းမှီခိုနေရမည် ဆိုရင်လည်း သဘာဝမကျပေ။ ပြည်သူလူထုမှာ သားရေး၊ သမီးရေး၊ စီးပွားရေးတွေနဲ့ လုံးပတ်ချာနေရ ၍ဖြစ်ပါသည်။ သာသနာ့ဝန်ထမ်း ရဟန်းတော်တွေက ဗုဒ္ဓဘာသာဝင်ပြည်သူလူထုကို ဘာတွေလုပ်ပေးနေသလဲဆိုတာ အရေးကြီးသည်။ တိုက်ပိတ်ပြီး ရဟန်းတော် အချင်းချင်း စာပေသင်ကြားပို့ချခြင်းဖြင့်လည်း ခရီး မတွင်နိုင်ပေ။

ယနေ့ကာလတွင် B.A၊ M.A၊ Ph.D ဘွဲ့ရ ရဟန်းတော်တွေပေါသော်လည်း ၎င်းရဟန်း တော်များသည် ဒကာ၊ ဒကာမတွေထံ အလှူခံရင်း ရုန်းကန်နေကြရပါသည်။ သာသနာ့ဝန်ထမ်း ရဟန်းတော်များအနေဖြင့် ဗုဒ္ဓဘာသာဝင် ပြည်သူလူထုတို့ကို တစ်စိတ်တစ်ပိုင်း အနေနဲ့ အားကိုးသင့်၊ အားကိုးထိုက်အောင် လုပ်ငန်းတစ်ခုခုလုပ်ဆောင်ပေးနိုင်ရမည်။

ဥပမာ-ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည်တို့ဖြစ်ပါသည်။ သာသနာ့ဝန်ထမ်း ရဟန်းတော်များ၏ ပညာရေးသည်ပြတိုက်တွင်သွားထားရမည့် ပညာရေးစနစ်ဖြစ် ပါသည်။ ကမ္ဘာတွင်ဝင့်ကြွားနိုင်အောင် များစွာကြိုးစားဖို့လိုပါသည်။ ဥပမာ-၂ဝဝ၄ ကမ္ဘာအေးမဟာပါသာဏ လိုဏ်ဂူတွင်ကျင်းပသည့် ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံအစည်း အဝေးကိုကြည့်ရင် သာသနဝန်ထမ်း ရဟန်းတော်များ၏ ပညာရေးကိုသိနိုင်ပါသည်။ ထိုညီလာခံအ စည်းအဝေးပွဲတွင် မည်သည့် တိပိဋကဓရတစ်ပုံဆောင်၊ နှစ်ပုံဆောင်၊ သုံးပုံဆောင်တွေမှ အင်္ဂလိပ်လို ဝင်ရောက်ဆွေးနွေးသူ မရှိသလောက်နည်းခဲ့သည်။ ရေငုံနှုတ်ပိတ်နေကြသည်များသည်။ ထိုအစည်းအ ဝေးပွဲကို သင်ခန်းစာယူ၍ ယခုအခါတိပိဋကဓရ ဆရာတော်တစ်ပါးသည် အောက်စ်ဖို့တက္ကသိုလ်တွင် မခံချင်စိတ်ဖြင့် အင်္ဂလိပ်စာသင်ယူနေသည်။ ပညာသင်သည်ဆိုသည်မှာ ကြီးငယ်အချိန်မရွေးပါ။


သို့ သော်လည်း လူ့ဘဝသည်အချိန်တိုတောင်းလှပါသည်။ ထိုသို့ခေတ်ရှေ့ရေးကို ကြိုတင်မြင်တော်မူ၍ မင်းကွန်းတိပိဋကဆရာတော်ကြီးဦးစီး၍ မန္တလေး၊ ရန်ကုန်တို့တွင် နိုင်ငံတော်ပရိယတ္တိ သာသန တက္ကသိုလ်ဆိုပြီးနှစ်ခု တည်ထောင်ခဲ့ပါသည်။ နောက်ပေါ် ထွန်းတော်မူလာသည့် တိပိဋကဓရဆရာတော်များ လုပ်ဆောင်ချက်များက မင်းကွန်းဆရာတော်ကြီး နှင့်ယှဉ်လျှင် အကောင်အထည် ဖော်နိုင်မှုအားနည်းသည်ဟုမြင်ပါသည်။ မင်းကွန်းဆရာတော်ကြီး၏ ခြေလှမ်းကို လိုက်မနင်းနိုင်ရင်မင်းကွန်းဆရာတော်ကြီး၏ ဂုဏ်သိက္ခာကိုတက်စေမှာမဟုတ်ပါ။

 နိုင်ငံတော် ပရိယတ္တိသာသနတက္ကသိုလ်သည် မန္တလေး၊ ရန်ကုန်နှစ်ခုသာရှိ၍ ထပ်မံတိုးဖွဲ့ ဖွင့်လှစ်ရန် လိုပါသည်။ ဓမ္မာစရိယ သုံးကျမ်းအောင်ပြီးကာမှ တက်ရသည့် I.T.B.M-U ခေါ်အပြည်ပြည်ဆိုင်ရာ ထေရဝါဒတက္ကသိုလ်ဆိုပြီး တက္ကသိုလ်လည်းရှိပါသည်။ ထိုတက္ကသိုလ်ကတော့ ပြည်ပရဟန်းတော် များကို အဓိကရည်ရွယ်၍ ဖွင့်ထားခြင်းဖြစ်ပါသည်။ အမေရိကန်၊ ဂျပန်၊ အရှေ့တောင်အာရှမှ ကြွလာသည့် ရဟန်းတော်များနှင့် မြန်မာရဟန်းတော် အနည်းငယ်တို့ တက်ရောက်နေကြပါသည်။ မန္တလေး၊ ရန်ကုန်တက္ကသိုလ်နှစ်ခုတွင် တက်ရောက်ရမည့် ရဟန်းတော်များသည် ပထမကြီးတန်း အောင်၊ အင်္ဂလိပ်စာ ၁ဝ တန်း၊ တက္ကသိုလ် ဝင်တန်းအဆင့်ရှိရမည်ဖြစ်ပါသည်။ တစ်နှစ်ကိုတက္ကသိုလ် နှစ်ခုပေါင်း ၆ဝ ကျော်ကျော်လောက်သာ ဝင်ခွင့်ပေးထားပါသည်။ တစ်နှစ်ကို ပထမကြီး တန်းအောင် သံဃာအရေအတွက်က ၅,ဝဝဝ ကျော်နှင့် ဓမ္မာစရိယကျမ်းပြီး အရေအတွက်က ၂၅ဝ ကျော်တို့ဖြစ်ပါ သည်။ အောင်သည့် အရေအတွက်နဲ့ တက္ကသိုလ်တို့မှာ လုံးဝမျှတမှုမရှိပါ။

သာသနာ့ဝန်ထမ်း ရဟန်းတော်များ၏ ပညာရေးကို အခုအချိန်ပြောင်းလဲပြီး ခေတ်မီမီ စီမံမည်ဆိုရင် နောက်မကျသေးပါ။ သာသနာ့ဝန်ထမ်း ရဟန်းတော်များ၏ ပညာရေးတွင် ပါဠိပထမပြန်ကစ၍ အင်္ဂလိပ်၊ သင်္ချာတို့ကိုတွဲ၍ သင်သင့်ပါသည်။ ယနေ့ မ-ဟ-န ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် ထေရဝါဒ သြဝါဒ စရိယဆရာတော်ကြီး ဦးသျှောင်ဆရာတော်ကြီးနှစ်ပါးတို့မှာ လောကီ (B.A) ဘွဲ့ အသီးသီး ရရှိတော်မူ ထားကြသည့် ဆရာတော်ကြီး များဖြစ်ပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ပြည်သူလူထုတို့အတွက် တစ်ထောင့်တစ်နေရာက အကျိုးရှိစေရန် သာသနာ့ဝန်ထမ်း ရဟန်းတော်များ၏ ပညာရေးကို အဆင့်မြင့် ပညာရေးအဖြစ် ပြောင်းလဲသင့်ပါကြောင်း ….။

7 DAY NEWS JOURNAL

Thursday, 18 October 2012

ကို၇န်မျိုးအောင်ကိုလေးစားပါတယ်ဗျာ


အမေ၇ိကန်နိင်ငံမှာ ပင်ပင်ပန်းပန်းလုပ်ကိုင်စားသောက်ပြီး မိဘကိုရှာကျွေးတဲ့ကို ၇န်မျိုးအောင်က သူအလုပ်လုပ်တဲ့ဆိုင်က ဗုဒ္ဓ၇ုပ်တုတော်ကို နိက်ကလပ်ထဲတွင်မမြင်၇က်သဖြင့် ၁နှစ်ကြာ ထိုဆိုင်တွင်အလုပ်ဝင်ေ၇ာက်ပြီး  ၇ှာထားသမျှပိုက်ဆံဖြင့် US 20000 တန်၇ုပ်ထုတော်ကို ၀ယ်ယူပြီး ဘုန်ကြီးကျောင်းသို့ လှူဒါန်းခဲ့ပါသည်။  သာဓုခေါ်နိင်၇န် မြန်မာ့ပာာသနှင့်သတင်းများမှသတင်းပေးလိုက်ပါတယ်။ မြန်မာ့ပာာသနှင့်သတင်းများမှ

Wednesday, 17 October 2012

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ၀င်ခွင့်

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ၀င်ခွင့်စာမေးပွဲ  ၀င်ခွင့်လျှောက်လွာများကို သီတင်းကျွတ်လပြည့်ကျော် (၉)ရက် နေ့မှ စတင်ကာ မော်ကွန်းထိန်းရုံးတွင် ရုံးချိန်အတွင်း လာရောက်ထုတ်ယူနိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက 01-665362 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Saturday, 13 October 2012

ဗုံးဖောက်ခွဲမည့် အစီအစဉ် သတင်းကြောင့် ဗုဒ္ဓဂါယာ လုံခြုံရေး အနည်းငယ်တိုး

နေမျိုး | သောကြာနေ့၊ အောက်တိုဘာလ ၁၂ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၃၃ မိနစ်
 နယူးဒေလီ (မဇ္ဈိမ) ။ ။ အိန္ဒိယအခြေစိုက် မူဂျာဟစ်ဒင်များ၏ ဗုံးဖောက်ခွဲရန် အစီအစဉ်များထဲတွင် ဘီဟား ပြည်နယ်ရှိ ဗုဒ္ဓဂါယာ စေတီတော်ကြီးလည်း ပါဝင်နေသည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် လုံခြုံရေး အနည်းငယ် တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရှိရသည်။

ပူနေးမြို့ကြီးတွင် သြဂုတ်လ ၁ ရက်နေ့က ပဒေသာဗုံး ပေါက်ကွဲမှုနှင့် ပတ်သက်၍ မကြာမီကမှ ဖမ်းဆီးရမိထားသော မူဂျာဟစ်ဒင် အကြမ်းဖက်သမား သုံးဦးအား စစ်ဆေးရာ ၎င်းတို့အဖွဲ့မှ ဗုံးခွဲတိုက်ခိုက်မည့် အစီအစဉ် စာရင်းတွင် ဗုဒ္ဓဂါယာ ဘုရားကျောင်းလည်း ပါဝင်နေသည်ဟု သောကြာနေ့ထုတ် အိန္ဒိယ အင်္ဂလိပ် သတင်းစာကြီးများတွင် ဖော်ပြပါရှိသည်။ သို့သော် ကြာသပတေးနေ့က ပြုလုပ်သည့် ဒေလီအထူးရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီး Neeraj Kumar ၏ သတင်းစာ ရှင်းလင်းပွဲတွင်မူ “သူတို့ကို ကြိုးကိုင်သူတွေရဲ့ ညွှန်ကြားချက်အရ သူတို့ဟာ ဒေလီမြို့တော်မှာ ဖောက်ခွဲတိုက်ခိုက်မှု တွေ လုပ်ဖို့ စီစဉ်နေခဲ့ကြပြီး သူတို့ရဲ့ပစ်မှတ်ထဲမှာ ဘီဟာပြည်နယ်မှာရှိတဲ့ ဗုဒ္ဓဂါယာ ဟိန္ဒူ ဘုရားကျောင်းလည်း ပါတယ်” ဟု ဒေသခံ ဟင်န္ဒူစတန်နီစကားဖြင့် ပြောဆိုသွားသည်။ သို့သော် ဗုဒ္ဓဓါရာ ဟိန္ဒူဘုရားကျောင်း ဆိုသည်မှာလည်း ဗုဒ္ဓဘုရား ပွင့်တော်မူရာ မဟာဗောဓိ ညောင်ပင် တည်ရှိ သည့် မဟာဗောဓိ စေတီတော်နှင့် ကပ်လျက်တည်ရှိပြီး အကယ်၍ အကြမ်းဖက်သမားများ ဗုံးဖောက်ခွဲလိုပါက လူစည်ကားရာ မဟာဗောဓိ စေတီတော်ကြီးတွင် ဖောက်ခွဲနိုင်ခြေရှိသည်ဟု သုံးသပ်သူများက ဆိုသည်။

ယခုကဲ့သို့ ဆောင်းအဝင်နှင့် ဆောင်းအထွက် ရာသီမျိုးမှာ ဗုဒ္ဓဂါယာ အပါအဝင် မဇ္ဈိမဒေသသို့ မြန်မာနိုင်ငံမှ ဘုရားဖူးများ စည်ကားသည့် ဘုရားဖူးရာသီ ဖြစ်သည်။ အကြမ်းဖက်သမားများ ဖမ်ဆီးရမိပြီးနောက် ဗုဒ္ဓဂါယာတွင် လုံခြုံရေးတိုးမြှင့်ထားပြီး ပုံမှန်ဘုရား လုံခြုံရေးထက် ပိုမိုကြောင်း ဗုဒ္ဓဂါယာတွင် ခေတ္တသီတင်းသုံးနေသည့် မြန်မာရဟန်းတော် တပါးက မိန့်ဆိုသည်။

 “မဟာဗောဓိမှာ လုံခြုံရေး နည်းနည်းတော့ တိုးထားတယ်။ ပုံမှန်ထက် နည်းနည်းတော့ စစ်ဆေးတာရှိတယ်။ အရင် ကတော့ ဂိတ် လုပ်ထားတာပဲရှိတယ်။ အခုဆိုရင်တော့ သတင်းရှိထားတော့ တဦးချင်း စစ်ဆေးမှာပေါ့” ဟု မဇ္စျိမကို မိန့်ဆိုသည်။ ဖမ်းဆီးရမိထားသော အကြမ်းဖက်သမားများ၏ ဖြောင့်ချက်အရ ၎င်းတို့အုပ်စုထဲမှ သုံးဦး လွတ်မြောက်နေသေး ကြောင်းလည်း သိရှိရသည်။ ဂါယာမြို့တွင် မြန်မာရဟန်းတော် အပါး ၈ဝ ခန့်ရှိပြီး “တပါးနှင့် တပါး သတိရှိစေရန်” ဖုန်းဖြင့် အသိပေးကြကြောင်း ဦးပဉ္ဇင်းမှ ဆက်လက် မိန့်ကြားသွားသည်။

 http://mizzimaburmese.com/news/breaking-newsbrief/10251-2012-10-12-14-05-24.html

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၁၉)/ မသီတာ(စမ်းချောင်း)



၁၉၈ဝ ခုနှစ်က အောက်စဖို့ဒ်တွင် အပြည်ပြည်ဆိုင်ရာ ပညာရှငအချို့နှင့်အတူ တွေ့ရသည့် နိုရီကိုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစု

အဲဒီနေ့က မိုက်ကယ်ဟာ ကျွန်မကို မြန်မာ ငွေစက္ကူတစ်ရွက် ပြပါတယ်။ အဲဒီမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံနဲ့ နံပါတ် ၈ ဂဏန်းတွေ ပေါ်နေပါတယ်။ မိုက်ကယ်က ၈ ဂဏန်းက ၈၈၈၈ အရေးတော်ပုံကို ကိုယ်စားပြုကြောင်း နဲ့ ဗိုလ်ချုပ်ပုံကတော့ စုကို ထောက်ခံတဲ့ အသွင်လည်း ဆောင်ကြောင်း ရှင်းပြပါတယ်။ ကျွန်မကတော့ မြန်မာလူထုက စုကို ယုံကြည်စွာ အားပေး ထောက်ခံကြတာကို ကြားရတော့ ဝမ်းသာမိပါတယ်။ သူ့ကို နိုင်ငံခြားသားနဲ့ လက်ထပ်တဲ့အတွက် နိုင်ငံကို သစ္စာဖောက်သူအဖြစ် စွပ်စွဲခံခဲ့ရဖူးတာကိုး။

“နိုရီကို၊ အစကတည်းက ဒီလို နေ့မျိုး တစ်နေ့တော့ ရောက်လာမယ် ဆိုတာ ကျွန်တော်သိနေပါတယ်။ မြန်မာလူထုက သူ့ကို လိုအပ်လာတဲ့အခါ ကျွန်တော်က အဲဒီလမ်းကို မပိတ်ပင်ပါဘူးလို့ စုကို ကတိပေးခဲ့ တာပါ”လို့ မိုက်ကယ်က ပြောပါတယ်။

ကျွန်မက ဝမ်းနည်းသွားပါတယ်။ မိုက်ကယ်က စုကို ဇနီးမယား တစ်ယောက်အနေနဲ့ ထိန်းချုပ်ဖို့ မကြိုးစားတာ ကို သိရတဲ့ အတွက်လည်း သူ့ရဲ့ သဘောထားကြီးမှုကို လေးစား အထင်ကြီးမိပါတယ်။ အခုအချိန်ထိတော့ မိုက်ကယ်ဟာ အတ္တကြီးတဲ့ အချစ်စိတ်ကမ္ဘာ ထဲကနေ  အသွင်ပြောင်းလာခဲ့ပြီပေါ့။ ကျွန်မကတော့ မိုက်ကယ် ဟာ စုအတွက် အစောင့်အရှောက် နတ်တစ်ပါးလို သူ့ကိုယ်သူ ပြောင်းလဲနေတာကို မြင်လိုက်ရသလိုပါပဲ။

ကျွန်မတို့တတွေ ပထမဆုံးအကြိမ် နိုင်ငံခြားကို သွားတဲ့အခါ အရာရာဟာ သဘောကျစရာတွေ ချည်းမို့ မတွေး မမြင်နိုင်လောက် အောင်ဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့် အပြင်မှာ ကြာကြာနေ တဲ့အခါမှာတော့ အဲဒီလူ့အဖွဲ့ အစည်းရဲ့အပြစ်ကလေးတွေကို သတိပြုမိ လာတတ်ပါတယ်။ တစ်စစနဲ့ကိုယ့်အမိမြေက ပန်းတွေက ပိုလှတယ် လို့ ပြန်တွေးမိ လာတော့တာပေါ့။ အဲဒီအခါမှာတော့ ကျွန်မတို့ဟာ ဘယ်လောက်အထိ နိုင်ငံစွဲ၊ အမျိုးသားရေး စိတ်ရှိတယ်ဆိုတာမျိုး ပြန်မြင်လာပါတယ်။ စုမှာလည်း ကောင်းမွန်တဲ့ အမျိုးသားရေး စိတ်ဓာတ် ရှိနေတာကို ကျွန်မခံစားမိပါတယ်။

 အဲဒီစိတ်ကြောင့်ပဲ မြန်မာပြည်မှာ သူ့ဘဝကို မြှုပ်နှံလိုက်တာပါ။ သူက မြန်မာအဝတ်အစားတွေကို တမြတ်တနိုး ဝတ်လေ့ရှိသလို မြန်မာပြည် အကြောင်း မကောင်းလည်း မပြောတတ်ပါဘူး။ ဘာပဲပြောပြော မြန်မာပြည် အကြောင်းကိုလည်း ထည့်ပြောတတ်လေရဲ့လေ။
ဒါပေမယ့် စုက သူ့ရဲ့ မြန်မာနိုင်ငံသား ဘဝကို ထိန်းသိမ်းထား နိုင်ခဲ့ရုံသာမက သားနှစ်ယောက် ကိုပါ မြန်မာပတ်စ်ပို့တ် ကိုင်ထားတာကို ခွင့်ပြုခဲ့တဲ့ မိုက်ကယ့် မိသားစုကိုလည်း ကျေးဇူးတင် နေမိပါတယ်။  ဒီလို အဆုံးအဖြတ်ကလည်း အင်္ဂလန် နဲ့ အင်္ဂလိပ်တွေရဲ့ ပုံရိပ်ပဲ ဖြစ်မယ် ထင်ပါတယ်။ အင်္ဂလန်ဟာ စီးပွားရေးအရ ဩဇာမကြီးတော့ပေမယ့် သူ့ရဲ့ သိက္ခာအရတော့ ကမ္ဘာမှာ ကောင်းကောင်းကြီး ရပ်တည်နိုင်နေတာ အဲဒီလို သဘောထားမျိုးတွေ အတွက် ဖြစ်ပါလိမ့်မယ်။

နေအိမ် အကျယ်ချုပ်ကြောင့် သံမဏိ နိုင်ငံရေးသမား ဖြစ်လာတဲ့ စု

(ဒီအခန်းငယ်ရဲ့ အစပိုင်းမှာတော့ ၁၉၈၈-၈၉ ခုနှစ်က မြန်မာ့ နိုင်ငံရေး ဖြစ်စဉ်အချို့ကို ပြန်ရေးပြထား တာသာ ဖြစ်ပါတယ်။ မြန်မာ မဟုတ်တဲ့ စာဖတ်ပရိသတ်ကို သိစေချင်တဲ့သဘော အကြမ်းဖျဉ်းပဲ ရေးထားတာမို့ ချန်လှပ်ထားခဲ့ပါတယ်။ ဘာသာပြန်သူ)

၁၉၈၉ ဇူလိုင် ၂ဝ မှာ စု နေအိမ် အကျယ်ချုပ် ကျတော့ ကလေးတွေက နွေရာသီ ကျောင်းပိတ်ရက်မို့ သူနဲ့ အတူ ရှိနေကြချိန်ပါ။ စုက သူ့ခြံထဲကနေ ထောင်ကို ခေါ်သွားခံရတဲ့ ပါတီဝင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေ နည်းတူ သူ့ကို ထောင်ကို ခေါ်သွားဖို့ အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။ အဲဒီအဖြစ်ကို မိုက်ကယ်နဲ့ သားနှစ်ယောက်က တွေ့မြင်ခဲ့ရတာပေါ့။ သူ့လူတွေကို ထောင်ထဲမှာ ကောင်းကောင်းမွန်မွန် ထားပါ့မယ်လို့ ကတိရတော့မှ စုက အစာ ပြန်စားတာမို့ စုစုပေါင်း ၁၁ ရက် အစာ မစားခဲ့ပါဘူး။

အဲဒီနောက်ပိုင်း မိုက်ကယ်နဲ့ ကလေးတွေ အင်္ဂလန်ကို ပြန်လာခဲ့ရပြီးနောက် ၂ နှစ်နဲ့ ၄ လလုံးလုံး စုအိမ်က ဖုန်းလည်း အဖြတ်ခံရကာ  မိသားစုဆီက စာလည်း လက်ခံခွင့် မရှိခဲ့တာမို့ အဆက်အသွယ် အားလုံးပြတ် တောက်ခဲ့ ရပြန်ပါတယ်။ မိုက်ကယ့် အပြောအရတော့ စုက နေအိမ်ဝင်းထဲက ပန်းခြံထဲဆင်းပြီး နေစာလှုံချင် လို့တောင် မရခဲ့ပါဘူး။ စုက ငွေရေးကြေးရေး အကျပ်အတည်း ရှိခဲ့ပေမယ့် အိမ်က ပရိဘောဂ အဟောင်းတွေ ရောင်းပြီး အဆင်ပြေအောင် နေခဲ့ပါတယ်။ ကျွန်မ ထပ်ကြားခဲ့ဖူး တာကတော့ စုအိမ်က အဖော်မိန်းကလေး ဈေးဝယ်သွားရင်လည်း ဆိုင်ရှင်တချို့က ငွေမယူလိုက်ကြဘူး ဆိုတာပါပဲ။ စုကိုယ်တိုင်က ဘဝကို ရိုးရိုးနဲ့ ခြိုးခြိုးခြံခြံ နေချင်တော့ သူ့ငွေရေး ကြေးရေး ပြသနာကို သူ့ဘာသာ လိမ္မာပါးနပ်စွာ ဖြေရှင်းနိုင်ခဲ့တယ် လို့ ကျွန်မလည်း ယုံကြည်ပါတယ်။

စုက ကိုယ့်ကိုယ်ကို ထိန်းချုပ်တဲ့နေရာမှာ အစွမ်းထူးရှိသူလို့ ဆိုရမှာပါ။ သူ့ဘဝကိုသူ စည်းကမ်းနဲ့ မောင်းနှင် သူလည်း ဖြစ်ပါတယ်။ ဒီတော့ နေအိမ်အကျယ်ချုပ်ဆိုတာ သူ့အတွက် သိပ်ခက်ခဲခဲ့ပုံ မရပါဘူး။ ဒါမှမဟုတ် စစ်အစိုးရ အနေနဲ့ သူ့ကိုယ်သူ ပြန်လည် ပြင်ဆင်မွမ်းမံဖို့ အခွင့်အရေးထူးကြီးကို မထင်မှတ်ဘဲ ပေးခဲ့တယ် လို့လည်း ဆိုနိုင်မလားပဲ။ စုကတော့ စာတွေ လှိမ့်ဖတ်ခဲ့ပါတယ်။ စာဖတ်ရတာကို သူက အပျော်ဆုံးပဲကိုး။ တရား အားထုတ်မှုနဲ့ စာဖတ်ခြင်းကလည်း သူ့ကို ကိုယ်ပိုင် နိုင်ငံရေးအတွေးအခေါ်တွေ ရလာစေခဲ့ပါတယ်။ ဒါ့အပြင် နေအိမ် အကျယ်ချုပ်ရဲ့ အသီးအပွင့်ကတော့ “ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ခြင်း” ပဲ ဖြစ်ပါတယ်။ သားတွေကို မစောင့်ရှောက်နိုင်၊ မိသားစုဘဝကို မပျော်ပိုက်နိုင်ဘဲ အထီးကျန်ကာလ ခြောက်နှစ်ကို ဖြတ်သန်း လိုက်ရတဲ့ အတွက် စုဟာ သံမဏိလို မာကျောတဲ့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်လာရပါတော့တယ်။


ရှင့်ရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ် စု

ကျွန်မဆီ မိုက်ကယ်က တစ်ဆင့် ပေးပို့လာတဲ့ စုရဲ့ စာတစ်စောင် ရှိခဲ့ဖူးပါတယ်။ စုက ၁၉၉၅ ခုနှစ် နှစ်သစ်ကူး အနေနဲ့ ဘီဘီစီအင်တာဗျူး တစ်ခုမှာ ပျော်ရွှင်စရာနှစ်တစ်နှစ်ဖြစ် ပြီး ကျွန်မအတွက်လည်း ရောဂါဘယ ကင်းပါစေလို့ ဆုတောင်းပေး ခဲ့ဖူးပါတယ်။ စုက အဲဒီလို ပြောလိုက်တော့ ကျွန်မတကယ့်ကို ခံစားလိုက်ရ ပါတယ်။ သူ့ပခုံးပေါ်မှာ နိုင်ငံ့တာဝန်တွေကို  ထမ်းပြီး အကြောင်းအကျိုး ယုတ္တိမရှိ ဆက်ဆံရေးတွေကို စိတ်ရှည်ရှည်နဲ့ တစ်ယောက်တည်း ခုခံနေရချိန်မှာ ကျွန်မကလည်း ရင်သားကင်ဆာ ဝေဒနာရဲ့ ကျွန်တစ် ယောက်လို ဖြစ်နေခဲ့ရပါတယ်။ စု စကားအရဆိုရင် ကျွန်မလည်း ကိုယ့်ကင်ဆာကို ကြောက်ရွံ့ခြင်းမှ ကင်းလွတ်အောင် နေမှ ရှင်သန်နိုင်မှာပေါ့။

ရင်သားခွဲစိတ်မှုပြီး နောက်လေးလလောက်အထိ ကျွန်မမှာ နောက်ပိုင်း ဖြစ်လာမယ့် ပြသနာတွေအတွက်  စိုးရိမ်နေခဲ့မိပါတယ်။ ဒါပေမယ့် ဒီကင်ဆာကို လက်မခံမယ့် အစား ကျွန်မရဲ့ ပိုင်ဆိုင်မှု တစ်စိတ်တစ်ပိုင်း အဖြစ် လက်သင့်ခံဖို့လည်း ဆုံးဖြတ်ခဲ့ပါရဲ့။ အဲဒီလို လက်ခံလိုက်ပြန်တော့ ကင်ဆာကို ကြောက်တဲ့စိတ်လည်း ကွယ်ပျောက်ခဲ့ရသလို စိတ်လည်း အေးချမ်း လာပါတယ်။ စုရေ ရှင့်ရဲ့ အားပေးမှု အတွက် ကျေးဇူးပါပဲ။ ကျွန်မရဲ့ဝေဒနာကို ကျွန်မဘာသာ ထိန်းသိမ်းရင်း ရှင့်ကို လာတွေ့မယ် လို့ပဲ စိတ်ထဲကနေ ပြောခဲ့မိပါတယ်။

http://www.myanmarij.com/?p=6476 

Friday, 12 October 2012

လှည်းကူးမြို့နယ်တွင် ဟိုတယ်ဇုန် ဖော်ထုတ်ရန် လျာထား

ရန်ကုန် ဟိုတယ်ဇုန် တစ်ခုကို လှည်းကူးမြို့နယ်၊ ရန်ကုန် ပဲခူးလမ်း နှင့် ရန်ကုန်-နေပြည်တော်လမ်း အကြားတွင် ဖော်ထုတ် ရန်အတွက် အကြမ်းဖျင်း လျာထားကြောင်း၊ မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်း (ရန်ကုန်ဇုန်)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ရန်ကုန်မြို့မှာ ဟိုတယ်အခန်း လိုအပ်ချက်အရ ဟိုတယ်ဇုန် ဖော်ထုတ်ဖို့ လိုနေပါတယ်။ ရန်ကုန်ရဲ့ အခြေအနေ အရ မြေနေရာ အခက်အခဲတွေ ရှိနေတဲ့အတွက် ဟိုတယ်ဇုန် ဖြစ်နိုင်မယ့်နေရာတွေကို ရှာဖွေနေတာ လှည်းကူးမြို့ နယ်က ရန်ကုန်-နေပြည်တော်လမ်း နဲ့ ရန်ကုန်-ပဲခူးလမ်းနှစ်ခုကြားမှာ ကားလမ်းဘေး နေရာ တစ်ခုကို အကြမ်းဖျင်း လျာထားပါတယ်”ဟု ယင်းက ပြောသည်။
အဆိုပါ ဟိုတယ်ဇုန်မှာကား လမ်းမဘေးတွင် ရှိပြီး မြေဧက ၈ဝဝ ကျော်ခန့် ကျယ်ဝန်းကြောင်း၊ ဟံသာဝတီ လေဆိပ်နှင့် လည်း နီးသောကြောင့် နေရာကောင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ရန်ကုန်မြို့တွင် နိုင်ငံတကာမှ လာရောက်သော ဧည့်သည် အရေအတွက် များသောကြောင့် မြို့တွင်းရှိ နိုင်ငံသား တည်းခိုနိုင်သော ဟိုတယ်များ၊ မိုတယ်များမှ အခန်းကျပ်လျက်  ရှိပြီး ဈေးနှုန်းမှာလည်း ကြီးမြင့် လျက်ရှိကြောင်း ၊ ပြည်တွင်း ခရီးသွားလုပ်ငန်းရှင် တစ်ဦးက ပြောသည်။
ရန်ကုန်မြို့ လက်ရှိတွင် ဟိုတယ် အိပ်ခန်းပေါင်း ၈၄၆၇ ခန်းရှိပြီး ဧည့်သည် ဝင်ရောက်မှုမှာ ၅ဝ ရာခိုင် နှုန်းခန့် တိုးတက် လျက် ရှိသဖြင့် ၂ဝ၁၂ ခုနှစ်တွင် အိပ်ခန်းပေါင်း ၁၁၄၅၁ ခန်း ထပ်မံလိုအပ်မည် ဖြစ်ကြောင်း၊ လိုအပ် မည့် အခန်းများ အတွက် ရှိပြီးသား ဟိုတယ်များရှိ အခန်းများကို တိုးချဲ့ရန်နှင့် ဟိုတယ် အသစ်များ ထပ်မံ ဆောက်လုပ်ရန် ဟိုတယ်ဇုန် များ ဖော်ထုတ်ရန် လိုအပ်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီး ဌာနက ဦးဆောင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက ပြောသည်။

ယခုလက်ရှိတွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် နိုင်ငံတကာ ဧည့်သည်အရေအတွက်မှာ များပြားလာပြီး ၂ဝ၁၁ ခုနှစ်တွင် ၄ သိန်း ကျော်ခန့် ၂ဝ၁၂ ခုနှစ်တွင် ယခု အချိန်အထိ ၆ သိန်းနီးပါးခန့် ဖြစ်လာသည်။ နောက်ပိုင်း တွင်လည်း  ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှု တိုးတက်လာမည် ဖြစ်သောကြောင့် ခရီးသည် ၁ သန်းအထိ ဝင်ရောက်ရန် မျှော်လင့် ထားကြောင်း၊ ယင်းကဲ့သို့ ဝင်ရောက်လာပါက ပြည်တွင်းရှိ ဟိုတယ် အခန်းများ၊ ဝန်ဆောင်မှုပိုင်း၊ သယ်ယူ ပို့ဆောင်ရေး နှင့် လူ့စွမ်းအား အရင်းအမြစ်များကိုလည်း ပြင်ဆင်ထား သင့်ကြောင်း အထက်ပါပုဂ္ဂိုလ် က ပြောသည်။
ရန်ကုန်မြို့တွင် လက်ရှိ၌ ဟိုတယ်နှင့် တည်းခိုရသော လုပ်ငန်းလိုင်စင် ထုတ်ပေးထားမှုမှာ ၁၉၇ လုံးကျော် ခန့်နှင့် အိပ်ခန်းပေါင်း ၈၄၆၇ လုံးခန့် ရှိပြီး အသစ် ဆောက်လုပ်လျက်ရှိသော ဟိုတယ်များ၊ ယခင် ရပ်ဆိုင်းထားသော ဟိုတယ် စီမံကိန်းများကို ပြန်လည် တည်ဆောက်မှု များလည်း ရှိနေပြီ ဖြစ်သောကြောင့် ဟိုတယ်အရေအတွက်မှာ တိုးလာမည် ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။

http://www.myanmarij.com/?p=6449 

Monday, 8 October 2012

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၁၈)

ကျွန်မ သိထားတဲ့ အမှန်တရား တစ်ခုက ရှိနေပါသေးတယ်။ အဲဒါကတော့ စုဟာ ဂျပန်မှာ နေခိုက် သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီး မြန်မာပြည်က လူတွေဟာ ဘယ်လောက်ထိ ချစ်ခင်လေးစားမှု ရှိနေသေး တယ် ဆိုတာရယ်၊ သူ့အပေါ် မြန်မာပြည်ရဲ့ ဂုဏ်ယူဖွယ်ရာ ခေါင်းဆောင်ကြီးရဲ့သမီးအဖြစ် သဘော ထားပြီး မျှော်လင့်ချက်တွေ အပြည့်နဲ့ ရှုမြင်ကြတယ် ဆိုတာရယ်ကို သူတွေ့ကြုံခဲ့ရခြင်းပါပဲ။ ကျွန်မက ပြောမိတာတွေ လွန်များသွားသလား လို့ ပူပန်မိပေမယ့် စုအဖြေကို စောင့်နေလိုက်ပါတယ်။ စုက လာလည်တိုင်းမှာ ကျွန်မတို့ အတွက် ဂျပန် အချိုမုန့်လေးတွေ ယူလာတတ်ပေမယ့် ကျွန်မအဲဒီနေ့က လက်ကမ်း မယူဖြစ်ပဲ ရှိနေခဲ့ပါတယ်။ သိပ် မကြာခင်မှာပဲ စုက “နိုရီကို ရှင်မှန်ပါတယ်” လို့ ဆိုလိုက်ပါတယ်။ အဲဒီအချိန်က ၁၉၈၆ နွေဦး မှာပေါ့။

ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစုနှင့် စာရေးသူ နိုရီကို

ဇွန်လမှာတော့ စုက သူ့ပစ္စည်း တချို့ ကျွန်မအိမ်မှာထားခဲ့ကာ အိန္ဒိယမှာ ရှိတဲ့ မိုက်ကယ့်ဆီကို ထွက်သွား ခဲ့ပါတယ်။ အဲဒီအချိန်ဟာ ကျွန်မတို့အနေနဲ့ စုကို နောက်ဆုံး တွေ့ခဲ့ရတာပါပဲ။

ကျွန်မစကားကြောင့်တော့ သူဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုထဲ ရောက်သွားခဲ့တယ်လို့ မထင်မိ ပါဘူး။  သူ့အမေ ဖျားနာနေချိန်မှာ မြန်မာပြည် ပြည်တွင်းက လှုပ်ရှားမှုတွေ ကလည်း ဖြစ်လာတော့ သူ့ဆီမှာ ရှိနေခဲ့တဲ့ ရင့်သန်နေတဲ့ နိုင်ငံချစ်စိတ်နဲ့ တရားမျှတမှုကို အလေးထား စိတ်တွေကြောင့်ပဲ သူ ဒီလှုပ်ရှားမှုထဲကို ရောက်သွားတာပါ။ ၁၉၈၈ ဩဂုတ် ၂၆ ရက်မှာ ရွှေတိဂုံဘုရား အနောက်ဘက်မုခ် မိန့်ခွန်း ပြောတဲ့အခါ စုက “ကျွန်မဟာ နိုင်ငံခြားသား တစ်ယောက်ကို လက်ထပ်ထားတယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒါကြောင့် တော့ ကျွန်မရဲ့ အမိမြေကို ချစ်တဲ့စိတ်ကို မလျော့ပါး စေနိုင်သလို မြန်မာပြည်အတွက် ကျွန်မရဲ့ သန္နိဋ္ဌာန် ကိုလည်း မပျက်စီးစေနိုင်ပါဘူး” လို့ ပြောခဲ့ပါတယ်။ ဒီလိုပြောတာဟာ သူ့ကိုယ်သူ မြန်မာ တစ်ယောက်ဆိုတာ ပြသတာပဲလေ။ မိုက်ကယ်နဲ့ သားနှစ်ယောက်ရဲ့အကာအကွယ်နဲ့ပဲ စုဟာ မြန်မာလူထုနဲ့ ပြန်လည် ပေါင်းစည်း မိခဲ့ပါပြီ။

သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့နိုင်ငံ လွတ်လပ်ရေးအတွက် ပြည်ပက ရန်သူကို ရင်ဆိုင်တိုက်ခိုက်ဖို့ သူ့ ကိုယ်သူ တိုက်ပွဲထဲ ခြေစုံပစ်ဝင်ခဲ့ပါတယ်။ စုကတော ပြည်တွင်းမှာ ရှိတဲ့ စစ်အစိုးရကို ရင်ဆိုင်ဖို့ မြန်မာ လူထု အနေနဲ့ “ကြောက်ရွံ့ခြင်းက ကင်းလွတ်”ဖို့ တိုက်တွန်းခဲ့ပါတယ်။ ပိုပြီး ခက်ခဲတဲ့အလုပ်ပါပဲ။ သူ့မှာရှိတဲ့ တစ်ခုတည်းသော လက်နက်ကတော့ “ဒီမိုကရေစီ”ပါ။

စစ်အစိုးရကတော့ စုကို လူထုက ထောက်ခံတာကို ကြောက်လန့်ခဲ့ပါတယ်။ ဒါ့အပြင် သူတို့က တရားမျှတမှု ကနေ သွေဖီဖို့လည်း ရဲဝံ့ခဲ့ပါရဲ့။ သူတို့က စုကို နေအိမ် အကျယ်ချုပ် ချထားခဲ့ပါတယ်။ ကျန်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီပါတီ)ဝင်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေကိုလည်း ထောင်ချခဲ့ ပါတယ်။ အဲဒီနောက် ၁၉၉၀ မှာ လူထုက နိုင်ငံလုံးကျွတ် သဘောထားထုတ်ဖော်ကာ မဲပေးခဲ့ကြပြီး အန်အယ်လ်ဒီ က မဲနိုင်ခဲ့ပေမယ့် နိုင်ငံလုံးကျွတ် အရှုံးကို ရင်ဆိုင် ခဲ့ကြရပါတယ်။ ဒါပေမယ့် စုမပါဘဲ အန်အယ်လ်ဒီက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာကို ကြည့်ရင် သူ နေအိမ် အကျယ်ချုပ် ကျနေတာတောင် ဒီမိုကရေစီ အဖျားကတော့ လူတွေကြားမှာ ဒီရေတက်နေပြီ ဆိုတာ သေချာပါတယ်။ စုက သူတို့ကြားမှာ နေနေ ပြီလေ။ စုကိုယ်တိုင်ဟာ မြန်မာပြည်ပါပဲ။

အချုပ်အနှောင်ထဲက စု (၁၉၈၉-၁၉၉၅)

အစောင့်အရှောက် နတ်တစ်ပါး အလား မိုက်ကယ်
နာမကျန်း ဖြစ်နေတဲ့ အမေကို ပြုစုဖို့ဆိုပြီး စု မြန်မာပြည် ပြန်သွားတာ တစ်နှစ်တောင် ရှိခဲ့ပါပြီ။ ၁၉၈၉ ခုနှစ် ဧပြီမှာတော့ ကျွန်မတို့ နှစ်ယောက်လည်း မိုက်ကယ်တို့သားအဖကို စု မရှိတဲ့ အောက်စ်ဖို့ဒ်က ပါ့ခ်တောင်း အိမ်မှာ သွားတွေ့ဖို့ ဆုံး ဖြတ်ခဲ့ပါတယ်။တကယ်တော့ ကျွန်မ သိပ်သိချင်နေတာက မိုက်ကယ်ဟာ ကလေး နှစ်ယောက်ကို ချက်ကျွေးနိုင်တာ ဆိုလို့ စု မကြိုက်တဲ့ ကြက်ဥမွှေကြော် တစ်မျိုးပဲ ကောင်းကောင်း ရှိတာမို့ အခုနေခါ ကလေးတွေကို သူဘယ်လိုများ ကျွေးမွေးနေမလဲ ဆိုတာပါ။ ကျွန်မအနေနဲ့လည်း ကလေး နှစ်ယောက်ကို ဂျပန်စာတွေ ချက်ကျွေးချင် နေမိပါတယ်။ ကျွန်မတို့ရဲ့လျှပ်စစ် ထမင်းပေါင်းအိုးလေးရယ်၊ ဆူကီယာကီလုပ်တဲ့ ဒယ်အိုးရယ်က စုတို့ရဲ့ မီးဖိုချောင်ထဲမှာ ရှိနေသေးတယ်လေ။

ထမင်းစားပွဲပေါ်မှာ ကျွန်မတို့ နှစ်ယောက် အံ့အားသင့်သွားအောင် စောင့်နေတာတွေကတော့ ကြက်ရို့စ် နဲ့ ဟင်းရွက်သုတ်ပါပဲ။ အဲဒီအချိန်က ကင်မ်က အသက် ၁၁ နှစ်နဲ့ ၇ လသာ ရှိသေးပေမယ့် သူက အန်ကယ် အို့စု နဲ့ အန်တီနိုရီကို့ကို ကိုယ်တိုင် ချက်ကျွေးမယ် ဆိုကာ မနက်ကတည်းက အချိုပွဲကို ပြင်ဆင်ခဲ့ပါသတဲ့။ ကျွန်မတို့မှာ အံ့ကို ဩလို့ပေါ့။ ဒါပေမယ့် သူ့မှာ လျှို့ဝှက်ချက် ရှိနေတာကို ကျွန်မတို့ မသိခဲ့ပါဘူး။ မြန်မာဝတ်စုံ ကို သပ်သပ်ရပ်ရပ် ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက် က ထမင်းပွဲကို ပြင်ဆင်ပေးပြီး ကိတ်မုန့် လုပ်ပုံ ကိုလည်း ကင်မ့်ကို သင်ပေးခဲ့ပါသတဲ့။ သူက ဟောင်ကောင်မှာ ဆရာဝန်အဖြစ် ရပ်တည်ခဲ့တဲ့ စုရဲ့ ဝမ်းကွဲ ညီအစ်မ ပါ။ စုက မိခင်ကိုပြုစုနေရင်းက ဒီမိုကရေစီ လှုပ်ရှားမှုထဲ ရောက်သွားတော့ သူ့ မိသားစု အတွက် ဝမ်းကွဲညီမကို အကူအညီ တောင်းပြီး အဝေးကနေ စီမံခဲ့တာပဲ ဖြစ်ပါတယ်။ ကျွန်မက အမြော်အမြင်ရှိလှတဲ့ စုကို အတော်ကြီး အထင်ကြီး သွားမိပါရဲ့။

အဲဒီကာလတွေမှာ မိုက်ကယ့် အနေနဲ့ ပုံမှန်အလုပ်ရယ်လို့ မရှိပါဘူး။ သူတို့အိမ်ရဲ့ ပထမနဲ့ ဒုတိယထပ်ကို ငှားတဲ့ ဝင်ငွေက အဓိက ဝင်ငွေပေါ့။ တကယ်တော့ သူ့ကို ကမ်းလှမ်းလာတဲ့ အလုပ်တွေက အများကြီးပါ။ သူက တစ်ခုကိုမှ မရွေးခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီအလုပ်တွေက ပညာရေးနဲ့ မပတ်သက်လို့ ပါတဲ့။ အင်္ဂလန်မှာ အဲဒီအချိန်က တိဘက်ဘာသာစကား သင်ကြားရေးအတွက် နေရာနှစ်နေရာပဲ ရှိပြီး ဘယ်နေရာမှ မလစ်လပ်ပါဘူး။ ကျွန်မကမိုက်ကယ်နဲ့ ကလေးတွေအတွက် စိတ်ပူကြောင်း ပြောမိတော့ မိုက်ကယ်က ကျွန်မကို “နိုရီကိုရာ။ ကျွန်တော်တို့က ဒီမှာ အင်္ဂလန်မှာ လုံခြုံနေတာပဲ။ ခင်ဗျား စုကိုတော့ ဘာလို့ စိတ်မပူရတာလဲ” လို့ မေးခွန်း ပြန်ထုတ်ပါတော့တယ်။ ကျွန်မက စုရဲ့ ပုန်းလျှိုးနေတဲ့ အရည်အချင်းတွေ ကို သိထားတယ်လေ။ ပြီးတော့လည်း နှစ်ပေါင်းများစွာ တစ်ဘက်သတ် အချစ်နဲ့ ချစ်ခဲ့ရတဲ့ အမိမြေ မြန်မာပြည် က လွဲပြီး ဘယ်နေရာမှာမှ သူ့ရဲ့နိုင်ငံရေး မျိုးစေ့ကို မြေချ ပန်းပျိုးနိုင်မယ့် နေရာမရှိဘူးလို့ ကျွန်မက သေချာ နေတာကိုး။ ဒါကြောင့် မိုက်ကယ့်ကို စုရဲ့ ကျန်းမာရေးကလွဲပြီး ကျန်တာ မပူပန်ဘူး လို့ ဆိုလိုက်ပါတယ်။ “စုအနေနဲ့ မြန်မာပြည် နိုင်ငံရေးမှာ အင်အား အပြည့်နဲ့ သူ့အခန်းကဏ္ဍကို ထမ်းဆောင်ဖို့ အတွက် အိမ်ထောင်ရေး အပူအပန် တွေကနေ စုက ကင်းဝေးသင့်တယ် မဟုတ်လား”လို့ပေါ့။ မိုက်ကယ်က “ခင်ဗျား မှန်ချင် မှန်မှာပါ”လို့ ပြန်ဖြေလေရဲ့။

ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)

 http://www.myanmarij.com/?p=6179

Thursday, 4 October 2012

Aung San Suu Kyi speech San Francisco

တခါကဂန္ဓီ

တခါကဂန္ဓီဟာ ခရီး တခုကို ရထားစီး သွားဖို့ ရထားဘူတာကို ရောက်လာခဲ့ပါတယ်။သူရောက်လာတယ်ဆိုရင်ပဲ ရထားက စတင်ပြီး ထွက်ခွါဖို့ ဘီးစလှိမ့်နေပြီ။

 ဒီတော့ ဂန္ဓီကြီးလည်း ရထားပေါ် ကမန်းကတန်းတက်လိုက်ရတယ်။ ရထားခြေနင်းခုံနဲ့ သူ့ရဲ့ခြေထောက်တဘက်တိုက်မိပြီး သူ့ရဲ့ဖိနပ်တဖက် ဟာ ရထားအောက်သံလမ်းပေါ်သို့ ကျသွားခဲ့တယ်။

ဒီတော့ ကျန်နေတဲ့ ဖိနပ်တဖက်နဲ့ ဂန္ဓီ ရထားပေါ်ကို သေချာရောက်သွားတယ် ဆိုရင်ပဲ ဂန္ဓီက ကျန်နေခဲ့တဲ့ ဖိနပ်တဖက်ကို ကမန်းကတန်းချွတ်လိုက်ပြီး စောစောကကျသွားတဲ့ ဖိနပ်ရှိမှန်းသိပြီး ကျန်နေတဲ့ ဖိနပ်ကိုပစ် ချလိုက်ပါတယ်။ 

သူ ဒီလိုလုပ်တာကို ဘေးမှာ ရှိနေတဲ့ လူတယောက်တွေ့တော့ “ဘာလုပ်တာလဲဗျ…။ ဘာဖြစ်လို့ ကျန်နေ တဲ့ ဖိနပ်တဖက်ကို လွှင့်ပစ်လိုက်ရတာလဲ။” လို့မေးတယ်။ အဲဒီအခါမှာ ဂန္ဓီကြီးက အခုလိုပြန်ဖြေခဲ့သတဲ့။ 

“ကျနော့်ဆီမှာ ကျန်နေခဲ့တဲ့ဖိနပ်က ဘာမှလုပ်လို့မရတော့ ဘူးလေ။ ဒီတော့ ခုနကျသွားတဲ့ ဖိနပ်နေရာနားရောက်အောင် ကျန်နေတဲ့ ဖိနပ်တစ်ဖက်ကို ပစ်ထားခဲ့လိုက် တော့ တွေ့တဲ့သူက ဖိနပ်တရံ ဆိုရင် စီးလို့ရတာပေါ့ဗျာ။” “တဖက်တည်းဆိုရင် ကျနော့်အတွက်လည်း တယ်… အသုံးမ၀င်လှဘူး။ အခြားသူလည်း အသုံးမ၀င်ဘူး လေ။ အခုလို တရံလုံးရတော့ သူ စီးလို့ရသွားတာပေါ့။” လို့ပြန်ဖြေခဲ့ပါတယ်။ 

( မောက္ခ မဂ္ဂဇင်း )

Wednesday, 3 October 2012

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၁၇)

တစ်နေ့တော့ သူက စုနဲ့ ကျိုတိုမှာ ညစာအတူ စားခဲ့ပါတယ်။  တွေ့တွေ့ချင်းမှာပဲ စုက “အို့စုဆန်ရေ လူတွေ က ကျွန်မကို သိပ်ပြင်းထန်တယ်။ အရမ်း ပွင့်ပွင့်လင်းလင်း ပြောလွန်းတယ်လို့ ဆိုကြတယ်။ ရှင်ရော အဲဒီလို ထင်လား” လို့ မေးလိုက် ပါတယ်။ ကျွန်မခင်ပွန်းက လူတွေရဲ့ မှတ်ချက်တွေက စုအပေါ် ထိခိုက်သွားတယ် လို့ ထင်မိပေမယ့် စုရဲ့ လွတ်လပ် စွာ တွေးခေါ်ပြောဆို မှု ကလည်း ဂျပန်လူမှုဝန်းကျင်နဲ့ သိပ်အံဝင်ခွင်ကျ မဖြစ်ဘူး လို့ ထင်ပါတယ်။“ အိုကေပါ စု၊ ခင်ဗျားလည်း ခင်ဗျား တွေးမိသလို ရိုးရိုးပဲ ပြောလေ။ ကျွန်တော်လည်း ကျွန်တော် ပြောနိုင်သလိုပဲ ပြောမယ်။ မဟုတ်ဘူးလား။ အဲဒီလို မလုပ်နိုင်ဘူး ရယ်လို့ မရှိဘူး မဟုတ်လား”လို့ သူက ပြန်ဖြေခဲ့ပါတယ်။

စုဟာ ဂျပန်မှာ နေခဲ့စဉ်က ဂျပန်က လူတွေ အနေနဲ့ သူ့အပေါ် ဘယ်လိုတွေ တွေးထင်မြင်တယ် ဆိုတာကျွန်မ မသိပါဘူး။ သူက လူတွေရှေ့မှာ သူ့ရဲ့ အားနည်းချက် ကိုပဲဖြစ်ဖြစ်၊ အချစ်ခံရအောင် ပဲဖြစ်ဖြစ် ဘာကိုမှ ပြသ လုပ်ဆောင်မှာ မဟုတ်ဘူးလေ။ စုက ကျွန်မရှေ့မှာတော့ ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်ပါတယ်။ စုက မိုက်ကယ် ရှိရင်တော့ ကျွန်မကို သိပ်ဂရုမထားတော့ပါဘူး။ ကျွန်မ အမြဲတွေးမိခဲ့တာကတော့ စုဟာ သူ့ အမိမြေ အတွက် ဘာမှ လုပ်မပေးနိုင်ဘူး ဆိုတာကို နောင်တရနေတဲ့ စိတ်နဲ့ မြန်မာပြည်ကို ချစ်တဲ့စိတ်တွေ အမြဲရှိ နေကာ အဲဒါကိုက ချစ်စရာပဲလေ။ ဒီနှစ် နှစ်သစ်ကူးကာလမှာ သူတို့ တစ်မိသားစုလုံး ကျွန်မတို့နဲ့အတူ ရှိနေတဲ့ အခိုက်မှာတော့ စုရဲ့ မိန်းမပီသမှု ကို တွေ့လိုက်ရပါတယ်။


၁၉၈ဝ တဝိုက် အောက်စဖို့ဒ်တွင် ကလေးနှစ်ယောက်နှင့်အတူ

၁၉၈၆ ခုနှစ် နှစ်သစ်ကူးနေ့မှာတော့ အိုင်ဇန်ဆကာမိုတိုမှာ ရှိတဲ့ ဟီယိုရှိဘုရားကျောင်း ကနေ အိမ်ကို ပြန်လာ ကြတဲ့အခါ လမ်းမှာ မိုမိုယာ မာခေတ်(၁၅၉၄-၁၆၂၃)က ဘုရားကျောင်း အတော်များများကို  တွေ့ရပါတယ်။ အဲဒီကျောင်းတွေ က တောင်ကုန်းလျှောလေးတွေမှာ ကျောက်တုံးနံရံတွေနဲ့ အလှဆင် တည်ဆောက်ထားတဲ့ အနူဇူမိဟန် ဗိသုကာ လက်ရာတွေရှိတဲ့ ဥယျာဉ်ထဲမှာ ရှိပြီး အဲဒီလက်ရာတွေအတွက် နာမည်ကျော်ပါတယ်။ ကျွန်မက ရီဆန်ဂျီကျောင်း ထဲမှာ မြန်မာ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူ ရှိတာကို သိထားတဲ့အတွက် စုကို ပြောပြလိုက် ပါတယ်။ သူက အဲဒီကျောင်းကို ပို့ပေးဖို့ပြောတာနဲ့ ကျောင်းဆီသွား တော့ နှစ်သစ်ကူးနေ့မို့ကျောင်းဂိတ် ကပိတ်ထားလေရဲ့။ ကျွန်မတို့လည်း ကျောင်း အနောက်ဘက်က ပတ်ပြီး တံခါးခေါက်ကြည့်ကြပါတယ်။

တံခါးပွင့်သွားတာနဲ့ တစ်ပြိုင် နက် မြန်မာဗုဒ္ဓရုပ်ပွားတော်ရဲ့ တည်ငြိမ်တဲ့ အပြုံးရိပ်ကို ဘွားခနဲ ဖူးတွေ့ လိုက်ရ ပါတယ်။ စုက“အို”လို့ တစ်ခွန်းတည်း ပဲ ပြောနိုင်ပြီး နောက်ထပ်စကား မဆက်နိုင်လောက်အောင် ငြိမ်ကျသွား ပါတယ်။ ငွေသုံးရာမှာ စနစ်ကြီးတဲ့ စုက ယန်း ၅ဝဝဝကို ဘုန်းတော်ကြီးဆီ ကပ်လှူလိုက်ပြီး ကြမ်းပြင်မှာ ကျုံ့ကျုံ့ထိုင်ကာ ထိခြင်းငါးပါးနဲ့ ဦးသုံးကြိမ်ချ ကန်တော့လိုက်ပါတယ်။ ပြီးတော့ တတွတ်တွတ် နဲ့ဘုရားစာရွတ် ဆုတောင်းတော့တာ ပါပဲ။မိုက်ကယ်ရော ကလေး နှစ်ယောက်ကပါ စုလိုပဲ ဝတ်ပြုကြပါတယ်။ ဒါပေမယ့် သူတို့ကတခြား ဘုရားဖူးတွေ ဝင်လာတော့ မတ်တပ်ရပ် လိုက်ကြပါတယ်။ စုကတော့ ဘေး ဘယ်ညာ ကို သတိမထား မိတော့သလို ဘုရားစာကိုသာ တတွင်တွင် ရွတ်နေပါတော့ တယ်။ ကျွန်မက စုရဲ့ အနောက်မှာ တစ်ချိန်လုံး ရှိနေတာမို့ စုက ကိုယ်ကို ကိုင်းညွတ်လိုက် ပြန်မတ်လိုက်နဲ့ ဘုရားကန်တော့နေတဲ့ ကောက်ကြောင်းကို မြင်တွေ့နေရပါတယ်။ အဲဒီအခါကျမှ စုဟာ မိန်းမဆန်လှပြီး ဆွဲဆောင်မှု ရှိတယ်လို့ မြင်လာမိတာပါ။ ပထမဆုံးအကြိမ် အဖြစ် စုဟာ လိုက်လျောနိုင်တဲ့ မိန်းမမျိုးလည်း ဖြစ်တယ်လို့ ကျွန်မ တွေးလိုက်မိပြန်ပါတယ်။

ကျွန်မတို့ရဲ့ အင်္ဂလန်နဲ့ဂျပန်မှာ တွေ့ဆုံခဲ့တဲ့ သမိုင်းကို ပြန်ကြည့်တဲ့အခါ သူ့ကို မြန်မာပြည်မှာတော့ ကျွန်မ မဆုံမိသေး ပါလား လို့ တွေးမိပါတယ်။ ကျွန်မတွေ့ခဲ့တဲ့ စုဟာ နိုင်ငံခြားရောက်စု ဖြစ်နေခဲ့တာမို့ သူဟာ သံမဏိဝတ်ရုံကို လွှမ်းခြုံ ထားတဲ့ အသွင်နဲ့ ဖြစ်နေခဲ့တာပေါ့။ အခုတော့ ဂျပန်က ရွာလေးတစ်ရွာရဲ့ ဗုဒ္ခ ရုပ်ပွားတော် ရှေ့မှောက်မှာ သူဝတ်ဆင် ထားခဲ့တဲ့ သံမဏိဝတ်ရုံကို မခြုံတော့ဘဲ မြန်မာ့ဝိညာဉ် အပြည့်နဲ့ ဖြစ်နေခဲ့ပါတယ်။ အဲဒီလို သူ့ရဲ့ အင်မတန်အေး ချမ်း ပျော့ပျောင်းနေပုံကို ကြည့်ပြီး ကျွန်မရဲ့ စိတ်ထဲမှာ ရုတ်တရက် ဖြစ်ပေါ်လာတာကတော့ စုအနေနဲ့ စိတ်အေး လက်သာ နေနိုင်အောင် ဆိုရင် မြန်မာပြည်က လွဲပြီး တခြားနေရာ မရှိနိုင်ဘူး ဆိုတာပါပဲ။ စုအနေနဲ့အင်္ဂလန်မှာ နိုင်ငံခြား သား တစ်ယောက်အဖြစ် လုံခြုံစွာ နေနိုင်ပါမယ်။ ဒါပေမယ့် ဆန္ဒ မရှိတရှိ ပေါ့။ ဒါမှမဟုတ် အဆိုးဆုံးအတွက် ပြင်ဆင် ရင်း မြန်မာတွေ ကြားမှာ တစ်သက် လုံး နေသွား သင့်တယ်လေ။ ကျွန်မကတော့ စုအနေနဲ့ အဲဒီလို နေသွားမှာကို စိတ်ပူမိပါရဲ့။

စုထံမှ ခွဲခွာခြင်း

စုအဖို့ ဂျပန်ကနေ ပြန်ရမယ့် အချိန်က နီးကပ်လို့ လာပါတယ်။ တစ်ရက်မှာတော့ စုက ကျွန်မတို့ အိမ်ကို ရောက်လာလေရဲ့။ ကျွန်မကလည်း အတုံ့အဆိုင်း မရှိ အခုလို ပြောဖြစ် သွားမိပါတယ်။ “စုရေ ကျွန်မသာ ရှင်ဆိုရင်လေ မြန်မာပြည်ကို ပြန်သွား မှာပဲ။ ရှင် အောက်စ်ဖို့ဒ်မှာ နေနေသမျှ ရှင့်အဖို့ လက်ဘက်ရည်ပွဲ တွေမှာပြောရမယ့် သူရဲကောင်း တစ်ယောက်လို ဖြစ်နေ ပြီး မြန်မာပြည် ကတော့ ရှင့်ကို ဘယ်လိုနည်းနဲ့ မဆို လိုအပ်နေမှာလေ။ ရှင့်မှာ မြန်မာပြည်က လိုအပ်နေတဲ့ အရည်အချင်း ကောင်းတွေကလည်း အများကြီးရယ်။ အင်္ဂလိပ်စကား ဆိုရင်လည်း တကယ့်ကို အရမ်းကောင်းတယ်လေ။ မိုက်ကယ့်အနေနဲ့ အိန္ဒိယက တက္ကသိုလ် တစ်ခုခုမှာ အလုပ်ကောင်းကောင်း ရနိုင်တာပဲ။ မြန်မာအစိုးရက ဗီဇာပေးနိုင် သလောက် ရှင်တို့နှစ်ယောက် လည်း လွယ်လွယ် တွေ့နိုင်မှာပဲ။ အိန္ဒိယဆိုတာ မြန်မာပြည်နဲ့ ခဲတစ်ပစ်လောက်ပဲ ဝေးတော့ အဆင်ပြေတာ ပေါ့။ မဟုတ်ဘူးလား။ အောက်စ်ဖို့ဒ်က အိမ်ကို ငှားထားပေးလိုက်လည်း ရတာပဲ။ ကလေး နှစ်ယောက် ကိုလည်း ဘော်ဒါထားပြီး ကျောင်းတက်ခိုင်း နေရမှာပဲ။ အဲဒီလိုများ မတွေးမိဘူးလား” လို့လေ။ ကျွန်မရဲ့ အဲဒီစကားလည်း ကြားပြီးရော ဘယ်တော့မဆို ခပ်သွက်သွက် တုံ့ပြန်တတ်တဲ့ စုဟာ ခဏကလေး တိတ်ဆိတ်သွား ပါတော့တယ်။
ဆက်လက်ဖော်ပြပါမည်။
မသီတာ-စမ်းချောင်း


http://www.myanmarij.com/?p=5936

လူတော် (သို့မဟုတ်) ?

မှား မှားမှန်းသိ၊ လူတော်ဖြစ်နိုင်၏။
မှားလျက်ပင်၊ လူတော်ထင်၊ မှားမြဲမှားမည်စဉ်။

ပညာ

If you plan for one year, plant rice.
 If you plan for ten years, plant trees.
 If you plan for one hundred years, educate people.

A Chinese Sage

တစ်နှစ်အတွက် ကြိုတင်စီမံလျှင်၊ ဆန်စပါးကိုစိုက်ပါ။
ဆယ်နှစ်အတွက် ကြိုတင်စီမံလျှင်၊ အသီးပင်များကိုစိုက်ပါ။
 နှစ်တစ်ရာအတွက် ကြိုတင်စီမံလျှင်၊ လူများကိုပညာသင်ပေးပါ။

 တရုတ်ပညာရှိကြီးတစ်ဦး http://www.maukkha.org/index.php/interview-maukkha/opinion-maukkha/2336-dr-u-thein-education-reform-myanmar