Saturday, 29 September 2012

ကျောင်းသားဗဟိုပြုသင်ယူမှုစနစ်/Written by တင်ညွန့်

ကျောင်းသားဗဟိုပြုသင်ယူမှုစနစ်ကို (Student-centered Learning) ဟုခေါ်ဆိုပါသည်။ သင်ကြားမှု သင်ယူမှုဖြစ်စဉ်တွင် ကျောင်းသား၏ အတွေ့အကြုံကို ဗဟိုပြုသည့်သင်ယူမှုဟုဆိုနိုင်သည်။ အပြောဖြင့် သင်ကြားနည်းမဟုတ်၊ အလုပ်ဖြင့် သင်ကြားသည့်စနစ်ဟူ၍လည်း ဆိုနိုင်ပါသည်။
ကလေးဗဟိုပြု ချဉ်းကပ်မှု (Child-centered Approach) ဖြင့် အော်ခဲ့ပြီး ဆရာ၏ ထိန်းကြောင်းညွှန်ပြ သွန်သင်မှုကို ခံခဲ့ကြရသော ပညာရေးကိုသာ အစဉ်အလာအနေဖြင့် လက်ခံကျင့်သုံးနေကြဆဲဖြစ်သည်။ ကျောင်းသား သို့မဟုတ် ကလေးကို ဗဟိုမပြုနိုင်သေးသည့် အကြောင်းတရားများစွာရှိပါသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ကျောင်းသား၊ ဆရာ၊ စာသင်ခန်းပြဿနာများကြောင့် အချိုးအစားမမျှသဖြင့် အကောင်အထည် မဖော်နိုင်ခြင်းကများသည်။ အထူးသဖြင့် ဆရာများကလည်း သင်ကြားမှုဗဟိုပြုရာတွင် မပြောင်းလဲချင်သေးသည့် သဘောထားများကိုလည်း တွေ့ရသည်။ ကလေး သို့မဟုတ် ကျောင်းသားကို ဗဟိုပြုလိုက်လျှင် ဆရာ၏အလုပ်၊ စွမ်းဆောင်ရမှု၊ အားထုတ်ရမှုပိုသွားသည်။ တစ်နည်းအားဖြင့် အပင်ပန်းမခံချင်ကြသောကြောင့်သာ ဆရာကိုဗဟိုပြုစေပြီး သင်ကြား နေကြခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။
 ဆရာဗဟိုပြု ချဉ်းကပ်မှု
  • ဆရာသည် ဗဟုသုတ ဟင်းလေးအိုးကြီး ဖြစ်နေသည်။ သူသိ၊ သူတတ်၊ သူနားလည် ဖြစ်နေပြီး ပညာရယူနိုင်မှုတွင် ဆရာကသာ လမ်းညွှန်ခြင်း၊ ထိန်းချုပ်ခြင်းများကို ပြုလုပ်သည်။ ဘာကိုလေ့လာရမည်ဆိုခြင်းကို ဆရာကသာ အဆုံးအဖြတ်ပေးသည်။
  • ကျောင်းသားဆိုသည်မှာ "မပြည့်အိုး" အသွင် သဘောထားခြင်းခံရသည်။ ထို့ ကြောင့် ဖြည့်မှပြည့်၊ ပေးမှရ၊ သင်မှတတ် ဆိုသည့်သဘော သတ်မှတ်ခြင်းခံနေရသည်။
  • ကျောင်းသား ယခင်က သင်ယူခဲ့မှု၊ ကျွမ်းကျင်တတ်မြောက်မှု၊ အတွေ့အကြုံ ဗဟုသုတများကို လုံးဝလျစ်လျူရှုထားသည်။ ထို့ကြောင့် သင်တိုင်း တတ်မြောက်ရမည်ဟု မှတ်ယူထားသည်။ ကျောင်းသား၏ အားနည်းချက် နှင့် အမှားကို လက်မခံ။ "ဒါလေးတောင် မတတ်ဘူးလား" ဆိုသည့် မမျှမတ ပိုင်းဖြတ်မှုကို ခံနေရသည်။ "ဒီအတန်း ရောက်လျှင် ဒီစာကို သိကိုသိရမည်" ဆိုသည့် သတ်မှတ်ခြင်းကိုခံရသည်။
  • သင်ကြားခြင်းသည် အရှိန်မြှင့်ခြင်းဟု သဘောထားနေသဖြင့် သာမန်ကျောင်းသားလည်း တော်သည့်ကျောင်းသားနည်းတူ တစ်တန်းတစ်စားတည်း သတ်မှတ်ကာ မောင်းနှင်ခြင်းခံရသည်။
  • - ကျောင်းသား၏ တတ်မြောက်မှုကို အစဉ်အလာနည်းဖြစ်သည့် "စာမေးပွဲ" ဖြင့်သာ ပိုင်းဖြတ်သည်။ ကျောင်းသား၏ ခံယူနိုင်စွမ်း၊ လုပ်ဆောင်နိုင်စွမ်းကို အလေးမထားသဖြင့် တစ်မျိုးတစ်စားတည်းမေးခွန်းထုတ်ကာ တစ်တန်းတည်းသတ်မှတ်ပြီး ပိုင်းဖြတ် ခြင်းခံရသည်။ ကျောင်းသား၏ နောက်ခံကို ပစ်ပယ်ကာ အမှတ်ဖြင့် ပိုင်း ဖြတ်ခြင်းဖြစ်သည်။
  • သင်ရိုးမာတိကာနှင့် သင်ရိုးညွှန်းတမ်းများသည် စည်းကမ်းနှင့် ရလဒ်ကိုအခြေခံသည့် ပြဋ္ဌာန်းသတ်မှတ်ချက်များ ဖြစ်နေသည်။ အသိဉာဏ်ဆိုသည်မှာ အဆင့်ဆင့် မြင့်တက်လာသည့်သဘောဟု လက်ခံထားကြသည်။ ထို့ကြောင့် အမှားအယွင်း အတိမ်း အစောင်းကို လက်မခံခြင်းဖြစ်သည်။ ကျောင်းသား၏ အချက်အလက် ရယူစုဆောင်းမှုကို ဆရာက "အသိပညာ" ဟု လွဲမှားစွာ ကောက်ချက်ချခြင်း ခံရသည်။
 ဆရာဗဟိုပြုခြင်းကြောင့် ရလာသည့်အကျိုးတရား
  • စည်းကမ်းတင်းကြပ် ချုပ်ကိုင်မှုကို ခံရပြီး နှုတ်တိုက်အာဂုံဆောင်ကာ ရွတ်ဆိုပြ၊ ရေးသားပြနိုင်မှ လူတော်အဖြစ် သတ်မှတ်ခြင်း ခံရသည်။
  • တွေးတောဆင်ခြင်မှုကို ဦးစားမပေးသည့် သင်ကြားမှုကို ခံရသဖြင့် ကျောင်းသားသည် ကိုယ်ပိုင်အစွမ်းအစဖြင့် ဖော်ထုတ်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း၊ ဖွင့်ဆိုနိုင်ခြင်းမရှိတော့။  ပါဝင်သည့်အချက်အပေါ်တွင် အမှတ်ပေးကာ များများရ များများပေး၊ လူတော်ရွေး အအောင်ပေးခြင်းခံရသည်။
  • အချက်အလက်များကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ များများမှတ်မိလေ အောင်မြင်လေဖြစ်သည်။
ဆရာဗဟိုပြုသင်ကြားရာတွင် ဗျူဟာနှစ်ခုကိုသာ အဓိကကျင့်သုံးကြောင်းတွေ့ရသည်။
  • အုပ်စုလိုက်သင်ကြားခြင်း၊ အုပ်စုထဲမှ ပျမ်းမျှကိုသာ ရွေးထုတ်ခြင်း
  • အချက်အလက်များကို စုဆောင်းခြင်း၊ သင်ပြခြင်းသည် ဆရာ့အလုပ်ဟုသာ ခံယူထားသည်။ ထို့ကြောင့် ဆရာက သင်ကြား၊ ကျောင်းသားက နားထောင်၊ စာအုပ်ထဲ ပါတာဖတ်စနစ်ဖြစ်သည်။
 ဆရာဆိုသည်မှာ
  • ကျောင်းသားအစုအဝေးတစ်ခုကို မိမိသိ ထားသမျှ ပြောဆိုညွှန်ပြ သွန်သင်ပြသူ။
  •  အသိဉာဏ်ဂိတ်တံခါးတွင် တံခါးစောင့်။ သူဖွင့်မှဝင်နိုင်၊ သူခွင့်ပြုမှ ရနိုင်သည်။
  •  ငါမပါ ပညာရေးသည် မပြည့်စုံဟုထင်နေသည်။
 ကျောင်းသားဆိုသည်မှာ
  • ဆရာပေးမှ ရ၊ ဆရာသင်ပြမှ တတ်၊ ဆရာမသင် မအောင်မြင်ဆိုသည့် အတွေး ဝင်လာသည်။
  • ပညာကို ဆရာကသင်မှသာရမည်ထင်လာသဖြင့် ကိုယ်ပိုင်အစွမ်းအစများနည်းလာသည်။
  • နားလည်သည်ဖြစ်စေ၊ နားမလည်သည် ဖြစ်စေ မှတ်ထားသမျှ ဖော်ထုတ်ပြနိုင်မှသာ အောင်မြင်မှုရမည်ဟု ထင်မှတ်နေကြသည်။
 သင်ယူမှုဝန်းကျင်
  • စာသင်ခန်းအတွင်း အတန်းလိုက် ထိုင်ရသည်။
  • ဆရာဟောပြောပို့ချချက်များကို နားထောင်ကြရသည်။ ဆရာဖတ်ခိုင်းသည့် စာအုပ်ကိုပဲဖတ်ရသည်။ ကန့်သတ်ချက်၊ တားမြစ်ချက်များဖြင့် နေထိုင်ကြရသည်။
 ကျောင်းသားဗဟိုပြူချဉ်းကပ်မှု
  • ကျောင်းသားကို မပြည့်သည့်အိုးတစ်လုံး အဖြစ် မည်သည့်အခါမျှ မသတ်မှတ်ပေ။ သူတို့သည် သူတို့ဘဝ၊၊ သူတို့အမြင်၊ သူတို့ ခံယူချက်၊ သူတို့ အတွေးအမြင်များဖြင့် ကြီးပြင်းလာခဲ့ကြသည်ဟု လက်ခံထားသည်။
  • ဘာကိုသင်ရမည်ဟု အလေးအနက်မထား၊ ဘယ်လိုထိရောက်အောင်သင်ရမည်ကို အဓိကထားပြီး သင်ယူမှု ဖြစ်စဉ်ကို တိုးတက် မြင့်မား သွားစေရန် ရည်ရွယ်ထားသည်။
  • ကျောင်းသား၏လေ့လာသင်ယူနေမှု အပေါ် ဆရာကစိတ်ပါဝင်စားပြီး ဘာထပ်လုပ်ပေးလျှင်ကောင်းမည်နည်းဟု အစဉ် တွေးပေးနေရမည်။ ဆရာဆိုသည်မှာ သူတို့ အတွက် စိတ်ဖိစီးစရာတစ်ရပ်အနေဖြင့် ရှိမနေစေရန် သတိပြုရမည်။ ကျောင်းသားကို အသင့်စားသုံးနိုင်ရန် မစီစဉ်ပေးရ။ လမ်းညွှန်ပြသသူသာဖြစ်ရမည်။
  • ကျောင်းသားကို ဆရာကြိုက်သည့်နည်းလမ်း၊ သတ်မှတ်ပြဋ္ဌာန်းချက်နည်းလမ်း အတိုင်းလေ့လာသင်ယူနေစေ ခြင်းထက် ကျောင်းသားကြိုက်သည့်နည်းလမ်းကိုလည်း ရွေးချယ်ခွင့်ပေးရမည်။ တစ်ဦးချင်း ဖြစ်စေ၊ အုပ်စုလိုက် ဖြစ်စေ ဖော်ထုတ်ဝေဖန် သုံးသပ်နိုင်ခွင့်ကို ဦးစားပေးရမည်။ ဤ နည်းမှာကျောင်းသား၏ တီထွင်ဖန်တီးချင်စိတ်ကို အားပေးအားမြှောက် ပြုရာရောက်သည်။
  • သင်ယူမှုဖြစ်စဉ်သည် လှုပ်ရှားတက်ကြွ စိတ်ထက်သန်ပြင်းပြနေရမည်။ အချက်အလက်ပေါင်းစုံ၊ အကြောင်းအရာပေါင်းစုံ၊ အတွေးပေါင်းစုံ၊ ချဉ်းကပ်မှုနည်းမျိုးစုံဖြင့် သက်ဝင်နေရမည်။ တစ်ခုမအောင်မြင်လျှင် အခြားတစ်ခုဖြင့် ချဉ်းကပ်နိုင်စေရန် အားပေးအားမြှောက်ပြုနေရမည်။ ကျောင်းသား နှင့်ဆရာ အပြန်အလှန် ဆွေးနွေး ခြင်း၊ ကျောင်းသားအချင်းချင်း အပြန်အလှန်ဆွေးနွေးခြင်း၊ တစ်ဦးချင်း၊ အုပ်စုလိုက် အပြန်အလှန် ဝေဖန်ဆန်းစစ် ငြင်းခုန်ဆွေးနွေး ဝေဖန်မှုများကို အားပေးရမည်။ ဤနည်းသည် ကျောင်းသားဗဟိုပြုသင်ယူမှုကို အရှိန်မြင့် စေပါလိမ့်မည်။ အစဉ်အလာပညာရေးသည် ကျောင်းသားကို ဝေဖန်ဆွေးနွေးခွင့် မပေးထားသဖြင့် အကြံတုံး၊ ဉာဏ်တုံး များဖြစ်ခဲ့ရသည်။ ဆရာသည် ကျောင်းသားကို အမြင်အယူအဆ မတူလျှင် အပြစ်မြင်မည့်အစား၊ အားပေးအားမြှောက်ပြုနိုင်ရမည်။
  • ကျောင်းသားသည် ပြောဆိုခြင်း၊ နားထောင်ခြင်း၊ ရေးသားခြင်း၊ ဖတ်မှတ်ခြင်းတို့တွင် ကိုယ့်စိတ်တိုင်းကျ စိတ်ပါမှလေ့လာ၊ စိတ်ပါမှသင်ယူ၊ စိတ်ပါသည်ကိုလုပ်ဆောင် နိုင်ရန် အားပေးရမည်။ "ကျောင်းသားမသိ ချင် လျှင် ဘာကိုမျှ သင်၍မရနိုင်" ဆိုသည့် သဘောတရားကို နားလည်ထားရမည်။
  • ယခင် ကျောင်းသားကို ပိုင်းဖြတ်ရာတွင် အမှတ်အရေအတွက်သာဖြစ်သည်။ အမှတ်ဖြင့် ပိုင်းဖြတ်ခြင်းထက် ပြဿနာကို ဖြေရှင်းပုံ ဖြေရှင်းနည်းအား ဦးစားပေးသင့်ပါသည်။ ဆရာနှင့်ကျောင်းသားဆိုသည်မှာ တစ်လှေ တည်းစီး၊ တစ်ခရီးတည်းသွားနေသည့် သဘောမျိုး သက်ရောက်နေရမည်။ ဆရာသည် ပဲ့ကိုင်၊ ကျောင်းသားကို လှေဝမ်းထဲ ထိုင်ခိုင်းထားရုံဖြင့် ဘာမျှတတ်ကျွမ်းလာမည် မဟုတ်ပါ။
  • သင်ရိုးညွှန်းတမ်းများနှင့် သင်ရိုးမာတိကာများသည် တစ်သမတ်တည်း ပြဋ္ဌာန်းချက်များ မဖြစ်စေရ။ အကြောင်းအရာ အချက် အလက်များသည် အမြဲရှင်သန် ပြုပြင် ပြောင်းလဲနိုင်ရမည်။ ဖတ်စာဆိုသည်မှာ ကျောင်းသားတစ်ဦးတည်းဖတ်ရန်မဟုတ်၊ ကျောင်းသားနှင့်ဆရာ ပူးပေါင်းဖတ်ပြီး အဖြေရှာနိုင်မည့် နည်းလမ်း များကို စုပေါင်း ဆောင်ရွက်မှုမျိုးသာဖြစ်ရမည်။
 ကျောင်းသားဗဟိုပြုခြင်းကြောင့် ရလာသည့် အကျိုးတရား
  • နယ်ပယ်တစ်ခုအတွက်သာမက ပညာရပ် နယ်ပယ်ပေါင်းစုံကို အလေးအနက်ထားလာသည်။
  •  ကျောင်းသားသည် သင်ယူမှုတွင် စိတ် ဓာတ်အမြဲတက်ကြွနေမည်။ တွေးခေါ်မှုနှင့် စွမ်းဆောင်ရည်များ မြင့်မားလာမည်။ ဥပမာ ပြဿနာများကို အဖြေရှာတတ်မည်။ ပိုင်းခြားဝေဖန် သုံးသပ်တတ်မည်။ စုစည်း လုပ်ဆောင် အကောင်အထည်ဖော်တတ်လာမည်။ ဆက်သွယ်ပူးပေါင်း အဖြေ ကောင်းမည်ဟု နားလည်သဘောပေါက် လာလိမ့်မည်။
ကျောင်းသားဗဟိုပြုရာတွင် အသုံးပြုသည့် ဗျူဟာများမှာ
  • မည်သို့လေ့လာသင်ယူရမည်ကို ကျောင်းသားနှင့်ဆရာ ပူးပေါင်းအဖြေရှာကြသည်။
  • ကျောင်းသားတစ်ဦးချင်း၏ လိုအပ်ချက်ကို  ဗျူဟာပြောင်းလဲ ကျင့်သုံးနိုင်သည်။
  • အသိပညာကို နယ်ပယ်စုံမှ ရယူပိုင်ခွင့်ရှိသည်။ ဥပမာ စာအုပ်၊ အွန်လိုင်း၊ လူ့ဘောင် အဖွဲ့အစည်းများမှ၊ လူမှုကွန်ရက်များမှရနိုင်သည်။ ရရှိလာသည့် အချက်အလက်များဖြင့် မိမိတို့ပြဿနာများကို ဖြေရှင်းမှုပြုတတ်လာသည်။
 ဆရာဆိုသည်မှာ
ကူညီပံ့ပိုးအကျိုးဆောင်သူဖြစ်သွားသည်။ ကျောင်းသားကို အချက်အလက်များ၊ ဗဟုသုတများ၊ အကြောင်းအရာများ ရရှိနိုင်စေရန် လမ်းညွှန်ပြသူ ဖြစ်သွားသည်။ ဆရာ၏ အလုပ်ကိုနည်းနိုင်သမျှနည်းအောင် လျှော့ချနိုင်ရမည်။ ကျောင်းသားသည် ပြဿနာတစ်ရပ်ကို ကိုယ်တိုင်ဖြေရှင်းနိုင်ရမည်။ ကိုယ်တိုင်မအောင်မြင်လျှင် ပူးပေါင်း ကြံဆဖော်ထုတ်တတ်ရမည်။ အလုပ်ကို ကျောင်းထက် ပြင်ပတွင် အချိန်ယူကာ လုပ်ဆောင်နိုင်ရမည်။ ကျောင်းဆိုသည်မှာ စာလာသင်ရန်မဟုတ်။ ကျောင်းသားကို ပိုင်းဖြတ်ရမည့် နေရာတစ်နေရာဖြစ်လာသည်။
 ကျောင်းသားဆိုသည်မှာ
  • သင်ယူမှုဖြစ်စဉ်ကို တာဝန်ယူတတ်သူတွေ ဖြစ်လာမည်
  • လှုပ်ရှားတတ်ကြွ ဖော်ထုတ်တတ်သူတွေ ဖြစ်လာမည်
  • ဆရာနှင့်ပူးပေါင်း၊ အခြားရနိုင်သမျှ စုဆောင်း၊ အဖြေကောင်းထုတ်နိုင်သူတွေ ဖြစ်လာသည်။
 သင်ယူမှုဝန်းကျင်
  • ကျောင်းသားသည် သင်ယူနိုင်မည့် ရင်းမြစ် အများဆုံးရှိသည့်နေရာတွင် သင်ယူခွင့်ရှိရမည်။ ဥပမာ စာကြည့်တိုက်၊ အင်တာနက်တို့ဖြစ်သည်။
  •  ကျောင်းသားတစ်ဦးချင်း လေ့လာနိုင်မှု ရှိမည်။ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုရှိ လာမည်။ ဆရာက လေ့လာသင်ယူမှုကို ကြီးကြပ်သည့်သဘောသာဖြစ်သည်။
ဗဟိုပြုမှုနှစ်ခုနှိုင်းယှဉ်ချက်
ဆရာဗဟိုပြု

ကျောင်းသားဗဟိုပြု
သင်ကြားသည့်ဆရာသာ အဓိကဖြစ်သည်
ကျောင်းသားရော ဆရာကိုပါ အဓိကထားသည်

ဆရာသည် သူသိထားသမျှကိုသာ သင်ကြားပြသပေးရသည်
ကျောင်းသား၏အနေအထားအလိုက် သင်ယူနိုင်မှုကို လိုက်ပြီး သင်ကြားပေးသည်

ဆရာကပြော၊ ကျောင်းသာကနားထောင်
ဆရာသည် ပုံစံတစ်ခုအနေနှင့်သာ ရပ်တည်နေသည်။ ကျောင်းသားသည် အချင်းချင်း အပြန်အလှန်ပြောဆိုဆွေးနွေးနေမည်။ ဆရာကလည်း ထိုအထဲတွင် ပါဝင် ဆွေးနွေးသူ ဖြစ်ကောင်း ဖြစ်နိုင်သည်

ကျောင်းသားတစ်ဦးတည်းသာ ခိုင်းတာလုပ်နေရသည်
နှစ်ယောက်တွဲ၊ အုပ်စုလိုက်၊ အခြေအနေအရ တစ်ဦးတည်း လုပ်ရမည့်ကိစ္စများတွင်သာ လုပ်ဆောင်သည်။ များသောအားဖြင့် ပူးပေါင်းဆောင် ရွက်မှုကို အလေးပေးသည်

ဆရာကစောင့်ကြည့်၊ မှားလျှင်ပြင်ပေး၊ ကျောင်းသား ၏ အားကိုး အားထားစရာဖြစ်နေသည်
ဆရာမပါလည်း စာသင်ကြားနိုင်သည်။ ဆရာ ဆိုသည်မှာ ပြဿနာတစ်စုံတစ်ရာပေါ်လာလျှင် အမှန် ရောက်အောင် တည့်မတ်ပေးမည်။ တုံ့ပြန်မှုရှိလာအောင် လုပ်ပေးမည်။

ဆရာကမေး၊ ကျောင်းသားကဖြေစနစ်ဖြစ်သည်  
ကျောင်းသားအချင်းချင်း အပြန်အလှန် မေးခွန်းတွေထုတ်ကြသည်။ အဖြေရှာကြသည်။ ဆရာသည် သတင်းအချက်အလက်များရယူနိုင်သည့် နေရာတစ် နေရာအဖြစ် ရပ်တည်ပေးသည်

သင်ကြားရမည့်အကြောင်းအရာကို ဆရာကသာ ရွေးချယ်သည် 
ကျောင်းသားသည် မိမိသင်ယူချင်သည့်အကြောင်း အရာကိုရွေးချယ်ပိုင်ခွင့်ရှိသည်

ကျောင်းသား၏ သင်ယူမှုကို ဆရာကပိုင်းဖြတ်သည်
ကျောင်းသားသည် မိမိသင်ယူမှုကို မိမိဘာသာ ပိုင်း ဖြတ်သည်။ ဆရာသည် အကဲဖြတ်ရုံသာဖြစ်သည်

စာသင်ခန်းသည် တိတ်ဆိတ်ငြိမ်သက်နေတတ်သည်        
စာသင်ခန်းသည် ဆူညံနေပြီး၊ ဝုန်းဒိုင်းကြဲကောင်း ကြဲနေနိုင်သည်
http://www.maukkha.org/index.php/feature-article/2320-2012-09-28-04-34-21

Tuesday, 25 September 2012

လက် ၂ ဖက် မရှိတဲ့ သင်္ချာဆရာမ

အဖြစ်ကတော့ အတော်ကလေး ရှားပါးလှပါတယ်။ မသန်စွမ်းတဲ့ သူတစ်ယောက်က ပုံမှန်ကလေးတွေကို စာသင်ပြပေးတာပါ။ တန်းတူ အခွင့်အရေး၊ လူ့အခွင့်အရေးနဲ့ လူသားရဲ့ စွမ်းဆောင်ရည်နဲ့ အကြင်နာတရားတို့ရဲ့ ပြယုဂ်လို့လည်း ဆိုရပါမယ်။

သူမကတော့ အိုဟိုင်းအိုးပြည်နယ်က အလယ်တန်း (ဆဋ္ဌမတန်း - အဋ္ဌမတန်း) အတန်းတွေကို သင်ပြနေရတဲ့ မေရီ ကင်နွန်ပဲဖြစ်ပါတယ်။

မရီမှာ မွေးကတည်းက လက်မပါခဲ့ပါဘူး။ မက္ကစီကိုက မိဘမဲ့ ဂေဟာတစ်ခုကနေ အိုဟိုင်းအိုးမြို့မှ မိသားစုက မွေးစားယူခြဲ့ပီး လူလားမြောက်အောာင် ပညာသင်ကြားစေခဲ့တယ်။ လက် မရှိတော့ အရာရာကို ခြေနဲ့ ကိုင်တွယ်နိုင်အောင် ကြိုးစားခဲ့တယ်။ ဒီလိုနဲ့ ကျောင်းနေအရွယ် ရောက်လာတယ်။
သင်ပုန်းပေါ်မှာ စာရေးခြင်းသာမက ကွန်ပျူတာနှိပ်တာ၊ ကျောင်းသင်ခန်းစာ ရိုက်နှိပ်တာ သူမကိုယ်တိုင်ပဲ လုပ်ဆောင်ခဲ့တယ်။

အရင်နှစ်က အလုပ်သင် ဆရာမကနေ အခုတော့ အချိန်ပြည့်ဆရာမတစ်ဦး ဖြစ်နေပါပြီ။ ကျောင်းသားလေးတွေရဲ့ ရွံ့ရှာ စက်ဆုပ်ခြင်းထက် ပိုပြီးအတုယူ အားကျ လေးစားစရာ ဆရာမ ဖြစ်နေတယ်။ ကျောင်းသင်ခန်းစာအပြင် အခက်အခဲကို ရင်ဆိုင် ကျော်လွှားနိုင်တဲ့ ခွန်အားကိုပါ သူမက ပေးနေတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

သူမကို မသန်စွမ်းသူအဖြစ် မြင်တာ သူမ မကြိုက်ပါဘူး။ ခွဲခြားတာနဲ့ တူကြောင်း ခံစားရတယ်။ လူတွေရဲ့စိတ်ခွန်အားကို မြင့်စေပြီး သူတို့ကို ပြုပြင်ပြောင်းလဲစေခြင်း ဖြစ်ရင် အိုကေပါပြီလို့ ပြောပြပါတယ်။
အခြားသော ဆရာ၊ ဆရာမတွေကလည်း သူမကို ချီးကျူးထောပနာ ပြုကြပါတယ်။ သူမကတောင် လုပ်နိုင်စွမ်းရင် သူတို့ကလည်း ဘာကြောင့် မလုပ်နိုင်ရမလဲဆိုတဲ့ အသိကို ပေးစွမ်းခြင်းကြောင့်လို့ ပြောပြသွားပါတယ်။

http://www.maukkha.org/index.php/news-menu/international-news-maukkha/2300-mary-gannon

Sunday, 23 September 2012

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၁၆)

စုက ဂျပန်ကို ရောက်လာချိန် မှာ သူ့လက်ထဲ ဘာငွေမှ မရှိပါဘူး။ သူက အောက်တိုဘာလဆန်းမှာ ငွေရတော့မှာပဲ လို့ သိနေလေတော့ ဂရုလည်း မစိုက်ပါဘူး။ “ကျွန်မက ပိုက်ဆံ မရှိဘဲလည်း အမြဲ အဆင်ပြေအောင် လုပ်နိုင်ပါတယ်” လို့ ပြောလေရဲ့။ ဒီလို အကြောက်အလန့် မရှိတာကပဲ သူ့ရဲ့အောင်မြင်ရေး သော့ချက် ဖြစ်မှာပါ။ သူရမယ့်ငွေက များကောင်း များမှာ ဖြစ်ပေမယ့် အခန်းငှားခ၊ ကျန်းမာရေး အာမခံနဲ့ စားသောက်ကုန် ဈေးနှုန်းတွေက များလေတော့ မလွယ်ပါဘူး။ သူက သုတေသန လုပ်ဖို့ အာရုံထားပြီး ရသမျှ ငွေလေးတွေကို စုဖို့ တွေးခဲ့ပါတယ်။

ဒါပေမယ့် မိုက်ကယ်တို့ သားအဖ အတွက် လေယာဉ် လက်မှတ်ဖိုး အကုန်ခံရဖို့ ဖြစ်လာခဲ့ ပါရော။ စုရဲ့ ပထမစာတွေ ထဲမှာ မိုက်ကယ်က သူ့ဆီ လိုက်လာမယ် လို့ မပါခဲ့ပါဘူး။ တကယ်တော့ မိန်းမ တစ်ယောက်အဖို့ သူ့ကလေးတွေထက် ခင်ပွန်းကို ဂရုစိုက်ပေးဖို့ လိုနေပြန်ပါရော။ သူတို့က ပိုပြီး တောင်းဆို တတ်သူလေ။ ယောကျာ်းဆိုတာ ကျွန်မတို့လို  မိန်းမတွေ အတွက် အမြဲပြဿနာ ပေးနေကြတာ မဟုတ်လား။ ကျွန်မတို့ နှစ်ယောက်သား သက်ပြင်းလေးများ ပြိုင်ချလိုက်ကြတာမို့ လေယာဉ်လက်မှတ် ရောင်းသူက ရယ်မောလိုက် ပါတယ်။
ထမင်းစားပွဲတွင် စစ်ပြန်ကြီး အချို့နှင့် တွေ့ရသည့် နိုရီကို၊ ဒေါ်အောင်ဆန်းစုကြည်
ထမင်းစားပွဲတွင် စစ်ပြန်ကြီး အချို့နှင့် တွေ့ရသည့် နိုရီကို၊ ဒေါ်အောင်ဆန်းစုကြည်


ဒီဇင်ဘာ ၂ဝ ရက်မှာတော့ မိုက်ကယ်နဲ့ အလက်ဇန္ဒား ရောက်လာပါတယ်။ စုက ခရစ်စမတ် ညစာလေး ပြင်ဆင်ပြီး ပါမောက္ခ ယိုကိုယားမားနဲ့ ဇနီးရယ်၊ သူ့ရဲ့ ဂျပန်စာ ဆရာမ မီချီကိုရယ်၊ ကျွန်မရယ်ကို ဖိတ်ကျွေးကာ ကျေးဇူးစကား ဆိုပါတယ်။ သူ့အခန်းလေးရဲ့ နံရံနဲ့ အမိုးမှာ အလက်ဇန္ဒား အင်္ဂလန်က ယူလာတဲ့ အလှအပ တန်ဆာဆင်တဲ့ ပစ္စည်းလေးတွေ နဲ့ လှလှပပ ပြင်ဆင်ထားပါတယ်။ ကလေးတွေ ကတော့ ပျော်နေ ကြတာပေါ့။ ညစာကို အသား ကောင်းကောင်းနဲ့ ပြင်ဆင်ထားတာမို့ စုတစ်ယောက် ပိုက်ဆံအိတ်လေး ပိန်တော့မှာပဲ လို့ ကျွန်မလည်း ပူပန်နေမိပါတယ်။ စုက အောက်စဖို့ဒ် ကယူလာတဲ့ အဆာပလာအချို့နဲ့  ခရစ်စမတ် ပူတင်းကို ဖုတ်ပေးပါတယ်။


ကလေးတွေကတော့ အခန်းထဲမှာ အငြိမ်မနေနိုင်ကြပေဘူး။  ကော်ရစ်ဒါ တစ်လျှောက် ပြေးလွှားကြပြီး ဧည့်ဂေဟာထဲက တခြားကလေးတွေကို ရှာကြလေရဲ့။ ဧည့်ဂေဟာမှာ နေကြတာက နိုင်ငံခြားသား ပညာရှင်တွေမို့ အင်္ဂလိပ်လို ပြောနိုင်ကြ မယ့် သူတွေ မဟုတ်လား။ ဂျပန်ကျောင်းမှာ စကားမပေါက်ပေမယ့် ဒီမှာတော့ သူတို့ စကားပြောစရာလူ ရှိနေတာကိုး။ ဒီတော့ သူတို့က ဒီက ကလေးတွေကို ရှာဖွေပေါင်းသင်း ရတော့ တာပေါ့။ တကယ်တော့ ဧည့်ဂေဟာမှာ ရှိသူတွေက ပညာရှင်အဖြစ် လာတဲ့သူတွေမို့ မငယ်ကြတော့ပါဘူး။ ဒီတော့ စုက အစ်ကိုကြီး၊ အစ်မကြီးတွေရယ်လို့ လေးစားဖို့နဲ့ သွားရှုပ်သလို မလုပ်မိစေဖို့ သူ့သားတွေကို သွန်သင်ပါတော့တယ်။ ဒါပေမယ့် ဧည့်ဂေဟာမှာ ရှိနေတဲ့ ပညာတော်သင်နဲ့ ပညာရှင်တွေ အားလုံးလိုလိုက သူတို့ကို ချစ်ခင်ကြပါတယ်။


ဒီမှာ အောက်စ်ဖို့ဒ်နဲ့ မတူတာက ကိုယ့်အခန်းတံခါး ဖွင့်လိုက်တာနဲ့ လူ့အဖွဲ့အစည်းလေး တစ်ခုထဲကို လွယ်လွယ် ရောက် သွားနိုင်တာပါ။ စုက ဒီဂေဟာကို ရောက်တာနဲ့ မြန်မာပြည်က ပညာသင်တစ်ယောက်နဲ့ ဆက်သွယ်မိ တော့တာပါပဲ။ တကယ်တော့ ဒါဟာစုအဖို့ မြန်မာပြည်က လူငယ် ပညာရှင်နဲ့ တိုက်ရိုက် ဆက်ဆံခွင့် ရလိုက်တဲ့ ပထမဆုံး အခွင့်အရေး များ ဖြစ်လေမလားပါပဲ။
စုအနေနဲ့ မြန်မာပြည်က လာတဲ့ ပညာတော်သင်နဲ့ ပညာရှင်တွေကို ပိုပိုပြီး တွေ့လာလေ မြန်မာပြည်က လူတွေ အနေနဲ့ သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်း အပေါ် ဘယ်လောက်ထိ ဂုဏ်ယူကြတယ် ဆိုတာကို သိလာလေလေ ဖြစ်ခဲ့ရပါတယ်။ စုအပေါ် သူတို့ဆက်ဆံပုံကို ကြည့်ရုံနဲ့လည်း ဗိုလ်ချုပ်အောင်ဆန်းအပေါ် လူတွေရဲ့ ချစ်ခင်လေးစားစိတ်ဟာ သိသာလွန်း လှပါတယ်။ ဒီလိုနဲ့ အောက်စ်ဖို့ဒ်က စုနဲ့ကျိုတိုက စုကြားမှာ ခြားနားလာ တယ်လို့ ကျွန်မက တစ်စစတွေးလာ မိပါတယ်။ စုရဲ့အိမ်ထောင်ရှင်မ၊ မိခင်နဲ့ သုတေသနသမား ဆိုတဲ့အခန်း ကဏ္ဍတွေမှာ အပြောင်းအလဲ မရှိပေမယ့် ကျိုတိုက စုမှာတော့ သူ့ဆီမှာ မသိမသာ ရှိနေပြီးသား ဂုဏ်သိက္ခာ တွေ ပြန်လည်ကာ နိုးထလာပါတယ်။ စုကိုယ်တိုင်ကလည်း အင်မတန်တော် တဲ့ မြန်မာ့ ပညာတတ် လူငယ် တွေဆီက သူ့အပေါ် မျှော်လင့်ချက် ကြီးကြီး ထားနေကြတယ်လို့ ခံစားလာနေရတယ် လို့လည်း ကျွန်မက သတိပြုမိ လာပါတယ်။ ဒီလို အပြည်ပြည်ဆိုင်ရာ ဧည့်ဂေဟာမှာ မြန်မာပြည်က ပညာရှင် လူငယ်တွေနဲ့ ထိတွေ့ ဆက်ဆံခွင့် ရခဲ့တဲ့အချိန်ဟာ မြန်မာ့နိုင်ငံရေး အတွက် ရင့်မှည့်လာမယ့်  မျိုးစေ့လေး အခြေကျခဲ့နိုင်တဲ့ အချိန် ဖြစ်တယ် လို့ပဲ ကျွန်မက ထင်မိပါတယ်။


အဲဒီအချိန်တုန်းက စုအကြောင်းကို တွေးတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းနဲ့ စုတို့သားအဖမှာ လွတ်မြောက်ရေး အတွက် ခြေလှမ်းလှမ်းပုံချင်း တူနေတာကို စိတ်ဝင်စားဖွယ် သတိထားမိ လိုက်ပါတယ်။ သူတို့နှစ်ယောက် စလုံးဟာ လှုပ်ရှား ပြောင်းလဲမှု တစ်ခုကို မလုပ်ခင်မှာ ဂျပန်ကို ရောက်လာခဲ့ကြတယ်မဟုတ်လား။ ဒီကို ရောက်နေတဲ့ ကာလတွေဟာ သူတို့ နှစ်ယောက် စလုံးအတွက် နိုင်ငံရဲ့ အနာဂတ် အကြောင်း ပိုပြီး တွေးတော စဉ်းစားချိန်ရခဲ့တဲ့ ကာလတွေ လို့တောင် မြင်မိပါတယ်။ သူတို့ရဲ့ အိပ်မက်တွေ ပြည့်ဝလာအောင် ဘယ်လောက် အချိန်ယူ ခဲ့ကြပါသလဲ။ စိတ်ဝင်စားစရာ ကောင်းတာကတော့ မြန်မာပြည်အတွက် တစ်ခါက ဒေါမာန်ဟုန် သမား ဖြစ်ခဲ့တဲ့ ဂျပန်မြေဟာ သူတို့ နှစ်ယောက်စလုံးရဲ့ အတွင်းစိတ်ထဲမှာ အပြောင်းအလဲ စတင်ဖို့အတွက် နေရာလေးသဖွယ် ဖြစ်ခဲ့တာပါ။


ဗုဒ္ဓဘုရားရင်ခွင်မှ စု


စုက တစ်ခါတလေ သိပ်ကို တင်းတင်းမာမာ ပြတ်ပြတ်သားသား ပြောတတ်ပါတယ်။ မိုက်ကယ်တို့ကတော့ အဲဒီလို အပြောမျိုးတွေကို မကြားသလိုဘဲ ဘာဆိုဘာမှ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် တချို့လူတွေ အတွက် တော့ သူတို့ကိုယ်တိုင် စိတ်မကြည်သာ နေချိန်မှာဆိုရင် အဲဒီလို အပြောမျိုးတွေကြောင့် သူ့အပေါ်မှာ စိတ်မကြည်မလင် ဖြစ်သွားတတ်ကြပါတယ်။ ကျွန်မကိုယ်တိုင်လည်း တစ်ခါတလေမှာ သူ့အပြောတချို့ ကြောင့် စိတ်ဆိုးဖူးပါရဲ့။ ဒီလိုအကျင့်မျိုးကတော့ သူ့ရဲ့ဦးနှောက် က အလွန်ပြေးလွန်းလို့ ဖြစ်ရတာပါပဲ။ အတွေး တစ်ခုခု အပေါ်မှာ သိပ်ကို ပြင်းပြင်းထန်ထန် ခံယူတတ်တာလည်း ပါမှာပေါ့။ ဒီအပေါ်မှာတော့ ကျွန်မအနေ နဲ့ ဘာမှ စောဒက တက်စရာ မရှိဘူးလေ။


စု ကျိုတိုမှာ ရှိတဲ့အခိုက် မီဒီယာတွေမှာ မီနာမာတာချီဆို ကုမ္ပဏီကြောင့် မာကျူရီ အဆိပ်သင့်ခဲ့ရတဲ့ လူတွေ အကြောင်း အများကြီး ဖော်ပြနေခဲ့ကြပါတယ်။ အဲဒီအခါ စုက အဲဒီ အဆိပ်သင့်သူတွေဟာ လျော်ကြေးငွေ တွေချည်း တောင်းနေလို့ ဆိုကာ လောဘကြီးသူတွေပဲလို့ ဝေဖန်ခဲ့ပါတယ်။ ကျွန်မကတော့ သူ့ရဲ့ လမ်းကြောင်း လွဲသွားမယ့် ဝေဖန်ရေးကို လက်မခံနိုင်တာမို့ ထွက်နေတဲ့ ဒေါသတွေကို ထိန်းရင်းကနေ ဒီ လူနာတွေ ခံစားရချက်ကို သေသေချာချာ မသိဘဲ အခုလိုမဝေဖန်ဖို့ ပြောဖြစ်ပါတယ်။ ကျွန်မစိတ်ဆိုးနေတာကို သူနားလည် သွားတဲ့အခါမှာတော့ ခေါင်းလေးငုံ့ပြီး “ကျွန်မ သိသွားပြီ”လို့ ဆိုလေရဲ့။

သူက နိုင်ငံရေး တရားမျှတစိတ်ရယ်၊ ဘာသာရေး အဆုံးအမရယ်တွေနဲ့ ကြီးပြင်းလာခဲ့တော့ သူ မှန်တယ်လို့ ခံယူထားတဲ့ စံနဲ့မတူ ကွဲပြားတဲ့ အတွေးရှိသူတွေအပေါ် စိန်ခေါ်တတ်ပြန်ပါတယ်။ ကျွန်မ ယောကျာ်းနဲ့ အငြင်းပွားလေ့ ရှိတာကလည်း စုပါပဲ။ အဆုံးမှာတော့ စုက ပဲ  အငြင်းအဆန်မရှိ ကျွန်မခင်ပွန်း ရဲ့ အတွေးတွေကို လက်ခံသွားတတ် ပေမယ့် စုက ကျွန်မ ခင်ပွန်းကို အဖေလိုတစ်မျိုး အစ်ကိုလို တစ်သွယ် ချစ် ခင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးက လူမှုသိပံ္ပသမားတွေလေ။ အတွေး ကောင်းပုံချင်းလည်း တူတာကိုး။
ဆက်လက်ဖော်ပြပါမည်။
မသီတာ(စမ်းချောင်း)                                        http://www.myanmarij.com/?p=5699 

Monday, 17 September 2012

ရင်နှင့် အမျှပါပဲ


ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၁၅)

ဖျော်ဖြေမှု ပြီးဆုံးသွားတဲ့ အခါမှာတော့ အမေရိကန် ကျောင်းသားတွေက ပြန်သွားခဲ့ပါတယ်။ ရုရှက ဧည့်သည် နဲ့ ကျွန်မတို့ အုပ်စုကိုတော့ လက်ဖက်ရည်သောက် ဖိတ်ကြားထားတာမို့ ဘေးက အခန်းဆီ ပြောင်းလာခဲ့ ကြပါတယ်။ မစ္စ အဝါဆာကီ က နေ့လယ်စာကို ပြင်ဆင်ထားနှင့်ပါတယ်။

အဲဒီခေတ်က ရုရှ ပညာတော်သင် တွေကို ပြည်ပနိုင်ငံတွေ စေလွှတ် မှုတွေမှာ သိပ်မတင်းကြပ် တော့ပေမယ့် ဂျပန်မိသားစုအိမ်တွေကို ဖိတ်ကြားခံရတာ မျိုးတော့ သူတို့လည်း မကြုံဖူးသေးချိန်ပေါ့။ ဒီတော့ သူတို့က ဂျပန်ရိုးရာဆူရှီထဲက ဆာ ဘာဇူရှီ (ငါးသေတ္တာ ငါးဆူရှီ)နဲ့ ဆကီဟန်(ကောက်ညှင်းနဲ့ ပဲနီမုန့်)ကို သိပ်မစားဖူးကြသေးပါဘူး။ သူတို့က ရှေးရိုးစွဲသူ တွေပီပီ ငါးဆူရှီကို အစပိုင်းမှာ သိပ်မတို့ထိခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ အရသာ ကောင်းတယ် ဆိုကာ စားလာကြပါတယ်။

စုကတော့ ငါးဆူရှီကို သိပ်ခံတွင်းမတွေ့ဘဲ ကောက်ညှင်း ပဲနီမုန့်ကို ထပ်ထည့်ပါတော့တယ်။ စုရဲ့ တူကိုင်ပုံ ကလည်း ဂျပန်တွေ တူကိုင်ပုံနဲ့ တူပါတယ်။ ကင့်မ်ကို ကြည့်ရတာတော့ မဏ္ဍပ်ပေါ်က ပေးသွားခဲ့တာတွေနဲ့ ပြည့်နေသလို ပလပ်စတစ် သေနတ်တစ်လက်လည်း ရထားလေတော့ သူ့ဘာသာ ကျေနပ်ပြီး ဗိုက်ပြည့် နေသလား ပါပဲ။

“နိုရီကိုရေ မစ္စအဝါဆာကီကို ပြောပြလိုက်ပါ။ ကောက်ညှင်းနဲ့ ပဲနီက ကျွန်မတို့ဆီမှာလည်း ရှိတယ်လို့။ ကျွန်မတို့ က ကောက်ညှင်းပေါင်းလို့ ခေါ်တာလေ”လို့ ဆိုပါတယ်။ ကျွန်မက ပဲနီရော ရှိလားဆိုတော့ ရှိကြောင်း ဖြေပါတယ်။ အိမ်ရှင်ကလည်း မြန်မာမှာ ကောက်ညှင်းနဲ့ ပဲနီရှိတယ် ဆိုတာ သိပြီး သဘောတွေ ကျနေတာပေါ့။ မြန်မာမှာ ဆကီဟန် ရှိတယ်လို့ ပြန်ပြောနေလေရဲ့။

အို့စု ပွဲတော်ရောက် အပြည်ပြည်ဆိုင်ရာ ပညာရှင်များနှင့် အတူတွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၊ သားငယ်နှင့် နိုရီကို
အို့စု ပွဲတော်ရောက် အပြည်ပြည်ဆိုင်ရာ ပညာရှင်များနှင့် အတူတွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၊ သားငယ်နှင့် နိုရီကို

ကျွန်မတို့ အိမ်အပြန် ဘူတာရုံဆီ လျှောက်လာကြတော့ ရုရှပညာရှင်တစ်ယောက်က သူမြန်မာပြည်ကို ရောက် ဖူးကြောင်း ပြောလာပါတယ်။ စုကမြန်မာပြည်ကို ဘယ်လို သဘောရလဲလို့  သူ့ကိုမေးတော့ “ပူတယ်။ မခံနိုင်လောက်အောင် ပူတယ်” လို့သာ အထပ်ထပ် ပြောနေပါတော့တယ်။ သူက အိန္ဒိယအသွားမှာ မြန်မာပြည်ကို ဝင်ခဲ့တယ်လို့ဆိုတော့ ကျွန်မမှာ တံခါးပိတ် မူဝါဒ ရှိနေတဲ့ မြန်မာပြည်ကို ဘာလို့သွား ခဲ့တာလဲဆိုပြီး တွေးကြည့်တော့ ဆိုဗီယက်ရော၊ မြန်မာပါ ဆိုရှယ်လစ် နိုင်ငံတွေမို့ ဆိုတာ သဘောပေါက် မိလာပါတယ်။

 ဂျော့ရှ်အော်ဝဲလ်ရဲ့ “တိရစ္ဆာန်ကမ္ဘာ”တို့၊ “၁၉၈၄” တို့ ဆိုတာ ဆိုဗီယက်နဲ့ မြန်မာကို ကြည့် ပြီး ရေးတယ်လို့ ဆိုကြတယ် မဟုတ်လား။ တစ်နိုင်ငံက သိပ်အေးပြီး နောက်တစ်နိုင်ငံက သိပ်ပူနေတာတော့ ကွဲပြားတာပေါ့။ ရုရှနဲ့ မြန်မာမှာ နိုင်ငံရေး စိတ်ကူးတူပြီး  ဂျပန်နဲ့ မြန်မာမှာတော့ ဆာကီဟန်ချင်း တူတယ်လို့ ဆိုရမှာပေါ့လေ။

နိုင်ငံရေးစိတ်ကူး ဆိုတာ အချိန်ပြောင်းလာရင် ပြောင်းလဲသွား နိုင်ပေမယ့် အစားအစာကိုတော့ ပြောင်းဖို့ မလွယ်ကူပါဘူး။ ပိုပြီးလည်း အေးချမ်းတဲ့ တူညီမှုမို့ အစားအစာ တူရတာ ကောင်းတာပေါ့လို့ တွေး မိနေပါတယ်။ ကျွန်မနဲ့စု နှစ်ယောက် စလုံးက အောက်စ်ဖို့ဒ်မှာ ဆိုရင် နိုင်ငံခြားသားလို နေခဲ့ရတာကိုး။ ဒါပေမယ့် ကျွန်မက မြန်မာရော ဂျပန်မှာပါ တူညီတဲ့ အစားအသောက် ယဉ်ကျေးမှု ရှိနေတာကို ရုတ်တရက် မေ့နေခဲ့တာပါ။ ဒီ အို့စုမတ်ဆူရီ ပွဲတော်ကပဲ ကျွန်မတို့ကို ဒီအတွေး တွေးမိအောင် ဖန်တီးခဲ့တာပေါ့။

လူထုဘဝထဲက စု

စုနဲ့ကင်မ်တို့က ကျိုတိုဘူတာရုံရဲ့အရှေ့မြောက်ဘက်မှာ ရှိတဲ့ အပြည်ပြည်ဆိုင်ရာ ဧည့်ဂေဟာမှာ ဘဝ အသစ်တစ်ခုကို စခဲ့ကြပါပြီ။ စုကတော့ အောက်စ်ဖို့ဒ်က ဘဝနေထိုင်နည်းကိုပဲ ပြန်သုံးပါတယ်။ ချွေတာ ရေးလည်း ဖြစ်အောင်နဲ့ ကားတွေ ကြပ်တာကိုလည်း ရှောင်ရာကျအောင် စုက စက်ဘီးအဟောင်း တစ်စီးကို ဝယ်လိုက်ပါတယ်။ ခြောက်လလုံးလုံး သူက မြန်မာဝတ်စုံ ဝတ်ပြီး အဲဒီစက်ဘီးတစ်စီးနဲ့ လျှောက်သွား တော့တာပါပဲ။

 ကင်မ်ကလည်း မူလတန်း ကျောင်းလေး မှာ ကျောင်းအပ်လို့ ရသွားပါတယ်။ ပြဿနာကတော့ သူက ဂျပန်လို လုံးဝနားမလည်တော့ စာလိုက်မလုပ်တော့ပါဘူး။ စုက ဗြိတိသျှကောင်စီက ငှားလာပေးတဲ့ အင်္ဂလိပ်စာအုပ် တွေကိုပဲ အတန်းထဲမှာ ထိုင်ဖတ်ပြီး ကျောင်းက ကျွေးတာတွေ စားပေါ့။ သူက “ကျောင်းသွားရတာ ပျော်တယ်။ စာကြည့်စရာ မလိုပေမယ့် ကျွေးတာကတော့ စားနိုင်တယ်လေ”လို့ ပျော်ပျော် ပဲ ပြောပါတယ်။


စုက အင်္ဂတေနဲ့ ဆောက်တဲ့အိမ်တွေကို မယဉ်ပါးဘူး ထင်ပါရဲ့။ ပိတ်ရက်တွေမှာ ကျွန်မတို့အိမ်ကို ရောက်လာရင် သူ ဘယ်လောက် စိတ်လက် ပေါ့ပါးသွားကြောင်း ပြောလေ့ ရှိပါတယ်။ နိုဝင်ဘာလမှာတော့ သူက ခရစ်စမတ်မှာ သူ့ဆီ လာလည်ကြမယ့် မိုက်ကယ်နဲ့ အလက်ဇန္ဒား တို့အတွက် လေယာဉ်လက်မှတ် ဝယ်ပေးရမှာမို့ လျှော့ဈေးဆိုင် ကို ခေါ်သွားပေးဖို့ ပြောလာပါတော့ တယ်။ စုက အိန္ဒိယမှာနေခဲ့တုန်းက ခင်ခဲ့တဲ့သူငယ်ချင်းတစ်ယောက်ဟာ အိန္ဒိယ လေကြောင်းလိုင်းမှာ လုပ်တာမို့ သူက အဲဒီလေကြောင်းလိုင်း ကနေပဲ လတ်မှတ်ဝယ် တတ်ပါတယ်။

အဲဒီအချိန်မှာ လန်ဒန်မှာ ဘော်ဒါနေ နေတဲ့ အလက်ဇန္ဒားက နယူးဒေလီကို သွားပြီး ဆင်းမလားက နေလာမယ့် မိုက်ကယ်နဲ့တွေ့ကာ ဂျပန်ကို အတူလာကြရမှာပါ။ အပြန်လည်း အဲဒီလိုပဲ စီစဉ်ပေးရမှာ ဖြစ်ကာ လက်မှတ်ဖိုး တွေကိုတော့ စုက ပေးရမှာပါ။ သူက မမောတမ်းပဲ လေယာဉ်ခရီးစဉ်အချိန်ဇယားကို ကြည့်ပြီး စိတ်ရှည် လက်ရှည် ရွေးနေလေရဲ့။ ကျွန်မကတော့ အဲဒီဘေးမှာ ရပ်ရင်းကို ပင်ပန်းလို့ လာတော့တာပါ။ ဈေးလျှော့ ပေးတယ်ဆိုပေမယ့် အပြန်လက်မှတ်တွေက သိပ်မချိုလှပါဘူး။ ငွေလည်း ချေပြီးရော သူက သက်ပြင်းကြီး ချလိုက်ကာ “နိုရီကိုရေ ယောကျာ်းတွေ ဆိုတာ ဘယ်လောက်များ ဒုက္ခပေးတဲ့ သတ္တဝါတွေ များပါလိမ့်နော်”လို့ ဆိုလိုက်ပါတော့တယ်။

စုက လစဉ်ဝင်ငွေ အဖြစ် စကောလားရှစ်က ယန်းငါးသိန်း ပေးပါတယ်။ အဲဒီအချိန်က ကျွန်မ ခင်ပွန်းရဲ့ လက်ထောက် ပါမောက္ခ လစာဟာ အခွန်ဖြတ်ပြီးတဲ့ အခါမှာတောင် လစဉ် ယန်းသုံးသန်းနှစ်သိန်း မို့ အတော် အဆင်ပြေပါရဲ့။ စု အတွက် ကတော့ “ကျွန်မက မြန်မာသံရုံးကို ဝင်ငွေရဲ့ ဆယ်ရာခိုင်နှုန်း ပေးရတာမို့ ယန်းငါးထောင် ပေးရမယ်လေ”လို့ ဆိုတာမို့ သူ့ဝင်ငွေဟာ သိပ်တော့ မဟန်လှဘူး ဆိုရမှာပါ။ “အဲလိုသာ မပေးရရင် ကောင်းမှာပဲ” လို့ စုက ပြောပါသေးတယ်။ ကျွန်မက သံရုံးကို ဘာအတွက် ပေးရတာလဲလို့ မေးတော့ စုကဘာမှ ပြန်မဖြေခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ပေးရမှာပေါ့ လို့တော့ ပြောလေရဲ့။

အင်္ဂလန်မှာ ရှိတဲ့ မြန်မာတွေ အနေနဲ့ သူတို့ရဲ့ လစဉ်ဝင်ငွေထဲက ၁ဝ ရာခိုင်နှုန်းကို မြန်မာသံရုံးကို ပေးစရာ မလိုခဲ့ပါဘူး။ ၁၉၄၇ ခုနှစ် ဝန်ကြီးချုပ် အက်တလီနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ သဘောတူညီချက် မှာကို အဲဒီကိစ္စ ထည့်ပြောခဲ့ကြတယ်လို့ ဆိုပါတယ်။ ဂျပန်နဲ့ မြန်မာကြား မှာတော့ အဲဒီသဘောတူညီချက် ကိစ္စမျိုး မရှိပါဘူး။ ဂျပန်မှာ အလုပ်လုပ်နေတဲ့ မြန်မာတွေ အနေနဲ့ သူတို့လခ ထဲက ၁ဝ ရာခိုင်နှုန်းကို ဂျပန်အစိုးရက ဖြတ်တောက် ပြီးမှ ပေးတာမို့ မြန်မာသံရုံး ဘက်ကိုပါ အခွန် ထပ်ပေးရတာမျိုးက မဖြစ်သင့်ဘူးလို့ ကျွန်မထင်ပါတယ်။ ဒါဟာ ဂျပန်နိုင်ငံရဲ့ အခွန်ဥပဒေနဲ့လည်း ဆန့်ကျင် နေပါတယ်။ (အခုအချိန်မှာတော့ မြန်မာ အလုပ်သမားတိုင်းဆီက ယန်း တစ်သောင်းနှုန်း ကောက်ခံနေပါတယ်) ဒီကိစ္စကို ဂျပန်အစိုးရက မကြာခဏ ကန့်ကွက်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒီလို ကောက်ခံပုံက ကျွန်မတို့ဆီမှာ ယာကူဇာတွေ လောင်းကစားဝိုင်းတွေ ဆီက ငွေကောက်ပုံမျိုးနဲ့ တူနေပါရဲ့။ ဒီငွေကို ဘယ်သူကမှလည်း ကြည်ကြည်ဖြူဖြူ မပေးချင်ကြပါဘူး။
 မသီတာ(စမ်းချောင်း)   
http://www.myanmarij.com/?p=5473
                                          

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၁၄)

ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိမြဲပေမယ့် သူ့မှာ အဲဒီစိတ်ကူးကို စွန့် လွှတ်သွားအောင် ကျွန်မက ဘယ်လို လုပ်နိုင်မှာပါလိမ့်။ ကျွန်မက ဒီဖိနပ်ဟာ အလုပ်ကြမ်း သမားတွေ အတွက် ပါလို့များ ပြောလို့ကတော့ ခွဲခြား ဆက်ဆံမှုလို့ ဝေဖန်ခံရဦးမှာကိုး။ “ဒီဖိနပ် ဘယ်မှာရောင်းလဲဆိုတာ သိတယ် မဟုတ်လား”လို့ စုက ထပ်မေး နေပါတယ်။ “သိတယ်လေ။ နီယိုတံတားနား ကနေ အရှေ့ဘက် နည်းနည်းသွားရင် ရပြီ”လို့ ဖြေတော့ သူ့ကို အဲဒီဆိုင်ဆီ ပို့ပေးဖို့ပြောတော့တာပါပဲ။

ကျွန်မလည်း သူ့ထောင်ချောက်ထဲ ပိတ်မိတော့မလို့ပါပဲ။ နောက်မှ အရှေ့တောင်အာရှ လေ့လာရေးဌာန မှာ တိုင်းပြည် အသီးသီးက ပညာရှင်တွေ ဝင်ထွက်နေတာမို့ အဲဒီလိုဖိနပ်မျိုးကို စီးဖို့ မသင့်တော်ဘူးလို့ အတန်တန် ဖျောင်းဖျ ရပါတော့တယ်။ ကျွန်မတို့ရဲ့စကားပုံတစ်ခုမှာလည်း“ပစ္စည်းမှန် နေရာမှန်”ဆိုတာ ရှိတာမို့ ကိုယ့်နေရာမှာ ကိုယ့်ပစ္စည်းတွေ ကို သူ့ဟာနဲ့သူ သင့်တော်အောင် ထားရမယ့်အကြောင်းလည်း ပြောတာပေါ့။ သူက တော့ ကျွန်မပြောချင်တာကို သိပ်သဘောပေါက်ပုံ မရပေမယ့် နောက်ဆုံးမှာတော့ စိတ်မပါ့တပါနဲ့ပဲ ကျွန်မ ရဲ့အကြံကို လက်ခံလိုက်ပါတယ်။

အဲဒီလို ဂျကာတာဘီဖိနပ်ကိစ္စ ငြင်းခုံနေကြတာနဲ့ပဲ ကျွန်မခင်ပွန်းနဲ့ ချိန်းထားတဲ့အချိန်က ကျော်သွားပါပြီ။ ကျွန်မရဲ့တပည့်မလေး နိုရီကို့ အိမ်ကို ရောက်တော့ နိုင်ငံခြားဧည့်သည်တွေကို ဧည့်ခံတဲ့ အစီအစဉ်က ပြီးတောင်သွား ပါပြီ။ အဲဒီနေ့က သူတို့ရဲ့ဧည့်သည်တွေကတော့ ရုရှက ပညာရှင်တွေ၊ ဂျပန်စာသင်နေတဲ့ အမေရိကန် ကျောင်းသားလေးတွေ၊ ကျွန်မတို့ လင်မယား နှစ်ယောက်နဲ့စုတို့ မြန်မာ သားအမိ နှစ်ယောက်ပေါ့။ တကယ်တော့ ဂျပန်အိမ်လေးတွေက လူ ၃ဝ ထက် ပိုပြီး မဆန့်တတ်ပါဘူး။

အို့စုမတ် ဆူရီ ပွဲတော် မြင်ကွင်း
အို့စုမတ် ဆူရီ ပွဲတော် မြင်ကွင်း

ကျွန်မတို့အားလုံး အိမ်ထဲမှာ နေရာယူပြီး မကြာခင်မှာပဲ အိမ်အောက်ဆုံးထပ်မှာ တာတာမိဖျာတွေ ခင်းထားတဲ့ အခန်းလေးထဲ ပုလွေသံနဲ့ခေါင်းလောင်းသံတွေ ဝင်ချလာပါတော့တယ်။ လက်ဖက်ရည်ပွဲမှာ တစ်လျှောက်လုံး အေးအေး ငြိမ်းငြိမ်း နေရမယ် ဆိုတာကို မေ့သွားကြ သလိုပဲ ဧည့်သည်တွေ အားလုံးက အပေါ်ထပ်ကို အပြေးအလွှား တက်ကြ ပါတော့တယ်။ ပွဲတော်ရက်တွေမှာ အိမ်တွေ အားလုံးဟာ အပေါ်ထပ် ပြတင်းပေါက်တွေ အားလုံးကို ဖွင့်ထားတတ် ကြပါတယ်။ တာတာမိဖျာတွေကို ခင်းထားပုံကလည်း ပြဇာတ်ရုံကြီးထဲမှာ သီးသန့် အခန်းဖွဲ့ခုံလေးတွေလိုပေါ့။ ရွေ့လျား မဏ္ဍပ်တွေရဲ့ စင်အမြင့်က အိမ်အပေါ်ထပ်နဲ့ ကြမ်းတစ်ပြေးတည်း လောက် ရှိတာမို့ အခုတော့ ကြမ်းပေါ် ထိုင်နေရတာနဲ့ မတူဘဲ အဆင့်မြင့် ပွဲကြည့်စင်မှာလို ခံစားနိုင်တယ်လေ။ ဒါကြောင့် မဏ္ဍပ်တွေ လှည့်လာတဲ့အခါမှာ ဧည့်တွေက အပေါ်ထပ်ကို အပြေးတက်ကြတော့တာပါ။

စုနဲ့ ကင်မ်ကဧည့်တွေ အားလုံးရဲ့ရှေ့ဆုံးက အလယ်မှာ ထိုင်လိုက်ကြပါတယ်။ ကျွန်မက သူတို့ကို ရှင်းပြဖို့ အနောက်ကပ် လျက်မှာပဲ နေရာယူလိုက်ပါတယ်။ တစ်ယောက်ယောက်က“ရှိုမို၊ရှိုမို”လို့ ရွတ်လိုက်ပါတယ်။ ဂျပန်တစ်ယောက်က အဲဒီလို အော်လိုက်ရင်ပဲ ဧည့်သည်တွေက “ရှိုမို၊ရှိုမို”လို့ သံပြိုင် လိုက်အော်ပါတော့ တယ်။ ဒီဒေသခံတွေရဲ့ အသံထွက်က နည်းနည်းကွဲတော့ ကျွန်မက ဘာကို ဆိုလိုမှန်း ချက်ချင်းမသိပါဘူး။ နောက်မှ ”ရှိုမို”ဆိုတာ“I want”လို့ ပြောကြောင်း သိသွားပါတော့တယ်။ လူတွေက မဏ္ဍပ်ပေါ်က ဖျော်ဖြေသူတွေကို “ဆိုပြတီးပြ ပါဗျို့။ ကြည့်ချင်တယ်”လို့ သြဘာ ပေးကြပြီး သူတို့ကလည်း ပွဲကြည့် သူတွေအတွက် ဆိုတီးပြ ကြပါတယ်။ ဂျပန်ခေါင်းလောင်း ကလေးက ကန်ကန် ချီကီချီကီ လို့ မြည်နေသလို ဗုံ ကလည်း ဘုကုဘုကု ဒွန်ဘုကုလို့ အသံထွက်ပါတယ်။ ပုလွေကတော့ စိတ်မရှည့်တရှည်နဲ့ ဟျဟျဟိဟိုဟို လို့ ချွဲတော့တာပါ။ လူတွေကလည်း သံစဉ်ကို လိုက်ပြီး ဂျပန်လို တစ်မျိုး၊ ရုရှန်လို တစ်သွယ်၊ အမေရိကန်လို တစ်နည်း၊ မြန်မာလို တစ်ဖုံနဲ့ ယိမ်းထိုး လှုပ်ရှားလာကြပါတော့တယ်။

ကျွန်မတို့ရဲ့“ဖျော်ဖြေပြပါဗျို့” ဆိုတဲ့အသံကိုကြားတော့ ယူတာ တီယာမာဖျော်ဖြေရေးရွေ့လျားမဏ္ဍပ် က ကျွန်မတို့ရှိနေတဲ့ အိမ်ရှေ့မှာ ရပ်လိုက်ပါတယ်။ ဒီမဏ္ဍပ်က ကျွန်မတို့ရှိနေတဲ့ အိမ်ရှိရာလမ်းရဲ့ အပိုင် မဏ္ဍပ်မို့ စောင့်ကြည့်နေသူတွေဟာ ပိုပြီးတက်ကြွကာ စိတ်အားထက်သန် လာခဲ့ကြပါတယ်။ တပည့်မ နိုရီကိုရဲ့ အစ်ကိုက ဆိုရင် သူ့အဘိုးနဲ့ သူ့အဖေလိုပဲ ပုလွေဖျော်ဖြေမှုကို အားရပါးရ စိတ်လှုပ်ရှားစွာ တင်ဆက်နေတာ သူ့ကိုယ်တစ်ခြမ်းတောင် ရွေ့လျားမဏ္ဍပ် အပြင်ကို ထွက်နေသလိုပါ။
ယူတာတီယာမာ မဏ္ဍပ်က တန်ဆွန်ဘုရားကျောင်းမှာ ဘာသာရေး အရ လက်ဘက်ရည်ပွဲပြီးတာနဲ့ ထွက်လာခဲ့တာ ဖြစ်ပါ တယ်။ မဏ္ဍပ် အလည်မှာတော့ ဘုရားဝတ်ပြုလို သူတွေအတွက် နေရာရှိပြီး ပတ်လည်မှာ အမိုးပါစင်္ကြံလေး ရှိပါတယ်။ ဒီမဏ္ဍပ်လေးရဲ့လျှို့ဝှက်ချက်ကတော့ ရှင်တိုဘုန်းကြီးတစ်ပါးက မကောင်းဆိုးဝါး တွေကို မောင်းထုတ် ပေးဖူးတဲ့နေရာ၊ လူတစ်ယောက်က ရေနွေးနဲ့ဝါးရွက်တွေကို အပေါ်အောက် ဖြန်းပက်ကာ သန့်စင်အောင် လုပ်ပေးတဲ့ နေရာ၊ မိန်းမငယ်လေး တစ်ယောက်က ဗုံတီးကာ ဂီတဖျော်ဖြေတဲ့ နေရာ ဆိုတာပါပဲ။

အဲဒီလိုဟာတွေအားလုံး ဖျော်ဖြေဖော်ပြပြီးတဲ့ အခါမှာတော့ ပုလွေသမား၊ ဗုံသမား၊ စည်သမားတွေ အားလုံးက ပုဝါတွေကို မြှောက်ကြသလို ဝါးရွက်နဲ့ ထုတ်ထားတဲ့ ဂျပန် ရိုးရာဆန်မုန့်တွေကိုပါ အိမ်ထဲကို ပစ်ပေးခဲ့ ကြပါတယ်။ လူတွေအားလုံးက ပျော်ရွင်ဝမ်းမြောက်စွာပဲ လက်တွေကို ဆန့်တန်းကာ လက်ဆောင်တွေကို ဆုပ်ဖမ်းကြတော့ တာပေါ့။ ဒီလက်ဆောင်တွေ ရရင်ကံကောင်း လိမ့်မယ်လို့အများက ယုံကြည်ကြတယ်လေ။ ကင်မ်ကလည်း မုန့်တစ်ခုနဲ့ ပုဝါတစ်ပိုင်း ရလိုက်ပါတယ်။ သူကတော့ ပျော်လွန်းလို့“ရေး.. ရေး”လို့ အော်ဟစ်နေလေရဲ့။ ကျွန်မကိုတောင် ခပ်ကြွားကြွားဟန်မျိုး လုပ်ပြနေပါသေးတယ်။

စုကို ကြည့်ရတာလည်း ပါးလေးတွေ နီမြန်းပြီး ပျော်နေပုံပါပဲ။ သူကတော့ လက်ဆောင်တွေကို အမိဖမ်းလိမ့်မှာ မဟုတ်ဘူးပေါ့။ တကယ်တော့ သူ လက်မထပ်ခင် တုန်းကဆိုရင်အိမ်အဖော် တစ်ယောက်ယောက်က သူ့ကို ပြုစုပေးခဲ့တာမို့ သူက တော်ဝင်သူ တစ်ယောက်လို နေခဲ့ပေမယ့် အခုတော့ အိမ်ရှင်မ ဖြစ်နေပြီမို့ ဘာမဆို သူ့ဘာသာ စီမံခန့်ခွဲနေရ ပြီလေ။ သူက ဂျပန်ရိုးရာချီမကီမုန့် ကို ကံကောင်းဖို့ဆိုပြီး အရယူစရာလည်း လိုမှမလိုဘဲကိုး။ သူကိုယ်တိုင်က ကံကောင်းခြင်း တွေကို သယ်လာနိုင်သူမဟုတ်လား။ တကယ်တော့ သာမန်လူတွေရဲ့ အပြုအမူနဲ့ တော်ဝင်သူတွေရဲ့ အပြုအမူတွေက ကွဲပြားတတ်တာ သဘာဝပဲလို့ ကျွန်မ တွေးနေမိပါတယ်။ ကျွန်မလည်း စုနောက်ဘက်ကို ကျလာတဲ့ ပုဝါတစ်ပိုင်းကို ပွဲတော်လက်ဆောင်အဖြစ် စုကို ပေးခဲ့ဖြစ်ပါတယ်။
မဏ္ဍပ်က ကျွန်မတို့အိမ်ရှေ့ကနေ ဖြတ်ကျော်သွားခဲ့ပါပြီ။ နောက်ထပ် ရွေ့လျားမဏ္ဍပ်များစွာ အိမ်ရှေ့ကနေ တစ်ခုပြီး တစ်ခု ဖြတ်သွားခဲ့ကြပါတယ်။ မဏ္ဍပ်တိုင်းမှာ လျှို့ဝှက် ပဉ္စလက် အစီအစဉ်တွေ ပါလို့ပါပဲ။ ဒါပေမယ့် ကျွန်မတို့ကို လက်ဆောင်တွေ လှမ်းပစ်ပေးမယ့် မဏ္ဍပ်ကတော့ နောက်ထပ် မရှိတော့ပါဘူး။
ဆက်လက် ဖော်ပြပါမည်။

 မသီတာ(စမ်းချောင်း)


http://www.myanmarij.com/?p=5247
 

Monday, 10 September 2012

နိုင်ငံခြားတွင် ကျောင်းတက်မည်ဟု အကြံအစည်ရှိပါလျှင် (၁)

ဒီအကြောင်းကို ရေးဖို့က တော်တော်လေးကို ကြာနေပါပြီ။ ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်ခဲ့ပါဘူး။ အလုပ်မအားတာကြောင့်ပါ။ ( မိမိဖာသာ အကြောင်းပြခြင်း) ထားပါတော့ ဆက်ကြရအောင်.....

နိုင်ငံခြားတွင် ကျောင်းတက်မည်ဟု အကြံအစည်ရှိပါလျှင် အနည်းဆုံးတော့ အောက်ပါအချက်တွေကို သိထားသင့်တယ်လို့ အကြံပြုပါရစေ။ အဲဒါတွေကတော့..........


(၁) ကိုယ်သွားရောက် တက်ချင်တဲ့ တက္ကသိုလ် (သို့) ကျောင်း
(၂) ကိုယ်သွားရောက် ချင်တဲ့နိုင်ငံ
(၃) ယင်းကျောင်းရဲ့ ၀င်ခွင့်ဆိုင်ရာ သတ်မှတ်ချက်များ
(၄) ဗီဇာကိစ္စ
(၅) ငွေရေးကြေးရေး
(၆) အလုပ်အကိုင် ရရှိရေး
(၇) စကောလားရှစ်..... စသဖြင့် စသဖြင့် ။ ဒါကတော့ အကြမ်းဖျင်းပေါ့။

စာရေးသူသည် ယခုလက်ရှိ သြစတေးလျနိုင်ငံတွင် နေထိုင်နေသူဖြစ်သဖြင့် ( ကြွားခြင်းမဟုတ်ပါ။) သြစတေးလျနိုင်ငံတွင်းရှိ တက္ကသိုလ်များအား ၀င်ရောက်နိုင်ရေးအတွက် အဓိက ရေသားမည်ဖြစ်ပါသည်။
ဆိုလိုသည့်သဘောကတော့ ကိုယ်ကျွမ်းကျင်ရာ နီးစပ်ရာကို  ဖေါ်ပြရေးသားခြင်းဖြစ်ပါတယ်။

အောက်ဖေါ်ပြပါ ဇယားကတော့ သြစတေးလျနိုင်ငံတွင်းက နာမည်ကြီး University ကြီး တချို့ရဲ့ ကိုယ်တက်လိုတဲ့ အတန်းပေါ်မူတည်ပြီး ပျမ်းမျှကုန်ကျနိုင်တဲ့ ငွေကြေးတွေပါ။ ကိုယ်က မြန်မာနိုင်ငံမှ လာရောက်ပြီး တက်မယ်ဆိုတော့ international students နဲ့ သက်ဆိုင်ပါလိမ့်မယ်။

National Rank Institution Country QS Stars Fees for international students (US$) Fees for domestic students (US$) Score World Rank
undergrad postgrad undergrad postgrad
1 Australian National University Australia 0 Stars 28,000 - 30,000 40,000 - 42,000 22,000 - 24,000 6,000 - 8,000 85.7 26
2 The University of Melbourne Australia 0 Stars 24,000 - 26,000 28,000 - 30,000 n/a 6,000 - 8,000 83.6 31
3 The University of Sydney Australia 0 Stars 28,000 - 30,000 30,000 - 32,000 22,000 - 24,000 6,000 - 8,000 79.3 38
4 The University of Queensland Australia 0 Stars 12,000 - 14,000 22,000 - 24,000 n/a 6,000 - 8,000 75.9 48
5 The University of New South Wales Australia 5 Stars 28,000 - 30,000 28,000 - 30,000 8,000 - 10,000 6,000 - 8,000 75.7 49
6 Monash University Australia 0 Stars 24,000 - 26,000 22,000 - 24,000 6,000 - 8,000 6,000 - 8,000 72.1 60
7 The University of Western Australia Australia 0 Stars 26,000 - 28,000 28,000 - 30,000 14,000 - 16,000 6,000 - 8,000 69.2 73
8 The University of Adelaide Australia 0 Stars 20,000 - 22,000 20,000 - 22,000 n/a 6,000 - 8,000 65.7 92
9 Macquarie University Australia 0 Stars 20,000 - 22,000 20,000 - 22,000 n/a 6,000 - 8,000 45.6 211
10 RMIT University Australia 0 Stars 22,000 - 24,000 18,000 - 20,000 n/a 6,000 - 8,000 43.1 228
11 University of South Australia Australia 0 Stars 24,000 - 26,000 20,000 - 22,000 16,000 - 18,000 6,000 - 8,000 40.7 256=
12 Curtin University of Technology Australia 0 Stars 22,000 - 24,000 20,000 - 22,000 n/a 6,000 - 8,000 40.7 258
13 Queensland University of Technology Australia 0 Stars 22,000 - 24,000 20,000 - 22,000 18,000 - 20,000 6,000 - 8,000 39.8 267
14 University of Technology, Sydney Australia 5 Stars 22,000 - 24,000 22,000 - 24,000 18,000 - 20,000 6,000 - 8,000 39.7 268
15 University of Wollongong Australia 0 Stars 10,000 - 12,000 10,000 - 12,000 n/a 6,000 - 8,000 39.6 269
16 University of Newcastle Australia 0 Stars 20,000 - 22,000 18,000 - 20,000 n/a 6,000 - 8,000 38.4 291
17 Flinders University Australia 0 Stars 22,000 - 24,000 20,000 - 22,000 6,000 - 8,000 6,000 - 8,000 37.2 299
18 La Trobe University Australia 0 Stars 22,000 - 24,000 22,000 - 24,000 6,000 - 8,000 14,000 - 16,000 35.54 317
19 University of Tasmania Australia 4 Stars 14,000 - 16,000 14,000 - 16,000 6,000 - 8,000 16,000 - 18,000 33.54 343
20 Griffith University Australia 0 Stars 20,000 - 22,000 22,000 - 24,000 6,000 - 8,000 4,000 - 6,000 32.93 346
21 James Cook University Australia 0 Stars 16,000 - 18,000 20,000 - 22,000 6,000 - 8,000 n/a 32.61 352
=22 Deakin University Australia 0 Stars 20,000 - 22,000 22,000 - 24,000 6,000 - 8,000 14,000 - 16,000   401-450
=22 Swinburne University of Technology Australia 4 Stars 16,000 - 18,000 16,000 - 18,000 6,000 - 8,000 n/a   401-450
24 Murdoch University Australia 0 Stars 22,000 - 24,000 18,000 - 20,000 8,000 - 10,000 18,000 - 20,000   501-550
25 University of Western Sydney Australia 0 Stars 0 20,000 - 22,000 14,000 - 16,000 6,000 - 8,000   601+


 ဆက်လက်ဖေါ်ပြပါမည်။


မောင်နေခြည် (လှည်းကူး)

Saturday, 8 September 2012

အပျော်

အပျော်ကြီးပျော်ချင်လျှင် အပျော်လေးတွေကို လျော့ပါ။

If you want great happiness, give up small pleasures.

(ဒေါက်တာအရှင်ရေ၀တာလင်္ကာရ-လှည်းကူး)

Thursday, 6 September 2012

သတင်းဆိုတာ

ခွေးက လူကို ကိုက်တာ သတင်းမဟုတ်ဘူး။

လူက ခွေးကို ပြန်ကိုက်မှ အဲဒါက သတင်း။

Tuesday, 4 September 2012

သူငယ်ချင်းဆိုတာကို မန်လည်ဆရာတော်ဘုရားကြီးက ဒီလိုယူဆပါတယ်။



အ၀တ်ပုဆိုး၊ တန်းဆာမျိုးကား၊ 

တနေ့မရိုး၊ တိုး၍ဆယ်ခါ၊
လဲပါတုံရှောင်း၊ သစ်တိုင်းကောင်း၏။

အပေါင်းအဖေါ်၊ ဟူတုံသော်မူ၊

ငယ်ဖေါ်ငယ်ပေါင်း၊ ဟောင်းတိုင်းကောင်း၏။


Sunday, 2 September 2012

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၁၃)

အို့စုမတ် ဆူရီ ပွဲတော်က စု

အို့စုမတ်ဆူရီပွဲတော်က နှစ်စဉ် အောက်တိုဘာလ ၁ဝ ရက်မှာ အို့စုမြို့မှာ ကျင်းပတာပါ။ ဒီပွဲတော်က ကိုင်ချိုခေတ် (၁၅၉၆-၁၆၁၅)မှာ ကတည်းက စခဲ့တာပါ။ ရှေးခေတ်မှာ အို့စုမြို့ဟာ မီဒိရာ ဘုရားကျောင်းနားမှာ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ၁၆ဝဝ ခုနှစ်မှာ ဂျပန်ကို ဘယ်သူ အုပ်စိုးမလဲဆိုတဲ့ အဆုံးအဖြတ်ပေးခဲ့တဲ့ ဆကီဂါဟာရာ စစ်ပွဲအပြီးမှာ အို့စုရဲတိုက် ပြိုလဲသွားပါတယ်။ အဲဒီနောက်မှာတော့ အို့စုဟာ တိုကိုင်ဒို လမ်းမ တစ်လျှောက်မှာဖြစ်စေ၊ ဘီဝါကန် တစ်ခွင်မှာဖြစ်စေ ကုန်းလမ်းရော ရေလမ်းအရပါ အရေးပါတဲ့ နေရာလေး တစ်ခုဖြစ်လာပါတယ်။ နောက်ပိုင်းမှာတော့ တိုကူဂါဝါ ရှိုဂူနာတေခေတ်မှာ ကုန်သွယ်မြို့ တစ်မြို့ဖြစ်လာပါ တယ်။

ကုန်သွယ်မြို့မို့လို့ ကြွယ်ဝလာတဲ့ အို့စုမြို့ကလေးရဲ့ စိတ်ဓာတ်ဟာလည်း တန်စွန်နတ်ဘုရားကို ကိုး ကွယ် ယုံကြည်မှုတွေနဲ့ ပွဲတော်အတွက် တက်တက်ကြွကြွ ရှိနေတတ်ပါတယ်။ လမ်းတိုင်းမှာ ပူဇော်ဖို့ အပြင် အဆင်တွေ လုပ်ကြကာ တန်စွန် နတ်ဘုရားကို ပူဇော်တဲ့နေ့မှာတော့ လမ်းတွေပေါ်မှာ စီတန်း လှည့်လည်ပြီး အပူဇော်ခံကြပါတယ်။ အီဒိုခေတ် (၁၆ဝဝ-၁၈၆၈)ခုနှစ်မရောက်မီ အထိတော့ အဲဒီလိုပူဇော်ဖို့ ပြင်ဆင်တဲ့ မဏ္ဍပ်ကို ဆောက်တာ ၁၃ ခုပဲ ရှိခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ကျွန်မဟာ ကျိုတိုမှာ ရှိတဲ့ ဒိုရှိရှတက္ကသိုလ်မှာ အချိန်ပိုင်းနည်းပြအဖြစ် ဝင်လုပ်နေချိန်ပါ။ ကံကောင်းစွာနဲ့ ကျွန်မရဲ့တပည့် ကောင်မလေး တစ်ယောက်က ယူတာတီယာမာဆိုတဲ့ လက်ဖက်ရည် ဧည့်ခံမဏ္ဍပ်တစ်ခုကို မိသားစု အနေနဲ့ ဆက်ခံ ထိန်းသိမ်းထားသူပါ။ ကျွန်မရဲ့ မိသားစုနာမည်ကလည်း အို့စု ဖြစ်တာမို့ ပွဲတော်နာမည်နဲ့ တူနေတာ ကံကောင်းသွားပါတယ်။ ဖြစ်ချင်တော့ တပည့်မလေး နာမည်ကလည်း နိုရီကိုပဲ ဖြစ်ပါတယ်။ တပည့်မလေးရဲ့ မိသားစုက ကျွန်မကို ပွဲတော်ကို လာလည်ဖို့ ဖိတ်ပါတယ်။ ပွဲတော် မတိုင်မီ ညနေမှာကတည်းက ပွဲတော်ကျင်းပမယ့် မိသားစုတွေနဲ့ ကျွန်မကို မိတ်ဆက်ပေးတော့ သူတို့ရဲ့ ပွဲတော်အပေါ် စွဲမြဲတဲ့စိတ်ကို အံ့ဩကြည်နူး ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ အို့စုမတ်ဆူရီ ပွဲတော်ဟာ ကျွန်မရဲ့ အချစ်တော် ဖြစ်လာခဲ့ပါတယ်။

ပွဲတော်မှာ အစဉ်အလာ တစ်ခု ရှိတာက မဏ္ဍပ် အပြင်အဆင်တွေမှာ အမျိုးသမီးတွေ ပါဝင်ကြရပေမယ့် ဖျော်ဖြေရေးအဖွဲ့နဲ့ မဏ္ဍပ်ပေါ်ကိုတော့ တက်ခွင့်မရတာပါပဲ။ အဲဒီအစဉ်အလာကိုတော့ ကျွန်မရဲ့တပည့်မလေး နိုရီကိုက ဆန့်ကျင်လိုက်ပါတယ်။ သူက လူငယ်လေးတွေကို စုစည်းပြီး လမ်းပေါ်မှာ ကော်ဇောနီခင်းကာ သစ်သား ခုံတန်းရှည်တွေ ချပြီး လက်ဖက်ရည် ဆိုင်လေး တည်လိုက်ပါတယ်။ ဂျပန်ရိုးရာ အချိုမုန့်ကလေး တွေနဲ့ လက်ဖက်ရည်စိမ်း ရေနွေးကြမ်းကို ရောင်းပြီး ရန်ပုံငွေ ရှာသလို ပွဲတော်ကို ပါဝင်ဆင်နွှဲပါတော့တယ်။ အဲဒီဆိုင်လေးက ရတဲ့ငွေဟာ မဏ္ဍပ်ဟောင်းတွေကို ထိန်းသိမ်းဖို့ လုံလောက်တဲ့ အလှူငွေ ရခဲ့ပါတယ်။ ဒီလိုနဲ့ အို့စု ပွဲတော်ရဲ့ နှစ်ကာလရှည် ကြာခဲ့တဲ့ အမျိုးသားများ ကြီးစိုးတဲ့ သဘာဝကို ကျွန်မရဲ့ တပည့်မလေး နိုရီကိုက ဦးဆောင်ပြီး အဆုံးသတ် စေလိုက်နိုင်ခဲ့ပါတယ်။

တကယ်တော့ တပည့်နိုရီကိုရဲ့ အိမ်နားက ကိုကာရာဆာကီချိုလမ်း ပေါ်မှာပဲ ဂျပန် တော်ဝင်ပုလိပ် ဆန်ဇို စုဒါရဲ့ ဓါးချက်ကြောင့် ရုရှရဲ့ နောက်ဆုံး အင်ပါယာ နီကိုလိုင်(၂)ဟာ ကွယ်လွန်ခဲ့ရပါတယ်။ တကယ်လို့ အမျိုးသားတွေရဲ့ လက်ထဲကို ပွဲတော်အပ်ထားရင် သူတို့က ဒေသခံတွေရဲ့ သမိုင်းတွေကို ချန်ထားပြီး ကျင်းပ သွားနိုင်ပါတယ်။ ဒေသခံဆိုတာ သူတို့ရဲ့ သမိုင်းကို တခြားဧည့်သည်တွေ သိအောင်ပြောပြဖို့ တာဝန်ရှိတာပေါ့။ မိန်းကလေးတွေကတော့ ဧည့်သည်တွေ အနေနဲ့ အို့စုပွဲတော်ကို ပျော်ဖို့ချည်း မဟုတ်ဘဲ အို့စုမြို့သမိုင်းကို မြည်းစမ်းသွားနိုင်ဖို့ပါ ကြိုးစားကြပါတယ်။ ဒီလိုအတွေးမျိုးက မိန်းကလေးတွေရဲ့ လက်ဆောင်ပဲပေါ့။

အို့စုပွဲတော်ရောက် စာရေးသူ နိုရီကို၊ တပည့်မ နိုရီကို၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သား ကင်မ်
အို့စုပွဲတော်ရောက် စာရေးသူ နိုရီကို၊ တပည့်မ နိုရီကို၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သား ကင်မ်
၁၉၈၅ ခုနှစ်၊ အောက်တိုဘာ ၁ဝ ရက်မှာ ကျွန်မက စုနဲ့ ကင်မ့်ကို အို့စုပွဲတော်ဆီ အလည်လာဖို့ ဖိတ် ခေါ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ သူတို့က အပြည်ပြည်ဆိုင်ရာ ဧည့်ဂေဟာမှာ နေနေကြပြီ ဖြစ်ပါတယ်။ ကျွန်မက သူတို့ကို ဂျပန်ရိုးရာပွဲတွေ အကြောင်းလည်း သိစေချင်သလို ဂျပန်မလေး တစ်ယောက်ရဲ့ အမျိုးသား ကမ္ဘာကို ဆန့်ကျင်တတ်တဲ့ စိတ်ဇောကိုလည်း တွေ့စေချင်ပါတယ်။ ကျွန်မရဲ့ခင်ပွန်းကလည်း သူတက်နေတဲ့ အပြည်ပြည် ဆိုင်ရာ ဆွေးနွေးပွဲမှာ ခဏနားချိန်ရတုန်း အတူတက်ဖော် ဆိုဗီယက် ယူနီယံက ပညာရှင်တွေနဲ့အတူ အို့စု ပွဲတော်ကို လာမှာပါ။

စုတို့နဲ့အတူ ပွဲတော်လမ်းပေါ် လျှောက်ကြတော့ ရွေ့လျားမဏ္ဍပ် တွေကို လမ်းတွေပေါ် ဆွဲလာကြတာကို ကျွန်မတို့ တွေ့ကြရပါတယ်။ လူကြီးလူငယ် ယောကျာ်းလေး အားလုံးက မဏ္ဍပ်တင် သုံးဘီးတပ်လှည်းကို ဆွဲကြရာမှာ ယူနီဖောင်း ကိုယ်စီနဲ့မို့ ကြည့်လို့ သိပ်ကောင်းပါတယ်။ အဖွဲ့အစည်းတွေရဲ့ တံဆိပ်တွေကို ထိုးထားကြသလို အလုပ်သမား ဘောင်းဘီမျိုးလည်း ဝတ်ထားကြပါတယ်။ နောက်ခြေမနဲ့ ခြေချောင်းတွေကို ခွဲပြီးထိုးသွင်းရတဲ့ လည်ရှည်ဘွတ် ဖိနပ်လိုမျိုး ဂျပန်ရိုးရာ ဂျီကာတာဘီ ဖိနပ်ကိုလည်း ဆင်တူစီးထား ကြပါတယ်။ လှည်းကို ဆွဲစဉ်မှာ သူတို့ရဲ့ ဖိနပ်တွေကို ခိုင်နေအောင် ခြေဖဝါးကို မြေပြင်မှာ ကပ်ထားကြကာ ခါးကို ကုန်းနေအောင် ဆွဲကြကာ မဏ္ဍပ်ပေါ်က ဂီတပညာရှင်ရဲ့ ဖျော်ဖြေမှုကိုလည်း နားစွင့်ရပါတယ်။ ဘီးတွေ အရွေ့ကို ထိန်းပြီး တရွေ့ရွေ့နဲ့ သူတို့က မဏ္ဍပ်လှည်းကို ဆွဲလာကြတာပါ။

စုကတော့ ကျွန်မ ရှင်းပြတာတွေ နားထောင်ရင်းနဲ့ပဲ  မြင်ရသမျှတွေကို ငေးမောနေခဲ့ပါတယ်။ သူ့ မျက်လုံး တွေက လှည်းဆွဲနေသူတွေရဲ့ တစ်ကိုယ်လုံးကို လိုက်ကြည့်ရာက ခြေထောက်တွေဆီ အရောက်မှာ တော့ ခေါင်းပြန်မမော့ လာနိုင်တာ အတော်ကြာတဲ့ အထိပါပဲ။ “နိုရီကိုရေ အဲဒီလူတွေ စီးထားတဲ့ဖိနပ်က ထူးဆန်း လိုက်တာ။ ဘာဖိနပ်လဲဟင်”လို့ မေးပါတော့တယ်။ ကျွန်မက အိမ်ထဲမှာစီးဖို့ ထုတ်တဲ့ ခြေမနဲ့ ခြေချောင်းလေး တွေ ခွဲစွပ်ရတဲ့ ခြေအိတ်ကို တာဘီလို့ ခေါ်ကြကြောင်းနဲ့ အဲဒီပုံစံကို အတုယူကာ အခုလိုဖိနပ်မျိုး ပေါ်လာတဲ့ အကြောင်း ရှင်းပြဖြစ်ပါတယ်။   ဒီဖိနပ်မှာ အောက်ခံက ရော်ဘာဖြစ်ပါတယ်။ ခေါင်မိုးပေါ် တက်ရတဲ့အခါတို့၊ လမ်းပြင်တဲ့ အခါတို့မှာ အသုံးတည့်ပါတယ်။ ခြေမက သီးခြားထုတ် ထားနိုင်တဲ့အတွက် ခြေကုပ်အား ကောင်းတာမို့ ဂျပန်က လမ်းပြင်သူတွေ၊ ငြမ်းအမြင့်တွေပေါ် အလုပ် လုပ်ရသူတွေက ဂျကာတာဘီ ဖိနပ်ကို သိပ်သဘောကျ ကြပါတယ်။

“အဲဒီ ဂျကာတာဘီဖိနပ်ကို ဘယ်မှာ ဝယ်ရမလဲဟင်”လို့ စုက မေးပါတယ်။ သူက ဒီဝေါဟာရကို တစ်ခါပဲ ကြားဖူးပေမယ့် အသံထွက် မှန်အောင် ပြောနိုင်ပါတယ်။ “ဘာလို့ ဝယ်ချင်တာလဲ”လို့ ကျွန်မကမေးတော့ “ကျွန်မဝယ်ဖို့ စိတ်ပိုင်းဖြတ် လိုက်တယ်။ ကျွန်မက မြို့လည်သွားဖို့ ရထားစီးရင် စီးမှာပေါ့။ ဒါမှ ပလက်ဖောင်း ပေါ်ကနေ ခြေချော်မသွားမှာ” လို့ သူက ဆိုပါတယ်။
သူတို့နေတဲ့ အိမ်ခန်းလေးကို ကျွန်မသွားလည်တော့ သူ့မှာ ဖိနပ်အသစ် ၆ ရံတောင် ရှိနေတာကို တွေ့ လိုက်ရပါတယ်။ “ဘာလို့ဖိနပ်တွေ အများကြီးလိုနေတာလဲ”လို့ မေးတော့ “ကျွန်မရဲ့တစ်ခုတည်းသော သဘောကျတဲ့ အရာလေ”လို့  ပြန်ဖြေ ပါတယ်။ အမလေး လေး၊ နောက်ဆုံးတော့ သူ ဖိနပ်ကြိုက်တာ ဂျကာတာဘီပါ အဆစ်ပါ သွားပါရောလား။ ကျွန်မက ရယ်စရာတစ်ခုကို မြင်ယောင်နေမိပါတယ်။ ထမိန်ဝတ်လေ့ ရှိတဲ့ စုက စက်ဘီးပေါ်မှာ ဂျကာတာဘီကို စီးပြီး ကာမိုမြစ်တစ်လျှောက် သွားနေတဲ့ပုံပေါ့။ အို၊ ကျွန်မ ဘယ်လိုလုပ်ရပါ့။

ဆက်လက်ဖော်ပြပါမည်။

မသီတာ(စမ်းချောင်း)                     http://www.myanmarij.com/?p=50