Monday, 17 September 2012

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၁၄)

ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိမြဲပေမယ့် သူ့မှာ အဲဒီစိတ်ကူးကို စွန့် လွှတ်သွားအောင် ကျွန်မက ဘယ်လို လုပ်နိုင်မှာပါလိမ့်။ ကျွန်မက ဒီဖိနပ်ဟာ အလုပ်ကြမ်း သမားတွေ အတွက် ပါလို့များ ပြောလို့ကတော့ ခွဲခြား ဆက်ဆံမှုလို့ ဝေဖန်ခံရဦးမှာကိုး။ “ဒီဖိနပ် ဘယ်မှာရောင်းလဲဆိုတာ သိတယ် မဟုတ်လား”လို့ စုက ထပ်မေး နေပါတယ်။ “သိတယ်လေ။ နီယိုတံတားနား ကနေ အရှေ့ဘက် နည်းနည်းသွားရင် ရပြီ”လို့ ဖြေတော့ သူ့ကို အဲဒီဆိုင်ဆီ ပို့ပေးဖို့ပြောတော့တာပါပဲ။

ကျွန်မလည်း သူ့ထောင်ချောက်ထဲ ပိတ်မိတော့မလို့ပါပဲ။ နောက်မှ အရှေ့တောင်အာရှ လေ့လာရေးဌာန မှာ တိုင်းပြည် အသီးသီးက ပညာရှင်တွေ ဝင်ထွက်နေတာမို့ အဲဒီလိုဖိနပ်မျိုးကို စီးဖို့ မသင့်တော်ဘူးလို့ အတန်တန် ဖျောင်းဖျ ရပါတော့တယ်။ ကျွန်မတို့ရဲ့စကားပုံတစ်ခုမှာလည်း“ပစ္စည်းမှန် နေရာမှန်”ဆိုတာ ရှိတာမို့ ကိုယ့်နေရာမှာ ကိုယ့်ပစ္စည်းတွေ ကို သူ့ဟာနဲ့သူ သင့်တော်အောင် ထားရမယ့်အကြောင်းလည်း ပြောတာပေါ့။ သူက တော့ ကျွန်မပြောချင်တာကို သိပ်သဘောပေါက်ပုံ မရပေမယ့် နောက်ဆုံးမှာတော့ စိတ်မပါ့တပါနဲ့ပဲ ကျွန်မ ရဲ့အကြံကို လက်ခံလိုက်ပါတယ်။

အဲဒီလို ဂျကာတာဘီဖိနပ်ကိစ္စ ငြင်းခုံနေကြတာနဲ့ပဲ ကျွန်မခင်ပွန်းနဲ့ ချိန်းထားတဲ့အချိန်က ကျော်သွားပါပြီ။ ကျွန်မရဲ့တပည့်မလေး နိုရီကို့ အိမ်ကို ရောက်တော့ နိုင်ငံခြားဧည့်သည်တွေကို ဧည့်ခံတဲ့ အစီအစဉ်က ပြီးတောင်သွား ပါပြီ။ အဲဒီနေ့က သူတို့ရဲ့ဧည့်သည်တွေကတော့ ရုရှက ပညာရှင်တွေ၊ ဂျပန်စာသင်နေတဲ့ အမေရိကန် ကျောင်းသားလေးတွေ၊ ကျွန်မတို့ လင်မယား နှစ်ယောက်နဲ့စုတို့ မြန်မာ သားအမိ နှစ်ယောက်ပေါ့။ တကယ်တော့ ဂျပန်အိမ်လေးတွေက လူ ၃ဝ ထက် ပိုပြီး မဆန့်တတ်ပါဘူး။

အို့စုမတ် ဆူရီ ပွဲတော် မြင်ကွင်း
အို့စုမတ် ဆူရီ ပွဲတော် မြင်ကွင်း

ကျွန်မတို့အားလုံး အိမ်ထဲမှာ နေရာယူပြီး မကြာခင်မှာပဲ အိမ်အောက်ဆုံးထပ်မှာ တာတာမိဖျာတွေ ခင်းထားတဲ့ အခန်းလေးထဲ ပုလွေသံနဲ့ခေါင်းလောင်းသံတွေ ဝင်ချလာပါတော့တယ်။ လက်ဖက်ရည်ပွဲမှာ တစ်လျှောက်လုံး အေးအေး ငြိမ်းငြိမ်း နေရမယ် ဆိုတာကို မေ့သွားကြ သလိုပဲ ဧည့်သည်တွေ အားလုံးက အပေါ်ထပ်ကို အပြေးအလွှား တက်ကြ ပါတော့တယ်။ ပွဲတော်ရက်တွေမှာ အိမ်တွေ အားလုံးဟာ အပေါ်ထပ် ပြတင်းပေါက်တွေ အားလုံးကို ဖွင့်ထားတတ် ကြပါတယ်။ တာတာမိဖျာတွေကို ခင်းထားပုံကလည်း ပြဇာတ်ရုံကြီးထဲမှာ သီးသန့် အခန်းဖွဲ့ခုံလေးတွေလိုပေါ့။ ရွေ့လျား မဏ္ဍပ်တွေရဲ့ စင်အမြင့်က အိမ်အပေါ်ထပ်နဲ့ ကြမ်းတစ်ပြေးတည်း လောက် ရှိတာမို့ အခုတော့ ကြမ်းပေါ် ထိုင်နေရတာနဲ့ မတူဘဲ အဆင့်မြင့် ပွဲကြည့်စင်မှာလို ခံစားနိုင်တယ်လေ။ ဒါကြောင့် မဏ္ဍပ်တွေ လှည့်လာတဲ့အခါမှာ ဧည့်တွေက အပေါ်ထပ်ကို အပြေးတက်ကြတော့တာပါ။

စုနဲ့ ကင်မ်ကဧည့်တွေ အားလုံးရဲ့ရှေ့ဆုံးက အလယ်မှာ ထိုင်လိုက်ကြပါတယ်။ ကျွန်မက သူတို့ကို ရှင်းပြဖို့ အနောက်ကပ် လျက်မှာပဲ နေရာယူလိုက်ပါတယ်။ တစ်ယောက်ယောက်က“ရှိုမို၊ရှိုမို”လို့ ရွတ်လိုက်ပါတယ်။ ဂျပန်တစ်ယောက်က အဲဒီလို အော်လိုက်ရင်ပဲ ဧည့်သည်တွေက “ရှိုမို၊ရှိုမို”လို့ သံပြိုင် လိုက်အော်ပါတော့ တယ်။ ဒီဒေသခံတွေရဲ့ အသံထွက်က နည်းနည်းကွဲတော့ ကျွန်မက ဘာကို ဆိုလိုမှန်း ချက်ချင်းမသိပါဘူး။ နောက်မှ ”ရှိုမို”ဆိုတာ“I want”လို့ ပြောကြောင်း သိသွားပါတော့တယ်။ လူတွေက မဏ္ဍပ်ပေါ်က ဖျော်ဖြေသူတွေကို “ဆိုပြတီးပြ ပါဗျို့။ ကြည့်ချင်တယ်”လို့ သြဘာ ပေးကြပြီး သူတို့ကလည်း ပွဲကြည့် သူတွေအတွက် ဆိုတီးပြ ကြပါတယ်။ ဂျပန်ခေါင်းလောင်း ကလေးက ကန်ကန် ချီကီချီကီ လို့ မြည်နေသလို ဗုံ ကလည်း ဘုကုဘုကု ဒွန်ဘုကုလို့ အသံထွက်ပါတယ်။ ပုလွေကတော့ စိတ်မရှည့်တရှည်နဲ့ ဟျဟျဟိဟိုဟို လို့ ချွဲတော့တာပါ။ လူတွေကလည်း သံစဉ်ကို လိုက်ပြီး ဂျပန်လို တစ်မျိုး၊ ရုရှန်လို တစ်သွယ်၊ အမေရိကန်လို တစ်နည်း၊ မြန်မာလို တစ်ဖုံနဲ့ ယိမ်းထိုး လှုပ်ရှားလာကြပါတော့တယ်။

ကျွန်မတို့ရဲ့“ဖျော်ဖြေပြပါဗျို့” ဆိုတဲ့အသံကိုကြားတော့ ယူတာ တီယာမာဖျော်ဖြေရေးရွေ့လျားမဏ္ဍပ် က ကျွန်မတို့ရှိနေတဲ့ အိမ်ရှေ့မှာ ရပ်လိုက်ပါတယ်။ ဒီမဏ္ဍပ်က ကျွန်မတို့ရှိနေတဲ့ အိမ်ရှိရာလမ်းရဲ့ အပိုင် မဏ္ဍပ်မို့ စောင့်ကြည့်နေသူတွေဟာ ပိုပြီးတက်ကြွကာ စိတ်အားထက်သန် လာခဲ့ကြပါတယ်။ တပည့်မ နိုရီကိုရဲ့ အစ်ကိုက ဆိုရင် သူ့အဘိုးနဲ့ သူ့အဖေလိုပဲ ပုလွေဖျော်ဖြေမှုကို အားရပါးရ စိတ်လှုပ်ရှားစွာ တင်ဆက်နေတာ သူ့ကိုယ်တစ်ခြမ်းတောင် ရွေ့လျားမဏ္ဍပ် အပြင်ကို ထွက်နေသလိုပါ။
ယူတာတီယာမာ မဏ္ဍပ်က တန်ဆွန်ဘုရားကျောင်းမှာ ဘာသာရေး အရ လက်ဘက်ရည်ပွဲပြီးတာနဲ့ ထွက်လာခဲ့တာ ဖြစ်ပါ တယ်။ မဏ္ဍပ် အလည်မှာတော့ ဘုရားဝတ်ပြုလို သူတွေအတွက် နေရာရှိပြီး ပတ်လည်မှာ အမိုးပါစင်္ကြံလေး ရှိပါတယ်။ ဒီမဏ္ဍပ်လေးရဲ့လျှို့ဝှက်ချက်ကတော့ ရှင်တိုဘုန်းကြီးတစ်ပါးက မကောင်းဆိုးဝါး တွေကို မောင်းထုတ် ပေးဖူးတဲ့နေရာ၊ လူတစ်ယောက်က ရေနွေးနဲ့ဝါးရွက်တွေကို အပေါ်အောက် ဖြန်းပက်ကာ သန့်စင်အောင် လုပ်ပေးတဲ့ နေရာ၊ မိန်းမငယ်လေး တစ်ယောက်က ဗုံတီးကာ ဂီတဖျော်ဖြေတဲ့ နေရာ ဆိုတာပါပဲ။

အဲဒီလိုဟာတွေအားလုံး ဖျော်ဖြေဖော်ပြပြီးတဲ့ အခါမှာတော့ ပုလွေသမား၊ ဗုံသမား၊ စည်သမားတွေ အားလုံးက ပုဝါတွေကို မြှောက်ကြသလို ဝါးရွက်နဲ့ ထုတ်ထားတဲ့ ဂျပန် ရိုးရာဆန်မုန့်တွေကိုပါ အိမ်ထဲကို ပစ်ပေးခဲ့ ကြပါတယ်။ လူတွေအားလုံးက ပျော်ရွင်ဝမ်းမြောက်စွာပဲ လက်တွေကို ဆန့်တန်းကာ လက်ဆောင်တွေကို ဆုပ်ဖမ်းကြတော့ တာပေါ့။ ဒီလက်ဆောင်တွေ ရရင်ကံကောင်း လိမ့်မယ်လို့အများက ယုံကြည်ကြတယ်လေ။ ကင်မ်ကလည်း မုန့်တစ်ခုနဲ့ ပုဝါတစ်ပိုင်း ရလိုက်ပါတယ်။ သူကတော့ ပျော်လွန်းလို့“ရေး.. ရေး”လို့ အော်ဟစ်နေလေရဲ့။ ကျွန်မကိုတောင် ခပ်ကြွားကြွားဟန်မျိုး လုပ်ပြနေပါသေးတယ်။

စုကို ကြည့်ရတာလည်း ပါးလေးတွေ နီမြန်းပြီး ပျော်နေပုံပါပဲ။ သူကတော့ လက်ဆောင်တွေကို အမိဖမ်းလိမ့်မှာ မဟုတ်ဘူးပေါ့။ တကယ်တော့ သူ လက်မထပ်ခင် တုန်းကဆိုရင်အိမ်အဖော် တစ်ယောက်ယောက်က သူ့ကို ပြုစုပေးခဲ့တာမို့ သူက တော်ဝင်သူ တစ်ယောက်လို နေခဲ့ပေမယ့် အခုတော့ အိမ်ရှင်မ ဖြစ်နေပြီမို့ ဘာမဆို သူ့ဘာသာ စီမံခန့်ခွဲနေရ ပြီလေ။ သူက ဂျပန်ရိုးရာချီမကီမုန့် ကို ကံကောင်းဖို့ဆိုပြီး အရယူစရာလည်း လိုမှမလိုဘဲကိုး။ သူကိုယ်တိုင်က ကံကောင်းခြင်း တွေကို သယ်လာနိုင်သူမဟုတ်လား။ တကယ်တော့ သာမန်လူတွေရဲ့ အပြုအမူနဲ့ တော်ဝင်သူတွေရဲ့ အပြုအမူတွေက ကွဲပြားတတ်တာ သဘာဝပဲလို့ ကျွန်မ တွေးနေမိပါတယ်။ ကျွန်မလည်း စုနောက်ဘက်ကို ကျလာတဲ့ ပုဝါတစ်ပိုင်းကို ပွဲတော်လက်ဆောင်အဖြစ် စုကို ပေးခဲ့ဖြစ်ပါတယ်။
မဏ္ဍပ်က ကျွန်မတို့အိမ်ရှေ့ကနေ ဖြတ်ကျော်သွားခဲ့ပါပြီ။ နောက်ထပ် ရွေ့လျားမဏ္ဍပ်များစွာ အိမ်ရှေ့ကနေ တစ်ခုပြီး တစ်ခု ဖြတ်သွားခဲ့ကြပါတယ်။ မဏ္ဍပ်တိုင်းမှာ လျှို့ဝှက် ပဉ္စလက် အစီအစဉ်တွေ ပါလို့ပါပဲ။ ဒါပေမယ့် ကျွန်မတို့ကို လက်ဆောင်တွေ လှမ်းပစ်ပေးမယ့် မဏ္ဍပ်ကတော့ နောက်ထပ် မရှိတော့ပါဘူး။
ဆက်လက် ဖော်ပြပါမည်။

 မသီတာ(စမ်းချောင်း)


http://www.myanmarij.com/?p=5247
 

No comments: