အဲဒီခေတ်က ရုရှ ပညာတော်သင် တွေကို ပြည်ပနိုင်ငံတွေ စေလွှတ် မှုတွေမှာ သိပ်မတင်းကြပ် တော့ပေမယ့် ဂျပန်မိသားစုအိမ်တွေကို ဖိတ်ကြားခံရတာ မျိုးတော့ သူတို့လည်း မကြုံဖူးသေးချိန်ပေါ့။ ဒီတော့ သူတို့က ဂျပန်ရိုးရာဆူရှီထဲက ဆာ ဘာဇူရှီ (ငါးသေတ္တာ ငါးဆူရှီ)နဲ့ ဆကီဟန်(ကောက်ညှင်းနဲ့ ပဲနီမုန့်)ကို သိပ်မစားဖူးကြသေးပါဘူး။ သူတို့က ရှေးရိုးစွဲသူ တွေပီပီ ငါးဆူရှီကို အစပိုင်းမှာ သိပ်မတို့ထိခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ အရသာ ကောင်းတယ် ဆိုကာ စားလာကြပါတယ်။
စုကတော့ ငါးဆူရှီကို သိပ်ခံတွင်းမတွေ့ဘဲ ကောက်ညှင်း ပဲနီမုန့်ကို ထပ်ထည့်ပါတော့တယ်။ စုရဲ့ တူကိုင်ပုံ ကလည်း ဂျပန်တွေ တူကိုင်ပုံနဲ့ တူပါတယ်။ ကင့်မ်ကို ကြည့်ရတာတော့ မဏ္ဍပ်ပေါ်က ပေးသွားခဲ့တာတွေနဲ့ ပြည့်နေသလို ပလပ်စတစ် သေနတ်တစ်လက်လည်း ရထားလေတော့ သူ့ဘာသာ ကျေနပ်ပြီး ဗိုက်ပြည့် နေသလား ပါပဲ။
“နိုရီကိုရေ မစ္စအဝါဆာကီကို ပြောပြလိုက်ပါ။ ကောက်ညှင်းနဲ့ ပဲနီက ကျွန်မတို့ဆီမှာလည်း ရှိတယ်လို့။ ကျွန်မတို့ က ကောက်ညှင်းပေါင်းလို့ ခေါ်တာလေ”လို့ ဆိုပါတယ်။ ကျွန်မက ပဲနီရော ရှိလားဆိုတော့ ရှိကြောင်း ဖြေပါတယ်။ အိမ်ရှင်ကလည်း မြန်မာမှာ ကောက်ညှင်းနဲ့ ပဲနီရှိတယ် ဆိုတာ သိပြီး သဘောတွေ ကျနေတာပေါ့။ မြန်မာမှာ ဆကီဟန် ရှိတယ်လို့ ပြန်ပြောနေလေရဲ့။

အို့စု ပွဲတော်ရောက် အပြည်ပြည်ဆိုင်ရာ ပညာရှင်များနှင့် အတူတွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၊ သားငယ်နှင့် နိုရီကို
ဂျော့ရှ်အော်ဝဲလ်ရဲ့ “တိရစ္ဆာန်ကမ္ဘာ”တို့၊ “၁၉၈၄” တို့ ဆိုတာ ဆိုဗီယက်နဲ့ မြန်မာကို ကြည့် ပြီး ရေးတယ်လို့ ဆိုကြတယ် မဟုတ်လား။ တစ်နိုင်ငံက သိပ်အေးပြီး နောက်တစ်နိုင်ငံက သိပ်ပူနေတာတော့ ကွဲပြားတာပေါ့။ ရုရှနဲ့ မြန်မာမှာ နိုင်ငံရေး စိတ်ကူးတူပြီး ဂျပန်နဲ့ မြန်မာမှာတော့ ဆာကီဟန်ချင်း တူတယ်လို့ ဆိုရမှာပေါ့လေ။
နိုင်ငံရေးစိတ်ကူး ဆိုတာ အချိန်ပြောင်းလာရင် ပြောင်းလဲသွား နိုင်ပေမယ့် အစားအစာကိုတော့ ပြောင်းဖို့ မလွယ်ကူပါဘူး။ ပိုပြီးလည်း အေးချမ်းတဲ့ တူညီမှုမို့ အစားအစာ တူရတာ ကောင်းတာပေါ့လို့ တွေး မိနေပါတယ်။ ကျွန်မနဲ့စု နှစ်ယောက် စလုံးက အောက်စ်ဖို့ဒ်မှာ ဆိုရင် နိုင်ငံခြားသားလို နေခဲ့ရတာကိုး။ ဒါပေမယ့် ကျွန်မက မြန်မာရော ဂျပန်မှာပါ တူညီတဲ့ အစားအသောက် ယဉ်ကျေးမှု ရှိနေတာကို ရုတ်တရက် မေ့နေခဲ့တာပါ။ ဒီ အို့စုမတ်ဆူရီ ပွဲတော်ကပဲ ကျွန်မတို့ကို ဒီအတွေး တွေးမိအောင် ဖန်တီးခဲ့တာပေါ့။
လူထုဘဝထဲက စု
စုနဲ့ကင်မ်တို့က ကျိုတိုဘူတာရုံရဲ့အရှေ့မြောက်ဘက်မှာ ရှိတဲ့ အပြည်ပြည်ဆိုင်ရာ ဧည့်ဂေဟာမှာ ဘဝ အသစ်တစ်ခုကို စခဲ့ကြပါပြီ။ စုကတော့ အောက်စ်ဖို့ဒ်က ဘဝနေထိုင်နည်းကိုပဲ ပြန်သုံးပါတယ်။ ချွေတာ ရေးလည်း ဖြစ်အောင်နဲ့ ကားတွေ ကြပ်တာကိုလည်း ရှောင်ရာကျအောင် စုက စက်ဘီးအဟောင်း တစ်စီးကို ဝယ်လိုက်ပါတယ်။ ခြောက်လလုံးလုံး သူက မြန်မာဝတ်စုံ ဝတ်ပြီး အဲဒီစက်ဘီးတစ်စီးနဲ့ လျှောက်သွား တော့တာပါပဲ။
ကင်မ်ကလည်း မူလတန်း ကျောင်းလေး မှာ ကျောင်းအပ်လို့ ရသွားပါတယ်။ ပြဿနာကတော့ သူက ဂျပန်လို လုံးဝနားမလည်တော့ စာလိုက်မလုပ်တော့ပါဘူး။ စုက ဗြိတိသျှကောင်စီက ငှားလာပေးတဲ့ အင်္ဂလိပ်စာအုပ် တွေကိုပဲ အတန်းထဲမှာ ထိုင်ဖတ်ပြီး ကျောင်းက ကျွေးတာတွေ စားပေါ့။ သူက “ကျောင်းသွားရတာ ပျော်တယ်။ စာကြည့်စရာ မလိုပေမယ့် ကျွေးတာကတော့ စားနိုင်တယ်လေ”လို့ ပျော်ပျော် ပဲ ပြောပါတယ်။
စုက အင်္ဂတေနဲ့ ဆောက်တဲ့အိမ်တွေကို မယဉ်ပါးဘူး ထင်ပါရဲ့။ ပိတ်ရက်တွေမှာ ကျွန်မတို့အိမ်ကို ရောက်လာရင် သူ ဘယ်လောက် စိတ်လက် ပေါ့ပါးသွားကြောင်း ပြောလေ့ ရှိပါတယ်။ နိုဝင်ဘာလမှာတော့ သူက ခရစ်စမတ်မှာ သူ့ဆီ လာလည်ကြမယ့် မိုက်ကယ်နဲ့ အလက်ဇန္ဒား တို့အတွက် လေယာဉ်လက်မှတ် ဝယ်ပေးရမှာမို့ လျှော့ဈေးဆိုင် ကို ခေါ်သွားပေးဖို့ ပြောလာပါတော့ တယ်။ စုက အိန္ဒိယမှာနေခဲ့တုန်းက ခင်ခဲ့တဲ့သူငယ်ချင်းတစ်ယောက်ဟာ အိန္ဒိယ လေကြောင်းလိုင်းမှာ လုပ်တာမို့ သူက အဲဒီလေကြောင်းလိုင်း ကနေပဲ လတ်မှတ်ဝယ် တတ်ပါတယ်။
အဲဒီအချိန်မှာ လန်ဒန်မှာ ဘော်ဒါနေ နေတဲ့ အလက်ဇန္ဒားက နယူးဒေလီကို သွားပြီး ဆင်းမလားက နေလာမယ့် မိုက်ကယ်နဲ့တွေ့ကာ ဂျပန်ကို အတူလာကြရမှာပါ။ အပြန်လည်း အဲဒီလိုပဲ စီစဉ်ပေးရမှာ ဖြစ်ကာ လက်မှတ်ဖိုး တွေကိုတော့ စုက ပေးရမှာပါ။ သူက မမောတမ်းပဲ လေယာဉ်ခရီးစဉ်အချိန်ဇယားကို ကြည့်ပြီး စိတ်ရှည် လက်ရှည် ရွေးနေလေရဲ့။ ကျွန်မကတော့ အဲဒီဘေးမှာ ရပ်ရင်းကို ပင်ပန်းလို့ လာတော့တာပါ။ ဈေးလျှော့ ပေးတယ်ဆိုပေမယ့် အပြန်လက်မှတ်တွေက သိပ်မချိုလှပါဘူး။ ငွေလည်း ချေပြီးရော သူက သက်ပြင်းကြီး ချလိုက်ကာ “နိုရီကိုရေ ယောကျာ်းတွေ ဆိုတာ ဘယ်လောက်များ ဒုက္ခပေးတဲ့ သတ္တဝါတွေ များပါလိမ့်နော်”လို့ ဆိုလိုက်ပါတော့တယ်။
စုက လစဉ်ဝင်ငွေ အဖြစ် စကောလားရှစ်က ယန်းငါးသိန်း ပေးပါတယ်။ အဲဒီအချိန်က ကျွန်မ ခင်ပွန်းရဲ့ လက်ထောက် ပါမောက္ခ လစာဟာ အခွန်ဖြတ်ပြီးတဲ့ အခါမှာတောင် လစဉ် ယန်းသုံးသန်းနှစ်သိန်း မို့ အတော် အဆင်ပြေပါရဲ့။ စု အတွက် ကတော့ “ကျွန်မက မြန်မာသံရုံးကို ဝင်ငွေရဲ့ ဆယ်ရာခိုင်နှုန်း ပေးရတာမို့ ယန်းငါးထောင် ပေးရမယ်လေ”လို့ ဆိုတာမို့ သူ့ဝင်ငွေဟာ သိပ်တော့ မဟန်လှဘူး ဆိုရမှာပါ။ “အဲလိုသာ မပေးရရင် ကောင်းမှာပဲ” လို့ စုက ပြောပါသေးတယ်။ ကျွန်မက သံရုံးကို ဘာအတွက် ပေးရတာလဲလို့ မေးတော့ စုကဘာမှ ပြန်မဖြေခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ပေးရမှာပေါ့ လို့တော့ ပြောလေရဲ့။
အင်္ဂလန်မှာ ရှိတဲ့ မြန်မာတွေ အနေနဲ့ သူတို့ရဲ့ လစဉ်ဝင်ငွေထဲက ၁ဝ ရာခိုင်နှုန်းကို မြန်မာသံရုံးကို ပေးစရာ မလိုခဲ့ပါဘူး။ ၁၉၄၇ ခုနှစ် ဝန်ကြီးချုပ် အက်တလီနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ သဘောတူညီချက် မှာကို အဲဒီကိစ္စ ထည့်ပြောခဲ့ကြတယ်လို့ ဆိုပါတယ်။ ဂျပန်နဲ့ မြန်မာကြား မှာတော့ အဲဒီသဘောတူညီချက် ကိစ္စမျိုး မရှိပါဘူး။ ဂျပန်မှာ အလုပ်လုပ်နေတဲ့ မြန်မာတွေ အနေနဲ့ သူတို့လခ ထဲက ၁ဝ ရာခိုင်နှုန်းကို ဂျပန်အစိုးရက ဖြတ်တောက် ပြီးမှ ပေးတာမို့ မြန်မာသံရုံး ဘက်ကိုပါ အခွန် ထပ်ပေးရတာမျိုးက မဖြစ်သင့်ဘူးလို့ ကျွန်မထင်ပါတယ်။ ဒါဟာ ဂျပန်နိုင်ငံရဲ့ အခွန်ဥပဒေနဲ့လည်း ဆန့်ကျင် နေပါတယ်။ (အခုအချိန်မှာတော့ မြန်မာ အလုပ်သမားတိုင်းဆီက ယန်း တစ်သောင်းနှုန်း ကောက်ခံနေပါတယ်) ဒီကိစ္စကို ဂျပန်အစိုးရက မကြာခဏ ကန့်ကွက်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒီလို ကောက်ခံပုံက ကျွန်မတို့ဆီမှာ ယာကူဇာတွေ လောင်းကစားဝိုင်းတွေ ဆီက ငွေကောက်ပုံမျိုးနဲ့ တူနေပါရဲ့။ ဒီငွေကို ဘယ်သူကမှလည်း ကြည်ကြည်ဖြူဖြူ မပေးချင်ကြပါဘူး။
မသီတာ(စမ်းချောင်း)
http://www.myanmarij.com/?p=5473
No comments:
Post a Comment