ဒါပေမယ့် မိုက်ကယ်တို့ သားအဖ အတွက် လေယာဉ် လက်မှတ်ဖိုး အကုန်ခံရဖို့ ဖြစ်လာခဲ့ ပါရော။ စုရဲ့ ပထမစာတွေ ထဲမှာ မိုက်ကယ်က သူ့ဆီ လိုက်လာမယ် လို့ မပါခဲ့ပါဘူး။ တကယ်တော့ မိန်းမ တစ်ယောက်အဖို့ သူ့ကလေးတွေထက် ခင်ပွန်းကို ဂရုစိုက်ပေးဖို့ လိုနေပြန်ပါရော။ သူတို့က ပိုပြီး တောင်းဆို တတ်သူလေ။ ယောကျာ်းဆိုတာ ကျွန်မတို့လို မိန်းမတွေ အတွက် အမြဲပြဿနာ ပေးနေကြတာ မဟုတ်လား။ ကျွန်မတို့ နှစ်ယောက်သား သက်ပြင်းလေးများ ပြိုင်ချလိုက်ကြတာမို့ လေယာဉ်လက်မှတ် ရောင်းသူက ရယ်မောလိုက် ပါတယ်။
ဒီဇင်ဘာ ၂ဝ ရက်မှာတော့ မိုက်ကယ်နဲ့ အလက်ဇန္ဒား ရောက်လာပါတယ်။ စုက ခရစ်စမတ် ညစာလေး ပြင်ဆင်ပြီး ပါမောက္ခ ယိုကိုယားမားနဲ့ ဇနီးရယ်၊ သူ့ရဲ့ ဂျပန်စာ ဆရာမ မီချီကိုရယ်၊ ကျွန်မရယ်ကို ဖိတ်ကျွေးကာ ကျေးဇူးစကား ဆိုပါတယ်။ သူ့အခန်းလေးရဲ့ နံရံနဲ့ အမိုးမှာ အလက်ဇန္ဒား အင်္ဂလန်က ယူလာတဲ့ အလှအပ တန်ဆာဆင်တဲ့ ပစ္စည်းလေးတွေ နဲ့ လှလှပပ ပြင်ဆင်ထားပါတယ်။ ကလေးတွေ ကတော့ ပျော်နေ ကြတာပေါ့။ ညစာကို အသား ကောင်းကောင်းနဲ့ ပြင်ဆင်ထားတာမို့ စုတစ်ယောက် ပိုက်ဆံအိတ်လေး ပိန်တော့မှာပဲ လို့ ကျွန်မလည်း ပူပန်နေမိပါတယ်။ စုက အောက်စဖို့ဒ် ကယူလာတဲ့ အဆာပလာအချို့နဲ့ ခရစ်စမတ် ပူတင်းကို ဖုတ်ပေးပါတယ်။
ကလေးတွေကတော့ အခန်းထဲမှာ အငြိမ်မနေနိုင်ကြပေဘူး။ ကော်ရစ်ဒါ တစ်လျှောက် ပြေးလွှားကြပြီး ဧည့်ဂေဟာထဲက တခြားကလေးတွေကို ရှာကြလေရဲ့။ ဧည့်ဂေဟာမှာ နေကြတာက နိုင်ငံခြားသား ပညာရှင်တွေမို့ အင်္ဂလိပ်လို ပြောနိုင်ကြ မယ့် သူတွေ မဟုတ်လား။ ဂျပန်ကျောင်းမှာ စကားမပေါက်ပေမယ့် ဒီမှာတော့ သူတို့ စကားပြောစရာလူ ရှိနေတာကိုး။ ဒီတော့ သူတို့က ဒီက ကလေးတွေကို ရှာဖွေပေါင်းသင်း ရတော့ တာပေါ့။ တကယ်တော့ ဧည့်ဂေဟာမှာ ရှိသူတွေက ပညာရှင်အဖြစ် လာတဲ့သူတွေမို့ မငယ်ကြတော့ပါဘူး။ ဒီတော့ စုက အစ်ကိုကြီး၊ အစ်မကြီးတွေရယ်လို့ လေးစားဖို့နဲ့ သွားရှုပ်သလို မလုပ်မိစေဖို့ သူ့သားတွေကို သွန်သင်ပါတော့တယ်။ ဒါပေမယ့် ဧည့်ဂေဟာမှာ ရှိနေတဲ့ ပညာတော်သင်နဲ့ ပညာရှင်တွေ အားလုံးလိုလိုက သူတို့ကို ချစ်ခင်ကြပါတယ်။
ဒီမှာ အောက်စ်ဖို့ဒ်နဲ့ မတူတာက ကိုယ့်အခန်းတံခါး ဖွင့်လိုက်တာနဲ့ လူ့အဖွဲ့အစည်းလေး တစ်ခုထဲကို လွယ်လွယ် ရောက် သွားနိုင်တာပါ။ စုက ဒီဂေဟာကို ရောက်တာနဲ့ မြန်မာပြည်က ပညာသင်တစ်ယောက်နဲ့ ဆက်သွယ်မိ တော့တာပါပဲ။ တကယ်တော့ ဒါဟာစုအဖို့ မြန်မာပြည်က လူငယ် ပညာရှင်နဲ့ တိုက်ရိုက် ဆက်ဆံခွင့် ရလိုက်တဲ့ ပထမဆုံး အခွင့်အရေး များ ဖြစ်လေမလားပါပဲ။
စုအနေနဲ့ မြန်မာပြည်က လာတဲ့ ပညာတော်သင်နဲ့ ပညာရှင်တွေကို ပိုပိုပြီး တွေ့လာလေ မြန်မာပြည်က လူတွေ အနေနဲ့ သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်း အပေါ် ဘယ်လောက်ထိ ဂုဏ်ယူကြတယ် ဆိုတာကို သိလာလေလေ ဖြစ်ခဲ့ရပါတယ်။ စုအပေါ် သူတို့ဆက်ဆံပုံကို ကြည့်ရုံနဲ့လည်း ဗိုလ်ချုပ်အောင်ဆန်းအပေါ် လူတွေရဲ့ ချစ်ခင်လေးစားစိတ်ဟာ သိသာလွန်း လှပါတယ်။ ဒီလိုနဲ့ အောက်စ်ဖို့ဒ်က စုနဲ့ကျိုတိုက စုကြားမှာ ခြားနားလာ တယ်လို့ ကျွန်မက တစ်စစတွေးလာ မိပါတယ်။ စုရဲ့အိမ်ထောင်ရှင်မ၊ မိခင်နဲ့ သုတေသနသမား ဆိုတဲ့အခန်း ကဏ္ဍတွေမှာ အပြောင်းအလဲ မရှိပေမယ့် ကျိုတိုက စုမှာတော့ သူ့ဆီမှာ မသိမသာ ရှိနေပြီးသား ဂုဏ်သိက္ခာ တွေ ပြန်လည်ကာ နိုးထလာပါတယ်။ စုကိုယ်တိုင်ကလည်း အင်မတန်တော် တဲ့ မြန်မာ့ ပညာတတ် လူငယ် တွေဆီက သူ့အပေါ် မျှော်လင့်ချက် ကြီးကြီး ထားနေကြတယ်လို့ ခံစားလာနေရတယ် လို့လည်း ကျွန်မက သတိပြုမိ လာပါတယ်။ ဒီလို အပြည်ပြည်ဆိုင်ရာ ဧည့်ဂေဟာမှာ မြန်မာပြည်က ပညာရှင် လူငယ်တွေနဲ့ ထိတွေ့ ဆက်ဆံခွင့် ရခဲ့တဲ့အချိန်ဟာ မြန်မာ့နိုင်ငံရေး အတွက် ရင့်မှည့်လာမယ့် မျိုးစေ့လေး အခြေကျခဲ့နိုင်တဲ့ အချိန် ဖြစ်တယ် လို့ပဲ ကျွန်မက ထင်မိပါတယ်။
အဲဒီအချိန်တုန်းက စုအကြောင်းကို တွေးတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းနဲ့ စုတို့သားအဖမှာ လွတ်မြောက်ရေး အတွက် ခြေလှမ်းလှမ်းပုံချင်း တူနေတာကို စိတ်ဝင်စားဖွယ် သတိထားမိ လိုက်ပါတယ်။ သူတို့နှစ်ယောက် စလုံးဟာ လှုပ်ရှား ပြောင်းလဲမှု တစ်ခုကို မလုပ်ခင်မှာ ဂျပန်ကို ရောက်လာခဲ့ကြတယ်မဟုတ်လား။ ဒီကို ရောက်နေတဲ့ ကာလတွေဟာ သူတို့ နှစ်ယောက် စလုံးအတွက် နိုင်ငံရဲ့ အနာဂတ် အကြောင်း ပိုပြီး တွေးတော စဉ်းစားချိန်ရခဲ့တဲ့ ကာလတွေ လို့တောင် မြင်မိပါတယ်။ သူတို့ရဲ့ အိပ်မက်တွေ ပြည့်ဝလာအောင် ဘယ်လောက် အချိန်ယူ ခဲ့ကြပါသလဲ။ စိတ်ဝင်စားစရာ ကောင်းတာကတော့ မြန်မာပြည်အတွက် တစ်ခါက ဒေါမာန်ဟုန် သမား ဖြစ်ခဲ့တဲ့ ဂျပန်မြေဟာ သူတို့ နှစ်ယောက်စလုံးရဲ့ အတွင်းစိတ်ထဲမှာ အပြောင်းအလဲ စတင်ဖို့အတွက် နေရာလေးသဖွယ် ဖြစ်ခဲ့တာပါ။
ဗုဒ္ဓဘုရားရင်ခွင်မှ စု
စုက တစ်ခါတလေ သိပ်ကို တင်းတင်းမာမာ ပြတ်ပြတ်သားသား ပြောတတ်ပါတယ်။ မိုက်ကယ်တို့ကတော့ အဲဒီလို အပြောမျိုးတွေကို မကြားသလိုဘဲ ဘာဆိုဘာမှ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် တချို့လူတွေ အတွက် တော့ သူတို့ကိုယ်တိုင် စိတ်မကြည်သာ နေချိန်မှာဆိုရင် အဲဒီလို အပြောမျိုးတွေကြောင့် သူ့အပေါ်မှာ စိတ်မကြည်မလင် ဖြစ်သွားတတ်ကြပါတယ်။ ကျွန်မကိုယ်တိုင်လည်း တစ်ခါတလေမှာ သူ့အပြောတချို့ ကြောင့် စိတ်ဆိုးဖူးပါရဲ့။ ဒီလိုအကျင့်မျိုးကတော့ သူ့ရဲ့ဦးနှောက် က အလွန်ပြေးလွန်းလို့ ဖြစ်ရတာပါပဲ။ အတွေး တစ်ခုခု အပေါ်မှာ သိပ်ကို ပြင်းပြင်းထန်ထန် ခံယူတတ်တာလည်း ပါမှာပေါ့။ ဒီအပေါ်မှာတော့ ကျွန်မအနေ နဲ့ ဘာမှ စောဒက တက်စရာ မရှိဘူးလေ။
စု ကျိုတိုမှာ ရှိတဲ့အခိုက် မီဒီယာတွေမှာ မီနာမာတာချီဆို ကုမ္ပဏီကြောင့် မာကျူရီ အဆိပ်သင့်ခဲ့ရတဲ့ လူတွေ အကြောင်း အများကြီး ဖော်ပြနေခဲ့ကြပါတယ်။ အဲဒီအခါ စုက အဲဒီ အဆိပ်သင့်သူတွေဟာ လျော်ကြေးငွေ တွေချည်း တောင်းနေလို့ ဆိုကာ လောဘကြီးသူတွေပဲလို့ ဝေဖန်ခဲ့ပါတယ်။ ကျွန်မကတော့ သူ့ရဲ့ လမ်းကြောင်း လွဲသွားမယ့် ဝေဖန်ရေးကို လက်မခံနိုင်တာမို့ ထွက်နေတဲ့ ဒေါသတွေကို ထိန်းရင်းကနေ ဒီ လူနာတွေ ခံစားရချက်ကို သေသေချာချာ မသိဘဲ အခုလိုမဝေဖန်ဖို့ ပြောဖြစ်ပါတယ်။ ကျွန်မစိတ်ဆိုးနေတာကို သူနားလည် သွားတဲ့အခါမှာတော့ ခေါင်းလေးငုံ့ပြီး “ကျွန်မ သိသွားပြီ”လို့ ဆိုလေရဲ့။
သူက နိုင်ငံရေး တရားမျှတစိတ်ရယ်၊ ဘာသာရေး အဆုံးအမရယ်တွေနဲ့ ကြီးပြင်းလာခဲ့တော့ သူ မှန်တယ်လို့ ခံယူထားတဲ့ စံနဲ့မတူ ကွဲပြားတဲ့ အတွေးရှိသူတွေအပေါ် စိန်ခေါ်တတ်ပြန်ပါတယ်။ ကျွန်မ ယောကျာ်းနဲ့ အငြင်းပွားလေ့ ရှိတာကလည်း စုပါပဲ။ အဆုံးမှာတော့ စုက ပဲ အငြင်းအဆန်မရှိ ကျွန်မခင်ပွန်း ရဲ့ အတွေးတွေကို လက်ခံသွားတတ် ပေမယ့် စုက ကျွန်မ ခင်ပွန်းကို အဖေလိုတစ်မျိုး အစ်ကိုလို တစ်သွယ် ချစ် ခင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးက လူမှုသိပံ္ပသမားတွေလေ။ အတွေး ကောင်းပုံချင်းလည်း တူတာကိုး။
ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း) http://www.myanmarij.com/?p=5699
No comments:
Post a Comment